Jun 15, 2007

အမေတစ်ယောက်ရဲ့ကဗျာ

ဒီနေ့တော့ စာမရေးချင်ပါ..
မွေးနေ့နဲ့ဆက်ပြီး ဟိုတွေးဒီတွေးနေရင်းက ကျမသားကြီးကို မွေးပြီးစမှာတုန်းက မိန်းမတစ်ယောက်ရဲ့ မိခင်ဖြစ်စ စိတ်ခံစားချက်အပြောင်းအလဲကို ၀တ္ထုတိုတစ်ပုဒ် ရေးခဲ့ဖူးတာပြန်တွေးမိပါတယ်။ အဲဒီဝတ္ထုလေးက ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်က ဂျပန်လူမျိုး မြန်မာစာပါမောက္ခ မပန်းခက် တာဝန်ယူ ထုတ်ဝေတဲ့ မြန်မာအမျိုးသမီးစာရေးဆရာတွေရဲ့ ဂျပန်ဘာသာပြန် ၀တ္ထုတိုပေါင်းချုပ်ထဲမှာ ပါဖူးပါတယ်။

ခု..အဲဒီဝတ္ထုလေး တင်ပေးချင်ပါတယ်။

အမေတစ်ယောက်ရဲ့ကဗျာ

အံ့သြဖွယ်ကောင်းလှစွာပင်လောက၌..ဘ၀၌..စင်စစ်ခါးသီးဖွယ်ဖြစ်သော သင်္ချိုင်းတစ်ခု၏ဆန်းကြယ်စွာ လှပမှုနှင့် မွေ့လျော်ပျော်ရွင်ဖွယ်ကောင်းမှုကို သူမခံစားနေရသည်။တကယ်ကတော့..သူမသည် သင်္ချိုင်း ဟူသော ဝေါဟာရနှင့်တကွ ၄င်း၏နောက်ဆက်တွဲ အဓိပ္ပါယ်မြင်ကွင်းတို့ကို ကြောက်ရွံ့စက်ဆုပ်တတ်သူသာ ဖြစ်၏။

+++

သူမအတွက်တော့ ကလေးတစ်ယောက်မွေးဖွားလိုက်ပြီး နောက်ပိုင်းဘ၀သည် တသက်တာလုံး သူမ ပိုင်ဆိုင်ခဲ့ သမျှ လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်း၊ပေါ့ပါးခြင်းနှင့်မာနတရားစသည်တို့ကို အပြီးသတ် ချုပ်ငြိမ်းမြှုပ်နှံလိုက်ရသော ကာလသင်္ချိုင်းတစ်ခုသာဖြစ်သည်။

မျှော်လင့်စောင့်စားရက်အတော်များများကိုကျော်လွန်ခဲ့ပြီးမှ၊ နွေဦး၏အပူလျော့သောတစ်ညဦးမှာ သားကို သူ အောင်အောင်မြင်မြင်မွေးထုတ်နိုင်ခဲ့သည်။ တကယ့်ကို ထွားပေ့၊ဖြူနုပေ့ဆိုသောသားသည် အလွန် ချစ်ခင် နှစ်လိုစရာကောင်းလှသော ငိုသံကျည်ကျည်လောင်လောင်ဖြင့် သူ့အမေ၏ ဘ၀တစိတ်တပိုင်းကို သင်္ချိုင်းတစ်ခုတွင် မြှုပ်နှံပစ်လိုက်သူပဲဖြစ်၏။ဇောချွေးတို့ရွှဲနစ်ကာ မောပန်းနွမ်းနယ်နေသောအမေလုပ်သူက၊ ထိုအချိန်မှာတော့ဖြင့် ကိုယ်တိုင်ကိုယ်ကျ နှစ်ဝင်အမြှုပ်နှံခံနေသောအဖြစ်ကို လုံးဝမေ့လျော့နေခဲ့သည်။ သူမ၏ရင်ကို ပရမ်းပတာခုန်စေသော လူပေါက်စကလေးကို တစိမ့်စိမ့်ကြည့်ကာ အတိတ်၊ ပစ္စုန်၊ အနာဂတ် အစရှိသော အချိန်တို့ကိုမေ့ခဲ့၏။ ကြည့်စမ်းပါဦးအရပ် ငါးပေနှစ်လက်မနှင့် မည်သည့်အခါကမျှ ကိုးဆယ့်ငါး ပေါင်ထက်မပိုသော ကိုယ်အလေးချိန်ရှိခဲ့သည့် မိန်းမငယ်လေးက အရပ်နှစ်ဆယ့်နှစ်လက်မရှိသော၊ ရှစ်ပေါင်ခုနစ်အောင်စရှိသောသားယောက်ျားကိုမွေးထုတ်လိုက်သတဲ့။အဲဒီအချိန်မှာ…(မဆီမဆိုင်)
ကိုယ့်ကိုယ်ပင် ဂုဏ်လုပ်နေမိ
ိသေး၏။

