ခုတလော ဘလော့တချို့မှာ အမျိုးသမီးအခွင့်အရေးကိစ္စ တက်လာပါတယ်။ ဘယ်က စတယ်တော့ မသိပါဘူး။ ကျမကတော့ ကျမတို့နိုင်ငံမှာ စစ်အစိုးရက စစ်တပ် အခွင့်အရေးကို အပြည့်ယူထားလို့ လူထုမှာ အခြေခံ လူ့အခွင့်အရေး တွေကိုတောင် အကြီးအကျယ် ဆုံးရှုံးနေရတာမို့လို့ ခုချိန်မှာ လွတ်လပ်ရေးရဖို့ ကိစ္စကိုပဲ ပြောချင်နေတာပါ။ ကျမ ခံယူထားတာကတော့ လူထု အခွင့်အရေး ရဖို့ လူထုကိုယ်တိုင်လုပ်ရမယ်.. အဲလိုပဲ အမျိုးသမီးတွေအခွင့်အရေးရဖို့လည်း အမျိုးသမီးတွေကိုယ်တိုင် လုပ်ယူကြရပါမယ်။ အရေးကြီးတာကတော့ အဲဒီ အခွင့်အရေးဆိုတာကလည်း ကျမတို့မြန်မာ့လူ့ဘောင်ထဲက လူ့အခွင့်အရေး အပေါ် အခြေခံတဲ့၊ ခွဲခြားဆက်ဆံ(Discrimination) ခံနေရတဲ့ အခွင့်အရေး မျိုး တွေသာ ဖြစ်ဖို့ပါပဲ။ အထင်ရှားဆုံး ဥပမာကတော့ .. ပညာသင်ကြားခွင့်ပါပဲ။
မြန်မာ့ ယဉ်ကျေးမှုထဲမှာက အမျိုးသားတွေ တခုလပ်ဖြစ်၊ မုဆိုးဖိုဖြစ်တာကိုကျတော့ ဘယ်လိုမှ သဘောမထား တဲ့ အပြင် ‘တပင်လဲမူတပင်ထူ’လို့ ပြောကြပြီး အမျိုးသမီးဆိုရင်တော့ ‘မိန်းမကောင်းပန်းပန် တပွင့်တန်’ လို့ သတ်မှတ်လိုက်တာမျိုးတွေ..။ သမီး မိန်းကလေးကို ကုန်ပစ္စည်းလို သဘောထားပြီး တန်ဖိုးနှုန်းထား သတ်မှတ်ပြီး တင်တောင်း ရတာတွေ၊ မလိုအပ်ဘဲနဲ့ မိဘတွေက အိမ်ထောင်ရေးကို ၀င်ပြီးချယ်လှယ် ထိန်းချုပ် တာတွေ၊ အိမ်ထောင်ရေးဘ၀ထဲမှာ အမျိုးသားရဲ့ ဆုံးဖြတ်မှုကို နာခံရတာမျိုးတွေ၊ ဒါတွေက အမျိုးသမီး တဦးချင်း ခံယူချက်နဲ့ ရယူရမယ့် အခွင့်အရေးပါ။ ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ အမျိုးသမီးတွေထဲ မှာတောင်မှပဲ မီးဖိုချောင်ဝင်ရတာ အမျိုးသမီး အခွင့်အရေးဆုံးရှုံးတယ်လို့ ယူဆသူတွေ ရှိသလို၊ မအားရင်တော့ မ၀င်နိုင်ဘူး.. အားရင်တော့ ကိုယ့်မိသားစုကို ကိုယ်တိုင် ဖွယ်ဖွယ်ရာရာ ချက်ကျွေးချင်တယ်ဆိုတဲ့ .. အဲလို ချက်တတ်တာက အမျိုးသမီးတယောက်ရဲ့ အရည်အချင်းကောင်းတရပ်ပဲလို့ ယူဆတဲ့သူတွေ(ဟဲဟဲ.. ကျမပေါ့ :D) ရှိနေလို့ပါပဲ။ ဒါကြောင့် တကယ့် လူ့ဘောင် လောကကို ပြုပြင်ပြောင်းလဲသွားစေလောက်တဲ့ အခွင့်အရေး တွေကိုတော့ အမျိုးသမီးတွေ ရရမှာဖြစ်ပါတယ်။ ရအောင် လုပ်ယူရမှာဖြစ်ပါတယ်။
