Jul 23, 2017

ချစ်ရသူတွေကို လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ



အဲဒီမနက်ခင်းမှာ မိုးဖွဲဖွဲလေး ရွာတယ်။ မိုးရွာတာကို အင်မတန်ကြိုက်တဲ့ ကျမအတွက်တော့ ဟားဗတ်မြေကို နင်းတဲ့နေ့မှာ မိုးရွာနေတာကိုက ကျမနှလုံးသားထဲက သံမှိုတစ်ပွင့်ဖြစ်တဲ့ မြသီလာကို ပို သတိရစရာဖြစ်စေ ခဲ့တာပေါ့။ အမေရိကန်တို့ရဲ့ ဟားဗတ်ကရော.. သူတို့အတွက်တော့ စိမ်းလန်းအေးမြသော ကျောင်းတော်ရာပဲ မဟုတ်လား။ တက္ကသီလ.. ကောင်းသော အကျင့်အကြံတို့ ရှာမှီးရာ ဆိုတဲ့အဓိပ္ပါယ်ရရာ တက္ကသိုလ်။ လန်းဆန်းတက်ကြွမှုတို့ ရှင်သန်ရာ မြေ။

တကယ်တမ်း သူ့မြေကို စနင်းချိန်မှာ လူတကာက သူ့ရုပ်တုရဲ့ ခြေထောက်ကို ကိုင်ရင် ဟားဗတ်ကို ပြန်လာရ တယ် လို့ ယုံကြတဲ့ ဟားဗတ်တက္ကသိုလ်အဓိပတိကြီး John Harvard ထက် ကျမ သတိရနေတာက Mark Zukerburg ကိုပါ။ အဲဒီ လူငယ်လေးက ကမ္ဘာ့လူသန်းပေါင်းများစွာကို လွှမ်းမိုးသွားတဲ့ facebook Network ကို သူ့သူငယ်ချင်းတွေနဲ့အတူ ဒီမြေပေါ်မှာပဲ စတင် ဖွင့်လှစ်ခဲ့တာ။ အဲဒီ ၂၀၀၄ တုန်းကဆို Mark က အသက် ၂၀ တောင် မပြည့်သေးတာ။ အဲဒီလူငယ်လေးရဲ့ ထွင်လိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဘယ်လို ပွင့်လန်းခဲ့သလဲ.. ဘာကြောင့် ပွင့်လန်းခဲ့လဲ.. အဲလို စဉ်းစားမိချိန်မှာ ကျမ မျက်ရည်လည်လာမိတာ ဘာကြောင့်လဲ မသိပါ။ ဟားဗတ်က အဲလိုနဲ့ ကျမကို စတင်ညှို့ယူခဲ့ပါတယ်။

သစ်တော်ပင်တွေနဲ့ စခဲ့တဲ့ ဒီကျောင်းဝင်းကြီးမှာ Ivy နွယ်ပင်တွေ လှလှပပ တွယ်တက်နေတဲ့ ရှေးကျ ခန့်ညား တဲ့ အဆောက်အဦးကြီးတွေရှေ့မှာ ကျမဟာ တိုးတိတ် ငြိမ်ဝပ်သွားခဲ့ရတယ်..။ မခြောက်သွေ့ပါဘဲနဲ့ အေးချမ်း ဆိတ်ငြိမ်နေတဲ့ ကျောင်းဝင်းဟာ တိတ်တဆိတ်နဲ့ပဲ အရှိန်အဝါကြီး လှတယ်။ ကျောင်းပိတ်ရက်မို့ ကျောင်းဝင်း က တိတ်ဆိတ်နေပေမဲ့ ကြီးမားခန့်ထည်လှတဲ့ စာကြည့်တိုက်ကြီးနဲ့ သေသပ်တဲ့ သစ်ပင်အုပ်တွေထဲမှာ ဒီဒီ တို့ ဂျေဆန်တို့ အီလီယော့ တို့ သီအိုဒို တို့ရဲ့ စကားသံတွေ ကျမ ကြားတယ်။ ပါမောက္ခ ဂျွန်ဖင်လေ ရဲ့ ဂန္ဓဝင် စာပေ ပို့ချနေတဲ့ အသံကြားတယ်။ ဒင်နီ ရဲ့ စန္ဒယားသံကိုလည်း တိုးသဲ့သဲ့ကြားတယ်။
တချက်တချက်တော့ ဒီလမ်းတွေပေါ် ဘရက်အိုဘားမားလည်း လျှောက်ခဲ့တာပဲ.. ဘီလ်ဂိတ်လည်း လျှောက်ခဲ့ တာပဲ။ မာ့ခ် ဇူကာဘတ် ရဲ့ ခြေရာ တွေလည်း လတ်ဆတ်တုန်း ရှိဦးမှာလို့ သတိရတယ်။ တနေရာမှာတော့ အနီ အဝါ လိမ်မော် အရောင် ၃မျိုး ရောနေတဲ့ မေပယ်ပင်ကို ငုံထားးတဲ့ အဆောက်အဦး လေးတစ်ခုကို တွေ့လို့ အနားကပ်သွားကြည့်တော့ ပြုံးနေတဲ့ JFK ကို တွေ့တယ်။ JFK’s Harvard , Harvard’s JFK တဲ့လေ။ အမေရိကန် ရဲ့ သမ္မတ ၈ ယောက်ကို မွေးထုတ်ခဲ့တဲ့ ဒီကျောင်းကြီးမှာ JFK ကို အထူးတလည်ဆန်ဆန် တွေ့ လိုက် ရတာ စိတ်လှုပ်ရှားစရာပါပဲ။

