May 31, 2007

ကားစင်

ခုတလော..
ဘ၀ထဲ အလိုမကျနိုင်တာတွေ..
နောင်တ တွေ..
ယူကျုံးမရတာတွေ…
မိဘကို သတိရတာတွေ..
အသက်ရှူ မ၀တာတွေ..
ထွက်ပြေးဝါဒတွေ..
စိတ်ထဲကို လုလုပြီး ၀င်လာနေတယ်။

အဲဒီအခါ
မကြာခဏ သတိရနေကျ ကဗျာတစ်ပုဒ်ကို
ပြန်ထုတ်ရွတ်မိတယ်..။

ခွန်အားမပေးနိုင်ပေမဲ့
ဘ၀ကို သံဝေဂ ရစေတဲ့ ကဗျာလေးပါ..။


ကားစင်

မနက်ဖြန်ဆိုတာ
ထိုးထောင်ထွက်လာမယ့်
ဆံပင်ဖြူတစ်ချောင်းသာ။

အိပ်ကပ်ထဲလက်မနှိုက်ရဘဲ
တောင်းဆိုခြင်းလဲ ကင်းမဲ့စွာ
လောကမှာ
ငါအလကားရခဲ့တာဆိုလို့
နှစ်ခုတည်းရှိရဲ့..
အဲ့ဒါက
ဘ၀နဲ့ ဒုက္ခလေ…။

စစ်သည်တစ်ယောက်ရဲ့
တိုက်ပွဲပြီးကာစ
စစ်တလင်းလိုမြင်ကွင်းမျိုး
တကယ်တမ်း
ဘုရားသခင်နဲ့ ချစ်သူရှိမနေတဲ့
အခန်းကျဉ်းငယ်ထဲမှာ
ငြီးငွေ့ခြင်းနဲ့ ငါ
လက်မထပ်ဘဲ အတူနေခဲ့တာကြာပေါ့။

ဖြစ်တည်မှု
ဟော့ဒီခွေးခြေပုပေါ်က
ခြေချော်ကျမယ့်နေ့တစ်နေ့ကို
ရပ်စောင့်နေခဲ့ရ ။

မွေးဖွားခြင်းတဲ့…
ငါ့လည်ပင်းမှာ
စွပ်ပြီးသားကြိုးကွင်းတစ်ကွင်းရှိတယ်။

(သစ်ကောင်းအိမ်)

အဲဒီကဗျာလေးက ၁၉၉၅တုန်းကတည်းက မဂ္ဂဇင်းမှာပါခဲ့တဲ့ ကဗျာလေးပါ။
ဟန်သစ်မဂ္ဂဇင်းထဲမှာ ထင်တာပဲ..။
အဲဒီတုန်းကတည်းက မြန်မာပြည်မှာ
လူငယ်တွေ လူလတ်တွေရဲ့ စိတ်ထဲက ဖိစီးမှုတွေကို
အဲဒီကဗျာက ပြနေတယ်လို့ ကျမ ခံစားခဲ့ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီ နယုန်လပြည့်နေ့မှာ..
ကျမလည်ပင်းမှာ ကြိုးကွင်းအစွပ်ခံခဲ့ရတာ ၄၂နှစ် ပြည့်ပါတယ်။
(အဖေနဲ့ အမေကတော့ အဲလိုဖြစ်စေတော့လို့ မွေးခဲ့တာမဟုတ်တာလဲ သေချာပါတယ်..)

မေငြိမ်း(၃၁မေ၂၀၀၇)


နှုတ်ခွန်းဆက်

ကျမဘလော့ထဲ ၀င်လည်ကြသူတွေကို ခုထိ ကျေးဇူးစကား မပြောရသေးပါ..
ဘာမှ မတတ်ဘဲ ဘလော့ဂါလုပ်ချင်တဲ့သူနဲ့
ဘလော့အသစ်စက်စက်အတွေ့မှာ
ပြဿနာပေါင်း သောင်းခြောက်ထောင်..။အရပ်လဲကူရ.. လူလဲဝိုင်းရ..
ပထဇ လဲ မနေရ..ကိုသံလွင်လဲ မနားရ.. စိတတ္တဇညလဲ..မနေသာ..မေဓါဝီလဲမရှောင်သာ…
ခုတော့ တဖြည်းဖြည်း ရုပ်တော့ ပေါ်လာပြီထင်ပါရဲ့နော်..။
ဒါတောင် တချို့နေရာ.. လေးထောင့်တုံး.. တချို့နေရာ မေးခွန်းအမှတ်အသား ဖြစ်ဖြစ်နေသေးတာ..။
ကံများမကောင်းချင်တော့ ထိုင်းမှာ ဆီဗုံးတွေလဲ ပြဿနာတက်ချိန်..
ကိုယ့်ဆီလာလည်လို့မှ နှုတ်ဆက်မရ..။ ခက်ပါ့..နော်။
ဘာပဲဖြစ်ဖြစ်.. ဘလော့အသစ်သက်စက်လေးကို စိတ်မပျက်ကြပါနဲ့နော်။

ဒီနေ့ဆိုရင် ကွန်မင့်တွေကို စာစပြန်လို့ ရသွားပါပြီ…။
နောက်ကို ကွန်မင့်တွေအတွက် အမြဲ စာပြန်ရေးပါ့မယ်။
ဝေဖန်ဆွေးနွေး အကြံပေးကြပါနော……

ဘလော့လေး နှစ်ပတ်သားရောက်မှပဲ
ကိုယ့်ဆီလာခဲ့သမျှ ဧည့်သည်တွေကို
နှုတ်ဆက်စကားပြောရပါတော့တယ်..

