Nov 30, 2008

Ten things I hate about my self

တခါ ၂ပတ်လောက်ကြာတဲ့ ခရီးကြမ်းရှည်ရှည်ကြီး ထွက်ပြီးပြန်အလာ မတန်ခူးက ပထမများ.. ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Tag ထားတာတွေ့ရတယ်။ သူများတွေ ရေးထားတာတွေ လိုက်ဖတ်ကြည့်တော့ ပေါ့ပေါ့ပါးပါးလေး ရေးရတာ ပျော်စရာပဲ။ ခုလည်း ၁ပတ်စာ ခရီးလေးကအပြန် ညီမကလေး တူးတူးသာ က Tag ပြန်ပြီ။ ဒါလေးကတော့ သိပ်ပျော်စရာကောင်းမယ့် ခေါင်းစဉ်မဟုတ်။ ကိုယ့်ကိုယ်ကိုယ်မုန်းမိတဲ့ ၁၀ချက်တဲ့။ ကြည့်ပါဦး ကိုယ့်ငယ်ကျိုးငယ်နာ ဖော်ရမှာမျိုး....။ ဒါပေမဲ့ Tag ဟေ့ဆို ရေးချင်တာမို့ မြသီလာ.. ကြားကပဲ ဖောက်ပြီး ရေးလိုက်ပါဦးမယ်။

ဒီနေရာမှာ စကားစပ်ပြီး ပြောချင်တာလေး ပြောဦးမှပါ..။ ကျမ ဘလော့စရေးကတည်းက Tag game လေးအကြောင်း စကြားဖူးတာ။ တယောက်နဲ့တယောက် ဘယ်သူဘယ်ဝါလဲ မသိကြရတဲ့ online community မှာ Tag game ဟာ ချစ်စရာကောင်းတဲ့ အလေ့အထတခုပဲလို့ ထင်တယ်။ ဘယ်သူ့ကိုမှ မထိခိုက်စေ.. အကျိုး မယုတ်စေ။ ပြီးတော့ တယောက်က Tag တာကို မရေးချင်လည်း မရေးချင်ကြောင်း ပြုံးပြုံးလေး အသိပေးရုံ။ Tag ခံရလို့ ရေးချင်ရင် ရေးမယ်။ Tag မခံရလည်း မရေးရုံပေါ့။ သိပ်ကြီးကျယ်တဲ့ ကိစ္စတော့မဟုတ်။ ဘလော့ဂါတယောက် (ကျမမမှတ်မိ)ဆိုရင် ခေါင်းစဉ်တခု Tag မခံရပေမဲ့ ရေးချင်လို့ဆိုပြီး ရေးတယ်။ သိပ်ချစ်စရာကောင်းတဲ့ ရိုးသားမှုပဲ။ အဓိကကတော့ စိတ်ရှင်းရင် ပြီးတာပါပဲ။ ကျမကတော့ တသက်လုံး Team work လုပ်လာရလို့လားမသိဘူး။ ကိုယ့် ၀န်းကျင်မှာ အဲလို တယောက်နဲ့တယောက် ဆက်စပ်နှီးနွယ်စေတဲ့ ချစ်စရာ ယဉ်ကျေးမှုလေး ရှိနေတာ သဘောကျတယ်။

ဘာလို့ဆို ကျမ အခါများစွာဖြစ်ဖူးတယ်။ တယောက်ယောက်က စိတ်ကူးရတဲ့ ခေါင်းစဉ်လေး... Theme လေးကို ငါလည်း ဒါမျိုးလေး ရေးချင်လိုက်တာ.. ငါရေးရင် ဒီလိုလေးရေးမယ်လို့။ သူ့အတိုင်း လိုက်ရေးရင်တော့ သူ့မူပိုင် အားထုတ်ဖန်တီးထားမှုကို အားနာစရာမို့ ငြိမ်နေလိုက်ရတာ။ ခု Tag က အဲလိုအားနာစရာမလိုပဲ Idea တခုကို တူတူ ရေးခွင့်ရတာ။ ဒါဟာ ဖြန့်ထွက်အတွေး(Literal Thinking)တွေ.. ဝေဖန်အတွေး(Critical thinking)တွေ ကို စုဆောင်းရာ.. လေ့ကျင့်ရာလည်း ရောက်သေး။ စာစီစာကုံးခေါင်းစဉ် တခုကို ၀ိုင်းရေးကြသလို။

တချို့ Tag ခေါင်းစဉ်လေးတွေဆို ကလေးကလားဆိုပြီး ကျမကို လာပြောကြတယ်။ ဥပမာ... ကိုယ့်အကြိုက်ဆုံး... ဆိုတဲ့ Tag။ ကျမကတော့ အင်မတန် ရိုးသားပြီး သူတပါးကို ထိခိုက်စေတဲ့ ဘလို ညစ်ပတ်တဲ့ အတွေးမျိုးမှ မပါတဲ့ ခေါင်းစဉ်လေး။ ပြီးတော့ ကိုယ့်အချင်းချင်း Tag ကြတာမို့ သူ့ဆီက ကိုယ် တကယ် သိချင်တာလေးတွေ သိခွင့်ရတယ်။ ဘာဖြစ်လဲ.. ကလေးကလား ဆိုတော့ရော..။ ကလေးဆိုတာကိုက အင်မတန် သန့်စင်တာ ပဲလေ။ ခုလည်း အင်မတန်ချစ်စရာကောင်းတဲ့ ကိုယ့်ဆီမှာ မုန်းစရာအချက် ၁၀ချက်ပြည့် အောင် ရှာရမတဲ့။ ကောင်းတော့ ကောင်းသား.. ဒါ ကိုယ့်ကိုယ့်ကို ဝေဖန်ရတဲ့ ဆန်းစစ်ရတဲ့ ကိစ္စပဲ။ ရေးရသေးတာပ..။

+++++

(၁) စွာတာ...။
မဟုတ်တော့ဘူးလို့ ထင်လာပြီဆိုရင် နည်းနည်းလေးမှ ငြိမ်မနေနိုင်ဘဲ ပက်ကနဲ ပြန်ပြောတတ်တာ တကယ်တော့ ကိုယ့်ကိုယ့်ကိုသိပ်မကြိုက်။ ဒါပေမဲ့ လုပ်သင့်တယ်လို့လည်း လက်ခံတဲ့အတွက် ပြင်ဖို့ မကြိုးစားမိသေး။

(၂) ရိုင်းတာ...။
သိပ်မုန်းလာရင် ကျမက ရိုင်းတယ်။ လူကြားထဲမှာ ကိုယ်မုန်းနေတဲ့သူကို တနည်းနည်းနဲ့ နစ်နာသွားအောင် ရိသဲ့သဲ့ လုပ်တတ်တယ်။ ထိထိခိုက်ခိုက် ဖြစ်သွားအောင် ပြောတတ်တယ်။ ဒါပေမဲ့ ကျမမုန်းတဲ့လူစားမျိုးက သတ်သတ်မှတ်မှတ် ရှိပါတယ်။ အများပြည်သူကို နှိပ်စက်တဲ့သူ၊ ပြည်သူ့ပိုက်ဆံကို အလွဲသုံးစားလုပ်တဲ့သူ၊ ကိုယ်ကျင့်သိက္ခာ မရှိတဲ့သူ၊ ပြောင်လိမ်ပြောင်စား လုပ်တတ်တဲ့သူ၊ တဘက်သားကို အသားလွတ်နှိမ်ပြီး စော်ကားတဲ့သူ၊ တပါးသူအပေါ် မနာလိုအားကြီးတဲ့သူ..။ ဒီလောက်ပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီ ရိုင်းတာကိုတော့ ပြင်ဖို့ ကြိုးစားနေပါတယ်။

(၃) မျက်ရည်လွယ်တာ..။
ခုထိ ၀တ္ထုဖတ်ပြီး.. ရုပ်ရှင်ကြည့်ပြီး.. ၀မ်းနည်းစရာတွေ ကြည့်ပြီး ငိုတုန်း။ နောက် စိတ်လှုပ်ရှားရင်.. ဒေါသဖြစ်ရင်လည်း ချက်ချင်း မျက်ရည်က ထွက်လာတယ်။ အဲဒီတော့ အခမ်းအနားတွေမှာ လူရှေ့စကားပြောရရင် မကောင်းတော့ဘူး။ အဲလောက် မျက်ရည် လွယ်တာကို မကြိုက်ဘူး။ အဲဒါကိုတော့ ထိန်းဖို့ ကြိုးစားပါတယ်။

(၄) အယုံလွယ်တာ..။
သူများပြောရင် ယုံတာပဲ။ သူပြောတာ ဟုတ်လို့ ပြောတာပဲ ဖြစ်မှာလို့ သေချာပေါက် တွေးပစ်လိုက်တာပဲ။ ဒါကြောင့် ဘ၀မှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ၃ခါ ဆက်တိုက် အလိမ်ခံခဲ့ရဖူးတယ်။ ဘ၀အပျက်ကို ခံလိုက်ရလောက်အောင် ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီလိမ်တဲ့သူတွေကို မျက်နှာပူလို့ ခုထိ ပြုံးပြနေဆဲပါ..။ ဒါပေမဲ့ သူများတွေကိုတော့ ဒီလူတွေ လိမ်ကြောင်း ပြောပြ သတိပေးတတ်ပါတယ်။ အဲဒီအယုံလွယ်တာ မကြိုက်ပေမဲ့ ဘယ်လို ပြင်ရမယ်တော့ မသိသေးပါဘူး။

(၅) အစွန်းရောက်တာ..။
ချစ်ရင် အရမ်းကာရော ချစ်ပြီး အဲဒီလူကို အထင်သေးစရာတခုခု တွေ့လိုက်တာနဲ့ စိတ်ကုန် စိတ်ပျက်သွားမိလိုက်ရင် တခါတည်း ပြတ်ပြတ်သားသား မခေါ်နိုင် မပြောနိုင် မကြည့်နိုင်တော့တဲ့အထိ ဖြစ်သွားတတ်တယ်။ ဗမာစကားထဲက ချစ်လုံးလုံး မုန်းလျားလျား ဆိုတာမျိုးပေါ့။ အဲဒီအကျင့်ကတော့ မကောင်းလှမှန်း သိပေမဲ့ ပြင်လို့လည်း မရနိုင်ဘူး ထင်တာပဲ။

(၆) အရွဲ့တိုက်တတ်တာ...။
ဘ၀မှာ အဲလို အရွဲ့တိုက်မှုကြောင့် ကြုံခဲ့ရတဲ့ ပြဿနာတွေ စိတ်သောကတွေလည်း မနည်းပါ။ ဒါပေမဲ့ အရွဲ့တိုက်ရတာကိုတော့ အရသာကို ရှိတာ။ အဲဒီအချက် မုန်းစရာကောင်းမှန်းသိပေမဲ့ ခုထိတော့ မပြင်ဖြစ်သေးပါ။

(၇)အလုပ်ကို deadline နဲ့ ကပ်ပြီးလုပ်တတ်တာ။
အချက်အလက်တွေ ပြင်ပြီးသား..။ ဘာလုပ်မယ် စဉ်းစားပြီးသား..။ ဒါပေမဲ့ မလုပ်ဖြစ်သေးဘဲ ဟိုလှည့်ဒီလှည့်..။ အဲ due date တို့ deadline တို့ နှီးလာပြီဆိုမှပဲ ၀ုန်းဝုန်းဝုန်းဝုန်း ထလုပ်တတ်တာ။ (ဟီးး ဒါပေမဲ့လည်း Good job ဖြစ်နေတာပါပဲ.. ဟီဟိ)။

(၈)သူများအရှုပ်ထဲ ၀င် ၀င် ပါတတ်တာ။
အဲဒါကတော့ ၀ါသနာကိုပါတာ။ အထူးသဖြင့် အချစ်ရေး အိမ်ထောင်ရေးတွေ.. ၀င်ဝင် ခံစား..။ ၀င် ၀င် ရှင်းပေး။ ပြီးတော့ အဲဒီနှစ်ယောက်က ပြေလည်သွားပြီး ကိုယ့်မှာသာ စိတ်တွေတို ကျန်ခဲ့ရတာမျိုး။ ဥပမာ.. သူငယ်ချင်း လင်မယားနှစ်ယောက်.. ယောက်ျားက မိန်းမကို ရန်ဖြစ်တော့ ရိုက်တာ။ ကိုယ်က စိတ်တိုပီး အဲဒီယောက်ျားကို ၀င်ပြီး ရန်ဖြစ်။ နောက်ရက်ကျတော့ သူတို့ လင်မယားက ပြန်တည့်သွားပြီ။ ကိုယ်ကတော့ အဲဒီယောက်ျား (သူငယ်ချင်း)ကို ခုထိ စကားမပြောတော့။ ရည်းစားတွေ ဖောက်ပြန်တာကို ၀င်ပြောတာတို့.. အဲလို ကိုယ်နဲ့မဆိုင်ဘဲ ၀င်ပါမိပြီး မိတ်ပျက်ကုန်တာ တော်တော်များများ ရှိတယ်။ အဲဒါလည်း မုန်းစရာကောင်းတဲ့အကျင့်ပေမဲ့ ခုထိတော့ ပြင်ဖို့ မစဉ်းစားသေးပြန်ဘူး။

(၉) စိတ်မြန်လွန်းတာ..။
ခုဆို ခုမှ ... ဆိုတာ ကျမလက်သုံးစကားပေါ့။ ကျမဘေးက သူတွေက အဲဒီဒဏ် အင်မတန်ခံရတာ။ စိတ်ထဲခံစားချက်က ဖြစ်လာရင် ခုလုပ်ဆို လုပ်ရမှ.. မလုပ်ရရင် နေလို့ကို မရ။ အလုပ်ကိုသာ နေ့ည ရွှေ့တာ ကိုယ့်စိတ်ထဲ ဖြစ်လာတာမျိုးကိုတော့ စက္ကန့်တောင် မဆိုင်းတတ်။ အဲဒီစိတ်က ကိုယ့်ဝန်းကျင်ကို အဆင်မပြေဖြစ်စေတာမို့ ကြိုးစားပြုပြင် နေပါတယ်။

(၁၀)မာန်မာနကြီးတာ..။
ငါ မှန်တာလုပ်တယ်။ ဟုတ်တာပြောတယ်။ သူများကို အကျိုးယုတ်ပျက်စီးအောင် မလုပ်ဘူး.. ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် မာန်တက်လွန်းတယ်။အဲဒီအခါ မဟုတ်မမှန်လုပ်နေတဲ့ သူတွေကိုဆို ခွင့်မလွှတ်နိုင်လောက် အောင် မုန်းပြီး သူတို့ရှေ့ဆို ကျမမျက်နှာက တင်းနေလောက်အောင် (အမြင်ကပ်စရာကောင်းလောက်အောင်) ကို မာန်နဲ့ နေတတ်တယ်။ တကယ်တော့ ကိုယ်မှန်တာလုပ်တာ ကိုယ့်ကိစ္စပါပဲ.. သူများ မလုပ်ရကောင်းလားလို့ ငါကတော့လုပ်တယ်လို့ မာန်တက်တာကိုက လွဲတာပါ။ အဲဒီမုန်းစရာအချက်ကိုတော့ အမုန်းဆုံးမို့ ရအောင် ပြင်နေပါတယ်။ (ခုတော့ အဲလို လူတွေရှေ့မှာ ပြုံးပြီးနေနိုင်ပြီ ဖြစ်ပေမဲ့ စိတ်ထဲကကျတော့ အော် သနားစရာကောင်းလိုက်တဲ့ ဂုဏ်သိက္ခာဆင်းရဲရှာတဲ့ လူတွေလို့ သရော်နေတတ်သေးတာ)။ ဘယ်လောက် မုန်းစရာကောင်းတဲ့အကျင့်လဲနော်..။ အဲဒီအကျင့်လေးသာ ဖျောက်နေရင်တော့ ကျမ တော်တော် ကောင်းသွားမှာ..။

ကဲ.. ပြီးပြီ။(တကယ်တော့ တခြားအချက်တွေ ကျန်ဦးမှာပါ.. ဒါပေမဲ့ သူတို့ပြောထားတာ ၁၀ချက်ပဲဆိုတော့ ရပြီ)။ ခုတော့.. ဒေါ်မေငြိမ်း သဘောကောင်းတယ်ထင်သူများ.. ခုတော့ ဒေါ်မေငြိမ်းလည်း စိတ်ပုပ်တာပဲလို့ သိကုန်ပြီ။ ဒါပေမဲ့ မတတ်နိုင်။ အမှန်အတိုင်းပဲ ပြောပြချင်ပါတယ်။ ကျမကတော့ တကယ်တွေကို အခန့် ရေးတာပါ.. တူညားတွေလို အတည်ကို နောက်သလိုလိုနဲ့ ရေးတာမဟုတ်..။ ခိခိ... ။

Nov 29, 2008

မြသီလာအလွမ်းပြေ(၂၀)

မြသီလာကို စရေးဖို့ ဘယ်လိုစိတ်ကူးမိတာလဲလို့ တပည့်ဟောင်းတယောက်က မေးပါတယ်။ အဲဒီအချိန် လွန်ခဲ့တဲ့ ၂လလောက်တုန်းက ကျမမှာ ကိုယ်ရေးကိုယ်တာသောကတခု အင်မတန် ဖိစီးနေတဲ့အချိန်..။ ပြီးတော့ မြန်မာပြည်ထဲမှာတုန်းကလိုပဲ အချစ်ဝတ္ထုလေးတွေ ရေးချင်နေမိခဲ့တယ်။ (ကျမက စိတ်ကျရင် အဲလိုပဲ)။ တကယ့်တော့ မြသီလာကို အချစ်ဇာတ်လမ်းဆန်ဆန် အလွမ်းနောက်ခံ Auto-Biography ဆန်ဆန် ၀တ္ထုလို ရေးဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ခေတ်က ပါလာတော့ ရှောင်မရပြီ။ ကျမ သေချာရေးမှ ဖြစ်တော့မယ်လို့ တွေးမိလာရာကနေ.. ကျမလိုပဲ နိုင်ငံအပြင်ရောက်နေကြတဲ့ တပည့်ဟောင်း မိတ်ဟောင်းတွေ ကို လှမ်းလှမ်းမေးပြီး သမိုင်းဝင် အချက်အလက်တွေကို တိတိကျကျလေး ဖြစ်အောင် ကြိုးစားရတော့တယ်။ ဒီတော့လည်း ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ လျော့ရတော့တာပေါ့။

+++++

၉၂.. ၉၃.. ၉၄.. ၉၅ နှစ်များက ကျောင်းသူကျောင်းသားတွေအတွက်တော့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ရွှေရောင်လွှမ်းသယောင်ရက်များလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကတော့ ရွှေရည်စိမ်ရက်တွေပဲါ။ ကျောင်းထဲမှာ အားကစားပွဲတွေ.. မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ.. အာစရိယပူဇော်ပွဲတွေ.. နှုတ်ဆက်မိတ်ဆုံစားပွဲတွေ.. မိတ်ဆုံပျော်ပွဲစားခရီးတွေနဲ့ ပြန်ပြီး လှုပ်လှုပ်ရှားရှား ရှိလာပါတယ်။ နာတာရှည်ရောဂါသည်ကို မိတ်ကပ်လိမ်းတော့လည်း ကြည့်ပျော်ရှိပျော်တော့ အရှိသား ဆိုသလောက်ပေါ့။ ဒါကလည်း အဲဒီတုန်းက ပညာရေးကောင်စီရဲ့ ဥက္ကဋ္ဌရာထူး ယူထားတဲ့ ဗိုခင်ညွန့်ရဲ့ မျက်လှည့်ပြကွက် တွေပေါ့။ သင်္ကြန်တွေမှာ "အဆင့်မြင့်ပညာဝန်ကြီးဌာန တက္ကသိုလ်များမဏ္ဍပ်"ဆိုပြီး ဆောက်ခိုင်း.. ဆရာမတွေက န၀တအာဏာပိုင်တွေကို ပန်းကုံးတွေ စွပ်ရ။ တနှစ်ဆို ကျမတောင် ပါသွားရသေး။ ဗိုခင်ညွန့်က ပြုံးပြုံး ပြုံးပြုံးနဲ့ နှုတ်ဆက်လိုက်ရင် တချို့ ဆရာမတွေများ ပီတိတွေဖြစ်လို့။ သူ နာမ်နှိမ်နှိပ်စက်ခဲ့တဲ့ ဖောင်ကြီးသင်တန်းကာလကို မေ့ကုန်ကြတယ်ထင်ပါရဲ့။

