Dec 8, 2007

ခရီးသွားဝတ္ထု

ကျမဖတ်ဖူးတဲ့ ဆရာမောင်ထွန်းသူရဲ့ ဘာသာပြန်.... Alexandra Dumas Junior ရဲ့ Camille (ကင်မီလီ) ဆိုတဲ့ ၀တ္ထု ။ အဲဒီဝတ္ထုကို ဖတ်အပြီးမှာ ကျမ မြန်မာပြည်က sex worker တွေ ဘ၀ကို တွေးရင်း ရေးခဲ့တဲ့ ၀တ္ထုပါ။ (အသစ်မရေးနိုင်ခင်စပ်ကြား အဟောင်းလေးတွေ တင်ပါလို့ တိုက်တွန်းသူတွေ အတွက်.. (ဂျစ်တူးလေးပြောနေကျလို).. ဆားချက်တာ ဆိုပါစို့။)

ခရီးသွားဝတ္ထု

(ဒီက ပုံပါ)

(၁)

တွယ်ရာမဲ့လွင့်မျောသူလို ခံစားရသည်။ အစက်အပေါက်များစွာ စွန်းထင်းပေကျံနေသော ကြမ်းပြင်ပေါ်သို့ နေခြည်အလင်းတန်းပါးပါးလေးများ ဖြာကျနေသည်။ မှောင်အုံ့အုံ့ရှိနေသော အခန်းကျယ်ကြီးအတွင်းမှာတော့ ထိုနေခြည်တန်းကလေးများက စူးရဲစွာ တောက်ပ လင်းလက်နေကြသည်။ တင်းကျပ်စွာ (ကြာမြင့်စွာ) ပိတ်ထား ခဲ့သော တံခါးချပ်များ၏အကြားမှ လာရသည့် အလင်းရောင်ပင်။ သူမ၏ဘ၀သည်လည်း မှောင်အုံ့ပျပျ ရှိလှသော သူမ၏အခန်းကျယ်ကဲ့သို့ပင် ညစ်ထေးစွာ၊ သာယာမှုကင်းမဲ့စွာ၊ မှောင်မိုက် လှောင်ပိတ်စွာ ရှိနေ သည်ကို သတိရသည်။ သို့သော်... သူမ၏ဘ၀ အခန်းကျယ်ကြီးအတွင်းတွင်မူ နေခြည်တချို့ ဖြာကျမနေပေ။

(၂)

အခန်းကျယ်ကြီးအတွင်းတွင် ဟောင်းနွမ်းနေသော ပက်လက်ကုလားထိုင်ကြီးတစ်လုံး ရှိနေသည်။ ပိုးမျှင် ပင့်ကူအိမ်တို့ ယှက်ဖြာနေသော နံရံ၏တစ်နေရာတွင် ပြက္ခဒိန်တထပ်ကို ချိတ်ဆွဲလျက် တွေ့ရမည်။ နှစ်တစ်နှစ် အကူးအပြောင်းတိုင်းတွင် အကြောင်းအမျိုးမျိုးဖြင့် အချိန်မှန် ရလာတတ်သော ပြက္ခဒိန်တို့ကို တစ်နှစ်ပေါ် တစ်နှစ် ထပ်လျက်သာ ချိတ်ဆွဲခဲ့ ဖြစ်သည်။ လောက၀န်းကျင်နှင့် ရာသီခွင်တို့ကိုပင် ဂရုမမူအားစွာ သူမ၏ နှောင်းချိန်တို့ကို ဖြတ်ကျော်နေရသည်။ ယခု၊ သူမပိုင်ဆိုင်လျက်ရှိသော ညစ်ထေးပေကျံအခန်းကျယ်ကြီးကို တချိန်က သူမနှင့်အတူ သူမ၏အခန်းဖေါ်နှစ်ဦးတို့က ပိုင်ဆိုင်ခဲ့ကြသည်။ တစ်ဦးနှင့်တစ်ဦး ရက်များစွာ ကွဲကွာလေ့ရှိကြသော အခန်းဖေါ်များအဖြစ် သူမတို့သုံးဦး နှစ်ပေါင်းများစွာ ကြာအောင် အတူတကွ နေထိုင်ခဲ့ကြသည်။ သူမတစ်ဦးတည်း သို့မဟုတ် သူမ၏ အခန်းဖေါ်များနှင့်အတူ နေထိုင်ရသောအချိန် ဟူ၍လည်း ထိုစဉ်က သူမ၏ဘ၀တွင် ရှိမနေခဲ့ပေ။ ခုတော့ ကာလတစ်ခုပင်ဟောင်းလုမျှ သူမတစ်ဦးတည်း ရှိနေခဲ့သည်။

