“စောင့်သူ”
အာရုံထဲမှာ ဥသြတွန်သံကြားသည်။ အိပ်မက်လား..၊ စိတ်ကူးယဉ်မိနေတာလား..၊ မသဲကွဲစဉ်မှာပဲ ဖျတ်ကနဲ သူလန့်နိုးသွားသည်။ ဒီတော့မှ အဝေးက လွင့်လာတဲ့ ဥသြသံကို သေသေချာချာ ထပ်ကြားသည်။ အော… အိပ်မက်နဲ့ လက်တွေ့ ဆက်သွားတာ။ မျက်လုံးကို မဖွင့်သေးခင်မှာတောင် မနက်ခင်းအလင်းကို ခံစားသိသည်။ နဘေးကို လှည့်ကြည့်လျှင်တော့ ပြုံးရိပ်သမ်းတဲ့ မျက်နှာလေးနဲ့ အိပ်ပျော်နေမယ့် လူမျိုးကွဲ ဇနီးသည် ကို မြင်ရမှာပေါ့။ ခုချိန်မှာ သူမ နိုးနေလျှင်တော့ သူမတတ်ထားတဲ့ ဗမာစကားနည်းနည်း လေးထဲက ‘မောင့်ကို ချစ်တယ်’ ဆိုတာကို မပီကလာပြောရင်း ဖွဖွနမ်းလို့ နှုတ်ဆက်လိမ့် မည်။ ပြီးလျှင်တော့ အိပ်ယာမှထကာ သူမကိုယ်တိုင် ဦးဆောင်ပြီး အိမ်ဖော်တွေနှင့်အတူ နံနက်စာ ပြင်ဆင်ပေးလိမ့်မည်။ သူကတော့ တကယ့်စားချင်စဖွယ် နံနက်စာကို စားပြီးလျှင် လှပသောဇနီးကို နှုတ်ဆက်ကာ ရုံးသွားမည်။ ဒါပဲပေါ့။
‘အချစ်ရေ.. ရုံးနောက်ကျလိမ့်မယ်’ဆိုတဲ့ ဘာသာခြားစကားသံက သူ့နဘေးကို တွယ်ဖက်သော လက်တစုံနှင့် အတူ ရောက်လာသည်။ သူ့ လက်မောင်းမှာ အသက်ရှူငွေ့နွေးနွေး။ သူ လှည့်ပြုံးနှုတ်ဆက်ရမည်။ အမြဲလို သပ်သပ်ယပ်ယပ် တင့်တင့်တယ်တယ် နေတတ်သော သူမက စိတ်ချမ်းသာစရာကောင်းစေတာတော့ အမှန်။ ဒါဖြင့် သူက စိတ်ချမ်းသာနေတာ မဟုတ်ဘူးလား…။ မဟုတ်သေးပါဘူး။ သူ ကျေနပ်ပါတယ်လေ..။ တကယ်ဆို ပြောသင့်တာက ပျော်တယ်ဆိုတဲ့စကားလုံး မဟုတ်လား။ အဲဒါတော့ မသေချာဘူး ထင်သည်။ သူငယ်ချင်းတွေကတော့ မပူမပင် မကြောင့်မကြနဲ့ သူ လိုလားတဲ့ အနေအထား တခုမှာ အောင်မြင်နေတဲ့ သူ့ဘ၀က စိတ်ချမ်းသာစရာပဲ.. တဲ့။ ဟုတ်လား…။ ကာယကံရှင် သူကတော့ လက်ရှိဘ၀ထဲမှာ နှစ်နှစ်ကာကာ ပျော်ပိုက်ခြင်း မရှိလှတာ သေချာသိသည်။ ဒါဖြင့် ဘာကို လိုအပ်နေသေးတာလဲ…။
“အမေရေ… အလွန်ဆုံးမှ ၃လပေါ့…။ ဒီမိုကရေစီရပြီဆိုတာနဲ့ ချက်ချင်းပြန်လာခဲ့မှာ…”။ ဒီလိုနဲ့ ခုတော့ အနှစ်ဆယ်တောင် ရှိတော့မယ်။ ဘ၀မှာ ဘာတွေ ဘယ်လောက် ရခဲ့ပြီလဲ… ဒါမှမဟုတ် … ဘာတွေ ဘယ်လောက် ပေးခဲ့ရပြီးပြီလဲ… ။ ပေးဆပ်ခဲ့ရတယ်လို့တော့ မပြောချင်ပါ..။ ဘာလို့ဆို ဒါ ကိုယ့်ဘာသာ ရွေးချယ်ခဲ့တဲ့ လမ်းပေပဲ။
