Showing posts with label ဖြန့်ဝေခြင်း. Show all posts

Dec 8, 2010
Nov 29, 2010
Nov 13, 2010
May 14, 2010
တရားခံရှာနေသူများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီပြန်လည် မှတ်ပုံတင်ခြင်းကို မလုက်တော့ဘူးဆိုတော့ စစ်အစိုးရ ရဲ့ ဥပဒေ အရဆိုရင် တရားဝင်နိုင်ငံရေး ပါတီဘဝကနေ တရားမဝင်ပါတီအဖြစ် ရောက်ရပါတော့မယ်။ ခုထိတော့ ရန်ကုန် က အန်အယ်ဒီ ဆိုင်းပုတ်ကို ဇွတ်အတင်း ဖြုတ်ချနေပြီလို့တော့ မကြားရသေး ပါဘူး။ သို့သော် ရေရှည်မှာတော့ အန်အယ်ဒီဟာ တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရဖို့ ဆိုတာကတော့ မသေချာလှပါဘူး။
ကိုင်း အန်အယ်ဒီဟာ တရားဝင်ပါတီအဖြစ် မရှိတော့ဘူး ဆိုပါစို့။ တရားဝင်နိုင်ငံရေး ဇာတ်ခုံကနေ ပျောက်ကွယ် သွားပြီ ဆိုပါစို့။
နှစ်ပေါင်းများစွာ ဒေါ်စုကို မကောင်းပြောခဲ့တဲ့ သူတွေ ဘာဆက်ပြောကြဦးမလဲဆိုတာ နားထောင် ကြည့်ချင်ပါ သေးတယ်။ ဒေါ်စုခေါင်းမာနေလို့ မြန်မာပြည် ဒီမိုကရေစီအရေးဟာ နှောင့်နှေးနေတယ်လို့ ပြောခဲ့တဲ့သူများ ဘာများဆက်ပြောကြပါဦးမလဲ။ သူတို့ပြောတဲ့ ခေါင်းမာသူရဲ့ ပါတီက တရားဝင် နိုင်ငံရေးပါတီ မဟုတ်တော့ ဘူးဆိုရင် အဲသည့်လူများ ဘယ်သူ့ကို အပြစ်တင်ကြဦးမလဲ။ မြန်မာပြည်မှာ ဒီမိုကရေစီ ဖြစ်ထွန်းမှု နှေးကွေးတာ ဒေါ်စုကြောင့်ဆိုပြီး အပြစ်ပုံချနေသူများ အခုတော့ ဘယ်သူ့ကို တရားခံရှာကြဦးမလဲ။
လက်လှမ်းမှီသလောက် ကျနော် နာမည်တွေနဲ့ တပ်ပြောပါ့မယ်။ တလောက ကွယ်လွန်သွားတဲ့ ရန်ကုန်က ဦးရဲထွန်း။ သူဟာ ဦးသုဝေနဲ့လည်း အလွန်နီးစပ်တဲ့ နိုင်ငံရေးသမား တဦးပါ။ နောက် သည်ဗွိုက်စ်ဝိခ်လီး ဂျာနယ်ကို ထုတ်ဝေနေဲ့ ဒေါက်တာ နေဝင်းမောင်တို့နဲ့ သူတိုရဲ့ အီးဂရာ့စ်လို့ခေါ်တဲ့ တတိယလှိုင်း အဖွဲ့၊ ချင်းမိုင် ဘီအမ်အေ ကွန်ဖရင့်ကို လာသွားတဲ့ ဒေါက်တာ ခင်ဇော်ဝင်း၊ ပါမောက္ခ ကျော်ရင်လှိုင် စတဲ့သူများဟာ နိုင်ငံ တကာခရီးစဉ်တွေ၊ ကွန်ဖရင့်တွေ တက်ရောက်နိုင်ခွင့် ရှိတဲ့သူတွေ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ထိတွေ့ဖို့ အခွင့်အလမ်း ရှိသူတွေ ဆိုရင်လည်း မမှားပါဘူး။ အဆိုပါ ပုဂ္ဂိုလ်များမှာ သူတို့ယုံကြည်တဲ့ နိုင်ငံရေးလမ်းစဉ် အယူအဆတွေ ရှိပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့ အခွင့် အရေးဖြစ်ပါတယ်။ ဘယ်သူကမှ ပိတ်ပင်လို့မရပါဘူး။ ပိတ်ပင်လို့လည်း တရားမှာ မဟုတ်ပါဘူး။ သူတို့နဲ့ ဒေါ်အောင်စုဆန်းစုကြည် အကြားမှာ မတူညီတဲ့ အတွေး အမြင်တွေလည်း ရှိပါလိမ့်မယ်။ မတူတာလည်း ပြဿနာ မဟုတ်ပါဖူး။
ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် မတူညီတဲ့ အတွေးအမြင် အယူအဆတွေ ရှိနေတာဟာ အပြစ်တင် ရမဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာ ဒီမိုကရေစီကို နားလည်သဘောပေါက်သူတိုင်း သိပါတယ်။
သို့သော် အထက်မှာ ကျနော်ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်များဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက် လာရင် လူချောင်းရိုက်သလို အလုပ်များ လုပ်တတ်ပါတယ်။ ဒေါ်စုကြောင့် မြန်မာပြည်ကြီး ဒီမိုကရေစီ ရဖို့ နှေးနေ တယ်လို့ သူတို့ပြောကြပါတယ်။ စစ်အာဏာရှင်တွေကြောင့် ဒီမိုကရေစီ ဆိတ်သုဉ်း နေတယ်လို့ သူတို့တခါမှ ထောက်မပြဘူးပါ။ သူတို့ပြောသလို ဒေါ်စုတဦးတည်း မှာသာ တာဝန်ရှိ တယ်ဆိုရင် စစ်အာဏာရှင်တွေက အပြစ်ကင်းစင်သူကြီးတွေလို ဖြစ်နေပါတယ်။ သူတို့အပြောအရ ဆိုရင် အပြစ်ရှိသူက ဒေါ်စုသာ ဖြစ်နေပါတယ်။ သို့သော် အဲသည့် စကားများကို သူတို့က ဒီမိုကရေစီ လိုလားသူများ ရှေ့မှောက်မှာ ပြောခဲပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားများကိုသာ သူတို့က ရင်ဖွင့်လေ့ရှိပါတယ်။ မြန်မာပြည်အကြောင်း ကောင်းကောင်း မသိတဲ့ နိုင်ငံခြားသား တချို့ကတော့ သူတို့အပြောကြောင့် ဒေါ်စုကို ခေါင်းမာသူအဖြစ် မြင်ကြပြန် ပါတယ်။ ဒါတွေက ကျနော်တို့အနေနဲ့ တချို့နိုင်ငံခြားသားတွေဆီက ပြန်ကြားရတာပါ။
ပါမောက္ခ ကျော်ရင်လှိုင်ကတော့ ကျနော့်ကို နှစ်ဦးချင်း မေးခွန်းတခု မေးပါတယ်။ ဒေါ်စုမပါဘဲ စစ်တပ်က ဒီမိုကရေစီပေးရင် ခင်ဗျားတို့ မယူကြတော့ဘူးလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီ အကြောင်းကို ပြောတဲ့နေရာမှာ လူပုဂ္ဂိုလ် ကိုးကွယ်မှု မပါပါဘူး။ ထည့်သွင်းစဉ်းစား ခြင်းလည်း မရှိပါဘူး။ ကျနော့်ကို မေးခွန်းအဲသလို မေးတာကိုက ကျနော်တို့က ဒေါ်စုဘာလုပ်လုပ် မျက်စေ့မှိတ် ထောက်ခံနေတဲ့ သူများဖြစ်လို့ မေးရတယ်ဆိုတဲ့ သဘောမျိုး ပေါက်နေပါတယ်။
စစ်တပ်က ဒေါ်စုမပါရင် တကယ်ဘဲ ဒီမိုကရေစီ ပေးမယ်လို့ ထင်ပါသလား။ မထင်ပါဘူး။ သူတို့ ကတော့ ဒေါ်စုမပါတော့ရင် တရန်အေးတယ်လို့တောင် ပြောကြဦးမှာပါ။ ထားပါတော့။ အကယ်၍၊ ကျနော် အကယ်၍လို့ စကားခံထားပါတယ်။ ဒေါ်စုမပါရင် ခေါင်းဆောင်နေရာကနေ နုတ်ထွက်သွားရင် စစ်တပ်က အမှန်ကတယ် ဒီမိုကရေစီပေးမယ် ဆိုပါတော့။ အဲသလိုသာ တကယ်ဖြစ်မယ်ဆိုရင် ကျနော် ပြောရဲပါတယ်။ ဒေါ်စုက ကျမ ကိုငဲ့မနေပါနဲ့ ကျမမပါဘဲ ဒီမိုကရေစီပေးမယ်ဆိုရင်လည်း ယူလိုက်ပါ။ ကျမ မပါပါဘူးလို့တောင့် သဘောထား ကြီးကြီးနဲ့ ပြောပြီး ခေါင်းဆောင်နေရာက နုတ်ထွက်တောင် ပေးပါလိမ့်မယ်။
ဒီဆောင်းပါးထဲမှာ အခုလို လူနာမည်တွေနဲ့ တပ်ရေးရတာကတော့ ကျနော်လည်း စိတ်မကောင်းပါ။ သို့သော် မျိုးဆက်သစ်တွေ ကြားမှာ နောင်အတွက် ရှုတ်ရှုတ်ထွေးထွေး မဖြစ်ရလေအောင် အခု ကတည်းက ဘွင်းဘွင်းရေးဖို့ အချိန်တန်ပြီလို့ ယူဆပြီး ရေးတာဖြစ်ပါတယ်။ နောက်တချက်လည်း ဒီလိုမှ ပွင့်ပွင့်လင်းလင်း မရေးကြဘူးဆိုရင် နောင်မှာ သည့်ထက်ပိုပြီး ရောင့်တက်လာမှာ စိုးတဲ့ အတွက်လည်း ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ အဝှမ်း ကိုယ့်တိုင်းသူပြည်သားတွေကိုတောင် ရက်ရက် စက်စက် သတ်ဖြတ် အုပ်ချုပ်နေတဲ့ အာဏာရှင်အစိုးရနဲ့ သူတို့နောက်လိုက်တွေကို ရှေ့ရှောက် ဘာကိုမှ ထောက်ထားပြီး အားနာစရာ၊ နုတ်ဆိတ်နေစရာ မလိုတော့ ဘူးလို့ ပြောပါရစေ။
နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အဲန်အယ်ဒီပါတီ တရားဝင်မရှိတော့တဲ့ နောက်ပိုင်း မြန်မာပြည်ရဲ့ ဒီမိုကရေစီ အရေး ဟာ ဆက်ပြီးနှေးကွေးနေတယ်ဆိုရင် ဒီတခါတော့ အဆိုပါပုဂ္ဂိုလ်များ ဘယ်သူဘယ်ဝါကို တရားခံ ရှာကြဦးမလဲ ဆိုတာ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့။ သေချာတာကတော့ စစ်တပ်ကြောင့် ဒီမိုကရေစီရေးဟာ နှေးရပါ တယ်လို့တော့ ဒီလူတွေ ပြောမှာမဟုတ်ပါဘူး။
ဇော်မင်း (လူ့ဘောင်သစ်)
၁၂ ရက် မေလ ၂ဝ၁ဝ ခုနှစ်

Apr 17, 2010
အင်တာနက်ထဲ ပျံ့နေတဲ့ စာတစောင်
ဒီတခါ ဖြန့်ဝေတဲ့ စာက ပြောရရင် သက်သေပြလို့ မရ.. ယုံရခက်ခက်ကိစ္စ..။ ဒါပေမဲ့လည်း ကျမတို့ နိုင်ငံမှာ အဲလို ကိစ္စတွေဖြစ်နေတာ တပုံတပင်..။ အုပ်ချုပ်သူ လူတစုက ရူးရူးမိုက်မိုက်မို့ ပြည်သူတွေခမျာ ရူးရူးနှမ်းနှမ်းကိစ္စတွေကို ရင်စီးခံခဲ့ကြရ.. ခံနေကြရတာလည်း အပုံ မဟုတ်လား..။ ဒါကြောင့် ခု ကက်ကင်းဆိုတဲ့ ကိစ္စကလည်း ဖြစ်နိုင်တယ်လို့ ခေါင်းညိတ်ရမယ့်အထဲ ပါတယ်လို့ ကျမတော့ ထင်တာပဲ..။
The junta’s obsession with astrology and numerology in 2010 Rangoon Thingyan Blast...