(၃)

တိတ်ဆိတ်ငြိမ်သက်သော အရုဏ်ချိန်၊ ဆည်းဆာချိန်များစွာ၊ ညများစွာကို ယခုကဲ့သို့ သူမတဦးတည်း ပျင်းရိငြီးငွေ့စွာ ဖြတ်သန်းခဲ့ရပေါင်းလည်း များပြီဖြစ်သည်။ ခြောက်ခြားဖွယ် တိတ်ဆိတ်နေသော ဧည့်ခန်းကျယ် ကြီးအတွင်းတွင် ရွှေထီးဆောင်းခဲ့ရသော အတိတ်ကိုပြန်လည်ခံစားကာ သူမရှိနေတတ်သည်။ ဟောင်းနွမ်းနေ သော ပက်လက် ကုလားထိုင်မှ ဖျင်ထည်သည် သူမအတွက် နွေးထွေးမှုကို ပေးသည်။ လှုပ်ရှားနိုင်ခြင်း မရှိတော့သူ၊ လှုပ်ရှားတက်ကြွနေလိုသူ၊ သူမအတွက်တော့ နာကျင်နေရသော ရက်များစွာတွင် ဤအခန်းကြီး သည်သာ အဖေါ်ဖြစ်သည်။ သူမ၏ ရောင်စုံမီးများ ပြိုးပြက် တောက်ပခဲ့သော အတိတ်ကာလများသို့ သူမ ပြန်လည် ခရီးသွားသည့်အခါတွင်လည်း အတွေးခရီးစဉ်တွင် အခန်းကျယ်ကြီးသည် မပါမဖြစ်သော အဖော် ဖြစ်ပြန်သည်။

(၄)

လှပခ်းနားသည်ဟု သူမယုံကြည်ခဲ့သော ဘ၀တခုရှိခဲ့ဖူးသည်။ ထိုဘ၀တွင် ဆန့်ကျင်ဘက်လိင်တို့၏ နှုတ်ဖျား များစွာ၌ သူမလိုပင် ဆွေမျိုးမဲ့၊ အအုံအကျင်းမဲ့ ဘ၀တွင် ရှင်သန်ရပြီး သူမလိုလှပသော၊ သူမကဲ့သို့ပင် တင့်တယ်သော (သူမလောက် တော့ ငွေကြေးမပြည့်စုံသော) အဖေါ်မနှစ်ဦးနှင့်အတူ ဘ၀ကို အလျားလိုက် ဖြတ်ရန် ၀ါသနာရင်းစွဲဖြင့် ပျော်ရွင်စွာ နေထိုင်ဖြစ်ခဲ့သည်။ သူမ၏မိဘများ ချန်ထားရစ်ခဲ့သော ငွေကြေးများစွာ ကို မက်မောသော်လည်း နွေးထွေးသော မေတ္တာကိုပေးရန် စိတ်ထားမျိုး မရှိကြသည့် ဦးလေးနှင့် အဒေါ်တို့၏ အိမ်သည် သူမအတွက် ဘ၀တစ်ခု ဖြစ်မလာခဲ့ပေ။

