Feb 27, 2008

ရွှေဝါရောင်တော်လှန်ရေး ၅လပြည့်

အာဇာနည်တွေ နေတဲ့ တိုင်းပြည်
(၁)
လမ်းတွေပေါ်မှာ တိတ်ဆိတ်နေတဲ့ အသံတွေက ပွက်လောရိုက်လို့။ ဖြတ်ကျော် နင်းလျှောက်နေတဲ့ ခနော်နီခနော်နဲ့ လမ်းတွေပေါ်မှာ နီညိုရောင်ရင့်ရင့် အစွန်းအကွက်တွေ။ ဖြတ်တိုက်လာတဲ့ လေမှာ ညှီစို့စို့ချဉ်ရှရှ အနံ့တွေနဲ့။ အသစ်ချပ်ချွတ် ကျောင်းတံတိုင်းတွေပေါ်မှာ ပန်းကြွေပွင့်တွေ တဖွဲဖွဲ...၊။ လတ်လတ်ဆတ်ဆတ်ကြီးနဲ့ ကြွေသွားရတဲ့ ပန်းလေးတွေ။ အဲဒီ နိမိတ်ပုံတွေက ၈၈ နောက်ပိုင်းတလျှောက်လုံး ကျမကို ဖိစီးနေတတ်တဲ့ ပုံရိပ်တွေပါပဲ။


ကျမစိတ်ထဲမှာတော့ ကျမတို့ တိုင်းပြည်ထဲမှာ ပတ်ဝန်းကျင်တခုလုံးဟာ တိတ်ဆိတ်နေတာပါပဲ။ ပန်းခြံတွေထဲ... ရုပ်ရှင်ရုံထဲ... စတိတ်ရှိုးပွဲထဲ... ဈေးတန်းတွေထဲ... ကုန်တိုက်တွေထဲ... စာသင်ကျောင်းတွေထဲæအားလုံးဟာ အသက်မဲ့ တိတ်ဆိတ်လို့။ ဘယ်လို အသံမျိုးမှ မထွက်နိုင်တဲ့ ငြိမ်ဝပ်တိတ်ဆိတ်နေမှုမျိုးထဲ၊ ဘယ်လို စိုပြေမှုမျိုးမှ ရောက်မလာနိုင်တဲ့ ခြောက်သွေ့မှု မျိုးထဲ၊ ဘယ်လိုအေးရိပ်မျိုးမှ ရမလာနိုင်တဲ့ ပူပြင်းလောင်မြိုက်မှုထဲမှာ ကျမတို့ မြန်မာပြည်သူ တွေ ဘယ်လောက်ကြာကြာနေကြဦးမလဲ...။

(၂)
ဟိုးလွန်ခဲ့တဲ့ ၁၉နှစ်မှာတုန်းက မတွေ့ချင်ဘဲ တွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေ...၊ မမက်ချင်ဘဲ မက်ခဲ့ရတဲ့ အိပ်မက်ဆိုးတွေ...၊ တွေ့ချင်လျက်နဲ့ မတွေ့ခဲ့ရတဲ့ အလွမ်းတွေ..၊ ချစ်သူပျောက်တွေ၊ သားပျောက်မိခင်တွေ၊ ပျောက်သွားတဲ့ ချစ်သူငယ်ချင်းတွေ၊ ၁၉၈၈ရဲ့ နောက်ပိုင်းမှာတော့ ကျဉ်းကျဉ်းကျပ်ကျပ် နံရံလေးဘက် ကြားထဲမှာ တချို့၊ တောတောင်လျှိုမြောင် စိမ့်စမ်းတွေကြားထဲမှာက တ၀က်။ နေ့စဉ်နဲ့အမျှ သေခြင်းတရားနဲ့ မျက်နှာချင်းဆိုင် စစ်ထိုးရင်း ပျိုရွယ်နုမြစ်ချိန်တွေကို ပေးဆပ်လိုက်ကြရသူတွေ။

များသာအားဖြင့် ကျမတို့ သာမန်ပြည်သူတွေက နေ့စွဲတွေကို မေ့မေ့လျော့လျော့နဲ့ ပေါ့ပေါ့ပါးပါး ဖြတ်ကျော်မိ နေချိန်တွေမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် စွန့်လွှတ် စွန့်စား ရင်ဆိုင်နေသူတွေမှာတော့ ရင်းနှီး ပေးဆပ် နေရတာတွေက တနင့်တပိုး။ ဒီလိုနဲ့ ကျမဆီမှာ တာဝန် ကြွေးတွေ တင်နေခဲ့တာ တနင့်တပိုး။ ကျမတို့ကိုယ်စား တာဝန်ကျေနေသူတွေအတွက် ကျမ ဘယ်လောက် တုံ့ပြန် ပေးဆပ်ပြီးပြီလဲ။ ပြီးတော့ ဆက်လက် တာဝန်ကျေနေဆဲသူတွေအတွက်ရော.... ကျမတို့ ဘာများ ပံ့ပိုး အားဖြည့်ပေးပြီးပြီလဲ။

(၃)
လမ်းတွေပေါ်မှာ မိုးရေထဲ၊ မိုးလေထဲ၊ ဖိနပ်မပါ ထီးမပါ... သံဃာတော်တွေ မေတ္တာပို့သတဲ့။ မြို့အနှံ့ မိုင်နဲ့ချီလို့။ မေတ္တာဇွဲနဲ့ လျောက်လှမ်းကြတာ၊။ တိုင်းပြည်ငြိမ်းချမ်းဖို့တဲ့...။ ကိုယ်ကျိုးဆန္ဒ အာသီသ လုံးဝ မပါတဲ့ မေတ္တာပို့ပွဲ။ အဲဒီ ၁၈ရက် စက်တင်ဘာကစလို့၊ ကျမမှာ အဝေးကနေ ကြက်သီးတွေ ဖျန်းဖျန်းထ။ စိတ်ထိခိုက်ရတာနဲ့ အားတက်ရတာနဲ့ ပေါင်းပြီး မျက်ရည် တွေတွေကျ...။ ကဲ... ကျမတို့ရဲ့ မတရားအစိုးရမင်းများ... ဘာများ တတ်နိုင်သေးလဲပေါ့...။ ဘုရားသားတော်တို့ရဲ့ မေတ္တာကို သင်းတို့ ဘယ်လို အံတုမလဲပေါ့။ အမှန်အတိုင်း ၀န်ခံရရင်၊ စစ်အစိုးရ ဘယ်လောက် ရက်စက်ကြမ်းကြုတ်တယ်ဆိုပေမဲ့ ဘုရားသားတော်များကို သွေးမြေကျ အောင် စော်စော်ကားကား လုပ်လိမ့်မယ်.. လုပ်ရဲလိမ့်မယ်လို့ ထင်မထားမိခဲ့တာ အမှန်ပါ၊


၂၀၀၇ ၊ စက်တင်ဘာလ ၂၆ရက် (တော်သလင်းလပြည့်နေ့) တနင်္လာနေ့။
ဗုဒ္ဓဘာသာဝင်တွေအတွက် အလေးအမြတ်ထားရတဲ့ ဥပုသ်နေ့လည်းဖြစ်ပါတယ်။ သံဃာတော်တွေ ရွှေတိဂုံဘုရားမှာ ၀တ်ပြုဆုတောင်းပြီး ဆွမ်းခံကြွမယ်ပေါ့။ အနုပညာရှင် ဇာဂနာ၊ ရုပ်ရှင်မင်းသားကျော်သူနဲ့ အမျိုးသားရေးဦးဝင်းနိုင်တို့ဦးဆောင်တဲ့ အလှူရှင်တွေကလည်း ဆွမ်းလောင်းကြမယ်ပေါ့။ အဲဒီ အခါသမယမှာပဲ ၀တ်ပြုနေတဲ့ သံဃာတော်တွေရဲ့ နှိမ့်ချဦးခေါင်းတွေကို အကြမ်းဖက် မိစ္ဆာဒိဋ္ဌိအစိုးရရဲ့ လက်ပါးစေတွေက ရိုက်ခွဲခဲ့ကြပြီ။ ‘ဘုန်းဘုန်းတွေကို ရိုက်ကုန်ပြီ’ ဆိုတဲ့ လူထုရဲ့ အော်ငိုသံက ကမ္ဘာကုန် လွှမ်းသွားခဲ့တယ်။ ရွှေဝါရောင်တော်လှန်ရေးက မိုးမြေသိမ့်သိမ့် တုန်စေခဲ့တယ်။ ကမ္ဘာ ကြေသော်လည်း ဥဒါန်းဘယ်မကျေ။

အဲဒီနောက်ပိုင်းမှာတော့ ၈၈တုန်းကလိုပဲ သွေးထပ်စွန်းတဲ့မြေဖြစ်ခဲ့။ နောက်တော့ အကျဉ်းထောင်တွေထဲ လူဟောင်းတွေ ပြန်ဝင်ရ။ လူသစ်တွေ ထပ်ဝင်ရ။ ဘ၀တွေ အရွယ်တွေကို ရင်းကြရပြန်တဲ့သူတွေ။ သူတို့ခမျာ ဘာရပိုင်ခွင့်အတွက်မှ မဟုတ်။ ဘာရာထူးအာဏာအတွက်မှ မဟုတ်။ ပြည်သူလူထုကို လွတ်လပ်စေချင်လွန်း လို့တဲ့။ ထမင်း၀၀ စားစေချင်လွန်းလို့တဲ့။ လူတန်းစေ့ဘ၀လေး ရစေချင်လွန်းလို့တဲ့။ ဒါလေး အတွက်ပဲ အချိန်တွေ၊ အရွယ်တွေ၊ ဘ၀တွေကို ပေးဆပ်ကြရပြန်ဦးမလား။

(၄)
ကျမမှာ မောင်အရင်းလို ဖြစ်နေတဲ့ လူငယ်လေးတယောက် ရှိပါတယ်။ ရှစ်လေးလုံးကာလမှာတုန်းက ရန်ကုန် တက္ကသိုလ်က နောက်ဆုံးနှစ်ကျောင်းသားလေးပါ။ အရေးအခင်းကာလထဲ တက်တက်ကြွကြွပါခဲ့တာ။ အဲသည်တုန်းက နိုင်ငံ့အရေး လှုပ်ရှားတက်ကြွသူတွေ စုဝေးရာ အန်တီစုရဲ့ခြံဝင်းထဲက လူငယ်တွေထဲ သူလည်း တယောက်အပါအ၀င်။ တကယ့်ကို ဘာကိုမှ မကြောက်မလန့်။ အဲလိုနဲ့ ၁၉၉၀မှာတော့ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲ ရောက်ရ ပါတော့တယ်။

စစ်ကြောရေးမှာ..၊ အကျဉ်းထောင်ငရဲခန်းထဲမှာ..၊ အညှင်းပန်း အနှိပ်စက်ခံရတာတွေကိုတော့ သူက စာမဖွဲ့ချင်တော့။ ထောင်ထဲမှာ သူ့လုပ်ရပ်ကို မှားတယ်လို့ ၀န်ခံလက်မှတ်ထိုးရင် လွှတ်ပေးမယ်လို့ အပြောခံရတာ အကြိမ်ကြိမ်။ သူကတော့ သူ့ ယုံကြည်ချက် အမှန်တရားကို မှားတယ်လို့ မပြောနိုင်ပါ။ သေရင်လည်း သေပါစေတော့။ လူတိုင်း သေရတာပဲ။ သေတာ ဘာဆန်းလဲ။ ပြီးတော့ ကိုယ်ကျိုးအတွက် သေရတာမျိုး မဟုတ်။ အများအကျိုးအတွက် သေရတာ မြတ်တယ်။ ဒီလိုနဲ့ အပြင်မှာ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးအတွက် တိုက်ခဲ့တဲ့သူက အကျဉ်းထောင်ထဲမှာလည်း အကျဉ်းသမား အခွင့်အရေးအတွက် ဆက်တိုက်ခဲ့ရပြန်ပါတယ်။ အစာငတ်ခံတိုက်ပွဲ။ ဒီတခါတော့ သေပြီလို့ ထင်ခဲ့တာ အကြိမ်ကြိမ်။ အဲလိုနဲ့ ၁၅နှစ်တာကို ဖြတ်ခဲ့။ ဘယ်သူကမှ တခုတ်တရ မချီးကျူးပေမဲ့ ဘ၀ကို ပေးဆပ်ခဲ့သူ။ အဲလို လူတွေ ကျမတို့ တိုင်းပြည်မှာ အများကြီးရှိနေပါတယ်။

