Dec 30, 2011

၂၀၁၁ ရှင်းတမ်း/၂၁၁၂ ကြို...

၂၀၁၁ ထဲ အသက် ၄၆ နှစ်ပြည့်ခဲ့။
လူ့သက်တမ်းရဲ့ တ၀က်ကို တော်တော်ကျော်လာခဲ့ပြီပဲ...

၂၀၁၁ အကုန်မှာ တနှစ်စာပြန်လှည့်ကြည့်တော့ သာယာကျေနပ်စရာ နေ့ရက်တွေ များများ..
စိတ်ပေကျံညစ်ညူးစရာ နည်းနည်းပဲ ရှိခဲ့တာ တွေ့ရ...
အကြမ်းဖျင်းဆိုရင် တော်တော် ချိုမြိန်တဲ့ ကာလပါပဲ...

၂၀၁၁ ထဲ.. ကောင်းတာတွေ အတော်များများ လုပ်နိုင်ခဲ့.. လုပ်ဖြစ်ခဲ့...
ဆင်းရဲတဲ့ကြားကပဲ နိုင်သလောက် ကူခဲ့.. လှူခဲ့...
ပင်ပန်းတဲ့ကြားကပဲ အတန်းနှစ်တန်း ပြီးအောင် တက်နိုင်ခဲ့..
အချိန်မရှိတဲ့ကြားကပဲ မြန်မာစာကျောင်း သပြေညိုပင်လေးကို ကူညီစိုက်ပျိုးပေးနိုင်ခဲ့။
ကိုယ့်တိုင်းပြည်မှာ ကိုယ့်စာတွေနဲ့ ကိုယ့်နာမည်လေး ပြန်ပါလာတာကတော့ စိတ်အချမ်းသာဆုံး ပီတိပေါ့။

၂၀၁၁ မှာပဲ...
သမီးလေး Elementary Graduation မှာ Obama Award ရတယ်... Honor Student ရတယ်...
သားကြီး ကောလိပ်မှာ ရတောင့်ရခဲ Art ဘာသာတွေမှာ Grade A တွေရတယ်။
သားငယ်လေးလည်း မဆိုးလှ...(မိဘက သူတို့ကျောင်းစာကို သေသေချာချာ ကူနိုင်တာမဟုတ်)။အဲလောက်ဆို ရပြီ..

၂၀၁၁ထဲမှာပဲ...
မုန်းတဲ့ကြားကပဲ ရန်သူတချို့ကို ပြုံးပြနိုင်ခဲ့...
နာတဲ့ကြားကပဲ စော်ကားသူတချို့ကို တိတ်ဆိတ်တုံ့ပြန်နိုင်ခဲ့...
ငါသည် နာကျင်သောကိုယ် ရှိသူဖြစ်လျက် နာကျင်သောစိတ်ကင်းသူဖြစ်လတ္တံ့ ဆိုတဲ့ ဓမ္မပဒကို
ကြည်ညိုနေတဲ့ကြားကပဲ.. စိတ်နာတတ်ခြင်းတွေထဲလည်း မြိန်ရေရှက်ရေ ရှိဆဲ...
ပစ်ပယ်သင့်သူတွေကိုတော့ ကျောခိုင်းနိုင်ခဲ့...
ဥပက္ခာဆိုတာကို တစိတ်တဒေသ ကျင့်နိုင်ခဲ့။

၂၀၁၁ အထိ... တသက်စာမှာ
အဖေပြောခဲ့သလို ကံ၅ပါးထဲက အရေးကြီးဆုံး
သူတပါးထိခိုက်ပျက်စီးအောင် လိမ်ညာခြင်းနဲ့ သူတပါး ပစ္စည်း (သူများမသဒ္ဓါတဲ့ ပစ္စည်း အပါအ၀င်).. ခိုးယူခြင်း..
လုံးဝ (လုံးဝ) ကင်းနေဆဲ...(ကိုယ့်မှာ ချမ်းသာတာ.. ဒါပဲ ရှိတာလေ..)

အဲ.. ၂၀၁၁ အထိ....
တသက်လုံး မမှန်မတရားတာ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးဆိုတာကို ဂုဏ်လုပ်ပြီး..
မာန်တက် လူပါးဝတတ်တဲ့ အကျင့်ကလည်း ရှိနေဆဲ...။ 
မှန်တယ်ထင်တာကို လူအမြင်ကပ်ခံ ပြောတတ်တဲ့အကျင့်လည်း ရှိဆဲ...
မမှန်မတရားတဲ့သူတွေကို ပြောင်ကျကျ ရင်ဆိုင်ဖို့လည်း စိတ်သန်ဆဲ...
ကိုယ့်ရဲ့ မတရားခဲ့တဲ့ အမှားကို တွေ့ရင် ပြောကြစမ်းလို့လည်း သမိုင်းကို စိန်ခေါ်နေတတ်ဆဲ... (ခက်ပါသေးရဲ့)

အပျင်းကြီးတာတော့ နည်းနည်းလျော့သွား...
လောဘတော့ ကြီးမလာသေး...
ဒေါသ နည်းနည်း ကြီးဆဲ.. မောဟ တော်တော်များဆဲ...

၂၀၁၁ ကို အချုပ်ဆိုရသော်..
အချိုများများ အခါးနည်းနည်း....
အအေးများများ အပူနည်းနည်း...
မိသားစုဆိုတဲ့ စကားလုံးထဲ ပိုမွေ့လျော်လာတဲ့ ကာလအပိုင်းအခြား...
ခုလိုတော့လည်း ဘ၀က နေပျော်စရာပါလားလို့ ခဏခဏ ရွတ်နိုင်ခဲ့တဲ့ တနှစ်တာ....
အဲဒီအခါ..
ပင်ပန်းဆင်းရဲမှုတွေကိုလည်း ပိုပြီး စိန်ခေါ်ရဲလာပါတယ်..

+++++

၂၀၁၂ မှာ...
ကမ္ဘာ ပျက်မယ်ဆိုရင်လည်း ရထားတွဲ ၅တွဲစလုံး သေချာချိတ်မိနေမှဖြစ်မှာလို့ပဲ တွေးထားတယ်။
၂၀၁၂ မှာ မြသီလာအလွမ်းပြေကို နည်းနည်းပါးပါး တည်းဖြတ်မွမ်းမံပြီး လုံးချင်းပြန်ထုတ်နိုင်အောင် လုပ်ရမယ်..
၂၀၁၂ ထဲမှာ.. အနည်းဆုံး တလ တပုဒ် ၀တ္ထုတိုတွေ မဂ္ဂဇင်းစေ့ ပါအောင် ပြန်ရေးနိုင်ဖို့ အချိန်အရ ပေးရမယ်..
၂၀၁၂ မှာ.... ဆက်ပြီး အကုသိုလ်နည်းနည်း ကုသိုလ်များများနဲ့ နေနိုင်သွားချင်ပါတယ်..
၂၀၁၂ မှာ စီးပွားပျက်ကပ် နဲ့ မိုးပြိုကြတဲ့ ဒဏ် .. ကိုယ့်သားသမီးတွေ ခံရမှာ ပူတယ်..
၂၀၁၂ မှာ ….. ထမင်းနပ်မှန်.. စာမှန်မှန်ရေးနိုင်.. မီးရထားတွဲကြီး ခုလိုပဲ တူတူခုတ်မောင်း...
သားသမီးတွေ.. အေးအေးလူလူ ပညာသင်နိုင်...။ အဲလောက်ဆိုရပြီ...

ဒါ့ထက်ပိုဆိုရင်တော့ ၂၀၁၂ မှာ မြန်ပြည်သာယာအေးချမ်းစေချင်တာကိုပဲ
ပြောစရာ ရှိတော့တာပေါ့လေ...

၃၀ ဒီဇင်ဘာ ၂၀၁၁။

Dec 15, 2011

လွမ်းစိမ့်.....


အဲဒီနေ့က......
စဉ့်အုတ်ကွက်ရွှေညိုရောင်နံရံတွေကြားထဲ ပြန်ရောက်သွားတာပေါ့။ လှေကားလေးတွေကို နံရံထဲမှာ ကပ်မြှုပ်လို့..။ အဲဒီအဆောက်အဦးတွေကိုက ရင်ခုန်ကြည်နူးစရာကောင်းတာလေ..။ အဲဒီ လှေကားရင်းကော်ရစ်ဒါတွေမှာ ချစ်သူကျောင်းသူလေးတွေကို စောင့်နေတဲ့ ကျောင်းသားလေးတွေ ရှိတတ်တယ်..။ လှေကားတွေပေါ်ကနေ စကားတပြောပြောနဲ့ ရယ်မောဆင်းလာကြတဲ့ ဆရာဆရာမတွေ ရှိမယ်....။ အဲဒီလှေကားလေးတွေ.. ကော်ရစ်ဒါတွေပေါ်မှာပဲ ချစ်စကားတွေ လိုက်ပြောခဲ့ကြ... လက်ကမ်းကဗျာစာအုပ်တွေ လိုက်ရောင်းခဲ့ကြ... လက်ကမ်းလှုံ့ဆော်စာတွေ ဖြန့်ခဲ့ကြ... အကြောင်းမျိုးစုံနဲ့ ငိုခဲ့ကြ.. ရယ်ခဲ့ကြ.. ပျော်ခဲ့ကြ...

ပြီးတော့ စားသောက်တန်းမှာဆို ခိုင်ထူးတို့ စိုင်းထီးဆိုင်တို့ ခင်မောင်တိုးတို့ သီချင်းတွေနဲ့ လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ သီချင်းသစ်လေးတွေ ပျံ့လွင့်နေလိမ့်မယ်...။ စားသောက်ဆိုင်လေးတွေမှာ ရှက်စနိုးနဲ့ ပြုံးနေကြ... စိတ်ကောက်ရန်ဖြစ်နေကြ.. ခုမှ ချစ်စကားပြောနေ ကြတဲ့ ချစ်သူစုံတွဲတွေ.. တရုန်းရုန်းနဲ့ ကဗျာစာအုပ်လုပ်နေကြတဲ့ သူငယ်ချင်းအုပ်စုတွေ...။ အချိန်လုပြီး မုန့်စားကြရင်း ဟိုငေးဒီငေးလုပ်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ... ရှိမယ်။

အားလုံးဟာ ရသကိုးပါးကို ခံစားရသလို ခံစားလို့ မြိန်ခဲ့ကြ...။ ဒါပေမဲ့ အဲဒီ စဉ့်အုတ်ရွှေညိုရောင်ကျောင်းကလေးပေါ်မှာ စစ်ဝတ်စုံတွေတော့ မလွှမ်းမိုးဖူးခဲ့ဘူး..။ ယုံလား..
အဲဒါ RC 2 လို့ခေါ်တဲ့ လှိုင်နယ်မြေကောလိပ်လေးပေါ့။
အဲဒီကျောင်းလေးကို ကျောင်းသူဘ၀နဲ့ အလည်အပတ်သွားနေခဲ့တာ ထည့်မပြောဘဲ ဆရာမပေါက်စဘ၀နဲ့ နေခဲ့သမျှ ၁၀နှစ်တာကာလမှာတောင် ဘယ်လောက် ချစ်ခဲ့.. စွဲလန်းခဲ့သလဲဆို... ခုပြန်တွေးသတိရတော့ လွမ်းရတဲ့ စိတ်က တစိမ့်စိမ့်....