ကျမ အတော်ငယ်ငယ်တုန်းကတော့ အမျိုးသမီးအခွင့်အရေးကိစ္စတွေ တော်တော် ပြောခဲ့ပါတယ်။ အထူးသဖြင့် မြန်မာ့လူ့ဘောင်လောကထဲမှာ မလိုအပ်ဘဲ အမျိုးသမီးတွေကို နှိမ်ထားတဲ့ ကိစ္စမျိုးတွေကိုပေါ့။ ဥပမာ ပြောရရင်.. ကျမ အသက် ၁၃နှစ်လောက်တုန်းက ကျမအဖွားပြောဖူးတာ ခွေးထီးတောင် မိန်းမထက် မြတ်တယ်တဲ့။ အဲဒီတုန်းကတည်းက ကျမက အဖွားကို ပြန်ပြောတယ်.. ခွေးက တိရစ္ဆာန်.. သမီးတို့က လူ..။ ခွေးက အိပ်စားကာမပဲ သိတယ်.. သမီးတို့က စာတတ်တယ်..ဘာလို့ ခွေးက သမီးတို့ထက်မြတ်ရမှာလဲလို့။ အဖွားက သေချာ ပြန်မရှင်းတတ်တော့ဘူး။ ဟဲ့ လူကြီးတွေ ပြောခဲ့တာပဲ..တဲ့။ ဒါပေမဲ့ ကျမ အဖေနဲ့ အမေ ခေတ်ကျတော့ အဲလို အယူသည်းမှုမျိုး မရှိတော့ပါဘူး။ ကျမကတော့ အရည်အချင်းကို လက်ခံပေမဲ့ ဘုန်း ကံ ဆိုတာတွေကိုတော့ လက်မခံပါဘူး။ အဲလိုပဲ ခုချိန်ထိ မြန်မာအိမ်တွေမှာ အဖေတွေ မောင်တွေ သားတွေ နဲ့ ယောက်ျားရဲ့ အ၀တ်တွေတိုက်တဲ့ မီးပူ သပ်သပ်၊ အမေတွေ အမတွေ သမီးတွေ တိုက်တဲ့ မီးပူ သပ်သပ်ထားတဲ့ အိမ်တွေ ရှိနေတုန်းပါ။ ဒါတွေက တဦးချင်းရဲ့ လက်ခံမှုနဲ့ပဲ ဆိုင်ပါတယ်။
ပြောရရင် အများကြီးပါ။ သေချာတာကတော့ အမျိုးသမီးတွေ ကျေနပ်ပျော်ရွှင်မှုရှိမှ၊ အရည်အသွေးမြင့်မားမှ၊ အောင်မြင်မှပဲ လူ့ဘောင်လောက ပိုပြည့်စုံလှပမှာတော့ အမှန်ပဲဖြစ်ပါတယ်။ လောလောဆယ်တော့ ကိုယ့်အခွင့်အရေး ဆိုတာနဲ့ ပတ်သက်ပြီး ကျမရေးခဲ့ဖူးတဲ့ ၀တ္ထုတိုတွေထဲက ခပ်ရွတ်ရွတ် စိတ်နဲ့ ရေးခဲ့တဲ့ တပုဒ် တင်ပေး လိုက်ပါတယ်။ အသက် ၂၂နှစ်ကျော် အရွယ်တုန်းက ရေးခဲ့တာပါ။
(ဒီနေရာက ပုံပါ)
(၁)
အိပ်ခန်းတံခါးကို ဆွဲအပိတ်အပြီးမှာ လွတ်လပ်ပေါ့ပါးမှုအရသာကို အပြည့်အ၀ ခံစား လိုက်ရသည်။ ကြည့်မှန်ကို အကြည့်မှာ ကျောခိုင်းသွားသော သူ့ပုံသဏ္ဍန်ကို ပြန် မြင်ယောင်မိ၏။ ခုတော့လည်း မှန်ရိပ်ထဲမှာ သန့် တစ်ယောက်တည်းပဲလေ။ သုံးနှစ်ကျော်ကျော်လောက် ယှဉ်တွဲနေခဲ့ဖူးသည့် သူ့အရိပ်မရှိတော့။ ပေါ့ပေါ့ပါးပါး တော့ မပြုံးရက်ပါ။ ပြီးတော့ ဘာကိုမျှလည်း မတွေးချင်တော့ပါ။ ဘေးအနားမှာ အမြဲ အတူရှိနေတတ်သော အရိပ်လို သူ့အစား ကွာရှင်းပြတ်စဲစာချုပ်ကလေးကမှ သန့်ကို ပိုလို့ လွတ်လပ် ပေါ့ပါး စေနိုင်သည် မဟုတ် လား။
+++++
“သားသမီးမရနိုင်တဲ့ မိန်းမတစ်ယောက်ကို ကိုအောင် ဆက်မပေါင်းစေချင်ပါဘူး။ သန့် ကိုယ်တိုင်က ဆက်မပေါင်းချင်တော့တာပါ ကိုအောင်၊ ကိုအောင်စဉ်းစားပါ” ဆိုသော စကားမျိုးကို ပထမဆုံးအကြိမ် ပြောစဉ်က မျက်နှာပျက်ချင်နေခဲ့သော သူသည် ကွာရှင်းလက်မှတ် ထိုးစဉ်ကမူ တည်ငြိမ်လျက်ရှိနေခဲ့သည်။ ပျော်တောင် ပျော်နေမည် ထင်၏။ သူလိုချင်သော သားတွေ၊ သမီးတွေ၊ မွေးဖွားပေးနိုင်သည့် နောက်ထပ် တရားဝင် ဇနီးမယားတစ်ယောက် ရှာဖွေတွေ့ဖို့ တွေးပြီးပျော်နေလိမ့်မည်။ သန့် စိတ်ထဲ ကျိတ်ပြုံးမိ၏။ ပြီးတော့ “တခုလပ် ဘ၀ကမှ သန့်ကို ပိုပြီး စိတ်လုံခြုံစေတယ်” ဟု မေ့မေ့ကို သန့်ပြောရဦးမည်။
+++++