အဲသလိုပဲ တချို့ ဆရာကြီး ဆရာမကြီးတွေကလည်း ဒီလိုတော့လည်း အတွင်းရေးမှူး-၁ က မဆိုးပါဘူးလို့ သိသိသာသာ အသံထွက်နေခဲ့ပြီ။ အဲလိုပြောခဲ့ကြတဲ့ ဆရာကြီးဆရာမကြီး တော်တော်များများ ကျမ မမေ့ပါ။ နာမည်နဲ့တကွ.. မှတ်ထားတယ်။ ခုထိ သူတို့ သက်ရှိထင်ရှားရှိနေဆဲ..။ ပင်စင်တွေတော့ သွားကြရှာပါပြီ။ အဲဒီဆရာကြီး ဆရာမကြီးတွေက ခင်ညွန့်ရဲ့ စစ်ကြောရေးစခန်းတွေထဲမှာ သေရာပါဒဏ်ရာအနာတရတွေ ရသွားကြတဲ့.. အသက်ပေးသွားရတဲ့... ကျောင်းသားတွေ။ ဗိုခင်ညွန့်စနက်နဲ့ ထောင်နှစ်ရှည် ကျခံနေရတဲ့ နိုင်ငံရေးသမားတွေနဲ့ နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို မေ့မေ့လျော့လျော့ ဖြစ်နေကြပုံပဲ။ အဲဒီ ဗိုခင်ညွန့်က လာမယ့် ၁၉၉၅မှာ ကျရောက်မယ့် ရန်ကုန်တက္ကသိုလ် ၇၅နှစ်ပြည့်မွေးနေ့ စိန်ရတုသဘင်ပျော်ပွဲရွှင်ပွဲကိုလည်း ကြီးကျယ်ခမ်းနား သိုက်မြိုက်စွာ ၀ှဲခြီးကျင်းပပေးဦးမှာဆိုပဲ..။

အဲဒီ ရွှေရည်စိမ်ခန်းစီးရဲ့ နောက်ကွယ်က မြသီလာရင်ခွင်ထဲမှာတော့ စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး၊ မူးယစ်ဆေး ဆိုတာတွေက မလိုချင့်အဆုံး လွယ်လွယ်လေး ၀ယ်လို့ရလာတာတွေ။ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက် ရှေ့က ကံ့ကော်ပင်အုပ်တွေ အောက်မှာ ဆေးရောင်းသူ ဆေးဝယ်သူတွေ..။ နောက်တော့ အင်မတန် လှပပျိုမျစ် ချစ်ချင့်စဖွယ် ကျောင်းသူလေးတွေက အခကြေးငွေပေးပြီး ခေါ်လို့ရသတဲ့။ ကျမကြည့်သမျှတော့ တကယ့်ပြစ်မျိုးမှည့်မထင်လေးတွေ..။ ဒါ့ထက်ပိုဆိုးတာကတော့ ယူနီဖောင်းမ၀တ်သော (စစ်ထောက်လှမ်းရေး) စစ်ဗိုဆိုသူတွေက မြသီလာထဲကို တွင်တွင်ကျယ်ကျယ် ၀င်လာပြီး မြသီလာရဲ့ သမီးပျိုတွေကို ခေါ် ခေါ် သွားတယ်ဆိုတဲ့ သတင်းတွေ ကြားလာရတာပါပဲ။ မြသီလာဟာ ဗိုခင်ညွန့်ရဲ့ ပြကွက် ကစားကွက်အောက်မှာ တကယ်ပဲ မျောပါနေခဲ့သလိုလို..။ ကျမကတော့ စစ်ထောက်လှမ်းရေး ဆိုသူတွေကို ဘယ်တော့ ဘယ်တော့မှ မယုံ။ သူတို့ဟာ သူတို့ အခွင့်အရေးတခုရဖို့အတွက် လိုအပ်ရင် လိုအပ်သလို ဟန်လုပ်သောအတတ်မှာ တဘက်ကမ်းခတ်အောင် လေ့ကျင့်ထား သူတွေ။

အမှန်အတိုင်းပြောရရင်တော့ ၉၂နောက်ပိုင်း မြသီလာဟာ ကျမအတွက်တော့ နှစ်ဝင် ပျော်မောစရာ ၀န်းကျင် တခု မဟုတ်တော့သလိုပါပဲ။ ကျမရဲ့ ပုံမှန်ဖြစ်တဲ့ တပည့်လေးတွေနဲ့ ချစ်တဲ့ သူငယ်ချင်းတွေသာ ရှိမနေခဲ့ရင်... မြသီလာဆိုတာ ဘာမှအဓိပ္ပါယ် ရှိတော့မှာ မဟုတ်ပါ။ အဲဒီ ကာလတွေထဲမှာပဲပေါ့ ချယ်ရီမဂ္ဂဇင်းအတွက် ကျော်သီဟ(ဟင်္သာတ)က ကျမကို ၀န်ထမ်းစာရေးဆရာတယောက်အနေနဲ့ အင်တာဗျူးလုပ်တော့ အဲဒီမှာ ကျမ ပြောဖြစ်ခဲ့တာ။ ကျမကို ကျောင်းသူကျောင်းသားတွေက လိုအပ်နေသေးသရွေ့တော့ ကျမ ကျောင်းဆရာမ အလုပ်ကို ဆက်လုပ်သွားဖြစ်မှာပါ... လို့။ အဲဒီကာလတွေထဲမှာ ကျမက ကိုယ့်ရဲ့ ဆရာမအလုပ်အပေါ် တော်တော် သံသယဖြစ်လာတာလေ။ ၆လတတန်းနဲ့ တက္ကသိုလ် ပညာရေးတစ်နှစ်ကို အပြီးလို့ ဆုံးဖြတ်ရတာတွေ..။ သင်ရိုးကုန် သင်ဖို့ထက် စာမေးပွဲမှာ မေးမယ့် အပုဒ်ရေလောက် မှန်းပြီးသင်ရတာတွေ.. ကျူရှင်.. ကျူရှင်.. ကျူရှင်.. တွေ။ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်း။ အဖိစီး လွန်နေတဲ့ မဆီမဆိုင် အလုပ်တာဝန်တွေ..။

အဲဒီတလောလေးမှာပဲ ကျောင်းပြီးသွားတဲ့ ကလေးတွေက အလုပ်မရကြတဲ့ ပြဿနာတွေ အများကြီး ကြားလာရတယ်။ လူငယ်လေးတွေရဲ့ အနာဂတ်တွေ စပြီး မှိန်ဖျော့လာတဲ့ အချိန်ကာလပေါ့။ အလုပ်လုပ်ဖို့အရေး နိုင်ငံခြားထွက်ဖို့သာ စဉ်းစားကြရတော့တဲ့အခြေနေက အဲဒီကာလမှာပဲ သိသိသာသာ စလာတာ။ အဲဒီတုန်းက အများစု သွားဖို့ ရည်မှန်းကြတာ ဂျပန် နဲ့ စင်္ကာပူ။ ချစ်သူချင်းတွေ ခွဲကြရ.. မိဘနဲ့ သားသမီးတွေ ခွဲကြရ။ ဘ၀တွေက တကယ့်ကို ရုန်းလေ နစ်လေဆိုတာမျိုး ဖြစ်လာတယ်။ လူငယ်လေးတွေကြားထဲ စိတ်ကျ.. ဆိုတဲ့ စကားလုံးတလုံး ဗြုန်းဆို တွင်ကျယ်လာတာလည်း အဲဒီ ၉၃.. ၉၄.. ကာလတွေထဲမှာပါပဲ။ ပညာရေးကို ကျောင်းသားတွေကိုယ်တိုင် အထင်မကြီးတော့တာတွေ စလာတဲ့ ကာလဦးပေါ့။

+++++

၉၃ထဲက တရက်မှာတော့ ကျမ သားလို ချစ်ရတဲ့ တပည့်လေးတယောက် စင်္ကာပူသွားပြီး အလုပ်လုပ်ရတော့မယ်လို့ ကျမကို လာနှုတ်ဆက်တယ်။ ကျမသမီးလေးလို ချစ်ရတဲ့ သူ့ရည်းစားလေးကလည်း တရှုံ့ရှုံ့ ငိုလို့။ ကျမစိတ်ထဲ ထိခိုက်နေမိတယ်။ သူတို့နှစ်ယောက်က သိပ်ချစ်ကြတာ။ ပြီးတော့ နှစ်ဘက်မိဘသဘောတူခွင့်ပြုပြီးသား စုံတွဲလေး။ သူတို့လေးတွေဟာ ချို့ချို့တဲ့တဲ့ကြီးထဲက မဟုတ်ပေမဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ လုပ်ငန်းမျိုး လုပ်နိုင်လောက်အောင်တော့လည်း မရှိပြန်။ ဒီတော့ သူတို့နှစ်ယောက်ရဲ့အနာဂတ်အတွက် ပိုက်ဆံစုနိုင်ဖို့အရေး.. တဲ့။ ပြီးတော့ မိဘတွေကို ကူနိုင်ဖို့အရေး.. တဲ့။ ကျမတပည့်လေးခမျာ မသွားချင်ရှာဘူး...။ သူများနိုင်ငံမှာ ကျွန်လုပ်ရမှာ ဆရာမရယ်..တဲ့။ ကျမမှာ အားပေးရတာတောင် အဆွံ့ဆွံ့ပါ။ အဲဒါနဲ့ပဲ အဲဒီ ကလေးနှစ်ယောက် ကို ခံစားပြီး ၉၃ ထဲမှာ "ချစ်သူတို့ရဲ့ မနက်ဖြန်" ကို ရေးဖြစ်ခဲ့ပါတယ်။

(အဖုံးဒီဇိုင်း မောင်သီဟ.. ပါ)

+++++

မြသီလာရဲ့ ၉၃၊ ၉၄ ရွှေရည်စိမ်နေ့ရက်တွေထဲမှာ ကျမကတော့ ဆရာမဘ၀တလျှောက်လုံး ကျမရဲ့ စိတ်ချမ်းသာရာဖြစ်တဲ့ ၀ါသနာတူ အိပ်မက်တူ ဘာသာစကားတူ တပည့်တွေ သူငယ်ချင်းတွေနဲ့ စကားဝိုင်းဖွဲ့နေရတာတွေကိုသာ သတိတရ ရှိရတာပါပဲ။ အဲဒီ ကာလ ၉၄ထဲမှာ "အိပ်မက်တခုနဲ့ မျက်နှာချင်းဆိုင်"ဆိုတဲ့ လုံးချင်းတအုပ်ကို ထပ်ရေးဖြစ်ပါတယ်။ အဲဒီစာအုပ်လေးက RIT ကျောင်းနောက်ခံ။ Civil က ကျောင်းသား နဲ့ Architecture က ကျောင်းသူရဲ့ အချစ်ဇာတ်လမ်းလေးပါ။ တချို့ အချက်တွေက ဗိသုကာဘက်ကနေ ဘက်လိုက်မှုပါသွားလို့ နည်းနည်း ပိုပိုသာသာ ဖြစ်သွားတာတွေလည်း ပါတဲ့ ၀တ္ထုလေးပေါ့။ (ဘာလို့ဆို အဲဒီတုန်းက ဗိသုကာကျောင်းသား ချိုတူးဇော်.. ဗလ နဲ့ လင်းသန့် (သူလည်း စာရေးပါသေးတယ်၊ လယ်တွင်းသားစောချစ်ရဲ့သားပါ)တို့တွေက မောင်လေးတွေလို ဖြစ်နေတာကိုး။ ပြီးတော့ သူတို့ မိတ်ဆက်ပေးလို့ ဒေါ်ချိုချို ဆိုတဲ့ ဗိသုကာဆရာမလေးနဲ့ ကလည်း ခင်ကြတော့ ဗိသုကာဘက်ကနေ လိုက်မိသွားတာ :D)။ ပြီးတော့ အဲဒီတုန်းက Popular Guy လို့ စာတန်းကပ်ထားတတ်တဲ့ ပစ်ကပ်ကား လေးနဲ့ကျောင်းတက်တဲ့ "ဥာဏ်သာ"ကို စချင်တာနဲ့ ကျမဇာတ်လိုက်ကို Popular Guy စာတန်းကပ်တဲ့ကားတွေ ပေးစီးလိုက်တာ။ နောက်ပိုင်း "ဥာဏ်သာ" လှိုင်ကိုလာလည်ရင် တချို့ကောင်မလေးတွေက စတယ်ဆိုပဲ။

အဲဒီတုန်းက စနေပိတ်ရက်ဆိုရင် ဗိသုကာဌာနမှာ စာအုပ်တွေလာဖတ် ပုံတွေလာဆွဲ လုပ်တဲ့ ချိုတူးဇော်တို့တွေနဲ့ နွေးအေးမှာ ထိုင်ပြီး တညနေခင်းလုံး စကားပြောကြ။ ကင်တီးမှာ ထိုင်ရင်းသားကနေ ဆင်ဆာက မလွတ်နိုင်မယ့် ဇာတ်တွေ.. ခဲရာခဲဆစ်ရိုက်ရမယ့် ဇာတ်တွေ ရှာကြ။ စိတ်ကူးနဲ့ ဇာတ်ညွှန်းခွဲကြ။ သရုပ်ဆောင်တွေ ရွေးကြ..။ ချိုတူးဇော်က ပါးစပ်နဲ့ ရုပ်ရှင်တွေ ရိုက်..။ ဥပမာ စာရေးဆရာကြီး လင်းယုန်သစ်လွင်ရဲ့ "ဓမ္မ၀ိလာသ" ကိုပေါ့..။ ပုလဲ နေရာမှာ ဘယ်သူ့ကို ထည့်မယ်။ ဘုန်းတော်ကြီးက ဘယ်သူပေါ့။ ညောင်တုန်းကမ်းပါးတွေ ပြိုတာနဲ့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်နေတာကို ဘယ်လိုနိမိတ်ပုံတွေနဲ့ ရိုက်မယ်..။ ဧရာဝတီမြစ်ထဲ ပုလဲ မုဒိမ်းကျင့်ခံရတာကိုရော ဘယ်လိုပြမယ်ပေါ့..။ ပြီးတော့လည်း The little Buddha နဲ့ Mahatma Gandhi ကို အကြိမ်ကြိမ် ကြည့်ပြီး ကြိုက်နေကြတဲ့သူတွေမို့ ဗုဒ္ဓကို မြန်မာမှုပြုပြီး ရိုက်ရင် ဘာတွေ ထပ်ထည့်မယ်.. ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို မဟတ္တမဂန္ဓီလိုမျိုး ရိုက်ချင်တာလည်း ပါတယ်။ အိုး.. ကျမတို့ မောင်နှမတစု အဲလို ရိုက်ခဲ့ကြတာ သုံးလေးကားလောက် ပြီးတယ်။ ဇော်ကြီးရော.. ကျမရော ကြိုက်တဲ့ "The thing called LOVE" ဆိုတဲ့ ရုပ်ရှင်လေးလို သိမ်မွေ့တဲ့ အချစ်ကားလေးကနေ... လကာင်္ဒီပချစ်သူ... နှင်းကေသရာချစ်တဲ့ သူရဲကောင်း..။ ဆဲဗင်းဂျူလိုင် နဲ့ ၈လေးလုံးနောက်ခံ တက္ကသိုလ် ဇာတ်လမ်းတွေထိ .. စုံရော။ အဲဒါဟာ လက်ရှိခေတ်အပေါ် မကျေနပ်နိုင်သမျှတွေ အတွက် ထွက်ပေါက်ပေးတာလည်းဖြစ်တယ်လေ။

အဲဒီအချိန်မှာတော့ ၂နှစ်ကျော်၃နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ သားက ကျမကို ကောင်းကောင်း အဖော်လုပ်နေပြီ။


ကျမ သွားလေရာ သူပါပြီ။ ကျမတို့ စကားဝိုင်းတွေ ကောင်းနေချိန် မောင်ထူးမြတ်က လူရှင်းနေတဲ့ ကင်တီးထဲ ပြေးလွှားဆော့ပေါ့။ တခါတလေ ရောင်စုံခဲတံတွေ ပုံဆွဲစက္ကူတွေနဲ့ သားက သူ့ဘာသာ သူ အလုပ်တွေများ..။ ကျမတို့က စကားတွေများ..။ ဟန်ကို ကျလို့။ ညနေစောင်းဆို ကျောင်းရှေ့ လမ်းလျှောက်..။ ဘ၀ဆိုတာထဲ ဥစ္စာပစ္စည်း ဘယ်လောက်ငတ်ငတ်.. ထမင်းဝပြီး စိတ်ချမ်းချမ်းသာသာ နေရရင် တော်ပြီလို့ပဲ အောက်မေ့ခဲ့ တဲ့ အချိန်တွေပါ။ အဲဒီကာလတွေမှာပဲပေါ့.. တချို့ညတွေမှာ ကိုငှက်က စိတ်ရှုပ်လို့ဆိုပြီး ပြေရာပြေကြောင်းရယ်လို့ ညမှောင်မှောင် ဂျီဟောရှေ့ ဘောလုံးကွင်းစပ်မှာ သီချင်းလာ ဆိုတာ။ ပြီးရင် အင်းလျားဆောင်ဘက် သွားဦးမှာလို့ ချင်ခြင်းတွေနဲ့ ဆိုခဲ့တဲ့ ညတွေ။ အဲဒီတုန်းက ဂျီဟောအဆောင်ပေါ်က ဂျင်းသုပ်၊ လက်ဘက်သုပ်၊ ပုဇွန်ခြောက်သုပ် နဲ့ ရေနွေးကြမ်းဓါတ်ဗူး အစိမ်းကွက်လေး ချချပေးတာ ခု ဘလော့ဖတ်နေတဲ့သူတွေထဲက ဘယ်သူတွေပါလဲ သိချင်ပါဘိ။

အဲဒီကာလတွေထဲမှာပဲ RITထဲက ကဗျာရေးတဲ့ ကျော်ဇောခိုင်.. ညလယ်မိုး.. လူသွေး.. ကျော်မိုးထက်တို့နဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် မောင်နှမတွေလို ခင်သွားခဲ့တာပါ..။ သူတို့နဲ့ဆိုလည်း ကဗျာကိစ္စ စာကိစ္စတွေရော.. ဘ၀အမောတွေပါမကျန် တိုင်ပင်ကြ.. အကြံပေးကြ အားပေးကြ။ (နောက်ပိုင်း ၁၉၉၈ထဲမှာ အရှုံးခံရဖို့များတဲ့ ကဗျာစာအုပ် တစ်အုပ် (၉၈အချစ်ကဗျာ.. အချစ်ကဗျာ၉၈) ထုတ်ပြန်တော့လည်း ကျမကို ပိုက်ဆံချေးကြရတဲ့ အထိပေါ့.. ဟဲဟဲ)။ ဒီတော့လည်း ကျမမှာက ရန်ကုန်တက္ကသိုလ်ထွက် ကျောင်းသူဟောင်း.. လှိုင်တက္ကသိုလ်ရဲ့ ဆရာမ.. စက်မှုတက္ကသိုလ် ရဲ့ အိမ်သားတယောက်အဖြစ်.. မြသီလာနွံထဲပဲ တ၀ဲလည်လည်..။ ဒါကြောင့်ပဲ ဘ၀မှာ ဘယ်လောက်ပဲ အခါခါ လဲကျခဲ့ပေမဲ့ အကြိမ်ကြိမ်ပြန်ထနိုင်တဲ့အားတွေ ရှိခဲ့တာလို့ ထင်ပါတယ်။

ကျမအတွက် နောက်ထွက်ပေါက်တခုကတော့ အချစ်ဝတ္ထုချိုချိုလေးတွေရေးနေရတာပဲ ဖြစ်ပါတယ်။ အချစ်ဝတ္ထု ရေးတဲ့ စာရေးဆရာဖြစ်ရခြင်းအပေါ်မှာလည်း ကျမ အမြဲပဲ ကျေနပ်ခဲ့ ပါတယ်။ (ဒါပေမဲ့ ကျမရဲ့ ရေးဖော်သူငယ်ချင်းဖြစ်တဲ့ ဘ၀သရုပ်ဖော်ရေး စာရေးဆရာမ တယောက်က "မမေငြိမ်းက တယောက်တည်း အပေါ် ချစ်တာကို အားသန်တယ်.. ကိုယ်ကတော့ လူသားသန်းပေါင်း ၅၀ကို ချစ်တဲ့အချစ်ပဲ ရေးတတ်တယ်.." လို့ ကျမကို ပြောတုန်းကတော့ စိတ်မကောင်းဖြစ်သွားခဲ့မိဖူးပါတယ်)။ တကယ်တော့လည်း ကျမက ချစ်ခြင်းမေတ္တာနဲ့သာ တကယ်ကျင့်ကြံနေထိုင်ကြရင် ကမ္ဘာကြီးက တကယ်အေးချမ်းမှာလို့ ယုံတာပါ။