+++++++++

တိုင်လုံးဖြူဖြူကြီးတွေကို ဖြတ်ပြီး နေ့တိုင်းသွားနေကျ... ။ တခါမျှ မော့မကြည့်မိတဲ့နေ့ရယ်လို့မရှိ။ အဲဒီတိုင်ကြီးတွေကို ကြည့်တိုင်း စိတ်ထဲ အားရှိတာ။ တကယ်တော့ ဒီဝင်းက ကိုယ်နဲ့ တိုက်ရိုက် ပတ်သက်တာတော့လည်း မဟုတ်...။ ကံကောင်းလို့ ချစ်စရာစွယ်တော်ရိပ်မှာ နေခွင့်ရခဲ့တာ။ ဒီမှာလည်း ၁၀နှစ်ပဲ..။ ၁၀နှစ်လုံးလုံးမှာ... တိုင်လုံးကြီးတွေကို ချစ်ခဲ့သလို နံဘေးက စွယ်တော်ပင်ပုလေးတွေကို လည်း ချစ်ခဲ့။ ဗိသုကာဌာနဆီဆင်းမယ့် ပေါင်းမိုးလှေကားလေးကိုလည်းချစ်ခဲ့။

ဂျီဟောရှေ့က ဖြတ်လျှောက်တိုင်း စာရေးဆရာမ မစန္ဒာရဲ့ ဂျီဟောသူကို သတိမရမိတဲ့နေ့ မရှိ။ ကိုယ်တိုင် ဂျီဟောကို ကြည့်ပြီး တူနှစ်ကိုယ် ဆိုတဲ့ ၀တ္ထုတိုတပုဒ်ရေးခဲ့ဖူးတာလည်း သတိရပါ့။ မှောင်အုံ့အုံ့ သီရေတာတွေနား သရဲကြောက်လို့ ဖြတ်မလျှောက်ရဲခဲ့တာလည်း ခုကျတော့ လွမ်းစရာ။ ကင်တီးကိုတော့ သတိမရချင်ဆုံးပါပဲ။ အိမ်မှာ ပျင်းတိုင်း ကင်တီးဘက်ဆီလျှောက် နွေးအေး.. မေတ္တာပေါင်းကူး.. မော်လမြိုင်ဆိုင်။ မိန်းကလေးနည်းနည်း ယောက်ျားလေးများများကျောင်းဆိုပေမဲ့ ကင်တီးလို တကယ့် စည်ပေ့ ဆူပေ့ဆိုတဲ့နေရာကနေ အကြိမ်များစွာ ဖြတ်လျှောက်ခဲ့ဖူးသမျှ တခါမှ ကာယိနြေ္ဒမဲ့အောင် အစအနောက်ခံရတာမျိုး မရှိဖူးခဲ့တာမျိုးက ရှားရှားပါးပါးပါ။ တခါမျှလည်း ကင်တီး အစအဆုံး ဖြောင့်အောင် မလျှောက်ခဲ့ရဖူးတာလည်း မှတ်မှတ်ရရ.. ။ တဆိုင်ဆိုင်ထဲကနေ လှမ်းခေါ်တဲ့ သူငယ်ချင်းတွေ.. အကိုလို မောင်လို မိတ်ဆွေတွေနဲ့ ကြုံသလိုဝင်ထိုင် လေပစ်ရင်း ပျော်ပျော်ကြီး ခရီးဖင့်နေကျ..။ ကွေး.. ကိုလွင်.. ဇာတာကြီး.. မောင်အံ့.. ချိုတူးဇော်.. ဗလ.. ပုတ်သင်ချို... …..
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့အချိန်တွေ....

+++++

ဟော.. ဒီနေရာလေးမှာပေါ့.. လူအုံအုံ အုံအုံ နဲ့ Cartoon Box လေး ရှိခဲ့တာ... ဟော.. သြဘာလမ်းရော ဘယ်နားမှာလဲ.. နောက်တော့ Lover's Lane... ။ အစားထိုးမရနိုင်တဲ့ နေရာတွေ...။ ဘယ်မှာလဲ...။ ပြီးတော့ ၈၈ မတ်လရဲ့ ညတုန်းက ကြယ်တပွင့်ကြွေခဲ့ရာ ပင်မရင်ပြင်ကြီး...။ ဆင်းရဲသားဂိတ်နားက အထိမ်းအမှတ်နေရာလေး..။ အဲဒါလေးတွေပဲ ပြန်မြင်ချင်ပါသေးတယ်..။ အဲဒီနေရာလေးတွေကို စိတ်မှန်းနဲ့ပဲ လွမ်း....

တကယ်ဆို အဲဒီ နေရာတွေမှာပဲ .. အဲဒီ အမိစက်မှုတက္ကသိုလ်ရင်ခွင်မှာပဲ ၈၈နောက်ပိုင်း ကျောင်းသားတွေရဲ့ ဘ၀တွေ အသစ်တဖန် ပြောင်းပြန် စခဲ့ကြရတာ..။ ဒါကြောင့်ပဲ ထင်ပါရဲ့ .. ခုချိန်ထိ.. အဲဒီကျောင်းတော်ကြီးခမျာ မေ့လျော့ ပျောက်ပျက်အောင်.. ဖျောက်ဖျက်ဖို့ အမျိုးမျိုး ကြိုးစားလုပ်ကြံခံခဲ့ ရတာ...။ ခုချိန်ထိ......

++++++

လွမ်းစိမ့်..တဲ့။
စက်မှုတက္ကသိုလ်.. တဲ့။
RC 2 တဲ့။ ဒါရိုက်တာချိုတူးဇော်က ပြောပါတယ်..
ဟင့်အင်း..
ကျမသိပါတယ်....
ဒါရိုက်တာ ပြောလို့သာ ကျမတို့ ကြံဖန်ပြီး RC 2 လိုက်ရ.. RIT လိုက်ရပေမဲ့..
ကျမရင်ထဲ တကယ်ရောက်ရောက်သွားတာက တချိန်တုန်းက ပုံရိပ်ဟောင်းတွေ..
ဒါရိုက်တာ ကြိုးစားတုပြထားရှာတဲ့ RC2 နဲ့ နွေးအေးတွေ.. မေတ္တာပေါင်းကူးတွေ..ထွန်းနွားနို့ဆိုင်
ပုံရိပ်တွေက ကျမကို အလွမ်းမပြေစေခဲ့ပါ...
ဒီရုပ်ရှင်ကို ကြည့်ရင်း ဂျပ်ဆင်ထိပ်က လရိပ်ပြာကိုလည်း ကျမ သတိရနေသေးတာပါ...
အနှစ် ၂၀စာအလွမ်းတွေ....
ခုဆို ၂၃နှစ်စာ....
ကျမတို့အနားက ပျောက်သွားတဲ့ RC 2 လို.. Main လို.. RIT လိုပါပဲ...
ကျမတို့ရဲ့ သူငယ်ချင်းတွေ... တောတွေ တောင်တွေထဲ...။ ထောင်တွေ တန်းတွေထဲ...။ နာနာကျင်ကျင် ကြေကြေကွဲကွဲ .. ဘယ်သူမှ မပျော်ရွှင်ကြရတဲ့ ဘ၀တွေထဲမှာ...။ တစစီ ပြတ်လိမ့်သွားတဲ့ ပုလဲကုံးလို...။ တန်ဖိုးကြီးပါလျက်နဲ့ ပြိုပျက် လွင့်ပျောက်ကြရ...။ ခုထိ.. ခုထိ.. ဘာတခုမှ အလျော်ပြန်မရသေးတဲ့ နှစ်၂၀ကျော်ကာလက..။ ရှည်ရှည်လျားလျား မင်းမူဆဲ...

ဒါရိုက်တာချိုတူးဇော်က လွမ်းစိမ့်... တဲ့။
သူက ပြောဖူးပါတယ်..။
မြန်မာစကားမှာ  နေစိမ့် တယ်ဆိုတာ ရှိတယ် မဟုတ်လား.....
ကျွန်တော်ဟာ . . .
ကြီးတောင့်ကြီးမားနဲ့
လွမ်းစိမ့် သူပါဗျာ... တဲ့။

မြန်မာစာအရကတော့...
လွမ်းစိမ့်ဆိုတာ.. လွမ်းစေအံ့.. လို့ အဓိပ္ပါယ်ရပါတယ်။
ဒါမှမဟုတ်... တစိမ့်စိမ့်လွမ်းရတာလား...
ကျမအတွက်တော့ နှစ်မျိုးစလုံးထိ အဓိပ္ပါယ်သွားတဲ့ စကားလုံးလေးပါ....
ကျမတို့တတွေ...
တစိမ့်စိမ့်နဲ့ တသက်စာ လွမ်းစေရအောင်....
လွမ်းစိမ့်က ပြုစားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄ ။




Nov 21, 2011

ပြောမဆုံးပေါင်...

တနေ့တုန်းက FaceBook ပေါ်မှာ စာလုံးပေါင်း သတ်ပုံကိစ္စ ပြောထားကြတာလေး ဒီတလောစိတ်ရောက်နေပါတယ်။ ကျမ ပြည်ပရောက်ကာစ.. ဘလော့စရေးတော့ ဘလော့တခုမှာ စာလုံးပေါင်းကိစ္စအချေအတင်ပြောနေကြတာ တွေ့ရဖူးပါတယ်။ တွေ့ပေမဲ့လည်း ကျမက ၀င်ပြောလေ့မရှိတာကြောင့် ဒီတိုင်းနေနေတုန်းမှာ အဲဒီတုန်းက ပြဿနာဖြစ်နေတဲ့ အမျိုးသမီးဘလော့ဂါကအစ်မ ၀င်ပြောပါဦး ဆိုတာနဲ့.. ကျမကလည်း အမှန်ကို ဖြစ်စေချင်တာနဲ့... Comment မှာဝင်ရေးလိုက်ပါတယ်။ ကျမ မှတ်မိ ပါတယ်.. ဒီစာလုံးပေါင်းအမှန်က ဒီလိုပါရှင်...ဒီအဓိပ္ပါယ်မို့ ဒီလိုပေါင်းတာပါရှင်ပေါ့...။ ကျမစိတ်ထဲငါတတ်နိုင်တာလေးဝင်လုပ်ပေးလိုက်တယ်ပေါ့..။ ဒါပေမဲ့ မဟုတ်ပါဘူး။ ကျမရဲ့ Commentအောက်ကနေ ကျမကို သရော်မော်ကားပြောတာတွေ.. ဟားတာတွေ.. ရိတာတွေ.. နောက်ဆုံးကျတော့ အဲဒီ ဘလော့ဂါကောင်လေးကပဲ ဒီလိုရေးလည်းရတာပဲဆိုပြီး တမင်ကို အမှားတွေပေါင်းထားတဲ့ စာလုံးပေါင်းတွေနဲ့ post တခုရေးတဲ့အထိပါပဲ...။ ကျမကတော့ ပြုံးနေလိုက်ပါတော့တယ်။ ကျမက မမှားချင်ဘဲမှားမှန်းမသိဘူးထင်လို့ ပြင်ပေးမိတာကိုး..။ တကယ်က သူတို့က အမှားကို လက်သင့်ခံသူတွေအမှားနဲ့ နေသားကျသူတွေ.. တလွဲမာနနဲ့ နေပျော်သူတွေပဲ...။ ဒါနဲ့ပဲ အဲဒီကတည်းကစလို့ကျမ မြန်မာစာကိစ္စ.. စာလုံးပေါင်းကိစ္စကို မေးလာရင်တောင်မှ နှစ်ကိုယ်ကြားသာ ဖြေပြီးအွန်လိုင်းလောကမှာ နှုတ်ဆိတ်နေလာလိုက်တာ.. ဒီနေ့ထိပဲ ဆိုပါတော့။
ခုတော့ အွန်လိုင်းမှာလည်း နေပါးဝလာပြီ။ အသက်ကြီးလာတော့ အင်း မှန်တာလေးတော့ လုပ်မှဖြစ်မှာ ပါလေလို့လည်း ပိုမိုက်ရဲလာပြီ။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းရတာ တယ်ကုသိုလ်ရတာပဲ လို့လည်း ပိုပိုပြီး ခံစားလာတတ်ပြီ.. ဒါ့ထက်ပိုတဲ့ အခြေနေကတော့ အရေထူတဲ့နေရာမှာ တိုးတက်လာတာ ပါပဲ။ ဆိုတော့ ခုတော့ ကျမ မနေနိုင်မထိုင်နိုင်လောက်အောင် စိတ်ကသိကအောက်ဖြစ်ရတဲ့ သတ်ပုံကိစ္စ ပြောပါတော့မယ်။


