Nov 5, 2016

ကြွေချိန်


အဲလို ခွေခွေခေါက်ခေါက်နဲ့
အဲဒီထောင့်ချိုးလေးထဲမှာ
ပိတ်မိနေတာလား
ပိတ်ထားနေတာလား
ဆုံခြင်းဆိုတာက အဲလို ကြေးကြီးသလား
ချစ်ခြင်းတွေအများကြီး ပေးရုံနဲ့ မလုံလောက်ဘူးလား
ငြိတွယ်ခြင်းတွေနဲ့ တံတားထိုးရုံနဲ့လည်း မရောက်နိုင်ဘူးလား..
အမြဲလို…. ကြည်ရွှင် သာယာခြင်းတွေနဲ့ ဝေးလံသီခေါင်ရ
ဒုက္ခသစ္စာအကြောင်း ကောင်းကောင်းသိပါပြီဆိုလည်း သက်သာရာမရ
နောင်တမှာ နောက်မကျခဲ့လည်း
ကံတရားရဲ့နောက်ကျမှုထဲ အဖန်ဖန်
ဘယ်လောက်မှမလိုပါဘူး..
လှပသော ရွက်ကြွေရာသီထဲ
လွမ်းဆွတ်ခြင်းဘာဝနာကို အေးအေးမြမြ မှတ်နိုင်ရုံ…

၅ နိုဝင်ဘာ ၂၀၁၆

ဒီနေ့ ပိုလွမ်းတယ် ဂျွန် ...



ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံး သတိရတာ.. ခင်ဗျားပါပဲ ဂျွန်.. Elvis လို သေခြင်းကို ကိုယ့်ဘာသာ မရွေးချယ်ခဲ့ပေမဲ့ အနုပညာနဲ့ လူသားဖြစ်တည်မှုကို ခန့်ညားလေးစားတဲ့ ခင်ဗျားဟာ သေခြင်းအတွက် အဆင်သင့်ရှိနေခဲ့ပြီးသားလို့ ယုံတယ်..
ငြိမ်းချမ်းရေးကို ချစ်တာဟာ လူသားဖြစ်တည်မှု ကို ချစ်တာပဲဆိုတာ.. ခင်ဗျားပြလို့ တွေ့ခဲ့တာ သိလား။
ဘာအရေးကြီးလဲ စဉ်းစားတော့ ဒီကနေ့ ကို တည့်တည့်ရင်ဆိုင်ဖို့သာ အရေးကြီးတာလို့ ကျန်ရစ်သူ ယိုကိုဆီက ကျမ ရတယ်.. ။
ဟုတ်လား.. မိန်းမ တစ်ယောက်ကြောင့် ဂီတ အမြုတေတစ်ခု ပြိုကွဲခဲ့တယ်တဲ့လား..
ဒါဆို ရော့ခ်ဘုရင် ၄ပါး ရဲ့ ဂုဏ်သိက္ခာ နဲ့ ချစ်ခြင်းတရားရဲ့နက်ရှိုင်းမှုကို ထိခိုက်ပါ့မယ်… ။
အချစ်ဆိုတာရယ်.. အနုပညာ ရယ်ဟာ တူတူပဲ.. တခါတလေမှာ နားလည်ရ ခက်လောက်အောင် လျို့ဝှက်တယ် .. မဟုတ်လား..။
လောကထဲ နေရထိုင်ရ ခက်လာရင်လည်း ခင်ဗျားကိုပဲ သတိရတာပဲ ဂျွန် .. ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ ယိုကို ရင်ဆိုင်နိုင်ခဲ့ကြတယ်။ ခင်ဗျား ယောဂကိုလည်း တွေ့ခဲ့တယ်.. ယောဂီကိုလည်း ကြုံခဲ့တယ်..။ ကြေကွဲ နာကျင် ရတာတွေ ကြေမွ ပျောက်ရှရတာတွေ .. ကိုယ့်ကိုယ်ကိုအတွက် လုပ်ချင်တာလုပ်တာတွေ.. လူသားတွေ အပေါ် ထားတဲ့ ခင်ဗျားရဲ့ အချစ်တွေ.. ။
ခင်ဗျားဟာ အနုပညာပါပဲ ဂျွန်.. ။
ဒါနဲ့ .. ခင်ဗျား သစ္စာရော မဲ့ခဲ့ဖူး သလား..။ သစ္စာမဲ့ ခံခဲ့ရဖူး မှာတော့ သေချာသလောက်ပဲ … ။
အနုပညာသမားမှန်ရင်၊ တစုံတယောက်.. ဒါမှမဟုတ်.. ဒါ့ထက်မကရဲ့ သစ္စာဖောက်မှုကို ခံခဲ့ကြရတာ လောကနိယာမ တစ်ခုလိုပါပဲ။
ဂျွန်ရယ်.. ခုထိတော့ ကျမ နှလုံးသားမှာ ဘယ်အရာကမှ ခင်ဗျားရဲ့ Imagine ကို မကျော်နိုင်သေး..
ယိုကိုဆီက မြစ်ဖျားခံလာတာပါဆိုတဲ့ Imagine က ကျမကို ခုထိ တမြည့်မြည့် နာကျင်နေစေဆဲ…။
အို.. လူအများကြီးကို.. ဒါမှမဟုတ်.. လူတိုင်းကို နာကျင်နေစေဆဲလည်း ဖြစ်နိုင်ပါတယ်..။
ခင်ဗျားပြောတဲ့ I'm not the only one … I hope someday you'll join us .. ဆိုသလို။
ဒီနေ့ သိပ်လွမ်းတာပဲ ဂျွန် ..
ဒီနေ့ .. သေခြင်းအကြောင်း စဉ်းစားမိတယ်..
ဒီနေ့ .. တာရာမင်းဝေ ပြောဖူးတဲ့ ‘ ကိုယ့်ကိုယ်ကို လေနဲ့ မှုတ်ပြီး ငြှိမ်းပစ်လိုက်ချင်တယ်’ ဆိုတာကို
သတိရတယ် ..
ဒီနေ့ … သမီးတစ်ယောက်ရဲ့ စာတိုလေးတစ်စကနေ အတွေးရပြီး သစ်ပင်တွေကြားထဲ ..
ဒါမှမဟုတ် ပင်လယ်လှိုင်းသံတွေကြားထဲပဲ နေရတော့ရင် ကောင်းမှာပဲလို့ ခံစားရတယ်..
ဒါနဲ့ ခင်ဗျားကို ပိုသတိရတော့တာပဲ ဂျွန် .. ကောင်းကင်ဘုံမှာ နေလို့ ပျော်လား ဂျွန်…