ချစ်ခင်စွာ… မေငြိမ်း

May 30, 2007

ဒီပဲယင်းအမှတ်တရ

ဒီနေ့ မနက် အစောကြီးနိုးလာတယ်။
အိပ်မက်နဲ့ စိတ်အစွဲအလန်းကြောင့်ထင်ပါရဲ့။
အိပ်မက်ထဲမှာ ရှစ်လေးလုံးတုန်းကလို လူအုပ်တွေပါတယ်။
ပစ်ကြခတ်ကြတာတွေ သွေးထွက်သံယိုတွေ မျက်ရည်တွေ..ပါတယ်။
ဒါနဲ့ပဲ အစောကြီးနိုးလာတော့တာ။

ဒီနေ့ မေ၃၀..
အန်တီစုကို သူတို့ အသေသတ်ဖို့ ကြံခဲ့တဲ့နေ့။

ရက်စက်ကောက်ကျစ်တဲ့နေရာမှာ ကမ်းကုန်တဲ့ စစ်အုပ်စုရဲ့
ကမ္ဘာကျော် လူသတ်ပွဲတွေထဲက တစ်ခုပေါ့။

ကျမကတော့

An eye for an eye
A tooth for a tooth

ဆိုတဲ့ ဟာမူရာဘီကိုဓ ဥပဒေကို သတိရနေတယ်။
ကျမတို့ မြန်မာတွေကတော့ လက်တုံ့မပြန်တတ်သူတွေပါ။
ဒါပေမဲ့ ကျမကတော့ အဲဒီဥပဒေက လူကောင်းသူကောင်းတွေအတွက်
လောကကြီးက..သဘာဝတရားကြီးက တာဝန်ယူဖြေရှင်းပေးတဲ့ ဥပဒေလို့ မြင်တယ်။

ကြည့်လေ.. အကုသိုလ်နဲ့ တံတားခင်းခဲ့တဲ့ လူတွေ..
အဲဒီတံတားပေါ် သူတို့ကိုယ်တိုင်ပဲ ပြန်လျှောက်ကြရတာ…
ကမ္ဘာ့အာဏာရှင်အဆက်ဆက်…ဘယ်လမ်းသွားခဲ့ကြရသလဲ..
ကျမတို့ဆီမှာလဲ..ဦးနေ၀င်းကစ.. ခု ဦးစိုးဝင်း.. ဦးရွှေမန်း… အထိ။

ကျမသတိရနေသေးတယ်..

အတွင်းရေးမှူး(၂) ဦးတင်ဦးဆုံးတုန်းက..၂၀၀၁ ဖေဖေါ်ဝါရီ-၁၉။
ကျမ မော်လမြိုင်မှာ တာဝန်ကျနေတဲ့အချိန်
ကြားကြားချင်း .. သူများကို ဒီလောက်ဒုက္ခပေးတာ..ကောင်းတယ်..ဖြစ်ပစေလို့
တွေးမိခဲ့တယ်။

ဒါပေမဲ့ အဲဒီညမှာပဲ ကျမဘ၀မှာ အရေးကြီးဆုံးဖြစ်တဲ့ အဖေလဲ ဆုံးတယ်။
ကင်ဆာရောဂါမို့ ကြိုတွေးထားပြီး သိထားပြီးဖြစ်တဲ့ကြားကတောင်
ကျမအတွက် အပူဆွေးဆုံးဖြစ်ခဲ့တယ်။

အဲဒီမှာ ကျမတွေးမိတယ်..
ဘာပဲဖြစ်ဖြစ် ဦးတင်ဦးဟာဘယ်လောက်ဆိုးဆိုး
သားသမီးတွေရဲ့ အဖေတစ်ယောက်တော့ ဖြစ်သေးတာပဲ..
ဒါကို ကျမ ကိုယ်ချင်းမစာမိလို့
ညကျတော့ ကျမအဖေအတွက် ပူဆွေးရတာကို ချက်ချင်းကြုံရတယ်လို့..

ဒါဟာ… ကိုဓ ဥပဒေ အသွားပဲ မဟုတ်လား…။
အဲသလို ကျမ ယုံတယ်။

ဦးတင်ဦးဟာ ၈၈ မှာ ၆၂က စိန်လွင်ရဲ့ နေရာကို ယူခဲ့ပြီး
ကျောင်းသားတွေအပေါ် လူထုအပေါ် ကမ်းကုန်အောင် ရက်စက်ခဲ့တာ။
ဒီတော့ သူ့မှာ သူများလုပ်ကြံခံရပြီး သေရမှာကိုတောင်
သုံးခါလောက် သီသီလေးလွဲရတဲ့ စိတ်သောကတွေကို ကြုံရပြီးမှ
သေခန်းရောက်ရတာ..

ပိုဆိုးတာက
သူမသေရခင်မှာမှ.. သူ သိပ်ချစ်တဲ့ သမီး ချိုလဲ့ဦး ဗုံးပေါက်ပြီး ဆုံးရတာပဲ…။
အဲဒီတုန်းကလဲ သူတော်တော် ခံစားရတာ..။သူအချစ်ဆုံး ဂုဏ်အယူဆုံးသမီးလေ..
တက္ကသိုလ်မှာ ပါရဂူတန်းတက်နေတဲ့ ဆရာမလဲ ဖြစ်သေး..။
သူတို့ မိသားစု တော်တော် အသည်းကွဲရတဲ့ အဖြစ်ပေါ့။

အဲဒါ ကိုဓ ဥပဒေပဲ..မဟုတ်လား...။

အဲလိုပဲ..
ဦးနေ၀င်းရဲ့ အချစ်ဆုံးသမီး သားမက်နဲ့ မြေးတွေရဲ့ အဖြစ်ဆိုးနဲ့ ..သူ့ဘ၀ နေ၀င်ချိန်..။