တချို့စာလုံးပေါင်းတွေဆို ကျမစိတ်ထဲ ဒီလောက်လေးတော့ မမှားသင့်ဘူးလို့ ထင်မိတာတွေ အများကြီး ပါ။ ဒါပေမဲ့ ပြဿနာက မြန်မာစာအဖွဲ့က ပြုစုထားတဲ့ စာလုံးပေါင်းသတ်ပုံကျမ်းမှာကို ကျမ သဘော မတူနိုင်တာတွေ အများကြီးပါ။ ဒါပေမဲ့ စာလုံးပေါင်းမမှန်လို့ အဓိပ္ပါယ်ပြောင်းမသွားရင်တော့ ကိစ္စမရှိပါဘူး။ ဥပမာ... ချွတ်ခြုံကျတာကို ခြွတ်ချုံကျတယ် ပေါင်းလည်း မြင်ရတာသာ တမျိုးကြီးဖြစ်နေတာ အဓိပ္ပါယ် ကတော့ လွဲမသွားဘူးကိုးလို့ စိတ်လျှော့ပေးလို့ ရပါတယ်။ ဒီလိုပဲ ခြိုးခြံ လား ချိုးချန်လား.. ခြိုးချန် လား ဆိုတာတွေ..။ ထားလိုက်လို့ ရပါတယ်။ ကျမစိတ်ထဲ သိပ်သည်းမခံနိုင်တဲ့အမှားတွေကတော့ မှားမှန်း သိဖို့ ကောင်းလျက်နဲ့ မသိကြတာကို စိတ်ညစ်တာပါပဲ။ အများစုမှားကြတဲ့စကားလုံးတွေ သတိရသလောက် ရေးပြရရင်... ရှေ့စာလုံးပေါင်းတွေက အမှန်တွေပါ.. နောက်စာလုံးတွေက မှားရေးလေ့ရှိတဲ့ စာလုံးတွေနဲ့ မသဲကွဲတတ်တဲ့ စကားလုံးတွေပါ။
...
ရှုတ်ချ ကို ရှုံ့ချ လို့ ရေးတာ......
ပတ်သက် ကို ပတ်သတ်
တပ်မက် ကို တက်မက်
လုပ်တတ်တာ ကို လုပ်တက်တယ်
သူတို့အချင်းချင်း ကို သူတို့ အခြင်းခြင်း
လုံးချင်းဝတ္ထု ကို လုံးခြင်းဝတ္ထု
မေတ္တာဘွဲ့ ကဗျာ ကို မေတ္တာဖွဲ့ကဗျာ
စွပ်စွဲ တာကို စွပ်ဆွဲ
ပျက်စီးတာကို ပျက်ဆီး
လွယ်အိတ် ကို လွယ်အိပ်
ရပ်စဲ တာကို ရပ်ဆဲ
အနှောက်အယှက် ကို အနှောင့်အယှက်
ပြန်ချင် တာကို ပြန်ခြင်တာ...
အချေအတင် ကို အခြေအတင်
လုပ်နိုင်ခြေ ဖြစ်နိုင်ခြေ ကို လုပ်နိုင်ချေ ဖြစ်နိုင်ချေ
ဝါသနာ ကို ၀ါတနာ
ဉာဏ် ကို ညာဏ်
ဉာဉ် ကို ညာဉ် …
ဉ လား ဥ လားမကွဲတာတွေ..။ (လုံးချင်းဗျည်းအနေနဲ့ ရေးရင် ဉ .. ပါ။ အသတ်အနေနဲ့ဆိုရင် ဥ ကို ညလေးအနေနဲ့ သုံးပါတယ်)
ရုတ်ချည်းလား.. ရုတ်ချဉ်းလား..
ချဉ်းကပ်လား.. ချည်းကပ်လား...
ဖွံ့ဖြိုးလား.. ဖွင့်ဖြိုးလား..
ရဲဝံ့ လား.. ရဲဝင့်လား...
မုန့်ဖိုး လား.. မုံ့ဘိုး လား...
ဖုန်ထူ လား.. ဖုံထူလား..
ဖြစ်နေကျ အဖြစ်အပျက်လား.. ဖြစ်နေကြ အဖြစ်အပျက်လား..
သီတင်းတပတ်လား.. သတင်းတပတ်လား...
စုဆောင်း လား.. စုစောင်း လား...
ယောက်ျား လား.. ယောင်္ကျားလား..
သက်သေလား .. သတ်သေလား..
လွင့်စင် လား.. လွင့်စဉ်လား..
အဆင်ပြေ လား.. အစဉ်ပြေ လား..
အသည်းကွဲ လား.. အသဲကွဲ လား...
ချက်ချင်း လား.. ချက်ခြင်း လား
ဆန်းစစ်လား.. စမ်းစစ်လား...
ခမ်းနား လား ခန်းနား လား..
လန်းဆန်း လား.. လန်းဆမ်း လား..
လတ်ဆတ် လား.. လန်းဆတ်လား..
စာအုပ်စင် လား.. စာအုပ်စဉ် လား...
တယောက်တည်းလား.. တယောက်ထဲ လား...
အချိန်မီ လား.. အချိန်မှီ လား..
အလုပ်ဖြစ်ရုံ လား.. အလုပ်ဖြစ်ယုံလား..
အချိန်မီရုံပဲ လား... အချိန်မှီယုံဘဲ လား...
ပြင်းပျ လား.. ပျင်းပျ လား.. ပျင်းပြ လား...
ဖျော်ဖြေ လား.. ဖြော်ဖြေ လား..
ပရိသတ် လား.. ပရိဿတ် လား..
ပြဿနာ လား.. ပြသနာ လား..
ဗာဒံပင်လား.. ဗံဒါပင်လား..
ပဟေဠိ လား.. ပဟေဌိ လား..
ပါဠိ လား.. ပါဌိ လား...
ပြောထားလျက်နဲ့ လား.. ပြောထားရက်နဲ့... ပြောထားရဲ့နဲ့လား... …
သိတယ်မို့လား လား.. သိတယ် မဟုတ်လား လား...သိတယ်မှုတ်လား.. လား
နှလုံးသည်းပွတ် လား... နှစ်လုံးသဲပွတ်လား.. (တနေရာမှာဆို နှစ်လုံးသား လို့ ရေးတာတောင် တွေ့ပါတယ်)။


ဒါ facebook နဲ့ blog တချို့မှာ လက်လှမ်းမီတွေ့ရာလေးတွေပဲ ရေးသေးတာပါ။
ပြောရရင်တော့ အများကြီးမှ အများကြီး..
ဖူး ကို ဘယ်မှာ သုံးပြီး ဘူး ကို ဘယ်လိုသုံးတယ်ဆိုတာ.. ဖက် နဲ့ ဘက်.. ပဲ နဲ့ ဘဲ ... အဲဒါတွေတော့ အပ်ကြောင်းထပ်နေပြီမို့ မပြောတော့ပါဘူး။
ပြောရရင် မြန်မာစာပေါင်းထုံးတွေက သူ့အဓိပ္ပါယ်နဲ့သူ ချိတ်တွဲထားကြတာချည်းပါ။
အသံထွက်မှားတာတွေကိုတော့ မောရုံမို့ မပြောတော့ပါဘူးလေ..။
ကျမက တမင်တကာ မှားနေကြတယ်လို့တော့ မထင်ပါဘူး.
မသိလို့မှားတယ်လို့ပဲ ထင်ပါတယ်။ တမင်တကာမှားတဲ့သူတွေအတွက်ဆိုရင်တော့ ကျမ ခုလိုရေးလည်း သူတို့က ဒါမျိုးတွေ ၀င်ဖတ်တာမှ မဟုတ်တာလေ။


သူမှားနေပါလားလို့ ထောက်ပြတာ လွယ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲလို ထောက်ပြဖို့ကလည်း အမှား ကို အမှားမှန်းတော့ သိဦးမှ မဟုတ်လား နော်..။
မှား အစဉ် ပြင်ခဏ ဆိုပေမဲ့ မှားမှန်းကလည်း သိဦးမှပါလားဆိုတာကိုပေါ့...။
(တချို့စကားလုံးအသုံးတွေက သတ်ပုံကျမ်းမှာတောင် မပါလို့ တချို့ ကျမမှားနေတာ အထောက်အထားနဲ့ အမှန်တွေ့ရင် ၀င်ပြင်ပေးပါဦးနော်)


+++++


ဒီတခါ ဆရာမကြီး လုပ်တယ်လို့ အပြောခံရရင်တော့ ပြန်ပြောလိုက်မှာပဲ... ဆရာမကြီးမို့ ဆရာမကြီးလုပ်တာပေါ့လို့ :P

Nov 12, 2011

မေငြိမ်း တော်တော် အတင်းအဖျင်းပြော

သိတတ်ကတည်းက
အမေ့အတင်း အဖေ့ကို ပြော
အဖေ့အတင်း အမေ့ကိုပြော..
အဖေနဲ့ အမေအတင်း အဖွားကိုပြော
အဖေနဲ့အမေအတင်း သူငယ်ချင်းတွေနဲ့ပြော….

ပြီးတော့
ဆရာမအတင်း အမေ့ကိုပြော
ဆရာအတင်း အဖေ့ကိုပြော..
ရယ်စရာ မောစရာ ချစ်စရာ အတင်းပြော ကာလတွေ။
နောက်တော့
သူငယ်ချင်းတွေအတင်း ချစ်သူကို ပြော
ချစ်သူအတင်း သူငယ်ချင်းတွေကို ပြော…
သူငယ်ချင်းတွေအတင်း သူငယ်ချင်းတွေကို ပြော..
ပျော်စရာ ရွှင်စရာ အတင်းပြော ကာလတွေ…။

အတင်းမပြောတဲ့သူ
ဘယ်သူရှိပါ့…။

စာရေးဆရာမ မစန္ဒာက ပန်းစကားဝတ္ထုထဲမှာ ပြောတယ်…
“လူတွေဟာ.. ကြီးလာလေ ညစ်နွမ်းလာလေ..” တဲ့။

နောက်တော့
လာဘ်စားတဲ့ ပါမောက္ခအတင်း ပြော
အဂတိလိုက်စားတဲ့ ဆရာဆရာမတွေအတင်း ပြော..
ကျောင်းသားတွေဆီက ငွေညှစ်တဲ့ မော်ကွန်းထိန်း အတင်းပြော..
လူထုကို နှိပ်ကွပ်တဲ့ အစိုးရအတင်းပြော..
ပြည်သူကို ပြစားတဲ့ လုပ်စားသူတွေအတင်းကို ပြော..
စိတ်ပျက်စရာ ညစ်နွမ်းတဲ့ အတင်းပြော ကာလတွေ…
အတင်းတွေ အညစ်တွေ ဆိုပါစို့။

မေငြိမ်းလား..
ကိုယ့်အတင်းလည်း ကိုယ်ပြောတယ်…
မဟုတ်မဟတ်တာတွေတွေ့ရင် ရိုင်းရိုင်းတုံ့ပြန်တတ်တာ…
မတော်မတည့်တာတွေ တွေ့ရင် ရိသဲ့သဲ့ ဟားတတ်တာ…
ဒေါသကြီးရင် မျက်ရည်ကျတာ…
စိတ်ဆိုးရင် လက်ပါချင်တာ…
အပျော်အပါးမက်တာ...
ဘုရားတရား ရိုသေဆည်းကပ်မှု နည်းပါးတာ…
မထင်ရင်မထင်သလို လူပါးလည်း ၀တတ်သေးတာ...
အဲဒီကိုယ့်အတင်းတွေလည်း ကိုယ်ပြောရဲ့..
ကိုယ်ရေးအတင်းတွေ ဆိုပါတော့။