ဟားဗတ်ရဲ့ လမ်းတွေပေါ် လျှောက်ရင်း ကျောင်းအဆောက်အဦးတွေရဲ့ ဟိတ်ဟန်ကလွဲလို့ ဘာပကာသန အခင်းအကျင်းအပြင်အဆင်မှ ရှိမနေတဲ့ သဘာဝသစ်ပင် ပန်းပင်တွေထဲ သာယာနေတဲ့ ဒီ ရှေးအကျဆုံး ကမ္ဘာ့ အကျော်ကြားဆုံး ကျောင်းကြီးဟာ ပကတိရိုးစင်းတဲ့ အပြင်အဆင်နဲ့ ဂန္ဓဝင်ဆန်လိုက်လေ။ အဲဒီ သစ်တော် ပင် တွေ မေပယ်ပင်တွေအောက်မှာ သူတို့တွေ လဲလျောင်းရင်း ထွင်ဥာဏ်တွေ စိတ်ကူးဥာဏ်တွေ ကွန့်မြူးလာ ခဲ့ကြလေသလား။ ရုတ်တရက် ရလာတဲ့စိတ်ကူးထဲမှာ ကိုးကားလေ့လာစရာများလိုလာရင် အပြေးလေး သွား ရှာဖတ်စရာ စာကြည့်တိုက် ၇၀ ကျော်က အဆင်သင့် ရှိနေလေတော့ ဘာမှ ကြောင့်ကြစရာမလိုဘဲ ဆက်ပွားများ ရုံပေါ့။ အဲဒီအခါ ဒီကျောင်းဝင်းထဲ စာကြည့်တိုက်ပေါင်း ၈၀ နီးပါး ရှိတယ်ဆိုတဲ့ အသိကလည်း ကျမကို သိမ်ငယ်စိတ်နဲ့အတူ ကြည်ညို အားကျ စိတ်ကိုပါ ဖြစ်ပေါ်နေစေခဲ့ပါတယ်။ သုတေသနလုပ်လိုတဲ့သူတွေကို အထူးပံ့ပိုးတဲ့ ကျောင်း ဆိုတဲ့ အသိ ဟာ ကျမရဲ့ အလွမ်းတွေကို တိုးစေတယ်။ ကျေးဇူးပြုပြီး ဘယ်သူတွေကို လွမ်းသလဲ မမေးပါနဲ့။ ဘယ်ကို လွမ်းသလဲ မမေးပါနဲ့။

ဒီလိုပြောတော့ဖြင့် ဟားဗတ် ဆိုတာက ချမ်းသာကြွယ်ဝသူတို့ရဲ့ ကျောင်းကိုးလို့ ပြောစရာ ရှိလာပါမယ်။ ကျမ သိသလောက်တော့ ချမ်းသာကြွယ်ဝသူတွေ ဈေးကြီးပေးပြီး တက်ရတဲ့ ဒီကျောင်းဟာ ငွေကြေးမတတ်နိုင်တဲ့ ထူးချွန်ကျောင်းသားတွေကိုလည်း ကူညီထောက်ပံ့ကြေးတွေ.. ထူးချွန်ဆုကြေးတွေ ပေးပြီး ပညာသင်ပေးတဲ့ အစီစဉ်တွေလည်း ရှိတာပါ။ ဟိုးဟိုးကျော်လောက်အောင် တော်ဖို့ တတ်ဖို့တော့လည်း လိုပါလိမ့်မယ်။ ဒါကြောင့်ပဲ ဟားဗတ်ဟာ သိပ္ပံပညာရှင် အကျော်အမော်တွေ .. နိုဘဲ ဆုရှင်တွေ .. တီထွင်သူတွေ .. ပါရမီရှင် အနုပညာသမားတွေ .. သန်းကြွယ်သူဌေးတွေ..အများကြီး ပေါက်ဖွားခဲ့ရာ မြေလည်း ဖြစ်လာတာပါ။ ဒါကြောင့် ပဲ ဟားဗတ်ဟာ အမေရိကန်ပြည်ရဲ့ ဟားဗတ်ပေမဲ့ ကမ္ဘာ့နှလုံးသားတွေ ပျိုးထောင်ရာမြေ ဆိုလည်း မမှား လောက်ဘူး ထင်ပါတယ်။

++++

ဟားဗတ်မှာ ကံကော်ပင်တွေ .. စိန်ပန်းပင်တွေ.. ရေတမာပင်တွေ မရှိပေမဲ့ ချစ်သူစုံတွဲတွေတော့ ရှိမှာပါ။ ဒါပေမဲ့ တံခါးတွေ ဖွင့်ထားတဲ့ ကျောင်းကြီးရဲ့ အကြိုအကြားတွေ သစ်ပင်အုပ်တွေကြားမှာ ထီးတွေကွယ်ထားတဲ့ ချစ်သူစုံတွဲတွေတော့ ရှိမနေပါဘူး။ ဟားဗတ်တဝိုက်မှာ ကျမ တွေ့ခွင့်ရခဲ့သလောက်တော့ လွတ်လပ်ပေါ့ပါးတဲ့ ဟန်နဲ့ လူငယ်လေးတွေ။ အနည်းဆုံး စာအုပ်တစ်အုပ် လက်မှာကိုင်ထားတဲ့ လူငယ် လူလတ် လူကြီးတွေ..။ ဟားဗတ် တဝိုက်မှာ အမှိုက်ပုံးတွေ.. ထရန်စဖော်မာသေတ္တာတွေ.. လမ်းဘေးက ခုံတန်းလေးတွေမှာ ပန်းချီတွေ ရေးထား တာ.. ဂရပ်ဖတီတွေ ဆွဲထားတာ တစ်ခုမလပ်။ ဟားဗတ်လမ်းပေါ်က ကော်ဖီဆိုင်.. အအေးဆိုင်လေးတွေက ပန်းခြံအသေးစားလေးတွေလို .. အပြင်အဆင်နဲ့။ ဟားဗတ်ပရိဝုဏ်ဟာ ပန်းချီကားပဲ။
Ivy နွယ်တွေ တက်နေတဲ့ တိုက်တာ နံရံတွေ.. အနားမညီတော့တဲ့ ပြတင်းပေါက်ဘောင်လေးတွေကိုတောင် ပြန် မတည့်ဘဲ စနစ်တကျ ထိန်းသိမ်း ထားတဲ့ ၁၇ ရာစုက အဆောက်အဦးတွေဟာ အဟောင်းရဲ့ ဂန္ဓဝင် အလှနဲ့။ ဒီဝန်းကျင်တဝိုက်မှာ ခဏတာ လမ်း လျှောက်ရင်း ကျမတောင် ဆွတ်ပျံ့တဲ့ ခံစားချက်နဲ့ ကဗျာတွေ စာတွေ ရေးချင်စိတ်တွေ စိမ့်ဝင်လာတယ် ဆိုမှ တော့.. ဒီဝန်းကျင်မှာ နှစ်နဲ့ချီနေခွင့်ရခဲ့သူတွေ .. အထူးသဖြင့် သူတို့ဟာ ကမ္ဘာ့အတော်ဆုံး ကျောင်းသား တွေလည်း ဖြစ်တာမို့ ဘယ်လောက်များ ကောင်းကျိုးပညာ အဖြာဖြာတွေ တိုးပွားခဲ့ကြလေမလဲ။ ဒါဟာ ကျမ အတွက်တော့ မျက်ရည်စို့စရာ အလွမ်းတစ်ခုပါပဲ။

