ကျမ ကြီးပြင်းခဲ့တဲ့ နေရာက ရန်ကုန်မြို့လယ်မှာ ရှိတဲ့
ကမ်းနားလမ်းပေါ်က လေးထပ်တိုက်ရဲ့ အပေါ် ဆုံးထပ်မှာ။ အိမ်ရှေ့ဝရံတာကနေ လှမ်းကြည့်ရင်
မျက်နှာချင်းဆိုင်က ဆိပ်ကမ်းဝင်းကို ကျော်ပြီး ရန်ကုန်မြစ်ပြင်နဲ့
ပင်လယ်ကူးသင်္ဘောတွေ မော်တော်လေးတွေကို လှမ်းမြင်ရတယ်။ အဲ့ဒီမြင်ကွင်းဟာ ကျမ
ညနေတိုင်း ငေးနေကျ.. ဘယ်တော့မှ မငြီးငွေ့နိုင်တဲ့
မြင်ကွင်းပေါ့။ နေဝင်ကာနီး တိမ်အရောင် တွေ အရိပ်ထင်နေတဲ့ မြစ်ရေပြင်ဟာ ခပ်ဝေးဝေးက
လှမ်းငေးရတဲ့ ပန်းချီကားပဲ။ မြစ်ရေပြင်ဟာ ရာသီတိုင်းမှာ လှတယ်လို့ ကျမ
ကောင်းကောင်းကြီး သိခဲ့တာပေါ့။
အဲဒီမြစ်ရေပြင်ဟာ ခပ်ငေးငေး လွမ်းစရာလည်း ကောင်းခဲ့တယ်။
ဒီဇင်ဘာတွေမှာ။ မနက်ခင်းဆို အဲ့ဒီမြစ်ပြင်ပေါ်မှာ အဖြူရောင်သိပ်သိပ်သည်းသည်း
ဇာပုဝါတစ်ပိုင်က လွင့်ပျံနေတတ်တာ..။ နေရောင် ပြိုးပြိုးပျပျ လင်းပျက်လာမှပဲ
အဲဒီပုဝါပါးပါးကြားက တိုးထွက်ပျံလာတဲ့ ဇင်ရော်တစ်သိုက်.. ဒါမှ
မဟုတ်.. ပျံလွှားတစ်အုပ်ကို ခပ်ဖျော့ဖျော့ မြင်ရမှ.. နှင်းဝေတဲ့ ဆောင်း ဆိုတာ ဒီဇင်ဘာ မှာ စတာပဲလို့ ခပ်တိုးတိုးလေး ချစ်ခဲ့ရတာ၊
ခုထိ သတိရပါတယ်။
+++++
“တကယ့်ကို ကြို တွေး တွေးမှ.. ပိုငေးငေးရတဲ့… အို.. ဟိုဝေးဝေးက
နှင်း.. နှင်းကလေး” ဆိုတဲ့
အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇောရဲ့ သီချင်းစာသားကို အဆိုတော်ခင်ညွန့်ရည် ရဲ့
အသံနဲ့ တွဲကြားတဲ့အခါမှာလည်း လွမ်းမိတာက ဒီဇင်ဘာကိုပါပဲ။ စိတ်ထဲမှာ
ဒီဇင်ဘာကိုယ်တိုင်ကိုက ကဗျာဆန်တယ်လို့ ခံစားရတာလည်း အမြဲပါပဲ။
တွေ့တွေ့ချင်း.. လွမ်းတဲ့ ဟေမာန်ရေ.. ကြည့်စမ်းပါ့.. နိဒါန်းအစ..