ခု..ဦးခင်ညွန့် ဘ၀..။

သူတို့ မောင်ပိုင်စီးခဲ့တဲ့ မြေပေါ်မှာတောင်မှ သေစရာနေရာ မရှိတဲ့ ဘ၀ တွေ…။

ဒါ ထင်ရှားတဲ့သူတွေရဲ့ သာဓကနဲနဲလေးပဲ ရှိသေးတာပါ။

ခုရော..ဦးစိုးဝင်း..။ကြည့်လေ.. ။ အန်တီစုလို သူတော်ကောင်းကို..မတရားသဖြင့်လုပ်ခဲ့တာ၎နှစ်ပဲ ရှိသေး.. သူသတ်ဖို့ကြိုးစားခဲ့တဲ့သူက ခုထိ သမာဓိကောင်းကောင်းနဲ့ မတရားမှုတွေကို
ရင်ဆိုင်အံတုနေနိုင်သေးတဲ့အချိန်မှာ သူကတော့ သေရပါမယ့် အရေးကိုတောင်
ခြောက်ခြောက်ခြားခြားနဲ့ စောင့်နေရပြီ။

စဉ်းးစားတတ်ရင် ကြောက်စရာပါ..။

ဒါကြောင့် ကျမကတော့ ကိုဓဥပဒေ ဟာ…
မတရားသူတွေအတွက် လောကကြီးက သတ်မှတ်ထားတဲ့ တရားဥပဒေလို့
ယုံတယ်။

မေငြိမ်း

၃၀မေ(ဒီပဲယင်းနေ့ အမှတ်တရ)

May 29, 2007

Metamorphosis

တိမ်တွေဟာ...
လေလွင့်ရာပြေးလို့
အဝေးဆုံးအထိသွားနိုင်တယ်။

တိမ်တွေဟာ...
မာယာနဲ့
မျက်နှာများစွာပြောင်းနိုင်တယ်။

တိမ်တွေဟာ..
ပန်းချီဆရာ မနိုင်တဲ့
အရောင်သစ်များစွာလည်း
ဖန်ဆင်းနိုင်တယ်။

တိမ်တွေဟာ...
အနာဂတ်မဲ့၊အတိတ်မဲ့
အချစ်မဲ့၊အနာမဲ့စွာ
ကျရာအရုပ်မှာ ပျော်နိုင်တယ်။

တိမ်တွေဟာ
ထည်ဝါခမ်းနား
ဆန်းပြားမြင့်မားရဲ့
ဒါပေမဲ့
ဆုပ်ကိုင်ထားမရ
ချုပ်နှောင်တားမရ...။

ဒါနဲ့ပဲ...
စိတ်ကျဘ၀ထဲ
အခါခါလဲသေရသမျှ
အိပ်မက်ဘ၀မှာတော့
ငါဟာ...
တိမ်တစ်စ သာဖြစ်ခဲ့တယ်။

အဲဒီကဗျာကို ကျမရေးခဲ့တာ ၁၉၉၃ထဲမှာပါ..။
အဲဒီကာလမှာတုန်းက တက္ကသိုလ်ထဲမှာအစစ ပျက်စီးလာနေပြီလို့ ခံစားလာရတယ်။
လူထုရဲ့ ဘ၀တွေလဲ ပိုမွန်းကျပ်လာတဲ့အချိန်...
ကျမကိုယ်တိုင် ဘ၀ထဲ အသက်ရှူကျပ်လာတဲ့အချိန်...
ကျမက စိတ်ခပ်ပျော့ပျော့...သတ္တိကလဲ နည်း...
ဒါနဲ့ပဲ အဲဒီကဗျာကို ရေးဖြစ်တာပါပဲ။
ပြီးတော့...
ရန်ကုန်တက္ကသိုလ်က ကဗျာသမားတွေနဲ့ စက်မှုတက္ကသိုလ်က ကဗျာသမားတွေစုပြီးထုတ်တဲ့
တမိုးထဲအောက်မှာ ကဗျာစာအုပ်မှာ ထည့်ဖြစ်ခဲ့ပါတယ်။

ဘလော့ရင်ခုန်သံ

ဘလော့တွေ ၀င်ဝင်ဖတ်ဖြစ်နေတာကြာပါပြီ။

သားက သူ့ဘလော့လေးပြတော့ စိတ်ထဲသဘောကျလို့ သူငယ်ချင်းတွေကို သားဘလော့လေး အကြောင်း ကြွားရတာအမော..။ အဲဒီတုန်းက ကိုယ်တိုင်ကတော့ အလုပ်တွေ ပိပြီး..ကိုယ်ကြိုက်တဲ့ ဘလော့တွေတောင် မှန်မှန်မကြည့်နိုင်။ ကိုယ်ဘလော့ လုပ်ချင်ပြီဆိုတဲ့ အချိန်ကျတော့.. သားက သူ့ပညာရေးအတွက် ကျမနဲ့ ခပ်ဝေးဝေးမှာ ရောက်နေ..။

ခုတော့…သားဆီရောက်တုန်း အချိန်အမိအရပေးပြီး ဘလော့တစ်ခု ဖြစ်အောင်လုပ်၊ နည်းပညာနဲ့ ဝေးလှစွာသော ကျမအတွက်တော့ သိပ်လွယ် တယ် လို့ ပြောကြတဲ့ ဘလော့ရေးရတာက တော်တော်မှတ်စရာသားစရာ လုပ်ထုံး လုပ်နည်းတွေများလှပြီ...။

ကိုယ့်ဘလော့လေးကို တကြည့်ကြည့်နဲ့။ ကျမသူငယ်ချင်း ယောဟန်အောင် ပြောသလိုပဲ သော့တွေအထပ်ထပ် ပိတ်လိုက်ဖွင့်လိုက်.. အရိပ်တကြည့်ကြည့်နဲ့…။ ပြီးတော့ သူပြောသလိုပဲ ဘလော့လေးလုပ်အပြီးမှာ ကျမလဲ ကျောင်းတုန်းက ကဗျာစာအုပ်ထုတ်တုန်း က ခံစားချက်တွေကို ပြန်ပြန်သတိရတယ်။

