Oct 29, 2008

မြသီလာအလွမ်းပြေ(၁၀)

(လှိုင်ရဲ့ အထိမ်းအမှတ်တခုဖြစ်တဲ့ အင်းလျားကန်သာယာ)

ကဗျာဆရာသစ်ကောင်းအိမ်ရဲ့စကား ငှားပြောရရင်တော့... ကျမဟာ မြသီလာကို စစ်မြေပြင်မှာ စွန့်ထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးခဲ့တဲ့... သူရဲဘောကြောင်တဲ့... ရဲဘော် တယောက်များ ဖြစ်နေသလား... လို့ ခဏခဏ တွေးမိခဲ့ဖူးပါတယ်။

+++++

ကျောင်းတကျောင်းအနေနဲ့ ကျောင်းပီပီသသ အေးချမ်းပျော်ရွှင်စရာကောင်းဖို့ဆိုတာ အုပ်ချုပ်တဲ့ အကြီးအကဲ တွေပေါ်မှာ အများကြီး မူတည်တယ် ဆိုတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် လှိုင်တက္ကသိုလ် အကြောင်းပြောရင် ကျောင်းအုပ်ဆရာကြီး ဦးကောင်းညွန့်နဲ့ မော်ကွန်းထိန်းဆရာမကြီး ဒေါ်သိန်းကို မေ့ထားလို့ မရနိုင်ပါဘူး။ ဆရာကြီးနဲ့ ဆရာမကြီး ဟန်ချက်ညီညီ ထိန်းသိမ်းမွမ်းမံခဲ့လို့ပဲ လှိုင်ဟာ တက္ကသိုလ်ပီပီသသ လွတ်လပ်ပျော်ရွှင် ပညာသင်ရာအရပ် ဖြစ်ခဲ့ဖူးတာပါ။

ဆရာကြီးဦးကောင်းညွန့်ရဲ့ လက်အောက်မှာ ၁၀နှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့တလျှောက် ကျမတခါမှ ဆရာကြီးကြောင့် စိတ်အနှောက်အယှက် မကြုံခဲ့ရဖူး.။ ဆရာကြီး စိတ်တိုတာ တခါမှ မမြင်ခဲ့ရဖူး..။ ဆရာကြီးဆူတာ တခါမှ မခံခဲ့ရဖူးပါ။ ဆရာကြီးဟာ သူ့မျက်နှာ ကြည့်နေရတဲ့ ဆရာဆရာမတွေရော ကျောင်းသူကျောင်းသားတွေရောအပေါ်မှာ အမြဲ စိတ်ရှည်ရှည်နဲ့ အေးအေးချမ်းချမ်း ဆက်ဆံ တုံ့ပြန်တတ်တဲ့သူ။ (ဆရာကြီးက မှတ်မှတ်ရရ.. တခါမှာ အင်မတန်ရွှတ်နောက်တဲ့ ဆော့တဲ့ ကျောင်းသားတအုပ်စု (ဘယ်သူတွေပါလဲဆိုတာ ခုထိ မှတ်မိနေသေး :))က ကျောင်းသားရေးရာ အဆောက်အဦးရှေ့မှာ ကျောင်းအုပ် ကြီး ပူဇော်ပွဲဆိုပြီး ကျောင်းရဲ့ စဥ့်အုတ်တလုံးကို ပန်းတွေ အမွှေးတိုင်တွေထွန်းပြီး ကန်တော့ကြ တာ။ အဲဒါ သူသိသွားတော့ သူ့ရုံးခန်း(အဆောင်တစ်) အပေါ်ထပ်ကနေ လှမ်းကြည့်ပြီး တော်တော်ဆော့တဲ့ ကလေးတွေ ကြံကြံဖန်ဖန်... လို့ ပြောပြီး ရယ်နေတဲ့ သူမျိုးပါ)။ (ဆရာကြီး တော်လို့ ၈၈ကာလမှာ လှိုင်တက္ကသိုလ်ထဲ စစ်ဖိနပ်တွေ ခြေချခွင့်မရခဲ့တာလည်း နောက်ပိုင်းမှာ ပြောပြပါ ဦးမယ်)။

ဆရာမကြီးဒေါ်သိန်းနဲ့ကတော့ သိပ်ကြာကြာ မဆုံဖူးလိုက်ရပါဘူး။ ဆရာမကြီး မိန်းထဲ ပြောင်းသွားရလို့ပါ။ ဒါပေမဲ့ ဆရာမကြီး အမြဲပြုံးနေတတ်ပြီး သိမ်မွေ့တာ မှတ်မိပါတယ်။ ဆရာမကြီးရဲ့ နောက်ပိုင်း မော်ကွန်းထိန်းတွေကိုဆို သိပ်တောင် မှတ်မှတ်ထင်ထင် မရှိတော့တဲ့ အထိပါပဲ။ ၀န်ထမ်းတွေ လက်အောက် ငယ်သားတွေက အထက်အရာရှိတွေ.. အုပ်ချုပ်သူတွေကို ချစ်တယ်.. လေးစားတယ်.. ရိုသေတယ်ဆိုတာ အင်မတန် ရှားပါးတာပါ.. ဖြစ်တောင့်ဖြစ်ခဲပါ။ ဒါပေမဲ့ အဲဒီ မေတ္တာကို ဆရာကြီးနဲ့ ဆရာမကြီးတို့က ရခဲ့ကြပါတယ်။။

+++++

အဲဒီတုန်းကလို့ ပြန်တွေးလိုက်ရင်.. ကျမအနေနဲ့ လွမ်းစရာထဲမှာ ကျောင်းသားတွေရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုကလည်း ထိပ်ဆုံးက ပါပါတယ်။ သူတို့အရွယ်အရ ဆရာမတွေကို ခပ်ဝေးဝေးကနေ မကြားတကြား သီချင်းစောင်း ဆိုတာမျိုးလေးတွေ ရှိပေမဲ့ ရိုင်းပျတဲ့ အကြည့်မျိုးနဲ့တောင် မကြည့်ခဲ့ကြတဲ့ ခေတ်ပါ။

မှတ်မှတ်ရရ.. တနေ့.. ကျမတို့ ဆရာမတသိုက် မိန်းထဲမှာ အတန်းတက်ပြီး နေ့လယ် လှိုင်ကို အတန်းပြန်ဝင်ဖို့ ၄၅ဒတ်ဆန်းကားနဲ့ အလုအယက်ပြန်လာကြရပါတယ်။ (အဲဒီတုန်းက ဆရာမတွေ ကားဂိတ်မှာ ရှိလို့ကတော့ ကားထဲက ယောက်ျားလေးတွေက အပြင်ထွက် တွယ်စီးပြီး ဆရာမတွေကို နေရာဖယ် ပေးကြတာပါ)။ အဲဒီတနေ့ကျတော့ ကားအရပ်မှာ ဆင်းမယ့်အုပ်နဲ့ အင်းစိန်ဘက်လိုက်ဖို့ တက်မယ့် လူအုပ်ကလည်းများတော့ ကျမတို့ ကားထဲက လူတွေ အမြန်ဆင်း.. ဒရိုင်ဘာကလည်း လောနေ။ ကျမတို့ဆရာမတွေ ဆွဲခြင်းတောင်း တဘက် အိတ်တွေတဘက်နဲ့ ဆင်းနေတုန်း ရုတ်တရက် ကားက ထွက်မလို ဖြစ်သွားပါတယ်။ ကျမက ခြေနင်းခုံမှာတန်းလန်း..။ ကျမ ပြုတ်ကျတော့မလို ဖြစ်သွားပြီး အော်မိတာပေါ့။ တော်တော်လည်း လန့်သွားတာ။

(အဲဒီနေရာလေးမှာပေါ့.. ကားစောင့်စီးကြရတာ)

အဲဒီအချိန် ချက်ချင်းပဲ ကျောင်းသားတွေက စပယ်ယာကို ဆွဲ..၊ ကားကို ၀ိုင်းလိုက်ပြီး ဒရိုင်ဘာကို အပြင်ထွက်စမ်း.. ခဗျားဘယ်လိုလုပ်တာလဲ.. ဒီမှာ ဆရာမတွေဆင်းတုန်း မမြင်ဘူးလား.. ပြုတ်ကျရင် ခဗျားအသေပဲ.. လို့ အော်ကြရော။ ကျမတို့မှာ အပြေးအလွှားနဲ့ အဲဒီကလေးတွေကို တားရတယ်.. သားတို့ရယ်.. ဘာမှမဖြစ်ဘူး.. ဆရာမတို့ ဘာမှ မဖြစ်ပါဘူး.. နဲ့။ (အဲဒီကလေးတွေက ကိုယ့်မေဂျာ ကိုယ့်အတန်းက ကလေးတွေလည်း မဟုတ်ကြပါဘူး)။ ကျောင်းကားဂိတ်က တာဝန်ကျလုံခြုံရေးတွေလည်း ပြေးလာကြပေါ့။ ကလေးတွေက မရဘူး။ ဒရိုင်ဘာနဲ့ စပယ်ယာတွေ.. ဆရာမတွေကို တောင်းပန်ရမယ်တို့ ထိုင်ကန်တော့ ရမယ်တို့.. အိုးးး။ နောက်ဆုံး တကယ်ပဲ ဒရိုင်ဘာရော စပယ်ယာရော ကျမတို့ကို ကန်တော့ပါမယ်လုပ်လို့။ ကျမတို့က ပြန်ပြောရတယ်..။ ရပါတယ်.. နောက်ကိုသာ အဲလိုမဖြစ်ပါစေနဲ့ပေါ့။ အဲဒီတော့မှ ပြီးသွားတာ။ (အဲဒီတုန်းက ကျမတို့က ဆရာမအနေနဲ့ သိပ်ငယ်တာမို့ ကျောင်းသားတွေကို ကိုယ့်ထက်ကြီးတယ် ထင်ရင်တောင် ကျမတို့က သား...တို့၊ ကလေး...တို့လို့ တမင် ခေါ်ကြပါတယ်)။

(ဒီနေရာမှာ ဖြတ်ပြောပြချင်တာကတော့.. ကျမ ၂၀၀၃မှာ ဒဂုံတက္ကသိုလ်ကို ကထိကအဖြစ်နဲ့ ရောက်တော့ ၂၀၇ အဲကွန်းဘတ်စ်ပေါ်မှာ နေရာမရလို့ အပေါ်လက်တန်းက လက်ကိုင်ကွင်းကို မမီမကမ်းလှမ်းဆွဲကိုင်ရင်း ဆွဲခြင်းတောင်းတဖက်နဲ့ ကားပေါ်မှာ ဒယိမ်းဒယိုင် ကို့ရို့ကားယား ဟန်ပျက်နေတာကြည့်ပြီး ထိုင်နေကြတဲ့ ကျောင်းသားကျောင်းသူတွေက ရယ်ကြပါတယ်။ အသက်ကြီးကြီးဆရာမကြီးတယောက် ဖြစ်ပျက်နေတာဟာ သူတို့စိတ်ထဲ ရယ်စရာလို့ မြင်တယ် ထင်ပါရဲ့။ အဲဒီအချိန်မှာ ကျမစိတ်ထဲ တချိန်တုန်းက ကျောင်းသားတွေကို သတိတရနဲ့ မျက်ရည်တောင် လည်မိခဲ့ပါတယ်..။ ဒဂုံတက္ကသိုလ်မှာ အဲလိုအဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတာပါ။ ကျမက အတန်းဝင်ဖို့ အပြေးအလွှား သွားနေတုန်း မျက်နှာချင်းဆိုင်မှာ Mobile phone ပြောရင်း လျှောက်လာတဲ့ ကျောင်းသားက ၀င်တိုက်သွားပြီးတော့ ဆောရီးလို့တောင် လှည့်မပြောတာ..။ ဖဲဝိုင်းလုပ်နေတာကို ဂျူတီအရ ၀င်ဖမ်းရတဲ့ ဆရာမကို မကျေနပ်လို့ သူ့ကျောင်းသားက ပြန်ပြီး Rape လုပ်တယ်ဆိုတာတွေဟာ.... တက္ကသိုလ်ကျောင်းသားလား.. အဲဒါကရော တက္ကသိုလ်ရဲ့ နိမိတ်ပုံလား....။ နောက်ပိုင်းမှာ အများကြီး ပြောပါဦးမယ်..။ ပြောရရင် ကျမ အဲဒီဘ၀ထဲက ထွက်ပြေးခဲ့ရတဲ့ အကြောင်းတွေ ပေါ့)။

+++++

ကျမရဲ့ မိန်းထဲက ကျောင်းသူဘ၀ကတော့ နည်းနည်းပိုပြီး စိတ်ညစ်စရာ ကောင်းလာပါတယ်။ မဟာဝိဇ္ဇာတန်း မှာ စာတွေ များလာပါတယ်။ ပြီးတော့ အဲဒီတုန်းက ကျမက ဆရာ မောင်ခင်မင်-ဓနုဖြူ သင်တဲ့ Modern literary Theory ချိန်တွေ စကားပြေ အရေးအသားချိန်တွေ စာပေဝေဖန်ရေးတွေပဲ တက်ချင်နေတတ်တယ်။ Assignment ရေးခိုင်းရင်လည်း အဲဒီ Paper တွေကို ကျမရေးရတာ လက်အတွေ့ဆုံး။ ပြီးတော့ လက်ဘက်ရည်ဆိုင်မှာ အဖွဲ့ကျပြီဟေ့ဆိုလည်း ဆရာဇော်(ဇော်ဇော်အောင်)တို့ တက္ကသိုလ် မင်းမော်(ဆုံးရှာပြီ) တို့နဲ့လေ။ ဆရာနှစ်ယောက်က စကားနိုင်လုကြရင် သိပ်ရယ်ရတာ။ ပြီးတော့ သူတို့ခေတ်က သူငယ်ချင်းတွေ အကြောင်း... နာမည်ပြောင်တွေအကြောင်း.. နောက်.. ချစ်စရာကောင်းတဲ့ ကြည်နူးစရာကောင်းတဲ့ အတင်းတွေရော.. ပြောကြရင် သိပ်ရယ်ရတာ။ ကျမမှာ ဆရာတွေကြားထဲ အမြဲ တခိခိနဲ့ ရယ်နေရ တာပေါ့။

တကယ်တော့ ကျမက ဆရာ
တက္ကသိုလ်မင်းမော်ကို ကြောက်ရတာ။ ကျမက သူ့ဘာသာရပ် (Phonetics & Linguistics)မှာ ညံ့လို့ ဆရာက နည်းနည်းမှ မကျေနပ်။ ဆရာက စကားပြောရင်လည်း သူ့ကဗျာတွေလိုပဲ သရော်တော်တော် သိပ်ပြောတတ်တာ။ နောက်တနှစ်မှာ ကျမ အိမ်ထောင်ကျသွားတော့ ဆရာပြောတာ မှတ်မိနေသေးတယ်။ "မေငြိမ်း. နင်ကတော့လေ Linguistics တော့ မရဘဲ လင်ယူလိုက်တော့ လင်ပဲ ရပြီး ဂွစ်စတစ် ကျန်နေဦးမှာ မြင်ယောင်သေးတယ်.." တဲ့။ ဟီဟိ.. အဲလို ဆရာမျိုး။

ဆရာဇော်ကကျတော့ စကားပြောရင် လေသံအေးအေးလေးနဲ့ ရုပ်ကလေးက မလှသလောက် (စိတ်ဆိုးမှာ ကြောက်ပါဘူး.. ကိုယ့်အဖေပဲ.. ဟဲဟဲ) နှလုံးသားကတော့ အင်မတန် ခံစားတတ်။ အိမ်မှာ ညအိပ်မပျော်ရင် မောင့်လပြည့်ဝန်းနဲ့ လိမ်မော်ချိန် သီချင်းနှစ်ပုဒ်တည်းကိုပဲ တခြမ်းဆီ သွင်းထားတဲ့ အခွေကို နားထောင်တယ်ဆိုတဲ့ ရိုမန်တစ် (romantic) အဘိုးကြီး... သူ့ရဲ့ ယုဇနမခင်ပျိုထဲက စာသားတွေကို ကျမက သူ့ရှေ့မှာ ရွတ်ပြရင် တော်စမ်းပါဟာ.. ဆိုပြီး ရှက်နေတတ်တဲ့ မော်ဒန်အဘိုးကြီးပေါ့။ ကျမက တချို့ ဆရာ ဆရာမတွေကို ဝေဖန်ရင် အင်းး အဲလိုကတော့ ကြုံရမှာပါပဲဟာ...လို့ ရွှေပြည်အေး လေသံနဲ့ ပြောတတ်သေး။ ဆရာဇော်ကတော့ မေငြိမ်း... ဟိုလို မရေးနဲ့ ဒီလိုရေး.. လို့ တခါမှ မပြောဖူးပါ။

ဆရာတို့ဆီက ရသမျှ ဗဟုသုတတွေကို ကျမ လောဘတကြီး စုပ်မျိုယူနေတဲ့ ကာလတွေပေါ့။ ဟဲဟဲ.. အဲဒီအချိန်တုန်းက ကျမတို့ဝိုင်းကို ဌာနကခေါ်တာ ဒန်ဒန်အုပ်စုတဲ့။ (မော်ဒန်ကို ပြောတာ)။

အဲဒီအချိန်မှာ ကိုသာချိုတို့ ကိုဇောင်းထက်တို့ကို မော်ဒန်ကဗျာရေးလို့ဆိုပြီး ဌာနက တချို့သော ရှေးရိုးစွဲ ဆရာကြီး ဆရာမကြီးများက ခေါ်ဆူတာတို့ မျက်နှာသာမပေးတာတို့ လုပ်နေချိန်။ ကျမခမျာလည်း ခရီးသွားဝတ္ထုလို ပြည့်တန်ဆာအကြောင်းရေးလို့.. နောက် မိန်းကလေးက ချစ်တဲ့အကြောင်းတွေရေးလို့ ဆရာမတယောက်အနေနဲ့ မြန်မာစာမဟာဝိဇ္ဇာ ကျောင်းသူ တယောက်အနေနဲ့ မရေးသင့်ဘူး.. တို့၊ အရေးရဲလွန်းတယ်တို့ ခေါ် ခေါ်ပြောခံရ.. အနေအထိုင်ကလည်း မတတ်တော့ မျက်စေ့စပါးမွှေး စူးခံရ။ (တကယ်တော့ အံ့သြစရာပါပဲ.. မြန်မာစာလို ဌာနကြီးမှာ အနုပညာလွတ်လပ်ခွင့်ဆိုတာကို နားမလည်တဲ့ လူကြီးတွေ ရှိနေတာ.. အဲဒါတွေလည်း မမေ့)။