အေးမြခြင်းတွေ.. ။ အဲဒီ စာသား တစ်စ.. ကိုလည်း
ဒီဇင်ဘာမနက်ခင်းတွေမှာ မကြာမကြာ ရွတ်မိစမြဲ။ ဒီဇင်ဘာနဲ့ ပတ်သက်ရင် အမြဲတွဲလို့ ငြိနေကျက…
ကံ့ကော်တောရဲ့ ကျောင်းဖွင့်ရက် မနက်ခင်းတွေပဲပေါ့။ ဟိုတုန်းက
ဒီဇင်ဘာဆိုတာ.. တက္ကသိုလ်ကျောင်းတွေရဲ့ စာသင်နှစ်အသစ်
စဖွင့်တဲ့ ရက်ဦးတွေပေါ့။ ပိတ်ထားတဲ့ ကျောင်းတံခါးတွေ ပြန်အဖွင့် .. ခွဲခွာနေခဲ့ရတဲ့ ချစ်သူချင်းတွေ ပြန်အတွေ့..။
ဒီဇင်ဘာတွေဟာ ချိုမြိန်အေးမြလေ့ ရှိခဲ့တဲ့ နိမိတ်ပုံတစ်ခုလို့လည်း ဆိုနိုင်မှာပါ။
ဒါဟာလည်း စိတ်ကူးယဉ်သန်တဲ့ ကျမအတွက် ဒီဇင်ဘာကို ချစ်ရတဲ့အကြောင်းတစ်ခု
ဖြစ်လာရပြန်ပါတယ်။
+++++
ဒီဇင်ဘာမှာ လောကရဲ့ မြတ်နိုး အားကိုးရာ တစ်ပါးဖြစ်တဲ့
ယေရှုသခင်ကို ဖွားမြင်ခဲ့တယ်။ အဲဒီအခါ ဒီဇင်ဘာဟာ .. သခင်ယေရှုကို လွမ်းဆွတ်အမှတ်ရစရာ
ရာသီကာလလည်း ဖြစ်တယ်။ ဒီဇင်ဘာဟာ နှစ်တစ်နှစ်ကို နှုတ်ဆက်ပြီး နောက်နှစ်သစ်ကို
ကြိုကြမယ့်အချိန်မို့ လူတကာတို့ ပျော်စရာဖြစ်အောင် မွေ့လျော်နေထိုင်ကြတဲ့
ရာသီကာလလည်းဖြစ်တယ်။
ဒီဇင်ဘာဟာ.. ဟေမာန်ဆောင်းဦးကို တေးညည်းဆို ကြိုမယ့်
ငှက်ငယ်လေးရယ်.. ဘယ်ဌာနေမှာ မင်း အိပ်စက်နေနိုင်နေလဲကွယ်..
သင်ပြန်လာမယ့်လမ်းကြောင်းတလျှောက် အစဉ်ပဲ စောင့်မျှော်မိတယ်.. နေရာဟောင်းလေးမှာ ပြန်လည်ဆုံစည်းကြစို့ကွယ်.. လို့
ချစ်သူတွေ ဆိုညည်းလို့ ကောင်းတဲ့ အခါလည်း ဖြစ်တယ်။
ဒီဇင်ဘာ နံနက်ခင်း.. မင်း သတိရရင်.. အမှတ်တရ
နေရာဟောင်း ဆောင်းမကြွင်းခင် နွေဦး
မပြောင်းခင် တခေါက်အရောက်သာ လာစေ့ချင်..၊ ဒီဇင်ဘာ နံနက်ခင်း..
မင်း လွမ်းတတ်ရင်.. အမှတ်တရ နေရာဟောင်း ..