 ၁၅ စက်တင်ဘာ ၂၀၁၆

Aug 21, 2016

“ရသစာပေဆိုတာ ယဉ်ကျေးမှုကို ထိန်းကျောင်းတယ်”

ဧရာဝတီ အင်တာဗျူး
Hits:1,597
1   | |
 မေငြိမ်း

စာရေးဆရာမ မေငြိမ်းဟာ ကဗျာအရေးကောင်းသလို ၀တ္ထုတိုတွေ၊ လုံးချင်း ၀တ္ထုတွေမှာလည်း ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးနိုင်ပါတယ်။ စာရေးဆရာမ မေငြိမ်းဟာ မြန်မာပြည်နဲ့ ကင်းကွာပြီးနောက် ၁၀ နှစ်အကြာမှာ “အရောင်ဆွံ့ လိပ်ပြာ” စာအုပ်ကို ထုတ်ဝေလိုက်ပါတယ်။ ဆရာမ မေငြိမ်း ဟာ ဒီနေ့အထိ လုံးချင်းဝတ္ထု ၁၃ အုပ်ထွက်ရှိထားပါတယ်။ ၁၉၈၉ ခုနှစ်မှာ “သီချင်းနှင်းဆီ” ၀တ္ထု စတင် ထွက်ရှိခဲ့ပါတယ်။ အဆိုတော် ဇော်ဝင်းထွဋ်အကြောင်း ရသဟန်နဲ့ရေးသားထားတဲ့ “အသံသစ် ပြတိုက်” က ဒုတိယ အကြိမ်ထိ ထုတ်ဝေခဲ့ပြီးပါပြီ။ ၁၉၈၆ ခုနှစ် မတ်လမှာ “ပေဖူးလွှာ” မဂ္ဂဇင်းမှာ “ပြည်စုံခြင်း” ဆိုတဲ့ ကဗျာနဲ့ စာပေလောကတွင်းကို ရောက်ရှိခဲ့တဲ့ ဆရာမ မေငြိမ်းနဲ့ စာပေရေးရာတွေ မေးမြန်းဖြစ်ပါတယ်။
မေး။    ။  ဆရာမ မြန်မာပြည်က ထွက်မသွားခင်တုန်းက မဂ္ဂဇင်းတွေမှာ ၀တ္ထုတွေ အများကြီး ဖော်ပြ ကြ တယ်။ ဖတ်ရတဲ့သူအတွက်လည်း အရသာရှိလိုက်တာ၊ သွေးတို့ဆိုရင် “ရှုမ၀” ၊ “ပေဖူးလွှာ” “ကလျာ”ပေါ့ နော်။ မဂ္ဂဇင်းတွေမှာ ၀တ္ထုတိုတွေဖတ်ရတာ မ၀ဘူး။ အခု ဆရာမမြန်မာပြည်ပြန်လာတဲ့အခါ ဘယ်လိုကွဲပြား ခြားနားမှု တွေ မြင်မိလဲ။ မဂ္ဂဇင်းတွေက ကွာလတီလို့တော့ ပြောကြပါရဲ့၊ ကိုင်လိုက်ရင် ထူပြီး ကြော်ငြာ တွေများနေတယ်၊ ၀တ္ထုတို ဆိုရင်လည်း၂ ပုဒ် ၊ ၃ ပုဒ်ထက် ပိုမပါဘူး။ အဲ့ဒီ့အပေါ် အမြင်လေးပြောပါဦး။
ဖြေ။    ။  မြန်မာပြည်ကနေ နိုင်ငံခြားထွက်သွားတာ ၁၁ နှစ်လောက်ရှိပြီ၊ နိုင်ငံခြားမထွက်ခင်ထိ အစ်မက ဒဂုံ တက္ကသိုလ်မှာမြန်မာစာ ကထိကတာဝန်ထမ်းဆောင်ခဲ့တာလေ၊ ကျမတို့ စာစရေးတုန်းက “ရှုမ၀” မဂ္ဂဇင်း ကနေ စင်တင် ကလောင်ဆိုရင် အထင်ကြီးတယ်။ ရှုမ၀ကို စာမူတွေပို့ခဲ့ပေမယ့် အပယ်ခံခဲ့ရတယ်၊ မရွေးခဲ့ဘူး လေ၊ စာတွေပြန်ရေးဖြစ်တော့ ပထမဆုံးဖော်ပြခံရတဲ့ ကဗျာလေးက “ပေဖူးလွှာ” မှာ ပါလာတာ။ နောက်ကျေးဇူး တင်ရမှာက “ရွှေအမြုတေ” မဂ္ဂဇင်းက ဆရာဦးဝင်းငြိမ်းပေါ့။ သူက ပို့တဲ့ ၀တ္ထုတွေကို သုံးပေးတယ်။