ခုတော့ လွတ်မြောက်နယ်မြေကနေများ ပိုလုပ်နိုင်လေမလားလို့တဲ့။ တကယ်တော့ အဲဒီ လွတ်မြောက်နယ်မြေ ဆိုတာမှာကလည်း ပုန်းရှောင်ပြေးလွှားနေရ။ သူနဲ့ လက်တွဲလုပ်ခဲ့တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးစတဲ့ ၈၈မျိုးဆက် ကျောင်းသားတွေမှာလည်း ဘ၀သက်တမ်းတ၀က်က အကျဉ်းထောင်တွေထဲမှာ ပေးဆပ်နေကြရတာ...၊ သူတို့ သူတို့တတွေ လွတ်မြောက်ဖို့ဆိုတာ... တနိုင်ငံလုံး လွတ်လပ်မှပဲဖြစ်မှာ။ တနိုင်ငံလုံးလွတ်လပ်ဖို့ ဆိုတာကလည်း ...။

(၅)

ကိုသူရ(ဇာဂနာ)ရဲ့ ဘလော့ ထဲမှာရေးထားတဲ့
"လောကမှာ ကောင်းတာတွေဟာ ကြောက်တတ်တဲ့သူတွေက လုပ်ခဲ့တာ မဟုတ်ဘူး၊ သတ္တိရှိတဲ့သူတွေက လုပ်ခဲ့တာ..."
ဆိုတဲ့ ဘုန်းတော်ကြီး တပါးရဲ့ အဆိုအမိန့်လိုပါပဲ။

ခုတော့ နီလာသိန်းခမျာ လသား သမီးလေးနဲ့ ခွဲရ(ကျောင်းမှာ သင်ရဖူးတဲ့ မဒ္ဒီဒေ၀ီရဲ့ မိခင်သောကကို အမှတ်ရစရာ)။ စုစုနွေးခမျာ နေမကောင်းတဲ့ကြားက နောက်မဆုတ်၊ ရှေ့ကို ရဲရဲတိုးမပျက်။ ဖြူဖြူသင်းခမျာ အဖေ့ရုပ်အလောင်း မြေကျတာမှ ကြည့်ခွင့်မရ။ မီးမီးမှာလည်း သားသမီးလေးတွေက အရွယ်ရောက်ပြီ။ သူတို့တတွေက အန်တီစုလိုပဲ မိသားစုအရေးကို ကျောခိုင်းပြီး တိုင်းပြည်အရေးကို ရွေးချယ်လိုက်ရတဲ့ အာဂအမျိုးသမီးတွေပါ။ ကျမတို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးတိုက်ပွဲ မပြီးမချင်း သူတို့ ဆက်တိုက်နေရဦးမှာ၊ သူတို့ဘ၀တွေ ပေးဆပ်နေရမှာ၊ သူတို့ အနာဂတ်တွေ မှိန်ဖျော့နေရဦးမှာ။ နီလာသိန်းပြောသလိုပဲ... သူ့သမီးလေးလို မိဘနဲ့ ဝေးနေရတဲ့၊ မေတ္တာငတ်နေရတဲ့ ကလေးတွေ လူငယ်တွေအများကြီး ရှိနေရဦးမှာ။ ဒီတကြိမ် တိုက်ပွဲသာ မပြတ်နိုင်ခဲ့ရင်တော့ ကျမတို့ နိုင်ငံမှာ အဲလို အဖြစ်တွေ၊ ဘ၀တွေကို နောက် အကြိမ်ပေါင်းများစွာ ကြုံနေကြရ ဦးမှာပါ။

(၆)
ခုတောင် ဘယ်လောက်ဆိုးလာနေပြီလဲ...။
ဗုဒ္ဓဘာသာအစိုးရလို့ အမည်ခံထားပါလျက်နဲ့ ရိုးရိုးကလေး မေတ္တာပို့၊ ဘုရားရှိခိုး ဆုတောင်းသူတွေကိုတောင် မိစ္ဆာဒိဋ္ဌိဆန်ဆန်နဲ့ဖမ်းလားဆီးလား လုပ်လာပြီ။ သားကို မမိရင် အမေကိုဖမ်း၊ အဖေကို မမိရင် သားကိုဖမ်းတဲ့ ပြန်ပေးဂိုဏ်းဆန်ဆန်အလုပ်တွေကို လုပ်လာပြီ။ မင်းမဲ့ တရားဥပဒေကင်းမဲ့နေတဲ့ တိုင်းပြည်မှာ ဘယ်လိုနေလို့မှ မလုံခြုံနိုင်တော့၊ မအေးချမ်းနိုင်တော့။

နိုင်ငံအရေးထဲ ၀င်လုပ်မှ ဖမ်းတာဆီးတာ နှောက်ယှက်တာ မဟုတ်၊ သီချင်းဆိုဖို့လောက်သာ စဉ်းစားတဲ့ ဆယ်ကျော်သက် လူငယ်တွေရဲ့ သီချင်းဆိုပွဲကိုတောင် ရန်ရှာလာပြီ။ ဂီတအစည်းအရုံးက ရာထူးယူထားပြီး အစိုးရကို အလိုက်သင့်ပေါင်းချင်တဲ့သူတွေကိုယ်တိုင်တောင် အစော်ကားခံရတဲ့ အခြေအနေရောက်လာပြီ။ ဆင်ခြင်တုံတရား ကင်းမဲ့နေသူတွေရဲ့ ရန်သတ္တရုပြုနေမှုကို ဘယ်လောက် ကြာကြာ ဆက်ခံနိုင်ကြမလဲ။

သူယုတ်မာတွေ ကြီးစိုးတဲ့အတွက် သူတော်ကောင်းတွေ ပြုန်းတီးကုန်ရတာကို ဘယ်လောက် ကြာကြာ လက်ပိုက်ကြည့်နေနိုင်ကြမလဲ။ တကယ်တော့ ကျမတို့နိုင်ငံဟာ လူစိတ်ကင်းမဲ့နေတဲ့ စစ်ဘီလူးတွေ အုပ်ချုပ်တာကို ခံနေရတာပါ။ တော်တော်ကို သတ္တိကောင်းကာမှ၊ မကြောက်တတ်ကာမှ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ပြင်းပျလွန်းကာမှပဲ ရင်ဆိုင် အံတုနိုင်တာပါ။ တိုင်းပြည်လူဦးရေနဲ့ ယှဉ်ကြည့်ရင် လက်တဆုပ်စာသာ ရှိတဲ့ လူရမ်းကား တွေကို သန်း၅၀သောပြည်သူတွေက ဘာကြောင့် မနိုင်ရသလဲ။ ဒါဟာ ကျမတို့ ပြည်သူတွေ အားလုံး စဉ်းစား အဖြေရှာရမယ့် ပြဿနာပါပဲ။

(၇)
တကယ်တော့ ကျမတို့နိုင်ငံက ကူကယ်ရာမဲ့ မဟုတ်ပါ။ နိုင်ငံတကာမှာ ကျမတို့ကို စောင့်ကြည့်ပြီး ၀ိုင်းကူပြောဆိုပေးမယ့် အင်အားတွေ ရှိပါတယ်။ တတ်နိုင်တဲ့ အင်အားနဲ့ ကူလို့ရတာကို ကူပေးမယ့်သူတွေ ရှိပါတယ်။ ကျမတို့နိုင်ငံအတွက် အရာရာကို ပေးဆပ်ဖို့အသင့်ရှိနေတဲ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့အတူ ခေါင်းဆောင်နိုင်သူတွေ ရှိနေကြပါတယ်။ ဒုက္ခတွင်းကြီးထဲကနေ တကယ် လွတ်မြောက်ချင်တဲ့ လူထုကြီး ရှိနေပါတယ်။ တခုပဲ လိုတယ်လို့ ကျမထင်ပါတယ်။ ကောင်းစေချင်တဲ့ စေတနာနဲ့ သူတို့ရဲ့ ပုဂ္ဂလိက ဘ၀တွေကို ဘေးဖယ်ပြီး လူထုရှေ့က မားမားမတ်မတ် ရပ်တည်နေတဲ့ ပြည်တွင်းက သူရဲကောင်းတွေရဲ့ လှုပ်ရှားမှုတွေကို အစွမ်းကုန်၊ မမှိတ်မသုန်၊ တညီတညွတ်တည်း၊ ခြွင်းချက်မရှိ၊ ၀ိုင်းဝန်း ပံ့ပိုး၊ ထောက်ခံ အားပေး ကူညီနေကြဖို့ တခုတည်းပဲ ရှိပါတယ်။ ဒီတစ်ပွဲမှာ လူထုအားနဲ့ ပြတ်အောင် ဖြတ်မှကို ဖြစ်ပါမယ်။

(၈)
တောင်အာဖရိက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး Desmond Tu Tu ကတော့ "ပြည်သူလူထု အားလုံးကသာ တခဲနက် လိုချင်တယ်ဆိုရင် မရဘူးဆိုတာ မရှိပါဘူး.." တဲ့။ ကျမတို့ တိုင်းပြည်ဟာ အာဇာနည် တွေ နေတဲ့ တိုင်းပြည် ပါ။

မေငြိမ်း
၂၀၀၇၊ နိုဝင်ဘာ။
(ချိုးလင်းပြာ မဂ္ဂဇင်း)


Feb 21, 2008

ဖြန့်ဝေခြင်း(၆၁)

ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် သိပ်အရေးကြီးတဲ့ အချိန်ရောက်နေပါပြီ။မတရားအစိုးရက ပြည်သူလူထုကြီးကို ပြတ်ပြတ်သားသား စိမ်ခေါ်ဖွင့်တိုက်လိုက်ပါပြီ။

ကျမတို့ပြည်သူလူထုက ဘယ်လို တုံ့ပြန်မလဲ…။
ကဗျာဆရာကိုအောင်ဝေးက ပြောပါတယ်..
“ရန် ငါ မပြတ်လို့ သံဃာအသတ်ခံရတာ” တဲ့။

သေချာတာကတော့ ခု ချိန်ဟာ စစ်အစိုးရက သူတို့ဘက်ကတော့ လူထုအပေါ် ရန်- ငါ စည်းပြတ်ကြောင်း ပြလိုက်တာပါပဲ။ လူထုဟာ ငါတို့လုပ်တာ ခံရမှာပဲ။ ဘာဒီမိုကရေစီမှ ဂရုမစိုက်ဘူး။ ငါတို့မှာ လက်နက်ရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ခံယူထားတာကို ကမ္ဘာသိအတိအလင်းပြတာ ဒါပါနဲ့ဆို ဘယ်နှကြိမ်မြောက်ရှိပြီလဲ..။ ခု ဖွဲ့စည်းပုံဥပဒေ အတည်ပြုမယ့်ကိစ္စကတော့ သီးလေးသီးစကားနဲ့ ပြောရရင်.. “ဆင်ဒဏ် လူဒဏ် သစ်တုံးခံ”ရမယ့် ကိစ္စကြီးပါပဲ။ အဆင့်ဆင့် ဖိနှိပ်သမျှ ဆင်းရဲဒုက္ခကို ပြည်သူလူထုကြီးကသာ ခါးစည်းခံကြရတော့မှာပါ။ အခု သူတို့ရဲ့ အတုအယောင်ညီလာခံကနေ အဓမ္မချမှတ်လိုက်တဲ့ ကလိမ်ကညစ် အခြေခံဥပဒေကြီးကို အတည်ပြုလိုက်မိရင်တော့ ကျမတို့ရဲ့ သားစဉ် မြေးဆက်တွေကို.. မဆလ လက်ထက် တုန်းကထက်တောင် အဆများစွာ ဆိုးဦးမယ့် ဘ၀တွေထဲ ဆက်တွန်းပို့နေတာဟာ ကျမတို့ကိုယ်တိုင်ပဲ ဖြစ်တော့မှာပါ။ အဲဒီမသမာသူ လူတစုရဲ့ မြန်မာနိုင်ငံကို လုပ်ကြံတဲ့ အစီအစဉ်ကို မကန့်ကွက်လိုက်မိရင်တော့ သမိုင်းတွင်မယ့် လုပ်ကြံသူတွေထဲမှာ ပြည်သူလူထုပါ အပါအ၀င်ဖြစ်တော့မှာပါ။ ကျမတို့မှာ တာဝန်ရှိပါတယ်။ ဘာကြောင့် ကန့်ကွက်ရမှာလဲဆိုတာကို ကျမ Blog ရဲ့ Side bar မှာ PDF File နဲ့ တင်ထားပေးပါတယ်။ ဒါပေမဲ့ မဖတ်မိမှာစိုးလို့ ထပ်သတိပေးချင်ပါတယ်။ ဒီနေရာ မှာလည်း ယူဖတ်လို့ရပါတယ်။ အင်မတန် ရက်စက်တဲ့ ဥာဏ်များလှတဲ့ စစ်အစိုးရရဲ့ ပရိယာယ်ထဲ ကျဆင်းမသွားအောင် ကျမတို့ လူထုကြီးဘက်က သေသေချာချာ သိဖို့ နားလည် ထားဖို့ လိုတာမို့... ကျေးဇူးပြုပြီး သေသေချာချာ ဖတ်ကြသလို ထပ်ဆင့် ဖြန့်ဝေပေးကြပါလို့ မေတ္တာ ရပ်ခံလိုက်ပါတယ်။

လေးစားစွာ- မေငြိမ်း



Feb 15, 2008

ပဒို....