နှင်းမကွဲခင် အချိန်မနှောင်းသေးခင်.. တခေါက်အရောက်သာ
လာစေ့ချင် .. ဒီဇင်ဘာ နံနက်ခင်း.. ဆိုတဲ့
ဗစ်တာခင်ညိုရဲ့ သီချင်းကို နှင်းမြူတွေဝေနေတတ်တဲ့ ဘယ်နေရာမှာ မဆို ဆိုညည်းရင်း
ချစ်သူတစ်ယောက်ကို လွမ်းလို့ ကောင်းတဲ့ အချိန်ဟာလည်း ဒီဇင်ဘာပဲ မဟုတ် လား။
ဒီဇင်ဘာဆိုရင်.. မြူနှင်းတွေ ဝေမယ်.. သစ်ရွက်လေးတွေမှာ ငွေ့ရည်လေးတွေစိုစွတ်လို့။ နေခြည်တွေ က
တိမ်လွှာတွေကြားကနေ တိုးဆင်းပြီး ခပ်ပါးပါး ဖြာကျလို့။ မြက်ပင်ရှည်ဖျားတွေမှာလည်း
နှင်းရည် စက်လေးတွေ တွဲသီလို့ ရှိမယ်။ အေးမြစိုစွတ်တဲ့ရာသီမို့ ပန်းတွေကလည်း ဝေဆာ
ကြိုင်လှောက် နေအောင် ပွင့်ကြတာ။
++++++
စကားမစပ် … အဲဒီ ဒီဇင်ဘာမှာပဲ ကျမ ချစ်တဲ့
သူငယ်ချင်းလေးတစ်ယောက်ရဲ့ မွေးနေ့လည်း ရှိတယ်။ သူက ကျမ ထက် ၆လ ကျော်ကျော်လေးသာ
ငယ်ပေမဲ့ ကျမထက်အဆများစွာ ရင့်ကျက်တည်ငြိမ်သူ။ လောကကို ရင်ဆိုင်ရာမှာ ကျမထက်
အဆများစွာ ခိုင်မာ ရဲရင့်သူ။ ကျမ သူ့ထက်ကြီးပြီး သူနဲ့ ကျမ စရိုက်သဘာဝ
ကွဲပြားလှပေမဲ့ ကျမက သူ့ကို ချစ်ခင်လေးစားတာကိုဖြင့် သူတောင် သိချင်မှ သိမှာပါ။
ကျမကတော့ ကိုယ့်ရဲ့ ထွေပြားတတ်တဲ့ သဘာဝ နဲ့ စိတ်ကူးယဉ်ဆန်မှု.. ခံစားချက်နောက် လိုက် တတ် မှုတွေကို ကိုယ့်ဘာသာ သတိထားမိတိုင်း
ကိုယ့်ကိုယ့်ကို မချင့်မရဲဖြစ်တိုင်း အမှတ်မဲ့လိုလိုနဲ့ သူ့ကို သတိရ မိ တတ်တာလည်း
အံ့သြစရာပါ..။ ဘာလို့ဆို သူနဲ့ ကျမက အဲလောက်လည်း အနေ နီးကြသူ
တွေ မဟုတ် လို့ပါပဲ။ တခုတော့ ရှိတာပေါ့.. ကျမ ချစ်မြတ်နိုးရာ
မြန်မာစာပေ အရေးအရာမှာ သူက ပျော်ဝင် မွေ့လျော်ရုံမက ထူးချွန်တတ်ပွန်သူ.. ဒါကပဲ ကျမအတွက် အရေးပါမှုပါ။ ဒီလိုနဲ့ ကျမ သူ့ကို ကြည့်ကြည့်နေမိတတ်လာတာ။
အဲဒီအခါ ကျမက သူ့ကို ကြည့်တိုင်း ကိုယ့်ကိုယ်ကို တွေ့မိလာတော့တယ်။
သူ နဲ့ ကိုယ်..
ဆုံမှတ်တစ်ခုမှာ ရသစာပေ အကြိုက်တူတာကလွဲလို့ ကျန်တာ ဘာမှ မတူ။ သူရဲ့
တည်ကြည်အေးချမ်းမှု၊ ဖြူစင်ရဲရင့်မှု၊ နူးညံ့ထက်မြက်မှုတွေ.. ကိုယ်
သဘောကျခဲ့ရတာ။ သူတောင် သိမယ်မထင်။ ပညာပြည့်ဝ နှလုံးလှ.. ဆိုတဲ့
ဆောင်ပုဒ် ပါးလျားလာတဲ့ ဒီခေတ်မျိုးထဲ သူ့ကို ပြစရာ ရှိပေလို့ပဲလို့ ကျမ ခဏခဏ
သတိရတယ်။ တခါသားမှာ… ကျမရဲ့
အစ်မလိုပဲ ဖြစ်တဲ့ နာမည်ကြီး စာရေးဆရာမ တစ်ယောက်ကို ကျောင်းဝန်းကျင်
မြန်မာစာဝန်းကျင်ထဲ ခေါ်လည်တော့..