အလှအပနှင့် ငွေကြေးသာရှိပြီး ပညာမပြည့်စုံခဲ့သည့် သူမသည် အလှအပနှင့် တင့်တယ်ခြင်းကို အယူအဆ လွဲမှားစွာ အသုံးပြုနေခဲ့ပြီး ထိုဘ၀၌လည်း၊ နှစ်ခြိုက် ပျော်ပိုက်နေခဲ့ပြန်သည်။ သိပ်လှတာပဲသွယ်ရယ်ဟူသော ပူလောင်မောပန်းသံများ အကြားတွင် ကျေနပ်စွာ ယဉ်ပါးနေခဲ့သည်။ ငွေစတချိုနှင့် နှစ်ခြိုက်ဖွယ် အဆင်းရှိသည့် ယောက်ျားများ၏ ရင်ခွင်များစွာအတွင်းတွင် သူမ၏ဘ၀၊ အချိန်တို့ကို ကုန်ဆုံးစေခဲ့သည်။ ယောက်ျားတချိုသွယ့်ကို သိပ်ချစ်တယ်ဟူသော ပေါ့ပျက်ပျက် စကားသံများအကြား သာယာနေစဉ်တွင် သူမ၏ဘ၀ကို စက်ဆုပ်ရကောင်းမှန်း သူမမသိခဲ့ပေ။ ထို့အပြင်၊ မိန်းမလှတစ်ဦးအနေဖြင့် ဘ၀တစ်ခုအတွက် အားကိုးစရာ လင်ယောက်ျားတစ်ဦးကိုသာ ရှာဖွေသင့်ကြောင်းနှင့် ရှာဖွေ၍ ရနိုင်ကြောင်းကိုလည်း သူမ မတွေးမိခဲ့ပါ။ ထိုဘ၀ကို ဖြတ်သန်းစဉ်က သူမ၏ရင်တွင်းတွင် အလှမာန်မာန၊ ယောက်ျားများစွာတို့၏ နှုတ်ဖျား အချစ်နှင့် အထိအတွေ့များ၌ သာယာခြင်းတို့ကသာ မင်းမူနေခဲ့သည်။ သူမ၏ ယူဆချက်အရ ထိုစဉ်က ဘ၀သည် ရွှေထီးဆောင်းကာ ဗျပ်စောင်းသံများအကြား ခရီးသွားနေရသော ဘ၀ဖြစ်သည်။

(၅)

ထိုစဉ်က၊ သူမတို့ ဧည့်ခန်းကျယ်ကြီးအတွင်းတွင် သူမ၏ဧည့်သည်များ မပြတ်မလပ်စွာ ရှိနေခဲ့သည်။ သာယာ သော သီချင်းသံတို့ငြိမ့်ငြောင်းကာ သူမ၏ချိုလွင်သော ရယ်သံညှင်းများ လွင့်ပျံကာ၊ နှင်းဆီရေမွှေးနံ့များ ဝေ့၀ဲကာ၊ တချက်တချက် ရောစွက်ပါလာသော အရက်နံ့စူးစူးများဖုံးလွှမ်းကာဖြင့် အခန်းကျယ်ကြီးမှာ စိုပြေ နေခဲ့သည်။ မဟော်ဂနီရောင် တောက်ပသော စားပွဲ၊ ကုလားထိုင်များမှာ ခမ်းနားစွာဖြင့် နေရာယူခဲ့ဖူးသည်။ (ထိုအချိန်က သူမ ယခုလို အတွေးခရီးမသွားဖြစ်ခဲ့ပါ။ ပက်လက် ကုလားထိုင်၌လည်း မထိုင်ခဲ့ပါ) (ပက်လက် ကုလားထိုင်မှာလည်း သူမ သက်သောင့်သက်သာ ထိုင်၍ အနားယူရန်၊ သူမ၏ ညမိတ်ဆွေ ယောက်ျားတဦးက မျက်နှာလို၊မျက်နှာရ ပေးထားခဲ့ခြင်းဖြစ်သည်)။

