Aug 17, 2017

မိုးရေ..


ကိုယ့်နားက မြင်ကွင်းအားလုံး မှိုင်းညို့နေပြီး တချိန်တည်းမှာပဲ စိမ်းစိုအေးချမ်းနေတယ်..။ မိုးတွေအဲလို ရေပါပါနဲ့ ဆက်တိုက်ရွာတာကို ဘ၀တလျှောက်လုံး ကြုံခဲ့ဖူးသမျှ တခါမှ စိတ်ပျက်စရာကောင်းလိုက်တာလို့ မတွေးမိခဲ့ဖူးတာကိုလည်း သတိရတယ်။
ဘယ်အရွယ်ကတည်းက မိုးနေ့တွေကို ချစ်ခဲ့တာပါလိမ့်…။
ကျမက မိုးနဲ့ပတ်သက်ရင်…
မိုးစက်မိုးပေါက်တွေ..
အပြိုင်အဆိုင်ပွင့်ကြတဲ့ပန်းတွေ..
မိုးရေစိုတဲ့ တောင်ပံတွေကို ဖွားဖွားထအောင် သုတ်သင်ခါထုတ်နေတဲ့ ငှက်ကလေးတွေ..
ပြီးတော့ မိုးရဲ့ရနံ့ ..မိုးရဲ့ လေပြေ.. မိုးရဲ့ အငွေ့အသက်.. မိုး ဆိုတဲ့ အမည်နာမ.. အားလုံးကို ချစ်တာ။
မိုးတွေ သည်းသည်းရွာပြီဆို.. ခုချိန် အသက် ၅၀ကျော်ထိအောင် ကျမ ငြိမ်ပြီး စိတ်ကူးယဉ် ကောင်းတုန်း။
ဒါပေမဲ့ မိုးကို အနုစိတ် ခံစားတတ်လာတာကတော့ အရွယ်ရောက်မှပါ။
အထူးသဖြင့်ပြောရရင်တော့.. တက္ကသိုလ်ရောက်မှ။
ကျောင်းသူဘ၀.. မိုးရွာပြီဆို.. အင်းလျားကန်ဘောင်ဆီ အပြေးသွားပြီး မိုးရေတွေ ရေပြင်ပေါ် မြားတံ လို ကျနေတာကို ခဏခဏ ထိုင်ကြည့်ဖူး။
၈၈ မတိုင်ခင်... တံတားဖြူက ခရမ်းပြာဆိုတဲ့ လဘက်ရည်ဆိုင်လေးထဲမှာ ထိုင်ရင်း မိုးသည်းသည်းအောက်က ကန်ပေါင်ဆီကို ဆိုင်လေးရဲ့ နံရံသစ်ချောင်းတိုင် ကျဲကျဲတွေကြားကနေ ငေးရင်း ကျမရဲ့ ပထမဆုံး လုံးချင်းဝတ္ထု သီချင်းနှင်းဆီကို ရေးခဲ့တာ ..။
အဲသည်တုန်းက … ခရမ်းပြာမှာ.. ကိုနေ၀င်း ရှိတတ်တယ်။ ကိုရဲလွင် ရှိတတ်တယ်။ တခါတခါ ကိုခင်ဝမ်း ရှိ တတ်တယ်။ တခါတခါ ခိုင်ထူး ရှိတတ်တယ်။ အဲဒီလူတွေကို နတ်ဘုရားလို ယုံကြည် ကိုးကွယ်ကြတဲ့၊ ရန်ကုန် တက္ကသိုလ်ထဲက စာရေးဆရာ ကဗျာဆရာ ပေါက်စတွေ ရှိတယ်။ အဲဒီထဲမှာ စာရေးဆရာပေါက်စ.. ကဗျာရေး သူ ပေါက်စ.. တစ်ဦးတည်းသော မိန်းကလေး..ကျမ ရှိတယ်။ ခရမ်းပြာဟာ..စာပေ ဂီတ စတဲ့ အနုပညာတို့ ဆုံရာ အရပ်လေးတခု။ မိုးသည်းတဲ့နေ့တွေဆို တဆိုင် လုံး စားပွဲပြည့် လူရှိနေပါလျက်နဲ့ လူမရှိသလို ငြိမ်တိတ် အေးချမ်း..သီချင်းအေးအေးသံလေး တချို့သာ လွင့်ပျံနေတတ်တာ။