သူနဲ့မှ မိတ်ဆက်ပေးချင်လို့ လိုက်အရှာ..
ကံကောင်းပြီးတွေ့တော့ ဒါ ကျမရဲ့ စံပြလို့ ဂုဏ်လုပ် မိတ်ဆက် ပေးမိတယ်။
တော်ရုံကို ဂုဏ်မလုပ်တတ်တဲ့ ကျမအကြောင်း အဲဒီ အစ်မ စာရေးဆရာမက သိတော့ ကျမ
ဂုဏ်လုပ်တဲ့ သူ့ကို ပြုံးပြ နှုတ်ဆက်တာ လေးလေး နက်နက်မို့ ကျမ ကျေနပ်ခဲ့ရသေးတယ်။
တကယ်တော့ ကျမရဲ့ ပုံစံ စရိုက်သဘာဝဟာ သူနဲ့
အတော်ဆန့်ကျင်တဲ့အပြင် ကျမဆိုတဲ့ကောင်က အင်မတန် လူကြိုက်နည်းတဲ့ကောင်။ သူက
လူတိုင်းလိုလိုရဲ့ ချစ်ခင်လေးစားမှုကိုသာ ရသူ။ ဒါပေမဲ့ သူ့မျက်လုံးတွေဟာ ကျမအပေါ်
အမြဲ ဖြူစင်ခဲ့တာ.. တခါမှ
မပြောင်း လဲခဲ့ဖူး။
မဖြစ်စလောက် အရည် အချင်းအပေါ် ကျမ မာန်လုပ်မိတဲ့အခါ အရည်အချင်း
အရည်အသွေးအပြည့်နဲ့ပေမဲ့ ဘယ်တော့ မှ မာန်မတွေ့ရတဲ့ သူ့ကို သတိရယူပြီး
ကိုယ့်ကိုယ်ကို ဆုံးမခဲ့ရတဲ့ အချိန်တွေ ရှိခဲ့။ သူဟာ အောင်မြင်တဲ့
လှေကားထစ်တစ်ထစ်ဆီ ထပ်တက်တိုင်း လူအယောက်စီရဲ့ လှိုက်လှဲတဲ့ ဂုဏ်ပြုခြင်းကို
ခံယူရသူ။ တကယ် ထိုက်တန်တဲ့ အမွန်အမြတ်…
+++++
ကျမတို့ တက္ကသိုလ်ဆရာမ အလုပ် စာမေးပွဲ ဖြေထားပြီးချိန်.. တမနက်… ဆရာမ
အောင်စာရင်းတွေ ထွက်ပြီ တဲ့။ သူငယ်ချင်းတွေ သွားကြည့်ကြမလို့တဲ့။ ကျမက
တောင်ငူကင်တင်းမှာ ရည်းစားနဲ့ထိုင်ရင်း အောင်စာရင်းကို စိတ်မဝင်စား။ ကျမ နဲ့
ဆိုင်တယ်လို့ကို မထင်..
ကျမက ဒီလို နေရာမျိုးတွေမှာ လူညံ့ လို့ပဲ ကိုယ့်ကိုယ်ကို သတ်မှတ်ထားခဲ့တာ။
အဲဒီအချိန်.. ကျမ
ဆရာမအောင်စာရင်းမှာ ပါကြောင်း တကယ် ဝမ်းသာတဲ့ မျက်လုံးနဲ့ ကျမကို ပထမဆုံး
သတင်းလာပေးတာလည်း သူပါ။ သူပြောတာမို့ ဒါ နောက်တာ မဟုတ်မှန်း သေချာတာမို့.. ကျမ
သူ့လက်ကို ဆွဲပြီး… ဟယ်.. တကယ် ..၊ ဟယ်.. တကယ် .. လို့ပဲ ထပ်ခါ ထပ်ခါပြောမိတယ်။ သူက ပြုံးလို့.. တကယ်ပေါ့
ခက်ရဲ့ တဲ့။ သူဟာ .. ကျမလို
ငဆိုး ကို အမြဲ နားလည်သလို နွေးထွေးခဲ့သူ..