တခါတလေ ဘ၀ထဲ စိတ်ပမ်းလက်ပမ်းရှိတဲ့အခါ သူ ‘ချစ်တယ်’လို့ နှစ်နှစ်ခြိုက်ခြိုက် ပြောဖို့ … ‘မောင့်ကို ချစ်လား’လို့ လှိုက်လှိုက်လှဲလှဲ မေးဖို့။ ပြီးတော့ နာဖျားမကျန်းရှိလို့ နဘေးကနေ တတွတ်တွတ်အားပေးတဲ့အခါ ကိုယ့် ဘာသာစကားနဲ့သာ အားရှိချင်တာ။ အမေ့ကို လွမ်းလို့ မျက်ရည်ကျတဲ့အခါ မျက်နှာအပ်ဖို့ ရင်ခွင်ဟာ သနပ်ခါးနံ့ သင်းနေတဲ့ ရင်ခွင်သာ ဖြစ်စေ့ချင်တာ။ ‘ဒီလိုပဲပေါ့မောင်ရယ်.. ဘ၀ဆိုတာ…။ စိတ်ကို တင်းမထားနဲ့၊ ငိုလိုက်.. ငိုချလိုက်၊ ကျမရှိတယ်’ ဆိုတာမျိုးကို ကြားချင်တာ။
တခါတလေကျတော့ သူ ရင်းနှီးမြှုပ်နှံရတာတွေထဲမှာ ရင်နာနာနဲ့ တမင် ဇွတ်နှစ် မေ့ထားရတာမျိုးတွေလည်း ပါတတ်သည်။ ဥပမာ- တောင်ငူဆောင်ရှေ့ တောင်ပိန္နဲပင် တွေအောက်က အရှည်ကြီးလဘက်ရည်ဆိုင်မှာ ထိုင်ပြီး တောင်ငူဆောင်ရှေ့လမ်းသွယ်လေးကနေ နွဲ့နွဲ့လေးလျှောက်လာတတ်တဲ့ ကောင်မလေးကို စောင့်ကြည့် ငေးမောရတဲ့ နူးနူးညံ့ညံ့ ခံစားချက်လေးကို မေ့ထားရတယ်။ ဂျပ်စင်ကင်တင်းက ယင်းမာ လဘက်ရည် ဆိုင်မှာ ထိုင်ပြီး ကဗျာစာအုပ်ထုတ်ဖို့ သူငယ်ချင်းတွေ ငြင်းကြ ခုန်ကြ တိုင်ပင်ကြတဲ့ ရက်တွေကို မေ့ထားရတယ်။ အီကိုကင်တင်းရှေ့က ပန်းချီခန်းလေးမှာ ပန်းချီဆွဲနေတဲ့သူတွေကို သွားသွားပြီး ထိုင်ငေးခဲ့ဖူးတဲ့အချိန်တွေကို မေ့ရတယ်။ နောက် ယုဒသန်ခန်းမ ထဲက ပန်းချီပြပွဲတွေကို မေ့ထားရတယ်။ တခါက ပန်းချီပြပွဲတခုမှာ ကိုယ်စောင့်ကြည့် ချစ်နေရတဲ့ ကောင်မလေးရဲ့ ခြေဖနောင့်လေးကို Panel Board တွေအောက်က မြင်ရချိန်မှာ သူကလေးပဲလို့ တန်းသိပြီး Panel Board တွေကြားမှာ မျက်နှာလေးကို လိုက်ရှာ ခိုးကြည့်ခဲ့ဖူးတဲ့ ဆွတ်ပျံ့စရာ ခံစားချက်လေးကိုလည်း မေ့ထားရတာပါပဲ။ ‘၈/၈၂ အင်းလျားလမ်း’ တို့ ‘မောင့်သီရိမေ’ ‘အဆောင်သူအလွမ်းပြေ’ တို့ ‘တက္ကသိုလ်မှာ ဝေတဲ့နှင်း’ တို့ကိုလည်း မေ့ထားရတာပဲ။ အာရ်စီထဲက အနုပညာအသင်းခန်းလေးထဲက ပတ္တလားသံလေးကိုလည်း မေ့ထားရတာပဲ။ တက္ကသိုလ်ဟာ သူ့အတွက်တော့ ဘ၀ရဲ့ နေထိုင်မှုအနုပညာကို သင်ပေးခဲ့တဲ့ နေရာလေးတခုဖြစ်ခဲ့တယ်ဆိုတာကိုတော့ အမေ့ထားရဆုံးပေါ့။ ဒါတွေအားလုံးကို မေ့ပစ်နေရတာကလည်း သူ့အတွက်တော့ ရင်းနှီးမြှုပ်နှံရမှုပဲ ဖြစ်သည်။
(၄)
သူငယ်ချင်းတွေက ‘မင်းရဲ့မျိုးဆက်အတွက် စဉ်းစားဦး… ကလေးယူ သင့်ပြီ…’ တဲ့။ အဲဒီကလေးက ဘာ ဘာသာစကား ပြောမလဲ…။ သူ့ကို ‘ဖေဖေ’လို့မှ ခေါ်ပါ့မလား။ ကလေးက ‘သူ ဘာလူမျိုးလဲ’လို့မေးရင်… သူ့ရင်းမြစ်ဇာတိနိုင်ငံအကြောင်းမေးရင်… ကလေးက သူ့နိုင်ငံကို အထင်မသေးအောင် သူ ဘယ်လိုဖြေမလဲ။ အရေးကြီးဆုံးက သူ့အဖြေမှန်တယ်လို့ ဘယ်လို သက်သေပြမလဲ။ အို… ကိုယ့်နိုင်ငံအတွက် စိတ်ထိခိုက် နာကျင်နေရမယ့် နောက်ထပ်လူသားတယောက် ဒီမြေပေါ်မှာ မတိုးပွားစေချင်တော့ပါ။ သူ့ဇနီးကလည်း သူ့ သဘောတဲ့။ ဒီလိုနဲ့ သူမက်ခဲ့ဖူးတဲ့ အိမ်မက်တမက်ထဲက ကြက်တောင်စည်းလေးစည်းထားပြီး အဖေ့ပုဆိုးစ ဆွဲလိုက်နေမယ့် သနပ်ခါးပါးကွက်ကြားနဲ့ သမီးလေးကို မေ့လိုက်ရသည်။ ပြီးတော့ သေနတ်တကားကားနဲ့ အော်ဟစ်ပြေးလွှားဆော့ကစားနေမည့် အဖေတူသားကလေးတယောက်ကို မေ့လိုက်ရသည်။
(၅)
“အမေရေ… အလွန်ဆုံးမှ ၃လပေါ့… ။ ဒီမိုကရေစီရပြီဆိုတာနဲ့ ချက်ချင်းပြန်လာခဲ့မှာ…”။ အမေ့ခမျာ သူပြန်အလာထိ မစောင့်နိုင်ခဲ့ရှာ။ သူ့ဇနီးကတော့ ‘မောင်တို့ဆီ ကျမလည်း လိုက်နေမှာပါ’ တဲ့။ သူ လိုက်မပို့ နိုင်တဲ့အတွက် သူမတယောက်တည်း သွားလည်ခဲ့ရတဲ့ ပုဂံမြို့ဟောင်း၊ မန္တလေးနဲ့ ကလော၊ တောင်ကြီး၊ အင်းလေး၊ ပင်းဒယတွေကို ခုထိ ခဏ ခဏ တသသ ပြောနေတတ်တဲ့ ဇနီးက သူ့လောက်နီးနီးကို သူတို့နိုင်ငံမှာ နေချင်တာ။ တကယ်ပဲ ပြန်ခွင့်ရပြီ နေခွင့်ရပြီဆိုရင်တော့ သူဘယ်လောက် အသက်ကြီးနေပါစေ…။ သူ့မြေမှာ ကြီးပြင်းမယ့် ရင်သွေးတွေတော့ မွေးကို မွေးဦးမှာ။
ဒီလိုနဲ့ ခုတော့ အနှစ်ဆယ်တောင် ရှိတော့မယ်။