၁၄ဖေဖော်ဝါရီ၂၀၀၈ မှာ ကျဆုံးသွားတဲ့ ပဒိုကို ဦးညွှတ်လျက်ပါ..။

မေငြိမ်း

Feb 14, 2008

အချစ်ဆိုတဲ့ ၀တ္ထု

ဒီကနေ့ ‘Valentines Day’….
တကမ္ဘာလုံးမှာ အမှတ်တရ ပျော်ကြမှာတဲ့။
ဗမာပြည်မှာတောင် ဗိုလ်ချုပ်မွေးနေ့သာ မသိကြတယ်.. ‘Valentines Day’ တော့ သိကြတယ်..။
ချစ်သူတွေအချင်းချင်း အထိမ်းအမှတ်လက်ဆောင်တွေ အပြန်အလှန်ပေးကြ..။
အမှတ်တရ ချိန်းဆို တွေ့ကြသတဲ့။
ကောင်းပါတယ်..။ ဘာပဲဖြစ်ဖြစ် ‘အချစ်’ဟာ ‘အမုန်း’ထက်တော့ ကောင်းတာအမှန်ပါပဲ။

အရေးကြီးတာက ‘အချစ်’ဟာ တရားနည်းလမ်းကျ.. အစွန်းမရောက်ဘဲ ဘ၀အတွက် မောင်းနှင်အားအဖြစ် အသုံးဝင်ဖို့ပါပဲ။ ငြိမ်းချမ်းအေးမြတဲ့ အချစ်.. ကိုယ်ချင်းစာ ညှာတာနားလည်တဲ့အချစ်ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

ဒီကနေ့မှာ ကျမစဉ်းစားနေမိတယ်..။
ကျမတို့ ဗမာပြည်မှာ အုပ်ချုပ်သူတွေကိုယ်တိုင်ကကို မေတ္တာတရားကင်းနေတဲ့ အချိန်..။ ပြီးတော့ လူငယ်တွေကို မေတ္တာတရားဆိုတာကို နားမလည်တော့အောင် အဘက်ဘက်က စနစ်တကျ ပုံသွင်း ဖျက်ဆီးခံထားရတဲ့ အချိန်ကာလမျိုးမှာ .. ကျမတို့ ဗမာပြည်က အချစ်ဆိုတာတွေကရော.. စစ်ရော စစ်မှန်သေး ရဲ့လား..။ တကမ္ဘာလုံးက လူငယ်တွေ ဆင်နွှဲကြမယ့် ‘Valentines Day’ ကို ဗမာပြည်က လူငယ်တွေကရော တကယ့် ချစ်ခြင်းမေတ္တာအတွက် ဆင်နွှဲတာလား…။ ဒါမှမဟုတ်.. ဖက်ရှင်အနေနဲ့လား..။

၂၀၀၃ ခုနှစ်တုန်းက ကျမ ဒဂုံတက္ကသိုလ်မှာ ရှိစဉ်.. တွေ့ခဲ့ရတဲ့ လူငယ်တွေထဲက အချစ်ဆိုတာအပေါ် ခံစားရလို့ ၀တ္ထုတိုတပုဒ်ရေးခဲ့ဖူးပါတယ်။ အဲဒီဝတ္ထုတိုလေးကို ‘Valentines Day’ အမှတ်တရအနေနဲ့ တင်ပေးလိုက် ပါတယ်။ (မအားတဲ့ ကြားက ၀တ္ထုကို စာကူရိုက်ပေးတဲ့ ကိုအောင်ဖြိုးလေးကို ကျေးဇူးတင်ပါ၏)

အချစ်ဆိုတဲ့ဝတ္တု



‘စိန့် သြစတင်း’ ဆိုတဲ့ပုဂွိုလ်က… ‘အချစ်ဆိုတာ စိတ်ဝိညာဉ်ရဲ့ အလှတစ်ပါးပါပဲ’ ဟု ဆိုခဲ့သည်တဲ့။ ဒါပေမဲ့… ခုလို အချိန်ကာလမျိုးမှာတော့ဖြင့်… ‘အချစ်' ဆိုတာကို ယုံကြည်ဖို့ အတွက် ခိုင်လုံတဲ့ အချစ်ဝတ္တုတစ်ပုဒ်၊ ဒါမှမဟုတ် သေချာတဲ့ အချစ်ဖွဲ့ သီချင်းတစ်ပုဒ်၊ ဒါမှမဟုတ် ယုံလောက်စရာ အချစ်ကဗျာတစ်ပုဒ်၊ ဒါမှမဟုတ် စစ်မှန်တဲ့ မျက်မြင်သက်သေတချို့တော့ လိုပါသည်။

လောလောဆယ်မှာတော့ ကျွန်မက အချစ်ဆိုတာကိုပဲ တော်တော် လွမ်းဆွတ်နေရပါသည်။

‘အချစ်ဆိုတာ… ပျော်ရွှင်စရာများနဲ့အတူတူ ပူဆွေးမှုများလည်း သူခေါ်ခဲ့တယ်’
ဆိုတဲ့ သီချင်းလေး ကျေးဇူးပြုပြီး ကိုခိုင်ထူး ပြန်ဆိုပေးပါ။ ဒါမှမဟုတ်…
‘ဘာတွေကို ဆုတောင်းရဦးမှာလဲ ၊ ဘာတွေကို မကျေနပ်ဘူး ပြောရမှာလဲ ၊ ဒီကမ္ဘာရဲ့ အချိုဆုံး ၀တ်ရည်ကို အတူတူ သောက်ခွင့်ရနေမှ’
ဆိုတာလေး အစ်မ အယ်လ်ခွန်းရီ ပြန်ဆိုပေးစေချင်ပါတယ် ။

ဒါမှမဟုတ်…..


‘တူနှစ်ကိုယ် တဲအိုပျက်မှာနေရ … ရွှေဘုံပေါ်မှာစံရ... ချစ်တာချစ်တာ ပဓာနလို့ ဆိုချင်တယ် မောင်ရယ်’
ဆိုတဲ့ သီချင်းလေး ‘ဟေမာ’ ဆိုမလား။ ကျမကတော့ ….

‘ချစ်သူ့ရင်ခွင်သည်သာ… ငြိမ်းချမ်းနယ်မြေ…. သစ္စ္စာတရားထွန်းကားရာ ငြိမ်းချမ်းသာယာသော နယ်မြေ…’လို့ ဆိုမယ်။ သီချင်းတွေအားလုံး ဆုံးသွားရင်တော့ ပထမဆုံး ‘သိန်းသန်းထွန်း’ ရဲ့ ‘မပန်ပါနဲ့ ကြွေချင်တယ်' ကို ဖတ်မယ်။ ပြီးရင် ‘ကြည်အေး’ ရဲ့ ‘တမ်းတတတ်သည်’ နဲ့ ‘မောင် ကိုကို နဲ့ မြနန္ဒာ’ ကို ဖတ်မယ် ။ ‘ခင်ဆွေဦး’ ရဲ့ ‘အောင်ရဲ့အောင်’ ကို ဖတ်မယ်။ ‘မောင်ဝဏ္ဏ’ ရဲ့ ‘ပန်းတွေနဲ့ဝေ’ ကို ဖတ်မယ် ။ ‘မိုးမိုး (အင်းလျား)’ ရဲ့ ‘ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား’ ဖတ်မယ်။ ပြီးရင် ‘မမြင့်ခိုင်’ ရဲ့ ‘မောင့်ကိုစိမ်းကား မယ်နှမက ဆိုသလား’ ဖတ်မယ်။ ချစ်ခြင်းတွေ ပြန်လည်သက်ဝင်လို့ ရင်တွေ သိပ်ခုန်လာရင်တော့ ‘မောင်စိန်ဝင်း (ပုတီးကုန်း)’ ရဲ့ အချစ်ဖွဲ့ ကဗျာတွေ ဆက်ဖတ်ဦးမှာ…။

‘ချစ်သူ့ဆောင် နံ့သာတောကိုလ မျှော်မောကာ ရွှေရင်ထိတ်ပါလို့ တိတ်တိတ်လေးလာ…’ ဆိုတဲ့ အပိုဒ် လေးကို ဖတ်ရရင် အဆောင်ဝင်းအပြင်ကို မျှော်မျှော်ငေးတတ်တဲ့ မျက်လုံးတစ်စုံကို ချက်ချင်း မြင်ယောင်ရင်း ရင်ထဲက သွေးတွေတောင် ပူနွေးလာသေးတာ ။ 'မောင်သိန်းဇော်' ကတော့ အချစ်နဲ့ပတ်သက်ရင် …..