ကျမ ဝတ္ထုတွေ မဂ္ဂဇင်းတွေထဲ တွေ့တိုင်း ..
ကျမ လုံးချင်းဝတ္ထုတွေ ထွက်တိုင်း ကြုံကြိုက်တဲ့အခါ အလေးတယူ အသိအမှတ်ပြု စကား
တခုတ်တရ ပြောတတ်သူ။ သူရဲ့ ထူးခြားချက်တစ်ခုက ကိုယ်တိုင် အနေအထိုင် အေးသလောက်
လူတွေကို အလေးထားပြီး နွေးနွေးထွေးထွေး ဆက်ဆံ တတ်မှုလို့ ထင်ပါတယ်။
ကျမ အဝေးကြီးကို ထွက်လာခဲ့ချိန်.. အများကြီး
အများကြီး ပြန်လွမ်းစရာတွေကြားက..
တချို့ တချို့ တွေ ကိုတော့ အကြောင်းအမျိုးမျိုးနဲ့ လွမ်းတဲ့အခါ
ကဗျာတစ်ပုဒ်ရေးမိတယ်..
အဖြေမရှိတဲ့
မေးခွန်းတွေထဲ…
အရောင်မရှိတဲ့ အရိပ်တွေထဲ…
ရနံ့မရှိတဲ့ ပန်းတောထဲ…
ဆိုက်ချိန်မသိတဲ့ ရထားထဲ…
တ၀ဲဝဲလည် နှစ်များစွာ…။
ဘာကိုများ အလိုရှိပါသလဲ..
ဒါမှမဟုတ်
ဘာကိုများအလိုရှိရမှာပါလဲ..။
ဖြူစင်သော ချစ်ခြင်းများ..
လောဘမဲ့ တပ်ငြိခြင်းများ…
ငယ်စဉ်ဘ၀က မေတ္တာတရားများ…
အစွန်းအထင်းမဲ့ စွဲလမ်းခြင်းများကိုသာ
အဖန်ဖန် ပြန်လွမ်းဆွတ်ရဲ့..။
ဆောင်းသီတာ ရေ..
ဘွယ်ကြီးရေ…
နန္ဒာချောဝဏ္ဏ ရေ.. မိုးကြီး ရေ…
နီလာလေး ရေ… မမသင်း ရေ.. မ၀တီ ရေ..
ကွေးကြီး ရေ.. ကိုလွင် ရေ..
အောင်ကျော်မိုး ရေ.. မောင်အံ့ ရေ..
ငထက် ရေ… ကျော်စိုး ရေ…
လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ
ခုနေ တခေါက်လောက် ပြန်ဆုံရရင်..
တော်တော် နေသာမယ်ထင်ရဲ့။
ကြာခြဲ့ပီကော…
လူမသိ သူမသိနဲ့
ဆွေးရိပုပ်အဲ့အဲ့ လွင်ပြင်ထဲ…
ဘယ်ရင်ခွင်မှာမှ မပျော်ပိုက်နိုင်သူလေ။
အရောင်မရှိတဲ့ အရိပ်တွေထဲ…
ရနံ့မရှိတဲ့ ပန်းတောထဲ…
ဆိုက်ချိန်မသိတဲ့ ရထားထဲ…
တ၀ဲဝဲလည် နှစ်များစွာ…။
ဘာကိုများ အလိုရှိပါသလဲ..
ဒါမှမဟုတ်
ဘာကိုများအလိုရှိရမှာပါလဲ..။
ဖြူစင်သော ချစ်ခြင်းများ..
လောဘမဲ့ တပ်ငြိခြင်းများ…
ငယ်စဉ်ဘ၀က မေတ္တာတရားများ…
အစွန်းအထင်းမဲ့ စွဲလမ်းခြင်းများကိုသာ
အဖန်ဖန် ပြန်လွမ်းဆွတ်ရဲ့..။
ဆောင်းသီတာ ရေ..