"2010 ကတ်ကင်း ရိုက်တဲ့ ဗုံးတွေ ပေါက်ပြန်ပြ"ီ
2010 ခုနှစ်မှာ လူထုအုံကြွပေါက်ကွဲမှု တွေ ဖြစ်မှာကို ကြောက်တဲ့ နအဖက
2010 ကို တန်ပြန်ယတြာချေတဲ့ အနေနဲ့  2010 ရဲ့ ပြောင်းပြန်ဂဏန်း> 1020 ဖြစ်တဲ့နေရာမှာ
အကြံပက်စက်စွာ လူသေစေတဲ့ဗုံးတွေ ဖေါက်ခွဲခဲ့လေပြီ။2010 ရဲ့ ပြောင်းပြန်ဂဏန်း> 1020 ဖြစ်တဲ့နေရာက ဘယ်နေရာလဲ။
X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်မှာပါ။အဲဒီ X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်ကိုမှ တမင်ရွေးချယ်ကာ လူ့ အသက်တွေ သွေးတွေကို ဓါးစာခံလုပ်ကာ အာဏာရူး နအဖတွေ မပြုတ်ဖို့ အတွက်၊ နအဖ စစ်အာဏာဆက်မြဲဖို့ အတွက် အကြံပက်စက်ကြတာပါ။
ဗုံးပေါက်ကွဲတဲ့ နေရာက X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်မှာပါ။
X2O ဟာ 1020 ဖြစ်ပါတယ် ။
1020 ဖြစ်တဲ့နေရာဟာ X2O ပါ။
ရှင်းပြပါ့မယ်။ ရောမဂဏန်း X ဟာ သင်္ချာဂဏန်း =10 ဖြစ်ပါတယ်။
(X=10)
X 2O = 10 20
ဒါ့ကြောင့် 2010 တန်ပြန် = 1020 =X 2O နေရာကိုမှ ကံဆိုးမဲ ကျစွာ နအဖ ကိုးကွယ်တဲ့ အောက်လမ်းဘိုးတော်တွေ ရွေးချယ်ပေးလိုက်တာပါပဲ။
ဒီဗုံးတွေကို ဘယ်သူတွေက ဘယ်လိုပဲဖောက်ခွဲခွဲ ...လူ့ ယဉ်ကျေးမှုအရ ကြည့်မယ်ဆိုရင် လုံးဝရှု့ံချရမယ့်
အဆင့်မှာ ရှိပါတယ်။ မြန်မာ့ရိုးရာသင်္ကြန်အခါ အကြတ်နေ့ မှာ အရပ်သားအများစု ရှင်သန်နေတဲ့ နေရာမျိုးမှာ
လူ့ အခွင့်အရေးချိုးဖောက်ခါ တမင်သက်သက် အကြမ်းဖက်တဲ့ လုပ်ရပ်ဆိုးတွေကို လုပ်တဲ့သူတိုင်းကို ဒီနေရာကနေ ထပ်မံအပြစ်တင်ပါတယ်။ခင်ဗျားတို့  သူရဲဘောကြောင်တဲ့ လုပ်ရပ်ဆိုးတွေကို ရပ်တန်းကရပ်ကြပါတော့။အချိန်မှီမရပ်တန့် ကြရင် လောကစောင့်နတ်တွေက ဒီတိုင်းနေတော့မှာ မဟုတ်ပါဘူး။ကမ္ဘာ့နေရာအနှံ့ မှာ သဘာဝဘေးဒဏ် ကပ်တွေ ဆိုက်ရောက်လာနေသလိုမျိုး ခင်ဗျားတို့  အာဏာရမ္မက် လောဘရမ္နက် ဒေါသရမ္မက်တွေကြောင့် အပြစ်မဲ့တဲ့  မြန်မာပြည်သား တိုင်းရင်းသားညီကိုမောင်နှမတွေပါ ကပ်ဆိုးဘေးဆိုးဒဏ်တွေ ခံခဲ့ကြရပြီ။ခံကြရဦးမယ်။
လုပ်ရပ်ဆိုးတွေ ရပ်ပြီး လူ့ သိစိတ်အမှန်နဲ့  ပြင်ချိန်တန်ပြီ။ပြင်ကြပါတော့။ခင်ဗျားတို့  စစ်အာဏာရူးတွေအတွက်နဲ့ 
ပြည်သူတွေပါ အဖျားခတ် ဘေးဒဏ် မသင့်ပါစေနဲ့ တော့။
ဗုံးသတင်း အတိအကျက ဒီလိုပါ။
2010 April 15 ရက် ကြာသပတေးနေ့  (သင်္ကြန်အကြတ်နေ့ ) ညနေ ၃နာရီလောက်မှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့ နယ် ကန်တော်ကြီးစောင်း- ကရ၀ိတ် အ၀င်အ၀အနီး- သိမ်ဖြူကွင်း ကားမောင်း လေ့ကျင့်ကွင်းကို မေးတင်ဆောက်လုပ်ထားတဲ့
X 2 O(အိတ်ခ်စ် တူး အို) ရေကစား မဏ္ဍပ် လက်ဝဲဘက်ဒေါင့်မှာ ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့တယ်။သေဆုံးသူ ၁၀ဦးလောက်ရှိမယ်...ထိခိုက်ဒဏ်ရာရသူ တော်တော်များတယ်လို့  ရန်ကုန်ကို ဖုန်းဆက်ရင်း သိခဲ့ရတာ ဖြစ်ပါတယ် ။
ချစ်ခြင်း မုန်းခြင်းများစွာဖြင့်-
မောင်အိုး
၂၀၁၀ သင်္ကြန်ကာလ
Apr 16, 2010
ဗုံးဖောက်မှု နောက်ဆက်တွဲ နအဖ အကျိုးအမြတ်နှင့် ပြည်သူ့ခေါင်းဆောင်များအပေါ် ကျလာနိုင်မည့် အန္တရာယ်
ဗုံးပေါက်ကွဲမှု အပေါ် ဘယ်သူခွဲတယ်၊ ဘယ်သူလုပ်တယ်၊ ထိခိုက်တဲ့ လူတွေ အတွက် ဝမ်းနည်းတာတွေ အပါအဝင် ပြောဆိုနေတာတွေ မျိုးစုံပါပဲ။
ကျွန်တော်လည်း အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက် သေဆုံးရတာကို ဝမ်းနည်းမိပါတယ်။
ဒါပေမယ့် နောက်ဆက်တွဲ ဖြစ်လာမယ့် ကိစ္စတွေ အတွက်အကျိုးကျေးဇူး ရှိနေတာကတော့ အကြမ်းဖက် နအဖ အဖွဲ့ ဖြစ်တယ် ဆိုတာ မမေ့သင့်ပါဘူး။
ဗုံးကွဲလို့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက် သေဆုံးတော့ အားလုံးဝမ်းနည်းရတယ်။ ဖောက်တဲ့ လူကို ဒေါသ ဖြစ်တယ်။ ဒါက သဘာဝပါ။ ထုံးစံအတိုင်း မြန်မာနိုင်ငံမှာ ကွဲသမျှ၊ ပေါက်သမျှ ဗုံးတွေကို ဘယ်သူခွဲမှန်း ဘယ်တုန်းကမှ မမိခဲ့ပါဘူး။ ဒီတော့ နအဖက ထစ်ခနဲ့ရှိ နယ်စပ်က လက်နက်ကိုင်တွေလို့ စွပ်စွဲတော့တာပါပဲ။
(အဲ တခါတလေ လက်နက်ကိုင်ဆောင်ထားခြင်း မရှိတဲ့ လူတွေတို့ (ဥပမာ နယ်စပ်ရောက် သံဃာတော်တွေ)၊ လက်နက်နဲ့ ပက်သက်ခြင်း မရှိတဲ့ အဖွဲ့တွေတို့ (ဥပမာ NLD-LA, BLC)၊ .... တခါတလေ သူတို့ ပြောတဲ့ ရက်တွေမှာ နယ်စပ်မှာ မရှိဘဲ အခြားတနေရာရာမှာ ရောက်နေတဲ့ အဲဒီ လူတွေက နယ်စပ်မှာ အစည်းအဝေးလုပ်ပြီး ခိုင်းတယ် ဆိုတာမျိုးတွေက အစ ရေးချင်ရာ ရေး၊ ပြောချင်ရာ ပြောနေတာ အကြောင်းအရာ အရ မှားယွင်းပြီး ထူးဆန်းနေပေမယ့် နအဖ ပါးစပ်က ထွက်တာဆိုတာ မထူးဆန်းတော့ပါဘူး။)
အခုလည်း ဒီလို ပြောချင်ရာ ပြော၊ စွပ်စွဲချင်ရာ စွပ်စွဲဦးမှာပါပဲ။ အရှက်မရှိ၊ အရေထူနေတဲ့ မျက်နှာနဲ့ စကားတွေ တောင်ရောက် မြောက်ရောက်ပြောပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ဦးမှာပါပဲ။
ဒါက ဖြစ်ရိုး ဖြစ်စဉ်တွေပါပဲ။
ဒါပေမယ့် နအဖ အတွက် အချက် ၃ ချက် မြတ်ပြီး ကျွန်တော်တို့အတွက် သတိထားရမယ့် ကိစ္စတွေကို ပြောချင်ပါတယ်။
၁။ ဗုံးဖောက်တာကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်တယ်၊ ဒါကြောင့် စစ်တပ်က တိုင်းပြည်ရဲ့ အုပ်ချုပ်မှုကို ယူကို ယူရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နဂိုကတည်းက အာဏာမက်ပြီး ရယူထားတဲ့ နေရာကနေ မဖယ်ရေးကို ပို ခိုင်မာအောင် ပြောမယ်။ ပါလီမန်မှာ တမတ်သား စစ်သား ပါသင့်တယ်ဆိုတာကို ပိုခိုင်မာအောင် လုပ်လို့ရတဲ့ အမြတ်ထွက်မယ်။
၂။ အခု ဗုံးပေါက်တာက VIP ဆိုတဲ့ နအဖနဲ့ ပက်သက်ရာ အခွင့်ထူးခံ လူတန်းစားတွေနေရာမှာ ဆိုတော့ ... စစ်တပ်က ရာထူးရာခံ ရှိတဲ့ လူတန်းစားနဲ့ ပက်သက်သူတွေ အနည်းနဲ့အများ ထိခိုက်တာတွေ ရှိနိုင်တယ်။ ဒီတော့ ... တပ်ထဲမှာ .. ငါတို့ တွေ အချင်းချင်း စည်းရုံးပြီး အဖျက်သမားတွေကို တိုက်ပစ်ရမယ် ဆိုတဲ့ စစ်ဝါဒီ အတွေးအခေါ်နဲ့ မျက်ကန်းမျိုးချစ် Brain Wash လုပ်လို့ရတဲ့ အမြတ်ထွက်မယ်။
၃။ အခု နောက်ဆုံး အချက်ကတော့ တိုင်းပြည်အတွက်၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေး အတွက်၊ အများအတွက် စတာတွေကို လုပ်ကိုင်နေတဲ့ လူတွေ အန္တရယ် ရှိလာနိုင်တဲ့ အချက်ပါပဲ။
အဲဒါကတော့ နအဖ လုပ်လာမယ့် လူဖမ်းပွဲကြောင့်ပါပဲ။
အခုလို အချိန်မှာ သူ့တို့ မဟုတ်တာ လုပ်တာကို မဟုတ်တာ လုပ်တယ်ဆိုပြီး ဥပဒေဘောင်ထဲက ပြောမယ့်လူ၊ အများက လေးစားကြည်ညိုနေတဲ့ လူတွေကို ဖမ်းဖို့ ဂွင်(ခွင်) ဖြစ်လာတာပါပဲ။
လူလေးစားခံရပြီ အများအကျိုးအတွက်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ အန္တရာယ် ဖြစ်လာလို့နေပါပြီ။ ဥပမာ ... အဘ ဦးဝင်းတင်လို လူမျိုးကအစ၊ မဖြူဖြူသင်း၊ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်၊ တနိုင်ငံလုံးမှာ ရှိတဲ့ NLD အဖွဲ့ခွဲ ခေါင်းဆောင်များ၊ အနယ်နယ် အရပ်ရပ်က ကလေးစစ်သားကိစ္စ၊ မတရား လုပ်အားပေးခံရတဲ့ ကိစ္စတွေ လိုက်လံဆောင်ရွက်ပေးနေတဲ့ NLD အဖွဲ့ဝင်များတွေ ... အဲဒီ လူတွေ အားလုံး မတရားဖမ်းခံရမယ့် အန္တရာယ်နဲ့ နီးလာနေပြီလို့ မြင်နေရလို့ပါပဲ။ (ထင်ရှားသော ဥပမာ ... လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက်က ဦးအေးမြင့်ကို ထင်ရှားတဲ့ သက်သေ မရှိဘဲ ဗုံးခွဲမှုနဲ့ ထောင်နှစ်ရှည် ချထားတဲ့ ဖြစ်ရပ်ပါ။)
