Dec 20, 2007

ရန်ကုန်ထောင်

ဘာလိုလိုနဲ့ ရွှေဝါရောင်တော်လှန်ရေး သုံးလတိုင်သွားပါပြီ။ မတရားစစ်အစိုးရကတော့ ပခုက္ကူကိစ္စက မဟုတ်ပါဘူးလို့ တွင်တွင်အော်နေဆဲပါ။ ပခုက္ကူကိစ္စကလည်း စစ်အစိုးရရဲ့ ရက်ရက်စက်စက် ရှာဖွေ နှိမ်နင်း ဖျက်ဆီးမှုကြောင့် အစတောင်မထွက်နိုင်ဖြစ်နေရတဲ့ အချိန်။ ရန်ကုန်က သိန်းချီတဲ့ဆန္ဒပြလမ်းလျှောက်ခဲ့ကြတဲ့ သံဃာတော်တွေက အတုအယောင်တွေတဲ့။ လူထုကြီးကလည်း ပြည်ပသွေးထိုးတဲ့နောက်ပါခဲ့သူတွေတဲ့။ တကယ်တော့ ပြည်သူလူထုဘက်ကသာ လူ့အခွင့်အရေးအရ ပြောရေးဆိုခွင့်ရှိခဲ့ရင် စစ်အစိုးရကို ပြန်ချေပစရာ အချက်အလက်တွေက အခိုင်အလုံရှိနေတာပါ။ စစ်အစိုးရသာ သတ္တိရှိရှိ မျက်နှာချင်းဆိုင် စကားပြောရဲမယ် ဆိုရင်ပေါ့။

ဥပမာ- စစ်အစိုးရက ပခုက္ကူကိစ္စက အမှန်မဟုတ်၊ လမ်းလျှောက်မေတ္တာပို့တဲ့ သံဃာတွေက အတုတွေမို့ ပတ္တနိက္ကုဇ္ဇနကံမမြောက်လို့ တောင်းပန်စရာမလိုဘူးလို့ ပြောပါတယ်။ ဒါဆို သူတို့ ၂၇ရက်နေ့နောက်ပိုင်းမှာ ဂျီတီစီကျောင်းဝင်းထဲကို ဖမ်းခေါ်ပြီး နှိပ်စက်မေးမြန်းပြီးမှ လမ်းလျှောက်ပွဲနဲ့ မပတ်သက်တဲ့ သံဃာအစစ်တွေမို့ ပြန်လွှတ်တယ်လို့ တရားဝင် ပြောခဲ့တာရှိပါတယ်။ ဆိုတော့ အဲဒီသံဃာတွေကို နှိပ်စက်တာကရော ပတ္တနိက္ကုဇ္ဇနကံဆောင်ဖို့ မလုံလောက်သေးဘူးလား။ ဒါကြောင့် သံဃာတော်တွေရဲ့ ကံဆောင်မှုကို သူတို့ တောင်းပန်ဖြေရှင်းရမှာကို ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ မတောင်းပန်မချင်း သပိတ်လှန်လို့ မရပါဘူး။ ဒီပွဲကြီးက မပြီးပါဘူး။ ဒါဟာ ရင်ဆိုင်ဖြေရှင်းမှကို ပြီးမှာဖြစ်ပါတယ်။

ကျမက ရန်ကုန်မှာ မွေး.. ရန်ကုန်မှာ ကြီးတာပါ၊ ကျမသိတဲ့ ရန်ကုန်ဆိုတာ အင်မတန် စည်ကားသိုက်မြိုက်တဲ့ မြို့ကြီးပါ။ စည်ကားလွန်း ရှုပ်ထွေးလွန်းလို့ ကျမဆို စိတ်တောင် ရှုပ်တာပါ။ ဒါကြောင့် ကျမရဲ့ ၀န်ထမ်းဘ၀ အနှစ်၂၀နီးပါးမှာ ၁၀နှစ်နီးပါးကို နယ်မြို့တွေမှာ အချိန်ကုန်ပစ်တာပါ။ ဒါပေမဲ့ အများစုကတော့ ရန်ကုန်မှာ ပျော်ကြပါတယ်။ အနှစ်၅၀ လုံးလုံး မြန်မာတနိုင်ငံလုံး ချောင်ထိုးထားခံခဲ့ရတဲ့ အခြေအနေမှာက ရန်ကုနှ်မှာမှ ဘ၀ရဲ့ တက်လမ်းတွေ ရှိတာမျိုးလည်း ဖြစ်နေတာကိုး။ ဒါပေမဲ့ ခုချိန်မှာတော့ မြန်မာတနိုင်ငံလုံးမှာ လူနဲ့သူနဲ့တူအောင် (မီးမှန် ရေမှန်)နေရတာဆိုလို့ ကျပ်ပြေးတနေရာပဲ ရှိတော့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အဲဒီနေရာကလည်း သာမန်လူထုတွေ ၀န်ထမ်းတွေအတွက်ကတော့ ကျပ်ပြေးဟာလည်း ထောင်ကြီးတခုပါပဲ။ ဒီတော့ အန်တီဒေါ်အောင်ဆန်းစုကြည်စကားနဲ့ ပြောရရင် မြန်မာတနိုင်လုံးကကို ထောင်ကြီးပါပဲ။


စစ်အစိုးရဟာ လက်နက်မဲ့လူထုရဲ့ စိတ်အင်အားကို အကြောက်လွန်ပြီး တနိုင်ငံလုံးကို သူတို့ရဲ့ ‘သခင်အားရ ကျွန်ပါးဝ လက်ပါးစေ’တွေနဲ့ စောင့်ကြည့်နေရတာပါ။ နအဖခမျာ ကြောက်လိုက်ပုံများ နေရာအနှံ့မှာ အစောင့်တွေချ။ ပြည်သူလူထုကို ခြိမ်းခြောက်တာက လွဲလို့ သူတို့လုပ်နိုင်တာ ဘာမှ မရှိတော့လေတော့ ရှက်စရာကောင်းမှန်း လည်း မသိတော့ဘဲ မဟုတ်တမ်းတရား ဆိုင်းဘုတ်တွေ ထူ..။

တကယ့်လူဆိုးသူခိုးတွေကို အချင်းချင်းစောင့်ရှောက်တဲ့စိတ်နဲ့ လွှတ်ပေး။ ရှစ်လေးလုံးမှာ ပတ်သက်ခဲ့သူ မှန်သမျှ အသက်၄၀တမ်းဆိုရင် ၈၈မျိုးဆက်ဆိုပြီး မြင်မြင်သမျှ လိုက်ဖမ်း။

ကျမ ခံစားချက်အရဆိုရင် ရန်ကုန်ကတော့ ခုဆို ရဲဘက်စခန်းနဲ့တောင် တူနေပါပြီ။ တင်းကျပ်တဲ့ အစောင့်အကြပ် တွေနဲ့.. ပြင်းထန်တဲ့ အလုပ် လုပ်ရတာတွေနဲ့ .. အနှိပ်စက်အမျိုးမျိုး ခံရတာတွေနဲ့.. မတရားတဲ့ အမိန့်အာဏာတွေကို အချိန်တိုင်းမှာ နာခံနေရတာနဲ့… ပြီးတော့ ခြောက်သယောင်းနေတဲ့ ပတ်ဝန်းကျင်နဲ့။ ပြီးတော့ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေနဲ့။ အဲသလို အခြေအနေမျိုးက ခဏပဲလို့တော့ မထင်ကြပါနဲ့။ ၁၉၆၂နောက်ပိုင်း.. ၁၉၈၈နောက်ပိုင်း.. တောက်လျှောက် နေခဲ့ကြရတာပါ။ လူထုအားကို သူတို့ ကြောက်လေ..တဖြည်းဖြည်းနဲ့ ပိုဆိုးလာလေသာ ရှိပါမယ်။