တကယ်တော့ အဲဒီ မဟာဝိဇ္ဇာနှစ်အတန်းမှာ ကျမ မပျော်ခဲ့ပါဘူး။ ကျောင်းမှာသာ ပျော်တာ။ စာသင်ချိန်တွေ ကိုလည်း စိတ်တိုင်းမကျ။ ကျမကလည်း ကပ်ကပ်သပ်သပ် ခံစားသလားမသိ။ ကျမက မော်ကွန်းဆိုလည်း မော်ကွန်းတွေရဲ့ အရေးအသားအဖွဲ့အနွဲ့ကို အသေးစိပ် လိုက်ချင်တာ..။ မော်ကွန်းရေးရခြင်းအကြောင်းတို့ သမိုင်းနောက်ခံတို့ဆိုတာတွေက မြန်မာစာ မဆန်ဘူးလို့ ထင်။ နောက် ရှေးကဗျာဆိုလည်း အဲဒီတုန်းက ဘယ်လိုတွေးလဲ.. ဘယ်လိုရေးလဲ.. ဘယ်လို ခံစားချက်မျိုး ရှိလဲ.. ဆိုတာတွေ အသေးစိတ် လိုက်ချင်တာ။ န၀ဒေးဆိုလည်း သူ့အဖွဲ့အနွဲ့ကို အသေးစိတ် လိုက်ချင်.. နတ်သျှင်နောင်ဆိုလည်း သူ့စကားလုံးအသုံးတွေ နောက်ကိုပဲ လိုက်ကြည့်ချင်။ စာပေတွေရဲ့ သမိုင်းကြောင်းဆိုတာ ကတော့ စာအုပ်ထဲ ရှာဖတ်ဖို့ပဲလို့ ထင်တာပဲ။ ဒီလိုနဲ့ Tutorial တွေမှာ ဖြေတဲ့ ကျမရဲ့အဖြေတွေက ပြဿနာ စ ဖြစ်လာတယ်။ (ကျမရှေ့မှာ အင်မတန် ချွန်တဲ့ ကျောင်းသားကြီးနှစ်ယောက် အဲလို ထော်လော် ကန့်လန့်နိုင်မှုကြောင့် မဟာဝိဇ္ဇာကနေ အဝေးကြီးကို လွင့်သွားခဲ့ရဖူးတဲ့ သာဓကလည်း ရှိပါတယ်)။ ဒါပေမဲ့ ဖောက်ထွက်တွေးတာကို ခွင့်မပြုတဲ့... တသွေး တသံ တမိန့် ဆန်တဲ့ စနစ်မျိုးကိုတော့ ကျမ ဘယ်လိုမှ မလိုက်နာချင် ခဲ့ပါ။

ပြောသာ ပြောရတယ်.. ကျမကလည်း သိပ်တော့ အလုပ်မဟုတ်လှ။ ရကန်ရဲ့ အကန်အကျောက်ဖွဲ့တွေကို ဖြေရင်း အကန်အကျောက်တွေကောင်းပေမဲ့ တခြားသူတွေကို အသားလွတ် အပုပ်ချတဲ့ ယဉ်ကျေးမှုမျိုး ဖြစ်တယ်။ ဒါဟာ မကောင်းတဲ့ စိတ်နေစိတ်ထားရဲ့ နိမိတ်ပုံဖြစ်တယ်။ အဲဒါဟာ ယဉ်ကျေးမှုတခု စာပေသမိုင်းတခုထိ တာသွားတယ်တွေဆိုတာတွေပါ ဝေဖန်သုံးသပ်ချက်အဖြစ် ရေးတာလေ။ ငယ်စိတ် ငယ်မာန်နဲ့ပေါ့။

ဒါနဲ့ပဲ.. ကိုယ်ကလည်း paper တခုဖြေတာမှာ အားနည်း.. (သူများတွေလည်း တခုစီမှာတော့ အားနည်းတယ် ပြောတာပဲ)။ အင်းး ကျမကတော့ ခေါင်းမာတာကိုလည်း လျှော့မပေးချင်တဲ့ အခိုက်။ ဘ၀မှာ ပထမဆုံးအဖြစ် စာမေးပွဲကျပါတော့တယ်။ မဟာဝိဇ္ဇာတန်းစာမေးပွဲမှာ ကျမ သေသေချာချာ ကျပါတော့တယ်။ ပြောရရင်တော့ ၁၉၈၇ ဟာ မြန်မာစာဆရာမဘ၀ တိုက်ပွဲဝင်ကာလတွေရဲ့ အစပျိုးချိန်တွေ ဖြစ်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်အားနည်းချက်ကြောင့် ကျတာမို့ ကျမ ၀မ်းပမ်းတနည်းတော့ မရှိခဲ့ပါဘူး။ ပြီးတော့ ကျမချစ်တဲ့ တက္ကသိုလ်ရင်ခွင်မှာ.. ဘယ်လောက် ကြာကြာ နေရ နေရပေါ့ ....။

+++++

ဓာတ်ပုံတွေကို မြန်မာကျူးပစ်က ရတာပါ။

(အနှစ်၂၀ကျော်ကြာခဲ့ပြီမို့ တချို့ အချက်လက်မှားနေတာတွေတွေ့ရင် ပြင်ပေးကြပါဦးနော်..)

မြသီလာအလွမ်းပြေ(၉)

လှိုင်တက္ကသိုလ်ဟာ ကျောင်းသူဘ၀တုန်းက ကဗျာစာအုပ်တွေ လိုက်ရောင်းခဲ့တဲ့ နေရာ။ အဆောင်ကင်တီးက ပန်းဝတ်ရည်စာအုပ်ဆိုင်မှာ ကျောက်ချထိုင်ပြီး ကျောင်းဝင်းနဲ့ အဆောင် ကင်တီးကြား နေပူပူအောက်က ခြောက်သွေ့သွေ့ ကွင်းပြင်ကျယ်ကိုတောင် ချစ်စရာလို့ မြင်ခဲ့ရတဲ့ ကျောင်း။ အဲဒီကျောင်းကို ဆရာမအဖြစ် ရောက်သွားတော့ရော...။ ကျမအတွက်တော့ ဘာမှ မပြောင်းလဲပါဘူး။ ဒါဖြင့် ဘာတွေက ပြောင်းသွားရသလဲ..။
+++++
ဆရာကြီး ဆရာမကြီးတွေက ဆရာမပေါက်စတွေ ငယ်လွန်းလို့ ဆံထုံးထုံးရမယ်တဲ့။ ဒါမှ ကျောင်းသားတွေ ဟန့်မယ်တဲ့။ ဒီလိုနဲ့ ကျမမှာ ဆံထုံးတခါထုံးရင် လက်မြှောက်ရတာ ညောင်းတောင် ညောင်းပါရဲ့။ ဆံညှပ်ကလစ်ကလည်း တဒါဇင်လောက် ကုန်တယ်။ ကျမဆံပင်က အထူကြီး.. ပြီးတော့ ခါးလယ် တော်တော် ကျော်တာမို့ ဆံပင်ကို ဆံထုံးလို သိမ်းလို့ တော်တော်နဲ့ မရ။ နောက်ဆုံးတော့... အမေရော အဖွားပါ စိတ်ညစ်ပြီး ဆံပင်သာ ဖြတ်တော့ဆိုလို့ ဆံပင်တွေ ဖြတ်လိုက်ရတာ.. ဖြတ်မယ့်ဖြတ်တော့ ပခုံးလောက်ပဲ ကျန်ရော။ အဲဒါကတော့ ဆရာမဘ၀မှာ ကျမ ပထမဆုံးပေးဆပ်လိုက်ရတဲ့အဖြစ်။ ဆံပင်တိုသွားတော့ ဖြတ်ကနဲခေါက်ပြီး ပိုက်ကလေးနဲ့ ဆွဲအုပ်လိုက်တော့ ဆံထုံးဖြစ်ရော..။ အေးတော့ အေးသွားတာအမှန်။ (တကယ်တမ်းမှာ ကျောင်းသားတွေ ဟန့်တာက ဆံပင်ပုံစံနဲ့ မဆိုင်မှန်းသိတော့ နောက်ကျခဲ့ပြီ။) :(
နောက်တဆင့်.. ကျမ အင်မတန်ချစ်တဲ့ ကျောင်းလွယ်အိတ်ကို မလွယ်ရတော့ဘူး။ ပခုံးသိုင်းအိတ် ပြောင်းလွယ်ရတော့တယ်။ အမလေး... တကယ့် အဖွားကြီးအို ပေါက်စ လေးလိုပေါ့..။ နောက်ထုတ်တဲ့ စည်းကမ်းက အရင်လို ကင်တီးမှာ ကြာကြာမထိုင်ရ.. တဲ့။ ဌာနမှူးက ကျမကို စောင်းပြောနေသလိုပဲ.. ဟီး.။ (တိုက်တိုက်ဆိုင်ဆိုင် အဲဒီဌာနမှူးက ကျမ နည်းပြဆရာမ စဖြစ်တဲ့ ကာလဦး လှိုင်တက္ကသိုလ်မှာ ၁၉၈၆ ကနေ ၁၉၉၅ထိ ၁၀နှစ်နီးပါး အတူ လုပ်ခဲ့ရပြီး ကျမ ဆရာမဘ၀ထဲက ထွက်တော့မယ့် ၂၀၀၅ ကျတော့လည်း ဒဂုံတက္ကသိုလ်မှာ သူက ပါမောက္ခ.. ကျမက ကထိကဘ၀နဲ့ တွဲလုပ်ခဲ့ရတာ.. ထူးခြားတဲ့ တိုက်ဆိုင်မှုပါပဲ)။
၁၉၈၆ ဒီဇင်ဘာ(၅ရက်နေ့ထင်တာပဲ)မှာ နှစ်သစ်စာသင်တန်းတွေ ပြန်ဖွင့်တော့ ကျမတို့တွေ ဆရာမအသစ် ချပ်ချွတ်တွေအဖြစ် စာသင်ခန်းတွေထဲ ၀င်ရပြီပေါ့။ ကျောင်းမဖွင့်ခင် နိုဝင်ဘာဒီဇင်ဘာ နှစ်လလုံး သင်ကြားရေးအတွက် မွမ်းမံသင်တန်းတွေ တက်ထားပေမဲ့ ကျမတို့တွေ အတန်းဝင်ဖို့ ကြောက်နေခဲ့ကြပါတယ်။ ပိုဆိုးတာက ကျောင်းဖွင့်စမှာ စသင်ရမှာက သဒ္ဒါပိုင်း..။ ကျမ အပျင်းဆုံး အပိုင်းပေါ့။ ပြီးတော့ ကျောင်းးသားတွေကို ဆွဲဆောင်ရခက်တဲ့ သင်ခန်းစာတွေ..။ ၀ါကျဟူသည်အဘယ်နည်း..တို့၊ နောက်ဆက်တို့... ပစ္စည်း..တို့.. ။ အိုးး စိတ်ညစ်ပါ့။ မှတ်မှတ်ရရ ရှိတာက ကျမ တာဝန်ယူရမယ့် အတန်းတွေက ရူပဗေဒ တန်းခွဲ(၁) နဲ့ သတ္တဗေဒ တန်းခွဲ(၁)။ (တချို့တပည့်တွေကို ခုထိမှတ်မိသေးတယ်)။ အဲဒီ အစောပိုင်း စာသင်ရက်တွေဟာ တော်တော်ကို မသေမသပ်နဲ့ ဖြတ်ကျော်ခဲ့ရတဲ့ ရက်တွေပါပဲ..။ ခုချိန်မှာ ပြန်တွေးကြည့်ရင် အဲဒီရက်တွေအတွက် မကြာခဏ စိတ်မကောင်းဖြစ်ခဲ့ဖူးပါတယ်။ (ဒါပေမဲ့ အချိန်တိုတို စာသင်သက် တလကျော် လောက်မှာပဲ ကျမက စာသင်ခန်း တွေနဲ့ အံဝင်ခွင်ကျဖြစ်သွား ခဲ့ပါတယ်)။
(မြန်မာစာဌာနရဲ့နောက်နားမှာ ရှိပြီး တချိန်က အင်မတန်စည်ကားခဲ့တဲ့ ကန်သာယာစားသောက်ဆိုင်- မြန်မာကျူးပစ်ကရတဲ့ ပုံပါ)
ဘာလို့လဲဆိုတော့ ကိုယ်တိုင်က ကျောင်းသူတပိုင်းမို့ မိန်းထဲက ကိုယ်တက်ရမယ့် အတန်းတွေနဲ့ လှိုင်က ကိုယ်ပြန်သင်ပေးရမယ့်အတန်းတွေကြား ပြေးလွှားမောပမ်းခဲ့ရတာ။ အဲဒီကြားထဲ ရည်းစားဖြစ်သူကလည်း ဖိုင်နယ်ကျောင်းသားမို့ သူ့ကိုလည်း အချိန်ခွဲပေးရ သေးတာလေ။ ငယ်စဉ်ဘ၀မှာတော့ အဲဒါကလည်း တာဝန်တခုလို ဖြစ်တာကိုး.. နော်။ ပိုဆိုးတာက ကိုယ်က ဆရာမဖြစ်သွားတော့ သူနဲ့ နည်းနည်း ကွာဟသလို ဖြစ်သွားမှာစိုးလို့ နည်းနည်း ပိုဂရုစိုက်ရတာလည်း ပါပြန်တယ်။ အဲဒီအချိန်တွေမှာ စိတ်ပင်ပန်းရတာကတော့ တကယ့် အမှတ်တရပါပဲ။
အဲဒီရက်တွေထဲမှာ ကဗျာတွေလည်း မရေးဖြစ်..။ သင်ကြားရေးအတွက် ပြင်ဆင်ရတာရယ်.. ကိုယ်သင်ယူရတဲ့ စာတွေကို ပြင်ဆင်ရတာရယ်..။ ခုပြန်စဉ်းစားကြည့်တော့ အဲဒီတုန်းက သေသေချာချာမှ စာသင်ပေး နိုင်ခဲ့ရဲ့လားဆိုတာကိုပဲ မသေချာတော့။ (အင်း အဲဒီ ၁၉၈၆-၈၇ စာသင်နှစ်က တပည့်တွေ ဖတ်မိရင်တော့ ခွင့်လွှတ်တန်ကောင်းပါရဲ့)။ သေချာတာတခု ကတော့ ကျမ တတ်နိုင်သလောက်တော့ သင်ပေးဖြစ်ခဲ့မယ် ဆိုတာပါ။ ဘာလို့လဲဆိုတော့ ကျမက သိပ် စာသင်ကောင်းချင်တာ။ ပြီးတော့ သူများနားမလည်မှာ စိုးရိမ်စိတ်နဲ့ သေချာ သင်ပေးချင်စိတ်လည်း ရှိလို့ပါ။
ဖြစ်ချင်တော့ ၁၉၈၆-၈၇ စာသင်နှစ်ဟာ ၁၀တန်းစနစ်ဟောင်းတွေရဲ့ နောက်ဆုံးနှစ်အဖြစ် အအောင်များခဲ့ ကြတာမို့ ကျောင်းသားထဲမှာ အသက်၂၀ တော်တော်ကျော်နေတာတွေ ပါလာပါတယ်။ အဲဒီအခါ ကျမတို့ ဆရာမပေါက်စတွေက ငယ်ငယ် .. (ပြောလို့ပြောတာမဟုတ်.. ဆရာမလေးတွေက ငယ်ဂုဏ်ကြောင့်ထင်ပါရဲ့.. ကြည့်ကောင်းတာ များတယ်.. တကယ်ပြောတာပါ :))။ ကျောင်းသားတွေထဲမှာလည်း ဆရာမတွေထက် အသက်ပိုကြီးတာတွေတောင် ရှိလာပါတယ်။ လှိုင်တက္ကသိုလ်ရဲ့ ကော်ရစ်ဒါ တလျှောက်မှာ .. "သဒ္ဓါက ပိုသည်... ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိပြီ" ဆိုတာတွေ၊ "အို... ဆရာမရယ် အိမ်ကိုပြန်မလွှတ် နဲ့ အရင်နေရာက နည်းနည်းနာလာတယ်.." ဆိုတာတွေ..ခဏခဏ ကြားနေခဲ့ရတဲ့ အချိန်တွေပေါ့။
ကျမအတွက် ကဗျာပိုးကို ပိုတိုးစေတာကတော့ ကဗျာဆရာ(စာရေးဆရာ) (ရွှေမြိုင်) မင်းသိုက်မွန် က တဌာနတည်းမှာ ရှိနေလို့ပါပဲ။ သူကတော့ နည်းနည်းပိုပြီး မော်ဒန်ကို လိုက်စားနေချိန်ပေါ့။ ကြည်အေး ရေးတာက  Existentialism လို့ သူက ပြောတော့ ကျမက "မဟုတ်ပါဘူး... Realism ပါ" လို့ ငြင်းခဲ့ကြရာက ကျမက "ကြည်အေးရဲ့ လက်တွေ့သရုပ်မှန် စာပေ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဌာနတွင်း စာတမ်းဖတ်ပွဲမှာ စာတမ်းတစ်စောင် ဖတ်ဖြစ်ခဲ့တာ မှတ်မိနေပါသေးတယ်။ သူနဲ့ကျမလည်း တကယ့်ပြောမနာဆိုမနာ မောင်နှမအရင်းလို..၊ သူ့ဇနီး မတူးမာနဲ့ ကျမနဲ့လည်း ညီအမအရင်းလို.. ခုတော့ အကို့ခမျာလည်း ဆုံးရှာပါပြီ။ သူဟာ တကယ်တော်တဲ့ မြန်မာစာဆရာတယောက်၊ ပြီးတော့ ကဗျာသမား..၊ ပြီးတော့ အေးအေးနုနုလေး နေချင်တဲ့သူ။ မူးရင်တော့ စိတ်ကျတတ်တဲ့သူ။ ဒါပေမဲ့ ဘ၀ကတော့ ထုံးစံအတိုင်း ရုန်းကန်ပင်ပန်းရ..။ သူက ပြောဖူးတယ်.. "မြန်မာစာဆရာများ ဘာမှ လုပ်စားမရ.. ကဗျာဆရာလည်း ဘာမှ လုပ်စားမရ.. မေငြိမ်းရာ... ငါတို့ဘ၀တွေ အနည်းဆုံး လူလေးစားခံရရင်တောင် တော်တော် နေလို့ ကောင်းဦးမှာနော် "တဲ့။ သူဆုံးတော့ အသက် ၄၅.. (ထုံးစံအတိုင်း အသည်းရောဂါပဲပေါ့)။ အဲဒီတုန်းက ဌာနမှာ နောက်ထပ် ကျမလေးစားရတဲ့တယောက်က ဆရာ ဦးတိုးတင့်(ပါဠိပါရဂူဦးအောင်မိုးရဲ့သား)။ အဲလိုပဲ သိပ်အေးချမ်းနူးညံ့ပြီး စာဖတ်နာသလောက် စာသင်ကောင်း တဲ့ ဆရာတယောက်။ သူတို့က ရွယ်တူတွေ။ သူတို့တွေက ကျမထက် အသက်ကြီးကြတော့ ၀ါသနာတူ အကိုတွေလို။ ခုတော့ သူလည်း ဆုံးရှာပြီ။ (အင်းး အသည်းရောဂါပါပဲ)။
+++++
အဲဒီတုန်းက မနက်ပိုင်းကို ကျမတို့ တောင်ငူဆောင်မှာ အတန်းတက်ရပါတယ်။ နေ့လယ်မှာတော့ လှိုင်ကိုလာပြီး ကိုယ့်အတန်းတွေ ၀င်ရပါတယ်။ ကျမက သူများထက် ပိုတဲ့တာဝန်က ညနေ၅နာရီလောက်မှာ Practical ပြီးမယ့် ရည်းစားကို မိန်းထဲမှာ ၀င်ကြိုရတာပါပဲ။ (သူက နေ့လယ် လှိုင်ကို လိုက်ပို့ရတော့ ကိုယ်က ကြိုရတာပေါ့)။ နောက်တကြောင်းက သူ့ကို ကြိုရင်း ကျမတို့ ကဗျာအုပ်တွေ စုကြ ဆုံကြတာပါပဲ။ အဲဒီတုန်းက ကဗျာသမားစုံတွဲတွေဖြစ်တဲ့ ကိုမိုး(မိုးမောင်မောင်)နဲ့ မပူစူးတို့စုံတွဲ.. သက်မောင်ခိုင်နဲ့ ခိုင်တို့စုံတွဲ.. ကျမတို့စုံတွဲ.. အဲလိုကလည်း ဆုံချင်ကြသေးတာလေ..။ ဘာရယ်လည်း မဟုတ်.. တောင်ငူကင်တီးမှာပဲ စကားတွေ စုပြောကြ။ စုံတွဲအချင်းချင်း စိတ်ကောက်ကြရင်လည်း သူငယ်ချင်းတွေကပါ ၀င်ကူချော့ပေးကြ။ တခါတလေ.. ကန်ပေါင်ပေါ် လမ်းလျှောက်.. နေ၀င်ချိန်ကို ထိုင်ကြည့်ကြ.. အဲလို။
(အင်းလျား)
အဲဒီတုန်းကတော့ ကဗျာအယူအဆတွေ ငြင်းရင်း ရန်ဖြစ်ရတာကလွဲလို့ တခြားသောကတွေ မရှိခဲ့ကြ။ ဆင်းရဲ ကျပ်တည်းတာတောင် အထူးအဆန်း မဟုတ်ခဲ့ကြ။ လူတန်းစားကွာဟမှုကလည်း သိပ်မရှိသေး။ ကျမတို့ အဖွဲ့ထဲမှာ အများစုက ညွှန်ကြားရေးမှူးသားသမီးတွေ... ပါမောက္ခ သားသမီးတွေဆိုပေမဲ့ အားလုံးလိုလိုက ပိုက်ဆံကို တိုင်းတိုင်းတာတာနဲ့ သုံးနေကြရသူတွေချည်းပါ။ သူဌေးသားသမီးဆိုသူတွေကတောင် သိပ် ပပ လွှားလွှား မရှိခဲ့ကြသေး။ (အဲဒါက ၈၈ နောက်ပိုင်းခေတ်နဲ့ မတူတာတွေပါ..။ ၈၈နောက်ပိုင်းကို ရေးတဲ့အခါမှာ ပြောပါဦးမယ်..)။
ဒီတော့ ကဗျာကိစ္စနဲ့ ငြင်းကြရင်ကို အသည်းအသန် ရန်ဖြစ်ကြတော့တာ။ အဲဒီ အငြင်းအခုန်က ကျမအတွက်တော့ နောက်ပိုင်း ကျမရဲ့စာသင်ခန်းတွေမှာ စာပေဝေဖန်ရေးဘာသာကို သင်ပေးရတော့ ဖြန့်ထွက် တွေးစရာ အမြင်တွေအဖြစ် သုံးနိုင်ခဲ့ပါတယ်။ အဲဒီရက်တွေထဲမှာ ကျမ ဆရာမ ဖြစ်သွားတဲ့အတွက် ပတ်ဝန်းကျင်က ပိုကြီးလာပါတယ်။ ဆေးတက္ကသိုလ်က ကျောင်းသားတွေက လှိုင်ကိုလာပြီး ကဗျာတောင်းလို့ ကဗျာစာအုပ်စုထုတ်တဲ့အထဲလည်း ကျမပါခဲ့ပါတယ်။ ကျမကတော့ ခြေထောက်မှာပဲ ဗွေပါသလား.. ဒါမှမဟုတ်.. ကဗျာရေးတယ်လို့ကြားလိုက်ရင်ကို သွေးနီးသလိုဖြစ်ပြီးတော့.. နောက်ပြီး ဆေး(၂)က သူငယ်ချင်းတွေ အားကိုးနလည်း ပါပါတယ်။ ကဗျာသမားတွေနဲ့ တွေ့ဖို့ဆိုပြီး... ဆေး(၂)ထိ သွား သွား လည်သေးတာ။ အဲသည်တုန်းက ထိုင်ခဲ့တာ မင်္ဂလာဒုံ ဆေး(၂)ကျောင်းဝင်းရှေ့က "Blue Bird" ဆိုတဲ့ ဆိုင်ကလေး ထင်ပါ့.. ။ (မှားရင် ပြင်ပေးကြပါ) ။
အဲဒီ စိတ်အင်အားတွေနဲ့ .. နောက်တော့ inspiration ရတာတွေနဲ့ ကျမ ၀တ္ထုတိုတွေတော့ တော်တော် ရေးနိုင်ခဲ့တာ။ ၁၉၈၆၊၈၇ မှာကို ၁၀ပုဒ် ကျော်သွားတယ်။ နောက်ပိုင်းမှာ လုံးချင်းဝတ္ထုတွေ ရေးနိုင်ခဲ့တာလည်း အဲဒီလို ကျောင်းသူ ကျောင်းသားတွေနဲ့ နီးစပ်ခဲ့တဲ့ အနေအထားကြောင့် လို့ ပြောရမှာပါ။ (အထူးသဖြင့် "သီချင်းနှင်းဆီ"ပေါ့)။
+++++
တကယ်တော့ ဆရာမတယောက်အနေနဲ့ ပြောရရင် ကျမဟာ တော်တော် မတည်ငြိမ်တဲ့ ဆရာမတယောက် ဖြစ်ခဲ့ပါလိမ့်မယ်။ ကျောင်းသားတွေနဲ့ ကင်တီးထိုင်.. ကဗျာစာအုပ်ကိစ္စတွေ လုပ်..။ ဆရာမဖြစ်တဲ့အထိ ကဗျာစာအုပ်တွေလည်း လိုက်ရောင်းနေသေး။ အင်း... ဆရာမတာဝန်ကို ကျေလို့သာ.. ဘာမှ ပြဿနာမဖြစ်ခဲ့ပေမဲ့ လူကြိုက်တော့ တော်တော် နည်းခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ကျောင်းသားတွေရဲ့ စိတ်နဲ့ပဲ နီးစပ်လို့လားမသိ.. စာသင်ခန်းတွေမှာတော့ ကျမရဲ့ ဆရာမဘ၀က အောင်မြင်ခဲ့တယ်လို့ ရဲရဲ ပြောရဲပါတယ်။ နောက်ထပ် ကျေနပ်စရာကောင်းတာကတော့ အဲလို ရှုပ်ထွေးတဲ့ ကိစ္စ၀ိစ္စတွေကြားကပဲ ကျမက ဂုဏ်ထူးတန်းစာမေးပွဲကို အောင်ခဲ့သေးတာပါပဲ။
+++++
ဘာပဲဖြစ်ဖြစ် "မြသီလာ" ဆိုတာဟာ.. အေးမြတဲ့ အရိပ်အာဝါသကိုပေးတဲ့ ကျောင်းတော်။
ဆိုရင်... ကျမအတွက်တော့ လှိုင်တက္ကသိုလ်ဟာလည်း ကျမရဲ့ ဒုတိယမြသီလာ..။