’ကျွန်တော်သည် ခင်၏ နှလုံးသားရှိရာ အရပ်ကို မျက်နှာမူကာ အသက်ရှု၏’ တဲ့။

အနည်းဆုံးတော့ ‘အချစ်’ဆိုတဲ့ ဝေါဟာရက ချိုမြိန်ယစ်မူးဖွယ်ကောင်းတာပါပဲ။ ခုချိန်မှာ ‘ငြိမ်းကျော်' ရဲ့ အချစ်ဝတ္တုထဲက ချစ်သူမိန်းကလေးအပေါ် မထိရက် မတို့ရက် တန်ဖိုးထားတဲ့ ယောက်ျားလေးရဲ့ ယဉ်ကျေး သိမ်မွေ့တဲ့ ချစ်ခြင်းကို သိပ်လွမ်းသည်။ ကိုယ်တိုင် ဘတ်စ်ကားကျပ်ကျပ်ထဲ ချစ်သူ့လက်မောင်းကို ဟန်ပြု ထိန်းရတဲ့အခါ ပတ်ဝန်းကျင်ကို ရှက်မိတဲ့ခံစားချက်က ခုထိ ရှက်လို့ကောင်းတုန်း ….. ။

အဲဒါကိုသိရင် ဒဂုံတက္တသိုလ်ကျောင်းကို သွားတဲ့ ဘတ်စ်ကားတွေပေါ်က ပွန်းတီးလှတဲ့ ကျောင်းသူ ကျောင်းသားတွေက ကျွန်မကို ဟားကြမယ်ထင်သည်။ ဒါပေမဲ့ ‘အချစ်ဆိုတာ လူထူထူကြားထဲ ဖက်တွယ် မှီနွဲ့လို့ ပွတ်သပ်ကျီဆယ်တာမျိုးမဟုတ်တာ’ တော့ သေချာပါသည်။ တစ်ခုခုတော့ မှားနေပြီထင်၏ ။

++++++++++

သို့ပေမဲ့ ကျမချစ်သော ၀န်းကျင်မှာ လေပြည်လေညင်းတို့ကတော့ ခုထိ လတ်ဆတ်ချိုမြိန်ဆဲပါ။ ခုထိ မြက်ခင်းစိမ်းစိမ်းတွေ၊ စပါးပင်စိမ်းစိမ်းတွေ၊ ပျံလွှားငှက်တွေ၊ ဗျိုင်းဖြူဖြူအုပ်စုတွေ၊ ရေအိုင်ကျယ်နှင့် ကြာဖြူ ကြာနီတွေကလည်း သာယာပျော်မွေ့ဖွယ် ကောင်းဆဲ…။ အဲဒီ မြင်ကွင်းကျယ်ကို ကျော်ဖြတ်ပြီးလျှင်တော့ စိမ်းစို လန်းဆန်းသော တောအုပ်ရှိရာဆီ ရောက်မည်။ ‘တဂိုး’ ရဲ့ ‘သျှန်တိနိကေတန်’ကို မြင်ယောင် ချစ်တတ်သော ကျမအတွက်တော့ ထိုတက္တသိုလ်တောအုပ်ကလေးကလည်း ချစ်မက်ဖွယ်။ မောင်သိန်းဇော်ရဲ့ ‘လတ်ဆတ် လမ်းသွယ်စိမ်း’ကိုရွတ်ရင်း ထိုတောအုပ်ထဲ ဖြတ်လျှောက်လျှင်တော့ ပျိုမြစ်နူးညံ့ခြင်းကိုပါ ပိုင်ဆိုင်ရလေသည်။


'လတ်ဆတ်လမ်းသွယ်စိမ်း
အနံ့ဟောင်းမရှိတဲ့
ကွင်းပြင်တွေ
မြင်မြင်ချင်း
ချစ်လိုက်တာ
မြင်မြင်သမျှ အစိမ်း
မမြင်ရတဲ့ လေညင်းတောင်
အစိမ်းရောင်ပဲဖြစ်လိမ့်မယ်
ငါထင်မိ
မင့်ဆီမှာ……တောင်လည်းညို
မင့်ဆီမှာ……မိုးလည်းစွေ
မင့်ဆီမှာ……ပန်းလည်းတင်
မိုးငွေ့ဆွတ်ပျံ့ ညနေတစ်ခွင်လုံး စိမ်းလို့ … ‘

အဲဒီအခါ သစ်ပုတ်ပင်နှင့် ဂျပ်စင်တို့ မရှိလည်း တက္တသိုလ်မြေဆိုတာဟာ တိမ်းမူးစရာ ကောင်းတာပါပဲ။

‘နေ၀င်ပြီဆိုရင် ကိုယ်လေ ငိုချင်တယ်၊ ရင်မှာ နာကျင်စွာရယ် ဆွေးတယ်’ ဆိုတဲ့ ‘ဂျပ်စင်ထိပ်က လရိပ် ပြာ’ ကိုဆိုလည်း အရသာရှိတာပါပဲ။ အဲဒီတုန်းကဆိုရင် အဲသည်လို နူးညံ့သိမ်မွေ့မှ နုနယ်ပျော့ပျောင်းမှပဲ အချစ်ဆိုတဲ့ ခံစားမှုလို့ ထင်တော့တာ…. ။

++++++++++

အဲသည်တုန်းကဆိုရင် ……

လက်တွေ့ခန်းထဲမှာ ထွက်သာတဲ့ လတစ်စင်းဟာ ချစ်သူပါပဲ။ ကျောင်းအပြန် ဘတ်စ်ကားကျပ်ကျပ်ထဲ သူ့ပခုံးစွန်းကရတဲ့ ကိုယ်ရနံ့ဟာလည်း အချစ်ပါပဲ။ သူ့ရဲ့ အစောင့်အရှောက်နဲ့ အိမ်အရောက် ပြန်ရတာ ဟာလည်း ချစ်ခြင်းရဲ့ သာယာမှုပါပဲ။ အဲဒီ နူးညံ့တဲ့ ဆက်သွယ်မှုတွေထဲမှာဆို အိပ်မက်တွေကတောင် ချိုမြိန်သည်။ သူ့လက်ဖ၀ါးတွေကို အားပြုဆုပ်ကိုင်ရုံနဲ့ ခွန်အားကို ခံစားရ၏။ အထိမ်းအမှတ်နေ့စွဲ တစ်ခုခု ဆိုရင်တော့ မောင့်ကို နဖူးလေး ပေးနမ်းမယ်။ ဒါမှမဟုတ် လက်ဖမိုးလေးပေါ့နော်။ နမ်းပြီးတဲ့အခါတော့ မသိဟန်ဆောင်နေရမယ် မောင်။ ရှက်တယ် ။

‘ထူးအိမ်သင်’ က …

‘ရင်ခုန်ရင် …. အချစ်ပဲကွယ် … ရိုးရိုးသားသားချစ်တယ် …. နှလုံးသားချင်းလည်းနားလည် … အကြင်နာဆုံးလေးရယ် ….. ဝေးသွားလည်းပဲ ချစ်ရဦးမယ် … ဝေးသွားလည်းပဲ သတိရလို့နေမယ်…. ’ တဲ့ ။

ကဲ …. အဲဒါပဲ … အချစ်ရဲ့ အနှစ်သာရ မဟုတ်လားကွယ်။

++++++++++

သူ့ရဲ့မျက်လုံးအိမ်ထဲ စူးနစ်စိုက်ကြည့်လိုက်ရင်… ကိုယ့်ကိုကိုယ် တွေ့တာပါပဲ ။ အဲဒီမှာ သစ္စ္စာတရား တွေ... ယုံကြည်ခြင်းတွေ... မြတ်နိုးတန်ဖိုးထားမှုတွေရယ်… အားလုံးကို မြင်အောင် ကြည့်နိုင်ပါသည်။ အချစ် ဆိုတာရဲ့ အတွင်းထဲမှာ …..။

‘ကေခိုင်ချစ်ရင် စာကျက်မယ်’ ဆိုတဲ့ ကောင်လေး …

‘မီ့ကိုချစ်ရင် ဆေးလိပ်ဖြတ်’ ဆိုတဲ့ ကောင်မလေး …

‘စာမေးပွဲအောင်ရင် အဖြေပေးမယ်’ ဆိုတဲ့ ကောင်မလေး …

‘မနေနိုင်လို့ပါ အချစ်ရဲ့ …. မင်းအနား ရောက်ရောက်လာတာ’ ဆိုတဲ့ ကောင်လေး ….

‘မင်းပေါ့… ပုံမှန်အသက်ရှုနေတဲ့ သေသူတစ်ယောက်ကို ပြန်လည်လူလားမြောက်စေခဲ့တာ’ ဆိုတဲ့ ကောင်မလေး…

‘စံပယ်ပွင့်တွေရေ … အချစ်တွေနဲ့ ဖျားနာသွားတဲ့ အထိ ငါ့အပေါ်ရွာချလိုက်ပါကွယ်’ ဆိုတဲ့ ကောင်လေး…

‘မြတ်နိုးမှု တခုတည်းနဲ့သာ နွယ်ကြိုးကို ခိုင်အောင်ချည်ခဲ့တယ်’ ဆိုတဲ့ ကောင်မလေး …

‘မသုံးရသေးတဲ့ နေ့စွဲတစ်ခုမှာ.. အချစ် … မင်းနဲ့ငါ ဥယျာဉ်အသစ် ထူထောင်မယ်’ ဆိုတဲ့ ကောင်လေး ….

ကြည့်ပါဦး… အချစ်တွေ… အချစ်တွေ… တွေ့မည် ။ ဘယ်လောက် မွှေးပျံ့လိုက်ပါသလဲ။ ပြီးတော့ ဘယ်လောက် လွမ်းဆွတ် တသစရာ ကောင်းလိုက်ပါသလဲ။ အဲဒီမှာလေ… အချစ်ဆိုတာ… ဘယ်လောက် သန့်ရှင်း ဖြူစင်လိုက်ပါသလဲ။

++++++++++

ချစ်သူကို လွမ်းတဲ့အခါ အားကိုးတိုင်တည်စရာ လက်ဖ၀ါးတွေကို သတိရသည်။ ၀မ်းနည်းအားငယ်တဲ့ အခါကျတော့ နှစ်သိမ့်တဲ့ မျက်လုံးတွေကို တမ်းတသည်။ ကျွန်မဘ၀မှာ သူမရှိလို့ မဖြစ်ဖူးလို့ ခံစားရသည်။ အဲဒီအခါ ဘယ်လောက်ပဲ ရိုးစင်းပေမဲ့… ‘မင်းမရှိရင်... အသက်မရှင်ချင်ဘူး အချစ်ရယ် …. မနေ့က ငါသေဆုံးသွားခဲ့’ ဆိုတာလေးက တော်တော်ခံစားရပါသည်။ အဲဒီအခါ ‘အချစ်’ဆိုတာ အင်မတန် စင်ကြယ်သန့်ရှင်းတဲ့ ၀ိညာဉ်လည်းဖြစ်၏ ။ ပြီးတော့ အဲဒီ အလွမ်းထဲမှာ ပူလောင်ပြင်းပြတဲ့ နှုတ်ခမ်းတွေလည်း မပါကြပေ။

ချစ်သူတွေသည် တယောက်ကိုတယောက် လိုအပ်ကြဖို့ပဲ အရေးကြီးပါသည်။ ‘Alexander Smith’ ပြောသလိုဆို …

‘အချစ်ဆိုတာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သူများဆီမှာ ရှာဖွေတွေ့ရှိတာပါပဲ … ’

မိမိကိုယ်မိမိ တွေ့ရှိရတဲ့အခါမှာ ပျော်ရွှင်ရတယ်တဲ့ ။ အဲဒီအခါ … မောင်ဟာ ကျမရဲ့ တစ်ခြမ်းဖြစ်သလို မောင့်ရဲ့ တစ်ခြမ်းဟာလည်း ကျမပါပဲ။ အဲဒီ ယုံကြည်စိတ်နဲ့ပဲ ချစ်သူတွေက .. ကမ္ဘာမြေကြီးကို ဖန်တီးခဲ့ကြတာ မဟုတ်လားနော် ။

++++++++++

‘အမှောင်ခေတ်ထဲက ရသမျှအလင်းရောင် … အကောင်းဆုံးလက်ဆောင်အဖြစ် သူ့အတွက် ကျွန်တော့်ကို ပေးတယ်၊ ကျွန်တော့် အတွက် သူ့ကိုရတယ်' (တင်မင်းထက်)

ကဲ…. အဲဒါတွေဟာ… အချစ်ဆိုတာပါပဲလို့ ယုံကြည်ရပါမည်။ ခုထိ .. ရှိခဲ့ကြတဲ့ ချစ်သူစုံတွဲတွေကတော့ အကောင်းဆုံး မျက်မြင်သက်သေတွေပေါ့…။ ဒါ့ထက်ခိုင်လုံဖို့ လိုအပ်ရင်တော့ … သီချင်းချိုချိုတွေ နားထောင်ပါ။ ၀တ္တုချိုချိုတွေ ဖတ်ပါ။ ကဗျာချိုချိုတွေ ရွတ်ပါ ။ လောကကို နှလုံးသားချိုချိုနဲ့ ခံစားပါ။ အဲဒီအခါ အချစ်ဆိုတဲ့ အရာကို ပွေ့ဖက် နှုတ်ဆက်ခွင့် ရလာပါလိမ့်မည် …. ။ အဲဒီအခါကျရင် မြို့မငြိမ်းရဲ့ …

‘အမြဲတသ.. စွဲလမ်းခဲ့တဲ့… တပွင့်တည်းသော ပန်းသစ္စ္စာ… မြတ်နိုးထိုးစိုက် မောင့်အသည်း ၌ ဆင်မြန်းဖို့ ရွယ်လာ… ’