ထိုသို့ဖြင့်၊ အတန်အသင့် တောက်ပနေခဲ့သော အခန်းကျယ်ကြီး အတွင်းတွင် သူမသည် ဘ၀ကျင်လည်ရာ ပတ်ဝန်းကျင်တူသူ အဖေါ်မနှစ်ဦးထက်ပင်ပို၍ နာမည်ကျော်ကြားခြင်းဖြင့် လိပ်ပြာတစ်ကောင်ကဲ့သို့ လှုပ်ရှား မြူးတူးလျက် ရှိနေခဲ့ပါသည်။ တံခါးချပ်များ အစဉ် ပိတ်ထားလေ့ရှိသည့် အခန်းကျယ်ကြီး အတွင်းတွင် လျှပ်စစ် မီးရောင်များ အစဉ် ထွန်းလင်းဝင်းပကာ အမွှေးရနံ့နှင့်သာယာမှုများ ထုံလွှမ်းကာ ရှိနေခဲ့သည်။ သူမသည် ကြားဖူးနားဝရှိခဲ့သော စိတ္တရလေခါ၊ သီရိမာ စသူတို့ကို အိပ်မက်မက်ကာ ပျော်ရွှင်မြူးကြွ နေခဲ့ပါသည်။ ငွေကြေးအဓိကမှ သာယာမှုအဓိကပင် ဖြစ်လာခဲ့သော သူမသည် သူမ၏ အဖေါ်မနှစ်ဦးကို ဤအခန်းကျယ် ကြီးမှ ခွဲထွက်စေလျက် သူမသာ တစ်ဦးတည်းသော ဘုရင်မအဖြစ် မင်းမူနေခဲ့တော့သည်။ ထိုအခန်းတွင် သိပ်လှတယ် သွယ်ရယ်သိပ်ချစ်တယ် သွယ်ရယ်’… ဟူသော ပူလောင်မောဟိုက် စကားသံများ၊ အသက်ရှူ သံ ပြင်းပြင်းများကို ဖုံးလွှမ်းစေခဲ့သည်။ သွယ့်ကို ကယ်တင်ချင်တယ်ဟူသော စကားမျိုး တစ်ခွန်းစ နှစ်ခွန်းစ ကို ကြားရဖူးစဉ်ကတော့ သူမစိတ်ကူးအိပ်မက် မက်ခဲ့ဖူးသေးသည်။ ထိုသူနှင့်အတူ သာယာချမ်းမြေ့သော အိမ်ထောင်သည်ဘ၀ဟူသည်ကို စိတ်ကူး၍ ကောင်းဆဲမှာပင် ထိုသူသည် အလိုဆန္ဒပြည့်ဝကာ ပြန်လည်နိုးထ သတိရသွားခဲ့သည်။ ထိုအခါ၊ သူမ၏ အိပ်မက်ကို ပြက်ရယ်ပြုကာ သူမဖြစ်လျက်နှင့် အိပ်မက် မက်ရန်ကောဟု ရယ်ဟဟ ဆိုလေသည်။ ထိုအခါမှစကာ၊ သူမသည် ဘ၀ကို.. ယောက်ျားတွေကို.. နာကျင် ကြေကွဲတတ်လာ ခဲ့သည်။

သို့နှင့်ပင်၊ ဘ၀ကိုမကျေနပ်လှစွာ ပြည့်တန်ဆာဟူသောနာမအတွင်း ပို၍ နစ်မြုပ်နေဖြစ်ခဲ့သည်။ ထိုအချိန် များကမူ သူမသည် အသက်ရှင်သန်ခြင်းမဲ့စွာ လှုပ်ရှားနေသူလိုသာ ဖြစ်နေခဲ့သည်။ သို့သော်၊ ယိုယွင်းစ ပြုနေသော အလှကိုပင် တမက်တမော ထိန်းသိမ်းတတ်သည့် သူမသည် ဘ၀ကို၊ ယောက်ျားပူတို့ကို အနိုင်ယူ နိုင်သေးသည်ဟု ယူဆကာလည်း သာယာနေမြဲဖြစ်သည်။ ခယခြင်းနှင့် မောက်မာပြင်းထန်ခြင်း ကင်းသော ယောက်ျားတို့ကို သူမတို့သာတွေ့နိုင်သည်ဟု လွဲမှားစွာခံယူခဲ့သော သူမသည် တည်ငြိမ်သော အိမ်ထောင်သည်ဘ၀ ဟူသည် ရုန်းကန် ပင်ပန်း ဆင်းရဲရသော ဒုက္ခတွင်းသာ ဖြစ်သည်ဟုလည်း မှတ်ထင်ခဲ့ပြန်သည်။ မိန်းမပျိုတို့၏ ချစ်သူများ၊ မိန်းမကောင်းတချို၏ လင်ယောက်ျားများနှင့် ပူလောင် ပြင်းပြသော ဆန္ဒရှင် ယောက်ျားများတို့၏ သွေးသားကို သိမ်းပိုက်နိုင်သူဟုလည်း ကြွေးကြော်တတ်ပြန်သည်။ ဘ၀ခရီးတ၀က်ဟာ ဘာသာတော့ ကျေနပ်ပျော်ရွှင်ရတာပဲဟု ရေရွတ်ကာ သူမ လှည့်လည်မြဲ နေခဲ့သည်သာ ဖြစ်သည်။