Oct 24, 2008

မြသီလာအလွမ်းပြေ(၈)

အဓိကပြောပြချင်တာကတော့ ကျမတို့ခေတ် တက္ကသိုလ်ဝန်းကျင်ဟာ ဆရာငြိမ်းကျော် ရေးသလို.. မောင်ဝဏ္ဏတို့ ကိုမင်းလူတို့ ရေးသလို.. နွမ်ဂျာသိုင်းရေးသလို.. မောင်စိန်ဝင်း(ပုတီးကုံး)ရေးသလို.. တကယ်ပဲ နူးညံ့ခဲ့တယ်ဆိုတာကိုပါပဲ..။ ကျမတို့ခေတ်တွေမှာ ကဗျာရေးတဲ့သူတွေ... စာဖတ်တဲ့သူတွေ... ကျောင်းပျော် တွေကို နားလည်တဲ့သူတွေ ရှိပါသေးတယ်။ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ငြိမ်းချမ်းလို့ပေါ့။ ကိုယ့်အဖွဲ့ထဲမှာ ချစ်သူရည်းစားတွေ ဖြစ်သွားကြလည်း အဖွဲ့ကတော့ အတူ သွားလာမပျက်..။ ရည်းစားတွေပါ အသီးသီး ခေါ်လာပြီး ကင်တီးမှာ စားကြ သောက်ကြ။

သူငယ်ချင်းတစု လကုန်ကာနီး မုန့်ဖိုးတွေ ကုန်လုပြီဆိုရင် တောင်ငူကင်တီး.. အန်းကျိတ်ဆိုင်က ကန်စွန်းပလိန်းကြော်နဲ့ ကြက်ဥမွှေကြော် မှာပြီး.. အလကားရတဲ့ မှန်ရောင်ဟင်းချို ချဉ်စပ်နဲ့ ထမင်း ၀ိုင်း စားလိုက်ကြတာပဲ။ အဲဒီတုန်းက ထမင်းကြော်ကြက်ဥဆောင်း (ရှယ်) တပွဲမှ ၃ကျပ်လေ..။ ကျမက အဖွဲ့ထဲမှာ ဆင်းရဲတဲ့အထဲ ပါတယ်။ တလမှ မုန့်ဖိုး ၁၀၀ ရတာကို စာအုပ်ပါ ၀ယ်ရသေးတာ။ (အဲဒီတုန်းက အဖေ့အရာရှိလစာကမှ ၁၇၀၀..)။ ရည်းစားလုပ်သူကကျတော့ တပတ် ၁၀၀ တောင်ရတာ။ ကျမတို့ထဲမှာ ၄ယောက်လောက်က ပိုက်ဆံရှိပြီးတော့ ၈ယောက်လောက်က ငမွဲတွေ.. ဒါပေမဲ့ သာတယ် နာတယ် မရှိ.. ဒီလိုပဲ ၀ိုင်းပြီး စားကြ သောက်ကြတာပါပဲ..။

ကျမကတော့ အဲဒီရက်တွေမှာ ကဗျာရေး စာရေးလို့တော့ ပိုကောင်းလာသလိုလို ရှိသား..။ အရင်က မပြီးမပြတ်ရှိနေခဲ့တဲ့ ကဗျာတွေတောင် အဆုံးတွေ ဘာတွေ သတ်လို့။ ၀တ္ထုတွေဘာတွေတောင် ရေးဖြစ်သေး။ တနေ့... ခါတိုင်းလို မနက်စောစော.. နွေဦးမှာ နှင်းတွေ မကုန်သေးသလိုလို.. မြူတွေပဲ ဝေနေသလိုလို..။ အဲဒီမနက်မှာ ကံကော်တွေလည်း ပွင့်ကောင်းတုန်း..။ အရှည်ကြီးဆိုင်ရဲ့ တောင်ပိန္နဲပင်တွေ အောက်မှာ ထိုင်ရင်း.. စိတ်ထဲ သာသာယာယာနဲ့ အရင်က မပြီးပြတ်တဲ့ ကဗျာလေးတောင် အဆုံးသတ် နိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လူငယ်တွေအတွက် သုံးတတ်ရင် အချစ်ဟာ မောင်းနှင်အားတမျိုး ဖြစ်တယ်ဆိုသလို ထင်ပါရဲ့။


တမ်းချင်း

နှင်းပွင့်ထိရှ
ဟေမန္တတဲ့...
ရင်ဝလာရိုက်
စိုက်လိုက်မတ်တပ်
လှပ်လှပ်ပြေးဆော့
လေအနော့မှာ...။

နှင်းကြားလေအေး
ဟိုးအဝေးက
ဖွဖွပြေးအလာ
ရင်မှာတမ်းဖြစ်
ကံ့ကော်သစ်နဲ့
ချစ်သူ့ပုံရိပ်
တိတ်တိတ်လေး ဝေ
နှင်းတွေနဲ့အတူ
ကလူမူနွဲ့
ဟန်ပန်ဖွဲ့လို့
ကိုယ့်ထံလာ...။

ဆန္ဒကိုမြှူ မွှေးကြူရနံ့
ကံ့ကော်အကူနဲ့
ချစ်သူ့ကိုယ်ပွား
ရင်ကြားတိုးဝင်
ကြင်သူရေ လာခဲ့
ပြည့်စုံတဲ့ ဆောင်းမနက်
တသက်တာ စွဲမက်စရာ
အမှတ်သညာချန်ထား
ဝေးသွားတဲ့အခါ.. လွမ်းရအောင်..။

နှင်းစွက်ကံ့ကော်
မေ့ကို မော်ဖူး
နှင်းလူးမနက်
ကြင်ဖက်နဲ့ဆို
ပိုညက်တဲ့ရသ
ကံ့ကော်ရွာဘဝ
တမ်းတမပြေ
လွမ်းမြဲ.. လွမ်းနေရစေမယ်..။ (၁၉၈၆)

တကယ်တမ်းတော့ သူနဲ့ ကျမက ၀ါသနာတူချစ်သူတွေဆိုပြီး ကိုယ်စာရေးတာ သူဖတ်ပေး သူရေးတာ ကိုယ်ဖတ်ပေးနဲ့ နေမှာလို့ တွေးခဲ့ဖူးသမျှ..။ သူက ကျမ ကဗျာတွေကို မကြိုက်ပါ။ ကျမရေးတာကို ဖတ်ပြီး ပြုံးတာပဲ.. ဘာမှမပြော..။ သူရေးတာက အနုအရွပေမဲ့ သူဖတ်တာက သိပ္ပံဝတ္ထုတွေနဲ့ မင်းသိင်္ခ...။ ၀တ္ထုတိုမှာ ကျော်စွာထက်နဲ့ နိုင်ဇော်ကို ကြိုက်တာလေးတူလို့သာ တော်သေး။ စိတ်ချမ်းသာစရာကောင်းတာတခုက ကျမတို့နှစ်ယောက်က အရင်လိုပဲ သူငယ်ချင်းတွေ အတိုင်း စာတွေ ပေတွေ ကဗျာတွေ ကိစ္စနဲ့ ပတ်သက်ရင် ငြင်းကြ ခုန်ကြ ရန်ဖြစ်ကြတုန်းပဲ။ ဆိုတော့ တွေးစရာ ခေါ်စရာ မှတ်စရာအသစ်တွေတော့ ရတာပေါ့လေ..။ ၀တ္ထုတိုရေးချင်စရာ အကြောင်းအရာတွေ အများကြီးရခဲ့တဲ့ အချိန်တွေပါပဲ။

အဲဒီရက်တွေထဲမှာပဲ သူငယ်ချင်းတွေက မြှောက်ပေးလို့ သူတို့နဲ့အတူ မဂ္ဂဇင်းတိုက်တွေ လိုက်ကြည့်ရင်း ရှုမ၀ရယ်.. ပေဖူးလွှာရယ်ကို ကဗျာတွေ ၀တ္ထုတွေ ပို့လိုက်သေးတယ်။ (ရည်းစားလုပ်သူက မလိုက်ပါ.. သူက စိစစ်ရေးကိုဖြတ်ပြီးမှ စာရေးရတယ်ဆိုတာမျိုးကို မကြိုက်တာမို့ မဂ္ဂဇင်းတွေကို ဘယ်တော့မှ မပတ်သက်ဘူးလို့ ပြောနေတဲ့သူလေ)။ အဲဒီရက်တွေထဲမှာပဲ ကျမက ကျောင်းဝန်းကျင်ထက်ကျော်ပြီး စာပေလောကဆိုတာကြီးကို ခေါင်းပြူ ကြည့်မိသွားတော့တာ။ အဲဒီတုန်းက စာရေးဆရာတွေအထိုင်များတဲ့ မုတ်ဆိတ်လက်ဘက်ရည်ဆိုင် ထိုင်ရတာကိုပဲ သဘောတွေကျလို့ပေါ့။

အဲဒီရက်တွေထဲမှာပဲ စိတ်လှုပ်ရှားစရာကိစ္စတခုကို ကျမ ထပ် ကြုံရတာပါ။ တက္ကသိုလ်အဆင့်အတွက် နည်းပြဆရာမတွေလိုလို့ အလုပ်စာမေးပွဲဖြေဖို့ ခေါ်တဲ့သတင်းပါ။ တကယ်တော့ ကျမတို့အတန်းက သိပ်ငယ်သေးတာပါ။ ဒါပေမဲ့ ကျမတို့ အတန်းသားတွေပါ လျှောက်လွှာ တင်နိုင်တယ်...တဲ့။ ကျမအတွက်တော့ နောက်ထပ် အိပ်မက်တခုပေါ့။ ဖြစ်နိုင်ချေ နည်းလှပေမဲ့ တကယ်တမ်းသာ အလုပ်ရခဲ့ရင် ကျမ မဟာတန်း ဆက်တက်နိုင်မှာ.. ဆိုတဲ့ အိပ်မက်ပါ ပေါင်းလိုက်တော့ ကျမတယောက် အလုပ်ရှုပ်ရတော့တယ်။ ကြည့်လိုက်တော့ ရေးဖြေဖြေဖို့ တလကျော်လေးပဲ လိုပါတော့တယ်။ ဖြေရမှာ မေလဆန်း..။

+++++

အဲဒီတုန်းက နွေကျောင်းပိတ်ရက်ဆိုတာက တရားဝင်ပေးလိုက်တဲ့ အတန်းနားရက်တွေသာဖြစ်ပြီး ကျောင်းတံခါးကြီး ပိတ်ပစ်လိုက်တာမျိုး မရှိပါ။ ဒါကြောင့် ကျမတို့ ဂုဏ်ထူးတန်း ကျောင်းသူကျောင်းသားတွေ Term Paper ရေးဖို့ နဲ့ အလုပ်ဝင်စာမေးပွဲဖြေဖို့ ကျောင်းကို ခါတိုင်းလိုပဲ လာနေကြရပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ နွေပိတ်ရက်မှာ ထူးခြားတာကတော့ ဆယ်တန်းစာမေးပွဲအမှတ်တွေ စစ်တာမို့ ကင်တီးတွေကလည်း ပိတ်တယ်လို့ မရှိပါဘူး။ အဲဒီ နွေတလ.. ကျမနဲ့ အတန်းဖော် သူငယ်ချင်းတသိုက် (၇ယောက်တဖွဲ့) အုပ်စုလိုက် Term Paper ရေးရတာ တဖက်.. အလုပ်ဝင်စာမေးပွဲအတွက် ပြင်ဆင်ရတာ တဖက်နဲ့ တော်တော် ကြိုးစားလိုက်ကြရပါတယ်။

ကျမအနေနဲ့ အတန်းထဲက သူငယ်ချင်းတွေနဲ့ သေသေချာချာ ခင်သွားတာလည်း အဲဒီ ကာလမှာပါပဲ..။ တကယ်တမ်းးကျတော့ ကျမက လူဆိုးလိုဖြစ်နေပေမဲ့ ကျမရဲ့ အတန်းဖော်တွေက ကျမကို ချစ်ကြသားပါပဲ။ အထူးသဖြင့် ချို .. အေး နဲ့ လေးလေး..။ ကျမ ဘယ်တော့မှ မမေ့မယ့် သူငယ်ချင်းတွေ.. ကျမထက် အသက်နည်းနည်းပိုကြီးကြတော့ ကျမကို အငယ်လိုသဘောထားပြီး အမြဲအလိုလိုက်ကြတဲ့ သူတွေပေါ့။ အဲလို အလိုလိုက်ခဲ့ကြတာ.. နှစ်ပေါင်းများစွာ...။ သူတို့ကို ကျမ ခွဲချန်ထားခဲ့တဲ့ ၂၀၀၅ ဖေဖော်ဝါရီလအထိ ဆိုပါတော့။ (ဘ၀မှာ အဲလို အပေးအယူသဘော လုံးဝမပါဘဲ သိပ်ချစ်ကြတဲ့ သူစိမ်းတွေ ကိုယ့်မှာရှိတာဟာ ဘယ်လောက် ကြည်နူးကျေနပ်စရာ ကောင်းတယ်ဆိုတာကို ကျမ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါ။)