နအဖက အထက်ပါ ပုဂ္ဂိုလ်တွေကို သူတို့ အကျိုးစီးပွား ပျက်ပြားအောင် လုပ်နေတယ် ဆိုပြီး ဖမ်းချင် နေတာ ကြာပါပြီ။ ဗုံးပေါက်တယ် ဆိုရင်တော့ နအဖအတွက် အဲဒီလူတွေကို ထောင်နှစ်ရှည် ဖမ်းလို့ရမယ့် အမြတ်ထွက်လာလို့ နေတယ် ဆိုတာ အားလုံး သတိထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ကိုထိုက်

Apr 8, 2010
နောက်ဆုတ်နေတဲ့ တပ်၊ နောက်ဆုတ်နေတဲ့ ခြေထောက်
“ကျနော့်အမြင်တော့ တပ်က နောက်ဆုတ်နေတာ၊ ရှေ့တိုးတာ မဟုတ်ဘူး။ တပ်မှူးကောင်းတို့မည်သည်ကား တပ်ကို ဆုတ်တဲ့အခါမှာ အစီအစဉ်တကျ ဆုတ်ရပါတယ်။ အခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို နောက်ခံထားပြီး ဆုတ်တာဖြစ်တယ်။”
အဲသလို ပြောသွားသူကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နန့်နန့်တက်ဖြစ်နေတဲ့ ဦးသုဝေပဲဖြစ်ပါတယ်။
ဒီနေရာမှာ ရှင်းရှင်းသိထားဖို့က နအဖတပ်မှာ နောက်ဆုတ်တယ်ဆိုတာ မရှိပါဘူး။ ခွာစစ်ဆင်တယ်ဆိုတာပဲ ရှိပါတယ်။ နအဖတပ်ဟာ ဂျပန်ဖက်ဆစ်တပ်က မွေးထုတ်ထားတာဖြစ်လို့ ဂျပန်ဖက်ဆစ်တပ်လိုပဲ တပ်ဆုတ်တဲ့ ဘာသာရပ်ကို သူ့စစ်ဗျူဟာမှာ လက်မခံပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို စတင်တည်ထောင်တုန်းက ဂျပန်စစ်တပ်ရဲ့ တပ်,မဆုတ်ရေး အားနည်းချက်ကို သိမြင်ပြီး ဗမာ့တပ်မတော်ရဲ့ စစ်သဘောတရားမှာ တပ်ဆုတ်ရေးဗျူဟာနဲ့ သဘောတရားကို အသေအချာ ထည့်သွင်းဖို့ လမ်းညွှန်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဗမာ့တပ်မတော်ရဲ့ စစ်ပါရဂူဖြစ်လာတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော၊ ဗမာ့တပ်မတော်ရဲ့ သဘောတရားပါရဂူ လုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ကလည်း တပ်ဆုတ်ခွာခြင်းသဘောတရားနဲ့ လက်တွေ့ကို စစ်မဟာဗျူဟာ နည်းဗျူဟာတွေထဲ စနစ်တကျ ထည့်သွင်းချမှတ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီမိုကရေစီအစိုးရကို ဖြတ်လမ်းနည်းနဲ့ အင်အားသုံးဖြုတ်ချခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ စစ်အာဏာသိမ်းပွဲနောက်ပိုင်းမှာတော့ ဗမာ့တပ်မတော်ဟာ ဖက်ဆစ်တပ်မတော် မူလဇာတိရုပ်ကို ပြန်လည်ရုပ်လုံးဖော်လာခဲ့ပါတယ်။ အခြေခံစစ်ပညာလေ့ကျင့်ရေး တပ်ကအစ ဗိုလ်သင်တန်းကျောင်း၊ စစ်တက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်အလယ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အဆုံး တပ်မတော်စစ်မဟာဗျူဟာ စစ်နည်းဗျူဟာ သင်ကြားပို့ချမှုအားလုံးဟာ မဆုတ်ရေးကိုဘဲ ဦးစားပေးလာပြီး တပ်ဆုတ်ရေးကို လုံးဝလျစ်လျူရှုခဲ့ပါတော့တယ်။ တပ်ဆုတ်ရေးအစား ခွာစစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ အကန့်အသတ် ကြီးကြီးမားမားနဲ့ သွတ်သွင်းလာပါတော့တယ်။ အင်္ဂလိပ်လို military retreat လို့ သုံးနှုန်းပေမယ့် မြန်မာလိုတော့ စကားလုံးအဓိပ္ပာယ်အရကို ယာယီခွာထားတဲ့သဘော၊ ပြန်ထိုးမယ့်သဘောဖြစ်ပါတယ်။
နအဖစစ်တပ် သတ်မှတ်ထားတဲ့ ခွာစစ်ဆင်ဖို့ အကြောင်းတရားတွေကတော့ (က) ရန်သူအား နှောင့်ယှက်ရန်၊ အင်အားယုတ်လျော့စေရန်၊ (ခ) ရန်သူအား ကျုံးသွင်း၍ ဖျက်ဆီးရန်၊ (ဂ) အဆုံးအဖြတ်တိုက်ပွဲများအတွက် ပြင်ဆင်ချိန် ပိုရရန်၊ (ဃ) မိမိတပ်များ တပ်ဖြန့်ပုံနှင့် တညီတစည်းတည်းဖြစ်ရန်၊ (င) မိမိတပ်အစိတ်အပိုင်းကို အခြားတဒေသတွင် သုံးနိုင်ရန်၊ (စ) ရန်သူ့ထိုးစစ်ကို ရင်ဆိုင်နိုင်စွမ်းမရှိလို့ မိမိအင်အား လုံးဝချေမှုန်းခံရမယ့် အခြေအနေမျိုး မိမိအကျိုးယုတ်စေမယ့် အခြေအနေမျိုးကို ရှောင်ရှားရန်တို့ဖြစ်ပါတယ်။ ဒီကနေ့ နအဖလုပ်နေတာဟာ အဲဒီအချက် (၆) ချက်နဲ့တောင် အကျုံးမဝင်သေးပါဘူး။ တကယ်လို့ အကျုံးဝင်မယ်ဆိုရင်လည်း ဘယ်လိုမှ နောက်ဆုတ်တာမဟုတ်ဘဲ ကိုက်မယ့်ခွေး နောက်တလှမ်းဆုတ်တာလောက် ဆိုတဲ့သဘောပဲဖြစ်ပါလိမ့်မယ်။
လက်တွေ့ရှေ့တန်းစစ်မြေပြင်မှာဆိုရင် နအဖစစ်တပ်ဟာ မဆုတ်တမ်း ခံစစ်စခန်း ဆိုတာတွေ တည်ဆောက်ထားပါတယ်။ ခ-အဆင့် မဆုတ်တမ်းခံစစ်စခန်းဆိုတာ တိုင်းစစ်ဌာနချုပ်အမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့ စခန်းဖြစ်ပြီး က-အဆင့် မဆုတ်တမ်း ခံစစ်စခန်းဆိုရင်တော့ ကကကြည်းအမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့ စခန်းဖြစ်ပါတယ်။ ကကကြည်းဟာ ဘယ်တော့မှ ဆုတ်မိန့်ပေးတဲ့ ထုံးစံမရှိလို့ တကယ်တော့ လုံးဝမဆုတ်ဘဲ အသေခံရတဲ့ စခန်းတွေသာဖြစ်ပါတယ်။ ဒီလိုစခန်းမျိုးတွေက ဆုတ်ရင် သေချာပေါက် စစ်ခုံရုံးနဲ့ တွေ့တော့မှာဖြစ်ပါတယ်။
ဗမာစစ်တပ်မှာ လူကို အလေးထားတာ မဟုတ်တဲ့အတွက် လူမသေဘဲ လက်နက်ဆုံးရင် စစ်ခုံရုံးရောက်တာချည်း ဖြစ်ပါတယ်။ လေတပ်မှာဆိုရင် ပျံနေရင်း လေယာဉ်ပျက်လို့ လေယာဉ်မှူး လေထီးနဲ့ ခုန်ဆင်းရင် စစ်ခုံရုံးနဲ့ တွေ့ပါတယ်။ နာဂစ်မုန်တိုင်းတုန်းက ရေတပ်အရာရှိတွေ၊ စစ်သည်တွေဟာ အခြေအနေကို သေချာသိလျက်နဲ့ စစ်ခုံရုံးကို ကြောက်လို့ စစ်သင်္ဘောအစုတ်ကလေးတွေ ပေါ်မှာပဲ တွယ်ကပ်နေကြရတဲ့အတွက် ရေတပ်ရဲဘော် ရာနဲ့ချီပြီး အသက်ဆုံးခဲ့ကြပါတယ်။ ဒါဟာ နအဖစစ်တပ်ရဲ့ မဆုတ်ရေးသဘောတရားအပေါ် အခြေခံတာဖြစ်ပါတယ်။
ဒီလိုလက်နက်ကလေးတလက်၊ စခန်းလေးတခု၊ လှေကလေးတစီးကိုတောင် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် စွန့်လွှတ်ဖို့ စိတ်မကူးတဲ့ နအဖဟာ တနှစ်ကို အနည်းဆုံးဒေါ်လာ သန်း (၂,၀၀၀) လောက်ဝင်နေတဲ့ သဘာဝဓာတ်ငွေ့တွေ၊ ဒေါ်လာသန်းချီရတဲ့ ကျောက်စိမ်း၊ ကျောက်နီ၊ ကြေးနီ၊ ကျွန်း၊ ပိတောက်၊ ငါးပုစွန်၊ ရွှေနဲ့တကွ တပြည်လုံးက လူထုတွေ လုပ်ငန်းရှင်တွေဆီက ဆက်ကြေးတွေကို စွန့်လွှတ် ဆုတ်ခွာပြီး သဟိတ်ဂ်မြို့ သို့မဟုတ် ဘရပ်ဆဲမြို့က စစ်ရာဇဝတ်မှုအထူးခုံရုံး သို့မဟုတ် လူသားမျိုးနွယ် ဆန့်ကျင်ရေးရာဇဝတ်မှု အထူးခုံရုံးဆီ ချီတက်ဖို့ ဘယ်တော့မှ မလုပ်ပါဘူး။
အခုဆိုရင် ဗိုလ်ချုပ်ကြီးများ အဓိကရှယ်ယာပါတဲ့ စီးပွားရေးကုမ္ပဏီတွေ၊ ဦးပိုင်နာမည်ခံထားတဲ့ မြန်မာ့စီးပွားရေး ဗိုလ်ပိုင်လီမိတက်နဲ့ တခြားစစ်တပ်ကုမ္ပဏီက ဗမာပြည်စီးပွားရေး အဆောက်အအုံကြီးကို စိတ်ပိုင်းခွဲခြမ်းပြီး အိတ်တွေထဲ ထည့်နေကြတာ တွေ့ရသလို အနှစ် (၂၀) လုံးလုံး စီးပွားရေးထဲ နစ်နေတဲ့ တိုင်းရင်းသားအပစ်ရပ်တွေရဲ့ ခေါင်းပိုင်းတွေကို မညှာမတာ ကိုယ်ချင်းမစာ ကန်ထုတ်ပြီး ပင်လုံအခွင့်အရေး တခုမှမပေးဘဲ ရှိသမျှ လူ-လက်နက်-နယ်မြေ အားလုံး မောင်ပိုင်စီး အခွံခွာဖို့လုပ်နေတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲဥပဒေ၊ ပါတီမှတ်ပုံတင်ဥပဒေတွေကို ကြည့်လိုက်တဲ့အခါ လက်ရှိထောင်ကျနေတဲ့ ပါတီဝင်တွေကို ဖယ်ထုတ်ဖို့တင်မက ထောင်ကျခဲ့ဖူးပြီး နအဖရဲ့ ‘သက်ဆိုင်ရာ’ က အမတ်အဖြစ် ပယ်ဖျက်ထားသူတွေပါ ရွေးကောက်ပွဲ မဝင်နိုင်အောင် လုပ်ထားတာတွေ့ရပါတယ်။ ၂၀၀၈ နာဂစ်အခြေခံဥပဒေဆိုတာ တမျိုးသားလုံး၊ တိုင်းရင်းသားပြည်သူ အားလုံးကို ကျွန်ပြုမယ့်ဥပဒေလို့ အများက သတ်မှတ်ထားပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေကတော့ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေကို အထူးသီးသန့်ရွေးပြီး ကျွန်ပြုဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ ဖြစ်နေပါတယ်။