၎နှစ်နီးပါးနေခဲ့တဲ့ ဘားအံ.. ၅နှစ်ကျော်နေခဲ့တဲ့ မော်လမြိုင်.. နှစ်နေရာစလုံးက မိုးကောင်းတဲ့ ဒေသတွေ…။ ရက်ဆက် မိုးတွေ သည်းသည်း ရွာလို့ မိုးရေအေးစက်စက်တွေထဲ လမ်းလျှောက်ရရင် ချမ်းတဲ့ကြားက ပျော် ခဲ့ ရတာပါပဲ။ မော်လမြိုင်မှာတုန်းကဆို .. မိုးတွေ သိပ်ရွာမှပဲ တမင်တကာ ဘယ်သူမှ မရှိတဲ့ စက်စဲကမ်းခြေဘက်သွားပြီး မိုးသံ လေသံ တဝုန်းဝုန်းကို မခိုင့်တခိုင် ဗိုလ်တဲလေးရဲ့ ပြတင်းပေါက်က ငေးရင်း နေခဲ့သေးတာ။ ခုတောင် မျက်နှာပေါ် မြားတံလို ခပ်ပြင်းပြင်းလာစိုက်တဲ့ မိုးစက်တွေရဲ့ အတွေ့ကို ပြန် ခံစားလာရသေး။
++++
ခုလည်း ဇာတိမြေနဲ့ အဝေးကြီးမှာ ရေခြား မြေခြားမှာ ဆိုပေမဲ့ ရေမြေက တူတူလို .. မိုးစက်တွေ အဖြူပဲ… မိုးရေအောက်က ပန်းတွေလည်း မိုးစက်တွေလေးအိလို့ မျက်ရည်တွေ တွဲရဲခိုနေသလို လွမ်းစရာ ကောင်းတာလည်း တူတူပဲ။
အိမ်ခေါင်မိုး အုတ်ကြွပ်မိုးပေါ် မိုးရေကျသံ တပေါက်ပေါက်ကို ကြားနေရတာ သဘောကျလိုက်တာ။ အိပ်ရာပေါ် စောင်ပုံအောက်ကနေ နားထောင်နေမိတဲ့ မိုးသံဟာ ဘားအံက သစ်သားအိမ်လေးရဲ့ သွပ်မိုးပေါ်ကျတဲ့ အသံနဲ့ ဘာမှမကွာ..
ရွာက အိမ်ရဲ့ အုတ်ကြွပ်ခေါင်မိုးပေါ် ကျတဲ့ အသံနဲ့လည်း တူတူ။
မော်လမြိုင် တောင်ဝိုင်းတက္ကသိုလ်ကျောင်းဝင်းထဲက ဆရာများအိမ်ရာ တန်းလျားလေးရဲ့ ခေါင်မိုးပေါ်က မိုးသံ..
အို… ရန်ကုန်က အမေ့ သစ်သားအိမ်လေးရဲ့ သွပ်မိုးပေါ်ကျတာလည်း ဒီမိုးသံ ပါပဲ..။
ကျမအတွက် မိုးရေစက်တွေနဲ့ မိုးရဲ့ တေးသံတွေဟာ ကမ္ဘာ့အရှေ့ ခြမ်းဖြစ်ဖြစ်.. အနောက်ခြမ်းဖြစ်ဖြစ် တူတူပါပဲ။
အေးမြပုံ.. ပြီးတော့ မိုးရနံ့…
ခုဆို အိမ်ရှေ့က စံပယ်ပင်လေးလည်း အဖူးတွေဝေ.. သပြေပင်လေးကလည်း အညွန့်တွေ ချိုးချိုးပြီး ပန်းအိုး နိုင်နိုင်ထိုးပစ် တာတောင် အညွန့်သစ်တွေ တလူလူတက်လို့..။
ဟော… မျက်နှာချင်း ဆိုင်က အိမ်လေးကို လှမ်းကြည့်လိုက်တော့ ပန်းအိရုံလေးက မိုးစက်တွေ အောက်မှာ အိုင့်ကျနေတာ.. ရန်ကုန်တက္ကသိုလ် ဓမ္မာရုံဘေးက ပန်းအိရုံလေးနဲ့ ဘာမှမကွာ..။
