ဒီနှစ် သင်္ကြန်ဟာ သပြေညို ကျောင်းအနေနဲ့ ပထမဆုံးကြုံရတဲ့ သင်္ကြန်ပါ။ ပြောချင်တာက စာသင်ခန်းထဲမှာ ကလေးတွေကို သင်္ကြန်ဆိုတာ ဘယ်လို ပွဲတော်လဲ.. ဘာအထိမ်းအမှတ်နဲ့ လုပ်တဲ့ ပွဲလဲ.. ဘယ်လို ဆင်နွှဲကြတဲ့ ပွဲလဲ.. ဘယ်လို ဆင်နွှဲသင့် တဲ့ ပွဲလဲဆိုတဲ့ ဗမာမှုတွေကို သင်ခွင့်ရဖို့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြောပြချင်တာပါ။ သပြေညို ကျောင်းစဖွင့်တာက မနှစ်က ဇွန်လ.. အမေရိကန်ပြည်ရဲ့ နွေရာသီ ကျောင်း ရက်ရှည် ပိတ်ရက်ထဲမှာမို့ ဗမာပြည်က သင်္ကြန်ချိန်နဲု့ မကြုံလိုက်ရပါဘူး။ ဒါကြောင့် ဒီနှစ် ကြုံကြိုက်မှပဲ သင်္ကြန်နဲ့ ပတ်သက်သမျှကို စာသင်ခန်းမှာ ပြောပြရပါတော့မယ်။
သင်္ကြန်ဆိုတာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့အကြောင်း၊ နွေကာလ ပူပူ လောလော ရာသီ မှာ အေးမြစေလိုစိတ်နဲ့ ရေလောင်းကြတဲ့အကြောင်း၊ အောင်အတိတ် အောင်နိမိတ် ဆောင်ပြီး အေးချမ်းမွှေး ပျံ့စေ လိုတဲ့ စေတနာ ပါ ပါလာတဲ့အခါ၊ သပြေခက်နဲ့ နံ့သာရည်ကို ပက်ဖြန်းကြတဲ့ အကြောင်း၊ နောက်ဆက် တွဲမှာ မြန်မာ နှစ်ဟောင်း ကုန်ပြီး နှစ်သစ်ပြောင်းချိန်မို့ မကောင်းတဲ့ စိတ်.. မကောင်းတဲ့ အဟောင်း၊ မကောင်းတဲ့ အညစ်အကြေးတွေကို ဆေးကြောတယ်လို့လည်း မှတ်ယူကြောင်း တွေ လောက် ပြောပြရင် သူတို့ နားလည်ပါပြီ။ ပြီးရင်တော့ အင်တာနက် ထဲက သင်္ကြန်ပုံတွေ ရှာပြီး Projector နဲ့ ပြမယ်။ ဟိုး ပုဂံခေတ်တုန်းက သင်္ကြန်ကို နံရံဆေးရေးနဲ့ သရုပ်ဖော် ထားတဲ့ ပုံတွေ ပြနိုင်တယ်။ အဲဒီကမှ တဖြည်းဖြည်းချင်း ခေတ်အလိုက် ရွေ့လျော ပြောင်းလဲ လာတာတွေကို ပြမယ်။ အားလုံးပြောပြအပြီး သူတို့တွေ အမျိုးမျိုး ပြန်မေး လာကြမယ့် မေးခွန်းတွေ ကို ဖြေပြီး ပြောပြပြီးရင်တော့ သင်္ကြန်ပွဲမှာ ဓလေ့ ထုံးစံတွေ.. ဝတ်စားဆင်ယင်မှုတွေ ဘယ်လို ရှိသင့်တယ်ထင်သလဲဆိုတာကို ကျမ သူတို့လေး တွေ ကို ပြန်မေးမယ်လို့ စိတ်ကူးထားပါတယ်။
အဲဒီလို သင်္ကြန်ပွဲနဲ့ပတ်သက်တဲ့ ပို့ချချိန် လုံလောက်ပြီဆိုရင်တော့ ထုံးစံအတိုင်း ဒီ အကြောင်းအရာအပေါ် သူတို့ ဘယ်လောက် နားလည်ကြသလဲ ဆိုတာကို ပြန် အကဲဖြတ် ရပါမယ်။
တကယ်လို့ စာကောင်းကောင်း ရေးနိုင်တဲ့ အရွယ် ဆိုရင်တော့ သူတို့ကို မှတ်စု ပြန်ရေးခိုင်းရုံပါပဲ။ ခုကတော့ စာကောင်းကောင်း မရေးနိုင်သေးတာမို့ သရုပ်ဖော်ပုံ ဆွဲခိုင်းရမှာပါ။ သင်္ကြန်ကို သူတို့ ဘယ်လို နားလည်လဲ.. ဘယ်လောက် နားလည်လဲ.. ဘယ်လို ခံစားသလဲဆိုတာ.. သူတို့ကိုယ်ပိုင် သရုပ်ဖော်တဲ့ ပန်းချီပုံတွေ မှာ တွေ့ရပါလိမ့်မယ်။
တနည်းအားဖြင့်တော့ ဒါဟာ ကလေးတွေရဲ့ သိမှုဆိုင်ရာစွမ်းရည် IQ ((Intelligent Quotient) ကိုသာမက ခံစားနားလည်နိုင်မှုစွမ်းရည် EI (Emotional Intelligence) ကိုပါ မြင့်တက် လာအောင် လေ့ကျင့်ပေးရာ လည်း ရောက်ပါတယ်။
ပြီးတော့ ဒါဟာ ပြဋ္ဌာန်းချက်တွေထဲက မဟုတ်ဘဲ၊ စာသင်သားတွေကို ပြောပြ သင်ပြဖို့ လိုအပ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သင်ခန်းစာလည်း ဖြစ်ပါတယ်။ ဒီလို သင်ခန်းစာတွေကို ပုံမှန်ကျောင်းပညာရေး Formal Education ထဲမှာ ထည့်သုံး ပြောပြရမှာက ဆရာ ဆရာမ တွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။
+++++
ကမ္ဘာပေါ်မှာတော့ ၁၉၂၀ လောက်ကတည်းက ကလေးတွေအတွက် IQ ထက်ပိုပြီး EI ကို ပို လိုအပ်တယ် လို့ တွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ၁၉၂၀မှာ စိတ်ပညာရှင် Edward L. Thorndike (1879-1949) က ကလေးတွေ အတွက် ပညာရေးထဲမှာ လူမှုဆက်ဆံရေး စွမ်းရည် (Social Intelligence) ကိုပါ ထည့်သွင်းသင့်တယ်ဆိုတဲ့ သူ့ရဲ့ အယူအဆကို တင်ပြ ခဲ့ပါတယ်။
အဲဒီ အယူအဆရဲ့ နောက်မှာမှ ကလေးတွေ အတွက် လူမှု ဆက်ဆံရေး စွမ်းရည် နဲ့ ခံစား ဆင်ခြင်နိုင်မှု စွမ်းရည် (Inter and Intra Intelligence) က အရေးပါကြောင်းကို ပညာရှင်တွေ ဖြစ်တဲ့ Abraham Maslow က ၁၉၅၄ မှာ ၊ Carl Rogers က ၁၉၆၉မှာ၊ Howard Gardner က ၁၉၈၃ မှာ … သုတေသန လုပ်ပြီး တင်ပြ လာခဲ့ကြ ပါတယ်။ အဲဒီ တွေ့ရှိချက် အယူအဆပေါ်မှာ မူတည်ပြီး ပညာရှင်တွေက အမျိုးမျိုး ဆွေးနွေး အဖြေရှာ ခဲ့ကြပါတယ်။
၁၉၉၀ နောက်ပိုင်းမှာတော့ အဲဒီ အယူအဆတွေအရ EI က IQ ထက်ပိုပြီး ဘ၀ကို အောင်အောင် မြင်မြင် ဖြတ်သန်း နိုင်စွမ်း ရှိတယ်လို့ လက်ခံလာကြပါတယ်။ အဲဒီ နောက်မှာ တော့ EI အရ စိတ်ခံစားချက်က စဉ်းစား တွေးခေါ်ခြင်းကို ပို ထက်မြက စေပြီး ခံစားချက် တွေကို အသိဥာဏ် နဲ့ ယှဉ်ပြီး ဝေဖန် ပိုင်းခြား စဉ်းစားနိုင်တယ် ဆိုတဲ့ ယူဆချက်ကို ကလေးတွေအတွက် လိုအပ်တဲ့ စွမ်းရည်အဖြစ် ထောက်ပြလာကြပါ တယ်။
