Dec 17, 2010

မေတ္တာတေး….



အဲဒီနေ့က ကမ္ဘာပေါ်မှာ ရှိသမျှ မေတ္တာပန်းတွေ အကုန်ပွင့်လန်းကြတယ်လို့ ထင်ပါတယ်။

အဲဒီနေ့မှာ ဆယ်ကျော်သက်အရွယ်စကတည်းက အမေနဲ့ အတူနေခွင့်မရတဲ့ သားတယောက်က..အမေနဲ့ ခဏတာ ရက်ပိုင်းလေး အတူတွေ့ခွင့်ရတဲ့နေ့…။

ရင်ကဖြစ်တဲ့ သားကို အရိပ်တကြည့်ကြည့်ရှိရမယ့်အရွယ်မှာ ကျောခိုင်းပြီး တိုင်းပြည်နဲ့လူမျိုးဘက် မျက်နှာလှည့်ခဲ့ရတဲ့ အမေတယောက်က သားကို ထွေးပိုက်ဖို့ စောင့်လင့်နေတဲ့ နေ့ပေါ့..။

အမေ့ခမျာ သားလေးကိုများ အားနာ သနားနေရှာမလား..။
သားလေးကရော.. သားတို့နဲ့အဝေးမှာ ဒုက္ခပေါင်းစုံကို ရင်စီး ခုခံနေတဲ့ အမေကို ပြန်အတွေ့မှာ ကရုဏာအလွမ်းနဲ့ နာကျင်နေရှာမလား…။

ဒါပေမဲ့ အဲဒီနေ့ကလေးမှာ..
အမေက.. သားကို လှိုက်လှိုက်လှဲလှဲ ပြုံးကြည့်နေခဲ့တယ်။ အမေ့အပြုံးဟာ သားနဲ့ အဝေးကြီးနေခဲ့ရတဲ့ အမေတယောက်ရဲ့အပြုံး မဟုတ်ခဲ့။ အမြဲ သားနဲ့ နီးကပ်နေတဲ့ အမေတယောက်ရဲ့ အပြုံး..။ သားလေးကို ကြိုတင်ခွင့်လွှတ်ထားတဲ့အပြုံး..။ သားကို သေသေချာချာ နားလည်တဲ့အပြုံး..။ သားကို အားကိုးနှစ်လိုတဲ့အပြုံးးး


သားကလည်း ပြုံးလို့..။ သားကို ကျောခိုင်းထားခဲ့တဲ့ အမေ့ကို စိတ်မကွက်တဲ့အပြင် အမေ့လုပ်ရပ်တွေကို အားပေးဖို့ အမေ့ကို ထောက်ခံတဲ့ အမှတ်တံဆိပ်ကို လက်မောင်းမှာ မင်နဲ့ ရေးလို့..။


အမေနဲ့ တွေ့ချိန်မှာတော့ ကလေးတွေရဲ့ အဖေဖြစ်နေတဲ့ သားက အမေ့ရှေ့မှာတော့ ပီဘိသားတယောက်သာပါပဲ..။

အဲဒီနေ့မှာ … အဲဒီအမေနဲ့သားကို ဒီလိုပဲ မခွဲအတူ ရှိနေတာကို တသက်လုံး မြင်ချင်လိုက်တာလို့ မြင်တွေ့သူတိုင်းက ခံစားကြရတယ်…. ဒါဟာ မေတ္တာတွေ စီးမျော ဆင့်ပွားတာပဲပေါ့..။ အဲဒီအခါ မြင်သူတိုင်း မျက်ရည်ဝိုင်းလို့..။
ပီတိနဲ့ ယှဉ်တဲ့ ချိုသောမျက်ရည်နွေးတွေ…။
အဲလိုနဲ့ ကမ္ဘာတ၀ှမ်း ပီတိပန်းတွေ ဝေခဲ့တာပေါ့.. အဲဒီနေ့မှာ…။



+++++++

အန်တီစုနဲ့ သားလေးကိုထိန်လင်းတို့ ၁၀နှစ်လုံးလုံး ခွဲနေခဲ့ရပြီး ပြန်တွေ့ရတဲ့ အဲဒီနေ့မှာ တကယ်ပဲ ကမ္ဘာတ၀ှမ်းက ကျမ သိသိသမျှ ဗမာတွေ.. ကိုယ်ချင်းစာ ခံစားတတ်သူတွေဟာ အန်တီနဲ့ကိုထိန်လင်းတို့ကို ကြည့်ပြီး မျက်ရည် ကျကြရပါတယ်။ ကျမတို့ တွေးမိကြတာက… အန်တီတို့သားအမိနေရာမှာ.. ကိုယ်တိုင်သာဆိုရင်.. ဘယ်လိုနေမလဲဆိုတာကိုပေါ့…။ ဒါဟာ မိဘနဲ့ သားသမီး မေတ္တာတရားဆက်နွယ်မှုကို နားလည်တဲ့ လူသားပီသသူတိုင်း ခံစားကြရ.. တွေးမိကြရတာပဲ မဟုတ်ပါလား..။

++++

ကျမသားကြီး ခု အသက် ၁၉နှစ်ရောက်တဲ့အထိ.. သားကို နှစ်ရှည်လများခွဲထားဖို့ ကျမတခါမှ မတွေးရဲခဲ့ဖူးပါ..။ ဒါကြောင့်ပဲ သားကြီးတသက် ကျမ ဘယ်သွားသွား.. ဘယ်နေရာ ပြောင်း ပြောင်း.. သားကို အပါခေါ်ခဲ့တာ..။ သားကြီးကိုလည်း သားကြီးမို့.. သမီးကျတော့လည်း တယောက်တည်းမို့.. သားငယ်လေးကျတော့လည်း အငယ်ဆုံးမို့..။ ကျမက အင်မတန် အတ္တများတဲ့ မိခင်ဖြစ်ပါလိမ့်မယ်..။ အဲဒီအခါ အတ္တကို ဖယ်ခွာပြီး ပရအတွက် စိတ် ရင့်မာသော မိခင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရဲရဲမကြည့်ဝံ့ ဖြစ်ရတော့တာပါပဲ။ ပြီးတော့ အန်တီစုကို သတိရတဲ့အခါတိုင်း မိခင်တယောက်ရဲ့ အလွမ်းကို သတိတရဖြင့်နင့်နင့်သီးသီး ခံစားရစမြဲပါ။

+++++

သားတို့ကို အန်တီစု ကျောခိုင်းရစဉ်တုန်းက ၁၉၈၉.. သားငယ်လေး အသက်က ၁၁နှစ် ကျော်ကျော်။ အမေ ထမင်းခူးပေးမှ စားတတ်တဲ့အရွယ်သာ ရှိသေးတာ။ ပြီးတော့ အမေ အိမ်စာလုပ်ပေးဖို့..။ သားကလေး လိမ်မာအောင် သွန်သင်ဖို့.. အမေက အနားမှာ ထပ်ချပ်မကွာ ရှိရမယ့် အရွယ်ပေါ့။ သားကြီးထက် အမေ့နား ပိုကပ်တဲ့ အရွယ်မို့ရော.. အမေနဲ့ ရုပ်ချင်း ပိုတူတဲ့ သားမို့လို့ရော.. အမေက ပိုပိုသာသာ တွယ်မယ့်အရွယ်လည်း ဖြစ်မှာ..။ ဒါပေမဲ့ သားတို့ခမျာ အမေဝေး သားတွေအဖြစ် ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းခဲ့ရရှာပါတယ်။ အဖေခမျာ.. ပညာရှင် ကျောင်းဆရာ အလုပ်တဘက်.. သားတို့ကို ထိန်းကျောင်းပြုစုဖို့ တာဝန်ကတဘက်.. လစ်ဟာနေတဲ့ အမေ့နေရာကို ကူဖြည့်ရတာ တဘက်.. အိမ်သူသက်ထား အလိမ်မာဇနီးမယားကို လွမ်းဆွတ်ပူပန်ရတာတဘက် ကြားမှာ… သားတို့အပေါ် သေသေချာချာဖိဖိစီးစီးရော တာဝန်ကျေနိုင်ခဲ့ပါ့မလား..။ တာဝန်ကျေနိုင်ခဲ့ပေမဲ့ မေမေ့ ရင်ငွေ့ကိုတော့ဖြင့် ဘယ်လိုမှ မဖြည့်စွမ်းသာခဲ့မှာ သေချာပါတယ်..။


ဒီလိုနဲ့ အဖေနဲ့ သားတို့ အေးခဲတဲ့ အင်္ဂလန်ရဲ့ ဆောင်းညတွေ.. ခြောက်သွေ့တဲ့ နေ့တာတွေနဲ့ လပ်ဟာနေတဲ့ အိမ်ဂေဟာကို တိတ်တဆိတ်သာ ဖြတ်ကျော်ခဲ့ရပေလိမ့်မယ်..။ အဲဒီအခါ သားငယ်လေးရဲ့ ညည အိပ်မက်တွေထဲ.. ဒါမှမဟုတ်.. အေးစက်တဲ့ ထမင်းဝိုင်းထဲ ခြောက်အိပ်မက်တွေ.. ၀မ်းနည်းဆို့နင့်မှုတွေ ကြီးစိုးခဲ့နိုင်ပါတယ်..။ သားလေးခမျာ ကလေးသာသာ အရွယ်လေးကိုး။
ဒီလို ရက်စက်တဲ့ ကာလကို သားလေး ဘယ်လိုများ ရင်ဆိုင်ဖြတ်ကျော်ခဲ့ပါလိမ့်…။


+++++

အမေကတော့ အဖိုးနဲ့အဖွားရဲ့ ပုံရိပ်တွေ ကြီးစိုးရာ အိမ်အိုကြီးထဲ… မြင့်မြတ်တဲ့ မြတ်နိုးဖွယ် ခင်ပွန်းနဲ့ အရွယ်ရောက်စ သားကြီး… ကလေးဘ၀ မကုန်ချင်သေးတဲ့ သားငယ်လေးတို့ကို လွမ်းဆွတ်ရင်း.. တဘက်ကလည်း အကျဉ်းကျနေတဲ့ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေး အတွက် ကြီးမားလှတဲ့ တာဝန်ကို ထမ်းပိုးလို့…။ အထီးကျန်နေ့ရက်တွေကို ဖြတ်သန်းနေခဲ့ရတာပေါ့။

အချိန်တွေကို တန်ဖိုးရှိရှိ ကုန်ဆုံးစေဖို့ အမေ အားထုတ်နေခဲ့ချိန်မှာ… သားတို့ဘက်ကလည်း အမေ့ကို နားလည်စေချင် နေမိတာတော့ အမှန်ပါ။ ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းသည်ကို နှုတ်ဆက်ခွင့်တောင် မရလိုက်ဘဲ ဘ၀ထဲကနေ အပြီးတိုင် ဆုံးရှုံးလိုက်ရချိန်မှာတောင် အမေဟာ အံကို တင်းတင်းကျိတ်လို့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေ့ကို အားကိုးတဲ့ ပြည်သူတွေရှေ့မှာ ခိုင်ခိုင်ကြည်ကြည်နဲ့ ရပ်တည်ရတဲ့အမေဟာ.. မျက်ရည်နဲ့အတူ ကိုယ်ပိုင်ခံစားချက်တွေကိုပါ သိမ်းထုပ်ထားခဲ့ရပေလိမ့်မယ်..။ အဲဒါဟာ ဘယ်လောက် ပင်ပန်းတဲ့ တည်ဆောက်ခြင်းလည်းဆိုတာကိုတော့ ကိုယ်ချင်းစာ ခံစားတတ်သူတွေမှသာ နားလည်ပေလိမ့်မယ်..။ အမေဟာ ခိုင်မာမြဲမြံခြင်း တည်ကြည်ရင့်ကျက်ခြင်းတွေရဲ့ ပြယုဂ်အဖြစ် အမေ့ကို အားကိုးသူတွေရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်နေရပေလိမ့်မယ်..။ အမေ ရင်ဆိုင်နေရတဲ့ ရန်သူဟာ.. အင်မတန် ကောက်ကျစ်စဉ်းလဲပြီး နုံ့နဲ့လှတာမို့ အမေဟာ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခါးစည်းခံနေခဲ့ရပါတယ်။

+++++++

ဒီလိုနဲ့ ရက် လ နှစ်တွေ တရွေ့ရွေ့ ပြောင်းလဲခဲ့။ အမေဟာ အိမ်အိုကြီးထဲ အထီးကျန် နေရသလို… သားတို့ခမျာလည်း မိဘနဲ့အတူ ကြီးပြင်းခွင့်မရတဲ့ ဆယ်ကျော်သက်အရွယ်ကို ပင်ပင်ပန်းပန်းနဲ့ ရင်ဆိုင်ဖြတ်ကျော်နေခဲ့ရပေလိမ့်မယ်။ အဖေ ဆုံးပါးချိန်မှာ သားငယ်လေးက အသက် ၂၃ နှစ်ကျော်ကျော်..။ သူကိုယ်တိုင် အိမ်ထောင်ကျ.. မိဘ ဘ၀ရောက်ပေမဲ့ သားဟာ.. အမေ့ရှေ့မှာတော့ သားတစ်ယောက်ပါပဲ..။ တခါတလေမှာ ဘ၀ရဲ့ လောကဓံ အထုအထောင်းထဲ သားငယ်လေး စိတ်ပင်ပန်းတဲ့အခါ…. အမေ့ကို တမ်းတခဲ့ရှာလိမ့်မယ်..။ တခါတခါ လူငယ်ပီပီ.. သူတို့ကို ကျောခိုင်းရက်လေတယ်လို့ မချင့်မရဲနဲ့များ.. အမေ့ကို စိတ်ကွက်ဖူးလေမလား..။
တကယ်တော့ အဲဒီအတွေးဟာ အမေတိုင်း တွေးမိမယ့်အတွေး.. ပြီးတော့ ရင်ထဲ တဆစ်ဆစ်နာရင်း ရင်ထဲ အလိုလို ၀င်လာတတ်တဲ့ ခံစားချက်တွေလည်း ဖြစ်ပါတယ်။

+++++++

ခုတော့ အမေနဲ့သား… ဆယ်နှစ်ကျော်လုံးလုံး ခွဲနေခဲ့ရရာက ပြန်တွေ့ခွင့်ရပြီ။ ခဏလေး ရက်သတ္တနှစ်ပတ်ကလေး ဆိုပေမဲ့ သားနဲ့ အမေကတော့ ကျေနပ်ရပါတယ်။ ငယ်ငယ်က အမေ့နားမှာ အမေ့ကို မော့မျှော်ကြည့်ရင်း အမေ့တွဲလက်ကို ဆုပ်ခဲ့ရတဲ့သားက ခုတော့ အမေ့ကို ငုံ့မိုးကြည့်လို့..။ သား မျက်လုံးတွေက အမေ့ကို အပြည့်အ၀ နားလည်တဲ့ ချစ်ခြင်း မေတ္တာတွေနဲ့ ပြည့်လို့..။ အမေ့မျက်လုံးတွေကကျတော့ သားငယ်လေးရဲ့ မေတ္တာကို ခံစားရင်း ကျေးဇူးတင်နှစ်လိုနေတဲ့ အရိပ်တွေ အရောင်တွေနဲ့ လင်းပလို့…။ သားငယ်လေးရဲ့ လက်ဖျားကို ဆုပ်ကိုင်ရင်း အားအင်ကို ခံစားလို့..။ အားလုံးကို ဖြတ်ကျော်နိုင်ခဲ့ပြီ။



အမေနဲ့ သား ဘယ်လိုမှ မဝေးကွာခဲ့ကြတာကို ဒီသားနဲ့ အမေရဲ့ ပြန်တွေ့ရတဲ့ အချိန်လေးမှာ အထင်အရှား မြင်နေရတာ…။ ဒါဟာ အချိန်ကာလတွေ.. နေရာ ဒေသတွေ.. ထုထည်ဒြဗ်ထုတွေကို ကျော်ဖြတ်သွားနိုင်တဲ့ မေတ္တာတေးရဲ့ ကူးလူးဆက်သွယ်မှုအာနိသင်ပဲ မဟုတ်လား….။

+++++

သေချာပါတယ်..။
မေမေနဲ့ သား… နောက်ထပ် ဘယ်တော့မှ ဘယ်တော့မှ မဝေးတော့ပြီ..။
ဘယ်လောက် ရေမြေခြားခြား..
ဘယ်လောက် အချိန်တွေ ကွဲပြား ကွဲပြား..
ဘယ်လို အနှောင်အဖွဲ့တွေနဲ့ တားထား တားထား…။
မေမေနဲ့ သား.. ဘယ်တော့မှ မဝေးခဲ့တာ.. မဝေးတော့တာ.. သေချာပြီ။

(ချစ်သော အန်တီစု နဲ့ သားငယ် ကိုထိန်လင်းတို့ ပြန်ဆုံခွင့်ရတဲ့ ကာလကို အမှတ်တရ ခံစားပါတယ်)

Nov 7, 2010

ရွေးကောက်ပွဲ ဆိုပဲ...

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှမရေးတော့ဘူးလားလို့ ကျမကို မေးကြတယ်..။
ကျမက ပြန်ပြောမိတယ်..ဘာရေးစရာရှိလို့လဲ..လို့။
ဟုတ်တယ်..
ကျမစိတ်ထဲ ဘာမှကို မရှိတာ..။ ပြည်သူတယောက်အနေနဲ့ ဒီ မတရားလှတဲ့ အစိုးရကို ဘယ်တုန်းကမှ မထောက်ခံခဲ့ဘူး။ မကြိုက်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ.. မကြိုက်ဘူး.. လက်မခံနိုင်ဘူး။ အဲဒီမှာ ပြတ်ပြီ။
အဲဒီ ဖွဲ့စည်းပုံအရ ဖြစ်လာမယ့်အစိုးရဆိုတာကို မယုံကြည်မှတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောစရာအကြောင်းကို မရှိတော့။

ရသလောက်လေး လုပ်ကြည့်တာ ဆိုတဲ့ မျှော်လင့်ချက်တွေကိုလည်း လက်မခံပါ.. သဘောမတူနိုင်ပါ။
တလောဆီတုန်းက ကျမရဲ့ မောင်လေးအရင်းလို ချစ်ခင်ရတဲ့ လူငယ်စာရေးဆရာတယောက်က နိုင်ငံရေးပါတီဖွဲ့တယ်။ ပြီးတော့ လူထုကိုယ်စား စကားတွေ ပြောခွင့်ရအောင်လို့တဲ့.. ရွေးကောက်ပွဲဝင်မလား စဉ်းစားတာတွေ လုပ်..။ နောက်တော့.. အစ်မကြီးရာ.. ဒီကောင်တွေ ညစ်ပတ်လိုက်တာ.. ယုတ်မာ ကောက်ကျစ်လိုက်တာ.. ကမ်းကုန်ပဲ.. တော်ပြီ.. ဒီရွေးကောက်ပွဲ မ၀င်တော့ဘူးတဲ့။ ကျမပြန်ပြောလိုက်တယ်.. ညံ့ပါ့ ငါ့လူရာ.. အဆန်းတကြယ်မဟုတ်တာတွေကို လာပြောနေတာ.. သတင်းမဖြစ်တော့ဘူးဟေ့..လို့။ တကယ်လည်း လူတော်လူကောင်းတွေကို ညှဉ်းဆဲ...ပညာတတ်တွေကို သတ်.. သံဃာတွေကို သတ်.. မုန်တိုင်းသင့်ပြည်သူတွေကိုသတ်.. တကယ်တော့လည်း တိုင်းပြည်တပြည်လုံးကို သတ်နေတာပါပဲလေ..။ အဲလို ကမ်းကုန်လမ်းကုန်လုပ်နေတဲ့.. အရှက်အကြောက်မရှိတဲ့သူတွေကို ဘာများ ဆက်ပြီး မျှော်လင့်စရာရှိသလဲ..။ အထူးသဖြင့် ဒီဖွဲ့စည်းပုံထဲက လွှတ်တော်ရဲ့ ဘယ်နေရာကနေ ဘယ်လိုများ စကားပြောနိုင်ကြမှာတဲ့လဲ..။ ကျမကတော့ မျှော်လင့်သူတွေကိုသာ အံ့သြတာပဲ...။

ဟော.. မရေးဘူးဆိုပြီးမှ ရေးဖြစ်ရပြန်ပြီ။ တကယ်တော့ ကျမကသာ ရှည်ရှည်ဝေးဝေးတွေရေးနေတာ.. တကယ်ကျတော့ဖြင့် ဟောဒီမှာ ကြည့်ပါဦး တကွက်တည်းရယ်..။ ကာတွန်းဆရာကတော့ ဘာပြောချင်တယ် မသိ.. ကျမကတော့ အပေါ်မှာ ကျမရှည်ရှည်ဝေးဝေးပြောခဲ့သမျှ အဲဒီတကွက်နဲ့ပြီးရောလို့သာ တွေးတာပဲ..။



(ကာတွန်းဆရာကို ခွင့်မတောင်းဘဲ ဖော်ပြပါတယ်)

Oct 27, 2010

ချောကြီးရေ.. မိုးမိုးရေ…


လူမှုဘ၀မှာ ချစ်ခြင်းမေတ္တာနဲ့ ရိုးသားမှုဂုဏ်ရည်သာ အဓိကလို့ သတ်မှတ်တဲ့အခါ..
ကျမအတွက် သမီးချော က ချစ်ခြင်းမေတ္တာ တခုဖြစ်ပြီး သားမိုးကြီးက ရိုးသားမှုတမျိုးဖြစ်လေရဲ့။
မောလိုက်တာ သမီးရယ်လို့ ညည်းရင်း တရေး ၀င် ၀င် အိပ်ခဲ့ရတဲ့ တယောက်အိပ်ခေါက်ကုတင်လေးကို ခုထိ လွမ်းတုန်း ချောကြီးရေ..။ တယောက်အိပ်ကုတင်လေးပေါ် နှစ်ယောက်လှဲရင်း တကယ့်သားအမိတွေလို တယောက်ဘ၀ တယောက် ရင်ဖွင့်.. တယောက်နဲ့တယောက် အားပေးကြ.. တခါတလေ ဖက်ငိုကြ..။ သမီးဟာ ရဲဘော်ရဲဘက်ဖြစ်ခဲ့။ သမီးကြောင့်ပဲ စိတ်နာစရာလောကကြီးကို ပေါ့ပေါ့ပါးပါး ဟားတိုက်တတ်ခဲ့။ ဒီလိုနဲ့ ဒဏ်ရာတွေထဲကနေ ရုန်းထနိုင်ခဲ့ဖူး။ ဒါကြောင့်ပဲ ခုလို လောကကို နည်းနည်းအော့ချိန်မှာတော့ သမီးချောကို လွမ်းရတော့တာ..။

++++++

အသက်အရွယ်နဲ့မလိုက်အောင်.. ဘ၀ကို ခပ်ကြမ်းကြမ်း ရင်ဆိုင်ရသူ ရင်ဆိုင်ရဲသူ သမီးချောက နှင်းဆီနီနီရဲရဲလိုပဲ.. အရိုးမာမာ.. ဆူးမာမာတွေနဲ့ စိုရဲတောက်ပြောင်တယ်။ မိုးကြီးကတော့ အရွက်စိမ်းစိမ်းတွေလို သူ့အစွမ်းနဲ့ သူ တောက်ပြောင်နေတဲ့ ရိုးဂုဏ်ရှိပေမဲ့ နှင်းဆီနီနီနဲ့တွဲမှ ရုပ်လုံးကြွ.. ပြီးတော့ ပျော့ပြောင်း ကြွေလွယ်.. ပြီးတော့ တခါတရံ ပုန်းကွယ်တတ်။ ဒါပေမဲ့ မာနရဲ့ ရှတမှုကိုတော့ အဲဒီအရွက်စိမ်းတွေရဲ့ အနားသတ်မှာ တွေ့နိုင်တယ်။ အရွက်တို့ရဲ့ ရှင်ဓာတ်နဲ့ ပန်းပွင့်က လန်းဆန်းရသလို.. ပန်းပွင့်ရဲ့အလှကြောင့်ပဲ အရွက်တို့ရဲ့ ဟာမိုနီဖြစ်မှုက ပေါ်လွင်..။ အဲဒီ အရွက်စိမ်းခြံရံတဲ့ ဆူးရှိ နှင်းဆီနီတစ်ပွင့်ဟာ ချောကြီးနဲ့ မိုးမိုးပေါ့။