ဒီလိုနဲ့ မေလဆန်းထဲက ရက်တရက်မှာ ရေးဖြေစာမေးပွဲဖြေပါတယ်။ တရက်တည်းကို အထွေထွေ ဗဟုသုတ.. အင်္ဂလိပ်စာနဲ့ မြန်မာစာ ဖြေတာပါ။ ရည်းစားနဲ့အတူ ကျမတို့နှစ်ယောက်ရဲ့ အချစ်ဆုံးသူငယ်ချင်း Hယင်းမာက ကင်တီးမှာ ထိုင်စောင့်နေပေး ပါတယ်။ စာမေးပွဲဖြေအပြီး အပြင်ရောက်တော့ စောင့်နေတဲ့ နှစ်ယောက်က အိုကေလား..တဲ့။ ကျမက "အင်းး မဆိုးပါဘူး.. ဒါပေမဲ့ ခက်တာက အားလုံးက ဖြေနိုင်တဲ့သူချည်းပဲ.. ဖြေတဲ့သူက မြန်မာစာမေဂျာတခုထဲတောင် ထောင်ကျော်တာ..။ အတန်းကြီးတွေလည်း အများကြီးပဲ.. တို့တွေ မရနိုင်ဘူးထင်ပါတယ်.." လို့ ဖြေမိတယ်။ ဟုတ်တယ်.. အားလုံးဖြေနိုင်ကြတာပဲ..။ ဒါနဲ့ပဲ ဖြေပြီးထွက်လာတဲ့ အတန်းဖော်သူငယ်ချင်းတွေနဲ့အတူ ထုံးစံအတိုင်း ကန်ပေါင်ပေါ်တက်.. ကျောက်ဖြူရခိုင်မုန့်တီဆိုင်မှာ ထိုင်။ ဗူးသီးကြော်စား.. အာပူလျှာပူသောက်ရင်း အင်းလျားရဲ့ ညနေကို အပူပင် ကင်းကင်း ခံစားလိုက်တော့တယ်။

(ခုခေတ် အင်းလျားက ဗူးသီးကြော်ဆိုင်.. ကျမတို့ခေတ်တုန်းကတော့ သစ်သားခုံပုလေးတွေနဲ့ပါ)

(အဲဒီ မေလမှာပဲ ကျမရဲ့ ဆွဲငင်သိမ်းရစ်ရင်းနှင့်ပင်.. ပထမဆုံးဝတ္ထုတိုကို ပေဖူးလွှာက ဖော်ပြခဲ့ပါတယ်.. ကျမ မျက်ရည်လည်ရလောက်အောင် ၀မ်းသာခဲ့ရတဲ့ မေလပေါ့.. အဲဒီတုန်းက စာမူခ ၁၀၀ ရတာ.. သူငယ်ချင်းတွေကို အကုန်ကျွေးပစ် လိုက်တာပေါ့။ ဒါပေမဲ့ ရှုမ၀မဂ္ဂဇင်းကို ပို့ခဲ့တဲ့ 'အမရဒဏ္ဍာရီ'ဆိုတဲ့ ၀တ္ထုလေးကတော့ အပယ်ခံရပါတယ်.. )

+++++

ဒီလိုနဲ့ မေလဆန်းမှာ ဒုတိယနှစ်ဝက် ကျောင်းဖွင့်ရက်တွေပြန်ရောက်..။ ဒီနှစ်ဝက်ကတော့ ကျောင်းစာတွေနဲ့ နပမ်းလုံးရတော့တယ်။ ကျမက Literature မှာသာ ချွန်ပေမဲ့ Phonetics & Linguistics ကျတော့ ညံ့တယ်။ အဲဒီအခါကျတော့လည်း အဲဒါကို အားစိုက်ရတာ တဖက်.. ကဗျာစာအုပ်တွေ ထုတ်တဲ့ အရှိန်က တက်လာတာ တဖက်ပေါ့။ ဘာပဲဖြစ်ဖြစ် ဂုဏ်ထူးတန်းမှာ စာမေးပွဲကျရင် ရိုးရိုးတန်း ပြန်ဆင်းရသလိုပဲမို့လား..။ ပိုက်ဆံတွေ ကုန်ထားရတာ.. အမေ့ကို သနားတာပေါ့။

အဲဒီလို ကျောင်းစာနဲ့ စိတ်ပင်ပန်းနေတဲ့ကြားကပဲ ဇူလိုင်လရဲ့ မိုးရေစက်လက် ရက်တွေထဲမှာ ကိုဂျက်နဲ့ ကျမ နှစ်ယောက်တွဲပြီး ကဗျာစာအုပ်လှလှလေးတအုပ် လုပ်ဖြစ်ပါသေးတယ်။ (စာအုပ်နာမည်တော့ မေ့သွားပြီ)။ တမ်းချင်းကဗျာလေးကို အဲဒီစာအုပ်မှာ ထည့်ဖြစ်တာပေါ့။ အဲဒီစာအုပ်ကလေးရဲ့ ထူးခြားချက်က ကျောင်းထဲမှာ တင် အုပ်ရေ ၅၀၀လောက် ကုန်သွားတာပဲ။ ခါတိုင်းဆို အုပ်ရေ ၂၀၀လောက်ပဲ ကုန်လေ့ရှိတာ။ ကျမတို့မှာ ပျော်လိုက်ရတာ..။ အဲဒီ ဇူလိုင်လမှာပဲ ကျမရဲ့ ပြည့်စုံခြင်းကဗျာကို ပေဖူးလွှာမဂ္ဂဇင်းက ဖော်ပြပါတယ်။ အဲဒီဇူလိုင်လရဲ့ တမနက်ခင်းမှာပဲ ကျမတို့ ဖြေထားခဲ့တဲ့ အလုပ်ဝင်ရေးဖြေစာမေးပွဲရဲ့ အောင်စာရင်း ထွက်လာပါတယ်။ ဘုရားရေ.. ကျမ အောင်တယ်..တဲ့။ အေး နဲ့ ချိုတော့ မပါဘူး.. တဲ့။ ပြောလာတဲ့ သူငယ်ချင်းကို သေချာပြန်ကြည့်ပြီး 'ဟေ့... မနောက်နဲ့နော်'လို့ ကျမပြန်ပြောလိုက်သေးတာ..။

ဒါပေမဲ့ တကယ်ပဲ.. ကျမ ရေးဖြေအောင်ခဲ့ပါတယ်..။ နောက်လာမယ့် ၂ပတ်မှာ နှုတ်ဖြေ အင်တာဗျူး...တဲ့။ အဲဒီနေ့က ကျမ သိပ်ပျော်မယ်ထင်ပေမဲ့ ကြောင်တောင်တောင်ကြီး ဖြစ်နေပါတယ်။ ကျမထက်ကြိုးစားတဲ့ ချို နဲ့ အေး မပါတာကို လက်မခံနိုင်သလိုဖြစ်နေပြီး ကျမတို့ထက်အတန်းကြီးတဲ့.. စာကြိုးစားတဲ့(ကျမအသိ) အမကြီးတွေ မအောင်တာကိုလည်း နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ပဲ ဖြေတဲ့သူ ထောင်ကျော်မှာ ၂၅၀ နီးပါး အောင်ပါတယ်။ အဲဒီထဲကမှ အင်တာဗျူးနဲ့ ပြန်ရွေးဦးမှာတဲ့..။ ဒီလိုနဲ့ပဲ ကျမ အင်တာဗျူး ၀င်ရပါတော့တယ်။

+++++

အင်တာဗျူးအတွက် ကျမတို့ ဆံထုံးတွေ ထုံးရ..၊ ဗမာအကျီင်္ ရင်ဖုံးလက်ရှည် ချုပ်ဝတ်ရ..၊။ စိတ်တွေ လှုပ်ရှားရ..၊ ပြီးတော့ ကျမတို့က ကိုယ့် ဘာသာရပ်နဲ့ ပတ်သက်တာတွေ ဖတ်သွား ကျက်သွားလိုက်ရတာ.. တကယ်တမ်းကျတော့ ဘာမှလည်း မမေး..။ ငယ်ငယ်လေး ကတည်းက လူကြီးတွေနဲ့ တွေ့ရင် ကျမနာမည်နဲ့ ပတ်သက်ပြီး အမြဲ ဖြေရ ရှင်းရတတ်ပါတယ်။ ခုနစ်တန်းကစပြီး လူရည်ချွန်အတွက် နှုတ်ဖြေဖြေရတဲ့ အခါတွေမှာ ဆရာကြီးတွေက "သမီးနာမည်က အဆန်းပဲ.. ဘသူပေးတာလဲ.. ဘာလို့ အဲလိုပေးတာလဲ.." ဆိုတဲ့ မေးခွန်းတွေ မေးလေ့ရှိပါတယ်။ (ကောင်းသား.. တခြားမေးခွန်းသိပ်မမေးဖြစ်တော့ဘူးပေါ့။ ဒီတော့ နာမည်ပေးတဲ့ အဖေ့တောင်ကျေးဇူးတင်ရသေး) ခု ဆရာမ အလုပ် ၀င်ရမယ့် အင်တာဗျူးလည်း ဒီနာမည်ကို အမေးခံရပြန်တာပဲ..။

ဒါပေမဲ့ ကျမမှာ ခွကျတာ တခုတည်း။ မင်း လမ်းစဉ်ပါတီဝင်ပြီးပလား..ဆိုတဲ့ မေးခွန်း..။ ဟင့်အင်း.. ပေါ့။ ((အဖေတောင်မှပဲ ပြန်တမ်းဝင်အရာရှိဖြစ်နေပြီး ပါတီဝင်မဟုတ်ရုံမက ပါတီ့မိတ်ဆွေ ဆိုတာတောင် မဟုတ် (ဒါကြောင့် ရာထူးဆက်မတက်)))။ ဆရာကြီးတွေက ဆက်မေးတယ်.. လမ်းစဉ်လူငယ်ရော.. ဟင့်အင်း..။ သူတို့ ပြုံးကြတယ်။ ပြီးမှ အလုပ်ရရင် ၀င်လိုက်နော် သမီး.. တဲ့။ ဟုတ်ကဲ့..ပေါ့။ (ကြည့်ပါဦး.. တကယ်မေးရမယ့် ဘာသာရပ်ဆိုင်ရာတွေကိုတော့ မမေး.. တကယ်တော့ အဲဒါကိုက တက္ကသိုလ်တွေမှာ စညံ့လာရတဲ့ အကြောင်းရင်းတွေ ဖြစ်ခဲ့တယ်ဆိုတာကို ကျမ တော်တော်နောက်ကျမှ သိခဲ့ရပါတယ်)။ နောက်တော့.. "ကဲ .. ညည်းကို အလုပ်ခန့်ရင် ဘယ်ဒေသ သွားချင်လဲ.." တဲ့။ ကျမက "သမီးကတော့ ရန်ကုန်မှာပဲ လုပ်ချင်တာပေါ့.. ဒါပေမဲ့ နယ်သွားရမယ်ဆိုလည်း သွားရမှာပါပဲ.. ဒါပေမဲ့ အညာဘက်တော့ မသွားချင်ဘူး.. ပူတယ်"လို့ ပြန်ဖြေတာ..။ ဟီဟိ..။ သူများတွေကတော့ အလုပ်လိုချင်လွန်းလို့ ဘယ်ပို့ပို့ သွားပါ့မယ်... လို့ ပြောတာတဲ့။ ပြီးတော့ ပါတီဝင်မဟုတ်တာလည်း ကျမတယောက်တည်း။ ဒီတော့ ကျမခမျာ.. အောင်စာရင်းကို မမျှော်ရဲ မျှော်ရဲပေါ့..။

ဒါပေမဲ့....... ကျမဘ၀မှာ အမက်မောဆုံး အမြတ်နိုးဆုံး တက္ကသိုလ်က မြန်မာစာဆရာမဘ၀ကို ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)ဆိုတဲ့ ရွှေအိုရောင်နယ်မြေမှာ စခွင့် ရခဲ့ပါတယ်။

(တခါက ပျော်စရာအင်မတန်ကောင်းခဲ့တဲ့ ကျောင်းကြီးပါ - ဓာတ်ပုံက မြန်မာကျူးပစ်ကရတာပါ)

+++++

၁၉၈၆... ဟာ ကံတရားက ကျမကို ပေးတဲ့ လက်ဆောင်ထုပ်လေး တထုပ်ပါပဲ။ ၁၉၈၆ မှာ တကယ့်ဘ၀အတွက် လို့ ရည်ရွယ်မိတဲ့ သူတယောက်နဲ့ ဆုံရတယ်..။ အိပ်မက်ဆန်ဆန်ပဲ မဂ္ဂဇင်းစာမျက်နှာတွေအပေါ် စာရေးဆရာတယောက်အဖြစ် ရောက်သွားတယ်..။ တကယ့်ကို အိပ်မက်ဆန်ဆန်ပဲ အသက် ၂၁နှစ် ကျော်ကျော်လေးမှာပဲ တက္ကသိုလ်က ဆရာမဆိုတဲ့ မယုံနိုင်စရာကောင်းလှတဲ့ အကောင်းဆုံး လက်ဆောင်ထုပ် တခုကို ထပ်ပြီး ရခဲ့ပြန်တယ်..။ တကယ့်ကို ကျမအတွက် ကံတရားက ရွှေရောင်နေ့ရက်တွေ ပေးခဲ့တယ်လို့ ဆိုရမှာပါပဲ..။

(မြသီလာအလွမ်းပြေမှာ ကျမအကြောင်းကို အသေးစိပ်ရေးသလိုဖြစ်နေတာက ကျမတို့ ကျင်လည်ခဲ့ရတဲ့ ဘ၀တွေကို မြင်စေချင်တာရယ်.. ခုခေတ်နဲ့ မတူတဲ့ အရင်က ခေတ်တခေတ်ကို ရေးပြချင်တာရယ်ကြောင့်ပါ.. နောက်ပိုင်း ဆရာမဘ၀ကို ဆက်ရေးပါဦးမယ်)

Oct 23, 2008

မြသီလာအလွမ်းပြေ(၇)


တက္ကသိုလ်.... တက္ကသီလာ...။ နည်းပညာ အတတ်ပညာများ ဆည်းပူးကျင့်ကြံရာ မြတ်သောအရပ်.... တဲ့။ (အတိအကျ ဖွင့်ဆိုချက်မဟုတ်ပါ)

ဒါ့ထက်ပိုတဲ့အနက်ဆိုရင်တော့ ကျယ်ပြောတဲ့ ဗဟုသုတတွေ ရှာဖွေရာအရပ်ပေါ့။ ဒါကြောင့်ပဲ တကယ်လည်း တက္ကသိုလ်ဆိုတာက တင်းကျပ်တဲ့ နယ်ပယ်အကန့်အသတ်တွေ... စည်းမျဉ်းပေါင်တွေကနေ ကင်းလွတ်ပြီး လိုအပ်တဲ့ စည်းကမ်းလေးတွေနဲ့... ကျောင်းသားတွေ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ် ပျော်ပျော် ရွှင်ရွှင်နဲ့.. ပညာဆည်းပူးနိုင်ရမယ့်နေရာပဲ ဖြစ်ရမှာလေ..။

+++++

နောက်ပိုင်းကျတော့ "သီရိသူအချစ်ဆုံးမိန်းကလေးအတွက် ကိုယ်ရည်ရွယ်သီချင်းတပုဒ် ဆိုမယ်.." ဆိုတဲ့ မြိတ်သား အဆိုတော်အောင်နိုင်လည်း ကဗျာအုပ်ထဲရောက်လာ..။ ပြက်လုံးတွေ ပြက်တဲ့နေရာမှာ ကင်တီးမှာတင် ပွဲခွင်တခွင် ဖြစ်သွားစေတဲ့ လူရွှင်တော် ဖြတ်ထုံး(Law) ကလည်း ပြက်လုံးတင်ရတာမဟုတ် ကဗျာမှာလည်း နရီ(မြိတ်)ဆိုပြီး အပျံစား။ နောက် ကျမကြိုက်တဲ့ ကဗျာဆရာ ရဲနန္ဒာမိုးဆိုတာကလည်း ခုန လှိုင်နယ်မြေထွက် ကဗျာအုပ်ထဲက တယောက်ပေါ့။ သူကလည်း သိပ္ပံကျောင်းသားကနေ တောင်ငူကင်တီး လာ လာ ထိုင်။ နောက်တော့ မိုးမောင်မောင်... နွယ်သာကီ(မိုးခိုင်).. မင်းထက်ကိုကို.. မောင်သူ.. Hယင်းမာ၊ အက်စ်ခိုင်ငြိမ်း။ မိဆူးပွင့်။ နောက်တော့ မောင်နှမအရင်းလို ချစ်သွားရတဲ့ အံ့ဘွယ်ကျော် (စာရေးဆရာ မင်းကျော်ရဲ့သား.. မြန်မာစာကျောင်းသား..၊ ခုတော့ စစ်ဘီလူးတွေရဲ့ ထောင်ထဲမှာ ၃ခါပြန် ၀င်နေရပြန်ပါပြီ)။ သီချင်းရေးတဲ့ ညီညီသွင်..။ အဲ့ဒီအပြင် ခုထိ စာနယ်ဇင်းလောကထဲ မားမားမတ်မတ် ရပ်နေဆဲဖြစ်တဲ့ ကဗျာဆရာ မင်းထက်မောင်(သူက အဲဒီတုန်းကတည်းက စာနယ်ဇင်းကဗျာဆရာဖြစ်နေပြီ)..။ ပြီးတော့ အဲဒီတုန်းကတည်းက ဘာသာပြန်တွေ ကြိုးစားရေးနေပြီဖြစ်တဲ့ ဖေသက်နီ..။ တခါတလေ.. အဲဒီတုန်းက ဘဲဥလို့ခေါ်တဲ့ ကိုကျော်မြင့်လွင်(ထူးအိမ်သင်)။ သူတို့တွေလည်း အရှည်ကြီးဆိုင်မှာ ပျော်ဝင်ခဲ့ ကြဖူးပါတယ်။

ဘာရယ်မဟုတ် ရောက်တတ်ရာရာ ဖတ်ထားသမျှတွေ ပြောကြ ငြင်းကြ ဆွေးနွေးကြ..။ အဲဒီအချိန်တွေထဲမှာပဲ အင်းလျားကန်ပေါင်အောက် တံတားဖြူမှတ်တိုင်က ခရမ်းပြာ လက်ဘက်ရည်ဆိုင်လေးထိ.. ခြေဆန့်ဖြစ်ခဲ့ ကြတာပေါ့။ အဲဒီ လက်ဘက်ရည်ဆိုင်မှာ အကိုနှစ်ယောက်ရှိတဲ့ ဆယ်တန်းကျောင်းသူလေး ရီရီနဲ့ သူ့အချစ်ဆုံးသူငယ်ချင်း မိုးမိုးဆိုတဲ့ ကောင်မလေးနှစ်ယောက်က ချောချောလေးတွေ.. မျက်နှာချိုချိုလေးတွေနဲ့။ ကျမတို့က ရီရီ့ကို နာမည်ပေး ထားတယ်.. ချိုစိမ့်လို့။ (နောက်တော့ ကျမနဲ့ ညီအမတွေလို ချစ်သွားခဲ့ကြတာ... နှစ်ပေါင်းများစွာတိုင်..)။