(၂)
မေ့မေ့သဘောကျ ကိုအောင်သူ့ကို သန့် ခေါင်းညိတ်နိုင်ခဲ့သည်။ အစ်ကို၊ အစ်မများပင် ချစ်သူရှိသည့်ကြားမှ မေမေစီစဉ်သူကိုသာ လက်ခံခဲ့ကြသည့် အစဉ်အလာရှိခဲ့၍ သန့်ကလည်း သမားရိုးကျစွာပဲ ခေါင်းညိတ်ခဲ့ရ သည်။ ငြင်းဆန်မည်ဆိုလျင်လည်း သန့်၌ အားကိုး မှီတွယ်ရာ ရည်ရွယ်သူမရှိခဲ့။ တကယ်လို့သာ အခုလို မျက်နှာပြားပြား၊ နှုတ်ခမ်းပါးပါး၊ ပါးရိုးကြီးကြီး၊ သေးသေးညှက်ညှက်နှင့် အသားညိုညို မိန်းကလေး မဟုတ်ခဲ့ဘဲ အစ်မတွေလို ကြည့်ကောင်းခဲ့လျင်တော့ ယခုလို လွယ်လင့်တကူ ခေါင်းညိတ် နိုင်ခဲ့မည် မထင်ပါ။
မေမေက သမီးထွေးနောင်ရေးကို စိတ်မချဟု အစချီကာ နေ့နံအရပါ ကိုက်ညီလှသော ဒေါက်တာအောင်သူနှင့် စီစဉ်ရပါသည်ဟု အဆုံးသတ်သောအခါမှာ သန့် ခေါင်းညိတ်မိရပြီး ဖြစ်ခဲ့သည်။ မေမေစီစဉ်သမျကို တည်ငြိမ်အေးဆေးစွာပင် သန့် နာယူနိုင်ခဲ့သည်။ “မေမေ စိတ်ချမ်းသာလိုက်တာ သမီးလေးရယ်” ဟူသော စကားတစ်ခွန်း၏ အင်အားနှင့်ပင် စကားဟဟမျ မပြောခဲ့ရဖူးသည့် ဒေါက်တာအောင်သူ၏ ရင်ခွင်သို့ မျက်စိစုံမှိတ် ၀င်ရောက်ခဲ့ရသည်။ ဒါပေမဲ့ သက်သောင့်သာယာ နွေးထွေးပျူငှာတော့ မရှိခဲ့ပါ။
+++++
လိမ္မာသော သမီးပီသသည့် သန့်သည် ဇနီးကောင်းပီသအောင်လည်း ကြိုးပမ်းခဲ့သည်။ “ဖေဖေနဲ့ မေမေ့ကို ချစ်လို့သာ ရှင့်ကို လက်ခံတာ…သိလား” ဆိုသော စကားသံတို့ ရင်၌ပေါက်ကွဲနေသော အမုန်းကို ခင်ပွန်းသည် မသိမမြင်စေခဲ့။ ပြစ်ချက်အကြီးအမားဟူ၍ မရှိသော်လည်း ဖေဖေမေမေတို့သဘောကျသူ ဖြစ်နေခြင်း တစ်ခုတည်းနှင့်ပင် သန့်ရင်ထဲ၌ သူ့ကို မုန်းခဲ့မိသည် ထင်၏။ ဒါပေမဲ့ သန့်ကိုသန့် ပျိုးထောင်ခဲ့သည်။ မေမေ့ ခြေရာကို ဖ၀ါးထပ်နင်းကာ ခင်ပွန်းသည်ကို ထမင်းပွဲရှေ့ရောက်ပြုစုသော၊ ခင်ပွန်းသည်လက်ကို ကြည်ကြည်နူးနူး တွဲချိတ်ကာဧည့်ခံတတ်သော၊ ခင်ပွန်းသည်အပေါ် ရိုးကျိုးသော ဇနီးကောင်းဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့ပါသည်။
+++++
မင်္ဂလာဦးည၏ မီးလုံးပြာလဲ့လဲ့အောက်တွင်မှ တဘ၀လုံးအတူနေသွားရမည့် ခင်ပွန်းသည် ၏ မျက်နှာကို အသေအချာမှတ်မိခဲ့ရခြင်းအတွက် သန့်ရင်၌ နာကျင်ခဲ့ရသည်။ ရမ္မက် လွှမ်းနေသော မျက်နှာ။ အမျိုးသမီး တိုင်း၏ မင်္ဂလာဦးညတိုင်းမှာ တွေ့ရတတ်သော ခင်ပွန်းသည်တိုင်း၏ ရမ္မက်မျက်နှာဆိုပေမဲ့ ဤအချိန်တွင်မှ ဤမျက်နှာကို မှတ်မိ သိရှိ ရခြင်းသည် သန့်၏ စိတ်ငရဲ မဟုတ်လား။ ဤည၌ပင် ကိုအောင်သူနှင့် ပတ်သက်၍် ဘ၀၌ ပထဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် သန့်မျက်ရည်ကျခဲ့ရသည်။
