Aug 28, 2009

အကောင်း အဆိုး သိကြလားဟေ့

ဗီယက်နမ်နိုင်ငံသည် ယနေ့ခေတ်တွင် ထိုင်းနိုင်ငံနှင့် အပြိုင် ကမ္ဘာတခွင်သို့ ဆန်တင်ပို့နေသော နိုင်ငံတခု ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသသည် တနိုင်ငံလုံး ဆန်အထွက်နှုံး၏ တဝက်ကျော်ကျော်ကို ထုတ်လုပ်ပေးနေသော ဒေသလည်း ဖြစ်သည်။ တရုတ်ပြည်မှ စတင်၍ စီးဆင်းလာသော မဲခေါင်မြစ်သည် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ကို ဖြတ်ကာ နောက်ဆုံးတွင် ဗီယက်နမ်နိုင်ငံ၌ အဆုံးသတ်၍ ပင်လယ်ထဲသို့ စီးဝင်သွားသည်။ ထိုဒေသကား ဗီယက်နမ်၏ မြေသြဇာ ကြွယ်ဝသော နှုံးတင်မြေနု မြစ်ဝကျွန်းပေါ် ဒေသ ဖြစ်တော့သည်။

သို့သော်လည်း ဗီယက်နမ်လူမျိုးတို့ ခေါင်းခဲစရာ ပူပန်စရာ ဖြစ်လာသည့် ပြဿနာကတော့ ကမ္ဘာကြီး ပူနွေးလာ၍ ပင်လယ်ရေပြင် တစတစ မြင့်တက်လာခြင်း ဆိုသည့် ကိစ္စပင် ဖြစ်သည်။ ဤအတိုင်းသာ ဆက်၍ ပင်လယ် ရေမျက်နှာပြင် မြင့်တက် လာနေပါက နောင်လာမည့် အနှစ်လေးငါးဆယ်တွင် ဗီယက်နမ်နိုင်ငံ၏ မြစ်ဝကျွန်းပေါ် တစိတ်တပိုင်းသည် ပင်လယ် ရေအောက်သို့ ရောက်တော့မည်။ ထိုသို့ဆိုပါက ဆန်စပါး စိုက်ပျိုးမှု ကောင်းမွန် နေသော မြစ်ဝကျွန်းပေါ် တစိတ် တဒေသသည် အမြဲတန်း ပင်လယ်ရေငံ ဖုံးအုပ်မှုကို ခံရတော့မည် ဖြစ်သည်။

ကျွမ်းကျင်သူများ အဆိုအရ ထိုမြစ်ဝကျွန်းပေါ်၏ တစိတ်ပိုင်း ပင်လယ်ရေအောက် ရောက်ရှိပါက ဗီယက်နမ် နိုင်ငံ၏ ဆန်အထွက်နှုံးလည်း ကြောက်ခမန်းလိလိ ကျဆင်းလာမည်ဟု ဆိုကြသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်မှ လက်ရှိ ဆန်အထွက်နှုံး၏ သုံးပုံတပုံ လျော့ပါးကျဆင်း သွားမည်ဟုလည်း တွက်ချက်ပြထားသည်။

စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးနေသာ ဗီယက်နမ် မြစ်ဝကျွန်းပေါ်သားတို့ ဘာဆက် လုပ်ကြမည်နည်း။ ပင်လယ်ထဲ၌ ငါးဖမ်းခြင်း အလုပ်ကို ပြောင်း၍လုပ်ကိုင်ကာ ဆက်လက် အသက်မွေးမည်လော သို့မဟုတ် မြို့ပြ များသို့ ပြောင်းရွှေ့ကာ မြို့ပြ အခြေစိုက် အလုပ်သမားများ အဖြစ် အသွင်ပြောင်းမည်လော။ စဉ်းစားစရာပါပေ။ သေချာသည် တခုကတော့ ယခင်က ပိုင်ဆိုင်ခဲ့သော ၎င်းတို့၏ လယ်ယာများ ပင်လယ် ရေအောက်သို့ ရောက်ရ တော့မည်။

ဗီယက်နမ် မြစ်ဝကျွန်းပေါ်၏ အစိတ်အပိုင်း တချို့ ရေလွှမ်းခံရသည့် အချိန်တွင် ပင်လယ်ရေသည် ဗီယက်နမ် နိုင်ငံ တခု ထဲတွင်သာ အပျော်လွန်ပြီး တန့်၍ရပ်၍ နေမည်မဟုတ်။ ဒေသ တခုလုံးအတွင်း ထိုဆိုးကျိုးကို ခံစားကြ ရမည်လည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့ကြီးသည် ပင်လယ်ရေ မျက်နှာပြင်အောက် နှစ်လက်မခန့် နိမ့်နေသည်ဟု ဆိုကြ သည်။ အထူးသဖြင့် မိုးတွင်းကာလများ၌ ဘန်ကောက်မြို့အတွင်း နေရာ အတော်များများတွင် ရေကြီးလေ့ ရှိသည်။ အကြီးစား ပန့်များကိုသုံးကာ ရေများကို စုပ်ထုတ်ပြစ်ရသည်။ ဗီယက်နမ်၏ မြစ်ဝကျွန်းပေါ် ပင်လယ်ရေ လွှမ်းသော အခါ၌ ဘန်ကောက်တွင်လည်း ဘန်ကောက်သူ ဘန်ကောက်သားများ ဟိုဟိုသည်သည် လှေရောင်စုံ များဖြင့် သွားလာနေမည်ကို မြင်ယောင် မိသေးတော့သည်။ လှေဆိပ်သာ ရှိ၍ ကားဆိပ်များ ကားဂိတ်များ နိတ္ထိတံရ တော့မည်။ တချိန်က အာရှတိုက်၏ ဗင်းနစ်မြို့တော် အဖြစ် တင်စားခံခဲ့ရသည့် ဘန်ကောက်သည် ထိုအချိန်တွင် ဒုတိယ ဗင်းနစ်မြို့တော် အဖြစ်သို့ ပီပီပြင်ပြင် ပြောင်းလဲရတော့မည်။

ဗင်းနစ်မြို့တော်လို အဖြစ်မခံလိုပါက ဘန်ကောက်မြို့ကို ပတ်၍ တမံတုပ်ဖို့သာရှိသည်။ နယ်သာလန်မှာလို ပင်လယ်ရေ မြင့်တက်လာခြင်းကို တမံတုပ်၍ ကာမည်လော။ ကာထားနိုင်သေးသည်။ ထိုင်းနိုင်ငံသည် ဓနကြွယ်ဝလာ နေသော နိုင်ငံတခု ဖြစ်သောကြောင့် ပင်လယ်ကမ်းရိုးတမ်း တခုလုံးကို တမံမတုပ်နိုင်ဘူး ထားဦး။ ဘန်ကောက်မြို့ကိုတော့ တမံများဖြင့် ပတ်ပတ်လည် ကာထားနိုင်သည်။

တချိန်တည်းတွင်လည်း မြန်မာနိုင်ငံဖက်ကို ပြန်ကြည့်လိုက်ပါက မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသ တစိတ် တပိုင်း သည်လည်း ပင်လယ်ရေ လွှမ်းခြင်းကို ခံရမည်။ ဒေသအတွင်း မြင့်တက်လာသည့် ပင်လယ်ရေကို ငါ့ဖက်မလာနဲ့ဟု တား၍ မရစကောင်း။ မြစ်ဝကျွန်းပေါ်၏ စပါးစိုက်ပျိုးနေသော လယ်မြေပမာဏ ဆုံးရှုံးမှု သည်လည် ကြီးမား ပေလိမ့်မည်။ ပင်လယ်ရေ မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်တွင် ဆုံးရှုံးရသော မြေယာ ပမာဏသည် ဗီယက်နမ်ထက် အဆပေါင်းများစွာ ဆိုးဝါးလိမ့်မည်။ ဘာ့ကြောင့်ဆိုတာ ဆက်၍ ပြောပါမည်။

မေခ၊ မေလိခ မြစ်ဆုံနေရာကို ပိတ်၍ ဆည်ဆောက်ခါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ တရုတ်ပြည်ကို ရောင်းဖို့ ပြင်နေသည်မှာ အားလုံးအသိ။ မြစ်ဆုံဒေသည် ဧရာဝတီမြစ်ကြီး မူလအစဖြစ်သည်။ မြစ်ဆုံဒေသကို ပိတ်ဆို့ လိုက်ပါက အောက်ပိုင်းသို့ ဆက်လက်စီးဆင်းမည့် ရေများ တန့်၍သွားမည်။ ဤသို့ဆိုပါက အောက်အရပ် မြစ်ဝကျွန်းပေါ် ဒေသသို့ ဆက်လက် စီးဆင်းမည့် ရေပမာဏ နည်းသွားပေမည်။

နားလည် လွယ်အောင် ပြောရပါက ဥပမာအားဖြင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ကလေးများ ချောင်းကလေးများ၏ ရေအနက်သည် ဆယ်ပေဟု ဆိုပါစို့။ ကချင်ပြည်နယ် မြစ်ဆုံတွင် ဆည်ပိတ်လိုက် သောကြောင့် စီးဆင်းရမည့် ရေများတန့်ကာ ယခင်ကလို အောက်ဖက်သို့ အပြည့်အဝ မစီးဝင်နိုင်တော့။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ချောင်းများ၏ ရေအနက်သည် ငါးပေခန့်သာ နက်တော့မည်။ ရေအမြင့် မူလထက် ငါးပေနိမ့် သွားသည်။ စီးဆင်းလာရမည့် ရေများ နောက်ပြန်ဆုတ် သွားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ရေ မြင့်တက်လာသော ကာလတွင် ပင်လယ်ရေသည် ကမ်းရိုးတန်း တလျှောက်သာ မြင့်တက်ခြင်း မဟုတ်တော့ဘဲ အထက်ပိုင်း မိုင်သုံးလေးဆယ်ခန့် အထိ တိုး၍ဝင်ရောက် လာနိုင်သည်။ မူလက ဆိုလျှင် မြစ်ဝကျွန်းပေါ်သို့ အထက်မှစီးဆင်းလာသော ရေများကြောင့် ပင်လယ်ရေများ အထက်ဖက်သို့ တိုးဝင်ခြင်တိုင်း တိုးဝင်၍ မရအောင် သဘာဝအလျှောက် ရေကိုရေခြင်း ဟန့်တား ကာထားပေးသည်။ ရေချိုနှင့် ရေငံ ဇလုတ်တိုက်၍ အပြန်အလှန် ထိန်းထားခြင်း မှာလည်း သဘာဝတရား ဖြစ်သည်။ သို့သော်လည်း မြစ်ရေနိမ့်ကျ သွားသောအခါ ပင်လယ် ရေငံများ အထက်ပိုင်း အထိပါ ဒလဟော တိုးဝင်လာတော့မည်။

ထိုရောအခါ၌ ယခင်က သဘာဝအတိုင်း မြေသြဇာ ကောင်းမွန်ခဲ့သော မြစ်ဝကျွန်းပေါ် ဒေသတခုလုံး ဆားငံရေများ အောက်သို့ ရောက်ခါ ဆန်စပါး စိုက်ပျိုးခြင်းသည်လည်း သေဆုံးရတော့မည်။ မြစ်ဝကျွန်းပေါ် သားများ အထက်ဖက် မိုင်သုံးလေးဆယ်သို့ ပြောင်းနေရတော့မည်။ ထိုသို့ပြောင်း၍ မနေလိုပါက လှေများ ဆောက်ခါ လှေပေါ်တွင် နေထိုင်၍ ရသမျှ ပင်လယ်ငါးလေးများ ဖမ်းကာ လှေစီးလူသား မော်ဒန်ဆလုံ လူမျိုးများ အဖြစ် နေထိုင်ရုံသာ ရှိတော့သည်။ မြန်မာနိုင်ငံ၏ ဝမ်းပိုက်သည်လည်း နှစ်လေးငါးဆယ် အတွင်း ကွယ်ပျောက် ရတော့မည်။ နောင်အနှစ် လေးငါးဆယ် အတွင်း ဆန်ကို နိုင်ငံခြားမှ ပြန်၍ တင်သွင်းရတော့မည်။ အာဖရိက တိုက်တွင် မိုးခေါင်သောကြောင့်၊ ဘာမှ မယ်မယ်ရရ စိုက်ပျိုးမရ၍ ငတ်ကြသည်။ မြန်မာနိုင်ငံ မှာတော့ စပါးခင်း များတွင် ရေငံဖုံးသောကြောင့် အငတ် ဘေးကြီးကို ရင်ဆိုင် တွေ့ကြလိမ့်ဦးမည်။

ထိုအချိန်မတိုင်မီ လက်ဦးဆုံး ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဒေသ တဝှိုက်တွင် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်လာခဲ့သည့် ဒေသခံ တိုင်းရင်းသားများ ဖြစ်သည်။ သတင်းများအရ မြစ်ဆုံဆည်ပိတ်မည့် စီမံကိန်းကြောင့် ရွာပေါင်း ခြောက်ဆယ်ထက်မနည်း၊ လူဦးရေသောင်း ဂဏန်းကို စစ်အစိုးရက အတင်းရွှေ့ပြောင်းတော့မည်။ လိမ္မော်ခြံများ၊ လယ်ယာမြေများ ဆည်ရေအောက်သို့ ရောက်ရတော့မည်။ ထိုသူတို့၏ မူလဘဝနေထိုင်မှုများ ဆုံးရှုံးရမည်။ နေရာနှင့် ဝင်ငွေဆုံးရှုံးမှုတင်မက ကျန်းမာရေး၊ ပညာရေး၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုတို့ပါ ဆုံးရှုံးရဦးမည်။ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးရဦးမည် ဖြစ်သည်။

ဆက်လက်၍ ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဆည်၏ အောက်ပိုင်းတလျှောက် မြစ်ဝကျွန်းပေါ်အထိ နေထိုင်ကြသည့် နိုင်ငံသားများ ဖြစ်တော့သည်။ ဧရာဝတီမြစ်ကြီးသည် မြစိမ်းရောင်အသွင်ဖြင့် တငြိမ့်ငြိမ့် စီးဆင်းနေသည့် အခြေအနေမှ ချောင်းသာသာ မြောင်းသာသာ အဖြစ်သို့ ရောက်ရတော့မည်။ ဧရာဝတီမြစ်ကြီး ကောပါက ဤနိုင်ငံ၏ သမိုင်းလည်း ကောတော့မည်။ ဧရာဝတီကြောင့်သာ မြန်မာနိုင်ငံဆိုတာ ဖြစ်လာခဲ့ရသည် မဟုတ်လော။

တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများကတော့ ရသလောက် ယူမှာဘဲဖြစ်သည်။ ခင်ဗျားတို့ မြန်မာနိုင်ငံဟာ တကယ်ဆိုရင် သေးသေးလေး။ သဘာဝ အရင်းအမြစ်တွေကို ရှိရှိသမျှ အလျှင်စလို ထုတ်မသုံးပါနဲ့ဟု သူတို့ကတော့ အကြံပေးမည်မဟုတ် ပြောမည်မဟုတ်။