ဒါ့အပြင် ခွာစစ်မှာ လုပ်ရကိုင်ရမယ့် လုပ်ငန်းစဉ်တွေကို သတ်မှတ်ထားတာလည်း ရှိပါသေးတယ်။ အဲဒီထဲပါတာတွေကတော့ ရန်သူနဲ့ အဆက်ဖြတ်ခြင်း၊ အမြောက်ပစ်ကူပေးခြင်း၊ လှည့်စားခြင်း၊ နောက်ချန်တပ်ခွဲထုတ်ခြင်း၊ ဒေသန္တရ တန်ပြန်တိုက်ခိုက်မှုပြုခြင်း၊ ဟန့်စစ်ဆင်ခြင်း၊ ဖုံးကွယ်လျှို့ဝှက်ခြင်း၊ အတားအဆီးများချခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း (ဆက်သွယ်ရေးလမ်းများ၊ ပစ္စည်းကိရိယာများ၊ မြေလှန်စနစ်) တို့ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အစပိုင်းက အင်္ဂလိပ်စစ်တပ်တွေ မြေလှန်စနစ်ကျင့်သုံးပြီး ဗမာပြည်ကနေ ‘အောင်မြင်စွာ’ ဆုတ်ခွာသွားရာမှာ ဗမာပြည်တခုလုံး ဖွတ်ဖွတ်ကြေသွားခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ အခုလည်း အင်္ဂလိပ်ထက် အဆတထောင်မက ပိုဆိုးတဲ့ နအဖတွေ ဒီလိုဆုတ်ခွာမှာကို ပြောနေတာဆိုရင်တော့ ကျနော်တို့ မြန်မာပြည်သူတွေ ထိုင်း၊ မလေးရှား၊ ဘင်္ဂလား၊ တရုတ် ရရာနိုင်ငံကို ရတဲ့အပေါက်ကနေ အသားကုန်ပြေးဖို့၊ မပြေးနိုင်ရင်တော့ ကမ္ဘာမှာရှိသမျှ ဘုရားအားလုံးကို တ,နေဖို့ပဲရှိပါတော့တယ်။
ခံစစ်အကြောင်းတရား ခံစစ်လက္ခဏာတွေကတော့ (က) ထိုးစစ်ဆင်ဖို့ ပိုအခွင့်သာတဲ့ အခြေအနေများပေါ်ပေါက်ရန် (စစ်ကူ-အချိန်) စောင့်ခြင်း (ခ) တနေရာတွင် စစ်အင်အားခြိုးခြံခြင်း၊ ရန်သူကို ထိန်းချုပ်/တားဆီးထားခြင်း၊ အမှည့်ခြွေထားခြင်းဖြင့် အခြားတနေရာတွင် ရန်သူ့ထက်သာလွန်တဲ့ အင်အားများ စုရုံး၍ ပြတ်သားစွာ ထိုးစစ်ဆင်နိုင်ရန်၊ (ဂ) အချက်အချာနေရာတခုကို ရန်သူမသိမ်းနိုင်အောင် ကာကွယ်ရန်၊ (ဃ) စစ်နံကို ကာကွယ်ရန်တို့ဖြစ်ပါတယ်။
တိုက်စစ်အကြောင်းတရား တိုက်စစ်လက္ခဏာတွေကို ကြည့်တဲ့အခါ (က) ရန်သူ့အင်အားများကို ဖျက်ဆီးရန်၊ (ခ) ရန်သူ့နယ်များ သိမ်းပိုက်ရန်၊ (ဂ) ရန်သူက မိမိတပ်မှူးသဘောကို လိုက်နာစေရန်၊ (ဃ) ရန်သူကို ပထမအဆင့် ထိန်းချုပ်ထား၊ ဒုတိယအဆင့် စစ်ကစားထားပြီး တတိယအဆင့် ဖိဖိစီးစီး တိုက်ခိုက်ဖျက်ဆီးရန်၊ (င) ခံစစ်၊ ခွာစစ်၊ ချီစစ်များဖြင့် လိုအပ်သလို ကျွမ်းကျင်ပါးနပ်စွာ ပေါင်းစပ်ပြီး စစ်အောင်စေရန်လို့ တွေ့ရပါတယ်။ ဒါ့အပြင် ရန်သူနဲ့ လူထုကို ချောက်ချားတုန်လှုပ်စေတာ၊ ရန်သူ့ပစ္စည်းကိရိယာ အဆောက်အဦ လမ်းပန်းဆက်သွယ်ရေးတွေကို ဖျက်ဆီးလုယူတာ၊ ရန်သူ့လှုပ်ရှားမှု ကျွံသွားစေတာ၊ ရန်သူ့လှုပ်ရှားခွင် ကျဉ်းသွားစေတာ၊ ရန်သူ့အင်အား ပြန့်ကျဲသွားစေတာလည်း တိုက်စစ်ဖြစ်ပါတယ်။
ဒါတွေနဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ လုပ်နေတာတွေကို ချိန်ထိုးကြည့်ရင် နအဖ အခုလုပ်နေတာ ခွာစစ်လား၊ ခံစစ်လား၊ တိုက်စစ်လား သိနိုင်ပါတယ်။ မဆလ-နဝတ-နအဖ စစ်အုပ်စုဟာ တပ်ဆုတ်ဖို့ မပြောနဲ့၊ ခွာစစ်ဆင်နေတဲ့ အရိပ်အယောင်တောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ ကမ္ဘာပေါ်က ဖက်ဆစ်စစ်တပ်တိုင်းမှာ တပ်ဆုတ်တယ်ဆိုတာမရှိဘဲ သေတာတောင် ချေးပန်းမရပ်ဘူးဆိုတဲ့ စရိုက်လက္ခဏာ တင်းပြည့်ကျပ်ပြည့် ရှိပါတယ်။
ဒါပေမယ့် တချိန်က ဦးနုရဲ့ ပီဒီပီ လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ်ကနေ မဆလ မောင်နေဝင်းထံ လက်နက်ချခဲ့၊ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေး တောင်းဆိုချက်ကို ပထမဆုံးစွန့်လွှတ်ပြီး ၉၀ ရွေးကောက်ပွဲအတွက် ဒီမိုကရေစီပါတီအဖြစ် အဦးဆုံး မှတ်ပုံတင်ခဲ့၊ နောက်တခါ ၂၀၀၈ နာဂစ်အခြေခံဥပဒေ အတည်ဖြစ်သွားတဲ့နောက်မှာ ရန်ကုန်နဲ့ ကနေဒါ စီးပွားရေးလောကမှာ နာမည်ပျက်လှတဲ့ မူးယစ်ရာဇာတဖြစ်လဲ ဖိုးတွမ်တီး ထောင်ပြေး မိုက်ကယ်ချူးဟွာကျော်မြင့် လက်ဝေခံအဖြစ် ယူဒီပီပါတီလုပ်ခဲ့၊ အခုနောက်ဆုံးမှာတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီအဖြစ်ဝင်ဖို့ ရွပိုးထိုးနေတဲ့ ဆရာကြီးကသာ ရောင်စုံအလံတွေ လွှင့်ထားတဲ့ ၈၈ ပျက်၊ ၇၄ ပျက်၊ ၆၂ ပျက်၊ မဆလ ပျက်၊ အလံနီပျက်၊ ဗကပပျက်၊ ပြည်ပြေးပျက်၊ အန်အယ်လ်ဒီ ပျက် စတဲ့ တွင်းတူကျင်းဆို့ တသိုက်နဲ့အတူ ဖရိုဖရဲ ပရမ်းပတာနဲ့ တပ်ဆုတ်ပြီးရင်း ဆုတ်လိုက်တာ နောက်ဆုံး ဝက်တို့ပျော်စံရာ တွင်းသာယာထဲအထိ ရောက်သွားတာတွေ့ရပါကြောင်း …။ ။
ဂါမဏိ
၇/ ဧပြီ ၂၀၁၀
ရည်ညွှန်း။ ။ (၁) ဦး-ရေး-ထောက်ဆိုင်ရာ အရာရှိများလက်စွဲစာစောင်
(၂) စစ်မြေပြင်လက်စွဲကျမ်း
(၃) ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးမှုလက်စွဲ
ခေတ်ပြိုင်..ကနေ ကူးယူဖော်ပြပါတယ်..။

Mar 29, 2010
မြန်ပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်
အမေရိကားရောက်မြန်မာမိသားစုအသိုင်းအဝိုင်းများမှ မြန်မာပြည်တွင်း စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူများသို့ ၄င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း အခမ်းအနား ကျင်းပပြီး နှစ်စဉ်ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဟုအမည်ပေးထားသည့် အစီအစဉ်တရပ်ကို ဝိုင်းဝန်း အကောင်အထည်ဖော်နေကြပါတယ်။
"မြန်မာပြည်သားအချင်းချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်"လို့ ရိုးရိုးလေးကြွေးကြော်ထားတဲ့ အဲဒီအစီအစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြတဲ့ အမေရိကားမြို့စာရင်းများအရ ပြည်နယ်အသီးသီးမှ မြို့ကိုးမြို့အထိ ရှိနေပြီ ဖြစ်ပြီး၊ ကျန်ရှိနေသေးတဲ့ စိတ်ပါဝင်စားတဲ့ မြို့တွေနဲ့ ဆက်လက် ဆက်သွယ် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ပထမအကြိမ်အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့မြို့များနဲ့ စတင်မှာဖြစ်ပေမဲ့ နောင်လာမယ့် နှစ်များမှာတော့ အပြည်ပြည် ဆိုင်ရာ မြန်မာမိသားစုများရဲ့ ဂုဏ်ပြုရေးအစီအစဉ်အဖြစ် ကျယ်ပြန့်လာစေရန် ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ဒီအစီအစဉ်မှာ ပူးပေါင်းပါဝင်ကြတဲ့ မြို့များထဲမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုတဲ့မြို့တွေမှာ နှစ်စဉ် အလှည့်ကျဂုဏ်ပြုပွဲများ ကျင်းပသွားမှာ ဖြစ်ပြီး ပထမအကြိမ်ဂုဏ်ပြုပွဲကို ၂၀၁၀ ခုနှစ် ဧပြီလ၂၄ရက်နေ့မှာ လော့စ်အိန်ဂျယ်လိစ်မြို့၌ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