ဆိုတဲ့ ‘သစ္စ္စာ’ သီချင်းကို အော်ဆိုပစ်လိုက်ဖို့တော့ လိုပါလိမ့်မည် ။

မေငြိမ်း( ၉.၉.၀၄ )
ရွှေအမြုတေ မဂွဇင်း
၊ ၁၅- နှစ်ပြည့် အမှတ်တရ
အမှတ်(၁၈၀) ၊ နိုဝင်ဘာလ ၊ ၂၀၀၄။


Feb 13, 2008

ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ

အီမေလ်ထဲက ရတဲ့ ဗိုလ်ချုပ်အမှတ်တရလေးး တင်ပေးလိုက်ပါတယ်။

Feb 12, 2008

ဗိုလ်ချုပ်မွေးနေ့


ဗိုလ်ချုပ်သာရှိရင်…
ဒီကနေ့ဟာ ၉၃နှစ်ပြည့်မွေးနေ့ပေါ့။
တကယ် သက်တမ်းစေ့သာ နေခွင့်ရခဲ့ရင် ဗိုလ်ချုပ်ရှိနေနိုင်သေးတဲ့အချိန်..။

ဗိုလ်ချုပ်သာရှိရင်…
သူ့မွေးနေ့မတိုင်ခင်ကပ်လျက်မှာ ကျရောက်တဲ့ ပင်လုံစာချုပ်အောင်ပွဲနေ့မှာ တိုင်းရင်းသားတွေအားလုံးဆုံပြီး စားပွဲသောက်ပွဲတွေနဲ့ ပြည်ထောင်စုနေ့ကြီးကို တပျော်တပါးကြီး ၀ှဲချီးကျင်းပမှာ အသေအချာ..။

လူထုက ကျင်းပပေးမယ့် သူ့မွေးနေ့မှာတော့ ခပ်ပြုံးပြုံးနဲ့.. လာသမျှ ဧည့်သည်တွေကို သူရေးတဲ့ စာအုပ်တွေ လက်ဆောင်ပေးနေမလားပဲ..။

ဗိုလ်ချုပ်သာရှိရင်…
လွတ်လပ်ရေးရပြီးရင် အေးအေးဆေးဆေး စာရေးချင်တယ်ဆိုတဲ့ သူ့စကားအတိုင်း စာအုပ်တွေအများကြီး ရေးပြီးသားဖြစ်နေမှာ အသေအချာ..။

ဗိုလ်ချုပ်သာရှိရင်…
ကျမတို့ ဗမာပြည်မှာ လူဆိုးလူမိုက်တွေ ခုလို ဗိုလ်ကျအုပ်ချုပ်လို့ မရမှာလည်း အသေအချာ..။

ဗိုလ်ချုပ်သာရှိရင်…
ခုလို တိုင်းပြည်သယံဇာတ ကြွယ်ဝပုံမျိုးနဲ့၊ ဗမာပြည်ဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံ ဖြစ်နေမှာ အသေအချာ..။

ဗိုလ်ချုပ်သာရှိရင်…
ဗမာပြည်ရဲ့ ပညာရေးဟာ အနည်းဆုံး အရှေ့တောင်အာရှမှာ ကျော်စောလောက်အောင်တော့ အောင်မြင်မှာအသေအချာ..။

ဗိုလ်ချုပ်သာရှိရင်…
ဗမာပြည်သူတွေ ခုလောက် အောက်တန်းနောက်တန်း ကျမနေမှာ အသေအချာ..။

အနည်းဆုံးတော့ ဗိုလ်ချုပ်မရှိတော့ပေမဲ့ ‘ဗိုလ်ချုပ်စကား’ ‘ဗိုလ်ချုပ်တရား’ကို နောက်လူတွေ နားထောင်ကြရင်တောင် ကျမတို့နိုင်ငံ ခုလောက်ဆင်းရဲတာ မရှည်မှာ အသေအချာ..။

ဒါတွေကို ကျမ စိတ်မှန်းနဲ့ ရမ်းပြောနေတာ မဟုတ်ပါ..။
ခံစားချက်နဲ့ မှန်းပြောနေတာ မဟုတ်ပါ..။
ဗိုလ်ချုပ်ရေးခဲ့ ပြောခဲ့တာတွေအရ ပြောတာပါ…။

ကျမတို့ ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားအရွယ် ကိုအောင်ဆန်းဘ၀ကတည်းက ပညာရေးဆိုင်ရာ.. အမျိုးသားရေးဆိုင်ရာ..ယဉ်ကျေးမှုဆိုင်ရာတွေကို တိုးတက်တဲ့ အမြင်နဲ့ ရှိခဲ့ ရေးခဲ့ ပြောခဲ့တာ။ (စိတ်ဝင်စားသူများ ‘(ဦး)မြဟန်’ ပြုစုတဲ့ “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” ဆိုတဲ့ စာအုပ် အလွယ်တကူ ရှာလို့ ရပါတယ်..။လောလောဆယ်တော့ အမြည်းအနေနဲ့ ဗိုလ်ချုပ်စကားတချို့ကို ဒီမှာ သွားဖတ်စေချင်ပါတယ်)


ကျမဘ၀မှာ ဗိုလ်ချုပ်ဟာ ဘုရားငယ် တဆူ။
လုပ်ကြံခံရချိန်မှာ အသက် ၃၂နှစ်သာရှိသေးတဲ့ လူငယ်လေးက ‘ဗိုလ်ချုပ်’..တဲ့။
သူတိုင်းပြည်အပေါ် တာဝန်ကျေခဲ့တာတွေက အသက်နဲ့ မမျှအောင် ကြီးကျယ်ပေါက်မြောက်။
အဲဒီအရွယ်လေးမှာတောင် အမှားနည်းနည်း အမှန်များများ..။
သူ့သက်တမ်းလေးတလျှောက်မှာ တိုင်းပြည်အတွက်ပဲ အားကုန်ရုန်းခဲ့သူ..။
သူဟာ လောကကြီးအတွက်.. လူသားတွေ ကောင်းကျိုးအတွက်သက်သက်သာ မွေးလာသူ။

ဒီကနေ့..၉၃နှစ်ပြည့်မယ့် ..မွေးနေ့ရှင်မရှိတော့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ ဗိုလ်ချုပ်ကို ရည်မှန်းပြီး ကန်တော့လိုက်ပါတယ်။

ဗမာပြည်မှာတော့ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ၁၃ရက်ကို “ကလေးများနေ့” လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုအထိမ်းအမှတ် ပွဲလမ်းမျိုးမှ မရှိခဲ့။ ခုဆိုရင်တော့ တမင်တောင် အဖျောက်ဖျက်ခံရနေပြီ။

ဗမာပြည်မှာ မျိုးဆက်သစ်ကလေးတွေကို ပြဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံက ရှားပါးပစ္စည်းဖြစ်နေပြီ။
ဗိုလ်ချုပ်ခမျာ သားကြီးသြရဿကတောင် အသိအမှတ်မပြုတဲ့ ဘ၀ရောက်နေပြီ။
အဖေနဲ့ နှစ်နှစ်ကျော်သာနေလိုက်ရတဲ့ ဗိုလ်ချုပ်ရဲ့အဖေ့ခြေရာနင်းနိုင်တဲ့ သမီးခမျာမှာလည်း လူဆိုးလူမိုက် လူ့အန္ဓတွေရဲ့ အချုပ်အနှောင် အပိတ်အလှောင်ထဲမှာ..။

ကျမတို့ တာဝန်မကျေခဲ့ပါ..။ တာဝန်မကျေသေးပါ..။

အဲဒီအတွက် ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ကိုရော.. အန်တီစုကိုပါ အနူးအညွတ် တောင်းပန်လိုက်ပါတယ်။

ဗိုလ်ချုပ်မွေးနေ့ အမှတ်တရအဖြစ် မကြာခင်ပျောက်ပျက်သွားနိုင်တဲ့ ဗိုလ်ချုပ်ရဲ့အကြောင်းကို ဖွဲ့ထားတဲ့ ကဗျာလေး တင်ပေးလိုက်ပါတယ်။ ကျမတို့ ငယ်ငယ်က တတိယတန်း ကျောင်းဖတ်စာအုပ်ထဲမှာပါခဲ့တဲ့ “အောင်ဆန်းဇာနည်” ဆိုတဲ့ ကဗျာလေးပါ။

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့ နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊
မိခင်ဒေါ်စုသား။
၁၉၄၇ ၊ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား..။

(မှားတာ လိုတာရှိရင် ပြင်ပေးဖျက်ပေးကြပါ။ ပြီးတော့ စာဆိုအမည် သိရင် ဖြည့်ပေးပါ)

နောက်ကဗျာတပုဒ်ကတော့ ဗိုလ်ချုပ်ရဲ့ အရည်အသွေးတွေကို ဗိုလ်ချုပ်နဲ့ ခေတ်ပြိုင်လို့ ဆိုနိုင်တဲ့ ကဗျာဆရာကြီး ဇော်ဂျီက ရေးခဲ့တဲ့ ကဗျာပါ..။ လူငယ်တွေ စွဲစေချင်ပါတယ်။

သခင်အောင်ဆန်းတရား

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏သားငယ် ၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း ။

ဆန်း၏ သတ္တိ
ဆန်း၏ သမာဓိ ၊ ဆန်း၏ ပညာ
ဟောစရာကား ၊ အလွန်များ၏
မင့်သားအရွယ် ၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း ၊ သူ့အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏ ။

သူ့အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း ၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ ၊ ပကာသနကို
ပြာကျလောင်မြိုက် ၊ သူမီးတိုက်၏
ခေတ်လိုက်ခါညီ ၊ ခေတ်မီပညာ
ကြုံရာဘ၀ ၊ မုတ လုံလောက် ၊ ခံမြို့ထောက်၏
ထို့နောက်တစ်ဆင့် ၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ ၊ သူ့အလံတည့်
ပျံတလူလူ ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ ။ ။

(ဇော်ဂျီ)

ကျမကိုယ်တိုင်လည်း ဗိုလ်ချုပ်ကို ကျေးဇူးတင်ရာရောက်ဖို့ သားသမီးမြေးမြစ်တွေ..
မျိုးဆက်သစ်တွေအတွက် “ ဗိုလ်ချုပ်အောင်ဆန်းတရား” ကို စဉ်ဆက်မပြတ် ဟောရ ပြောရပေလိမ့်မယ်။
"တရား"ဆိုတာက လိုက်နာကျင့်ကြံအပ်သော လမ်းအမွန်ဖြစ်တယ်ဆိုတာကိုလည်း အသိပေးရပါလိမ့်မယ်..။
ဒါမှပဲ ကိုယ့်ရဲ့ တာဝန်မကျေနိုင်မှုတွေအတွက် စိတ်သက်သာရာလေးတော့ ရမယ် ထင်ပါရဲ့။

မေငြိမ်း
(ဖေဖော်ဝါရီ၁၃၊၂၀၀၈)

ပန်းချီတွေက (ကို)မင်းကျော်ခိုင် လက်ရာဖြစ်ပါတယ်။

Feb 7, 2008

မွေးနေ့လက်ဆောင်

မြန်မာပြည်ထဲမှာ စီးပွားရေးကျပ်တည်းမှုတွေကြောင့် မိသားစုဘ၀တွေ အကွဲကွဲ အကွာကွာ.. အဆင်မပြေမှု တွေ များစွာ ဖြစ်နေကြရတာဟာ.. တကယ့်ကို အများစုကြီးပါ..။ ပိုဆိုးတာက အကွဲကွာခံရတာတောင်မှပဲ အဆင်မပြေနိုင်ကြတာ ...။ အဲဒီမှာ ပေးဆပ် လိုက်ရတာတွေက ချစ်ခြင်းမေတ္တာတွေ.. နွေးထွေးမှုတွေ.. စည်းလုံးညီညွတ်မှုတွေ.... နောက်ပြီးမမြင်နိုင်တဲ့ ဆုံးရှုံးမှုတွေလည်း အများကြီးပါ..။ အဲဒါကို ကျမကိုယ်တိုင် ခံစားရတဲ့အခါ ခင်ပွန်းသည်ရဲ့ မွေးနေ့မှာ ၀တ္ထုလေးတပုဒ် ရေးဖြစ်ခဲ့ပါတယ်။