အဆင်အခြင်မဲ့သော လုပ်ရပ်ကို ဘယ်သူတွေက ထောက်ပြဝေဖန်သနည်း။ မြန်မာနိုင်ငံ ပြင်ပမှာ နေနေသည့် အဖွဲ့အစည်း အချို့က ထောက်ပြကြသော်လည်း မြန်မာနိုင်ငံအတွင်းမှာ ရှိနေသည့် မည်သည့် အဖွဲ့အစည်း များကမှ ဤကိစ္စကို ဗိုလ်ချုပ်ကြီးများထံသို့ မတင်ပြရဲကြ။ ကြောက်နေကြရသောကြောင့် ဖြစ်သည်။ သာမန် အဖွဲ့အစည်းများကို နားလည်ပေးနိုင်ပါသည်။ သို့သော် သူတို့ကိုယ် သူတို့ နိုင်ငံရေးအရ တတိယလှိုင်းဟု ဆိုနေသော သူများလည်း ဒီလိုကိစ္စမျိုးတွင် မြန်မာ စစ်ဗိုလ်ချုပ်များကို နားမချနိုင်ကြောင်း တွေ့ရသည်။ တတိယလှိုင်း တို့က ဆိုထားသည် မို့လား။ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲအတွက် စစ်ဗိုလ်များကို တဖြည်းဖြည်း နားချ၍ ပူးပေါင်းဆောင်ရွက် မည်ဟု ပြည်တွင်းထုတ် စာစောင်ဂျာနယ် အချို့မှာ ပြောနေတာ အခုအထိ ဖြစ်သည်။ နိုင်ငံတကာ ကွန်ဖရင့်တွေမှာတောင် ဒီဖော်မြူလာကို ရွှန်းရွှန်းဝေအောင် တင်ပြခဲ့ကြလို့ နိုင်ငံခြားသားများ အလယ်မှာလည်း မော်ဒရိတ်တွေ (အစွန်းမရောက်သူတွေ) ဆိုပြီး ရေပန်းစားနေသည် မဟုတ်လော။

တတိယလှိုင်းတို့ ပြောရမှာက ဗိုလ်ချုပ်ကြီးတို့ခင်ဗျား လောလောဆယ် အာဏာထိုင်ခုံက ဆင်းမပေးခြင်လည်း နေပါ။ သို့သော် မြစ်ဆုံ၌ ဆည်တည်ဆောက်မည့် ကိစ္စကတော့ ရေရှည်မှာ နောင်လာနောက်သားတို့ အတွက် ဆိုးကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်သောကြောင့် မလုပ်သင့်ပါဟု ရဲရဲတင်းတင်း ပြောရမှာ ဖြစ်သည်။ သို့သော် လက်တွေ့ မှာတော့ တတိယလှိုင်းသမားတို့ မပြောရဲရှာပါ။ အာဏာ အပြောင်းအလဲကို အသာထား သဘာဝ ပတ်ဝန်းကျင် ပျက်သုန်းမည့် ကိစ္စလောက်မှ ဗိုလ်ချုပ်များကို နားမချနိုင်ပါက သည့်ထက် ကြီးမားသော ကိစ္စများ အပြောင်းအလဲ များကို တတိယလှိုင်းတို့ နားချနိုင်စွမ်း ရှိလိမ့်မည်ဆိုတာက သံသယဖြစ်စရာပါ။

လူမိုက်များ၊ လူကောင်းယောင် ဆောင်နေသူများ၊ အစွန်းမရောက်သူဟု ကြေငြာနေသူများ ထိုသူတွေ အားလုံး သည် တကယ်တော့ မိမိအုပ်စု ကောင်းစားရေး အတွက်သာ လုပ်နေသူတွေသာဖြစ်ကြောင်း မြစ်ဆုံကိစ္စ တခု တည်းနှင့်ပင် ကွက်ကွက် ကွင်းကွင်း မြင်လိုက်ရတော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၆ရက် သြဂုတ်လ ၂ဝဝ၉ ခုနှစ်

Aug 23, 2009

ပွင့်ဦးအငုံ



ပန်းပွင့်ကလေးက ဖြူလွလွ.. ရနံ့က အေးအေးပျံ့ပျံ့.. တကယ် ချစ်မက်စိတ်နဲ့သာ စောင့်ငင်လို့ကတော့ ပွင့်လာမှာ ဧကန်ပါ..။ သူ့ပွင့်လွှာလေးတွေ တလွှာချင်း အာပြီး ၀င့်ထည်လာမှာများ မြင်ယောင်စမ်းပါတော့။ ပြီးတော့ သူဟာ တကယ့် ပွင့်ဦးစ အငုံလေးပါ..။ ပြီးတော့ အဲဒီပန်းငုံလေးက ခူးမယ့်လက်ကလေးတစုံအတွက်သာ ပွင့်အာမှာတဲ့..။ သူ ဘယ်တော့ ပွင့်ခွင့်ရမလဲ…။

+++++

ခုမှ တက္ကသိုလ်ဆိုတာကို စိတ်ကူးတယဉ်ယဉ် ရှိခဲ့တဲ့ ပထမနှစ် ကျောင်းသူတယောက် အနေနဲ့တော့ မေလေးအတွက် အတန်းရဲ့ မွန်းကျပ်လှောင်အိုက်မှုက တော်တော် စိတ်မသက်သာစရာကောင်းတာပါ..။ တချက်တချက် သဘောကောင်းပြီး ၀င်လာတဲ့ လေအေးလေးက အတန်းထဲက လူ ၂၀၀ကျော်ကို တွန်းတိုက်ပြီး ၀င်ရလေတော့ သိပ်တောင် မအေးနိုင်တော့..။ နေ့လယ်ပိုင်း အတန်းတက်ရတာကို မေလေး အဲဒါကြောင့် မကြိုက်တာ..။ ဒါကြောင့်ပဲ ပြတင်းပေါက်ဘက်ကို အရအမိ ထိုင်ရတာ..။ မေလေးထိုင်နေတဲ့ ပြတင်းပေါက် နဘေးမြင်ကွင်းမှာက ကုန်းမြေမို့မို့လေး ရှိတယ်.. အဲဒီနေရာကိုတော့ မကြည့်မိစေနဲ့။ ဘာလို့ဆို ကောင်လေးတွေ စု ပြုံထိုင်ပြီး အတန်းထဲက မိန်းကလေးတွေကို ငမ်းကြ..စကြ နောက်ကြမို့ အာရုံနောက်စရာလေ..။ မေလေးကတော့ အချောအလှစာရင်းဝင်မဟုတ်တော့ သူတို့မျက်လုံးတွေအောက်ရောက်ဖို့ ပူစရာမရှိ..။ စိတ်ရှုပ်တာ တခုပဲ..။

အဲလို တွေးထားတဲ့ ရက်တွေထဲမှာပေါ့..။ သူက မေလေးရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာ။ သူကလည်း မင်းသားလေးတပါး မဟုတ်ခဲ့ပါ။

+++++

သူထိုင်ပြီး စိုက်ကြည့်နေတာ မေလေးကိုလို့များ နည်းနည်းမှ မထင်ခဲ့ပါ။ သူ့မျက်လုံးတွေက ခပ်ပြုံးပြုံး။ မေလေး ဘေးက သူငယ်ချင်းမ နှစ်ယောက်က အချောစားတွေမို့ သူတို့ကို လာကြည့်တယ်လို့ပဲ မေလေးက သေချာနေခဲ့တာ..။ နောက်တော့ ဘာလို့မှန်း မသိဘူး.. သူကြည့်နေတာ မေလေးလို့ ထင်လာမိတယ်။ အဲဒီတုန်းမှာပဲ အနားမှာထိုင်နေတဲ့ ဆောင်း..က ဟယ်.. မေလေးကို ရှိတ်နေတာတော့..တဲ့..။ မေလေးစိတ်ထဲ အံ့သြပြီး ရှက်သလိုလိုနဲ့..။ နောက်တော့ စာသင်ချိန်အစမှာ သူ ထွက်သွားတယ်..။ အဲလိုနဲ့ နေ့တိုင်း နီးပါး.. သူရောက်ရောက်လာ..။ ခဏထိုင်ကြည့်ပြီး ထွက်သွား..။ ဆန်းတာက သူက တယောက်တည်း လာတာ.. တခြားသူတွေလို သူငယ်ချင်းတွေတစု လာတာမဟုတ်..။ ဒါကြောင့် မေလေး သူ့ကို ပိုသတိထားမိသွားတာ..ထင်ပါရဲ့။

+++++

ဒီနေ့ မေလေးတယောက်တည်း ကျောင်းစောရောက်နေလို့ စားသောက်တန်းသွားပြီး မုန့်ဟင်းခါးသွားစားတယ်..။ မေလေး မုန့်ဟင်းခါး စစားတုန်းမှာပဲ ရှေ့စားပွဲကို ကောင်လေး ၃ယောက် ရောက်လာထိုင်တယ်။ မေလေး မကြည့်မိပါဘူး။ ဒါပေမဲ့ စိတ်ထဲ ကိုယ့်ကို ကြည့်နေတဲ့ သူရှိတယ်လို့ ခံစားရတာနဲ့ မော့ကြည့်လိုက်တော့..သူ။ ဟောကြည့် .. ပြုံးသလိုလို မျက်လုံးတွေနဲ့ စိုက်ကြည့်နေပြန်ပြီ။ မေလေး တကယ် ရှက်လာပြီ။ မုန့်ဟင်းခါးကို ငုံ့စား လိုက်တော့မှ မေလေး ဒုက္ခရောက်တော့တာ.. ရုတ်တရက် ငြုတ်သီးစပ်ပြီး သီးသွားတာ..။ မျက်ရည်တောင် ထွက်တယ်.. ကြည့်စမ်း ဒါကို သူက ရယ်တယ်..။ တကယ်ဆို အဲဒါတော့ မရယ်သင့်ပါဘူး။ မေလေး စိတ်တိုသွားတယ်။ သူ့ရှေ့က ဆတ်ကနဲ ထထွက်လာလိုက်တယ်..။ ပြီးတော့ သူ့ကိုလည်း ခေါင်းထဲက ထုတ်ပစ်လိုက်တယ်။ တကယ်.. သူကိုယ်တိုင်လည်း ထွက်သွားခဲ့တယ်လို့ ထင်ခဲ့ပါတယ်..။ ဘာလို့လဲဆိုတော့ သူ မေလေးတို့ အတန်းနား ကိုတောင် မလာတော့ဘူးလေ..။

+++++
ဟော.. ခပ်ဝေးဝေးပြတင်းပေါက်မှာ မျက်နှာလေးတခြမ်း ပေါ်လာတယ်။ အတန်းထဲက ဆူသံညံသံတွေ ရုတ်တရက် တိတ်သွားသလား..။ သူ့မျက်နှာလေး မမြင်ရတာ နှစ်ပတ်လောက်ရှိသွားပြီ။ သေချာပြီ.. မေလေး စိတ်ထဲမှာ သူ ရှိနေခဲ့ပြီ…။ မေလေးသူရှိရာကို ငေးကြည့်မိတယ်။ သူက ဘာလို့ မျက်နှာတခြမ်းကို ၀ှက်ထားရတာလဲ…။ သူ့မျက်လုံးတွေက အရင်လို မပြုံးဘူး..။ သူ.. မေလေးကို စိတ်ခုနေတာလား.. ဒါမှမဟုတ်.. မေလေး စိတ်တိုသွားတာကြောင့်လားး။ အဲဒီနေ့က သူ မေလေးနဲ့ နီးတဲ့ ပြတင်းပေါက်ကို ရောက်မလာခဲ့ဘူး…။ မေလေး ရင်ထဲ ကတုန်ကယင်နဲ့..။ ပြုံးယောင်ယောင် မျက်လုံးလေးတစုံ ကို လွမ်းနေသလိုပဲ…။

+++++
ပန်းငုံလေးက သစ်စ နေရောင်အောက်မှာ.. နေလာရာလမ်းဆီ မျှော်ငေးလို့…။ ပွင့်ဖတ်လေး တွေက ချစ်ခြင်းဝတ်မှုန်တွေကို ကျစ်ကျစ်ပါအောင် ထုပ်သိမ်းလို့.. သူလာရင် ပွင့်မယ်လို့တဲ့…။

+++++

အချစ်နဲ့ တွေ့တဲ့အခါ မိန်းကလေးတွေ ပိုလှချင်လာတတ်တယ်တဲ့။ အရင်က ကလေးလို နေမိခဲ့တဲ့ မေလေးက အလှတွေပြင်လို့.. ရှည်စ ဆံပင်တွေကိုတောင် နှေးတယ်ထင်သေး။ မိန်းကလေး ပီပီသသ.. ဆံယဉ်စ ချလို့ သူ့ ရှေ့မှာ လှချင်တာ..။

ဒါပေမဲ့ သူ မေလေးရှေ့ကို ရောက်မလာခဲ့ပါဘူး။ ရက်တော်တော်ကြာအောင် မေလေး တယောက်တည်း…. ကျိတ်ပြီး ရှာခဲ့.. မျှော်ခဲ့..။ နောက်တော့ မုန့်ဟင်းခါးဆိုင်လေးကို မေလေး သတိရလာတယ်..။ သူ ရှိနေလေမလားပေါ့..။ အဲဒီနေ့က မေလေး ရင်တွေတခုန်ခုန်.. သူငယ်ချင်းတွေနဲ့အတူ မုန့်ဟင်းခါးဆိုင်ထဲ ၀င်ထိုင်တဲ့အထိ ဘေးဘီကို ရဲရဲ မကြည့်ဝံ့..။ သူငယ်ချင်းတွေစကားပြောတဲ့ဆီလည်း စိတ်မရောက်.. သူ့ကို ဗြုန်းဆို မေလေးရှေ့ကို ရောက်လာစေချင်မိတယ်..။ အဲဒီတုန်းမှာပါပဲ.. မေလေးတို့ စားပွဲကို ကောင်လေးနှစ်ယောက် ရောက်လာတာ..။ မျက်နှာတွေက အပိုးမသေ.. သူတို့က ကဗျာစာအုပ်ဝယ်ပါဦးတဲ့..။ ကဗျာဆိုတဲ့ အသံကြားတော့ မေလေး ခေါင်းထောင်သွားတယ်.. မေလေးက ကဗျာရူးစာရူးလေ..။ ပြီးတော့ ကဗျာစာအုပ်ရောင်းတာက တက္ကသိုလ်ရဲ့ ယဉ်ကျေးမှုတခု..။ စာအုပ်တွေ မေလေးယူကြည့်တော့ ကလောင်နာမည်လေး ၃ခုနဲ့..။ ကောင်လေးနှစ်ယောက် က ကျနော်တို့ ရေးတဲ့ ကဗျာတွေပါ… တဲ့။ မင်းမျိုးမောင်မောင်.. ဆိုတာ သူ..တဲ့ ။ ကောင်လေးတယောက်က နောက်တယောက်ကို ညွှန်ပြပြီး မိတ်ဆက်တယ်…။ ဟိ.. ရယ်စရာ.. မျက်နှာပိုးမသေတဲ့သူကများ ကဗျာဆရာ မင်းမျိုးမောင်မောင်… တဲ့။ ကျနော်က ပံသုမောင်.. တဲ့။ သူကတော့ သိပ်မျက်နှာမပြောင်လှ..။ စာအုပ်ထဲက ကလောင်နာမည် နောက်တခုက “….” တဲ့။ အဲဒါ ဟိုမှာ ထိုင်နေတဲ့တယောက်တဲ့..။

