ကိုယ့်တိုင်းပြည် ပြန်ရောက်ရောက်ချင်း ကိုယ့်မွေးဇာတိမြေကို နင်းနင်းချင်း ညီမက ဘယ်ကို အရင်ဆုံးသွားမလဲ မေးတော့ ချက်ချင်း ပြန်ဖြေမိတာ.. ကျောင်းထဲ။
ကျောင်းထဲလို့ ပြောလိုက်ရင်
ကျမတို့သက်တမ်းမှာ
အားလုံး ချက်ချင်းသိတာက ရန်ကုန်တက္ကသိုလ်ထဲ ဆိုတာ ပါပဲ..။ တကယ်တော့ ကျမ တည်းမယ့် ညီမ အိမ်က ၆မိုင်.. အင်းလျားကန် ရှေ့မှာပဲမို့ ကျောင်းထဲဟာ အင်မတန် အဆင်ပြေပြေ ရောက်လွယ်မယ့် နေရာပါ။ ညီမ က ပြောတယ်… အရင်နဲ့တော့ အတော် မတူတော့ ဘူးနော်.. တဲ့။ ဘယ်လောက်မတူပါစေ.. မျက်စိမှိတ်သွားရင်တောင် လမ်းမမှားနိုင်တဲ့ ကိုယ့်အိမ် ကိုယ်ယာ ပဲ ဟာ .. ..။ ၆မိုင် .. ဓမ္မာရုံလမ်းထိပ်နားဆီက စတဲ့ အင်းလျားကန်ပေါင်ရိုး အဆုံးကနေ.. ကန်ပေါင်အတိုင်း လျှောက်… အီကိုနောက်ပေါက်ကနေ ကျောင်းထဲ ဝင် .. အီကိုစားသောက်တန်းကို ဖြတ် .. ပြီးတော့ ဂျပ်စင် ဘေး ကနေ.. ရွှေဘိုဆောင်တွေ ဒဂုံဆောင်တွေကို ရှေ့ကနေ ဖြတ်ပြီး တောင်ငူဆောင် စားသောက် တန်း ဆီကို သွားမှာပေါ့။
+++++
ကျမတို့
ကျောင်းမှာ
ရှိနေချိန်တုန်းက
မေလ ရဲ့ နွေ မနက်ခင်းဟာ ကျောင်းဝင်းနားမှာတော့ သိပ်ပြင်းပြင်းပျပျ မပူဘူးလို့ ထင်ပါတယ်။ ပြီးတော့ အင်းလျားရဲ့ လေကလည်း ခုလောက် မငြိမ်ဆိမ်ဘူးလားလို့။ အင်းလျား ရေပြင်ကို ငေးမိရာငေးရင်း ကျမ မျက်ရည်လည်လာတယ်။ အင်းလျားကန်ရေဟာ မစိမ်းတော့.. မပြာတော့… ဘာမှန်းမသိတဲ့ အမြှုပ်တွေ ထ လို့။ ပြီးတော့ အမှိုက်တွေ.. ပလပ်စတစ်စတွေ.. ဘူးခွံတွေ..။ မနက် ၁၀ နာရီ အပူအောက်မှာ အင်းလျားကန်ပေါင်ပေါ်က ခုံတန်းလေး တွေပေါ်စုံတွဲလေးတွေတချို့..။ ဒါ အင်းလျား ရဲ့ သဘာဝ ပေပဲ။ ဒီကန်ပေါင်ပေါ် ရည်းစားနဲ့ သွားဖူးလား အန်တီ .. လို့များ တစ်ယောက်ယောက်က မေးလာရင် လို့ တွေးမိတော့ ကျမ တစ်ယောက်တည်း ပြုံးလိုက်မိလေသလား..။
အီကို..