မြန်မာပြည်တွင်းလူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြ သူများထဲက မိမိနှစ်သက်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူမည်သူမဆို အမည်စာရင်းများတင်သွင်းနိုင်ကြပြီး၊ အဲဒီ တင်သွင်းတဲ့ အမည်စာရင်းများကို မြို့အသီးသီးမှ ရွေးချယ်ရေး အဖွဲ့ဝင်များက ငါးဦးစီ ပြန်လည်စိစစ်ဆန္ဒပြုကြမှာဖြစ်ပါတယ်။
မြို့အသီးသီးရဲ့ဆန္ဒပြုချက်များမှ မဲအများဆုံးရရှိသူငါးဦး(သို့မဟုတ်)ငါးဖွဲ့ကို အင်တာနက်ဆန္ဒမဲများမှတဆင့် အပြည်ပြည်ဆိုင်ရာမြန်မာမိသားစုအသိုင်းအဝိုင်းများရဲ့ ဆန္ဒကို တောင်းခံသွားမှာဖြစ်ပါတယ်။ နောက်ဆုံး ဆန်ကာတင် ငါးဦးကိုရွေးချယ်ရာမှာတော့ “လူမှုရေးလုပ်ငန်းများကိုလုပ်ဆောင်ရာတွင် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက် အောင်မြင်အောင်ဆောင်ရွက်ပြီးစီးနိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက် စံပြဖြစ်မှုများအပေါ်တွင်အခြေခံလျှက် လျာထားရွေးချယ်သွားမယ်” လို့ သိရပါတယ်။
အဲဒီလို ဆန္ဒမဲများတောင်းခံခြင်းဟာ ပြည်သူအများဝိုင်းဝန်းပါဝင်ဆောင်ရွက်နိုင်မယ့် အဓိကအစိတ်အပိုင်းဖြစ်ပြီး ပြည်တွင်းမှ လူမှုရေးသူရဲကောင်းများရဲ့ စိတ်စေတနာသန့်သန့်နဲ့လုပ်ဆောင်နေတဲ့၊ မြင့်မြတ်တဲ့ ဆောင်ရွက်ချက် တွေအပေါ်မှာ အကဲဖြတ်၊ ခွဲခြား၊ အဆင့် သတ်မှတ်တာမျိုးမဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပ ပြည်သူအများစုရဲ့ ဆန္ဒကို ယေဘုယျ ထင်ဟပ်စေတဲ့ အင်တာနက်မှ ဆန္ဒပြုခြင်းပုံစံဖြင့် နှစ်စဉ်ရွေးချယ်ဂုဏ်ပြုသွားမယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှနိုင်ငံသားများရဲ့အကျိုးအတွက် လူမှုရေးလုပ်ငန်းများဆောင်ရွက်နေတဲ့ နိုင်ငံသားများကို အဝေးရောက်ပြည်သူများက ကျေးဇူးတင်ဂုဏ်ပြုတဲ့ဒီအစီအစဉ်အတွက် အမည်စာရင်း တင်သွင်းခြင်းကို www.citizenofburma.org မှာစတင် လက်ခံ နေပြီဖြစ်ပြီး နောက်ဆုံးဆန်ကာတင် ငါးဦးအား ဆန္ဒမဲပေးရွေးချယ်ခြင်းကိုတော့ ယခုနှစ်အတွက် ဧပြီလ ၁၂ရက်နေ့မှ ၂၁ရက် နေ့အထိ လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရန်လိပ်စာကတော့- contacts@citizenofburma.org ဖြစ်ပါတယ်။ မြို့အလိုက် လက်ရှိဆောင်ရွက်နေသူများကို Our Community စာမျက်နှာမှာတင်ပြထားပါတယ်။
အားလုံးရဲ့ကိုယ်စား
ဦးကိုလေး(အယ်လ်အေ) 626-383-6901 ကိုဝေလ(နယူးယောက်) 718-505-0080 ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717 ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485

Mar 12, 2010
Jan 8, 2010
နှစ်ခါသုံးခါ အလိမ်ခံရမှတော့ ကိုယ့်အပြစ်ပေါ့
ပီရူးနိုင်ငံ သမ္မတဟောင်း ဂျပန်နွယ်ဖွား ဖူဂျီမိုရီကို ပီရူးနိုင်ငံ တရားရုံးက သူသမ္မတအနေနဲ့ အုပ်ချုပ်တုံးက တိုင်း ပြည်အတွင်း လူ့အခွင့်အရေးကစလို့ ချိုးဖောက်ခဲ့တဲ့ ပြစ်မှုပေါင်း များစွာအတွက် ထောင်ဒဏ် ၂၅နှစ်ကျခံဖို့ တလောလေးက ဆုံးဖြတ်စီရင်ချက် ချခဲ့သည်။
ပီရူးနိုင်ငံမှာ ဖူဂျီမိုရီ သမ္မတလုပ်ခဲ့တုံးက တိုင်းပြည်အတွက် တိုးတက်ရာ တိုးတက်ကြောင်း မယ်မယ်ရရ မလုပ် ခဲ့ဘူးဟု ဆိုကြသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကလည်း အပုံအပင်။ ကိုယ်ကျိုးအတွက် အိတ်ထဲ ထည့်ခဲ့သည့် ပိုက်ဆံများ ကလည်း မနည်းဟု ဆိုကြသည်။ အာဏာရှင်လို အုပ်ချုပ်သူတွေဟာ တဦးနဲ့တဦး သိပ်မကွာလှပါ။ ကိုယ့်အာဏာ အတွက်ကလွဲ၍ ဘာကိုမျှ ဂရုစိုက်သူ တွေလည်း မဟုတ်ပါ။
ဖူဂျီမိုရီနှင့် ပတ်သက်၍ ကျနော့်တွင် မှတ်မှတ်ရရ သတင်းတခု ကြားခဲ့ဖတ်ခဲ့ ဖူးသည်။ နှစ်အတိအကျတော့ မမှတ်မိတော့။ လွန်ခဲ့သည့် ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်ခန့်က ဖြစ်မည်ဟု ထင်သည်။ ထိုသတင်း အချက် အလက်ကတော့ ပီရူးနိုင်ငံတွင် တစတစ ပြန့်ပွား လာနေသော အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်နှင့် ပတ်သက်၍ဖြစ်သည်။ အထူးသဖြင့် ပီရူးကျေးလက် ဒေသများတွင် ဆင်းရဲသားများ ထိုရောဂါအတွက် ဆေးဝါးမကုသနိုင်ကြသောကြောင့် အများအပြား သေဆုံးနေခဲ့ကြသည်။ ဒေသခံအန်ဂျီအို အဖွဲ့အစည်းများက ဖူဂျီမိုရီ အစိုးရကို အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ခံစားနေရသော နိုင်ငံအတွင်းမှ ဆင်းရဲသားများအတွက် အကူအညီပေးရန် ဘက်ပေါင်းစုံမှ ဖိအားပေး တိုက်တွန်းခဲ့ကြသည်။
ထိုအချိန်ကာလမျိုးတွင် သမ္မတလုပ်သူ ဖူဂျီမိုရီက ဘာထလုပ်သည် ထင်သနည်း။ နိုင်ငံတော် ကာကွယ်ရေး အတွက်ဟု ဆိုကာ နိုင်ငံခြားမှ တိုက်လေယာဉ်အသစ် ဆယ်စင်း ဝယ်ယူလိုက်ခြင်းဖြစ်သည်။ ထိုတိုက် လေယဉ်များ ဝယ်ဖို့အတွက် ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍ သုံးစွဲခဲ့သည်။ အိတ်ခ်ျအိုင်ဗွီ သယ်ဆောင်နေသူ၊ အေအိုင်ဒီအက်စ် ခံစားနေရသူ ဆင်းရဲသားများအတွက် ဖူဂျီမိုရီ ပေးလိုက်သော အဖြေပင်ဖြစ်တော့သည်။ ထိုငွေများသည် ကမ္ဘာ့ဘဏ်နှင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံအချို့မှ ပီရူးနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီထားသော ငွေများဖြစ်သည်။ တိုက်လေယာဉ်ဝယ်ဖို့ ကူညီသော ငွေများမဟုတ်ပါ။ လက်ထဲငွေ ရောက်လာသောအခါ အာဏာရှင်တို့သည် သူတို့လုပ်ချင်တာကိုသာ လုပ်လေ့ရှိသည်။
အဖြစ်ကတော့ ဆင်ဆင်တူသည်။ မြန်မာပြည်တွင် ဒီနှစ် ၂ဝ၁ဝ အတွင်း ရွေးကောက်ပွဲအသစ် ပြုလုပ်ပေးမည်ဟု စစ်အစိုးရက ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဘာညာတွေကလည်း ပါလိုက် သေးသည်။ တချိန်တည်းမှာလည်း မြန်မာနိုင်ငံက ရုရှားအစိုးရထံမှ တိုက်လေယာဉ်များ ဝယ်ယူရန် သဘောတူ စာချုပ်လိုက်သည်ဟု မကြာမီရက်ပိုင်းအတွင်းက ကြားရသည်။ မြန်မာပြည်တွင် တိုက်လေယာဉ်က ပြည်သူ ပြည်သား များထက် အရေးကြီးနေပုံရသည်။ မြန်မာ ပြည်တွင်လည်း ပီရူးနိုင်ငံမှာ ကြုံခဲ့သလို အိတ်ခ်ျ အိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါနှင့် တိုင်းသူပြည်သားများ ရင်ဆိုင်နေရသည်မှာ ဆယ်စုနှစ် တခုမကတော့။ နောက်တချက်ကလည်း လတ်တလော အဖြစ်အပျက်ကို ပြန်ကြည့်ပါက ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ် မုန်တိုင်း ဒဏ်ကြောင့် လူတသိန်းကျော် သေဆုံးခဲ့ကာ ရှိသမျှပိုင်ဆိုင်သမျှ ပစ္စည်းများ ဆုံရှုံးခဲ့ရသော လယ်သမားများ မြစ်ဝကျွန်းပေါ်တွင် သန်းနှင့်ချီ၍ ရှိနေသည်။ သူတို့အတွက် စစ်အစိုးရက လောက်လောက် လားလား ကူညီခဲ့ ပါသလား။ မေးရမည့် မေးခွန်းဖြစ်သည်။ သို့မဟုတ်ပါကလည်း နိုင်ငံရပ်ခြား အစိုးရများနှင့် အဖွဲ့ အစည်း များက ကူညီပါမည်ဟု ပြောလာသည်ကို လွတ်လွတ်လပ်လပ် ကူညီခွင့် ပေးခဲ့ပါသလား။ စစ်အစိုးရ၏ လက်ကတုံး တောင်ဝှေး သဖွယ် ဖြစ်နေသော လူမှုအခြေပြု အဖွဲ့အစည်းအတုများ မြစ်ဝကျွန်းပေါ်တွင် လမ်းသလား နေကြသည်ကိုတော့ မြင်နေရ ကြားနေရသည်။