မေလေး စိတ်ထဲ ထိတ်ကနဲ အလိုလိုဖြစ်ပြီး လှမ်းကြည့်လိုက်တော့ ထင်တဲ့အတိုင်း သူပေါ့..။ မေလေး လှမ်းကြည့်တော့ သူက မျက်နှာလွှဲသွားတယ်..။ သူ့မျက်လုံးတွေက တမျိုးပဲ..။ မေလေး နားမလည်ဘူး အဲဒီမျက်လုံးတွေ..။ မေလေးတို့ ကဗျာစာအုပ်တွေဝယ်လိုက်တော့ ကောင်လေးနှစ်ယောက်က စကားပွားနေသေးတာ..။ အဲဒီနေ့မှာပဲ သူ့ သူငယ်ချင်းကောင်လေး နှစ်ယောက်နဲ့ မေလေးတို့ ခင်သွားကြတယ်။ သူတို့က ဒုတိယနှစ်တွေတဲ့..။ သူကတော့ အဲဒီမလှမ်းမကမ်းက စားပွဲမှာ ထိုင်နေရင်း မေလေးတို့ဆီ ရောက်မလာခဲ့ဘူး.။ အမှန်အတိုင်းဝန်ခံရရင်.. အဲဒီနေ့ဟာ မေလေးရဲ့ အရှုံးစတဲ့ နေ့ပါပဲ..။ အဲဒီညက အိပ်ကာနီးအထိ... အေးစက်စက်ဖြစ်နေတဲ့ သူ့မျက်လုံးတွေက မေလေးကို နှိပ်စက်နေခဲ့တယ်..။ အဲဒီညကျမှ မေလေး သူ့အပေါ် ငြိတွယ်ပြီရယ်လို့ ပို သေချာခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီညမှာပဲ မေလေး တိုးတိုးဖွဖွလေး ရွတ်မိတယ်..။ သူ့ကို “ကို..” လို့ ခေါ်ချင်နေမိခဲ့တယ်..။

+++++

နောက်နေ့တွေမှာတော့ သူ့သူငယ်ချင်းတွေနဲ့အတူ သူပါ မေလေးဆီပါလာပေမဲ့..သူက သူစိမ်း ဆန်နေခဲ့တာ.. မေလေးဖြင့် နားမလည်ပါဘူး။ မေလေးနဲ့သူ တစားပွဲတည်း ထိုင်တိုင်း မေလေး စိတ်လှုပ်ရှားမိတာ.. ပတ်ဝန်းကျင်က သိမှာတောင် စိုးရပါတယ်။ တရက်တော့ မေလေး စားသောက်တန်းရောက်သွားတဲ့အချိန်မှာ သူတယောက်တည်း ထိုင်နေတယ်။ မေလေး သူ့စားပွဲမှာ ၀င်ထိုင်လိုက်တော့ သူ့မျက်လုံးတွေက အရင်တုန်းကလို နူးညံ့နေတယ်လို့ မေလေးခံစားနေရတယ်။ သူက စကားတွေတောင် များများပြောလို့။ ဒါပေမဲ့ သူ့သူငယ်ချင်း နှစ်ယောက်ရောက်လာရင်တော့ သူက ခပ်တည်တည်ဖြစ်သွားရော..။ ဒီလိုနဲ့ ဇာတ်မျောကြီးထဲ စီးဝင်နေလိုက်တာ.. ပန်းငုံလေးခမျာတောင် လျော်လုလု..။

++++++

အဲဒီနေ့က တလောကလုံး ဂျွမ်းထိုးမှောက်ခုံ…။ အချစ်ဆိုတာကို မြင်ရုံမြင်ရပြီး မသဲကွဲခင် လက်လွတ်ဆုံးရှုံးရတဲ့အဖြစ်..။

မေလေးတယောက်တည်း မုန့်ဟင်းခါးဆိုင်မှာ ထိုင်နေတုန်း မေလေးတို့တဖွဲ့လုံးနဲ့ ခင်နေပြီဖြစ်တဲ့ မုန့်ဟင်းခါးသည် ကြီးမြက မေလေးကို စာတစောင်လာပေးတယ်။ သမီးကို ပေးခိုင်းတယ်..တဲ့။ ဘယ်သူလဲဆိုတော့ ပံသုမောင်..တဲ့။ မေလေး သိပ်မအံ့သြပေမဲ့.. စိတ်ညစ်သွားတယ်။ အဲဒီနေရာမှာပဲ ဖွင့်ဖတ်လိုက်တော့ ထင်ထားတဲ့အတိုင်း ရည်းစားစာပေါ့..။ ကြီးမြ.. သူ့ကို ပြန်ပေးလိုက်.. သမီး သူ့ကို မကြိုက်ဘူး.. လို့ ပြောပြီး တခါတည်း ပြန်ပေးလိုက်တယ...။ ကြီးမြက ရယ်နေတယ်…။ မေလေးကတော့ ငိုချင်နေပါတယ်။ ဘာလို့လဲဆိုတော့ တခုခုကို ရိပ်မိလာလို့ပေါ့..။ သူ့သူငယ်ချင်းက ရည်းစားစာပေးထားတဲ့ မိန်းကလေးကို သူက မရိုးမသား ပတ်သက်ပါဦးမလား..ဆိုတဲ့ အတွေးနဲ့ပေါ့….။

++++++

ပံသုက မေလေးကို တောင်းပန်တယ်..။ သူငယ်ချင်းလို ပြန်ခင်ပါတဲ့..။ မေလေးကတော့ သူ့အနားနေနေချင်စိတ်နဲ့ သူ့သူငယ်ချင်းကို ကျေအေးလိုက်ပါတယ်။ ဒီနောက်ပိုင်းရက်တွေ ကျတော့လည်း သူက ရွှင်ရွှင်လန်းလန်း ရှိသား..။ မေလေးကတော့ သူ့အနားနေနေရတာကိုပဲ ကျေနပ်နေမိပါတယ်။ သူရယ်ရင် မေလေး ပျော်တယ်..။ သူ စိတ်တိုတာ မေလေးတခါမှ မတွေ့ဖူးတော့ သူနဲ့ ပတ်သက်ရင် မေလေးက အချစ်ဆိုတာကိုသာ ခံစားခဲ့ရတာပါ…။ တဖြည်းဖြည်း စိမ့်ဝင်ငြိတွယ်လာတဲ့အခါ အချစ်နဲ့အတူ.. သံယောဇဉ်ပါ ပါလာတော့တယ်..။ မေလေးဟာ သိသိသာသာ သူ့ဆီမှာ နစ်ဝင်နေပြီထင်ပါရဲ့…။ အဲဒီရက်တွေက သာတောင့်သာယာ ရှိခဲ့တာ အမှန်ပါ…။

++++++

တနေ့ မေလေးတို့တဖွဲ့ အတူတူထိုင်နေတုန်း သူက တနေရာ ခဏ ထွက်သွားတယ်..။ မင်းမျိုးက သူ့စာအုပ်ကို ဖွင့်ပြီး ဒီမှာကြည့် ဟိုကောင်… သူ့ကောင်မလေးနဲ့ မနေ့က ချိန်းတွေ့ထားတာတဲ့..။ မေလေးလှမ်းကြည့်လိုက်တော့ ဟုတ်တယ်.. သူ.. ကောင်မလေး တယောက်နဲ့။ ကောင်မလေးနာမည်က ဖြူ..တဲ့။ မေလေး မျက်စေ့တွေ ပြာဝေသွားသလိုပဲ…။ သူ့မှာ ရည်းစား ရှိတာ.. မေလေး ပထမဆုံး သိရတဲ့နေ့…။ သူ ပြန်ရောက်လာတော့ မေလေး မျက်နှာပျက်နေမယ် ထင်တယ်..။ သူလည်း မျက်နှာပျက်နေတယ်လို့ မေလေးထင်တယ်…။ မေလေး ဟန်မဆောင်နိုင်တော့ဘဲ အတန်းဘက်ထွက်လာခဲ့တယ်…။ မေလေး ဘာလုပ်ရမလဲ…။

++++++

နောက်တော့ သူ မေလေးကို သိသိသာသာ ရှောင်လာတယ်…။ မေလေးရင်ထဲ တဆစ်ဆစ် နာ…။ နောက်ဆုံး မခံမရပ်နိုင်စိတ်နဲ့.. မေလေးကို ထပ်ပြီး propose လုပ်လာတဲ့ ပံသုကို ခေါင်းညိတ်လိုက်တယ်..။ ပြီးတော့ အဲဒီနေ့က မေလေး ငိုတယ်…။

++++++

ပံသုနဲ့ မေလေး ရည်းစားဘ၀ရောက်မှပဲ သူ မေလေးတို့နား ပြန်ရောက်လာတယ်…။ ပြီးတော့ အဲဒီကျမှပဲ မေလေးကို သူ ရင်းရင်းနှီးနှီး ဆက်ဆံလာတယ်..။ ထူးဆန်းတာတခုက သူ မေလေးကို တခါမှ နာမည်မခေါ်တာပဲ.. အမြဲ "ဟေ့ကောင်".. လို့ပဲ ခေါ်တယ်..။ စချင်ရင်တော့ ငရုတ်သီးလေး.. တဲ့။ သူ့ကို မေလေးက သူ့ကောင်မလေးနဲ့ တွဲစရင်တော့ သူ မျက်နှာတည်ပြီး စကားမဆက်တော့ဘဲ နေတတ်တယ်..။ မေလေးကတော့ အခါများစွာမှာ ပံသုကို အားနာနေမိပါတယ်။ ပံသုအနားမှာနေရင်း မေလေးစိတ်တွေက သူ့ဆီမှာပဲ ရှိနေခဲ့တာ အတွက်ပေါ့…။ ပြီးတော့ ပံသုနဲ့ ရည်းစားဖြစ်နေပေမဲ့ မေလေးက သူတို့နဲ့ပဲ အမြဲ အတူတူ နေတာလေ..။ အထူးသဖြင့် သူ့အနားမှာပေါ့..။

+++++++

သူနဲ့ မေလေးတို့ ကြားမှာ ဘယ်သူမှမသိတဲ့ ပြီးတော့ မေလေးတို့ကိုယ်တိုင်ဝန်မခံတဲ့ ငြိတွယ်မှုတွေ ရှိတာ မေလေးယုံတယ်..။ ဥပမာ… နင့်ဒီလိုင်စင်ဓာတ်ပုံလေးမှာ နင် သိပ်ချစ်စရာကောင်းတာပဲလို့ မေလေးပြောတော့ ဟုတ်လား..ဒါဆို ယူလိုက်..ဆိုပြီး မေလေး ပိုက်ဆံအိတ်ထဲ ထည့်ပေးလိုက်တာ..။ မေလေးကလည်း ဘယ်သူ့ကိုမှမပြောဘဲ ယူထားတာ…။ အိမ်က မေလေးရဲ့ စာကြည့် စားပွဲအံဆွဲထဲမှာ အဲဒီဓာတ်ပုံလေး သပ်သပ်ယပ်ယပ် ရှိနေတာ.. ဘယ်သူမှ မသိ…။ ပံသုနဲ့ မေလေး ရန်ဖြစ်တဲ့အခါ မျက်နှာပျက်ပြီး သူ ထ ထ ထွက်သွားတာ..။ မေလေးသိတာပေါ့။ နွေရာသီကျောင်းပိတ်ရက် မတွေ့တာကြာရင် ပံသုချိန်းလို့ မရတဲ့ မေလေးကို သူကတော့ အိမ်မှာ လာတွေ့တာ…။ မတွေ့ရတာကြာတဲ့ သူ့မျက်နှာကိုငေးရင်း သူ့နှုတ်ခမ်းဖောင်းဖောင်းလေးတွေကို ရမ္မက်မပါတဲ့ အချစ်နဲ့ ငေးနေမိတာ…။ သူ ပြန်ပြီး စိုက်ကြည့်လိုက်မှ အတုန်တုန်အလှုပ်လှုပ် မျက်နှာလွှဲရတာ…။ နောက်တော့ အဲဒီနှစ် စာမေးပွဲဖြေတာ စိတ်တိုင်းမကျသမျှ..သူ့ရှေ့ကျမှ ငိုမိတာ…။ ငါတော့ ကျမှာထင်ပါရဲ့..လို့ ပြောတော့ သူက ကျပါစေ..ငါလည်း ကျမှာပေါ့..တဲ့။ ဒါပေမဲ့ တကယ် အောင်စာရင်းထွက်တော့ မေလေးက မကျဘဲ သူက ကျတာ..။ မေလေး စိတ်မကောင်းဖြစ်တော့ နင်နဲ့ငါ အတန်းတူသွားတာပေါ့..တဲ့။ အဲလိုတော့လည်း မေလေး စိတ်ထဲ ကျေနပ်သလိုလို ဖြစ်သွားရသား...။ အဲဒီနှစ်မှာ ပံသုကတော့ အောင်သွားလို့ မိန်းထဲမှာ တတိယနှစ် သွားတက်ရပါတယ်..။ နောက်တော့ အဲဒါကပဲ ပြဿနာအစ ဖြစ်ခဲ့ပါတော့တယ်…။

++++++

ဒုတိယနှစ်ဟာ မေလေးတို့ နှစ်ယောက်ရဲ့ သံယောဇဉ်ကို ခိုင်ကျည်စေတဲ့ နှစ်လို့ မေလေးက သတ်မှတ်ပါတယ်။ ပံသု မရှိတဲ့ ကျောင်းမှာ မေလေးနဲ့သူ တတွဲတွဲ..။ သူနဲ့ မေလေးက စိတ် အခန့်မသင့်တောင် မဖြစ်ဖူး..။ ဒါပေမဲ့ အဲဒါဟာ ပံသုအတွက်တော့ မီးလို လောင်မြိုက်ခဲ့ဟန် တူပါတယ်။ မေလေးနဲ့ ပံသု ရန် ခဏခဏဖြစ်လာတယ်..။ ပံသုဟာ လူကြမ်းတယောက်လို ဖြစ်လာတယ်..။ မေလေးနဲ့ သူက နီးနီးလာပြီး ပံသုက ဝေးဝေးသွားတယ်..။ သူနဲ့ မေလေးတို့ကြားက သံယောဇဉ်က ဆန်းကြယ်ပါတယ်။ အေးမြခိုင်ကျည်တယ်.. အဲလို မေလေးထင်တယ်..။

+++++

ငါ ရည်းစားထားတော့မယ်.. တဲ့။ သူက နာမည်တခုပြောပါတယ်..။ မေလေးသူ့ကို ငေးနေမိတယ်..။ သူက မေလေးကို မျက်လုံးချင်းမဆိုင်ဘူး..။ နင့် ဟိုတယောက်ရော.. ဖြူလေ… ဆိုတော့ သူ ပြန်မဖြေဘူး.. ပြီးတော့ ပြုံးတယ်.. သူ့အပြုံးက ဆန်းတယ်..။ ဒါပေမဲ့ မေလေး နားမလည်ပါဘူး..။ နောက်တော့ .. နင်သဘောတူလား..တဲ့..။ မေလေး ခေါင်းညိတ်ပြလိုက်တယ်..။ အဲဒီအချိန် မျက်ရည်ကျချင်တယ်..။ သူက ရယ်လိုက်တယ်.. ပြီးတော့ မေလေး ခေါင်းကို ပုတ်လိုက်တယ်…။ ပြီးတော့.. ဘာမှ ဆက်မပြောတော့ဘူး။ မင်းလည်း စိတ်ချမ်းသာအောင်နေကွာ..တဲ့။ အဲဒါ နောက်ဆုံးပါပဲ…။

+++++++

နောက်တော့ သူတကယ်ပဲ ရည်းစားထား.. အဲဒီရည်းစားလေးနဲ့ ပျော်ပျော်ရွှင်ရွှင်…။ မေလေးကတော့ ရင်ထဲမှာ ဘာမှ မရှိတော့သလိုပါပဲ..။ တခါတလေ မေလေးရှိတဲ့ ကျောင်းဆောင်ဘက် သူတယောက်တည်း ရောက်လာတဲ့အခါ အရင်လို စကားတွေပြော.. သူဟာ မေလေးနဲ့ဆို အမြဲ နူးညံ့ကြည်လင်နေတတ်သူ…။ ပံသုရင်ထဲမှာတော့ သူက အဆိပ်အတောက်တဲ့လေ..။ ပံသုက ကြမ်းတမ်းသထက် ကြမ်းတမ်းလာတယ်။ မေလေး တခုတော့ ဆုံးဖြတ်ရလိမ့်မယ်..။ နောက်ဆုံးတော့ မေလေး ပံသုကို ဖြတ်လိုက်တယ်။ အဲဒီအချိန်မှာ သူ မေလေးဆီရောက်လာတယ်။ နင် စိတ်ဆင်းရဲနေလား.. တဲ့။ မေလေးက စိတ်တောင် ချမ်းသာနေတာလို့ ပြန်ဖြေလိုက်တယ်။ သူ မေလေးကို စိုက်ကြည့်နေပြီး ကောင်းတယ်..တဲ့။ လိုတာရှိရင် ငါ့ကိုပြောတဲ့..။ မေလေးသူ့ကို ငေးနေမိပြန်တယ်။ ဒီတခါတော့ သူ နေရခက်လာသလိုပဲ..။ ငါသွားမယ်နော်..တဲ့။ သူ လှည့်ထွက်သွားချိန်မှာ မေလေးရင်ထဲ တိုးတိုးလေး ရွတ်နေမိတယ်..။ ငါ.. နင့်ကိုချစ်တယ်လေ… လို့။