မေငြိမ်း
၂၀ဇန်န၀ါရီ၊၂၀၀၈။
8 comments:
ကိုမွန်းအောင်ကို မျက်လုံးထဲမှာ မြင်ယောင်လာတယ်။
အန်တီရေ... ထိခိုက်ခံစားသွားတယ်... မျော်လင့်ချက် သဲတပွင့်စာနဲ့ ဆက်စောင့်နေပါဦါ်မယ်။
မှောင်လိုက်တာပိန်းလို့
လေပူတွေလည်းတိုက်
မောအိုက်လွန်းတယ်
ဘေးနားက လက်ကလေးတစ်ဖက်ကိုတောင်
အမှတ်မထင် ဖယ်ချမိသွားတယ်။
သူ့နံဘေးမှာ
သူ့ဘ၀က အိပ်မောကျနေတယ်
ဘ၀က အချစ်ကို ပြဌာန်းချိန်မှာ
အချစ်က ဇယားသုံးကွက်ထဲ
ဒလိန့်ခေါက်ကွေးကျွံကျ
အနှစ်နှစ်ဆယ် အကျဉ်းချ
တရားခံအစစ်က ဘယ်သူလဲကွယ်။
သူမချစ်တဲ့သူနံဘေးမှာ
သူမက အိပ်မောကျနေတယ်
ကိုယ်မွေးခဲ့တဲ့မြေကြီးကို
ကိုယ့်လက်တွေနဲ့ပြန်ထိခွင့်မပါ
အမေအိုအလွမ်းနဲ့
မျက်ရည်စမ်းစမ်းတွေမပါ
ပိတောက်ဝါလွမ်းချင်းနဲ့
ကံ့ကော်ခင်းကသွေးစက်တွေမပါ
သူမ မက်နေတဲ့အိပ်မက်တွေကတော့
ပြုံးယောင်ပဲသန်းနေပါစေပေါ့။
သူ့ရဲ့နွေတညတော့
ရွာသူနှောက်လို့
ခြောက်ခြောက်ခြားခြားအိပ်မက်တယ်
ပိတောက်တွေဝေလိုဝေ
သနပ်ခါးနံ့တွေမွှေးလိုမွှေး
ရေတမာပင်တွေကြားပြေးလိုပြေး
ချွေးစေးပျံ အသံနက်နဲ့
အနှောင်ဖွဲ့ကရုန်းထွက်ရတယ်။
သူမကတော့
အိပ်မောကျနေတုန်းကွယ်
ဘ၀ကရော…
…….
ဟောဒီအခန်းကျဉ်းထဲမှာ
တကယ်တော့ သူတစ်ယောက်တည်းပါပဲ
အသက်ရှုသံပြင်းပြင်းနဲ့
မိုးလင်းမှာကိုစောင့်နေမိတယ်။ ။
ဆရာမ ရဲ့ လုံးချင်း ၀တ္ထုတွေအားလုံးကို နှစ်သက်စွာ ဖတ်ဖူးပါတယ်။
အဲဒီတုံးကတော့ ကိုယ်ပိုင်အဖြစ်နဲ့  အိမ်မက်တခုနဲ့ မျက်နှာချင်းဆိုင် ရယ် အချစ်အကြောင်းပြောရအောင် ရယ် (၂) အုပ် ဘဲဝယ်ဖြစ်ခဲ့ပါတယ်။ ကျန်တာတွေလိုချင်လို့  ၂၀၀၅ ရန်ကုန်ပြန်တုံးက ရှာပေမယ့် မရခဲ့ပါဘူး။ ဒါကြောင့် ဘယ်လိုဝယ်လို့ ရနိုင်မယ် ဘယ်မှာ ၀ယ်လို့ ရနိုင်မယ် ဆိုတာလေး သိပါရစေနော်။ ကျေးဇူးတင်ပါတယ်။
နိုင်
ဒီဝတ္ထုတိုကိုပထမတစ်ခေါက်ဖတ်တုန်းကမကြိုက်ဘူး.သုံးသပ်ကြည့်မိတော့.ဇာတ်လမ်းတစ်ခုခုကိုမျှော်လင့်ချက်ထားဖတ်ခဲ့လို့ ဖြစ်မယ်..ထင်…တယ်..
နောက်တစ်ခေါက်ပြန်အဖတ်မှာ..