သူ့အကို နှစ်ယောက်မရှိရင် ကျမတို့က "ရီရီ.. မိုးရဲရင် ဆောင်းရဲရမယ်.." လို့ ဆိုပြီး စကြတယ်။ အဲဒီတုန်းက ခရမ်းပြာမှာ မဇ္ဈိမလှိုင်းက ကိုရဲလွင်ကို တွေ့ရတတ်တယ်.. နောက် ကိုနေ၀င်း ကိုခင်ဝမ်း...။ ကျမကတော့ ဆိုင်ထဲမှာ သူတို့ရှိရင် ပျော်နေတာပဲ..။ တခါတုန်းမှာ ကိုခင်ဝမ်းက စားပွဲအစွန်းမှာ ဖန်ခွက်တခွက်ကို ကျလုကျခင် တင်ပြီး ငြိမ်ကြည့်နေတော့ ကျမက "အား...ကိုခင်ဝမ်း ဖန်ခွက်ကျတော့မယ်.."လို့ စိတ်ပူပြီးလှမ်းပြောမိတယ်။ အဲဒီမှာ ကိုခင်ဝမ်းက "ဟော.. တွေ့လား... ဖန်ခွက်ကလေးရဲ့ အော်သံကို မေငြိမ်းတယောက်ပဲ ကြားတယ်.. အဲဒါ Sense ပဲ " လို့ ပြောဖူးတာကို အမြဲ သတိရတယ်။

ခရမ်းပြာလက်ဘက်ရည်ဆိုင်လေးနဲ့ ပတ်သက်ပြီးး ကျမ ဘလော့မှာ တခါ ရေးခဲ့ဖူးပါတယ်။ ဆိုင်နံရံက သစ်သားချောင်းလေးတွေ ခပ်ကျဲကျဲကာထားတာမျိုးမို့လို့ အပြင်ကို ချောင်းကြည့် သလို မြင်နေရတာ..။ နောက် အင်းလျားကန်ပေါင်ရိုးကို လှမ်းမြင်နေရတာ..။ ချိန်းထားတဲ့ သူငယ်ချင်းတွေ ကန်ပေါင်လှေကားထစ်တွေကနေ ဆင်းလာကတည်းက မြင်နေရပြီ။ ပြီးတော့ အဲဒီဆိုင်လေးမှာက သီချင်းငြိမ့်ငြိမ့်လေးတွေပဲ ဖွင့်တာ များတယ် လေ..။ ခရမ်းပြာက တံတားဖြူမှတ်တိုင်နဲ့ကလည်း နီးနီးလေးမို့ ပြန်ဖို့လည်း အဆင်ပြေတယ်လေ..။ ခရမ်းပြာ မှာကတော့ ကဗျာမရေးဖြစ်။ (ဒါပေမဲ့ နောက်ပိုင်း ကျမ ၀တ္ထုရေးတော့ ခရမ်းပြာကနေ inspiration ရလာတဲ့ ဇာတ်လမ်းတွေ ရေးဖြစ်ခဲ့ပါတယ်)။

အဲလိုနဲ့ ကဗျာရပ်ဝန်းကြီးဖြစ်လာတော့ ကျမလည်း ကဗျာတွေတော်တော် ရေးဖြစ်လာတာပေါ့။ နောက်ပိုင်းကျတော့ ကဗျာစာအုပ်လေးတွေကို ၀ယ်ချင်စဖွယ်ဖြစ်အောင် လုပ်တာတို့ RC(အပန်းဖြေခန်းမ)မှာ တင်တာတို့ပါ လုပ်လာနိုင်ကြပါတယ်။ ကဗျာစာအုပ်မှာ တကယ့် ပန်းအစိုလေးတွေကို အရာထင်အောင် ကပ်တာတို့.. ဒီဇိုင်းလှလှလေး ဆွဲတာတို့ လုပ်ကြပါတယ်။

နောက်ထပ်သတိရစရာကတော့ အဲဒီတုန်းက ကျောင်းအပြန် အချိန်ရပြီဆိုရင် ကျမက တကူးတကပဲ.. မဂိုလမ်း (ရွှေဘုံသာလမ်း) အလယ်ဘလောက်မှာရှိတဲ့ လမင်းတရာစာအုပ်ဆိုင်ကို ၀င်ပြီး ဖတ်ချင်တဲ့ စာအုပ်တွေ ငှားရတယ်။ အဲဒီဆိုင်က ကိုအေးဝင်းက ခပ်အေးအေး..ပြီးတော့ စာဖတ်ချင်တဲ့သူကို သူစိတ်ချပြီဆိုရင် သူသိမ်းထားတဲ့ စာအုပ်တွေ ထုတ်ထုတ်ငှားတာ..။ မှတ်မှတ်ရရ.. ကြည်အေးဝတ္ထုတွေ.. ဒဂုန်တာရာ့စာတွေ.. စုံအောင်ဖတ်ရတာ သူ့ဆီက။ ရှုမ၀မဂ္ဂဇင်းတွေ အတွဲလိုက်ဖတ်ရတာလည်း သူ့ဆီက..။ နိုင်ငံရေးစာအုပ်တွေ ဖတ်ရတာလည်း သူ့ဆီက..။ သူပြောတဲ့ စာအုပ်အကြောင်းတွေ နားထောင်ပြီးမှ အောက်ဘလောက်မှာရှိတဲ့ ကျမရဲ့ အိမ်ကို ပြန်ဖြစ်တာ။ ကျမက ကျောင်းစာထက် အပြင်စာအုပ်တွေပဲ ဖတ်ချင်နေတဲ့အချိန်ဆိုတော့ လမင်းတရာနဲ့အကိုက်ပေါ့။

ကျမ ကဗျာစာအုပ်တွေထုတ်ဖြစ်တော့ ကိုအေးဝင်းကို ကြွားတာပေါ့။ မှတ်မိသေးတယ်။ ကိုအေးဝင်းက ကျမကို ကဗျာတွေ မဂ္ဂဇင်းတွေဆီကို ပို့ပါလားလို့ စပြီးပြောတဲ့သူ။ ဒါပေမဲ့ ကျမစိတ်ထဲတော့ မဂ္ဂဇင်းဆိုကြီးက ကိုယ်နဲ့ အလှမ်းဝေးလှတယ်ပဲ ထင်ပါတယ်။ တခါမှလည်း စိတ်မကူးဖူးဘူး။ ကိုအေးဝင်းကို "မဖြစ်ပါဘူးအကိုရာ.. ကြောက်ပါတယ်.." လို့ ပြန်ပြောခဲ့တာ..။ အဲဒီအချိန် ဂျူးတို့ မအိတို့လက်ရာတွေနဲ့ ကိုယ့်မတောက်တခေါက် ကဗျာတွေ ယှဉ်တွေးရင်ကို မဖြစ်နိုင်ပါဘူးလို့ပဲ တွေးမိတာလေ။ (ဒါပေမဲ့ အဲဒီအချိန်တုန်းက စိတ်ထဲမှာ နည်းနည်းတော့ အားရှိသွားတာ တကယ်ပါ.. ကိုအေးဝင်းလို စာဂျိုး(စာချိုး)ကြီးက ပြောတာဆိုတော့) ။ (ဒါကြောင့် တကယ် မဂ္ဂဇင်းတွေကို ပို့ဖို့ စိတ်ကူးကြည့်မိစေခဲ့တာ ကတော့ ကိုအေးဝင်းက စတယ်ဆိုပါတော့၊ နောက်အနားမှာရှိတဲ့ ကဗျာအတူရေးဖက် သူငယ်ချင်းတွေ အားပေးတာလည်း ပါတာပေါ့)။

တခါတလေမှာတော့ လူတွေ ကိုယ့်ဝန်းကျင်လေးကို စွဲလန်းတယ်ဆိုတဲ့ နေရာမှာ ကိုယ့်ဘ၀ကြောင်းနဲ့လည်း အများကြီး ဆက်စပ်နေမယ် ထင်ပါတယ်။

အဲလိုနဲ့ပဲ ၁၉၈၆ ရဲ့နွေဦးကို ရောက်လာတယ်။ မှတ်မှတ်ရရ နွေကျောင်းပိတ်ရက်(Mid term) နီးလာချိန် မတ်လထဲမှာပေါ့။ ထုံးစံအတိုင်း မနက်စောစော လက်ဘက်ရည်ဆိုင် ထိုင်နေတုန်း ... အဲဒီရက်တွေထဲ ကံ့ကော်တွေလည်း ပွင့်နေကြတုန်း... ကျမ ရည်းစားစကား အပြောခံ ရပါလေရော။ ဟို ခွကျကျကောင်လေး... ဆိုတာပေါ့။ ပန်းချီလည်း ဆွဲ.. ကဗျာလည်းရေး.. လူလေးက ဖြူဖြူပျော့ပျော့ မျက်မှန်လေးနဲ့၊ ကျမထက်လည်း ၁၁လ ငယ်သေးတယ်။ ပြီးတော့ အဲဒီကောင်လေးက အဖွဲ့ထဲမှာ ကျမနဲ့ စကားပြောမတည့်ဆုံး... ။ သူက မော်ဒန်.. ပို့စ်မော်ဒန်ကမှ တကယ်ကောင်းတဲ့ အနုပညာလို့ တရားလွန် ငြင်းတတ်သူ..။ သူက စာဖတ်ကလည်း နာတော့ ငြင်းပြီဆို အကိုးအကားနဲ့၊ ကပ်တီးကပ်ဖဲ့။ ကျမက စွာကလည်း စွာ.. ပြီးတော့ ကိုယ်ကြိုက်တဲ့အနုပညာဟာ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ အနုပညာလို့ သတ်မှတ်သူ။ ဆိုတော့ သူနဲ့ ထိပ်တိုက်တွေ့ရနေကျ..။ (အဲဒါကလည်း မြသီလာနဲ့ ကျမရဲ့ ဘ၀မှာတော့ အရေးပါတဲ့ ဇာတ်ကွက်တကွက် ဖြစ်ခဲ့ပါတယ်)။

တကယ်တမ်းမှာ အဲဒီအချိန်တုန်းက ကျမက ကဗျာနဲ့ ပတ်သက်ရင် မောင်လင်းရိပ်.. ဇေယျာလင်း.. စန်းဦး တို့ ပြီးရင် သူ့ကဗျာတွေကိုတော့ အကြိုက်ဆုံးလေ..။ သူရေးတာတွေက သူများနဲ့ မတူဘူး.. အတွေးက သစ်တယ်။ အများစုက အချစ်ကို ရိုးရိုးလေးရေးတဲ့အရွယ်မှာ သူက "မီးလျှံဖြူ" ဆိုပြီး အိပ်မက်ထဲကို ရောက် ရောက် လာတတ်တဲ့ နတ်သမီးတပါးကို စွဲလန်းမိတဲ့ အချစ်ကို ရေးတယ်.. အဲလိုမျိုး။ အဲဒီတုန်းက အသက် ၂၀အရွယ် ကောင်လေးတယောက် အနေနဲ့တော့ သူရေးတာလေးတွေကို တော်တော် ကောင်းတယ်လို့ ကျမ သတ်မှတ်ခဲ့ပါတယ်။ ကျမမှာ ရှိနေတဲ့ သူ့ကဗျာလေးနှစ်ပုဒ်ကို သူ စာစီခဲ့တဲ့အတိုင်း တင်ပေးလိုက်ပါတယ်။

မိုးတနေ့ရဲ့ မိုးပုံပြင်

မိုးစက်တွေ သစ်ရွက်ပေါ်ကျတော့
သစ်ရွက်တွေ မြူးတူးစွာ ကခုန်
လေပြေက အဲဒီပုံပြင်ကိုပြော
နေ့တကြောလုံး မဆုံးတော့ချေ။

တစက်ကျလာလိုက်..
ကကြိုးတခု ဖန်ဆင်းလိုက်
နောက်ထပ်တစက်ကျလာလိုက်
နောက်ထပ်ကကြိုးတခု ဖန်ဆင်းလိုက်...။

(ဟေ့ လေပြေလေညင်းရေ...

မင့်ပုံပြင်က မဆုံးသေးဘူးလား...)

အို... မဆုံးနိုင်ပါဘူး.....
မိုးစက်တွေအများကြီး
သစ်ရွက်တွေကလည်း အများကြီး...။

(ဟိန်းသစ်ရည်သိမ်း- ၁၉၈၅ )

နောက်တပုဒ်....

တမ်းတမိုး

လေအငြိမ်
လှုပ်တိမ်းယိမ်းမြက်တို့
ခေါင်းမတ်ထူမော့ချိန်မှာ

မိုးမည်းတို့ ကျလာပြန်ပေါ့။

ကလေးရေ...
ဆယ်စုနှစ်တစ်ခုရဲ့
ဝေးခဲ့... တေလေသာ
ငါ့စိတ်တွေသာ ရောက်ပြန်ပေါ့
သူ့ဆီ။

မိုးမပီတဲ့ မိုးကိုမုန်းတယ်။
သစ်ရွက်တွေကို ရင်ချင်းကပ်
သိတတ်သူတို့အပါးမှာ..။

မင်းဟာ
ငါပျောက်ဆုံးခဲ့တဲ့ ကဗျာ
မာရ်နတ်ခိုးယူသွားခဲ့
အရွယ်နဲ့အတူ။
ဘုရားသခင်သိမ်းယူသွားခဲ့
နာကျည်းမှုနဲ့အတူ။
ငလျင်တို့ထူပြောတဲ့
ဘ၀ထဲ
ခဏလေးပဲ အငြိမ်။

မင်းဖို့ အိမ်ကလေးဆောက်ခဲ့
ပြိုခဲ့ရှာ
စိမ်းသစ်စွာသော ခေါင်မိုးများ
နံရံများ၊ ကြမ်းခင်းများ
အရောင်မဲ့ သစ်ပင်တို့ကြားမှာ။

ပြာလွင်သောကောင်းကင်ကို ရှာခဲ့
ဟောဒီလို စိမ်းတဲ့ မိုးညမှာ
ခမျာ သူဟာ အရောင်ဆွံ့ရှာတယ်
တိတ်ဆိတ်ကြေကွဲစွာ
ထီးတည်း အခန်းငယ်မှာ တမ်းတ
နှစ်လည်ညမို့ မဟုတ်ပါ။

ဟောဒီမှာ.. မင်းနှုတ်ခမ်းက
မျိုးယူပျိုး၊ လှူတဲ့ပန်း..သစ္စာတွေ
မိုးရေထဲ
အအေးမိ၊ နာဖျား၊ တဆတ်ဆတ်တုန်
လမ်းအကြုံ
ငါမြတ်နိုးတဲ့အကြည့်တစုံ
မဆုံချင်လိုက်နဲ့ ကလေးရေ။

ဆယ်စုနှစ်တခုရဲ့
တခုသောဇူလိုင်ရဲ့ လွမ်းညမှာ
မိုးခါးများ သွန်းချပြန်ပြီ။

(ဟိန်းသစ်ရည်သိမ်း-၁၉၈၆)


Oct 22, 2008

မြသီလာအလွမ်းပြေ(၆)

အဲဒီ ၁၉၈၅ပညာသင်နှစ်အစမှာပဲ ကျမတို့ မေ့မေ့ပျောက်ပျောက်နေခဲ့တဲ့ အနာဟောင်း ကလေးက တက္ကသိုလ်ကျောင်းဝန်းကျင်ကို နည်းနည်း ပြန်လှုပ်ခတ်သွားစေခဲ့တာလည်း ဒီနေရာမှာတော့ ထည့်မပြောလို့ မရ။ ကျောင်းတွေပြန်ဖွင့်ပြီး သိပ်မကြာခင်မှာ ၁၉၈၃-၈၄အတွက် ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွေ ထွက်လာပါတယ်။ အဲဒီမဂ္ဂဇင်းက ကျမတို့ ကျောင်းသားတွေ ကြားထဲမှာ တော်တော် အလုပ်များ သွားစေခဲ့ပါတယ်။

ဟောဒီမှာ လက်သီးဆုပ်တွေ့လား.. သွေးတွေ စီးကျနေသလိုပဲ..တဲ့။ ဒီမှာက ဗိုလ်အောင်ကျော့် ဂူ..။ ကျောင်းသားတွေ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ၀ိုင်းထိုင်နေကြတာပေါ့။ ဒီမှာ ကျောင်းသားအလောင်းကို ထမ်းလာတာ။ ဆဲဗင်းဂျူလိုင်ပေါ့...။ ကောင်မလေးပုံကလည်း အမိန့်ပြန်တမ်း ဖတ်နေသလိုပဲ..။ ဘွဲ့ဝတ်စုံ ကလည်း သွေးတွေ စွန်းနေသလို...။ ဒါ... ငါတို့ အပြစ်မဲ့ ကျောင်းသားတွေကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ သမိုင်းပဲ..။ ပန်းချီဆရာက မောင်မြင့်ဌေး.. တဲ့။ လှိုင်က ကျောင်းသားပဲ.. တဲ့။ ရုတ်တရက်.. ကျမ ၀န်းကျင် တ၀ိုက်မှာ သွေးနွေးတဲ့ ကဗျာသမားတွေမို့ထင်ရဲ့.. အဲဒီ ကိစ္စက လေးနက်သွားတယ်။

ကျမက အချစ်တွေ အလွမ်းတွေ အပျော်တွေနဲ့သာ တက္ကသိုလ်ကို ခံစားနေခဲ့ချိန်... တက္ကသိုလ်ဆိုတာ အမှန်တရားအတွက် သွေးစွန်းခဲ့တဲ့နေရာတခု၊ ကျောင်းသားအခွင့်အရေး အတွက် တောင်းဆိုခဲ့ရတဲ့ နေရာတခု.. ကျောင်းသားတွေရဲ့ တာဝန်ဆိုတာထဲမှာ နိုင်ငံမှာ တရားမျှတမှုထွန်းကားရေးလည်းပါတယ်... ဆိုတာတွေကို ပြန်သတိရလာစေခဲ့တယ်။ နောက် အဖေပြောတဲ့ ဆဲဗင်းဂျူလိုင်..။ အဲ့ဒီအခါကျတော့ ငါ့ကို ဇန်န၀ါရီပြန်ပေး.. ဆိုတဲ့ ကဗျာစာအုပ်ခေါင်းစဉ်ကတောင် တကယ့် လွတ်လပ်ရေးအစစ်ကို ပြန်တောင်းလေ သလားလို့ စဉ်းစားမိလာစေခဲ့တယ်။

နောက်တော့ အဲဒီ မျက်နှာဖုံးရေးတဲ့ ပန်းချီဆရာလေး အဖမ်းခံရတယ်တဲ့..။ ကျမစိတ်ထဲ တော်တော် မကောင်း ဖြစ်သွားတယ်။ အဲဒီ မဂ္ဂဇင်းမျက်နှာဖုံးသရုပ်ဖော်ပုံက ဖမ်းရ ဆီးရ လောက်အောင် သက်သေ အထောက်အထားလည်း မခိုင်လုံ..။ ပြီးတော့ ဒါဟာ အနုပညာ လွတ်လပ်ခွင့်လည်း ဖြစ်သေးတယ်။ အဲဒီအချိန်မှာ ကျမ နည်းနည်း လေးနက်လာတယ်။ (ဒါပေမဲ့ နောက် ၁၀နှစ်အကြာမှာတော့ ထောင်က လွတ်လာတဲ့ အဲဒီ မောင်မြင့်ဌေးနဲ့ ခင်သွားပြီး သူ့ကို ကျမရဲ့ "အိပ်မက်တခုနဲ့ မျက်နှာချင်းဆိုင်" ဆိုတဲ့ RITနောက်ခံ လုံးချင်းဝတ္ထုအတွက် မျက်နှာဖုံးပန်းချီ အပ်ဖြစ်ခဲ့ပါတယ်။ အဲဒီမျက်နှာဖုံးကို ကျမ သိပ်ကြိုက်ပါ တယ်.. Scan ဖတ်ပြီး တင်ပေးချင်ပေမဲ့ အဲဒီစာအုပ် လောလောဆယ် လက်ထဲမှာ မရှိဖြစ်နေလို့)။ ဒါပေမဲ့ နောက်တော့လည်း လူငယ်သဘာဝအတိုင်း မေ့မေ့ပျောက်ပျောက် ပါပဲ..။