++++++

စိတ်ပေါက်ပေါက်နဲ့ ဘ၀ကို တစောင်းတိုက်ဖြတ်နေတဲ့ အချိန်တွေမှာလည်း မေလေးအနားကို သူ ရောက်ရောက်လာတတ်တယ်..။ နောက်တော့ သူ သူ့ရည်းစားမဟုတ်တဲ့ တခြား ကောင်မလေးနဲ့ ငြိတာ.. မေလေးဆီ ရင်လာဖွင့်..။ အဲ့ဒီကောင်မလေးကို အလွယ်တကူ ဖြတ်မရတော့ "ဟေ့ကောင်.. မင်းသွားတွေ့ပြီး ပြတ်အောင် ဖြတ်ပေးကွာ"..တဲ့။ မေလေးကလည်း သူပြောတဲ့အတိုင်း တကယ် လုပ်ပေးတာပဲ..။ ကောင်မလေးက မေလေးကို စိတ်တွေတိုလို့.. မေလေးနဲ့ ဘာဆိုင်လဲလို့ ရန်တွေ့လိုက်တယ်။ သူ့ကို ပြန်ပြောပြတော့ ရယ်နေတာပဲ…။ နောက်ပိုင်းလည်း သူက ကောင်မလေးတွေနဲ့ ပတ်ပတ်သက်သက်.. မေလေးမှာ နားထောင်ပေးရ.. ဆူရ.. ပြောရ.. ဖြေရှင်းပေးရ..။ အဲလို ဇာတ်လမ်းတွေ သူဘာလို့ မေလေးကို လာ လာ ပြောပြနေတယ် မသိ…။ မေလေးက သူ့ရည်းစားထက်တောင် သူနဲ့ ပိုနီးကပ်နေသလို စိတ်ထဲ ခံစားနေရတယ်။ သူနဲ့ မေလေးတို့ နှစ်ယောက်မှာ တူတာက ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာတွေရှိတဲ့အခါ သူက မေလေးကို ပြောပြရင်ဖွင့်တိုင်ပင်သလို.. မေလေးကလည်း သူ့ကိုပဲ ပြောပြရင်ဖွင့်တာ..။ အဲလိုနဲ့ ၆နှစ် ၇နှစ် ဆိုတဲ့အချိန်တွေ ကျော်ဖြတ်။

+++++

ဒီလိုနဲ့ အဲဒီအချိန်မှာ တကယ်ပဲ မေလေးချစ်ရတဲ့သူ တွေ့ခဲ့တယ်..။ မေလေး ရည်းစားထားတော့မယ်.. ဆိုတော့ သူက သေချာလား..တဲ့။ မေလေးက အင်းလို့ ဖြေတော့ ဟော.. သူ မေလေးကို အကြာကြီး စိုက်ကြည့်နေပြန်တယ်..။ နောက်တော့ မေလေး သူ့ကို တကယ်ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်..။ နောက် တကယ့်တကယ် မေလေးချစ်သူနဲ့ အတူနေတော့ဖို့ ဆုံးဖြတ်.. မင်္ဂလာဆောင်တော့ သူ့ထက်တောင် စောခဲ့တယ်..။ သူ.. မေလေး မင်္ဂလာဆောင်ကို မလာခဲ့ဘူး..။ အဲလိုပဲ သူ မင်္ဂလာဆောင်တော့လည်း မေလေး မသွားဖြစ်ခဲ့ဘူး..။ ဘာဖြစ်လို့လဲလည်း မသိဘူး။ ဒါပေမဲ့ မေလေးနဲ့သူကတော့ အလုပ်ကလည်း ကျောင်းမှာပဲ အတူတူမို့ မကွဲကွာပြန်ဘူး။ အရင်တုန်းကလို ကင်တီး တူတူထိုင်.. တယောက်အကြောင်းတယောက် တိုင်ပင်.. ပြောဆို..။ ပြောရရင် ပိုတောင် ရင်းနှီး လာသလိုပဲ…။ ဒါပေမဲ့ မေလေး သူ့ကို လုံးလုံး ရင်မခုန်တော့တာ သေချာပါတယ်။ နောက်တော့ သူ့ရဲ့ ပြဿနာအခက်အခဲတွေကိုလည်း အရင်လို ကူရှင်းပေး စဉ်းစား ပေးနေရတုန်းပါပဲ…။

++++++

ပန်းငုံလေးတွေ အချိန်တန်လို့ ပွင့်ခွင့်မရတဲ့အခါ အငုံဘ၀နဲ့ပဲ ခြောက်သွေ့ညှိုးလျော်သွားတာ မေလေး မြင်ဖူးပါတယ်..။ ဆန်းတာက အဲဒီပန်းခြောက်လေးတွေက အလွယ်တကူ ကြွေကျ မသွားကြတာပါပဲ…။ အဲဒီအခါ ..

+++++

တချိန်.. အသက်တွေ ကြီးလာတဲ့ အချိန်ကျရင် သူ့ကို တခေါက်လောက် ပြန်တွေ့ချင်ပါ တယ်..။ အဲဒီအခါကျရင် သူ့မျက်လုံးတွေထဲ သေချာ စိုက်ကြည့်ပြီး.. မေးခွန်းတချို့ မေးချင်လို့ပါ..။
နင် ငါ့ကို ချစ်ခဲ့ဖူးသလား..။ ဒါမှမဟုတ်.. နင် ငါ့ကို မချစ်ခဲ့ဖူးဘူးလား..။
အဲဒီအချိန်တုန်းက နင့်မှာ ဖြူဆိုတဲ့ ရည်းစားတယောက် ရှိခဲ့တယ်ဆိုတာ တကယ်လား..။
ပြီးတော့ ငါနင့်ကို ချစ်ခဲ့တာရော..သိလား…ဆိုတာတွေ.. တကယ်မေးချင်တာပါ။

+++++

နှစ်များစွာ အငုံဘ၀နဲ့... ခူးဆွတ်သူကို ငံ့လင့်ခဲ့ဖူးတဲ့ ပန်းကလေးက သူမျှော်လင့်သူက သူ့ကို ခူးဆွတ်ချင်ခဲ့ဖူးသလားဆိုတာကို သိရရင်များ... သူ့တန်ဖိုးလေးကို မြင်ယောင်ခံစားရမလားလို့လေ…။

(၂၃၊၀၈၊၀၉)

Aug 21, 2009

မြသီလာရဲ့ အဝေးမှာ (၂)

မြသီလာရဲ့ အဝေးမှာ… ကျမ စိတ်ရဲ့ ဖြေပြေရာ ရှာတော့ ဘလော့စာမျက်နှာက ထွက်ပေါက်လေးတခု ဖြစ်လာပါတယ်။ ကျမကို ဘလော့လောကထဲ ရောက်စေခဲ့တာက သားကြီးပါ..။ သူပဲ ဘလော့လေးတခု လုပ်ပေး.. ဘယ်လို လုပ်ရလဲ သင်ပေး…။ နောက်တကြောင်းကတော့ ကျမရေးချင်တဲ့ ခံစားချက်တွေ.. ရသတွေ အတွေ့အကြုံတွေကို ဖောက်သည်ချချင်နေတဲ့ ထွက်ပေါက်..။ ပြီးတော့ အဲဒီ ဘလော့ရွာထဲက ကျမ စွဲလန်း နှစ်ခြိုက်မိတဲ့ စာမျက်နှာတွေ…။ အဲဒီကတဆင့် ချစ်ရတဲ့ ညီမလေးတွေ.. သမီးတွေ.. နောက်.. အကိုတချို့ မောင်တချို့ သားတချို့ ..။ စိတ်ရှုပ်စရာ အနည်းအကျဉ်း ရှိပေမဲ့ ဘလော့ရွာ လေးကို ကျမ ချစ်တယ်။ ကျမအတွက်တော့ ရင်ဖွင့်တိုင်တည်ရာ ကွင်းပြင်လေးကို ဖြစ်လို့..။

မြသီလာရဲ့အဝေးမှာ စိတ်ညစ်စရာတွေချည်းပါလား… ဆိုတာမျိုး ကျမ ရေးခဲ့မိလေသလား မသိပါဘူး။ ပြီးခဲ့တဲ့ post လေး ဖတ်ပြီး အားပေးကြတော့ ကျမမှာ ၀မ်းနည်း ၀မ်းသာ (မြတ်လေး ရိုက်တဲ့ ရုပ်ရှင်အကြောင်းမဟုတ်)။ တကယ်တော့ ကျမ ရေးဖြစ်သမျှက သင်ခန်းစာ ယူစရာရှိရင် ယူနိုင်ကြဖို့.. ဆင်ခြင်စရာရှိရင် ဆင်ခြင်မိဖို့ပါပဲ။ ပြီးတော့ ကြုံလာရသမျှကို ဘယ်လို ရင်ဆိုင်သလဲဆိုတာကို မျှဝေချင်တာပါပဲ။ ကျမအနေနဲ့ ပြဿနာလေးတွေ ကြုံရတဲ့ အချိန်အခိုက်အတန့်လေးမှာ စိတ်ထိခိုက်တာ.. စိတ်တိုတာတွေ လူသာမန်ပီပီ ခံစားရပေမဲ့ အဲဒါကို ရအောင် ရင်ဆိုင်ဖြတ်ကျော်ချိန်မှာ ဘယ်လို နှလုံးသွင်းတယ်ဆိုတာတွေကို ပြောပြချင်တာပါ။ အဲဒါတွေကိုသာ တဆိတ် တအိတ်လုပ် ခံစားနေမယ်ဆိုရင် ဒါမျိုးတွေအများစုနဲ့ ပြည့်နေတတ်တဲ့ လူ့ပတ်ဝန်းကျင်ထဲ ကျမတို့ ဘယ်လို ရှေ့ဆက်လျှောက်နိုင်ပါ့မလဲ.. နော်။ ပြီးတော့ ဒါလေးကို ကျမတို့ ပုံကြီးချဲ့ ခံစားနေမယ်ဆိုရင် ကျမတို့ နိုင်ငံထဲက အမြဲ သောက ဒုက္ခနဲ့ လက်ပွန်းတတီးနေနေကြရတဲ့ ကိုယ့်လူထုကို အားနာစရာ..။

+++++
တကယ်လည်း ကျမ ချန်ထားခဲ့တဲ့ မြသီလာနဲ့ ကိုယ့်မြေကိုသာ ထည့်မတွေးဘူး.. သတိရမနေဘူးဆိုရင်… ဇင်းမယ်မှာ နေခဲ့တဲ့ ၄နှစ်ဝန်းကျင်နဲ့ ခု နေရတဲ့ ဘ၀လေးက ကျေနပ်စရာကောင်းတာ အမှန်ပါ။ ဇင်းမယ်မှာနေတုန်း ကျမတတ်နိုင်တဲ့ ပညာရေးနဲ့ မြန်မာစာ သင်ကြားရေးကိစ္စတွေ.. စာရေးဆရာအလုပ်တွေ ကျမ နိုင်သလောက် လုပ်ခဲ့ရတာတွေ… နောက် Radio Free Asia မှာ ပညာရေးအစီအစဉ် ၂နှစ်ကျော် လုပ်ခဲ့တာလည်း ကိုယ့်ဘာသာတော့ သိပ် ပီတိဖြစ်ရပါတယ်။ ကိုယ်ရောက်တဲ့ နေရာလေးမှာ ကိုယ် လုပ်ချင်တာလေး လုပ်ခွင့်ရတာ.. ကျေနပ်စရာ မဟုတ်လား..။ ပြီးတော့ ကိုယ့်တိုင်းပြည်ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ကွက်လပ်ကလေးတွေကို နိုင်သလောက် ဖြည့်ခွင့်ရတာလေ။

တကယ်တော့ လူတွေဟာ ကိုယ်နေရတဲ့ နေရာမှာ ကိုယ်လုပ်ချင်တာလေးတွေကို ကိုယ်တတ်နိုင်သလောက် လုပ်ဖို့.. လုပ်ခွင့်ရဖို့ပဲ လိုတယ်လို့ ကျမ ထင်ပါတယ်။ အဲလို လုပ်တဲ့နေရာမှာ သူများကို စိတ်အားဖြင့်ဖြစ်စေ.. ကိုယ်အားဖြင့် ဖြစ်စေ ဒုက္ခမပေးမိဖို့တော့ ကျမ အထူး သတိထားဖြစ်ပါတယ်။ (မဟုတ်မမှန် လုပ်တဲ့သူတွေ အပေါ်တော့ ခြွင်းချက်)။

+++++
ခုလည်း ကျမ Voice of America (VOA) ရေဒီယိုမှာ တထောင့်တနေရာက လုပ်ခွင့် ရတဲ့ အတွက် တကယ်ပဲ စိတ်ချမ်းသာရပါတယ်။ (အိပ်ရေးပျက်တာတော့ တပိုင်းပေါ့ :P )။ မြန်မာပြည်စံတော်ချိန် ညနေ ၆နာရီ (၀ါရှင်တန် စံတော်ချိန် မနက် ၇နာရီခွဲ) မှာ စပြီး အသံလွှင့်နိုင်ဖို့ အမေရိကန်ပြည်ရဲ့ စံတော်ချိန် မနက် ၄နာရီ (ဗမာပြည်ရဲ့ နေ့လယ် ၂နာရီခွဲလောက်)ကတည်းက ကြိုပြီး ပြင်ရ ဆင်ရပါတယ်။ နောက်ဆုံးထွက် သတင်းတွေ အမီလိုက်.. အသင့်ပြင်ကြရပါတယ်။ အဲဒီအတွက် ကျမတို့ နေတဲ့ Maryland ကနေ ရုံးရှိရာ Washington DC ကို မနက် ၄နာရီရောက်ဖို့ အိမ်ကနေ ၃နာရီ ၁၅လောက် ထွက်ကြရပါတယ်။ ဆိုတော့ သန်းခေါင်ကျော် ၂နာရီခွဲလောက်ကတည်းက အိပ်ယာထ ပြင်ရ ဆင်ရ..။ (ဒါတောင် ကျမက ကိုယ်တိုင် ကားမမောင်းရလို့..။ တရပ်ကွက်တည်းနေတဲ့ ဂျူတီတူသူတွေက အဆင်ပြေသလို ၀င်ခေါ်ပေးပြီး တူတူသွားကြရပေလို့)။