လောကကြီးက ရယ်ရတယ်..
ယောက်ျားတွေ ပြောတော့ သတင်း
မိန်းမတွေပြောတော့ အတင်းတဲ့..။

ကောင်းတာ ရွေးပြောတော့ သတင်းတဲ့
မကောင်းတာကို ဝေဖန်ပြောတော့ အတင်းတဲ့…။
ရယ်ရပုံများ ပြောပါတယ်..။

အဲလို ရယ်စရာအတင်းတွေ ပြောတော့…
အတင်းအဖျင်း တော်တော် ပြော ဖြစ်ရော..
ဟုတ်တာပလေ..
အဖျင်းတွေအကြောင်း မကောင်းအတင်းပြောရလေတော့..
အတင်း အဖျင်း ဖြစ်ကရောပေါ့…။
အဖျင်းတွေအကြောင်း အတင်း
အတင်းအဖျင်း..
ဒါနဲ့
မေငြိမ်း တော်တော် အတင်းအဖျင်းပြော…..
မေငြိမ်း တော်တော် အတင်းအဖျင်းပြော…..
ဆက်ပြီးတော့လည်း ပြောရပေဦးမှာ။

၁၁-၁၁-၁၁။

Oct 31, 2011

ကျမ နံဘေးက သပြေညို…




ပန်းကလေးများ ပွင့်တော့မည်.. 
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း… ။
တကယ့်ကိုမှ အားရပါးရ အော်ဟစ်သီဆိုသံလေးတွေ.. ညံလို့နေရော…။ ရပ်ကွက်ထဲက ကျမရဲ့ စာသင်ကျောင်းလေးလေ…။ သပြေညို..တဲ့။  မိဘတွေ ၀ိုင်းဝန်းပံ့ပိုးမှုနဲ့  ဖြစ်လာရတဲ့ မြန်မာစာကျောင်းလေး။ ကျောင်းသား အယောက် ၄၀ နီးပါးရှိတယ်ဆိုတာ နည်းမှ မနည်းပဲ..။ Maryland နဲ့ Virginia နှစ်ပြည်နယ်က ကလေးတွေ.. တပတ်မှာ တရက် ကျောင်းအားရက် စနေတရက်မှာ တနာရီစာ ခရီးလောက် ကားမောင်းပြီး မြန်မာစာ သင်ရဖို့ လာကြရတာ…။ မပီကလာပီကလာနဲ့ မင်္ဂလာပါဆရာမ.. ကျေးဇူးတင်ပါတယ်ဆရာမ..လို့ နှုတ်ဆက်ကြတဲ့ အသံကို ကြားလိုက်ရရင်.. ကျမ တပတ်လုံး မနားမနေ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသမျှ အကုန်မေ့ပြီး အမောပြေရပါတယ်။
မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းကိုဆင်
မင်္ဂလာပါဆရာမ ညီညီညာညာ ရွတ်ဆိုကြ..
မင်္ဂလာပါဆရာမ…….။
+++++++

ကလေးတွေက မြန်မာစာသင်ရတာကို သိပ်ပျော်ကြပါတယ်။ သူတို့က မြန်မာလို စာတွေ အများကြီး ဖတ်ချင်တာတဲ့။ မြန်မာပြည်အကြောင်း အများကြီး သိချင်တာတဲ့..။ မြန်မာပြည်ကို သွားလည်ရင် အချင်းချင်းစကားပြောနိုင်ချင်တာတဲ့။ အရင်က မြန်မာစကားပြောဖို့ အင်မတန် ခဲယဉ်း ပင်ပန်း ကြတဲ့ ကလေးတွေက.. ခုတော့ သူတို့ သိသလောက်ကို စကားသံဝဲ၀ဲလေးတွေနဲ့ ကြိုးစားပြောလို့…။ သူတို့ဆိုကြတဲ့ ကကြီး ခခွေး ဗျည်းသံ တွေက တစထက်တစ ပီသလာနေပြီ။ သားတို့ သမီးတို့က ဗမာပြည်က တချို့ကလေးတွေထက်တောင် ပီနေပြီ လို့ ကျမပြောရင် သဘောကျ နေကြတယ်။ တသံလျင်းချိတ်.. ထ၀မ်းဘဲ.. ဒရေမှုတ်.. ဖဦးထုပ်.. ဗထက်ချိုင့် လို့ ပီပီသသ ဆိုနိုင်တာလေ..။ 

သူတို့လေးတွေကို ဗုဒ္ဓ အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေကို ပုံပြောသလိုပြောပြဖို့.. မဂ္ဂင်ရှစ်ပါးကို ပါဠိပါဠ်သားနဲ့ မဟုတ်ဘဲ ဗမာလို အလွယ်တကူ နားလည်အောင် ပြောပြဖို့..။ ဇာတ်တော်ကြီးဆယ်ဘွဲ့မကုန်တောင် မဟော်သဓာရဲ့ ဥာဏ်ပညာတွေအကြောင်းလောက်တော့ သူတို့လေးတွေကို သိစေချင်တာပါ။ ပြီးတော့ ကျမတို့ ငယ်ငယ်က နှစ်နှစ်ခြိုက်ခြိုက် စွဲလန်းခဲ့ရတဲ့ ဦးဘကြည်တို့ ကာတွန်းဦးဖေသိန်းတို့ရဲ့ ပုံပမာတို့ ဇာတ်တော်ကြီးဆယ်ဘွဲ့ သရုပ်ပြကာတွန်းတွေ ဖတ်တတ်စေချင်တာ..။ ဒီက ကလေးတွေ သိလိုစိတ် ပြင်းပျပုံမျိုးနဲ့ဆို သူတို့ဟာ ဗမာစာဖတ်တတ်တာနဲ့ အတူ ဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးမှုတွေကိုပါ ကျွဲကူးရေပါ သိသွားကြ.. ထဲထဲဝင်ဝင် နားလည်သွားကြမှာ..။ အဲလိုသာဆိုရင် သူတို့ဟာ အမေရိကန်က ကမ္ဘာ့အဆင့်မီ အသိပညာတွေနဲ့အတူ.. မြန်မာ့ဘာသာရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်ထဲက နေမှုထိုင်မှုတွေကိုပါ သိသွားကြမှာ..။
ကျမတို့ရဲ့ သပြေညို နဲ့ ပတ်သက်တဲ့ ကျမ မျှော်လင့်ချက်တွေက အဲလောက်ထိ လှပပါတယ်...။

++++++

အမေရိကမှာ ဗမာလို တတ်တော့ ဘာဖြစ်သွားမှာလဲ…. တဲ့..။
ဗမာလို မတတ်တော့ရော ဘာဖြစ်မှာမို့လို့လဲ..တဲ့။
ဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင် ကျမတို့တွေ မြင်ရတဲ့ တန်ဖိုးနဲ့ မမြင်ရတဲ့ တန်ဖိုး ဆိုတာတွေကို နားလည်မှ ဖြစ်မှာပါ။
ကျမတို့ ကလေးတွေဟာ သူတို့ရဲ့ အမေရိကန် စာသင်ကျောင်းမှာ ကမ္ဘာကြီးကို သင်ယူနေကြရသလို သိပ္ပံနဲ့ နည်းပညာတွေကိုလည်း သင်နေကြရတယ်..။ ဘာသာစကားဆိုရင်လည်း အနည်းဆုံး ၂မျိုး သင်နေကြရတယ်..။ အထူးသဖြင့်တော့ အမေရိကမှာ အများဆုံး ယှဉ်တွဲနေထိုင်ကြရတဲ့ Hispanic တွေနဲ့ ကူးလူးဆက်ဆံနိုင်ဖို့ သူတို့ဘာသာစကား နဲ့ တချို့ကတော့ ပြင်သစ်ဘာသာစကားကို သင်ယူကြ ပါတယ်. (ကျမသမီးက ပြင်သစ်ဘာသာ ယူထားပါတယ်)။  ဒါတွေက ဒီနိုင်ငံမှာ အရှည်နေထိုင်သွားရေးမှာ တော်တော် အထောက်အကူ ပြုမယ့် ဘာသာစကားတွေဆိုပါတော့။ တချို့ကတော့ အပြင်မှာကို တရုတ်ဘာသာစကားသင်နေပါတယ်..။ ဒါလည်း ဟုတ်တာပါပဲ။ တရုတ်ကလည်း အင်အားအကြီးဆုံး ဘာသာစကားတွေထဲက တခုကိုး..။ ဒါတွေက မြင်ရတဲ့ တန်ဖိုးတွေပါ...။

ဒါဖြင့် မြန်မာကလေးတွေ ဘာလို့ မြန်မာစကားသင်ဖို့ လိုသလဲဆိုတာကို စဉ်းစားရအောင်ပါ…။
အမေရိကန်နိုင်ငံမှာ အရောင်အသွေးမျိုးစုံကို လက်ခံဆက်ဆံတဲ့ နိုင်ငံမို့ ကျမတို့ ၀န်းကျင်မှာ ရုပ်ရည်သွင်ပြင်ပေါင်းစုံ.. ဘာသာစကား ပေါင်းစုံ.. ယဉ်ကျေးမှုပေါင်းစုံ.. ဘာသာရေး ပေါင်းစုံ  တွေ့ရပါတယ်။ ထူးခြားတာက ကျမတို့ ဗမာတွေကလွဲရင် ကျန်တဲ့ လူမျိုးတွေရဲ့ ကလေးတွေက သူတို့မိခင်ဘာသာစကားကို မပြောတတ်ဘူးဆိုတာမျိုး လုံးဝ မရှိပါဘူး။ တရုတ်.. မက္ကဆီကန်.. လက်တီနို.. ဗီယက်နမ်.. ကိုရီးယား.. ကမ္ဘောဒီးယား..ထိုင်း.. အီရန်.. အာဖရိကန်..  အိုး... အကုန်လုံးပါပဲ..။ သူတို့ကလေးတွေက အိမ်တွေမှာ သူတို့မိခင် ဘာသာစကား ကိုပဲ ပြောကြပါတယ်။ ကျမတို့ ဗမာမိသားစုတချို့မှာသာ ကလေးတွေ ဗမာလိုမပြောကြတော့တဲ့ ပြဿနာ ရှိနေတာပါ။ ကျမလေ့လာကြည့်တော့ မိဘတွေက ကလေးတွေဆီကနေ အမေရိကန် အင်္ဂလိပ် စကားပြောကို ပြန်လေ့လာယူနေရတာမျိုးမို့ရော.. ကလေးတွေကို ဗမာလို မပြောပြောအောင် လေ့ကျင့်ပေးဖို့ အချိန်မပေးနိုင်လောက်အောင် ဘ၀ထဲ ရုန်းကန်နေကြရလို့ရော ပါပါတယ်။ 
ဘာပဲဖြစ်ဖြစ်ပါ.. ကျမစဉ်းစားတာက လူမျိုးတမျိုးဆိုတဲ့ အမှတ်အသားပြယုဂ်ရဲ့ တန်ဖိုး.. နောက်တခုက ဘယ်ဘာသာစကားမဆို တန်ဖိုးရှိတာမို့ ထိန်းသိမ်းရမယ်ဆိုတဲ့ ကျင့်ဝတ် နဲ့ ကိုယ့်မိခင်ဘာသာစကားကို တန်ဖိုးထားရမယ့် တာဝန်ဆိုတာတွေနဲ့ ဆိုင်တယ်လို့ ထင်ပါတယ်။ ပြီးတော့ မြန်မာစာဆိုတာ ဖြစ်လာဖို့ ဘယ်လို ခေတ်အဆင့်ဆင့်ကို ဖြတ်ခဲ့ရသလဲ..။ နောက်တခု မြန်မာစာဆိုတာ ခပ်ညံ့ညံ့နုံနဲ့နဲ့ ဆက်သွယ်လို့ ရပြီးရောဆိုတဲ့ ဘာသာစကားမဟုတ်ပါဘူး..။ ပြည့်စုံကုံလုံတဲ့၊ ဘာသာစကားဆိုင်ရာ စံတန်ဖိုးတွေရှိတဲ့ ဘာသာစကားပါ။ Dead Language မဟုတ်ပါဘူး။ Dying Language လည်း မဟုတ်ပါဘူး။ living Language ပါ။ ဘ၀သက်တမ်းရဲ့ တ၀က်ကျော်လုံး မြန်မာစာကို သီးသန့် လေ့လာခဲ့ပြီး မြန်မာစာနဲ့ ဘွဲ့သုံးခု ယူခဲ့တဲ့ ကျမဟာ ခုထိ မြန်မာစာရဲ့ တစိတ်တပိုင်းလောက်ကိုတောင် လက်တဆုံး မနှိုက်နိုင်သေးပါဘူး။ မြန်မာစာထဲက အဆင့်အတန်းမြင့်လှတဲ့ စကားသုံးတွေ.. စကားတန်ဆာတွေ.. အဓိပ္ပါယ်တွေကို ထဲထဲဝင်ဝင်သိဖို့ မပြောပါနဲ့ အခြေခံ သဒ္ဒါအထားအသို မှန်အောင် ပြောဖို့တောင် သဒ္ဒါစနစ်ကို ခုထိ မသိသေးတဲ့ ဗမာစစ်တွေတောင် အများကြီးပါ..။ ဒါတွေက မမြင်ရတဲ့ တန်ဖိုးတွေပါ...။ ဒီအတွက် ကိုယ့်ရဲ့ တန်ဖိုးကြီး အဆင့်မြင့်တဲ့ ဘာသာစကားကို ထိန်းဖို့ တာဝန်.. ကျင့်ဝတ်က ကျမတို့မှာ ပါလာပြီးသားဖြစ်တယ်လို့ ကျမ ယူဆတာပါ။