မေ့မေ့ပျောက်ပျောက်ဆို.. အဲဒီတုန်းက တက္ကသိုလ်ရဲ့ အချိန်တွေကလည်း ကျောင်းသူ ကျောင်းသားလူငယ် တွေကို ဖမ်းစားနိုင်နေသေးတာကိုး။ ဘာပဲဖြစ်ဖြစ်.. ကဗျာစာအုပ်လေးတွေ ထုတ်ခွင့်ရတယ်.. ပန်းချီပြပွဲလေး တွေ လုပ်ခွင့်ရတယ်... ကျောင်းထဲ လွတ်လွတ်လပ်လပ် သွားခွင့်ရတယ်။ အဆောင်ရှေ့မှာ ညည "အဆောင်သူ... အဆောင်သူ.. အလွမ်းပြေ.. ရောက်လာတယ်..." လို့ သွား သွားအော်လို့ရသေးတယ်။ မိုးချုပ်မှ အင်းလျားကန် ပေါင်ပေါ်ကနေ လမ်းလျှောက်ဆင်းပြီး ရိုးမရိပ်သာရှေ့မှာ ကိုတရုတ်ကြီးရဲ့ ၀က်သား တုတ်ထိုးကို ဇိမ်ဆွဲပြီး စားနိုင်ခဲ့သေးတယ်။ (အဲဒီအချိန်က ၀က်သားတုတ်ထိုး တချောင်း တမတ်)။ ပြောချင်တာက.. ကျောင်းအရိပ်မှာ အေးချမ်းနေခဲ့ပါသေးတယ်..ဆိုတာပါ..။

++++++++

၁၉၈၆ဆန်းစ.. ဇန်န၀ါရီလထဲလို့ ထင်တာပဲ.. မာလာမှတ်တိုင်နောက်က ယုဒသန်ခန်းမမှာ ကံ့ကော်ရွာအဖွဲ့ရဲ့ ပန်းချီပြပွဲရှိတယ်။ ထုံးစံအတိုင်း နေ့လယ် အတန်းအားချိန်... ပန်းချီပြပွဲ အပြေးအလွှား သွားကြည့်ရတယ်။ ပန်းချီဆရာတွေ တော်တော်များများပါတဲ့ ပွဲပဲ။ ပန်းချီကားတွေ လိုက်ကြည့်နေတုန်း .. မှတ်မှတ်ရရ ကျမ အဲဒီပွဲမှာ တော်တော် သဘောကျ တာက ညိုဝင်းမောင်ရဲ့ "ခင်ချိုအေး၏အိပ်မက်" ဆိုပြီး ၁..၂..၃.. တပ်ထားတဲ့ ဆာရီယယ် (Surrealism) ကားတွေ။ နောက် ကေမြိုးနဲ့ ဆရာကြီးမြင့်စော..။ နောက် ထုံးစံအတိုင်း ကိုမျိုးမြင့်.. မမွှေး.. ခင်မြဇင်... ခင်ဆွေဝင်း.. ၀င်းသိန်း.. တီးတို.. ကျမသိတဲ့ ပန်းချီဆရာတွေများပါတယ်။ (တချို့ ကျန်နေခဲ့ရင် ခွင့်လွှတ်ပါ)။ ပန်းချီကားတွေ ရပ်ကြည့်နေတုန်း "အမ.. ကဗျာစာအုပ် ၀ယ်ပါလား ဟင်" လို့ ကြားလိုက်တာနဲ့ လှည့်ကြည့်လိုက်တော့ ကောင်လေး လေးငါးယောက် တအုပ်စု..။ လက်ထဲမှာ ကဗျာစာအုပ်လေးတွေနဲ့။ ဘယ်လောက်လဲဆိုတော့ ၁ကျပ်တဲ့ (အဲဒီတုန်းက လက်ဘက်ရည်တခွက်လည်း တစ်ကျပ်)။ ကျမက ရယ်လိုက်ပြီး "အတော်ပဲ... တို့မှာလည်း ကဗျာစာအုပ် ရောင်းစရာရှိတယ်"လို့ ပြန်ပြောပြီး ကျမရဲ့ လွယ်အိတ်ကြီးထဲက ကဗျာစာအုပ်တွေကို ထုတ်လိုက်တော့ သူတို့ စိတ်ညစ်သွားတာပေါ့။ ကျမကို ရောင်းရင် တအုပ်တည်း ရောင်းရပြီး သူတို့က အနည်းဆုံးငါးအုပ်လောက် ပြန်ဝယ်ရမှာကိုး။

အဲဒီနေ့က ကျမတို့ ကဗျာစာအုပ်တအုပ်စီ အပြန်အလှန် လက်ဆောင်ပေးပြီး ကျမဆီက နောက်ထပ် ကဗျာစာအုပ်၃အုပ် သူတို့ ၀ယ်ပါတယ်။ (ဒါပေမဲ့ သူတို့က ဖိတ်တာနဲ့ သူတို့အဖွဲ့ထိုင်နေကျဆိုတဲ့ ယင်းမာမှာ လဘက်ရည်လိုက်သောက်တော့ ကျမပဲ ပိုက်ဆံရှင်းလိုက်ရတာ ပိုတောင်ကုန်သွားသေး)။ သူတို့က လှိုင်နယ်မြေက အောင်လာတဲ့ တတိယနှစ်ကျောင်းသားတွေ... တဲ့။ သူတို့ ကဗျာအုပ်က အတောင့်သား။ ၁၀ယောက်လောက် ရှိတယ်တဲ့။ (အဲဒီနေ့ကစပြီး အဲဒီအုပ်နဲ့ ကျမ အဖွဲ့ကျသွားလိုက်တာ နောက်ပိုင်းမှာ သူတို့နဲ့ ကဗျာစာအုပ်တွေအများကြီး ထုတ်ဖြစ်ခဲ့တဲ့ အထိပါပဲ။) သူတို့ ကဗျာစာအုပ်က ဒီဇိုင်းလှလှကလေး။

ကောင်လေး၅ယောက် အသီးသီး လက်မှတ်ထိုးကြတယ်။ အာကာ... သုထက်ကျော်.. ရွက်နုသစ်... ကိုချို.. ကိုဂျက်...နွယ်သာကီ.. အက်စ်ခိုင်ငြိမ်း၊ H ယင်းမာ.. ဟိန်းသစ်ရည်သိမ်း.. တဲ့။ ဟိန်းသစ်ရည်သိမ်း.. ဆိုတဲ့ကောင်လေး လက်မှတ်ထိုးတော့ ကျမက "မင်းနာမည်က ခေါ်ရ မှတ်ရ ခက်ပါ့.." လို့ ပြောတော့ သူက ကဗျာစာအုပ်ကို ပြင်ဆင်တဲ့ ဒီဇိုင်းနဲ့ ဖယောင်းလက်ရေး ရေးတာ သူပါဆိုပြီး လက်မှတ်ကို ပြတယ်။ (တကယ်တော့ သူက ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ သရုပ်ဖော် ပန်းချီတွေ ဆွဲနေတဲ့သူပါ)။ အဲဒီတော့မှ ပိုဆိုးတာပဲ.. ဗမာစာလို ပီပီသသ စာလုံးတွေပေမဲ့ ဖတ်မရ..။ ကျမက "ဟာ... ဘာကြီးလဲ..." လို့ တမင် ပြောတော့မှ.. "အမကလည်း မှန်ထောင်ဖတ်ပေါ့" ဆိုပြီး ရယ်နေတယ်။ လက်မှတ်ထိုးတာကိုက ပြောင်းပြန်ဇောက်ထိုး။ (အဲဒီ သူ့ရဲ့ လက်မှတ်ကို အဲဒီခေတ် တက္ကသိုလ်က တော်တော်များများ သိကြပါတယ်)။ (အဲဒီလို အတွေးကိုက ခွကျကျနိုင်တဲ့လူမျိုးကို ရည်းစားလုပ်ရမယ်.. အိမ်ထောင်ဖက်အဖြစ် ရွေးရမယ်လို့များ အဲဒီအချိန်လေးမှာ တယောက်ယောက်က နိမိတ်ဖတ်သလို လာပြောခဲ့ရင် ကျမ ရယ်မိခဲ့မှာ ထင်ပါရဲ့)။

အဲဒီနောက်မှာတော့ ဂုဏ်ထူးတန်းကျောင်းသူတယောက်အနေနဲ့ဆိုရင် ကျမ အတန်းလစ်တာက နည်းနည်း များလာပါတယ်။ လှိုင်နယ်မြေထဲက ဗကပကင်တီးမှာ သွား သွား ထိုင် ရတာကို သဘောကျလာတာလည်း ပါပါတယ်။ နောက်တကြောင်းက ကျမရဲ့ ကျောင်းစာတွေကို သိပ်မကြောက်တာလည်း ပါပါတယ်။ နောက်ထပ် အရေးပါတဲ့ တကြောင်းကတော့ ကျောင်းမှာ စာအုပ်စာတမ်း ၀ယ်ရတာတွေ များလာတော့ အမေက ပိုက်ဆံ မတတ်နိုင်တော့လို့ "သမီးရယ်... ဂုဏ်ထူးတန်းပြီးရင် အမေ့ကျောင်းမှာပဲ SAT (အထက်တန်းပြ) ၀င်လုပ်တော့ နော်.. အမေ မဟာဝိဇာတန်းထိ ဆက်ထားမနိုင်တော့ဘူး.. ပြီးရင် Thesis ကလည်း ပိုက်ဆံကုန်မှာ" တဲ့။ အဲဒီတုန်းက B.A(Hons) ဆိုရင် အထက်တန်းပြဆရာမ ဖြစ်ပြီလေ။ တကယ်လည်း ကျမတို့ အဖေက အရာရှိပေမဲ့ လူမှန်မို့ ကျမတို့မိသားစုက အင်မတန် ကျပ်တည်းတာလေ။ ဒါကြောင့် သေချာနေတာက ကျမ ဒီတနှစ်ပဲ ကျောင်းတက်နိုင်တော့မယ် ဆိုတာပါပဲ။ သိပ်ဝမ်းနည်းခဲ့ရပေမဲ့ ကိုယ့်အခြေအနေကို အသိဆုံးမို့ နေလို့ရတုန်း ကျောင်းမှာ တန်အောင်နေမယ်ဆိုတဲ့ ညစ်ကျယ်ကျယ် စိတ်နဲ့သာ ပျော်အောင် နေပစ်လိုက်တာ လည်း ပါခဲ့တာပေါ့လေ။

အဲဒီထဲမှာ အမြတ်ရတာကတော့ တကယ့် ဆရာသမားတွေ.. စာသမားပေသမားဆိုတဲ့သူတွေ.. အနုပညာ တကယ်ခုံမင်တဲ့သူတွေ.. ၀ါသနာတူသူငယ်ချင်းတွေကို အချိန်တိုလေးအတွင်းမှာ တွေ့ခွင့်ရလိုက်တာပါပဲ။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ထဲမှာ ကဗျာအသိုင်းအ၀ိုင်းကြီးက ကြီးလာလိုက်တာ.. တောင်ငူဆောင် ကင်တီးတ၀ိုက်ဟာ ကဗျာစာအုပ်တွေ ပလူပျံထွက်တဲ့ နေရာလို ဖြစ်နေခဲ့တာပါပဲ...။

ကိုဝသုန်..


သူ့ပန်းချီလက်ရာက သိပ်ကို ထူးထူးခြားခြားရှိတာပါ။ သူ့ကို ကျမစသိတာက ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ ရုပ်ပြ..။ တကယ့်ကို ရုပ်လုံးကြွနေတဲ့ အရုပ်တွေ..။ ခေတ်ကြီးတခေတ်ဆိုတာကို စိတ်ကူးယဉ်ချင်စရာ ကောင်းလိုက်တဲ့ အရုပ်တွေ..။ နောက် မဂ္ဂဇင်းသရုပ်ဖော်ပုံတွေဆို တကယ့်ကို စိတ်ပါလက်ပါ.. အနုစိတ်မှုန်းတတ်တာ။ ကျမ ၀တ္ထုတိုကို ကိုဝသုန့် Illustration နဲ့ မဂ္ဂဇင်းစာမျက်နှာတွေ ပေါ်မှာ ဆုံဖူးပါတယ်..။

(အဖေပေးခဲ့တဲ့အမွေဆိုတဲ့ ကျမရဲ့ ၀တ္ထုတိုလေးအတွက် ကိုဝသုန်ဆွဲပေးခဲ့တဲ့ Illustration ပါ)

ကျမက ကျမ၀တ္ထု မဂ္ဂဇင်းမှာ ပါပြီဆိုရင် Illustration ကို စိတ်ဝင်စားတတ်တာမို့ ကိုဝသုန့် Illustration နဲ့ဆိုရင် တသသနဲ့ သဘောကျနေ တော့တာပါပဲ။ ကိုဝသုန့် Illustration က ရတောင့်ရခဲ..။

ကိုဝသုန့် ပန်းချီလက်ရာတွေက ခမ်းနားတော့ အကြောင်းအရာလေးလေးနက်နက်တွေနဲ့မှ ပိုလိုက်ဖက်ပါတယ်။ ဒီတော့ နိုင်ဇော်တို့ ချစ်ဦးညိုတို့ရဲ့ ရေးဟန်တွေနဲ့ဆို အကိုက်ပေါ့။ ကျမတယောက်တည်းအနေနဲ့ကတော့ ကိုဝသုန့်လက်ရာတွေထဲမှာ ပါတိတ်ကားတွေကို အကြိုက်ဆုံး...။ ၁၉၈၅တ၀ိုက်ကစပြီး ကိုဝသုန် ပါတိတ်ပန်းချီ တွေ ရေးတော့ ပါတိတ်ပန်းချီထဲမှာ အနုစိတ်အရောင်လေးတွေ အရိပ်လေးတွေ အမှုန်အမွှားလေးတွေ ထည့်ရေးတာ... ကျမလို ပန်းချီနားမလည်တဲ့သူတောင် တော်တော် စိတ်ရှည်ရှည်နဲ့ ဖန်တီးထားမှန်းသိပါတယ်။

ကိုဝသုန်က စိတ်ကူးပေါက်ရင် ၀တ္ထုတိုလေးတွေလည်း ရေးသေးတာ..။ သူက စကားနည်းတော့ ကျမနဲ့ ခင်ခင်မင်မင် မရှိလိုက်ရပါဘူး။ ခုတော့ သူဆုံးပြီ..တဲ့။ ကျမတို့မှာ တန်ဖိုးရှိတဲ့ သက်ရှိ သက်မဲ့တွေကို အချိန်မတိုင်ခင် ဆုံးရှုံးရတာမျိုးတွေ သိပ်များနေပါ ပေါ့လား..။ ဒါပေမဲ့ ကျမ စဉ်းစားနေတာကတော့ ကိုဝသုန်တယောက် လောကငရဲကနေ ၀ဋ်ကျွတ်သွားတာပဲ... လို့။

အောက်တိုဘာ ၂၁ရက်မနက်ခင်းမှာ ဆုံးပါးသွားတဲ့ ကိုဝသုန်သို့....

နှမျောတသစွာ..
မေငြိမ်း

Oct 20, 2008

မြသီလာအလွမ်းပြေ(၅)

ကျမဘ၀မှာ နေရတာ အတန်ဆုံးကာလက အဲဒီ ၁၉၈၅-၈၆ တ၀ိုက် တက္ကသိုလ်ကျောင်းသူ ဘ၀ပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ မနက်ဆိုရင် အတန်းတွေက ၉နာရီမှာစပါတယ်။ အမှန်အတိုင်းဝန်ခံရရင် ကျမ အတန်းမတက်တာ များပါတယ်။ ကျမ စိတ်ဝင်စားတဲ့ အတန်းချိန်တွေကိုပဲ ရွေးတက်တာမို့ ကျမအများဆုံးရှိတာက အရှည်ကြီးလဘက်ရည်ဆိုင်ရဲ့ တောင်ပိန္နဲပင်တွေအောက်မှာပေါ့။ မနက် ၈နာရီဆိုရင် ကျမ ကျောင်းရောက်ပြီ။ တောင်ပိန္နဲပင်အောက် စားပွဲတခုမှာထိုင်ရင်း ရာမညဆောင်ဘက် လမ်းသွယ်လေးကနေ နေရောင်အောက်မှာ လျှောက်လာတဲ့သူတွေကို ကြည့်ရတာ ဘယ်တော့မှ ပျင်းစရာ မကောင်းဘူး။ ကျောင်းသူတွေက အလှအပ သေချာပြင်လို့။ ကျောင်းသားတွေကလည်း တက်ကြွလန်းဆန်းလို့။ အများစုကတော့ အတန်းမတက်ခင် ကင်တီးလာတာပဲပေါ့။

နောက်ထပ် စိတ်ကျေနပ်စရာတခုက တောင်ငူကင်တီးကိုမှ လာလာထိုင်တတ်တဲ့ ကဗျာဆရာတင်မိုး.. မောင်စွမ်းရည်.. ဒေါက်တာသန်းထွန်း... စာရေးဆရာငြိမ်းကျော်.. ဇော်ဇော်အောင်.. တက္ကသိုလ်မင်းမော်.. တက္ကသိုလ်ဝင်းမွန်တို့အနားမှာ ထိုင်ပြီးတော့ သူတို့ပြောတဲ့ စကားတွေကို တမေ့တမောနားထောင်ရတာက ကျမအတွက် သိပ်ကြီးမားတဲ့ တန်ဖိုးပေါ့။ ဆရာကြီးတွေ... သူငယ်ချင်းအချင်းချင်း ငြင်းကြ ခုန်ကြ စကြနောက်ကြ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ..။ အဲဒီဝိုင်းတွေမှာ ငေးမောရင်းကနေ ကျမ စာတွေပို ဖတ်ချင်လာတာ ပိုဖတ်ဖြစ်လာတာကြောင့် အဲဒီအချိန်တွေဟာလည်း တန်ဖိုးဖြတ်မရတဲ့ အချိန်တွေပေါ့။