တကယ်တော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း “ပညာတတ်သူသည် လောကရှိ အရာရာ ကို အခွင့်အလမ်းအလိုက် ဆင်ခြင် သုံးသပ် နိုင်စွမ်းသော ဥာဏ်အားကိုလည်းကောင်း၊ မိမိ ဥာဏ်အမြင် အရ စိတ်နေ စိတ်ထား စိတ်ဓါတ် (Emotion of the Education) တို့ကိုလည်းကောင်း၊ ပြုပြင် ပြုစု စီမံထားခဲ့ သူသာလျှင် ဖြစ်သည်” လို့ ပြောခဲ့ဖူးပါတယ်။ ဒါဟာ ပညာရေးစနစ်ထဲမှာ EI (Emotional Intelligence) က အရေးပါ လှတာကို ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ စကားစပ်လို့ ဥပမာလေးတခု ပြောပြပါရစေ။ ကျမတို့ မြန်မာနိုင်ငံမှာတုန်းက ကျမသားကြီးက ကမာရွတ် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) မှာ ကျောင်း တက်ပါတယ်။ သားကြီး ၈တန်းကျောင်းသားအရွယ်မှာ မြန်မာစာသင်ရိုးထဲက ကဗျာတပုဒ်ကို လပတ်စစ် စာမေးပွဲမှာ ဆရာမပေးထားတဲ့ မှတ်စု အတိုင်း ၏-သည်-မလွဲ မဖြေဘဲ သူနားလည်သလို ဖြေတာမှာ ဆရာမက ၁၀မှတ်ပေးဖို့ သတ်မှတ်ထား တာမှာ ၂ မှတ်ပဲ ပေးခဲ့ပါတယ်။ သားရဲ့ အဖြေစာရွက် အိမ်ကို ပါလာလို့ ကျမ ပြန်စစ် ကြည့်တော့ အချက်အလက်တွေအားလုံး အမှန်ပဲ ဖြစ်ပြီး စာလုံးပေါင်း သတ်ပုံ တစ်လုံးစ နှစ်လုံးစလောက်ပဲ မှားတာတွေ့ပါတယ်။
ကျမကိုယ်တိုင်လည်း မြန်မာစာ ဆရာမ မို့ ဒီလို အဖြေမျိုးကို အမှတ်ပေးစည်းမျဉ်းအရ အနည်းဆုံး ၆မှတ် ပေးဖို့ ဘောင်ဝင်တာကို တွေ့ပါတယ်။ ဒါနဲ့ပဲ သားရဲ့ မြန်မာစာဆရာမကို အကျိုးအကြောင်း မေးကြည့်ချင်တာနဲ့ ကျမ သားရဲ့ အဲဒီ မြန်မာစာ ဆရာမကို လိုက်တွေ့တော့ သူပေးတဲ့ မှတ်စုအတိုင်း မဟုတ်လို့လို့ ကျမကို အဖြေပေးပါတယ်။
ဒါဟာ ကလေးရဲ့ EI အရ ဖြေဆိုတာကို အသိအမှတ် မပြုတဲ့ ပြဿနာပါပဲ။ ပြီးတော့ အဲဒါဟာ မြန်မာနိုင်ငံ ရဲ့ ကျောင်းတွေမှာ တော်တော် များများ တွေ့နေရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ ဒါနဲ့ပဲ ကလေးတွေဟာ ပုံစံသွင်းထား တဲ့ အနေအထားမျိုးနဲ့ သူတို့ရဲ့ ကိုယ်ပိုင်စိတ်ကူးဉာဏ်တွေကို ရိုက်ချိုး ခံရပြီး အရွယ် ရောက် လာကြရတာမို့ ဒါဟာ လက်တွေ့ဘ၀ကိုပါ ရိုက်ခတ် လာတော့ တာပါပဲ။ ဘာလို့လဲဆိုတော့ အနာဂတ်ဘဝ တိုးတက် ဖွံ့ဖြိုးဖို့ ဆိုရင် ကလေးတွေ အနေနဲ့ လက်တွေ့ ပစ္စုပ္ပန် ဘ၀ထဲမှာလည်း အရာရာကို ကိုယ့် စိတ်ကူး စိတ်သန်းနဲ့ ကိုယ် တွေးတောကြံဆ ဆင်ခြင်သုံးသပ်ပြီး အောင်အောင်မြင်မြင် ရင်ဆိုင် ကျော်ဖြတ်နိုင်ဖို့ လို တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ EI ကို အသုံးချခွင့်လည်း ဖြစ်ပါတယ်။
+++++++
ဆက်စပ်ပြီးတော့ ပြန်ကောက်ပြောရရင် ခု အမေရိကမှာတော့ ကလေးတွေဟာ သင်္ကြန် ဆိုရင် တိုင်းတပါးနိုင်ငံမှာမို့ သင်္ကြန်ကျစရာနေရာက ဘုန်းကြီးကျောင်းဝင်းပဲ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု ရဲ့ မြန်မာများတဲ့ မြို့တွေမှာ ဘုန်းကြီးကျောင်း အနည်းဆုံး တကျောင်း တော့ ရှိပါတယ်။ အဲဒီ ဘုန်းကြီးကျောင်း မှာ သင်္ကြန်အထိမ်းအမှတ်ပွဲတွေ လုပ်တဲ့အခါ မြန်မာနွယ်ဖွား အများစုက မြန်မာ့ရိုးရာ ၀တ်စုံတွေ ၀တ်ကြပါတယ်။ ပြီးတော့ မဏ္ဍပ်တွေထိုး၊ စတုဒီသာ ကျွေး၊ ရန်ပုံငွေဈေးရောင်းပွဲတွေ လုပ်၊ သီချင်းတွေ ဆိုကြ၊ သင်္ကြန်ကတွေ ကကြ။ ဘုန်းကြီးကျောင်းဝင်းတ၀င်းလုံး မြနန္ဒာသံတွေ.. တူးပို့သံ တွေ ညံလို့။ တခါတလေ ရာသီဥတုက ကောင်းကောင်းမနွေးသေးရင် သပြေခက်နဲ့ ရေပက်တာပါ။ ကလေးတွေ ကတော့ မြန်မာပြည်မှာလိုပဲ ရေပြွတ်တွေနဲ့ ဖလားတွေ နဲ့ ပေါ့။ သက်ကြီးပူဇော်ပွဲတွေလည်း လုပ်ပါတယ်။ သိပ်ကို မြန်မာဆန်တဲ့ သင်္ကြန်စစ်စစ်လို ကျင်းပကြပါတယ်။ ဘာကြောင့်ပါလဲ…
ကျမစိတ်ထင်တော့ ဒါဟာ အမျိုးသားရေးစိတ်ပါပဲ။ ကိုယ့်ဇာတိမြေကို စွန့်ခဲ့ရ ပေ မဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ထုံးတမ်း အစဉ်အလာ၊ ကိုယ့်ရိုးရာဓလေ့၊ ကိုယ့်သရုပ်သကန်ကို မေ့မသွားအောင် ထိန်းချင်တာ၊ ဖော်ထုတ်ချင်တာပဲလို့ မြင်ပါတယ်။ အဲဒီလို ထိန်းတာကပဲ ကျမတို့ရဲ့ ကလေးတွေကို ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ကို သိအောင် ပြောပြ သင်ပြရာရောက်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်က သင်္ကြန်ပွဲကလေးဟာလည်း ကျမတို့ သပြေညို မြန်မာစာ ကျောင်းလေး အတွက်တော့ သင်ကြားမှု အထောက်အကူပြု နယ်ပယ်လေးတခုပဲ ဖြစ်ပါတယ်ရှင်။
သင်္ကြန်အခါသမယ နှစ်ဟောင်းအကုန် နှစ်သစ်အကူးမှာ မြန်မာပြည်က မိဘပြည်သူတွေ ကလေးတွေ လူငယ်တွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေလို့ ဆန္ဒပြုပါ တယ်ရှင်။
၁၁ ဧပြီ ၂၀၁၂။
Venus News Journal ပါ ဆောင်းပါး အမှတ်- ၆။
Apr 16, 2012