(၇)

ထိုစဉ်က၊ ယခုလို အရုဏ်သစ်စအချိန်မျိုးတွင် သူမသည် ပင်ပန်းနွမ်းလျစွာ အိပ်ရာမှ နိုးထလာခဲ့မြဲဖြစ်သည်။ သူမအနီးတွင် နှစ်ချိုက်စွာ အိပ်မောကျနေသူ ယောက်ျားတဦး(တခါတရံ အမည်ပင်မသိရ)လည်း ရှိနေမြဲ ဖြစ်နေသည်။ ထို့နောက် ၊သူမ ခန္ဓာကို သူမ သန့်ရှင်းစင်ကြယ်စေကာ (သန့်ရှင်းသွားသည်ဟုသူမယူဆသည်။) လှပထည်ဝါဟန် အပြည့်ရှိသော ရုပ်ခန္ဓာကို ပြင်ဆင်သည်။ အမွှေးရနံ့တို့ဖြင့် ခန္ဓာကို ထုံမွှမ်းစေကာ လှပသော မျက်နှာပြင်တွင် အခြယ်အသတို့ဖြင့် တင့်တယ်စေကာ နေ့လယ်လာမည့် ဧည့်သည်ကို မျှော်သည်။ မကြာခဏ လာတတ်သော ဧည့်သည်ကိုပင် ဖြစ်စေ၊ ဧည့်စိမ်းကိုပင်ဖြစ်စေ သူမက အကဲခတ်ကာ ကြိုမြဲဖြစ်သည်။ အလှမာန်ယစ်မူးသူ ပီသစွာပင် သူမသည် လူတချိုကိုတော့ ငြင်းဆိုတတ်သည်။ ခေါင်းကိုလှပစွာ ခါယမ်း ငြင်းဆန်ပြီး စီးကရက်ငွေ့များမှုတ်ထုတ်ကာ ရယ်ဟဟ ပြုံးရသည်ကိုလည်း သူမမက်မောသည်။ ထို့အတူ၊ လက်ခံ ကျေနပ်ပြန်လျှင်တော့လည်း ချိုလွင်သော ရယ်သံညှင်းဖြင့် ကြင်နာဖွယ်အကြည့်တို့ကို သူမက ကျွမ်းကျင်စွာ ဖန်တီးတတ်ပြန်သည်။ သူမ၏ ဘ၀နံရံတွင် သွယ်ဟာ ယောက်ျားများစွာကို စိုးမိုးနိုင်သူဟူသော အတွေးလွဲက ပဲ့တင်ပြန်ကာ သူမသည် ထိုပဲ့တင်ကိုပင် သာယာသော တေးဂီတသံသဖွယ် နာယူ နေတတ်သူလည်းဖြစ်သည်။

(၈)

တခါတရံ သူမ တွေးမိတတ်သည်။ ငါ မလှတော့တဲ့အခါ…”ဟူသော အတွေးဖြစ်သည်။ ကိုယ့်ကိုယ်ကို ဂရုစိုက်သောသူမသည် ပျက်စီးယိုယွင်းချိန်ကို မေ့ပျောက်နေခဲ့သည်သာ များသည်။ ငါ မလှတော့ရင်ဟူသော အတွေးဖြင့် အပေါ်ယံ အလှအပကိုသာ ထိန်းသိမ်းပြုပြင်နေခဲ့သည်။ သူမခိုဝင်ခဲ့သောရင်ခွင်တို့မှ သူမကို အန္တရာယ်ရောဂါဆိုးပေးနိုင်သည် ဖြစ်သော်လည်း သူမ မေ့ပျောက်နေခဲ့သည်။ ထို့ကြောင့်၊ သူမနှင့်ဘ၀ အခြေအနေတူသူတို့ စိုးထိတ်ကြောက်လန့်လေ့ရှိတတ်သော ရောဂါဝေဒနာကိုပင် သူမ မသိကျိုးကျွံပြု နေမြဲခဲ့သည်။ သို့နှင့်ပင်၊ လှပနေလေ့ရှိတတ်သော အရွယ်ကို ကျော်ဖြတ်ခဲ့ပြီးသည့်တိုင် အလှအပ မလျော့ပါးခဲ့သော သူမသည် ထိုဘ၀ကို တွယ်ဖက်ကာ ပတ်ဝန်းကျင်ကျဉ်းထဲ၌ အချိန်ခရီးများစွာကို အဓိပ္ပါယ်မဲ့ ကုန်ဆုံးစေခဲ့ တော့သည်။