ဘွယ်ကြီးရေ…
နန္ဒာချောဝဏ္ဏ ရေ.. မိုးကြီး ရေ…
နီလာလေး ရေ… မမသင်း ရေ.. မ၀တီ ရေ..
ကွေးကြီး ရေ.. ကိုလွင် ရေ..
အောင်ကျော်မိုး ရေ.. မောင်အံ့ ရေ..
ငထက် ရေ… ကျော်စိုး ရေ…
လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ
ခုနေ တခေါက်လောက် ပြန်ဆုံရရင်..
တော်တော် နေသာမယ်ထင်ရဲ့။
ကြာခြဲ့ပီကော…
လူမသိ သူမသိနဲ့
ဆွေးရိပုပ်အဲ့အဲ့ လွင်ပြင်ထဲ…
ဘယ်ရင်ခွင်မှာမှ မပျော်ပိုက်နိုင်သူလေ။
အဲဒီ
အလွမ်းထဲမှာ.. သူ လည်း
ပါခဲ့ရတာပေါ့။ ကိုယ့်ရေမြေနဲ့ အဝေးကြီးမှာ ဖြူစင်တဲ့ လောဘ ဒေါသ မောဟမဲ့ ဖြူစင်တဲ့
ချစ်ခြင်းဆိုတာကို သတိရတဲ့အခါတိုင်း ကျမအပေါ် ဖြူစင်နွေးထွေးတယ်လို့ ခံစား ရတဲ့
သူငယ်ချင်းတွေကို လွမ်းတတ်တယ်။ အဲဒီအထဲ ရှေးမြန်မာစာပေတွေ ကဗျာတွေ ပြန်ဖတ် မိ ရင်တော့
နီလာလေးရယ်.. လွမ်းလိုက်တာလို့ အသံထွက် ညည်းမိလောက်အောင်တောင် သူ့ကို
လွမ်းခဲ့ရဖူးပါတယ်။ အဲဒါတွေ သူ့ကို ပြောပြရင် သူထုံးစံအတိုင်း လှိုက်လှိုက်လှဲလှဲ
ပြုံးပြီး ကျေးဇူး တင်ပါတယ်တော်.. လို့ ပြောမှာ ထင်ပါရဲ့။
ဒီဇင်ဘာ ၂၅ မှာ လာခြင်းကောင်းတဲ့ အရှင်တပါး မွေးဖွား ခဲ့တယ်။
ဒီဇင်ဘာ ၂၅ မှာပဲ လောက အတွက် သိပ္ပံပညာနဲ့ အကျိုးပြုခဲ့သူ ရူပဗေဒပညာရှင် “နယူတန်”
… ကို မွေးခဲ့တယ်။ ဒီဇင်ဘာ ၂၅ မှာ မွေးခဲ့တဲ့ ကျမ သူငယ်ချင်းလေးဟာလည်း
မြန်မာစာဘာသာရပ် ဆိုတဲ့ အရေးပါတဲ့ နယ်ပယ်တစ်ခု အတွက် လာခြင်းကောင်းတဲ့
အမွန်အမြတ်တွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။ မြန်မာစာကိုမှ ကြိုက်လို့
သေသေချာချာကြီးကို ရွေးချယ်ပြီး အဓိက ဘာသာအဖြစ်ယူခဲ့ကြတာမှာ ကျမ နဲ့ သူ
ထပ်တူကျခဲ့ကြ ပေမဲ့ ကျမက သူ့လို မြန်မာစာကို သေတပန်သက်တဆုံး လုပ်ကျွေးပြုစု
မတတ်နိုင်ခဲ့။ သူ နဲ့ ကျမ စာပေဘာသာရပ်မှာ ထူးချွန်ခဲ့ကြတာ တူပေမဲ့ ကျမက သူ့လို
ဘာသာရပ်အပေါ် စေတနာ့တာဝန် မကျေပြွန်ခဲ့။ ဒီလိုနဲ့.. ကျမက