နောက်တနေ့ မနက်အလင်းမှာ သန့် မေမေ့ကို သတိရနေခဲ့ကြောင်း မှတ်မိနေသည်။ သန့်ကို သမီးထွေးဖြစ်၍ မခွဲနိုင်ဟု အကြောင်းပြကာ အိမ်ခွဲနေခွင့်မပြုခဲ့၍ သန့်ဘ၀သည် သူစိမ်းယောက်ျားတစ်ဦးကို ခင်ပွန်းတော်ကာ အတူအိပ်လိုက်ရသည်က လွဲ၍ ဘာတစ်ခုမှ မပြောင်းလဲခဲ့ခြင်းကို တွေး၍ မေမေ့ကိုမကျေမနပ် သတိရ နေခြင်းပါပဲ။
အပျိုဘ၀ သန့်အိပ်ခန်းမှာ နှစ်ယောက်ကုတင်တိုးလာခြင်းနှင့် ဗီရိုတစ်လုံးတိုးလာခြင်းမှ လွဲ၍ တခြား အပြောင်း အလဲ တိုးတက်မှုဆိုတာကို သန့်မရခဲ့။ သို့သော် ထိုစဉ်က ဘာတစ်ခုမျှ ထူးခြားမလာသည်ကို သိလျက်နှင့်ပင် အိမ်ထောင်သည်ဘ၀ဆိုသည်ကိုတော့ သန့်တိတ်တခိုး မျှော်စောင့် ကြည့်နေခဲ့သေးသည်။
+++++
အိမ်ထောင်သက် တစ်လတာ ငြီးငွေ့စွာကုန်ဆုံးသွားရ၏။ မေမေ့အစီအမံအရ ခင်ပွန်းနှင့် ထမင်းအတူစား၊ အတူသွားလာ၊ ဆေးခန်း ကူထိုင်ရသည်ကလွဲ၍ သန့်၌ ဘာတစ်ခုမှ ပြောင်းလဲမလာ။ တိုးတက်မှုမဲ့၊ ဆုတ်ယုတ်မှုမဲ့။ လိုက်လျောညီထွေဖြစ်သော ဟင်းလျာများကိုသော်မှ သန့်မစီမံတတ်သေးသည်ကို မေမေမေ့နေသလားဟု သန့်မေးဖြစ် ခဲ့သည်။ မေမေကပြုံး၍ “ဒါက အရေးမကြီးပါဘူး သမီးရယ်” ဟု ဖြေသည်။ သန့်၌ စိန်နားကပ်တစ်ရံ တိုးလာ၏။ မေ့မေ့မျက်နှာပေါ်မှာ တိုးလာသော စိတ်ချမ်းသာရိပ်တွေ သန့်မြင်နေရသည်။ မျက်မှန်ထူထူတပ်ပြီး စာအုပ်ထူထူဖတ်နေတတ်တဲ့ ခင်ပွန်းသည် ကတော့ သန့်အမြင်မှာ စက်ရုပ်တစ် ရုပ်လိုပါပဲ။
ခင်ပွန်းသည်နှင့်အတူ ကိုယ်ပိုင်ဘ၀တခုကို သေသေချာချာ ဖန်တီး တည်ဆောက်လိုသော သန့်သည် မေမေ့ လောင်းရိပ်အောက်မှ စက်ရုပ်ခင်ပွန်းကို စက်ဆုပ်သည်။ သန့်ကိုယ်တိုင်တော့ စက်ရုပ်တစ်ရုပ် အဖြစ် မခံနိုင်။
+++++
ကိုအောင်က ကလေးလိုချင်သည်တဲ့။ သန့်ပြုံးမိသည်။ အာရုံမှာ စက်ရုပ်ကိုယ်ပွား ကလေးတွေကို မြင်ယောင် လာ၏။ မနက် ၅ နာရီ က စာကျက်၊ ၇ နာရီမနက်စာစား၊ ၉ နာရီကျောင်းသွား၊ ညနေကျောင်းအပြန် ၄ နာရီ ကိုယ်လက်လေ့ကျင့်ခန်းလုပ်၊ ညနေ ၆ နာရီ ထမင်းစား၊ ရုပ်မြင်သံကြား ကြည့်၊ ကျောင်းသင်္ခန်းစာ ကြည့်၊ ၈ နာရီ စာကျက်၊ ညနေ ၁၀ ရီ အိပ် ဆိုသော ပုံသေနည်းတွေထဲက သန့် သားသမီးတွေကို မြင်ယောင် ကြည့်သည်။ အတွေးထဲမှာပင် ခေါင်းကို သွက်သွက်ခါယမ်း ငြင်းဆန်မိတော့၏။ သားသမီးတွေရဲ့ ပညာရည်တိုးတက်မှုမှတ်တမ်းထဲ အဆင့် ၁ မရတဲ့အခါ ဆူပူအော်ငေါက်မယ့် အဖေမျိုးမှာ သူလည်းပါမှာပါပဲ။ သန့် ခိုင်မာ ဆုံးဖြတ် ပြုံးမိသည်။ သန့်ရင်သွေးတွေကို ဘယ်တော့မှ သူ့လို စက်ရုပ် အဖြစ် မခံနိုင်။
+++++