ကျနော်တို့ နှစ်ယောက်ရဲ့ အချစ်ကို သိသားနဲ့ တကယ့်အချိန်မှာ ဆရာမ ကျနော့ဘက်က မရပ်တည်ခဲ့ဘူးလို့ သားပြောပေမဲ့ သားရဲ့မေတ္တာတရားကတော့ ဆရာမဆီကနေ လျော့ပါးမသွားခဲ့ဘူး မဟုတ်လား မိုးကြီးရယ်..။ အချစ်ဆိုတာ ကိုယ်လိုချင်တာချည်းပဲတော့ မရနိုင်ဘူးလေ သားရယ်လို့ ဆိုတော့လည်း သားက မချေပ နိုင်ပြန်ဘူး။ ဒါပေမဲ့ သားမိုးကြီးကို နာကျင်စေတဲ့ ဒဏ်ရာဒဏ်ချက်တွေထဲမှာ ဆရာမက ဓားဒဏ်ရာတချက်များ ဖြစ်ခဲ့လေသလား..။ ဒါပေမဲ့ အဲဒီဓားကို သားက နောက်ဆုံးအချိန်ထိ ဆွဲနှုတ်မပစ်ခဲ့ရှာဘူး။ တကယ်တော့ သားဟာ အပြစ်ကင်းတဲ့.. ပြီးတော့ လူ့လောကရဲ့ အညစ်အကြေးတွေနဲ့ မလိုက်ဖက်တဲ့ ကလေးတယောက် ပါပဲလေ..။

ဘ၀ထဲ ဒဏ်ရာဒဏ်ချက်များတဲ့အခါ.. ရတနာ မလို.. အကြင်နာသာ လိုတယ်ဆိုတာက ကဗျာထဲမှာတော့ ဖတ်လို့ကောင်းသားပါ..။ တကယ်လို့များ... အကြင်နာရော.. ရတနာ ပါ ပူးတွဲရနိုင်မယ်ဆိုရင်ကော ပိုမကောင်းပေဘူးလား…။ မျက်ရည်နည်းနည်းတော့ ရင်းရတတ်ပါတယ်။
ပြီးတော့ ကဗျာမဟုတ်တဲ့ လက်တွေ့ဘ၀က နည်းနည်းတော့ ခါးတာပေါ့ သားရေ..။

ကိုယ်ဖြစ်ချင်တာမှ မဖြစ်ရတဲ့အဆုံးတော့ ဖြစ်သင့်တာကို သမီး ရွေးရတော့မယ်.. ဆိုတုန်းက သမီး ရွေးတဲ့လမ်းကို မဟန့်တားခဲ့မိတဲ့အတွက် ခုထိ စိတ်ချမ်းမြေ့တုန်းပါ။ တဘက်က သားမိုးဆိုတဲ့ နှလုံးသားတဘက်ကို ချနင်းခဲ့ရတဲ့ အနာကိုတော့ ခပ်မေ့မေ့ထားရသပေါ့။

နောက်တော့ မမျှော်လင့်ပါပဲ ကြယ်လေးတပွင့်က အချိန်မတိုင်ခင် ကြွေလွင့်သွားခဲ့ပါတယ်..။
ဒါပေမဲ့ အဲဒီကြယ်တပွင့်ကြွေလွင့်ခဲ့တာဟာ ချစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဒဏ်ရာ တခုတည်းကြောင့်တော့ မဟုတ်ဘူးလို့ တွေးမယ်..။ အောင်မြင်မှုကို တမ်းမက်ရင်း လမ်းလွဲခဲ့တာတခုတည်းကြောင့်လည်း မဟုတ်ဘူးလို့ စိတ်ဖြေမယ်..။ ပြီးတော့ ခေတ်အနာရဲ့ တိုက်စားမှုနဲ့ စံလွဲတဲ့ဝေဒနာတွေကလည်း ကြယ်ကလေးကို ကြွေစေခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေထဲမှာ ပါခဲ့တယ်လို့ ယုံတယ်။ ဒါပေမဲ့ ကျောက်ရိုင်းတုံးလေးသားမိုးက ဆရာမအတွက်တော့ ပျောက်ကွယ်မသွားမယ့် ကြယ်လေးတပွင့်ပါ..။ သားဟာ ကြွေနေတဲ့ကြယ်..။

အနားမှာ မရိုးသားလှတဲ့ ကစားကွက်တွေကို တွေ့ရင် သားမိုးကြီးကို လွမ်းရတယ်။
လောကကို သိပ်မယုံတတ်တဲ့ မှုန်ကုပ်ကုပ် စူပုပ်ပုပ် လူငယ်လေးဟာ..
လိုဘကြီးပြီး လူလည်ကျတတ်တဲ့ အပြုံးတုတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာတော့
တောက်ပတဲ့ တန်ဖိုးမြင့် ကျောက်ရိုင်းတတုံး..။
သားရေ.. ခုနေ သားကို လွမ်းနေတယ်လို့ ပြောရင်ရော ယုံပါ့မလား..။
အဲဒီအခါ..

++++++
ငါ.. ထွက်ပြေးခဲ့တယ်
သူမ အသည်းနှလုံးရဲ့
မျက်နှာမူရာ နောက်ကျောဘက်တည့်တည့်
(နောက်)
စိတ်လက်ငြိမ်းငြိမ်း အိပ်ခဲ့တယ်ထင်ပါ့။
ရင်ခုန်စရာအိပ်မက်တွေ
ရင်ထဲ ကခုန်ရင်း နိုးထခဲ့တော့
(ကြည့်စမ်းပါဦး)
သူမရင်ခွင်ထဲမှာ
ငါ… ကလေးတယောက်လို အိပ်နေပုံကို..။
ခုတော့ သားမိုးရဲ့ ချစ်စရာကောင်းလှတဲ့ အဲဒီကဗျာကိုတောင် မမြင်ချင်ယောင် ဆောင်နေရပါတယ် သားရေ.. ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ သားမိုးကို လွမ်းလို့လေ…။

၂၆၊၁၀၊၁၀။

(ဒီနေရာက ယူတဲ့ ပုံပါ)

Oct 22, 2010

ဘွယ်ကြီးရေ…

အဲဒီတုန်းက ၁၉၈၅…။ သူ့ကို ကျမက ဘွယ်… လို့ ခေါ်နေကျပါ။ သူက တဦးတည်းသောသား…။ အဖေနဲ့အမေက အင်မတန် ပုံအောချစ်တဲ့ သားပေါ့။

ကျမက ညီအမတွေအများကြီးထဲက အကြီးဆုံး။ ပြီးတော့ သူငယ်ချင်းယောက်ျားလေး အများကြီး ရှိတဲ့သူ။ ကျမက ယောက်ျားမဆန်ပေမဲ့ ကျမကိုဆို ယောက်ျားလေးသူငယ်ချင်းတွေက ယောက်ျားလေးအချင်းချင်းလို သဘောထားပြီး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးဆက်ဆံကြတာ အမြဲပဲ။ ဒီတော့ ဘွယ်နဲ့ကျမကလည်း သူငယ်ချင်းလိုရော ညီအကိုလိုရော မောင်နှမလိုရော တော်တော် ရင်းနှီးချစ်ခင်ကြတာပါ။ တကယ်တော့ ကျမက အတန်းကြီးပေမဲ့ အသက်ကျတော့ သူက ကျမထက် ၃လကြီးတယ်။ ကျမနဲ့သူ အတန်းကွာပေမဲ့ နင်လုံး ငါလုံး ရိုက်ပြီး ပြောဆိုကြတာ။ ရန်ဖြစ်လိုက်.. ငြင်းလိုက်ခုန်လိုက်..။ ဒါပေမဲ့ တခါမှ မခေါ်မပြော မနေခဲ့ကြဖူးပါဘူး။ သူနဲ့ကျမ မဂ္ဂဇင်းတွေမှာ စာရေးတော့လည်း ရှေ့ဆင့် နောက်ဆင့်..။ သူ့ကို စင်တင်တာက ရှုမ၀..။ ကျမကို စင်တင်တာက ပေဖူးလွှာ။ ကျမက ရှုမ၀က မွေးတဲ့စာရေးဆရာ ဖြစ်ချင်တာမို့ သူ့ကို အားတကျကျ။

ကျမနဲ့သူက ငြိမ်းကျော် ကြိုက်တာ တူတူ.. မင်းလူ ကြိုက်တာ တူတူ..။ စာရေးဆရာဖြစ်ချင်တာလည်း အတူတူ။ သုတေသနစာတမ်းတွေ ကြိုက်တတ်တာလည်း တူတူ။ မြန်မာစာကို မြတ်နိုးလို့ အထူးပြုဘာသာရပ်အနေနဲ့ တမင် ရွေးယူခဲ့ကြတာလည်း အတူတူ။ မတူတာကတော့ ကျမက စာရေးရင် သစ်အောင် ထွင်ရေးမယ်လို့ စဉ်းစားတာကို မကြိုက်ဘူး။ ကိုယ် စိတ်ပါသလို ချရေးဖို့ အားသာတယ်။ သူကတော့ presentation နဲ့ စကားလုံးအသုံးကို ထွင်ဖို့ ကြိုးစားချင်တယ်။ ကျမရေးတာကို ရိုးတယ်လို့ သူက ဝေဖန်သလို သူရေးတာကိုလည်း အဆန်းထွင်တယ်လို့ ကျမက ပြောတတ်တယ်။

အဲဒီတုန်းက ကျမက ကျမ မချစ်ဘဲနဲ့ လက်ခံလိုက်မိတဲ့ ရည်းစားတယောက်နဲ့ တွဲနေကြတာ။ ကျမက ကျမရည်းစားကို ဘယ်လိုပြန်ဖြတ်ရမှန်းမသိတဲ့အကြောင်း သူ့ကို ရင်ဖွင့်နေကျ။ အဲဒီအခါ သူက ကျမကို ဆူတတ်သလိုပဲ.. အဲလိုပဲ ကျမ ရည်းစားနဲ့ Canteen ထိုင်လည်း သူ ရှိ ရှိနေကျလေ။

ဘွယ်က ညဆို သူ့အဖေနဲ့ တူတူ အရက်နည်းနည်း သောက်တယ်။ တခါတလေတော့ သူ့အဖေက ပုံမှန် ဆေးဖြစ် ၀ါးဖြစ်သောက်ပြီး သိမ်းသွားလည်း ဒင့်က ဆက်သောက်တတ်သေးတာ။ သူ့ရဲ့ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး နည်းနည်း ညစ်တစ်တစ် ရှိတဲ့ နေ့တွေမှာပေါ့။ အဲဒီအခါကျရင်တော့ ကျမက ဓားစာခံပဲ.. ည ည အချိန်မတော် ကျမဆီဖုန်းဆက်ပြီး ရင်ဖွင့်တာ.. မပြီးနိုင် မစီးနိုင်…။ ကျမဖြင့် တယ်လီဖုန်း ကိုင်ထားရတာ လက်ကို ညောင်းတဲ့အထိ။ ကျမအဖေက ဘွယ့်အဖေ စာရေးဆရာကြီးကို လေးစားလေတော့ ဘွယ်နဲ့ကျမ ဖုန်း အကြာကြီး ပြောလည်း မဆူပါဘူး။ ပြီးတော့ ကျမတို့နှစ်ယောက် တကယ့် ညီအကို မောင်နှမတွေလို ရင်းနှီးကြတာကိုလည်း သိကြတာကိုး။

ဒီလိုပါပဲ.. အဲဒီတုန်းက ကျမရဲ့ ရည်းစားကို ကျမ မရ ရအောင် ဖြတ်လိုက်တော့ အဲဒီရည်းစားက ပြဿနာတွေ ရှာလို့ ကျမ အရှက်ရ.. စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေဖြစ်ရတော့လည်း သူပဲ အားပေးရတာပေါ့။ နောက်ထပ် သူနဲ့ ကျမ မတူတာက သူက အင်မတန် အစွဲအလန်းကြီးပြီး သစ္စာကြီးတာပဲ..။ ကျမကကျတော့ အဲဒီတုန်းက ခံစားရရင် ခဏပဲ..။ သိပ်အစွဲအလန်းလည်း မထားတတ်ဘူးထင်ပါရဲ့။ အဲဒီရည်းစားနဲ့ ပြတ်ပြီး တနှစ်မကြာဘူး နောက်ရည်းစားထပ်ထားတာပဲ..။ “ဟဲ့..နေစမ်းပါဦး.. နင်တကယ်ချစ်တာ ဘယ်ရည်းစားကိုလဲ”လို့ ပြုံးစေ့စေ့နဲ့ ကျမကို မေးတတ်တာ လည်း သူပါပဲ။ ကျမက လက်ရှိတယောက်ကိုတော့ အချစ်ဆုံးထင်တာပဲလို့ဖြေရင် ကျမကို မျက်စောင်းထိုးတတ်သေးတယ်။ သူကတော့ ကျမနဲ့ ဆန့်ကျင်ဘက်.. သစ္စာကြီးလွန်းသူလေ..။

သူက ကျမကို နံပြားလို့ တခါတလေ စတယ်။ ကျမမျက်နှာက ပြားပြားကြီးမို့လို့တဲ့လေ..။ ဒီတော့ ကျမကလည်း ဘွယ်က အသားညိုညို.. အရပ်ရှည်ရှည်.. မျက်နှာရှည်ရှည်မို့ ဆီးချိုပေါင်မုန့်ကြီးလို့ ပြန်ခေါ်တယ်။ ကျမနဲ့သူ တော်တော် ချစ်ခင်ခဲ့ကြတာကို အဲဒီကာလတုန်းကတော့ သတိမထားမိပါဘူး။ ဝေးသွားမှပဲ.. ကိုယ့် မောင် ကိုယ့်အကိုတယောက်ကို သတိရသလို သူ့ကို ခဏခဏ သတိရမိတော့မှ သူ့ကို ကျမ တကယ် ချစ်ချစ်ခင်ခင် ရှိခဲ့ပါလားလို့ တွေးမိတော့တာပါ။

မှတ်မှတ်ထင်ထင်ဖြစ်ရတာက.. သူ ပထမအကြိမ် ထောင်ကျနေတုန်း.. ကျမတပည့်မလေးတယောက်က ဘွယ့်လိုပဲ နိုင်ငံရေးနဲ့ ထောင်ကျနေတဲ့ သူ့အကိုကို ထောင်ဝင်စာသွားတွေ့ရင်း ဘွယ့်ကိုပါ တွေ့ခဲ့ရတာမှာ ဘွယ်က ကျမဆီစာလေးတစောင် အဲဒီကလေးမလေးနဲ့ ထည့်ပေးလိုက်တာ။ စီးကရက်ဗူးထဲက ငွေရောင် စက္ကူကျောဘက်မှာ လက်ရေးသေးသေးလေးတွေနဲ့ ရေးထားတာ..။ စက္ကူလေးက သေးသေးလေး ဖြစ်အောင် လိပ်ပြီး ခိုးထုတ် ယူခဲ့ရလို့မို့ တွန့်ကြေလို့ ..။ စာထဲမှာတော့ မဂ္ဂဇင်းထဲပါတဲ့ ကျမ၀တ္ထုတွေ သူ အထဲမှာ ဖတ်ရတဲ့အကြောင်း.. ကျမကို သတိရတဲ့အကြောင်းနဲ့ ယုံကြည်ချက်အတွက် သူဒီလို ဘယ်လောက်ကြာကြာ နေရမယ် မသိဘူးဆိုတာတွေ ရေးထားတာ။ ကျမကို စာရေးဆရာအနေနဲ့ရော ကျောင်းဆရာမအနေနဲ့ပါ အောင်မြင်အောင်ကြိုးစားဖို့လည်း မှာတာ..။ သူကတော့ မဖြစ်နိုင်တော့ဘူး တဲ့။ မှတ်မိသေးတယ်။ အဲဒီစာကို ဖတ်နေတုန်းက ကျမက လှိုင်တက္ကသိုလ်ရဲ့ မြန်မာစာဌာနထဲမှာ..။ ဖတ်နေရင်း ကျမ မျက်ရည်တွေ ပေါက်ပေါက် ကျခဲ့တာ။ အဲဒီတော့မှပဲ ကျမနဲ့သူ့ကြားက သံယောဇဉ်ကို ကျမ ပိုသိသွားခဲ့တာ။

ကျမတို့ ခေတ်တုန်းက သွေးမတော် သားမစပ် ယောက်ျားလေးတယောက်နဲ့ မိန်းကလေးတယောက် ခင်မင် သံယောဇဉ်ရှိကြပြီဆိုရင် မရိုးမသား ထင်ပစ်လိုက်ကြတာ ရှိတယ်။ ကျမနဲ့ ဘွယ်နဲ့ကတော့ ဖြူစင် ရှင်းလင်းလွန်း လို့လား မသိဘူး.. မိဘတွေကရော.. သူ့ရည်းစား ကိုယ့်ရည်းစားတွေကရော.. သူငယ်ချင်းတွေကရော ဘယ်လိုမှကို မရိုးမသား မထင်ခဲ့ကြပါဘူး။ ပြောရရင် ကျမဘ၀မှာ အဲလို ချစ်ရ ခင်ရ သံယောဇဉ်ဖြစ်ရတဲ့ ယောက်ျားလေးမိတ်ဆွေတွေ တော်တော် အများသားပါ..။ အဲဒီလူတွေထဲမှာ ဘွယ်ကတော့ တကယ့် မောင်နှမ အရင်းအချာလို နီးနီးစပ်စပ် ရှိခဲ့ရတဲ့သူပေါ့။

+++++

၈၈ရဲ့ မတ်လ ၁၆ ရက် တံတားနီနေ့မှာ ဘွယ်တို့အဖွဲ့တွေ ရန်ကုန်တက္ကသိုလ် အပမ်းဖြေခန်းမရှေ့ ဆင်ဝင်ပေါ် တက်ပြီး တရားဟောကြတော့ ကျမကို ဘွယ်က အကူညီတောင်းတာ..။ သူတို့ စာကူးစက်လှည့်ဖို့ မှင်လိုတာ လိုက်ရှာပေးတဲ့..။ ဒါနဲ့ ကျမ လှည်းတန်းဈေးဘက်ထွက်လာတုန်း သူတို့ကို လုံထိန်းတွေ ၀င်စီးတာပေါ့။ ကျမ မှင်ဝယ်ပြီး ပြန်ရောက်လာတော့ လုံထိန်းတွေ ၀င်ကာစ..။

ကျမက အဲဒီအချိန်မှာ ၀န်ထမ်းကဒ်ပြား ရင်ပတ်မှာ တပ်ထားလို့ အစစ်အဆေးမရှိ လွတ်လာခဲ့တာ။ ကျမ ဘွယ်တို့ဆီ အရောက်ပြန်တာ..။ ဘွယ်က ကျမဆီပြေးလာပြီး ဟေ့ကောင် နင် လစ်တော့..။ နင်က ဆရာမ.. အဖမ်းခံရလို့ မဖြစ်သေးဘူး သွား… ဆိုပြီး တွန်းလွှတ်တာ..။ ကျမ တုန်လှုပ်ပြီး မျက်ရည်တွေ ကျလာတော့ သူက ကျမကို လက်မောင်းကနေဆွဲပြီး ဟေ့ကောင်လာ.. သွားမယ်ဆိုပြီး ဆွဲခေါ်.. နောက်တော့ ကောင်လေး နှစ်ယောက်က ဆရာမ... လာ.. ဆိုပြီး သူ့လက်ထဲကနေ ကျမကို ဆွဲခေါ်။ ဘွယ်က “ခက် မြန်မြန် လစ်တော့..”တဲ့။ ကျမ ပြေးထွက်ခဲ့တယ်။ အဲဒီနေ့မှာပဲ ဘွယ်တို့ ပထမဆုံးအကြိမ် အဖမ်းခံခဲ့ရတာပါ။

++++

အဲဒီကာလထဲမှာပဲ ကျမ အိမ်ထောင်ပြု.. ။ နောက်တော့ ၃နှစ်ကျော်ကျော်အကြာမှာ ဘွယ် တခေါက် ပြန်လွတ် လာတယ်။ သူထောင်ကလွတ်ပြီး ရက်ပိုင်းပဲ.. ကျမအိမ်ကိုလာတော့ ကျမတို့မောင်နှမ အလွမ်းသယ်ကြတာပေါ့။ တနေကုန်ပဲ.. စကားတွေထိုင်ပြောကြတာ.. ။ နိုင်ငံရေးရော.. စာပေကိစ္စရော.. ကျောင်းဆက်တက်ဖို့ ကိစ္စတွေရော..။ သူကတော့ ကျောင်းလည်း ပြန်မတက်ချင်တော့ဘူး.. အဲလိုပဲ အချစ်ဝတ္ထုတွေလည်း မရေးချင်တော့ဘူးတဲ့..။ ဘွယ်က သိပ်ကို တည်ငြိမ်လေးနက်သွားတယ်။ ငါ လက်တွေ့ဘ၀ကို သိသွားပြီတဲ့..။ ကျမကတော့ ငါကတော့ စိတ်ကူးယဉ်တတ်နေတုန်းပဲလို့ ပြန်ပြောတော့ သူက ရယ်တယ်။ “အဲဒါ နင်ပဲလေ”..တဲ့။ “ဒါပေမဲ့ လက်တွေ့ဘ၀မှာတော့ စိတ်ကူးမယဉ်နဲ့တော့နော် ကျောင်းအမ.. ကလေးပဲ တယောက်ရနေပြီ.. စာရေးတာမှာပဲ စိတ်ကူးယဉ်တာကောင်းတယ်”.. တဲ့။ ပြီးတော့ ပြောသေးတယ်.. နင့်စာတွေကတော့ နည်းနည်း ဘ၀ဆန်လာပါပြီတဲ့။ အဲဒီတုန်းက ၉၁ ခုနှစ် နှစ်လယ်လောက် ထင်တယ်။ ကျမ သားကြီးကို မွေးပြီးစလောက်ပဲ ရှိသေးတယ်..။

နောက် သိပ်မကြာလိုက်ပါဘူး..။ သူ ထပ်ပြီး အဖမ်းခံရပြန်တယ်..။ အဲဒီတခါ ထောင်ဒဏ်ချခံရတာလည်း များတယ်။ ၁၂နှစ်တဲ့။ ကျမလည်း ဘ၀ထဲ ကမောက်ကမတွေဖြစ်..။ နောက်ဆုံး ကျမကိုယ်တိုင် ဘားအံကို ရောက်သွား..။ အဲဒီနှစ်တွေထဲမှာ.. ဘွယ်ကလည်း ထောင်ထဲမှာ..။ သူက ယုံကြည်ချက်အတွက် ထောင်ထဲ ၀င်လိုက်ထွက်လိုက် ဖြစ်နေရချိန်မှာ ကျမကတော့ ကိုယ်ရေးကိုယ်တာ သောကတွေထဲပဲ တ၀ဲလည်လည်..။ ဒါကြောင့်ပဲ ကျမနဲ့ သူ လုံးလုံး အဆက်အသွယ် ပြတ်သွားကြတာ..။ ကျမဘယ်လောက်များ တာဝန်မဲ့ခဲ့သလဲဆို သူ့အမေ အန်တီဝင်း ဆီကိုတောင် ဖုန်းမဆက်ဖြစ်တဲ့အထိ။ ကိုယ့်အပူကိုမှ အပူလို့ အောက်မေ့တတ်တဲ့ ကြောင်.. ပီပီသသ။