မွေးနေ့လက်ဆောင်

တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့မနက်ခင်းမှာ ဆောင်းက နှင်းမိုးပါးပါး ရွာချခဲ့သည်။ နေခြည်တန်းရဲ့ အောက်မှာ နှင်းမိုးမှုန်တွေက သက်တံရောင် တချက်တချက် လက်လို့။ သားငယ်လေးကို ဦးထုပ်ပျော့လေးဆောင်းပေးပြီး အပြင်ထွက်တော့ သက်တံပါးပါး အောက်မှာ သားကလေးက လန်းဆန်းလို့။ ပြုံးရယ်လို့။ သားကလေးလည်း ဒီမနက်ခင်းမှာ ကျန်းမာ၊ နေကောင်းနေတယ်။ လက်တွန်းလှည်းလေးထဲကနေ ပတ်ဝန်းကျင်ကိုငေးပြီး ငြိမ်လိုက်လာတဲ့ သားကလေးက ဘာတွေတွေးနေမလဲ..။ ဆယ်လအရွယ် ကလေးငယ်လေးရဲ့ ဦးနှောက်ထဲ ဒါမှမဟုတ် စိတ်နှလုံးထဲမှာ ဘာတွေရှိမလဲ။ သေချာတာကတော့ ဖေဖေ့ကို သေချာ မရင်းနှီးလိုက်ရတာမို့ သားက သူ့အဖေကို တွေးနေမှာ မဟုတ်တာပဲ။ တကယ်တမ်း သူ့အဖေကို သတိရနေတာက သူ့လှည်းကလေး ကို တွန်းပေးနေတဲ့ သူ့အမေပါ။

အထူးသဖြင့် သည်နေ့ဟာ သူ့အဖေရဲ့ မွေးနေ့လေ..။ သူ့အဖေခမျာ သည်နေ့မှ အသက် (၃၀) ပြည့်ရှာတာ။ ကာယကံရှင်ကတော့ သူ့ဘ၀ကို ကျေနပ်တယ်တဲ့။ ချစ်စွာသော ဇနီးသည်နဲ့၊ သားသမီးသုံးယောက်နဲ့ ပင်ပန်းပေမယ့် အင်မတန် စိတ်ချမ်းသာသတဲ့လေ။ သူဇနီး ကမမှာတော့ သူ့မွေးနေ့မှာ ဘာမွေးနေ့ လက်ဆောင်မှ ပေးခွင့်မရဘဲ ပြီးတော့သူ့ခမျာ သူချစ်တဲ့မိသားစုနဲ့ အတူတူကလေးမှ ရှိခွင့်မရရှာတာဆိုတဲ့ အတွေးတွေနဲ့ တိတ်တိတ်ကြေကွဲလို့...

ဘာပဲဖြစ်ဖြစ် မွေးနေ့မှာ မောင် ဘေးကင်းပျော်ရွှင်ပါစေလို့တော့ ကမ ဆုတောင်းပေးနိုင်သားပင်။ နောက်တော့ မိသားစုနဲ့ အဝေးမှာ အလုပ်လုပ်နေရရှာတဲ့ ခင်ပွန်းသည် အတွက် သစ္စာကြီးစွာနဲ့ သူ့ကိုယ်စား သားသမီးတွေကို တာဝန်ကျေပေးတာ ကပဲ သူ့အတွက် မွေးနေ့လက်ဆောင် ဆိုပါတော့နော်။

+++++

တကယ်တမ်း ကိုယ်ကသာ တမ်းတမ်းတတ ပြောနေပေမဲ့ သူကတော့ဖြင့် သည်နေ့ဟာ သူ့မွေးနေ့လို့တောင် သတိရချင်မှ ရပါလိမ့်မည်။ ဒါ့ကြောင့် ကမထံ သတိတရ ဖုန်းဆက်ဖို့ မျှော်လင့်မရနိုင်ပါ။ ပြီးတော့ သူက ဘာအရေးကြီးလို့လဲကွာ ညည်းတို့မြိုကလူတွေပဲ အလုပ်ရှုပ်တာလို့လည်း ခွကျကျ ပြောတတ်သေးတာ။ တခါတလေ သူ ကမကို ချစ်တယ်လို့ယုံကြည်နေမိတာကိုပင် ဇဝေဇ၀ါဖြစ်မိသေး၏။ သူက ကျမမွေးနေ့ကို သေချာမသိ။ သူ့အဖေနဲ့အမေရဲ့ မွေးနေ့၊ မွေးရက်တွေကိုလည်းမသိ။ သားသမီးတွေရဲ့ မွေးနေ့၊ မွေးရက် တွေကိုလည်း မသိ။ ကမတို့ရဲ့လက်ထပ်ရက်ကိုလည်း မမှတ်မိ။ သူက သူ့ရဲ့ နိုင်ငံသားမှတ်ပုံတင် နံပါတ် ကိုတောင် အနိုင်နိုင်မှတ်ရတာ။ သို့ပေမဲ့ သူက ကိန်းဂဏန်း နံပါတ်တွေကို မေ့လျော့တတ်သော်လည်း အဖြစ်အပျက်တွေကိုတော့ ကမထက်ပို၍ အသေးစိတ်မှတ်မိတတ်သည်။ ပြီးတော့ မိသားစုအပေါ် စိတ်ရှည် အနွံတာခံပြီး တာဝန်ကျေနိုင်ခြင်းမှာလည်း ကမထက် ပိုသည်။ သို့နှင့်ပင် ကမမှာ သူပြောသလို သိပ်အရေးမပါလှသော ကိန်းဂဏန်းရက်စွဲ မမှတ်မိခြင်းတွေအတွက် အပြစ်မယူရက်တော့ပါ။ မိန်းမတစ်ယောက် အတွက် လင်ယောက်ျားသည် မိသားစုအပေါ် ဂရုတစိုက် စောင့်ရှောက်ကြင်နာရုံနှင့်ပင် တန်ဖိုးရှိလှပြီဟု ကမ ထင်သည်။

ထိုအခါ သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် ဘုရားမှာဆွမ်းကပ်၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ် ဆုတောင်း မေတ္တာပို့ရုံဖြင့်သာ စိတ်ကျေနပ်လိုက်ရပါသည်။ နောက်ထပ် သူ့ကိုယ်စား ကောင်းမှုကုသိုလ် တစ်ခုခု လုပ်ဖို့ဆိုလျှင်တော့ အိမ်ခြံဝက ကုန်ခါနီး ငှက်စာစပါးတွဲကို အသစ် လဲပေးနိုင်မည်။ ဖြစ်နိုင်လျှင်တော့ ငှက်အိမ်လေးပါ လုပ်ပေးချင်ပါသည်။ သို့ပေမဲ့ အလှူမှာ မျှော်လင့်ချက် မပါစေချင်။ မောင်နှင့် ကမတို့ မိသားစုမှာ ကိုယ်ပိုင် အခန်းတစ်ခန်းမျှပင် မရှိသေးတော့ သတ္တ၀ါတွေအတွက် အိမ်လှူပေးရတယ် ဆိုလား။ ခုတော့ ကိုယ်ပိုင်အိမ်လေးပင် မရှိသေးတာမို့ အင်မတန်ချစ်သော ကမတို့ မိသားစုကြီး ဝေးကွာနေရကြရတာ။ မောင်က တို့မိသားစု မပူမပင်နေရဖို့ အိမ်ကလေး တစ်လုံးရရင် တော်ပါပြီတဲ့။

ဒါနဲ့ပင် မိသားစုနဲ့ အဝေးမှာ ပင်ပန်းချွေးတို့နဲ့ ရွှဲနစ်လို့ သူ့ခမျာ ငွေရှာရတာ။ ကမမှာတော့ ကြက်သားအုပ်မ ကြီးလို ကလေးသုံးယောက်အပေါ် ၀ပ်ရင်း မောင့်ရဲ့ အစစအရာရာအတွက် တိတ်တိတ် ဆုတောင်းပေးရုံသာ တတ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် မောင့်ကို ကျေနပ် ပျော်ရွှင်စေချင်လှပါသည်။ ဒါဆို ဒီနေ့အလှူမှာ ငှက်အိမ်လေး တစ်လုံးလောက်တော့ ထည့်ပေးရပါလိမ့်မည်။

+++++

ကမ အသက်သုံးဆယ်မှာတုန်းက ဘ၀ဆိုတာထဲမှာ အောင်မြင်မှုရော ကျဆုံးမှုပါ အထိုက်အလျောက် ခံစား ခဲ့ဖူးပြီးဖြစ်နေတာ သတိရသည်။ အောင်မြင်မှုကို ခံစားရစဉ်ကလည်း မြိန်ယှက်ခဲ့ရဖူးသည်။ ကျဆုံးခဲ့ရ တုန်းက ပူလောင်ပြင်းပျစွာ လူးလိမ့်ခံစားခဲ့ရတာ။ ပြီးတော့ အသက်သုံးဆယ်ထိ ဘ၀က အမြဲ ရုန်းရင်းဆန်ခတ်။ သို့်ပေမဲ့ ကိုယ့်ဆန္ဒလေး တချို့တော့ ပြည့်ခဲ့ဖူးသည်။

ဒါဖြင့် ခု အသက်သုံးဆယ်ပြည့်သည့် မောင်ကရော။ သူ့ဘ၀မှာ ထင်ရှားတဲ့ အောင်မြင်မှုဆိုတာ မရှိဖူး..။ အဲသလိုပင် ထင်ရှားသော ဆုံးရှုံးခြင်းမျိုးလည်း မရှိခဲ့ဖူး။ နည်းနည်းပါးပါး လှုပ်လှုပ်ရှားရှားဆိုလို့ သူ့မိဘ သဘောမတူသော ကျမကို စွန့်စားယူခဲ့ရသည့် အချိန်ကလေးသာ ရှိပါလိမ့်မည်။ မဟုတ်လျှင်တော့ သူ့ဘ၀သည် အလွန်ရိုးစင်းသော ဘ၀သာ ဖြစ်ပါလိမ့်မည်။ ရိုးရိုးပဲ ကျောင်းပညာကို ဘွဲ့ရအောင်သင်၊ လယ်လုပ်၊ ဆီကြိတ်၊ ရွာက ချစ်သူကောင်မလေးနှင့် လက်ထပ်၊ သားသမီးတွေ ပွားစီပြီး၊ အချိန်တန်လျှင် ရွာတို့ရဲ ထုံးစံအတိုင်း သိပ်မဆန်းပြားသော ရောဂါနှင့်ဖြစ်စေ၊ လူကြီးရောဂါနှင့်ဖြစ်စေ သေဆုံးမည်။ ပုံမှန်ပဲ လူ့ဘ၀ဆိုတာ ပြီးဆုံးသွားပါလိမ့်မည်။ ဘယ်လောက် ရိုးစင်းလိုက်မလဲ။ ပြီးတော့ ဘယ်လောက် အေးချမ်း လိုက်မလဲ။ ခုတော့ သူ့ခမျာ ကမနှင့် ပတ်သက်ရသည့်အတွက် ငွေတွေ အများကြီးရှာရသည်။ စာတွေ အများကြီး ဖတ်ရသည်။ အလွမ်းတွေ အများကြီး ခံစားရသည်။ ရည်မှန်းချက်ဆိုတာ အမြင့်ကြီး ထားရသည်။ လိုအပ်ချက်တွေ အများကြီး ဖြည့်ရသည်။ ကမကတော့ မောင် ခဏခဏ ပြောသလို နာမည်နှင့်လိုက်အောင် ငြိမ်းဖို့ခက်ခဲသော ဘ၀ထဲမှာ အမြဲ ပင်ပန်းခက်ခဲနေရသူ။ ထိုအခါ ကမနှင့် ပတ်သက်ဆက်နွယ်ရသောသူပါ ကမကြောင့် ပင်ပန်း ခက်ခဲရတော့တာ။