သန့်ရင်တွင်းက အေးစက်အငွေ့အသက်တို့ကို အိမ်ထောင်သက် တစ်နှစ်ကျော်မှ သူ သတိထား လာမိဟန်တူသည်။ မကြည်လင်တော့သော သူ့မျက်နှာကို မြင်အရမှာ သန့်ရဲ့ မျှော်လင့်အငူက အာရုံထဲမှာ ပြိုးပြက် တောက်ပလာသည်။ သားသမီးမရနိုင်သေး သည်ကိုလည်း သူချောက်ချားနေသည်ဟု သန့်ထင်သည်။ သားသမီးရနိုင်ဖို့ ဆရာဝန် ပီသစွာ စီမံကိန်းချ၊ ကြိုးစားပြင်ဆင်၊ စဉ်းစားတွေးယူနေခြင်းများဖြင့် သူ၏ မျက်နှာ ရိပ် မှုန်မှိုင်းနေခဲ့သည်မှာလည်း သန့်၏ကျေနပ်မှုတစ်ခုပင် ဖြစ်သည်။ ရင်ထဲကအေးစက်သော အပြုံးကို ဘယ်သူကမျှ မမြင်။ သန့်ကိုယ်တိုင်ကသာ ကိုယ်နှစ်လိုသော၊ ပြီးတော့ အေးစက်သော၊ အပြုံးကို သိနေခဲ့သည်။ သားသမီးမရနိုင်ခြင်းအတွက် အစစ်ဆေးခံရန် ရှက်သည်ဟု သန့်က ခါးသီးစွာ ငြင်းဆန်တော့ သူက သူ့မှာ ချွတ်ယွင်းချက်မရှိ။ သန့်ကသာ ချွတ်ယွင်းသူဖြစ်မည်ဟု တုန်တုန်ယင်ယင် ပြောလာသည်။ သန့်ကတော့ မည်သူကပင် တိုက်တွန်းပါစေ ကလေးရနိုင်၊ မရနိုင်စစ်ဆေးခံရန်မူ အပြင်းအထန် ငြင်းဆန် ဖြစ်ခဲ့သည်။
ကြည်နူးဖွယ်(ထင်ရသော)စကားသံများ၊ အပြုံးများ အိပ်ခန်း၌ တစတစ ပါးလှပ်လာခဲ့ သည်နှင့်အမျှ သန့်ရဲ့ ပေါ့ပါးသွက်လက်လာမှုကလည်း တစတစ ထူထပ် သိပ်သည်း လာခဲ့ပါသည်။ ကောင်းမည်ဆိုးမည်ဟု မသေချာ သော အခြေအနေတစ်ရပ်စီကို မျှော်စောင့် နေဖြစ်ခဲ့ကြသော အချိန်များပါပဲ။
+++++
သည်လိုနှင့်ပါပဲ သမီးဖြစ်သူ၏ ဘဏ်စာရင်းတိုးပွားခြင်း၊ လက်ဝတ်ရတနာ များပြားလာခြင်းတို့၌ မေမေကျေနပ်နေပြီဖြစ်သောအချိန်၊ သန့်အထင်အရ ကိုအောင်သူကိုယ်တိုင်လည်း များစွာ စိတ်ပင်ပန်း နေလောက်ပြီဖြစ်သော အချိန်တွင် သန့်ကွာရှင်းခွင့်တောင်းဖြစ်ခဲ့သည်။ ထိုစဉ်က တစ်ခုလပ်ဟူသော ဝေါဟာရ ကို ကြောက်ရွံ့ ၍ပဲလား… သန့်ကိုပဲ နှမြောစုံမက်၍လား… အံ့သြနေ၍ပဲလားတော့ မသိ။ သူ တုန်လှုပ် သွားဟန် ရှိနေခဲ့သည်။ သူ့အမြင်မှာတော့ သန့်ဟာ အေးချမ်းတည်ငြိမ်သူ၊ ခင်ပွန်းသည် အပေါ် ယုံကြည်တွယ်တာသူ ဖြစ်နေနိုင်သည်လေ။ သန့်ကိုယ်တိုင်လည်း သုံးနှစ်ကျော် ပေါင်းသင်းလို့ အတူနေထိုင်ခဲ့ရသူမို့ သံယောဇဉ် အငွေ့အသက်ရဲ့ ဒဏ်ကိုတော့ ခံစားခဲ့ရသည်။ ဒါပေမဲ့ စိတ်အကျဉ်းကျ ဘ၀ကိုတော့ သန့်က ငြီးငွေ့ စိတ်ပျက် နေခဲ့ပါပြီ။
+++++
မှန်ကြည့်သောအခါတိုင်း ကြည့်မှန်ထဲက မပြောင်းလဲသော သန့်ပုံသဏ္ဍန်ကို သန့် ကြည်နူးစွာ ကြည့်ဖြစ်မြဲ ဖြစ်သည်။ အပျိုစင်သန့် နှင့် အိမ်ထောင်သည်သန့်ကို ကွဲပြား ခြားနားသွားအောင် မည်သည့်အရာကမှ မပြုပြင်နိုင်ခဲ့သည်ကို တွေးကာ ကျေနပ်သည်။ ထိုသို့ ကျေနပ်နေမိစဉ်မှာပင် စက်ရုပ်တစ်ရုပ်မျက်နှာနှင့် ခင်ပွန်းသည်၏အရိပ်က သန့်၏ပုံရိပ်နှင့် ယှဉ်တွဲ၍ပေါ်လာတတ်သည်ကို သန့်သဘောမကျ။ အိပ်ရာဝင်တိုင်း မြင်ရသော မျက်နှာပူကိုလည်း ရင်မဆိုင်လို။ သန့်ကို သူ့ဆေးစာအုပ်များလို ဖတ်ရှု လေ့လာသော၊ သူပိုင် လူနာတစ်ယောက်လို ဂရုတစိုက် ရောဂါရှာဖွေနေတတ်သော သူနှင့် သန့်အတူ မနေလို။ သူ၏အေးချမ်းမှုသည် သန့်အဖို့ ဘ၀ တစပြင်။