ဒီလိုနဲ့ ဘ၀ထဲ တလူးလူးတလိမ့်လိမ့်နဲ့ပဲ.. ကျမ ရန်ကုန်ပြန်ရောက်..။ စိတ်သွားတိုင်း ကိုယ်လိုက်ခဲ့တဲ့ နောက်ထပ် ဘ၀သစ်တခုထဲမှာ ရုန်းကန်နေတုန်း..။ ဘွယ်.. ထောင်က ပြန်လွတ်လာပြီတဲ့။ ၂၀၀၃…။

သူရှိနေတဲ့နေရာဆီ ကျမ သွားတွေ့တယ်။ သူ အများကြီးပိုပြီး တည်ငြိမ်သွားပြန်တယ်။ သူ့ရှေ့မှာ ကျမကတော့ လွန်ခဲ့တဲ့ နှစ်၂၀နီးပါးတုန်းက ခက်ခက် ပြန်ဖြစ်သွားပေမဲ့ သူကတော့ သိပ် လူကြီး ဆန်သွားခဲ့ပြီ။ ကျမရဲ့ ဒဏ်ရာဒဏ်ချက်တွေက သူ့ရှေ့မှာကျတော့ ဘာမှမဟုတ်တော့ပြီ။ ဘာလို့လဲဆိုတော့ သူက ထောင်ထဲက အတွေ့အကြုံတွေ ပင်ပန်းဆင်းရဲခဲ့ရမှာတွေကို စကားလုပ်ပြီးတော့တောင် မပြောခဲ့လို့ပါပဲ။ ပြန်တွေ့တွေ့ချင်းနေ့မှာတုန်းကတော့ သူနဲ့ ကျမ စိမ်းသွားတယ်လို့တောင် ခံစားလိုက်ရပါတယ်။
ဒါပေမဲ့ အဲဒါ မဟုတ်ပါဘူး။ တကယ်တမ်း စကားတွေ ထိုင်ပြောကြတော့ တိုင်းပြည်အတွက် ရတက်မအေးတဲ့သူက သစ္စာကြီးသူပီပီ.. နိုင်ငံ့အရေးကိစ္စကိုသာ အလေးအနက်ထားတော့တာကိုး။ နောက်တော့ သူက.. သူ့အဖေရဲ့ အစဉ်အလာကြီးခဲ့တဲ့ ပုဂံစာအုပ်တိုက်ကို ပြန်လည်ပတ်မယ့် အကြောင်း.. လူငယ်တွေအတွက် လိုအပ်မယ့် စာအုပ်မျိုးတွေ ပြန်ထုတ်မယ့်အကြောင်းတွေ အများကြီး ပြောတယ်။ သူ့အမေအတွက်ကို ထည့်စဉ်းစားတာတွေဘာတွေလည်း ရှိလာပြီ။

ကျမ အပြင်ဘက် ထွက်မလာခင် ၂၀၀၅ ဖေဖော်ဝါရီ နောက်ဆုံးပတ်ထိ သူနဲ့ ကျမ တပတ်တခါလောက် ဆုံပြီး ကော်ဖီဆိုင်ထိုင်တယ်..။ စကားတွေ ပြောတယ်..။ အရင်ကလို ကလေးမဆန်ကြတော့ပေမဲ့ အရင်ကလိုပဲ ကျမဟာ သူ့ရဲ့ နှမတယောက်လို ရှိနေဆဲပါပဲ..။

ကျမက နင်အိမ်ထောင်လေး ဘာလေးပြုဟာလို့ ပြောတော့ .. တော်စမ်းပါဟာလို့ ပြန်ပြောတယ်။ ဘာမှတော့ အကြောင်းမပြဘူး။ ငါ နင့်အတွက် စိတ်မအေးဘူးဟ.. လို့ ကျမပြောတော့ အောင်မယ်.. အရေးမပါလိုက်တာ ဟာ.. တဲ့။ ငါ့မှာ လုပ်စရာတွေအများကြီး ရှိသေးတယ်ဟ.. တဲ့။ ကျမ အလုပ်ထွက်တော့မယ်ဆိုတော့လည်း နင်သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်နော်..တဲ့။ ဒီလောက်ပဲ .. အရင်လို အကြံမပေးတော့ဘူး..။ နောက်… ငါ အပြင်ထွက်တော့မယ်လို့ အသိပေးတော့လည်း မတားဘူး။ သူ တကယ့်ကို ပြောင်းလဲ ရင့်ကျက် သွားခဲ့တာပါပဲ။

++++++

ကိုယ့်ယုံကြည်ချက်နဲ့ တာဝန်တခုအတွက် ငါ ဆက်လုပ်ရမှာပဲ.. လို့ ကျမနဲ့ နောက်ဆုံး စကားပြောခဲ့တဲ့ အချိန်ထိ သူ ပြောခဲ့တယ်။ အဲဒီအချိန်မှာ သူတို့ကို ထပ်ဖမ်းဖို့ လာနေကြပြီလို့ သိထားတဲ့အချိန်ပါ။ နင်ရှောင်နေလိုက်ပါဟာလို့ ကျမ အတုန်တုန်အလှုပ်လှုပ်နဲ့ ပြောတော့ ရယ်နေတယ်။
ကျမကတော့ တကယ့် ဟာသပါပဲ..။

နောက်တော့ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ဂုဏ်သိက္ခာအတွက်.. အမှန်တရားအတွက်.. သူတို့တတွေ အသာတကြည်ပဲ အဖမ်းခံခဲ့ကြပြန်တယ်။ ၂၀၀၇ သြဂုတ်လ ၂၁ရက်နေ့ည..။ နှစ်ရှည်ထောင်ဒဏ်တဲ့။ တော်ရုံနှစ်ရှည်တောင်မဟုတ်.. နှစ် ၅၀ကျော် .. ၆၅နှစ်နီးပါးတွေ..။ (တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ဆိုရင်ပဲ ၃နှစ်နဲ့ ၂လ ရှိပြီ)။ သူတို့အားလုံးဟာ ထောင်ထဲမှာ ယုံကြည်ချက်နဲ့ အကျဉ်းကျခံနေကြရသူတွေ။ ကိုယ့်တိုင်းပြည် လွတ်မြောက်ရေးအတွက် ၈၈နောက်ပိုင်းကာလတလျှောက်လုံး သူတို့ရဲ့ ကိုယ်ပိုင်ဘ၀တွေကို စွန့်ထားကြသူတွေ..။ သူတို့ရဲ့ နုပျိုတဲ့ အချိန်တွေ.. အရည်အသွေးမြင့် ဦးနှောက်တွေနဲ့ ချစ်ခြင်းသံယောဇဉ်တွေကို ကျောခိုင်းပြီး လူထုခံစားချက်တွေကိုသာ မျက်နှာချင်းဆိုင်ခဲ့ကြသူတွေ..။
အဲဒီလို အသီးသီး စွန့်ထားခဲ့ကြရသူတွေထဲမှာ ဘွယ်ဆိုရင်လည်း အသက် ၇၀ကျော်အမေကြီးကို တယောက်တည်း ထားထားခဲ့ရတာ..။ အဲဒီတုန်းက ကျမ စိတ်ထိခိုက်ခံစားရတဲ့အထဲမှာတော့ ကိုယ့်ရဲ့ မစွန့်လွှတ်နိုင်မှုတွေကို ရှက်နေမိတဲ့ ခံစားချက်ပါ ပါနေခဲ့ပါတယ်။
ဘွယ်ကတော့ ပြောဦးမှာပါပဲ..။ “ဒါတွေက ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပါဟာ.. ကိုယ် လုပ်ချင်တာ လုပ်ကြတာပါပဲ.. ငါက ဒါပဲလုပ်ချင်တာကိုး..” လို့ပဲ.. ပြောမှာပါပဲ။
ဒါပေမဲ့ ကျမကတော့ ခုချိန်ထိ သူ့ကို လွမ်းတဲ့အခါတိုင်း ကိုယ့်ရဲ့ အတ္တအတွက် ရှက်မိတာကိုတော့ ဖျောက်မရနိုင်တာ အမှန်ပါ။ အရင်လို မျက်နှာချင်းဆိုင်ပြီး မေးခွင့်များ ရရင်တော့ ဘွယ့်ကို မေးချင်ပါသေးတယ်။ စာရေးဆရာကြီး ဗန်းမော်တင်အောင်က သူ့ဘ၀မှာ အတ္တဆိုလို့ မခင်ဦးကို ချစ်မိတာပဲ ရှိပါတယ်လို့ ဆိုခဲ့တာ..။ ခု ဘွယ့်မှာရော.. အတ္တဆိုရင် ဘာရှိမလဲလို့ ကျမရဲ့ ချစ်စွာသော သူငယ်ချင်းကို စေ့စေ့ကြည့်ြုပီး မေးချင်ပါသေးတယ်..။

+++++
အောက်တိုဘာ ၂၁

Oct 13, 2010

ဆောင်းသီတာရေ...


ဟေးး ခက်.. လို့ ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ အတန်းဖော် အီရန်မလေး Niloo ။
တော်တော် ချောတဲ့ အမျိုးသမီးလေးပါ။ အသက် ၃၀လောက်ပဲ ရှိမယ်ထင်တယ်။ သူက ကျမနဲ့ အတန်းထဲမှာ အတွဲမိဆုံး အဖော်ပါ။ သူ့ရဲ့ ခက် လို့ ခေါ်တဲ့အသံက သိပ်ပီတာပဲ။ အဲဒီအခါ သူ့ကြောင့်ပဲ ကျမက ဟိုးလွန်ခဲ့တဲ့ နှစ်များစွာ.. ပြောရရင် နှစ် ၃၀ရဲ့ ဟိုးဘက်ကို ပြန် ရောက် ရောက် သွားတာပါ။ ၁၉၈၆ မှာ မေငြိမ်းရယ်လို့ ဖြစ်ပြီး နောက်ပိုင်း ကျမကို မမေငြိမ်း… ငြိမ်း.. မငြိမ်း.. ရွှေငြိမ်း လို့သာ အခေါ်များခဲ့ကြတာမို့ ခက်လို့ ခေါ်ရင် ၁၉၈၆ မတိုင်ခင်က သူငယ်ချင်းတွေပဲဆိုတာ သေချာတာပေါ့။ ခုတော့ ကျောင်းသူပြန်ဖြစ်သွားတဲ့ ဘ၀မှာ ကျမက မေငြိမ်းမဟုတ်တော့။ နောက်ဆုံးနာမည်ကို ခေါ်လေ့ရှိတဲ့ ဒီက ထုံးစံအရ အတန်းထဲမှာ ကျမက ခက် ပြန်ဖြစ်သွားပြီ။ ကောင်းသားး.. ကျမအတွက်တော့ ဟောင်းနွမ်းငြီးငွေ့တာရယ်.. လက်ရှိအနေအထားတခုမှာ စိတ်ပျက်တက်တက် ဖြစ်နေတာရယ်.. ပေါင်းလိုက်တော့.. ခက်ဆိုတာလေးက ကျမကို တဖန် ပြန် သစ်စေတယ်။ အဲဒီအခါ ကျောင်းပရိဝုဏ်ထဲ စာဖတ်ရင်း ဟိုးအရင်ကလိုပဲ ကဗျာတွေတောင် ရေးဖြစ်လို့။ ကြည်နူးစရာပါပဲ။

+++++

ဒါနဲ့ပဲ ဆောင်းသီတာကို လွမ်းတော့တာ။
ဆောင်းသီတာဆိုတာ ကျမ သိပ်ချစ်တဲ့ မှတ်မှတ်ရရ သူငယ်ချင်းပေါ့။ သူက နာမည်လှလှလေးနဲ့ ညီအမ ၃ယောက်ရှိတဲ့အထဲ အကြီးဆုံးပေမဲ့ ဘာလို့လဲမသိဘူး.. သူ့ကို သူ့မိသားစုက သီတာလေးလို့ ခေါ်ကြတယ်။ ကျမကလည်း သူ့ကို သီတာလေးလို့ပဲ ခေါ်တယ်။ ကျမက သူ့ထက် နည်းနည်းငယ်တော့ သူကလည်း ကျမကို ခက်လေးလို့ ခေါ်တယ်။ နာမည်လေး လှသလို လူကလည်း တကယ်လှတာ..။ ပြီးတော့ ကျမစိတ်ထဲ စွဲကျန်နေခဲ့ရလောက်အောင် စိတ်ထား လှတဲ့သူငယ်ချင်းလည်း ဖြစ်ပါတယ်။ တခါတလေ စဉ်းစားမိတယ်.. ကျမတောင် သူ့လောက် စိတ်ထား မလှနိုင်ခဲ့ဘူးလို့။ သီတာလေးက လှတဲ့အပြင် သူ့အခြေအနေကလည်း မာန်မာနရှိစရာဖြစ်ပေမဲ့ သိပ်ရိုးသားဖြူစင်သူ။ ကျမ နဲ့ သူ.. တော်တော်ချစ်ကြပြီး အဲဒီအရွယ်မျိုးမှာ တကယ် ပြဿနာ ဖြစ်လောက်တဲ့ ကိစ္စမျိုးမှာတောင် ကျမတို့ နှစ်ယောက် စိတ်ဝမ်းမကွဲနိုင်ဘဲ ချစ်ခဲ့ကြတာ..။ ၁၀တန်း တူတူအောင်ပြီး တက္ကသိုလ်တက်ကြတော့ လည်း ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) ဖြစ်သွားတဲ့ RC 3 မှာ တူတူ.. ၀ိဇ္ဇ္ဖာသင်္ချာဘာသာ ယူကြတာလည်း တူတူ..။ နောက်တော့ ကျောင်းတက်ပြီး သိပ်မကြာပါဘူး.. သူရည်းစားထားရော..။ အဲဒီအခါ သူ့ရည်းစားကို သူက ကိုကို လို့ ခေါ်တော့ ကျမကလည်း ကိုကိုလို့သာ ခေါ်ခဲ့တာ နှုတ်ကို ကျိုးလို့။ ကျောင်းတ၀က်တပျက်နဲ့ သူအိမ်ထောင်ကျသွားတော့ ကျမဖြင့် စိတ်ထိခိုက်လိုက်တာ။ သူနဲ့ ကျမ အဲဒီကတည်းက ကွဲသွားကြတာ.. ခုဆို ၂၇နှစ်တောင် ကျော်ခဲ့ပြီ။
သီတာလေးဟာ ကျမအတွက်တော့ ဇီဇ၀ါပန်းလေး တပွင့်ပဲ..။ နွမ်းသွားတာတောင် တမျိုးလေး လှနိုင်တဲ့ ဖြူဖြူစင်စင် ပန်းကလေး တပွင့်ပေါ့..။


ကိုယ့်အနားမှာ အလိမ်အကောက်တွေများလှတဲ့ ညစ်တစ်တစ်လူတွေကို တွေ့တဲ့အခါ သီတာလေးကို လွမ်းသလို.. သူ့လိုပဲ ဖြူဖြူစင်စင် ရှိတယ်လို့ ခံစားရစေတဲ့ အပြုံးမျိုးကို မြင်ရင်လည်း သီတာလေးကို လွမ်းတယ်..။ တခါမှ စိတ်မဆိုး စိတ်မခုခဲ့ရဖူးတဲ့ သူငယ်ချင်းဆိုတာဟာလည်း ဘ၀မှာတော့ စခန်းသာလေး တခုကို ကြုံကြိုက်ရတာနဲ့ တူတူပါပဲ။ ခုထိ သီတာလေးကို သတိရရင် ချစ်ခြင်းနဲ့ အလွမ်း ကိုသာ မှတ်မှတ်ထင်ထင် ရှိရဆဲပါ…။
ဖြူစင်သော ချစ်ခြင်းများ..
လောဘမဲ့ တပ်ငြိခြင်းများ…
ငယ်စဉ်ဘ၀က မေတ္တာတရားများ…
အစွန်းအထင်းမဲ့ စွဲလန်းခြင်းများကိုသာ
အဖန်ဖန် ပြန်လွမ်းဆွတ်ရဲ့..။
ဆောင်းသီတာ ရေ.. ။

+++++

(ကျမဆီမှာ ဇီဇ၀ါပန်းပုံ အသင့်မရှိလို့ မမသီရိ ဆီက ယူလိုက်ရပါတယ်)

Oct 10, 2010

ချစ်ခြင်းများ (၂)


မီးဖိုချောင်ထဲက ဂက်စ်မီးဖိုတွေရှေ့ရပ်တိုင်း Sylvia Plath ကို သတိရတာတော့ ဘယ်ဟုတ်ပါ့မလဲ…။
သာယာတဲ့မြစ်ကမ်းဘေးထိုင်တိုင်းလည်း Virginia Woolf ကို အမှတ်မရပါဘူး။
အချိန်မှန်မှန် ကျတတ်တဲ့စိတ်တွေထဲမှာတော့ Frida Kahlo ကို သတိရအောင်
ထည့် ထည့် တွေးမိတာတော့ အမှန်…။
လူ့ဘ၀မှာ ငွေကြေးက ဘယ်လောက်မှ အရေးမပါဘူးလို့ တွေးတတ်အောင်
သင်ခဲ့တာတော့ Marilyn Monroe ပဲ။
မေတ္တာတရားအတွက် စာရွက်စာတမ်းသက်သေ မလိုဘူးဆိုတာကို အတည်ပြုပေးတဲ့
Simone de Beauvoir ကြောင့်
အချစ်ရဲ့ တန်ဖိုးကို ပိုသိခဲ့။
လောကကြီးထဲ နေစရာရှားလိုက်တာလို့ တွေးမိရင်တော့ Van Gogh ကို သတိရပြီး
ပြောင်းခင်းကို မကြည့်မိအောင် နေရတယ်။
ငါ့ရဲ့ လှပလှတဲ့ ဦးနှောက်ကို တန်ဖိုးမသိသူတွေအတွက် မပေးတော့ဘူးလို့များ
မြို့မငြိမ်း တွေးလေသလား လို့ သိချင်မိ။
အချစ် ငွေကြေး အောင်မြင်ကျော်ကြားမှု သားသမီး ချစ်ဇနီးဆိုတာတွေထက်
ဘာကများ ပိုအရေးကြီးခဲ့သလဲ ဆိုတာကိုတော့ Elvis Presley က ပြောပြမသွားခဲ့ဘူး…။
ဒါပေမဲ့ သူတို့တွေဆီကနေ လောကထဲမှာ ထွီစရာတွေ များလှတယ်ဆိုတာကိုတော့ တကယ်ပဲ ခံစားခဲ့ရ….။
ကဲ… ခုနေခါ ကျမ ဘယ်သူ့ကိုများ လွမ်းဆွတ်ရဦးမှာပါလိမ့်…။

၁၀၊၁၀၊၁၀

Oct 6, 2010

လိပ်ပြာ

ခုတလော ကျမစိတ်တွေ ညစ်ထေးနေတယ်..။
ဒါနဲ့ပဲ... ကဗျာလိုလို စာလိုလိုတွေ ကောက်ကောက်ခြစ်..။
အနုပညာကို စိတ်ဖြေရာအနေနဲ့ အသုံးချရတာ အားနာပေမဲ့..
ကျမဘ၀မှာ သူကသာ အမြဲတမ်းထွက်ပေါက် ဖြစ်နေခဲ့တာပါ။



လိပ်ပြာ

တကယ်ဆို…
နာမည်လေးကိုကလည်း လှပြီးသားပါ..။
အရောင်ဘယ်လိုရှိရှိ
အဆင်းဘယ်လိုနေနေ
အသွေးဘယ်လိုထင်ထင်
သူကတော့ လှမြဲပင်။

ဒါပေမဲ့
လိပ်ပြာသန့်ဖို့တဲ့..
လိပ်ပြာ လုံဖို့တဲ့..
လိပ်ပြာလှဖို့တဲ့..
အဲလို သတ်မှတ်ကြရဲ့...
ဘာလို့များ သူနဲ့မှ တင်စားသလဲ..။
ဖျတ်ဖျတ်ကွန့်မြူးတတ်တဲ့ စိတ်အနေ
လိပ်ပြာနဲ့ တူလေသလား။

ဟင့်အင်း.. ကျမဖြင့် မထင်ပေါင်..
ညစ်ထေးသူတွေရဲ့ စိတ်နှလုံးမှာ လိပ်ပြာမရှိနိုင်..
အဲဒီအခါ
လိပ်ပြာဆိုတာ နှလုံးလှသူတို့ထံမှာသာ
ဖျတ်ဖျတ်လွင့်ပျံလိမ့်..။
ဒါမှသာ
လောကကို ၀တ်မှုန်ကူးလို့
ဖူးပွင့်စေမယ် ယုံ..။

Sep 19, 2010

ပွင့်တူရွက်တူ

ဒီရာသီ Fall မှာက ညနေခင်းတွေက ရွှေရောင် အေးမြမြ..။ ကိုယ့်တိုင်းပြည်က မေမြို့ရဲ့ ညနေခင်းတွေကို သတိရစရာ။ ပန်းရောင်စုံတွေ ဝေတဲ့ ရာသီ။ အဲဒီလိုကာလမှာမှ ကျမတက်ရတဲ့ ကောလိပ်လေးက ကျမကို လွမ်းအောင်ပဲ ဖန်လေသလား.. အလွမ်းပြေလို့ပဲ ပြောရမလား မသိ..။ ကျောင်းလေးက ကျမဘ၀ထဲက အရေးပါလှတဲ့ လှိုင်ကောလိပ်လေးနဲ့ တူလွန်းတာပါပဲ။ ရွှေအိုရောင် အုတ်ကွက်တွေနဲ့ ဆောက်ထားတဲ့ ကျောင်းဆောင်တွေ..။ ပြီးတော့ ခပ်နိမ့်နိမ့် ခပ်ပြားပြား အထပ်အဆောက်အဦးတွေ…။ နိမ့်လျှော ကုန်းမြင့် လမ်းတွေ ရှိတာ..။ ပြီးတော့ အတွင်းထဲမှာ မျက်စိလည်စရာ လှေကားလေးတွေနဲ့ အပေါ်ထပ်တွေကို တက်ရတာ..။


ဟိုးလွန်ခဲ့တဲ့ နှစ်၃၀တုန်းက ကျောင်းသူလိုဖြတ်သန်းခဲ့.. ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်မှာကျတော့ ဆရာမလို ဖြတ်သန်းခဲ့ရတဲ့… ကျမ အသည်းနှလုံးထဲ အတော်စွဲမြဲနေရာယူခဲ့တဲ့ ကျောင်းဟာ ခု ကျမအနား ပြန်ရောက်လာသလို..။

ကျောင်းဝင်းထဲ.. ဆူဆူညံညံစားသောက်တန်းလေးတွေ မရှိတာ..။ ချစ်စရာကောင်းတဲ့ ရယ်မောသံတွေနဲ့ ဗမာသီချင်းသံ လွင့်လွင့်ပျံ့ပျံ့ မရှိတာတွေတော့ ကွာသပေါ့လေ..။ ဒီမှာတော့ ကျောင်းဝင်းက တိတ်တိတ်ဆိတ်ဆိတ် နိုင်လှတယ်။ ပျော်ရွှင်ရယ်မောသံတွေကို တခါတလေမှသာ ကြားရတယ်။ ကျမက တပတ် ၂ရက် .. တရက် ၂နာရီခွဲသာ တက်ရတာမို့ရော.. ကျမရဲ့ ကျောင်းချိန်တွေက ညနေစောင်းတွေ ဖြစ်တာကြောင့်ရော ထင်ပါရဲ့။ ကျောင်းပရိဝုဏ်က ငြိမ်ဆိမ်နေလေ့ရှိတာ..။