မှတ်မိသေးသည်။သားကို ကိုယ်ဝန်အဖြစ်လွယ်ထားစဉ်မှာ သူမက အချစ်လုံးချင်းဝတ္ထုတစ်ပုဒ်ကိုရေးနေဆဲ ရှိခဲ့သည်။ ထိုစဉ်က သူမဒိုင်ယာရီတွင် သူမ၏အကျင့်အတိုင်း ရင်ဖွင့်တော့
ဗိုက်ထဲက ကလေးသာ သမီးကလေးဖြစ်ခဲ့ရင်..မေမေရေးနေတဲ့အချစ်ဝတ္ထုကြောင့် ကလေးလေးက အချစ်ဆိုတာကို သိပ်ခံစားတတ်မယ်ဆိုရင်ဒုက္ခပဲဟု ရင်ဖွင့်မိသည်။ ကလေးလေး၏အဖေလုပ်သူကတော့ ထုံးစံအတိုင်း ရယ်ပွဲဖွဲ့ခဲ့၏။ ပြီးတော့၊သူ့အကျင့်အတိုင်း သူမ၏ဒိုင်ယာရီကိုဖွင့်ကာ ဘ၀မှာ ငဲ့စရာ တစ်ယောက် တိုးလာပြီ ဒါဟာ..ကိုယ့်အတွက် ပျော်စရာမကောင်းလှတာတော့ အမှန်ပဲ..
ဟု သူမ ကိုယ်ဝန်ရှိစမှာတုန်းက ရေးထားခဲ့သော စာသားတို့ကို ဖတ်ပြပြီးတော့လည်း ဟားပြန်သည်။

တခါတရံ၊သူမက ဟိုတွေးဒီတွေးလုပ်နေရာမှ'ကိုရေအထဲက ချာတိတ်အပြင်ရောက်လာရင် မိန်းမ အရင်လို Heat is on တို့ Lambama တို့နဲ့ လိုက်ကဖို့ မကောင်းတော့ဘူးထင်တယ်နော်။ Power of love တို့ We are the world တို့ လိုက်အော်ဆိုရင်လည်း ကလေးက အမေကိုလေးစားပါ့မလားပဲဟု လှမ်းပြောမိ သည်။ ထိုအခါများတွင်မတော့ အဖေလုပ်သူကိုယ်တိုင်မျက်မှောင်တွန့်ကာ အစဉ်းစားကျပ်သွားတတ်တာ သူမ မှတ်မိသည်။ကလေးနှင့်ပတ်သက်ရင် ပျော်စရာအကောင်းဆုံးကတော့ နာမည်ရွေးစဉ်ကပဲဖြစ်သည်။ အဖေနှင့် အမေနှစ်ယောက်သားခေါင်းဆိုင်ကာ တတ်သမျှမှတ်သမျှ တွက်ချက်။ပြီးတော့၊ရွေးရမည့်နေ့နံတွေထဲမှလှသော နာမည်တွေစု။ရွေးချယ်။ ငြင်းခုန်။ ဒါပေမဲ့၊နောက်တော့လည်း အဖေလုပ်သူကသာ အနိုင်ရခဲ့သည်။ သမီးကလေး ဆိုရင်ငြိမ်းသက်ငြိမ် တဲ့။ သားကလေးဆိုရင်ထူးမြတ်တဲ့။ ပြီးတော့၊ကို့်ယ်ဘာသာကိုယ်သဘောကျကြရပြန် သည်။