ရုံးကို ၄နာရီရောက်ပြီဆိုရင်တော့ ကော်ဖီတခွက် ကမန်းကတမ်းဖျော်ကြပြီး ကော်ဖီင်္ခွက် ကိုယ်စီနဲ့ အလုပ် ရှုပ်ကြရတော့တာပါပဲ..။ ဖုန်းတွေခေါ်.. သတင်းတွေ လိုက်.. နိုင်ငံတကာ သတင်း အတွက် ဘာသာပြန်တဲ့သူက ပြန်..။ ပရိုဂရမ်တွေ အသင့်ပြင်သူက ပြင်..။ အသံသွင်းစရာ ရှိသူတွေက သွင်း..။ အင်တာဗျူးလုပ်သူတွေက လုပ်..။ ပြေးပြေးလွှားလွှား သွက်သွက် လက်လက် လုပ်ကြရတာ..။ ကြည့်တော့သာ အချိန် ၃နာရီလောက် ကြိုရတယ်ဆိုပေမဲ့ ဗမာပြည်ကို အလွယ်တကူ ဖုန်းခေါ်မရတာနဲ့..။ Breaking News တွေ အတက် နောက်ကျတာနဲ့.. အမြဲတမ်း အချိန်လု လုပ်ကြရတာပါပဲ။

(ရုံးမှာ.. တကယ်အလုပ်လုပ်နေတာကို ကိုရန်နိုင် ရိုက်ထားတာ :D)

ကျမကတော့ စိန်ခေါ်ခံနေရတာကို ကြိုက်သူမို့ ကျမအတွက် မူကြိုကျောင်းလို အစကနေ သင်ယူရတဲ့ ရေဒီယိုအလုပ်ထဲ မျက်စေ့သူငယ် နားသူငယ်နဲ့ (အံမယ်..ပြောပုံက သနားစရာလေးလိုလို) ကြောက်နေရ စိတ်လှုပ်ရှားနေရတာကိုပဲ သဘောတွေ ကျလို့။ စစချင်း ရက်တွေတုန်းကများ တပည့် ရာဂဏန်းရှေ့ အော်ဟစ်စာသင်လာတဲ့ ကျမက စတူဒီယိုထဲက Microphone ရှေ့မှာ ခြေဖျားလက်ဖျားတွေ အေးလို့။ ကျမစိတ်ထဲ သန်းနဲ့ချီပြီး နားထောင်နေမယ့် သူတွေကို မြင်ယောင်လို့ပေါ့.. ကျမ အကောင်းဆုံးကို ပေးနိုင်ပါ့မလား.. ဆိုတဲ့ စိုးရိမ်စိတ်နဲ့။ ပြီးတော့ သင်ယူရမယ့် နည်းပညာ အတတ်ပညာ အသစ်တွေထဲ ခြောက်အိပ်မက်တွေတောင် မက်လို့။ ကျမထက် အသက်တွေ ငယ်ကြပေမဲ့ ဒီလောကထဲမှာ ကျွမ်းကျင်နှင့်နေသူ လုပ်ဖော်ကိုင်ဖက်တွေနဲ့၊ အတွေ့အကြုံများသူ စီနီယာတွေရဲ့ အကူအညီ အသင်အပြတွေအောက်မှာ ကျမကတော့ ဦးကျည်ပွေ့ ထုံး နှလုံးမူရတော့တာပေါ့။ သင်တဲ့သူတွေကလည်း တကယ်ပဲ စိတ်ရှည်လက်ရှည် သင်ပေးကြတာပါ..။ (အဲဒါတောင်မှ ညံ့နေတာဆိုရင်တော့ ကျမကကို ကိုယ်ခံအားညံ့လို့ဖြစ်မှာပါ :P ) ဘာပဲဖြစ်ဖြစ် ကျမက ကိုယ့် ဘ၀အသစ်လေးထဲ မွေ့လျော်ပါတယ်။ ပိုပြီး စိတ်ကျေနပ်စရာ ကောင်းတာက ကိုယ့်ဇာတိ စာရေးဆရာဘ၀.. ပြီးတော့ စာပေအထူးပြုဘာသာရပ်တွေ သင်ခဲ့တဲ့ မြန်မာစာ ဆရာမ တယောက်ဘ၀နဲ့ မကင်းကွာတဲ့ “ရသစာအုပ်စင်” အစီအစဉ်လေး လုပ်ခွင့်ရတာပါ..။ စာကောင်းလေးတွေ ဖတ်ရတဲ့အခါ ဝေမျှပေးချင်တဲ့ ကျမရဲ့ ၀ါသနာနဲ့လည်း အကိုက်လေ..။ အဲဒီအခါ ကျမအတွက်တော့ ခု လက်ရှိဘ၀လေးက တန်ဖိုးတခု ရှိလာပါတယ်။ (အဆိုးချည်းပဲလည်း မဟုတ်ကြောင်းလေးတွေ ရေးပါပြီနော်)။

+++++

သမီးလေးကတော့ ဇင်းမယ်မှာပဲ ပိုပျော်တယ်… တဲ့။ (အဲလိုသာ ပြောတယ်… ဆော့လိုက်တာတော့ ကမ်းကုန်.. မပျော်ပေလို့)။ သားငယ်လေးကတော့ ဒီမှာ ပျော်တယ်.. တဲ့။ သားကြီးခမျာတော့ ဟိုဟာ လို ဒီဟာ လိုနဲ့.. ကျောင်းတက်ဖို့အရေး ခုထိ စောင့်နေရဆဲ..။ ဒါပေမဲ့ သူ့အနာဂတ်က နီးနီးလေးမှာပါ..။ ကလေးတွေအဖေခမျာလည်း ဒီလိုပဲ လိုအပ်နေသေးတာ တချို့ကြောင့် အမေရိကရောက် ဗမာအများစုလို.. ဆူရှီလိပ်တွေထဲ ယဉ်ပါး.. (ဗမာလို အင်မတန်တတ်တဲ့ သူငယ်ချင်း အမေရိကန်မ တယောက်ပြောဖူးတဲ့.. နင်တို့ ဗမာတွေ အမေရိကရောက်ရင် အောင်ဆန်းစုကြည်အရေး သိပ်မလုပ်နိုင်တော့ဘဲ အောင်ဆန်းဆူရှီ အရေးပဲ ဖြစ်ကုန်တယ်.. ဆိုတာကိုတော့ သတိရရနေမိတာပေါ့)။ ကျမကရော..။ ကျမကတော့ ခု ဘ၀လေးထဲမှာ အေးချမ်းတာကိုပဲ ခံစားရပါတယ်။ အသက်အရွယ်ကြောင့်လားတော့ မသိ..။ အပျော်ဆိုတဲ့ ခံစားချက်ကတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ ဒီကိုရောက်မှ ထူးခြားတာကတော့ ညနေပိုင်းတာဝန်ကျလို့ ဘူတာထိ လမ်းလျှောက်ရင်း မေတ္တာသုတ်ရွတ်နေတဲ့ကြားကပဲ.. ဘေးဘယ်ညာတလျှောက်က နွေရာသီ ကာလရဲ့ ပန်းရောင်စုံတွေထဲ ဆွတ်ပျံ့မိ..။ အထူးတဆန်း ငှက်ကလေးတွေ လိုက်ကြည့်ရင်း သာယာမိနဲ့.. ဟိုးတုန်းကလို ၀တ္ထုတိုတွေ.. လုံးချင်းဝတ္ထုတွေ ပြန်ရေးချင်လာတာပါပဲ..။

ဒီကို မလာခင်တုန်းက အမေရိကဆိုတာကို ရုပ်ရှင်တွေထဲ ကြည့်ဖူးသမျှနဲ့ Cultural Shock ကို စိုးရိမ်ခဲ့တဲ့ ကျမက ခုနေတဲ့ ၀န်းကျင်က ဆူဆူပူပူ မရှိတဲ့ သူတွေကို ကြည့်ရင်း.. အေးအေးလူလူ လမ်းလျှောက်ရင်း.. ခြံထဲမှာ ပန်းပင်လေးတွေ ပျိုးထောင်နေတဲ့ အဖိုးကြီး အဖွားကြီး စုံတွဲတွေကို ကြည့်ရင်း.. သမီးတို့သားတို့ ကျောင်းက ပညာရေးအဆင့်အတန်းကို ကြည့်ရင်း.. ဆရာဆရာမတွေကို ကြည့်ရင်း… ဆယ်ကျော်သက်စုံတွဲလေးတွေရဲ့ ကယုကယင် တွေကို ကြည့်ရင်း.. ရေးချင်လာတာတွေမှ အများကြီးပေါ့..။ ဒါတောင် ကျမက အမေရိကရဲ့ ကွက်ကွက်ကလေးမှာပဲ ရောက်နေတာပါ။ တကယ်တော့ ကျမ ရောက်နေတာကလည်း အေးချမ်းလက်စရှိတဲ့ တောမြို့လေးလိုမို့ ထင်ပါရဲ့..။ (တချို့နေရာတွေမှာတော့ Crime Area တွေ ရှိတယ်လို့ ပြောကြပါတယ်)။

ပြောသာပြောတာပါ.. ခုထိလည်း ညနေပိုင်းတာဝန်ကျတဲ့ ရက်တွေမှာ ည ၉နာရီခွဲ အလုပ်ပြီးလို့ ရုံးကပြန်ပြီဆိုရင်တော့ ညမှောင်မှောင်ထဲ.. ဘူတာရုံထဲက လူအုပ်အုပ်ကြား ထဲမှာတောင် ကြောက်နေမိတုန်းပါ။ ဘယ်အချိန်မှာ လူအုပ်ထဲက စိတ်သိပ်မမှန်တဲ့ သူတယောက်က သေနတ်ကြီးထုတ်ပြီး ပစ်ထည့်လိုက်မလဲ…။ နောက် ရထားထဲမှာလည်း အဲလိုပဲ အမည်းတယောက်ယောက်ကများ ကိုယ့်ကို နှစ်ခါလောက် လှမ်းကြည့်ရင် ဖတ်လက်စ စာအုပ်တောင် အာရုံမရောက်တော့ဘဲ မေတ္တာသုတ် ဖိရွတ်မိတော့တာပါ..။ ကိုယ်ဆင်းရမယ့် ဘူတာ ရောက်တော့လည်း ကိုယ်လျှောက်နေကျ ဘူတာအဆင်း လမ်းရှည်လေးကိုတောင် ကြောက်လို့ ကလေးတွေနဲ့ သူ့အဖေ အမြဲလာကြိုရတာ..။ ဟုတ်တယ်လေ.. Serial Killer တို့ စိတ္တဇလူသတ်သမားတို့ဆိုတာ ခဏခဏ ကြားနေရတာမို့လား..။ ပုထုဇနော ဥမ္မတကော ဆိုပေမဲ့ အဲလောက်ကြီး ဥမ္မတကောရင်တော့ ကြောက်တာပေါ့။

ဘာပဲဖြစ်ဖြစ်.. ဒါတွေဟာ ဒီလောကကမ္ဘာကြီးထဲ ဘယ်လိုမှ ကြိုခန့်မှန်းလို့ မရတဲ့ ကိစ္စတွေပဲ မဟုတ်လား..။ အဲဒီအခါ ကျမငယ်ငယ်ကတည်းက မှတ်မိနေတဲ့ ပို့စ်ကဒ်ကဗျာတိုလေးကို မကြာခဏ သတိတရ ရွတ်မိပါတယ်။
ဘ၀ဆိုတာ
တိုတိုလေးမို့
ငှက်လေးတွေလို ပျော်ကြစို့.. ။
မှတ်မှတ်ရရ.. ကိုရွှေသိမ်းမင်း ပန်းချီ.. ကောင်းကင်ပြာပြာနောက်ခံ လွင့်နေတဲ့ တိမ်ဖြူလွလွ တွေကြားမှာ ငှက်တအုပ် လေဟုန်စီးနေတဲ့ ပုံ…။ ပန်းချီကားရဲ့ ညာဘက်ထောင့်နားမှာတော့ နေလုံးနီနီက ခပ်ဝါးဝါးး။ ကြည့်လိုက်တာနဲ့ စိတ်ထဲ အေးငြိမ်းသွားတာလည်း မှတ်မိတယ်..။

ကျမ ရုံးသွားတဲ့အခါ မနက် ၃နာရီဆိုလည်း ဖြတ်သွားရတဲ့ ဟိုင်းဝေးလမ်းမကြီးက Potomac မြစ်နဘေးက Canal Road ကို ဖြတ်ပြီဆိုရင် သမင်လေးတွေ ယုန်လေးတွေ တောကြောင် လေးတွေကို ကားမီးရောင်အောက်မှာ လှမ်းလှမ်းမြင်ရတာကလည်း အေးချမ်း..။ အပြန် ဆိုလည်း လမ်းလျှောက်ပြန်ဖြစ်ပြီဆိုရင် သစ်ပင် ပန်းပင်တွေကြား.. စိတ်အေးလက်အေး ပျော်ရွှင်ဆော့ကစားနေတတ်တဲ့ ငှက်ကလေးတွေ ရှဥ့်ကလေး ယုန်ကလေးတွေ တွေ့ရတတ် လေတော့ စိတ်လက်အေးချမ်းစရာကောင်းတာ အမှန်ပါ..။ ဒါနဲ့ပဲ အဲဒီ ကဗျာတိုလေး သတိတရ ရှိမိတာ..။

အဲလိုအချိန်တွေဆိုရင်တော့ ဘယ်နေရာ ဘယ်ဒေသရောက်ရောက်.. ကိုယ့် Principle လေး ကို ထိန်းပြီး ကိုယ့်ကိုယ်ကို ကိုယ့်ပတ်ဝန်းကျင်ကို တန်ဖိုးရှိအောင် နေရင် အေးချမ်းမှု ရပါလားလို့ တွေးမိပါတယ်..။ အဲဒီအခါမှာတော့ မြသီလာနဲ့ အဝေးမှာပေမဲ့လည်း အချီးနှီးဖြစ်မယ့် အလွမ်းတွေအစား အချိန်ရတုန်း ကုသိုလ်ကံပေးတုန်း ကိုယ်တတ်နိုင်တာ လေးတွေ လုပ်သွားဖို့ အားမွေးတတ်လာပါတယ်..။ အိုးး ကျမမှာ လုပ်စရာအလုပ်တွေ တာဝန်တွေအများကြီး ရှိပါသေးလားပေါ့..။ ရှေ့လာမယ့် နှစ်ဆို ကျမ ပညာရေး ဘာသာရပ်နဲ့ ပတ်သက်ပြီး ကျောင်းဆက်တက်ရဦးမှာ.. (၀င်ခွင့် ဖြေထားပြီးသား)။ (တချိန် ကျမတို့ နိုင်ငံ ပြန်လည် ထူထောင်ရေး လုပ်တဲ့အခါ ကျမ ပြန်ခွင့်ရပြီး ပညာရေး ပြန်လည် တည်ဆောက်ရေးမှာ ၀င်ကူဖို့ဆိုတဲ့ အိပ်မက်နဲ့ ကျမ Higher Education Management တက်မယ်လို့ စဉ်းစားထားပါတယ်။) နောက်ပြီးတော့ စာတွေလည်း အများကြီး ရေးရဦးမှာ.. (အဲဒါလည်း တချိန် စာအုပ်တွေ ပြန်ထုတ်ဖို့)။ ကလေးအငယ် နှစ်ယောက်ကိုလည်း အချိန်ပေးပြီး မြန်မာစာ သင်ပေးရဦးမှာ..။ တကယ့်ကို လုပ်စရာတွေ အများကြီး.. အချိန်က မလောက်မငှ..။

အဲဒီအခါမှာတော့ အမြဲလို တာဝန်တခုခုရှိနေချင်တဲ့ ကျမအတွက် မြသီလာရဲ့ အဝေးမှာ နေပျော်စရာ ဖြစ်လာပါတော့တယ်..။
++++++


Aug 15, 2009

ဆရာကြီး မင်းသုဝဏ် ၅နှစ်ပြည့်


သပြေညို

သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။
..