“စံပယ်ဖြူ” မှာ “ချစ်သူဘွဲ့” ဆိုတဲ့ ၀တ္ထုလေးပါတယ်။ ခပ်ကြောင်ကြောင်ရည်စား တယောက်အကြောင်းပေါ့။ အယ်ဒီတာက ဒေါ်ခင်ဆွေဦးလေ။ အဲ့ဒီမှာ ကိုခင်ဝမ်းက ဒေါ်ခင်ဆွေဦးသမီးရဲ့ သမက်ရဲ့ သူငယ်ချင်းပေါ့။ သူက အစ်မရဲ့ စာမူလေးကို ကောက်ဖတ်ပြီး သရုပ်ဖော်ပုံဆွဲပေးချင်တယ်ပေါ့။ အဲ့ဒီဝတ္ထုလေးပါလာ တော့ပျော်တာ ပေါ့နော်၊ ၀တ္ထုပါတာက တကြောင်း၊ ကိုခင်ဝမ်းဆွဲပေးတဲ့ သရုပ်ဖော်ပုံမို့ ဂုဏ်ယူတာက တကြောင်းပေါ့လေ။
အခုကျတော့ မဂွင်းဇင်းတွေမှာ ကြော်ငြာတွေကများနေတယ် ကိုယ့်ဝတ္ထုလေးပါရင်တောင် စာကိုအဓိကထားတဲ့ မဂ္ဂဇင်းက နည်းနေတယ်။ ဘယ်မဂ္ဂဇင်းကို ပေးရမလဲဆိုတာကိုပါ စဉ်းစားနေရပြီပေါ့။
မေး။    ။ နောက်တခုကလေ လူငယ်တွေ စာသိပ်မဖတ်ကြဘူး၊ ရသစာပေအားနည်းလာနေတယ်လို့ ပြောကြ တယ်၊ အဲ့ဒါကရော ဘာအကြောင်းကြောင့်လို့ ထင်လဲ။ အုပ်ရေတထောင်တောင်ကုန်ဖို့မလွယ်တော့လေ။
ဖြေ။    ။ စာသိပ်မဖတ်ကြဘူးဆိုတာ စားဝတ်နေရေးနဲ့ ဆိုင်တယ်။ နိုင်ငံရေးအရ ဖိစီးထားတာတွေပါတယ်။ အစ်မတို့ ကလေးတွေမှာ စာဖတ်တာကလွဲလို့ ပျော်စရာတွေများတယ်။ မူးယစ်ဆေးဝါး သုံးစွဲတာ တွေများ လာတယ်။ နည်း ပညာတိုးတက်လာတယ်ဆိုပေမယ့် စာဖတ်တာနည်းလာတယ်။ အမေရိကန်မှာ လူငယ်တွေ facebook သုံးဖို့ အတွက် အချိန်မပေးနိုင်ကြဘူး။
ဘာလို့ဆိုတော့ သူတို့မှာ တခြား Activities တွေ များတယ်။ အစ်မသမီးဆို ၁၁ တန်းမှာ High School Senior ပေါ့။ အထက်တန်းပညာရေးမှာ အခမဲ့၊ စာလိုက်နိုင်ရင် Advance Course တွေယူလို့ရတယ်။ တက္ကသိုလ်မှာ ပညာသင် စရိတ်က များတာကိုး။ အဲ့ဒီတော့ သမီးက Advance Course ယူထားတယ်။ ဘာသာပိုတွေယူ တယ်ပေါ့နော်။
ကလေးတွေက ကျောင်းကနေ Homework  တွေလုပ်ရတယ်၊  Project တွေလုပ်ရတယ်။ အစ်မသမီးဆို Project က “Woman and Environment ”။ စာအုပ်အဖုံးမှာ သုံးထားတာ သူဆွဲတဲ့ ပန်းချီပဲ လွတ်လွတ် လပ်လပ် ဆွဲလို့ရတယ်။ သစ်ပင်ကြီးနဲ့ အမျိုးသမီးပုံရေးတယ်၊ တကယ်တော့ အမျိုးသမီးနဲ့ သစ်ပင်ဟာ ထိန်း သိမ်း ဖို့ အရေးကြီးရာမှာ အတူတူပဲဆိုတာ ပြောချင်တာ။ သူ Grade A ရတယ်။ အဲ့ဒီတော့ နည်းပညာ တွေတိုး တက်နေပေမယ့် Facebook သုံးဖို့အချိန်မပေးနိုင်ဘူး စာဖတ်ကြရတယ်။
မေး။    ။ အမရဲ့ “အရောင်ဆွံ့လိပ်ပြာ”၀တ္ထုရေးဖြစ်ခဲ့ပုံလေးကိုပါ ပြောပြပေးပါလား။