ဧမြတဲ့ မြကျွန်းညို အရိပ်ကို တိုင်းပြည်ကတောင်းဆိုချက်ကြောင့် ဘ၀တစ်ခုံးလုံးရင်းပြီး စွန် .့ခွာ ခဲ့ရတဲ့၊ လူငယ်တစ်ယောက်ရဲ့ …နက်ရှိုင်းတဲ့..အမိမြေအလွမ်းကိုတွေ့ လိုက်ရတယ်..သူ မျှော်လင့်မထားခဲ့တဲ့ဘ၀ပုံစံတစ်ခုမှာ ..သူ့ ချစ်တဲ့သူတွေ..သူ ဖန်တီးချင်တဲ့ဘ၀အိပ်မက်တွေ ကိုတမ်းတမ်းတတလွမ်းဆွတ်ထားတဲ့ရသကို..ရသွားတယ်..
ဒါ..မိုးမခတောထဲကတဆင့် အိမ်နီးချင်းနိုင်ငံမှာခိုလှုံရင်း အမေရှိရာ..ချစ်သူတွေရှိရာ…ဘော်ဒါစည်းလေးသာခြားထားတဲ့မြန်မာနိုင်ငံဘက်လှမ်းလှမ်း..မျှော်နေရတဲ့ ၈၈ မျိုးဆက်လူငယ်တစ်ယောက်ရဲ့ စိတ်ခံစားမှုကိုချယ်မှုန်းသွားတဲ့ ရသစာစုတစ်ခုလို့ ဆိုချင်ပါတယ်..
ဇာတ်လမ်းကိုမျှော်လင့်ထားတဲ့စာဖတ်သူတွေအတွက်တော့ဒါကိုဝတ္တုတစ်ပုဒ်လိုကြိုက်မှာမဟုတ်ဘူး။ဒါပေမယ့် …ပေးထားတဲ့ရသကျောရိုးပေါ်ကနေ ခံစားပြီး..ဆက်စပ်တွေးမယ့်စာဖတ်သူအတွက်တော့….ဇာတ်လမ်းမရှိ ပေမယ့် ခံစားမှုကျောရိုးနဲ့ နောက်ကွယ်က ဇာတ်လမ်း ပေါင်းများစွာကိုလှစ်ပြနေတယ်..တစ်စုံတစ်ရာပေါ့…အနှစ်..နှစ်ဆယ်တောင်ရှိရော့မယ်..ဆိုတဲ့ အဆုံးသတ်က..ဒီဝတ္တုခေါင်းစဉ်နဲ့ ဖြစ်စဉ်တစ်ခုလုံးပါပဲ…နားလည်လွန်းလို့  တော့..မဟုတ်ပါဘူး..ကျွန်တော်ခံစားမိတာလေးပါ..
ဒါနဲ့..အစ်မရဲ့ုလုံးချင်းတွေထဲမှာ..သီချင်းနှင်းဆီနဲ့ ပကတိမြားက..အကောင်းဆုံးလို့ ထင်..တယ်.(.ကျွန်တော့်အတွက်ပေါ့)
မောင်ရင်
စာရေးသူကို အထူးကျေးဇူးတယ်ပါတယ်။ ၈၈ စာသင်ခန်းကို စွန့်ခွာလာခဲ့သူ တယောက်အနေနဲ့ ဒီဝတ္ထုတိုလေးကို ဖတ်ပြီး ထိခိုက်စွာခံစားရပါတယ်။
ငယ်နိုင်
အမွန်.. စိုဝှပ်.. မျှဝေခံစားပေးတာ ကျေးဇူးပါ..။
ပန်.. ဆင့်ပွားခံစားတဲ့ ကဗျာက ၀တ္ထုထက်ပိုကောင်းနေတာ..။
ကျေနပ်ပါ့..။
neo ရေ.. ပန်းဆိုးတန်းအဟောင်းတန်းမှာ နည်းနည်းတော့ တိုးတိုးတိတ်တိတ် ရှာရတယ်လို့ ပြောပါတယ်။
ကြမောင်ရင်ရေ..မှန်ပါတယ် ရှင်.. အမကတော့ အချစ်အားသန်မို့ အဲဒီကာလတွေထဲမှာ အဲဒီအရွယ်တွေရဲ့ ပေးဆပ်ကြရတဲ့ အချစ်ကို ခံစားမိတာပါ..
nge.. အဲလို ခံစားရစေချင်တာဖြစ်တဲ့အတွက် ကျေနပ်ပါတယ်.. ကျေးဇူးပါ..။
Post a Comment