မင်းသုဝဏ်
အင်္ဂလန် (၁၉၃၈)

ကွယ်လွန်ချိန်အထိ.. တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာ မဖောက်..။ အမှန်တရားဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ခဲ့..။ စစ်မှန်တဲ့ စာပပညာရှင် စာဆိုကြီး... ။ သူ့ရဲ့ စာတွေ ကဗျာတွေကိုက တိုင်းပြည်အပေါ်ထားတဲ့ သူ့စေတနာ မေတ္တာကို အမြဲ ဖော်ပြနေတတ်တာ...။ သူကွယ်လွန်တော့ ကိုငှက်နဲ့ ရက်ချင်းကပ်..။ ပြီးတော့ လဲလျောင်းရာ ဂူနေရာချင်းလည်း ကပ်လျက်..။ အဲဒီတုန်းက ကြွက်နီ(သိမ်းတင်သား)က ပြောတယ်..။ ဘိုးတော်နှစ်ပါးတော့ ကဗျာအကြောင်း စာအကြောင်း နိုင်ငံရေးအကြောင်း ပြောဖို့ အဖော်ရပြီတဲ့..။ ဟုတ်ဟုတ်မဟုတ်ဟုတ်.. အဲဒီတုန်းက စိတ်ထဲတောင် သက်သာရာရသလို..။ ဘာပဲဖြစ်ဖြစ်.. ဆရာကြီးနဲ့ ကိုငှက်ကို အထီးကျန်မထားခဲ့ရဘူးလို့ ခံစားချင်သေး (တရားမရှိပုံများ)။

ဆရာကြီင်္းရေ.. ခုချိန်ထိတော့ ကျမတို့ တိုင်းပြည် သပြေညို ရွှေဘိုအောင်ပန်းကို မပန်နိုင်ကြသေးပါဘူး။ ဒါပေမဲ့ ဆရာ့ကဗျာလေးကိုပဲ အောင်အတိတ် အောင်နိမိတ်အဖြစ်.. ဆရာကြီး ၅ နှစ်ပြည့်မှာ အမှတ်တရ တင်ပေးလိုက်ပါတယ်..။

ဂါရ၀ဖြင့်...

Aug 14, 2009

ထူးအိမ်သင် ၅နှစ်ပြည့်...


Get this widget | Track details | eSnips Social DNA


ကိုငှက်ရေ.. ဘာလိုလိုနဲ့ ၅နှစ်တောင် ရှိပြီ..။ ဒါပေမဲ့ မနေ့တနေ့ကလိုပါပဲ...။ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်တုန်းက အမေနဲ့ ဝေးနေတဲ့အခိုက် အမေ့အိမ်ကို လွမ်းလွမ်းနဲ့ ရေးခဲ့ ဆိုခဲ့တဲ့ သီချင်းလေးကလည်း ခုထိ လတ်ဆတ်ဆဲ..။ မဟောင်းသေးဘူး.. ကိုငှက်ရေ..။ ကိုငှက်နဲ့အတူ အမေ့အိမ်ကို လွမ်းခဲ့သူတွေမှာလည်း ခုထိတိုင် အဲဒီအလွမ်းက တမြေ့မြေ့လောင်မြိုက်ဆဲ..။ တချို့ခမျာမှာတော့ အမေ မရှိတော့ပြီဖြစ်တဲ့ အမေ့အိမ်တွေကို မှန်းဆရင်းနဲ့ပဲ ဝေးနေသေးတဲ့ ရွှေပြည်တော်အတွက်.. တိုက်ပွဲဝင်နေကြဆဲ...။ အဲဒီအခါ အမေ့အိမ်ကို လွမ်းတိုင်း.. "ထူးအိမ်သင်"ကိုလည်း လွမ်းကြရတော့တာပေါ့ ကိုငှက်ရယ်..။

Aug 9, 2009

မြသီလာရဲ့ အဝေးမှာ…

ဝန်းကျင်အသစ်မှာ စိတ်လက်ချမ်းသာတာကတော့ အမှန်ပါပဲ။ မနက်နိုးလာရင်.. တို့မိသားစု တရားဝင် နေလို့ရတဲ့ နေရာမှာ ရောက်နေပြီ..ဆိုတဲ့ အသိက စိတ်လုံခြုံတာအမှန်ပါပဲ။ ပြီးတော့ ကျမတို့ ခုလို အနေအထား ရောက်အောင် ၀ိုင်းပြီးပံ့ပိုးပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း အမြဲပဲ မေတ္တာပို့.. ကျေးဇူးတင်နေမိခဲ့ပါတယ်။ အဲဒီအခါ မလုံခြုံတဲ့ ဘ၀တွေအကြောင်း တွေးမိပြီးတော့လည်း ပို ပို ကိုယ်ချင်းစာမိလာပါတယ်။ ကျမကိုယ်တိုင် ကိုယ့်တိုင်းပြည်ထဲ ဘယ်တော့ ဘယ်လိုအမှုဆင်ပြီး အဖမ်းခံရမလဲ.. ဒါမှမဟုတ်.. ကိုယ် မလိုလားတဲ့သူတွေ ရှေ့မှာ အကြောင်းအကြောင်း ဆိုတာတွေကြောင့် ဘယ်အချိန်မှာ ဒူးထောက် အညံ့ခံ လိုက်ရမလဲ.. ဆိုတာတွေနဲ့ နေထိုင်ခဲ့ရ။ တခါ သူများတိုင်းပြည်မှာ တရားမ၀င် ဘ၀.. အချိန်မရွေး လက်စတုံး လုပ်ပစ်ခံလိုက်ရနိုင်တဲ့ အနေအထားမှာ နေခဲ့ရ။ ခုမှပဲ စိတ်ချ လက်ချဆိုတာ… တကယ်ပါပဲ။ အနည်းဆုံးတော့ တရားဝင် သေလို့ရပြီ။ တကယ်တော့ သူရဲကောင်းတွေပြောကြသလို ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး မလွတ်မြောက်သရွေ့ ကိုယ်လည်း မလွတ်မြောက်ချင်ပါ.. ဆိုတာမျိုး မလုပ်နိုင်ရင်တော့ အတ္တကြီးကြီးနဲ့ သူတပါးကို ချနင်းပြီး လူလုပ်နေတာထက် စာရင်တော့… ကိုယ့်ကြောင့် လူဖြစ်လာရတဲ့ ရင်သွေးတွေ လွတ်မြောက်ဖို့နဲ့ ကိုယ်နိုင်တဲ့ အများအကျိုး တခုခု လုပ်နေရတာက တော်သေးတယ်လို့ ကျမက ယူဆတာကိုး။

နောက်ထပ် စိတ်ချမ်းသာစရာ ကောင်းတာကတော့ ကျမ ရောက်လာတဲ့ ပတ်ဝန်းကျင်လေးက ကိုယ့်ကိုယ်ကို တိုင်းတပါးရောက်နေပါလားလို့တောင် မေ့မေ့သွားစေတဲ့ အနေအထားမို့လို့ပါ။ ကျမတို့ နေတဲ့ ၀င်းထဲမှာ ဗမာ ပြည်သားတွေ ၅အိမ်ရှိပါတယ်။ နောက် ကပ်လျက်ဝင်းမှာက ၆အိမ်ရှိပါတယ်။ ရပ်ကွက်ထဲမှာကတော့ အိမ်ထောင်စု ၂၀ကျော်မယ်ထင်ပါရဲ့။ နောက် ဘုန်းကြီးကျောင်းရှိတယ်။ ပြီးတော့ အေးဆေးတဲ့ အမေရိကန် လူမျိုးတွေနဲ့ သိပ် ဟော့ဟော့ ရမ်းရမ်း မရှိတဲ့ စပိန်လူမျိုးတချို့.. မက္ကဆီကန်တချို့ ရှိပါတယ်။ Asia Mart ကလည်း နီးနီးလေးမှာ ရှိတယ်။ ကျမစိတ်ထဲ တော်တော်ပြည့်စုံပြီလို့ကို ထင်တာပါ။ ကျမရဲ့ သဘာဝကိုက အဲလောက် အေးချမ်းသာယာ ရှိရင်ကို ရပြီ။ ဒါပေမဲ့…. ထုံးစံအတိုင်းပါပဲ…။ လောကကြီးက ထင်သလောက်တော့ မလွယ်ကူခဲ့ပါ။

++++++

ကျမမှာ ချို့ယွင်းချက်ကြီး တခုရှိတယ်ဆိုရင် အဲဒါက လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းတတ်တာပါပဲ။ အဲဒီအခါ နာကျင်ရ.. ခံစားထိခိုက်ရတာတွေ.. အော့နှလုံးနာတာတွေကို ရင်ဆိုင်ရ တော့တာပေါ့။ ဟိုးအရင်ကဆိုရင် ကျမ ထိလွယ်ရှလွယ်ခံစားလွယ်လွန်းလို့ “ ငါသည် နာကျင်သော ကိုယ် ရှိသူဖြစ်လျက်.. နာကျင်သောစိတ် ကင်းသူ ဖြစ်လတ္တံ့…..” ဆိုတာကို အမြဲ စီးဖြန်းခဲ့ရတာ..။ လောကကြီးမှာ ကိုယ်မလုပ်ဘဲနဲ့ အပြစ်လို့ ယိုးစွပ်ခံရတတ်တာပဲ ဆိုတာမျိုး ကိုလည်း အနှစ်လေးဆယ်ကျော်လုံးလုံး လေ့ကျင့်သင်ယူခဲ့ပါလျက်နဲ့လည်း ကျမက အမှတ်တမဲ့ဆို ခံစားနေရစမြဲ.. မျက်ရည်ကျ.. နာကျင်ကြေကွဲ. တိတ်တဆိတ် ထိခိုက်ခံစားပေါ့။ ဒီဘက်ရောက်မှ ခဏခဏ သတိရဖြစ်တာလေးတခု ရှိသေးတယ်။ ကြုံကြိုက် ရတိုင်း မကြာခဏ သတိရခဲ့ဖူးတဲ့ ဆရာအောင်ပြည့်ရဲ့ “ပြုံးသူတိုင်းက ရယ်ပြတယ် ထင်သလား” ဆိုတဲ့ စာကြောင်းလေးပေါ့။ ကျမအတွက်တော့ သိပ်ကို ထိရောက် တဲ့ သတိပေး စကားပါ။ ကျမက ခု လူ့သက်တမ်း တ၀က်ကျိုးတဲ့ အရွယ်ရောက်တဲ့အထိ.. ပြုံးပြသမျှကို ရယ်ပြတယ် ထင်နေတဲ့သူလေ..။ :D

ကျမကို ရင်းနှီးသူတွေဆို ကောင်းကောင်းသိကြပါတယ်။ ကျမက မပြုံးတတ်ဘူး။ ဓာတ်ပုံ ရိုက်လို့တောင် ပြုံးခိုင်းရင် စိတ်ထဲ ထောင့်တောင့်တောင့်ဖြစ်ပြီ။ ကျမမှာ မဲ့တာနဲ့ ရယ်တာ နှစ်မျိုးပဲ ရှိတယ်လို့တောင် ထင်ခဲ့ဖူး သေး။ ဒါပေမဲ့ ကျမကိုယ်တိုင် စိတ်မသက်မသာနဲ့ ပြုံးပြတတ်လာမှပဲ ပြုံးသူတိုင်းက ရင်ထဲကပါတဲ့ လှိုက်လှဲမှုနဲ့ နှစ်နှစ်လိုလို ရယ်ပြတာ မဟုတ်ပါလားလို့ နားလည်ခဲ့တာပါ။ (ဒါတောင်မှပဲ ရယ်ပြတယ်ဆိုရင်တော့ စိတ်ထဲက ပါတယ်လို့ ထင်နေတတ်ဆဲပါ)။ ဥပမာဆိုပါတော့.. “ဒေါ်မေငြိမ်း အဲဒီနားမသွားနဲ့နော်.. ပြဿနာ..”လို့ တားရင် ကျမက ငါ အဲဒီနားသွားရင် အန္တရာယ်ကြုံမှာစိုးလို့ ဖြစ်မှာလို့ ယုံကို ယုံတာပါ။ အဲဒီနားသွားရင် ကျမအတွက် ကောင်းတာ တခုခု (သူတို့အကျိုးစီးပွားထဲက ဖဲ့ပေးရတာမျိုးလည်းမဟုတ်) ရှိနေတာကို ကျမ ရသွားမှာစိုးလို့ တားတယ်လို့ လုံးလုံးကို မထင်တတ်ခဲ့။ (ခုတော့ တော်တော် ရိပ်မိလာပါပြီ)။ အဲဒီအခါ ခုချိန်ထိတိုင်အောင် “ကိုယ့်အိတ်ထဲက စိုက်မပေးရတဲ့.. ကိုယ့်ကိုလည်း ဘာမှထိခိုက်သွားမှာ မဟုတ်တဲ့ သူတပါးရဲ့ အကျိုးစီးပွား ရရာရကြောင်းကို ပျက်စီးစေလိုတဲ့စိတ်… မနာလိုတဲ့ စိတ်.. ဘာလို့ ကျမတို့ လူမျိုးမှာမှ များရသလဲ ဆိုတာကိုတွေးပြီး နားမလည်ဖြစ်နေတုန်းပါ။ (မဆီမဆိုင်ပြောရရင်.. ခုချိန်ထိ တခြားလူမျိုးမှာ ကျမ မတွေ့ဖူး သလောက် ဖြစ်ပြီး ကျမတို့ ဗမာပြည်က အကျင့်တခုကို သတိရမိတယ်။ အဲဒါကတော့ ကလေးတွေကို ငိုအောင် စတဲ့ အကျင့်။ ကလေးငိုမှ ပျော်တဲ့ အကျင့်.. အဲဒါကလည်း မကောင်းစိတ်လို့ ကျမထင်တယ်။ ခုန အကျိုး ပျက်စီးစေလိုတဲ့ စိတ်နဲ့ သိပ်မကွာဘူးထင်မိပါတယ်။ ဒါမဲ့ ပတ်သက်ပြီး အန်တီစုလည်း ပြောခဲ့ဖူးပါတယ်.. ကလေးတွေ ငိုမှ ပျော်တတ်တဲ့ လူကြီးတွေဟာ ဘယ်လိုမျိုးလဲဆိုတာ …။ အဲဒီအကျင့်မျိုးလည်း ကျမတို့ တိုင်းပြည် မှာပဲ တွေ့ရတယ် ထင်တာပဲ)။ ပြောရမယ်ဆိုရင် လူမှုရေး.. ပညာရေး.. ဘာသာရေးတွေ အထိ ပါလာနိုင်တာမို့ မပြောတော့ပါဘူး။ (ကျမအကျင့်ကလည်း ဓားခုတ်ရာ လက်ဝင်လျှိုတတ်တယ် ထင်ပါ့ .. တခါကလည်း အမြင် မတော်လို့ ကိုယ်ကျင့်တရားအကြောင်း ဘလော့ပေါ်မှာ ပြောမိရေးမိတာ ဘလော့ရွာထဲမှာပဲ အစော်ကား ခံရပါလေရော..။ ကျမကတော့ ကိုယ်ကျင့်ကြံနိုင်တာကိုပဲ ရေးတာမျိုးမို့ ကိုယ်မကျင့်နိုင်ဘဲ ရေးတဲ့အပြင် အဲဒါ ဘာဖြစ်လဲလို့ အသားလွတ်ကြီး ငေါ့တာမျိုးကိုတော့ စိတ်ပျက်တာ အမှန်ပါ.. စိတ်ပျက်မိတာကို အပြစ်တင် ရင်လည်း ခံရမှာပါပဲ....) ။