အဝေးကြီးမှာ ။
နီလာလေး.. နီလာလေး.. ပါရဂူဖြစ်သွားပြီ.. တွဲဘက်
ပါမောက္ခ ဖြစ်သွား ပြီ.. ပါမောက္ခဖြစ်သွားပြီ ဆိုတဲ့
ကောင်းသတင်းတွေဟာ ပန်းရနံ့လေးလို ကျမဆီ မွှေးပျံ့လာမြဲ..။
သေချာတာပေါ့.. ဒီလို ဂုဏ်သရေဟာ သူ့အတွက် သေသေချာချာကို
ရောက်လာရမှာပဲပေါ့။ နောက်တော့ အုပ်ချုပ်ရေးပိုင်းမှာ ရာထူးမြင့်မြင့်ကြီးတစ်ခု
တဲ့။ ဒုတိယပါမောက္ခချုပ် ဆိုတဲ့ ရာထူးဟာ မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေး
လောကအစဉ်အလာထဲမှာ အမျိုးသမီး တွေရဖို့ အင်မတန် အခွင့်အလမ်း ပါးရှားခဲ့ဖူးတဲ့
ရာထူး။ ခုတော့ နီလာလေး ဒီရာထူး ဆွတ်ခူးရသတဲ့။ နီလာလေးကို မြန်မာစာ သင်ကြား ရေးထဲ
ရှိစေချင်သေးတာလို့.. ကျမ နှမျောတမ်းတ .. လှမ်းပြောမိသေး။ ဒါပေမဲ့ မြန်မာစာအဆင့်ကို အမျိုးမျိုး နိမ့်ကျစေနေတဲ့
ဒီနေ့လို ခေတ်အခါမှာ မြန်မာစာရဲ့ ဂုဏ်ကျက်သရေကို တိုးမြှင့်နိုင်မယ့် အရေးပါတဲ့
တစ်နေရာမှာ သူ ရှိနေဖို့ကလည်း ပိုအရေးကြီးတာပဲလို့ သူ့စကားတွေထဲမှာ ကျမ
သဘောတွေ့ခဲ့ ရ ပါတယ်။ ဒီတော့ သူဟာ ကျမတို့ မြန်မာစာ ဘာသာရပ်ရဲ့ ထင်ရှားတဲ့
မှတ်တိုင် တစ်တိုင်လည်း ဖြစ်လာရတာပေါ့။ အဲဒီအခါ ဒီဇင်ဘာဟာ ကျမ ချစ်သော နီလာလေးရဲ့
မွေးနေ့ရှိလို့မို့ ရယ်လို့လည်း ချစ်စရာ တမျိုး တိုးပြန်ပါတယ်။
+++++
ဒီဇင်ဘာဟာ
နှစ်တစ်နှစ်.. ကောင်းခဲ့ပါစေ.. ဆိုးခဲ့ပါစေ.. ထားခဲ့ရတော့မယ့် နှုတ်ဆက်ကာလ။ နောက်နှစ်အသစ်တစ်ခုအတွက်
ကောင်းစေချင်စိတ်စောတွေနဲ့ အားမာန်တွေ မွေးရင်း ရှေ့ကို မျှော်ကြည့်ရတဲ့ ကာလ။
ဒီဇင်ဘာဟာ မျှော်လင့်ချက်ပန်းတွေ ဝေဆာပွင့်လန်းလို့ အေးမြခြင်း
နိမိတ်ကောင်းရယ်လို့ ခံစားကြတဲ့ကာလ။ အဆိုးတွေကို ထားခဲ့ဖို့ ကြိုးစားရုန်းကန်ရင်း
အတတ်နိုင်ဆုံး ပြုံးထားကြရတဲ့ကာလ။ ဒီလိုနဲ့ မကြာခင်ဆို ဒီဇင်ဘာတော့မယ်…။ ဒီဇင်ဘာဆိုရင်လေ……..
မေငြိမ်း