များမကြာမီကလည်း ရန်ကုန်တွင် အသေးစား ပြိုင်ကားကွင်းဖွင့်ပွဲ လုပ်သည်တဲ့။ ပြိုင်ကားမောင်းနေရအောင် မြန်မာပြည် ၏ ဓနက အဲသလောက် ပိုလျှံနေလို့လားဟု မေးစရာဖြစ်လာသည်။ ဂေါက်သီးကွင်းသစ်များ ဖွင့်လှစ်၍ ဂေါက်သီး ရိုက်နေသည်ပင် လွန်လှပြီ ဖြစ်သည်။ အခုတော့ ပြိုင်ကားမောင်း ကားကွင်းတဲ့။ ဗိုလ်ချုပ်မှူးကြီး၏မြေး ပြိုင်ကားရောဂါ အရူးထရာမှ ဖြစ်လာခဲ့သည့် စနက်ဟု ဆိုနိုင်သည်။ မြန်မာပြည်က စစ်ဗိုလ်ချုပ်များသည် အာဏာမက်ခြင်းနှင့် မိုက်မဲခြင်းတို့တွင် သူမတူအောင် ထူးချွန်သူများ ဖြစ်သည်။ နေရာတကာတွင်လည်း ဝင်ပါသည်။ ကြည့်ပါလား မြန်မာ့တူရိယာများနှင့် အနောက်တိုင်းတူရိယာများ တွဲဖက်တီးမှုတ်ခြင်း မပြုရဆိုပြီး အမိန့် ထုတ်လိုက်သေးသည်။ အနုပညာကိစ္စကို အနုပညာသည်များသာ လွတ်လွတ် လပ်လပ် ဖန်တီးသီကုံးဖို့လိုသည်။ အနုပညာနှင့် သင်းတို့ ဘာဆိုင်သနည်း။
ငွေအကုန့်တကာ အကုန်ဆုံး ကိစ္စကြီးပြန်ကြည့်မည် ဆိုပါက နေပြည်တော်သစ်ကြီး တည်ဆောက်ခဲ့ခြင်းနှင့် ကာကွယ်ရေးအတွက် မြေအောက်လှိုဏ်ခေါင်းများ တူးဖော် ဆောက်လုပ်နေခြင်းတို့ ဖြစ်သည်။ မြန်မာပြည်သားများ အတွက် မြို့တော်နောက်ထပ် အသစ်တခု မလိုပါ။ အမှောင်ထဲတွင် ဆင်းနေစရာ မလိုသည့်အတွက် လှိုင်ခေါင်းများ ဥမင်များလည်း မလိုပါ။ နိုင်ငံသားတို့ အတွက်အလွန် လိုအပ်နေသည် များကတော့ ကျန်းမာရေး၊ ပညာရေးနှင့် လယ်ယာစိုက်ပျိုးရေးတို့အတွက် အကူအညီများသာ ဖြစ်သည်။ ထိုကဏ္ဍများအတွက် ငွေကိုမသုံးဘဲ တလွဲတွင် ဆံပင်ကောင်း နေကြသည်။
ဗိုလ်ချုပ်များ ရောဂါအထဆုံး ကိစ္စကတော့ ညူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး ဖြစ်သည်။ မြန်မာပြည်တွင် ညူကလီးယား စွမ်းအင်သုံးဖို့ အရေးတကြီး လိုနေသလားဟု စောကြောစရာ ရှိလာသည်။ မြန်မာပြည်က ထွက်ရှိနေသော သဘာဝ ဓာတ်ငွေ့သည် တကယ်တန်းဆိုပါက ပြည်တွင်း၌ စွမ်းအင်အဖြစ် ပြည်သူများ သုံးစွဲရန် လက်ဦးဆုံး အရေးကြီး သည်။ ပိုလျှံသည်ကို နိုင်ငံခြား ထုတ်ရောင်းတာ မပြောလို။ နောက်ထပ်လည်း ကမ်းလွန် ပင်လယ်ပြင်မှ သဘာဝ ဓာတ်ငွေ့ များ ထပ်မံထွက်ရှိဦးမည်။ စွမ်းအင်အတွက် မြန်မာပြည်သားတို့ ပူစရာ မလိုပါ။ သို့သော် မိမိတိုင်းပြည်မှ သဘာဝ အရင်း အမြစ်ကို နိုင်ငံသားတို့ သုံးစွဲခွင့် မရသည်မှာ အတော် ရင်နာဖို့ကောင်းသည်။
ညူကလီးယား ရောဂါအရူးထသောကြောင့် စစ်ဗိုလ်အများအပြားကို ရုရှားသို့ ပညာသင်လွှတ်သည်။ ငွေအမြောက်အများ သုံးစွဲရသည်။ ညူကလီးယား ဓာတ်ပေါင်းဖိုအတွက် စတင်ပြင်ဆင်နေသည် ဟုလည်း ကြားရသည်။ ထိုစရိတ်များက တပြားနှစ်ပြားနှင့် လုပ်လို့ရသည့် အမျိုးမဟုတ်။ ဒေါ်လာသန်းပေါင်းရာနှင့် ထောင်နှင့်ချီ၍ သုံးစွဲရမည့် ကိစ္စမျိုးဖြစ်သည်။ သို့သော် တချိန်တည်းမှာလည်း ပြည်သူများကတော့ ပါးစပ်ဟောင်းလောင်းနှင့် ငတ်၍နေကြသည်။ တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းကို ဗိုလ်ချုပ်များ ဘယ်လိုနားလည် နေသလဲမသိ။
မြောက်ကိုရီးယားကို ကြည့်၍ မြင်နိုင်သည်။ မြောက်ကိုရီးယားသည် အနုမြူထိပ်ဖူးတပ် ဒုံးပျံများ ပစ်လွှတ် နိုင် သည့် အဆင့်တွင် ရောက်နေပြီဖြစ်သည်။ ဒီမိုကရေစီနှင့် လွတ်လပ်မှုဆိုသည်မှာ ရေပြင်တွင် အရုပ်ရေး သည့်နှယ်။ ထားတော့။ သို့သော် ထိုအစိုးရသည် သူ့နိုင်ငံသားများ၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကို ပြေလည်အောင် မဖြေရှင်းနိုင်သေး။ ကလေးငယ်အများစု ပါဝင်သော အငတ်ဘေးနှင့် သေဆုံးခဲ့သူ မြောက်ကိုရီးယားနိုင်ငံသားများ သန်းနှင့်ချီ၍ ရှိခဲ့သည်ကို ကျနော်တို့ မမေ့သင့်။ ရိုးရိုးနှင့် လွယ်လွယ်ပြောရပါက အနုမြူထိပ်ဖူးတပ် ဒုံးကျည်သည် ကိုက်စား၍မရပါ။ အနုမြူ ထိပ်ဖူးတပ် ဒုံးကျည်အလုံးတထောင် ပိုင်ပြီး တိုင်းသူပြည်သားများက ငတ်နေသည် မွဲနေသည် ပညာမတတ်၊ နိုင်ငံတကာ အလယ်တွင်လည်း မဝင်ဆန့်ဟု ဆိုပါက ရေရှည်တွင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ သယ်ဆောင်လာမည် ဖြစ်သည်။
တဖက်တွင်လည်း စစ်အစိုးရကို ဖားနေသူများက ပြောနေတာတွေ ကြားနေရသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးလို့ အချိန်အခါ တခုကို ရောက်သည်နှင့် တိုင်းပြည်ကို ဗိုလ်ချုပ်များ လက်ထဲမှနေ၍ တစတစနှင့် ပြုပြင်ယူသွား မည်ဟု ဆိုနေကြသည်။ ပြောသည့်အတိုင်း ဖြစ်ပါက ပန်းကုံးစွပ်ကာ ချီးကျူးပါမည်။ သို့သော် စစ်တပ်အသာစီး ယူထားသော အစိုးရတခုအောက်တွင် လူ့အဖွဲ့အစည်း တခုသည် ဘယ်လောက် ဖွံ့ဖြိုးတိုးတက်နိုင်သနည်း။ ဤမေးခွန်းကိုတော့ ထိုသူများ ဖြေဖို့လိုသည်။ နောက်နောင်မှ ကျနော်တို့လည်း အတွက်မှားသွားတယ်ဗျာ ဒီဗိုလ်ချုပ်တွေကို ကျနော်တို့ နားချလို့ရလိမ့်မယ်လို့ ထင်ခဲ့တာ၊ ဒီလောက်ခေါင်းမာ လိမ့်မယ်လို့ အစက မထင် ခဲ့ဘူးဟု တောင်းပန်သော်လည်း တကယ်တန်း နစ်နာရမည့် သူများကတော့ အများစုသော နိုင်ငံသားများသာ ဖြစ်သည်ကို မမေ့သင့်။ တံတားအောက်က စီးသွားသော ရေများသည့် တံတားအောက်ကို ပြန်လာလေ့ မရှိတာကို သတိချပ်သင့်သည်။
ပြန်ကောက်ရမည် ဆိုပါက ဖူဂျီမိုရီသည် ရွေးကောက်ပွဲနှင့် တက်လာခဲ့သော ပီရူးနိုင်ငံ၏ သမ္မတ ဖြစ်သည်။ စစ်ဗိုလ်ချုပ် ဖြစ်ခဲ့ဘူးသူ မဟုတ်။ သို့သော် သူသည်လည်း အာဏာရှင် ဖြစ်ခဲ့ဖူးသည်။ လုပ်ချင်တာတွေ လုပ်ခဲ့သည်။ တိုင်းသူပြည်သား မျက်နှာကို မထောက်ထားခဲ့။ ရွေးကောက်ပွဲနှင့် တက်လာတိုင်း ဒီမိုကရေစီနှင့် လွတ်လပ်ခြင်းကို မြတ်နိုးသော ခေါင်းဆောင်ဟု ကောက်ချက်ချ၍မရ။ ရွေးကောက်ပွဲဘန်းပြ၍ တက်လာသူ သည် တိုင်းသူပြည်သားတို့ အကျိုးကို ဆောင်လိမ့်မည်ဟု ရူးရူးမိုက်မိုက် မတွက်ချက်သင့်။
မြန်မာ၏ နိုင်ငံရေးအဆင်က ပီရူးထက် ပိုဆိုးဖို့ ရှိသည်။ ရွေးကောက်ပွဲ ရှိမည်ဟု ဆိုသော်လည်း စစ်ဗိုလ်များက အော်တိုမက်တစ် ၂၅% ပါလီမန်မှာ နေရာယူမည်။ အခြေခံဥပဒေသစ်ကလည်း စစ်ဗိုလ်များအတွက်သာ ဖေးမပေး ထားသည့် ဥပဒေဖြစ်သည်။ နိုင်ငံတော်ဟာ ချောက်ထဲကြတော့မဲ့ အခြေအနေမှာ ရောက်နေတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ရှု့မြင်ရင် လက်ရှိအစိုးရ လက်ထဲကနေ နိုင်ငံတော် အာဏာကို သိမ်းလို့ရတယ်လို့ ဆိုထားမှတော့ သူတို့ဖို့ ချည်းပဲပေါ့။
နိဂုံးချုပ်ရပါက ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်၍ အစိုးရသစ် ပါလီမန်သစ်များက ရှိလာသည့်တိုင် အခွင့် အရေး မှန်သမျှကို စစ်တပ်နှင့် သူတို့နောက်မြှီးဆွဲများက ဖားလာသိမ်း ငါးလာသိမ်း အကုန်သူတို့ အိတ်ထဲ ထည့်နေသမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မည် မဟုတ် (သို့မဟုတ်) လုပ်လိမ့်မည် မဟုတ်ဟု တင်ပြလိုရင်းသာ ဖြစ်သည်။
သက်ဆိုင်သူအားလုံးကို ခဏခဏ အလိမ်မခံကြရပါစေနဲ့လို့ သတိပေးလိုက် ရပေတော့သည်။
ဇော်မင်း (လူ့ဘောင်သစ်)
၇ ရက် ဇန်နဝါရီလ ၂ဝ၁ဝ ခုနှစ်
ရွက်မွန်စာမျက်နှာ http://fine-leaves.blogspot.com/2010/01/blog-post_08.html မှ...