+++++

ဒီတော့ ၉၃ ၉၄ ကာလရဲ့ မြသီလာမှာ ပြောစမှတ်ဖြစ်စရာဆိုရင်တော့ အဲဒီ ၉၃-၉၄ ကနေ ၉၅ထိ ပညာသင်နှစ် ၃နှစ်ဆက်တိုက်လည်း ဘူမိဗေဒတန်းတွေကိုပဲ သင်ရတာ။ အဲဒီထဲက တပည့်ကျော်တွေထဲမှာလည်း သူတို့နဲ့ ပတ်သက်ပြီး မှတ်မှတ်သားသားဖြစ်စရာလေး တွေပါပေမဲ့ ကိုယ်ရေးကိုယ်တာလေးတွေ နွယ်ပြီးပါလာတော့ သိပ်ရေးလို့ မရတာတွေ ရှိလာ။ ကျမက ဆရာမဆိုပေမဲ့ စာရေးဆရာမို့လို့လားမသိ နည်းနည်းတော့ ဘက်လိုက်တယ်လေ.. ဥပမာ.. ခိုင်သင်းကြည်ရဲ့ ခင်ပွန်း ခန့်နိုင်က Geology က တပည့်ပေါ့.. လို့ ပြောချင်ပေမဲ့ မောင်ဝိတ်ကလည်း တပည့်ပဲလေလို့တော့ မပြောချင်တာမျိုး :P ။ ဒါပေမဲ့ ကျမနဲ့ တခါ နှစ်ခါလားပဲ ကင်တီးထိုင်ဖူးတဲ့ Geologyက တပည့်လေးတယောက်နဲ့ စကားပြောရင်းကနေ သီချင်းတွေကြိုက်တတ်ပြီး အဆိုတော်ဖြစ်ချင်ပေမဲ့ အလှမ်းဝေးရရှာတဲ့ နယ်မြို့က ရွက်ပုန်းသီး အဆိုကောင်းလူငယ်လေးတယောက်အကြောင်း ၀တ္ထုတိုလေးရေးဖြစ်သွားတာ..၊ အဲဒီဝတ္ထုလေးကို သုခမိန်လှိုင် ရေးပြီး ဇော်ဝင်းထွဋ်ဆိုခဲ့တဲ့ အိမ်.. သီချင်းလေးနဲ့ စပ်ရေးထားလို့ ၀တ္ထုနာမည်ကိုလည်း "အိမ်" လို့ပဲ နာမည်ပေးပြီး မြန်မာ့ဓနမဂ္ဂဇင်းကို ပေးခဲ့ဖူးတာ။ အဲဒီဝတ္ထုလေးကို ဆရာအောင်သင်းက အကြိုက်ဆုံး ၀တ္ထုတိုအဖြစ် ရွေးခဲ့ဖူးတာလေးတွေ ကျတော့ ပြောပြချင်ပြန်တယ်။ နောက်တော့ ခု ကျမ ပြည်ပရောက်မှ အဲဒီတပည့်လေး စင်္ကာပူမှာရှိနေလို့ အဆက်အသွယ်ပြန်ရတော့ ကျမမှာ အံ့သြ၀မ်းသာရ တာလေးကျတော့ လည်း ပြောပြချင်ပြန်ပါသေးတယ်။ ပြီးတော့ အဲဒီသားကိုပဲ ခုထိ ကျမနဲ့ အလှမ်းဝေးလှတဲ့ ကွန်ပျူတာာနဲ့ ပတ်သက်တာတွေ လှမ်းလှမ်းမေးရ.. သီချင်းတွေ ရှာရှာခိုင်းရ လုပ်နေရတာ။

အဲလိုပဲ အဲဒီနှစ်တွေထဲမှာ "ရာစုသစ်မြစ်ကျဉ်း"ကဗျာစာအုပ်တွေ လုပ်ဖြစ်ခဲ့တာ...၊ ၁၉၉၄မှာတော့ အမှတ်ရစရာ "တမိုးတည်းအောက်မှာ" ဆိုတဲ့ ကဗျာစာအုပ်လေးတအုပ် လုပ်ဖြစ်ပါတယ်။ YIT, MASU, နဲ့ လှိုင်တက္ကသိုလ်၊ ကြည့်မြင်တိုင်တက္ကသိုလ်က ကျောင်းသားတွေ ပါတဲ့ ကဗျာစာအုပ်လေးပေါ့။ အဲဒီ စာအုပ်ကလေးကို Geology က နေလင်းကျော်သီဟ နဲ့ နေဆူးသစ်.. ပြီးတော့ RITက ဒတ္ထ နဲ့ တင်မင်းထက်တို့ လောဆော်ပြီး အားလုံး ၀ိုင်းစီစဉ်ကြတာ (ကျမကလွဲရင်ပေါ့ :) )။ ပြောရရင်တော့ အဲဒီကဗျာစာအုပ် ထွက်ချိန် က ကျောင်းထဲမှာ ကဗျာစာအုပ်ထုတ်တာတွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရတဲ့ အချိန်ပေါ့။ စာအုပ်ကလေးဖြစ်အောင် ခက်ခက်ခဲခဲ လုပ်ခဲ့ကြရတယ်။

ဘယ်လောက်ပဲ စောင့်ကြည့်ကြည့်... တက္ကသိုလ်ပေါင်းစုံမှာ ကဗျာစာအုပ်တွေကတော့ ထွက်နေတာပါပဲ။ ကျမတောင် ၉၄တနှစ်တည်းမှာတင် ကျောင်းသားတွေနဲ့အတူ ကဗျာစာအုပ် ၄အုပ်လောက် ထွက်ဖြစ်ခဲ့တာ။ အဲဒီတုန်းက မျိုးမျိုး (အဆိုတော်၊ နွဲ့ယဉ်ဝင်းသား)လည်း ကဗျာစာအုပ် ထုတ်သေးတယ်။ သူ့ကဗျာလေးတွေက လွတ်လပ်တယ်။ ရော့ခ်သီချင်းဆန်ဆန် ခုန်ပေါက်တယ်။

နောက်ထပ် ၉၂၊ ၉၃၊ ၉၄ မှာ မြသီလာရင်ခွင်ထဲ ထူးခြားချက်က Celebrity တွေဖြစ်လာမယ့် အလောင်းအလျာလူငယ်လေးတွေ အများကြီးကို အဲဒီ နှစ်တွေထဲမှာ မွေးထုတ်ခဲ့တာပါပဲ။ အဲဒီလိုပဲ မူးယစ်ဆေးရဲ့သားကောင်တွေကိုလည်း ၉၃၊ ၉၄ မြသီလာဝန်းကျင်ထဲမှာ အများကြီး တွေ့ခဲ့ရတာပါပဲ။ ဒီနေရာမှာ ကျမကတော့ မူးယစ်ဆေးရဲ့ သားကောင်ဆိုတာဟာ သုံးစွဲတဲ့သူတွေသာ မကဘဲ သုံးစွဲသူတွေရဲ့ မိသားစုဝင်တွေပါ ဒုက္ခဆင်းရဲရောက်ကြရတာမို့ သူတို့ကိုလည်း သားကောင်လို့သာ သတ်မှတ်ချင်တော့တာပါပဲ။ အဲလိုဆိုရင်တော့ အဲဒီ သားကောင်တွေထဲ ကျမတယောက်လည်း အပါအ၀င်ဖြစ်ခဲ့တယ် ဆိုရမှာပေါ့။

+++++

တကယ်တော့ မဆလ လက်ထက်ကတည်းကပဲ လူငယ်တွေနဲ့ မူးယစ်ဆေးက နည်းအမျိုးမျိုးနဲ့ ဆက်စပ်ခဲ့ကြတာပါ၊ အထူးသဖြင့် ဘိန်းဖြူပေါ့။ အင်မတန်ငွေရလွယ်သလောက် လူမျိုးတမျိုး လုံး ပျောက်သုဉ်းသွားနိုင်လောက်အောင် အစွမ်းထက်တဲ့ ဘိန်းလုပ်ငန်းကို အစိုးရကိုယ်တိုင်က အလိုတူအလိုပါ လုပ်နေမှတော့ ကျမတို့ တိုင်းပြည်မှာ လူငယ်အများစု ဘိန်းစွဲ ဆေးစွဲနဲ့ မိသားစုလိုက် ဘ၀တွေ ပျက်ကုန်ကြရတာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ကိုယ့်မိသားစုဝင်တယောက် ဆေးနဲ့သေ.. ဘိန်းနဲ့သေ လို့မှ ထုတ်မပြောရဲကြ.. ထုတ် မပြောနိုင်ကြတဲ့ မြန်မာပြည်အတွင်းမှာ အဲလို သေသွားရတဲ့ လူငယ်တွေ.. နာလန်မထူနိုင် အောင် ဘ၀ပျက်သွားရတဲ့ လူတော်တွေလည်း အများကြီးပါ။ ကျမတို့ ဘယ်သူ့ကို အပြစ်တင်ရမလဲ..။

အဲဒီ မူးယစ်ဆေးဂယက် ဘိန်းဖြူဂယက်က ၉၁ကျောင်းပြန်အဖွင့်မှာ မသိမသာ ခေါင်းထောင်လာခဲ့တာ..။ ၁၉၉၂ နောက်ပိုင်း တချီ ကျောင်းပြန်အဖွင့်မှာတော့ ကျောင်းဝန်းကျင်ထဲမှာ တကယ်ကိုပဲ သိသိသာသာ ပြန့်နှံ့သွားခဲ့တာ။ တက္ကသိုလ်တွေဟာ မူးယစ်ဆေးဝါးဝယ်ဖို့ အလွယ်ဆုံးနေရာ... ဖြန့်ဖို့အလွယ်ဆုံးနေရာ ဖြစ်ခဲ့တာ။ ကျောင်းလုံခြုံရေး ဆိုသူတွေအထဲက မျက်နှာစိမ်းတွေဆီမှာ ဆေးဝယ်ရတာ အလွန်လွယ် သတဲ့။ တကယ်တော့ ကျောင်းဝင်းတွေထဲမှာလည်း မျက်နှာစိမ်းတွေ အများကြီး.. ကြားရသလောက်တော့ informer တွေ.. အရပ်ဝတ်ထောက်လှမ်းရေးတွေဆိုပဲ..။ သေချာတာကတော့ အဲဒီ ထောက်လှမ်းရေး ဆိုတဲ့ သတ္တ၀ါတွေက ဒီလောက် ပေါ်ပေါ်ထင်ထင် လုပ်နေတဲ့ ဘိန်းအရောင်းအ၀ယ်ကိုတော့ မဖမ်းနိုင်ဘဲ တက္ကသိုလ်သဘာဝအလျောက် ကဗျာစာအုပ်လေးတွေရေးထုတ်တဲ့ ကျောင်းသားလေးတွေကိုတော့ ခေါ်မေးရ တာနဲ့ သတိပေးရတာနဲ့။ မြသီလာဝန်းကျင်ဟာ ပိုပိုပြီး ညစ်နွမ်းလာခဲ့ရပြီ။

+++++

အနာဂတ်မှာ ဘာမှလုပ်မရနိုင်တော့... ဘ၀ကြီးက အဓိပ္ပါယ်မရှိဘူး..။ ကိုယ်လုပ်လည်း ဖြစ်မလာဘူး..။ ဖြစ်ချင်ရာတွေဖြစ်လာတာပဲဆိုတဲ့ ခံစားချက်တွေ သိပ်ဖိစီးတဲ့အခါ ထွက်ပေါက်မှားလေ့ ရှိတတ်ပါတယ်။ အထူးသဖြင့် လူငယ်လေးတွေမှာပေါ့။ ဒါပေမဲ့ ဘယ်လို ရုန်းထွက်ကြမလဲဆိုတာကတော့ တဦးချင်းရဲ့ အယူအဆနဲ့ ခံစားပုံပေါ် မူတည်မှာပါ။ ကျမတို့ မမီလိုက်တဲ့ Virginia Woolf, Vincent Vangogh, Marilyn Monroe , Elvis Presley, ဟဲမင်းဝေး.. မြို့မငြိမ်း...။ တကယ်တမ်း သူတို့ ရွေးတဲ့လမ်းကို ဘာကြောင့် ဒီလို ရွေး လိုက်ရသလဲ.. သူတို့ပဲ သိပေလိမ့်မယ်။ ဒီနေရာမှာ အဲဒီ ထွက်ပေါက်မှားသူတို့ရဲ့ ဒဏ်ကို ခံကြရတဲ့ နံဘေးက သူတွေကတော့ ဓားစာခံပေါ့လေ။ ပြောရရင်တော့ ဓားစာခံဖြစ်ရတာက တော်တော် မလွယ်တဲ့ ပင်ပန်းဆင်းရဲတဲ့ ကိစ္စပေပဲ။

တကယ်တော့ အဲဒီ ဂယက်ကလည်း ၉၁ ကျောင်းတွေပြန်အဖွင့်မှာကတည်းက မြသီလာဝန်းကျင်ကနေ အစပျိုးခဲ့တာပါပဲ။ မြသီလာဝန်းကျင်မှာ မူးယစ်စရာတွေ အလွယ်တကူ ရှိနေတဲ့အချိန်...။ ကျမက ကျောင်းတာဝန်တွေတဘက်.. သားတဘက်.. Thesis တဘက်.. စာရေးတဲ့အလုပ်တဘက် ရှိနေခဲ့တဲ့ အချိန်တွေ...။ နောက်ဆုံး ၁၉၉၄ကို ရောက်လာတဲ့အခါမှာတော့ ပေါက်ကွဲချင်နေတဲ့ မီးတောင်လေးက အရှိန်ရ နေခဲ့ပြီ။ ၁၉၉၄မှာ ကျမ ကျမ်းပြုအပြီး မဟာဝိဇ္ဇာဘွဲ့ရချိန်မှာတော့ အောင်မြင်မှုတခုနဲ့အတူ ပြင်းထန်တဲ့ ဆုံးရှုံးမှုတခုကို ကျမ လက်ခံလိုက်ရပါတော့တယ်။

"ဘာမှ အဓိပ္ပါယ်မရှိတဲ့ ဘ၀ထဲမှာ ကိုယ်လုပ်ချင်တာကို လုပ်ပြီး သေသွားရတာသာ အမြတ်ပဲ... မင်းလည်း မင်းယုံကြည်ရာကို လုပ်လို့ရပြီပဲ...။ ကျေးဇူးပြုပြီး... ငါ တယောက်တည်းပဲ လွတ်လွတ်လပ်လပ် နေပါရစေတော့" လို့ ကိုယ့်ဘ၀ရဲ့ တသက်တာ လက်တွဲဖော် ဆိုသူက ကိုယ့်ကို ပြောလာခဲ့ရင် ဘယ်လို ဆုံးဖြတ်ကြမလဲ...။ ဒါဟာ... ကျမအတွက်တော့ သိပ်ကို ပူပြင်း လောင်မြိုက်စရာ... ရှက်ရွံ့ကြေကွဲစရာပါပဲ။

+++++

Nov 22, 2008

မြသီလာ(၁၉)

၉၁ ရဲ့ ဆောင်းနှောင်းမှာလည်း မြသီလာက တိတ်ဆိတ်နေခဲ့ရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ အာဏာပိုင် စစ်အစိုးရက ကျောင်းသားတွေကိုသာမက အုပ်ချုပ်သူလို့ သူတို့ သတ်မှတ်ထားတဲ့ ဆရာဆရာမများအပေါ်ကိုပါ မျက်မာန်တော် ရှပါတော့တယ်။ ကျောင်းတွေ ပိတ်လို့များတော့ အေးအေးဆေးဆေးနေဖို့ မစဉ်းစားလေနဲ့ ဆိုတာမျိုးပေါ့။ ၉၂ရဲ့ ဇန်န၀ါရီလမှာပဲ အသံကြားလာရပါတယ်။ ဆရာဆရာမတွေကို အထူးပုံသွင်းဖို့ လိုတယ်.. ဖောင်ကြီးမှာ အထူးမွမ်းမံသင်တန်း တစ်လ တက်ရမယ်တဲ့။ သူတို့ဖြစ်စေချင်တဲ့အတိုင်း အတိအကျ ပါပဲ.. ဆရာ ဆရာမတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကုန်ကြပါတယ်။ တယောက်မှ မတက်လိုက်ရဆိုတာ မရှိစေရဘူးတဲ့။ အသုတ်လိုက် ခွဲတက်နိုင်တယ်တဲ့။ တကယ်တော့ ကျမက ကလေးတောင် နို့ သေသေချာချာ မဖြတ်ရသေး။ သားကြီး ၁၀လသား မပြည့်တပြည့်။

နောက်ဆုံးတော့ ၁၉၉၂ ဇန်န၀ါရီလ ၂၁ရက်နေ့စပြီး ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ ပြီးမယ့် ပထမအသုတ်ကို ကျမတက်ဖို့ စာရင်းပေး လိုက်ရပါတယ်။ အဲဒီအသုတ်မှာက ကျမသူငယ်ချင်းအားလုံး အတူတူ တက်မှာဖြစ်တဲ့အပြင် နောက်ပိုင်းဆို Thesis တဘက်နဲ့ အဆင်ပြေဖို့ မသေချာလို့ပါပဲ။ ဒါနဲ့ပဲ ကျမ စိတ်ပင်ပန်း ကိုယ်ပင်ပန်းကြားကပဲ ပြင်ဆင်ရပါတော့တယ်။ ဖောင်ကြီးသင်တန်းကို မြန်မာတနိုင်ငံလုံးက တက္ကသိုလ် အစုံက ဆရာဆရာမတွေ လာကြရတာပါ။ ကျမကတော့ နို့ဖြတ်ပြီးထားခဲ့ရတဲ့ သားဆီတလွမ်းလွမ်းနဲ့ ငိုရတာ တရွှဲရွှဲပေါ့။ ညနေဆို သားက အမေကို အိမ်ပေါက်ဝလေးမှာ ထိုင်ပြီးမျှော်တတ်ပြီလို့ တွေးတွေးပြီး ငို..။

သူတို့တွေ ဘာတွေ သင်တယ်လဲ မသိ။ စာမေးပွဲပြန်စစ်မှာဆိုလား..။ စစ်လည်း စစ်.. တတ်နိုင်ဘူးပေါ့..။ နောက်တော့မှ ဘေးဘီကြည့်လိုက်တော့ ကိုယ့်လိုပဲ အားလုံးက အဲဒီသင်တန်း ဂရုကို မစိုက်ကြတာ။ ပျော်စရာကောင်းတာတခုကတော့ စည်းကမ်းကျန တိကျသေ၀ပ်တဲ့နေရာမှာ နာမည်ကျော်ခဲ့တဲ့ ဖောင်ကြီးက အဲဒီကာလမှာ သွက်သွက်ခါအောင် ပျက်သွားခဲ့တာပါပဲ။ ဖောင်ကြီးသင်တန်းကဆရာတွေ စိတ်ဆင်းရဲခဲ့ကြရ တဲ့ သင်တန်းပေါ့။ ဆရာဆရာမတွေ တမင်တကာ ညစ်ပြီး စည်းပျက်ကမ်းပျက်ဖြစ်အောင် လုပ်ခဲ့ကြတဲ့ကာလ..။ တွေးကြည့်ရင် အားရစရာ။ နာမည်ကျော် တက္ကသိုလ်ဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁) ပေါ့။ ရှေ့မှာ စစ်တပ်နဲ့ ဗဟိုနိုင်ငံရေးတက္ကသိုလ်က အကြီးအကဲများက ဟောပြော..။ ဆရာမတွေက ခုံတွေပေါ် အိပ်ပျော်။ ကျမတို့ဆို ရှေ့နားထိုင်ရတာတောင် အိပ်ပစ်လိုက်တာ နှစ်နှစ်ခြိုက်ခြိုက်။ မအိပ်လည်း စာအုပ်တွေ ဖတ်နေလိုက်တာပဲ။

အဲဒီသင်တန်းမှာပေါ့.. ကျမ ဘယ်တော့မှ မေ့သွားမှာ မဟုတ်တဲ့ မေ့စရာမဟုတ်တဲ့ ကိစ္စတခု ပြောပြချင်ပါတယ်။ အဲဒီတုန်းက တရက်သားမှာ တပ်မတော်မော်ကွန်းတိုက်မှာ ညွှန်ကြားရေးမှူး လုပ်နေတဲ့ ဗိုလ်မှူးကြီးရဲထွဋ်ဆိုသူက လာစကားပြောပါတယ်။ သူတို့ကတော့ ပို့ချတယ်လို့ သုံးတယ်။ အဲဒီမှာ သူက အာဇာနည်နေ့ဆိုတာ မဆလက မြန်မာ့သမိုင်းအတွက် မကောင်းတတ်လို့ သတ်မှတ်ပေးထားရတာ ဖြစ်တယ်..။ တကယ်ကတော့ ဗိုလ်ချုပ်အောင်ဆန်း သေတဲ့ကိစ္စက နိုင်ငံတော်အတွက် အသက်စွန့်သွားရတာ ဆိုတာထက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့မယားညီအကို သခင်သန်းထွန်းတို့ အာဏာကုလားထိုင်လုရာကနေ ဖြစ်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စ သက်သက်သာ ဖြစ်တယ်... ဒါကြောင့် သမိုင်းအမှန်ကို မှတ်တမ်းတင်နိုင်ဖို့အတွက် သမိုင်းကော်မရှင်က ကြိုးစားပြုစုနေပါတယ်... လို့ တရားဝင် ပြောသွားတာပါ။ (ကျမ ပြန်ရေးပြတာတွေက သူ့အသုံးအနှုန်း အတိုင်းပါ..။ ကျမတို့ ပြည်သူလူထုတွေက ဗိုလ်ချုပ်တို့နဲ့ ပတ်သက်ရင် ဘယ်တော့မှ သေတယ်လို့ သုံးနှုန်းလေ့ မရှိပါဘူး။ ကျဆုံး တယ်... ဒါမှမဟုတ် လုပ်ကြံခံရတယ်ဆိုတာပဲ သုံးကြတာလေ။ အဲဒီတုန်းက ပြောနေတဲ့ သူ့မျက်နှာပေးကို ကျမဖြင့် ခုထိ မြင်ယောင်နေပါသေးတယ်။ ရုပ်က ရိသဲ့သဲ့နဲ့.. သူ့ကိုယ်သူပဲ မြန်မာ့သမိုင်းပြုစုရေးအတွက် တာဝန်ရှိနေသူလိုလို။ အောက်မှာ နားထောင်နေရတဲ့ ဆရာဆရာမ အများစုကတော့ လူပါးဝလို့... ဆိုပြီး ကျိတ်ဆဲကြတာပေါ့)။ အဲလို မဟုတ်မဟတ် အကြံအစည်တွေကြောင့် ထင်ပါရဲ့။ ခုထိ အဲဒီစာအုပ် ထွက်မလာ နိုင်တာ။