ဟားဗတ်ထံပါးမှာ ပညာရပ်တွေရဲ့ ဖိအားကြောင့် စိတ်ဖိစီးခဲ့ကြသူတွေလည်း ရှိခဲ့မှာ ဆိုပေမဲ့ အောင်မြင်သူနဲ့ ကျရှုံးသူမှာ အောင်မြင်သူတွေများခဲ့လို့သာ ဟားဗတ် ဟာ ဟားဗတ်ဖြစ်နေတာ မဟုတ်လား။ ကျောင်းကောင်း ဆိုတာဟာ ကိုယ်နှစ်သက်ရာ ဘယ်လို ပညာရပ်ကို မဆို .. စိတ်ကြိုက် လေ့လာသင်ယူခွင့်၊ စိတ်ကြိုက် ဆင့်ပွား ဖန်တီးခွင့် ၊ စိတ်ကြိုက် ရှာဖွေဆည်းပူးခွင့် နဲ့ စိတ်ကြိုက် ထုတ်ဖော်ပြောဆိုတင်ပြခွင့်တွေ အပြည့်အဝရှိရာ အရပ် ပါ။ ဒါကပဲ ကျောင်းပညာရေးရဲ့ ပန်းတိုင်.. ရည်မှန်းချက် မဟုတ်လား။ အနည်းဆုံးတော့ ဒါဟာ ပညာရေး နဲ့ ပတ်သက်တဲ့ စေတနာလည်း ဖြစ်ပါတယ်။ အဲဒီ စေတနာကို ဟားဗတ်ရဲ့ ပရိဝုဏ်ထဲမှာ ကျမ အလိုလို နားလည် ခံစားရတယ်။

ဟားဗတ်ရဲ့ ဝိဉာဉ်တွေကပဲ လွှမ်းမိုးလို့လားမသိ.. ဟားဗတ်တည်ရှိရာ Cambridge မြို့လေးနဲ့ Boston မြို့တွေ ကလည်း ခေတ်မီ မြို့ပြလက်ရာတွေကို ရှေးဟောင်းအငွေ့အသက်တွေကို မထိပါးဘဲနဲ့ ဗိသုကာပညာကို သုံးပြီး စနစ်တကျ တွဲဖက်ပြီး ခမ်းနားနေစေတာ တွေ့ရပါတယ်။ ရှေးဟောင်း လက်ရာတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းတာဟာ ကိုယ့် တိုင်းပြည်ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းသမိုင်းကို ထိန်းတာပဲ ရယ်လို့ သူတို့ နားလည်ခဲ့တာ နှစ် ၃၀၀ တောင် ကျော်ခဲ့ပြီပေါ့လို့ တွေးတော့ ပုဂံကို နှမျောတသ စိတ်က ဆို့နင့်လာ စေတယ်။ စာပေပညာ၊ ဒဿနိကပညာရပ် ၊ နိုင်ငံရေးပညာ၊ သိပ္ပံပညာ၊ တရားဥပဒေ၊ စီးပွားရေးပညာ၊ အင်ဂျင်နီယာအတတ်ပညာ၊ ဆေးပညာ၊ ပြည်သူ့ကျန်းမာရေး ပညာရပ်တွေလိုပဲ ပန်းချီ ပန်းပု နဲ့ ရုပ်ရှင်၊ ဂီတ တွေ ဟာလည်း ထပ်တူအရေးပါတယ်ဆိုတာကိုလည်း ဟားဗတ်က သိတယ်။ ဒါကြောင့်ပဲ ဟားဗတ်မှာ Henry Moore ရဲ့ ရုပ်တုကြီးက အခန့်သားနေရာရနေတာ မဟုတ်လား။ ဒါကြောင့်ပဲ ဟားဗတ်ဝန်းကျင်မှာ အနုပညာ လက်ရာ ခြေရာတွေက တူတူတန်တန် နေရာရနေတာပဲ မဟုတ်လား။