ဒီတော့.. ကျမ စဉ်းစားနေတာ… ကျမတို့ လူထု ဘယ်လောက်ကြာကြာ.. အဲလို ဆက်နေမလဲ..။ ပညာသုဉ်း၊ သာသနာသုဉ်း၊ တရားဥပဒေသုဉ်း၊ မေတ္တာတရားသုဉ်းပြီး မကောင်းမှုတွေသာ ရှင်သန်တန်ခိုးကြီးနေတဲ့ ခေတ်ကြီးကို ဘယ်လောက်ကြာကြာ လက်ခံ ထားမှာလဲ..။ ပိုဆိုးတာက နောက်ထပ် လူထုရဲ့ သဘောထားကို သေသေချာချာ မပြသရွေ့တော့ ပြောင်လိမ်ပြောင်စား စစ်ဗိုများက တိုင်းပြည်က လူအများစုဟာ သူတို့ အုပ်ချုပ်တာကို ကျေကျေနပ်နပ်ခံနေတာပါလို့ ကမ္ဘာကို ပြောခွင့်သာနေဦးမှာပါ။ တောင်းဆို ဆန္ဒပြတာက ပြည်ပက သွေးထိုးပေးလို့ ပိုက်ဆံရလို့ လုပ်ကြတဲ့ လူနည်းစုလေးပါလို့ ပြောခွင့်ရနေဦးမှာပါပဲ။ ဒါ့ထက် ပိုဆိုးတာကတော့ ခုချိန်ထိ ပြေးလွှားရှောင်ပုန်းနေရတဲ့ လူထုရှေ့ဆောင်လှုပ်ရှားသူတွေ.. အကြိမ်ကြိမ် အဖမ်းဆီးခံနေရတဲ့ ၈၈မျိုးဆက်တွေ..။ ကျမတို့ တိုက်ပွဲ မပြီးသမျှတော့ သူတို့ဘ၀တွေက ပေးဆပ်သထက် ပေးဆပ်.. နစ်နာသထက် နစ်နာ…။ ကျမတို့ ဘာလုပ်ကြမလဲ..ဟင်။

ကျမ မြင်ယောင်နေပါတယ်။ နောင် သိပ်မကြာခင်ကာလမှာ ဗမာပြည်သားဆိုရင်… မျက်လုံးတွေ ကျီးကြည့် ကြောင်ကြည့်နဲ့..၊ အရာရာကို အမြဲ ကြောက်လန့်၊ စဉ်းစားနိုင်ရည်တွေလည်း မရှိကြတော့လို့မို့ အောက်ခြေ အလုပ်တွေသာ ပင်ပန်းဆင်းရဲစွာ လုပ်နေကြရမှာ..။ အဲဒီလူထုရဲ့ အထက်မှာတော့ ဥပဓိရုပ်တွေက ဘီလူးပုံ ပေါက်နေပြီး လူစိတ်လည်း ကင်းမဲ့နေတဲ့ စစ်ဗိုတွေက ခါးမှာ သေနတ်ကို ထိုးလို့ ဟိုး ရောမခေတ်က ကျွန်ပိုင်ရှင်တွေလို မြိန့်ုမြိန့်ကြီး ပြုံးနေတာ တွေ့ရလိမ့်မယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း တစပြင်တွေလို တိတ်ဆိတ်ပြီး အာဏာပိုင်တွေလွှတ်ထားတဲ့ ခါတော်မီ သင်္ကန်းခြုံတွေက တလွှားလွှားနဲ့ ထောက်လှမ်းရေး တာဝန်တွေ ထမ်းဆောင်နေလိမ့်မယ်။ ဘုန်းတော်ကြီးတွေကတော့ အကျယ်ချုပ်ခံဘ၀မှာ ညှိုးချုံးတဲ့ စိတ်နှလုံးနဲ့ မသက်မသာနေရပေလိမ့်မယ်။

လူငယ်တွေကတော့ စိတ်ကျပြီး အနီးဆုံး ထိုင်းနိုင်ငံလောက်ကို ထွက်လာပြီး ကျွန်ခံကြရမှာပါပဲ။ သမီး မိန်းကလေးတွေကတော့ အရောင်းစာရေးမတွေ စားပွဲထိုးတွေ လုပ်ရင်လုပ်။ တချို့ကိုတော့ စစ်အစိုးရနဲ့ လက်ပါးစေတွေက အမိန့်ပေးပြီး ဖျော်ဖြေရေးအလုပ်သမအနေနဲ့ အသုံးချကြပါလိမ့်မယ်။ ဒါ့ထက် ကံဆိုးရင် တော့ အဲဒီသမီးကို အဖေတွေကိုယ်တိုင်ကတောင် ခမ်းဆောင်နီဝအရောက် လိုက်ပို့ရတဲ့ ဘ၀ကို ရောက်လာ ပေလိမ့်မယ်။

သေချာတာကတော့ ဒီစစ်အစိုးရသာ ဆက်အုပ်ချုပ်သွားမယ်ဆိုရင် နောက် သိပ်မကြာခင် ကာလမှာ ရဲရင့်တော်လှန်သူတွေက ထောင်ထဲမှာ..။ ကျန်တဲ့ မြန်မာနိုင်ငံသားဆိုတာကတော့ မတရားအစိုးရနဲ့ ပေါင်းနေတဲ့ ၀ိသမလောဘသားလူတန်းစားရယ်..၊ မတရားတာမှန်သမျှကို ငုံ့ခံတတ်တဲ့ ပညာတတ်လူတန်းစား ၀န်ထမ်းတွေရယ်နဲ့၊ အခြေခံအလုပ်ကြမ်းသမားလူတန်းစားတွေနဲ့.. လိင်အလုပ်သမားလူတန်းစားတွေသာ ကျန်ပေတော့မယ်။ ဒါတွေမှ မဟုတ်ရင်တော့ မြန်မာဆိုတာ ကမ္ဘာကို လှမ်းမျှော်ကြည့်ရကောင်းမှန်းတောင် မသိတဲ့..၊ လူတယောက်အနေနဲ့ ကိုယ်ရသင့်တဲ့ အခွင့်အရေးက ဘာလဲဆိုတာတောင် မသိတဲ့၊ ခပ်တုံးတုံး လူမျိုးတမျိုးလို့ ကမ္ဘာက သတ်မှတ်တာကို ခံရတော့မှာ အသေအချာပါပဲ။ အဲဒီအခါ နိုင်ငံနဲ့ လူထု လွတ်မြောက်ရေးအတွက် ခေတ်အဆက်ဆက် အသက်စွန့် ကိုယ်ကျိုးစွန့်ခဲ့တဲ့ အာဇာနည်သူရဲကောင်း တွေကို အားနာဖို့ ကောင်းလှတယ်လို့ ထင်တာပါပဲ။

မေငြိမ်း(၂၀၊ဒီဇင်ဘာ)

12 comments:

Pinkgold said...