တက္ကသိုလ်တွေမှာ ကျောင်းသားတွေ ကဗျာစာအုပ် အပျော်တမ်း ထုတ်တာက ယဉ်ကျေးမှုတခု။ မိန်းလို့ ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် ပင်မထဲမှာ ဆိုရင်လဲ ကျမတို့ရှေ့သက်တမ်းမှာ အောင်ပြည့်၊ ကိုရွှေသိမ်းမင်း၊ ခင်အေးသက် ..ကနေ… မင်းလူ၊ မောင်မောင်စနေ၊ သားကြီး မောင်ဇေယျ တို့…. အစုလေးက နာမည်ကြီးတယ်။ ကျမသိပ်ကြိုက်ခဲ့တာပေါ့..။

နောက်တော့လဲ… ကဗျာစာအုပ် ပေါင်းများစွာ… မောရူးဆိုး..ဇေယျာလင်း..ခင်အောင်အေး.. ခင်မြဇင် ကနေ၊ မောင်သာချို.. ဇောင်းထက် ..မောင်စန်းဦး (mso)..မေငြိမ်းတို့အထိပေါ့။

ဒါ..မိန်းတခုထဲမှာပဲ ထွက်ခဲ့တာ..စက်မှုက.. ဆေးကျောင်းက..ပုသိမ်က ..မန္တလေးဘက်က.. မော်လမြိုင်..ပဲခူး ..တောင်ကြီးဘက်ကတွေ မပါ သေးဘူးနော်…။

ဒါက ကျောင်းထဲကဗျာစာအုပ်တွေကနေ မဂ္ဂဇင်း စာမျက်နှာတွေပေါ်ထိ ရောက်လာခဲ့ကြသူတွေပဲ ရှိသေးတာ..။အပြင်စာပေလောကထဲ မ၀င်ဖြစ်ဘဲ ကျောင်းထဲ ကဗျာစာအုပ်ထုတ်ခဲ့တဲ့ ကဗျာဆရာကောင်းတွေ အများကြီး ရှိသေးတာပါ။

ကျောင်းထဲက တချို့ကဗျာတွေဆို ခုထိ အလွတ်ရတုန်း.. အဲဒီ ခေတ်တွေတုန်းကဆိုရင် ယောက်ျားလေး တစ်ယောက်က မိန်းကလေး တစ်ယောက်ကို ရည်းစားစာပေးတဲ့ နေရာမှာ ရေပန်းစားတဲ့ ကဗျာလေးတစ်ပုဒ်ရှိတယ်။

အချစ်ရေ..
လူမှန်ရင်
သစ်ပင်တစ်ပင်
ဖြစ်မြောက်အောင်စိုက်ဖူးရမယ်..
သားကောင်းတစ်ယောက်
ထွန်းတောက်အောင် မွေးဖူးရမယ်..
ကိုယ်..မနေ့က
သစ်ပင်တစ်ပင်
စိုက်ခဲ့ပါပြီ..
ကဲ..အချစ်ရေ…
မင်းကရော…ဘယ်လိုလဲ..။

အဲဒီကဗျာလေးကို သားကြီးမောင်ဇေယျရေးတာ…။ ကျမတို့ခေတ်မှာ ကျောင်းသားတွေ သိပ်သဘောကျခဲ့တာပေါ့။ ချစ်စရာကောင်းတဲ့ ကဗျာလေး..။

ကျမ ကဗျာစာအုပ်တွေထုတ်တော့ ………။အဲဒီတုန်းက….. ၁၉၈၅ပေါ့။

ဖယောင်းစက္ကူ(Wax)ပေါ်မှာ ကညစ်သံချွန်နဲ့ရေးပြီး ဂက်စ်တင်နာနဲ့ လှည့်ထုတ်ရတာ.. လှည့်ပြီးထွက်လာတဲ့ စာရွက်တွေကို ကိုယ်တိုင် အရွယ် တော်ဖြတ်၊ စတက်ပလာနဲ့တွဲချုပ်…ကိုယ်တိုင်လုပ်တဲ့ ကဗျာစာအုပ်လေးတွေ..။ ကဗျာစာအုပ် ထုတ်ဝေရေးဌာနနေရာက ဦးချစ်ဆိုင်ရဲ့ ငှက်ပျောတောအုပ်လေး ထဲမှာပေါ့။

စာအုပ်လေးတွေရလာရင် အရိပ်တကြည့်ကြည့်နဲ့..ကျောင်းထဲမှာ တစ်အုပ် တစ်ကျပ်နဲ့ လိုက်ရောင်း…။ သိပ်ပျော်စရာကောင်းခဲ့တာ။

အဲသည်တုန်းက ရန်ကုန်ထဲ ရှိရှိသမျှ တက္ကသိုလ်တွေထဲ ကဗျာစာအုပ် လိုက်ရောင်းရတာ အလုပ်တစ်ခု။ အဲသည်တုန်းက လက်ဘက်ရည်တခွက်လဲ တစ်ကျပ်ခေတ်ပဲ။ ထမင်းကြော် ရှယ်တစ်ပွဲမှသုံးကျပ်ပဲ။ ကဗျာစာအုပ်ရောင်းခတွေ ကို သူငယ်ချင်းတွေနဲ့ စုပြီး မုန့်စားပစ်တာပါပဲ.. အဲဒါကပဲ ပျော်စရာ….။

အဲဒီတုန်းက ကျောင်းထဲမှာ ကဗျာစာအုပ်ထုတ်တဲ့ မိန်းကလေးက ကျမတစ်ယောက်ထဲ..ယောက်ျားလေးတွေနဲ့ ကဗျာစာအုပ်ပေါင်းထုတ်.. ကဗျာစာအုပ်လိုက်ရောင်းလို့ အတန်းကဆရာမခေါ်ဆူတာကို ခံရဖူးတာလဲ ခုထိမှတ်မိသေးတယ်။

ပြီးတော့.. အချင်းချင်း ကဗျာတွေကို အပြန်အလှန်ဝေဖန်ကြ။ ငြင်းကြခုန်ကြ ရန်ဖြစ်ကြ..ပြန်ချစ်ကြ။