ထိုစဉ်အချိန်တွေမှာလည်း၊ပန်းပေါင်းစုံတို့ဖြင့်ဝေဆာသည့် သူမ၏လှပသော ကာလသင်္ချိုင်းကို မေ့နေခဲ့သည်ပင်။

++++

မျှော်လင့်ထားတာထက် သားဟာချစ်စရာကောင်းတယ်။
ဒါပေမဲ့၊ လွတ်လပ်ခဲ့ဖူးတဲ့ဘ၀ကိုတော့ လွမ်းတာပဲ။

အရင်လို ကိုယ့်စိတ်နဲ့ ကိုယ့်ကို လွတ်လွတ်လပ်လပ် ပျံသန်းဖို့
လွယ်ကူပါအုံးမလား
။အမေကလွတ်လပ်မှုကိုမက်မောလွန်းတယ်
သားရယ်။ ပြီးတော့ အစွဲအလန်းကြီးသူလည်း ဖြစ်ပြန်တယ်။
ဒီလိုနဲ့ပဲ ၊
သားကိုစွဲလန်းနောက်ဆံတင်းရင်းအမေ့လွတ်လပ်မှုကို
အမေကိုယ်တိုင်ပဲ
ချေဖျက်ပစ်တယ်လိမ့်မယ်ထင်ပါရဲ့ကွယ်။

ခုတော့၊သားတစ်ပတ်သားမှာ ကိုယ်တိုင်ရေးထားတဲ့ ဒိုင်ယာရီထဲကစာလုံးတွေကပဲ သူမကိုလှောင်ပြောင်ခဲ့ပြီ။ တနေ့တနေ့၊ သားရဲ့ဝေယျာဝစ္စကို ကိုယ်တိုင်လုပ်ရမှ..ဆိုတာနှင့်ပင် စာရေးဖို့ကို သူမခံစားမရတော့။ပြီးတော့၊ သူမကပြုံးပြုံးကလေးလုပ်ပြီး ပြောတတ်သေးသည်။ အပြည့်အ၀ခံစားလိုက်ရင် စာအနေနဲ့ ရေးထုတ်လို့ မရတော့ဘူးတဲ့။ မိခင်မေတ္တာဆိုတာက ရင်ထဲမှာပဲပြည့်ကျပ်နေတော့တာတဲ့။သားနှင့်ပတ်သက်ပြီး ၀တ္ထုတစ်ပုဒ် လောက်ရေးပါဦးဟု ပြောလာသူတွေကို သူမခုလိုပဲတုံ့ပြန်သည်။ သို့ပေမဲ့၊ညတိုင်းမှာတော့ သူမမက်မောလှတဲ့ ဘ၀ရုပ်အလောင်းတစ်ခုကို ကိုယ်တိုင်မြှုပ်နှံဖို့ရာ မြေကျင်းကို နက်နက် တူးမိနေသည့် အဖြစ်ကို တွေးမိမြဲသာ ဖြစ်သည်။ထိုအခါများမှာ သူမ၏ညာဘက်ဘေးမှာ အိပ်မောကျနေသည့် သားကလေးကို ငေးမိလျှင်တော့ အတွေးတို့လည်းပျက်မြဲသာဖြစ်သည်။