+++++

အနုပညာ နဲ့ ယဉ်ကျေးမှုကို တန်ဘိုးသိသူတွေ ဟားဗတ်ကို ရောက်သွားတာလား။
ဟားဗတ်ကို ရောက်သူတွေက အနုပညာ နဲ့ ယဉ်ကျေးမှုရဲ့ တန်ဘိုးကို သိသွားတာလား။
သေချာတာတော့ အဲဒီ ယဉ်ကျေးမှု နဲ့ အနုပညာကို သိမှုဟာ ဟားဗတ်ကို လူတွေရဲ့ နှလုံးသားထဲ စွဲထင်စေပြီး သူ့ကို ကူညီစောင့်ရှောက်ဖို့ စေတနာတွေ ပေါက်ဖွားလာစေပုံရတယ်.. အဲလို ကျမ ယုံတယ်။
သူ့ရဲ့ အေးချမ်းတည်ငြိမ် တဲ့ ကျက်သရေဟာ လူတွေမှာ ရှိတတ်တဲ့ အဖျက်စိတ်ကိုလည်း ငြိမ်ဝပ်သွားစေနိုင် တယ်။
သူ့ရင်ခွင်မှာ ဆည်းပူးရနိုင်တဲ့ အသိပညာ အတတ်ပညာတွေဟာ ချစ်ခြင်းမေတ္တာ စေတနာနဲ့ ယှဉ်တာမို့ လောကကို တတ်စွမ်းသမျှ အကျိုးပြုမယ့်သူတွေ မွေးဖွားလာမယ်။
ကမ္ဘာလောက အတွက် ကောင်းရာကောင်းကျိုးဖြစ်နိုင်စေမယ့်အကြောင်းအရာတွေကို သုတေသနပြုမယ့် သုတေသီတွေကို အားပေးပျိုးထောင်တာမို့ အရေးကြီးလှတဲ့ လူ့သမိုင်းတွေ အထင်ကရ ကျန်ရစ်မယ်။
ပညာရဲ့ တန်ဘိုးဆိုတာဟာ လူ့ဘောင်လောက တိုးတက်စည်ပင်ရာ ငြိမ်သက်အေးချမ်းရာပဲလို့ ဟားဗတ်က ပြောတယ်။
ကြိုးစားချင်ပါလျက်နဲ့ ငွေကြေးမတတ်နိုင်လို့ဆိုတဲ့ ပညာရှင်တွေကို ပြုစုပျိုးထောင်ရမယ်လို့ ဟားဗတ်က ပြောတယ်။
ငွေကြေးချမ်းသာတဲ့ပညာရှင်တွေဟာ ကိုယ်ချင်းစာစိတ်နဲ့ အလှူတွေလုပ်တယ်လို့ ဟားဗတ်က ပြောတယ်။
ပါမောက္ခဆိုတာ ကိုယ်သိတဲ့ပညာတစ်ခုကို နက်နက်ရှိုင်းရှိုင်းသိမှ သူများကို ဖြန့်ဝေဖို့ လုံလောက်တယ်လို့ ဟားဗတ်က ပြောတယ်။
ပါရဂူဆိုတာ ပညာရပ်ထဲ ရူးသွပ်ပြီး စာကြည့်တိုက်ထဲ ခေါင်းစိုက်လို့ သူ့ဆီကနေ သုတေသန အသစ်အသစ်တွေ ထွက်လာတဲ့ပညာရှင် လို့ ဟားဗတ်က ပြောတယ်။
တက္ကသိုလ်ဆိုတာ ပညာရေးကို ခုံမင်နှစ်လိုပြီး ပညာရပ်နဲ့ အသက်မွေးလိုသူတွေကို သေသေချာချာ ပညာပေး ဝေတဲ့ .. ပညာရစေတဲ့ နေရာဌာန ဖြစ်တယ်လို့ ဟားဗတ်က ပြောတယ်။
တကယ့် ပညာရှင်တွေရဲ့ သုတေသနလုပ်ငန်းမှာ ငွေကြေးလိုအပ်ချက်ဟာ ကြောင့်ကြစရာ ခလုတ်ကန်သင်း တစ်ခု မဟုတ်စေရဘူးလို့ ဟားဗတ်က ပြောတယ်။
တကယ့်ပညာတတ်တို့ရဲ့ ကျောင်းပရိဝုဏ်ဆိုတာ အေးဆေးလွတ်လပ်တဲ့ .. တိတ်ဆိတ်ငြိမ်သက်တဲ့ .. စိမ်းစို လန်းဆန်းတဲ့ .. ယဉ်ကျေးသိမ်မွေ့တဲ့.. တက်ကြွရှင်သန်တဲ့.. နိမိတ်ပုံတွေ သက်ဝင်ရာအရပ်ပဲလို့လည်း ဟားဗတ်က ပြောတယ်။
ဒါနဲ့ပဲ ဟားဗတ် ဟာ ဟားဗတ်အဖြစ် နှစ် ၃၀၀ ကျော်ခဲ့ပြီ။

+++++

ဟားဗတ်ကအထွက်မှာတော့ ကျမရဲ့အလွမ်းတွေက ဦးတည်ရာ ပြောင်းသွားကြတယ်။
မအအောင် သမိုင်းသင်ရမယ်ဆိုတဲ့ သုတေသီကြီး ကို လွမ်းတယ်၊ တဟီတီသွားရအောင်ဆိုတဲ့ အလှဗေဒ စာဆိုကြီးကို လွမ်းတယ်။ ဟားဗတ်ကို တွယ်ငြိတဲ့ စာဆို ဧည့်သည်ကြီး ကို လွမ်းတယ်။ ဒါး သန်လျက် နဲ့ ပန်းပွင့် ပိုင်ရှင်ကြီးကို လွမ်းတယ်၊ မဟူရာ မေတ္တာရှင်ကြီးကို လွမ်းတယ်။ သမုဒယမော်ကွန်းဆရာကိုလည်း လွမ်း၊ စာပေလူကြမ်းမင်းသားကြီးကိုလည်း လွမ်းတယ်။ ကရဝိတ်သ်မြူးဇစ်ကြီး ကို လွမ်းတယ်၊ စိတ္တဇပန်းချီ စာရေးဆရာ အနုပညာရှင်ကြီးကို လွမ်းတယ်။ အတ္တပုံဆောင်ခဲကြီးကိုလည်း လွမ်းခဲ့ရပါတယ်။


