Jan 30, 2008

ဖြန့်ဝေခြင်း(၆၁)

မီဒီယာဖော် မီဒီယာဆိတ်များသို့

ရေးသားသူ - နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
Burmese Bloggers w/o Borders (BBWOB)

http://bbwob.blogspot.com


တကယ်တော့ ဒီအကြောင်းမျိုးကို ရေးချင်နေတာ ကြာပါပြီ။ မကောင်းတတ်လို့ စောင့်ကြည့်နေခဲ့တာပါ။ အခုတော့ ဘယ်လိုမှ မတတ်သာတော့လို့ ချရေးလိုက်ရပါတယ်။

အားလုံးသိကြတဲ့ အတိုင်းပါပဲ။ မြန်မာ့သတင်းတွေကိုသိချင်ရင် ပြည်တွင်းက အစိုးရထုတ်ဝေသော သတင်းတွေကို ဘယ်လိုမှ အားထားလို့မရတဲ့အတွက် ပြည်ပမီဒီယာတွေကိုပဲ အားကိုးရပါတယ်။ အဲဒီ ပြည်ပမီဒီယာတွေထဲမှာမှ BBC CNN တို့လို ပြည်ပမီဒီယာကြီးတွေရှိသလို ပြည်ပရောက် မြန်မာဒီမိုကရေစီ အင်အားစုများက တည်ထောင်ထားသော မီဒီယာများလည်းပါပါတယ်။ အဲဒီလို ဒီမိုကရေစီအင်အားစုများက မီဒီယာ တည်ထောင်ထားခြင်းဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူရစေဖို့ ရည်ရွယ်ချက် ဖြစ်မယ်လို့ ယူဆမိခဲ့ပါတယ်။ (ယူဆမိရုံပါ။)

ဒီမနက်က မြန်မာပြည်မှာ ဘလော့ဂါ တစ်ယောက် အဖမ်းခံရတယ် လို့ သတင်းထွက်ပါတယ်။ သူ့ကိုသိသူများက အချင်းချင်း အဆင်ပြေသော နည်းလမ်းများဖြင့် (လုံခြုံရေးကို ငဲ့ညှာပါက ဘယ်နည်းများလဲလို့ ကျေးဇူးပြု၍ မမေးပါနှင့်။) တနေ့လုံး ဆယ်သွယ် မေးမြန်းကြတဲ့ အခါ မသေချာပါဘူးလို့ ပြောပါတယ်။ အခုစာရေးနေချိန် မြန်မာစံတော်ချိန် ည ၉ နာရီအထိ သူ့ကို ရဲတွေက ဖမ်းဆီးခေါ်သွားတယ်လို့ တစ်ယောက်မှ မျက်မြင်မတွေ့သေးပါ။ အဲဒီအချိန်မှာ နေ့လည်လောက်ကတည်းက မီဒီယာ တချို့မှာ သတင်းက တက်သွားပါပြီ။ မသေချာလို့ မတင်ပါနဲ့ဦးလို့ လိုက်ပိတ်ချိန်မှာ တင်ပြီးသွားလို့ ဆောရီးပါပဲလို့ အွန်လိုင်း မက်ဆင်ဂျာကနေ ဆောရီးတာ တစ်ချက်ကလွဲလို့ သတင်းကို ပြန်ရုပ်သိမ်းမပေးပါ။ အခု စာဆက်ရေးနေတုန်း ကျန်ဘလော့ဂါတွေပါ တိမ်းရှောင်နေတယ်လို့ သတင်း ထပ်တက်ပြန်တယ်။ တကယ်တော့ သူ အဖမ်းခံရတာဟုတ်မဟုတ် အခုအထိ မိသားစုကရော ရင်းနှီးသော မိတ်ဆွေများကပါ အတည်မပြုနိုင်သေးပါ။