နောက်ပြီး သူကပဲ ထပ်ပြောတာ... ဒေါက်တာ(ပါရဂူ)ဆိုတာ နိုင်ငံခြားကို အလည်အပတ် သွားသလို သွား.. ပိုက်ဆံစု.. စာတွေ ကူးချ ကျမ်းရေးပြီး ပြန်လာရုံပဲ.. တကယ်မေးတော့ ဘာမှလည်း သိကြတာမဟုတ်ဘူးလို့ စင်ပေါ်ကနေ စော်စော်ကားကား မခန့်လေးစား အမူအယာနဲ့ ပြောပါတယ်။ အဲဒီမှာ သူပြောအပြီး ပြန်လှန် ဆွေးနွေးမယ့် သူတွေကိုလည်း ဖိတ်ခေါ်ရော ပါရဂူဘွဲ့ရ ဆရာကြီး ဆရာမကြီးတွေ စင်ပေါ်ကို တန်းစီတက်သွားပြီး ဒေါက်တာဖြစ်အောင် ဘယ်လောက် ကြိုးစားအားထုတ်ရတာ... ပညာတော်သင်ရတဲ့ ငွေကို လောက်အောင် ဘယ်လိုသုံးရတာ... ပြန်လာတဲ့အခါမှာလည်း ဘယ်လိုအနစ်နာခံပြီး လုပ်ရတယ်ဆိုတာတွေကို ကိုယ်တွေ့ အဖြစ်အပျက်တွေနဲ့ တန်းစီပြီး သေသေချာချာ တက်ပြောကြတာ.. အောက်ကနေ ဆရာဆရာမတွေက လက်ခုပ်တွေ တီးကြပေါ့။

နောက်ဆုံး သဘာပတိက မျက်နှာအပျက်ပျက်နဲ့ တောင်းပန်ယူရရော။ မှတ်မှတ်ရရ အဲဒီထဲမှာ ရှေ့ဆုံးကတက်သွားတာက သင်္ချာဌာနက ဆရာကြီးဒေါက်တာခင်မောင်ဝင်းပါ။ (အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်နဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ရဲ့ သား။ မိုးမခ (ကို)မောင်ရစ်ရဲ့ အဖေပေါ့)။ မှတ်မှတ်ရရ.. အဲဒီနောက်တနေ့ ဆက်ပြောရမယ့် တချိန်ကျန်တာမှာ ဗိုလ်မှူးကြီးရဲထွဋ် ရောက်မလာတော့ ပါဘူး။ နေမကောင်းလို့ပါတဲ့..။ ကျမတို့ ဆရာဆရာမတွေ ဆိုတာ သဘောကျလွန်းလို့ မေတ္တာတွေ ပို့လိုက်ကြတာ..။ တခါတည်းသေမှာ.. ဘာ.. ညာ.. ပေါ့.. ။ အဲဒီအဖြစ်အပျက်က ဖောင်ကြီးသမိုင်းမှာ နာမည်ကို ကြီးကျန်ခဲ့ရော။

တကယ်တော့ အဲဒီဖောင်ကြီးသင်တန်းဟာ တက္ကသိုလ်က ဆရာဆရာမတွေကို အမိန့်နာခံအောင် ရည်ရွယ်ပြီး လုပ်တာပါပဲ။ တနည်းအားဖြင့်တော့ ဦးချိုးတာပေါ့။ ကျောင်းသားတွေ မပြောနဲ့ မင်းတို့ဆရာဆရာမတွေတောင် ငါတို့ခိုင်းရင် လုပ်ရတယ်ဆိုတဲ့ အပေါက်မျိုး ချိုးတာ။ ဒါပေမဲ့ အဲဒီတုန်းက န၀တ (ဗိုခင်ညွန့်)က အပျော့ဆွဲလေ။ စေတနာတွေ ပရပွနဲ့ပဲ လုပ်ပေးသယောင်ယောင်... ။ ပြီးတော့ တစ်လဆိုတဲ့ အချိန်ကလည်း မသိမသာ ကုန်သွားတာမျိုးဖြစ်ပြီး ၀န်ထမ်းနဲ့ ဖောင်ကြီးသင်တန်းဆိုတာကလည်း သူစိမ်းတွေ မဟုတ်ကြလေတော့ ဆရာဆရာမတွေလည်း ဘယ်သူကမှ ကန့်ကွက်တာတွေ ဘာတွေ မလုပ်ခဲ့ကြပါဘူး။ (ဆရာ ဆရာမတွေက ကျောင်းသားတွေလောက် သတ္တိမရှိတာ... အမှန်တရားမျက်နှာကို မကြည့်တာ... ကိုယ်ကျိုး မစွန့်နိုင်တာလည်း အမှန်ပါပဲ... ဒါကြောင့်လည်း ကျမတို့ နိုင်ငံအတွက် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ ပညာရေးစနစ်ကြီးကို ကျမတို့ ဆုံးရှုံးနေရတာ... ဘယ်လောက် အတိုင်းအတာထိ ဆုံးရှုံးခဲ့ပြီလဲဆိုတာကို ၂၀၀၀ နောက်ပိုင်းကာလ မြသီလာအကြောင်းတွေ မှာ ထည့်ပြောမှာပါ )။

ဒါပေမဲ့ ဆရာဆရာမတွေအများစုကတော့ အမိန့်အာဏာတွေကို လက်မခံချင်ဘူးဆိုတာ အဲဒီ ဖောင်ကြီးသင်တန်းက သက်သေပါပဲ။ ညနေဆို အားကစားချိန်လို့ စည်းကမ်းလုပ်ထားလည်း မသွားကြဘဲ လမ်းလျှောက်ပြီး မတူတဲ့ တပ်ခွဲတွေမှာ ရှိနေတဲ့ သူငယ်ချင်းတွေဆီ လျှောက်လည်ကြတာပဲ။ ဆရာတွေဆိုလည်း ဖောင်ကြီးနားက ရွာရိုးကိုးပေါက်ကို လျှောက်လည်နေကြတာပဲ။ အဲဒီမှာမှ ဆရာ ဆရာမ အပျိုကြီး လူပျိုကြီးတွေ စွံသွားတာလည်း ရှိသေး။ ညဘက် Night Study လို့ပြောလည်း ဂစ်တာတီးကြ သီချင်းဆိုကြ လုပ်နေတာပဲ။ ဆရာဆရာမအများစုက အသက်၃၀တောင် မပြည့်ကြသေးတာမို့ လူငယ်တွေလိုပဲ စိတ်လွတ်ကိုယ်လွတ် အာခံကြတာလေ။ ရသလောက် ဆန့်ကျင်ကြတာ။ စစ်ရေးပြမှာ ဘယ်လှည့်ဆိုရင်လည်း ညာတွေ လှည့်ကြ။ ဘယ်ညာ ဘယ်ညာ ရိုက်ခိုင်းတော့လည်း... "ပဲ-ညား... ပဲ- ညား" လို့ တမင်အော်ကြတာ။ ဟုတ်တယ်လေ.. နေ့တိုင်း ပဲဟင်းနဲ့ ညားရတာကိုး။

နောက်ဆုံးတော့ စစ်သင်တန်းလည်း ဖြုတ်လိုက်ရတာပဲ။ နေမကောင်းချင်ယောင်ဆောင်ပြီး ဆေးနား.. ခွင့်တွေ ယူကြ။ နောက်ဆုံးတော့ စာမေးပွဲပြန် စစ်မယ်ဆိုတာတောင် တက်တဲ့သူတွေ ထောင်ကျော်မှာ သွားဖြေတဲ့သူ ရာဂဏန်းတောင် မရှိတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။ သင်တန်းဆင်းပွဲမှာ လည်း ရုပ်ပျက်ဆင်းပျက်ပေါ့။ ဗိုလ်ခင်ညွန့်က ရယ်စရာလုပ်ပြောရင် ၀ါးကနဲရယ်တာ တော်တော်နဲ့ မရပ် .. အကြာကြီး တမင် လုပ် ရယ်ကြတာ။ ဗိုခင်ညွန့်မှာ စကားဆက်ပြောဖို့အရေး ရယ်သံတွေငြိမ်အောင် အကြာကြီး စောင့်နေရတာပေါ့။ အဲလို သူတို့ကို မခန့်လေးစား လုပ်ရတာများ ပျော်စရာကောင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက ကျမတို့ လုပ်တာက ထိရောက်သားပါ။ ဘာလို့လဲဆိုတော့ နောက်အသုတ်တွေလည်း ကျရော စည်းကမ်းတွေ မတရားကျပ်ပြီး အမိန့်တွေလည်း အလွန်ပေးတော့တာ.. လေ။ ကျမကတော့ ပြောမိသေးတယ်။ ခံနိုင်တဲ့သူတွေ ခံကြပေါ့လို့။

+++++

ဖောင်ကြီးက ပြန်လာအပြီးမှာ သိသာတာတခုကတော့ သားနဲ့ ခွဲကျင့် ရှိသွားတာပါပဲ။ ဒီလိုနဲ့ မတ်လတစ်လတောင် ကောင်းကောင်းမှ မနားရခင် ကျမတို့ တက္ကသိုလ်က ဆရာမတွေမှာ ပြီးခဲ့တဲ့ ၁၀တန်း စာမေးပွဲရဲ့ အဖြေလွှာတွေကို အမှတ်ခြစ်ရပြန်ပါတယ်။ အဲသလိုနဲ့ပဲ ဧပြီ တစ်လက လွယ်လွယ်လေး ကုန်သွား။ ဒီလိုနဲ့ ၉၂ ရဲ့ မေလ က စလို့ ကျမက Thesis အတွက် ပြင်ဆင်ရပြန်ပါတယ်။ အဲဒီတော့လည်း ရန်ကုန်တက္ကသိုလ်ကြီး ထဲနဲ့ တောင်ငူဆောင်စားသောက်တန်းဆီ ပြန်ပြီး တ၀ဲလည်လည် ခြေဦးလှည့်ရတဲ့ ရက်တွေပေါ့။ နေ့တိုင်း ရုံးချိန်လိုပဲ လာရတာကတော့ ဗိုလ်တိုး(ဆရာဦးအောင်ကျော်တိုး-စိတ်ပညာ)နဲ့ အရှည်ကြီးဆိုင်မှာ ဆုံဖို့ပေါ့။ မြို့မငြိမ်းအကြောင်းနဲ့ မြို့မငြိမ်းသီချင်းတွေကို အများကြီး သိထားတဲ့ ဗိုလ်တိုးနဲ့ စကားပြောရင် ကျမ အချက်အလက်တွေ အများကြီးရတယ်။ တချို့တိမ်မြုပ်နေတဲ့ သီချင်းတွေဆိုရင် ဗိုလ်တိုးက ပါးစပ်ဆိုင်းတီးပြီးဆိုပြတာ.. နောက်ပိုင်း ကျမ သီချင်းရလို့ နားထောင်ကြည့်တဲ့အခါကျတော့ အတောကအစ ကွက်တိ။ ဗိုလ်တိုးက အဲလို ပါရမီပါတာပါ။

ကျမကို Thesis နဲ့ ပတ်သက်ပြီး ကူတဲ့ နောက်တယောက်ကတော့ ကိုအောင်ကျော်ဆန်း (ဆရာကြီး ရွှေပြည်ဦးဘတင်ရဲ့ မြေးကြီး၊ စာရေးဆရာ ပန်းချီဆရာ ဒါရိုက်တာ ဦးဝင်းဖေရဲ့ သားကြီး၊ အဆိုတော် မီမီဝင်းဖေရဲ့ အကိုကြီး၊ သူကိုယ်တိုင်ကလည်း အနုပညာသမားဖြစ်တဲ့ ဇာတ်ညွှန်းရေးဆရာ အောင်ကျော်ဆန်း-မန္တလေး)ပေါ့။ ကိုအောင်ကျော်ဆန်းနဲ့ ကျမ ဘားလမ်း မူစလင်ဆေးရုံဘေးက လမ်းဘေး အုတ်ခုံလေးမှာ ဖွင့်တဲ့ ကိုထွန်းရီ လက်ဘက်ရည်ဆိုင်မှာ ညနေညနေ ထိုင်ပြီဆိုရင် ကိုအောင်ကျော်ဆန်း ပြောပြတဲ့ အကြောင်းအရာတွေက ကျမအတွက် မြို့မငြိမ်းလေ့လာချက်ရေးဖို့ Reference တွေ အများကြီး ရစေပါတယ်။ မြို့မငြိမ်းသီချင်းတွေထဲမှာပါတဲ့ စာကိုးတွေကို ဘယ်စာအုပ်က ယူရမယ်ဆိုတာကအစ ကိုအောင်ကျော်ဆန်းက ပြောပြတာ။ သူက လက်ဘက်ရည်ဆိုင်မှာ ထိုင်ရင်းသားကနေ ပေါ့ပေါ့ပါးပါးပဲ ပြောသွားတာ။ "တနာရီထဲ ချစ်" သီချင်းထဲက စာသားတွေကိုရေးဖို့ မြို့မငြိမ်းက အာဒိကပ္ပကျမ်းထဲက ယူတာဆိုပြီး အဲဒီစာသားတွေကို ဒီတိုင်းအလွတ် တထိုင်းတည်း ရွတ်ပြသေးတာ။ "မဟာဂီတထဲကလေ.. မေငြိမ်းရယ်.. ဟောဒီအပိုဒ်" ဆိုပြီး မဟာဂီတထဲက မူရင်းသီချင်းကို ဆိုပြလိုက် မြို့မငြိမ်း ယူစပ်ထားတဲ့ အပိုဒ်ကို ဆိုပြလိုက်ပေါ့။ ဥပမာ မြင်းခင်းတော်သီချင်းပေါ့။ ကျမမှာ ပါးစပ် အဟောင်းသားနဲ့ ငေးလိုက်.. မှတ်စုထဲမှာ ချမှတ်လိုက်နဲ့ ဖြစ်နေရတယ်။ ကိုအောင်ကျော်ဆန်းက အဲလို တော်တာ။ သူ အဲလို ပြောပြနေတာတွေကို စိတ်ပါဝင်စားပြီး ကျမနဲ့ အတူတူ တကူးတက ၀ိုင်းနားထောင်ကြတာက စာရေးဆရာမ မိုချာ့ရယ်.. ဒါရိုက်တာ ဒီဇိုင်းဆရာ မျိုးဆွေသန်း(ဆရာကျောင်း)ရယ်.. ကိုအရိုင်းရယ်.. တခါတလေ ချိုတူးဇော်လည်း ပါတာပေါ့။

အဲဒီ ညနေ ညနေတွေမှာ ကိုထွန်းရီဆိုင်မရောက်ခင် ၃၃လမ်းထဲက လေထန်ကုန်းမှာ ထိုင်နေတုန်း ရောက် ရောက်လာတတ်တာက ဇာတ်လိုက်ကျော် ဒေါ်ခင်မင်းဇော်ပေါ့။ သူက စာအုပ်ထုတ်ဝေရေး တခု လုပ်နေချိန်ပါ။ ကျမတို့အတူထိုင်တတ်တဲ့ တ၀ိုင်းလုံးကလည်း သူ့သူငယ်ချင်းတွေချည်းပဲလေ။ မင်းထက်မောင်ကအစ ကြွက်နီ(သိမ်းတင်သား)အဆုံး.. ပုသိမ်သားတွေ ခပ်များများပေါ့။ ဒေါ်ခင်မင်းဇော်က ကျမတို့ ထိုင်နေတဲ့ စားပွဲလေးဆီ သုတ်သုတ် သုတ်သုတ်နဲ့ ၀င်လာတတ်တယ်... ပြီးတော့ စကားတွေ အလုအယက် ပြောကြရ...။ အဲဒီအချိန်လေးတွေဟာ ကျမအတွက်တော့ ဘ၀အမောထဲက ခဏထွက်ရာ အနှစ်သာရလည်းရှိတဲ့ ကာလလေးပါပဲ။

အဲဒီကြားကာလထဲမှာပဲ နောက်လုံးချင်းတအုပ် ရေးပါတယ်။ "ချစ်သူ့မျက်နှာစာ"... ပါ။

(ပန်းချီ မြင့်မောင်ကျော်..ပါ)

တကယ်တော့ ကျောင်းသားတွေက တာဝန်ကျေကျေနဲ့ ဆင်းရဲဒုက္ခခံ အနှိပ်စက် အညှင်းပမ်းခံပြီး တရားမျှတရေးကို လုပ်ခဲ့ကြ.. ထောင်ကျ တန်းကျ... ခံကြရတဲ့ အချိန်မှာ ကျမတို့ကတော့ ဆင်းရဲပင်ပန်းပေမဲ့ ကိုယ့် အသိုက်အ၀ိုင်းလေးထဲမှာ တော်သလို နေလို့ ရနေခဲ့သေးတာပါ။ ကျမဆို အဲဒီဘ၀လောက်ကိုတောင် ဆင်းရဲပင်ပန်းလှချည့်လို့ ထင်ခဲ့တာ။ ဒီလိုနဲ့ ဇွန်လမှာတော့ ဘာစိတ်ကူးပေါက်တယ်မသိ။ 10 D သမားတော်တော်များများကို ပြန်လွှတ်ပါတယ်။ ဒါပေမဲ့ ခံဝန်ချက်တွေနဲ့ပါ။ အပြီးလွှတ်တာမဟုတ်ပါ.. တဲ့။ အကြွေးကျန် ပါတယ်.. တဲ့။ နောက်တခါ ထပ်ဖြစ်ရင် ပို ကြီးလေးတဲ့အပြစ်ကို ခံရမယ်ဆိုလား။ အဲဒီမှာ ကျမသူငယ်ချင်း စာရေးဆရာမ ခက်မာနဲ့ မောင်နေလင်းတို့လည်း ပြန်လွတ်လာကြပါတယ်။

အဲဒီ နောက်ပိုင်းရက်တွေမှာတော့ ကျမက Thesis အတွက် မန္တလေး တက်လိုက် ဆင်းလိုက်။ Thesis ကျုံးရေးလိုက်။ အချိန်ရတုန်းလေးမှာ Thesis ကို အကြမ်းပြီးအောင် တွန်းရေးရ ပါတယ်။ ကျမ Thesis လေး ရုပ်လုံး မပေါ့်တပေါ်မှာပဲ စစ်အစိုးရက ကြေငြာပါတယ်။ ၁၉၉၂ သြဂုတ်လ ၂၄ရက်နေ့မှာ တက္ကသိုလ်တွေ ပြန်ဖွင့်မယ်.. တဲ့။ ဆရာ ဆရာမတွေကတော့ သက်ပြင်းသာ ချရတာပါပဲ။ တကယ့် လိုအပ်ချက်တွေကို တကယ့်တောင်းဆိုမှုတွေကို ဖြည့်မပေးဘဲနဲ့ မိပ်ကပ်လိမ်းပြီးဖွင့်တဲ့ ကျောင်းက ဘယ်လောက်ကြာကြာ ခံမှာလဲဆိုတာပဲ ပြောဖြစ်နေကြ ပါတယ်။ ပိုဆိုးတာကတော့ မယောင်ရာဆီလူး ကိစ္စတွေနဲ့ ဆရာဆရာမတွေ ပို ပိုပြီး စိတ်ညစ်ကြရမယ်.. ပင်ပန်းကြဦးမယ်လို့ မျှော်လင့်ပြီးသား ဖြစ်နေခဲ့ကြတာပါပဲ။

ဒီလိုနဲ့ ကျောင်းပြန်ဖွင့်ရက် သြဂုတ်လ ၂၄ရက်နေ့ကို ရောက်လာခဲ့ပါတော့တယ်။

+++++

Nov 20, 2008

ကဖိုးဇေ...

ဂုရု..
ဝမ်းနည်းမှတ်တမ်းတွေ... မရေးချင်တော့ဘူး။
ကျမ ဒီဘက်ကို စရောက်တဲ့ည... သူ ရောက်လာပြီး ခင်မင်းဇော်ကို လာတွေ့ကြတာ။ ကျမ လေးစားတဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေကို အပြင်မှာ ဦးဆုံးမြင်ဖူးတာပေါ့။ ကျမက ခင်မင်းဇော်ကိုပြောတယ်..။ ဟယ်.. ငယ်ငယ်လေးတွေ နော် လို့။

ခင်မင်းဇော်က ပြောတယ်။ ငယ်ပေမဲ့ သိပ်တော်ကြတာ။ သိပ်လည်း မာကြတာတဲ့။ အဲဒီကတည်းက မိတ်ဆက်ပေးတာ... ဒါ ဂုရု... တဲ့။ ကဗျာရေးတဲ့.. စာတွေ သိပ်ဖတ်တဲ့.. အင်္ဂလိပ်စာ ကောင်းတဲ့ လူငယ်လေး။ တောခိုလာတုန်းကမှ ဆယ်ကျော်သက်..။ လူငယ်သလောက် စိတ်က ခိုင်မာလိုက်တာ..။ သူ့အသက်သွေးဟာ တော်လှန်ရေးပဲ။ မျက်နှာလေး မှုန်ကုပ်ကုပ် ထားတတ်ပေမဲ့ စိတ်က အင်မတန်ကြည်တဲ့ လူငယ်လေး။ ကျမမောင်လေး အငယ်ဆုံးနဲ့မှ သူက ရွယ်တူ။ နောက်ပိုင်းကျမှ သူနဲ့ ရင်းနှီးတော့မှ ကျမတို့ ဘာသာစကား တူတာ..။ စိတ်ထားကောင်းတာတွေကိုပါ သိတော့တာ။ တလောတုန်းကတော့ သူက "အမရယ်.. ခုလိုတော့လည်း ဘ၀ဆိုတာက သာယာသား" တဲ့..။ ကျမ စိတ်ချမ်းသာရသေး။

ခုတော့ ရိုးသားမှုသာ ချမ်းသာတဲ့... မေတ္တာတရားသာ ချမ်းသာတဲ့... ကဗျာတွေသာ ချမ်းသာတဲ့... အမှန်တရားချစ်စိတ်သာ ချမ်းသာတဲ့... ကိုယ့်မြေကို ချစ်တဲ့.. အတ္တကို စွန့်ရဲတဲ့... အဲဒီ ရဲဘော်... လမ်းခုလတ်မှာ.. ခွဲသွားခဲ့ရပြီ။

သူခွဲထွက်သွားပုံက သူရေးခဲ့တဲ့ ကဗျာတပုဒ်ထဲကလို

စီးမျောသွားပုံက
ကောင်းကင်တခုလုံး
ချက်ချင်းပျက်သွားသလို
ရုန်းရင်းဆန်ခတ်။

သူနဲ့ ပတ်သက်ပြီး ဒီဘလော့လေးတခု ကျန်ရစ်ခဲ့တာကိုတော့ ကျမ တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ ကျမ တွေးနေမိပါတယ်။ တကယ်လို့ သူသာ သူ့နောက်ဆုံးချိန်မှန်း သိခဲ့ရင်...