(၉)

သိသိသာသာ ထင်ရှားလာသော ပျက်စီးယိုယွင်းမှုကို စတင်ရင်ဆိုင်ရချိန်တွင်မူ သူမ များစွာ ထိတ်လန့် တော့သည်။ မိမိ တပ်မက်ဖက်တွယ်သော အလှဂုဏ်ကို မစွန့်ပစ်လိုမှု၊ ပိုင်ဆိုင်နေရသော စည်းစိမ်ဥစ္စာတို့ကို တိုးပွားစေလိုသော ဆန္ဒဇောများနှင့်ပင် သူမ၏ ရောဂါဝေဒနာကို ကုသရန် အခန်းတွင်းမှသည် အပြင် လောကသို့ ခဏ ထွက်ခဲ့ရတော့သည်။ ဆေးလုံးပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးသော သူမ၏ လည်ချောင်းပြွန် အတွင်းသို့ ပိုမို အစွမ်းထက်သန်သော ဆေးလုံးများစွာတို့ ဆက်တိုက် ၀င်ရောက်ကြပြန်သည်။ ပိန်လှီ လျော့ရဲစ ပြုလာသော ခါးအောက်ပိုင်းသည် ဆေးထိုးအပ်၏ဒဏ်ကိုပင် မခံမရပ်နိုင် ဖြစ်လာသည်။ သူမ၏ဘ၀ မှိန်ဖျော့ချိန်သည် သူမ၏ အခန်းကျယ်ကြီးအတွင်းသို့ ခြေသံပေးကာ ချဉ်းနင်းဝင်ရောက်လာခဲ့သည်။

အခန်းကျယ်ကြီးတွင် ခန်းနားထည်ဝါမှုတို့ မှိန်ဖျော့သည်နှင့်အတူ လျပ်စစ်မီးပွင့်တို့လည်း ပါးလျစ ပြုလာသည်။ ဝေစည်ခဲ့သော အသံဗလံတို့ တိုးသက်ကာ တံခါးခေါက်သံဖွဖွတို့ ကျဲပါးလာသည်။ အခန်းတွင်းမှ ပရိဘောဂတို့နှင့်အတူ သူမ၏ပျော်ပါးဖေါ်တို့ တစတစ ပျောက်ကွယ်သွားကြသည်။ အဖေါ်ဟူ၍ သူမ၏ အလုပ်သမားတစ်ယောက်ပင် မရှိတော့သော အချိန်တွင်မူ သူမသည် ဆေးလုံးများစွာနှင့် အပ်ချွန်ဒဏ်ချက် တို့ကို လုံးဝ ကျောခိုင်းလိုက်တော့သည်။ သက်ဆိုင်လိုသူ မဲ့သွားသော အိမ်ကြီးနှင့် ငွေကြေးအနည်းငယ်ကို ဖေါ်ပြုကာ သူမ၏နေ၀င်ချိန်ကို စောင့်ရတော့သည်။ နောင်တ ဟူသည်ကို သူမ စတင် တွေ့ဖူးလာခြင်းလည်း ဖြစ်သည်။

(၁၀)