ပြီးတော့ ကျမတို့ရဲ့ စာသင်ခန်းကလည်း ကျဉ်းကျဉ်းလေးရယ်..။ အတန်းထဲ လူ ၂၀သာ လက်ခံတာမို့ ကျမစိတ်ထဲတော့ ပျင်းစရာ..။ ဒါပေမဲ့ တကယ်တမ်း စာသင်ရပြီဆိုတော့လည်း ကိုယ် သိပ်သင်ချင်နေတဲ့အပြင် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ကြားရ သိရလို့ ထင်ပါရဲ့... စာသင်ချိန် ၂နာရီခွဲဆိုတဲ့ စိတ်ညောင်းစရာ အချိန်အတိုင်းအတာက ကျမအတွက်တော့ ဘယ်လို ကုန်သွားမှန်းမသိ..။ ဆရာမ စာသင်နေချိန်တလျှောက် ကျမဟာ ကိုယ့်ကိုယ်ကို ကျောင်းဆရာမ တယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတာကို မေ့နေတယ်..။ ကိုယ့်မိသားစုကိစ္စတွေကို မေ့နေတယ်..။ ကိုယ့်အလုပ်ခွင်ကို မေ့နေတယ်..။ ဆရာမနဲ့အတူ စာတွေဆွေးနွေးရင်း ဖတ်စရာတွေ လောဘတကြီး ဖတ်ရင်း.. နားထောင်စရာတွေ လောဘတကြီး နားထောင်ရင်း.. ကျမက ဟိုး နှစ် ၃၀တုန်းက ကျောင်းသူ ငြိမ်းခက်ခက် ပြန်ဖြစ်သွားတယ်။ ကိုယ့်အသက်အရွယ်ကိုလည်း မေ့သွားတယ်။ ကျမစိတ်ထဲ ကျောင်းစာလုပ်နေရတယ်လို့ မထင်ဘဲ ကျမသိချင်တာတွေကို ဆရာမက ပြောပြနေတယ်လို့ပဲ ခံစားရတယ်။ ကျမဟာ သိလိုစိတ်တွေများတဲ့ ကျောင်းသူလေး ပြန်ဖြစ်သွားတယ်။ ရှေ့တပတ်ကျရင် စာမေးပွဲတဲ့….။ ကျမ စိတ်လှုပ်တရှားပဲ ပြင်ဆင်နေမိတယ်။ ကျမမှာ ဟိုတုန်းကလို စွမ်းရည်တွေ.. အင်အားတွေ ကျန်နေသေးသလားဆိုတာ သိချင်နေမိတာ ထင်ပါရဲ့။

+++++

အတန်းက ၅နာရီမှာ စ..။ ညနေ ၇နာရီခွဲမှာ ပြီးတာမို့ ကျမအတန်းပြီးချိန်ဆို မှောင်စပျိုးပြီ။

(အိမ်ပြန်ချိန် မှောင်ရီပျိုး)

အတန်းအပြင်ကို ထွက်လိုက်ရင်တော့ ကျောင်းဝင်းရဲ့ နေညိုချိန်အောက်မှာ ကျမက လွန်ခဲ့တဲ့ နှစ် ၂၀ကျော်ကို ပြန်ရောက်သွားတယ်။ မနက်အစောကြီးတုန်းက ရုံးအလုပ်တွေနဲ့ ပင်ပန်းထား.. နေ့လယ်ခင်း တချက်နားပြီး အတန်းတက်ဖို့အရေး သင်ခန်းစာ ကြိုဖတ်ပြီး ကျောင်းလာတက်။ ဆိုတော့ အတန်းပြီးချိန်မှာတော့ ခန္ဓာကိုယ်က တကယ်ပင်ပန်းနေပြီ..။ ဒီတော့မှ အတန်း ၅ချိန်လောက် စာအော်ဟစ်သင်ခဲ့ရလို့ ပင်ပန်းပြီး အိမ်ပြန်ချင်နေတဲ့ ဆရာမဘ၀ရဲ့ ညနေချိန်တွေထဲ ပြန်ရောက်သွားတယ်။ ဟော.. အိမ်မှာ မိသားစုက ကျမကို ထမင်းစားဖို့ စောင့်နေလောက်ပြီ။သားနဲ့ သမီးကို အိမ်စာ ကူလုပ်ရဦးမှာ ထင်ပါရဲ့။ ကလေးတွေအဖေလည်း ဒီနေ့ ကျမ မအားတာမို့ ဟင်းချက် ဂျူတီဝင်ရပြီ။ မနက်လည်း အစောကြီးထပြီး အလုပ်ခွင်ဝင်ရဦးမှာ..။ အင်း ဘာသတင်းတွေများ ထူးမှာပါလိမ့်။ ခုချိန်ဆို ကိုယ့်တိုင်းပြည်မှာ အိပ်ယာက ထကြပြီလေ။

+++++

တကယ်တော့ ဟိုးတချိန်တုန်းကလည်း အဲဒီလို ဘ၀အမောတွေ တွေးရင်းနဲ့ အိမ်ပြန်ရတဲ့ ကျောင်းဆရာမ တယောက်ရဲ့ ပင်ပန်းမှုမျိုးထဲ နွမ်းနယ်ခဲ့ရဖူးတာပေါ့။ အဲဒီတုန်းက ခုထက်ပိုပြီး အသက်ရှူရ ကျပ်ခဲ့တယ် .. စိတ် ပင်ပန်း ဆင်းရဲခဲ့တယ်လို့ ထင်ပါတယ်။ ၈၈ ရဲ့ နောက်ပိုင်းကိုးးး…။

+++++

ဘာလိုလိုနဲ့ ဒီနေ့ဆိုရင်ပဲ ၂၂နှစ်တိုင်ခဲ့ပြီ။ (၁၈၊၀၉၊၂၀၁၀)

+++++++

Sep 15, 2010

ကြောင်



ကြောင်

ကိုယ့်ချောင်ထောင့်ကွေးလေးထဲ
မီးအိမ်လေးထွန်းပေးမလို့..တဲ့…။
ဒါပေမဲ့ မိုးလေကြမ်းလွန်း..
မီးဇာကုန် ဆီခမ်းလွန်း…
တခါတခါကျတော့လည်း လေလုံငြိမ်သက်လွန်းသတဲ့..။
ဒါနဲ့ပဲ.. ငြိမ်ငြိမ်လေး ကုပ်ကွေးနေရ..
ဒီချောင်ကိုလည်း မခွာရက်နိုင်ဘူးတဲ့လေ.. သူက။

ကျမကတော့ အမှောင်ကြောက်သူ..။
ဒါပေမဲ့ အမှောင်ထုထဲမှာပါပဲ
ခြေသံလုံအောင် တိုးဖွဖွလှမ်းနေရ..
လက်သည်းချွန်မြတွေကိုတော့
မသိမသာ ကုပ်သွေးထားမိပါတယ်..
ဒီလိုနဲ့ပဲ
မိုးလေကြမ်းကို ခုခံရဲခဲ့…
မှောင်ထဲမှာ မျက်လုံးတွေ လက်ပသူ ကျမက
ချောင်ထဲက အပူကိုတော့ မုန်းတယ်..။

အဲဒီအခါ...
အပူချောင်ကို စွန့်ခွာ
မှောင်တ၀က်အလင်းမှာ ပျော်သယောင်။
(၀၉-၁၄-၁၀)

Aug 14, 2010

တကယ်ဆို အချိန်ပဲ လိုတယ်…..

သူငယ်ချင်းတွေက ကျမကို သိပ်ပျောက်တာပဲလို့ ပြောတိုင်း ကျမ အမြဲ စိတ်မကောင်း ဖြစ်ရပါတယ်။ အထူးသဖြင့် ကျမ အမြဲအချိန်ယူဆက်ဆံခဲ့တဲ့သူတွေက ပြောတဲ့အခါ ပိုဆိုးပါတယ်။ တလောကဆို ထိုင်းမှာကျန်ခဲ့တဲ့ ငယ်သူငယ်ချင်းက ကျမကို gtalk ကနေ chat တိုင်း တခါတလေ ကျမက မရှိ။ တခါတလေ.. “သယ်ရင်း.. ကျမ တော်တော် မအားလို့” လို့ ပြန်ဖြေရပါတယ်။ ကြာတော့ သူက ကျမကို ပြောတယ်.. ဘန်ကီမွန်းပြီးရင် ခဗျား အလုပ်အများဆုံးဖြစ်မယ်တဲ့။ ကျမ တကယ်ပဲ ၀မ်းနည်းသွားပါတယ်။ ဒါနဲ့ တနေ့ ကျမ အချိန်သေချာယူပြီး သူ့ကို ပြန်ရှင်းပြရပါတယ်။ ကျမ ဘယ်လို မအားတဲ့ အကြောင်း..။ သူက ပြန်ပြောပါတယ်။ လူတိုင်း မအားတာပါပဲ.. တဲ့.။ သူ အဲလိုပြောတာကို ကျမကတော့ “ခဗျားတယောက်တည်း အလုပ်ရှိတာမဟုတ်ဘူး” လို့ ငေါ့တယ်လို့ ကျမ ခံစားရပါတယ်။ ခုမှအမေရိကားရောက်တော့ မအားလှချည်လားလို့ အငေါ်တူးတယ်လို့ ခံစားရပါတယ်။ ပြဿနာက ထိုင်းမှာ နေတဲ့ ၄နှစ်လုံးကတော့ ကျမအလုပ်က အိမ်ကနေ ထိုင်လုပ်ရတာဆိုတော့ တကယ်ကိုပဲ အချိန်တွေ တော်တော် ပိုပါတယ်။ ပြီးတော့ ထိုင်းမှာတုန်းကတော့ ကိုယ့်မိတ်ဆွေ အများစုနဲ့က အချိန်လည်း တူတူပဲကိုး။ ဒီတော့ gtalk အတွက်ရော.. skype အတွက်ရော… Blog အတွက်ပါ ကျမ အချိန်တွေ တော်တော် ပေးနိုင်ခဲ့တာပါ။ ခုကတော့ ကျမက အနောက်..သူတို့က အရှေ့… ကမ္ဘာတခြမ်းစီ မှာလေ…။ ပြီးတော့ ကျမဆီမှာ ဖိစီးမှုတွေအများကြီးနဲ့။
+++++++

ဒါဖြင့် ကျမက gtalk မှာ invisible လုပ်နေရလောက်အောင် ဘယ်လို မအားတာပါလဲ…။ ကျမနေတဲ့ Maryland က အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ဘက်ခြမ်းဆိုတော့ မြန်မာပြည်နဲ့ဆိုရင် အချိန်က နေ့နဲ့ည လုံးလုံးကွာပါတယ်။ ခုလိုနွေရာသီဆိုရင် ကျမတို့ဆီ နေ့လယ် ၁၂နာရီဆိုရင်.. မြန်မာပြည်မှာ ည.. ၁၀နာရီခွဲပါ။ ထိုင်းမှာ ည ၁၁နာရီ။ စင်္ကာပူမှာ ည ၁၂နာရီပါ။ ဆောင်းရာသီဆိုရင်တော့ နာရီက တနာရီ နောက်ဆုတ်လို့ မြန်မာပြည်နဲ့ နေ့ည အချိန် နာရီဝက်ပဲ ကွာပါ တော့တယ်။ ကျမဆီက ည ၁၁နာရီက မြန်မာပြည်ရဲ့ နေ့လယ် ၁၀နာရီခွဲပေါ့….။ အဲလို ပြောင်းပြန်ဖြစ်နေတဲ့အခါ အဲဒီက လူတွေကို အဆင်ပြေပြေ chat လုပ်မယ်ဆိုရင် ဖြစ်နိုင်တဲ့ အချိန်က ကျမရဲ့ မနက်ခင်း ၈နာရီလောက်ကနေ နေ့လယ် ၁၁နာရီလောက်ထိရယ်… ကျမရဲ့ ညပိုင်း အစောဆုံး ၉နာရီကနေ နောက်ပိုင်းလောက်ရယ်ဆိုတဲ့ အချိန်ပိုင်းလေးလောက်ပဲ ရှိပါတယ်။ ပြီးတော့ ကျမရဲ့ အလုပ်သဘာဝ ကလည်း အချိန်က ပုံမှန်မဟုတ်တာပါပါတယ်။ လူတောင်ပုံမှန်မဟုတ်တော့မှာ စိုးရသေး..။ ဒါဖြင့် အဲဒီ အချိန်တွေ ၀န်းကျင်တွေမှာ ကျမ ဘာတွေ လုပ်နေရပါသလဲ…။
++++++

ကျမရဲ့အလုပ်က ထုံးစံအတိုင်းဆိုရင်တော့ တပတ် ၅ရက်ပါပဲ။ အလုပ်က အသံလွှင့်လုပ်ငန်းဆိုတော့ ဂျူတီတွေက မနက်ပိုင်း ညပိုင်းခွဲထားရပါတယ်။ အဲဒီမှာ ကျမက အများအားဖြင့် မနက်ပိုင်းဂျူတီ၃ရက် နဲ့ ညပိုင်းဂျူတီ ၂ရက်ကျပါတယ်။ မနက်ပိုင်းသမားတွေရဲ့အလုပ်ချိန်က မနက် ၄နာရီမှာ ရုံးအရောက် ၀င်ရပြီး နေ့လယ် ၁၂နာရီခွဲမှာ ဂျုတီချိန် ကုန်ပါတယ်။ ညနေခင်းသမားတွေက နေ့လယ် ၁၂နာရီခွဲ ရုံးဝင်ရပြီး ညဘက် Air Show ပြီးချိန် ကိုယ့်အလုပ်တွေအားလုံးသိမ်းတဲ့အချိန် ပြန်ရပါတယ်။ အစောဆုံး ည ၉နာရီခွဲပေါ့။ ပြီးတော့ နားရက် တပတ် ၂ရက်ကို အဆင်ပြေသလို အလှည့်ကျ နားကြရတော့ နားရက်က ပုံမှန်မဟုတ်တဲ့အပြင် ၂ရက်ဆက်တိုက်လည်း နားရခဲလှပါတယ်။

ကျမတို့ မနက်ပိုင်းဂျူတီနေ့ဆိုရင် မနက် ၃နာရီ အိပ်ယာထပြီး အိမ်ကနေ ၃နာရီခွဲ နောက်အကျဆုံး ထားပြီး အိမ်ကထွက်မှ ၀ါရှင်တန်ဒီစီထဲက ရုံးကို အနည်းဆုံး နာရီဝက်လောက် ကားမောင်းပြီး ရောက်ပါတယ်။ ရုံးကို ၄နာရီလောက်ရောက်ပြီဆို ဒီနေ့ ဘာတွေထူးသလဲနဲ့ စပြီး နေ့လယ် ၂နာရီခွဲသာ ရှိသေးတဲ့ မြန်မာပြည်ထဲက သတင်းတွေကို လိုက်ရပါတော့တယ်။ မြန်မာပြည်ထဲ ဖုန်းခေါ်ရတဲ့ ဒုက္ခကိုလည်း စာဖွဲ့ မပြချင်တော့ပါဘူး။ အဲဒီ သတင်းလိုက်ရတာနဲ့ နိုင်ငံတကာသတင်းတွေ တက်လာတဲ့အခါ ဘာသာပြန်ရတာနဲ့ကိုပဲ အချိန် အတော် လုလုပ်ရပါတယ်။ မနက်ပိုင်းတာဝ န်ကျ ၇ယောက် ၈ယောက်က ပျားပန်းခတ်အောင် လုပ်နေကြရတာပါ။ တခါတလေများ ကော်ဖီဖျော်သောက်ဖို့တောင် အချိန်မရလိုက်လို့ အသံလွှင့်ချိန် ကျမတို့ရဲ့ မနက် ၇နာရီခွဲ (မြန်မာပြည်ရဲ့ ညနေ ၆နာရီ)မှာတော့ အသံလွှင့်ခန်းထဲထိုင်နေတဲ့ လူ၎ယောက်စလုံး ဗိုက်ထဲက ဂွီဆိုတဲ့ အသံတွေတောင်မြည်လို့ ရယ်ကြရပါတယ်။ တကယ်ပါ.. တကယ့်ကို အကျယ်ကြီးမြည်တာ။ တခါတလေများ အသံလွှင့်တဲ့အထဲ အဲဒီအသံ ပါသွားမလား လို့တောင် ထင်မိပါသေးတယ်။

အသံလွှင့်ချိန် ၁နာရီစာအတွက် ၃နာရီကြိုလုပ်တာတောင် အလျင်မီအောင် မနည်း လုပ်ကြရတာပါ။ အဓိကကတော့ Breaking News တွေနဲ့ သတင်းတက်တာတွေ နောက်ကျရင် ပျာကြရတာပါ။ သတင်းဆိုတာကလည်း ကျမတို့ အသံလွှင့်ချိန်မီအောင် ဖြစ်ပေးနေတာမှ မဟုတ်တော့ သတင်းတက်တဲ့ အချိန်များ နောက်ကျရင် ရုံးခန်းထိုင်ကျန်ခဲ့တဲ့သူတွေက နောက်က လိုက်လုပ်ပြီး အသံလွှင့်ခန်းထဲ လိုက်ပေးပေရော့ပဲ။ သတင်းကလည်း တခါတလေ တက်တာ တင်းကြမ်း။ ဥပမာ သဘာဝဘေးဒဏ် သတင်း များဆိုရင် တရုတ်ပြည်ရေကြီးတဲ့သတင်းမှာ သေနှုန်းက ကိုယ် သတင်း မကြေညာခင် နောက်ဆုံးအချိန်ထိ လူ ၂၀ သေဆုံး ကနေ အသံလွှင့်ချိန် တနာရီအတွင်းမှာကိုပဲ လူ ထောင်ကျော် ဖြစ်သွားတာမျိုး.. ၀န်ကြီးဝမ်ကျားဘောင် သွားနေပြီ ဆိုတာမျိုး တွေပေါ့။ အဲလို update တွေက မှားလို့ မရပါဘူး။

ဒီတော့ အဲဒီ အလုပ်ချိန် အတောအတွင်းဟာ တကယ့်ကို ခေါင်းမဖော်နိုင်လောက်အောင် လုပ်ရတဲ့အချိန်ပါ။ ဒီက မနက် ၇နာရီခွဲကနေ ၈နာရီခွဲ တချိန် အသံလွှင့်ပြီးတော့ နောက်တချိန်က မနက် ၁၀နာရီခွဲကနေ ၁၁နာရီခွဲတချိန် ထပ်လွှင့်ရပါသေး တယ်။ အဲဒီအချိန်အတွက်လည်း တတ်နိုင်ရင်တော့ သတင်းအသစ်တွေပဲ သုံးဖို့ ကြိုးစားရပါတယ်။ သတင်းအသစ် မတက်လွန်း ကာမှပဲ ပထမတကြိမ်သုံးပြီးသား သတင်းတချို့.. နောက် နှစ်ခါပြန်လွှင့်ဖို့လိုတဲ့ အရေးကြီးသတင်းတွေကို လွှင့်ပါတယ်။ အဲဒီ ရေဒီယိုချိန် ၂ချိန်ကြား ၂နာရီရတဲ့အချိန်လေးမှာ မနက်စာကို အလုပ်တဘက်နဲ့ပဲ အလုအယက် စားကြရပြီး နောက်တချိန် တနာရီစာ လွှင့်ဖို့ စီစဉ်ပြင်ဆင်ရပြန်ပါတယ်။ အလုပ်အားလုံး ပြီးပြီ အေးပြီရယ်လို့ နာရီကြည့်တော့ နေ့လယ် ၁၂နာရီထိုးပါပြီ။ မြန်မာပြည်မှာ ည ၁၀နာရီခွဲ.. ထိုင်းမှာ ည ၁၁နာရီ.. စင်္ကာပူမှာ ည ၁၂နာရီ……။ ပြီးတော့ ကျမတို့မှာလည်း Parking နေရာခက်ခဲလှတဲ့ Washington DC ထဲ... နေ့လယ်ပိုင်းသမားတွေ ကားရပ်စရာ အဆင်ပြေဖို့အတွက် ကိုယ်ရထားတဲ့ Parking နေရာလေးတွေမှာ သူတို့ ရပ်နိုင်ဖို့ မနက်ပိုင်းသမားတွေက အချိန်ကိုက် ပြန်ရပါမယ်။ သိပ်ပင်ပန်းထားပြီမို့ ပြန်လည်း ပြန်ချင်နေကြပါပြီ။ ကျမဆိုရင် များသောအားဖြင့် သူများကားနဲ့ လိုက်ပြန်ရတာ ဆိုတော့ ကိုယ်လိုက်မယ့်သူပြန်ချိန် အမီ လိုက်ပြန်ရတာပါပဲ။ ဒီတော့ သိမ်းဆည်း ပြင်ဆင်တာနဲ့ နေ့လယ် ၁၂နာရီခွဲ ရုံးပြန်ချိန်မှာတော့ အရှေ့ဘက်ခြမ်းက သူငယ်ချင်းတွေ အိပ်မောကျချိန် ရောက်ပြီပေါ့။ အိမ်ပြန်ရောက်ဖို့ကလည်း အနည်းဆုံးနာရီဝက်လောက် မောင်းကြရဦးမှာလေ..။ ဒါတောင် Traffic မမိပါမှ။ Traffic မိလိုက်လို့ကတော့ လမ်းမှာတင် တနာရီကျော်ကြာတတ်တာပါ။
+++++

အိမ်ပြန်ရောက်တော့.. ခုတော့ နွေကျောင်းပိတ်ရက်မို့ ကျမရဲ့ ဆည်းလည်းကြီးတွေ အိမ်မှာ ရှိနေတာပေါ့။ အရွယ်တွေကြီးလာ အသံတွေကလည်း ပိုညံလာတော့ ဆည်းလည်းလေးတွေ ဟုတ်တော့ဘူး။ ပြန်ရောက်တာနဲ့ ကလေးတွေနှုတ်ဆက်ပြီး မေမေ ခဏ နားမယ်ဟေ့လို့ အသံပေး.. ခြေလက်ဆေးပြီး တရေးဝင်အိပ်ရပါတယ်။ မဟုတ်ရင် ခေါင်းတွေအုံပြီး လူက စိတ်မကြည် ချင်ဘူး။ နေ့လယ် ၁နာရီခွဲလောက်ကနေ နေ့လယ် ၂နာရီခွဲလောက်ထိက ကျမရဲ့ တချက်အိပ်ချိန်ပါ။ အဲဒီအချိန်လောက်မှာတော့ မနက် ၅နာရီအလုပ်ဝင်ရပြီး နေ့လယ် ၂နာရီမှာ အိမ်ပြန်ရောက်တဲ့ ကလေးတို့အဖေလည်း အိမ်ပြန်ရောက်လာပါပြီ။ အဲဒီနောက်တော့ အိပ်ယာထ.. ကလေးတွေနဲ့ ဘာ ညာ ဘာညာလေးတွေ ပြောစရာရှိတာ လုပ်စရာရှိတာ လုပ်။ TV ခဏကြည့်ရင်းနားကြ။ ပြီး ဈေးဝယ်ဖို့ လိုရင် တချက်ပြေးဝယ်ကြ။ ညနေ ၄နာရီဝန်းကျင်ဆိုရင်တော့ ကျမတို့ အဖေနဲ့အမေ နှစ်ယောက်သား မီးဖိုချောင်အလုပ် စပါပြီ။ ညနေစာဟင်းချက်။ မနက်ဖန်နေ့လယ်စာအတွက် ချက်။ ကလေးတွေ မနက်စာစားဖို့ အသင့်ပြင်ခဲ့။ အချိန်တွေက ကုန်လွယ် လိုက်တာ။ အဲဒီအချိန်အတွင်းမှာပဲ တဘက်က သားနဲ့ သမီးကို မြန်မာစာသင်ရပါတယ်။ သူတို့ ကျောင်းဖွင့်ရက်ဆိုရင်တော့ အဲဒီအချိန် သူတို့ အိမ်စာတွေ ကူလုပ်ပေါ့။ ညနေစာထမင်းစားတဲ့ ည ၇နာရီလောက်ထိက အလုပ်မပြတ်တတ် သေးပါဘူး။ ည ၈နာရီမှာ လာတတ်တဲ့ ကျမကြိုက်တဲ့ Lifetime Movie တွေ တနာရီစာ ထိုင်ကြည့်ဖို့ ကိုတောင် အတော် အချိန်လုပ်ယူရတာပါ။