အန်တီရေ
အန်တီ့ ခံစားချက်ကို နားလည်ပါတယ် ဂရုဏာ ဒေါသနဲ့ ပြောမိတယ်လို့ပဲ ယူဆပါတယ်.. အန်တီပြောတဲ့ အခြေအနေမရောက်အောင် လူတွေ တိုက်နေကြတာပဲ မဟုတ်လား.. တိုက်တယ်ဆိုတာ ဒီအတိုင်း အရှုံးပေးဖို့မှ မဟုတ်တာလေ.. တစ်ကယ်လို့ တစ်သက်လုံး မနိုင်ခဲ့ရင်တော့ ဒီအခြေအနေ ရောက်ရင်လည်း ရောက်လာမှာပေါ့ ဒါပေမယ့် ခုချိန်မှာ ဒီစာကို ဖတ်လိုက်ရတော့ တစ်ကယ်ပဲ မြန်မာပြည်မှာ ရှိနေဆဲ ထက် တို့တစ်တွေ ကိုယ့်ဟာကိုတောင် ဘယ်လို ယူဆရတော့မလဲ မသိတော့ဘူး.. နည်းနည်းတော့ ပြင်းထန်လွန်းတယ် ထင်ပါတယ်။

ထက်ပြောတာ မှားရင် ဆောရီးပါ..

မေငြိမ်း said...

သမီးရေ.. ဟုတ်တယ်.. အန်တီ့စိတ်ထဲ စစ်အစိုးရအပေါ် နာကျည်းတာက သိပ်များနေတယ်။ အန်တီက emotion သမားဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့စာ မရေးချင်တာ အမှန်ပဲ။ ဒါကြောင့် နိုင်ငံရေးသမားလည်း မလုပ်ပါဘူး။ ဒါပေမဲ့ သမီးသိလားဟင်.. အခု ပြည်တွင်းမှာရော ပြည်ပ(ထိုင်းနိုင်ငံ)မှာပါ မိန်းကလေးရော ယောကျာ်းလေးပါ လိင်အလုပ်သမတွေဖြစ်နေကြတာက အများစုဆိုတာ။ အဲဒါကို အန်တီ သေချာ အချက်အလက်စုဆောင်းထားပါတယ်။ ရေးဦးမှာပါ။ သမီးရေ.. တကယ်တော့ တိုက်နေတဲ့သူတွေ အစတေးခံသလောက် နောက်က အင်အားမပါတဲ့အတွက် တိုက်နေတဲ့သူတွေနစ်နာနေရတယ်လို့ အန်တီခံစားရတာအမှန်ပါပဲ။ အန်တီမှားရင်လည်း မှားလိမ့်မယ်။ ဒါပေမဲ့ အန်တီကတော့ အဲလို ကမ်းကုန်အောင်ယုတ်ညံ့တဲ့ အစိုးရကို ရွံတဲ့အတွက် တမိုးတည်းအောက်မှ မနေနိုင်လို့ ပြီးတော့ အပြင်ကနေ ဘာလုပ်နိုငမလဲဆိုတဲ့ စိတ်နဲ့ ထွက်ခဲ့တာပဲ။ ဒါပေမဲ့ ပြည်တွင်းမှာနေတဲ့ သမီးက ပြင်းထန်လွန်းတယ်လို့ ယူဆတာကို အန်တီ ဂရုစိုက်ရပါမယ်။ ဒါကြောင့် တချို့ စသားတွေ ပြင်လိုက်ပါတယ်..သမီးရေ.. ထောက်ပြတာ ကျေးဇူးပါ..။

ညီလင်းသစ် said...

ကျနော်ကတော့ အမရဲ့ပို့စ်တစ်ခုလုံးကို တစ်လုံးမကျန် ခံစားလို့ရတယ်၊ အထူးသဖြင့် ‘ကျမမြင်ယောင်နေပါ တယ်’ အစချီတဲ့အပိုဒ်ကိုဖတ်ရတဲ့အခါ ကျနော်မြင်ခဲ့ရ တဲ့မြန်မာပြည်သားတွေရဲ့မျက်နှာဟာ ရုပ်ရှင်အနှေးပြ ကွက်လိုပြန်ပေါ်လာတယ်၊တခြားလူမျိုးမပြောနဲ့..ရေမြေ ချင်းဆက်စပ်နေတဲ့ထိုင်းတွေနဲ့ ယှဉ်ရင်တောင်ဝမ်းနည်း ဖို့ကောင်းအောင်ကို အပုံကြီးကွာသွားပြီ...။
သူတို့မျက်နှာတွေမှာသူတို့ရဲ့နေ့စဉ်ဘဝကိုကျေနပ်ခြင်း
တွေ၊ သူတို့ ဘုရင်ကိုချစ်မြတ်နိုးခြင်းတွေ၊ ဘယ်သူ့မှ ကြောက်စရာမလိုဘဲလုပ်ပိုင်ခွင့်တွေအများကြီးရထားတဲ့ လွတ်လပ်မှုတွေ..ဒါတွေကိုပြက်ပြက်ထင်ထင်မြင်ရ တယ်၊
ကျနော်တို့ကျတော့ဘယ်နေရာမှာဘယ်လိုပေါ်လာမယ် ဆိုတာမသိရတဲ့ဘာမှန်းမသိတဲ့လူတွေကိုကြောက်နေရ တဲ့အကြောက်တရားတွေနဲ့တကယ့်ကိုကျီးကြည့်ကြောင် ကြည့်ပဲ၊ ဒီကွာဟချက်တွေကိုနေ့စဉ်မြင်နေရတဲ့အမက ကျနော့်ထက်တောင်ပိုသိဦးမှာပါ၊ ကျနော်ပထမဆုံးအ ကြိမ်ထိုင်းကိုရောက်ဖူးတော့ အရာရာမှာအောက်ကျ နောက်ကျနိမ့်ပါးကျန်ရစ်ခဲ့ရတဲ့အဖြစ်ကိုဖျောက်မရ အောင်တချိန်လုံးမြင်ပြီးတော့ တော်တော့်ကိုဆို့နင့်ခဲ့ ရဖူးပါတယ်...။

Thet Oo said...

ရေးသူ အပြင်က၊ ကွန့်မန်ပေးသူများ အထဲက။ အပြင်က ရေးသူကိုရော အထဲက ကွန်မန့်ပေးသူများကိုပါ ဖတ်သူ ကျနော်က လေးစားပါတယ်။ အဲ. ဆဲသူတွေ ၀င်မလာပါစေနဲ့လို့လည်း ဆန္ဒပြုပါတယ်။

Pinkgold said...

အန်တီရေ
အန်တီပြောတာ မှန်ပါတယ်။ ထက် မျက်မြင်မဟုတ်ပေမယ့် ထိုင်းနယ်စပ်မှာ ဒီလို လိင်အလုပ်သမ ဖြစ်နေတဲ့ မိန်းကလေးတွေ တစ်ပုံ တစ်ပင်ကြီးပါ အန်တီ။ ဒါပေမယ့် အန်တီလည်း သိပါတယ်.. ဒီအလုပ်တွေဟာ မလုပ်ချင်ရင် ရတဲ့ ကိစ္စတစ်ခုပါ။ ခုချိန်ထိပြောတာနော်။ ထက် စကားကိုတော့ ကုန်အောင် မပြောပါဘူး။ ဆက်ပြောရမယ်ဆိုရင် ပညာတတ်တွေ နယ်ဘက်မှာ အရမ်းနည်းပါးတာကြောင့် လူကုန်ကူးတဲ့ သူတွေ အလုပ်ဖြစ်နေကြတာပါ။ ဒါပေမယ့် ဗိုင်းကောင်း ကျောက်ဖိ ( အူတူတူကို ပြောခြင်းမဟုတ်) မိန်းကလေးတွေ တော်တော် များနေပါသေးတယ် အန်တီရေ။ ပြည်တွင်းက လူတစ်ယောက် ဖြစ်တဲ့အတွက် ပြည်တွင်းက မိန်းကလေးချင်း စာနာလို့ ပြောတာပါ အန်တီရေ။ အန်တီလည်း ဒီလိုမျိုးလေးတွေ သတိပေးအနေနဲ့ များများ ရေးပေးပါ။ ဒါမှ ထက်တို့လည်း သြော် ဒီလိုဖြစ်လာနိုင်ပါလားလို့ တွေးပြီး နောင်ရေးအတွက် အမျိုးသမီးတိုင်းအတွက် လုပ်သင့်တာလေးတော့ လုပ်ပေးနိုင်မှာ မဟုတ်လား အန်တီရေ။

ကျေးဇူးပါရှင်

mglann said...