ခရီးမတ်တပ် လမ်းခုလပ်မှာ
ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ ....
လို့ မှာခဲ့မှာ အသေအချာပဲ ဆိုတာ။
ဂုရုရေ... အမတို့မှာ ဆုံးရှုံးရတာတွေ သိပ် များနေပြီ။

ဂုရု(ဖိုးဇေ) ကောင်းရာသုဂတိ လားပါစေ..။

Nov 19, 2008

မြသီလာအလွမ်းပြေ(၁၈)

မြသီလာအကြောင်း တွေးသမျှ ရေးရသမျှ လွမ်းစရာ တမ်းတစရာတွေဆိုပေမဲ့ ရင်နာရတာတွေလည်း အများသားမို့ ဆက်မရေးချင်တော့ဘဲ ဖြစ်ဖြစ်နေတာ ခဏခဏပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမ ဘ၀ရဲ့အကောင်းအဆိုး အကြောင်းအကျိုးတွေက မြသီလာနဲ့ ခွဲမရ..။ တကယ်တော့ ကျောင်းသားတိုင်းရဲ့ ဘ၀တွေကိုက မြသီလာရဲ့ ကံကြမ္မာနဲ့ တထပ်တည်း ကျနေရတာပါ။ မြသီလာ သာမှ... မြသီလာ လှမှ... မြသီလာ ကောင်းမှ... မြသီလာ ငြိမ်းချမ်းမှ .. ကျောင်းသားလူငယ်အရွယ်တွေရဲ့ ဘ၀ ဘ၀တွေကလည်း သာမှာ.. လှမှာ.. ကောင်းမှာ.. ငြိမ်းချမ်းမှာ မဟုတ်လား...။ ဒါကြောင့်ပဲ ဆရာအောင်ပြည့်ရဲ့

မြကျွန်း...
သာနေပါ၏။
စိုနေတဲ့ ခေါင်းအုံးလေးနဲ့
ရှိုက်သံတွေ
ဘယ်မှာ ဖွက်ထားခဲ့သလဲ.. ပြော။

ဆိုတဲ့ ကဗျာလေးကို ကျမ ငြိခဲ့တာ။

+++++

တခါတလေ.. ကျမက အတိတ်နဲ့ ပတ်သက်ရင် အတိတ်မေ့ရောဂါ (Amnesia) ဖြစ်ချင်မိတယ်။ ဥပမာ.. ၁၉၉၁ ထဲမှာဆိုရင် ဘ၀အမောထဲ ပင်ပင်ပန်းပန်း လက်ပစ်ကူးခဲ့ရတဲ့ အချိန်တွေကို အတိတ်မေ့ချင်တယ်..။ ကျောင်းကင်တီးထဲ ကျောက်ခေတ်ဆိုတဲ့ အအေးဆိုင်လေး ဖွင့်ခဲ့ဖူးတာကိုလည်း မေ့ချင်တယ်..။ ကိုယ့်လခက သားလေးရဲ့ တလစာ နို့မှုန့်ဗူးဖိုးတောင် အနိုင်နိုင်ရှိခဲ့တာကို မေ့ချင်တယ်...။ ကျူရှင်သင်ရတာကို ကလေးတွေရဲ့ ပိုက်ဆံတွေအတွက် အားနာပြီး မသင်ခဲ့တဲ့အတွက် စားဝတ်နေရေးအတွက် အမြဲ ပူပန်နေခဲ့ရဖူးတာကို မေ့ချင်တယ်..။ ဆင်းဆင်းရဲရဲ ဆရာမမို့ တချို့သောကျောင်းသား ကျောင်းသူတွေက မခန့်လေးစား လုပ်တာမျိုး ရှားရှားပါးပါး ကြုံရဖူးတာတွေကို မေ့ချင်တယ်။ သားကလေး တဘက်.. အလုပ်တာဝန်တွေ တဘက်ကြားက စိတ်လည်း ချမ်းသာ ၀င်ငွေလည်းရတဲ့ လုံးချင်းဝတ္ထုရေးတဲ့ အလုပ်ကို အချိန်ယူပြီး ပင်ပင်ပန်းပန်းလုပ်ခဲ့ရလို့ အိပ်ယာထဲ တလလောက် ပစ်လဲသွားခဲ့ဖူးတာကိုလည်း မေ့ထားချင် တာပါပဲ။ ပြီးတော့ မြသီလာနဲ့ပဲ ဆက်နွယ်နေခဲ့တဲ့ အနာတရတချို့ကလည်း မေ့ထား ချန်ထား ခဲ့ချင်တဲ့အထဲ ပါခဲ့တာပေါ့လေ။

ဒီတော့ မြသီလာရဲ့ အချိန်ကာလတွေနဲ့ ပတ်သက်ရင် ရှေ့မှာပြောခဲ့သလို ကိုယ့်အပေါ် မေတ္တာထားတာ သက်သက်နဲ့ အနားမှာ ရှိခဲ့ကြတဲ့ တပည့်လေးတွေအကြောင်းပဲ သတိရချင် တယ်။ ဆရာကန်တော့ပွဲတွေ ခမ်းနားအောင် အပြိုင်အဆိုင်လုပ်ကြပြီး တကယ့်ကို ရိုရိုသေသေ ထိုင်ကန်တော့ကြတဲ့ အဲဒီတုန်းက တက္ကသိုလ် ကျောင်းသားကျောင်းသူလေး တွေကိုပဲ သတိရချင်တယ်။ (၂၀၀၃ခုနှစ်မှာ ဒဂုံတက္ကသိုလ်ရောက်တော့ ဆရာကန်တော့ပွဲကို ဆရာဆရာမတွေက အစဉ်အလာ မပျက်စေချင်လို့ တိုက်တိုက်တွန်းတွန်းနဲ့ စီစဉ်ကြရတာ တဲ့..။ ကန်တော့ပွဲ လုပ်ဖို့ အလှူငွေကို ကျောင်းသားတချို့ဆီက ကြိုးစားပမ်းစား ကောက်ရတယ် တဲ့.. ကျမ ရှက်နေခဲ့မိဖူးပါတယ်)။ ပြီးတော့ တပည့်တွေနဲ့ အတူတူ မရှိအတူရှိအတူ မုန့်ဆိုင်ထိုင်ကြတာတွေ.. စာအကြောင်း ပေအကြောင်း ထွေရာလေးပါး ပြောကြတာတွေ.. ကဗျာစာအုပ်ထုတ်ကြတာတွေ... အဲဒါတွေကိုပဲ ပြန်သတိရချင်ပါတယ်။

+++++

၉၁ ရဲ့ ဇူလိုင်မှာပဲ စာမေးပွဲတွေ စစ်.. ဆက်တိုက်ပဲ အမှတ်တွေ ခြစ်ကြရ .. ။ စက်ရုပ်တွေလိုပဲ..။ သြဂုတ်မှာ အောင်စာရင်းအထွက်... တဲ့..။ စက်တင်ဘာမှာ ကျောင်းတွေ ပြန်ဖွင့်မှာ.. တဲ့။ အဲဒီ ကြားပိတ်ရက်လေးမှာပဲ ၃နှစ်တာရက်ရှည်ကျောင်းပိတ်ရက်ထဲမှာ စုပုံသွားတဲ့ ၁၀တန်းအောင် တွေကို ၆လ တသုတ်နှုန်းနဲ့ ကျောင်းဖွင့်သွားမှာတဲ့။ Academic Year ကို ၆လစီ သတ်မှတ်မတဲ့..။ အဲဒီတုန်းကလည်း ကျမ ဘုရားတမိပါတယ်။ တက္ကသိုလ်ပညာရေးရဲ့ တနှစ်စာ သင်ရိုးကို ဘယ်လိုများ ၆လနဲ့ တတ်အောင် သင်မလဲပေါ့..။ အဲဒီကတည်းက တက္ကသိုလ်ပညာရေးရဲ့ အဆင့်အတန်းကို ကျမတို့တိုင်းပြည်မှာ လက်လွတ်ဆုံးရှုံးရတော့မယ် လို့ ကျမအပါအ၀င် ဆရာအများစုကြီးက ထင်ခဲ့ကြပါတယ်..။ ဒီလိုနဲ့ ၉၁-၉၂ မှာပဲ ဆူလွယ်နပ်လွယ် ပညာရေးစနစ် စခဲ့တယ် ဆိုရမှာပါပဲ..။

ကျမကတော့ သြဂုတ်လ ခဏ တဖြုတ်လေး အနားရခိုက်မှာ လုံးချင်းဝတ္ထုတအုပ် ပြီးအောင် ရေးခဲ့ပါတယ်။ "အဆိပ်ဖြင့်... မြက်ခင်းများဆီ" ဆိုတဲ့ ပေါ့ပေါ့ပါးပါး ၀တ္ထုလေးပါ..။ ၈လေးလုံးအပြီး ကျောင်းပိတ်ရက်ရှည် ကာလထဲမှာတုန်းက.. အဖေ့ရဲ့ Free Bird Tour Company နဲ့ ခရီးတွေ လိုက်ထွက်ရင်းက ရလာဖူးတဲ့ inspiration ကို ကျောင်းဝန်းကျင်နဲ့ ယှက်နွယ်ပြီး ပြန်ရေးဖြစ်တဲ့ ဇာတ်လမ်းလေးပါ။ (စာအုပ်လက်ခံမရှိလို့ မျက်နှာဖုံးပုံလေး တင်မပေးနိုင်ပါ)။

အဲဒီရက်တွေထဲမှာပါပဲ... ကျမတို့ မဟာဝိဇ္ဇာ ဘွဲ့အတွက် ကျမ်းပြုဖို့ ကျမ်းခေါင်းစဉ်တွေ တင်ရမယ်.. တဲ့။ အဲဒီခေတ်တုန်းက ရွှေဈေး တကျပ်သား ၁သောင်းကျော်ကျော်လောက် ရှိချိန်မှာ Thesis ရေးဖို့အတွက်က စရိတ်စက ဘာဘာ ညာညာက အနည်းဆုံး ၅သောင်းလောက် ကုန်မှာ..။ ကျမ ရတဲ့ လုံးချင်း တအုပ် စာမူခက ၃သောင်း..။ အင်မတန် စိတ်နှလုံးကောင်းပြီး ကျမကို သမီးရင်းလို သဘောထားတဲ့ ယောက္ခမတွေကတော့ အားပေးတယ်.. "သမီး စိတ်မပူနဲ့ .. ပညာရေးအတွက် လုပ်စရာရှိတာ ဆက်သာ လုပ်.. မာမာတို့ ရှိတယ်.." တဲ့။ ကျမအနားက ကျမလို ဘိုင်ကျတဲ့ သူငယ်ချင်းတချို့လည်း ကျမလိုပဲ စိတ်ညစ်ကြတာပါပဲ..။ ဒါပေမဲ့ ဒါက ကြိုသိထားပြီးသား ကိစ္စမို့ ပြင်ဆင် ရင်ဆိုင်ကြရတာပါပဲ..။ (အဲဒီ ရက်တွေထဲမှာပေါ့.. "ရင်ကွဲနာ" ကို ရေးဖြစ်တာ)။

အဲလိုနဲ့ပဲ ၁၉၉၁ ရဲ့ စက်တင်ဘာမှာ ၁၉၉၁-၉၂ ပညာသင်နှစ်အတွက် အတန်းသစ်တွေ ပြန်ဖွင့်ပါတယ်။ အဲဒီနှစ်မှာတော့ ကျမတို့ ဆရာဆရာမတွေကို တာဝန်ပိုင်း နှစ်ချိန် ခွဲလိုက်ပါတယ်။ ကျမက မနက်ပိုင်းဆို သားဝေယျာဝစ္စ လုပ်ချင်တာမို့ နေ့လယ်ပိုင်း ၁၁နာရီကနေ ၄ နာရီကို ယူလိုက်ပါတယ်။ မနက်ပိုင်းသမားတွေက မနက်၇နာရီကနေ နေ့လယ် ၁နာရီအထိပါ။ အဲဒီအခါ ၉၁-၉၂ ဘူမိတန်းတွေနဲ့ လွဲသွားရပြီး (ဘလော့ဂါ ကေသွယ်တို့... ခု Myanmar geology Friend Website လုပ်နေတဲ့ (ကဗျာရေးတဲ့)နေဆူးသစ်တို့ နှစ်ပေါ့..။ သူတို့ကတော့ အဲလို ကျမနဲ့ လွဲသွားတာ ကံကောင်းလို့လို့ ပြောတာပဲ) :) :( ။ ပထမနှစ် ဓာတုဗေဒတန်းခွဲ(၁)ရယ်... ဒုတိယနှစ် ဒဿနိကအတန်းရယ်ကို အတန်းပိုင် ယူရပါတယ်။ အဲဒီ ဒုတိယနှစ် ဒဿနိက အတန်းမှာတော့ စာရေးစာဖတ် ၀ါသနာပါပြီး ကျမနဲ့အတူ ကဗျာစာအုပ်ထုတ်ဖြစ်ခဲ့ဖူးတဲ့ မောင်လွမ်းဝေ(ခု ပေါ်ပြူလာဂျာနယ်၊ ရတီမဂ္ဂဇင်း)က ကျောင်းသား ပေါ့။ ခုတော့ သူလည်း ဆရာပြန်ဖြစ်နေတာမို့ ခုလောက်ရှိ လက်ထောက်ကထိက လောက်တောင် ဖြစ်နေပလား မပြောတတ်ပါဘူး။

ပြီးတော့ ကျောင်းဝင်းလုံခြုံရေး ဂျူတီတွေကလည်း ယူရမပျက်ပါပဲ..။ ဂျူတီစောင့်တဲ့ ခုံတန်းရှည်ပေါ်မှာ ကျမ အိပ်ပျော် ပျော်နေတာကို အဖော်ဆရာမတွေက စောင့် စောင့်ပေး နေရတဲ့ အချိန်တွေပေါ့။ သားက ၇လသား။ လူကောင်အကြီးကြီးက အမေနို့ရော နို့မှုန့်ရော တွယ်တဲ့ အရွယ်။

ကျမ ခမျာ ပိန်ညှောင်ညှောင်နဲ့ တကယ့်ကို ပူပုံပန်း ဖြစ်နေရတဲ့အချိန်...။ ပုံထဲမှာသာ ကြည့်ပါတော့။ တပည့်မလေးတွေတချို့နဲ့ မိန်းထဲမှာ တွေ့တုန်း ရိုက်ထားတဲ့ပုံ။ အဲဒီနေ့က ကျမ ကျောင်းက ခွင့်ယူပြီး မိန်းထဲက စာကြည့်တိုက်ကို Thesis ကိစ္စသွားရင်း ရိုက်ထားတဲ့ပုံမို့ ဆရာမလို ၀တ်မထားတာပါ..။ :P

အဲဒီတုန်းကဆို အလုပ်တွေက ပိ..။ ကျမ်းပြုဖို့က တဘက်..။ အဲဒီရက်တွေထဲမှာ ကျမ မေ့ထားလိုက်ချင်တဲ့ အိမ်ထောင်ရေး အက်ကြောင်းကလည်း ပေါ်လာ... ။ အိုး ရူးမသွားတာတောင် ကံကောင်း..။

+++++

အဲဒီ ကျောင်းပြန်ဖွင့်ရက်တွေကတော့ ကျမတို့ ဆရာဆရာမတွေအတွက် တော်တော် အပြေးအလွှား နိုင်ကြရပါတယ်။ စာသင်နှစ်ကို လျှော့ချပြီး သင်ရိုးကိုတော့ မလျှော့ဘူးတဲ့။ ဒါဖြင့် ဘယ်လိုသင်ကြမလဲဆိုတော့ ဌာန အလိုက် Notes ရိုက်ရောင်းမယ်.. တဲ့။ အဲဒါကို ကိုင်ပြီးသင် တချိန် တပုဒ်နှုန်းတဲ့။ အဲဒီမှာ ပြဿနာက ကျမနဲ့ တွေ့ကြတော့တာပဲ..။ ကျမက စာတပုဒ်ကို ၂ချိန်လောက် ယူသင်တာ။ အမတ်ကြီး သိင်္ဃသူရ် ကျောက်စာအကြောင်း သင်ရင်.. သိင်္ဃသူ့သမီးကျောက်စာ နဲ့ ဖွားစောကျောက်စာလေးတော့ ထည့်ပြောလိုက်ချင်သေးတာ။ ပုဂံခေတ်သူ ခေတ်သားတွေရဲ့ စိတ်နေသဘောထားနဲ့ ပုဂံမြို့ အခင်းအကျင်း လေးတော့ ထည့်ပြောလိုက်ချင်သေးတာ။ ပုဂံနောက်ခံ ဗမာဆိုတဲ့ စရိုက်လက္ခဏာလေးတွေကို တပည့်တွေနဲ့ အတူ စိတ်ကူးပြီး မှန်းကြည့်ချင်သေးတာ။ ဒါပေမဲ့ မဖြစ်နိုင်တော့ပြီ။ စာတကြောင်းစီ ဖတ်ပြ ရှင်းပြရုံနဲ့တောင် အချိန်က လောက်ဖို့ မလွယ်..။

ပိုဆိုးတာကတော့ ကျောင်းသားတွေ သိသိသာသာ စာမလိုက်နိုင် ဖြစ်လာကြတာပါပဲ။ အဲဒီ အကျိုးဆက် ကတော့ ကျူရှင်တွေ ခေတ်စားလာတာပါ..။ ဆရာဆရာမတွေခမျာလည်း စားဝတ်နေရေးဒုက္ခက ကြီးလာကြ..။ ဒီလိုနဲ့ပဲ ကျမအနေနဲ့တော့ ဘယ်လိုမှ လက်မခံချင်တဲ့ အဲဒီအလုပ်ကိုပဲ လက်ခံလိုက်ရ။ ကျောင်းသားဘက်ကလည်း တောင့်တောင့်တတ.. ဆရာဆရာမတွေဘက် ကလည်း ကြောင့်ကြောင့်ကျကျနဲ့ပဲ ကျူရှင်ရေစီးကြောင်းကြီး တွင်ကျယ်လာလိုက်တာ..။ ကျမခမျာလည်း တောင့်မထားနိုင်ရှာတော့ဘဲ မျောပါသွား ခဲ့ရပါတယ်။ အဲဒီအခါ ကျောင်းရက် တချို့ ညနေပိုင်းတွေမှာ ကျူရှင်လိုက်သင်တာမျိုး လုပ်လာရပါတယ်။ ကျူရှင်ယူတာကတော့ ကျမအတန်းက ကလေးတွေမဟုတ်ပါဘူး။

စနေ တနင်္ဂနွေတွေမှာတော့ သားအတွက် အချိန်ပေးရတာရယ်... မြို့ထဲက မိဘအိမ် သွားရတာရယ်.. စာရေးဆရာဘ၀အတွက် မဂ္ဂဇင်းတိုက်တွေ လျှောက်.. လက်ဘက်ရည်ဆိုင် ထိုင်တာတွေရယ်ကို ဝေပုံကျ လုပ်။ အိမ်ပြန်ရောက်တော့ သားဝေယျာဝစ္စ.. (ကလေးကိစ္စကို ယောက္ခမတွေနဲ့ ယောက်မလေးက အချိန်ပြည့် ကူပေးနေကြလို့သာ တော်သေးတာပါ)။ သားက အမေကို မျှော်တတ်တဲ့ အရွယ်လည်း ရောက်လာ ပြီလေ။ အဲဒီတုန်းက ဘယ်လောက် ပင်ပန်း ပင်ပန်း ကျမက ၀တ္ထုတိုလေးတွေတော့လည်း ရေးဖြစ်နေခဲ့ပါသေးတယ်။