+++++
ချစ်ဇနီး၏ သနပ်ခါးဖွေးဖွေးကို ခံစားသော ပင်ပန်းချွေးနံ့ကို ခုံမင်တတ်သော ပြုံးရယ်ရွှင်ပြ ညကို လိုလားသော ယောက်ျား တစ်ယောက်အဖြစ် သူ့ကို အိမ်ထောင်သက် နှစ်လခန့်အထိ မျှော်လင့်ခဲ့ပါသေးသည်။ အလုပ်သွားခါနီး အင်္ကျီကြယ်သီးတပ်ပေး၍မှ ဇနီးသည်၏နဖူးကို ငုံ့နမ်းနှစ်သိမ့် မတတ်သည့် ယောက်ျားကို သန့်စိတ်ပျက်မိခဲ့သည်မှာ သန့်၏အပြစ်ဟု မထင်ပါ။ အတူအိပ်ရုံဖြင့် လင်မယားဘ၀ ပြီးပြည့်စုံသည်ဟု ယူဆတတ်သော သူ့ကို သန့်ရွံရှာသည်။ အိမ်ထောင်ရေးဘ၀နွေးထွေးမှုကို မသိတတ်သည့် အတွက်လည်း သူသည် သန့်၏ တစ်သက်တာ ဘ၀အဖော်မဖြစ်ထိုက်ဟု သန့်ယူဆ ခဲ့သည်ကလည်း သူနှင့် ခွဲခွာရလိုမှုတစ်ခု ဖြစ်ခဲ့သည်။ အိမ်ထောင်သက် သုံးလခန့်မှ စခဲ့သော စစ်အေးတိုက်ပွဲတစ်ခုဖြစ်သည်။ ခုတော့ တိုက်ပွဲ အဆုံးသတ်ခဲ့ပါပြီ။ သန့်ကျေနပ် ပါသည်။ တိုက်ပွဲမှာ သန့်မနိုင်ပါ။ သူလည်း မရှုံးပါ။ သိပ်ကို တရားမျှတတဲ့ တိုက်ပွဲပါပဲ။ သုံးနှစ်ကျော်ကာလအထိ သားသမီးမရနိုင်ခဲ့ခြင်းသည် ကွာရှင့်ခွင့်တောင်းရန်အတွက် လုံလောက်သော အကြောင်း ပြချက်ပဲ မဟုတ်လား။
+++++
(၃)
မေ့မေ့ကို အားပေးနှစ်သိမ့်ရပါမည်။ ဖေဖေကတော့ အားလုံးကိုရင်ဆိုင်နိုင်မည့်သူပါ။ မေမေ့အလိုကျ လိမ္မာခဲ့သော သမီးသန့်မှာ ဘာမှ စိတ်ပူစရာ မရှိတော့ကြောင်း၊ တစ်သက်စာအတွက် လုံလောက်နိုင်သော စည်းစိမ်နှင့်တကွ တည်ငြိမ်ရင့်ကျက်သည့် ဘ၀အတွေ့အကြုံများလည်း ရှိနေပြီဖြစ်ကြောင်းတွေ ပြောပြရပါ မည်။ အပျိုစင်တစ်ယောက်၏ ဘ၀ထက်စာလျှင် တစ်ခုလပ်တစ်ယောက်၏ဘ၀က ပို၍လုံခြုံနိုင်မည်ဖြစ် ကြောင်းကိုလည်း မေမေစိတ်ချမ်းသာအောင် လက်ခံနိုင်အောင်ပြောမည်။
+++++
လောလောဆယ်တော့ ကိုအောင်သူ့အငွေ့အသက်တွေက အိပ်ခန်းအတွင်းမှာ ကျန်ရှိနေဆဲဖြစ်သည်။ နှစ်ယောက်တွဲ ဓါတ်ပုံမှ အစ မျက်နှာသုတ်ပုဝါတို့၊ ဆေးစာအုပ် အချို့တို့အထိပေါ့။ တဖြည်းဖြည်းတော့ ရှင်းယူရမည်။ သိပ်တော့ မလိုအပ်လှတော့ပါ။ ထိုအငွေ့အသက်တို့က အခါတိုင်းလိုမှ သန့်အတွက် စိတ်အနှောင့်အယှက် မဖြစ်စေနိုင်တော့တာပဲနော်။ ကွာရှင်းစာချုပ်ကို ကျေကျေနပ်နပ် ကြည့်နေမိသည်။ အတွေးမှာ သူနှင့် ပတ်သက်နေသေးသမျှကို အမှတ်တရတွေးကြည့်သည်။ နံဘေးမှာ သူရှိမနေတော့။ အပျိုဘ၀ ညတွေကို ခုမှ ပြန်လည်ခံစားရပြီ။ အေးချမ်းလွတ်လပ်နေသော အတွေးစဉ်ကို ဘယ်လိုအရိပ်မျိုးမှ မစွန်းပေနေစေလိုကြောင်း တွေးမိစဉ်မှာ သူနှင့်ပတ်သက်သော ဆောင်ရွက်စရာ တစ်ခုကို သတိရသည်။ ဟုတ်ပါရဲ့။ သောက်နေကျ အချိန်ပါပဲ။ အိမ်ထောင်သည်သက် ဘ၀တစ်လျှောက်လုံး အစဉ်တစိုက် ဂရုပြုသောက်လာ ခဲ့တဲ့(သူမသိအောင်လည်း ဖုံးဖိထားနိုင်ခဲ့တဲ့) ဆေးကို သတိရသည်။ မြားတန်းလေးတွေ ဆုံးသည့်တိုင် ဆေးဆက်သောက်ရမည့်တာဝန် ကျန်ရှိနေသေးသည်လေ။ ရွှေရောင် ဆေးကဒ်ကို ထုတ်အယူ မှာ အရင်အချိန်တွေကလို မလုံမလဲဖြစ်စရာ မရှိတော့တာကို တွေးမိသည်။ အကြိမ်ကြိမ် သောက်ခဲ့သမျှမှာ ဒီတစ်ကြိမ်ဟာ အချောမွေ့နိုင်ဆုံး အနေအထားနဲ့ ဆေးလုံးကလေး လည်ချောင်းပြွန်ထဲ ၀င်သွားနိုင်တဲ့ အချိန်ပါပဲ။ အရင်အချိန်တွေတုန်းကလိုလည်း ခင်ပွန်းသည်ကို သစ္စာဖောက်မိသလို ခံစားစိတ်တို့ မလုံမလဲ မဖြစ်တော့။
အတွေးအားလုံးကို မေ့ပစ်ဖြတ်တောက်ရမည်။ သန့်ခေါင်းကို အားပါးတရ ငြင်းဆန် ခါထုတ် ပစ်လိုက်သည်။ သိစိတ်ထဲမှာ ရှိခဲ့ဖူးသမျှ အားလုံး လွင့်စင်ပျောက်ကွယ်သွားတော့သည်။
မေငြိမ်း
ရုပ်ရှင်အမြုတေ၊
၁၉၈၈၊ မေလ
7 comments:
အင်း….လူကြီးမိဘ စီမံတာကို နာခံရတာ မြန်မာလူ့အသိုင်းအ၀ိုင်းမှာ မိန်းကလေးမှ ကြုံရတာမဟုတ်။ ယောင်္ကျားလေးတွေခမြာမှာလည်း ကြုံကြရရှာပါတယ်။ စာတွေ့မဟုတ်၊ ငါတွေ့။ လွန်ခဲ့တဲ့ ကိုးနှစ်ဆယ်နှစ် လောက်က ကျနော့် မိဘများ ကျနော့်ကို အိမ်ထောင်ချ မိန်းမပေးစား ချင်ခဲ့တာကို သတိရမိပြီး ပြုံးမိပါတယ်။ ကျနော့်မိဘတွေက အညာက ဆိုတော့ ပိုပြီးတော့တောင် ရှေးရိုးစွဲချင်သေးတာ။ “ငါ့သား၊ မယားတောသူတဲ့နော်။ မြို့သူတွေ သွားယူရင်တော့ သူတို့လည်သမျှဒဏ် မင်းခံရလိမ့်မယ်” ဆိုပြီး ဆွေမျိုးနီးစပ်ထဲက (ပိုက်ဆံရှိသူ) မိန်းကလေး အချို့နဲ့ လှည့်ပတ်ပေးစားဘို့ ကြံပါတယ်။ သည်တော့ ကျနော်ကလည်း ကျနော့် အခွင့်အရေးအတွက် တိုက်ပွဲဝင်ရတော့တာပေါ့။ “အိမ်ထောင်ရေးကိစ္စမှာတော့ ကျနော့်ဘာသာ ဆုံးဖြတ်မယ်။ အမေတို့ စီမံတာဆိုရင် ကျနော်ကြိုက်နေတဲ့ မိန်းကလေး ဖြစ်နေရင်တောင် မယူဘူး” ဘို့ စကားကုန် ပြောလိုက်တော့မှ နားအေးသွားပါတော့တယ်။ လူကြီးမိဘစကားနားမထောင်တဲ့အတွက် ဆရာမရဲ့“သန့်” လောက်တော့ မလိမ္မာဘူး ပေါ့လေိ။ ဒါပေမယ့် တခြားကိစ္စတွေမှာတော့ ကိုပေါ က အရမ်းလိမ္မာတဲ့ ကောင်လေးပါ…အဟိ။