တခါက ကျမရဲ့ ကဗျာတစ်ပုဒ်မှာ

ချစ်သူရေလာ..
ဘ၀ဆိုတဲ့ တလင်းကိုဖြတ်ဖို့
အချစ်ဆိုတဲ့ ဘိနပ်ကိုစီးလို့…
လျှောက်စို့…။

လို့ ရေးခဲ့တာမှာ ကဗျာသူငယ်ချင်းတချို့က အချစ်ကိုဘိနပ်နဲ့ နှိုင်းလို့ ဆိုပြီး အကြာကြီးငြင်းကြခုန်ကြရသေးတာ..ခုထိမှတ်မိပါသေးတယ်။

ခုရော….
ဘလော့တွေပေါ်မှာ ငြင်းကြခုန်ကြ..ဆွေးနွေးကြ..။
ခံစားတတ်မယ်ဆို ကြည်နူးစရာ…
ဒါပေမဲ့ ဒေါသတွေတော့ မပါစေချင်ပါ။

ကျမကတော့ အနုပညာနဲ့ ပတ်သက်ရင် အရာရာကို အကောင်းမြင်တာ များတာမို့

ကိုယ်နဲ့ အလိုမတူလဲ သာတောင့်သာယာ နေလိုက်တာပါပဲ..

တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း ဘယ်ထပ်တူ တူနိုင်ပါ့မလဲ…

တချို့ဆို ကဗျာရေး စာရေးတာ..စာဖတ်တာကိုတောင် အပိုအလုပ်လို့ ထင်တာမျိုး ရှိသေးတာလေ..။ တချို့ကဆို ကျမကို ကြီးကောင် ကြီးမားနဲ့ ဘာတွေလုပ်မှန်းမသိဘူးတဲ့.. ပြောကြသေးတာ။

ဘာဖြစ်လဲ အရေးမကြီးပါဘူးနော်..

ကျမထင်တာတော့ အရေးကြီးတာက ကိုယ့်သွားနေတဲ့လမ်းက သူများကို အနှောက်အယှက် မဖြစ်စေရင် တော်ပြီထင်တာပဲ။သူတပါးဘက် ကလဲ အဲလိုပဲ တုံ့ပြန်ရင် ကမ္ဘာကြီးဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ…

အဲလိုစိတ်ရှိလို့ပဲထင်ပါရဲ့.. ကျမကတော့ ကျောင်းထဲမှာ ၈၈နောက်ပိုင်း ကျောင်းတွေပြန်အဖွင့် ကျောင်းထဲမှာ ထွက်သမျှ ကဗျာစာအုပ်တွေထဲ ကျောင်းသားတွေနဲ့အတူ.. ကဗျာတွေဝင်ရေးရတာမှာ ပျော်နေခဲ့တာပဲ။
ကလေးတွေ ရေးတဲ့ကဗျာတွေပေမဲ့ သူတို့နဲ့ထပ်တူရင်ခုန်ခဲ့တာ..ခုထိပဲ..

ဒါကြောင့်ပဲ ခု ဘလော့တွေကိုဖတ်ရတော့ ကျမ သိပ်ပျော်တာ.. သိပ်ကျေနပ်တာ..။

ပြီးတော့ စာရေးကဗျာရေးချင်တဲ့သူတွေဆိုရင်ကို ကျမကချစ်ခင်တာ။

ကျမအတွက်တော့၊ ဟိုးကျောင်းမှာတုန်းကလို… လက်ရေးကဗျာစာအုပ်လေးတွေ ဖတ်နေရသလိုပဲ..
ကိုယ်လဲ..အရင်ကလို ကဗျာစာအုပ်လေးတွေ ထုတ်နေရသလိုပဲ.. ခံစားချက်က တူတယ်။ ရင်ခုန်စရာကောင်းတယ်။ ချစ်စရာကောင်းတယ်။

ဒါကြောင့် အချိန်အရယူပြီး ဘလော့လုပ်တာပါ..စာတွေလဲ တင်နေမှာပါ..

ဖတ်ချင်တဲ့သူတွေ ၀င်ဖတ်ဖို့ပါပဲ……………

နောက်ပိုင်းမှာ..

ကျောင်းထဲက ကဗျာစာအုပ်တွေထဲက တချို့ ကဗျာလေးတွေကို အလျဉ်းသင့်သလို

တင်သွားမယ်လို့ စဉ်းစားထားပါတယ်။

ဥပမာ…

ပင်လယ်

မြစ်တွေက
ငါ့ဆီရောက်မှ
ချစ်ခြင်းဆုံကြသတဲ့…
ငါကတော့
အဖေါ်မဲ့ပေါ့…။


နီမာရှင်း(၁၉၉၃-လှိုင်တက္ကသိုလ်)


အဲလို ကဗျာမျိုးလေးတွေပေါ့။
ဘယ်နှယ့်လဲ… ချစ်စရာကောင်းတယ် မဟုတ်လားဟင်…။

ပန်းချီဆရာ တမ်းချင်း














Edvard Munch - The Scream





















Vincent Vangoh - The Sunflower














Vincent Vangoh - The Potato Eaters



သူ့ရှေ့မှာ
ဗင်းဆင့်ဗန်ဂိုး
ဘ၀ပဲဆိုးလို့လား
ဒါမှမဟုတ်
ဘ၀ထဲရိုးသွားလို့လား
ပြောင်းခင်းတွေကြားမှာ
သေခြင်းရဲ့ အရသာကို ရွေးခဲ့တယ်။
အဲဒီနောက်မှာမှ
ကြယ်တွေစုံတဲ့ည
နေကြာပန်းနဲ့
အာလူးစားသူများဆီမှာ
ဗန်ဂိုးကို တွေ့ကြ
ကမ္ဘာဟာ
အဲသလို လှောင်ရယ်စရာကောင်းရဲ့။
အက်ဒ၀ပ်မွန့်ခ်ကတော့
ဒါကို
တံတားပေါ်ကနေ အော်ခဲ့တယ်….။
ဟောဒီမှာလဲ
နှလုံးသွေးနဲ့ ရေးတာပါပဲ။
ဗမာပြည်က
နုံ့နဲ့ရရှာတဲ့ ပန်းချီဆရာ
မှော်ပေါက်အလင်းကမ္ဘာကို
သူရှာတွေ့ခဲ့တာ ကြာပေါ့။