ကျမရှေ့မှာက ခြံဝမှာ စိုက်ထားတဲ့ သပြေပင်ရဲ့ ရွက်နုညိုညိုတွေက ကျမကို မျက်နှာမလွှဲနိုင်အောင် ဖမ်းစားထားတယ်။ မိုးရေစက်တွေအောက်မှာ သပြေညို အညွန့်တွေကတော့ ခေါင်းထောင်ကြော့လို့ ။ သူ့ဘေးမှာက အဖူးအငုံတွေ အလုအယက် ဝေနေတဲ့ စပယ်ရုံ..။ နက်ဖန်မနက်ဆိုရင် ဖွေးလှုပ် ကြိုင်လှောက်နေအောင် ပွင့်ကြတော့မှာ…။ ဇီဇ၀ါပင်ကတော့ ဒီမိုးမှာ နည်းနည်း ဆွံ့သွားတယ်။
အိုးထဲ ပွင့်ရလို့ ထင်ပါရဲ့..။ အချုပ်ချယ်ခံရတဲ့ ဘ၀တခုလို.. အစွမ်းကုန် မပွင့်နိုင်.. မဝေဆာနိုင် ရှာတာ…။
လေအေးအေးတသုတ်က ဖျတ်ကနဲ ဝှေ့သွားတယ်။
မိုးနံ့က လတ်ဆတ်သန့်စင်လိုက်တာ။
အိမ်တံခါးကို တွန်းဖွင့်ပြီး ခြံထဲဆင်းတော့ မိုးစက် အေးအေးတွေ ကိုယ်ကို လာပက်ချိန်မှာ အသက် ၅၀ကျော် မိန်းမတယောက်ရဲ့ အနေအထားကို မေ့သွားတယ်။ ကျမတသက်လုံး ချစ်ခဲ့ စွဲလမ်းခဲ့တဲ့ မိုးရေတွေကတောင် ကျမကိုယ်ပေါ်မှာ မပြောင်းမလဲ ရှိနေသေးတာပဲဟာနော်..။ မြက်ခင်းထဲ မိုးရေ ရွှဲရွှဲကြောင့် ကျမရဲ့ ခြေဖ၀ါးတွေက စိုအိနစ်ဝင်သွားတယ်။
မိုးကောင်းကင်ဆီကို မျက်နှာမော့လိုက်တော့ အေးမြမြမိုးစက်တွေက အပွင့်လိုက် အပေါက်လိုက် ပစ်ပေါက် လိုက်သလို ကျလာတယ်…။ အဲဒီအခိုက် ရင်ထဲမှာ အေးသွားလိုက်တာ..။ လတ်တလောအပူတွေတောင် ငြိမ်းလို့…။
ကိုယ့်မြေကို ပစ်ပြီး ထွက်သွားခဲ့တာ ဆိုတဲ့ ပြစ်တင်ဝေဖန်သံတွေ…
သာတောင့်သာယာနောက်ကို မကြောက်မလန့် လိုက်သွားခဲ့တဲ့ လောဘ တဲ့။
နယ်စည်းမခြား အနုပညာသမား.. ဆိုတာလေးကို သတိရမိပြန်တော့.. စိတ်ကူးယဉ်သာယာချင်သူခမျာ မလွတ်လပ်မှုကို ဘယ်လိုမှ သည်းမခံနိုင်ခဲ့တာပါလို့ .. တစ်ယောက်တည်း ကျိတ်ကြေကွဲခဲ့သမျှ… ခုလို မိုးရေအောက်မှာ တော့ အပူတွေ ငြိမ်းသွားသလို။
ခနနေလို့ အိမ်ထဲ ပြန်ဝင်တဲ့အခါ ဗလ ရဲ့ မိုးသံတွေကြားမှာ စန္ဒယားတီးကြမယ်သီချင်း ကို အကျယ်ကြီး ဖွင့်ပြီး နားထောင်ချင်သေးတာ။
အဲဒီအခါ…
ဟိုးအဝေးကြီးဆီကို လွမ်းဆွတ်ရတဲ့ မိုးနေ့တွေ…
ကြုံခဲ့ဖူးတဲ့ မိုးရေတွေကြားက မုန်တိုင်းဆန်ခဲ့တဲ့ အမိုးအကာမဲ့ ဘဝတစ်ခု..
ညစ်ညစ်ပတ်ပတ်မိုးရေတွေထဲ ရုန်းခဲ့ရတဲ့ မြို့ပြရဲ့ လမ်းတွေ..