Apr 10, 2012
ဒီမိုကရေစီပညာရေး နဲ့ သပြေညို
အမေရိကန်ပညာရေးစနစ်က လေ့ကျင့်ပေးထားသလို ရှိတာကြောင့် ကျမရဲ့ သပြေညို မြန်မာစာကျောင်း ပိုလွယ်လွယ် ထိရောက်အောင်မြင်ရတာပါလို့ ရှေ့ဆောင်းပါးတွေမှာ ပြောခဲ့တော့ တလက်စာတည်း ဆက်ပြောစရာ ရှိလာတာက ယဉ်ကျေးမှုစံ တန်ဖိုးကိစ္စ ပါ။
အတန်းထဲမှာ ဆရာကို ပြန်မေးခွန်းထုတ်ခွင့် - Questioning (ကျမတို့ မြန်မာ့လူမှု ၀န်းကျင်ရဲ့ သတ်မှတ်ချက် နဲ့ ဆို အတွန့်တက်တယ်လို့ ပြောရမှာပေါ့)၊ ငြင်းဆန်ခွင့်- Argument (ဆင်ခြေပေးခွင့်) တွေ ပေးထားတဲ့ တဘက်မှာ မသိမသာ တွဲပါလာတတ် တာက အရိုအသေတန်သလို အမူအယာတွေ ဖြစ်နေတတ်တာပါ။ အမေရိကန် ရုပ်ရှင် တွေထဲ မြင်ရတတ်ပါတယ်။ ကျမ ထင်တာတော့ ဒါမျိုးက အမေရိက မှာမှ မဟုတ်ဘဲ ဘယ်နေရာမှာမဆို ရှိတတ်တာမျိုးပါ။ အရွယ်ရဲ့ ပြဿနာ၊ ပတ်ဝန်းကျင် ရဲ့ ပြဿနာ၊ ပြီးတော့ မိဘတွေရဲ့ ပြဿနာတွေက လွှမ်းမိုးတဲ့ ကလေးတွေ မှာသာ ဖြစ်လေ့ရှိတာပါ။ ကလေးတွေထဲ တချို့က I don’t care လို့ တုံ့ပြန်တာမျိုးပါ။
ဒါပေမဲ့ တကယ့် လက်တွေ့ မှာတော့ အတန်းထဲမှာ ဆရာဆရာမကို အဲလို တုံ့ပြန်ရင် သူ့အပြစ် အကြီးအသေး အလိုက် အနည်းဆုံး တနာရီကနေ ၂နာရီ လောက်ထိ အတန်းဖော်တွေ ထဲကနေ ခွဲထွက်ပြီး တယောက်တည်း ထိုင်နေရပါတယ်။ ဒီလို အပြစ်ပေးတာကို Time Out ပေးတယ်လို့ ခေါ်ပါတယ်။ အဲလို အပြစ်ပေးခံရမှာကို ကလေးအများစုက ရှက်ကြ ကြောက်ပါတယ်။ ဒီတော့ အဲလောက်ပြစ်ဒဏ်က လုံလောက်ပါတယ်။ အိမ်မှာလည်း သားသမီးတွေ ဆိုးရင် မိဘက အပြင်းအထန်အပြစ်ပေးတာတခုက Time out ပေးတာ ပါပဲ။ အဲဒီပြစ်ဒဏ်ကို ကလေး အများစုက ကြောက်ပါတယ်။ ဒီတော့ ကျမရဲ့ သပြေညို မှာလည်း ဒီနည်းကိုတော့ သုံးနိုင်ပါတယ်။
ဒါပေမဲ့ တကယ်တမ်းမှာ Time out သုံးရတဲ့ အဆင့် မရောက်ပါဘူး။ “Time out ထိမယ်နော်” ဆိုရင်ကို ရပါပြီ။ တခု ရှိတာက အမေရိကန်နိုင်ငံက ပြဋ္ဌာန်းထားတဲ့ လူနေမှုစနစ်ကိုက ကလေးတွေကို အကြောက်တရားကင်းအောင်၊ ရဲရင့်အောင်၊ သတ္တိရှိအောင်၊ အရာရာ ကို ရင်ဆိုင် တတ်အောင် လေ့ကျင့်ပေးတာမို့ ကလေးတွေက ရဲရဲတင်းတင်းနိုင်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတာမျိုးလည်း ဖြစ်ပါတယ်။ အဲဒါမျိုးက ကျမတို့ မြန်မာ မိဘတွေ အတွက်တော့ လက်ခံ နားလည်နိုင်အောင် တော်တော်ကို ကျင့်ယူရတဲ့ကိစ္စပါ။
အထူးသဖြင့်တော့ မြန်မာ ကျောင်းဆရာမ အနေနဲ့ ကျင့်သားရခဲ့တဲ့ ကျမအတွက်၊ ပြီးတော့ ကျမကို ကူသင်ပေးကြတဲ့အထဲ မြန်မာပြည်က ထွက်လာတာ မကြာသေးတဲ့ ဆရာမလေးတွေအတွက်တော့ အမေရိကန်ပညာရေးထဲက မြန်မာကလေးတွေရဲ့ စာသင်ချိန်နဲ့ စာသင်ခန်းကို ရင်ဆိုင်ရာမှာ တော်တော် ကျင့်သားရအောင် ကြိုးစားရ ပါတယ်။ ကလေးတွေက သူတို့ဘာသာ ချဲ့ထွင်သင်ယူကြပါတယ်၊ (ကျမတို့ မြန်မာတွေ အသုံးအနှုန်း အတိုင်း ပြောမယ်ဆိုရင် အမေး အမြန်း ထူတယ်၊ စောဒကတက်တယ်၊ အတိမ်းအစောင်း မခံဘူး။ အတွန့် တက်မယ်၊ စပ်စုမယ်၊ ပြီးတော့ သူတို့ဘာသာ တီထွင် ရှေ့တက်ချင်တယ်။ ကျမတို့ မြန်မာပြည် မှာသာဆို နင် ဆရာလား.. ငါဆရာလား.. လို့ အငေါက်ခံရမယ့်အဖြစ်မျိုး ပေါ့)။ အမေရိကမှာတော့ ဒါက စာသင်သားရဲ့ အခွင့်အရေး Student Rights ပါ။ ဒါကြောင့်ပဲ အမေရိကန် ဒဿနိက နဲ့ ပညာရေးပါရဂူ John Dewey(1859-1952) က “ပညာရေးသည် သင်ကြားခြင်းမဟုတ်။ ကလေးဘာသာသင်ယူတတ်ရန် လေ့ကျင့်ပေးခြင်းသာ ဖြစ်သည်။” လို့ အတိအလင်း ပြောခဲ့တာဖြစ်ပါတယ်။
++++++
အမေရိကမှာက ကလေးတွေဟာ ငယ်ငယ်ကတည်းက မိဘနဲ့ အတူတူ မအိပ်ကြရ တော့ ပါဘူး။ ဒီတော့ သူတို့ဟာ ညတွေကို တယောက်တည်း ရင်ဆိုင်ကျင့် ရှိပါတယ်။ အဲလိုပဲ မိဘတွေမှာ ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကိုလည်း ဟန့်တားခွင့်လည်း မရှိဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ အားပေးတာမျိုးသာ လုပ်ကြရတာကြောင့် ကလေးတွေဟာ လုပ်ရဲ ကိုင်ရဲ ရင်ဆိုင်ရဲကြတာပါ။ အမေရိကမှာ ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ် ထားတာကတော့ မိဘတွေက သားသမီးတွေကို ရိုက်နှက်တာ၊ စိတ်ဆင်းရဲအောင် ညှင်းပမ်းတာတွေ၊ အစာရေစာ ၀လင်အောင် မကျွေးတာ.. လူတန်းစေ့မထားတာ တွေ အတွက် မိဘတွေကို ပြတ်ပြတ်သားသား အရေးယူ တရားစွဲတာပါပဲ။