ယခုတော့လည်း၊ ပက်လက်ကုလားထိုင် အိုနွမ်းနွမ်းနှင့် ဖုန်ထူသော ဧည့်ခန်းကျယ်ကြီးသည်သာ သူမ၏ အဖေါ်မွန်များ ဖြစ်နေခဲ့သည်။ နံနက်ဟူ၍၊ ညဟူ၍ ခွဲခြားမရှိသယောင်ဖြစ်သော အခန်းအမှောင်ကြီး အတွင်းတွင် လှုပ်ရှားမှု မဲ့လွန်းစွာ၊ သူမ နေနေရသည်။ ယခင်က ဧည့်သည်မျှော်ခဲ့သော သူမသည် ယ္ခုမူ ငြိမ်းချမ်းရာဒေသကိုသာ မျှော်ရတော့သည်။ နေ့နေ့ညညတို့တွင်လည်း အိပ်သောအိပ်မက်များနှင့် မအိပ်သော အိပ်မက်များမြင်မက်ကာ အိပ်မက်အတွင်းမှာသာ ခရီးသွားနေရသူလည်း ဖြစ်တတ်ပြန်ပါသည်။ မွန်းကျပ်စွာ အသက်ရှူနေရသည့်အကြားမှပင် သူမသည် အောင်မြင်သော ဘ၀ဟူသည်ကို အိပ်မက်နေတတ် ပြန်သေး သည်။ လိမ်လိမ်မာမာ ဆင်ဆင်ခြင်ခြင် နေလိုက်ရင် အန်တီ လုံးဝ နေကောင်းသွားမှာပါ ဟူသော ဆရာဝန် လူငယ်လေး၏ ကြင်နာစွာသော အားပေးချွေးသိပ်စကားသံကို ယုံကြည်ဟန်ဆောင်ကာ သူမသည် အိပ်မက် များစွာကို ဖန်တီးနေတတ်ပြန်သည်။ ထိုသို့ပင် အိပ်မက်များစွာ.. စိတ်ကူးယဉ် အတွေးများစွာထဲတွင် နစ်မျော ကာ သူမ၏ဘ၀ပျက်ချိန်ကို ဖြတ်ကျော်နေရသူလည်း ဖြစ်ပါသည်။

(၁၁)

နေ့စဉ်ပင်၊ သူမသည် ရောက်လာမည်ဟု မရေရာသော အနာဂတ်ခရီးကိုလည်း စိတ်ကူးယဉ် ဖြတ်သန်း ကြည့် တတ်ပါသည်။ အနာဂတ်အိပ်မက်တွင် ရောဂါတို့ကင်းပ၍ ပြန်လည် လှပစိုပြေလာသော ဘ၀ရှိပါသည်။ ထိုဘ၀တွင် သူမသည် အခန်းကျယ်ကြီးကို စွန့်ကာ (သူမ၏ပြီးဆုံးခဲ့သော ဘ၀ညစ်ကို ဖျောက်နိုင်သည် ဟုလည်း မှတ်ယူကာ) ဘ၀သစ်တစ်ခုဆီသို့ သွားမည်။ ထိုဘ၀တွင် ငြိမ်းချမ်းသာယာမှုရှိမည်။ ခင်ပွန်းသည် ကောင်းတစ်ဦး မရှိလျှင်သော်မှ နှစ်လိုဖွယ်မိတ်ဆွေ တစ်ဦးနှစ်ဦးရှိလျှင် ပြည့်စုံနိုင်ပါသည်။ ထိုကာတွင် သူမဘ၀၌ နေခြည်သာတို့ လင်းလက်ဖိတ်ပြက်သော ဧည့်ခန်းကျဉ်းကလေးပါရှိသည့် အိမ်ကလေးတစ်လုံး ရှိပါမည်။ ထိုအခန်းကျဉ်းထဲတွင် တရားဓမ္မသံတို့ကို ဝေစည်စေမည်။ ယ္ခင်က အပူပြုံးများ၊ အပူနံ့များ၊ အပူသံ များသာ လွှမ်းခဲ့ရသောသူမ၏ ညများတွင် အမွှေးတိုင်ရနံ့များ ဆီမီးရောင်နှင့် ဘုရားရှင်ကို ကပ်လှူပူဇော်သည့် ပန်းရနံ့သာ ဖုံးလွှမ်းစေမည်။ ပူပြင်းသော အလှရှင်သွယ်ဘ၀ကို မှောင်မိုက်ပျောက်ကွယ်စေကာ အေးချမ်းသော တရားရှင်သွယ်ဘ၀ကို ပြုစုမည်။ သို့နှင့်ပင် သွက်လက်ရှင်သန်မည့် ဘ၀တစ်ခုကို အိပ်မက် မက်မိပြန်လေသည်။