ဒီမိုးကာလတွေထဲ ဒဏ်ရာအနာတရအထိမ်းအမှတ်တွေလည်း ရှိခဲ့ကြတာပဲ။
ဒါပေမဲ့လေ.. ဘယ်လောက်ပဲ မိုးကြောင့် နာကျင်ခံစားခဲ့ရတာတွေ ရှိခဲ့လည်း မိုးစက်တွေကို ထိတွေ့ရတိုင်းမှာတော့ မိုးရဲ့ အေးမြ ဖြူစင်မှုကိုသာ ခံစားပါတယ်။ မိုးက အပြစ်မရှိပါကွယ်..။
ရွာပါမိုးရယ်.. ရွာလိုက်ပါ….။
အဲဒီလို စိမ့်နေ အေးနေအောင် သိပ်သိပ်သည်းသည်း ရွာမှပဲ မိုးလို့ ပီသတော့မပေါ့နော်…။
++++++
ဟော.. မိုးသည်းသည်းက တဖြည်းဖြည်း ပါးသွားတယ်။ လေတချက် အဝှေ့မှာ မိုးမှုန်တွေ လွင့်လာ…။ တိတ်ဆိတ်နေတဲ့ နေ့လယ်လမ်းပေါ်မှာ ကျမတယောက်တည်း…။ နဘေးမှာ.. ရှဉ့်ညိုလေးတကောင်.. ကျီးကြည့် ကြောင်ကြည့်နဲ့…။ မြက်ခင်းပေါ်မှာ မိုးရေထိလို့ အိနွဲ့နေတဲ့ အရိုင်းပန်း ၀ါဝါ လေး တွေက လေနဲ့အတူ ငြိမ့်လို့..။
အဲဒီခဏလေးမှာ… ရှိရှိသမျှ စိတ်ဖိစီးမှုတွေကို ခဏမေ့သွား… စိတ်ပျက်စိတ်ညစ်စရာ ခံစားချက်တွေကို မေ့သွား… လက်တွေ့ တဒင်္ဂအချိန်လေးကို ခဏမေ့သွား…။ ပြီးတော့ မိုးမှုန်တွေနဲ့အတူ လွင့်လို့… အဲဒီ မိုးမှုန် တွေ ရဲ့ လှည့်စားမှုထဲမှာ ကျမက ဘာပညတ်မှ ရှိမနေတဲ့ မြေပေါ်က ပကတိလူသားတစ်ယောက်သာပဲ။ မကောင်းဘူးလား။
+++++
ဖြစ်ချင်တော့ ဒီမိုးက ကမ္ဘာ့အနောက်ခြမ်းရဲ့ နွေခေါင်ခေါင်ထဲ ရွာတဲ့မိုးပါ.. ကိုယ်ကပဲ ခံစားတတ်သူမို့ထင်ပါရဲ့ မိုးဟာ ကိုယ့်အပါးမှာပဲ ငြိမ့်ငြိမ့်လေး တမင်ရွာနေသလို..
အဆိုတော်ဗလကတော့ .. ဆိုခဲ့တယ်.. ယဉ်တကိုယ်မိုးတဲ့…။ ရင်မှာ တမင်လာ ရွာတဲ့မိုးလား.. အလည်လွန်သူရဲ့ ခြေဆန့်ခရီးလား.. တုန်ရီနေပြီ အမှတ်တရ နိမိတ်ပုံထဲ..
++++
မိုးက သူ့ဘာသူရွာပေမဲ့ ခံစားသူအပေါ်လိုက်ပြီး လွမ်းစရာ ကောင်းလိုက်.. ပျော်စရာကောင်း လိုက်.. တမ်းတစရာကောင်းလိုက်.. ကြောက်စရာကောင်းလိုက်.. တခါ တခါ ကျတော့ မိုးရေတွေထဲ နောင်တ တွေလည်း ပါလာတတ်သေးတာ။ နောင်တတွေကို အတင်းဇွတ်မေ့ပစ်တော့ ကဗျာတစ်ပုဒ်ရတယ်။ ကဗျာက ထားခဲ့ရသူတွေကို မေ့လိုက်ချင်တဲ့ ကဗျာပေါ့။
အဲလို ခွေခွေခေါက်ခေါက်နဲ့
အဲဒီထောင့်ချိုးလေးထဲမှာ
ပိတ်မိနေတာလား
ပိတ်ထားနေတာလား
ဆုံခြင်းဆိုတာက အဲလို ကြေးကြီးသလား
ချစ်ခြင်းတွေအများကြီး ပေးရုံနဲ့ မလုံလောက်ဘူးလား
ငြိတွယ်ခြင်း နဲ့ တံတားထိုးရုံနဲ့လည်း မရောက်နိုင်ဘူးလား..
အမြဲလို…. ကြည်ရွှင် သာယာခြင်းတွေနဲ့ ဝေးလံသီခေါင်ရ
ဒုက္ခသစ္စာအကြောင်း ကောင်းကောင်းသိပါပြီဆိုလည်း သက်သာရာမရ
နောင်တမှာ နောက်မကျခဲ့လည်း
ကံတရားရဲ့နောက်ကျမှုထဲ အဖန်ဖန်
ဘယ်လောက်မှမလိုပါဘူး..
စိမ်းလန်းသော မိုးရက်တွေထဲ..
လွမ်းဆွတ်ခြင်းဘာဝနာကို အေးအေးမြမြ မှတ်နိုင်ရုံ… ။

ကဗျာကို နာမည်တော့ မပေးဖြစ်တော့ဘူး။

၉ ဇူလိုင် ၂၀၁၇။