++++++

တကယ်တမ်းကျတော့၊ သူမက အဖွဲ့အစည်းဆိုသည်ကို နှစ်ခြိုက်သူမဟုတ်ပေ။
မိသားစုဘ၀သည်ပင် စိတ်သံယောဇဉ်မပြတ်နိုင်လွန်းသော ကွင်းဆက်တွေများလှသည့်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတတ်၏။ စင်စစ်၊ သူမသည် အတ္တကြီးသော ကိုယ်လွတ်ရုန်းတတ်သော မိန်းမ တစ်ယောက် ဖြစ်သည်။လင်ယောက်ျားကိုလဲ သူငယ်ချင်းပေါင်းပေါင်းကာ သူ၏မိတ်ဆွေများကိုပင် ကိုယ့်မိတ်ဆွေများ
လိုဖြစ်သွားအောင်သူမက ရင်းနှီးတတ်ပြီး ထိုအ၀န်းအ၀ိုင်းကလေးကို စွဲလမ်း ခင်မင်နေ တတ်ပြန်သည်။ သို့ပေမဲ့၊ အဲဒါကလည်း ကိုယ့်တာဝန် လုံးဝမရှိသော အခြေအနေမို့သာ သူမက ထို အ၀န်းအ၀ိုင်းကို တွယ်တာခြင်းမျိုးဖြစ်သည်။ သားကို ကိုယ်ဝန်ရှိတော့ သူမနှင့်ခင်ပွန်းသည်ကို ပူးတွဲ တုပ်နှောင်သောကြိုးတစ်ချောင်းပဲဟု စိတ်ပျက်ဖူးသေး၏။ နောက်ကျတော့ ရယ်စရာကောင်းလှသော သူမသည် သန္ဓေသားငါးလမှာ ဗိုက်ထဲက ကလေး သိသိသာလှုပ်ရှားစဉ်မှာတော့ ရုပ်ပျက်ဆင်းပျက် ရင်ခုန်ကာ ပျော်နေပြန်သည်။ ခင်ပွန်းသည်ပြောသလိုပင် တကယ်တော့ သူမက စိတ်ကူးယဉ်တတ်သော စိတ်အလိုလိုက်တတ်သော မိန်းမပဲဖြစ်လိမ့်မည်။

နောက်တော့၊ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံးမှာ စိတ်တွေကလည်း အမျိုးမျိုးပဲ လှုပ်ရှားနေခဲ့သည်။ အချိန်ရသရွေ့မှာ ထူးအိမ်သင်၏
အမေ့ရဲ့ဒုက္ခအိုးကလေးကို နားထောင်ရင်း သားကိုဘယ်လိုပျိုးထောင်မလဲ၊ သမီးကိုဘယ်လိုမွေးမြူမလဲဟူသော မေးခွန်းများကို တွေးပူနေမိပြန်သည်။ ထိုအတွေးတွေကို ပြောပြတော့ သူငယ်ချင်းတစ်ယောက်က ဒါလား နင်ကလေးရတော့မှာမို့ စိတ်ညစ်တယ်ဆိုတာဟု ပြုံးစစနှင့် ပြောဖူးသည်။ တကယ်လည်း သူမက သားသမီးနှင့်ပတ်သက်သော စိတ်ကူးယဉ်တွေ များနေခဲ့သည်ပဲ။ သားသမီးတို့ကို စာအလွန်ကျက်သော၊ မှတ်ဥာဏ်ကောင်းလွန်းသူ သို့ပေမဲ့ တချိန်တည်းမှာ ဆင်ခြင်ဥာဏ်နည်းပါးတတ်သူ မျိုးလည်း မဖြစ်စေလိုပါ။သူမ၏သားသမီးတို့ကိုဆင်ခြင်ဥာဏ်ရင့်သန်သော လောကအလှကို ချစ်မက်ပျိုးထောင် လိုသော၊ဘ၀ကိုမကြောက်သော ကလေးတွေသာဖြစ်စေချင်လှသည်။ သမီးဆိုလျှင်ပန်းချီဆွဲပြီး ကြီးလာလျှင် ကျောင်းဆရာမ လုပ်စေချင်သည်။ သားဆိုလျှင်တော့ စိတ်ထားနူးညံ့ကာ ဆုံးဖြတ်ရဲသော ယောက်ျားတစ်ယောက် ဖြစ်စေလိုသည်။ ကြီးလာလျှင်တော့ သီချင်းဆိုစေချင်သည်။ သူမသည် သီချင်းများကို တရားလွန်ချစ်သူမို့ သီချင်းဖန်တီးရှင် ရေးသူနှင့်ဆိုသူတို့ကို အထင်တကြီးလေးစားတတ်သော မိန်းမတစ်ယောက်ဖြစ်သည် မဟုတ်လား။ သားသီချင်းဆိုသည်ကို တမေ့တမော ငေးမောနားထောင် လိုလှသည်။ သားကရော စိတ်ခံစားမှု အင်အားအပြည့်နဲ့ သီဆိုမည့် အဆိုတော်ဖြစ်မလားဟင်