ဒါပေမဲ့
သူဖြန့်ဝေတဲ့အလင်းက
တောက်ပလွန်းသတဲ့..
စူးရှလွန်း
ထင်းပြက်လွန်း
အလှမ်းဝေးလွန်းလှသတဲ့။
သူ့နှလုံးသွေးနဲ့ ရေးတဲ့ပန်းချီ ညှီသတဲ့။
ကျနော်..ဘာပေးရမလဲ
ကျနော်ဘာပေးရမလဲ…………..
ခင်ဗျားတို့လိုချင်တာ..ဘာလဲ
အနုပညာဆိုတာ
သူလိုချင်တာပေးဖို့လား..
ကိုယ်လိုချင်တာကို ယူဖို့လား…
ပန်းချီဆရာက
အားရပါးရ
ဟားတိုက်ရယ်မောရင်း
ဗင်ဂိုးကိုတ..
မွန့်ခ်ကိုတ..
နောက်ဆုံးသစ်ရွက်ကိုတ..။

ဒီတခါ ကမ္ဘာကို
ငါကဦးအောင်လှောင်မတဲ့။
ဒီလိုနဲ့ပဲ………………..
မိုးမှောင်ကျခဲ့ပြီ။


(ကမ္ဘာပြားပြီဆိုတဲ့ ခေတ်ကြီးထဲ
တကယ့်ကို နှလုံးသွေးနဲ့ ပန်းချီရေးတဲ့၊ တန်ဖိုးရှိတဲ့ အနုပညာသမားတစ်ယောက်…
သူ… ခေတ်ရှေ့ကိုပဲ ရောက်လွန်းခဲ့တာလား..
စနစ်တကျနည်းပညာဆိုတာတွေထဲပဲ မပျော်ဝင်နိုင်ခဲ့တာလား…
ပန်းချီဆိုတဲ့ အနုပညာကို စက်နဲ့လုပ်တဲ့ခေတ်ထဲမှာ…..

ခုတော့..
သူနေမကောင်းတော့ဘူး..တဲ့။
သူ…. နေမကောင်းတော့ဘူး။

တကယ်တမ်း
သူရိုးသားစွာ ရူးသွပ်ခဲ့တာပန်းချီဆိုတဲ့ အနုပညာမှော်ရုံတောမှာပါ။

ပန်းချီကိုပဲ ရူးရူးသွပ်သွပ် တပ်တပ်မက်မက် စွဲလမ်းဖက်တွယ်ခဲ့တဲ့
ပန်းချီဆရာတစ်ယောက်(ကျမရဲ့ သူငယ်ချင်း) သိပ်နေမကောင်းတော့ဘူး
ဆိုတဲ့သတင်း ကြားရတယ်။
ဒါနဲ့ပဲ စိတ်ထိခိုက်စွာ..ဒီကဗျာကို ရေးဖြစ်ပါတယ်။)(၂၅၊မေ။၂၀၀၇)

Vincent Vangoh - ဒတ်ခ်ျလူမျိုး ပန်းချီကျော်။(၁၈၅၃-၁၈၅၀)
Edvard Munch - နော်ဝေးလူမျိုး ပန်းချီကျော်။(၁၈၆၃-၁၉၄၄)
နောက်ဆုံးသစ်ရွက်-(The last Leaf) O’Henry ရဲ့ ပန်းချီဆရာအကြောင်း
ရေးထားတဲ့ ၀တ္ထုတို။

အမေသို့ အပူဇော်….












အဲဒီမျက်လုံးတွေထဲ
အခါခါပြိုလဲ
ဘယ်လောက်တောင် ပေးဆပ်ပြီးပြီလဲ..။

အမေ..
ကျနော်တို့အားလုံးရဲ့ အမေ
မဟာကရုဏာရှင်……..
(ခင်ဝမ်း)
ပြီးတော့
ကျမတို့အားလုံးရဲ့အမေ
ပြည်သူတွေအတွက်တဲ့
နည်းနည်းလေးမှ မတွေဝေ။

အမေ့ထံပါးမှာ
ကျမက သဲတစ်မှုန်မျှသာ။
အမေ့ရဲ့ ကြီးမြတ်တဲ့ မေတ္တာတော်
ကျမတို့ဘ၀တွေအပေါ်လွှမ်းခြုံ
ကုန်ပဲ မကုန်ဆုံးနိုင်။

အမေဟာ
ကဗျာတွေ စာတွေရေးသူ
တေးဂီတချစ်သူ
အနုပညာခံစားသူ
မိသားစုဘ၀ချစ်သူ
ပြီးတော့
အမှန်တရားအတွက်
အဲဒီအချစ်တွေကို
အစတေးခံနိုင်သူ..။
အမေဟာ..
သူ့ဘ၀မှာ
သူ့လူထုရဲ့ ဘ၀တွေလောက်မှ
သူ့ဘ၀ကအရေးမကြီးခဲ့သူ။

အမေ့ကို
ဘယ်လိုမှ စံတုမရ
အတိဇာတသွေးနဲ့
သမိုင်းလှလှရေးသူ..
ဒါပေမဲ့
သူ့ဘ၀ခမျာမှာတော့
နာလှပါပေရဲ့။

အမေ …
အမေ့ရဲ့
ကြီးမြတ်မှု
ပေးဆပ်မှုနဲ့
သတ္တိရှိမှုတွေကို
ပူဇော်ဦးညွှတ်ပါတယ်အမေ…

(မွေးသမိခင် ကျေးဇူးရှင်နှင့် ထပ်တူထပ်မျှ
ကြည်ညိုချစ်မြတ်ရတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်…သို့)