(၁၂)

ခင်ပွန်းကောင်းတစ်ဦးနှင့်လည်း ရှေခရီးကို သွားလိုမိပြန်သည်။ လှပခဲ့သော သွယ်သည် ပြန်လည် ကျန်းမာလာ သောအခါတွင်လည်း လှပနေနိုင်သေးသည်ဖြစ်ရာ လှပလိမ္မာသည့် အိမ်ထောင်ရှင်မဟူသောဘ၀ကို တပ်မက် မိပြန်သည်။ ခင်ပွန်းသည်၏ လက်ကိုတွဲကာ ပတ်ဝန်းကျင်ကြီးကြီးတစ်ခုအတွင်းသို့ ၀င်ရောက်လိုသေးသည်။ ဘ၀ အတွေ့အကြုံများကြောင့် ရင့်ကျက်လိမ္မာခဲ့ပြီဖြစ်သော သူမသည် လောကသစ်တွင်လည်း မင်းမူနိုင်လိမ့် မည်ဟု ယူဆပြန်သည်။ ခင်ပွန်းသည်အတွက် သားသမီးများစွာ ပေးဆက်ကာ မိခင်ကောင်းတစ်ယောက် ဖြစ်လိုပါသေးသည်။ ကုန်လွန်ခဲ့သော ဘ၀ညစ်မှ သွယ်၏အရိပ်ကို ဖုံးလွှမ်းပစ်နိုင်သော 'သွယ်' ဖြစ်စေရမည် ဟုလည်း ကြွေးကျော်မိပြန်သည်။ သို့နှင့်ပင်၊ မက်မောဖွယ်ဘ၀တစ်ခုကို အိပ်မက်ကာလည်း ကျေနပ်နေ တတ်သည်။

(၁၃)

အခန်းကျယ်မှောင်အုံ့အုံ့သည် သူမ၏ဘ၀နှင့် ထပ်တူပင်ဖြစ်သည်ဟု သူမ တွေးနေဖြစ်သည်။ အခန်းကျယ် အတွင်းသို့ ထိုးထွင်းဝင်ရောက်လာသော နေခြည်သာတို့ကို ကြည့်ငေးကာ နေရောင်ခြည်တချိုကဲ့သို့ အလင်းရောင်ဖြာသည့် ဘ၀တစ်ခုကို သူမ မျှော်လင့်နေခဲ့သည်။ ပြည့်တန်ဆာဟူသော ပညတ်ချက်ကို တံခါးအဖြစ် ပိတ်ကာ နေခဲ့သော သူမ၏ဘ၀အတွင်းသို့ နေခြည်နှင့် သာယာမှုတစုံတရာ ၀င်ရောက်လာမည့်အချိန်ကို ရူးသွပ်မိုက်မဲစွာ မျှော်လင့်နေခြင်းလည်း ဖြစ် သည်။ ယ္ခုတိုင် လွတ်မြောက်အေးချမ်းသော ဘ၀ကိုမရနိုင်သေးသည့် သူမ သည် ကျော်ဖြတ်ခဲ့ရသော ဘ၀ကို ငြီးငွေ့စွာ၊ ကျော်ဖြတ်ရမည်ဟု မသေချာ သော ဘ၀ကို မျှော်လင့်စွာ၊ အခန်းကျယ်ကြီးအတွင်းတွင် ငြိမ်သက်စွာ လွင့်မျောလျက် ရှိနေလေသည်။

မေငြိမ်း (ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၇-အောက်တိုဘာ)


3 comments:

Aung Phyoe said...

Thanks u these days for posting novels. I love all :) . BTY, ကင်မီလီ က မောင်ထွန်းသူ ဘာသာပြန်တာပါ။

မေငြိမ်း said...

ကိုအောင်ဖြိုးလေးရေ.. ပြင်လိုက်ပြီနော်။ ကျေးဇူး

LIN LET KYAL SIN said...

ဒီဇတ်လမ်းလေးကိုလည်း ကြိုက်ပါတယ် ဆရာမ ။ လမ်းမှားကိုမရောက်မိစေဖို့အတွက် နမူနာပြလိုက်တဲ့ ဇတ်လမ်းလေးတစ်ခုပါပဲ :)