ကျောင်းနေ ကလေးတိုင်းဟာ မိဘက ရိုက်နှက်ရင်ပဲဖြစ်ဖြစ်၊ မောင်နှမချင်း အနိုင်ကျင့် ရင်ပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာမဆို ပြဿနာတခုခု ရင်ဆိုင်ရရင်ပဲဖြစ်ဖြစ်၊ 911 ကို ခေါ်ပြီး ပြောဖို့ ကျောင်း တွေကကို သင်ပေးထားတာပါ။ ဒီတော့ ကလေးတွေဟာ ဥပဒေကို အားကိုး ယုံကြည် တဲ့ စိတ်နဲ့ ကြီးပြင်းရ တာကြောင့်လည်း စိတ်လုံခြုံမှုနဲ့ ကြီးပြင်းရ ပါတယ်။ အဲဒီအခါ သူတို့ဟာ သူတပါးကို မတရားသဖြင့် ဒုက္ခရောက်အောင် ထိခိုက် အောင် လုပ် တာမျိုး မဟုတ်ရင် ဘာမဆို လုပ်ခွင့်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရဲတင်း နေကြတာလို့ ပြောရမှာပါပဲ။ အဲဒီအခါ မြန်မာပြည်ထဲ မွေးခဲ့ နေခဲ့ အရွယ်ရ ကြီးပြင်း ခဲ့တဲ့ မြန်မာအမေတွေ အဖို့ တော့ သူတို့ သားသမီး အမေရိကန်ကလေးတွေရဲ့ ခွန်းတုံ့မခံ ပြန်ပြောတာ၊ ဝေဖန် ထောက်ပြတာ၊ ရဲတင်းပွင့်လင်းတာတွေကို တော်တော် သီးခံကြရတယ် လို့ပဲ ပြောရ မှာပါ။
ဒါပေမဲ့ အဲဒီ ကလေးတွေက သူတို့အပေါ် သူတို့ လက်ခံတဲ့ အပြုအမူမျိုး မိဘ မောင်နှမ ဆရာ ဆရာမတွေက ဆက်ဆံရင် ပြုမူရင်တော့လည်း Thank you လို့ ပြောဖို့ I love you လို့ ပြောဖို့ ၀န်မလေးကြသူလေးတွေပါ။ ကျမပြောချင်တာက သူတို့ဟာ တုံ့ပြန်ဝေဖန်တာ(Criticize)လုပ်သလိုပဲ အသိအမှတ်ပြုတာ(Appreciate) လည်း လုပ်ကြသူတွေဖြစ်တယ်ဆိုတာပါ။ သူတို့လေးတွေဟာ အဆိုးမြင်သမားတွေလည်း မဟုတ်ကြသလို အကောင်းမြင်သမား တွေလည်း မဟုတ်ကြ ပါဘူး။ သေချာတာကတော့ သူတို့ဟာ အရာရာကို သူတို့ မြင်တဲ့ ထင်တဲ့အတိုင်းသာ ပြောခွင့်ရကြသူတွေမို့ အမှန်ကို ပြောရဲသူတွေတော့ ဖြစ်နေတာပါပဲ။
အဲဒီအခါ သူတို့နဲ့ ရင်ဆိုင်ရတဲ့ လူကြီးတွေကလည်း အမှားမလုပ်မိအောင် သတိထား ဖြစ်လာပါတော့တယ်။ ဒါကြောင့်ပဲ ကလေးတွေရဲ့ ပညာရေးစနစ် .. ပြုစုပျိုးထောင်ရေး ပုံစံက ဘယ်လောက်အရေးပါတယ်ဆိုတာ ပိုပြီး ပေါ်လွင်လာရတာပဲ ဖြစ်ပါတယ်။
+++++
တလောက မြန်မာပြည်က သတင်းတွေထဲ အခြေခံပညာကျောင်းက ကျောင်းသား ကျောင်းသူတချို့ကို ကျောင်းအုပ် ဆရာမကြီး၊ ကျောင်းအုပ်ဆရာကြီး ၊ အတန်းပိုင်ဆရာမ တို့က ပြင်းပြင်း ထန်ထန် ရိုက်နှက် အပြစ်ပေးတယ် ဆိုတဲ့ သတင်း သုံးလေးပုဒ် ဆက်တိုက်လို ဖတ် လိုက်ရတော့ ကိုယ်တိုင် အမေလည်း အမေ၊ ဆရာမလည်း ဆရာမမို့၊ ကျမ စိတ်ထဲ တော်တော် ထိခိုက်ခံစားရပါတယ်။ ဒီလို အဖြစ်အပျက်မျိုးဟာ အမေရိကမှာ ဖြစ်လို့ ကတော့ အဲဒီ ဆရာ ဆရာမတွေ ပြင်းပြင်းထန်ထန် အရေးယူ ခံရမယ့်အပြင် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ရှောင်ဖယ်တာကိုတောင် ခံကြရမှာပါ။
ကလေးတွေကို ရိုက်နှက်ဆုံးမတယ်ဆိုတာက ဒီမှာတော့ အလွန် ကြီးလေးတဲ့ ပြစ်မှုပဲ ဖြစ်ပါတယ်။ ဒါ့ထက်ပို ကျယ်ကျယ်ပြောပြော စဉ်းစားရင်တော့ ဒါက ယဉ်ကျေးမှု ကိစ္စလည်း ဖြစ်ပါတယ်။ သူတပါးကို အသားနာအောင် လုပ်တယ်ဆိုတာကိုက မယဉ်ကျေးတဲ့ လုပ်ရပ်မို့ ဆရာက တပည့်ကို ရိုက်ဆုံးမတာဟာ ချစ်လို့၊ မိဘက သားသမီးကို ရိုက်ဆုံးမ တာဟာ ချစ်လို့ စေတနာရှိလို့.. ဆိုတဲ့ ကျမတို့ မြန်မာ့အတွေး အယူအဆဟာ ပြန်စဉ်းစားစရာကောင်းနေတာ အမှန်ပါ။ ကျမလည်း စဉ်းစား ကြည့်နေ ပါတယ်။ တကယ်ပဲ ရိုက်ဆုံးမတာဟာ အဖြေကောင်း လား၊ စနစ်မှန် လား…။ ရိုက် မှပဲ ထိရောက်အောင် ဆုံးမတယ် မည်သလား.. စဉ်းစားကြရပါမယ်။
ဒါကို ပညာရေး စိတ်ပညာရှင်တွေ အပါအ၀င် စိတ်ပညာရှင်တွေ အတော်များများလည်း စဉ်းစားခဲ့.. အဖြေထုတ်ခဲ့ကြပြီးသားပါ။ အဖြေက ရှင်းပါတယ်။ ရိုက်နှက်ခြင်းသည် မှန်ကန်သော ဆုံးမခြင်း မဟုတ်… ဆိုတာ ပါပဲ။ ဒါပေမဲ့ ကျမတို့ မြန်မာပြည်မှာတော့ ခုချိန်ထိအောင် ကျောင်းတွေမှာ အိမ်တွေမှာ ဆရာ ဆရာမတွေက မိဘတွေက သားသမီးတွေကို တရားဝင် ရိုက်နှက်ခွင့် ရနေဆဲ ဖြစ်ပါတယ်။ ဒါက ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုကို ချိုးနှိမ်ရာ ကျတယ် ဆိုတာကို ကျမတို့ မတွေးမိခဲ့ကြပါဘူး။
+++++
ဒီတိုင်းပြည်ရောက်တဲ့အခါမှာ ကျမ သေသေချာချာ သတိထားမိတာကတော့ ဒီမိုကရေစီ ပညာရေးကျင့်စဉ် ဆိုတာကိုပါပဲ။ အရင်ကတော့ ကျမမှာလည်း စာတွေ့သာ ရှိခဲ့ရတာပါ။ John Dewey(1859-1952) ရဲ့ လေ့လာတွေ့ရှိချက်အရ ပြောရရင်.. ဒီမိုကရေစီပညာရေးစနစ်ရဲ့ ရည်မှန်းချက် တွေဆိုတာက… -စာသင်သားတွေကို အတူတကွပူးပေါင်းလုပ်ဆောင်စေပြီး ဘက်စုံအသိပညာကိုရစေဖို့ -အနာဂတ်ကာလဖွံ့ဖြိုးတိုးတက်စေဖို့၊ -အပြုသဘောဆန်ပြီးလွတ်လပ်တဲ့အတွေးအခေါ်တွေဖွံ့ဖြိုးတိုးတက်စေဖို့ -အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ဖို့၊ -တရားမျတမှုကိုမြတ်နိုးတတ်ပြီးကိုယ်ချင်းစာတရားရှိစေဖို့၊ -လူမှုဆက်ဆံရေးတိုးတက်စေဖို့၊ -ကလေးတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်မတူဘဲ ကွဲပြားခြားနားနေမှုတွေကို ဂရုစိုက်ပြီး တစ်ဦးချင်းကို ဖွံ့ဖြိုးတိုးတက်စေဖို့၊
-ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို အားပေးဖို့ နဲ့
-အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်နိုင်မယ့် ပညာရေးမျိုးကို စီစဉ်ပေးဖို့ ဆိုတာ တွေ ပါပါတယ်။