ဖြေ။    ။  အိမ်ထောင်ရေးဖောက်ပြန်မှုတွေရှိတယ်ပေါ့။ အစ်မက အမျိုးသမီးတယောက်ဆိုတော့ အမျိုးသမီး ဘက်က ရေးတာ။ လူတွေကပြောကြတယ်လေ “အိမ်တွင်းအကြမ်းဖက်မှု” ဆို ယောကျာ်းက မိန်းမကို ရိုက်တာ၊ နှက်တာပေါ့။
ဒါပမေယ့် အမျိုးသမီးတွေရဲ့ စိတ်ကိုအနာတရဖြစ်အောင် လုပ်တာကလည်း Mental Abuse လို့ ထင်တယ်။ အမျိုးသားဘက်ကဖော်ပြန်မှုမဟုတ်ဘူး၊ အမျိုးသားဘက်မှာနဂိုရှိရင်းစွဲရှိနေတဲ့ အမျိုးသမီးအပေါ် ကန့်သတ် ချင်တဲ့စိတ်ကြောင့်ဖြစ်ရတဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကိုရေးတာ။ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု ကြောင့်လည်း လင်မယားတွေ ကွဲနိုင်တယ်ဆိုတာ “အရောင်ဆွံ့လိပ်ပြာ” မှာရေးဖြစ်တာပါ။
မေး။    ။ စာရေးဆရာမတယောက်အနေနဲ့ ကမ္ဘာ့စာပေနဲ့ထိတွေ့ဖို့စာများများဖတ်ဖို့ လိုမယ်ထင်ပါတယ်။ ဆရာမ ဆွေးနွေးပေးပါဦး။
ဖြေ။    ။  စာရေးဆရာဆိုတာ အမြဲတမ်းဘာစာကိုမဆို ဖတ်ရမှာပဲ၊ အနည်းဆုံးတော့ ကိုယ်နဲ့ လမ်းကြောင်း တူတဲ့ စာမျိုးကို  ဖတ်ရမယ်။ အစ်မက ရိုမန်တစ်ဇင်ဘက်ကို အားသန်တော့ အမေရိကန် စာရေးဆရာမ တွေး တာ ဖတ်ဖြစ်တာများတယ်။ ဒါပေမယ့် သိပ်စွဲလမ်းတာမျိုးတော့ မရှိဘူး။ အင်္ဂလိပ်စာကို လေ့လာတဲ့ အနေနဲ့ လည်း ဖတ်တယ်။
မေး။    ။ “ကျမနဲ့ မြန်မာစာ” ကိုဖတ်ရတော့ စဉ်းစားမိတာလေးရှိလာတယ်။ မြန်မာစာမှာ မမှားသင့်တဲ့ အမှား တွေကို စာရေးဆရာတွေ၊ သတင်းဌာနတွေကအစ မှားနေတာပေါ့နော်၊ အဲ့ဒီအပေါ် မြန်မာစာသင်နေတဲ့ ဆရာမ တယောက်အနေနဲ့ရော စာရေးဆရာမတယောက်အနေနဲ့ရော ဆရာမသဘောထားက ဘယ်လိုရှိလဲ။
ဖြေ။    ။ အဓိက က မလေ့လာနိုင်ကြတာ၊ မြန်မာစာအဖွဲ့က လူတွေဖတ်ချင်အောင်ကာတွန်းလေးတွေနဲ့ ထုတ် ထား တာတောင်ရှိတယ်၊ စိတ်ရှိရင် မှတ်မိဖို့လည်းလွယ်တယ်၊  Positive ဆို “ပဲ” Negative ဆို “ဘဲ” ပေါ့ ပဲနဲ့ ဘဲကိုသုံးတာပြောပါတယ်။ ဒီထက်ပိုဆိုတာ ရှိသေးတယ် “သူကဘာပြောလိုက်သလဲ”၊ နောက်ပစ်နဲ့ “လဲ”ရမှာ ကို “လည်း”တယ်။ “လည်း” က  Also လေ။ လွယ်လွယ်လေးတွေကိုတော့ မမှားသင့်ပါဘူး။
မေး။    ။ အခုလက်ရှိမြန်မာစာပေရဲ့အနေအထားကို ဆရာမဘယ်လိုသုံးသပ်မိလဲ။ နောက်ပြီး မြန်မာစာပေ ဒီထက် ဖွံ့ဖြိုးလာဖို့၊ ရသစာပေဖွံ့ဖြိုးလာဖို့၊ လူတွေစာဖတ်လာဖို့ ဘာတွေလုပ်သင့်တယ်လို့ မြင်မိလဲ။