+++++++

မြသီလာရဲ့အဝေးမှာ မြသီလာကို တမ်းတရတာ ပိုများလာတယ်လို့ ပြောရင်.. ရွှေထီးဆောင်း ခဲ့စဉ်ကာလကို တတမ်းတတ ပြောရာကျမှာလည်း စိုးပါတယ်။ ဒါပေမဲ့ တကယ်ပဲ တမ်းတ မိခဲ့တာ အခါခါပါ…။ ကိုယ့်တိုင်းပြည် မှာတုန်းက တက္ကသိုလ်က ကထိက ဆရာမဘ၀မှာ လစာ တပဲခြောက်ပြားနဲ့ပေမဲ့..။ မိဘအရိပ်ထဲ နေရတာမို့ အပူအပင် မကြီးခဲ့ရဘူးလေ။ မနက်လင်းရင် အမေကျောင်းဆရာမဟောင်းက သမီးကျောင်းဆရာမ ကျောင်းသွားဖို့ မနက်စာ အဆင်သင့်.. ။ ကျမကျောင်းသွားဖို့ ဆံထုံးထုံးပြီးတယ်ဆိုရင် ပန်ဖို့ ပန်းက အဆင်သင့်.. အနည်းဆုံးတော့ အမေ့ခြံဝင်းထဲက နှင်းဆီ.. ပင့်ကူသစ်ခွနဲ့ စံပယ်အိုးပုပ် ခက်လေး တော့ ရသေးတာ။ ကျမကတော့ တခါတလေ ဘာမှမရှိရင်တောင် Kiss me quick နဲ့ ပိန်းပန်းချိုး ပန်သွားတာပဲ။ ဘယ်လို ကားကျပ်ကျပ်နဲ့ပဲ သွားရသွားရ.. ကျောင်းရောက်လို့ Lecture ၀င်ရတော့မယ်ဆို ပုဝါ ပုခုံးပေါ်ခြုံလိုက်တာနဲ့ ရှိသမျှ အမောအကုန်ပြေ။ စာသင် နေရရင်လည်း ဘယ်တော့များမှ မမော။ စိန်ခေါ်မှုတွေကို ကြိုက်တတ်သူမို့ ကျမရဲ့ စာသင်ချိန် တွေဟာ အမြဲ စိတ်လှုပ်ရှားစရာပါ။ စာသင်ခန်းထဲမှာ အမေးအမြန်းထူတဲ့ ကျောင်းသူ ကျောင်းသားတွေကို အမြဲ မျှော်လင့်တယ်။ သူတို့ မေးခွန်းတွေ ဖြေဖို့ .. ကိုယ့်မေးခွန်းတွေကို သူတို့ ဖြေနိုင်အောင် ဆွေးနွေးဖို့။ ခု ကျမဘလော့ကို ဖတ်နေတဲ့ သူတွေထဲမှာ တပည့်ဟောင်း တွေ.. လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ အများကြီး ပါမှာပါ။ သူတို့ သိကြပါတယ်..။ ကျမဟာ ကိုယ့်ရဲ့သင်ကြားရေးနဲ့ ပတ်သက်ရင် အမြဲကျေနပ်ခဲ့တဲ့ ဆရာမတယောက် ဖြစ်ခဲ့တာမို့ မြသီလာထဲက ဘ၀ကို တွေးတွေးပြီး သတိရနေတာဟာ ရွှေထီးဆောင်းစဉ် ကာလကို တမ်းတတာလို့ စွပ်စွဲလည်း ခံရတော့မှာပါလေ..။ တကယ်တော့ ကျမက ကိုယ်လုပ်ချင်တာကို လုပ်နေခဲ့ရ.. ကိုယ့်တန်ဖိုး ကိုယ်မြင်ခဲ့ရတဲ့ ဘ၀ကို လွမ်းတာပါ။

မြသီလာဝန်းကျင်မှာတော့ မေငြိမ်းဟာ… မေငြိမ်းဖြစ်ခဲ့..။ ဒေါ်ငြိမ်းခက်ခက်ဟာ ဒေါ်ငြိမ်းခက်ခက် ဖြစ်ခဲ့တယ်လို့ ကျမ ရဲရဲ ယုံပါတယ်။ တခုတော့ ရှိပါတယ်… ကျမရဲ့ တန်ဖိုးစံနှုန်းကတော့ ငွေကြေးမဟုတ်ဘူးပေါ့လေ။

+++++

မြသီလာနဲ့ အဝေးမှာတော့…။
ရောက်ရောက်ချင်းမှာ ဒီတိုင်းပြည်ရဲ့ စနစ်အတိုင်း စာရွက်စာတမ်းတွေ စုံလင်အောင် စောင့်နေရတာမို့ ကျမတို့ တရားဝင်အလုပ်လုပ်လို့ မရသေးဘဲ နှစ်လလောက် ထိုင်စောင့် လိုက်ရပါတယ်။ ကိုယ်က ၀င်ငွေတပြားမှ မရှိသေး..။ ထိုင်းမှာ ကြုံခဲ့ရတဲ့ ပြဿနာတွေကြောင့် ငွေကြေး အပူတွေက တန်းလန်း..။ တစိမ်းဆောင်းရဲ့ အအေး မှာ တကယ်ပင်ပန်းသူကတော့ တပည့်ကျော်မောင်နေလင်းတင်မက သူ့တဆွေလုံး တမျိုးလုံးနဲ့ နီးစပ်ရာ မိတ်ဆွေများပေါ့..။ ကျမတို့ မိသားစု ၅ယောက် ဟိုဟိုဒီဒီ အတူသွားဖို့ဆိုတာ အနည်းဆုံး ကား၂စီး သုံးရတာ လေ..။ ကျမခမျာ အားတွေနာတဲ့ကြားကပဲ ရှေ့မျက်နှာ နောက်ထားပြီး အကူအညီတွေ ယူနေခဲ့ရတာ.. ခုထိ တိုင်အောင်ပါပဲ။

ဒီလိုနဲ့ ကျမတို့ ရောက်တာ တလမပြည့်ခင်မှာပဲ ဒီမှာ သမ္မတသစ် အိုဘားမား ကျမ်းကျိန်ပွဲနဲ့ ကြုံရပါတယ်။ အဲဒီကျမ်းကျိန်ပွဲက ၀ါရှင်တန်ဒီစီမှာ လုပ်မှာဆိုတော့ ကျမတို့အနားမို့ စိတ်ဝင်စားမိပါတယ်။ ဖြစ်ချင်တော့ အဲဒီပွဲမျိုးဟာ အမေရိကမှာ စီးပွားရေးသမားတွေအတွက် လုပ်ကွက်တကွက် ဖြစ်နေတာပါ။ အဲဒါကတော့ အိုဘားမားနဲ့ ပတ်သက်တဲ့ Gift တွေ ရောင်းတာပေါ့။ အိုဘားမားနဲ့ ဒုသမ္မတ Joe Biden ပုံတွေပါတဲ့ ရင်ထိုးတံဆိပ်.. စာအုပ်ဘောပင်.. တီရှပ်.. ဦးထုပ်.. ပိုက်ဆံအိတ်.. ပုဝါ.. လက်ကိုင်ပုဝါ… ဆေးလိပ်ခွက် .. ကော်ဖီခွက်.. ပန်းအိုး.. Papers weigh… Book marker အဲလိုလေးတွေ အစုံပေါ့..။ အဲဒီလို အရောင်းဆိုင်တွေ အလုအယက်ဖွင့်ကြမှာမို့ ဈေးရောင်းဖို့ လူတွေလိုသတဲ့…။ တနာရီ ၈ဒေါ်လာတဲ့…။ ဗမာအသိုင်းအ၀ိုင်းက အများကြီး သွားလုပ်ကြမှာ..တဲ့။ လုပ်မလား..တဲ့။ ကိုရာကျော်ကတော့ လုပ်မယ်ပေါ့။ သူက ထိုင်နေရလို့ စိတ်ညစ်နေချိန်ကိုး။ အဲဒီမှာ မိတ်ဆွေတွေ စပ်ဟပ်ပေးလို့ လူလိုနေတယ်ဆိုတဲ့ Gift Shop ဆိုင်တဆိုင်ကို ကျမတို့ သွားတွေ့ကြပါတယ်။ တကယ်တော့ ကိုရာကျော့်ကို အဖော်လိုက်ပေးတာပါ။ ဟိုရောက်ကာမှ သူတို့က ၂ယောက်လောက် လိုချင်တာတဲ့..။ ဒါနဲ့ ကျမလုပ်မယ်ပေါ့။ ကိုရာကျော်က မလုပ်စေချင်ပါဘူး။ ဖြစ်ပါ့မလား..တဲ့။ အိုးး ၃ရက်တည်း လုပ်ရတာ.. ပြီးတော့ ပိုက်ဆံလည်း ရတာပေါ့.. နောက်ပြီး အမေရိက ရောက် ဗမာတွေ အဲလိုလုပ်ရတယ်ဆိုတာကို အတွေ့အကြုံအနေနဲ့ သိချင်တယ်.. လို့ ပြောပြီး ကျမပါ လုပ်မယ်လို့ ပြောခဲ့ပါရော..။ Gift Shop မန်နေဂျာ ဗမာမလေးက အသက် ၃၀တောင် ပြည့်ပုံ မရသေးပါဘူး။ ဗမာပြည်မှာ ဆိုရင်တော့ ကျမ တပည့် အရွယ်ပေါ့လေ…။ (ဆရာမ ဥာဉ်ကလည်း မသေး.. တခုခုဆို တပည့်အရွယ်လို့ မှန်းကြည့်လိုက်တာ.. အဲဒါကိုပဲ သူများ အမြင်ကပ်တာလား မသိ.. :P )

အဲဒီရက်တွေက ဇန်န၀ါရီ ၁၉ .. ၂၀.. ၂၁ ။ အင်မတန်ကို အေးလို့ကောင်းတဲ့အချိန်…။ ကျမတို့ နှစ်ယောက် မနက် ၄နာရီထပြီး အိမ်က ထွက်ကြရပါတယ်။ အငယ်လေးနှစ်ယောက်ကလည်း အဲဒီအချိန်တုန်းကတော့ ကျောင်းမသွားကြရသေးလို့ သားကြီးတာဝန်ပေါ့။ ညကတည်းက သူတို့ စားဖို့ စီစဉ်ပေးထားရပါတယ်။ မနက် ၄နာရီ အမေရိကရဲ့ ရေခဲလု အအေးထဲမှာ ကျမတို့ နှစ်ယောက် အင်္ကျီ ၅ထပ်လောက်ဝတ်ရပါတယ်။ ထိုင်းက လာတာမို့ အမေရိကဆောင်းနဲ့ သင့်တော်တဲ့ အနွေးထည် မရှိသေးတာမို့ ဆောင်းအအေးကို ရက်ရက်စက်စက် ခံကြရပါ တယ်။ အဲဒီတော့မှပဲ နှစ်ယောက်သားခမျာ ဟိုတုန်းကလို ပုခုံးလေးဖက်.. လက်ကလေး ဆုပ်ပေါ့.. ဟဲဟဲ.. (ချမ်းတာပဲ ပုံချရမှာ: P) ။ ဒီလိုနဲ့ Gift Shop မှာ ဈေးရောင်းရော ဆိုပါတော့။ ကျမရဲ့ ပထမနေ့..။ ကလေးမလေးက ကျမကို အမလို့တော့ ခေါ်သားပါ.. (တကယ်တော့ အန်တီခေါ်လည်း ရနေပါပြီ)။ ဒီနေရာမှာ စကားမစပ်ပြောရရင်.. ကျမက ဆွေမျိုးသားချင်းမောင်နှမတွေထဲမှာလည်း အကြီးဆုံးမို့ မကြီးလို့ အခေါ်ခံရ.. အရိုသေ ခံရသူဖြစ်တဲ့အပြင် ကျမကိုယ်တိုင်ကလည်း မောင်တွေ ညီမတွေကို သမီး.. သားလို့ ခေါ်နေကျပါ။ ၂နှစ်ပဲ ကွာတဲ့ ညီမကိုတောင် ညီမလေး ခေါ်တာ။ တပည့်တွေဆိုရင်တော့ နာမည် အကုန်မမှတ်မိနိုင်တာမို့ သား သမီး ခေါ်တာ နှုတ်ကျင့်ကို ဖြစ်နေပါပြီ။ (ဒါကြောင့် ခုချိန်ထိ မိုးချိုသင်းတို့ မောင်နေလင်းတို့ကို သား .. သမီး လို့ပဲ ခေါ်နေဆဲပါ)။ ထားပါတော့ ပြောချင်တာက ကျမက အဲလို ကြီးသူကို ရိုသေ.. ရွယ်တူကိုလေးစား.. ငယ်သူကို သနား ဆိုတာကို တော်တော် လိုက်နာသူဖြစ်လေတော့ လူတိုင်းကိုလည်း အဲလိုမျှော်လင့်ထားတာက ပြဿနာ စတာပါပဲ။

မန်နေဂျာကလေးမလေးက မျက်နှာလေး တင်းပါတယ်။ ကျမကတော့ သူ့သဘာဝပဲလို့ ထင်လိုက်ပါတယ်။ အလုပ်လုပ်နေတဲ့သူကိုး... ပေါ့နော်..။ နောက်တော့ သူက ကျမကို ခိုင်းတော့ ကျမစိတ်ထဲ သူ ရှိုးတိုးရှန့်တန့် ဖြစ်နေမှာတောင် အားနာနေခဲ့ပါတယ်(အဲဒါက ကျမရဲ့ မကောင်းတဲ့ ဥာဉ်တခုပါ.. ကျမက ကိုယ့်ရဲ့ ဆရာမ ဒေါ်ငြိမ်းခက်ခက်ဆိုတဲ့ အရေခွံကို.. မေငြိမ်းဆိုတဲ့ အရေခွံကို ခြုံနေမိတာပါ)။ နောက်တော့ ကလေးမလေးက “ အမ.. ဒါတွေ ဒီလိုထပ်..။ ဟိုဟာတွေ ဒီလိုလုပ်…။ ဒီလိုလေ.. အမရဲ့ ဒါလေးတောင် မလုပ်တတ်ဘူးလား.. မှတ်ထားလေ..။ ဟိုမှာ ဘယ်လိုလုပ်ထားလဲ ကြည့်လေ..” သူပြောနေတာက အလုပ်ဆန် တာထက် နည်းနည်းတော့ ပိုပိုသာသာလေး မာကျောနေတာ အမှန်ပါ။ ပြီးတော့ ကျမ ပြောထားပြီးသား တခါမှ မလုပ်ဖူးသေး..။ အမေရိကရောက်တာ ၃ပတ်ပဲ ရှိသေး.. စသဖြင့်..။ ဒါပေမဲ့ ကျမ နားလည်ပေးလိုက်ပါတယ်။ အော် .. ကလေးတွေ ဒီဘက်ရောက်တာ ကြာနေလို့ အမေရိကန်ဆန်ကုန်တယ် ထင်ပါရဲ့ပေါ့။ (တကယ်တမ်း ကျတော့ အမေရိကန်တွေကလည်း အဲလိုတော့ မဟုတ်ပြန်)။ ဒါပေမဲ့ ကျမက ဘာတွေးသလဲ ဆိုတော့ ကျမသည်.. ဘာကြီးပဲ ဖြစ်နေနေ.. ကျမဘယ်သူလဲလို့ သူသိစရာမလိုဦးတော့.. ကိုယ့်လူမျိုးအချင်းချင်းလည်းဖြစ် .. အမအကြီးဆုံး အရွယ်လည်း ဖြစ်တဲ့သူတယောက်ကို ခုလိုတော့ မပြောသင့်ဘူး.. ဆိုတာကိုပဲ။ တကြိမ်မှာတော့ သူနဲ့ ကျမ ဘေးချင်းကပ် မတ်တပ်ရပ်နေတုန်း သူလက်သုပ်ထားတဲ့ တစ်ရှူးလေး သူ့လက်ထဲကနေ ကြမ်းပြင်ပေါ် ပြုတ်ကျသွားပါတယ်။ အဲဒီအချိန် ၀ယ်သူလည်း ကျ မနေ ပါဘူး။ သူက ကျမကို .. အမ ကောက်လိုက်လေ..တဲ့။ ကျမ သူ့မျက်နှာကို ကြည့်လိုက်တော့ .. ဒါလောက်တောင် အလိုက်မသိရန်ကောဆိုတဲ့ မျက်လုံးနဲ့ ကျမကို ကြည့်နေပါတယ်။ ကျမ ချက်ချင်းပဲ မျက်ရည် လည်တက်လာပါတယ်.။
(ဒီနေရာမှာ စကားချပ်ပြောရရင်.. ကျမက ကျမအိမ်က အလုပ်သမားလေးတွေကိုတောင် မလိုအပ်ဘဲ မခိုင်း သူပါ..။ တပည့်တွေဆို ဝေးပါရော့..။ အဲလိုလုပ်ခိုင်းတာမျိုးက နိုင့်ထက် စီးနင်း လုပ်တယ် လို့ မြင်လို့ပါ)။