သိပ်ပြီး အဆိုးမမြင်ပါနဲ့ ခင်ဗျ

MyoMyanmar said...

အန်တီငြိမ်းရေ

မြန်မာပြည်လာလည်ပါဦးလားဗျာ...
ဓါတ်ပုံတွေပဲ ကြည့်ပြီးများပြောနေလားလို့ပါ.. ရန်ကုန်မှာ အန်တီပြောတဲ့ တင်းကျပ်တဲ့အစောင့်အကြပ်ဆိုတာ မြင်ချင်လို့တောင် မမြင်ရတော့ပါဘူးး... သာမာန်ပြည်သူတွေရဲ့ နေ့စဉ်လှုပ်ရှားမှုထဲမှာ အစိုးရက၀င်ပါနေတာဆိုလို့ ဘဲဥတွေပဲရှိတယ်.. ဟီးဟီး...

နိုင်ငံတကာက ဝေဖန်ပြောဆိုနေသလောက်ကြီး တော့လည်း မြန်မာပြည်ဟာ မနိမ့်ကျသေးပါဘူးဗျာ... လူတွေဟာ အမှန်တကယ်အရမ်းကြီး မကျပ်တည်းကြသေးလို့သာ လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် မပါကြသေးတာပေါ့.. နေလို့ရသေးတာကိုး.. အင်း.... ဒါပေမဲ့ အတိုက်ခံတွေကလည်း ဒါကိုရိပ်မိပါတယ်.. ဒါကြောင့်မို့ ပိုကြပ်လာအောင် ဖိအားတွေပေးဖို့ နိုင်ငံတကာနဲ့ ဆက်သွယ်ပြီး ကြိုးစားနေပါတယ် အန်တီရ... ပြည်သူတွေ မခံနိုင်လောက်အောင် ငတ်ပြတ်ပြီး ပွင့်ထွက်သွားတဲ့ထိအောင် လမ်းကြောင်းတွေ ချကြပါလိမ့်မယ်... ဟဲဟဲ

{ဘုန်းကြီးကျောင်းတွေမှာလည်း အာဏာပိုင် မွေးထားတဲ့ သင်္ကန်းဝတ်တွေက အခန့်သားထိုင်လို့.. ဘုန်းကြီးမှန်ရင် ရှိခိုးမယ်ဆိုတဲ့ ခပ်ရိုးရိုးလူတချို့နဲ့ ဟန်ကျနေလိမ့်မယ်။} ဆိုတာကတော့အန်တီငြိမ်းရေ တကယ်သိက္ခာရှိပြီး ၀ိနည်းနဲ့အညီကျင့်ကြံနေထိုင်၊ လောကုတ္တရာအရေးမှာပဲ မွေ့လျော်နေတဲ့ တချို့ကျောင်းထိုင်ဆရာတော်ကြီးတွေ၊ သူတို့ကို ကိုးကွယ်ကြသူတွေကို စော်ကားသလိုပဲလို့ ထောက်ပြချင်တယ်ဗျာ... သံဃနာယကဆရာတော်ကြီးတွေဟာ သံဃာတွေကို ဆန္ဒဆက်ပြကြပါလို့ ပြောဖို့သင့်တော်တယ်မတော်ဘူးဆိုတာ အန်တီငြိမ်းစဉ်းစားကြည့်ပါဦး.. ၀ိနည်းနဲ့ညီတဲ့ ဘယ်သံဃာမှနိုင်ငံရေးမလုပ်ပါဘူးအန်တီ... ဒါဟာကိုယ့်ဘက်သူ့ဘက်ဆိုတာမတွက်ပဲ ဘာသာရေးအမြင်နဲ့ပဲကြည့်မယ်ဆိုရင် ရှင်းနေတဲ့ကိစ္စပါ.. ကိုယ့်ဘက်မပါတာနဲ့ပဲ ဆရာတော်ကြီးတွေကို သင်္ကန်းဝတ်တွေလို့ ပြောပုံကတော့... ဟားဟား... အန်တီရေ ငပြူးကပဲပြဲသလားလို့ပါဗျာ.

ပြီးတော့ စီးပွားရေးကျပ်တည်းလာရင် မြန်မာမိန်းကလေးတွေ လုပ်လို့ရတဲ့အလုပ်တွေဟာ ဒီလောက်ပဲရှိတယ်လို့ အန်တီယူဆထားပုံရတယ်ဗျ... မွဲတေစုတ်ပြတ်နေပေမဲ့ ကောင်းရောင်းကောင်းဝယ်လုပ်စားနေသူတွေဟာ အဆအများကြီးကို ကျန်ပါသေးတယ်ဗျာ.. ဒါဟာ နူးညံ့သိမ်မွေ့တဲ့ မြန်မာမိန်းခလေးတွေမှာရှိတဲ့ ခိုင်မာတဲ့စိတ်ဓါတ်တစ်ခုပေါ့..

ယေဘူယျဝေဖန်မယ်ဆိုရင်တော့ အန်တီ့ဆောင်းပါးကြီးက ဘာကိုအခြေခံလေ့လာပြီးရေးတယ်မှန်း မသိပေမဲ့ ပုံမှန်နေတဲ့ လူတွေကို ပတ်ရမ်းလိုက်သလိုပါပဲ.. နိုင်ငံခြားရောက်တာဘယ်လောက်ကြာနေပြီမှန်းမသိပေမဲ့... အန်တီငြိမ်းရေ မြန်မာတွေကို အထင်သေးတဲ့ စိတ်ဟာ အန်တီ့ကိုယ်ထဲကို စ၀င်နေပြီထင်တယ်.. သတိနဲ့ကာကွယ်ပါဦးဗျာ..

အိုကေအန်တီ.. မှားတာများရှိခဲ့ရင် ကျွန်တော့ကိုပြောပါဦး.. ဒါနဲ့.. အန်တီက ဓါတ်ပုံတွေကနေလေ့လာတတ်တယ်ဆိုရင် ကျွန်တော့်မှာ ပို့ပေးဖို့ပုံတွေရှိပါတယ်.. မေးလိပ်စာလေးပေးမယ်ဆိုရင် ပို့လိုက်ပါ့မယ်..

ကျေးဇူးအန်တီ

မောင်ငယ်ရင်သွေး
ရန်ကုန်ထောင်ကနေလှမ်းပြီးဝေဖန်ခြင်းဖြစ်ပါသည်ခင်ဗျား..

Mgxyz said...