ဒီသတင်း မှားသွားခဲ့ရင် .. ဆိုတာကို သတင်းမတင်ခင် ထိုမီဒီယာများက တွေးမိပါသလား။
ကဲ ဒီသတင်း မှန်သွားခဲ့ရင်ရော ဘာအကျိုးရှိမှာလဲ။ လက်တွေ့ကျကျ စဉ်းစားရင် တစ်ယောက်ယောက် အဖမ်းခံရတယ် ဆိုရင် သူသူကိုယ်ကိုယ် ပြန်လွတ်စေချင်တာပါပဲ။ သူ့ဖာသာ ဖြေရှင်းပြီး ပြန်လွတ်ကောင်း လွတ်လာနိုင်ပါတယ်။ ခဏလောက် မစောင့်နိုင်ကြတော့ဘူးလား။ ဒီသတင်းကို ကိုယ်ကမှ မတင်လိုက်ရင် သူများက အရင်တင်သွားမှာကို အစိုးရိမ်ကြီးနေလေရော့သလား။ သူကတော့ ဘယ်သူဘယ်ဝါပါ ဘာသမိုင်းတွေနဲ့ပါ လို့ ကိုယ်ရေးရာဇ၀င်ကို ရိုက်မစစ်ရပဲ နအဖ အကြိုက် မီဒီယာကိုယ်တိုင်က အကုန်ဖော်ပြီး သူများထက်ဦးအောင် သူများထက် စုံအောင် သတင်းကို ရေးပြီး တင်ရခြင်း ရည်ရွယ်ချက်က လူများများလာဖတ်စေချင်ရုံ သက်သက်ပဲလား။ တစ်ယောက်ယောက် အဖမ်းခံရရင် သတင်းတင်တယ်ဆိုတာ အခြေအနေ အမျိုးမျိုးရှိမယ်လို့ထင်ပါတယ်။ low profile နေသူ သူတတ်စွမ်းသမျှ အနုပညာနဲ့ ရေးသားနေသူတစ်ယောက်ကို သတင်းမသေချာသေးတဲ့ အခုလိုအချိန်မှာ ပြူးတူးပြဲတဲ နိုင်ငံရေး တံဆိပ် အတင်းကပ်လိုက်တဲ့အခါ သူဟာ ပြန်လွတ်လာနိုင်ပါဦးမလား။ လွတ်လာခဲ့ရင်ရော နောက်ပိုင်း သူဘယ်လို နေထိုင်သွားရမှာလဲ။ အဖမ်းခံရသေးတာမဟုတ်ပဲ သူ့ဖာသာ တနေရာရှောင်နေတာ ဖြစ်ခဲ့ရင်ရော ဒီသတင်းတွေကြောင့် ကြောက်လန့်ပြီး တောထဲ ရောက်သွားစေချင်တာလား။

ညာသံဝိုင်းပေးတာလည်း ပေးပေါ့။ စဉ်းစဉ်းစားစားလည်း လုပ်ကြစေချင်ပါတယ်။ အပြင်ကလူတွေက အော်ရုံအော်နေတာ။ အတွင်းကို နားလည်မှုမရှိကြဘူး။ သူတို့ကြောင့် တို့တွေ အနေရပိုကျပ်တယ် လို့ ပြည်တွင်းက ပြောနေသော တချို့ အသံများလည်း ကျွန်တော်တို့ထဲက တချို့က နားနဲ့ ဆတ်ဆတ်ကြားခဲ့ရပါတယ်။

အင်တာဗျူးတွေမှာ မမေးသင့်တဲ့ မေးခွန်းတွေကို မမေးသင့်တဲ့ အချိန်မှာမေးလို့ တချို့ မြန်မာမီဒီယာတွေ ကဲ့ရဲ့ခံခဲ့ရပါတယ်။ သတင်းတွေရရင် အူယားဖားယား တင်လို့ အစိုးရ ဘက်က တဖက်လှည့်နဲ့ပို့တဲ့ မမှန်တဲ့ ဓာတ်ပုံတွေ သတင်းတွေ ထောင်ချောက်မိတာလည်း တစ်ကြိမ်မက ပါ။ အခုပြောနေတာ ပြည်ပ exile မြန်မာမီဒီယာတွေရော သတင်းအဓိက တင်သော ဘလော့ဂ်တွေကိုပါ ပါပါတယ်။ ဖြစ်ပြီးသူများကို နောက်မဖြစ်စေချင်သလို မဖြစ်သေးသူများလည်း စဉ်းစားနိုင်ရန် ဖြစ်ပါတယ်။