ဖြေ။    ။ လူတွေရဲ့ စား၊ ၀တ်၊ နေရေး ချောချောမွေ့မွေ့ဖြစ်မှ ရသစာပေဘက်လှည့်မယ်။ ရသစာပေရှိတာ၊ မရှိ တာက သိပ်ကွာတယ်။ ရသစာပေကိုမသိတဲ့သူက ယဉ်ကျေးမှုကို မသိဘူး၊ မခံစားနိုင်ဘူး၊ “ရသစာပေ ဆိုတာ ယဉ်ကျေးမှုကို ထိန်းကျောင်းတယ်လေ”။ ရသစာပေထိုးကျသွားတာနဲ့ ရာဇ၀တ်မှုတွေ ထူပြောလာ တာနဲ့လည်း ဆက်စပ်နေတယ်။ ဒီမှာ စာအုပ်တွေထုတ်ရင် စာမူခရတာလည်း နည်းတယ်။ ထုတ်ဝေသူ လည်း ရှုံးတယ်၊ ဘာဖြစ် လို့လဲဆိုတော့ အုပ်ရေနည်းလို့။
            အမေရိကန်မှာ စာရေးဆရာ တယောက်က စာရေးတာတခုတည်းနဲ့ ရပ်တည်လို့ရတယ်။ စာရေးဆရာတယောက် ရဲ့ စာအုပ်ထွက်လာရင် စာကြည့် တိုက်တွေ မ၀ယ်မနေရ၀ယ်ရတယ်၊ အမေရိကန် ရဲ့ ပြည်နယ် ၅၀ မှာ စာကြည့်တိုက် ပေါင်း အနည်းဆုံး တသောင်းခွဲရှိတယ်။ ကျောင်းတွေမပါသေးဘူးနော်၊ စာအုပ်တအုပ်ထွက်လို့ စာကြည့်တိုက်မှာ အဲ့ဒီ စာအုပ် မရှိရင် ဂုဏ်သိက္ခာမရှိဘူးဆိုပြီး ရှက်တယ်၊ ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်တွေရှိ တယ်။ ကျောင်းတွေမှာ Reading အချိန်ပါလို့ကလေးတိုင်း တစ်နှစ် မှာ စာအုပ် ၇ အုပ်ကနေ ၁၀ အုပ်အထိ ဖတ်ရ တယ်၊ အဲ့ဒီစာအုပ်တွေဖတ်ပြီးရင် Presentation တွေ လုပ်ရတယ်။ Presentation  ကို နားထောင်ပြီး ရင် မေးခွန်းတွေ ထုတ်ရတယ်။ အမေရိကားမှာ မေးခွန်း မထုတ်နိုင်တဲ့ ကလေးဟာ သိပ်ရှက်စရာကောင်း တယ်။ 
           နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတယောက်ဟာ အနည်းဆုံးစာအုပ် ၇ အုပ်ကနေ ၁၀ အုပ် အထိဖတ်ပြီး သားဖြစ်ရမယ်။ ကိုယ်ကြိုက်တဲ့စာအုပ်ဖတ်လို့ရတယ်။ အဲ့ဒီစာအုပ်တွေအားလုံးကို အကျဉ်း ချုံးရေးရတယ်။ ပြီးရင်း Reading အချိန်မှာ Presentation လုပ်ရတယ်။ ကိုယ်ဖတ်တဲ့စာအုပ်တွေရဲ့ List ကို ဆရာတွေဆီ တင်ရ တယ်။ အဲ့ဒီတော့ သူတို့ဆီမှာရသစာပေထွန်းကားတာပေါ့။
           မြန်မာပြည်မှာ ရသစာပေထွန်းကားချင်ရင်၊ ကလေးတွေကိုဆင်ခြင်တုံတရားရှိစေချင်ရင် ကျောင်း ပညာရေး ထဲမှာ ရသစာပေဖတ်တဲ့အချိန်ထည့်ကိုထည့်ရမယ်၊ အဲ့ဒီအတွက် ပညာရေးဝန်ကြီးကပဲ ဖြစ်ဖြစ်၊ အစိုးရက ပဲဖြစ်ဖြစ် တာဝန်ယူပြီးလုပ်ကိုလုပ်ရမယ်။ အဲ့ဒါကို အခုကတည်းက ကျွဲကူးရေပါတပါတည်း လုပ်သွားရမယ်။ စီးပွားရေးတွေ၊ နိုင်ငံရေးတွေလုပ်မယ်၊ ဒီ ဥစ္စာနောက်မှလုပ်မယ်လို့ မရဘူး၊ အားလုံး တပြိုင် တည်း လုပ်သွား ရမယ် လို့ ထင်ပါတယ်။