ရုပ်ရှင်ကြည့်တာကလည်း ကျမအတွက်က အနားယူတာတမျိုးဖြစ်သလို အင်္ဂလိပ်စကားပြောအတွက်လည်း ပါပါတယ်။ ဒါတောင် ကြော်ငြာတွေ လာချိန်မှာ မီးဖိုထဲ အလုပ်ဝင်လုပ်ရသေးတာပါ။ ည ၁၀နာရီလောက်မှာတော့ ပတ်စာခွာ ဖျာသိမ်းပါပြီ။ ဒါပေမဲ့ နောက်တနေ့မနက် ၃နာရီပြန်ထရမှာမို့ အိပ်လည်း အိပ်သင့်ပါပြီ။ အဲဒီအချိန်ကျမှပဲ ကလေးတွေကိုလည်း သူတို့အခန်းထဲ မောင်းသွင်း..။ ကျမကတော့ အင်တာနက်တချက်ထိုင်.. email စစ်… ရုံးအလုပ်ထဲက ကျန်သေးတဲ့ Web စစ်တဲ့အလုပ် လုပ်။ ည ၁၁နာရီထိုးတော့မယ်။ ဒါပေမဲ့ ကျမ အိပ်လို့ မဖြစ်သေးပါဘူး။ ဘာလို့လဲဆိုတော့ တပတ်တကြိမ်အသံလွှင့်နေရတဲ့ ရသစာအုပ်စင် ကဏ္ဍအတွက် စာဖတ်ရပါဦးမယ်။ အနည်းဆုံး တညကို ၀တ္ထုတို ၃ပုဒ်လောက်အနည်းဆုံး ဖတ်နိုင်ပါမှ တပတ် တပတ် ရွေးဖို့ ရေးဖို့ အချိန်မီပါတယ်။ ကျမ တကယ်အိပ်မယ်လို့ စာကြည့်မီးကို ပိတ်လိုက်တဲ့ အချိန်ဟာ အစောဆုံး ည ၁၁နာရီခွဲပါ။ ချက်ချင်း အိပ်ပျော်သွားရင်တော့ ကံ အင်မတန် ကောင်းတာပါပဲ။ ဘာပဲဖြစ်ဖြစ်.. နောက် ၃နာရီအကြာ မနက် ၃နာရီမှာ ထရမှာမို့….. အိပ်ချိန် ၃နာရီပဲ ရတာတော့ အသေအချာပါပဲ။
+++++

ဒါဖြင့် ညနေပိုင်းဂျူတီဆိုတော့ရော..။ အင်း အိပ်ချိန်လေး နည်းနည်း ပိုရတယ်ပေါ့။ ကျန်တာကတော့ အချိန်ပြောင်းသွားတာ တခုပါပဲ။ ပုံမှန်လည်ပတ်နေတာတွေက မပြောင်းပါဘူး။
မနက် ၈နာရီလောက်ထ… မနက်စာ စားဖို့လုပ်ပေး။ ကိုယ်ရှိနေရင်တော့လည်း ထမင်းကြော်ရင် ကြော်.. ဆီထမင်းထိုးရင်ထိုး။ မုန့်ဟင်းခါးလေးချက်ရင် ချက်။ (ကျမ ရုံးသွားရတဲ့နေ့ဆိုရင်တော့ ညပိုင်းကတည်းက ကျမ စီစဉ်ထုတ်ပေးထားခဲ့တဲ့ ပီဇာဖြစ်ဖြစ်.. ဆင်းဒ၀စ်ဖြစ်ဖြစ်.. ဘာဂါဖြစ်ဖြစ်.. Dumpling ဖြစ်ဖြစ်ကို သားကြီးက ပြန်နွှေးပြီး မောင်နှမတွေ အဆင်ပြေအောင် စားကြရတာပေါ့။) နောက် သားသမီးတွေ နိုးလာတော့ မနက်စာ စားကြ။ ကျမက ညနေစာအတွက် ဟင်းချက်။ ဟင်းချက်နေရင်းသားကပဲ သူတို့ကို မြန်မာစာသင်။ (သူတို့ ကျောင်းတွေ ဖွင့်ချိန်တုန်းကတော့ မနက်၈နာရီခွဲ သူတို့ ကျောင်းသွားချိန်မှာ ကျမရဲ့ အရှေ့ဘက်ခြမ်းသား ဘော်ဘော်တွေဆီမှာကလည်း ညအစောပိုင်းလေး ဆိုတော့ သူတို့နဲ့ Chat ရင်း အလုပ်လုပ်နိုင်ခဲ့သေးတာပေါ့) ခုတော့ ကလေးတွေ စာလုပ်နေတုန်း ကျမအတွက် ထမင်းဗူးပြင်။ နေ့လယ် ၁၁နာရီမှာ ရေချိုးပြင်ဆင်မှ အိမ်ကနေ ၁၁ခွဲထွက်။ ဒါမှ ရုံးကို ၁၂နာရီခွဲအရောက်လောက် ၀င်နိုင်။ ဟူးးးးးးးးးးးးးး
ရုံးရောက်ရင် ဘယ်လောက်ရှုပ်သလဲလဲ ထပ်မပြောတော့ပါဘူးနော်..။ ဆိုတော့…………………
(ဒီကြားထဲ အိပ်ချိန်စားချိန်မမှန်လို့… ပင်ပန်းတာအကြောင်းပြပြီး မတရားစားလို့… အစားအေသာက် မဆင်ခြင်လို့… ကိုယ်လက်လှုပ်ရှားမလုပ်လို့… ကိုယ်အလေးချိန်တက်.. Cholesterol တွေတက်တဲ့ ဆိုးကျိုးဆက်တွေ မပြောသေး… :P)
+++++

ဒါဖြင့် နားရက်ကလေးတွေမှာ ဘာလုပ်သလဲတဲ့။ သုံးလေးနာရီလောက်တော့ တကယ်ပဲ သေသေချာချာ နားပါတယ်။ အိပ်ယာထဲ လှဲရင်းဖြစ်ဖြစ်.. စာဖတ်ပါတယ်။ ရုပ်ရှင် တကားလောက် ကြည့်ပါတယ်။ ခုလို စာလေးပေလေး နည်းနည်း ရေးဖို့ ကြိုးစား ပါတယ်။ ပြီးရင် အိမ်ရှင်းတဲ့အလုပ်တွေဘာတွေ လုပ်ပါတယ်။ ကလေးတွေအဖေအလုပ်ကပြန်ရောက်ချိန်မှာ ဈေးဝယ်ထွက်တာတို့ ကလေးတွေကို တနေရာရာ ထွက်ပို့တာတို့ လုပ်ပါတယ်။ စနေည ... သောကြာညတွေမှာ ရှိတတ်တဲ့ မိတ်ဆွေတွေရဲ့ ပါတီတွေ သွားပါတယ်။ အဲဒါတွေကလည်း မလုပ်မဖြစ်တဲ့ ကိစ္စတွေပါပဲ။ ဗမာမိသားစုတွေ ဗမာကလေးတွေ ဆုံကြတာလေ။
++++

ပြောရရင်.. Blog ကို မလှည့်နိုင်တော့တာ ဒါတွေကြောင့်ပါပဲ။ Comment Box ကို ဖြုတ်လိုက်တာလည်း ဒါကြောင့်ပါ။ ကျမက အချိန်မှန်ဝင်မကြည့်နိုင်တော့ ရုန့်ရင်းကြမ်းတမ်းတာတွေကို အချိန်မီမဖျက်နိုင်တော့ အတော်အရုပ်ဆိုးပါတယ်။ ဒါပေမဲ့ တဘက်ကလည်း ဘလော့မှာမှ ဆက်သွယ်ကြရတဲ့ ဘလော့ဂါမောင်နှမတွေကို လွမ်းလွမ်းနေတာလည်း အမှန်ပါပဲ။ Moderate တော့လည်း မလုပ်ချင်ဘူး။ (ခုတော့လည်း လွမ်းလာတာနဲ့ Comment ပြန်ဖွင့်ထားလိုက်ပြန်ပါပြီ.. ကိုပေါကတော့ ဘာပြောဦးမယ် မသိ :P)

နောက်ပိုင်း ပိုဆိုးမှာက ကလေးတွေလည်း ကျောင်းပြန်ဖွင့်မယ့် လာမယ့် Fall term မှာ ကျမ ကျောင်းတက်တော့မှာ။ အချိန်ထပ်ပေးရမယ့်အပြင် ကျောင်းစာတွေပါ ပိတော့မှာ။ Blog ဘယ်လိုပြန်ရေးမလဲတဲ့..။ စဉ်းစားတိုင်း ကျမ စိတ်မကောင်း ဖြစ်ရပါတယ်။ အချိန်မရှိပါဘူးဆိုကာမှ ရေးချင်တာတွေ ရေးစရာတွေကလည်း ပေါ်လာလိုက်တာ အစီအရီပေါ့။
ဒီနေ့ဆိုရင် ကိုငှက်ဆုံးတာ ၆နှစ်ပြည့်ပြီ။ ဒီတလော သွယ်သွယ်နဲ့ မိထောလေးကို သတိရရနေတာ။ သမီးတောင် ၁၅နှစ်သမီး လောက် ရှိပြီထင်ပါရဲ့ဆိုပြီး သတိရနေတာ။ ဒါပေမဲ့ ကျမ စာမရေးနိုင်။ ဒီတခါတော့ စကားလုံးတလုံးမှ ထွက်ကျ မလာ။ မနက်ဖန် သြဂုတ် ၁၅ရက်ကျတော့ ဆရာကြီး မင်းသုဝဏ် ၆နှစ်ပြည့်။ အဲဒီအထိမ်းအမှတ်အတွက်တော့ ဆဲဗင်းအလဲဗင်း ရွေးကောက်ပွဲ ဆိုတာကြီးနဲ့လည်း အံကိုက်အောင် … ဘကြီးအောင် ညာတယ်..၀တ္ထုတိုလေးကို ရသစာအုပ်စင်တင်ဖို့ လုပ်နေပါတယ်။

လောလောဆယ်တော့ ဘလော့လေး အသက်မသေရလေအောင် ကြိုးစားပြီး စာ နည်းနည်းစီ ပြန်တင်ဖို့ တကယ်ပဲ ကြိုးစားနေပါတယ်။ တဘက်ကလည်း ရသစာအုပ်စင် ဘလော့လေးမှာ အပတ်စဉ်အသံလွှင့်ခဲ့တဲ့ အသံဖိုင်တွေကို အချိန်ရတိုင်း ပြန်တင်နေပါတယ်။
ခုတော့ ကျမခမျာ… အဆိုတော်ဇော်ဝင်းရှိန်ရဲ့ တကယ်ဆို အချစ်ပဲလိုတယ် ဆိုတဲ့သီချင်းကို အချစ်နေရာမှာ အချိန်ကိုပဲ အစားထိုးပြီး သတိရနေရပါတော့တယ်။

++++++

Jul 21, 2010

ဝတ္ထုပြန်ရေးချင်လိုက်တာ....

ခုတလော ကလေးတွေ နွေ ကျောင်းပိတ်လို့ သူတို့ ကိစ္စတွေအတွက် အချိန်တွေ ပိုပေးနေရတဲ့ကြားထဲကပဲ ၀တ္ထုရေးချင် ပန်းချီရေးချင်တဲ့ စိတ်တွေ ခဏခဏ ပေါ်လာနေပါတယ်။ ဟိုးတုန်းကလို အချစ်ဝတ္ထုတအုပ်..။ ဒါမှမဟုတ်.. ၀တ္ထုတိုလေးတွေပေါ့…။ ရာသီဥတုပူပူအောက်မှာ သစ်ပင်တွေ စိမ်းမြနေတာကို ကြည့်ရင်း… အရောင်တွေကို ပန်းချီရေးနေတာလည်း စိတ်ထဲမှာတော့ အကြိမ်ကြိမ်..။ ဒါပေမဲ့ နှစ် ၂၀ ကျော် ပန်းချီနဲ့ ဝေးခဲ့တဲ့ လက်တွေက ဘာမှမတတ်တော့ဘူးလို့ ခံစားနေရပါတယ်။ နောက်တခု.. ကျမရဲ့ သဘာဝက အပျော်တွေကိုပဲ ရွေးခံစားပြီး ကြည်ကြည်နူးနူးနေတတ်တဲ့ သဘာဝမို့၊ ခုလို အပျော်တွေ တိုရေရှားရေ နိုင်လာတဲ့ ကာလမျိုးမှာ ကြည်နူးလေ့တဲ့စိတ်ကို နှမျော နေမိတာလည်း ပါပါလိမ့်မယ်။

ဖြစ်နိုင်ရင်… နဘေးက သစ်ပင်လေးတွေ နေပူပြင်းပြင်းအောက်မှာ ခေါင်းထောင်ကြော့နေတာ လေးတွေကိုပဲ ကြည်နူးစိတ်နဲ့ ရေးချင်တယ်..။ ပြီးတော့ အပွင့်ရောင်စုံဆန်းဆန်းတွေ ပွင့်တတ်ပေမဲ့ ရနံ့တော့ မသင်းတဲ့ အမျိုးအမည်မသိတဲ့ ပန်းပွင့်တွေကို သနားစိတ်နဲ့ ရေးချင်တယ်..။ အိမ်ခြံဝင်းထဲ ၀င်ဝင်လာတတ်တဲ့ ယုန်ညိုလေးနှစ်ကောင်ကို ကြည့်ပြီး လွတ်လပ်လိုက်တာ.. ဘေးကင်းလိုက်တာလို့ ခံစားရတဲ့ စိတ်ချမ်းသာမှုကို ရေးချင်တယ်။ အိမ်ဝင်းထဲက အပင်တွေဆီ လာလာနားတတ်တဲ့ ချစ်စရာ ငှက်မျိုးစုံကို တွေ့တဲ့အခါ ခံစားရတဲ့ ချစ်စိတ်ကို ရေးချင်တယ်။


ပင်လယ်လှိုင်းစီးနေတဲ့ စင်ရော်တွေကို ထိုင်ငေးရင်း ဘ၀မှာ သဘာဝ သက်သက်ကိုပဲ ခံစားရင်းနေလို့ ရရင်ကောင်းမှာဆိုတဲ့ တမ်းမက်စိတ်ကို ရေးချင်တယ်..။ ဒီခေတ်ကြီးထဲ တမြေစီဝေးနေရပေမဲ့ .. အဆင်မပြေမှုတွေရှိတဲ့ကြားထဲကပဲ တယောက်နဲ့ တယောက် သစ္စာရှိရှိချစ်နေကြတဲ့ ငယ်ကျွမ်းဆွေ နှစ်ယောက် (ကျမ ချစ်တဲ့ ကလေးတွေပေါ့)အတွက် ခံစားရတဲ့ ကိုယ်ချင်းစာ အလွမ်းကိုလည်း ရေးချင်တယ်။ မဖြစ်နိုင်တဲ့ အချစ်ကို ထိတွေ့မိလို့ ခံစားနေရတဲ့ အရွယ်လွန် မိန်းမတယောက်ရဲ့ တပြည်တရွာမှာ ကြွေကွဲနာကျင် အထီးကျန် နေရတာမျိုးကိုလည်း စာနာစိတ်နဲ့ ရေးချင်တယ်။ အိမ်ရှေ့ ပန်းအိုးထဲက သပြေပင်လေး အညွန့်တွေ ဝေနေတာကို ကြည့်ပြီး ဆရာမင်းသုဝဏ်ရဲ့ သပြေညိုကို လွမ်းဆွတ်သတိရကြောင်း.. ရေးချင်တယ်။


အပွင့်တွေ ဝေတဲ့ စပယ်ပင်ကို တွေ့တော့လည်း စပယ်ဖြူတွေတောင် ပွင့်ပြီကွယ်ကို လွမ်းကြောင်းပေါ့။


ည ည.. အိမ်ရှေ့မြက်ခင်းပြင်ကနေ ညကောင်းကင်ကို မျှော်ကြည့်တဲ့အခါ ကြယ်တွေအများကြီးကို တွေ့ပြန်တော့ ကိုငှက်ရဲ့ ကြယ်တွေစုံတဲ့ညကို တမ်းတတဲ့အကြောင်း ရေးချင်တယ်..။ ဒီလိုပဲ… သဘာဝကျကျ လွမ်းမိတဲ့ စိတ်အစုံကို ရေးချင်လှပါတယ်။

+++++

တကယ်ပါ…။ တချိန်ကလို.. လုံးချင်းတအုပ်ရေးအပြီးမှာ အကျေနပ်ကြီးကျေနပ်ပြီး ဈေးကွက်အရ ပေါက်မပေါက်ဆိုတာကို မစဉ်းစားဘဲ.. ကိုယ့်စာအုပ်ဖုံးလေးလှဖို့အရေး.. ကိုယ့်စာအုပ်လေး သပ်ယပ်ဖို့အရေး.. ထုတ်ဝေသူနဲ့ ငြင်းရ ခုန်ရ..။ စာအုပ်လေးထွက်လာရင် အကြိမ်ကြိမ်ပြန်ဖတ်ရင်း.. ဒီနေရာမှာ ဒီလိုလေး ရေးလိုက်ရကောင်းသားလို့ ပြန်ပြန်တွေးနေရတဲ့ ခံစားချက်အလွမ်းကိုလည်း မချိတင်ကဲ ရေးချင်ပါသေး။

မဂ္ဂဇင်းထွက်လို့များ ကိုယ့်ဝတ္ထုတို ပါပြီဆို သရုပ်ဖော်ပုံကိုကြည့်ပြီး သဘောကျကျေနပ်ရတဲ့ ခံစားချက်ကိုလည်း တသသ လွမ်းမိတာ ဒီရက်တွေထဲမှာ…။ ပြီးတော့ စာသင်ခန်းထဲက ကျမကို မော့ကြည့်နေကြတဲ့ မျက်လုံးလေးတွေ………………… ဘယ်တော့မှ မတွေ့နိုင် ပြန်မရနိုင်တော့တဲ့ အနေအထား….။

++++++

တကယ်တော့ လက်ရှိဘ၀က အပူပင်နည်းနည်း.. အလုပ်များများ..၊ သောကနည်းနည်း .. ပျော်စရာများများ….၊ အမုန်းနည်းနည်း.. အချစ်များများပါ..။ ဒါပေမဲ့ ကျမရဲ့ စိတ်နှလုံးထဲမှာတော့ မပြေနိုင်တဲ့ အလွမ်းတွေက အမြုတေလို တည်နေပြီ။

+++++

နေ့တိုင်း နေ့တိုင်း "ရသစာအုပ်စင်"တာဝန်အတွက်ရော.. ကိုယ့် စိတ်အဆာအတွက်ရော… ၀တ္ထုအပုဒ်ပေါင်း များစွာ.. မဂ္ဂဇင်းပေါင်းများစွာ ဖတ်နေရင်းသားကပဲ.. ကိုယ်တိုင် ၀တ္ထုမရေးနိုင်တဲ့ အတွက် ကြေကြေကွဲကွဲ။ အဲဒီအခါ ကိုယ့်နှလုံးထဲ ကိုယ်ပြန်စိမ်ဝင်ကြည့်တော့ ……… ကျမက ချစ်ခြင်းတရားကို လွမ်းနေတာပါလားရယ်လို့ တွေ့ပါတယ်။

+++++

ကျမ.. အလွမ်းပြေဖို့အတွက် တခုခု လုပ်မှဖြစ်တော့မယ်လို့ စဉ်းစားတော့… လောလောဆယ်မှာတော့ “ကျမရဲ့ ချစ်ခြင်းများ..” ဆိုတဲ့ ခေါင်းစဉ်နဲ့ ချစ်ခဲ့ဖူးသမျှတွေအကြောင်း ရေးမယ်လို့ အဖြေထွက်ပါရောရှင်…။

+++++

Jul 8, 2010

ချစ်လို့ ရေးတဲ့ Tag .. "အသွင်တူ၏.. မတူ၏..."