အဓိကကတော့ ကျောင်းသားကျောင်းသူတွေဟာ ဒီမိုကရေစီပညာရေးထဲကနေ လူမှု အသိုင်းဝိုင်း ထဲမှာ အဆင် ပြေပြေ နေသွားနိုင်ပြီး ကိုယ်ပိုင်အရည်အသွေးတွေနဲ့အတူ လူသားအချင်းချင်း ကိုယ်ချင်းစာ လေးစား တတ်တဲ့ အသိတွေ အတွေ့အကြုံတွေ စိတ်ချရ တဲ့ အသက်မွေးဝမ်းကြောင်းပညာ နဲ့ အလုပ်တွေကိုပါ ရသွားမှာမို့ အောင်မြင် တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ ရည်မှန်းတာဟာ ဒီမိုကရေစီ ပညာရေးရဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။ အဲဒီအခါ ခု ကျောင်းသေးသေးလေးပါဆိုတဲ့ သပြေညို မြန်မာစာကျောင်းလေး သည်ပင် လျှင်၊ တချိန်မှာ ကျမတို့ကလေးတွေ ကိုယ့်ဇာတိမြေကို ပြန်ပြီး အလုပ်အကျွေး ပြုနိုင်တဲ့ အောင်မြင် တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ ဆိုတဲ့ ရည်မှန်းချက်တော့ ရှိနေပါတယ်။
ဒါမှပဲ ကျမလည်း ဆရာမကောင်း၊ သပြေညိုဟာလည်း ကျောင်းကောင်း၊ ပြီးတော့ ကျမ တို့ရဲ့ ကလေးတွေဟာလည်း စာသင်သားကောင်းလေးတွေ ဖြစ်မှာမဟုတ်ပါလား ရှင်။
၎ ဧပြီ ၂၀၁၂။
(ပြည်တွင်းထုတ် Venus News Weekly Journal ပါ အပတ်စဉ်ဆောင်းပါး - အမှတ် ၅)

Apr 5, 2012
အမေရိကန်ကျောင်းပုံစံ နဲ့ သပြေညို
အမြဲလိုလို စိမ်းလန်းပြီး အညွန့် နီနီညိုညိုလေးတွေ ဝေဖြာနေတတ်တဲ့ သပြေကို မြန်မာလူမျိုးတွေက အောင်အတိတ် အောင်နိမိတ် အဖြစ် မှတ်ယူကြတယ်ဆိုတဲ့ စကားမျိုးကို အမေရိကန်ရောက် မြန်မာကလေးငယ်တွေ နားမလည်နိုင်သေးပေမဲ့ ကျမအိမ်မှာ စိုက်ထားတဲ့ သပြေပင်လေးဆီက သပြေညွန့်တွေ ချိုးလာပြီးတော့ ကလေး တွေကို ပြပြီး ဒါဟာ ကံကောင်းတဲ့ အပင် အရွက်လို့ မြန်မာတွေက ယူဆကြတယ် ဆိုတာကို ပြောပြရင်တော့ သူတို့ သဘောပေါက်ကြပါတယ်။ ဒီတော့မှပဲ သ-သပြေညို အောင်ပွဲကြိုဆိုတာကိုလည်း သူတို့ သေချာ နားလည်ကြပါတော့တယ်။
အဲဒီလို လက်တွေ့ ပြနိုင်တာလေးတွေက ကလေးတွေရဲ့ မှတ်ဉာဏ်ထဲ ပိုစွဲစေတယ်ဆိုတာ သေချာပေမဲ့ ကျမတို့ငယ်စဉ်က ဒီအခွင့်အရေး မရခဲ့ပါဘူး။ ဆရာ ဆရာမတွေရှေ့ လက် စုံပိုက်ပြီး စာတွေကို ကုန်းအံ ခဲ့ကြတာမှာ ဒီစာက ဘာအဓိပ္ပါယ်လဲလို့ ကျမတို့ အထူးတလည် သိခွင့် မရခဲ့သလို၊ သိချင်စိတ်လည်း မရှိခဲ့ကြပါဘူး။ ကျောင်းစာတခု ခက်ရင် ဘာကြောင့်ခက်သလဲ ဆိုတာ ကျမတို့ အဖြေမရှာ တတ် ခဲ့ကြ သလို ဒါကို မေးခွန်းထုတ်ရမယ်လို့လည်း မသိခဲ့ကြပါဘူး။ ဒါဟာ Teacher centered learning (ဆရာဦးဆောင်တဲ့သင်ယူနည်း) နဲ့ ကြုံခဲ့ရလို့ပဲ ထင်ပါတယ်။ အဲဒီအကျင့်က ကျမတို့ မြန်မာပြည်ပညာရေး လူထွက်တွေမှာ စွဲနေခဲ့တာ ကျမကိုယ်တိုင် အပါအ၀င်ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ စကားစပ်လို့ ပြောရရင်၊ မြန်မာပြည်မှာ မြန်မာစာအဓိကနဲ့ B.A ဘွဲ့၊ B.A (hons;) ဘွဲ့ နဲ့ M.A ဘွဲ့တွေ ရခဲ့ပေမဲ့ အင်္ဂလိပ်စာကို တော်ရိလျော်ရိသာ သင်ခွင့်ရခဲ့တာ မို့ အမေရိက ရောက်ချိန်မှာတော့ ဘာသာစကားပြဿနာနဲ့ တည့်တည့် တိုးရပါတော့ တယ်။ ကျမတို့က မြန်မာပြည်မှာတုန်းက အင်္ဂလိပ်လို ပြောကျင့် လုံးလုံးမရှိခဲ့တာမို့ ဒီရောက်တော့ အင်္ဂလိပ်စကားပြောဖို့ရာ မြွေကိုင်ရမှာလို တွန့်နေခဲ့တာပါ။ ဒီတော့ အင်္ဂလိပ်စာ အတွက် ကောလိပ်မှာ ကျောင်းတက်ရပါတော့တယ်။ အဲဒီအခါမှာတော့ ကျမဟာ အတန်းထဲမှာ ဆရာဆရာမကို မေးခွန်း မထုတ်တတ်တဲ့၊ တခုခု နားမလည် တာကို မေးဖို့အရေး တွန့်ဆုတ်နေတတ်တဲ့ ကျောင်းသူ ဖြစ်နေခဲ့ဖူးပါတယ်။ နောက်မှပဲ ဆရာမနဲ့ အတန်းဖော်တွေ လက်တွဲခေါ်မှုကြောင့် အတန်းထဲမှာ ကျမ ကျင့်သွားရသွား ခဲ့တာပါ။ ဒီတော့မှပဲ မေးခွန်း ထုတ်တာတွေ၊ ငြင်းချက်ထုတ်တာတွေ၊ ဝေဖန်သုံးသပ် တာတွေ၊ အုပ်စုဖွဲ့ သင်ယူနည်း တွေ၊ သုတေသနလုပ်တာတွေ၊ ဆရာ ဆရာမအပေါ် အကဲဖြတ်စစ်တမ်း ပေးတာတွေကို ရင်းနှီးကျွမ်းဝင်သွားခဲ့တာပါ။
ဒီနေရာမှာ ပြောပြချင် တာက အဲလို ကောလိပ်တက်ဖြစ်လိုက်တာဟာ ကျမကို အမေရိကန် ပညာရေး စနစ်၊ သင်ကြားရေးစနစ်တွေနဲ့ ထိတွေ့ပေးလိုက်သလို ဖြစ်သွား ခဲ့တယ်ဆိုတာပါ။ အဲဒါကပဲ သပြေညိုကို ပျိုးထောင်တဲ့အခါမှာ ကျမက ကလေးတွေနဲ့ ကွာဟမှု သိပ်မကြီးမားခဲ့တာပဲ လို့ ထင်ပါတယ်။ ပြီးတော့ ကျမ သမီး နဲ့ သားငယ် ကိုယ်တိုင်တွေက အလယ်တန်းနဲ့ မူလတန်းကျောင်းသားတွေ ဖြစ်နေကြတာကြောင့် လည်း ကလေးတွေရဲ့ တုံ့ပြန်မှုစရိုက်သဘာဝကို ကျမ သဘောပေါက်ထားလို့ ဖြစ်ပါ လိမ့်မယ်။ ကျမအတွက်တော့ မြန်မာ-အမေရိကန်ကလေးတွေဟာ အများထင်ထား သလောက် ကိုင်တွယ်ရ မခက်ခဲ့ပါဘူး။
+++++++