၅ ဇွန် ၂၀၁၇။


Jul 8, 2017

မှောင်ချိန်မတန်ခင် … ဆုတောင်း




စစ်ကိုင်းလမ်းဆိုတာ မန်းလေး စစ်ကိုင်းအသွားလမ်းကို ပြောတာပါကွာ.. လို့ ဘယ်သူပြောပြော ကျမအတွက် တော့ အင်းဝဆောင်ရှေ့ကနေ ဖြတ်လျှောက်ပြီး သိပ္ပံစားသောက်တန်း (Science Canteen) လွန်ရင် စစ်ကိုင်း လမ်းကို ရောက်ပြီပဲ။ တူတူပဲ မဟုတ်လား။ အဲဒီစစ်ကိုင်းလမ်းမှာ ချိန်းထားတဲ့ သဲမြေပင်အိုရိပ်လည်း ရှိတယ် ပေါ့။ အမြဲလိုလို တိတ်ဆိတ်အေးချမ်းနေတတ်တဲ့ အဲ့ဒီလမ်းလေးဟာ တကူးတကသွားမှ ရောက်ရတာပါ။ အဲဒီလမ်းကျောရိုးလေးပေါ်ကနေ အင်းလျားလမ်းဂိတ်ပေါက်ဘက်ထွက်ပြီး လမ်းတစ်ဘက်ကို ဖြတ်ကူးလိုက်ရင် သစ်ပင်ကြီးတစ်ပင်ကို ငုံပြီး ဆိုင်ခန်းလေးဆောက်ထားတဲ့ ခေမရဋ္ဌ် ရှမ်းခေါက်ဆွဲဆိုင်ကို သွားရတာ။ ၁၉၈၅-၈၆ ဝန်းကျင်မှာပေါ့။ အဲဒီဆိုင်လေးမှာ ဆရာစိုင်းခမ်းလိတ် နဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေက တိုးတိုးလေး လွင့်ပျံ.. ကြိုးကြား ကြိုးကြား ကြားရမှာက ကိုနေဝင်း နဲ့ ခိုင်ထူး.. ဂျေမောင်မောင် တို့ရဲ့ ဂီတတွေ အဲဒီတုန်းကမှောင်ချိန် မတန်ခင် လင်းတဲ့ နေ့တွေမှာပေါ့။

ကိုနေဝင်းရဲ့ သိုဝှက်ထားတတ်တဲ့ သီချင်းတွေကို ခိုင်ထူးဆိုပြီဆိုရင် အဲဒီသီချင်းထဲ ခုန်ဝင်ပြီး အဖြေရှာကြ.. ဆန့်ထွက်တွေးခဲ့ကြ.. ကိုယ်လိုသလို ခံစားရင်း စီးမျောငြိမ့်ငြောင်းခဲ့ကြ။ လူငယ်တွေနဲ့ အနုပညာဟာ အဲလို ထိတွေ့ဆက်စပ်ပြီး နူးညံ့ သိမ်မွေ့ခဲ့ကြ။ အဲဒီခေတ်တွေမှာ လူငယ်အများစုဟာ ယဉ်ကျေးမှု မှာ သက်ဝင်ခဲ့တယ်။ တက္ကသိုလ်ဝန်းကျင်က ချစ်ခြင်းမေတ္တာဆိုတာ ငြိမ်းကျော်ဝတ္ထုတွေမှာ တွေ့ရတဲ့ လက်ဖျားကို ခပ်ဖွဖွဆုပ်ပြီး ကားလမ်းဖြတ်ကူးတာ.. ချစ်သူရဲ့ နဖူးဆံစပ်က ဥရောပနံ့သာခဲရဲ့ ရနံ့ ကို တိတ်တိတ်လေး ခိုး ရှူရှိုက်ရတာ.. ကျောင်းစားသောက်တန်းမှာ ချစ်သူနှစ်ယောက် ဖျော်ရည်တစ်ခွက်ကို စုပ်ပိုက်နှစ်ချောင်းနဲ့ နှစ်ယောက် မျက်နှာချင်း ဆိုင်သောက်ခွင့်ရရင်ကို အတော်ကျေနပ်ပျော်ရွှင်ရတဲ့ခေတ်.. ဘယ်လောက် ချစ်စရာ ကောင်း လိုက်ပါသလဲ။ ဒါကြောင့်ပဲတောင်ခြေတနေရာ ဘုရားမြတ်ရှေ့မှာ သူရယ် ကိုယ်ရယ် နှစ်ဦးသားတောင်းဆုချွေ .. ကိုယ်စီ လက်ထဲ ပန်းမြတ်သစ္စာ.. သူလေ ယူငင် ပေါင်း၍အတူစုစည်းဆိုတာလေး တွေက ရင်ထဲ ထုတ်ချင်း ပေါက်ခဲ့ကြတာ။ ပြန်မရနိုင်တော့ဘူးလား.. ခုချိန်မျိုးမှာ