၁ နှစ်တာ တာဝန်ကျခဲ့ဖူးတဲ့ ကျောင်း.. မြန်မာစာဌာန ရှိခဲ့ရာ စင်္ကြံလမ်းဘက် လှမ်းကြည့်မိသေးတယ်.. ဌာန အဲဒီနေရာမှာပဲ ရှိနေသေးလား။ အဲဒီကိုတော့ သိပ်မလွမ်းချင်လှပါ..။ ကိုယ်တာဝန်ကျတဲ့ တစ်နှစ်က ၁၉၉၆ ကျောင်းရက်ရှည် ပိတ်ထားတာမို့ စာသင်ချိန်တွေမှ မကြုံခဲ့ရတာ။ အီကိုနဲ့ ပတ်သက်ရင် အတူတူလုပ်ခဲ့ရတဲ့ ညီအစ်မ တွေကိုပဲ လွမ်းပါတယ်။
အီကိုစားသောက်တန်းမှာ ဒေါ်ချို့ကို တွေ့ချင်တာ.. ဒေါ်ချိုက ကျမကို မြင်ရင် မှတ်မိမှာလား.. အရင်လို ပဲငပိ များများ.. ပဲပင်ပေါက်များများ နဲ့ မြီးရှည် စားချင်သေးတယ်။ ဒါပေမဲ့ ဒေါ်ချို ရှိမနေဘူး..။ ဒေါ်ချို ရှိသေးလားလို့ တစ်ယောက်ယောက်ကို မေးနိုင်ပေမဲ့ မမေးချင်ဘူး..။ တခုခု ကြားရ.. သိရမှာ စိုးတယ်..။ အီကို ကင်တင်းကနေ မာလာကင်တီးဘက်ကို ထွက်မယ်လုပ်တော့ အဲဒီမှာ စ ပြီး စိတ်ကသိကအောင့် ကြုံရတာ.. မာလာကင်တီး ဘက်ကနေ ဂျပ်စင်ဘက်ထွက်တဲ့ လမ်းမြှောင်လေးနေရာမှာ သွပ်ပြားတွေနဲ့ လမ်းပိတ်ထားသည်.. တဲ့။ အကျည်းတန်လှတဲ့ မြင်ကွင်းပဲ..။ မတတ်နိုင်ဘူး.. ဝိဇ္ဖာခန်းမဘက် ထွက်မှာပေါ့ .. အဲဒီကနေ ဝိဇ္ဇာဆောင် ပေါင်းမိုးလေး အောက်က စင်္ကြံလမ်းလေးအတိုင်း ဂျပ်စင်ဘက် သွားမှာပေါ့။
ဒါပေမဲ့
အဲဒီ စိတ်ကူးလည်း အကောင်အထည်မပေါ်ပါ။ ဘေးနှစ်ဘက်မှာ ကာရံထားတဲ့ သံပန်းကွက်တွေက ကျမရဲ့ လမ်းတွေကို တားထားကြပါတယ်။ စင်္ကြံလမ်းဆုံးရာ ရွှေဘိုဆောင်ကျမှ အဓိပတိလမ်းဘက် ထွက်ရပါ မယ်တဲ့။ ဒါဖြင့် ရွှေဘို နဲ့ ဒဂုံဆောင်တွေရဲ့ နောက်က ကျမ နာမည်ပေးထားတဲ့ မိုးပိတောက်လမ်းလေးကိုပဲ ရွေး တော့မယ်ကွာ.. အဲဒီကနေ တောင်ငူဆောင်ဆီ။
++++
ရွှေဘိုဆောင်နောက် လမ်းသွယ်လေးမှာတောင် နေအရိပ်မရှိတော့
.. နာဂစ်တုန်းက
ပြိုလဲသွားတဲ့
သစ်ပင် တွေထဲ ဒီလမ်းကလေးပေါ်က အနန်းပင်တွေ မိုးပိတောက်ပင်တွေ ပါသွားတယ် ထင်ပါရဲ့။
ရွှေဘိုဆောင်ရဲ့ ထမင်းစားဆောင်ကို အလွန်မှာတော့
ပိတ်ထားတဲ့
ဂိတ်တံခါးတစ်ခုက
ဆီးကြိုနေတယ် .. ဒဂုံဆောင်က အမျိုးသမီးဆောင် ဖြစ်သွားလို့ လုံခြုံရေးစည်းကမ်းအဖြစ် ဝင်းကို ပိတ်ထားရတာပါတဲ့။ ဆရာမ ကိုတော့ ပေးဖြတ်ပါတယ်.. သွားပါတဲ့။ ဒီ အဝန်းအဝိုင်းလေးမှာ အခေါ်ခံရတဲ့ ဆရာမ… ဆိုတာလေးကတော့ စိတ်ကို ခုထိ လှုပ်ခတ်စေတုန်းပါပဲ။ ဒဂုံဆောင်နောက်ကနေ ဂိတ်တံခါးလေး ၂ ခုကို ဖြတ်.. ဟော.. တောင်ငူကင်တီး.. တောင်ငူဆောင်…
အရင်လို
မြင်ကွင်းရှင်းရှင်းနဲ့
တောင်ငူဆောင်ကို
မတွေ့တော့။
ပိတ်ဖျဉ်အမိုးတွေ..