နောက်တခု မြန်မာစာမဖတ်တော့ ဘာဖြစ်လဲဆိုတဲ့ လူပြိန်းစကားမျိုးလည်း ရှိပါသေးတယ်..။ ဟုတ်ကဲ့.. စာမဖတ်တော့ ဘာဖြစ်လဲလို့ သဘောထားတယ်ဆိုတဲ့လူနဲ့ သူ့ပတ်ဝန်းကျင် သဟဇာတ မဖြစ်မှုတွေ.. ဘ၀ထဲ အထီးကျန်စိတ်ကျရမှုတွေ.. ဂုဏ်သိက္ခာလျော့ပါးမှုတွေနဲ့ လူ့တန်ဖိုးလျှော့တွက်ခံရမှုတွေကို ကျမတို့အနားမှာကို သာဓကအဖြစ်မြင်နေကြရတာပဲ မဟုတ်လား..။ ဒါဖြင့် ကျမတို့ကလေးတွေကို ကျမတို့ ဘယ်လို ပုံစံနဲ့ ကြီးပြင်းစေမှာပါလဲ...။

++++++

တပတ်မှာ ၅ရက် အလုပ်လုပ်… မိသားစု၅ယောက်စာ တာဝန်တွေ.. စနေတနေ့ မနက်ပိုင်းတပိုင်းလုံး ကိုယ့်ပညာရေးအတွက် ကောလိပ်မှာ ကျောင်းတက်..။ ညညတွေမှာ အချိန်မရအရ ပေးပြီး ကျောင်းစာဖတ်ရ..။ ရသစာအုပ်စင် အစီစဉ်အတွက် မဂ္ဂဇင်းတွေ စုံအောင်ဖတ်ရ..။ တပတ်မှာ အားရတဲ့ တရက်မှာ.. တပတ်စာဈေးဝယ်.. အိမ်သန့်ရှင်းရေး.. ။ ကျမမှာ တနေ့ကို ပုံမှန်အိပ်ချိန် ၄နာရီလောက်ပဲ အမြဲရှိပါတယ်.။ တချို့ ရက်တွေမှာ နေ့လယ် ၁နာရီစာလောက် တရေးအိပ်နိုင်ပါတယ်။ အဲဒီလောက် ပင်ပန်းတဲ့ကြားက မြန်မာစာကျောင်းအတွက် စေတနာဆရာမ အလုပ်ကို လုလုပ်တာပါ။   ဆိုတော့.... ကျမ ဘာအတွက် လုပ်တာပါလဲ….။


ကျမတို့ ဗမာကလေးတွေကို... တန်ဖိုးရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ ခေတ်အဆက်ဆက် ထိန်းသိမ်းခဲ့ကြ.. ဖွံ့ဖြိုးအောင် လုပ်ခဲ့ကြရတဲ့ မြန်မာစာပေကို သိစေချင်ပါတယ်။ ငါတို့ဟာလည်း ကိုယ့်မြေ..ကိုယ့်ရေ.. ကိုယ့်စာပေနဲ့ နေနိုင်ခဲ့တဲ့ လူယဉ်ကျေးတွေလို့ သိစေချင်တယ်။ မြန်မာစာပေထဲက မြန်မာဆန်တဲ့ အလှတရားတွေကို ခံစားတတ်စေချင်တယ်။ အဲလိုခံစားတတ်မှ ကိုယ့်ရေမြေ ကိုယ့်တိုင်းပြည်တန်ဖိုးကို သိမယ်။ ကျမတို့ဟာ နိမ့်နိမ့်ပါးပါး အရိုင်းအစိုင်းတွေမို့ သူများတိုင်းပြည်မှာ နေနေရတာမဟုတ်ဘူးဆိုတဲ့ တန်ဖိုးကို ကလေးတွေသိမှ သူတပါးက နှိမ်တာ.. စော်ကားတာကို မခံရနိုင်တဲ့ စိတ်အင်အားတွေ ရှိလာမယ်။ ပြီးတော့ တချိန်မှာ သူတို့ပညာစုံတဲ့အခါ ကိုယ့်တိုင်းပြည်အတွက် ပြန်ပြီး အလွယ်တကူ အလုပ်လုပ်နိုင်မယ်။ တခြားလူမျိုးတွေ ကိုယ့်ထက် သာသွားလို့ ကျမတို့ တိုင်းပြည်မှာ ၀င်လာ အလုပ်လုပ်နေကြတဲ့နေရာမှာ ပြည်ပမှာ ပညာသင်ခွင့်ရခဲ့တဲ့ ကျမတို့ ကလေးတွေက အစားထိုးဝင်ပြီး အလုပ်လုပ်နိုင်မယ်။ အနည်းဆုံး ကျမတို့နိုင်ငံကို သွားပြီး volunteer အဖြစ် စာသွားသင်ပေးနေတဲ့ နိုင်ငံခြားသားတွေဆိုတာက ကျမတို့ ကလေးတွေ ဖြစ်လာလိမ့်မယ်။ အဲဒီအခါ ကိုယ့်လူမျိုးအချင်းချင်းဆိုတဲ့ စိတ်ကြောင့် ပိုပြီး အောင်အောင်မြင်မြင် လုပ်နိုင်ကြပေလိမ့်မယ်..။
ပြောရရင်.. ကျမ ဘာလုပ်နေတာလဲဆိုတော့ ကျမ နိုင်သလောက်… ကျမကို တစိတ်တည်း တ၀မ်းတည်း ၀ိုင်းကူကြတဲ့ မိဘတွေနဲ့အတူ... ၀ိုင်းကူကြတဲ့ ဆရာမလေးတွေနဲ့အတူ... ၀ိုင်းပံ့ပိုးကြတဲ့ ရပ်ဆွေ ရပ်မျိုးတွေနဲ့အတူ ... ကျမတို့ သစ်ပင်လေးတွေ စိုက်နေကြတာပါပဲ…။ 
ဘာပင်လေးတွေလဲဆိုတာ့ ကျမတို့စိတ်ထဲ အောင်အတိတ် အောင်နိမိတ်ဖြစ်ဖို့ ရည်စူးတဲ့ အောင်သပြေပင်လေးတွေဆိုပါတော့ ရှင်။ 

+++++


"သပြေညို" 

သူ့ခေါင်းမှာတဲ့ သပြေညို၊

ငါ့ခေါင်းမှာတဲ့ သပြေညို။ 

တို့ပြေမှာ တို့မေကမ်းပါတဲ့

သပြေညို ရွှေဘိုပန်းဟာက

လန်းလျက်ပါကို။ 

ဘာမလျှော့လေနဲ့

လာတော့မကွဲ့ ရွှေပဟိုရ်

လေချိုကအသွေး။ 

လင်းကြက်အဆော်

ကွင်းထက်မှာတူပျော်ပျော်နဲ့

စည်တော်ကို ရည်မျှော်မှန်းကာပ

ရောင်နီမှာ အောင်စည်ရွမ်းရအောင် 

သပြေညို ရွှေဘိုပန်းရယ်နဲ့

လှမ်းကြစို့လေး။ ။


ဇန္နဝါရီ ၄ ၁၉၃၈
မင်းသုဝဏ် -၁၉ဝ၉-၂ဝဝ၎



အောက်တိုဘာ ၃၀၊ ၂၀၁၁။
(သပြေညို ကျောင်းရဲ့ အမှတ်တံဆိပ်  Logo  လေးကို ပန်းချီ သန်းဌေးမောင်က မေတ္တာနဲ့ ရေးဆွဲပေးပါတယ်)

Oct 27, 2011

လှသန်းရဲ့ မုဆိုးမကို လွမ်းလို့ ရေးမိတဲ့စာ


မချောရေ...
ဒီရက်တွေထဲ
ငါနင့်ကို သတိရလိုက်တာ...

နင်နဲ့ငါ...
လက်ချိုးရေလို့ ရလောက်တဲ့
အကြိမ်အရေအတွက်လောက်သာ
တွေ့ခဲ့ဆုံခဲ့ရပေမဲ့
ရဲဘော်ရဲဘက်တွေလို
စိတ်ထဲ ရင်းနှီးကျွမ်းဝင်ခဲ့တာ.

နင်နဲ့ငါ..
နင် မုဆိုးမ
ငါ တခုလပ်မ
သားတယောက်စီ ကိုယ်စီလက်ဆွဲလို့
ကာလတူတခုတည်း
ကြုံဆုံခဲ့ကြဖူးတာ..
အနုပညာသမားမယား
ဒါအဆန်းလားအစ်မရယ်..တဲ့။
ငါ့မှာကတော့
အဲလိုအဖြေမရှိခဲ့...
အနုပညာသမားကို
နင် ပခုံးထမ်းခဲ့သလို ငါ မထမ်းနိုင်ခဲ့။
ငါက သာမန်လူထင်ပါရဲ့...

နင်နဲ့ငါ
အဲဒီကာလထဲ
အပြန်အလှန်အားပေး
ငါမှတ်မိသေးတယ်။

မုဆိုးမဘ၀က
တခုလပ်မဘ၀ထက်တော့
တင့်တယ်ပါသေးတယ်လို့
ငါက နာနာကျည်းကျည်းပြောတော့
နင်က အားရပါးရရယ်မော..
အဲဒါ.. ဟာသမဟုတ်မှန်း
အဲဒါ.. ရယ်သံမဟုတ်မှန်း...
ငါတို့နှစ်ယောက်လုံး စင်းစင်းသိခဲ့ကြ။

မချောရယ်..
ငါက တခုလပ်မဘ၀ထဲ
အလဲလဲအကွဲကွဲနဲ့ 
အချစ်ဖွဲ့တွေ ရေးနေရချိန်
နင်ကတော့
မုဆိုးမဘ၀ထဲ ရဲရဲရင့်ရင့်
တိုက်ပွဲတွေအတွက် အသင့်ပြင်နေခဲ့။

ဒီလိုနဲ့...
......
......