မျိုးမြန်မာ
မြန်မာပြည်ထဲနေရင် တကယ့် ပကတိမြန်မာပြည်ရယ့် အခြေအနေတွေကို သိအောင်လုပ်လိုက်ပါဦး။ နအဖ လက်ထက်မှာ လူနဲ့တူအောင်နေရတာဆိုလို့ လက်တစ်ဆုပ်စာလူထုပဲရှိပါတယ်။ ဒါကို ၀န်မခံချင်ပဲ လိမ်ချင်သေးသပ ဆိုရင်တော့ မြောက်ဥက္ကလာလို ရွှေပြည်သာလိုနေရာမျိုးက ဆင်းရဲသား မိသားစုတစ်ခု ရယ့်ဘ၀ကို မြင်တတ်အောင်လုပ်ပါဦး။ ရေအိုင်ထဲက ဖားသူငယ်ဆိုရင်လဲ ရေအိုင်အကြောင်းကို သိဖို့ကောင်းတန်ပါရယ့်လို့ ထင်ပါတယ် မျိုးမြန်မာ။ မြန်မာပြည်ကြီးတိုးတက်သလား ဆုတ်ယုတ်သလားဆိုရင်တော့ ရန်ကုန်မြို့မှာ လွန်ခဲ့တယ့် နှစ်တွေကနဲ့ စာရင် ခုလျှစ်စစ်ဓါတ်အား အခြေအနေတွေကို ယှဉ်ကြည့်ပါ။ ဒါအနိမ့်ဆုံးအဆင့်ပါ။ တိုင်းပြည်တစ်ခုရယ့် တိုးတက်မှု ဆုတ်ယုတ်မှုဆိုတာ တိုင်းပြည်ရယ့် အုပ်ချုပ်မှုနေရာကို ၀င်ယူထားတယ့်လူတွေမှာ တာဝန်အများကြီးရှိပါတယ်။ ပြည်ပက ပိတ်ဆို့တယ်ထားဦးတော့ ဆန်စပါးထွက်တယ့်နေရာမှာ ပြည်သူတွေ ငတ်နေတယ်ဆိုတာ တစ်ခုခုတော့ လွဲမှားနေပြီဆိုတာ အသေအချာပါပဲ။ မဟုတ်ပါဘူးဆိုပြီး လိမ်ဦးမယ်ဆိုလဲ မျိုးမြန်မာ ဆက်လိမ်လို့ရပါတယ်။ ကုလသမဂ္ဂလိုအဖွဲ့အစည်းက အတိအကျပြောပြီးသားပါ မျိုးမြန်မာ။ ငါ့အိမ်က ဆန်အိုးထဲမှာ ဆန်မရှိမှ တိုင်း ပြည်ငတ်နေပါလား သိတာ လူတစ်ယောက်ရယ့် အသိမဟုတ်ပါ။ မြန်မာပြည်ကြီး စစရာရာ ခေတ်နောက်ကျ ကျန်နေခဲ့ပြီဆိုတာကတော့ အထင်အရှားပါ။ ဘယ်ခေတ်နဲ့မှ မတူစစရာရာ ပညာရေး ကျန်းမာရေးကအစ အိမ်နီးချင်းတွေနဲ့ မယှဉ်နိုင်အောင် နိမ့်ကျနေတယ်ဆိုတယ့် အမှန်တရားကိုတော့ ၀န်ခံဖို့သတ္တိရှိရပါလိမ့်မယ်။ ဒါဟာ နိမ့်ချခြင်း ကဲ့ရဲ့ခြင်းမဟုတ်ပါ။ နောက်ကျနေတယ်ဆိုတယ့် အသိရှိရင် ပြုပြင်ဖို့ သတ္တိရှိပါလိမ့်မယ်။ အမှန်တရားကို မျက်ကွယ်ပြုပြီး မသိချင်ယောင် ဆောင်နေသမျှ ကာလပတ်လုံး တိုင်းပြည်ဟာ စုံးစုံးမြှုပ်နေဦးမှာပါပဲ။ တဆက်တည်းပြောလိုက်ပါဦးမယ် တိုင်းပြည်တစ်ခု တကယ်တိုးတက်တာ ဆုတ်ယုတ်တာဟာ macro management ကောင်းမကောင်းပေါ်မှာသာ မူတည်ပါတယ်။ ပြည်ပက ပိတ်ဆို့လို့ ငတ်တယ်ဆိုတာ ပညာတတ်တယ့် လူပုံအလယ်မှာ ဟား စရာ မကောင်းနေဘူးလား။ မျိုးမြန်မာ တိုင်းပြည် စီးပွားရေးအကြောင်း ပြောမယ်ဆိုရင်တော့ စီးပွားရေး ပညာရပ်အကြောင်းကို သိအောင်လုပ်ပါဦး။ ကမ္ဘာကြီးပေါ်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုလဲ တစ်ချက်လောက်လေ့လာ ကြည့်ဖို့ တိုက်တွန်းပါရစေ။ မြန်မာပြည်တွင်းမှာလူတန်းစေ့ “သမာအာဇီဝ ကျကျ” ကိုယ်တတ်တယ့် ပညာနဲ့ လူတိုင်းလုပ်ကိုင်နိုင်မယ်ဆိုရင် လူငယ်လူရွယ် ပညာတတ်တွေ နိုင်ငံတစ်ကာကို ထွက်ပြီး သူတို့ရယ့်တိုးတက်မှု အတွက်ကြိုးစား ရုန်းကန်နေဖို့မလိုပါဘူး။ ဒီလိုပြောတာ ပြည်တွင်းက လူတိုင်း မရားသဖြင့် စာရိတ္တပျက်ပြားပြီး လုပ်ကိုင်စားသောက်နေရတယ် မဆိုလိုပါ။ အနီးစပ်ဆုံး ဥပမာပေးရမယ်ဆိုရင် မြန်မာနိုင်ငံက ရုံးတွေက စားပွဲအောက် စားပွဲပေါ်က ကိစ္စမျိုးတွေဟာ နိုင်ငံတကာမှာ အင်မတန်ရှက်စရာ ကောင်းတယ်လို့ သတ်မှတ်ထားတယ့် ကိစ္စမျိုးတွေပါ။ ဒါကြောင့်လဲ နိုင်ငံတကာက index တွေမှာ အောက်ဆုံးနားရောက်နေတာပါ။ ဒါတွေကို မဟုတ်ပါဘူး ပြောဦးမလား မျိုးမြန်မာ။ ကိုယ့်ရယ့် ဒေသတွင်း ဗီယက်နမ် ထိုင်း တရုတ်တို့နဲပဲ နှိုင်းယှဉ်ကြည့်ပါ။ သူတို့ဆီက လူငယ်ပညာတတ်တွေ ကျောင်းပြီးရင် ကိုယ့်နိုင်ငံကို ပြန်ဖို့ပြင်ဆင်ကြပါတယ်။ ဘာလို့လဲ။ သူတို့ဘ၀ အတွက် အာမခံချက်ဆိုတာကို သူတို့တိုင်းပြည်မှာ ရှာတွေ့နိုင်တယ်။ ကျနော်တို့ဆီက လူငယ်တွေမှာကော ဒီလိုအာမခံ ချက်မျိုးရှိပါသလား မျိုးမြန်မာ။ စစ်အာဏာရှင်တွေရယ့် ကြီးကျယ်ခန်းနားတယ့် နိုင်ငံတော် ကိုယ့်အားကိုယ် ဘယ်သူ့အားမကိုးဆိုဆိုတာ ဆန်းအိုးထဲမှာ ဆန်မရှိတယ့် မိသားစုတွေ ဆေးရုံမှာ ပတ်တီးမရှိတယ့် ၀ါဂွမ်းမရှိတယ့် လူတွေအတွက်တော့ သိပ်ကိုဝေးကွာလွန်းနေတယ့် နေ့ခင်းအိမ်မက်တွေပါ မျိုးမြန်မာ။ ပြည်ပရောက် လူတွေဟာ တိုင်းပြည်ကို မေ့သွား တယ်ထင်နေလို့လား မျိုးမြန်မာ။ နှိုင်းယှဉ်တွေးတောတယ်ဆိုတာ အထင်မြင်သေးမှုဆိုတာနဲ့ တခြားစီပါ မျိုးမြန်မာ။ နှိုင်းယှဉ်မခံရဲဘူးဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေတာ အသေအချာပါ။ ပြည်ပရောက် မြန်မာတွေ ကိုယ့်မြေကိုယ့်ရေကို လက်ရှိရောက်ရှိတယ့်နေရာနဲ့ နှိုင်းယှဉ်သုံးသပ်ကြတယ့်အခါ compare and contrast လုပ်ကြတာ သဘာဝပါ။ ဒါဟာ မူမှန်တယ့် သဘာဝကျကျ တွေးတော့ ဆင်ခြင် သုံးသပ်မှုပုံစံပါ။ ထပ်ပြောပါဦးမယ် မျိုးမြန်မာ။ စစ်ဗိုလ်ချုပ်သားသမီးတွေနဲ့ လက်တစ်ဆုပ်စာ စီးပွားရေးသမားတွေရယ့် မိသားစုတွေသာ ပြည်ပမှာ သုံးဖြုန်းပျော်ပါးနေပြီး မြန်မာဆိုတာကို သူ့တို့ရယ့် နေ့စဉ်ဘ၀မှာ မေ့လျော့နေကြတာပါ။ ကျန်တယ့် မြန်မာလူမျိုးအများစုကတော့ ကိုယ်မြန်မာဆိုတာ မမေ့ပါဘူး။ မြန်မာလူမျိုးဆိုတာ နာမည်မှာ မြန်မာပါယုံနဲ့ မလုံလောက်ပါဘူး။ လက်ရှိ မျက်မှောက် အမှန်တရားတွေကို index တွေကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပြီး ဘာကိုလုပ်သင့်လဲဆိုတာကို ပြတ်ပြတ်သားသား လုပ်ရဲမှပဲ မြန်မာဆိုတာ နိုင်ငံတကာမှာ နောက်တန်းမှာ ရောက်နေရတယ့်ဘ၀ကနေ လွတ်မြောက်မှာပါ။
စစ်အာဏာရှင်တွေရယ့် စကားလုံးလှလှနဲ့ ဖန်တီးတည်ဆောက်ထားတယ့် virtual world ထဲမှာပဲ ရေပေါ်ဆီဘ၀နဲ့ ပျော်ပိုက်မနေပဲ တကယ့်ပြည်သူတွေရယ့် နေ့စဉ်ဘ၀ထဲကို ၀င်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ လက်တွေ့နဲ့ ဘယ်လောက်ကင်းကွာနေပြီလဲဆိုတာ တပ်အပ်ထင်ရှား သိလာပါလိမ့်မယ်။ ရန်ကုန်ထောင် ဟုတ်မဟုတ် သိချင်ရင်တော့ လူ့အခွင့်အရေးကြော်ငြာစာတမ်းကို ကိုင်ပြီး မြို့တစ်ပတ်လှည့်ကြည့်လိုက်ပါ။ ဘန်ကောက် တိုင်ပေ လန်ဒန် နယူးဒေလီ စတယ့်မြို့တွေမှာတော့ ဘာမှ မဖြစ်ပေမယ်လို့ ရန်ကုန်မှာတော့ ဒီလို ကုလသမဂ္ဂက ထုတ်ပြန်ထားတယ့် စာတမ်းကို ကိုင်ပြီးလှည့်ယုံနဲ့ စစ်အာဏာရှင်တွေရယ့် ရက်စက်ယုတ်မာမှုကို သိရပါလိမ့်မယ်။ မျိုးမြန်မာ ဓါတ်ပုံ ပို့ရမှာ ၀ါသနာပါတယ်ဆိုရင်တော့ ကျနော်တို့ကို လူ့အခွင့်အရေးကြော်ငြာစာရွက်ဝေနေတယ့် ပုံမျိုးဖြစ်ဖြစ်ပို့ပေးပါလား။ ဒါဆိုရင် ကျနော်တို့က ရန်ကုန်ဟာ ထောင်မဟုတ်ဖူးဆိုတာ သိသွားမှာပါခဗျား။ ကျနော်တို့ရယ့် ထင်မြင်ယူဆချက်တွေ မှားတယ်ဆိုတာ သက်သေပြပေးနိုင်ရင် သိပ်ကိုကျေးဇူးတင်နေမှာပါခဗျား။
xyz