ထီးရွက်ကြီးတွေ..
ကားတွေ အပြည့်အကျပ်ရပ်ထားတာ.. ။ သစ်ပင်တွေအောက်မှာ စားပွဲတွေ မထားတော့။ အားလုံးက အမိုးအကာ အောက် မှာ။ မှောင်မှောင်ကုပ်ကုပ်။ တောင်ပိန္နဲပင်တွေအောက်မှာ ဘာစားပွဲမှ မရှိတော့တာဟာ ထိုင်နေကျသူ တွေ မရှိကြတော့လို့လား.. ဟင်။ ဒါဖြင့် အရှည်ကြီးဆိုင်ရော….။ ဘာ မှ
မ ရှိ ကြ တော့ ပြီ..
အဲဒီ
အပင်တွေအောက်က
စားပွဲတွေမှာ
လွန်ခဲ့တဲ့
နှစ် ၃၀ လောက်က မနက်တိုင်းထိုင်တတ်တဲ့ ဆရာ နှစ်ယောက် နဲ့ တပည့်မ တစ်ယောက်ကို ဒီအပင်ကြီးတွေ အမှတ်မရဘူးလို့ ပြောနိုင်လား..။
+++++
ဆရာ
နှစ်ယောက်မှာ
တစ်ယောက်က
မော်ဒန်စာပေ
သီအိုရီတွေကို
ပိုင်ပိုင်နိုင်နိုင်..
ရေးနေ.. ပြောဟောနေတဲ့ အပြင် သူကိုယ်တိုင်က အလေးစားခံ မော်ဒန်စာရေးဆရာကြီး ။ တစ်ယောက်ကတော့ ကဗျာဆရာကြီး.. သူငယ်ချင်း.. မင်း သူ့ကိုကြည့်ဆိုပြီး လောကအကြောင်း အကောင်းအဆိုးကို ထိထိမိမိ ပြောပြဖွဲ့ဆိုနေတဲ့ ကဗျာ ဆရာကြီး။ ဆရာကြီး နှစ်ယောက်နားမှာတော့ ဆရာ နှစ်ယောက်ပြောသမျှ ကလေးလို နားထောင်ပြီး ရယ်လိုက်မောလိုက်.. တခါတလေ စိတ်တိုလိုက် ..
ငါ
မပြောချင်လို့နော်..
ဇော်မြင့်.. တော်တော် ကြောင်တဲ့ဟာတွေ.. ကွာ
ဟာ..
ဘာအရေးကြီးလဲကွာ…
ဆရာက
ပြောလိုက်ရင်
အရေးမကြီးဘူးပဲ..
သမီးကတော့
စိတ်တိုပါတယ်..
အေးလေ
.. ပြောလိုက်စမ်း မေငြိမ်း..
ဟုတ်ဘူးလေ..
ငါပြောတာက
ကဗျာရေးလိုက်ပေါ့..
ပြီးတာပဲ.. အဲလို..
အဲဒီ
ဆရာနှစ်ယောက်နဲ့
တပည့်မ တစ်ယောက်နဲ့အတူ တခါတလေ.. ဗိုလ်တိုး (အောင်ကျော်တိုး-စိတ်ပညာ) ရှိတယ်။ တချို့ ဆရာကြီး ဆရာမကြီးတွေ ရှိမယ်.. တချို့ တပည့်ကြီးတွေ ရှိမယ်။ အဲလို အခါတွေမှာတော့ စကားဝိုင်းက အတည်အခန့်တွေ ကြားရမယ်။ ဆရာနှစ်ယောက်နဲ့ တပည့်မ တစ်ယောက်.. ပဲ ရှိမယ့် မနက်ခင်း တွေဆိုရင်တော့ တပည့်မက ဘာသာဗေဒ နဲ့ သဒ္ဒဗေဒဘာသာတွေမှာ ညံ့တဲ့ကိစ္စကို မကျေမနပ် နဲ့ ဘာသာဗေဒ ဆရာဖြစ်တဲ့ “သူငယ်ချင်းကဗျာဆရာ” ကြီးက ပွစိပွစိနဲ့ ပြောမယ်.. ။ အဲဒီအခါ မော်ဒန် ကဗျာဆရာ စာရေးဆရာကြီးက စာရေးဆရာ ကဗျာဆရာမ.. ဘာသာဗေဒပညာ စိတ်မဝင်စားလည်း အရေးမကြီးဘူးကွာလို့ မထိတထိ စမယ်..။