နောက်တခုက သည် ယောက်ျား မိန်းမ တန်းတူညီမျှမရှိခြင်း ပြဿနာက ဘယ်လို လူမှုအသိုင်းအ၀ိုင်းမှာ ဖြစ်လေ့ရှိသလဲဆိုတော့ (နိုင်ငံရေး၊ လူမှုရေးအရ) လွတ်လပ်ပွင့်လင်းမှုမရှိတဲ့ လူမှုအသိုင်းအ၀ိုင်းနဲ့ ထုံးတမ်းစဉ်လာတွေပေါ်မှာ အလွန်အမင်းတွယ်ငြိတတ်တဲ့ (သို့) အပြောင်းအလဲကို အလွယ်တကူ လက်မခံတတ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဥပမာ မြန်မာ၊ လားအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန် နဲ့ အစ္စလမ္မစ်နိုင်ငံတွေမှာမျိုး။ မြန်မာနိုင်ငံကလည်း သိတဲ့အတိုင်း ပြင်ပ ကမ္ဘာလောကနဲ့ အဆက်ပြတ်နေခဲ့တာကြာခဲ့ပြီဆိုတော့ လူတွေရဲ့ တွေးခေါ်ပုံကလည်း ထူးထူးခြားခြား ပြောင်းလဲတိုးတက်မလာဘူးလေ။ ရိုးရာအစွဲအလန်းတွေ ကြီးကြပေတာကိုး။ “အရိုးကို အရွက်မဖုံးစေနဲ့” ဆိုတော့ စကားဟာ ပြောင်းလဲဆန်းသစ်မှုနဲ့ ဖန်တီးနိုင်စွမ်းကို အတော်ကြီးကို အဟန့်အတားဖြစ်စေပါတယ်။ မပြောင်းလဲခြင်းရဲ့ အကျိုးရလာဒ်ကတော့ မတိုးတက်ခြင်း၊ ခေတ်နောက်ပြန်ဆွဲခြင်းတို့ပါဘဲ။
လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေမှာကတော့ ဒီ ယောက်ျားမိန်းမအကြား မညီမျှမှုဟာ လုံးဝ မပပျောက်သေးသော်ငြားလည်း မလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာလောက်တော့ မကွာဟတော့ပါဘူး။
သည်တော့ ဆရာမပြောသလိုဘဲ ကျနော်တို့တိုင်းပြည်မှာ ကျားမ မဟူ အားလုံးက အခွင့်အရေးတွေ တန်းတူညီမျှ ဆုံးရှုံးနေကြတာဆိုတော့လည်း လွတ်လပ်တဲ့ တိုင်းပြည်၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင်ဘဲ ကျနော်တို့ အရင်ကြိုးစားကြသေးတာပေါ့။ အဲသည်နောက်ပိုင်းတော့ ယောက်ျားတွေ အိမ်မှာ အိမ်ရှင်ထီးလုပ်ပြီး ထမင်းဟင်းချက်တဲ့ ခေတ်ကို ကြုံချင်လည်း ကြုံရဦးမှာပေါ့။ (ဒါမျိုး အီဖေစကို ဒါမျိုး နေချင်တာကြာပြီ။)
စာအရကို ကိုပေါလိမ်မာတာ သိသာတယ်.. ဟဲဟဲ.. (ကျမယောက်ျားလည်း အဲလိုပဲပြောတယ်):D တခါတလေ မီးဖိုချောင်မှာပဲ အေးအေးလူလူနေချင်သေး..သတဲ့။ ပိုက်ဆံရှာတဲ့အလုပ်လုပ်ရတာ ညစ်လွန်းလို့တဲ့ အဟိ..။ ရပါဘူး..ကျမကတော့ တန်းတူအခွင့်အရေးပေးပါတယ်..။ ကိုယ့်လူရေ..ပိုက်ဆံလည်း ရှာ..မီးဖိုလည်းဝင်ပဲ။ ကိုယ်က မွေးထားပေးရတာပိုတော့ သူက ကလေးနည်းနည်းပိုကြည့်ပေးပေါ့..အဟိ..
9:57:00 PM
“တိန်”
ဟယ် ဒီလိုလား တူများတို့လည်း အတုခိုးမှာပဲ။
ဟေးဟေး ... အစ်မရေ ... ဖိုးစနေတို့ ကပ်သီးကပ်သတ် ရှာကြံရစ်တယ်လို့တော့ မပြောနဲ့နော ... သန့် က ဘာလို့ကိုယ်ဝန်တားဆေးကို ဆက်သောက်နေသေးတာလဲဟင်
I think she is taking medicine coz he don't love him who care more about his job. Wow,very poor couples hate theirs coz poor. understanding is the most important i think.
Post a Comment