နောက်ဆုံး မေးချင်တာကတော့ သတင်းတစ်ခု တင်ခါနီးရင် ကိုယ့်ရည်ရွယ်ချက်က ဘာလဲ ။ အခု မြန်မာမီဒီယာတွေက မီဒီယာ သက်သက် မဟုတ်ပဲ တော်လှန်ရေး မီဒီယာ လုပ်နေပါတယ်ဆိုတာကို သတိထားမိစေချင်ပါတယ်။ မှန်ရင် ဘာမဆိုတင်မှာပဲလား။ မှန်တာရော သေချာရဲ့လား။ ဘယ်လောက် တိကျ သလဲ။ မှန်ရင်တောင် ကိုယ့်ထင်မြင်ချက်ကို မရေးပဲ စောင့်ထိန်း မရေးသားသင့်ပေဘူးလား။ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ဖို့မဟုတ်ပဲ Media for Media Sake သက်သက်ပဲ ဆိုရင်တော့လည်း ဒီစာကို လျစ်လျူရှုလိုက်ပါ။ ကျွန်တော်တို့လည်း အဲဒီ မီဒီယာမျိုးကို လျစ်လျူရှုလိုက်ပါမယ် ခင်ဗျား။
bbwob.gif

3 comments:

Unknown said...

ဟုတ်ပါတယ်၊ တချို့ သတင်းဌာနတွေက သတင်းထောက်တွေ အင်တာဗျူးလုပ်ရင် မေးခံရသူဆီက ဖြေစေချင်တဲ့ အာဘော်တွေကို မေးခွန်းမေးတဲ့ ၀ါကျတွေထဲမှာ ပါနေပြီးသား ဖြစ်နေတာကို မကြာခဏတွေ့ရပါတယ်။ ဖြေတဲ့သူက ဘာမှသိပ်ပြောစရာမလိုပဲ ဟုတ်ကဲ့ တခွန်းပြောလိုက်တာနဲ့ အဲဒီသတင်းထောက်ရဲ့ အာဘောတွေ အကုန်လုံးကို ဖြေတဲ့သူရဲ့ စကားဖြစ်အောင် လုပ်လိုက်သလို ဖြစ်ဖြစ်နေတာ မကြာခဏ သတိထားမိပါတယ်။ ဒီလို သတင်းဖြစ်ရပ်နဲ့ ထင်မြင်ယူဆချက်ကို ခွဲခြားမတတ်တဲ့ သတင်းထောက်တချို့ကြောင့် သတင်းဌာနတွေ နာမည် မပျက်ရအောင် သတင်းဌာနအတွင်း အဖွဲ့သားတွေချင်းချင်း တင်ခဲ့တဲ့သတင်းတွေအပေါ် မကြာခဏ ပြန်လည် ဝေဖန်စီစစ်ပြီး ထိန်းကျောင်းပေးတဲ့ အစီစဉ်တခု သတင်းဌာနတိုင်းမှာ လုပ်သင့်ပါတယ်။

Hteink Min said...

အင်း ဒါကို စောင့်နေတာ ကြာပြီ။ တီများ ဘာပြောမလဲလို့ ..

YeKyawAungMDY said...

တစ်ချို့ကသတင်းရချင်စောနဲ့ လုပ်လိုက်တယ်။ ဖြစ်ပြီးမှ တစ်ချို့သတင်းတွေက မဟုတ်ဘူးဖြစ်နေတယ်။ ရန်ကုန်မှာ ရှိတဲ့ သတင်းနဲ့ပတ်သက်လို့ အမေးခံရတဲ့ ကျနော့်မိတ်ဆွေ တယောက်ပြောဖူးတယ်။ ၂၀၀၆ ခုနှစ်လောက်ကဖြစ်မယ်ထင်ပါတယ်။ သူဟာ အောင်မြင်တဲ့သင်တန်းဆရာ တယောက်ပါ။ သူ့နာမည်ကို မထည့်ဖို့ကိစ္စကို ပြောခဲ့တယ်။ ဒါပေမယ့် သတင်းလွှင့်တဲ့အခါမှာ သူ့နာမည်နဲ့ လွှင့်သွားတယ်။ အဲဒီမှာ သတင်းမှာ သူ့နာမည် အရင်းနဲ့ လွှင့်သွားတာသိ သွားတော့ သူတော်တော်ဒေါသဖြစ်သွားတယ်။ အဲဒါမျိုးက သတင်းသမားတွေ သတိကြပ်ကြပ်ထား သင့်ပါတယ်။ ကိုယ်မေးလိုက်လို့ တဖက်သား ဘယ်လိုဖြစ်မလဲဆိုတာကိုလဲ ထည့်တွက်ကြဖို့လို အပ်ပါတယ်။