သူက ဆက်ပြောပါတယ်။ ‘အမ တလက်စတည်း အဲဒီအမှိုက်လေးတွေပါ ကောက်လိုက်…’ တဲ့..။ အမှိုက် ဆိုတာ ကလည်း အဲလို စက္ကူစုတ်လေး တစနှစ်စ ကျနေတာပါ။ (တကယ်တော့ အမှိုက်ကောက်ရတာကို ကျမ ဘယ်လိုမှ သဘောမထားပါဘူး။ ကျမက တက္ကသိုလ်က ဆရာ အိမ်ထောင်သည်တန်းလျားမှာ ကိုယ်က အကြီးဆုံး တာဝန်ခံ လုပ်နေတုန်းကတောင်.. ဘုံအိမ်သာတွေ ကိုယ့်ဘာသာ ဆေးကြော တံမျက်လှည်း လုပ်လာတာပါ..။ ခုဟာက သူ့လက်ထဲက ပြုတ်ကျတာဖြစ်ပြီး သူငုံ့ကောက်လိုက်ရင်လည်း ပြီးတဲ့ ကိစ္စကို ကျမကို တကူးတက ကောက်ခိုင်း တာကို စိတ်ထဲ မကောင်းဖြစ်သွားတာပါ.. ဒါတောင် ကျမက အပျော်သဘော ၀င်လုပ်တာနော်.. သူ့ရဲ့ အမြဲတမ်း ၀န်ထမ်းမဟုတ်သေး)။ ကျမ အမှိုက် ငုံ့ ကောက် လိုက်ချိန်မှာတော့ ကိုယ့်ကိုယ်ကို အလွန်ကို မရင့်မာ သေးပါလား.. လိုပါသေးလား… လို့ ကျမ သိလိုက်ရပါတယ်။ ဘာလို့ဆို ကျမ မျက်ရည်ကျလာလို့ပါ။ ကျမ အမှိုက် ပုံးဆီ သွားရင်း အိမ်သာထဲဝင်ပြီး မျက်ရည်တွေ သုတ်ရပါတယ်။ တကယ်တော့လည်း ကျမရဲ့ စိတ်နုမှုပါပဲ…။ ဒါတွေကို ကျမ မျှော်လင့်ထားပြီးသား ဖြစ်နေရမှာကို ပြင်ဆင်မထားမိတဲ့ အပြစ်ပါ…။ ဒါပေမဲ့ အဲဒီသင်ခန်းစာ အမှတ်တစ်က ကျမအတွက် ကောင်းခဲ့ပါတယ်။ ကျမ နည်းနည်း သဘောပေါက်သွားပါတယ်။ (နောက်တော့လည်း အဲလို ကိုယ့်လူမျိုးအချင်းချင်းက တမင် ပညာပြတာမျိုးတွေကို အကျော်ဒေးယျ ဆိုသူတွေတောင် ခံရပါကြောင်း သိလာတဲ့ အခါမှာတော့ ကျမ တော်တော်ကို ရင်ဆိုင်နိုင်သွားပါတယ်.. ပြီးတော့ အဲလို လုပ်တတ်သူတွေ ကိုယ်စားလည်း ရှက်နေမိပါတယ်.. ငါ ဘယ်တော့မှ သူများကို အဲလို မလုပ်ဘူးလို့လည်း ပိုပြီး ခိုင်မာမိပါတယ်)။ အဲဒီအခါမျိုးတွေမှာတော့ ငွေကြေးမရပေမဲ့ ပျော်မွေ့ကျေနပ်ခဲ့ရတဲ့ မြသီလာက ဘ၀ကို ပိုတမ်းတရတော့တာ ပါပဲ…။

++++++

ဘာပဲဖြစ်ဖြစ်.. အဲဒီ သင်ခန်းစာ ‘တစ်’က အကျိုးတော့ ရှိခဲ့ပါတယ်။ အဲဒီလို ကြုံဖူးလိုက်တဲ့ နောက်မှာ ကျမက နောက်ပိုင်းကြုံရတဲ့ ခါးသီးမှုတွေကို တော်တော် ရင်ဆိုင်နိုင်သွားပါတယ်။ ဥပမာ.. ကျမ ထိုင်းမှာ ရှိနေတုန်းက ဟိုကနေ လှမ်းလုပ်ခဲ့တဲ့ လုပ်လက်စရှိခဲ့တဲ့ အလုပ်နေရာတခုက ကျမကိုယ်တိုင် ဒီကိုလည်း ရောက်လာရော Vacancy မရှိဘူးလို့ ကျမကို ငြင်းပြီး တပတ်အကြာမှာ တခြား တယောက်ကိုကျတော့ ခန့်လိုက်တာမျိုးကို တအံ့တသြမရှိတော့ဘဲ ရင်ဆိုင်နိုင်သွားတာမျိုး..။ “အံ့ရောဟယ်.. သူက တပည့်ကို ယူထားတာတဲ့..” လို့ ပြောတာတွေကို ကြားရတော့လည်း ပြုံးနေနိုင်သွားတာမျိုး..။ (အဲဒီအပြုံးကတော့ မဲ့ပြုံး.. ပြီးတော့.. သနားတယ်.. ဆိုတဲ့ ရွဲ့ပြုံးဆိုတာ.. ၀န်ခံပါတယ်။) တကယ်တော့ ကျမရဲ့ စိတ်ရင်းက အဲလို တုံ့ပြန်ရတာမျိုးကို မကြိုက်ပါဘူး။ ဒါပေမဲ့ ကျမကိုယ်တိုင် စိတ်ဓာတ်ပျက်ချင်လာခဲ့ပြီ။ ခုလောက် အသက်ကြီး ရှိလာပြီး တပြည်တရွာရောက်ကာမှပဲ ကျမက လူမှုဆက်ဆံရေးအရာမှာ သင်ခန်းစာ အမှတ်စဉ်တွေ တိုးတိုးလာတာ.. ကောင်းသလား ဆိုးသလားတောင် မသိတော့ပါ..။ ဒါပေမဲ့ ကောင်းကွက်တခုက ကျမ ခံနိုင်ရည် တက်လာတာပါပဲ။ အဲဒီအခါမှာတော့ ဘ၀က နေပျော်လာသားပါ…။

++++++

တကယ်ပဲ မြသီလာရဲ့ အဝေးမှာ သင်ခန်းစာတွေကတော့ အများကြီးပါ..။ ဈေးကွက် ကျဉ်းကျဉ်းလေးထဲ ကိုယ့်ကိုယ်ကို နည်းအမျိုးမျိုးနဲ့ ထုတ်ရောင်းနေကြတာတွေ…။ ကိုယ်လွတ်ဖို့ သူများကို ထိုးချတာတွေ..။ သူများကို နင်းပြီး ပြေးလွှားတက်သွားသူတွေ..။ သူများအဆင်ပြေတာကို မရှုစိမ့်မှုတွေ…။ အဲလိုတွေ များများတွေ့လာရတဲ့ ခုအခါမှာတော့ ကျမက မြသီလာကို လွမ်းတာက တပိုင်း.. လက်ရှိဘ၀လေးထဲ နေလို့ ထိုင်လို့ ကောင်းလာတာက တပိုင်း ရှိလာပါတယ်။ ဘာလို့ဆို ကျမ ရဲရဲ လိပ်ပြာသန့်ဝံ့တာက ကျမမှာ အဲလို အမူအကျင့်တွေ လုံးဝ(လုံးဝ) မရှိသေးတာကိုပါပဲ။ အဲဒီအခါမှပဲ ဘ၀က နေလို့ ကောင်းပါတော့တယ်။ ဒါပေမဲ့ ကျမရဲ့ မကောင်းတာ တခု ကတော့ အဲလိုအဖြစ်အပျက်တွေကို မေ့မသွားဘဲ လက်ဆင့်ကမ်း ပြောပြချင်တဲ့ ဥာဉ်ရှိနေတာပါပဲ။ အန်တီ မာမာအေး စကားနဲ့ ပြောရရင်တော့ ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်ပေါ့..။

++++++


Aug 8, 2009

Aug 6, 2009

ခုတလော.... တဲ့။

ခုတလော
တွေးနေမိတာက
ငါ တကယ် ဘာလုပ်ချင်.. ဘာဖြစ်ချင်တာပါလိမ့်လို့…

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
တကယ်တော့ ငါဟာလည်း ကိုယ့်အကျိုးသာ ကြည့်သူပဲ…

ကျန်းမာရေး
အိပ်ချိန် နိုးချိန်တွေ ပုံမမှန်တော့ (တပတ်မှာ ၄ရက်လောက်က ည ၁၀နာရီအိပ်ပြီး မနက် ၂နာရီခွဲ ထရပါတယ်.. မြန်မာပြည် ရေဒီယိုချိန်အတွက် အလုပ်လုပ်ရတာ ဆိုတော့လေ) ဒီတော့… တကယ် နေလို့ မလန်းဆန်းတာ အမှန်။ (ပုံမှန်မဟုတ်ဘူးလို့တော့ ပြောလို့ မဖြစ် :P )

ဖတ်ဖြစ်တဲ့စာအုပ်တွေက
မြန်မာပြည်က မဂ္ဂဇင်းတွေ ၀တ္ထုတွေ…။ (ကိုယ်ကလည်း ဖတ်ချင်တာနဲ့ VOA မှာ ရသစာအုပ်စင် program လုပ်ရတာနဲ့တော့ အကိုက်)

ရောက်နေဖြစ်တာက
လူတကာလိုပါပဲ.. အင်တာနက်ထဲက နေရာစုံ….

ရေးဖြစ်နေတာက
အင်း စုံတကာစေ့.. အလုပ်နဲ့ဆိုင်တဲ့ သတင်းတွေရော.. ကိုယ်ရေးချင်တဲ့ စာတွေရော… (မဆိုးပါဘူး..ဒါတော့)။

နားထောင်ဖြစ်နေတာက
သတင်းတွေ.. များတယ်။ သီချင်းဆိုရင်တော့ လေးဖြူတွေ… ပြန်နားထောင်နေတယ်…။

ရွတ်နေမိတဲ့ကဗျာက
ဒီတလောတော့ ကဗျာတွေအများကြီး.. ဖတ်ပဲ ဖတ်ဖြစ်တယ်… မရွတ်ဖြစ်…

ဖြစ်ချင်နေတာက
ပိုက်ဆံ ငွေကြေး မပူရဘဲ အချစ်လုံးချင်းဝတ္ထုတွေ ထိုင်ရေးနေချင်တာ..။

စားဖြစ်နေတတ်တာက
ထမင်း ဟင်းကောင်းကောင်းတွေ.. ဗမာအစာမျိုးစုံ.. (ရုံးက ထမင်းဝိုင်းမှာလည်း ဗမာအစာ ကောင်းကောင်း ချက်စားသူတွေချည်းပဲဆိုတော့.. အဟင့်.. အရပ် ၅ပေ ၃လက်မမှာ ပေါင်ချိန်က ၁၂၀ ရှိလာပြီ)

သနားနေမိတာက
အန်တီစုကို (သူကတော့ အဲလို သနားတာကို ကြိုက်မှာ မဟုတ်).. ပြီးတော့ မြန်မာပြည်က လူထုကြီးကို..။

လွမ်းနေမိတာက
အများကြီးပဲ… အထူးသဖြင့်ဆိုရင်တော့ ဆုံးသွားတဲ့ အဖေ့ကို နေ့တိုင်း လွမ်း.. ပြီးတော့ ဗမာပြည်က အမေ့ကို။

မေ့လျော့ပစ်နေမိတာက
သူများက ကိုယ့်အပေါ် မကောင်းခဲ့တာတွေကို မေ့ပစ်ဖို့ ကြိုးစားနေမိတယ်…

ခါးသက်နေမိတာက
မဟုတ်မတရားလုပ်တာကို မြိန်ယှက်နေတဲ့သူတွေနဲ့ ပတ်သက်ရင်…

တမ်းတနေမိတာက
အပူအပင်ကင်းကင်းနဲ့ ကိုယ့်တိုင်းပြည်မှာ ပြန်နေခွင့်…

ကျိတ်ပြီး ချီးကျူးနေမိတာက
အင်းး ကျမကတော့ ချီးကျူးစရာရှိရင် ဗြောင်ပဲ ချီးကျူးတာမို့ ကျိတ်မချီးကျူးတတ်..။ နေဦး… မဖြစ်မနေဆိုရင်တော့… ဟီးး ကျရာပျော်တတ်တဲ့ ကိုယ့်ကိုကိုယ်ပဲ ချီးကျူးရမှာ.. :P

ဆန္ဒမရှိတဲ့ နေရာ
စစ်ဖြစ်နေတဲ့ နေရာ

ဆန္ဒရှိနေတဲ့ ကိစ္စ
မြန်မာပြည်တုန်းက ဆရာမဘ၀လေးဆီ ပြန်သွားချင်တယ်…

မုန်းတီးနေမိတာက
ဘဘကြီးနဲ့ အလိုတူ အလိုပါများ..၊ အခွင့်အရေးအတွက် ဘာမဆို လုပ်ရဲသူများ..၊ နိုင်ငံ့အရေးကို ပြစားသူများ..။

ချစ်နေတာက
လက်ရှိဘ၀လေးကို ချစ်ပါတယ်..။

စိတ်ပျက်နေမိတာက
ရှေ့တမျိုး ကွယ်ရာတမျိုး ပြောကျင့် ရှိသူတွေကို…

စွဲလန်းနေမိတာက
ခုထိတော့ တစွဲတလန်းမရှိပါဘူး.. ရနိုင်သမျှ အကောင်း…။ ဒါပေမဲ့ ကိုယ့် ဘလော့လေးနဲ့ Facebook စာမျက်နှာလေးကိုတော့ စွဲလန်းသားပါ..။

လိုအပ်နေတာက
ဟိ.. သူများနဲ့ သိပ်မကွာပါဘူး…။ ပိုက်ဆံပေါ့.. (ကြွေးတွေ အများကြီး ရှိနေလို့ပါ.. ကြွေးမရှိရင်တော့ ပိုက်ဆံ မမက်သူပါရှင် :) )။

တောင်းနေမိတဲ့ဆု
ကျမရဲ့ မိသားစု ဘယ်သူမှ နေမကောင်းမဖြစ်ပါစေနဲ့… (Health Insurance မ၀ယ်နိုင်သေးလို့ :P)

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
အဲဒီဟာတွေ သေပဲ မသေနိုင်ဘူး… =))

ဝန်ခံချင်တာက
ကိုယ်လည်း သူတော်ကောင်းကြီးတော့ မဟုတ်ပါ.. (ဒါမဲ့ သူယုတ်မာလည်း မဟုတ်.. တကယ်ပါ :D)

ဆက် မတက်ဂ်တော့ပါဘူးနော်... ။ ပြန်ရေးတာ နောက်ကျနေပြီဆိုတော့ ....