အဲဒီ အချိန်တွေထဲမှာပဲ ကျမ Thesis ခေါင်းစဉ်တင်လိုက်ရပါတယ်။ ကံကြမ္မာက ကျမကို ဒီတချီတော့ အလှည့် ပေးသားပါ..။ ကျမ တင်တဲ့ "အလင်္ကာကျော်စွာ ဂီတစာဆို မြို့မငြိမ်း၏ သီချင်းများကို ရသစာပေရှုထောင့်မှ လေ့လာခြင်း.." ဆိုတဲ့ ခေါင်းစဉ်အတိုင်း အတိအကျ မရပေမဲ့ "အလင်္ကာကျော်စွာ ဂီတစာဆို မြို့မငြိမ်း၏ ဘ၀နှင့် ဂီတစာပေ" ဆိုတဲ့ ခေါင်းစဉ်တော့ ကျလာပါတယ်။ (မြန်မာစာမှာက Thesis ခေါင်းစဉ်တင်ရင် ကိုယ်လုပ်ချင်တဲ့ ခေါင်းစဉ်ကျဖို့ မသေချာတတ်လို့ပါ.. ဘယ်လိုထုံးစံလဲတော့ မသိ)။ ကျမက ကံကောင်းချင် တော့ ဆရာအေး (မောင်ခင်မင်-ဓနုဖြူ)က အပြည့်အ၀ ထောက်ခံချက် ပေးလိုက်လို့ပါပဲ။ ပိုပြီး ကံကောင်းတာက ဂီတနဲ့ ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင်ရှိတဲ့အပြင် တပည့်အပေါ် ကိုယ်ချင်းစာ သက်ညှာ တတ်တဲ့ ဆရာ ဦးညွန့်သောင်းက Supervisor ဖြစ်လာလို့ပါပဲ..။ အဲဒီအခါ Thesis ရေးချိန်မှာ ကျောင်းသားအများစု ကြုံရတတ်တဲ့ စိတ်ရှုပ်ထွေးပူပန်ရမှုတွေ အခက်အခဲတွေကို ကျမ သိပ်မကြုံရတော့ ဘူးပေါ့။ ဒီတော့ ၁၉၉၂ ကနေ ၁၉၉၄ အထိ ၂နှစ်အတွင်း Thesis အပြီး ရေးရန်... ပေါ့။

+++++

လှိုင်မြသီလာရဲ့ ၁၉၉၁-၉၂ ပညာသင်နှစ်အစ ၉၁နှောင်းပိုင်းရက်တွေကတော့ ကျမအတွက် ပင်ပန်းပေမဲ့ ကိုယ့်ဘာသာတော့ ပျော်ပျော်နေနေရတဲ့ ရက်တွေပါပဲ။ အဲဒီနှစ်မှာ ကျမရဲ့ ဘူမိက မျောက်ကလေး တွေကလည်း ဒုတိယနှစ်ကို ညနေပိုင်းတက်ရတာမို့ ကျမ ကော်ရစ်ဒါ ဂျူတီ ကျပြီဆို သူတို့လည်း အတန်းအားတာနဲ့ ကြုံပြီဆိုရင် ကင်တီးသွားဖို့ လာခေါ်တော့တာပဲ။ ကျမကတော့ ဂျူတီစောင့်ရင်း အိပ်ပျော်မနေဘူးဆိုရင် ကျမ တာဝန်ကျတဲ့ ခုံတန်းမှာ ဧည့်သည်တွေမပြတ်ပေါ့။

အဲဒီတုန်းက လှိုင်မှာ ကျမနဲ့ ကင်တီး လာ လာ ထိုင်တတ်တဲ့သူတွေက RIT ကနေ လာကြတဲ့... ငထက် (ကဗျာရေးတဲ့ တင်မင်းထက်)... သူရ(ကဗျာရေးတဲ့ သားမွှန်း) နဲ့ ဇော်ကြီး(ချိုတူးဇော်-စတုတ္ထနှစ်မြို့ပြ ကျောင်းသူရိုက်တဲ့ ဒါရိုက်တာ)ရယ်... ဗလ(ဗိသုကာ) ရယ်... တခါတလေ မောင်အံ့ (ကဗျာရေးတဲ့ မောင်နန္ဒ) ပါပါလာတယ်။ ဆေးတက္ကသိုလ်ကနေ လာ လာ လည်တတ်တာက မင်းခိုက်စိုးစန်၊ လှိုင်မှာ ကျောင်းတက် နေကြတဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဧထက်.. ရှင်ဒေ၀ီနဲ့ ရာစုသစ်မြစ်ကျဉ်း ကဗျာအုပ်စုတွေ..၊ ပြီးတော့ အဲဒီအချိန်မှာ စာတွေ စရေးနေပြီဖြစ်တဲ့ လူပန့်ငယ်...။ သူငယ်ချင်းဆရာမတွေကတောင် ပြောယူရတယ်။ ငါတို့ကိုလည်း အချိန်ပေးပါဦးတဲ့။

ကျောင်းမှာလည်း အားကစားပွဲတွေနဲ့...။ ကျမ မိန်းဘက်တောင် သိပ်မရောက်ဖြစ်တော့တဲ့ အချိန်တွေပေါ့။ အဲဒီ ၁၉၉၁ရဲ့ ဒီဇင်ဘာ ၁၀ရက်နေ့မှာတော့ အန်တီစုအတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုကို သားနှစ်ယောက်က နေအိမ်အကျယ်ချုပ်ခံ အမေရဲ့ ကိုယ်စားအဖြစ် နော်ဝေနိုင်ငံ အော်စလိုမြို့မှာ လက်ခံယူနေတဲ့အချိန်..။ ရန်ကုန်တက္ကသိုလ်ပင်မထဲမှာတော့ အာဏာရှင်တွေကို အမြဲ ခြိမ်းခြောက်နိုင်တဲ့ တက္ကသိုလ်ကျောင်းသားတွေက ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကို လွှတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေ ထင်သလို ကျောင်းသား တွေက တရားမျှတမှုနဲ့ လွတ်လပ်မှုတွေအတွက် မေ့မေ့ပျောက်ပျောက် နေတတ်ကြသူတွေ မဟုတ်ကြောင်း သက်သေပြလိုက်တာပါပဲ။ ဒီဇင်ဘာ ၁၀ရက်နေ့ကစတဲ့ ဆန္ဒပြမှုက ဒီဇင်ဘာ၁၁ရက်မှာ ကျောင်းသားတွေကို ၀င်ဖမ်းမှပဲ ရပ်သွားခဲ့တာပါ။ (တိုက်တိုက်ဆိုင်ဆိုင် အဲဒီ ဒီဇင်ဘာမှာပဲ အန်တီစုရေးတဲ့ Freedom from Fear စာအုပ်ကို Penguin စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်)။

ပြီးတော့ အဲဒီ ဆန္ဒပြပွဲမှာ ပါခဲ့တဲ့ အမှုနဲ့ ကျောင်းသားတွေကို အဆောင်တွေမှာ ၀င်ဖမ်းတာ အယောက် ၂၅၀ကျော်ပါသွားပြီး ဒဂုံဆောင်မှာ နေတဲ့ Geology က ကျောင်းသားတွေကို ၀င်အဖမ်းမှာတော့ အယောက် ၅၀ကျော်အဖမ်းခံလိုက်ရပါတယ်။ အဲဒီထဲမှာ ကျမသား နေလင်းအပါအ၀င် Geology က ကျောင်းသား ၁၀ယောက်လောက်ဟာလည်း ထောင်ဆယ်နှစ် အမိန့်ချ ခံခဲ့ရပါတော့တယ်။ အဲဒီ လှုပ်ရှားမှုနဲ့ပဲ စာရေးဆရာမ ခက်မာလည်း အဖမ်းခံရ.. ထောင်ဒဏ် အနှစ်၂၀ဆိုပြီး အမိန့်ချခံခဲ့ရတာပါ။ အဲဒီလှုပ်ရှားမှုကို နိုင်ငံရေးအသိုင်းအ၀ိုင်းက 10D လို့ ခေါ်ကြပါတယ်။ ကျောင်းသားတွေရဲ့ မပြီးဆုံးနိုင်တဲ့ တိုက်ပွဲတွေပေါ့ ........................ ဒီလိုနဲ့ပဲ ကျောင်းတွေ ပြန်ပိတ်သွားရပြန်ပါတော့တယ်။

+++++

Nov 17, 2008

မြသီလာအလွမ်းပြေ(၁၇)

၁၉၉၁ မေက ပြန်စတဲ့ ကျောင်းဖွင့်ရက်တွေမှာတုန်းကတော့ စစ်အစိုးရက ကျောင်းဝန်းကျင်မှာ နဂိုပုံမှန်အတိုင်း ပြန်လည် ပျော်ရွှင်လည်ပတ်နေသယောင်ယောင် ဖန်တီးပေးခဲ့သားပါ။ ဒါပေမဲ့ ကော်ရစ်ဒါတွေမှာ ကျောင်းဝင်း လုံခြုံရေးဂျူတီ ထိုင်နေရတဲ့ ဆရာ ဆရာမတွေနဲ့ အင်အား တိုးမြှင့်ထားတဲ့ လုံခြုံရေးဝန်ထမ်း ဆိုသူများရဲ့ စောင့်ကြည့်နေမှုတွေအောက်မှာ တကယ်တော့ ကျောင်းဟာ မလုံခြုံတော့တာကို တွေ့နေရပါ တယ်။ ကျမတို့ ဆရာဆရာမတွေအတွက် ကတော့ အပင်ပန်းဆုံးကာလတွေပါပဲ..။ ကျောင်းဝင်းလုံခြုံရေး ဂျူတီဆိုတာလည်း ရှိရဲ့။ ဆရာမတစ်ယောက်က ကျောင်းသားအယောက်၂၀စီကို ဘာမှ ဆူဆူပူပူ မရှိအောင် တာဝန်ယူ အာမခံ ထိန်းရမယ်ဆိုတဲ့ guardianship ဆိုတာလည်း လုပ်ရရဲ့။ အတန်းတွေ အပြေးအလွှားဝင်.. ကျူတိုရီယယ်တွေ အပြေးအလွှားစစ်.. အမှတ်တွေလည်း အပြေးအလွှား ထည့်ရသေး။ ဘယ်လောက် ပင်ပန်းတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ။

(မှတ်မိသေးတယ်။ အဲဒီတုန်းက ကျမတို့ ကျူတာတွေရဲ့ လစာက ၁၂၀၀..။ သားအတွက် နို့မှုန့်က တဗူး ၃၅၀...။ မောင်ထူးမြတ်က တစ်လကို အနည်းဆုံး ၄ဗူးလောက် ပုံမှန် သောက်နေတဲ့အချိန်)။ ကျမရဲ့ အလုပ်တာဝန်ချိန် စုစုပေါင်းက မနက် ၈နာရီကနေ စလိုက်တာ ညနေ ၅နာရီအထိ.. ကျောင်းမှာ တနေကုန် တောက်လျှောက်..။ အဲဒီ လစာလေးနဲ့ ကျမတို့ အဆင်းရဲခံပြီး လုပ်ခဲ့ကြရတာ.. မတန်တဆ။ အဆိုးဆုံးကတော့ ကျမက သားကလေး တောင် ၂လသားမရှိခင် အဲလို လုပ်ရတာမို့ ပင်ပန်းကြီးလှတာပါပဲ။ အဲဒီ ခံစားချက်လေးကို ၀တ္ထု တောင် ရေးဖူးပါသေးတယ်။

အဲဒီလို ကာလမှာပဲ ဘူမိဗေဒတန်းကို ကျမ တာဝန်ယူရတာပါ။ အဲဒီတုန်းက ဘူမိဗေဒတန်း ဆိုတာက ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်မှာတော့ တော်တဲ့ကလေးတွေ ရှိတတ်တဲ့ မေဂျာတခုထဲမှာ ပါတာပေါ့။ ပြီးတော့ ပြောခဲ့သလိုပဲ မိန်းကလေးကို ယောက်ျားလေးအရေအတွက်ရဲ့ ၁၀ရာခိုင်နှုန်းပဲ ခေါ်တာမို့ တော်တော် မာကျောတဲ့ မိန်းကလေးတွေသာ ဘူမိကို ရောက်တယ်ပေါ့။ ကျမက အဲလို တော်တဲ့ အတန်းကို စာသင်ရတာမျိုး ကြိုက်ပါတယ်။ တခုပဲ စိတ်မကောင်းစရာ ကောင်းတာက ဌာနက စီနီယာများက ဘူမိတန်းက ကလေးတွေကြောင့် ဆရာမတချို့ ငိုရတယ်ဆိုတာမျိုး ပြောကြတာပါပဲ။ ကျမကတော့ အဲလို စိန်ခေါ်ချက် ရှိတာမျိုးကို စိတ်ဝင်စားတတ်ပါတယ်။

(တကယ်တော့ နည်းနည်း ပိုပိုသာသာပြောတာလည်း ပါတာပါ.. ဌာနမှာဆို စီနီယာတချို့က ကျမကို ကြည့်မရဘူး။ ကျမက စွာတယ်ပေါ့.. ဒီတော့ ကျမယူရမယ့်အတန်းကို ဆိုးတယ်လို့ ကျမစိတ်ညစ်သွားအောင် သာသာထိုးထိုးပြောတာမျိုး :P ။ နည်းနည်းပိုဆိုးတာက ကျမကို မြန်မာစာဆရာမနဲ့ မတူဘူးလို့ သူတို့က အမြဲ အပြစ်တင်တယ်။ အဓိကပြဿနာက ကျမက ဆရာမအလုပ်ဝင်ကာစတုန်းက ဆရာမအက်ႌေပၚမွာ ကုတ္အက်ႌ လေးတထည် ထပ် ထပ် ၀တ်တတ်တယ်။ ဘာလို့လဲဆိုတော့ ခါးတို ဗမာအင်္ကျီဝတ်ရတာ စိတ်ထဲ မလုံခြုံလို့။ ခါးသားကြီးပေါ်ပေါ်နေတာ ကျမ မကြိုက်ဘူး။ နောက်တခုက ကျမက ထမီတိုတို ၀တ်လို့။ အဲဒါလည်း အကြောင်းရှိတယ်။ ကျမလမ်းလျှောက်ရင် ခြေထောက် နည်းနည်း ကားပြီး မြန်မြန်လည်း လျှောက်တတ်တော့ ထမီရှည်ရင် ထမီစတရွှမ်းရွှမ်းနဲ့မို့ ခပ်တိုတိုဝတ်တာ။ အဲဒါလည်း လူကြီးတွေက သိပ်သဘောမကျဘူး။ ဒါ့ထက်ပိုဆိုးတာက ကျမက သိပ်ကန့်လန့်တိုက်တယ်လို့ သူတို့က ထင်ကြတယ်။ ဥပမာ ကျောင်းသားတွေကို Roll sheet ယူရမယ်ဆိုတာမျိုးကို ကျမက မလိုဘူးလို့ ထင်တယ်။ တက္ကသိုလ်ဆိုတာ အဲလို လုပ်စရာမလိုဘူး။ ကျောင်းသားတွေက သူတို့အတန်းက တက်မှဖြစ်မယ့် တန်ဖိုးရှိတဲ့ အတန်းလို့ ထင်ရင် တက်မှာပဲလို့ ကျမက ငြင်းတတ်တယ်.. အဲဒါမျိုးတွေပေါ့)။

ဒီလိုနဲ့ အတန်းယူရမယ့် မနက်မှာ ကျမယူရမယ့် ပထမနှစ်တန်းခွဲကို အသွားမှာ အတန်းနဲ့ ကပ်လျက်မှာ ရှိနေတဲ့ ဌာနကို အရင်ဝင်သွားပါတယ်။ ဌာနကို အသွား ကျမ၀င်ရမယ့်အတန်းဘက်လှည့်ကြည့်တော့ တခန်းလုံး ကျောင်းသားတွေ အပြည့်ရှိနေတာ တွေ့ပါတယ်။ ဆူဆူညံညံတော့ မရှိပါဘူး။ အဲဒီတုန်းက ဘူမိဗေဒရဲ့ ဌာနမှူးက ကျမတို့က ဗိုလ်ချုပ်လို့ခေါ်တဲ့ ဆရာဦးကျော်ထင်(စာရေးဆရာမောင်ထင်ရဲ့သား)... ပါ။ ဆရာက ပိန်ပိန်သေးသေးညှက်ညှက်လေး။ (ခုတော့ ဆုံးရှာပြီ)။ ဒါပေမဲ့ ဂျူဒိုခါးပတ်နက် ရထားတာတဲ့ဗျ.. (တကယ်ပဲလား.. နောက်တာလားတော့ မသေချာ... သေချာတာတခုကတော့ ဆရာက တက္ကသိုလ်များ ဂျူဒိုအသင်းရဲ့ ဥက္ကဌ)။ ကျောင်းသားတွေက သူ့ကို ချစ်လည်းချစ် ကြောက်လည်းကြောက် ကြတယ်။

ကျမ ဘူမိဗေဒဌာနထဲဝင်သွားတော့ ဗိုလ်ချုပ်က "ဒေါ်ငြိမ်း ကျောင်းသားစာရင်း လာယူတာလား" တဲ့..။ "ဟုတ်တယ်ဆရာ" ဆိုတော့... "ပြီးရင် ကျနော် ဌာနမှာ လာပေးမယ်..." တဲ့။ "ဆရာကလည်း ကျမ ကူးသွားပါ့မယ်.." ဆိုတော့ "နေပါစေ.. ကျနော် တယောက်ကူးခိုင်းထားပြီ.. လူဆိုးစာရင်းရောပါတယ်.. ဟဲဟဲ.." တဲ့။ ကျမက "ဒါဆိုလည်း လူဆိုးထိန်းလုပ်ရတာပေါ့ ဆရာရယ်"လို့ ပြန်ပြောပါတယ်။ အဲဒီကျတော့ ဆရာက "ကျနော့ မျောက်တွေက အဲလိုဆိုးတာတော့မဟုတ်ပါဘူးဗျာ.. ယောက်ျားလေးများတော့ နည်းနည်းတော့ သောင်းကျန်းတာပေါ့.." တဲ့။ ဆရာ့လေသံက ကိုယ့်သားသမီးဘက်က ရှေ့နေလိုက်တတ်တဲ့ မိဘရဲ့ အသံမျိုး။ ကျမပြန်ပြောလိုက်တယ်.. "ဆရာရယ်.. ကျမ အဆင်ပြေမှာပါ.." လို့။ ဆရာက "အမလေး... ယုံပါတယ် ဒေါ်ငြိမ်းရယ်.." တဲ့။ တကယ်ပဲ အဲဒီအချိန်ကစလို့ ဆရာက ဘူမိဗေဒဘောလီဘောပွဲတွေ ပိုက်ကျော်ခြင်းပွဲတွေ ရှိပြီဆိုရင် "ဒေါ်ငြိမ်း.. ခဗျားမျောက်တွေကို လာကူထိန်းပေးဗျာ .." လို့ ဌာနမှာ လာ လာ ခေါ်တာ။ ကလေးတွေ တခြားမေဂျာက ကလေးတွေနဲ့ ပြဿနာပေါ်လို့ ရုံးခန်းရောက်လည်း ကျမက ကန့်လန့် ကန့်လန့် ပါသေးတာလေ...။ အဲလိုနဲ့ ဆရာ မကွယ်လွန်ခင် နောက်ဆုံးတွေ့ခဲ့ရတဲ့ ၂၀၀၄ နှစ်ကုန်ပိုင်းအထိ ဆရာက ကျမနဲ့ တွေ့ရင် ကျမကို ဘူမိဗေဒမိသားစုဝင်တယောက်လိုပဲ သူ့တပည့်ဟောင်းတွေ အကြောင်း ဘယ်သူ့ တွေ့သေးလား.. ဘယ်သူ့သတင်းကြားသေးလား..နဲ့။ ကျမနဲ့ ပြောမကုန်.. မေးမကုန် ရှိတော့တာ။

တကယ်တမ်း ဘူမိဗေဒတန်းဝင်ပြီဆိုတဲ့အခါကျတော့ ကျမ မျှော်လင့်ထားတဲ့ ဆူဆူညံညံ အသံတွေမကြားရဘဲ ငြိမ်နေတဲ့ ကလေးတွေကို တွေ့လို့တောင် အံ့သြသွားရပါသေးတယ်။ ကလေးတွေဆိုလို့ ပြောရရင် အရပ်ရှည်ရှည် အကောင်ကြီးကြီးတွေတောင် များသေးတာ။ သူတို့ မျက်လုံးတွေကလည်း ကျမကို အကဲခတ်တဲ့ မျက်လုံးတွေ။ တခန်းလုံးပြည့်က ယောက်ျားလေးတွေ။ မိန်းကလေးတွေက အယောက် ၂၀တည်း ရှိတာမို့ ရှေ့ဆုံးက ၂တန်းမှာ ထိုင်လိုက်ရင် ကုန်ပြီ။ အလယ်တန်းနားက နေရာလွတ်မှာ ၀င်ဝင်ထိုင်တတ်တဲ့ မိန်းကလေး ၄ယောက်လောက်တော့ ရှိတယ်။ အဲဒီ ၄ယောက်လုံးက သိသိသာသာ ချောချောလေးတွေ...။ သူတို့လေးတွေကတော့ မိုးချိုသင်းလေး နဲ့ အပေါင်းအပါတစုပေါ့.. :) ။ အံ့သြစရာ ကောင်းလောက်အောင်ပဲ အဲဒီ ကျမနဲ့ သူတို့ရဲ့ ပထမနေ့မှာကတည်းက သူတို့လေးတွေက ကျမစာသင်တဲ့အပေါ် ငြိမ်ငြိမ်သက်သက် စိတ်ဝင်တစား တုံ့ပြန်ခဲ့တာပါ။