+++++

သို့နှင့်ပင်၊ ထိုစဉ်က သန္ဓေလွယ်ကာလ ဆယ်လသည် သူမအတွက်တော့ တိုတောင်းသော အချိန်ကာလသာ ဖြစ်နိုင်ခဲ့သည်။ သတ်မှတ်ထားသော
မွေးဖွားရက်ထက် ဆယ်ရက်နောက်ကျနေပြီဖြစ်သော သူမအတွက် ဒေါက်တာသန်းထွ်(လင်းဆေး-၁) က ဆေးရုံမှာ ဓါးတပြင်ပြ င်ဖြစ်နေပြီ။ မိတ်ဆွေများကို ဂရုစိုက်ကူညီတတ်သော ကိုသန်းထွတဋ်ကို အားနာသည့်ကြားမှပင် သူမကတော့ ဗိုက်ခွဲမွေးဖို့ကို ခေါင်းမာမာနှင့်ပင် တင်းခံငြင်းဆန်ခဲ့သည်။ ဘာ့ကြောင့်တဲ့လဲ။ စိတ်ကူးယဉ်လှသည့် ထိုမိန်းမက ဗိုက်နာသောဝေဒနာကို ခံစားချင်သတဲ့။ သဘာဝအတိုင်း ဗိုက်အရမ်းနာ၊ အင်အားသုံးပြီးတော့သာ ကလေးကိုမွေးထုတ်ချင်သတဲ့။
ဒါဟာ၊ မိခင်စိတ်ဟု တော့ သူမ မထင်လှပါ။
စိတ်ကူးယဉ်ခြင်းသက်သက်သာဖြစ်နိုင်အုံးမည်။ သို့ပေမဲ့
သားကို သူမ မျှော်လင့်သလိုသာ၊ သဘာဝအတိုင်း တပင်တပန်းဖြင့် မွေးဖွားနိုင်ခဲ့သည်။ ပြီးတော့ သူမကို အမေမွေးခဲ့စဉ်တုန်းကလိုပဲ သားကိုလည်း ညှပ်ဆွဲ(Forceps)သုံးပြီး မွေးခဲ့ရသည်။ မတ်လ၁၁ရက်၊ တနင်္လာနေ့ (ကျမနဲ့မွေးနေ့တူ) ည ၇နာရီ မိနစ်၄၀၊ ယောက်ျားကလေး၊ ၈ပေါင်၇အောင်စတဲ့။ မွေးဖွားပေးသော ဒေါက်တာ သီတာဦးခင်နှင့် သူနာပြုဆရာမကြီးတွေကပင် ရယ်မောထုတ်ပြောရလောက်အောင်ပင် သူမဘက်ကို ဇောက်ထိုးအနေအထားဖြင့် ကြည့်နေသည့် သားပေါက်စကလေးကို သူမက နာကျင်မောပန်းဝေဒနာကြားမှ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်မိသည်။တကယ်တော့သူမ၏ သတ်မှတ်ထားခဲ့ချက်အရဆိုလျှင် ထိုအချိန်သည် သူမ၏လွတ်လပ် ပေါ့ပါးသော ပျော်ရွှင်မွေ့လျော်ဖွယ် ဘ၀ကလေးတစ်ခုကို ဖုတ်ကျည်းသင်္ဂြိုဟ်လိုက်သေ အချိန်သာဖြစ်တော့သည်။

ချစ်သောသူငယ်ချင်းတစ်ယောက်က သူမထံစာလှမ်းရေးသည်။
နင့်သားအကြောင်းဝတ္ထုရေးစမ်းပါတဲ့။ သူမကတော့ အိပ်ပျော်နေသော..၊ တခါတရံ တခစ်ခစ်ရယ်မော တတ်သော၊ အငိုအလွန်နည်းပါးသော သားတစ်တုံးတခဲကို ထိုင်စောင့်ကြည့်ရင်းသာ အချိန်တို့ ကုန်ခဲ့၏။ ထိုအချိန်မှာ၊ ၀တ္ထုရေးဖို့ စဉ်းစားသော်လည်း
'အတ္တကြီးသောမိန်းမမှာမှ အင်မတန်ချစ်စရာကောင်းတဲ့သားကလေးရလာခဲ့တယ်
ဟူသောစာတစ်ကြောင်းကိုသာ ဒိုင်ယာရီမှာရေးဖြစ်ခဲ့သည်။ တနေ့တနေ့၊
သား၏ ဖွံ့ဖြိုးလာနေမှုကိုသာ အချိန်ပြည့်ရေးမှတ်နေဖြစ်သည်။ ထိုမိန်းမ၏မှတ်တမ်း၌ သားခြောက်လပြည့်နေ့ကို အမှတ်တရအဖြစ် ရေးသား ရာတွင်မူ သားဟာ အမေ့ကိုပဲ စွဲလမ်းရမယ် ဟူသောစာတစ်ကြောင်းတည်းကို တွေ့ရ၏။ သို့နှင့်ပင်၊ သူမသည် ကိုယ်တိုင်ပင်မသိလိုက်စွာ ကိုယ်၏သင်းချိုင်းမြေကို လှပစိုပြေအောင် ပန်းပင်တွေ တစတစ ပျိုးပေးမိနေပြီ ဖြစ်သည်။