Jul 31, 2016

စာအုပ် နှစ်အုပ်


ဒီ အရောင်ဆွံ့လိပ်ပြာ စာအုပ်လေး ပြီးခဲ့တဲ့ ဇွန်လကုန်ရက်မှာ ရန်ကုန်မှာ စဖြန့်ပါတယ်။ ထွက်ခဲ့သမျှ လုံးချင်း ၁၄ အုပ် (ဝတ္ထုတို / ဝတ္ထုလတ်ပေါင်းချုပ်တွေအပါအဝင်) ထဲမှာ တော်တော် စိတ်တိုင်းကျတဲ့ စာအုပ်လေးပါပဲ။ မေငြိမ်း ဝတ္ထုတို များ စာအုပ် ကံ့ကော်ဝတ်ရည်က ၂၀၁၂ မှာ ထွက်တုန်းကလည်း စိတ်တိုင်းကျခဲ့ရပါတယ်။ အဲဒီအတွက် ထုတ်ဝေသူတွေကို ကျေးဇူးတင်ရပါတယ်။

ဒီဝတ္ထုလေးကျတော့ ရေးရတာလည်း စိတ်တိုင်းကျတာမို့ စိတ်ထဲ အတော် ချမ်းသာတာပါ။ စာအုပ်အတွက် အဖုံးကို စဉ်းစားတော့ ကိုယ့်ဇာတ်လမ်းနဲ့ လိုက်တဲ့ပန်းချီပုံကို မထင်မှတ်ဘဲ ရလိုက်တာ။ သမီး မိကျဲလိုင်ရဲ့ School project ပုံလေးပါ။ Project ရဲ့ ခေါင်းစဉ်ကတော့ Women and Environment ပါပဲ .. အဲဒီခေါင်းစဉ် ကို ကိုယ့် Idea နဲ့ကိုယ် စိတ်ကြိုက်ဆွဲကြရတာပါ။ သမီး ပြောတာ ကတော့  သူ့ပန်းချီကား ရဲ့ Theme က အမျိုးသမီးအခွင့်အရေး ဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေး နဲ့ တန်းတူအရေးကြီး တယ် ဆိုတာကို ပြောတာပါတဲ့။

 

ဘာပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ ခံစားချက်တွေ အရေးကြီးကြောင်း ပြောချင်တာ မှာ တူတယ် ရယ် လို့ သုံးချင်လာတာပါ။ ဒါနဲ့ ကျမလည်း သိပ်သဘောကျပြီး သမီးပန်းချီလေးနဲ့ လိုက်နိုင်တဲ့ ပန်းချီ ကိုဘဌေးကြည် ကို အပ်မယ်ဆိုတော့ ကျမ ရဲ့ ထုတ်ဝေသူ ပင်ဝါးရုံ အောင်စိုးမိုး+အေးအေးပြုံး တို့က ကျမ စိတ်ကြိုက် အားလုံး။ ထုတ်ဝေသူ ကိုအောင်စိုးမိုး ခမျာ စာအုပ်အတွက် Font ပြင်တာကအစ.. စာလုံးပေါင်း.. စာသား အကျ အပေါက်အဆုံး အကုန် စစ်ရတာ အပြန်ပြန်..။ သူ့မဟေသီ အေးပြုံး နဲ့ သမီးကြီး လည်း မနေရ။ ဒါနဲ့ မျက်နှာဖုံး လှလှလေးလည်း ရလာပြန်တော့ .. ဒီစာအုပ်လေးဟာ ကျမ အင်မတန် တန်ဖိုးထားတဲ့ စာအုပ်လေး ဖြစ် လာ တာ ပါပဲ။