အချစ်ဝတ္ထုတွေ အများကြီးရေးခဲ့ပြီး ကိုယ်တိုင်လည်း အချစ်ဆိုတာကို အကြိမ်ကြိမ် ကြုံခဲ့ဖူးပေမဲ့ ခုချိန်ထိလည်း အချစ်ဆိုတာဟာ ဆန်းကြယ်တဲ့အရာလို့ လက်ခံနေမိဆဲ ကျမက အချစ်ဆိုတာဟာ တစုံတရာ အမျိုးအမည်တပ် သတ်မှတ်လို့ မရဘူး ဆိုတာကိုလည်း သဘောတူပါတယ်။

++++++

အေးအေးဆေးဆေးနေတတ်တဲ့.. လူ့လောကရဲ့ ပရိယာယ်တွေအကြောင်းလည်း သေချာ မသိတဲ့.. ပကတိ ရိုးသားဖြူစင်တဲ့.. ကိုယ့်ထက်လည်း ၁၀စုနှစ်တခုစာလောက်နီးပါး ငယ်တဲ့ လူငယ်လေးတယောက်ကို အသက် ၃၀ကျော်မှ.. ဘ၀အတွေ့အကြုံစုံလှတဲ့.. နာနာကျင်ကျင် အတိတ်တွေ ရှိတဲ့.. ပြီးတော့ ပတ်ဝန်းကျင် အကြီးကြီးထဲ ကျင်လည်နေရတဲ့ ကျမက ဘာလို့ ချစ်ခဲ့.. လက်ထပ်ခဲ့ပါသလဲ..။ အသွင်တူ၏ မတူ၏ဆိုတာကိုရော စဉ်းစားမိခဲ့ဖူးပါသလား..။ သေချာတာကတော့ မစဉ်းစားခဲ့ဖူးဘူးဆိုတာပါပဲ…။ ခုကျမှ မသက်ဝေ Tag လာတာနဲ့ ရေးမယ်လို့ စဉ်းစားကြည့်တော့……

++++++

ရင်ခုန်ရင် အချစ်ပဲကွယ်လို့ ထူးအိမ်သင်ပြောတော့ ကျမက ခြွင်းချက်မရှိသဘောတူ ထောက်ခံခဲ့တာ..။ ဒါပေမဲ့ အချစ်ဆိုတာနဲ့ ပတ်သက်ရင် ရင်ခုန်တာ တခုတည်းနဲ့ ဆုံးဖြတ်ခဲ့တာတော့ မဟုတ်ပါ..။ သူနဲ့ ကိုယ့်အကြား နားလည်နိုင်မှု ဘယ်လောက် ရှိမလဲ..။ ပြီးတော့ ညှာတာ စာနာနိုင်မှု ဘယ်လောက်ရှိမလဲ..။ ဒါတွေလည်း တွေးခဲ့မိပါတယ်။ အသွင်တူဖို့သာ အဓိကထား ထည့်စဉ်းစားမယ်ဆိုရင်တော့ ကွာဟနေတဲ့ စရိုက်လက္ခဏာ တော်တော်များများကို တွေ့ရမယ် ထင်ပါတယ်။ ကျမက ရန်ကုန်သူ… ပိုဆိုးတာက သူနဲ့ ခေတ်တခေတ်စာ ကွာရုံသာမက.. ယဉ်ကျေးမှု လူမှုပုံစံလည်း တော်တော် ကွဲပြားသူ..။ ကျမက စွန့်စွန့်စားစား လှုပ်လှုပ်ရှားရှား နေချင်သူ..။ သွက်သွက်လက်လက်။ သူက နယ်မြို့ ရွာလေးတရွာက..။ ဘ၀ကို အေးအေးချမ်းချမ်းနဲ့သာ ဖြတ်သန်းချင်သူ။ တည်ငြိမ်အေးဆေးသူ။ ဒါပေမဲ့ ကျမတို့ နှစ်ယောက်ကြားမှာ မေတ္တာတရား တူကြ.. တယောက်အပေါ် တယောက် စာနာငဲ့ညှာတာ တူကြ။ အေးချမ်းတဲ့ မိသားစုဘ၀ တည်ဆောက်ချင်တာ တူကြ။ တယောက်ကိုတယောက် ပံ့ပိုးပေးချင်တာ တူကြ။ တယောက်အပေါ် တယောက် ယုံကြည်အားကိုးစိတ်ရှိတာ တူကြ။ သူပေးချင်တာကို ကိုယ်မက်မောပြီး ကိုယ်ပေးချင်တာကို သူ တန်ဖိုးထားတာတွေ တူကြ။ ရိုးတာနေပြီဖြစ်တဲ့ အခိုင်းအနှိုင်းနဲ့ပဲ မြင်သာ ထင်သာအောင် ပြောရရင်.. ကျမတို့ နှစ်ယောက်ဟာ ကိုယ့်ရဲ့ လိုနေတဲ့ တခြမ်းကို ရှာတွေ့ခဲ့ကြတယ်ပဲ ပြောရမှာပါ..။ ဒီလိုနဲ့ လက်တွဲခဲ့ကြတာ ၁၂နှစ်ကျော်ပြီ။ သားသမီး ၃ယောက်နဲ့ ဒီမိသားစုကြီးကြီးရှိနေတာကို ကျမ ပီတိဖြစ်သလို သူက ကျေနပ်..။ သားသမီးတွေရှေ့မှာ ခိုက်ရန်မဖြစ်တဲ့ မိဘတွေအဖြစ် ရပ်နိုင်တဲ့ အတွက်လည်း ကျေနပ်မိသားပါ..။ (တကယ်တော့ တမိသားနဲ့ တမိသားပဲ .. စိတ်အခန့် မသင့်တာတွေ ကြုံသပေါ့.. ဒါပေမဲ့ ထိန်းကြရတာပါပဲ..။ ဒီတော့ အဲလို ထိန်းနိုင်တာကိုပဲ ကျေနပ်ရတာပါ)။

++++++

ကျမဆီမှာ သူ မကြိုက်တာက ဒေါသကြီးတာကိုပါ..။ သူ့ဆီမှာ ကျမ မကြိုက်တာကကျတော့ သဘောကောင်းလွန်းပြီး သူများပြောသမျှ ယုံလွယ်တာ။ ကျမကိုကျမ သဘောကောင်းလှပြီ.. ယုံလွယ်လှပြီ ထင်တာ.. သူနဲ့ကျမှ… စိတ်ပါတိုရတဲ့အထိ။ ဒါပေမဲ့ သူက ကျမကို အလိုလိုက်တဲ့သူမို့ ကျမ ပြောစကား နားထောင်ပြီး ကျမကို အရာရာ အသိပေး တိုင်ပင်တတ်လို့ တော်ပါသေးပေါ့။ နောက်တခု သူ့ကောင်းကွက်က ကျမ ကိစ္စတွေကို ၀င်မစွက်ဖက်တတ်ပဲ ကျမ လုပ်သမျှကို ယုံကြည်စိတ်ချတာ.. အကောင်း ထင်တာ..။ ဒါကြောင့်ပဲ ကျမက ကိုယ့်အလုပ်တွေမှာ နောက်ဆံမတင်းဘဲ စိတ်ချလက်ချ ယုံကြည်ရာအတိုင်း လုပ်နိုင်ခဲ့တာပါ။ သူနဲ့ ကျမကြားမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာက သားသမီးကိစ္စ..။ သားသမီးတွေအပေါ်မှာ သူအလိုလိုက်လွန်းလို့ ကျမနဲ့ မကြာခဏ အငြင်းအခုန်ဖြစ်ရတာ..။

သူနဲ့ ကျမကြားက အဆင်ပြေတာတခုကတော့ နှစ်ယောက်စလုံး မီးဖိုချောင်ကိစ္စ ၀ါသနာပါတာမို့.. အဆင်ပြေသလို ချက်ကြ ပြုတ်ကြရတာပါ။ ကျမက မုန့်ဟင်းခါး.. အုန်းနို့ခေါက်ဆွဲ.. ကြက်ဆီထမင်း.. ကြေးအိုး.. ဆီချက်ခေါက်ဆွဲ.. ရှမ်းခေါက်ဆွဲ.. နန်းကြီးသုပ်.. အသုပ်စုံ.. ၀က်သားတုတ်ထိုး.. ဆီထမင်း.. အဲဒါတွေလုပ်ရတာမှာ ပျော်ပြီး သူကတော့ ဟင်းချက်တာမှာ ကောင်းပါတယ်။ အမဲသားနှပ်.. ဘဲသားဆီပြန်.. ၀က်သားနှပ်.. ငါးရေချိုဟင်း.. ငါးကလေးအိုးကပ်၊ ကြက်သားကာလသားချက်၊ ငါးသလောက်ပေါင်း၊ မှိုကန်စွန်းကြော်နဲ့ ငပိထောင်း တွေမှာ သူ့ကို ကျမ မီအောင် မချက်နိုင်ပါဘူး။ နောက်တခု ချဉ်ရည်ဟင်းနဲ့ သီးစုံကုလားဟင်းတွေဆိုလည်း ကျမ ချက်တာ သူ့လောက်မကောင်းဘူး။ ကြာဇံကြော် ခေါက်ဆွဲကြော်တွေလည်း သူက ပိုကောင်းပါတယ်။ ဒီတော့ ကျမတို့ နှစ်ယောက် အားတဲ့ ရက်တွေ ညှိပြီး အဆင်ပြေသလို မီးဖိုဝင်ကြတာက တော်တော် အဆင်ပြေပါတယ်။

ကျမအတွက် နောက်ထပ် စိတ်ချမ်းသာစရာတခုကတော့ သူက ခြံစိုက်တာ ၀ါသနာပါပြီး ခြံထဲ သီးပင်စားပင် ပန်းပင်တွေနဲ့ အချိန်ကုန်တတ်သလို.. ကျမက အိမ်ခန်းအပြင်အဆင် ၀ါသနာပါတာမို့ နှစ်ယောက်သား အံကိုက်ပြန်တာပါပဲ..။


ခြံထဲက သူ့အပင်တွေဆီကနေ.. ခူးဆွတ်စားရတာ.. ပန်းတွေ လှ.. ပန်းတွေ မွှေးတာကို ကျမ စိတ်ချမ်းသာရသလို၊ ကျမ စိတ်ကြိုက် နေရာချထားတဲ့ သပ်သပ်ယပ်ယပ် အိမ်ခန်းထဲ သူလည်း စိတ်လက်ချမ်းသာရမှာပါ။




(တန်ဖိုးကြီးပစ္စည်း တခုမှ မရှိပေမဲ့.. ကျမ စိတ်တိုင်းကျတဲ့ ဧည့်ခန်းလေး)

အရေးကြီးဆုံးတချက်ကတော့ ကျမတို့နှစ်ယောက်လုံးက ချမ်းသာကြီးပွားချင်စိတ် နည်းနည်းမှ မရှိဘဲ.. မိသားတစု မပူမပင်ရဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ တူတူ နေနေရရင် တော်ပြီဆိုတဲ့ ခံယူချက်မှာ တူကြတာပါပဲ။

+++++

ကျမက ပွင့်လင်းလွတ်လပ် နေတတ်သူမို့ တကယ်တော့ ကျမဒဏ်ကို ခံနိုင်ဖို့ဆိုတာကလည်း သိပ်တော့ မလွယ်တာ အမှန်ပါ..။ ကျမက ကိုယ်က မှန်တာလုပ်တာပဲဆိုတဲ့ မာန်ကလည်း ရှိသေးတာလေ။ ပြီးတော့ လင်ယောက်ျားဆိုတာကို အဆွေခင်ပွန်းလို သဘောထားတာမို့ ထူးထူးခြားခြား ရိုသေကိုးကွယ်တာမျိုး မလုပ်တတ်သလို ပစ္စလက္ခတ်လည်း မဆက်ဆံ တတ်ပါဘူး။ ဒီတော့ မိန်းမဆိုတာ လင်သားကို ကိုးကွယ်ရမယ်လို့ ခံယူတဲ့ ယောက်ျားမျိုး ဆိုရင်တော့ ကျမနဲ့က အခြေအနေ မကောင်းနိုင်ပါဘူး။ ပြီးတော့ ကျမရဲ့ တန်ဖိုးထားပုံက ယောက်ျားတယောက်ဟာ.. မလိမ်မညာတတ်သူ ဖြစ်ရမယ်။ ဇနီးမယားကို ငဲ့ညှာ ကြင်နာ တတ်ရမယ်.. သူတပါးကို စာနာ နားလည်တတ်သူ ဖြစ်ရမယ်။ သူတပါး ပျက်စီးရာ ပျက်စီးကြောင်း ကြံတတ်သူမျိုး မဖြစ်ရဘူး။ မိသားစုကို ခင်တွယ်ရမယ်။ ဖခင် ပီသရမယ်..။ အဓိပ္ပါယ်မဲ့ သ၀န်တိုနေတတ်တဲ့သူမျိုး မဖြစ်ရဘူး။ ဒါဆို ရပြီ။ အဲဒီအခါ ကျမနဲ့ သူရဲ့ အသွင်မတူမှုတွေက ဘာမှ အရေးမကြီးတော့ဘဲ.. ကျမသတ်မှတ်ထားတဲ့ လိုအပ်ချက်စံတွေနဲ့ ကိုက်ညီလှတဲ့ သူဟာ.. ကျမအတွက်တော့ တန်ဖိုးရှိလှတဲ့ ခင်ပွန်းကောင်းပါပဲ။

+++++

အဲဒီအခါ ခုနေခါ ခင်ပွန်းနဲ့ ပတ်သက်လို့ ရင်သိမ့်သိမ့်ခုန်တာမျိုး မရှိလှတော့ပေမဲ့ အလုပ်က ပင်ပင်ပန်းပန်းပြန်လာတဲ့အချိန် အေးချမ်းတဲ့ဘ၀လေးတခု ရှိနေတယ်လို့ သေချာတဲ့ အိမ်လေးကို လှမ်းမြင်လိုက်တယ်ဆို အမောပြေ.. ကြည်နူး...။



ညနေတွေ စိတ်ပင်ပန်းတဲ့အခါ သူ့အပင်တွေနား စိတ်လက်ချမ်းသာ..။ တခါတခါ အော်ဟစ်ဆူပူရင်းနဲ့ပဲ.. စကားတတ်လှတဲ့ သမီး၊ ချွဲတတ်တဲ့ သားငယ်နဲ့၊ တဘက်တလမ်းက အားကိုးနေရပြီဖြစ်တဲ့ သားကြီးတို့အကြားမှာ.. ကျမအတွက်တော့ "ကျမချစ်မြဲ သံသာဝဲမှ ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်.." ကိုပဲ တဆိုဆို…။

+++++

တကယ်တော့ အသွင်တူလွန်းလို့ ကွဲကွာရတဲ့ ဘ၀မျိုးတွေကို ကြုံဖူးခဲ့တဲ့ ကျမကတော့ အသွင်တူတာ မတူတာထက် ချစ်ခြင်းမေတ္တာ တူဖို့သာ လိုတယ်လို့သာ ယုံကြည်ပါတယ်..။ တကယ်တော့ ပန်းချီအနုပညာမှာတောင်မှပဲ Contrast Color တွေရဲ့ အတွဲက ပိုပြီး Harmony ဖြစ်.. လှပနေတတ်တာမျိုးပါ။ ဒီနေရာမှာ ကျမ ခဏခဏ ညည်းမိတဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းလေးကို ထည့်ပြောပြချင်ပါတယ်။
ဒုက္ခ.. သုခကို တိုးသိစွမ်းစေတဲ့ အရာပါ..
အလွမ်းအဆွေး.. ချစ်ခြင်းရဲ့ အရသာစပ်တဲ့ အပိုင်းရယ်ပါ..။
ဘာတွေကို ဆုတောင်းရဦးမှာလဲ.. ဘာတွေကို မကျေနပ်ဘူး ပြောရမှာလဲ..။ ဒီကမ္ဘာရဲ့ အချိုဆုံး ၀တ်ရည်ကို တူတူ သောက်ခွင့် ရနေမှ…။


+++++++


Jun 20, 2010

အန်တီစု မွေးနေ့

မနေ့က အန်တီစုမွေးနေ့ပွဲကို ၀ါရှင်တန်ဒီစီမှာ စည်စည်ကားကား ကျင်းပကြပါတယ်။ အဲဒီပွဲမှာ သမီးလေးက ကပြီး သားငယ်လေးကလည်း ကလေးတွေ အန်တီစုရဲ့ Biography ကို အသီးသီး ပြောကြတဲ့အထဲ ပါတာမို့ .. သူတို့ ဝေယျာဝစ္စနဲ့ အလုပ်ရှုပ်ပြီး ကျမ တနေကုန် အင်တာနက်မထိုင်ဖြစ်ပါ။ ခုတော့ အန်တီစုရဲ့ အသက် ၆၅နှစ်ပြည့်မွေးနေ့နဲ့ ချိန်ကိုက်တင်ပေးချင်တဲ့ အန်တီစု ပုံတူ ပန်းချီကို မျှဝေ တင်ပေးလိုက်ပါတယ်။ ကျမ ကြိုက်တဲ့ ပန်းချီဆရာ မျိုးမြင့် ရဲ့ လက်ရာပါရှင်..။



အန်တီစု သက်ရှည် ကျန်းမာ အနာမဲ့စွာနဲ့ သူချစ်တဲ့ အမိမြေနဲ့ ပြည်သူလူထုကို ရင်ဝယ်သားလို ထွေးပိုက်စောင့်ရှောက်ခွင့် ရပါစေ...။

Jun 15, 2010

နီလာရတု ကျေးဇူးစကား

နယုန်လပြည့်ညတုန်းကတော့ လပြည့်ဝန်းက ၀ါရှင်တန်ဒီစီမှာလည်း တာဝန်ကျေကျေ သာနေခဲ့ပါတယ်။ ရုံးကအပြန်ညခင်းမှာ လမင်းက ၀ိုင်းဝိုင်းစက်စက်သာနေပြီ။ အဲဒီအချိန် တချက်တချက် မိုးနံ့ပါတဲ့ လေအေးလေး တဝှေ့ဝှေ့ တိုက်နေပါတယ်..။ ဒီည… မြန်မာပြည်မှာတော့ နယုန်လပြည့်နေ့က ကျော်ခဲ့ပြီပေါ့..။ သေချာတာက မေမေ အလှူတခုခု လုပ်လိမ့်မယ်။ မေမေက အထိမ်းအမှတ်အလှူတွေကို မိသားစု ဆွေမျိုး ဥာတိ လူစေ့တက်စေ့အတွက် အမြဲ တာဝန်ကျေကျေ လုပ်ပေးတတ်သူပါ။ အထူးသဖြင့် အဝေးရောက် သမီးကြီးအတွက်ဆိုတော့ သေချာပေါက် လှူနေ တန်းနေပေလိမ့်မယ်။ မေမေ.. ဟိုး… လွန်ခဲ့တဲ့ ၄၅နှစ်တုန်းက ညတညကို သတိရနေမလား..။ မေမေက အရပ် ၅ပေပဲ ရှိတာမို့ သားဦးကျမက ထွားလို့ ညှပ်ဆွဲမွေးရတာ ပင်ပန်းလိုက်တာတဲ့..။ ကျမ အရပ် ၅ပေ ၂လက်မနဲ့ သားကြီး ၈ပေါင်ခွဲကို ညှပ်ဆွဲမွေးရတော့မှ မေမေ ဘယ်လောက် ပင်ပန်းခဲ့မလဲဆိုတာ ပိုသိတော့တယ်။ ပြီးတော့ အဲဒီကျမက မွေးလာတော့လည်း ချူချာလို့ အဖေနဲ့အမေ သိပ် ပင်ပန်းကြရတာ…။

မေမေကတော့ ကျမကို မွေးခဲ့တဲ့ညကို သတိရ မရ မပြောတတ်ပါ..။ ကျမကတော့ ခုလို အသက်ကြီးလာလေ.. မွေးတဲ့နေ့က မေမေ့ကို သတိရလေ..။ ဒီည ပိုဆိုးသေး..။ လပြည့်ည.. မိုးလေ အေးအေး..။ တချက်တချက် မိုးခြိမ်းသံလည်း ကြားရသေး.. အဲလို ညအေးအေးမှာပဲ ကျမကို မွေးခဲ့တာ..။ ၄၅နှစ်ဆိုတာ တကယ် တုန်လှုပ်စရာကောင်းတဲ့ အသက် အပိုင်းအခြား..။ ကျမ ဒီည ကိုယ့်ဘ၀လေးကို ကိုယ်သေချာ ပြန်ကြည့်မယ်လို့ တွေးနေမိပါတယ်..။

+++++

ငယ်ငယ်ကတည်းက ၀ိဇ္ဇာဘာသာရပ်တွေပဲ အားသန်ခဲ့တဲ့ ကျမကို အတွေးအခေါ် ကောင်းအောင်ဆိုပြီး ဖေဖေက သင်္ချာ တော်စေချင်ခဲ့တာ မှတ်မိတယ်။ ဒါပေမဲ့ ကျမက သင်္ချာမှာ ခုထိ ညံ့တုန်း..။ သင်္ချာညံ့လို့ ထင်ပါရဲ့.. လူက အတွေးအခေါ်ဘက် အားမသန်ဘဲ.. ခံစားချက်ဘက်သာ အားသန်ခဲ့တာ..။ ဒါပေမဲ့ ဒုတိယနှစ်အပြီး လိုင်းတွေ ခွဲတော့ အဲဒီခေတ်က ခေတ်စားနေတဲ့ Eco ကို အမှတ်မီပေမဲ့ မြန်မာစာပဲ ယူချင်တယ်ဆိုတာကို အားပေးခဲ့တဲ့ အဖေ.. နဲ့ အမေ့ကို ဒီနေ့ထိ.. ကျေးဇူးတင်ပါတယ်။ အဲဒီအကျိုးဆက်ကြောင့် ကျမ ကျောင်းနေပျော်ခဲ့.. ပညာရေးမှာ ပေါ့ပေါ့ပါးပါး ရင်ဆိုင် ဖြတ်သန်းနိုင်ခဲ့။ အဲဒီအကျိုးဆက်က ဘယ်အထိသွားသလဲဆို ကျမ သားသမီးတွေကျတော့လည်း ကျမက ကျောင်းစာမှာ ဖိအားမပေးတာကြောင့် သူတို့ဟာလည်း ကျောင်းနေပျော် စာတော်ခဲ့ကြပါတယ်။ အဲဒီအတွက် သားသမီးတွေကိုလည်း ကျေးဇူးတင်ပါတယ်..။ တဆက်တည်း ပြောရရင် ဒီနေ့ ဒီချိန်ထိ.. ကျမ ဘ၀ထဲ ကျမစိတ်တိုင်းကျ ပျော်သလို နေခွင့် ပေးတဲ့အတွက် အရာရာကို အောင်မြင်အောင် အလွယ်တကူ ရင်ဆိုင်နိုင်ရတာမို့ ပါရမီဖက်ကိုလည်း ကျေးဇူးတင်ရပါတယ်..။

+++++

တွေးကြည့်တော့ ကျေးဇူးတင်ထိုက်သူတွေက အများသား…။
မူလတန်းကျောင်းသူဘ၀ကတည်းက လက်ရေးလှ.. သတ်ပုံမှန်အောင် လေ့ကျင့်ပေးခဲ့တဲ့ ဆရာမ ဒေါ်ခင်ခင်သန်း..။
အလယ်တန်းကျောင်းသူဘ၀ .. ကျမရေးတဲ့ စာစီစာကုံးတွေကို အမြဲအမှတ်ပေးပြီး ၀တ္ထုဖတ်ရသလိုပဲလို့ အသိအမှတ်ပြု ပြောတတ်လို့မို့ ကျမကို စိတ်အားတက်ကြွစေတဲ့ ကျေးဇူးရှိတဲ့ ဆရာမ ဒေါ်ခင်သန်းစု နဲ့ ဒေါ်သန်းသန်းအေး…။
အမေက ကိုယ့်အတန်းရဲ့ အင်္ဂလိပ်စာဆရာမ ဖြစ်ပေမဲ့ စာမေးပွဲ မေးခွန်းထုတ်တဲ့အခါ သမီးအပေါ်မှာတောင် စည်းကမ်းရှိရှိနဲ့ Hint တောင် မပေးခဲ့တာမို့ ကိုယ်ကျင့်တရားကောင်းအောင် လေ့ကျင့်ပေးတဲ့ အမေ ဆရာမကိုလည်း ကျေးဇူးတင်..။
အရာရှိသမီးဖြစ်ပြီး တက္ကသိုလ်မှာ ကျောင်းစာအုပ်တောင် မ၀ယ်နိုင်လောက်အောင် ဆင်းရဲခဲ့တဲ့အပေါ် ကျေကျေနပ်နပ် ဖြတ်သန်းတတ်အောင် ဂုဏ်ယူတတ်အောင် လေ့ကျင့်ပေးခဲ့တဲ့ လက်ဦးဆရာ အဖေ့ကိုလည်း ကျေးဇူးတင်…။
မြန်မာစာအဓိကနဲ့ ကျောင်းတက်တော့ ကျမရဲ့ Tutorial Paper ကို အမှတ်ခြစ်ရတဲ့ ဆရာက မင်းစာရေးဆရာ ဖြစ်နိုင်တယ်လို့ပြောခဲ့ဖူးတာကြောင့် စာရေးချင်စိတ်ပေါ်ခဲ့ရတာမို့ ခုထိ ကျမဆရာ ဦးဝင်းမောင် (ဝေဖန်ရေးဆရာ သော်ထွန်း)ကို ကျေးဇူးတင်..။
ကျမရဲ့ Final Year Mid Term မှာ ရေးရတဲ့ Term Paper ရှုမ၀ ၀တ္ထုတိုများလေ့လာချက်ကို ဖတ်ပြီး မင်း ဝေဖန်ချက် သိပ်ကောင်းတယ်.. ကြိုးစားပါ .. ဂုဏ်ထူးတန်းရအောင် လုပ်ပါလို့ ကြီးကြပ်သူ ဆရာကြီးက ပြောခဲ့လို့ ဂုဏ်ထူးတန်းအတွက် အားသန်ကြိုးစားဖြစ်ခဲ့တာပါ။ အဲဒီအတွက် ဆရာကြီး ဦးတိမ်ကြည် ကိုလည်း ကျေးဇူးတင်…။
ဒီလိုနဲ့ပဲ.. အကြောင်းပေါင်းစုံနဲ့… တက္ကသိုလ်မင်းမော်ကို ကျေးဇူးတင်.. ဆရာဇော်ဇော်အောင်ကို ကျေးဇူးတင်.. ဆရာအောင်သင်း(ကျမ၀တ္ထုတိုတွေကို အကြိုက်ဆုံးအဖြစ် မကြာခဏ သုံးသပ် ရေးးပေးခဲ့လို့) ကို ကျေးဇူးတင်.. စာရေးဆရာဖြစ်ချင်စိတ်ကို တွန်းအားပေးတဲ့ “နာမကျန်းသည် အိုနှင်းဆီ” ကို ရေးတဲ့ ..နောက်ပိုင်းမှာ အစ်မလို ချစ်လာရတဲ့ မမိုး(မိုးမိုး-အင်းလျား)ကို ကျေးဇူးတင်။
ကိုယ်ယုံကြည်ရာကို ရဲရဲရေးတတ်အောင် အားဖြစ်စေခဲ့တဲ့ ကြည်အေး.. ခင်နှင်းယု.. တို့ကို ကျေးဇူးတင်…။ ရုပ်ရှင်အနုပညာကို တန်ဖိုးထားတတ်စေခဲ့တဲ့ ဒါရိုက်တာ မောင်ဝဏ္ဏကို ကျေးဇူးတင်..။ ဘ၀မောထဲ ခပ်မာမာနဲ့ သရော်တော်တော် ဖြတ်နိုင်စေတဲ့ အားတွေပေးတဲ့ ၀တ္ထုတိုတွေအတွက် ကိုမင်းလူကို ကျေးဇူးတင်..။ ဒီလိုပဲ ငြိမ်းကျော်.. ကို ကျေးဇူးတင်… မောင်စိန်ဝင်း-ပုတီးကုန်းကို ကျေးဇူးတင်..။
အဲသလိုဆို ကဗျာမှော် ဆိုတာဘာလဲလို့ သိစေခဲ့တဲ့ သွားလေသူ.. ကိုလည်း ကျေးဇူးတင်ရပါမယ်။
အဲဒီအခါ အချစ်ဝတ္ထုရေးတဲ့အခါ စိတ်နှစ်ခံစားပြီး ရေးနိုင်အောင် အချစ်ကို လှိုက်လှိုက်လှဲလှဲ ခံစားရ တတ်စေခဲ့သော အချစ်ဦး ( လောကကြီးမှာ ချစ်တတ်ဖို့ ခက်တယ်ဆိုလား.. ဒါကြောင့်ပါ :P) ကိုလည်း ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်..။