နင်နဲ့ငါ...
နောက်ထပ်ဘ၀သစ်တခုစီထဲလည်း
ကာလတခုတည်း မရှေးမနှောင်း
အကြောင်းပေါင်းသင့်ကြ...
အစ်မ.. ကျမ လှသန်းနဲ့ယူလိုက်ပြီ..တဲ့။

ငါကတော့ လူတော်ထက် လူကောင်းနဲ့ပဲ အတူနေချင်တော့တယ်လို့
ငါပြောတော့လည်း နင်ပြုံးခဲ့တာပဲ..
ဘာပဲဖြစ်ဖြစ်..
ငါတို့ဘ၀ ပျော်ခဲ့ကြရဖူးတယ်နော်... မချော...

လှသန်း
ကြည်မောင်သန်း
မောင်သီးသန့်..
လူ့ဘ၀တွေကို ကဗျာတွေနဲ့ ထုဆစ်
ချစ်တဲ့ မြန်မာပြည်ကို သူ့ဘ၀နဲ့ ထမ်းခဲ့တဲ့ ကဗျာဆရာ...
လူ့ဘ၀ထဲ တကယ်တန်အောင် နေသွားခဲ့တဲ့ ကဗျာဆရာ...
ကဗျာစား ကဗျာဝတ်စစ်စစ်နဲ့သာ ကဗျာနဲ့ နေသွားခဲ့တဲ့ ကဗျာဆရာ...
ကဗျာရေးဖို့ ထမင်းစားခဲ့တဲ့ ကဗျာဆရာ...
ကဗျာ့သစ္စာနဲ့ လောကဓံကို ကြံ့ကြံ့ခံခဲ့တဲ့ ကဗျာဆရာ...

နင်သိလား မချော..
လှသန်းကဗျာတွေကို
ကြက်သီးမွေးမြ ထမတတ် ဖတ်ရတဲ့အခါ..
ကြည်မောင်သန်းကဗျာတွေကို
တမ်းတမ်းတတအာလျနဲ့ ဖတ်ရတဲ့အခါ..
ငါ နင့်ကို အမြဲလွမ်းတယ်ဆိုတာ...

လှသန်းကလည်း မုဆိုးမစစ်တမ်းမှာ ပြောပါရဲ့..
"ငါ့မိန်းမလည်း
မုဆိုးမဘ၀နဲ့ ဆယ်နှစ်ကြာမှ
ငါနဲ့အကြောင်းပါခဲ့တယ်.." တဲ့။

မချော.. ငါ့ရဲဘော်မ
မုဆိုးမနှစ်ထပ်ကွမ်းဘ၀မှာ
တန်ဖိုးရှိစွ..
နင်ထမ်းတင်ခဲ့တဲ့ ချစ်သူနှစ်ယောက်..
တယောက်က သီချင်းတွေနဲ့..
တယောက်က ကဗျာတွေနဲ့..
ကမ္ဘာလောကအပေါ် 
တန်ဖိုးရှိရှိ တာဝန်ကျေခဲ့ကြသူတွေ....

မချောရေ..
သူတို့က ကမ္ဘာ့ဝန်တာကို အနုပညာနဲ့ ထမ်းခဲ့
နင်က 
အဲဒီအနုပညာသမားတွေကို မေတ္တာတရားနဲ့ ထမ်းခဲ့...
တဘ၀စာ။

မြို့မငြိမ်းသီချင်းတွေနောက်မှာ
ကြီးကြီးသန်း ရှိသလို...
ဂျွန်လင်နွန်နောက်မှာ
ယိုကိုအိုနို ရှိသလို...
ပေါ်ဦးသက်နောက်မှာ
ဒေါ်တင်ကြည် ရှိသလို...
အောင်မြင်တဲ့တေးတပုဒ်မှာ
သံစဉ်နဲ့စာသား တွဲသီရသလို...
လှပမွှေးမြတဲ့ ပန်းတပွင့်အောက်မှာ
ရိုးတံခိုင်ခိုင်ရှိသလို...

အဲဒီအခါ
လှသန်းရဲ့ကဗျာတွေကို 
ငါ လွမ်းတသသ ဖတ်ရတဲ့အခါ
ငါ့အတွက်တော့ နင်ဟာ 
ထည့်လွမ်းတ,စရာ ရိုးတံညှာ.....

ချစ်တဲ့
မေငြိမ်း

(ဓာတ်ပုံကို ရသအလင်း Face Book Page က ယူပါတယ်)

သူတို့ကို အားပေးဖို့ လိုပါတယ်။



Sep 16, 2011

မိုးနေ့


တပတ်လုံးလုံး မိုးစွေနေတာ..။
ကိုယ့်နားက မြင်ကွင်းအားလုံး မှိုင်းညို့နေပြီး တချိန်တည်းမှာပဲ စိမ်းစိုအေးချမ်းနေတယ်..။ မိုးတွေအဲလို ရေပါပါနဲ့ ဆက်တိုက်ရွာတာကို ဘ၀တလျှောက်လုံး ကြုံခဲ့ဖူးသမျှ တခါမှ စိတ်ပျက်စရာကောင်းလိုက်တာလို့ မတွေးမိခဲ့ဖူးတာကိုလည်း သတိရတယ်။
ဘယ်အရွယ်ကတည်းက မိုးနေ့တွေကို ချစ်ခဲ့တာပါလိမ့်…။
၎နှစ်နီးပါးနေခဲ့တဲ့ ဘားအံ.. ၅နှစ်ကျော်နေခဲ့တဲ့ မော်လမြိုင်.. နှစ်နေရာစလုံးက မိုးကောင်းတဲ့ ဒေသတွေ…။ ရက်ဆက် မိုးတွေ သည်းသည်း ရွာလို့ မိုးရေအေးစက်စက်တွေထဲ လမ်းလျှောက်ရရင် ချမ်းတဲ့ကြားက ပျော်တာပဲ။
ခုလည်း အမေရိကအရှေ့ခြမ်းမှာ မြစ်ရေလျှံတဲ့ထိအောင် မိုးတွေ ကြီးနေပြန်ပြီ။
အိပ်ယာက အိမ်ပေါ်ထပ်မှာမို့ ခေါင်မိုးနဲ့နီးနေတော့ အုတ်ကြွပ်မိုးပေါ် မိုးရေကျသံ တပေါက်ပေါက်ကို ကြားနေရတာ သဘောကျလိုက်တာ။ အိပ်ယာပေါ် စောင်ပုံအောက်ကနေ နားထောင်နေမိတဲ့ မိုးသံဟာ ဘားအံက သစ်သားအိမ်လေးရဲ့ သွပ်မိုးပေါ်ကျတဲ့ အသံနဲ့ ဘာမှမကွာ..
ရွာက အိမ်ရဲ့ အုတ်ကြွပ်ခေါင်မိုးပေါ် ကျတဲ့ အသံနဲ့လည်း တူတူ။
မော်လမြိုင် တောင်ဝိုင်းတက္ကသိုလ်ကျောင်းဝင်းထဲက ဆရာများအိမ်ရာ တန်းလျားလေးရဲ့ ခေါင်မိုးပေါ်က မိုးသံ..
အို… ရန်ကုန်က အမေ့ သစ်သားအိမ်လေးရဲ့ သွပ်မိုးပေါ်ကျတာလည်း ဒီမိုးသံ ပါပဲ..။
ကျမအတွက် မိုးရေစက်တွေနဲ့ မိုးရဲ့ တေးသံတွေဟာ ကမ္ဘာ့အရှေ့ခြမ်းဖြစ်ဖြစ်.. အနောက်ခြမ်းဖြစ်ဖြစ် တူတူပါပဲ။
အေးမြပုံ.. ပြီးတော့ မိုးရနံ့…
ခုဆို အိမ်ရှေ့က စံပယ်ပင်လေးလည်း အဖူးတွေဝေ.. သပြေပင်လေးကလည်း အညွန့်တွေ ချိုးချိုးပြီး ပန်းအိုးနိုင်နိုင်ထိုးပစ် တာတောင် အညွန့်သစ်တွေ တလူလူတက်လို့..။
မိုးအေးအေးနဲ့ ကျမတို့ အိမ်ကလေးထဲမှာ လဘက်ရည်ချိုနှပ်ထားတဲ့ အနံ့လေးနဲ့ အီကြာကွေး ဆီပူထိုးတဲ့အနံ့လေးနဲ့။
ဟော… မျက်နှာချင်း ဆိုင်က အိမ်လေးကို လှမ်းကြည့်လိုက်တော့ ကျမရဲ့ သမီးလိုဖြစ်နေတဲ့ မအိ က ရုံးသွားဖို့ ကားပေါ်တက်နေပြီ။
သမီးရေ.. မိုးအေးတယ်နော်.. အနွေးထည်ဝတ်သွား..။
ပုလဲလေးရော.. ဒီနေ့ ကျောင်းမှာ မအေးစေနဲ့နော်.. လို့ မအိရဲ့ သမီးလေးအတွက်ပါ သတိပေးရင်း ဗမာလို အားရ ပါးရ အော်ခေါ် နှုတ်ဆက်နိုင်ပါသေး။

ညနေဆိုရင်တော့ မအိခင်ပွန်းက အလုပ်ကပြန်ရောက်ပြီမို့ စကားစမြည်ပြောနိုင်ပါသေးတယ်။ သူက ကဗျာရေးတဲ့ လင်းနွေးအိမ်…။ ဘာသာစကားတူသူတွေမို့ ပြောစရာအပုံ…။ ကျမအိမ်ကို ရောက်လာသူတိုင်းကတော့ သူတို့ကို သူတို့ အမေရိကန်ပြည်မှာ ရောက်နေတာကိုတောင် မေ့သွားတယ်တဲ့။
ဟုတ်တာပေါ့ ကျမတို့ ရပ်ကွက်မှာ နီးနီးလေးနေကြတဲ့ ဗမာအိမ်က ၁၀အိမ်မှ မကတာကိုး။ ခဏကြာရင် စာရေးဆရာ ဦးဝင်းဖေ ကားဖြတ်မောင်းသွားမယ်.. မီမီဝင်းဖေလည်း ဘေးမှာ ပါလာလိမ့်မယ်..။
ဟေး ဘာတွေချက်နေလဲ..တဲ့။ ဟော… လှမ်းအော် နှုတ်ဆက်သံ.. အဲဒါ ဒေါ်စီပေါ့.. ဟိုဘက်လမ်းမှာ နေတာ။ မလပြည့်တို့ မောင်လရောင်တို့ အမေ။
ချဉ်ပေါင်ဟင်း ငါးခူကြော်နဲ့ ငပိရည်ကျို ဒေါ်စီရေ လို့ အော်ဖြေရင်း ပြတင်းပေါက် ကနေပဲ လက်ပြန်ပြလိုက်ရတယ်။ လက်ပြန်ပြပြီးချိန်မှာတော့ မျက်နှာကို ချက်ချင်းမလွှဲနိုင်ပါဘူး။ ကျမရှေ့မှာက ခြံဝမှာ စိုက်ထားတဲ့ သပြေပင်ရဲ့ ရွက်နုညိုညိုတွေက ကျမကို မျက်နှာမလွှဲနိုင်အောင် ဖမ်းစားထားတယ်။ မိုးရေစက်တွေအောက်မှာ သပြေညို အညွန့်တွေက ခေါင်းထောင်ကြော့လို့ ။ သူ့ဘေးမှာက အဖူးအငုံတွေ အလုအယက် ဝေနေတဲ့ စပယ်ရုံ..။ နက်ဖန်မနက်ဆိုရင် ဖွေးလှုပ် ကြိုင်လှောက်နေအောင် ပွင့်ကြတော့မှာ…။ ဇီဇ၀ါပင်ကတော့ ဒီမိုးမှာ နည်းနည်း ဆွံ့သွားတယ်။
အိုးထဲ ပွင့်ရလို့ ထင်ပါရဲ့..။ အချုပ်ချယ်ခံရတဲ့ ဘ၀တခုလို.. အစွမ်းကုန် မပွင့်နိုင်.. မဝေဆာနိုင်ရှာတာ…။