အမေ့ကို နောက်ထပ်တစ်နှစ်အချုပ်သက်တမ်းတိုးသတဲ့..
ဒါဟာ အတိတ်ဘ၀ဆီက ၀ဋ်ကြွေးပါအမေ..
ပြုသူအသစ် ဖြစ်သူအဟောင်း….
အသစ်ပြုသူတွေအတွက် အချိန်မကျသေးသရွေ့တော့
ခံရဦးမှာပေါ့နော်….
လာမယ့် ၃၀ရက်နေ့ဆို အမေ့သွေးမြေပေါ်ကျအောင် သူတို့လုပ်ခဲ့တာ
လေးနှစ်တင်းတင်းပြည့်ပြီအမေ။
ရောက်တော့မယ့် ဇွန်လ-၁၉ရက်ဆိုရင်လဲ အမေ အသက် ၆၂နှစ်ပြည့်ပြီ။
အဲဒီမွေးနေ့ကစလို့ အချုပ်အနှောင်နဲ့ နေရတဲ့ ဘ၀က ကင်းလွတ်ပြီး
ကျန်းမာပျော်ရွှင်စွာနဲ့အမေချစ်တဲ့လူထု၊မိသားစုတွေနဲ့အတူ နေခွင့်ရစေချင်လိုက်တာအမေ…..

(တကယ်တော့ အန်တီစုနဲ့ ကျမက အသက်အားဖြင့် ၂၀နှစ်သာကွာပါတယ်။
ဒါပေမဲ့ ကျမအဖေက အန်တီစုနဲ့ တစ်နှစ်ထဲ မွေးတာမို့ အန်တီ့ကို အမေလို့ တင်စားလိုက်တာပါပဲ။ ကျမအတွက်တော့ အန်တီစုဟာ မိဘနဲ့ တစ်ဂိုဏ်းတည်း ပါ။ ကျမကတော့ ချစ်ကြည်ညိုမှုကလွဲလို့ သူ့အတွက်ဘာမှ လုပ်မပေးနိုင်သူ။
ဒါနဲ့ပဲ.. ကဗျာနဲ့ ပူဇော်ရပါတယ်။)

ကြေကွဲချိန်

ပန်းတွေကြွေ

လေပြေမတိုက်

မှောင်မိုက်ညများနဲ့

လှံသွားလိုရှတဲ့နေ့တွေ

လွင့်နေ….


အဲဒီမှာလေ..

ခြောက်သွေ့မြက်ခင်း

ပူပြင်းတလင်းပြင်

တေးသီခြင်းလဲ ကင်းလို့

ပြာလဲ့တဲ့ကောင်းကင်

ရင်ခွင်ပေါ်ပိသလို

ပီဘိအကျည်းတန်။


ပီသခဲ့အိပ်မက်တွေပျက်

ကြွေလက်စမျက်ရည်စက်နဲ့

နာကျင်ရက်စက်တေးသီစဉ်

မျှဝေခံစားဖေါ်မင်း…ရင်ထဲမှာသာ

လွမ်းဆွတ်ခြင်း…တမ်းတခြင်းများစွာ

လိမ်းကျံကာလေ…..။


မေငြိမ်း

(လွန်ခဲ့တဲ့ အနှစ်၂၀က ရေးခဲ့တာပါပဲ)

ရှစ်လေးလုံးအရေးတော်ပုံအပြီး နှစ်ရှည်ကျောင်းပိတ်ရက်တွေရဲ့နောက်ပိုင်းကာလ ကျောင်းပြန်အဖွင့်မှာ ကျောင်းထဲသွားတိုင်း…

(အထူးသဖြင့်)အင်းလျားကန်ပေါင် (တံတားနီ)ပေါ်ရောက်တိုင်း…

အရေးတော်ပုံကာလထဲမှာ ချစ်သူပျောက်သွားခဲ့ရတဲ့

ချစ်သူကို ဆုံးရှုံးသွားခဲ့ရတဲ့..

လွမ်းဆွတ်ကျန်နေရသူတွေကိုတွေ့တိုင်း

အဲဒီကဗျာလေးကို သတိရခဲ့ဖူးပါတယ်။

နောက်.. ကျမ ကန်ပေါင်ပေါ်ရောက်တိုင်း ရွတ်မိတဲ့ကဗျာ..

(ဆရာ)အောင်ပြည့်ရေးတာ ..


မြကျွန်း


ထားပါတော့လေ..

မြကျွန်း..သာနေပါ၏

စိုနေတဲ့ခေါင်းအုံးလေးနဲ့

ရှိုက်သံတွေ

ဘယ်မှာဖွက်ထားခဲ့သလဲ… ပြော။


အောင်ပြည့်



အဲဒီတုန်းက ထူးအိမ်သင်ရဲ့ ဂျပ်စင်ထိပ်က လရိပ်ပြာ ဟာလဲ

ကျောင်းထဲ… ၈၈မျိုးဆက် ကျောင်းသားကျောင်းသူတွေရဲ့နှလုံးသားထဲမှာ အတော်လွင့်ပျံ့ခဲ့တာပါ။

နေ၀င်ပြီဆိုရင် ကိုယ်လေ ငိုချင်တယ် ..ရင်မှာ နာကျင်စွာရယ် ဆွေးတယ်..

အဆောင်မှာ မှောင်ရီနိုးတ၀က်နဲ့ ကြင်နာသူရယ် အိပ်မက်ပေးတယ်..

မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲ လိပ်ပြာငယ်လေး..၀ဲ…လွမ်းမိတယ်

သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ…လွမ်းမိတယ်..

ဂျပ်စင်ထိပ်က လရိပ်ပြာရယ်..လွမ်းမိတယ်..