သူငယ်ချင်းကဗျာဆရာကြီးက တကယ်တော့ စကားဖွယ်ဖွယ်ရာရာ မပြောလှပါဘူး.. တခါတလေ.. မြတ်လေး ရဲ့ သီချင်းတချို့ကို တပိုင်းတစ ညည်းတတ်တာမျိုးတော့ ရှိပါရဲ့။ စကားပြောရင်လည်း သူတို့ ခေတ်ပြိုင် သူငယ်ချင်း စာရေးဆရာ ကဗျာဆရာတွေရဲ့ ရှေးဟောင်းနှောင်းဖြစ် အကြောင်းတွေသာ ပြောတတ်ပြီး ရယ်ကြ မောကြရတာပဲ။ သူငယ်ချင်းကဗျာဆရာကြီးက လူတွေကို နာမည်ပြောင်ပေးရာမှာလည်း အလွန် ထိမိ လေ တော့ သူပေးတဲ့ နာမည်ပြောင်တွေနဲ့ သူတို့ရဲ့ သူငယ်ချင်းတွေဟာ သူပြောတဲ့ ဟာသတွေထဲ အမြဲ သက်ဝင် နေတတ်တာ။ ဆရာ သရော်စာပါ ရေးသင့်တာဗျ.. လို့ ကျမက ပြောရင်တော့ တော်စမ်းပါ.. ပျင်းစရာကြီးလို့ တုံ့ပြန်တတ်တာပါ။
မော်ဒန်
စာရေးဆရာကြီး
ကတော့ “ဒီလို မနက်ခင်းမျိုးကမှ ထီးဆိုင်ရဲ့ လိမ်မော်ချိန် သီချင်းနဲ့ လိုက်တာ”.. “ဒီလ.. နိုင်ဇော် နဲ့ ဂျူး .. ဖတ်ပြီးပြီလား” “အဲဒီ ဝတ္ထုတွေအကြောင်း ဒီနေ့ Lecture မှာ ပြောမယ်”.. “ည အိပ် မပျော်တဲ့အခါ မောင့် လပြည့်ဝန်း ကိုပဲ တစ်ည လုံး အပြန်ပြန် နားထောင်တာ.. .. ချစ်၍စွန့်သွားတဲ့ မင်း ကို.. စွန့်၍ ချစ်သွားမယ် လေ.. ဆိုတာ ရဖို့ အင်မတန်ခက်တဲ့ အတွေး..”ဆိုပြီး စုတ်သတ်တဲ့ အဖိုးကြီးက နေ့ အိပ်မက် အလွမ်းတွေထဲ လည်း မျောလွင့်နေတတ်သေးတာ.. ။ ယုဇနမခင်ပျိုအကြောင်း ကျမက တခုတ်တရ ပြောရင် သူက ရှက် နေတတ်သေးတာ။
မင်း
တို့ဆရာတပည့်
နှစ်ယောက်ကတော့
လိုက်တယ်.. မော်ဒန် နဲ့ အချစ် နဲ့.. ။ ဆရာကလည်း အလံနီသာ ပြောတာ.. အချစ်ကျတော့လည်း နီပါသဗျာ.. တပည့်မကလည်း ဘဝထဲ ပင်ပန်းတယ် ပင်ပန်းတယ်နဲ့ ရေးတော့လည်း အချစ်မှ အချစ်.. ဟားဟားဟား..
အမယ်..
ဆရာရော ငယ်ငယ်က အချစ်ကဗျာမရေးဘူးလား ပြော..
ဒီလောက်ကြီး
မရေးပါဘူး
ဟာ.. တခါမှကို သေသေချာချာ မရေးပေါင်ဗျာ..
အာ..
မေငြိမ်းကလည်း
မေးနေသေးတယ်.. သူ ဘယ်လို အချစ်ကဗျာရေးမလဲ.. အချစ်မှ မရှိတာ..
လာပြန်ပြီ..
ငါ့ ချီး ..
ပြီးတော့လည်း
ရယ်ကြရ။
တခါတလေတော့
ဘဝအမောတွေထဲ
ကျမက ညည်းမိတယ်.. အဲဒီအခါ ကဗျာဆရာကြီးက နင်ကလည်းဟာ ညည်းလိုက်တာ.. ခိုလိုပဲ.. မညည်းစမ်းပါ နဲ့။ ညည်းလို့လည်း ထူးလာတာမှ မဟုတ်တာ..။
သြော်ကွာ..