+++++

The more you have to loose…
များများပိုင်ထားလေ၊ များများဆုံး
ရှုံးရလေတဲ့။
သိသိနှင့်ပင်
သူမကတော့ သားထံမှာ နစ်မျောနေမိ၏။ သားနှင့်ပတ်သက်သမျှ အရာရာတိုင်းကို သူမ၏အစီအမံ သာဖြစ်စေရမည်တဲ့။ သည်တော့လည်း နဂိုကမှ ကျန်းမာကြံ့ခိုင်မှုတွင်အားနည်းလှသော မိန်းမက အိပ်ယာထဲ ပစ်လဲတော့သည်။ ရက်ပေါင်း ၅၀ကျော်မူးဝေ၊ ဖျားနာ။ သူမ၏အတ္တကပင် သားနှင့်သူမကိုဝေးစေခဲ့သည်ဟု သူမ နာနာကျည်းကျည်းတွေးရသည်။သားကို အမေ့နို့ဖြတ်ရတော့မတဲ့။ သူမ၏ခန္ဓာကိုယ်အတွင်းမှာ အဖတ်လုံးဝ မရှိသေး။ လိမ္မော်ရည်၊ ကော်ဖီ၊နွားနို့ တစ်နေ့တစ်နေ့ဒါပဲ။ သည်တော့လည်း၊ ကံကြမ္မာက သူမဘက်မှာ မရပ်တည် ပြန်။ သားကိုနို့ဖြတ်ဖို့တဲ့။ သားကလေးက ရှစ်လသားကလေးမှာနို့စို့ရင်း အမေ့ကို ပြုံးပြုံးပြတတ်တာ။ သူမက တစွဲတလမ်းတွေးရင်း မျက်ရည်ပင်လည်ရသေးသည်။ နို့ပြတ်ဖို့တဲ့၊ အမေနဲ့သားကို ဆက်သွယ်နေစေတဲ့ ဆက်စပ်နေစေတဲ့ ကြိုးတစ်ချောင်းကို ဖြတ်တောက်ရမတဲ့။ သားကို အိပ်ယာခွဲသိပ်ခဲ့ရသည်။ သူမနှင့်နီးနီးလေး မှာ ရှိနေပါသော်လည်း သူမရဲ့မမြင်ကွယ်ရာမှာ။ ညတိုင်ဆို.. သားတုံးလုံးကလေးကို လွမ်းတ စိတ်ဖြင့် သူမ၏ ကျိတ်ငိုသံကသူမ၏သင်္ချိုင်းမြေအတွက်တော့ ပန်းတစ်ပင်ပဲ ဖြစ်လိမ့်ဦးမည်။

ထိုအခါ….၀တ္ထုတစ်ပုဒ်ရေးဖို့ စာရေးစားပွဲထိုင်သောသူမက
သားကလေးကိုနို့ဖြတ်လိုက်ရပြီ။ အမေနဲ့သားကိုဘယ်လိုမှခွဲမရစေတဲ့
အရင်းဆုံး၊အနီးဆုံးကြိုးတစ်ချောင်းထပ်ပြတ်တာပဲပေါ့။ ပြီးတော့ဒါဟာ
နောက်ဆုံးကြိုးလဲဖြစ်တယ်။
အမေကိုမော့ကြည့်ရင်းနို့စို့နေတဲ့သားကို
မေမေနောက်ထပ် ဘယ်တော့မှ မမြင်နိုင်တော့ဘူး။နို့ရည်ဆိုတာ
..
အမေတစ်ယောက်ရဲ့ရင်ခုန်သွေးတွေပဲ။ ခုတော့ အဲဒီသွေးတွေကို သားဆီ
မစီးဆင်းစေနိုင်တော့ပြန်ဘူးပေါ့။ လွမ်းစရာကောင်းလိုက်တာ သားရယ်။