ခုထိ ကမ ဖြတ်သန်းခဲ့ရဖူးသမျှ မွေးနေ့သုံးဆယ့်ရှစ်ကြိမ်မှာ တစ်ခါမှ ပျော်စရာမွေးနေ့ မဟုတ်ခဲ့ဖူးခဲ့။ အထူးသဖြင့်တော့ ဆယ့်ငါးကြိမ်မြောက် နောက်ပိုင်း မွေးနေ့များကိုဆိုလျင် မေ့ပင် မေ့ထားချင်လှပါသည်။ ၀န်ခံရလျှင်တော့ ကမက မွေးနေ့များကို မုန်းသူ။ အထူးသဖြင့် အမြဲလို တစ်ခုခု ချိုတဲ့နေရမြဲ ကမ၏ မွေးနေ့ များကို မုန်းတာ။

စိတ်ချမ်းသာစရာ တစ်ခုကတော့ ကမဆီမှာရှိခဲ့သော ပြန်တွေးမိရုံဖြင့် ခေါင်းခါပစ်ချင်စရာ၊ ဖျောက်ဖျက် ဖုံးကွယ်ပစ်ချင်စရာ အတိတ်ဆိုးမျိုးတွေ မောင့်ဆီမှာ ရှိမနေတာကိုတော့ ကမ မောင့်အပေါ် အားနာနာနှင့် ကျေနပ်မိပါသည်။ ထိုအခါ မောင့်ရဲ့ နောင် ဖြတ်သန်းမယ့် မွေးနေ့များကိုလည်း ခုလို အမြဲ သန့်ရှင်း စင်ကြယ်နေအောင် ကမ ကူ ပံ့ပိုးပေးချင်ပါသည်။ ဟိုး အရင်က ကမ မကြာခဏ မျှော်လင့်ကြည့်ခဲ့ဖူးသည်။ လူ့ဘ၀ကို ဘာတစ်ခုမှ မထင်ရှားခဲ့ဘဲ၊ မအောင်မြင်ခဲ့ဘဲ ကုန်ဆုံးပစ်ရမှာ စိတ်ပျက်စရာဟု ထင်ခဲ့ဖူးသည်။ တစုံတရာဖြင့် အောင်မြင်မှု ရချင်ခဲ့ဖူးသည်။ အဲဒီ အောင်မြင်မှုကိုလည်း သန့်ရှင်း စင်ကြယ်သာ ၀ိဥာဉ်နှင့် ယှဉ်တွဲဖြစ်တည်ခွင့် ရချင်ခဲ့ဖူးသည်။ အဲသလို မျှော်လင့် တတ်သူမို့ပင် ဆုံးရှုံးရသည် ထင်၏။ ကမ ဒရွတ်တိုက် မျောလွင့်ခဲ့ရသော ရက်တွေထဲမှာ မွေးနေ့ အကြိမ်ကြိမ် ကျင်းပခဲ့ရတာ ဆယ်ကြိမ်ပင်မက ရှိခဲ့ဖူး၏။ သိပ် နာကျင်စရာ ကောင်းသည်။ အခါများစွာ ကိုယ့်ကံကြမ္မာကို ဆဲရေး၊ ကိုယ့်ကိုယ်ကို ဆဲရေး၊ ကိုယ်တိုင် အပြစ်ကြီးခဲ့သူ။ ဘယ်သူ့ကို တောင်းပန်ရမလဲ။ ဘယ်သူက ခွင့်လွှတ်မှာလဲ။

ခုမှ လူမှုရေးတာဝန်တွေကျေ၊ ကုသိုလ်ကောင်းမှုတွေ ကြိုးစားလုပ်လို့။ အတိတ်က အပြစ်တွေ ကျေမလား။ အပြစ်တွေ မလုပ်တော့တာတောင် ကံကြမ္မာကဖြင့် ကမကို အပြစ်ပေးဆဲ။ မနေ့တစ်နေ့က နောက်ဆုံး ဖြတ်သန်းခဲ့တဲ့ ၃၈-ကြိမ်မြောက် မွေးနေ့ထိတိုင် ကမက မိသားစုအကြီးကြီးထဲမှာ အဖေါ်မဲ့ သိမ်ငယ် ညှိုးငယ်ရင်း တိတ်တဆိတ် ကြေမွနေရဆဲ။ ထိုစဉ်မှာ ၀ိဥာာဉ်တို့ သန့်ရှင်းစင်ကြယ်နေပြီဖြစ်သော်လည်း ဘ၀ကတော့ဖြင့် မတောက်ပနိုင်ဘဲ ရှိဆဲ။

ကမ၏ အတိတ်ဝဋ်ကြွေးတို့က အတော်အငြိုးကြီးကြသည် ထင်၏။ ခုထိ ၀ဋ်ဆင်းရဲမှ ပြေးမလွတ်နိုင်သေး။ ဖြစ်ချင်တော့ အဲသည် မွေးနေ့မှာလည်း ‘Happy Birthdayဟု ဆုတောင်းမည့်သူ တစ်ယောက်မှ မရှိခဲ့ပြန်ပါ။ သို့ပေမဲ့ ခုချိန်မှာတော့ ဘာကမှ အရေးမကြီးတော့ပြီ။ ငြိမ်းအေးချမ်းသာရာရဖို့ကိုပဲ တောင့်တ တတ် တော့သည်။

+++++

သည် ဇန်န၀ါရီလ ထဲမှာတော့ ကမအတွက် အမှတ်တရ မွေးနေ့သုံးခုရှိသည်။ တစ်ခုက တူမလို ချစ်ရသော ချန်ချန်လေးရဲ့ မွေးနေ့၊ သည်တစ်နှစ်မှာ အဲသည် သမီးလေးရဲ့ ၁၆-နှစ်ပြည့် မွေးနေ့ကို သေသေချာချာ ကျင်းပ၏။ အလွန် ပျော်ရွင်ဖွယ်ကောင်းသော နေ့ကလေးတနေ့ပါပဲ။ သမီးလေး ပြုံးရယ်ရွှင်ပျနေတာ ကြည့်ပြီး ကမ ကျေနပ်ရင်းနှင့်ပင် ကိုယ့်ငယ်ဘ၀ကို ပြန်သတိရပြီး နည်းနည်း ကြေမွမိတာ ၀န်ခံပါသည်။ နောက်တော့ ကမ၏အစ်ကိုလို ရင်နှီးသူ အဆိုတော်တယောက်ရဲ့ အသက်လေးဆယ်ပြည့်မွေးနေ့၊ အလွန်တက်ကြွဖွယ် စည်ကားသိုက်မြိုက်စွာ။ နေရာတစ်နေရာမှာ အောင်မြင်မှုရထားသူတစ်ယောက်ရဲ့ အသက်၄၀-ပြည့်ဟာ တကယ့် အောင်မြင်တဲ့ ဘ၀အစ၊ ပီသခဲ့၏။ ဘယ်လောက် အားကျစရာ ကောင်းသလဲ။ ဒါပေမဲ့ နိမ့်ပါးသူတို့အတွက်ကျတော့ စိတ်ဓါတ်ကျစရာ ဖြစ်လိမ့်မည်။ နောက်တစ်ခုကတော့ ကမခင်ပွန်း၊ သူ့ရဲ့မွေးနေ့ပေါ့။ အဲဒီ မွေးနေ့ကတော့ အလွန် ခြောက်သွေ့ အေးစက်မှာ သေချာလှပါသည်။

ထိုအခါ အဲဒီမွေးနေ့သုံးခုစလုံးကို ကျမ ထိတွေ့မရခဲ့ပါ။ ကမက သီးခြားကမ္ဘာထဲ ရောက်နေခဲ့တာ။ အဲဒီမှာ ရနံ့မဲ့၊ အရောင်မဲ့၊ အရသာမဲ့။ ပျော်နေသော မျက်နှာများ မရှိ။ အမြဲတမ်း ခြောက်သွေ့ကြမ်းတမ်းမှုသာ ကြီးစိုးသည့် အက်ကြောင်းများစွာနှင့် ကမ္ဘာ တစ်ခုလည်း ဖြစ်သည်။ ကမ တစ်ခုခုကို မုန်းသည်။ ကားစင်တင်ဖို့ လိုက်ရှာတော့ ကံကြမ္မာကိုသာ မြင်သည်။ သူ့ကြောင့်ပဲ ကမချစ်သော သူတို့ရဲ့ မွေးနေ့များကို အတူ ဆင်နွှဲခွင့်မရခဲ့တာ။ ကမ ပါဝင်ဆင်နွဲပါလျက်နှင့် ထိတွေ့ခွင့်မရှိသော မွေးနေ့ပွဲတွေမှာတော့ ကမ္ဘာဂြိုလ်သား တွေက သီချင်း လိုက်ဆိုကြ၊ ကကြ၊ ပန်းစည်းတွေ ဝေခွင့်ရကြ ကမက သူတို့ဘာသာစကားကို နားလည် သော်လည်း အလှမ်းဝေးကွာ….။ သူတို့ကရော ကမရဲ့ ဘာသာစကားကို နားလည်ပါ့မလား။

အဲသည် ပျော်ရွင်ဖွယ် မွေးနေ့ခင်းတွေထဲက မီးရောင်စုံတွေအောက်မှာ ငြိမ်ကွေးလို့ မှောင်မိုက်နေတဲ့ ထောင့်ချိုး လေးဟာ ကမ ပါပဲ။ ကမ ဘာကြောင့် အဲသည် ပျော်စရာ ရေစီးချောင်းထဲ မျောပါ မသွားရတာပါလိမ့်။ ကျမရဲ့ခန္ဓာကိုယ်ထဲက ဖိစီးလေးလံမှု တွေကြောင့် နစ်ဝင် ငြိတွယ် ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါလိမ့်မည်။

+++++

မွေးနေ့မှာ ပျော်ရွှင်ပါစေကွယ်လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းချင်သော်လည်း မောင်က ဖုန်းမဆက်ပါ။ ဘယ်လောက် လွမ်းဆွတ်စရာ ကောင်းလိုက်သလဲ။ ခုချိန်မှာ မောင်က အလုပ်ခွင်ထဲမှာ ကမကိုလွမ်းရင်း၊ ဒါမှမဟုတ် သားသမီးတွေကိုလွမ်းရင်း၊ ဒါမှမဟုတ် မောပန်းနွမ်းနယ်ရင်း၊ ဒါမှမဟုတ် စိတ်အချဉ် ပေါက်ပေါက်နဲ့ (ပိုက်ဆံပေးချင် ပေးရနိုင် သလို၊ ပိုက်ဆံမပေးဘဲနဲ့ ရနိုင်တတ်တဲ့) မိန်းမတယောက်ရဲ့ ရင်ခွင်မှာ အိပ်မောကျနေရင်း၊ ဒါမှမဟုတ် ကမနှင့်ထပ်တူ စိတ်ကျတွေထဲ လက်ပစ်ကူးရင်းဖြစ်ဖြစ်၊ ရှိနေပါလိမ့်မည်။

ဘယ်မှာပဲရှိရှိ၊ ကမရဲ့ လွမ်းဆွတ်တမ်းတခြင်းများ မောင့်ထံ ပျံသန်းလာနေကြတာကိုတော့ မောင်သိမှာ သေချာပါသည်။ ပြီးတော့ သူ့ရဲ့ နောက်ကျောမှာ သူ ဘာပဲလုပ်လုပ် နားလည် ခွင့်လွှတ်ပြီးသားဖြစ်သော ဇနီးသည်ကမ အခိုင်အမာရှိနေတာကလည်း မောင့်အတွက် အလွန်သေချာသော ယုံကြည်ရမှုတစ်ခု ဖြစ်ပြန်ပါသည်။ ဒါနဲ့ပဲ ပြည့်စုံလိုက်တော့ မောင်ရေ