+++++

နောက်တော့ သားကြီး မွေးချိန်က စ… နောက်ပိုင်း အသက် ၃၀ကျော်လေးမှာ Rheumatic Arthritis ကြောင့် သွေးကြောတွေ ပိတ်ပြီး အိပ်ယာထဲ လဲသွားတော့လည်း ဆေးကုပေးတဲ့ လင်း-ဆေး(၁)ကိုလည်း ကျေးဇူးတင်…။ ဆေးစစ်ဖို့ လိုတိုင်း ကူတဲ့ မောင်ညိုပြာ(စာရေးဆရာ) ကိုလည်း ကျေးဇူးတင်..။ အငယ်လေးနှစ်ယောက်ကို မော်လမြိုင်မှာ မွေးတော့ ပိုက်ဆံယူပြီး အလုပ်လုပ်တာဆိုပေမဲ့ လူနာအပေါ် စေတနာကောင်းလှတဲ့ OG ဒေါက်တာကြည်ကြည်ဝင်းကိုလည်း ကျေးဇူးတင်တာပါပဲ။
နောက်တော့ ဘ၀တလျှောက် ညီအမတွေလို ချစ်ခင်စောင့်ရှောက်ကြတဲ့ သူငယ်ချင်းများ… ညီမတယောက်လို စောင့်ရှောက်ပြီး စိတ်ဓာတ်ကျတိုင်း အားပေးခဲ့တဲ့ ကိုလေးနဲ့ မေခိုင့်ကိုလည်း ကျေးဇူးတင်..။ ဆရာမဘ၀ အနှစ် ၂၀နီးပါး တလျှောက်လုံး ကျမကို ချစ်ကြတဲ့ တပည့်များစွာကိုလည်း ကျေးဇူးတင်..။ နောက်တော့ ကိုယ့်နိုင်ငံရဲ့ အဝေးမှာ ကိုယ့်မိသားစုကို ခုချိန်ထိ စောင့်ရှောက်ကူညီနေကြသူအပေါင်းကိုလည်း ကျေးဇူးတွေ အထပ်ထပ် တင်…။ ချစ်ကြခင်ကြသော အားပေးတတ်ကြသော ဘလော့ဂါမောင်နှမများကိုလည်း ကျေးဇူးတင်..။

+++++

အဲဒီအခါ….သေချာ စဉ်းစားကြည့်ရင်
အလိုလိုနေရင်း ကျမကို ကြည့်မရ.. ကျမ ပျက်စီးရာပျက်စီးကြောင်း ကြံစည်.. ကျမကို ရန်သူသဖွယ် သဘောထားသူများကြောင့်လည်း လောက သဘာဝဆိုတာကို ပိုသိမြင်ခဲ့ရတာမို့ ထိုသူများကလည်း ကျေးဇူးတင်စရာပါ..။

အဲဒီလိုပဲ ဒီအပြင်ရောက်မှ ကြုံဆုံရတဲ့ အွန်လိုင်းပေါ်မှ ဆဲဆိုစော်ကားသူများ.. ရိသူထေ့သူ စောင်းမြောင်းရေးသူများဟာလည်း ကျမဘ၀တလျှောက် မကြုံခဲ့ဖူးသော လောကဓံကို သင်ကြား လေ့ကျင့်ပေးသူများအဖြစ်… ကျေးဇူးတင်စရာ..။

+++++

ပြန်စဉ်းစားကြည့်တော့ ကျမ ကျေးဇူးတင်ရမယ့်သူတွေ.. ပြောရရင် ကျမက ချစ်ရသော.. ကျမကို ချစ်ခြင်းဖြင့်ဆက်ဆံကြသော သူတွေ အများကြီး အများကြီး ရှိနေတာကိုလည်း ကျေးဇူးတင်ရသလို၊ ကျမဘ၀မှာ ဆန္ဒနဲ့ဘ၀ ထပ်တူကျပြီး တက္ကသိုလ်ဆရာမ စာရေးဆရာမ ဖြစ်ခွင့်ရခဲ့တဲ့ ဘ၀ပေးကံကြမ္မာကိုလည်း ကျေးဇူးတင်စွာနဲ့.. ဘ၀ထဲ ၄၅နှစ်ပြည့်ခဲ့ပြီ။
ပြန်လှည့်ကြည့်တော့ နဘေးမှာ စိတ်တိုင်းကျ အိမ်ထောင်ဖက်နဲ့ .. သားသမီး ၃ယောက်နဲ့.. ကိုယ်ပျော်မွေ့တဲ့ အလုပ်နဲ့.. ကိုယ်ပျော်သလိုနေခွင့်ရနေတဲ့ ဘ၀ထဲ…။ ဘာပဲဖြစ်ဖြစ်.. ၄၅နှစ်ဟာ … ကျမအတွက်တော့ မဆိုးတဲ့ ရတုလေးတခု.. ဒါကြောင့် သူ့ကိုလည်း ကျေးဇူးတင်…။ (ဒါတောင် Post လေးမှာစိုးလို့ နာမည်တွေ အသေးစိတ်မရေးဘဲ ချန်ခဲ့ရတဲ့ ကျေးဇူးတင်ရမယ့်သူတွေ ကျန်နေပါသေး...)

+++++

သေချာတာကတော့ ကျေးဇူးတင်စရာလူတွေ ကိုယ့်ဘ၀ထဲ ရှိနေတယ်ဆိုတာဟာ ဗြဟ္မစိုရ်တရားနဲ့ နီးနီး ရှိနေတာကို ခံစားရတာမို့ စိတ်ထဲ ချမ်းမြေ့နေရတယ်ဆိုတာပါပဲရှင်..။



(မိသားစုပုံ ရိုက်ခဲတာမို့ လွန်ခဲ့တဲ့ ၃လလောက်က ရိုက်ထားတဲ့ ရှိတာလေးပဲ တင်ပေးလိုက်ပါ၏.. ဒါတောင် သားကြီးက အသက် ၂၀နီးပြီဆိုတော့ မိသားစုအပြင်ထွက်တဲ့အခါ အတူတူ သိပ်မလိုက်တော့တာမို့ သူ့ပုံ မပါတော့ပါ)

Jun 7, 2010

မြသီလာ အလွမ်းပြေ

သိပ်မကြာခင်ရက်ပိုင်းမှာ ကျမ အသက် ၄၅နှစ်ပြည့်တော့မယ်..။
တိုက်တိုက်ဆိုင်ဆိုင် အနှင်းဆိုတဲ့ သမီးလေးတယောက်က ပန်းချီဒီဇိုင်း ကိုမျိုး ဆီကို အကူအညီတောင်းပြီး ကျမရဲ့ မြသီလာကို Ebook လေးအဖြစ် ပုံဖော်ပါတယ်။ အဲဒါလေးက ကျမအတွက် မွေးနေ့လက်ဆောင်လို ဖြစ်သွားလို့... ကျမချစ်တဲ့ မြသီလာကို တစုတစည်းတည်း တင်ပေးလိုက်ပါတယ်။


Myathilar

May 27, 2010

စိတ်ပျက်လက်ပျက် A to Z



ကိုယ့်ဘ၀ထဲ လက်သင့်ခံထားတဲ့ A to Z တွေကို ရေးဖြစ်ခဲ့တော့ ကိုယ်မကြိုက်တဲ့ A to Z တွေကိုလည်း စဉ်းစားမိလာတယ်။ ဒါနဲ့ပဲ.. စိတ်ပြေလက်ပျောက် ရေးပါ၏..။

Artificial တချို့လှတယ်ဆိုတာကို လက်ခံပေမဲ့ မကြိုက်ပါ..။

Bomb ကို တော်တော် မုန်းပါတယ်..။

Cigarette ကိုယ်တိုင် အရင်က သောက်ဖူးခဲ့ပေမဲ့ တော်တော် အဓိပ္ပါယ်မရှိ.. လူတွေကို ဒုက္ခပေးဖို့သက်သက် လုပ်ထားတာပဲလို့ ထင်မိတယ်..။

Death သူ့ကြောင့်ပဲ ချစ်သူတွေနဲ့ ခွဲရ.. ဒါပေမဲ့ သူမရှိရင်လည်း ငြီးငွေ့စရာဖြစ်မှာပါ.. ။

Enemy တယောက်ရှိရင် များပြီတဲ့..။ ဟုတ်ပါတယ်.. ကျမလည်း မရှိချင်။ ဒါပေမဲ့ အကောင်းနဲ့ အဆိုး တွဲတဲ့ သဘာဝအရတော့ ရှိနေမှာပဲ ဖြစ်၏…။ ကျမမှာ ဘယ်နှယောက်ရှိမလဲ.. ကျမ မသိပါ။ ကျမအသိအမှတ်ပြုထားသလောက် ရေကြည့်ရင်တော့ လက်ဆယ်ချောင်းစာ မပြည့်ပါဘူး (မဆိုးပါဘူးနော် ) )

Flood ကြောက်တယ်.. မုန်းတယ်.. (ကျမက ရေလုံးဝမကူးတတ်တော့ ပိုဆိုး၏)။ ပြီးတော့ Fascism …

Gun မရှိရင် မဖြစ်ဘူးလားလို့ ခဏခဏ တွေးမိဖူးတယ်…။ အဲဒီအရာကြောင့် လူမိုက်အားရ ဖြစ်တာလို့ လုံးလုံး ယုံတယ်။ နောက်တခုဆို Gang အဲဒါလည်း မုန်းတယ်။ (SPDC ကိုဆိုရင် Government လို့ မသတ်မှတ် Gang လို့ သတ်မှတ်၏)။

Hate သိပ်အရေးပါတဲ့အရာ.. သူ့ကြောင့် ခိုက်ရန်ကနေ စစ်အထိ… သူများပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တာတွေ ဖြစ်ကုန်တာ..။ ကြောက်စရာကောင်းတဲ့ စိတ်ခံစားချက်တခု။

Inferiority Complex ကတော့ လူတွေမှာ ရှိတတ်ပြီး လူမှုဝန်းကျင်အတွက် ပြဿနာရှိတဲ့ စိတ်အခြေအနေတွေထဲမှာ ကျမ သတိအထားမိဆုံး အနေအထားတခုပါ။ အဲဒီပြဿနာမျိုး ရှိနေတဲ့ လူတွေကြောင့်ပဲ လူမှုဝန်းကျင်မှာ မတော်မတည့် စိတ်ပျက်စရာတွေ ကြုံနေရတာ သတိထားမိတယ်။ (ကျမတို့နိုင်ငံကို ချုပ်ကိုင်နေသူ အများစုမှာ အဲဒီ စိတ်ပြဿနာ ရှိနေတယ်လို့ ကျမ သေချာတယ်။) နောက်တမျိုး စိတ်ညစ်တာ Insects…

Junta ပေါ့..။ နောက်တခုက Jealous ..

Killer, Killing Field, အဲဒါတွေကို ကြောက်တယ်။

Liar သိပ်ကို မုန်းတာ။

Murder, သိပ်စိတ်ညစ်တဲ့ စကားလုံး (နောက်တခုက Money.. မရှိမကောင်း ရှိမကောင်း :D)

Need - ဘ၀ပင်လယ်ထဲ တသက်လုံး လက်ပစ်ကူးနေခဲ့ရတာ အဲဒီစကားလုံးနဲ့အတူ..။ အဲဒီစကား မကြားချင်တော့.. ။ ဒါပေမဲ့ အဲလိုလည်း ဘယ်တော့မှ မဖြစ်နိုင်။

Operation ဆိုတဲ့စကားလုံးက ဘယ်နေရာမှာမဆို (ကောင်းဖို့လုပ်တာဆိုဦးတော့) စိတ်ညစ်စရာတော့ ကောင်းတာအမှန်..။

Poverty - လူသားတွေရဲ့ ဘ၀တွေကို ဒုက္ခပေးနေတဲ့ အဲဒီဆင်းရဲခြင်းကို တိုက်ဖျက်နိုင်ရင် တောင် လူ့လောက တော်တော် သာယာမယ်ထင်တယ်။ ဒါကြောင့်ပဲ ဗမာပြည်စစ်အစိုးရ အပါအ၀င် အာဏာရှင်အစိုးရတွေကတော့ ဒါကိုပဲ လက်နက်တခုလို သုံးပြီး တိုင်းပြည်ကို ချုပ်ကိုင်ထားတာမဟုတ်လား။

Questions…. တွေကို ရှောင်ချင်တယ်.. မကြိုက်..။ ကိုယ်တိုင်လည်း မမေးချင်။

Robbery အူလှိုက် အသည်းလှိုက် မုန်းတာပဲ..။ (ဒါကြောင့် ဒင့်တို့အုပ်စုကို မုန်းတာ..)

SPDC.. (Stupid, Psycho, Damn, Cruel)

Thief သူများပစ္စည်း မတရားသဖြင့် လိုချင်တဲ့သတ္တ၀ါတွေ.. သိပ်မုန်း

USDA (ကြံ့ဖွံ့) Union of Damn Abnormal groups

Violence အဲဒါကို လူ့လောကထဲမှာ မရှိအောင် ဘလိုလုပ်ရပါ့မလဲလို့ အမြဲတွေးနေမိတဲ့ အရာ…

War.. တူတူပါပဲ..။ အဲဒီစာလုံးကိုတောင် ရှောင်ချင်တယ်။

Xenophobia.. ကျမမှာ ရှိတယ်.. ယုံလား…

Yell ကျမ ကြောက်တဲ့.. မကြိုက်တဲ့ အသံတသံ (တခါတလေ စိတ်ဆိုးရင် ကိုယ်တိုင် လုပ်မိ)

Zombie ကြောက်တယ်..။

(ရေးချင်သူ မှန်သမျှကို Tag ပါ၏)

May 26, 2010

ပေါ့ပေါ့ပါးပါး ကကြီး.. ကနေ အ.. အထိ။

စိတ်ဆင်းရဲစရာတွေ သိပ်များနေတဲ့ ခုလိုအချိန်မျိုးမှာ ပေါ့ပေါ့ပါးပါးလေးတွေ တွေးစရာရှိရင် နည်းနည်း သက်သာမယ်ထင်လို့။ သိပ္ပံသမား မနော်က A to Z ဆိုတော့ မြန်မာစာသမား ကျမက “က” ကြီး ကနေ “အ”..အထိ ပေါ့၊ ကိုယ်ကစလို့ တခါမျှ tag မလုပ်ဖူး..။ ခု လုပ်ပြီ။ (အရင်ကလည်း အဲလို တယောက် Tag ဖူးလား မသိ၊ မမှတ်မိတော့ပါ)

ကကြီး… လို့ ဆိုလိုက်ရင် တွေးစရာတွေ တသီတတန်းကြီး ရလာတာပဲ။
ငယ်ငယ်က ကကြီးရေးဖို့ စသင်တဲ့ ဆရာမက သူငယ်တန်း အတန်းပိုင်ဆရာမ ဒေါ်ဖြူဖြူရှိန်တဲ့။ တကယ့် ဖြူဖြူနုနု.. နူးနူးညံ့ညံ့လေး။။ ဆရာမကို သိပ်ချစ်တာ မှတ်မိတယ်။
နောက်တော့ .. မူလတန်းကတည်းက ကျောင်းကပွဲတွေမှာ ကဗျာလွတ်နဲ့ စတက်တဲ့ မင်းသမီး..။ အသက် ၁၅နှစ်ထိ တောက်လျှောက် က ခဲ့တာ။ နောက်တော့ မကဖြစ်တော့။ ကကွက်တွေလည်း မေ့ကုန်ရော..။ ခု သမီးကို အက ကူသင်ပေးရင်း နည်းနည်းတော့ ပြန်ကတတ်လာသား  ။ ဒါပေမဲ့ ခေါင်း ခါး ခြေ လက်မှာ ခါးက ပျောက်တောက်တောက် ဆိုတော့ ဟီဟိ..။ နောက်တော့ ကဗျာ……….

ခကွေး…
ခက်.. ကျမရဲ့ နာမည်အရင်းထဲက နောက်စာလုံး .. ငယ်ငယ်က လူတွေခေါ်တာ ခက်ခက်..။ ကျမကလည်း စကားပြောရင် ခက်ကလေ.. လို့ပြောခဲ့တာ။ နောက် မေငြိမ်းလို့လည်း ဖြစ်ရော.. အများက မငြိမ်းလို့ အခေါ်များတာနဲ့ ကိုယ်တိုင်လည်း စကားပြောရင် မငြိမ်းကလို့ ဖြစ်သွားတာ..။ ဒါမဲ့ အမှန်ပြောရင်တော့ “မယိမ်း”လို့ အသံထွက်မိတာ များတယ်။ “ခက်ကလေ”.. လို့ ပြောခဲ့ရတာကိုတော့ လွမ်းတုန်းပဲ..။ (နောက်တကြောင်းကတော့ ချစ်ခြင်းတရား.. ပေါ့လေ။ အဲဒီ ချစ်ခြင်းတရားကြောင့်ပဲ စာရေးဆရာဖြစ်လာတယ် ထင်တာပဲ)။

ဂငယ်..
ဂန္တ၀င် … သီချင်း.. ရုပ်ရှင်.. ပန်းချီကား .. စာပေတွေဆိုရင် တော်တော်များများကို ကြိုက်ပါတယ်။

ဃ ကြီး…
ဃကြီးလို့ စဉ်းစားလိုက်တော့ ကျမ သတိရသွားတာက သူငယ်ချင်း ဟယ်ရီလင်း(Rocker) ကိုပဲ။ သူ့ကို ကျမတို့က “ဃကြီး” လို့ခေါ်တယ်။ လူကြည့်တော့ သူက လမ်းသူရဲလိုလို ဘာလိုလိုနဲ့ တကယ်တမ်းကျတော့ အေးအေးချမ်းချမ်းနဲ့ စိတ်ကောင်း ရှိတဲ့သူ..။ သူနဲ့ ကျမ လေထန်ကုန်းမှာ အတူတူ ထိုင်နေရင် သူငယ်ချင်းတချို့က ပြောတယ်..။ သူနဲ့ ကျမ မောင်နှမလိုပဲ ရုပ်ချင်းဆင်တယ်တဲ့။ နောက်တယောက်လည်း ရှိသေးတယ်.. ကျမနဲ့ ရုပ်တူတယ်လို့ အပြောခံရတာ.. အဆိုတော်ပဲ.. Rocker ပဲ၊ ဘယ်သူဖြစ်မယ်ထင်လဲ..။ ပဟေဠိ အဖြေညှိရအောင်.. :P။ (အကြောင်းသိတွေ ၀င်မဖြေကြေး)



င …
“င” ဆိုရင်တော့ သတိရတာ.. ငုပဲ..။ ငုပန်းရဲ့ အ၀ါတောက်ပုံနဲ့ နွေထဲ ရဲရဲ ၀ါတာကို သိပ်သဘောကျတာ..။ ငုတွေရဲ့ အ၀ါကို ငယ်ငယ်ကတည်းက ပန်းချီဆွဲဖူးတယ်။ ပြီးတော့ ဘာမှမဆိုင်ပဲ ငုဝါတွေ မြင်ရင် Van Gogh ကို သတိရမိတတ်တယ်။

စလုံး …
စာပေပေါ့ကွယ်..။ ငယ်ငယ်ကတည်းက ဘယ်တော့မှအချိန်အကြာကြီး မခွဲနိုင်တဲ့အဖော်..။ ကစားတဲ့ အရွယ်မှာတောင် ကစားတာနဲ့ စာဖတ်တာကို လဲခဲ့လို့ ချူချာတဲ့ ကလေး ဖြစ်ခဲ့တာ..။ ခုထိ သူသာ အဖော်မွန်စစ်လို့ ထင်ပါတယ်။

ဆလိမ်..။
ဆရာမဘ၀..။ အမွေ့လျော်မိဆုံး အလုပ်..။ နေထိုင်မကောင်းဖြစ်နေချိန်မှာတောင် စာသင်ခန်းထဲ စာသင်ပေးနေရချိန်ခဏမှာ နေမကောင်းတာတွေ ပျောက်နေတဲ့အထိ.. ဆရာမအလုပ်.. ဆရာမဘ၀ထဲမှာ ပျော်ပိုက်ခဲ့ပါတယ်။ ခုထိ ပြန်မတွေးချင်ဆုံး အလွမ်းတွေကလည်း ဆရာမဘ၀ကိုပါပဲ။

ဇကွဲ…။
ဇာတိမြေ..။ ဇာတ်သဘင်..။

ဈ မျဉ်းဆွဲ…။
ဈေးဝယ်တဲ့ ကိစ္စ (Shopping) ပေါ့..။ တော်တော် ၀ါသနာပါပါတယ်။ အထူးသဖြင့် အိမ်သုံးပစ္စည်း ပရိဘောဂလို.. မီးဖိုချောင်သုံးပစ္စည်းတွေ ၀ယ်ရတာ ၀ါသနာပါပါတယ်။ အ၀တ်အစား ၀ယ်ရင်တော့ ကိုယ့်အတွက်ရော ကိုယ်ချစ်တဲ့သူတွေနဲ့ လိုက်မယ် ထင်တာ တွေ့ရင် ဆွဲဝယ်ထားတတ်တဲ့ အကျင့် ရှိပါ၏..။

ည… ။
ည တွေကို ကြိုက်တယ်.. လသာတာ.. ကြယ်တွေကို မြင်ရတာ.. လေအေးလေး တိုက်နေတတ်တဲ့ ည.. ဟာ၊ ကျမအတွက် စာဖတ် စာရေးလုပ်လို့ စိတ်ကူးယဉ်လို့ အင်မတန် ကောင်းတဲ့အချိန်ပါ။ ပြီးတော့ များသောအားဖြင့် ရာသီဥတုကလည်း အေးနေတတ်တာ မို့လည်း ည..ကို သဘောကျတာ ပါပါတယ်။ ဒါပေမဲ့ ခြွင်းချက်က ကျမက အမှောင်ကိုကျတော့ ကြောက်တတ်သူပါ။

ဋသံလျင်းချိတ်… ၊
ဋီကာ .. တွေဟာ များသောအားဖြင့် သမိုင်းကြောင်းတွေ နောက်ခံမို့ ဖတ်ရမှာကို စိတ်ဝင်စားပါတယ်။ စွဲလန်းတယ်ဆိုတဲ့ အထဲတော့ မပါပါ။ ဒါပေမဲ့ ကိုယ်တိုင်ကတော့ စာရေးဆရာမို့ ဘာလေးကိုမဆို ဋီကာချဲ့ တွေးရ ရေးရတာပါပဲလေ..။

ဌ၀မ်းဘဲ..။
ဌ.. ဆိုရင်တော့ ကိုယ်နဲ့ အင်မတန် ကံဆုံတာက “ဌာန” ဆိုတာပဲ ..။ အသက် ၂၁နှစ် ကျော်ကျော်မှာ ကျောင်းဆရာမ စဖြစ်တော့ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာ ဌာန တဲ့။ အဲသမှာ ကျင်လည်လိုက်တာ နှစ် ၂၀နီးပါး။ နောက်တော့ ပြည်ပရောက်.. ။ ရောက်ပြန်တော့လည်း အလုပ်လုပ်ရသမျှက အသံလွှင့် ဌာနတွေ။ ခုလည်း Voice Of America ရဲ့ မြန်မာဌာန မှာ…။ အသက်တောင် ၄၅နှစ် ပြည့်တော့မယ်..။ ခုထိတော့ ဌာနဆိုတဲ့ နေရာသတ်မှတ်ချက်တခုထဲ တ၀ဲဝဲလည်..။

ဍ ရင်ကောက်..။
ကျမကြိုက်တဲ့ တို့စရာတွေထဲ ဍရင်ကောက်ညွှန့် လေးတွေ ပါပါတယ်။ ငပိရည်ဖျော်.. တမာညွန့်ပြုတ်၊ သရက်သီးကင်းလေးတွေနဲ့ ဍရင်ကောက်ညွှန့် တွဲပြီး တို့စားရင် အလွန်လိုက်။ ကြော်စားလည်း ကြိုက်တာပဲ..။ ပြောရင်းနဲ့ ခုတောင် လွမ်းလာပြီ။ အမေရိကမှာ မြန်မာအစာ တော်တော်များများ ရပေမဲ့ ဍ ရင်ကောက်ညွှန့် တော့ မရသေးပါ.. 