ခုချိန်မှာ အမေရိကန်ပညာရေးဟာ ကျဆင်းနေတယ်.. မအောင်မြင်ဘူးဆိုတဲ့ စစ်တမ်း တွေ အမျိုးမျိုး ထွက်နေပေမဲ့ ကျမလက်လှမ်းမီသလောက်မှာတော့ အမေရိကန် ပညာရေး ဟာ ကမ္ဘာက စောင့်ကြည့်နေရတဲ့..၊ လိုလားနေရတဲ့ အခြေအနေ မှာတော့ ရှိနေဆဲပါ။ ပြီးတော့ မြန်မာပညာရေးလူထွက် ဖြစ်တဲ့အပြင် ကိုယ်တိုင် ကျောင်းဆရာမ အဖြစ် နှစ် ၂၀နီးပါး အတွေ့အကြုံ ရှိခဲ့တဲ့ ကျမအမြင်မှာတော့ အမေရိကန် ပညာရေး.. ပိုပြီး အသေးစိတ်ပြောရရင် ကျမကိုယ်တိုင် ကျောင်းသူအဖြစ် ထိတွေ့ရတဲ့ ကောလိပ် အဆင့်ပညာရေး နဲ့ ကျမ သားသမီးတွေကြောင့် ထိတွေ့ရတဲ့ အခြေခံပညာရေးပုံစံ မှာ ကိုပဲ အတုယူစရာ သဘောကျစရာက များပြီး၊ စိတ်ပျက်စရာ အနေအထားက နည်းပါးပါတယ်။
ပြီးခဲ့တဲ့ ဆောင်းပါးတွေမှာ ကျမပြောခဲ့ဖူးသလိုပါပဲ။ ကျမတို့ မြန်မာပြည်ပညာရေးထဲမှာ ဆောင်ပုဒ်တွေနဲ့ ကြွေးကျော်ပြီး တကယ် ထိထိရောက်ရောက် အလုပ်မဖြစ်ခဲ့တဲ့ “မိဘ ဆရာ ပူးပေါင်း ကလေးပညာကောင်း”ဆိုတာကို အမေရိကန်တွေကတော့ မကြွေးကျော် ဘဲ အကောင်အထည် ဖော်ပါတယ်။ ကလေးတွေရဲ့ ပညာရေးထဲမှာ မိဘ မပါမဖြစ် ပါရ ပါတယ်။ တလတကြိမ် မိဘဆရာ ပုံမှန်အစည်းအဝေးတွေ တက်ကို တက်ရပါတယ်။ (မတက်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ ပညာရေးမှာ သိသိသာသာ မတိုးတက်တာ လက်တွေ့ တွေ့နိုင်ပါတယ်)။
ဒါ့အပြင် တနှစ်တကြိမ်၊ ကျောင်းသားမိဘ နဲ့ အတန်းပိုင် ဆရာ တွေ့ပြီး ကလေးရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတွေကို ဆွေးနွေးရပါတယ်။ အချိန် ပေး နိုင်ရင် အတန်းလိုက်တက်ရပါတယ်။ ကိုယ့်ကလေး စာသိပ်မလိုက်နိုင်တဲ့ ဘာသာ ဆိုရင် ကလေးက ဘာချို့ယွင်းသလဲ..၊ ဒါမှမဟုတ် ဆရာရဲ့ သင်ကြားရေးကပဲ ချို့ယွင်း သလား ဆိုတာတွေကို သိဖို့ မိဘကိုယ်တိုင် စာသင်ချိန်ကို ၀င်ကြည့်နိုင်ပါတယ်။ ပြီးတော့ ဆရာကိုဖြစ်စေ ကျောင်းအုပ်ကိုဖြစ်စေ၊ မိဘက တွေ့ခွင့်တောင်း ရက်ချိန်းယူပြီး ၀င်တွေ့ ဆွေးနွေးနိုင်ပါတယ်။ ဒီလိုတွေ့တာမျိုးကိုလည်း ဆရာတွေ ကရော ကျောင်းအုပ် တွေကပါ သဘောတကျ လက်ခံကြပါတယ်။
အမေရိကမှာ ကျောင်းကောင်း ကျောင်းညံ့ခွဲတာက ဆရာကောင်း၊ ပတ်ဝန်းကျင် ကောင်း နဲ့ တော်တဲ့ကလေးတွေဖြစ်လာအောင် ဘယ်လို စနစ်တကျ မြေတောင် မြှောက် ပေး သလဲ ဆိုတဲ့ စစ်တမ်းတွေပေါ်မူတည်ပြီး သတ်မှတ်တာဖြစ်ပါတယ်။ စာမေးပွဲစနစ်နဲ့ စာမေးပွဲ ချပစ် တာမျိုး၊ အောင်ချက်တွေနဲ့ ဆုံးဖြတ်တာမျိုး မဟုတ် တာကြောင့် ဆရာဆရာမတွေဟာ တနှစ်ပတ်လုံး တာဝန်ကျေကြရပါတယ်။ ကျောင်းသားတွေကလည်း တနှစ်ပတ်လုံး မှန်မှန် စာလုပ်ကြရပါတယ်။ ကျောင်းသား တွေ ရဲ့ နေ့စဉ်အိမ်စာတွေကို တကယ်လုပ်ကြောင်း မိဘတွေက နေ့စဉ် လက်မှတ် ပြန် ထိုးပေးရပါတယ်။
ပြီးတော့ ကလေးတွေရဲ့ ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင် လေ့လာရေးခရီးတို (Field Trip) တွေလည်း တနှစ်ကို အနည်းဆုံး ၂ခေါက် ထွက်ကြရပါတယ်။ ပြီးတော့ ကျောင်းဝန်းကျင်မှာ ကလေးတွေ ပျော်ဖို့ ပျော်ပွဲ ရွှင်ပွဲတွေ လှုပ်ရှားမှုအမျိုးမျိုး Activities တွေ လုပ်ကြပါတယ်။ အဲဒီအခါတွေမှာလည်း ဆရာ ဆရာမတွေနဲ့အတူ မိဘတွေက စေတနာ့ဝန်ထမ်းအဖြစ် လိုက်ကူကြရပါတယ်။ တကယ်ကို ပျော်ပျော်ပါးပါးပါပဲ။
အဲဒီအခြေခံပုံစံကို ကျမရဲ့ သပြေညိုကျောင်းမှာ ကျမ ပြန်သုံးပါတယ်။ တပတ်မှ တရက်တည်း၊ နှစ်နာရီတည်းသာ စာသင်ခွင့်ရတဲ့ ကျောင်းမို့ မိဘတွေမကူဘဲ ကလေးတွေရဲ့ မြန်မာစာ တိုးတက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် မိဘတွေကူကို ကူရမယ့် အိမ်စာမျိုးကို ပေးရပါတယ်။ ပြီးတော့ နေ့စဉ်စောင့်ကြည့်အကဲဖြတ်တဲ့အနေနဲ့ သတ်ပုံစစ်တာ၊ အဓိပ္ပါယ် ဘယ်လောက်ထိ နားလည်သလဲဆိုတာ သိရဖို့အတွက် စကားလုံးတွေ ဝေါဟာရတွေ ၀ါကျတွေကို အရုပ်ဆွဲပြီး ပုံဖော်ခိုင်းပါတယ်။ တကယ့် လက်တွေ့အရောင် ကိုပါသိအောင် အရောင်တွေ ထည့်ခိုင်းပါတယ်။ ပြီးတော့ စာတွေနဲ့ အရုပ်တွေကို မှန်အောင် တွဲတာမျိုး၊ စာလုံးတွေတွဲတာမျိုးတွေ လုပ်ခိုင်းပါတယ်။ Puzzle ဆက်ခိုင်း တာမျိုးပေါ့။ အဲဒီအခါမှာတော့ ကလေးတွေဟာ သူတို့ သင်ပြီးသလောက် သင်ခန်းစာ တွေကို တကယ်သိ၊ တကယ်နားလည်၊ တကယ် တတ်မြောက် သွားပါတော့တယ်။
အဲသလိုပဲ ဆရာဆရာမနဲ့ မိဘတွေ တလတကြိမ် အစည်းအဝေးကိုလည်း ကျမတို့ သပြေညိုကျောင်းမှာ ပုံမှန်လုပ်ပါတယ်။ ဆရာဆရာမတွေကို မိဘတွေက အကြံပေးကြ သလို မိဘ တွေဘက်က ဖြည့်ဆည်းကူညီရမှာတွေကိုလည်း ဆရာဆရာမတွေက ပြော ကြပါတယ်။ အဲလိုပဲ ကလေးတွေနဲ့ လေ့လာရေးခရီးတို ထွက်တာတွေ၊ အပန်းဖြေ ခရီးတို ထွက်တာတွေ၊ အမေရိကန်ယဉ်ကျေးမှုအထိမ်းအမှတ် နဲ့ရော မြန်မာ့ယဉ်ကျေးမှု အထိမ်းအမှတ်တွေအတွက်ရော ပျော်ပွဲရွှင်ပွဲတွေ လုပ်ပါတယ်။
အဲဒီအခါ ကလေးတွေက ကျောင်းမှာ ပျော်လာကြပါတော့တယ်။
ဒါကြောင့်ပဲ သပြေညိုကျောင်းက ခုလောက်မြန်မြန် အခြေကျလာခဲ့တာလို့ ထင်ပါတယ်။