လေအေးအေးတသုတ်က ဖျတ်ကနဲ ဝှေ့သွားတယ်။
မိုးနံ့က လတ်ဆတ်သန့်စင်လိုက်တာ။
အိမ်တံခါးကို တွန်းဖွင့်ပြီး ခြံထဲဆင်းတော့ မိုးစက် အေးအေးတွေ ကိုယ်ကို လာပက်ချိန်မှာ 
အသက် ၄၆နှစ် မိန်းမတယောက်ရဲ့ အနေအထားကို မေ့သွားတယ်။ ကျမတသက်လုံး ချစ်ခဲ့ စွဲခဲ့တဲ့ မိုးရေတွေကတောင် ကျမကိုယ်ပေါ်မှာ မပြောင်းမလဲ ရှိနေသေးတာပဲဟာနော်..။ မြက်ခင်းတွေက မိုးရေရွှဲရွှဲကြောင့် ကျမရဲ့ ခြေဖ၀ါးတွေက စိုအိနစ်ဝင်သွားတယ်။
မိုးကောင်းကင်ဆီကို မျက်နှာမော့လိုက်တော့ အေးမြမြမိုးစက်တွေက အပွင့်လိုက် အပေါက်လိုက် ပစ်ပေါက် လိုက်သလို ကျလာတယ်…။ အဲဒီအခိုက် ရင်ထဲမှာ အေးသွားလိုက်တာ..။ လတ်တလောအပူတွေတောင် ငြိမ်းလို့…။
ဘီလ်ကြွေးအပူတွေ… Credit ကြွေးအပူတွေ..
တနေ့ ၂၄နာရီနဲ့တောင် မလောက်နိုင်တဲ့ ဗာဟီရတွေ…
ဟိုးအဝေးကြီးဆီကို လွမ်းဆွတ်ရတဲ့ မိုးနေ့တွေ…
မြသီလာ နေ့ရက်တွေထဲက မိုးနေ့တွေ …
အဖြူစိမ်းဝတ်ကျောင်းတက်ရက် မိုးနေ့တွေ…
အဲဒါတွေ အားလုံးကို မေ့ပျောက်ပြီး မိုးနေ့သက်သက်ကိုသာ ခံစားရတာ…။
ရွာပါမိုးရယ်.. ရွာလိုက်ပါ….။
အဲဒီလို စိမ့်နေ အေးနေအောင် သိပ်သိပ်သည်းသည်း ရွာမှပဲ မိုးလို့ ပီသတော့မပေါ့နော်…။

++++++

မေ့ထားချင်ပေမဲ့လည်း မိုးရေတွေနဲ့အတူ တိုးဝင်လာတဲ့ အတွေးတွေကလည်း ကျမဆီမှာ အလုအယက်..။ ကျမက မိုးသည်းသည်းရွာတာကို ချစ်တယ်လို့ မိုးရေတွေကို ခံစားပျော်ရွှင်နေချိန်မှာ… ခေါင်မိုးအပေါက် မဖာနိုင်လို့ ခေါင်မိုးမလုံတဲ့ အိမ်မှာ နေရတဲ့သူတွေ ဒီ မိုးရေတွေကြောင့် အိပ်မရ စားမရ နေမရသူတွေ… မိုးရေကြောင့် မြစ်ရေလျှံ ရေကြီးတဲ့ ဘေးနဲ့ ကြုံနေရသူတွေ.. ထီးမ၀ယ်နိုင်လို့ မိုးရွာမှာ ကြောက်နေသူတွေ…။ မိုးကြီးလို့ စပါးသီးနှံပျက်မှာ ပူပန်နေကြမယ့် ဦးကြီးတွေ…။ ကျမ တရားပါရဲ့လား…။ ဒါပေမဲ့ ဒါတွေကလည်း မိုးအပြစ်တော့လည်း မဟုတ်ပါဘူးနော်…။ တကယ်လို့များ မိုးများလို့ ရေကြီးတဲ့ ဒုက္ခမျိုး ကြုံရရင်တော့ရော.. ကျမ မိုးကို ချစ်နိုင်ပါဦးမလား…။ မသိတတ်ပြီ။ စိတ်တွေ တောင်စဉ်ရေမရ…။ အဲဒီ လွင့်နေတဲ့ အတွေးတွေက မိုးရွာချိန် လမ်းတွေပေါ် ပြေးထွက်ရင်တော့ မိုးရနံ့အောက်မှာ ငြိမ်ဝပ်သွား ပြန်ပါတယ်..။ အဲလို မိုးက ပြုစားတယ်…။

+++++

ဟော.. မိုးမှုန်တွေ လွင့်လာပြီ…။ တိတ်ဆိတ်နေတဲ့ နေ့လယ်လမ်းပေါ်မှာ ကျမတယောက်တည်း…။ နဘေးမှာ.. ရှဉ့်ညိုလေးတကောင်.. ကျီးကြည့် ကြောင်ကြည့်နဲ့…။ မြက်ခင်းပေါ်မှာ မိုးရေထိလို့ အိနွဲ့နေတဲ့ အရိုင်းပန်းဝါ၀ါလေးတွေက လေနဲ့အတူ ငြိမ့်လို့..။

အဲဒီခဏလေးမှာ… ကျောင်းသွားနေကြတဲ့ သားသမီး ၃ယောက်ကို ခဏမေ့သွား.. အလုပ်ခွင်ထဲက ခင်ပွန်းကို ခဏမေ့သွား… ကျမရဲ့ ဖိစီးတဲ့ အလုပ်တာဝန်တွေကို ခဏမေ့သွား… စိတ်ပျက်စိတ်ညစ်စရာ ခံစားချက်တွေကို မေ့သွား… လက်တွေ့ တဒင်္ဂအချိန်လေးကို ခဏမေ့သွား…။ ပြီးတော့ မိုးမှုန်တွေနဲ့အတူ လွင့်လို့… အဲဒီမိုးမှုန်တွေလို ပြုစားပြီး ကျမကို ဖမ်းစားနိုင်ခဲ့တဲ့ ချစ်မိဖူးသူတယောက်ဆီ စိတ်က ပြေးသွား…။ သူ့ကို မိုး..လို့ တိတ်တိတ်လေး နာမည်ပေး ခေါ်ဝေါ်ခဲ့ဖူးတာကို သတိရမိ…။ မိုး..တဲ့။ အင်း.. နောက်တော့လည်း ကျမနဘေးက မိုးမှုန်တွေလိုပဲ လွင့်သွားခဲ့တာပါပဲ…။

ဒီလိုပါပဲ.. ဘယ်သူမဆို.. ကိုယ့်ရဲ့ အနာဟောင်းလေးတွေကို တခါတခါ တိုက်တိုက်ဆိုင်ဆိုင်လေးတွေ ရှိတဲ့အခါ မတော်တဆ.. သတိရမိကြမှာ...ဟုတ်...။ ကျမကတော့ တခါတခါ ခုလို မိုးတွေရွာနေချိန် တခဏမှာ ပြန်သတိရ.. ပြီးတော့လည်း ပြန်မေ့သွား…။ ခုလည်း အဲလိုပေါ့.. အမှတ်တမဲ့လေး သတိရမိ...။
ဒီတော့လည်း စိတ်ထဲမှာ ခင်ပွန်းသည်ကို အားနာနာနဲ့ ပြုံးပြလိုက်မိပြီး တိုးတိုးလေး ရွတ်လိုက်မိပါတယ်..။ ဒါဟာ…. မိုးက လှည့်စားတာပါကွယ်…လို့…။