ညည်းလိုက်ရတော့လည်း
ထွက်ပေါက်ပေါ့.. ဒါပေမဲ့ မေငြိမ်းရ.. အနုပညာသမားဟာ သူများ ထက်ပိုပြီး ထွက်ပေါက် ရှိတယ်ဟ.. စာတွေ ဖတ်စမ်း… နိုင်ငံတကာ စာတွေ ဖတ်နိုင်အောင် လုပ်စမ်း…
ကျမကတော့
ဘဝထဲ လက်ပစ်ကူးရင်း မော်ဒန် ဆရာကြီး ပြောတဲ့ နိုင်ငံတကာစာတွေ ခုထိလည်း စေ့စေ့ ငုငု မဖတ် ဖြစ်သေး။
တခါတလေတော့
သူတို့နှစ်ယောက်ရဲ့
စကားဝိုင်းက
လေးလေးလံလံ
ရှိတတ်.. ဒါပေမဲ့ ခဏလေးပါပဲ။ အမြဲတမ်း ကတော့ ချစ်စရာကောင်းတဲ့ ပျော်စရာကောင်းတဲ့ စကားဝိုင်းတွေပဲ။ ကျမကိုဆို သူတို့က သားသမီး လို ရင်းနှီးလေတော့ သူတို့ ပြောနေကျ စကားတွေ လွတ်လွတ်လပ်လပ်ပြောကြတာ။ ကျမက ဒါတော့ စာထဲ ထည့်ရေးလိုက်မှာလို့ ပြောရင် မော်ဒန်အဖိုးကြီးက ကြည့်လုပ်နော်.. တဲ့။ တကယ် ကျမရေးပြီး ပြရင် နှစ်ယောက်စလုံး တဟဲဟဲ နဲ့ ပြုံးစေ့စေ့ရယ်ကြတာ။
+++++
အဲဒီ
ရယ်သံတွေ… အဲလိုမျိုး ရယ်သံတွေ.. ဘယ်တော့မှ ပြန်မရနိုင်တော့။ ဒါပေမဲ့ အငွေ့အသက်တွေလောက် တောင် ပြန်မရနိုင်ဘူးလား..။ ဥပမာ .. အရင်လို တောင်ပိန္နဲပင်အောက်မှာ သစ်သားစားပွဲဟောင်းလေးတွေ နဲ့ ထိုင်ခုံနဲ့နဲ့လေးတွေ.. ဒန်ရောင် ရေနွေးကရားနဲ့ လဘက်ရည်ခွက်အပဲ့အရွဲ့လေးတွေ။ အချိန်မရွေး ဝုန်းကနဲ ပြုတ်ကျလာတတ်တဲ့ တောင်ပိန္နဲသီးတွေ..။ အရှည်ကြီးဆိုင်က ကိုတင်အောင်လေး တံမျက်စည်း လှည်းထားတဲ့ ကြားက တဖွဲဖွဲကျထားတဲ့ တောင်ပိန္နဲရွက်ကြွေတွေ.. ဟိုဘက်ဝိုင်း ဒီဘက်ဝိုင်း ရယ်သံတွေ.. ငြင်းခုန်သံတွေ လွင့်ပျံလာတဲ့အခါ လှည့်ကြည့်ကြရင်း အချင်းချင်း ရယ်မောကြရတဲ့ ချစ်စရာ စကားဝိုင်းတွေ…။ ဘာ မှ ရှာ မ တွေ့ တော့။ ဒါ ကျမ ထားခဲ့တဲ့ တောင်ငူကင်တီးမဟုတ်…
ကျမ
ပြန်လာတာ… ။ ကျမ အဝေးမှာ ကြာခဲ့တာ ၁၀ နှစ်ကျော်လေးပါ.. ။ ဒါပေမဲ့ ပျောက်ရှခဲ့တာ.. နှစ် ပေါင်း များ စွာ … ဘ
ဝ များ
စွာ
…
ဘယ်သူ့ကိုမှ
လက်လှမ်းမှ
မမီနိုင်တော့တာ
ကြေကွဲစရာ
အကောင်းဆုံး။
သိလား ဆရာ .. ဆရာတို့ကို လွမ်းရ တဲ့ အလွမ်းမှာ သမီးဟာ ဆရာတို့ အနားက အမြဲတမ်း တပည့်မ .. ပါ။
မေငြိမ်း
မတ်လ
၁ ရက် ၊ ၂၀၁၇။
(Idea Magazine)
+++++