နောက်နေ့ ဗိုလ်ချုပ် ဌာနကိုလာတော့ ကျောင်းသားစာရင်း လူဆိုးစာရင်း.. ကျမကို ပြတယ်။ ကျမက "သူတို့က ဘယ်လိုဆိုးသလဲဆရာ" လို့ မေးတော့ ဆရာက ရယ်ပြီး "အမေးအမြန်း ထူတာ အတွန့်တက်တာပါ..." တဲ့။ "အမလေး... ဒီလောက်များတော့" လို့ ကျမ ပြန်ပြောဖြစ် ခဲ့သေး။ ဒါပေမဲ့ တချို့ဆရာ ဆရာတွေကတော့ အဲလို ကျောင်းသားမျိုးတွေကို မကြိုက်တာ ကျမလည်း တွေ့ဖူးပါတယ်။

မှတ်မှတ်ရရ ဘူမိက ကလေးတွေနဲ့ ပတ်သက်ရင် ကျမ တခါ ပတ်ချာရိုက်ဖူးတာ မှတ်မိနေသေးတယ်။ မြန်မာစာအဖွဲ့က အက္ခရာစဉ်စံနစ်တချို့ ပြောင်းလိုက်ပါတယ်။ ဗျည်းတွဲ တူတွေ စဉ်ရာကနေ ဗျည်းအုပ်စုတူ စဉ်တဲ့ စနစ်ပြောင်းလိုက်တာပါ။ ကျမတို့ ဆရာအငယ်တွေ ပတ်ချာရိုက်ကုန်ပါတယ်။ ကိုယ်တိုင် သေချာ လေ့ကျင့်ချိန်လည်း မရှိ။ သိပ်လည်း နားမလည်သေး။ အဲလိုနဲ့ ဘူမိတန်းက အမေးအမြန်းထူတဲ့ ကလေးတွေကြားထဲ ကျမ တခါတလေမှာ ပတ်ချာလည်။ တချို့ကလေးတွေက အဖြေရတာ ကျမထက်တောင် မြန်သေး။ နောက်ဆုံး ကလေးတွေက ရပြီ ဆရာမ.. နောက်မှ ဆက်လုပ်တော့မယ် နော်... စိတ်မပူနဲ့... လို့ ပြန်လျှော့ပေးခဲ့တာ မှတ်မိသေးတယ်။

သူတို့ဆီက အတန်းအပြီးမှာ နောက်အတန်းဆက်တိုက် မရှိတာမို့ သူတို့ စာသင်ချိန်ပြီးပြီဆိုရင် အတန်းထဲကနေ တအုပ်ကြီး ကျမနဲ့အတူ လိုက်ထွက်လာပြီး ကင်တီးထိုင်ကြတာပါပဲ။ တခါတလေ... သင်ခန်းစာထဲက ဆွေးနွေးစရာတွေ ကင်တီးမှာ ဆက်ပြောကြ..။ ဥပမာ... သူရဲကောင်း လဂွန်းအိမ်စကားပြေ သင်ပြီး ထွက်လာတဲ့နေ့ဆို မွန်မြန်မာစစ်ပွဲ ကိစ္စ ဆက်ပြောဖြစ်ကြတာမျိုး..။ တခါတလေတော့ ကဗျာအကြောင်း စာအကြောင်း။ တခါတလေ သူတို့ နှလုံးသားရေးရာတွေအကြောင်း။ သူတို့က မောင်ထူးမြတ်အဖေနဲ့ကလည်း ခင်ကြတော့ တခါတလေ အိမ်ထိ လိုက်လည်ကြပေါ့။ ကျမနဲ့ ကင်တီးအတူထိုင်နေကျ ပုံမှန်တအုပ်စု ရှိနေတဲ့အထိပေါ့။ များသောအားဖြင့် နယ်ကနေ ကျောင်းလာတက်တဲ့ ကလေးတွေက မိဘနဲ့ ဝေးနေတာမို့ ကျမနဲ့ ပို နီးနီးနေတယ်ထင်ပါတယ်။

အဲဒီထဲမှာ ထွန်းထွန်းမြင့်(လပွတ္တာကပါ.. ခုတော့ ဆုံးသွားရှာပြီလို့ ကြားတာပဲ)က စိတ်အပျော့ဆုံး။ ကျမကိုလည်း တော်တော် အားကိုးတယ်။ သူက စခေါ်တာ ကျမကို အမေ...လို့။ (အဲလိုနဲ့ နောက်နှစ် ဘူမိတွေထိ တချို့ကလေးတွေက ကျမကို အမေ... လို့ လိုက်ခေါ်ကြတော့တာ့)။ အဲဒီ ကျမနဲ့ ဘယ်လောက်မှ အသက်သိပ်မကွာပါဘူးဆိုတဲ့.. အင်မတန်ဆိုးတယ်ဆိုတဲ့.. ကျမနဲ့ ကင်တီးအတူထိုင်ဖက် ယောက်ျားလေး တွေကပဲ စာမေးပွဲအပြီး နွေကျောင်းပိတ်ရက် အိမ်ပြန်တော့ မြန်မာစာဌာန ကျဉ်းကျဉ်းလေးထဲက ကြမ်းပြင်မှာ ထိုင်ပြီး ကျမကို ကန်တော့ခဲ့ကြတာ။ ကျမ ခု ပြန်တွေးရင် မျက်ရည်လည်မိတုန်းပါ။ အဲဒီတုန်းကလည်း ကလေးတွေ ကန်တော့တဲ့အချိန်မှာ ဆုပေးရင်း ငိုခဲ့ရတာပဲ။ (အဲဒီလိုကလေးမျိုးတွေကို အများကြီး ကြုံခဲ့ရဖူးလို့လည်း ၂၀၀၃မှာ ဒဂုံတက္ကသိုလ်ရောက်တော့ အဲဒီက ကျောင်းသူ ကျောင်းသားတွေကို ကြည့်ပြီး ကျမ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရတာပေါ့လေ)။

လှိုင်မှာ တချို့ဆရာမတွေကဆိုရင် ကျမကို ဘူမိဗေဒဌာနကလို့ ထင်တာတောင် ရှိသေးတာ။ ကျမက ဘူမိဗေဒက ဘောလီဘောပွဲတွေ.. ပိုက်ကျော်ခြင်းပွဲတွေမှာ အမြဲ အသည်းအသန် အော်ဟစ် အားပေး နေတတ်လို့လေ။ (စိတ်ထိခိုက်စရာကောင်းတာက ကျမသင်ခဲ့ရတဲ့ ၄နှစ်ဆက်တိုက် ဘူမိဗေဒတန်းတွေထဲက ကလေးတွေချည်းပဲ ၃ယောက်က လူ့လောကမှာ မရှိကြတော့ဘူး။ အဲဒီထဲမှာ ကဗျာဆရာဦးတင်မိုးရဲ့ တဦးတည်းသောအငယ်ဆုံးသား၊ ချိုသင်းရဲ့ မောင်လေး ဥာဏ်မိုးလေးလည်း ပါတာပေါ့။ ဥာဏ်မိုးက ကျမရဲ့ နောက်ပိုင်းနှစ်တွေမှာ သင်ရတဲ့ ဘူမိတန်းက တပည့်ပေါ့.. ကျမ အင်မတန်ချစ်တဲ့ ကလေးလည်း ဖြစ်ပါတယ်..)။

မှတ်မှတ်ရရ ပြောရရင် အဲဒီ ၉၁ဘူမိတန်းထဲမှာ မိုးသွင်သွင်ကလည်း ကျမနဲ့ အနီးဆုံးကလေးတယောက်ပေါ့။ (သူလည်း ဆုံးရှာပြီ)။ သူ့ကို ကျမက မိုးမိုးလို့ ခေါ်တယ်။ မိုးမိုးက စာရေး သိပ်ကောင်းတယ်။ ကဗျာ သိပ်ကောင်းတယ်။ မိုးမိုးက ခေါ်လာပြီးတွေ့ပေးလို့ "သုမှူးငြိမ်း" ဆိုတဲ့ နာမည်နဲ့ ၀တ္ထုတိုလေးတွေ ရေးနေတဲ့ သမီးလေးတယောက်လည်း ကျမ ကောက်ရဖူးတယ်..။ ကျမရဲ့ တကယ့် သမီးနဲ့ အမေလို သူနဲ့ ချစ်ခဲ့တာ၊ ကျမ ဒီဘက်ကို ထွက်မလာခင်ထိ နှစ်ပေါင်းများစွာ.. တိုင်ပင်ဖော် တိုင်ပင်ဖက်။

အဲလိုမျိုးနဲ့ပဲ ကျောင်းပြင်ပလောကကနေ ကျမဆီ လာ လာ လည်တဲ့ ကျမမိတ်ဆွေတွေနဲ့ပါ သူတို့လေးတွေနဲ့ ခင်သွားကြတာမျိုးတွေ ရှိသလိုပဲ တခြားကျောင်းကနေ လာလာလည်တဲ့ သူတို့ သူငယ်ချင်းတွေနဲ့လည်း ကျမနဲ့ တသားတည်း ခင်သွားရတာမျိုးတွေ ရှိလာတာပေါ့။ အဲဒီမှာ ပြဿနာက သူတို့ရဲ့ RIT က သူငယ်ချင်းတွေကလည်း ကျမအတန်းထဲ ၀င်ထိုင်.. လက်ဘက်ရည်ဆိုင်အတူထိုင်.. ကဗျာစာအုပ် တူတူ ထုတ်ကြ... သူတို့က တီချယ်ကြီးလို့ ကျမကို ခေါ်။ ဆိုတော့ အဲဒီကလေးတွေကို သူများနဲ့ ကျမ ပြန်မိတ်ဆက်ပေးရရင် ခွကျရော.. တပည့်လို့လည်းပြောမရ.. သူငယ်ချင်းလည်း မဟုတ်။ ဟဲဟဲ.. အဲဒီတော့ ကျမက အနိုင်နဲ့ ပိုင်းပြီး ကျမရဲ့ ကလေးတွေလို့ မိတ်ဆက်ပေးရတော့တာပဲ.. (ဟုတ်တယ်မို့လား.. ငထက်ရေ..)။

အဲဒီနှစ်က ဘူမိဗေဒ ကလေးတွေမှာ ထူးခြားတာက စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ရှိတာ။ နောက် ကျမလုပ်သက်တလျှောက် မှတ်မှတ်သားသားရှိရတဲ့ တပည့်ကလေးတွေကို အဲဒီနှစ် ဘူမိတန်းကနေ စဆုံရတာ။ နေလင်း.. တွတ်ပီ.. မိုးဇက်.. ဇော်မိုးမြင့်.. မိုးသွင်သွင်.. ထွန်းထွန်းမြင့်.. ထူးမြတ်.. ဇော်မင်းအေး... သီဟဇော်... ချိုသင်း.. နိုင်နိုင်... မိချော... ထားထား... အေမီ... သန္တာ...။ တချို့လည်း ကျောင်းမှာပဲ ဆရာ ဆရာမတွေ ပြန်ဖြစ်နေပြီ။ တချို့ ခုချိန်ထိ အဆက်အသွယ်မပြတ်သေး။ ကျမ ဒီဘက်ကို ထွက်မလာခင် ဆရာဆရာမပြန်ဖြစ်နေတဲ့ ကလေးတွေနဲ့ မိန်းထဲမှာတွေ့ကြရင် သူတို့က ကျမကို ခုထိ ရိုရိုသေသေရှိတုန်း.. သိပ်ချစ်စရာကောင်းတဲ့ ကလေးတွေပါ။ (အဲဒီနှစ် ကျောင်းပြန်အဖွင့်မှာ ကျောင်း ဆက်မတက်တော့လို့ တပည့်မဖြစ်လိုက်ရတဲ့ ဘူမိဗေဒ ကျောင်းသားက မျိုးကျော့မြိုင် ပေါ့ .. နောက်ပိုင်း သူနဲ့ ကျမ တွေ့ပြီး ခင်သွားတော့တောင် သူက ကျမကို သူ့သူငယ်ချင်းတွေရဲ့ ဆရာမ.. ဂျီအော်လော်ဂျီရဲ့ ဆရာမအနေနဲ့ ဆက်ဆံတာ)။ အဲဒီ ၉၁ကနေ ပထမနှစ် ဒုတိယနှစ် ဘူမိတန်းတွေကို အလျဉ်းသင့်သလို ၀င်သင်ရတာ စလိုက်တာ ၉၅ ထိ တောက်လျှောက်ပါပဲ..။ အဲဒီနှစ်တွေမှာလည်း ဘူမိနဲ့ ပတ်သက်လို့ အမှတ်ရစရာတွေ ကြုံခဲ့ရတာ အပုံပေါ့။

တခု စိတ်မကောင်းစရာ ကောင်းတာက အဲဒီတုန်းက ကျမက အသက် ၂၆.. သူတို့လေးတွေက ၁၉.. ၂၀..။ ဆိုတော့ သူတို့လေးတွေနဲ့ ကျမက အသက် ၆နှစ်ကျော် ၇နှစ်လောက်ပဲ ကွာတာမို့ တချို့က ကျမနဲ့ သူတို့လေးတွေကြားက သံယောဇဉ်ကို နားမလည်တာပါပဲ။ ဒါကို ကျမက ဂရုမစိုက်တတ်ပေမဲ့ ဆရာနဲ့ တပည့်ကြားက မိသားစုဆန်တဲ့ မေတ္တာတရားဆိုတာကိုတော့ နားလည်တတ်ကြစေချင်တာပါ။ ဒါနဲ့ပဲ သူတို့လေးတွေအကြောင်း ၀တ္ထုတိုလေးတပုဒ် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ ရေးဖူးပါသေးတယ်။ (ကျမဆိုးတာတခုကတော့ ကာယကံရှင်တွေကို မပြောဘဲ သူတို့နာမည်ရင်းတွေနဲ့ ရေးခဲ့တာ.. သူတို့ခမျာ ဘာမှမပြောရှာပါဘူး)။ ၀မ်းသာစရာကောင်းတာကတော့ အဲဒီ ၀တ္ထုလေး ဖတ်ပြီးတော့ ကျမအနားက ဆရာဆရာမတွေက ကျမ ရည်ရွယ်တာကို နားလည်ပြီး ကျမရဲ့ မျောက်ကလေးတွေကို သဘောပေါက် သွားပါတယ်။ အခု အဲဒီဝတ္ထုလေး တင်ပေးလိုက်ပါတယ်။

တကယ်တမ်းကျတော့ အဲဒီ ၁၉၉၁ မေမှာ ပြန်ဖွင့်တဲ့ အတန်းက စာသင်ချိန် ၂လတည်းရပြီး ဇူလိုင်လမှာ စာမေးပွဲ စစ်လိုက်တာပါ။ အဲဒီ နှစ်လတာကလေးသာ စာသင်လိုက်ရပေမဲ့ ခုချိန်ထိ တသက်လုံး အဲဒီ ကလေးတွေနဲ့ ကျမ ဆက်စပ်နေခဲ့ကြတာ ၁၇နှစ်ရှိပြီ။ ခုနောက်ပိုင်းခေတ် ဆရာတပည့် ယဉ်ကျေးမှုထဲမှာတော့ ရှားရှားပါးပါး တန်ဖိုးရှိမှုတခုလို့ ကျမကတော့ ခံစားရပါတယ်။

၁၉၉၁ မေမှာ ပြန်ဖွင့်တဲ့ တက္ကသိုလ်တွေက ဒီဇင်ဘာလထိသာ ခံလိုက်ပြီး ထပ်ဖြစ်လာတဲ့ အန်တီစု နိုဗယ်ဆုရတဲ့ အထိမ်းအမှတ် ကျောင်းသားလှုပ်ရှားမှုကြောင့် ပြန်ပိတ်လိုက်ရပြန်ပေမဲ့ ကျမအတွက်ကတော့ ပြောစရာတွေ အများကြီး ရှိခဲ့ရတဲ့ နှစ်ပါပဲ။

+++++

အမေတစ်ယောက်ရဲ့ ရင်ခုန်သံ


အမေ
ကျွန်တော် ကန္တာရ မိုးရေတစ်စက် သောက်မိခဲ့ပြီ။

သား - နေလင်း


ထိုစာကို သားနေလင်း၏လက်ရေးဖြင့် ဖတ်လိုက်ရသောအခါမှာ မျက်ရည်တို့ပင် လည်လာခဲ့ရသည်။ ဘာပဲဖြစ်ဖြစ်... သားနေလင်း၏ အသိအမှတ်ပြုမှုကို ခံစားရတာကိုပဲ ကျမက ကျေနပ်သွားခဲ့ပြီ။ တွေ့ရင် ဆူပစ်လိုက်ဖို့တွေးထားသမျှတို့ ပျောက်ကာ “ဒါမျိုးတော့ အတော် တတ်တဲ့ ကောင်လေး” ဟု ရေရွတ်ကာ သားအပေါ် ခွင့်လွှတ် ဖြစ်ခဲ့ပြီ။

ကြည့်စမ်း... ဒါဟာ အမေပဲမဟုတ်လား။ ဒါဖြင့်... အဲဒီသားရဲ့ အမေအရင်းကရော ဘယ်လို ခံစားနေမလဲ...။ အဲသလိုပဲ... ကျမမွေးထားရတဲ့ သားအရင်းနဲ့ ပတ်သက်လာရင်ကော ကျမ ဘယ်လို ခံစားလိမ့်မလဲ...။ ဒါပေမဲ့... သေချာတာကတော့ ကျမက ခွင့်လွှတ်အားကြီးတဲ့ အမေတစ်ယောက်တော့ ဖြစ်နိုင်ခြင်းပင်။

+++++

ကျမသည် လူကြီးများနှင့်ပတ်သက်လျှင် ခွတ်မလွှတ်နိုင်ခြင်း များပြားသလောက်... လူငယ်များ ကလေးများနှင့် ပတ်သတ်လျှင်မူ ခွင့်လွှတ်လွယ်လွန်းသူ ခွင့်လွတ်နိုင်လွန်းသူသာ ဖြစ်ပါသည်။

ကျမ၏မောင်နှမအပါအဝင် ကျမ၏ရင်သွေး သားကလေးနှင့်တကွ ကျမ၏တပည့်များအားလုံးကို ကျမ အမြဲတမ်း ခွင့်လွှတ်လွယ်ခဲ့သည်။ ကျမ၏ လက်အောက်ငယ်သားလေးများ စိတ်အနှောက်အယှက် ဖြစ်မည်ကို ကျမ မကြည့်နိုင်ပါ။ ခင်ပွန်းသည်ကတော့ “ဒါဟာ ခေါင်းဆောင်ကောင်းရဲ့ လက္ခဏာ မဟုတ်ဘူး... ခေါင်းဆောင်ကောင်းဆိုတာ အကောင်းကို ညွှန်ပြရသလိုပဲ စည်းကမ်းနဲ့ပတ်သက်ရင်လည်း တင်းကျပ် တိကျရတယ်”ဟု ပြောဖူးသည်။

ကျမကတော့ ကလေးတွေကို ချော့ပြောရတာပဲ သဘောကျသည်။ ဒါကြောင့်ပဲ ဖြစ်ပါလိမ့်မည်။ ကျမကို ကျမ၏မောင်ငယ် ညီမငယ်များနှင့် တပည့်များက ချစ်ခင်ကြ၏။ တကယ်တော့ သူတို့အချစ်ခံရဖို့ ရည်ရွယ်ခဲ့ခြင်းတော့ မဟုတ်ပါ။ ကျမကိုယ်တိုင်ကိုက နူးနူးညံ့ညံ့ ဖေးဖေးမမ အပြောခံရတာကို သဘော ကျခြင်းကြောင့်သာ ဖြစ်သည်။ ပြီးတော့ ကျမ၏ဝမ်းနှင့်လွယ်မွေးရသည့် သားကို ချစ်ခဲ့ရပြီး နောက်ပိုင်း မှာတော့ ကျမ ကျမ၏တပည့်များကို ကျမ၏ဝမ်းနှင့် လွယ်မွေးရသော သားသမီးများလို သဘောထားကာ ချစ်နိုင်ခဲ့ခြင်းကလည်း ကျမ၏ခွင့်လွတ်နိုင်စွမ်းအားကို ပိုများစေခဲ့တာဖြစ်သည်ဟု ကျမက ယူဆသည်။

သားကလေးနှစ်လသားမှာ တက္ကသိုလ်တွေ ပြန်ဖွင့်တော့ ကျမ ယူရသည့် အတန်းက ဘူမိဗေဒ ပထမနှစ် ဖြစ်သည်။ ယောကျာ်းလေး ဦးရေ၂ဝဝ၊ မိန်းကလေးဦးရေ ၂၅ ယောက်။ ယောက်ျားလေးများသော မေဂျာမို့ ခပ်ဆိုးဆိုးကိုင်တွယ်ရမည်ဟု အားလုံးက မှတ်ချက်ချသော အတန်း လည်း ဖြစ်သည်။ ကျမကတော့ ကျမရှေ့မှာထိုင်နေကြသော အရပ်ရှည်ရှည်ထွားထွားကြီးများနှင့် မျက်နှာကျတော့ နုနုကလေးသာရှိကြသော တပည့်များကို ကြည့်ကာ... ကျမ၏ သုံးလသား သားကလေးနှင့် ထပ်တူပင် မြင်နေမိသည်။ တကယ်လည်း ကလေးတွေလို ပျော်ရွှင်လွယ်ကာ... တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်ရင်းနှီးကြသော အပြစ်ကင်းသည့် လူငယ်လေးတွေပါ။ ထို့ကြောင့်ပင် သူတို့နှင့် ကျမက အဆင်ပြေလွယ်နိုင်ခဲ့သည်။ သူတို့ကို ကျမက သားသမီးလို သဘောထား၏။ သူတို့ကလည်း ကျမကို အမေလို သဘောထား၏ ။