မေငြိမ်း said...

xyz ကို သိပ်ကျေးဇူးတင်ပါတယ်။ ကျမကိုယ်စား သေသေချာချာ ပြန်ဖြေရှင်းပြပေးတဲ့အတွက်။ ဒီလောက် အကျိုးသင့်အကြောင်းညီ ရှင်းပြတာကိုတော့ သူတို့ နားလည်လောက်ပြီထင်တာပါပဲ။ ကျမကိုယ်တိုင် ပြည်တွင်းကထွက်လာတာ ၃နှစ်တောင်မရှိသေးပါဘူး။ ဒါကြောင့် ရန်ကုန်ထောင်နောက်ဆက်တွဲကို ပို့စ်အနေနဲ့ ထပ်တင်ပါဦးမယ်။ ရေးနေဆဲ......

MyoMyanmar said...

ဟားဟား.. ကိုxyz က ဖဲ့တယ်ဗျ...
ဒါပေမဲ့ ဒီနေရာက အန်တီငြိမ်းပိုင်တဲ့နေရာ ဖြစ်နေတာကြောင့် သူ့နေရာမှာ ခေါင်းစဉ်နဲ့ မဆိုင်တဲ့အကြောင်းတွေ မပြောချင်ဘူးဗျာ.. အဲ..အန်တီငြိမ်းကတော့ အကို့ကို အပြတ်သတ် ထောက်ခံထားတဲ့အတွက် အန်တီငြိမ်းကို ဦးတည်ပြီး အကို့ရဲ့တချို့အချက်တွေကို ပြန်ဖဲ့ (ဟုတ်ပါဘူး) ပြန်ဆွေးနွေးချင်ပါတယ်..