ပြောရရင် အမေရိကန်ကျောင်းတွေကို နမူနာယူပြီး သပြေညိုကို ထူထောင်ခဲ့တာပါပဲ။
နောက်သီတင်းပတ်တွေမှာလည်း အမေရိကန်ကျောင်းတွေရဲ့ ကောင်းကွက် ဆိုးကွက် တွေနဲ့ ယှဉ်ပြီး သပြေညိုကို ဒီ့ထက် သန်စွမ်းဖွံ့ဖြိုးအောင် ဘယ်လို လုပ်နေကြသလဲ ဆိုတာတွေ ပြောပြပါဦးမယ်။ ရည်ရွယ်ချက်ကတော့ မြန်မာပြည်က မိဘတွေ ဆရာတွေ ကို အတွေ့အကြုံတွေ ဝေမျှပေးချင်တာပါပဲရှင်။
၂၇၊ မတ်လ၊ ၂၀၁၂။
( ပြည်တွင်းထုတ် Venus News Weekly Journal ပါ အပတ်စဉ်ဆောင်းပါး-အမှတ် ၄)

မြန်မာအမေတွေ.. အမေရိကန်သားသမီးတွေနဲ့ ပျိုးပင်ပေါက် သပြေညို
တက္ကသိုလ်မှာ ဆရာမလုပ်တုန်းက ကိုယ့်ဘ၀တလျှောက်လုံး နှစ်ခြိုက်စိတ်သက်သက်နဲ့ ဖတ်လာတဲ့ စာတွေရယ်.. စာမေးပွဲအောင်ဖို့ဆိုတဲ့ စိတ်နဲ့ ကျက်မှတ်ခဲ့ရတဲ့ စာတွေရယ် ကြောင့် စာသင်ခန်းထဲကို ၀င်တော့မယ်ဆိုရင် ကိုယ့်မှာ အခက်အခဲရယ်လို့ မရှိခဲ့သလို ပါပဲ။
ခုတော့ ပရဟိတဆရာမအဖြစ် မြန်မာစာ မြန်မာစကားမသိတဲ့ မြန်မာကလေးတွေ ကို စာသင်ကာမှပဲ ကျမမှာ ဘာသာစကားသင်ကြားနည်းတွေ၊ စာသင်ခန်း ကွပ်ကဲ နည်းတွေ.. အရည်အချင်း စောင့်ကြည့် အကဲဖြတ်ပြီး အတန်းတင်ပေးတဲ့ စနစ်တွေကို ကျမ လေ့လာရပါတယ်။ ကျမ သမီးနဲ့သားကို အိမ်မှာ ကိုယ့်ဘာသာသင်နေတုန်းကတော့ အလွယ်တကူပါပဲ။ သမီးရဲ့ Level နဲ့ သားရဲ့ Level နှစ်ခုထဲကို ပုံမှန်သင်သွားရုံပဲလေ။ ခုကတော့ ကလေးတွေက အဆင့်အမျိုးမျိုး.. အခြေအနေအမျိုးမျိုး…။
သေချာ ခွဲပြရရင်.. ကလေး အများစုက မြန်မာစကားနားလည်ပြီး ပြန်မပြောတတ်တာ။ အဲဒီကလေးတွေက အများစုပါ။ ကလေးတချို့ကတော့ နည်းနည်း အဓိပ္ပါယ်ထွေပြားစေတဲ့.. နေ့စဉ်သုံး မဟုတ်တဲ့ စကားတွေဆို နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ အားသာချက်တခုက သူတို့က မြန်မာကျောင်းလာရတာကို ပျော်တာပါပဲ။ ကျမငယ်ငယ်ကတည်းက နှစ်သက်ခဲ့တဲ့ ဆောင်ပုဒ်လေးဖြစ်တဲ့ ကျောင်းနေပျော်၍ စာတော်ရမည်ဆိုသလို.. ကလေးတွေ ကျောင်းနေပျော်ပြီး စာကို တကယ်သိနားလည်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် ပြည့်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကနဦးတုန်းက နွေရာသီ ၃လသင်တန်းပဲလို့ ရည်ရွယ်ခဲ့တဲ့ သပြေညိုက ပုံမှန် တနှစ် သင်တန်း ဖြစ်သွားခဲ့ရတာပါ။
+++++++
သပြေညိုကျောင်းလေးနဲ့ ပတ်သက်ရင် ကြုံရတဲ့အခက်အခဲလေးတွေက တခါတလေ ကိုယ့်အတွေ့အကြုံနဲ့ပဲ ယှဉ်စဉ်းစားပြီး ဖြေရှင်းသွားရပါတယ်။ ဥပမာ.. ကလေးတွေကို ကဗျာသင်တဲ့အခါ၊ က-ကလေးငယ် ချစ်စဖွယ် အစချီတဲ့ ဗျည်းကဗျာမှာတောင် ကလေးတွေအတွက် သ-သပြေညို အောင်ပွဲကြို.. နဲ့ အ-အမိမြေ တို့တိုင်းပြည် ငါတို့ ချစ်တဲ့ မြေ.. ဆိုတာတွေမှာ ကလေးတွေ အထစ်ထစ် အငေါ့ငေါ့ ဖြစ်ကြရပါတယ်။ သူတို့အတွက် ခက်ပါတယ်။ ဒါပေမဲ့ “မောင်တို့ မယ်တို့ ကျောင်းခန်းဝင် .. အပြုံးပန်းကို ဆင်.. မင်္ဂလာပါ ဆရာမ.. ညီညီညာညာ နှုတ်ဆက်ကြ” ကဗျာကျတော့ အမူအယာနဲ့ ဆိုရတဲ့အပြင် သူတို့အတွက် နားလည် လွယ်လို့ထင်ပါရဲ့.. အရလွယ်ပါတယ်။ အဲလိုနဲ့ မမ၀၀ ထထက..၊ ချိုးကလေး..၊ တို့ကျောင်း..၊ ဖိုးစလုံး ကဗျာတွေ သင်လာပြီး အဆင် ပြေခဲ့တဲ့ တလျှောက်၊ “မယ်ထွေး မယ်ထွေး .. ဘာကိုပျိုး” ဆိုတဲ့ “ဥယျာဉ်မှူး” ကဗျာ လည်း ကျရော၊ သူတို့ခမျာ လျှာတွေ ခလုတ်တိုက်၊ အဓိပ္ပါယ်လည်း သေချာ နားမလည်တော့ ကျမ တော်တော် ချွေးပြန်အောင် ရှင်းပြရပါတယ်။
ဒါပေမဲ့ သူတို့ အဲဒီကဗျာကို မပျော်ပါဘူး။ နောက်ပိုင်းမှာ သူတို့ မပျော်တဲ့ သူတို့အတွက် ခက်တဲ့ ကဗျာတွေ ထဲမှာ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့.. မင်္ဂလာကဗျာလည်း ပါပါသေးတယ်။ အဲဒီကဗျာတွေက သူတို့ အတွက် တညီတညာတည်း ခက်ခဲနေခဲ့ပါတယ်။ ကျမ စိတ်ထင်တော့ သူတို့အတွက် ဘာသာစကား မရင်းနှီးမှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ပဲ အဲလို ကဗျာတွေကို မသိမသာ ကျော်သွားခဲ့ရပါတယ်။ အဲဒီလို ကျော်သွားရချိန်မှာ အဲဒီကဗျာတွေထဲက အကြောင်းအရာနဲ့ စကားလုံးတချို့ကိုတော့ သူတို့ ရင်းနှီးအောင် ကျမ တမင် ထည့်ပြောတာမျိုး လုပ်ယူရပါတယ်။
ဥပမာ… ပျိုးတယ်ဆိုတာ ဘာလဲ..။ ဥယျာဉ်ဆိုတာဘာလဲ…၊ မိုးသောက်နေ၀င်ဆိုတာ ဘာလဲ..၊ အများကောင်းကျိုး ကိုယ့်ကောင်းကျိုးဆိုတာဘာလဲဆိုတာမျိုးတွေကို စကားဆက်စပ်ပြောပြရပါတယ်။ အဲလိုနဲ့ အဓိပ္ပါယ်ကို သူတို့ သိလာပေမဲ့ ကဗျာကို အလွတ်ဆိုဖို့မှာတော့ သူတို့ခမျာ ခက်နေတုန်းပါပဲ။
++++++