အဲလိုနဲ့ ဇူလိုင်လ ၂ရက် (စနေနေ့) စာအုပ် မိတ်ဆက်ပွဲလေး လုပ်မယ်ဆိုပြန်တော့ မြန်မာပြည်နဲ့ ၁၂နှစ် နီးပါး ကွဲနေခဲ့တဲ့ ကျမ ဘာမှ မသိ.. မလုပ်တတ် မကိုင်တတ်။ အမျိုးလို ချစ်ခင်ရတဲ့ ကိုစိုး နဲ့ မိကွန်ချမ်း တို့ရဲ့ မောနင်းစတားဆိုင်မှာ လုပ်မယ် ဆိုတော့.. ပွဲလေး အဆင်ပြေဖို့ ဘာမှ စိတ်ပူစရာမလို။ ပွဲအတွက် ဖိတ်စာ .. ဗီနိုင်းက အစ.. ဖိတ်စာ တွေ ဝေတာ .. လူကြီးတွေကို လိုက် ဖိတ်တာတွေအတွက်ကျတော့ အလုပ်တွေ မအားတဲ့ ကြားက စိတ်ရောကိုယ်ပါ ကူကြ လုပ်ကြရသူတွေက ကျမနဲ့အတူတူ စာအုပ် မိတ်ဆက်မယ့် ညီမ မြသွေးနီ နဲ့ သူ့ချစ်ခင်ပွန်း ကဗျာဆရာ ညိုရင့် တို့ မောင်နှံ။ ဒီတော့ ပွဲလေး စည်ကားဖို့ လည်း သိပ်မပူရပြန်။ ဒီလိုနဲ့ ပွဲနေ့ရောက်ခဲ့။


စနေမနက် မိုးတရွာရွာ.. ကားလမ်းပိတ်လှတဲ့ ရန်ကုန်မှာ.. ကားရပ်ဖို့နေရာ ရှာရခက်တဲ့ မြို့လယ်ခေါင် မှာ... မောနင်းစတားရဲ့ နေ့လယ် ၂နာရီနဲ့ ၄နာရီကြားမှာ ကျမ .. မြသွေးနီနဲ့ ပင်ဝါးရုံစာပေ ကို ချစ်ကြသူများ နဲ့ မောနင်းစတားဟာ ပြည့်လျှံ စည်ကားသွားခဲ့။ ပွဲတွေ သိပ်မသွားတော့တဲ့ ဆရာအစ်ကို ဦးဝင်းငြိမ်း နဲ့ မောင်နှမတွေလို ဖြစ်နေတဲ့ ပန်းချီဆရာ မြင့်မောင်ကျော် က စာရေးဆရာမ နှစ်ယောက်လုံးအတွက် အမှတ်တရ စကားတွေ ရင်းရင်းနှီးနှီး ပြောပေးခဲ့ကြတာလည်း တကယ့် အမှတ်တရ..။ လာရောက် အားပေးချီးမြှင့်ကြတဲ့ စာချစ်သူတွေ.. စာပေ မောင်နှမသားချင်းတွေ.. ဆရာသမားတွေ တစ်ယောက်ချင်းစီ နာမည်တပ် ကျေးဇူးတင်ဖို့တောင် အချိန် မလောက်နိုင်တာကြောင့် ကျမဖြင့် မျက်ရည်တလည်လည်နဲ့ ကြည်နူးမိ..။ ထင်မှတ် မထားတဲ့ စာရေးဆရာတွေ စာရေးဆရာမတွေ အများကြီး။ ကျမ လူစေ့ကို တာဝန်ကျေကျေ နှုတ်မဆက်နိုင် ခဲ့။ ဒါကို ဒီနေရာကနေပဲ တလက်စတည်း တောင်းပန်ပါရစေ..။ ကျမရဲ့ အရောင်ဆွံ့လိပ်ပြာ ကိုလည်း တလက်စတည်း ဝေဖန်အကြံပေးကြဖို့လည်း မျှော်လင့်ပါတယ်...။ အဲဒီနေ့ မှာ လာရောက် ကူညီ အားပေးခဲ့ကြတဲ့ ချစ်သူအပေါင်းကို ပြောမပြ တတ်လောက်အောင် ကျေးဇူး တင်ကြောင်း...။

 