Jun 5, 2011

ကျမနဲ့ စိတ်ကူးယဉ်

ငယ်ငယ်လေးကတည်းက ကျမကို စိတ်ကူးတော်တော်ယဉ်တယ်လို့ မှတ်ချက်ချခံရတာကို မကြာခဏ ကြုံခဲ့ဖူးပါတယ်။ အဲလိုမှတ်ချက်ချခံရတိုင်းလည်း ကျမ အမြဲ အလွယ်တကူ ၀န်ခံတတ်ပါတယ်။ ဟုတ်တယ်.. ကျမက စိတ်ကူးယဉ်ရတာကို မွေ့လျော်သူ..။ စိတ်ကူးယဉ်တာနဲ့ ပတ်သက်ရင် အများအားဖြင့် ကောက်ယူတဲ့ အဓိပ္ပါယ်က အဆိုးဘက် နည်းနည်း ကဲတယ် ထင်တာပဲ.. စိတ်ကူးယဉ်သမားတို့.. စိတ်ကူးယဉ်ဆန်လိုက်တာတို့… အဲလိုပြောတတ်ကြတာကိုး..။ ကျမကတော့ စိတ်ကူးယဉ်တာက ဘယ်သူ့ကိုမှ မထိခိုက်ရင် တော်တော် သာယာစရာ ကောင်းတာပဲလို့ ထင်ပါတယ်..။
ကျမငယ်ငယ်လေးကတည်းက တက္ကသိုလ်က ဆရာမ ဖြစ်ချင်တယ်.. အင်္ဂလိပ်စာ.. ဒါမှမဟုတ် မြန်မာစာ ဆရာမလုပ်ချင်တာ..။ ဖေဖေပြောပြတဲ့ နော်လွီဇာဘင်ဆင် နဲ့ Joice Win (နွဲ့ယဉ်ဝင်း)တို့ကို သိပ်အားကျတာ။ မြန်မာစာဆရာမတွေကတော့ အစဉ်အလာကကို နည်းနည်းရိုးကြတယ်။ အလှပြင်ရင်တောင်မှပဲ အငြိမ်ပြင်ကြတာလေ..။ ကျမကတော့ ခေတ်မီတာကို ကြိုက်တယ်..။ ကျမ ဆရာမ ဖြစ်တော့ ထမီတိုလို့.. နားကွင်းဝတ်လို့.. ပခုံးသိုင်းအိတ်ကို အ၀တ်စနဲ့ ချုပ်တဲ့ အိတ်ပျောပျော့ အကြီးကြီးတွေ သုံးလို့ အဆူလည်း ခံရတယ်။ ခါးတိုအင်္ကျီက ခါးနည်းနည်းရှည်ပြီး အင်္ကျီက ပွပွမို့ မသပ်ယပ်ဘူးတဲ့။ အကဲ့ရဲ့လည်း ခံရပါတယ်။ (အင်္ကျီပါးပါးဝတ်တဲ့ဆရာမတွေကျတော့ အဆူမခံရဘူး..)။ ကျမ တော်တော် စိတ်ပျက်ခဲ့ဖူးတယ်။ အဲဒါတွေက ဆရာမဆိုတဲ့ ကာယိနြေ္ဒကို ထိခိုက်တယ်လို့ ခုထိ ကျမ လက်မခံနိုင်သေးဘူး။ အဲဒါနဲ့ ကျမက စိတ်ကူးယဉ်ဆန်တယ်ဆိုတာနဲ့လည်း မဆိုင်ဘူး ထင်တာပဲ..။ ဒါပေမဲ့ ကျမကတော့ ကျမစိတ်ကူးယဉ်ခဲ့ဖူးတဲ့ ဆရာမပုံစံအတိုင်း ရအောင် နေတာပါပဲ…။ ဒီတော့ ပတ်ဝန်းကျင်တခုကို စိတ်ပျက်ပေမဲ့ ကိုယ့်စိတ်ကူးယဉ်ထဲမှာတော့ စိတ်ချမ်းသာတာ အမှန်ပဲ…။
ဒီလိုနဲ့ ကျမ စိတ်ကူးယဉ်တဲ့အတိုင်း.. ပန်းချီဆွဲတာပဲ.. ဂစ်တာတီးတာပဲ… စာရေးတာပဲ.. ကဗျာရေးတာပဲ..။ အောင်မြင်ကျော်ကြားချင်လိုက်တာလို့တော့ တခါမှ စိတ်ကူးမယဉ်ဖူးပါဘူး။ (ဒါကြောင့်ပဲ အားလုံးက ဟိုမရောက်ဒီမရောက်အဆင့်လောက်ပဲ ရှိခဲ့တာ ထင်ပါရဲ့)။ ပြီးတော့ စာရေးဆရာမ လုပ်မယ်လို့ မစဉ်းစားဘဲ စာရေးချင်လိုက်တာလို့ စဉ်းစားပြီး စာတွေရေးတော့ မိတ်ဆွေ သုံးလေးယောက်က မဂ္ဂဇင်းပို့ကြည့်ပါလားဆိုတာနဲ့ ပို့ကြည့်တာပဲ..။ ကံကောင်းလို့ ကိုယ့်စာကို ကြိုက်တဲ့ အယ်ဒီတာတွေက ရွေးလို့ နေရာပေးလို့ အလွယ်တကူ စာရေးဆရာ ဖြစ်လာရပေမဲ့ အဲဒီစာရေးဆရာဘ၀ကို သိပ်ကို မက်မောခဲ့ပါတယ်။ (အမက်မောဆုံးဘ၀ လို့တောင် ပြောရမယ်ထင်တယ်)။ စာရေးတဲ့လောကထဲ လျှမ်းလျှမ်းမတောက်ခဲ့ပေမဲ့ ကိုယ်ရေးခဲ့သမျှက ကိုယ့်ရင်ထဲက လှိုက်လှိုက်လှဲလှဲ ရေးခဲ့တာမို့ ကျေနပ်ပါတယ်။ ဒီတော့ ပြန်ကြည့်မိတော့ ကျမရဲ့ စိတ်ကူးယဉ်တွေကို ကျမ ပိုင်ခွင့်ရခဲ့.. နောက်ထပ်လည်း စိတ်ကူးယဉ်ခွင့်တွေ ရခဲ့ပါလားလို့လည်း ဘ၀ကို အားရမိတာ ၀န်ခံပါတယ်။
++++++
ကံကိုယုံပေမဲ့ ကံထဲပစ်ချလိုက်ဖို့ စိတ်မကူးခဲ့သူမို့.. ဆိုးတဲ့ ဘ၀တခု ရခဲ့ဖူးတာကိုလည်း ဒေါသမဖြစ်ပါဘူး။ အဲဒီဘ၀ထဲကနေ ရသလောက် ပြန်ထူဖို့ကိုလည်း စိတ်ကူးယဉ်ခဲ့ရာကနေပဲ အားမာန်တွေ ရခဲ့တာပဲ..။ ဒီလိုနဲ့ နောက်ထပ် ဘ၀လေးတခု..။ ကံရဲ့ မျက်နှာသာပေးမှုနဲ့ ပျော်စရာ ကျေနပ်စရာ.. ရုန်းရုန်းကန်ကန် ဘ၀လေး။ ပင်ပင်ပန်းပန်းနဲ့ တည်ဆောက်ခဲ့ရလို့မို့ တန်ဖိုးတခုလည်း ရှိနေတာပါ။ စိတ်ကူးထဲမှာ.. ဆင်းရဲရင် ဆင်းရဲပါစေ.. ပင်ပန်းရင် ပင်ပန်းပါစေ..။ သားသမီးတွေနဲ့.. စိတ်ရှည်သည်းခံတဲ့ အိမ်ထောင်ဖက်နဲ့.. ဘယ်လို မတရားမှု မကောင်းမှုမျိုးကိုမှ မကျူးလွန်ရဘဲ စားသောက် နေထိုင် နေနိုင်တဲ့ လောကတခုထဲ နေခွင့်ရရင်တော်ပါပြီလို့ ယဉ်ခဲ့ဖူးတဲ့ စိတ်ကူးထဲက ဘ၀တခုကို အခုရနေတာဟာလည်း စိတ်ချမ်းသာစရာပေါ့..။ ဓမ္မပဒထဲက the more you have to loose ဆိုတာကို သဘောကျဖူးတော့ ဘာမှအပိုင်မရှိတဲ့ဘ၀ထဲမှာ နေသားကျပါတယ်။
တကယ်တော့ ကျမတို့တတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ စိတ်ကူးတွေကိုတော့ တကူးတက ယဉ်သင့်တယ် ထင်ပါရဲ့…။ ပြီးတော့ အဲဒီစိတ်ကူးယဉ်တွေကို အကောင်အထည်ဖော်ဖို့က နောက်တဆင့်ပေါ့..။
+++++
ခုချိန်ထိ.. ကျမမှာ အိမ်ပိုင်တလုံး မရှိ..။ ကားကောင်းကောင်းတစီး မရှိ..။ အပျံစား အိမ်ထောင် ပရိဘောဂတွေ မရှိ…။ ဒါပေမဲ့ ပညာရေးမှာ စိတ်အေးရတဲ့ သားကြီးရှိတယ်.. ၊ နေရာတကာ စပ်စပ် စပ်စပ်ပါပြီး ပါသမျှမှာ ထူးချွန်ဆုရတတ်တဲ့ သမီးလေးတယောက်ရှိတယ်..။ အမေကို အကပ်ဆုံး အချွဲဆုံးနဲ့ အကဲဆုံး သားငယ်လေးတယောက် ရှိတယ်။ မိသားစုအရေးကိုသာ အဓိကထားတဲ့ ခင်ပွန်း ရှိတယ်။ မိသားတစု ဆူလိုက် ပူလိုက် အော်လိုက် ဟစ်လိုက်နဲ့ပေမဲ့ တကယ်တမ်းမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းရှိလှတဲ့ နေချင့်စဖွယ် ၀န်းကျင်လေး ရှိတယ်…။ နောင်ဆို သားမက်နဲ့ ချွေးမတွေ မြေးတွေလည်း ရလာဦးမှာ…..။ နောက်ထပ်ရင်ဆိုင်ရမယ့်… ပြင်ဆင်ထားရမယ့်.. စိတ်ကူးယဉ်ကြည့်ထား ရမယ့် စိမ်ခေါ်ချက် အသစ်အသစ်တွေလည်း အများကြီး…။ ဒါပေမဲ့ ကျမ ရင်ဆိုင်ဖြတ်ကျော် နိုင်မယ်လို့ ယုံတယ်..။ ကျမမှာ အရာရာကို အောင်မြင်နိုင်ဖို့ အင်အားအဖြစ် ချစ်ခြင်းမေတ္တာ ရှိတယ်လေ..။
+++++
ခုချိန်မှာ ကျမ အချစ် လုံးချင်းဝတ္ထုတွေ ပြန်ရေးချင်နေတာ.. တကယ့်အချစ်ကို ရေးတဲ့.. မေတ္တာတရား ပါတဲ့ ၀တ္ထုတွေ ကျမတို့ တိုင်းပြည်မှာ သိပ်နည်းနေတယ်လို့ ထင်တယ်..။ လူငယ်တွေ အချစ်ကို မသိတော့မှာ စိုးတယ်..။ အချစ်ကို သိမှ မေတ္တာတရားကို သိမယ်..။ မေတ္တာတရားကို သိမှ စာနာငဲ့ညှာမှုကို သိမယ်။ စာနာငဲ့ညှာမှုကို သိမှ ကမ္ဘာလောကကို သိမယ်..။ ကမ္ဘာလောကကိုသိမှ….. ငြိမ်းချမ်းရေးကို လိုလားမှာကိုး။ အရေးကြီးဆုံးက လူတွေ ငြိမ်းချမ်းရေးကို ချစ်မက်တတ်ကြဖို့ပဲ မဟုတ်လား..။
မဂျူးက ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါစေ.. ဆိုတဲ့ခေါင်းစဉ်လေးနဲ့ လုံးချင်းထွက်မယ်ဆိုတော့ တကယ့်အချစ်ဝတ္ထုကို ငတ်မွတ်နေတဲ့ကျမ.. ဂျူးရဲ့ အချစ်ဝတ္ထုတပုဒ်ကို မျှော်လင့်မိတာ အမှန်ပါ။ ကျမလက်ထဲ စာအုပ်ကလေးရောက်လာတော့ အငမ်းမရကို စဖတ်တာ..။ ကျမ အငတ်မပြေခဲ့ပါဘူး…။ ကျမ အချက်အလက်တွေ မဖတ်ချင်ဘူး..။ နူးညံ့တဲ့အချစ်ကို ဖတ်ချင်တယ်။ ကျမ သတင်းစကားတွေ မကြားချင်ဘူး..။ လူငယ်နှစ်ယောက်ရဲ့ ခေတ်ထဲက ရင်ခုန်သံကို သိချင်တယ်..။ ရက်စက်ဆိုးယုတ်မှုတွေ.. ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေထဲ အချစ်တခုကို သွပ်ထားတာ မလိုချင်ပါဘူး။ အချစ်ဘ၀ထဲမှာပါလာတဲ့ သိကောင်းစရာလေးတွေကိုပဲ လက်ခံချင်ပါတယ်…။ လူငယ်တွေအတွက် သတင်းစကားတွေလိုအပ်သလို စစ်မှန်တဲ့အချစ်စိတ်ဆိုတာလည်း တန်းတူ လိုအပ်ပါတယ်။ ချစ်တယ်..လို့ မပါတဲ့ အချစ်ဝတ္ထုက ဆန်းကောင်း ဆန်းလိမ့်မယ်..။ ကျမကတော့ ချစ်တယ်ဆိုတဲ့စကားလေး ရှားပါးလာတာကိုသာ နှမျောပါတယ်။
ဒါနဲ့ပဲ အချစ်ဝတ္ထု..
တကယ့်ကို သိမ်သိမ်မွေ့မွေ့ရှိတဲ့ အချစ်..
ဘယ်လို တိုးတက်တဲ့ ခေတ်ဖြစ်ပါစေ.. ရိုးမသွားရတဲ့အချစ်..
ဘယ်လို ရုပ်ဝတ္ထုတွေထွန်းကားပါစေ.. အဆန်းမထွင်တဲ့ ရိုးရိုးသားသားအချစ်..
ဘယ်လို ရက်စက်မှုတွေရှိပါစေ… ပျောက်ကွယ်မသွားနိုင်တဲ့ လေးလေးနက်နက်အချစ်တွေ..
တကယ်ပဲ ကျမတို့ ၀န်းကျင်မှာ မရှိတော့ဘူးလား..
မရှိတော့ရင်ကော ကျမတို့က မသိချင်ယောင်ဆောင်နေကြမလား…
အချစ်က အရေးကြီးသလား။
အချစ်က အရေးမကြီးဘူးလား…
+++++
ခုတော့ဖြင့် ကျမရဲ့ စိတ်ကူးယဉ်ထဲမှာ.. အချစ်ဝတ္ထုတွေ ပြန်ရေးနေပါပြီ..။
ပြီးတော့ လှပသပ်ယပ်တဲ့ အပြင်အဆင်နဲ့.. စက္ကူသားကောင်းကောင်းနဲ့..
လှပတဲ့ ပန်းချီအဖုံးနဲ့..
ဖြစ်နိုင်ရင် ရေမျှောပန်းချီကို မျက်နှာဖုံးလုပ်လို့..
စာအုပ်ပြန်ထုတ်ချင်သေးတာပါ…။
ချိုတူးဇော်ရေ..
ခေတ်ကြီး ဘာဖြစ်နေနေ.. အနည်းဆုံး ချစ်ခြင်းမေတ္တာလေး ရှိနေသေးရင်တော့ လောကကြီးကပဲ လှသယောင်နဲ့ နေသာထိုင်သာ ရှိနိုင်မယ်မဟုတ်လားဟေ….။
၎ ဇွန်လ ၂၀၁၁။