အဲသည့်စာသင်နှစ်မှာ အံ့သြစရာကောင်းလှစွာပင် ကျမနှင့် ထိုဘူမိဗေဒ ကလေးများနှင့် တသားတည်းကျကာ ထိုစဉ်က ကျမ၏ လုပ်သက် ခုနစ်နှစ်အတွင်း အဆင်ပြေဆုံး... ပျော်စရာ အကောင်းဆုံး စာသင်နှစ် ဖြစ်ခဲ့သည် ။

+++++

ကျမ၏ဆရာမ ဘဝတသက်တာ အမှတ်တရ တပည့်သားသမီးများစွာရှိသည့်အထဲမှာတော့ သားနေလင်းက အထင်ရှားဆုံး စာရင်းထဲမှာ ပါဝင်ခဲ့ပါသည်။ ကျမကိုက လိမ်မာသော ကလေးထက် ဆိုးသည်ဆိုသောကလေးတွေကို အမှတ်တရရှိမိတာလည်း ပါပါလိမ့်မည်။ သားနေလင်းကို ဆိုး သည်ဟုပြောကြတော့ ကျမမှာ သူ့ကို ဆက်ဆံဖို့ အတော်အားတင်းခဲ့ရတာ မှတ်မိသေးသည် ။

တကယ်တမ်းကျတော့ ကျမရဲ့သားနေလင်းက လူငယ်ပီပီ မဟုတ်မခံ၊ မှန်တာပြော၊ လွတ်လပ် ပေါ့ပါး၊ ထက်မြက် တက်ကြွ၊ ပျော်ပျော်ပါးပါး နေတတ်ပြီး တဘက်မှာတော့ လူကြီးသူမကို ရိုသေရ ကောင်းမှန်း သိသော၊ နာခံတတ်သော၊ သူ့အမှားကို သူတာဝန်ယူ တတ်သော အရည်အချင်းရှိသည့် ကလေးသာ ဖြစ်နေခဲ့သည်။ သိုပေမဲ့ အမှန်တရားကိုက ခါးသက်သည်မို့ သားနေလင်းကို ဆိုးသည်ဟု အလွယ်တကူ အမည်တပ်ခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။

ကျမကတော့ မေတ္တာပေးခြင်းဖြင့် မေတ္တာသာပြန်ရနိုင်သည်ကို ယုံကြည်လှသူသာ ဖြစ်ပါသည် ။

+++++

အဲသည့်နှစ်မှာတော့ဖြင့် ကျမက သားဆိုးတွေ အများကြီးရခဲ့သည်ဟုပင် ဆိုရပါမည်။ တကယ်စစ်စစ်မှာတော့ အလွန်ချစ်စရာကောင်းသော ထက်မြက်သည့် ကလေးတွေသာ ဖြစ်ပါသည်။ အဲသည့်ထဲမှာမှ ကျမအပေါ်ချစ်ခင်လေးစားသော၊ ကျမဆုံးမသမျှကို ခွန်းတုံ့မပြန် နာခံတက်သော ကျမဆဲဆိုသမျှ မနာဘဲ ရယ်နေတတ်သော၊ တခါတရံ ကျမ မဆုံးဖြတ်နိုင်သည့် အရေးအရာပြဿနာ တို့ကိုပင် ကူညီစဉ်းစားပေးတတ်သော၊ ကျမသဘောကျ စာဖတ်နာသော သားနေလင်းကိုတော့ ကျမကိုယ်တိုင်က မွေးထုတ်ထားရသော သားလိုပဲ မြင်ခဲ့သည် ။

ကျမ ကလေးတွေ မူးလို့... ဖဲရှုံးလို့... အသည်းကွဲလို့... ဘာဖြစ်လို့ ညာဖြစ်လို့တွေအပေါ် ကျမပူပန်လို့ ။ ကိုယ်တိုင်မမြင်ဖူးသော သူ့အမေနှင့်ထပ်တူ ကိုယ်ချင်းစာ ခံစားခဲ့၏ ။

အဲသည့်နှစ်မှာပဲ... ကျော်သီဟ၊ ဇော်မိုးမြင့်၊ မိုးဇက်၊ ထွန်းထွန်းမြင့်၊ မိုးသွင်သွင် တို့လို တစ်ယောက်တစ်မျိုး ထူးခြားသည့် ကလေးတွေကိုလည်း ကျမက ကျမသားနှင့်ထပ်တူ မြင်ခဲ့တာပါပဲ ။

ကျော်သီဟကျတော့ လူကြီးလေးလို စကားပြောတတ်လို့

ဇော်မိုးမြင့်ကျတော့ ရိုးရှင်းလို့

မိုးဇက်ကျတော့ ကျမကို အမြဲတခုတ်တရ နှုတ်ဆက်တတ်လို့

ထွန်းထွန်းမြင့်ကျတော့ ချွဲတတ်လို့

မိုးသွင်သွင်ကျတော့ အနေရှင်းသလောက်... ကျမကိုတော့ အထူးချစ်ခင်လေးစားကာ ရိုသေလို့... အများကြီးပါပဲ... ချစ်စရာကလေးတွေ။ အနေအေးပြီး ကျမနဲ့ဝေးသော်လည်း ကျမအပေါ် ဂါရဝရှိသော ကလေးတွေကိုလည်း ကျမ အမြဲ အမှတ်ရပါသည်။

အဲသည်ကလေးတွေ ပထမနှစ်အောင်ပြီး... ဒုတိယနှစ်... တတိယနှစ်... နောက်ဆုံးနှစ်...။

ကျမဘဝတလျှောက်မှာတော့ ပထမနှစ်ပြီးသွားလျှင် ထိုပထမနှစ်တုန်းကဆရာမကို မေ့ပစ်လိုက် တတ်သော တပည့်များ၊ မေ့မသွားလျှင်သော်မှ အလှမ်း ဝေးသွားသော တပည့်များသာ တွေ့ခဲ့၏ ။

ခု ဘူမိဗေဒ(၁၉၈၈-၉၃) ကလေးများကတော့ သူတို့ဘယ်နှစ်တန်းရောက်ရောက်... ကျမထံ အလည်လာမပျက်။ မုန့်အတူစားဖို့ မမေ့မလျော့ ခေါ်မပျက်။ ပြီးတော့ ကျမချစ်သောသားများက ကျမကို အမေတဲ့ ။

အသက်သုံးဆယ်ပင်မပြည့်ချင်သေးသော မိန်းမတစ်ယောက်အနေဖြင့် ကိုယ့်ထက် ခြောက်နှစ် ခုနစ်နှစ်ထက် ပို မငယ်သောလူငယ်များ၏ အမေတစ်ယောက်အနေဖြင့် ကိုယ့်ထက် ဘယ်လောက်မှ မငယ်လှသော လူငယ်များ၏အမေတစ်ယောက် ဖြစ်ခွင့်ရခြင်းအပေါ် ဘယ်လို သဘောထားမလဲ... ကျမ မတွေးတတ်ပါ ။

ကျမကတော့ အဲဒီလို အမေဖြစ်ခွင့်ရခြင်းအတွက် ဂုဏ်ယူကျေနပ်စွာ မျက်လုံးများစွာကို ဖြတ်ကျော် အောင်နိုင်ခဲ့ပါသည် ။

+++++

သူတို့ကလေးတွေက ကျီးကန်းတွေလိုပဲ ညီညွတ်ကြ၏။ တစ်ယောက်ထိလို့ကတော့ ဝိုင်း ‘အာ ’လို့ မဆုံးကြတော့။ တကယ်တမ်းကျတော့ဖြင့် ရက်စက်ရိုင်းစိုင်းလွယ်ကြသူတွေလည်း မဟုတ်ကြပြန်။ ပြီးတော့ လိုအပ်လျှင် ဖြေရှင်းရဲသော သတ္တိတော့လည်း ရှိကြ၏။ သူတို့က ‘ကျနော်တို့က ဆိုးတာပါ အမေရ... မိုက်ရိုင်းတာမဟုတ်ဘူး’ ဟုလည်း ပြောတတ်၏ ။ ကျမကတော့

သားယောက်ျားလေးဆိုတာ ထက်မြက်ရမယ်.. ရဲရင့်ရမယ်.. အမှန်တရားကိုပဲ ရွေးရမယ်.. လွတ်လပ်ပေါ့ပါးရမယ်.. လောကမှာ အားလုံးကို သိထား ကြုံထားဖူးရမယ်ဟု ခံယူထားသူမို့ သားတွေကို ထောက်ခံတာပါပဲ။ ကျမကတော့ ကျမသားကိုပင်... သိပ် မချုပ်ချယ်(မထိန်းချုပ်)ဘဲ လွတ်လွတ်လပ်လပ် ကြီးပြင်းစေသူ ဖြစ်ပါသည်။ ပြီးတော့ “ဆိုးတဲ့ကလေးဟာ တချိန်မှာ လိမ်မာဖို့ပဲရှိတော့တယ်” တလျှောက်လုံး လိမ်မာတဲ့ ကလေးသာ ဘယ်အချိန်ဆိုးမလဲ ပူရပြီးတော့ မတွေ့ဘူး မှုးမြစ်ထင်မှာစိုးရတယ်" ဟု ကျမက ယုံကြည်ပြန်ရာ ကျမ၏အမြင်မှာတော့ သားများက ဘယ်လိုမှ လူဆိုးမဖြစ်တော့ပေ။ ကျမက သိပ်စိတ်တိုလာရင်တော့ သူတို့ကို "မျောက်တွေ" ဟုသာ ဆဲရေးဖြစ်သည်။ တကယ်ပဲ မျောက်ကလေး တွေလို စပ်စပ်စုစု စူးစမ်းပြီး အငြိမ်မနေနိုင်ကြသည့်သတ္တဝါကလေးတွေပဲ မဟုတ်လား ။

ကျမကတော့ အဲသည့် မျောက်ကလေးတွေနှင့်ပတ်သက်လျှင် ဘိနပ်ပျောက်တာအစ ရည်းစားကွဲတာအထိ သိရနေကျမို့ သူတို့ကလည်း ကျမကို အမြဲအတိုင်အတောလုပ်တတ်ကြသည် ။

ဆရာမ... ဘယ်သူတော့ဘာဖြစ်ပြန်ပြီ... ဟူသော အတိုင်စကားလုံးတွေကို အမြဲကြားနေရကျ။ တကယ်တော့ ဘယ်လောက်မှ ကြီးမားသော အပြစ်များတော့မဟုတ်။ ကျမကလည်း အမြဲပဲ ကူဖြေရှင်းပေးနေကျ။ သူတို့များ အောင်စာရင်းထွက်လျှင် ကျမမှာ ပြေးကြည့်ရတာအမော...။ သူတို့ ဂုဏ်ထူးထွက်လျှင် ကျမ စွေ့စွေ့ ခုန်ပျော်ရသလို သူတို့နာမည်မပါတော့လည်း ကြွေးကျန်သလား... ကျသလား ပူရတာ... ။

ဒါတွေ သူတို့ကတော့ အလုံးစုံ သိမည်မထင်။ သိဖို့လည်း မလိုလှပါ။ လိုအပ်သည်က ကျမ၏ နိုင်စွမ်းသလောက်သော မေတ္တာတရားဖြင့် သူတို့ကလေးတွေ စိတ်ချမ်းသာဖို့... ဘဝမှာနေပျော်ဖို့... အရာရာ အောင်မြင်ဖို့ပဲ မဟုတ်လား ။

ကျမကို အမေလို... မိတ်ဆွေလို... ညီအစ်ကိုလို... တိုင်ပင်ရင်ဖွင့်တတ်သော သူတို့လေးတွေ... ပင်မတက္ကသိုလ်ထဲ ရောက်သွား...။

“အမေရေ... ဘယ်သူတော့ စွံသွားပြီ”

“ဘယ်သူတော့ ဘယ်လောက်ကဲနေတယ်”

“ဘယ်သူ အတန်းမတက်ဘူး”

“ဘယ်သူရယ်... ဖဲတွေချည်း ရိုက်နေလို့”

“ဘယ်သူ အရက် အရမ်းသောက်နေလို့”

“ဘယ်သူ အသည်းကွဲလို့” ဆိုသောစကားများကတော့ ကြားနေရဆဲ။ ကျမကလည်း အဲလိုအသံတွေ ကြားနေရခြင်းမှာပဲ သာယာ နာပျော်သူ ။ ငါ့သားသမီးတွေ ငါ့ကိုမမေ့ကြသေးဘူးပေါ့ ။

ပြီးခဲ့တဲ့အပတ်ကတော့ သားနေလင်းက

“အမေ... ကျနော်တို့လည်း နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီ... အချိန်ယူစဉ်စားခဲ့တဲ့ ကိစ္စတွေ လုပ်မှထင်တယ်”ဟု ပြောခဲ့သည်။သူ့ မျက်နှာကိုကြည့်တော့ ရှက်စနိုးရိပ်ဖြင့် ရယ်ဟဟ။ “အမယ်.. ဘာတွေတုံးဟဲ့... ” ဟု ကျမကပြောမှ “ရည်းစားထားတော့မလို့... အမေရေ့”ဟု ပြောသည်။

“ အမယ်.... ” ဟုရေရွတ်ပြီး ကျမက တဟားဟား ရယ်တော့ သားက မျက်နှာတွေ နီလို့ ။ အတူပါလာသော သား ကျော်သီဟက “တကယ်... အမေရဲ့” ဟု ထပ်ပြောမှ ကျမက အရယ်ရပ်ကာ “အေးပါ... ဟုတ်ပါတယ်... ဒါပေမဲ့ နင်တို့ကြည့်ရတာ ရည်းစားထားမယ့်သူနဲ့မတူဘဲ စာမေးပွဲဖြေမယ့် သူတွေနဲ့ တူနေလို့” ဟု ရယ်သွမ်းသွေးမိသည် ။

“အမေမသိလို့... အမေ့သားနေလင်း... ကောင်မလေးအဆောင်ရှေ့ သွားသွားကြွေနေတာ... ကံကောင်းလို့ နမိုးနီးယား မဖြစ်တာ” ဟုလည်း သား ထွန်းထွန်းမြင့်က ထပ်ချွန်သည် ။

ကျမကတော့ ရင်ထဲမှာ... “အမယ် ငါ့သားက ချစ်တတ်နေပြီပဲ”ဟု ရေရွတ်မိသေးသည်။ ကိုယ့်တုန်းကဆို ခု သူတို့အသက်မှာ အိမ်ထောင်သည်ပင် ဖြစ်ခဲ့ပြီ မဟုတ်လား ။

သားတွေကတော့ ပျော်လို့... ကြည်နူးလို့၊ ကျမကတော့ သားတွေ ငါ့ကိုမေ့ရောပေါ့၊ ဒါဖြင့်... သူတို့ရဲ့ မွေးအမေတွေကိုရော...။ ကျမရင်ထဲမှာ ဟာတာတာ ဖြစ်သွားသေး၏။ တကယ်တော့ သားသမီး ဆိုတာဟာ မိဘရင်ကို စုံကန်ထွက်သွားကြမယ့်သူတွေပဲဟု ဖြေတွေးမိသေး၏။ သို့ပေမဲ့ ပျော်နေမည့် သားတို့မျက်နှာကို မြင်ယောင်တော့လည်း ကျေနပ်သားပင် ။

သားက သူ့မိန်းကလေးဘယ်သူဆိုတာကို ပြောပြတော့ ကျမမှာ ပိုလို့ပင် စိတ်ကြည်နှုးရသေး၏။ အင်မတန် အေးချမ်းလိမ်မာခြင်းဖြင့် ပြီးပြည့်စုံသော ပြီးတော့ သူစိမ်းထဲကမဟုတ်ဘဲ သားရဲ့အတန်းဖော်၊ ကျမ၏ သမီးတစ်ယောက်လည်းပဲ ဖြစ်ပြန်သည်။

“ကောင်းတယ်... ဒါမှ မင်း လိမ်မာမှာ”

ကျမ၏ကောက်ချက်ကို သားက သဘောတကျ ပြုံး၏။ ပြီးတော့“ မသေချာသေးပါဘူး အမေရ...” ဟု မပွင့်တပွင့် ပြော၏။ ဟော... ကျမက စိတ်ပူသွားရပြန်သည်။ ဟုတ်ပ... တော်ကြာငြင်းလိုက်မှ ငါ့သားအသည်းကွဲရဦးမှာ... ဒုက္ခ... ဟု တွေးပြီး စိုးရိမ်နေမိပြန်သည် ။

နောက်တော့သားတွေပျောက်နေကြသည်။ ကျမမှာကလည်း ကိုယ်ရေးကိုယ်တာကိစ္စတွေ အလုပ်တွေများလို့... သားတွေနှင့် အဆက်ပြတ်လို့ ။

နောက်တော့... သားနေလင်းက ကောင်မလေးကို ပရိုပို့စ်လုပ်တာ... နောက်... မထင်မှတ်ပဲ... လက်ခံအဖြေကို ပြန်ရတာ...။ သားက သိပ်ပျော်နေတယ်ဆိုပဲ...။ သူ့မှာရည်းစားကလေးကို ဘယ်လိုထားရမှန်းတောင် မသိလောက်အောင် တန်ဖိုးထား မက်မောလို့ ... အရူးအမူးပျော်လို့... တဲ့ ။

“အမေ့သားနေလင်းတော့ ပျော်လို့ဆိုပြီး ညလုံးပေါက် ကောင်မလေးအဆောင်ရှေ့ ဂစ်တာတီး... မအိပ်မစားနဲ့အမေ... စာလဲမဖတ်ဘူး” တိုင်တောသံတွေ ထူလာပြန်သည်။

“ဒီကောင်လေးဟာ... ဒါ... အဲလောက် ဖြစ်စရာလား” ဟု ကျမ မာန်လိုက်သည် ။ ကျမက သားတွေကို Mature ဖြစ်စေချင်သည်။ တကယ်တော့ကျမ မတရားတာ... အတိတ်ကို မေ့သွားတာပါ ။

နောက်တော့... ကျမဆီ အကြာကြီး မလာဘဲ သားက ပျောက်နေပြီး အပျော်တွေ လွန်ကဲနေသည်ဆိုသော သတင်းတွေ ကြားလာသည်။ အားလုံးပေါင်း ဆယ်ရက်လောက် ထင်ပါရဲ့... သားနေလင်းနှင့် ကျမ အဆက်ပြတ် သွားတာ ။

တရက်တော့... သားဆိုးပုံက သူ့ကောင်မလေး၏စိတ်ကို ထိခိုက်စရာဖြစ်သွားသည်ဟူသော သတင်း ကျမဆီ ရောက်လာသည်။ အဲဒီသတင်းမှာ ကျမကိုယ်တိုင်လည်း စိတ်ဆိုးသွားရသည်။ သည်တော့ လူကြုံများစွာနှင့် အဲသည့်နေ့မှာ “နေလင်းကို ပြောလိုက်စမ်း... ဆရာမက သိပ် ဆူချင်နေတယ်လို့” ဟု မှာမိတော့သည်။ အဲသည်နေ့ရဲ့ ညမှာပဲ ဖြစ်သည် ။ သားနေလင်းရဲ့ “အမေ... ကျနော် ကန္တာရမိုးရေ တစ်စက် သောက်မိခဲ့ပြီ” ဟူသော စာကလေးကို ဖတ်ခဲ့ရတာ။ ကျမသားရဲ့ ကျမအပေါ် မမေ့မလျှော့မှုအတွက် ကျေနပ်ပီတိ ရှိသွားရတာ...။ သားရဲ့ အမေရင်းကို သား မေ့မနေမှာကိုလည်း သဘောပေါက် ကျေနပ်သွားရတာ...။ ပြီးတော့ ကျမသား တကယ့်အချစ်ကို တွေ့ခဲ့ပြီ။ ထိုအခါမှာတော့ သားနေလင်းအတွက် ကျေနပ်စွာ... ကျမ စိတ်ချလက်ချဖြစ်သလို ပေါ့ပါးသွားရသည်။ ပြီးတော့.. ကျမ ဝမ်းနှင့် လွယ်ကာ မွေးထုတ်ခဲ့ရသော သားနှင့်ကျရင်လည်း ကျမ ခုလို ကိုယ်ချင်းစာ ပီတိဖြစ်တတ်လျှင် ကောင်းမည်ဟုလည်း တွေးမိသေးသည်။ သည့်အတွက်တော့ဖြင့် သိပ် စိတ်ပူစရာလိုမည်မထင်။ ကျမက ခွင့်လွှတ်လွယ်သော အမေပဲ မဟုတ်လား ။


+++++

ကျမ ဆုတောင်းနေမိသည်။ ကျမ၏သားသမီးများအားလုံး ဘဝမှာ အချစ်ရေးမှအစ... အစစ အရာရာ စိတ်ခံစားချက်များတွင်... ကန္တာရမိုးရေစက်များစွာ သောက်သုံးကြရပါစေ... လို့ပေါ့ ။


“ချစ်သော သားများနှင့် သမီးများသို့ အမှတ်တရ”
(၁၉၉၄-၉၅ ရန်ကုန်တက္ကသိုလ်နှစ်လည် မဂ္ဂဇင်း)