++++++


အသံသစ်ပြတိုက်ကတော့ ၁၉၉၆ မှာ ထွက်ခဲ့ဖူးပြီးသားပါ။ အနှစ် ၂၀ ကြာပြီးတဲ့နောက် ဒီခေတ် စာအုပ် အပြင်အဆင်နဲ့ ကိုယ်ရေးခဲ့တဲ့အထဲက တချို့အပိုင်းတွေ ပြင်ဆင်တည်းဖြတ်ဖြည့်စွက်ချင်တာလည်း ရှိတာ မို့  စာရေးဆရာ ဝေမှူးသွင် က ပြန်ထုတ်ချင်တယ်လို့ ပြောလာတဲ့အချိန်မှာ အံကိုက်ဖြစ်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ ပြန်ထုတ်ကြမယ်လို့ စီစဉ်ပါရော။ ကိုညီထွဋ် ကိုပြောတော့ အမြဲတမ်း သူတပါးကို ကူညီ လိုက်လျောနေကျ ထုံးစံအတိုင်း တချက်မှ မငြင်းတဲ့အပြင် FM Bagan ကို ဦးစီးနေရတဲ့ အလုပ်တဘက်နဲ့ မအားတဲ့ကြား ကနေ ဓာတ်ပုံတွေ ကူရှာပေးရ.. အချိန်ပေး ဆွေးနွေးရလည်း လုပ်ရတာပါ။ မျက်နှာဖုံး ဒီဇိုင်း ကို ကိုညီထွဋ် အကြိုက် အံ့ဘွယ်ဇင် .. ကို ရွေးအပ်တာလည်း တကယ့် အမှန်အကန်ပါပဲ။ ကျမတို့ အားလုံး စိတ်ကြိုက် ဒီဇိုင်းလေး ထွက်လာ ကတည်း က ကျမ အတော် ကျေနပ်နေပြီ။ စာအုပ်အတွင်းသား စာစီ စာရိုက် အပြင်အဆင်တွေကိုတော့ ကဗျာဆရာလေး မောနွေ က အမြန်ဆုံး နှုန်းနဲ့ တပင်တပန်း လုပ်ပေးခဲ့ရ တာပါ။

 

 ဒီလိုနဲ့ တွန်းတွန်း တိုက်တိုက် ပြေးပြေး လွှားလွှား နဲ့ပဲ နောက်ထပ် ချစ်စရာ ကောင်းတဲ့ စာအုပ်လေး တစ်အုပ် ထပ်ဖြစ်လာပြန် ပါတယ်။ ဒီစာအုပ်အတွက် မိတ်ဆက် လက်မှတ်ထိုးပွဲလေးလုပ်ဖြစ်တာက ဇူလိုင် ၃ ရက်၊ တနင်္ဂနွေနေ့။ နွေးနွေးထွေးထွေး လက်မှတ် ထိုးပွဲလေး Pansodan Scene Gallery မှာ လုပ်တော့ လည်း ကိုညီထွဋ် နဲ့ ရင်းနှီးသော သူချစ်သော မိတ်ဆွေ တေးရေးဆရာ တွေ နဲ့ Rock ချစ်သူ သူ့ ပရိသတ်တွေ နဲ့ တွေ့ကြ ဆုံကြ.. ပျော်စရာ ကောင်းတဲ့ ညနေ ဖြစ်ခဲ့။ ကိုမင်းချစ်သူ.. ကိုစောခူဆဲ.. ကိုမြင့်မိုးအောင်.. ပန်းချီမြင့်မောင်ကျော်.. ကိုဟိန်းလတ် .. ကိုအောင်စိုးသူ တို့ အမှတ်တရ စကားတွေ ပြော ပြီး ကူညီ အားဖြည့် ကြ။  ဒါကြောင့် ချစ်ခင်သူများ နဲ့ ပျော်ရသော တကယ့် အမှတ်တရ ပွဲလေး ဖြစ် ခဲ့ကြောင်း။


ဒီလို ကျေးဇူးတင်စာစုလေး ရေးချင်နေခဲ့တာ.. ရန်ကုန်မှာကတည်းကပါ။ အဲဒီမှာ အချိန်မရတာနဲ့ ဒီဘက် ကို ပြန်ရောက်ပြန်တော့လည်း အချိန်အားမရတာနဲ့ ခုမှပဲ အချိန်သေချာယူပြီးရေးဖြစ်ပါတယ်။ ချစ်သောသူ များ အားလုံး နားလည်ပေးမယ်လို့လည်း တပါတည်း မျှော်လင့်ပါတယ် ရှင်။

ဇူလိုင် ၂ ရက် ၊ ၃ ရက် နေ့များအတွက် အမှတ်တရ ကျေးဇူးတင်စာ...






Apr 10, 2016

Unplayed Piano


 VOA ရဲ့ ရသစာအုပ်စင် အစီအစဉ်မှာပဲ ၂၀၀၉ ခုနှစ် ဇွန်လထဲမှာ အသံလွှင့်ခဲ့တာပါ။ ခုမှ ဖြတ်ညှပ်ကပ် Video Clip လေးလုပ်ဖြစ်ပါတယ်။ အမှတ်တရ.. ဖြစ်စေချင်တာပါပဲ။

Mar 31, 2016

၅၄ တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန် (ကဗျာ-ဖုန်းဆိုး)



၂၀၀၇ ခုနှစ်တုန်းက ရေးခဲ့တဲ့ ကဗျာဆရာဖုန်းဆိုးရဲ့ ကဗျာကို VOA ရသစာအုပ်စင် အစီအစဉ်မှာ ကျမ အသံလွှင့်ခဲ့ပါတယ်။ ခု အဲဒီကဗျာကို ဖြတ်ညှပ်ကပ်ပြီး Movie လေး လုပ်လိုက်တာပါ..။ အမှတ်တရပေါ့။