အိုကေ.. ကျွန်တော် အဓိကဆွေးနွေးချင်တာက ဒီရန်ကုန်ထောင်ဆိုတဲ့ ဆောင်းပါးကိုပါ.. အန်တီငြိမ်းက တကမ္ဘာလုံးကဖတ်လို့ရတဲ့ ဒီဆောင်းပါးမှာ သံဃာတွေကစပြီး နောက်ဆုံးအမျိုးသမီးငယ်လေးတွေထိ ပတ်ရမ်းပြီး မြင်ပါတယ်ထင်ပါတယ်နဲ့ အပီဖဲ့သွားလိုက်တာ အားလုံးငတုံးငအတွေနဲ့ ရစရာမရှိတဲ့ နိုင်ငံတစ်ခုအဆင့်ထိ မြန်မာနိုင်ငံကို စော်သွားပါတယ်.. ဆောင်းပါးရှင်တစ်ယောက်ဟာ လူမျိုးတစ်ခုနဲ့ နိုင်ငံတစ်ခုကို အဲဒီလောက်ထိ နှိပ်ကွပ်မှုတွေနဲ့ ဖဲ့ဖို့ဟာ သူရေးတဲ့စာအပေါ် ဘယ်လောက်တာဝန်ယူတယ်.. ဆိုတာရယ်.. လက်လွတ်စပါယ်မဖြစ်အောင် လေ့လာမှုတွေဘယ်လောက်ထိ လုပ်ထားရတယ်ဆိုတာ ဆောင်းပါးရှင်တွေပဲပိုသိမှာပါ... အန်တီငြိမ်းပြောခဲ့တာဟာ လူတစ်ယောက်အကြောင်း၊ အိမ်တစ်အိမ်အကြောင်းမဟုတ်ဘူးနော်.. နိုင်ငံတစ်ခုအကြောင်းနဲ့ အဲဒီနိုင်ငံကလူတွေအကြောင်း.. ဒီတော့ ဒါဟာပိုလေးနက်တယ်ထင်တယ်ဗျ.. ပုံမှန်ထက်ကို ပိုလေ့လာမှဖြစ်မယ်.. ကိုယ့်နေရာပဲဆိုပြီး ထင်ရာရေးလို့မရတော့ဘူး.. ကိုယ်ထင်တာရေးတယ်.. မှန်ချင်မှန်မယ်.. မှားချင်မှားမယ်.. ဂရုမစိုက်ဘူးလို့တော့လုပ်လို့ရတာပဲ.. ဘာဖြစ်တာမှတ်လို့.. ဒါပေမဲ့ ဆောင်းပါးရှင်က သူများမဟုတ်ဘူး.. အန်တီမေငြိမ်းလေ.. ကျွန်တော်က သူ့စာဖတ်ပရိတ်သတ်ဖြစ်နေတယ်..

ဒါပေမဲ့ ပရိတ်သတ်ကပရိတ်သတ်ပဲ.. ကျွန်တော်လက်ခံတာတော့ လူတစ်ယောက်ဟာ ဘာမှခိုင်ခိုင်လုံလုံမရှိပဲ… ကိုယ့်ထင်မြင်ချက်လေးတစ်ခုနဲ့.. လေ့လာမှုလေးလုပ်ပါတယ်ဆိုပြီး.. နိုင်ငံတစ်နိုင်ငံနဲ့ လူမျိုးအပေါ် နှိပ်ကွပ်တဲ့ရေးသားတာတွေကို မလုပ်သင့်ပါဘူးဗျာ... မှန်တယ်.. စွမ်းတဲ့ဆေးခါးတယ်ဆိုသလို အမှန်ပြောရင် နားခါးသလိုခံစားရတတ်ပေမဲ့.. ကြိုက်ကြိုက်မကြိုက်ကြိုက် ကောင်းဘို့ပြောရမှာကတော့ လူတိုင်းတာဝန်ရှိတယ်.. ဒါကိုတော့ ကျွန်တော်လက်ခံတယ်.. ဒါပေမဲ့.. ဒီရေးသားချက်ကြတော့.. အမှန်တိုင်းရေးတာပဲလို့ ပြောရအောင်ကလည်း တကယ်မှန်နေတာလည်းမဟုတ်ဘူး.. တနေ့ဖြစ်လာမှာပေါ့ဆိုတာကတော့ ဘယ်လောက်နိမ့်ကျနေပါတယ်ဆိုတဲ့ နိုင်ငံမှ ဒီမှာရေးထားသလောက် မစုတ်ပြတ်တဲ့အပြင်၊ ဗေဒင်တွက်သလိုလိုဘာလိုလိုနဲ့တော့ ဒီလောက်ထိ မနှိပ်သင့်ပါဘူးဗျာ..

ဒီနေရာမှာ တိုင်းပြည် စီးပွားရေးအကြောင်း ပြောမယ်ဆိုရင်တော့ စီးပွားရေး ပညာရပ်အကြောင်းကို သိအောင်လုပ်ပါဦးဆိုတဲ့ ကိုxyz ရေ.. (အား.. နာမည်ကလည်း ခေါ်ရတာထောက်လိုက်တာ) .. တိုင်းပြည်ရဲ့စီးပွားရေးတင်မကပဲ ဘက်စုံကို လျှောက်ပြောပြီး ကိုယ်ထင်ရာကို ကောက်ချက်ချသွားတဲ့ အန်တီငြိမ်းကိုလည်း ဆန်းစစ်စေချင်ပါသေးတယ်ဗျာ.. အဲ.. နောက်တစ်ခုက ဆန်စပါးထွက်တဲ့ တိုင်းပြည်မှာ ထမင်းမငတ်ရဘူးဆိုတာတော့ဗျာ.. အကိုလည်းစီးပွားရေးကို လေ့လာဖို့လိုပါဦးမယ်..

တကယ်တော့ ပြည်သူတွေထမင်းမငတ်သင့်တာ ဆန်စပါးထွက်တာကြောင့်မဟုတ်ဘူးဗျ.. ဆုတ်ယုတ်မှုတွေကြောင့်ပါ.. ဒါကိုကျွန်တော်မငြင်းဘူး.. ငြင်းလည်းမငြင်းခဲ့ဘူး..

အဲနောက်တစ်ခုက macro management နဲ့ စီးပွားရေးပိတ်ဆို့မှုကိစ္စ.. ဘာလို့စီးပွားရေးပိတ်ဆို့မှုရဲ့ effect ကို သိရဲ့သားနဲ့ ရူးချင်ရောင်ဆောင်ချင်ရတာလည်းဗျာ.. နိုင်ငံတစ်ကာ ပညာတတ်တွေအားလုံးဟာ စီးပွားရေးပိတ်ဆို့မှုရဲ့ ဂရက်ကို လက်ခံတယ်ဗျာ.. ဒါကြောင့်လည်း တချို့တွေက ပိုတိုးပြီး ပိတ်ဖို့.. တချို့တွေက လျော့ဖို့ ပြောနေကြတာပေါ့.. အဲဒီတော့ ဒီeffect ကို မသိပဲ နှာစီးချင်ရောင်ဆောင်ပြီး လျှောက်ပြောနေရင်သာ ဟားစရာဖြစ်လာပါလိမ့်မယ်... အဲဒီလိုစီးပွားရေးပိတ်တာရော စီမံမှုညံ့ဖျင်းတာနဲ့လည်းပေါင်းရော ကဲ.. အောက်ဆုံးကို ဒိုင်ဗင်ပဲဗျို့...

အကိုက စီးပွားရေးပိတ်ဆို့မှုကို အမေရိကန်နဲ့ အပေါင်းအပါတွေဟာ ရည်ရွယ်ချက်မရှိ ရူးကြောင်မူးကြောင် လျှောက်လုပ်နေပြီး ပြည်တွင်းက အတိုက်ခံတွေကရော ဘာမှန်းမသိညာမှန်းမသိ ဦးတည်ချက်မရှိပဲ လက်ခုပ်လက်ဝါးတီး ထောက်ခံနေတယ်လို့ ထင်လို့လား.. အဲလောက်တော့ အထင်မသေးပါနဲ့ဗျာ.. ကျွန်တော်တို့ အတိုက်ခံနိုင်ငံရေးသမားတွေကလည်း နဲနဲတော့ သူများပြောရင်သိချင်ယောင်ဆောင်တတိပါတယ်.. ဟီးဟီး..

အိုကေ.. ချုပ်မယ်ဗျာ.. ဒီတော့ ဘာလို့များ ကျွန်တော်ဒီမှာလာဝေဖန်ခဲ့လဲဆိုရင် အန်တီငြိမ်းဟာ တိုင်းပြည်နဲ့လူမျိုးနဲ့ချီတဲ့ ဝေဖန်မှုလုပ်ဖို့ (ခပ်ရှင်းရှင်းပြောရင် ဖဲ့တဲ့) ဒီဆောင်းပါးကို ရေးရာမှာ လေ့လာမှုအားနည်းခဲ့တယ်လို့ ပြောချင်တယ်ဗျာ..