နောက်ထပ် ကျမမှာ ကံကောင်းတာက တူတူကဗျာရေးဖက် သူငယ်ချင်းတွေ ကင်တီးထိုင်ဖက် ရှိနေတာပဲ။ သူ့အကြိုက် ကိုယ့်အကြိုက် အယူအဆတွေ ငြင်းကြခုန်ကြနဲ့ တကယ့်ကို ပျော်စရာ..။ အဲဒီတုန်းက ကျမသိပ်ကြိုက်တဲ့ ကဗျာဆရာက မောင်လင်းရိပ် (ညွှတ်ကွေးစဉ် ကျနော် ဆယ့်နှစ်စိတ်)။ (နောက် ၁၀နှစ်လောက်အကြာကျမှ ဆရာမောင်လင်းရိပ်ကို လေထန်ကုန်းမှာ ဆုံခွင့်ရတော့ ကျမက ဆရာ့ကို တွေ့တွေ့ချင်း "အမလေးဆရာရယ်.. ခုမှတွေ့ရတယ်.. ဆရာ့ကို ကျမသိပ်ကြိုက်တာ"လို့ ပြောတော့ အင်မတန်ရိုးတဲ့ဆရာက ရှက်အမ်းအမ်းကြီး ဖြစ်သွားတယ်.. ကျမဆိုတဲ့ကောင်က အဲလို)။ နောက် ကျမ ကြိုက်တာ ဇေယျာလင်း(အခု နာမည်ကြီး မော်ဒန်ကဗျာဆရာ)..။ အဲဒီတုန်းက ကျောင်းလောကမှာ ထုတ်တဲ့ ကဗျာစာအုပ်တွေထဲမှာ တကယ့်အဆင့်မီ ကဗျာတွေ.. ကဗျာဆရာတွေ အများကြီး ရှိခဲ့တာပေါ့။ မှတ်မှတ်ရရ ခင်မြဇင်... ခင်အောင်အေး... သြဂက်စ်လင်း... စန်းဦး.. တို့တွေလည်း လက်ရေးကဗျာ စာအုပ်ရေစီးကြောင်းထဲ ပါခဲ့ကြတာ။ နောက်.. မြန်မာစာအုပ်စုတွေ.. မောင်သာချို.. ဇောင်းထက်.. ယမုံ... နေစိမ့် .. ခင်လွန်းတို့အဖွဲ့က "ငါ့ကို ဇန်န၀ါရီပြန်ပေး..." လို့ ကဗျာစာအုပ်ကလေး ထုတ်ပြီး တောင်းနေချိန်ပေါ့။

အဲဒီအခါ ကဗျာတွေမတောက်တခေါက်ရေးနေတဲ့ ကျမရဲ့ အိပ်မက်ကလည်း အဲလို ကဗျာစာအုပ်တွေ ထုတ်ဖို့ပေါ့။ အမှန်အတိုင်းဝန်ခံရရင် ပထမဆုံးကဗျာစာအုပ်လေး(အာရုံရိပ်) ထုတ်တုန်းက တသသနဲ့ ပျော်ခဲ့ရတာ။ တူတူရေးဖက်တွေက တယောက်က မင်းသခင်.. တယောက်က ကိုတင်အေး... နောက်တယောက်က မောင်သံချောင်း။ ကျမ ကဗျာကတော့ ၃ပုဒ်ပါခဲ့တာ မှတ်မိတယ်။ အဲ့ဒီမှာ ပါတဲ့ ကဗျာတပုဒ်မှာ ကျမက

ဖြန့်ထားတဲ့ လက်ဖ၀ါး
ကမ်းထား ကိုကို..
ပြီးရင်
ဘ၀ဆိုတဲ့တလင်းကိုဖြတ်ဖို့
အချစ်ဆိုတဲ့ ဘိနပ်ကို စီးလို့
လျှောက်စို့..။

လို့ ရေးခဲ့တဲ့အတွက် မှတ်မှတ်ရရ (အဲဒီတုန်းက တက္ကသိုလ်ကဗျာလောကရဲ့ ဥသျှောင်ကြီး) ဇေယျာလင်းက "အချစ်ကို ဘိနပ်နဲ့ တင်စားတာ မကျေနပ်ဘူးကွာ"လို့ လာပြောခဲ့ပါတယ်။ (အဲလိုပြောပြီးနောက်မှာတော့ ကျမတို့ သိပ်ချစ်တဲ့ ကဗျာမောင်နှမတွေ ဖြစ်သွားခဲ့ကြပါတယ်။)

အဲဒီတုန်းက ဇေယျာလင်း တခုတ်တရ လာပြောတာဟာ ကျမအတွက်တော့ သိပ်ကျေနပ်စရာ ဝေဖန်ခံရမှု ပေါ့..။

နောက် ကဗျာတပုဒ်က "ပြည့်စုံခြင်း"... (နောက်ပိုင်း ပေဖူးလွှာမှာ ပါခဲ့တဲ့ ပထမဆုံး မဂ္ဂဇင်း ကဗျာ)

ပြည့်စုံခြင်း

သည်ဒေသ
မြနှင်းဝေေ၀
နေခြည်တပြောက်
နှင်းသောက်တဲ့ပန်းတွေ
လန်းစွင့်နေ။

သည်မြေ

စိုပြေမြက်ခင်း
ထင်းရှူးနံ့သင်းလို့
ချစ်ခြင်းနဲ့ခင်းတဲ့
တို့များရဲ့ဘ၀အိမ်။


သည်အိမ်တွင်း
ချစ်ခြင်းနဲ့သပ်လျှို
အပိုဂုဏ်မရှိစွာ…
အာလူးတအိတ်
ဆန်တအိတ်နဲ့
သိပ်သည်းတဲ့ရေ..

ချိုမြိန်သစ်သီး
မီးလင်းတဖိုနဲ့
လိုချင်ခြင်းတွေကင်းတယ်။
ပြီး…
ချစ်ဇနီးအလှ ၀မ်းဝဖို့

ကြိုးပမ်းရတဲ့ ချစ်သူ
သူနဲ့အတူ ကူညီရုန်းကန်
အားမာန်ဖြည့်တင်း
ပြိုင်ဘက်ကင်းစွာ

လိမ္မာတဲ့ အိမ်သူကျမ
သည်ဘ၀ထဲမှာ ရှိတယ်။

သည်ဘ၀.... လှပသာယာတယ်…။

အားလပ်တဲ့အခါ...
ကဗျာတွေစပ် စာတွေဖတ်နဲ့
သဘာဝမှာ မျက်နှာအပ်
စိတ်ဓါတ်ဟာ လတ်ဆတ်နေမယ်။

ညနေခင်း....
လေညင်းအလာ
ပြတင်းမှာ လက်တင်
ချစ်သူရဲ့ရင်ခွင် ခိုဝင်လို့
ချိုမြိန်တဲ့ ကဗျာ
သာယာစွာဆိုညည်းမယ်။


ချစ်သူ့ပခုံးဖျား
ခိုနားရင်းလည်း
အင်အားများစွာရလာမယ်။

အဲဒီအခါ
ကမ္ဘာဟာ ...
တို့များရဲ့
ရိုးသားတဲ့ ချစ်ခြင်းကို
နှစ်လိုခြင်းများစွာနဲ့
ကောင်းချီးသြဘာပေးလိမ့်မယ်…

ကဲကွယ်..။

နောက် ကဗျာတပုဒ်က "ငှက်ကလေးရေ"....။

ငှက်ကလေးရေ..
လွမ်းတေးဖွဲ့ဆို
အဖော်လိုလား
ပြောပြပါကွယ်
ငှက်ကလေးရယ်...
လို့ စတာ မှတ်မိတယ်။ နောက်အပိုဒ်တွေကျတော့ မမှတ်မိတော့ပြီ။ (အဲဒီကဗျာလည်း ပေဖူးလွှာမှာ ပါခဲ့တယ်)။

အဲဒီ ကဗျာစာအုပ်တွေ ထုတ်ချိန်မှာပဲ မေငြိမ်းဆိုတဲ့ နာမည်ကို ယူဖြစ်ခဲ့တာ။ ကိုယ့်နာမည်ရင်းက မာဆတ်ဆတ် နိုင်တာမို့ ကလောင်နာမည်မဆန်ဘူးလို့ ထင်နေချိန်.. ကျမရဲ့ ဆရာလိုဖြစ်နေတဲ့ အကို တယောက်က မေငြိမ်းဆိုတာလေး ရွေးပေးတော့ ပေါ့ပေါ့ပါးပါး အလွယ်တကူပဲ ကောင်းသားလို့ ရွေးခဲ့တာ.. ခုလောက်တွင်သွားမယ်တောင် မထင်ခဲ့။ နောက်တော့ ကဗျာစာအုပ်တွေ လိုက်ရောင်းရင်း.. တခါတလေ.. ကဗျာစာအုပ်တွေလှဲယ်ယူကြရင်း ကဗျာသူငယ်ချင်းတွေအများကြီး တိုးတိုးလာ..။ ဒီလိုနဲ့ တက္ကသိုလ်ထဲ ထွက်သမျှ ကဗျာစာအုပ်တွေထဲ ကျမ ၀င်ဝင်ပါဖြစ်ခဲ့တာ အများကြီး။ မနက်စောစော တောင်ပိန္နဲပင်အောက်မှာ ထိုင်ရင်း ရေးဖြစ်သမျှ ကဗျာတွေဟာ စာအုပ်တွေထဲ ပါသွားတာချည်း..။

အဲဒီအခါ ကဗျာအဖွဲ့တွေ.. အရှည်ကြီးတလှည့်.. ဂျပ်စင်ကင်တီးက ယင်းမာလက်ဘက်ရည်ဆိုင်မှာတလှည့်.. မာလာကင်တီးတ၀ိုက်မှာ တလှည့်.. အီကိုကင်တီးက ယမ်းဘီလူးမှာတလှည့် ထိုင်ကြ။ မေဂျာစွဲမရှိ.. အဆောင်စွဲမရှိ.. နယ်စည်းမခြား ကဗျာသမားတွေ စုမိလာ..။ အဲဒီမှာပဲ ကိုသူရ(ဇာဂနာ)တို့ ကိုအောင်ကျော်ဦး (ပိန်ပိန်)တို့ တက်တူ (ဆုံးရှာပြီ)တို့ စာရေးဆရာ ဇော်ဇင်တို့တွေကလည်း ဂျပ်စင်ကင်တီးက ယင်းမာ လဘက်ရည်ဆိုင်မှာ လာ လာ ထိုင်။ ကျမတို့ကဗျာအုပ်တွေနဲ့ ပေါင်းမိပြီး တ၀ါးဝါး တဟားဟား..။ ဇာဂနာ့ရဲ့ လက်တမ်း ပြက်လုံးတွေအောက်မှာ ဂျပ်စင်အောက်က ညနေတွေ ဘယ်လို စောင်းကုန်မှန်း မသိခဲ့ကြ။

(အဲဒီ ဂျပ်စင်ဘုရားကျောင်းနောက်ဘက်စကြံင်္လေးရဲ့ ဘယ်ဘက်ကို ချိုးလိုက်ရင် ယင်းမာလဘက်ရည်ဆိုင်လေးကို တန်းကနဲ ရောက်ပါတယ်)

ခက်တာက မိန်းကလေးက ရှားရှားပါးပါး ကျမတယောက်ပဲ ပါတာ။ ကံ့ကော်ရွာပန်းချီခန်းမှာ ၀င်းမော်ဟန်တို့ ကေမြိုးတို့ ကိုစန်းဦးတို့ မမွှေးတို့ ပန်းချီရေးနေကြတာကို သွားသွားငေးလည်း အဲဒီယောက်ျားတွေကြားထဲမှာ ကျမ တယောက်တည်း ကန့်လန့် ကန့်လန့်ပေါ့..။ ဂျပ်စင်ခန်းမမှာ ကံ့ကော်ရွာပန်းချီပြပွဲလုပ်လည်း ကျမက ထိပ်ဆုံးက။ အဲဒီကျမက မိန်းထဲ.. RIT ထဲ.. လှိုင်နယ်မြေထဲ.. ကဗျာစာအုပ်တွေ လိုက်ရောင်း..။ ဆံပင်ရှည်ရှည်နဲ့.. ဗမာအင်္ကျီ သေသေချာချာ သပ်သပ်ယပ်ယပ် ၀တ်ထားတတ်တဲ့ ဂုဏ်ထူးတန်းကျောင်းသူ မိန်းကလေးတယောက်က လွယ်အိတ်ကြီးလွယ်ပြီး ယောက်ျားလေးတွေနဲ့ ဟိုဟိုဒီဒီ လျှောက်သွားနေတာဟာ မသင့်တော်ဘူးလို့ ကျမ တခါမှ မတွေးမိခဲ့ဖူးပါ။ ကျမမိဘကလည်း အဲဒါ မသင့်တော်ဘူးလို့ တခါမှမပြောဖူးပါ။ (အဖေကဆို သဘောတောင် ကျနေတာ.. သူ့တုန်းကလည်း အဲလို ကဗျာစာအုပ်တွေ ထုတ်ခဲ့တာ.. ဆဲဗင်းဂျူလိုင် နောက်ပိုင်းမှာပေါ့လို့ တသသပြောသေးတာ.. အဲဒီအချိန်ထိတောင် သူ့ကဗျာ စာအုပ်လေးတွေ သိမ်းထားတုန်း)။ (ဒါပေမဲ့ အဲလို အနေအထိုင်မျိုးက မြန်မာစာဌာနအနေနဲ့တော့ ပြဿနာရှိခဲ့ပါတယ်.. နောက်ပိုင်းမှ ပြောပြပါဦးမယ်)။

အဲလိုနဲ့ ကဗျာစာအုပ်တွေ လည်ရောင်းရင်း.. ကဗျာအကြောင်းတွေနဲ့ ရန်ဖြစ်ရင်းကပဲ ကဗျာသမားတွေရဲ့ အချိတ်အဆက်နယ်ပယ်လေးက ကျယ်ပြန့်လာပါတယ်။ (ခု ဘလော့ဂါ ၀န်းကျင်လေးလိုပေါ့)။ ကျမအတွက် ကတော့ အဲဒီအချိန်ဟာ ဘ၀မှာ တော်တော် အဓိပ္ပါယ်ရှိတဲ့ အချိန်ကာလတခု ဖြစ်ခဲ့တာပါ။ အဲဒီ ကာလတွေထဲ မှာပဲ နောက်ထပ်ဘ၀လေးတခုစဖို့ အကြောင်းပါခဲ့တာလေ..။

Oct 16, 2008

အချစ်ဆိုတာ....

အချစ်ဆိုတာကို ခုလို အသက်၄၀တော်တော်ကျော်လာတဲ့အချိန်မှာ ပြန်ကြည့်တော့ တယောက်ကိုတယောက် သေသေချာချာ စိတ်ပါဝင်စားဖို့.. ကိုယ်ချင်းစာငဲ့ညှာဖို့.. စိတ်ရှည်သည်းခံဖို့ဆိုတာတွေအပေါ် အခြေခံမှ ဖြစ်မှာပါလားလို့ မြင်ပါတယ်။
ပြန်တွေးကြည့်တော့ စိတ်ကစားတတ်တဲ့ ဆယ်ကျော်သက်အရွယ်တုန်းက အချစ်လို့ ထင်တဲ့ ခံစားချက်တွေကို ဖယ်လိုက်ရင် အချစ်ကို သေသေချာချာစတွေ့တာ ၁၇နှစ်အရွယ်..။ အဲဒီလူကို စွဲစွဲလန်းလန်းဖြစ်ခဲ့တာ တော်တော် အံ့သြစရာကောင်းပါတယ်။ သူ့ကို ဘာကြောင့် စွဲစွဲလန်းလန်းချစ်မိတယ်မသိ။ သူဟာ တော်တော် စိတ်ပျက်စရာအကျင့်စရိုက်တွေလည်း ရှိသေးတယ်။ ပြီးတော့ သူက ကိုယ့်ကို ချစ်လား မချစ်လားလည်း ခုထိ မသိ။ (သူကတော့ ကိုယ်ချစ်မှန်းသိပါတယ်)။ သံယောဇဉ်တော့ ရှိပုံရသား။ အဲဒီလူကို ချစ်သူဖြစ်ခွင့်မရဘဲ ဆွေးဆွေးမြေ့မြေ့ ချစ်နေခဲ့တာ ၅နှစ်လောက် ကြာခဲ့တယ်။ အဲဒီ အချိန်တုန်းကတော့ အချစ်ဆိုတာက အံ့သြစရာကောင်းပြီး ကိုယ်က ချစ်နေရင်ပြီးတာပါပဲ...လို့ ရှိခဲ့တယ်ထင်တာပဲ။ ထူးခြားတာက သူ့ကို ပိုင်ချင်စိတ် မရှိခဲ့တာပဲ။ ဒါပေမဲ့ အဲဒါ အချစ်ဆိုတာတော့ သေချာခဲ့ပါတယ်။ နောက်တော့လည်း အချစ်ဆိုတာက မေ့ပျောက်သွားတတ်ပြန်ရော..။
နောက်တော့ နည်းနည်းရင့်ကျက်တဲ့ အသက်၂၀အရွယ်မှာ တကယ်ချစ်ပြီလို့ ထင်တဲ့သူ တွေ့ပြန်တယ်။ သူနဲ့ တဘ၀စာ အတူနေသွားရရင် ကောင်းမှာ...လို့ တွေးခဲ့မိတယ်။ 'ဘ၀မှာ အနုပညာသာ အခရာ..'လို့ ထင်နေခဲ့တဲ့အချိန်ပေါ့။ သူက အနုပညာအားကောင်းသူ။ ကျမအထင်ကြီးတဲ့အချက် သဘောကျတဲ့အချက် တော်တော်များများ ရှိသူ။ တော်တော်လည်း စွဲစွဲလန်းလန်း ရှိခဲ့သား။ တကယ်တော့ ချစ်သူတွေဘ၀အနေနဲ့တော့ ကျမကသာ ခပ်များများ မှားခဲ့သူ။ အနုပညာကို သူက ဘ၀အဖြစ် တောက်လျှောက် မမှားမယွင်း ရွေးချိန် ကျမကတော့ နောက်ပိုင်းမှာ အနုပညာထက် လက်တွေ့ဘ၀ လိုအပ်ချက် ဆိုတာတွေကို ဦးစားပေးခဲ့တယ်။ ကျမကသာ ပြောင်းလဲခဲ့သူ။ (ဒီလိုနဲ့ ကွဲလွဲခြင်းတွေ အများကြီးနောက်မှာ လမ်းခွဲကြတော့ ဓါးစာခံသားတယောက်သာ ကြေကွဲစရာ ကျန်ခဲ့တယ်)။ ဒီတော့လည်း တွေးမိပြန်တယ်.. အချစ်ဆိုတာက အဲလို ပျက်သုဉ်းသွားတတ်သလားပေါ့။
အဲဒီအခါကျတော့ အချစ်ဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရွေးချယ်စဉ်းစားလို့ မရဘူးလို့ မြင်လာပြန်ရော။ တကယ်တော့ အချစ်ဆိုတာက နူးညံ့သလောက် ဘ၀ဆိုတာကတော့ ကြမ်းတာကိုး။ (ဒေါ်)ခင်နှင်းယု ရေးဖူးတဲ့ "ချစ်သူကို လရောင်အောက်မှာ ရှာပြီး ဘ၀ဖော်ကို နေရောင်အောက်မှာ ရှာရတယ်"ဆိုတာကို သတိရနေခဲ့လျက်နဲ့ပေါ့..။
အသက်၃၀ကျတော့ ဘ၀က တော်တော်အနယ်ထိုင်ပြီ ထင်သား။ တော်တော် စုံတဲ့ နာနာကျင်ကျင် အတွေ့အကြုံတွေနဲ့ မိန်းမတယောက်ဟာ.. သူရပ်တည်ရာဝန်းကျင်အလိုက် ထိန်းသိမ်းရတဲ့အနေအထားနဲ့.. ဗမာ့လူအဖွဲ့အစည်းထဲမှာတော့ အင်မတန်ဒုက္ခများတဲ့ တခုလပ်ဆိုတဲ့ နာမကိုလည်း ယူထားရသေး။ အဲဒီအရွယ်မှာ အဟန့်အတားကြားက ဖြစ်နိုင်ချေလည်း အင်မတန်နည်းတဲ့ အချစ်ဆိုတာကို တွေ့နိုင်ပြန်ပါတယ်။ အရွယ်အရ တည်ငြိမ်မှု.. အတွေ့အကြုံတွေအရ ရင့်မာမှုတွေနဲ့ အဲဒီအချိန် စွန့်စား ရင်ဆိုင်ရတဲ့ အချစ်ကျတော့ လေးနက်ခိုင်မာမှု ပိုများနေသလားပဲ..။ ဒီလိုနဲ့ ... ခု အသက် ၄၀တော်တော် ကျော်လာတဲ့အခါကျတော့ ... အချစ်ဆိုတာက တယောက်ကိုတယောက် သေသေချာချာ စိတ်ပါဝင်စားဖို့.. ကိုယ်ချင်းစာငဲ့ညှာဖို့.. စိတ်ရှည်သည်းခံဖို့ဆိုတာတွေအပေါ် အခြေခံမှ ဖြစ်မှာပါလားလို့ မြင်လာတာပါပဲ။
တကယ်တမ်းဖြစ်နိုင်ရင်တော့..
ကျမဘ၀မှာ သူ့ကိုပဲ ချစ်ခဲ့.. သူ့ကိုပဲ လက်ထပ်ခဲ့.. သူနဲ့ပဲ တသက်လုံး အတူ လက်တွဲခဲ့... ဆိုတာမျိုးကို သိပ်လိုချင်တာပါပဲ။ (မတန်ခူးတို့လိုပေါ့)။ ဘယ်လောက် စိတ်ကြည်လင်လိုက်မလဲ..။ ဒါပေမဲ့ 'အချစ်'ဆိုတာ ကလည်း တခါတလေ ကုသိုလ်ကံနဲ့များ တွဲလာလေသလားပေါ့။
အချစ်ကို တွေ့ခဲ့ဖူးသမျှကတော့ အသက်အရွယ် အချိန်အပိုင်းအခြားကိုလိုက်ပြီး အနည်းနဲ့အများ ပူလောင်တာတော့ အမှန်ပါပဲ..။ အဲဒီပူလောင်မှုကိုပဲ တွန်းအားတခုလို သုံးနိုင်ဖို့တော့ လိုတယ်ထင်ရဲ့။ ဘာပဲဖြစ်ဖြစ်.. အချစ်နဲ့နေရတာဟာ ရှင်သန်မှုကို တွေ့ရတာတမျိုးပဲလို့တော့ ယုံတယ်။
(မတန်ခူးရေ.. Tag ထားတာလေး ရေးလိုက်ပီ)