+++++

ကျောင်းခဏပိတ်လို့ ခွဲရတာမျိုး မဟုတ်ဘူးကွ.. ကောင်မလေးက အပြီး ပြန်သွားရတာ..
ရင်ခုန်သံတွေ တိုးတိတ်သွားပြီပဲလို့ ပြောထားတာ..
သံဇကာအလယ်မှာ တစ်ယောက်တစ်ဘက်.. လို့ ပြောထားတာ..
ကံဆိုတာ ပြောရခက်တယ်အသည်း.. ပြန်မဆုံနိုင်သေးသရွေ့တော့ တို့တစ်ပွေတည်း .. လို့ ပြောထားတာ..
လမ်းခွဲဖို့ ရထား ရှိုက်သံဆွဲတဲ့။ သူတို့ ခွဲကြရတော့မှာ။
နေရယ်သာတဲ့ နေ့ရက်နေ့တွေ တရံတခါ ဆီမှာ ရှိခဲ့ဖူးပါရဲ့တဲ့။
အတူနေတာ အချစ်ရဲ့ နိဗ္ဗါန်ပဲ .. တဲ့။
ငိုသံလိုလို သဲ့သဲ့တစ်ချက်သာ ကျန်နေသူမှာ ကြားလိုက်ရတယ်.. တို့ရေ တို့ ဝေးပြီ
ကြည့်စမ်း.. တို့နှစ်ယောက်သိပ်ချစ်ကြတယ်ဆိုတဲ့ စကားလုံးတွေ ပြောပြမနေဘဲ.. ဒီလူ တစ်စုံ.. တဲ့။ တို့ရေ.. တို့ .. ဝေးပြီ တဲ့။ နှစ်ယောက်တစ်စုံ.. နှစ်ယောက် တစ်ကိုယ်.. တို့ နဲ့ သူ မဟုတ်ဘူး.. တို့ နဲ့ တို့ပဲ..
အဲဒီလို တေးရေးဆရာက ပေးတဲ့ စကားလုံးတွေကို အသေးစိတ်ခံစားသက်ဝင်ကြတဲ့ လူတွေ.. အဲဒီခေတ်ထဲ တပုံတပင် ရှိခဲ့တာ။
 ကိုယ်ချစ်တဲ့ ကောင်မလေးကို မတို့ရက် မထိရက် .. ငေးကြည့်ရင်း မြတ်မြတ်နိုးနိုး စွဲလမ်းတဲ့ ကောင်လေးတွေ အများကြီး ရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာခေတ်တစ်ခေတ်ဟာ ဘယ်တုန်းကစလို့ မှိန်ဖျော့ ပျောက်ကွယ် သွားခဲ့တာ ပါလိမ့်။
သတိရနေမိတဲ့အထဲမှာကြင်နာသူကိုယ့်အနား ရှိနေခိုက်ဟာ ဘဝရဲ့ အသာယာဆုံး အခါ
ဒီအချိန်မှာ ကိုယ်ကြည့်ရင်းနဲ့ သူ့အပေါ် သနားလာမိတယ်မကျင်လည်ခဲ့ဖူးတဲ့ သူစိမ်းနယ်ထဲ စိတ်အားငယ်လှရော့မယ်..”  ဆိုတာလေးတွေလည်း ပါတာပေါ့။
ချစ်သူတွေဆိုတာမှာ တစ်ယောက်အနားတစ်ယောက်သာယာဖို့ .. တစ်ယောက်အတွက် တစ်ယောက်က ကိုယ်ချင်းစာ ခံစားနေဖို့က အဓိကပဲဆိုတာကို အဲဒီ တေးသားတွေဆီက ရတယ်။ စိတ်ခံစားချက်ထက် လက်တွေ့ကျမှုကို ပိုဦးစားပေးလေ့ရှိတဲ့ ယောက်ျားတွေရဲ့ သဘာဝထဲမှာ ချစ်တဲ့သူအပေါ် ကိုယ်ချင်းစာတဲ့ ခံစားချက်လေးထည့်လိုက်ရင် ဘယ်လောက် ပြည့်စုံသွားလဲ လို့ ခြင်္သေ့လည်ပြန် ကို ပြရင်း ကျမတို့ ချစ်သူတွေကို ညှိယူဆွေးနွေးခဲ့ကြတာဘယ်လောက်ချိုမြိန်တဲ့ ဓလေ့လဲ။ ကျမတို့ရဲ့ ချစ်သူတွေကလည်း သူတို့ကြိုက်တဲ့ တေးရေး နဲ့ တေးဆို တို့ရဲ့ အနုပညာနဲ့ ထုံမွှမ်းထားတဲ့ သတင်းစကားမို့ လက်ခံနိုင်ကြတယ်။
တကယ်ပဲ အခါများစွာ ချိုမြိန်သာယာခဲ့ကြတဲ့ နေရယ်သာတဲ့ နေ့ရက်နေ့တွေ တရံတခါဆီမှာ.. ချစ်သူတွေ ကြားမှာ ရှိခဲ့ကြဖူးပါတယ်။

++++

ဆံပင်တွေကို လေနဲ့ မှုတ်မယ် ချစ်လို့.. ကြင်နာစွာ နဖူးလေးနမ်းမယ်.. ချစ်လို့ဆိုတဲ့ သီချင်းလေးတွေကို မရယ်ရက်ခဲ့ကြပါဘူး။ ချစ်သူရဲ့ သစ္စာရှိ .. ချစ်သူ၏ အပါးတော်မြဲ .. ထီးတော်မိုး .. ပန်းတော်ဆက် .. သက်တော်စောင့် အမှုတော်ထမ်းနေ.. ကိုယ်ရံတော် တပ်မှူးလေး…” အချစ်ရေ့.. သနပ်ခါးလေး လှအောင်လူးပြီးရင် ကိုယ့်အကြောင်းတွေးနေပေါ့ကွယ်..”ဒီလို မချစ်ဘူး မပြောပါနဲ့.. မင်းလုပ်သမျှအားလုံးကို ကျေနပ်လို့ တကယ်ပါ တစ်သက်လုံးချစ်နေမှာ မျှော်လင့်ရင်းစောင့်ရသူ ကြေကွဲအောင် မလုပ်နဲ့..”
 အဲလို ကောင်လေးတွေ တကယ်ရှိခဲ့တယ်။
မင်းကြောင့် မင်းကြောင့်ပါကွယ်.. အရမ်းလည်း ချစ်တတ်ပြီ .. မင်းကြောင့် မင်းကြောင့်ပါနော်.. လွမ်းလည်း လွမ်းတတ်ပြီ..”
ကိုကို အချစ်ရေ.. ဒီလိုပဲ တို့ကတော့ ခေါ်မှာပဲကွယ်.. ထာဝစဉ်လေ မင်းကြိုက်သလို ချစ်မယ်.. မင်းချစ်သလိုချစ်တယ်.. ချစ်မယ်.. ကို အချစ်ရေ.. ဟေး ကိုကို အချစ်ရေ..”
အိပ်စက်တဲ့အချိန်လည်း အိပ်မက်ထဲထိအောင် အပြုံးလေးနဲ့ အလည်လာပြန်သည် .. အိပ်မရတော့ပါဘူး.. အချစ်ရူးလေးနိုးလာ.. ရင်ခုန်သံတောင် မြန်လာပြီ”  
ဆိုတဲ့ ကောင်မလေးတွေလည်း တကယ်ရှိခဲ့တယ်။ အချစ်ဆိုတာထဲ မေတ္တာဓာတ်မပါဘဲ ပူပြင်း လောင်မြိုက်တဲ့ ချစ်ခြင်းမျိုးတွေလည်း သဘာဝအလျောက် ရှိပေမဲ့ နည်းပါးခဲ့ပါတယ်။
အဲဒီကာလလေးဟာ ခုလို ချစ်ခြင်းမေတ္တာဓာတ်တွေ လျော့ပါး ခြောက်ခမ်းတဲ့ ကာလမျိုးမှာ ပိုလို့ လွမ်းစရာ။