ခုဆိုရင်ပဲ နှစ်နှစ်ဆယ်နားနီးလာပြီ။

May 19, 2007

အနာသည်

ဒီလောက်ဝေးကွာနေတာတောင်
အဲဒီပူဆွေးသောက
ငါမြည်းစမ်းလို့ရတယ်။
ခါးသက်ခါးသီး
ရိုးတံတွေနဲ့ ချွန်ထက်
သူ မင်းကို မျိုချခိုင်းခဲ့တယ်။(phillip largin- British Poet)

ငါယုံပါတယ်...
အဲဒီလမ်းမဲမဲတွေပေါ်မှာ
ချွေးသန်တွေ
စိတ်ကျဒဏ်တွေ
တရွှဲရွှဲနဲ့ဆိုတာ။

အနိုင်ရလိုမှုမပါတဲ့
အရက်ခွက်တွေ
အချင်းချင်းထိခတ်နေ...
ချီးယာ့စ်တွေထဲမှာတော့
မျက်ရည်တွေ စွန်းပေနေပေလိမ့်မယ်။

ဒီမှာ
မင်းရိုက်ခွဲလိုက်တာ
ကားမှန်တချပ် ...(မဟုတ်ဘူး)
မင်းသူငယ်ချင်းရဲ့ခေါင်း...(မဟုတ်ဘူး)

မင်းနာကျင်နေတာ
လေးလုံးစပ်ကဗျာ...(မဟုတ်ဘူး)
မင်းတို့အနားက ထွက်ပြေးသွားတဲ့ငါ...(မဟုတ်ဘူး)

မင်းလိုချင်နေတာ
ချိုးဖြူတမန်...(မဟုတ်ဘူး)
သံလွင်တစ်ခက်...(မဟုတ်ဘူး)

မင်းပူလောင်နေတာ
ယွတ်ပီတွေအတွက်လား...(မဟုတ်ဘူး)
ဇစ်ပီတွေအတွက်လား...(ဒါလဲ မဟုတ်သေးဘူး)

တကယ်တော့
အဲဒီထိပ်တုံးကြီးက
ငါတို့အားလုံးကို ခတ်ထားတာပါကွာ...
ခုချိန်မှာတော့
လောင်းထည့်သမျှတွေကို
မျိုမျိုချနေရုံကလွဲလို့။

မေငြိမ်း
ဇန်န၀ါရီ၊၂၀၀ရ။


ဒီကဗျာလေးကို အိုးဝေစင်္ကာပူမှာ တင်ခဲ့တာပါ။
X- Generation, Y- Generation, Z-Generation တွေလို့ မျိုးဆက်တွေ ၇ှိတာမှာ ယွတ်ပီဆိုတာက
Y- Generation,ကို ပြောတာပါ။ ဇစ်ပီဆိုတာက ITခေတ်မှာ ကြီးပြင်းရတဲ့ Z-Generation တွေကို ပြောတာပါ။
ကျမတို့တတွေ အချင်းချင်း အငြင်းပွားကြ ရန်တွေဖြစ်ကြဖြစ်နေတာ ဘယ်အတွက်လဲ ဆိုတာကို တွေးမိ ခံစားမိရာကနေ ဒီကဗျာကို ရေးဖြစ်သွားခဲ့တာပါပဲ။
တိုက်တိုက်ဆိုင်ဆိုင် ကလိုစေးထူးကလဲ ဒီအချိန်တွေမှာပဲ ငြင်းခုန်ခြင်းကိစ္စတွေကို ခံစားထားတာတွေ့လို့
ဒီကဗျာလေးကို တင်လိုက်ပါတယ်။

May 18, 2007

ခေါ်သံ

ဟောဟိုးမှာ...
လင်းပွင့်လွင်ပြင်
ငြိမ်းချမ်းခြင်း ကောင်းကင်နဲ့
ကြာတွေပွင့်တဲ့ ကန်သာ
လိုက်ခဲ့ လာ...

ဒါပေမဲ့...
ခြေလေးစရာ
မိရိုးဖလာ ချပ်ဝတ်တန်ဆာတွေ ချွတ်ခဲ့
စိမ်းလက်တဲ့ မြက်ခင်းပြင်ထဲ
ရဲဝံ့စွာလျှောက်မယ်ဆို
ပေါ့ပါးဖို့ လိုတယ်လေ...

ပြီးရင်...
ပျော်ရွှင်ဖွယ်တေးတွေ သီကြွေးလို့
သွားစို့။

(လွန်ခဲ့တဲ့ အနှစ် ၂၀က ရေးခဲ့တဲ့ ကဗျာကို နဲနဲပြုပြင်ထားတာပါ။)

Blog ဖွင့်ပွဲ

သားရဲ့ ကျေးဇူးနဲ့ Blog တခုတော့ ဖြစ်သွားပြီပေါ့။ ရည်ရွယ်တာကတော့ ကိုယ့်စိတ်ထဲ ရှိသမျှ ဖွင့်ထုတ်ပစ်ချင်တာပဲ... Blog ဟာ လွတ်လပ်တယ်လို့ ထင်တယ်။ Blogကို ကြိုက်တယ်။ Bloggerတွေရဲ့ စာတွေကို စွဲတယ်။ ဒါပေမဲ့ ငြင်းကြခုန်ကြရင်း ရန်ဖြစ်ကြရင်တော့ စိတ်ညစ်တယ်။ ကျမကတော့ Blog ဟာ လူတဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ရရာ နေရာလေးလို့ ထင်ပါတယ်။ ဝေဖန်ရင်တောင်မှပဲ အပြုသဘောလေးတွေ ပြောကြရင် ချစ်စရာမကောင်းဘူးလား... သိပ်သဘောမတူတာတွေ တွေ့နေရင်လဲ မဖတ်နဲ့ပေါ့နော်.. အရေးကြီးတာက လွတ်လပ်ခွင့်လေးထဲမှာ ပျော်ကြရဖို့လို့ ထင်ပါတယ်။