Oct 11, 2008

မြသီလာအလွမ်းပြေ(၄)

ကျောင်းနဲ့ ပတ်သက်ရင် လွမ်းလို့ကောင်းတာလေးတွေကိုပဲ ရေးချင်ပါတယ်။ အထူးသဖြင့် ပုဂ္ဂိုလ်ရေးဆန်တဲ့ အာဃာတတွေ... ဒေါသသင့်စရာတွေကိုတော့ တမင်တကာကို ထားခဲ့ချင် ပါတယ်။ ဥပမာ.. ကျမနဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာတွေဆို သိတဲ့သူတွေ အများကြီး ရှိမှာပေါ့..။ ဒါပေမဲ့ အကျိုးမရှိဘဲ တစုံတယောက် ထိခိုက်နစ်နာသွားမယ့် ကိစ္စမျိုးတွေ မရေးချင်ပါဘူး။ ကျမက ချစ်စရာကောင်းတဲ့ လွမ်းခြင်းမျိုးကိုသာ ပြန်ပြီး တူးဆွချင်တာ။ ပြီးတော့ ယေဘုယျဆန်ဆန် အကျိုးရှိစေမယ့် အပျော်လေးတွေ အကောင်းလေးတွေ ချစ်စရာလေးတွေကိုသာ လှလှပပလေး မျှဝေချင်တာပါ။

တကယ်တော့ ကျောင်းနဲ့ ပတ်သက်လို့ ကျမရေးရင် ကျမရဲ့ လုံးချင်းဝတ္ထုတွေ ဖတ်ဖူးထားတဲ့ သူတွေအတွက်တော့ သိပီးသားတွေလို ဖြစ်နေလိမ့်မယ်ထင်ပါရဲ့။ ကျမ ၀တ္ထုတွေထဲ ကျောင်းအရိပ်တွေနဲ့ ကျမကြုံခဲ့ဖူးသမျှ ထည့်ထည့်ရေးနေကျလေ..။ ကျောင်းသူဘ၀မှာ အမှတ်မထင်လို့ ကြုံခဲ့ဖူးတာလေးတွေက စာရေးဆရာဘ၀မှာ စာတွေရေးတော့ အမှတ်ထင်ထင် ထည့်မိတာ။ တခါတလေ ပြုံးစရာလေးတွေပေါ့။ အဲဒီထဲမှာ အရိုးသားဆုံး ရေးခဲ့တာတော့ 'သီချင်းနှင်းဆီ' ပါပဲ..။ အဲဒီဝတ္ထုရေးတုန်းက အသက်ကလည်း ငယ်သေး.. ပြီးတော့ ပထမဆုံးလုံးချင်းလည်းဖြစ်တော့ ပင်ပန်းလိုက်တာ။ (နောက်ပိုင်း ပြန်ဖတ်ကြည့်တော့ အားနည်းချက်တွေ အပုံလိုက် တွေ့ရပါတယ်။ )

၈၈အပြီး ကျောင်းရက်ရှည် အပိတ်ထဲ ကျောင်းနဲ့ ကွဲနေရတဲ့ သူငယ်ချင်းတွေကို လွမ်းလွမ်းနဲ့ ရေးခဲ့တာပေါ့။ တကယ့် ကိုယ့်ရဲ့ တက္ကသိုလ်ကျောင်သူးဘ၀အတွေ့အကြုံလေးတွေ ပါတဲ့ ၀တ္ထုလည်းဖြစ်ခဲ့ပါတယ်။ အဲဒီ ၀တ္ထုလေး မြစ်ဖျားခံတာကိုက ကျောင်းသူဘ၀တုန်းက တကယ့် ခံစားချက်တွေကိုး။ ကျောင်းသူဘ၀မှာ ကျမ တမင် မေ့ထားခဲ့တဲ့ အဖြစ်ဆိုးတွေ အတွေ့အကြုံဆိုးတွေကတော့ ၀တ္ထုတွေမှာ မပါခဲ့ဘူးပေါ့လေ။

+++++

ကျမတို့ခေတ်က မြန်မာစာမေဂျာမှာ ဂုဏ်ထူးတန်းဝင်ဖို့ဆိုတာ တကယ့်ကို ဘုရားတခဲ့ရတဲ့ အခြေအနေပါ။ ဘယ်လောက်ကိုယ်က ဖြေနိုင်တယ်ထင်ပေမဲ့ ကိုယ့်အရေးအသားကို ဆရာတွေက တကယ်ကြိုက်ဦးမှလေ။ ပုံသေကားကျ ကျက်ရတာမျိုး မဟုတ်ဘဲ ကိုယ့်ဘာသာ စာပြင်ပြီးဖြေရတာမို့ အမှတ်ကိုလည်း ခန့်မှန်းမရ။ ကျမတသက်မှာတော့ အဲဒီ စတုတ္ထနှစ် စာမေးပွဲအတွက် ကြိုးစားရတာ နဲ့ စိတ်မောရတာက အပင်ပန်းဆုံးပါပဲ။ ဆယ်တန်းတုန်း ကတောင် အဲလောက်မပင်ပန်းခဲ့။ ဒါပေမဲ့ ပင်ပန်းရကျိုးနပ်တဲ့အခါကျတော့လည်း အရူးအမူး ပျော်ရတာပေါ့။

အောင်စာရင်းထွက်တဲ့နေ့က .. အဲဒီ အောင်စာရင်းကပ်တဲ့ ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ .. သူငယ်ချင်းတွေ ကျမနဲ့အတူ ဂုဏ်တူးတန်တက်ခွင့် မရကြတာကို စိတ်မကောင်းတဲ့ကြားကပဲ ကျမ ကျောင်းဆက်တက်ရမှာကို ၀မ်းသာလွန်းလို့ ကျမ ပြုံးနေရင်းကနေ တကယ် မျက်ရည်ကျခဲ့ပါတယ်။ ကျမကို ဂုဏ်ထူးတန်းအတွက် ရွေးချယ်ခဲ့တဲ့ ဆရာဆရာမတွေကိုလည်း လှမ်းပြီးကျေးဇူးတင်နေမိပါတယ်။ နောက်တော့ ကန်ပေါင်ပေါ်သွားပြီး အင်းလျားကို နေပူပူအောက်မှာပဲ ငြိမ်ငြိမ်လေး အကြာကြီး ထိုင်ကြည့်နေမိခဲ့ပါတယ်။ စိတ်ထဲမှာ 'စိတ်ချမ်းသာလိုက်တာ... စိတ်ချမ်းသာလိုက်တာ' လို့ ပြောနေမိတယ်။ (တကယ်ပါ.. ဖတ်ကောင်းအောင် ရေးနေတာမဟုတ်ပါ.. ကျမကိုက စိတ်ခံစားချက်နောက် လိုက်တတ်တာပါ)။

(အင်းလျား - အင်တာနက်ထဲက ယူတာပါ)

ပြီးတော့ ကျောင်းထဲ ပြန်ဝင်ပြီးတော့ သစ်ပုပ်ပင်ကြီးကို မော့ကြည့်ပြီး ကြည်နူးနေခဲ့ပါတယ်။ ငါ ဒီမှာ ဆက်နေရပြီ လို့လည်း တဖွဖွ တွေးနေမိပါတယ်။

(သစ်ပုပ်ပင်ကြီး - pti ဆီက ယူပါတယ်)

ညနေ အိမ်ပြန်ရောက်တဲ့အခါမှာတော့ ကျမ အင်မတန်ကြိုက်တဲ့ ဆရာအောင်ပြည့်ရဲ့ "နေရစ်တော့မြသီလာ" ကဗျာစာအုပ်ကို ပြန်ထုတ်ဖတ်တယ်။ ကျမ ချစ်တဲ့မြသီလာမှာ ဆက်နေခွင့်ရပြီ ဆိုတဲ့ အသိက စိတ်ချမ်းသာစရာ ကောင်းလိုက်တာ။ အဲဒီအပျော်နဲ့ပဲ ဂုဏ်ထူးတန်းဆက်တက်ဖို့ စောင့်နေရတဲ့ ကျောင်းပိတ်ရက်ထဲမှာ ကျမ ၀တ္ထုတိုတွေ စရေးကြည့်ဖြစ်ခဲ့တာပါ။ ရေးဖြစ်အောင်နှိုးဆွတဲ့ အကြောင်းရင်းတွေ ထဲမှာ စာရေးဆရာမ 'ကြည်အေး' 'ဂျူး'နဲ့ ကဗျာဆရာမ 'မအိ'တို့ရဲ့ စာတွေ ပါတာပေါ့။

+++++

၁၉၈၄မှာ 'ဂျူး' က ရှုမ၀မဂ္ဂဇင်းမှာ ကဗျာတွေ ၀တ္ထုတိုတွေ စရေးနေပြီ။ နောက် မအိ (အသံအက်သွားတဲ့ ခေါင်းလောင်းလေးကဗျာနဲ့ လူသိများ) ရဲ့ ၀တ္ထုတိုတွေက ကျမကို လွှမ်းမိုးတယ်။ ကြည်အေး ကတော့ အထူးသဖြင့်ပေါ့။ ကဗျာနဲ့ ၀တ္ထုက ဆက်စပ်နေမြဲမို့ ကျမ အလွယ်တကူပဲ ၀တ္ထုရေးဖြစ်သွားတယ်။ အဲဒီပထမဆုံးဝတ္ထု.. ကျမ ဘယ်ကိုမှမပို့ဘူး.. ဘာလို့ဆို .. 'ကြည်အေး'လိုလို.. 'ဂျူးး'လိုလို.. 'မအိ'လိုလို ဖြစ်နေလို့ ။ ဟုတ်သေးပါဘူးဆိုပြီး ပြန်ရေးတယ်.. မကြိုက်သေးဘူး။ အဲလိုနဲ့ တပုဒ်မှ သေချာမပြီးဘဲ ကျောင်းဖွင့်ရက်တွေ ပြန်ရောက်လာ ပါတယ်။

မှတ်မိနေပါသေးတယ်။ ကျောင်းပြန်ဖွင့်တဲ့ မနက်ကိုက ၁၉၈၄ရဲ့ နှင်းတွေဝေတဲ့ ဆောင်းဦး နိုဝင်ဘာမှာပါ။ ထုံးစံအတိုင်း အရှည်ကြီးလက်ဘက်ရည်ဆိုင်မှာ တယောက်တည်း ထိုင်နေတုန်း မြကျွန်းသာကံ့ကော်တောဆီကို စောစောလာနေကျ ဥသြတွန်သံ ကြားနေရပြီဆိုတာ မှတ်မိတယ်။ ကံကော်တွေတော့ မတွေ့သေး။

(ဟိုးတုန်းက မြကျွန်းသာ ကံ့ကော်တောအုပ်)

အဲဒီအချိန် ကျမနဲ့အတူ ရှိမနေနိုင်ကြတဲ့ သူငယ်ချင်းတွေကို လွမ်းတယ်။ ပြီးတော့ ဘ၀မှာ သေသေချာချာ ချစ်ခဲ့မိဖူးပြီး ဘယ်လိုမှ သက်ဆိုင်ခွင့် မရခဲ့ဖူးတဲ့ ချစ်ရသူတယောက် (အချစ်နှင့် နေထိုင်ခြင်းထဲက ဇာတ်လိုက်ပေါ့ :) )ကို လွမ်းနေမိတယ်။ ပြီးတော့ သူလည်း ဂုဏ်ထူးတန်းတက်ရမှာမို့ ပြန်တွေ့ကြရဦးမှာ ကိုလည်း တွေးပြီးတော့ ၀မ်းနည်းသလိုလို ဖြစ်နေသေး။ ဒါပေမဲ့ အဲဒီတခါ အလွမ်းမှာတော့ ခါတိုင်းလို ၀မ်းနည်း သိမ်ငယ်မှုတွေ ပါမနေခဲ့ဘူး။ ကျမစိတ်တွေ လန်းဆန်း အားရှိနေခဲ့တာ မှတ်မိပါတယ်။ (တကယ်တမ်းမှာလည်း အဲဒီ ဂုဏ်ထူးတန်းကျောင်းသူဘ၀ ၁၉၈၄-၈၅-၈၆ နှစ်များက ကျမဘ၀အတွက် အထင်ကရ အမှတ်တရတွေ အများကြီး ကြုံတွေ့ရတဲ့ စိတ်အားရှိစရာကာလတွေ ဖြစ်ခဲ့ပါတယ်)။

အမှန်အတိုင်း ၀န်ခံရရင်တော့ အဲဒီမနက်မှာ ကျမ စိတ်ကြီးဝင် ကျေနပ်နေခဲ့ပါတယ်။ အသက် ၂၁နှစ်အရွယ်မို့ သွေးကလည်း ကြွနေတယ်ထင်ပါ့။ အဲဒီတုန်းက ဂုဏ်ထူးတန်းကျောင်းသားက ၅၂ယောက်။ စတုတ္ထနှစ်တုန်းက စာအတူတူ ကျက်တဲ့အုပ်စုထဲက ကျမတယောက်ပဲ ဂုဏ်ထူးတန်းတက်ခွင့် မီတာကြောင့် ကျမတယောက်တည်း ဘာလုပ်ရမှန်းမသိသေးဘဲ သင်ရတော့မယ့် ဘာသာရပ်တွေကိုပဲ လောဘတကြီး စိတ်ဝင်စားနေမိတယ်။ န၀ဒေးရတု ပေါင်းချုပ်.. တဲ့။ (သေချာတယ် .. ဒီဘာသာရပ် ငါအမှတ်ကောင်းမယ်ပေါ့။) ကျမက နတ်သျှင်နောင်ထက် န၀ဒေးကို ကြိုက်တယ်။ ဦးယာ၏အဲချင်းများ..တဲ့။ (အမလေး.. သင်ချင်လှပြီပေါ့)။ ဦးယာကတော့ ခေတ်ဟောင်း 'ကြည်အေး' ပဲ။ သိပ်သစ်တာ သူ့အတွေးတွေက။ သူ့ရဲ့ မင်းနန်ပျို့မှာဆို 'ညီတော်မင်းနန်'က 'ဇနပဒကလျာဏီ'ကို ချစ်တဲ့အခန်းရေးတာ လှမှလှ။ ခေတ်သစ်စာပေ..တဲ့။ စာပေဝေဖန်ရေးတဲ့။ ရာမရကန်တဲ့။ အာသံနိုင်မော်ကွန်း.. (ဒါတော့ သိပ်မကြိုက်)။ ခေတ်ဝတ္ထုများ..တဲ့။ ခေတ်ကဗျာများ..တဲ့။ ဒီလိုနဲ့ ကျမက မြန်မာစာကို ကျောင်းစာလို့မထင်ဘဲ စိတ်ဝင်စားခဲ့တာ။ စာတွေကို ကျက်လိုက်ရတာလို့ကို မထင်။ ဒါကြောင့်ပဲ စာမေးပွဲရဲ့ ခြောက်လှန့်မှုကို မခံခဲ့ရတာထင်ပါရဲ့။

(နောင် ဆရာမ ဖြစ်လို့ ကိုယ့်အတန်းမှာ ကျောင်းသားတွေကို အဲဒီခံစားချက်ကို ပြန် ပြန် ပြောပြရင် သူတို့ ကောင်းကောင်း နားလည်ပုံမရ။ သူတို့အတွက်တော့ ကျောင်းစာက ခက်တာပါပဲ..တဲ့။ ဒါဖြင့် မြန်မာစာကို ဘာလို့ယူတာလဲမေးကြည့်တော့ ဒါပဲရတာကိုးတဲ့။ ကျမ ငိုချင်သလို ဖြစ်သွားခဲ့ဖူးပါတယ်။ နောက်ပိုင်းကာလ ဒီလို ကျောင်းသားတွေ အတွေ့များလာတော့ ကျမ အဲလို မမေးတော့ပါဘူး)

သင်မယ့်ဆရာတွေ နာမည်စာရင်းကြည့်တော့လည်း ကိုယ်တွေ့ချင်တဲ့ဆရာတွေ။ အထူးသဖြင့်တော့ စာရေးဆရာ ဇော်ဇော်အောင်တို့ တက္ကသိုလ်မင်းမော်တို့ တက္ကသိုလ်ဝင်းမွန်တို့ မောင်ခင်မင်(ဓနုဖြူ) တို့ပေါ့။ အတန်းတက်ရမယ့် အခန်းနံပါတ်ကြည့်တော့ T- 212 တဲ့။ ကျမရင်တွေ ခုန်လာတာမှ ငြိမ့်ငြိမ့်လေး။ ကျမ စတုတ္ထနှစ်တုန်းက တက်ခဲ့ရတဲ့အခန်းပဲလေ...။ ဒါဖြင့် ကျမထိုင်နေကျ နောက်ဆုံးခုံတန်းလေးရဲ့ ဘေးနံရံမှာ မနှစ်က ကျောင်းပိတ်ကာနီး ကျမ ရေးထားခဲ့တဲ့ "မြကျွန်းသာရေ... လွမ်းလို့ ကျန်ခဲ့မှာကိုလည်း အားနာပါတယ်လေ" ဆိုတဲ့ စာတန်းလေးမှ ရှိသေးရဲ့လား...။

(ဆက်ဦးမှာပါ...)