+++++

ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ ချစ်ခြင်းတခုဟာလည်း ပူပြင်းခဲ့ဖူးတာ သတိရတယ်။ အဲဒီ အချစ်မျိုးကျတော့ ရအောင်လည်း စွန့်ခွာချန်ထားခဲ့တယ် .. ပြီးတော့ တကယ် ဘာမှ သေချာ မမှတ်မိတော့လောက်အောင်လည်း မေ့ပစ်လိုက်တယ်။ အို.. သူဟာ ကိုယ့်ကို ပူပြင်းလောင်မြိုက်စေခဲ့ဖူးသူ.. အရှက်အနာကို ပေးခဲ့သူ ဆိုတာ လောက်ကိုပဲ မှတ်ထားလိုက်ပြီး ကျန်တာကို မေ့သွားစေနိုင်ခဲ့တယ်။ ဒါဟာ ချုပ်ငြိမ်းအေးချမ်းခြင်း တရား တစ်မျိုးပဲ မဟုတ်လား။

တကယ်တမ်းကျတော့ လူငယ်ဘဝဆိုတာ နူးနူးညံ့ညံ့ ညင်ညင်သာသာ နဲ့ .. အထူးသဖြင့် ရည်းစားဘာဝ ဆိုရင်လည်း ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာသာ ရှိသင့်တာ။ ကိုယ်သာ ကံမပါလို့ ငယ်ရည်းစားတွေနဲ့ အကြောင်းမပါခဲ့ပေမဲ့ ကိုယ့်နားက သူငယ်ချင်းအများစုကတော့ သူတို့ ချစ်တဲ့ ကျောင်းနေဖက် ရည်းစားတွေနဲ့ အကြောင်းပါပြီး ခုထိ ခရီးတူတူလျှောက်ဆဲသူတို့ရဲ့ ချစ်သူတွေနဲ့ အပြန်အလှန် ချစ်ကြင်ကြဆဲ.. စိတ်ကြည်နူး စရာ။ ခုခေတ် လူငယ်တွေရော အဲဒီလို ချစ်ခြင်းတွေ ရှိတာ သိကြရဲ့လား.. ယုံရော ယုံကြလား.. ကျမ အဲဒီ ခံစားချက်ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရွှေအမြုတေမှာ ဝတ္ထုလေးတစ်ပုဒ်ရေးခဲ့ဖူးတာ ခဏခဏ သတိရတယ်.. “အချစ်ဆိုတဲ့ ဝတ္ထုဆိုတဲ့ ခေါင်းစဉ် နဲ့။ အဲဒီ ဝတ္ထု ထဲမှာလည်း ချစ်ခြင်းတရားကိုပဲ လွမ်းဆွတ် ခဲ့ရတာ.. အဲဒီအချိန်တွေတုန်းကတောင် ခုလောက်ထိ မေတ္တာတရား မခေါင်းပါးကြသေးဘူး ထင်ပါတယ်။

ထူးအိမ်သင်က … ‘ရင်ခုန်ရင် …. အချစ်ပဲကွယ် ရိုးရိုးသားသားချစ်တယ် …. နှလုံးသားချင်းလည်း နားလည် အကြင်နာဆုံးလေးရယ် ….. ဝေးသွားလည်းပဲ ချစ်ရဦးမယ် ဝေးသွားလည်းပဲ သတိရလို့ နေမယ် …. ’ တဲ့ ။
ပြီးတော့လည်း  ‘ကေခိုင်ချစ်ရင် စာကျက်မယ်ဆိုတဲ့ ကောင်လေး
မီ့ကိုချစ်ရင် ဆေးလိပ်ဖြတ်ဆိုတဲ့ ကောင်မလေး
စာမေးပွဲအောင်ရင် အဖြေပေးမယ်ဆိုတဲ့ ကောင်မလေး
မနေနိုင်လို့ပါ အချစ်ရဲ့ …. မင်းအနား ရောက်ရောက်လာတာဆိုတဲ့ ကောင်လေး ….
မင်းပေါ့ပုံမှန်အသက်ရှုနေတဲ့ သေသူတစ်ယောက်ကို ပြန်လည်လူလားမြောက်စေခဲ့တာ’ ဆိုတဲ့ ကောင်မလေး
စံပယ်ပွင့်တွေရေ … အချစ်တွေနဲ့ ဖျားနာသွားတဲ့ အထိ ငါ့အပေါ်ရွာချလိုက်ပါကွယ်ဆိုတဲ့ ကောင်လေး
မြတ်နိုးမှု တခုတည်းနဲ့သာ နွယ်ကြိုးကို ခိုင်အောင်ချည်ခဲ့တယ်ဆိုတဲ့ ကောင်မလေး
မသုံးရသေးတဲ့ နေ့စွဲတစ်ခုမှာ.. အချစ် မင်းနဲ့ငါ ဥယျာဉ်အသစ် ထူထောင်မယ်ဆိုတဲ့ ကောင်လေး ….
ကြည့်ပါဦးအချစ်တွေအချစ်တွေ တွေ့မည် ။ ဘယ်လောက် မွှေးပျံ့လိုက်ပါသလဲ။ ပြီးတော့ ဘယ်လောက် လွမ်းဆွတ် တသစရာ ကောင်းလိုက်ပါသလဲ။ အဲဒီမှာလေအချစ်ဆိုတာဘယ်လောက် သန့်ရှင်း ဖြူစင်လိုက်ပါသလဲ။
အဲလိုတွေ ရေးခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာကို ဒီလို ချစ်စရာကောင်းတဲ့ ချစ်ခြင်းတွေ ပျောက်ရှစ ပြုနေခဲ့ပြီပဲ။
မှောင်ချိန်မတန်သေးခင်လား။ ခုရော မှောင်ချိန်တန်နေပြီလား။ လင်းခွင့် ရှိသေးလား..