Dec 27, 2009
Oct 8, 2009
ကယ်တင်ရှင်တို့ဆွဲနှစ်တဲ့ ရေတိမ်
ကယ်တင်ခြင်း ပေါချောင်ကောင်းတွေ
ဈေးကြီးနာကြီးနဲ့ ငါတို့ ဆီအရောက်လာခဲ့တာ
ဂုဏ်သိက္ခာနဲ့ လွတ်မြောက်ရေးက လွဲလို့
တပတ်နွမ်းတန်ဆာတွေ ဆင်ခွင့်တော့
ပေါပေါသီသီ ရခဲ့သပေါ့....။
ဒီမယ် ဘုရားသခင်နဲ့မအပ်စပ်တဲ့
သေနတ်တွေမကိုင်ကြပါနဲ့
ကရုဏာတော် တနင့်တပိုးနဲ့
မြင့်မြတ်သူကြီးများက လူယဉ်ကျေးအဆီတက်နေတဲ့
မျက်နှာတွေ တဖြဲဖြဲပေါ့....
ချော့မော့လိုက် သတိပေးလိုက်
ထောက်ပံ့ကြေးဖြတ်လိုက်ပေါ့....
ဒီမှာတော့
တောင်ယာ ပျက်
ရွာမီးလောင် ........
နေစရာတောင် မရှိတော့ချိန်မှ
ကိုယ့်ကိုယ်ကို ကာကွယ်ခွင့်ကို
ကရုဏာ တိုရေရှားရေနဲ့ လဲ ယူ ကြရဦးမှာလား.....
ကရုဏာသမားတွေဟာ
တိုယိုတာဖိုးဝှီးနဲ့လာတယ်
တန်ဘိုးကြီး ယမကာတွေ လုပ်ငန်းသဘောအရ မှီဝဲတယ်...
နယ်စပ်တကြောက ဘ၀အမောတွေနဲ့
တောင်တန်းတွေကို
ငါလိုကယ်တင်ရှင်တွေမှမရှိရင် ခက်ရချည်ရဲ့လို့
မဲ့မဲ့ရွဲ့ရွဲ့ ပိုပိုသာသာ လိုရာဆွဲ မှတ်ချက်ချတယ်...။
ဒီမှာ ကရင်တွေဟာ
ညာအူးထီးနဲ့ ဘီလူးစီးလာတဲ့
စစ်အာဏာရှင်ကို ထီမထင် တော်လှန်ခဲ့ကြတာ
ဒီမှာ ရှမ်းတွေဟာ
ပဲပုတ်ရေကြဲ နဲ့
စစ်သရဲတွေကို ဆွဲလှဲခဲ့ကြတာ
နင်တို့ ကရုဏာ တထွာတမိုက်နဲ့
လာလိုက်တော့မှပဲ ......................။
ကိုထွေးညို (တမာတန်း)
(အရှေ့မိုးကောင်းကင်.. မှ)
(ဒီဆောင်းပါးကိုလည်း တွဲဖတ်စေချင်ပါတယ်)
Oct 1, 2009
ကြွက်ထောင်ချောက်
အီမေလ်ထဲကနေ ဒီစာလေး ရောက်လာတာ ကြာပါပြီ။
ဒီတလောတော့ ဒီစာလေးကို ခဏခဏ ပြန်သတိရနေလို့ ဝေမျှချင်တာနဲ့ တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးတဲ့သူ များမယ်ထင်ပါတယ်။
ကြွက်ထောင်ချောက်
ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမဲ့ သူ စိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။
အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊
အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။
မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး
စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့
ငါ ပြောလို့ရပါတယ်။ ဒါပေမဲ့ ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့
ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။
ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု
ရှိတယ်ဗျလို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး
ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ ကယ်တော့ ကျနော်အနေနဲ့
ခင်ဗျားကို ဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။
သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။
ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း
ထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမဲ့ ကျနော့်နှာခေါင်းကိုတော့
ညှပ်စရာ အကြောင်း မရှိဘူးလေ .. လို့ ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ချပြီး အိမ်ထဲကို
ပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။
တစ်ညတော့ "ဗြောင်း" ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။
အကောင်တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။
လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့
ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့
အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။
အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။
ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။
အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။
အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ်
လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ
ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။
ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။
အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့
နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။
သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။
နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။
နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို
စီစဉ်ရတော့တယ်။
ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ
စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။
.............................................................................
နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ
ငါနဲ့မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် ... သတိရပါ။ ကျနော်တို့ထဲက
တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့
အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး
ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန်
ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက
တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။
++++++
"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင် ... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့
ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"
"If you are neutral in a situation of injustice,
you have chosen to side with the oppressor."
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
ဒါကတော့ တောင်အာဖရိက က နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့
စကားပါ။ ရှေ့ကပုံပြင်နဲ့မတူပေမဲ့ မဆိုင်သလိုနေတဲ့သူတွေအတွက်
ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။
Aug 28, 2009
အကောင်း အဆိုး သိကြလားဟေ့
ဗီယက်နမ်နိုင်ငံသည် ယနေ့ခေတ်တွင် ထိုင်းနိုင်ငံနှင့် အပြိုင် ကမ္ဘာတခွင်သို့ ဆန်တင်ပို့နေသော နိုင်ငံတခု ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသသည် တနိုင်ငံလုံး ဆန်အထွက်နှုံး၏ တဝက်ကျော်ကျော်ကို ထုတ်လုပ်ပေးနေသော ဒေသလည်း ဖြစ်သည်။ တရုတ်ပြည်မှ စတင်၍ စီးဆင်းလာသော မဲခေါင်မြစ်သည် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ကို ဖြတ်ကာ နောက်ဆုံးတွင် ဗီယက်နမ်နိုင်ငံ၌ အဆုံးသတ်၍ ပင်လယ်ထဲသို့ စီးဝင်သွားသည်။ ထိုဒေသကား ဗီယက်နမ်၏ မြေသြဇာ ကြွယ်ဝသော နှုံးတင်မြေနု မြစ်ဝကျွန်းပေါ် ဒေသ ဖြစ်တော့သည်။
သို့သော်လည်း ဗီယက်နမ်လူမျိုးတို့ ခေါင်းခဲစရာ ပူပန်စရာ ဖြစ်လာသည့် ပြဿနာကတော့ ကမ္ဘာကြီး ပူနွေးလာ၍ ပင်လယ်ရေပြင် တစတစ မြင့်တက်လာခြင်း ဆိုသည့် ကိစ္စပင် ဖြစ်သည်။ ဤအတိုင်းသာ ဆက်၍ ပင်လယ် ရေမျက်နှာပြင် မြင့်တက် လာနေပါက နောင်လာမည့် အနှစ်လေးငါးဆယ်တွင် ဗီယက်နမ်နိုင်ငံ၏ မြစ်ဝကျွန်းပေါ် တစိတ်တပိုင်းသည် ပင်လယ် ရေအောက်သို့ ရောက်တော့မည်။ ထိုသို့ဆိုပါက ဆန်စပါး စိုက်ပျိုးမှု ကောင်းမွန် နေသော မြစ်ဝကျွန်းပေါ် တစိတ် တဒေသသည် အမြဲတန်း ပင်လယ်ရေငံ ဖုံးအုပ်မှုကို ခံရတော့မည် ဖြစ်သည်။
ကျွမ်းကျင်သူများ အဆိုအရ ထိုမြစ်ဝကျွန်းပေါ်၏ တစိတ်ပိုင်း ပင်လယ်ရေအောက် ရောက်ရှိပါက ဗီယက်နမ် နိုင်ငံ၏ ဆန်အထွက်နှုံးလည်း ကြောက်ခမန်းလိလိ ကျဆင်းလာမည်ဟု ဆိုကြသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်မှ လက်ရှိ ဆန်အထွက်နှုံး၏ သုံးပုံတပုံ လျော့ပါးကျဆင်း သွားမည်ဟုလည်း တွက်ချက်ပြထားသည်။
စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးနေသာ ဗီယက်နမ် မြစ်ဝကျွန်းပေါ်သားတို့ ဘာဆက် လုပ်ကြမည်နည်း။ ပင်လယ်ထဲ၌ ငါးဖမ်းခြင်း အလုပ်ကို ပြောင်း၍လုပ်ကိုင်ကာ ဆက်လက် အသက်မွေးမည်လော သို့မဟုတ် မြို့ပြ များသို့ ပြောင်းရွှေ့ကာ မြို့ပြ အခြေစိုက် အလုပ်သမားများ အဖြစ် အသွင်ပြောင်းမည်လော။ စဉ်းစားစရာပါပေ။ သေချာသည် တခုကတော့ ယခင်က ပိုင်ဆိုင်ခဲ့သော ၎င်းတို့၏ လယ်ယာများ ပင်လယ် ရေအောက်သို့ ရောက်ရ တော့မည်။