ဎ ရေမှုတ်..။
တခါတလေ အခြေခံ အက္ခရာတွေထဲမှာ မထည့်သင့်တဲ့ အက္ခရာတွေ ရှိတယ်လို့ စဉ်းစားမိတဲ့အထဲမှာ ဎ ရေမှုတ် က ရှေ့ဆုံးက ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာစာနဲ့ သုံးရတဲ့ လက်တွေ့ဘ၀ နယ်ပယ်ထဲ အသုံးမှ မတည့်လှတာ။ ကျမ သတိရသလောက် တွေ့ဖူးသလောက်ထဲ ဎ ရေမှုတ်ကို သုံးပြီး “ယသ၀ဎုန” သူဌေးသား နာမည် ပေါင်းတာ..ဒါတောင် အဲဒါ အမှန်မဟုတ်သေး.. တကယ့်အပေါင်းက ဎ ရေမှုတ် အထဲထဲမှာ ဍရင်ကောက်ကို ချိတ်ပြီး နှစ်လုံးပါဋ်ဆင့်နဲ့ ပေါင်းတာ (စာရိုက်မရလို့)။ အသံထွက်တော့ “ယာ့သာ့ဝတ်ဓန” လို့ ထွက်တာ။ ပြဿနာက ပါဠိက လာလို့သာ အဓိပ္ပါယ်မှန်ရအောင် အဲလိုကြီးပေါင်းရတာကိုး..။ တကယ်တော့ တချို့ စာလုံးအက္ခရာတွေကို ဗမာအက္ခရာနဲ့ ဖလှယ်ရင် ပိုလွယ်မယ်ထင်တာပဲ။ (ဒီနေရာမှာ စကားစပ်ပြောချင်တာက စာလုံးပေါင်းသတ်ပုံ ဘာလို့ အရေးကြီးတာလဲဆိုတာကို ပြောချင်ပါတယ်။ အဓိပ္ပါယ်မှန်ဖို့အတွက် သတ်ပုံက အရေးကြီးတာပါရှင်)

ဏကြီး…။
သူလည်း တူတူပဲ..။ နငယ်နဲ့ ပေါင်းလို့ ရသားနဲ့ ဘာလို့ ဏကြီးနဲ့ ပေါင်းမလဲနော်..။ ဂျာမနီ.. ဂျာမဏီ..။ ဒါပေမဲ့ တချို့ နေရာကျတော့လည်း အဓိပ္ပါယ်ကို ပြဋ္ဌာန်းနေပြန်ရော.. ဇာမနီငှက်.. ဇာမဏီငှက်။ အဆိုတော်တယောက်ကတော့ ဏာဏီး ဆိုပဲ..။

တ၀မ်းပူ...။
တေးဂီတ ပါပဲ..။ တခုခု အထူးသဖြင့်ပြောဆိုရင်တော့ တယောသံ….။

ထဆင်ထူး…။
ထေရ၀ါဒ.. တကယ့် စိတ်ငြိမ်းရာ အမှန် လို့ လှိုက်လှိုက်လှဲလှဲ ယုံပါတယ်။

ဒဒွေး…။
ဒေါနပန်းတွေ ဘာလို့ ရှားပါးသွားသလဲလို့ မကြာခဏ သတိရတယ်..။ ကျမစိတ်ထင်တော့ ဒေါနပန်းက ဗမာပြည်မှာသာ ရှိတယ်ထင်တာပဲ..။ နောက်တခုက ကျမနဲ့ အင်မတန် ရင်းနှီးကျွမ်းဝင်ပြီး သူ မရှိရင် ပိုကောင်းမှာလို့လည်း သိတဲ့ ဒေါသပေါ့..။ ကျမရဲ့ အားနည်းချက်က ဒေါသကြီးတာ..။ ဒါနပြုတာကိုတော့လည်း ကောင်းမှန်းသိပါတယ်ရှင်..:D ။

ဓအောက်ချိုက်..။
Chemistry အရ.. တယောက်နဲ့တယောက် ချစ်မိကြသတဲ့..။ တကယ်ပဲ အချစ်ဆိုတာက စိတ်ဝင်စားစရာကောင်းတဲ့ ဆန်းကြယ်တဲ့ ဓာတ်သဘောကိစ္စပဲ မဟုတ်လား..။ ကျမကတော့ ကိုယ့်ဆီမှာ ချစ်တတ်တဲ့ သဘာဝလေးပါလာတာကို သိပ်သဘောကျတာပဲ 

နငယ်…။
နားလည်မှု…။ လူမှုလောကထဲမှာ အရေးကြီးဆုံး လိုအပ်ချက်လို့ ထင်တာပဲ။ အဲဒီတခု ရှိရင်ကို တော်တော် ငြိမ်းချမ်းပြီ။ (ပြီးတော့ နေရောင်ခြည်..)

ပစောက်…။
ပုဂံမြို့ဟောင်း၊ ပုထိုးတွေ..၊ ပုတီးတွေ..၊ ပုဝါတွေ..၊ ပန်းရောင်ပစ္စည်းတွေ..၊ ပန်းရောင်စုံတွေ…၊ ပန်းချီ..၊ ပင်လယ်ပြင် နဲ့ ပါရမီဖက် (ဟဲဟဲ ဘာရမလဲ.. ငါကွ)



ဖဦးထုပ်…။
ဖေဖေ………..

ဗထက်ချိုက်…။
ဗုဒ္ဓတရားတော်များမှတပါး.. အခြားမရှိ။

ဘကုံး…။
ဘ၀ဖြစ်တည်မှု.. (ဗုဒ္ဓအဆိုအမိန့်တွေကို လက်သင့်ခံသော်ငြားလည်း… “ကျမချစ်မြဲ သံသာဝဲမှ ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်..”)

မ…။
မေမေ…..

ယပက်လက်…။
ယဉ်ကျေးမှုတွေနဲ့ ယက်ထည်ဖျင်စ..ပြီးတော့ ယာတော…။

ရကောက်…။
ရတုကဗျာ.. နဲ့ ရာသီသဘာဝ …

လ…။
လပြည့်ဝိုင်းဝိုင်းကြီး မြင်ရတိုင်း စိတ်ထဲ အေးချမ်းတယ်..။

ဝ…။
ဝက်သားတုတ်ထိုး (ဟီဟိ.. တကယ်ပြောတာ။ ခုထိ အိမ်မှာ တလ ၂ခါလောက် လုပ်စား တယ်)

သ…။
သား.. သမီး.. သဘာ၀၀န်းကျင်..



ဟ…။
ဟီရိသြတ္တပ..။ မကောင်းမှုပြုရန် ရှက်ခြင်း/ကြောက်ခြင်း

ဠကြီး..။
သနားတဲ့ ငှက်ထဲ ဠင်းတ ထိပ်ဆုံးက..။ သူ့ခမျာ.. ရုပ်ကလည်း ဆိုးရှာသေး.. ၊ အညှီအပုပ် စားလို့မို့ လူတွေ ရွံရှာစက်ဆုပ်တာလည်း ခံရသေး။ ဘာပဲဖြစ်ဖြစ်.. ဒါ သူ့သဘာဝပဲ မဟုတ်ဘူးလား..။ သူတို့ကို အရာသွင်းတာဆိုလို့ တိဗက်လူမျိုးတွေပဲ ရှိမယ်ထင်ပါရဲ့။ ကျမကိုယ်တိုင်ရော.. အင်း… ဠင်းတတွေနားတော့ မနေချင်တာ.. မနေနိုင်တာ အမှန်ပါလေ။ (အံ့သြစရာကောင်းတာတခုက သူ့နာမည်ကို ဠ ကြီးနဲ့ ပေါင်းတာ သူ့ပုံစံအတိုင်း မြင်ရသလိုရှိနေတာပဲ.. နော်။)

အ…။
အနုပညာ…။
(တိုက်တိုက်ဆိုင်ဆိုင်.. ကကြီးကနေ အထိ ရေးဖို့ စိတ်ကူးရသွားတာက ဆြာဂျီး အတ္တကျော် ကြောင့် :P)

May 23, 2010

စိတ်ထဲရှိတဲ့ A to Z

ဒီတလော.. စိတ်တွေ လေလွင့်..။ အလွင့်.. ဆိုပြီး ကဗျာတပုဒ်ရေးမယ် စဉ်းစားနေမိတုန်း..။ ပန်းချီဆရာ.. ကဗျာဆရာ သည်မော်နိုင်..ရဲ့ ကဗျာတွေ ဖတ်လိုက်ရ…။ အဲဒီမှာ ကိုယ့်ရထားတဲ့ ကဗျာစိတ်ကလေး တကယ်ပဲ လွင့်ထွက်သွားပြီး..၊ သူ့ကဗျာတွေထဲ နစ်ဝင်သွားတယ်။ ဒါနဲ့ပဲ လုံလောက်ပြီး………… မနော်ဟရီ tag တဲ့ A to Z လေးပဲ ရေးမယ်ပေါ့။

+++++

A ...
A ဆိုတဲ့ စာလုံးကို မြင်လိုက်ရင် ဦးဆုံးသတိရတာက Art ဆိုတဲ့ စာလုံးကိုပဲ…။ ဟုတ်တယ်.. Art နဲ့ ပတ်သက်သမျှ အကုန် ကျမ ငြိတွယ်တယ်။ နောက်ဆင့်ပွားပြောရရင်တော့ Arts ပေါ့..။

B ...
Buddha.. ကျမရဲ့ စိတ်နှလုံးကို အမြဲ လွှမ်းမိုးနိုင်ပြီး တင်းကျပ်နေသမျှ ဘ၀အမောတွေကို တဒင်္ဂဖြစ်ဖြစ် ပြေပျောက်စေတဲ့ ဗုဒ္ဓ ….

C ...
Color … ကျမက အရောင်တွေကို တော်တော် စွဲလန်းပါတယ်…။ အရောင်တွေထဲမှာတော့ ဗင်ဂိုးရဲ့ အရောင်တွေကို အခံစားရဆုံး…။ ဘယ်နေရာမှာမဆို အရောင်တွေ စုံလေ.. အရောင်တွေ လင်းလေ… ကျမ သဘောကျလေ…။ ဒါကြောင့် ဒီမှာဆိုရင် သစ်ပင်တွေ အရောင်စုံလှတဲ့ Fall ရာသီကို ကြိုက်တယ်။

D ...

Dad … ကျမရဲ့ Second God … ခုချိန်ထိ တရက်မှ သတိမရတဲ့နေ့မရှိလောက်အောင် အဖေက ကျမကို လွှမ်းမိုးပါတယ်..။

E …
Ethic … လူတယောက်အတွက် အရေးကြီးဆုံး တန်ဖိုးတခုအဖြစ် ကျမ ဆုံးဖြတ် သတ်မှတ်လေ့ ရှိတာ ကိုယ်ကျင့်တရားပါပဲ။ ကိုယ်ကျင့်တရားထိန်းသိမ်းနိုင်သူကို အလွန်အထင်ကြီးပြီး မထိန်းနိုင်သူတွေကို အလွန်အထင်သေးတဲ့ တဘက်စွန်းရောက်တဲ့ စိတ် ကျမမှာ ရှိပါတယ်။ ဒါဖြင့် ကျမက ကိုယ်ကျင့်တရားကို ဘယ်လိုသတ်မှတ်လဲဆိုတော့ လူတဘက်သားရဲ့ ဘ၀နဲ့ စိတ်နှလုံးကို ထိခိုက်အောင် လုပ်တာမျိုး.. ဒုက္ခပေးတာမျိုး နဲ့ လိမ်လည်တတ်တာမျိုး..။ ဒီလောက်ပါပဲ.. သိပ်များများစားစား မဟုတ်ပါဘူး။ (နောက်ထပ် ပြောခွင့် ရှိရင်တော့ Earth… နဲ့ Emotion…)

F …

Freedom… အဲဒါလည်း ကျမ အင်မတန် တန်ဖိုးထားတဲ့အပြင် ကိုယ်နဲ့ ပတ်သက်တဲ့ ၀န်းကျင်က လူတွေကို ရစေဖို့လည်း တတ်နိုင်သလောက် ကြိုးစားမိပါတယ်။ ဥပမာ.. ခင်ပွန်းသည်နဲ့ သားသမီးများ….။ (နောက်တခု ကျမရဲ့ ဘ၀ဖြတ်သန်းမှုတခုလုံးမှာ အလွှမ်းမိုးဆုံး Family)

G …
God… God ဆိုတာ အများကြီး ရှိနိုင်လား.. ကျမ မသိပါ..။ ကျမအတွက်တော့ God တွေ အများသား…။ ကျမအတွက် ကြည်ညိုလေးစားဖွယ် စံမီတဲ့သူတွေကို ကျမက God လိုပဲ လေးစားမြတ်နိုးပါ၏…။

H …
Hero.. ။ သာမန်လူတို့ လုပ်နိုင်ခဲသော သြကာသလောကကောင်းကျိုး လူသားကောင်းကျိုးကို ဘာကိုမှ မကြောက်ဘဲ စွမ်းစွမ်းတမံဆောင်ရွက်သူမှန်သမျှ.. ကျမရဲ့ မြတ်နိုးစွာသော သူရဲကောင်းများပါ..။

I …

Imagine ….
Imagine there's no heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today...

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace...

You may say I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world...

You may say I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one…
(John Lennon)

J …
June.. ကျမကို မွေးတဲ့လ..။ ပြီးတော့ ငယ်ငယ်က နွေကျောင်းပိတ်ရက်တွေ ကုန်ဆုံးပြီး ကျောင်းပြန်ဖွင့်တဲ့လ..။ ကျမချစ်တဲ့ မိုးရာသီကို သေသေချာချာ ပီပီပြင်ပြင် စမြင်ရတဲ့လ..။ တကယ်လို့ ဘိုနာမည် မပေးမနေရ ပေးမယ်ဆိုရင်တောင် နာမည်ကို June လို့ ပေးချင်ခဲ့တာ..။ ခုတော့ အများခေါ်ကြတာ May ဖြစ်နေရပြီ။


K …
Kamma…. ကံအကြောင်းတရားကို တကယ် ယုံကြည်တာပါ..။ ဒါနဲ့ပဲ တတ်နိုင်သလောက် မကောင်းမှု(သူတပါးကို ထိခိုက်တဲ့ကိစ္စကိုပဲ ကျမက မကောင်းမှုလို့ သတ်မှတ်ပါတယ်)ကို ရှောင်ကျဉ်ဖြစ်တာပါ။

L ...
Love ပေါ့..။ အချစ်က ကမ္ဘာမြေကို ဖန်ဆင်းတယ်လို့ ကျမ တကယ်ယုံကြည်တာ.. နှစ်လိုတာပါ..။

Love is real , real is love
Love is feeling , feeling love
Love is wanting to be loved

Love is touch, touch is love
Love is reaching, reaching love
Love is asking to be loved

Love is you
You and me
Love is knowing
we can be

Love is free, free is love
Love is living, living love
Love is needed to be loved
(John Lennon)

M …..

Mom, အမေ့ဘ၀မှာ ကျမအတွက်သာ အပင်ပန်းရဆုံး စိတ်နှလုံး အထိခိုက်ရဆုံးပဲ ဖြစ်မယ် ထင်ပါရဲ့..။ (တိုက်ဆိုင်တာ နောက်တခုက ကျမတို့ မိသားစု၅ယောက်မှာ ကလေးတွေအဖေ.. ကျမ.. သားကြီး.. သမီး နဲ့ သားငယ်တို့ ၅ယောက်စလုံးရဲ့ နာမည်တွေမှာ M.. နဲ့ စပေါင်းရတဲ့ စကားလုံး တလုံးစီ ပါနေတာပါ)

N …

Native Land ……. ဒါကတော့ အထူးတလည် မဟုတ်နိုင်..။ လူတိုင်း ကိုယ့်လိုပဲ ရှိမှာပါ။ ကျမက နည်းနည်းလေး ပိုထူးနိုင်တာက ကျမရဲ့ ဇာတိက ရန်ကုန်ဆိုပေမဲ့ ကျမက အသက်ကြီးလာရင် ခင်ပွန်းသည်ရဲ့ ဇာတိ.. သံလွင်မြစ်ဘေးက ရွာလေးဆီမှာပဲ အေးအေးလူလူ သွားနေချင်တာပါ..။ ဒါလည်း ကျမတို့ ဇာတိမြေပဲ မဟုတ်လားနော်..။

O …
Oldies … (Oldies Songs, Oldies Movies, Oldies Novels, Oldies Art….)
ခုထိ အဲလိုအဟောင်းတွေကို မက်မက်စက်စက် ရှိလှပါတယ်…။ အရှေ့တိုင်းရော အနောက်တိုင်းရောရဲ့ အဟောင်းတွေကို တသသ စွဲလန်း…။

P…
Peace အပြင် ဘာရှိဦးမလဲ…။ သြော် နောက်တခုဆိုရင်တော့ Patriot ပေါ့။

Q …
Quality ... ကျမကတော့ ဘယ်နယ်ပယ်အတွက်မဆို Quality က အရေးပါလှတယ်လို့ ယုံကြည်ပြီး ရှိအောင် ကြိုးစားလုပ်ယူဖို့ လိုတယ်လို့လည်း ထင်ပါတယ်..။


R …
Rendezvous... ခုလို ကိုယ့် ဇာတိမြေနဲ့ ဝေးရာ.. ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးရာဆီမှာ ရောက်နေရတဲ့ ကျမအတွက်တော့ အဲဒီ ဆုံစည်းရာလေးက အရေးကြီးပါတယ်..။

S…
Sea… ပန်ဒိုရာကတော့ ဦးထားပြီ။ ဒါပေမဲ့ မတတ်နိုင်..။ ခုချိန်ထိ တနေရာရာကို စိတ်လက် အပမ်းဖြေသွားစို့ဆိုရင် ကျမက ပင်လယ်ဆီကိုသာ ရွေးချယ်မြဲ..။

T...

Truth... အမှန်တရားတဲ့..။ ကျမအတွက်တော့ ဒါဟာ သစ္စာတရားလည်း ဖြစ်ပါတယ်။ ဒီနေ့ထက်ထိ စိတ်လက်ချမ်းသာနေရသမျှ.. နောက်.. စိတ်လက်ညစ်ညူးရသမျှ..။ အဲလိုပဲ တချို့လူတွေ ကျမကို ချစ်သမျှ.. တချို့လူတွေ ကျမကို မုန်းသမျှတွေက ကျမရဲ့ အဲဒီ အမှန်တရားကို ကိုးကွယ်ယုံကြည်မှုကြောင့်ပါပဲ..။

U…

University... အတ္တကြီးတယ်ပဲဆိုဆို.. တက္ကသိုလ်မှန်သမျှရဲ့ အငွေ့အသက်ကို ကျမ ချစ်တယ်..။

V …
Victory... ကျမ လောဘကြီးပါတယ်..။ အမြဲတမ်း အောင်ပွဲကိုသာ လိုချင်ပါတယ်။ ဒါကြောင့်ပဲ
Julius Caesar ပြောခဲ့တယ်ဆိုတဲ့ I came, I saw, I conquered (Veni, vidi, vici) ဆိုတာကို သိပ်သဘောကျတာလေ..။

W ...
Wild … သဘာဝမှန်သမျှက … ကျမ စိတ်ကို ဖမ်းစားနိုင်တဲ့ အရာ..။

X …
Xylophone... အဲလို ၀ါးချပ်လေးတွေကို အသံသာအောင် စီထားတဲ့ တူရိယာကြောင့် ကြားရတဲ့ ဂီတသံကို တကယ်ပဲ နှစ်ခြိုက်လှပါတယ်။

Y…
Youth…
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့.. ဆုံးရှုံးသွားပြီးခဲ့သမျှတွေထဲမှာ.. အတမ်းတရဆုံးအရာ ထင်ပါရဲ့..။ ကံကောင်းထောက်မစွာ.. ကျမက ကျေနပ်စရာကောင်းတဲ့ ပျိုရွယ်စဉ်ဘ၀ကို ရခဲ့ပါတယ်။

Z…
Zuma… လောလောဆယ် ပျင်းရင်.. စိတ်တွေ ရှုပ်ရင်.. ကစားတဲ့ Game.. မဆိုးပါဘူး အပျင်းပြေတယ်..။

(အမလေး… A to Z အကုန်ရေးဖို့ တော်တော် ဦးနှောက်စားသား.. ဂျီးဒေါ် မနော်ရေ..)