ဟူသောစာကြောင်းတွေကိုသာ ဆို့နစ်စွာရေးနေမိတော့သည်။

သည်လိုနှင့်သူမ၏သင်္ချိုင်းမြေကလေးက တဖြည်းဖြည်းပန်းများဝေဆာခဲ့ပြီ။

မေငြိမ်း
ရင်ခုန်ပွင့်မဂ္ဂဇင်း

၁၉၉၂၊ဇူလိုင်။

8 comments:

M.Y. said...

အမေတွေ အားလုံးကို ကိုယ်စားပြုတဲ့ မိခင်တစ်ယောက်ရဲ့ စိတ်အလျဉ် ခံစားမှု ၀တ္ထု ကလေး…အခုမှဖတ်ရတယ်..ကျေးဇူး..

Maydarwii said...

အမေတယောက်ရဲ့ ကဗျာကို ဖတ်ရတာ တကယ့်ကို ရင်ခုန်စရာပါပဲ။
ဖတ်နေရင်း ကြက်သီးများတောင် ထမိပါရဲ့။
မိခင်တယောက်ရဲ့ ရင်တွင်းက ခံစားမှုကို ပုံဖော်ထားတာ သိပ်လှတယ်။
ကျေးဇူးပါအမရေ … ။

s0wha1 said...

အန်တီရေ...ဖတ်လို့ကောင်းလိုက်တာ...

Chit Lay Pyay said...

ဆရာမရဲ့ဝတုတိုတွေကို တင်ပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်၊ ဖတ်လို့အရမ်းကောင်းတယ်၊ အခုလိုမျိုးကိုယ်တွေ့ဝတုတိုလေးတွေကို စိတ်ကူးယဉ်ဝတုတွေထက်ပိုကြိုက်တယ်၊ ဒါမှ စာရေးဆရာတွေရဲ့ ဘ၀ကိုလဲ စာဖတ်သူတွေသိရမယ်လေ၊ အဲလိုစာမျိုးများများရေးပါနော် အားပေးနေပါတယ်၊ အရမ်းဖတ်လို့ကောင်းပါတယ်။

lwinmoe said...

thanks for posting this. :) I think in the near future, digitizing of these Burmese resources will become important. We need a lot of Burmese text for corpus research for linguists. http://library.sealang.net/

I have a question to ask you about the Journal of the Burma Research Society CD-ROM. Do you think that I can buy it in Myanmar or in Thailand?
http://www.h-net.org/announce/show.cgi?ID=124304

Another question about libraries in Myanmar? Do you think that there are still rare and good quality books on research done in Burma such as Bagan inscriptions (for one example) at the libraries in Burma? If they are still there, I would like to know how to find them because I am not sure they have electronic catalog. I would like to get any info that might be helpful. I asked you because you used to work at the Rangoon university. You can write about this in the blog to stir research interest in Burma among Burmese youths. Please reply to me to my personal email address at this link:
http://lwinmoe.friendsofburma.org/doc/resume/lwinmoe.pdf
(sorry, I don't want to post my email on the Internet because of spams)

I recently got hold of Professor Gordon Luce's hand-written notes on the languages of Burma. The National Library of Australia has them and we have talked to them and started preparing indexing those manuscripts. Hopefully, we will be able to put them online soon. It's fascinating manuscripts (never published) on linguistics work in Burma all his life until he went back to England with his wife, Daw Te Te. Being a Burmese teacher, I am sure you know the value of those because it reflects the language use throughout the past and how words have changed to the present form and usage.

Best,
Lwin Moe

lwinmoe said...

the link to get my email address is here

Lwin Moe

ယူဆဂိ said...

ဆရာမ မေငြိမ်း ရှင်။
အရမ်းသဘောကျပါတယ်..
ပြောမပြတတ်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာပါတယ်။

pandora said...

အမေတစ်ယောက် ဖြစ်ချင်တယ်..