ကျမတို့ငယ်ငယ်ကတော့ အဖေအမေက မအားရင်တောင် အဖိုးတွေအဖွားတွေဆီက အလျဉ်းသင့်သလို ကြားနေကျ ပုံပြင်တွေ ဆိုရိုးတွေနဲ့ ဘုရားဟောတရား တစွန်းတစ တွေကြောင့် ဒီလိုအကြောင်းအရာတွေ စကားသုံးတွေကို တကူးတကရှင်းပြစရာမလိုပဲ သိနေပြီးသားပါ။ ဒါက ဒီက ကလေးတွေနဲ့ အဓိက မတူတဲ့အချက်ပါပဲ။ သူတို့က မြန်မာ့လူနေမှုနဲ့ စိမ်းတာကြောင့် တချို့ရပ်သုံးရွာသုံးတွေကို မသိတာပါ။ ဒါကြောင့် ရပ်ဓလေ့ ရွာဓလေ့ မြန်မာ့ဓလေ့အခြေခံတွေနဲ့ ဖွဲ့တဲ့ ကဗျာတွေ စာတွေကိုတောင်မှပဲ မှတ်မိနိုင်ဖို့ တကူးတက ကြိုးစားယူနေရတာပါ။ အဲဒီထဲမှာမှ ကလေးတွေနဲ့ ကျမ ကြုံရတဲ့ အခက်အခဲတခုက စာမေးပွဲစနစ်ကိစ္စပါ။
+++++++
အနှစ် ၄၀လုံး မြန်မာပြည်ပညာရေးထဲ ကြီးပြင်းခဲ့ရတဲ့ကျမက စာသင်သားတွေကို အရည်အချင်းစစ်တဲ့အခါ စာမေးပွဲစနစ်ကိုပဲ ယဉ်ပါးနေခဲ့ပါတယ်။ အဲဒါဟာ မရည်ရွယ်ခဲ့တဲ့ ထင်မှတ်မထားခဲ့တဲ့ ကျမရဲ့ အမှားပါပဲ။
+++++++
သပြေကျောင်း နွေ ၃လအပြီးမှာ မျှော်လင့်ထားတာထက်ပိုပြီး အောင်မြင်တာကြောင့် ဆရာဆရာမတွေရော မိဘတွေပါ စိတ်ချမ်းသာကြရပါတယ်။ အမေတွေအားလုံးလိုလို ပြောကြတာက၊ သပြေညိုကျောင်းစကာစမှာ သူတို့ရဲ့ ကလေးတွေကို ကျောင်းတက်ဖို့ အရေး တော်တော် စည်းရုံး ရမယ်.. တောက်လျှောက် တွန်းတွန်း တိုက်တိုက် ကျောင်းပို့ကြရလိမ့်မယ်လို့ ထင်ထားခဲ့တာပါ..တဲ့။ ဒါပေမဲ့ ကလေးတွေဟာ မြန်မာစာ ကျောင်းလာဖို့ကို သူတို့ဘာသာကို စိတ်လိုလက်ရ ရှိလာကြတာမို့ စိတ်ချမ်းသာ ရကြောင်း.. ဆရာ ဆရာမတွေကို ကျေးဇူးတင်ကြောင်းတွေ ပြောကြပါတယ်။
ဒါနဲ့ပဲ ကျမကိုယ်တိုင်လည်း ပျော်ရွှင်ပြီး ၃လစာ သီတင်းပတ် ၁၂ပတ် သင်ထားသမျှ စာမေးပွဲစစ်ပြီး သူ့အသက် နဲ့ Level အလိုက် ပထမ ၊ ဒုတိယ ၊ တတိယ ဆိုပြီး ဆုပေးမိပါတော့တယ်။ ကလေးတိုင်းကိုတော့ လက်ဆောင်ဆုတွေ ပေးပေမဲ့ ပထမ ၊ ဒုတိယ ၊ တတိယဆု ခွဲထုတ်ပေးလိုက်တာဟာ၊ စာမေးပွဲစနစ်၊ အပြိုင်အဆိုင်စနစ်နဲ့ မယဉ်ပါးခဲ့တဲ့ ကလေးတွေရဲ့ စိတ်နှလုံးနုနုလေးကို မသိမသာ ထိခိုက်သွားစေခဲ့ ပါတယ်။ အဲလိုပဲ ဆုရသွားတဲ့ကလေးတွေကို ကျန်တဲ့ကလေးတွေက နည်းနည်းခွဲပြီး မြင်သွားခဲ့ ပါတယ်။ ဒါက အကျိုးမရှိတဲ့ ရလဒ်ပဲလို့ သိတော့ ကျမ နောက်ကျသွားခဲ့ပါပြီ။
ကျမကို ချစ်တဲ့စိတ်နဲ့ ဖွင့်မပြောကြပေမဲ့ အမေတွေလည်း သူတို့ရဲ့ သားသမီးတွေကို အားပေး နှစ်သိမ့်ရင်း စိတ်မကောင်းဖြစ်ခဲ့ကြတာကို ကျမ ရိပ်မိခဲ့ပါတယ်။ ပြီးတော့ ကျမ မေ့ထားခဲ့တာက အမေတွေဟာ ကျမလိုပဲ မြန်မာ့ပညာရေးစနစ်ထဲမှာ အပြိုင်အဆိုင် စနစ်ထဲ ကြီးပြင်းခဲ့ရပေမဲ့ သူတို့ရဲ့ အမေရိကန်မှာမွေး၊ အမေရိကန်ရဲ့ ကိုယ့်တာဝန် ကိုယ်ယူရတဲ့ ပညာယဉ်ကျေးမှုထဲ ပျော်ဝင်ယဉ်ပါးရတဲ့ သား သမီးတွေကြောင့် သူတို့က မြန်မာစိတ် တ၀က်၊ အမေရိကန်ယဉ်ကျေးမှုတ၀က် ရှိနေရသူတွေပါ။
အဲဒီအခါ တကယ်ပဲ မိဘဆရာ ပူးပေါင်းပြီး ကလေးပညာ ကောင်းရတဲ့ အမေရိကန်ပညာရေးစနစ်နဲ့ ရင်းနှီး ရသူတွေမို့လည်း သူတို့ကပါ ကလေးတွေနဲ့အတူ ကျမရဲ့ မြန်မာစာသင်ခန်းစာတွေထဲ ၀င် ဆင်နွှဲ ရ တာမို့ သူတို့လည်း ကလေးတွေရဲ့ အောင်မြင်မှု၊ ခက်ခဲမှု၊ ပျော်ရွှင်မှု၊ မပျော်ပိုက်မှုတွေကို အတူ ဖြေရှင်းကြရတာမို့ ကျမ လုပ်လိုက်တဲ့ စာမေးပွဲဆိုတာထဲ အမေတွေပါ ရင်တခုန်ခုန် ရှိကြရ ပါတော့တယ်။ ဒါနဲ့ပဲ ကျမ စနစ်ကို သေချာပြောင်းရပါတော့တယ်။
စာမေးပွဲဆိုတာ ကိုယ်စာ ဘယ်လောက် လိုက်နိုင်လဲဆိုတာကို သိချင်လို့ နေ့တိုင်း အတန်းထဲမှာ ပုံမှန် စစ်တဲ့ သတ်ပုံ ခေါ်တာမျိုးပဲနော်လို့ ပေါ့ပေါ့ပါးပါးဖြစ်အောင် ပြောရပါတယ်။ ပြီးတော့ ကျောင်းနဲ့ ပတ်သက်လို့.. သင်ခန်းစာတွေနဲ့ ပတ်သက်လို့.. ဆရာ ဆရာမတွေရဲ့ သင်ကြားရေးနဲ့ ပတ်သက်လို့ သူတို့စိတ်ထဲ ရှိတာလေးတွေ.. ပြောစေချင်တာနဲ့ Evaluation လုပ်ခိုင်းဖို့ ပြင်ဆင်ရပါ တယ်။ အဓိကကတော့ သူတို့ ပုံမှန်တက်နေကျ ကျောင်းလိုပဲ သပြေညိုကျောင်းဟာ လေ့လာ သုံးသပ်ခွင့်၊ ဝေဖန်ထောက်ပြခွင့် နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် သင်ယူခွင့်တွေ ရှိတဲ့နေရာလေးဆိုတာကို ကလေးတွေ လက်ခံအောင် ပြရတာပါပဲ။
အဲဒီအတွက် ကျမလည်း ကြိုးစားရပါတယ်။ ဘာလို့လဲဆိုတော့ ကျမကလည်း မြန်မာ အမေ.. မြန်မာ ဆရာမ ဖြစ်နေသလို ကျမသားသမီးတွေကလည်း အမေရိကန် တပိုင်း ဖြစ်နေကြလို့ပါပဲ။ ပြီးတော့ သပြေညိုအောင်ပင်လေးကလည်း ခုမှ ပျိုးပင်ပေါက် အရွယ် သာ ရှိသေးတာကိုးလေ။
၂၁ မတ်လ ၂၀၁၂။
( ပြည်တွင်းထုတ် Venus News Weekly Journal ပါ အပတ်စဉ်ဆောင်းပါး-အမှတ် ၃)
Subscribe to:
Posts (Atom)
-
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်...
-
ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံး သတိရတာ.. ခင်ဗျားပါပဲ ဂျွန်.. Elvis လို သေခြင်းကို ကိုယ့်ဘာသာ မရွေးချယ်ခဲ့ပေ...
-
ဆောင်းတွင်းကို ဖြတ်သန်းချိန်မှာ ရာသီဥတုက ချမ်း .. လေတွေများ တိုက်လိုက်လို့ တုန်ခိုက် သွားပြီဆိုရင် အမြဲတမ်း ပထမဆုံး သတိရတာက...