++++++

အချစ် နဲ့ သွေးသားကိစ္စ ဆက်စပ်နေပေမဲ့ သွေးသားကိစ္စကတော့ အချစ်နဲ့ မဆက်စပ်လှပါဘူးကွယ်။ ဒါ အစဉ်အဆက် ပြောခဲ့ကြတာပဲ။ တို့ စဉ်းစားရမှာက တို့လိုအပ်တာ ဘာလဲဆိုတာပါ။
အချစ်ကို ဘယ်သူ့ဆီက ရမလဲ။
သွေးသားကတော့ အတော်များများဆီက ရနိုင်ပါတယ်။
အချစ် ကိစ္စ နဲ့ သွေးသားကိစ္စ ဘယ်ဟာက ကိုယ့်အတွက် ပိုအရေးကြီးလဲ.. ပိုတန်ဖိုးကြီးလဲဆိုတာ ရွေးကြရဖို့ပါပဲ။
ကိုယ်ရွေးတာကို ကိုယ်ရမှာတော့ သေချာတာပေါ့ကွယ်.. ။ ကိုယ့်ရွေးချယ်ချက်အပေါ် ကိုယ်တိုင် လေးနက်ယုံကြည်ဖို့.. နောင်တမရဖို့တော့ လိုတာပေါ့။

++++++

အမှောင်ခေတ်ဆိုတာ မေတ္တာတရား မရှိတော့တဲ့ခေတ်.. ချစ်ခြင်းတရား ခေါင်းပါးလာတဲ့ ခေတ်ပေါ့။
ဒါကို ကေအေတီလည်း မြင်ခဲ့တယ်.. မဒီလည်း မြင်ခဲ့တယ်။
အားလုံး အားလုံး ချစ်ခြင်းတရားကို ယုံပါ.. အားလုံး အားလုံး ပေးဝေကာစားသုံး .. အချစ်များနဲ့ ခံစားချက်တို့ မလိုသူ .. ထူးဆန်းလွန်းသတဲ့ ဒီကမ္ဘာကြီးထဲမှာ.. တဲ့။ သူတို့ဒီလို ယုံခဲ့တယ်။
ချစ်ခြင်းမေတ္တာဆိုတာ ချစ်သူစုံတွဲတွေအတွက်တင်မဟုတ် လူအားလုံးရဲ့ ကြားမှာ ရှိတာပါလေ..
ကျမ သူငယ်ချင်းဆရာ ဆရာမတွေ ချစ်သူမထား .. အိမ်ထောင်မပြု.. ဒါပေမဲ့ သူတို့ တပည့်လေး တွေဟာ သူတို့ရဲ့ သားသမီးတွေ.. သူတို့ဆီမှာ မေတ္တာတရားတွေ ချစ်ခြင်းတရားတွေ ပွင့်ဝေ
အရေးကြီးတာက ဒါပါပဲလေ.. နေရာတိုင်းမှာ ချစ်ခြင်းမေတ္တာတွေ ပန်းလို ဝေမှ .. အမုန်းတွေ ဝေးမယ်.. အမုန်းတွေ ဝေးမှ ဒေါသတွေ ဝေးမှ ငြိမ်းချမ်းရေးတေးတွေ ဆိုနိုင်မှာ မဟုတ်လား..
ခုချိန်ထိ ကိုဇာလျန်း နဲ့ ကိုခိုင်ထူးရဲ့ စစ်နဲ့ ငြိမ်းချမ်းရေးသီချင်း ခေတ်စားနေသေးတာကိုလည်း မကြိုက်ချင် ပါဘူးလေ..။ ခုထိတော့ အမုန်းတွေကသာ နီးပြီး .. ချစ်ခြင်းမေတ္တာကတော့ တို့ရေ တို့ဝေးပြီလို့ ဆိုညည်းနေရဆဲ..။ အဲဒီအခါ ဒိုးလုံး ကို လွမ်းတယ်.. သူ့ရဲ့ ဆုတောင်း ကို ခဏခဏ သတိရရတယ်..
ဘုန်းကြီးပါစေ.. အသက်ရှည်စေ.. အားလုံး စိတ်လည်းချမ်းသာစေ.. ငါဆုတောင်းရင်း မေတ္တာတရားတွေ ပွားများချင်သေးတယ်….လူသားတွေ တောင်းဆုချွေ .. အို တို့ကမ္ဘာကြီးဟာ လှပဖို့ ငြိမ်းချမ်းဖို့ တို့တွေ ဆုတောင်းမှာ။ 

၁၁ မေ ၂၀၁၇။