ရန်ကုန်မှာ ပုံမှန်ပြန်ဖြစ်နေပြီတို့ ဘာတို့ဆိုတာက အဲဒါကိုထောက်ပြချင်တာပါ.. အန်တီဟာ သူပြောတဲ့ ရန်ကုန်ဟာ ထောင်လိုဖြစ်နေပြီဆိုတာကို အားသာဖို့ နေရာတကာမှာ အစောင့်ကြပ်တွေပြည့်နေသလိုလို လူတွေဟာ အလုပ်ကြမ်းတွေပဲ လုပ်နေရသလိုလို ဆွဲရေးသွားတာ လေ့လာကြည့်ရင် မြင်နိုင်မှာပါ.. ပြီးတော့ လူ့အခွင့်ရေးလွတ်လပ်မှုမရှိလို့ ထောင်ဖြစ်နေပါပြီဆိုတဲ့ စိတ်ခံစားမှု အနုသရုပ်ပြဘက်ကချည်းကပ်တာမဟုတ်ပဲ.. တကယ့်ထောင်သာ်းတွေလို အကြမ်းဘက်ကနေပဲ ဆွဲယူရေးသွားတာပါ.. ဒါဟာ ဓါတ်ပုံတွေရဲ့ လွှမ်းမိုးမှုအများကြီးပါပါလိမ့်မယ်.. ကျွန်တော်တို့ကတော့ နေ့စဉ်လှုပ်ရှားနေသူတွေဆိုတော့ ပိုခံစားလို့ရတာပေါ့ဗျာ.. ပုံမှန်ဆိုတာ သာမာန်ပြည်သူတွေရဲ့ နေ့စဉ်ကိစ္စတွေကိုပြောတာပါ.. အကိုပြောတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကတော့ အရင်ကလည်းမရဘူး.. ခုလည်းမရသေးဘူးလေ... ဒါကြောင့်လည်း တိုက်နေကြတာပဲမဟုတ်လား..

ပီးတော့ ကျွန်တော်မျိုးမြန်မာ မဟုတ်ပါဘူး.. မောင်ငယ်ရင်သွေးပါ.. အဲ.. ကျွန်တော့်နာမည်ကတော့ အစစ်မဟုတ်ပါဘူး.. သိမှာကြောက်လို့ ပြောင်းထားတာ.. ဟီးဟီး.. ပြောလို့မရဘူး.. နှစ်ဖက်လုံးက အာဏာရှင်တွေဆိုတော့ သဘောကွဲလွဲတာတွေဘာတွေဆို ဒီမိုကရေစီနည်းနဲ့ ရှင်းမှာမဟုတ်ဘူး.. တော်ကြာဖဲ့လိုက်လို့ ဘူတို ဖြစ်နေဦးမယ်..

ကိုမျိုးကတော့ မရှင်းနဲ့ပြောပါတယ်.. myomyanmar said ဆိုပြီး သူ့ခေါင်းစဉ်နဲ့ သွားတဲ့ ကိစ္စတိုင်းရဲ့ တာဝန်ဟာသူ့တာဝန်ပဲတဲ့.. ဒါပေမဲ့လည်း ကိုယ်က သူ့account ကြီးသုံးပြီး ဖဲ့တော့ သူ့ကိုဆိုတော့ မျက်နှာပူတာနဲ့ ရှင်းပြလိုက်ပါတယ်..

အဲ.. အိမ်ရှင်ကို နှုတ်ဆက်ဖို့မေ့နေလိုက်တာ.. အန်တီငြိမ်းရေ..
နောက်ဆောင်းပါးတွေ ကျွန်တော်ကြိုက်တယ်ဗျ.. ဒါပေမဲ့ ခံစားမှုဖွဲ့ အသစ်အသစ်လေးတွေလည်း ရေးပေးပါဦးဗျာ.. အဟောင်းနဲ့အသစ် မျှခံစားရသလို အန်တီ့ရဲ့ အဖွဲ့နွဲ့ အပြောင်းလဲလေးဟာ အသက်ရွယ်နဲ့အတူ ရင့်ကျက်ပြောင်းလဲနေပြီလားဆိုတာ သိချင်လို့ပါ..

ဟုတ်ပြီလေ..
တကယ်လို့များ ကျွန်တော်မှားနေသေးတယ်ထင်ရင်

ONCE MORE

မောင်ငယ်ရင်သွေး

Mgxyz said...

မောင်ငယ်ရင်သွေး

ဖဲ့တယ်ဆိုတာ သိပ်များ နားကြားရိုင်းမနေဘူးလား မောင်ရင်ငယ်သွေး။
ကျနော်ကတော့ ဆရာမမေငြိမ်းရယ့် စာတွေကို လာဖတ်တယ်။ မောင်ရင်ငယ်သွေးရေးထားတာကို ဖတ်ကြည့်တော့ အဓိပ္ပါယ်မရှိဘူးထင်လို့ ပြောတယ်။ ဒါလောက်ပါပဲ။ ဖဲ့တာတွေ မဖဲ့တာတွေ ကျနော် စိတ်မ၀င်စားပါဘူး။ အဲ့ နောက်တစ်ချက် စာရေးဆရာတစ်ယောက်ကို တကယ်လေးစားရင် မဖဲ့ပါဘူး။ ဝေဖန်မယ် သုံးသပ်မယ် ကိုယ့်ရယ့်ထင်မြင်ချက်ကို မျှဝေမယ်။ ဒါဟာ ဖြစ်သင့်တယ့် ချဉ်းကပ်မှုပါ။ ရှိထိုက်တယ့် norm တစ်ခုပါ။ ဖဲ့တယ် မဖဲ့တယ် ဆိုတာ yellow journalismကလူတွေလုပ်တယ့် အလုပ်ပါ။ မောင်ရင်ငယ်သွေးဘယ်သူဆိုတာ မသိသလို ဆရာမမေငြိမ်းကိုလဲ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးနေတာမဟုတ်ပါ။ ရေးထားတယ့် စာကို တည့်တည့်ကြည့်ပြီးပဲ ပြောပါတယ်။ မောင်ရင်ငယ်သွေး လိပ်ပြာသန့်သန့်နဲ့ comment ရေးခဲ့တာဆိုရင် နောက်ဆက်တွဲ ရှင်းလင်းချက်တွေ ပေးနေဖို့လဲ မလိုအပ်လှပါ။ ခုတော့ ဆရာမမေငြိမ်းကို အားနာမှု လေးစားမှုတို့ကြောင့် မငြိမ်းအကျယ် အငြင်းပွားဖို့ မသင့်ဘူးလို့ ထင်လို့ ခပ်တိုတိုပဲ ရေးလိုက်ပါတယ်။ ဆရာမကိုလဲ စိတ်အနှောင့်အယှက်ဖြစ်စရာများ ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါလို့တောင်းပန်လိုက်ပါတယ်။
xyz

Anonymous said...

online ကနိုင်ငံေ၇းလုပ်နေသူတွေထက်ကိုမင်းကိုနိုင်
လိုပြည်တွင်းမှာတကယ်ကိုယ်ကျိုးစွန့်လုပ်နေတဲ့နိုင်ငံေ၇း
သမားတွေကိုတကယ်ကိုချီးကျုးလေးစားပါတယ်
တိုက်ကြဟေ့လို့ပြောဖို့ကလွယ်ပါတယ်