ဗီယက်နမ် မြစ်ဝကျွန်းပေါ်၏ အစိတ်အပိုင်း တချို့ ရေလွှမ်းခံရသည့် အချိန်တွင် ပင်လယ်ရေသည် ဗီယက်နမ် နိုင်ငံ တခု ထဲတွင်သာ အပျော်လွန်ပြီး တန့်၍ရပ်၍ နေမည်မဟုတ်။ ဒေသ တခုလုံးအတွင်း ထိုဆိုးကျိုးကို ခံစားကြ ရမည်လည်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့ကြီးသည် ပင်လယ်ရေ မျက်နှာပြင်အောက် နှစ်လက်မခန့် နိမ့်နေသည်ဟု ဆိုကြ သည်။ အထူးသဖြင့် မိုးတွင်းကာလများ၌ ဘန်ကောက်မြို့အတွင်း နေရာ အတော်များများတွင် ရေကြီးလေ့ ရှိသည်။ အကြီးစား ပန့်များကိုသုံးကာ ရေများကို စုပ်ထုတ်ပြစ်ရသည်။ ဗီယက်နမ်၏ မြစ်ဝကျွန်းပေါ် ပင်လယ်ရေ လွှမ်းသော အခါ၌ ဘန်ကောက်တွင်လည်း ဘန်ကောက်သူ ဘန်ကောက်သားများ ဟိုဟိုသည်သည် လှေရောင်စုံ များဖြင့် သွားလာနေမည်ကို မြင်ယောင် မိသေးတော့သည်။ လှေဆိပ်သာ ရှိ၍ ကားဆိပ်များ ကားဂိတ်များ နိတ္ထိတံရ တော့မည်။ တချိန်က အာရှတိုက်၏ ဗင်းနစ်မြို့တော် အဖြစ် တင်စားခံခဲ့ရသည့် ဘန်ကောက်သည် ထိုအချိန်တွင် ဒုတိယ ဗင်းနစ်မြို့တော် အဖြစ်သို့ ပီပီပြင်ပြင် ပြောင်းလဲရတော့မည်။
ဗင်းနစ်မြို့တော်လို အဖြစ်မခံလိုပါက ဘန်ကောက်မြို့ကို ပတ်၍ တမံတုပ်ဖို့သာရှိသည်။ နယ်သာလန်မှာလို ပင်လယ်ရေ မြင့်တက်လာခြင်းကို တမံတုပ်၍ ကာမည်လော။ ကာထားနိုင်သေးသည်။ ထိုင်းနိုင်ငံသည် ဓနကြွယ်ဝလာ နေသော နိုင်ငံတခု ဖြစ်သောကြောင့် ပင်လယ်ကမ်းရိုးတမ်း တခုလုံးကို တမံမတုပ်နိုင်ဘူး ထားဦး။ ဘန်ကောက်မြို့ကိုတော့ တမံများဖြင့် ပတ်ပတ်လည် ကာထားနိုင်သည်။
တချိန်တည်းတွင်လည်း မြန်မာနိုင်ငံဖက်ကို ပြန်ကြည့်လိုက်ပါက မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသ တစိတ် တပိုင်း သည်လည်း ပင်လယ်ရေ လွှမ်းခြင်းကို ခံရမည်။ ဒေသအတွင်း မြင့်တက်လာသည့် ပင်လယ်ရေကို ငါ့ဖက်မလာနဲ့ဟု တား၍ မရစကောင်း။ မြစ်ဝကျွန်းပေါ်၏ စပါးစိုက်ပျိုးနေသော လယ်မြေပမာဏ ဆုံးရှုံးမှု သည်လည် ကြီးမား ပေလိမ့်မည်။ ပင်လယ်ရေ မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်တွင် ဆုံးရှုံးရသော မြေယာ ပမာဏသည် ဗီယက်နမ်ထက် အဆပေါင်းများစွာ ဆိုးဝါးလိမ့်မည်။ ဘာ့ကြောင့်ဆိုတာ ဆက်၍ ပြောပါမည်။
မေခ၊ မေလိခ မြစ်ဆုံနေရာကို ပိတ်၍ ဆည်ဆောက်ခါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ တရုတ်ပြည်ကို ရောင်းဖို့ ပြင်နေသည်မှာ အားလုံးအသိ။ မြစ်ဆုံဒေသည် ဧရာဝတီမြစ်ကြီး မူလအစဖြစ်သည်။ မြစ်ဆုံဒေသကို ပိတ်ဆို့ လိုက်ပါက အောက်ပိုင်းသို့ ဆက်လက်စီးဆင်းမည့် ရေများ တန့်၍သွားမည်။ ဤသို့ဆိုပါက အောက်အရပ် မြစ်ဝကျွန်းပေါ် ဒေသသို့ ဆက်လက် စီးဆင်းမည့် ရေပမာဏ နည်းသွားပေမည်။
နားလည် လွယ်အောင် ပြောရပါက ဥပမာအားဖြင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ကလေးများ ချောင်းကလေးများ၏ ရေအနက်သည် ဆယ်ပေဟု ဆိုပါစို့။ ကချင်ပြည်နယ် မြစ်ဆုံတွင် ဆည်ပိတ်လိုက် သောကြောင့် စီးဆင်းရမည့် ရေများတန့်ကာ ယခင်ကလို အောက်ဖက်သို့ အပြည့်အဝ မစီးဝင်နိုင်တော့။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ချောင်းများ၏ ရေအနက်သည် ငါးပေခန့်သာ နက်တော့မည်။ ရေအမြင့် မူလထက် ငါးပေနိမ့် သွားသည်။ စီးဆင်းလာရမည့် ရေများ နောက်ပြန်ဆုတ် သွားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ရေ မြင့်တက်လာသော ကာလတွင် ပင်လယ်ရေသည် ကမ်းရိုးတန်း တလျှောက်သာ မြင့်တက်ခြင်း မဟုတ်တော့ဘဲ အထက်ပိုင်း မိုင်သုံးလေးဆယ်ခန့် အထိ တိုး၍ဝင်ရောက် လာနိုင်သည်။ မူလက ဆိုလျှင် မြစ်ဝကျွန်းပေါ်သို့ အထက်မှစီးဆင်းလာသော ရေများကြောင့် ပင်လယ်ရေများ အထက်ဖက်သို့ တိုးဝင်ခြင်တိုင်း တိုးဝင်၍ မရအောင် သဘာဝအလျှောက် ရေကိုရေခြင်း ဟန့်တား ကာထားပေးသည်။ ရေချိုနှင့် ရေငံ ဇလုတ်တိုက်၍ အပြန်အလှန် ထိန်းထားခြင်း မှာလည်း သဘာဝတရား ဖြစ်သည်။ သို့သော်လည်း မြစ်ရေနိမ့်ကျ သွားသောအခါ ပင်လယ် ရေငံများ အထက်ပိုင်း အထိပါ ဒလဟော တိုးဝင်လာတော့မည်။
ထိုရောအခါ၌ ယခင်က သဘာဝအတိုင်း မြေသြဇာ ကောင်းမွန်ခဲ့သော မြစ်ဝကျွန်းပေါ် ဒေသတခုလုံး ဆားငံရေများ အောက်သို့ ရောက်ခါ ဆန်စပါး စိုက်ပျိုးခြင်းသည်လည်း သေဆုံးရတော့မည်။ မြစ်ဝကျွန်းပေါ် သားများ အထက်ဖက် မိုင်သုံးလေးဆယ်သို့ ပြောင်းနေရတော့မည်။ ထိုသို့ပြောင်း၍ မနေလိုပါက လှေများ ဆောက်ခါ လှေပေါ်တွင် နေထိုင်၍ ရသမျှ ပင်လယ်ငါးလေးများ ဖမ်းကာ လှေစီးလူသား မော်ဒန်ဆလုံ လူမျိုးများ အဖြစ် နေထိုင်ရုံသာ ရှိတော့သည်။ မြန်မာနိုင်ငံ၏ ဝမ်းပိုက်သည်လည်း နှစ်လေးငါးဆယ် အတွင်း ကွယ်ပျောက် ရတော့မည်။ နောင်အနှစ် လေးငါးဆယ် အတွင်း ဆန်ကို နိုင်ငံခြားမှ ပြန်၍ တင်သွင်းရတော့မည်။ အာဖရိက တိုက်တွင် မိုးခေါင်သောကြောင့်၊ ဘာမှ မယ်မယ်ရရ စိုက်ပျိုးမရ၍ ငတ်ကြသည်။ မြန်မာနိုင်ငံ မှာတော့ စပါးခင်း များတွင် ရေငံဖုံးသောကြောင့် အငတ် ဘေးကြီးကို ရင်ဆိုင် တွေ့ကြလိမ့်ဦးမည်။
ထိုအချိန်မတိုင်မီ လက်ဦးဆုံး ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဒေသ တဝှိုက်တွင် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်လာခဲ့သည့် ဒေသခံ တိုင်းရင်းသားများ ဖြစ်သည်။ သတင်းများအရ မြစ်ဆုံဆည်ပိတ်မည့် စီမံကိန်းကြောင့် ရွာပေါင်း ခြောက်ဆယ်ထက်မနည်း၊ လူဦးရေသောင်း ဂဏန်းကို စစ်အစိုးရက အတင်းရွှေ့ပြောင်းတော့မည်။ လိမ္မော်ခြံများ၊ လယ်ယာမြေများ ဆည်ရေအောက်သို့ ရောက်ရတော့မည်။ ထိုသူတို့၏ မူလဘဝနေထိုင်မှုများ ဆုံးရှုံးရမည်။ နေရာနှင့် ဝင်ငွေဆုံးရှုံးမှုတင်မက ကျန်းမာရေး၊ ပညာရေး၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုတို့ပါ ဆုံးရှုံးရဦးမည်။ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးရဦးမည် ဖြစ်သည်။
ဆက်လက်၍ ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဆည်၏ အောက်ပိုင်းတလျှောက် မြစ်ဝကျွန်းပေါ်အထိ နေထိုင်ကြသည့် နိုင်ငံသားများ ဖြစ်တော့သည်။ ဧရာဝတီမြစ်ကြီးသည် မြစိမ်းရောင်အသွင်ဖြင့် တငြိမ့်ငြိမ့် စီးဆင်းနေသည့် အခြေအနေမှ ချောင်းသာသာ မြောင်းသာသာ အဖြစ်သို့ ရောက်ရတော့မည်။ ဧရာဝတီမြစ်ကြီး ကောပါက ဤနိုင်ငံ၏ သမိုင်းလည်း ကောတော့မည်။ ဧရာဝတီကြောင့်သာ မြန်မာနိုင်ငံဆိုတာ ဖြစ်လာခဲ့ရသည် မဟုတ်လော။
တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများကတော့ ရသလောက် ယူမှာဘဲဖြစ်သည်။ ခင်ဗျားတို့ မြန်မာနိုင်ငံဟာ တကယ်ဆိုရင် သေးသေးလေး။ သဘာဝ အရင်းအမြစ်တွေကို ရှိရှိသမျှ အလျှင်စလို ထုတ်မသုံးပါနဲ့ဟု သူတို့ကတော့ အကြံပေးမည်မဟုတ် ပြောမည်မဟုတ်။
အဆင်အခြင်မဲ့သော လုပ်ရပ်ကို ဘယ်သူတွေက ထောက်ပြဝေဖန်သနည်း။ မြန်မာနိုင်ငံ ပြင်ပမှာ နေနေသည့် အဖွဲ့အစည်း အချို့က ထောက်ပြကြသော်လည်း မြန်မာနိုင်ငံအတွင်းမှာ ရှိနေသည့် မည်သည့် အဖွဲ့အစည်း များကမှ ဤကိစ္စကို ဗိုလ်ချုပ်ကြီးများထံသို့ မတင်ပြရဲကြ။ ကြောက်နေကြရသောကြောင့် ဖြစ်သည်။ သာမန် အဖွဲ့အစည်းများကို နားလည်ပေးနိုင်ပါသည်။ သို့သော် သူတို့ကိုယ် သူတို့ နိုင်ငံရေးအရ တတိယလှိုင်းဟု ဆိုနေသော သူများလည်း ဒီလိုကိစ္စမျိုးတွင် မြန်မာ စစ်ဗိုလ်ချုပ်များကို နားမချနိုင်ကြောင်း တွေ့ရသည်။ တတိယလှိုင်း တို့က ဆိုထားသည် မို့လား။ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲအတွက် စစ်ဗိုလ်များကို တဖြည်းဖြည်း နားချ၍ ပူးပေါင်းဆောင်ရွက် မည်ဟု ပြည်တွင်းထုတ် စာစောင်ဂျာနယ် အချို့မှာ ပြောနေတာ အခုအထိ ဖြစ်သည်။ နိုင်ငံတကာ ကွန်ဖရင့်တွေမှာတောင် ဒီဖော်မြူလာကို ရွှန်းရွှန်းဝေအောင် တင်ပြခဲ့ကြလို့ နိုင်ငံခြားသားများ အလယ်မှာလည်း မော်ဒရိတ်တွေ (အစွန်းမရောက်သူတွေ) ဆိုပြီး ရေပန်းစားနေသည် မဟုတ်လော။
တတိယလှိုင်းတို့ ပြောရမှာက ဗိုလ်ချုပ်ကြီးတို့ခင်ဗျား လောလောဆယ် အာဏာထိုင်ခုံက ဆင်းမပေးခြင်လည်း နေပါ။ သို့သော် မြစ်ဆုံ၌ ဆည်တည်ဆောက်မည့် ကိစ္စကတော့ ရေရှည်မှာ နောင်လာနောက်သားတို့ အတွက် ဆိုးကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်သောကြောင့် မလုပ်သင့်ပါဟု ရဲရဲတင်းတင်း ပြောရမှာ ဖြစ်သည်။ သို့သော် လက်တွေ့ မှာတော့ တတိယလှိုင်းသမားတို့ မပြောရဲရှာပါ။ အာဏာ အပြောင်းအလဲကို အသာထား သဘာဝ ပတ်ဝန်းကျင် ပျက်သုန်းမည့် ကိစ္စလောက်မှ ဗိုလ်ချုပ်များကို နားမချနိုင်ပါက သည့်ထက် ကြီးမားသော ကိစ္စများ အပြောင်းအလဲ များကို တတိယလှိုင်းတို့ နားချနိုင်စွမ်း ရှိလိမ့်မည်ဆိုတာက သံသယဖြစ်စရာပါ။
လူမိုက်များ၊ လူကောင်းယောင် ဆောင်နေသူများ၊ အစွန်းမရောက်သူဟု ကြေငြာနေသူများ ထိုသူတွေ အားလုံး သည် တကယ်တော့ မိမိအုပ်စု ကောင်းစားရေး အတွက်သာ လုပ်နေသူတွေသာဖြစ်ကြောင်း မြစ်ဆုံကိစ္စ တခု တည်းနှင့်ပင် ကွက်ကွက် ကွင်းကွင်း မြင်လိုက်ရတော့သည်။
ဇော်မင်း (လူ့ဘောင်သစ်)
၂၆ရက် သြဂုတ်လ ၂ဝဝ၉ ခုနှစ်

Subscribe to:
Posts (Atom)
-
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်...
-
ဆောင်းတွင်းကို ဖြတ်သန်းချိန်မှာ ရာသီဥတုက ချမ်း .. လေတွေများ တိုက်လိုက်လို့ တုန်ခိုက် သွားပြီဆိုရင် အမြဲတမ်း ပထမဆုံး သတိရတာက...