ဘ၀မှာ မက်မောစရာ ရုပ်ဝတ္ထုရယ်လို့ ဘာမှ မပိုင်ဆိုင်ရသေးပေမဲ့ တို့နှစ်ယောက်ဟာ တယောက်ကို တယောက် ပိုင်ဆိုင်တယ်။ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ကို ပိုင်ဆိုင်တယ်။ သူတို့ရဲ့ ချစ်ခင် ယုံကြည်မှုကို ပိုင်ဆိုင်တယ်။ ပြီးတော့ အရေးအကြီးဆုံး ဖြစ်တဲ့ လုံခြုံနွေးထွေးပြီး ချစ်ခင်စည်းလုံးတဲ့ မိသားစု ဆိုတဲ့ ဝေါဟာရကို ပိုင်ဆိုင်တယ်။ အဲဒါကို ကျေနပ်နိုင်ရင်ဖြင့် တို့ဘ၀ဟာ ပြည့်စုံပြီ။

++++

ဇန်န၀ါရီလ ၂၆-ရက် ညနေ ၃-နာရီ ၄၅-မိနစ်မှာ မောင့်ကိုမွေးခဲ့သည်။ ခုချိန်ဟာ ဇန်န၀ါရီလ ၂၆-ရက်နေ့ရဲ့ ညနေ ၃-နာရီ ၄၅-မိနစ်ပါ။ မောင်ရောက်နေတဲ့ ကျွန်းနိုင်ငံလေးမှာတော့ ညနေ ၅-နာရီခွဲလောက် ရှိရောပေါ့။ မောင်.. အလုပ်က ဆင်းပြီလား။ နေရတဲ့အခန်းကို ပြန်ရောက်ပြီလား။ ဒါမှမဟုတ် ကာဖီဆိုင်တဆိုင်ဆိုင် မှာလားဟင်။ ကမကတော့ အလုပ်ခွင်ကအပြန် ဖယ်ရီကားပေါ်မှာ ငေးငိုင်ရင်း တိတ်တဆိတ်နဲ့ပဲ မောင့်အတွက် ဆုတောင်း၊ မေတ္တာပို့နေပါတယ်။ ပင်ပန်းချွေးနံ့တွေ၊ ဘ၀ အမောသံတွေကြားမှာမို့ မခမ်းနားပေမယ့် သိပ်ကို လှိုက်လှဲတဲ့ ဆုတောင်းပါကွယ်။

‘နောက်နှစ်ပေါင်းများစွာအထိ မိသားစုနဲ့အတူ ပျော်ရွှင်သောမွေးနေ့များကို ဖြတ်သန်းခွင့် ရပါစေ’…. လို့ပေါ့


မေငြိမ်း
ရုပ်ရှင်အမြုတေသုတရသစုံမဂ္ဂဇင်း၊ ၂၀၀၄ ၊


Feb 6, 2008

သီးလေးသီးးးး

သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ တောင်ကိုရီးယား သို့ အောင်မြင်စွာရောက်ရှိ
၂၀၀၈ ၊ဖေဖော်ဝါရီလ (၆)ရက် ၊ဗုဒ္ဓဟူးနေ့
အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ကိုရီိးယား

တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများကို ဖျော်ဖြေရန်အတွက် ဟာသ အနုပညာရှင် ဂေါ်ဇီလာ ဦးဆောင်သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့သည် ထိုင်းနိုင်ငံ ရှိ ကိုရီးယားသံရုံးနှင့် တွေ့ဆုံရင်ဆိုင်ခဲ့ရသော ကိုရီးယားပြည်ဝင်ခွင့်ဗီဇာ ငြင်းဆန်ခံရမှု၊ ကိုရီးယားနိုင်ငံဘက်မှ အစိုးရအာဏာပိုင်များမှနေ၍ ထိုင်းနိုင်ငံရှိ ကိုရီးယားသံရုံးအား အထူးဖိအားပေး၍ နာရီပေါင်း(၈)နာရီအကြာတွင် ကိုရီးယားပြည်ဝင်ခွင့်ဗီဇာ ရပြန်သော်လည်း ကိုရီးယားနိုင်ငံအရောက် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နာရီပေါင်း (၄)နာရီမျှ ကြာအောင် လေဆိပ်အတွင်းမှပြင်ပသို့ ထွက်ခွာခွင့်မပေးဘဲ စောင့်ဆိုင်းနေရခြင်း အစရှိသည့် အဆင်မပြေမှုများနှင့် အနှောက်အယှက်အတားအဆီး အခက်အခဲများကို အောင်မြင်စွာ ကျော်ဖြတ်၍ ကိုရီးယားနိုင်ငံအတွင်းသို့ ယနေ့မနက် ဒေသစံတော်ချိန် (၁၁)နာရီ အချိန်တွင် ထိုင်းနိုင်ငံမှတဆင့်ရောက်ရှိလာခဲ့ပြီး မနက်ဖြန် ဖေဖော်ဝါရီလ (၇)ရက်နေ့ မွန်းလွဲ (၁)နာရီမှညနေ(၅)နာရီအထိ ကိုရီးယားနိုင်ငံ ဖူချွန်းမြို့ ၀မ်မီဂုချွန်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်မည့် (၆၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဖျော်ဖြေပွဲကို ဂျပန်နိုင်ငံမှရောက်ရှိလာသည့် မင်္ဂလာဒိုး အနုပညာအင်အားစုနှင့်အတူ ဖျော်ဖြေရန် အသင့် ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

နေဘုန်းလတ်သို့ ….


ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်"လို့ နာမည်တွင် ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ဂ်မှာ ပထမဆုံး တင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပ လာခဲ့တယ် ။ သူကတော့ သတိထားမိ ချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောကအကြောင်းကို သူချပြရဲ ခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမဲ့ သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေ စေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခဆိုတာ မြူတမှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Feb 5, 2008

နေခဲ့တော့ ဇန်န၀ါရီ

ဇန်န၀ါရီဟာ ကျမ သဘောကျတဲ့ လတစ်လပါ..။ သူဟာ နှစ်သစ်နှစ်ဦးကို ကြိုတဲ့ လတစ်လဖြစ်သလို သူ့ရာသီသဘာဝ အေးမြမြကို ကျမ ချစ်တာ။ ဇန်န၀ါရီဆို ကျမ မြန်မာပြည်မှာတုန်းက ကျိုက်ထီး၇ိုးဘုရားဖူး သွားရင်သွား.. ပုဂံက အာနန္ဒာဘုရားပွဲကို အရောက်သွားရင်သွား... မဟုတ်ရင်တော့ ပင်လယ်ကမ်းခြေ တခုခုဆီ သွား.. ။ အဲသလိုမှပဲ ဇန်န၀ါရီကို ထားခဲ့ရမှာကို ကျေနပ်စရာလို့ ထင်တာ။ ဇန်န၀ါရီရဲ့ နှင်းစစ မကျတကျ ဥတုကို ကျမက သိပ်သဘောကျတာပါ။ ကျောင်းသူဘ၀တုန်းကဆိုရင် ရန်ကုန်တက္ကသိုလ်ထဲမှာ ဇန်န၀ါရီရဲ့ မနက်ခင်းတွေမှာ နှင်းလိုလို မြူလိုလိုတွေ ဝေ့လို့… ကံကော်တွေလည်း ဝေပြီ။ ကလေးတွေ ဗန်းလေးတွေကိုယ်စီနဲ့ ကံကော်တွေ လိုက်ရောင်းနေပြီ။ အပင်အုပ်အုပ်တွေဆီကနေ တချက်တချက် လွင့်လာတဲ့ ဥသြသံကို ကြားရပြီ။

နောက်တော့ ကျမ တက္ကသိုလ်ကျောင်းသူဘ၀မှာပါပဲ.. အဲဒီဇန်န၀ါရီမှာ အတန်းကြီး အကိုကြီးတွေက “ငါ့ကို ဇန်န၀ါရီပြန်ပေး” ဆိုတဲ့ ကဗျာစာအုပ် ကျောင်းထဲမှာ ထုတ်တယ်။ ဇန်န၀ါရီကို လွမ်းတသသ ချစ်တဲ့သူတွေပဲလား..။ ဒါမှမဟုတ် တကယ်မရသေးတဲ့ လွတ်လပ်ရေးတည်ခဲ့ရာ ဇန်န၀ါရီကိုပဲ ပြန်တောင်း လေသလားး။ ကျမကတော့ တကယ် မလွတ်လပ်နိုင်သေးတဲ့ လွတ်လပ်ရေးနေ့ကိုပဲ သတိတရ..။

နောက်တော့ ဇန်န၀ါရီမှာ မွေးတဲ့သူနဲ့ ဖူးစာဆုံ.. ကျမရဲ့ အကိုလိုချစ်ရတဲ့ သူငယ်ချင်း ဇော်ဝင်းထွဋ် (ကိုညီထွဋ်)က ဇန်န၀ါရီ ၂၁ မှာမွေး.. ဇန်န၀ါရီဆို သူ့မွေးနေ့နဲ့ ကျမ ခင်ပွန်းသည်မွေးနေ့က နီးနီး။ (တိုက်တိုက်ဆိုင်ဆိုင် မေခိုင်(ညီထွဋ်ဇနီး)နဲ့ ကျမကလည်း ဇွန်လမှာ မွေးနေ့ ကပ်လျက်)။ ဒီတော့ မွေးနေ့ အထိမ်းအမှတ်တွေ ဆက်တိုက် လုပ်နေကျ.။ နောက်တော့ ရုတ်တရက်ကြီး ရင်ဆိုင်လိုက်ရတာက မနှစ်က ဇန်န၀ါရီ၂၃ မှာ အဖေလို ချစ်ရတဲ့ ကဗျာဆရာကြီးတင်မိုး ဆုံးပါး..။ ကျမခင်ပွန်းမွေးနေ့အစား ဆရာကြီးအတွက် ဆွမ်းကျွေးသာ လုပ်ဖြစ်တော့တယ်။ ဒီနှစ်လည်း သီးလေးသီးအငြိမ့်ပွဲ ကဖြစ်ဖို့ ကူညီစီစဉ်ရတာနဲ့  ကျမရဲ့ ပရဟိတ အလုပ်တွေ ရှုပ်..။ အရေးထဲ.. ကွန်ပျူတာက ပျက်..။ သူ့မွေးနေ့လေးမှာ ဆုလေးတောင်မှ မတောင်းဖြစ်..။ တကယ်တော့ သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် ရေးခဲ့ဖူးတဲ့ “မွေးနေ့လက်ဆောင်”ဆိုတဲ့ ၀တ္ထုလေး ကျမ ဘလော့မှာ တင်မလို့ပါ..။ ဒါပေမဲ့……

ဒီတနှစ်တော့ ဇန်န၀ါရီကို နှုတ်ဆက်ရတာ တကယ်ပဲ ဆုံးဆုံးရှုံးရှုံးကြီး ခံစားရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဇန်န၀ါရီနောက်ဆုံးရက်နဲ့ ဖေဖော်ဝါရီအစရက်မှာ မိုးတွေက အုံ့မှိုင်းနေအောင် ရွာလို့..။

အဲဒီလို လန်းနေခဲ့တဲ့ ပန်းလေးတွေတောင်

အခါမဟုတ် မိုးကြောင့် ဒီလို ညှိုးချုံးလို့

ဒီရက်တွေထဲမှာပဲ သူ့ဘာသာ စာရေးဝါသနာကြောင့် အေးအေးချမ်းချမ်း ဘလော့ရေးနေတဲ့ လူငယ်လေးကို စစ်အစိုးရက ခေါ်သွားပြန်သတဲ့..။ အန်တီစုကတော့ “ပြည်သူတွေ အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးကိုရင်ဆိုင်ဖို့လည်း ပြင်ထားရတော့မယ်” တဲ့..။ အန်တီ့မျက်နှာလေး ကလည်း ပြိုတော့မယ့်မိုးလိုပဲလို့ ကျမ ခံစားရတယ်။ ကျမစိတ်တွေကလည်း ကျမနဘေးက ကောင်းကင်ဝန်းကျင်လိုပဲ အုံ့မှိုင်းနေတယ်..။

ဒီလို ဇန်န၀ါရီကြီး ဆိုရင်တော့လည်း သေသေချာချာကြီးကို ထားခဲ့ချင်ပါတယ်..။

မေငြိမ်း
(၅၊ဖေဖော်ဝါရီ၊၂၀၀၈)