Dec 6, 2008

မြသီလာအလွမ်းပြေ(၂၂)

ဘားအံ.. တဲ့။ ကျမ တခါမှမရောက်ဖူးတဲ့ ဒေသလေး။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘားအံက သာမညဆရာတော်ကြီး ကြောင့် ဂုဏ်သတင်းကျော်စော စည်ကားစပြုနေတဲ့ အချိန်။ အဲသည် ၁၉၉၅မှာတုန်းက ဘားအံကို သွားမယ် ဆိုရင် စော်ဘွားကြီးကုန်း ကားဂိတ်ကနေ မြိုင်ကလေးထိ ကားစီး။ မြိုင်ကလေးရောက်ရင် သံလွင်မြစ်ကို ဇာက်သင်္ဘောတို့ ပဲ့ထောင်တို့နဲ့ ဖြတ်ကူးမှ တဘက်ကမ်းက ဘားအံမြို့ကလေးဆီကို ရောက်ပါတယ်။ အဲဒီ ဘားအံမြို့ကလေးဆီ စလာရတဲ့ နေ့က တနင်္ဂနွေနေ့ပါ။ နက်ဖန် တနင်္လာဆို တာဝန်ကျရာကျောင်းမှာ အလုပ်စ၀င်ပါပြီလို့ Duty report လို့ခေါ်တဲ့ သတင်းပို့စာ တင်ရမှာလေ။ အဲဒီ တနင်္လာနေ့မှာပဲ ၁၉၉၅-၉၆ ပညာသင်နှစ်ရဲ့ အတန်းတွေ စဖွင့်မှာလည်း ဖြစ်ပါတယ်။

တခါမှမရောက်ဖူးတဲ့ဒေသကို လာရတာမို့ သားကို သူ့အဖိုးအဖွား(ယောက္ခမတွေ)နဲ့ ထားခဲ့ရပါတယ်။ သားကို လွမ်းတဲ့ အလွမ်းတွေကို ပွေ့ပိုက်ပြီး ထွက်လာရတဲ့ ခရီးက လွမ်းစရာကောင်းသလို စိတ်အားငယ်စရာလည်း ကောင်းတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဘ၀ကို တယောက်တည်းရင်ဆိုင်နိုင်ဖို့ ကျမ ကျင့်ယူရတော့မယ့်ခရီးလည်း ဖြစ်တာမို့ အားမွေးနေရတာကိုလည်း ခုထိ သတိရနေပါသေးတယ်။ လမ်းခရီးမှာ အားငယ်စိတ်ပေါ်လာတိုင်း ကျမ ဘားအံကို ပြောင်းရမယ်ဆိုတာ သိရတော့ "အမေတယောက်တည်း ဖြစ်ပါ့မလား.. ကျနော်တို့လိုက်ပို့မယ်" ဆိုတဲ့ ၉၄-၉၅ ဘူမိဗေဒပထမနှစ်က သားတွေကို ခေါ်ခဲ့ရကောင်းသားလို့လည်း တွေးမိတယ်။ ဒါပေမဲ့ အညိုရောင် နယ်မြေဆိုတဲ့ ဒေသကို သူများသားသမီးလေးတွေ မခေါ်သင့်တာနဲ့ တမင် ထားခဲ့ရတာလေ။

အဲဒီနေ့မှာ... ကျမစီးလာတာက မနက် ၈နာရီမှာ စထွက်တဲ့ Hilux အမြန်ကားကို ခေါင်းခန်းက။ လမ်းမှာ ဖြတ်ခဲ့သမျှကတော့ ကျမနဲ့ မစိမ်းတဲ့ ၀န်းကျင်တွေ..။ ကျမက နှစ်တိုင်းလိုလို ကျိုက်ထီးရိုးဘုရား ဖူးနေကျဆိုတော့ ကျိုက်ထိုထိက ကျမသိတဲ့ နေရာတွေ..။ အဲဒီနေ့မှာတော့ ကျိုက်ထိုကို ကျော်ပြီး စသွားဖူးတဲ့ ခရီးပေါ့။ ကျိုက်ထို.. ဘီးလင်း သထုံ...။ သထုံကနေ လမ်းခွဲပြီး ချိုးမှ ဘားအံလမ်းပေါ် ဦးတည်တာ။ လမ်းတလျှောက် သစ်ပင်သစ်ရိပ်တွေ စိမ်းစိမ်းစိုစို.. စပါးခင်းတွေ ၀ါဝါ၀င်းဝင်း..။ အဲလိုနဲ့ တနေရာရောက်တော့ ခပ်ဝေးဝေးမှာ တောင်ကြီး တစ်လုံးကို လှမ်းမြင်လိုက်ရတယ်။ သိပ်ထင်ရှားတဲ့ ရှားရှားပါးပါး ပုံသဏ္ဍန်က ထင်းလို့။ ဘယ်သူမှ လာပြောပြစရာမလိုဘဲ သိနိုင်တဲ့ ဇွဲကပင်တောင်ကြီးပေါ့..။ အဲလိုနဲ့ သိပ်မကြာခင်မှာပဲ မြိုင်ကလေးကိုရောက်ပြီ.. တဲ့။ နာရီကြည့်တော့ ၁၁နာရီခွဲ..။ မြန်လိုက်တာပေါ့။

မြိုင်ကလေးကနေ မြစ်ကူးရမယ်လို့တော့ သိပြီးသားပါ။ ကျမအရင် ဘားအံမှာ တာဝန်ကျတဲ့ ကိုမင်းသိုက်မွန်က သေချာပြောပြပြီးသားလေ။ မြိုင်ကလေးရဲ့ ကမ်းနဖူးမှာ ရပ်ရင်း ဟိုတဘက်ကမ်းဆီမှာရှိတယ်ဆိုတဲ့ ဘားအံမြို့ဆီ လှမ်းကြည့်ကာမှပဲ ကျမက အဲဒီမြင်ကွင်းမှာ မင်သက်သွားတော့တာ။ တောတန်း.. တောင်ကုန်း တောင်တန်း.. မြစ်ကမ်း.. ထန်းပင်မြင့်မြင့်တွေ အစီအရီ...။ သံလွင်မြစ်အနားသတ်နဲ့။ နောက်မှာ ဇွဲကပင် တောင်ကြီးက မားမားကြီး ကာရံအုပ်မိုးလို့။ ရင်သွေးကို ရင်ခွင်ထဲမှာ ပွေ့ပိုက်ရင်း ငုံ့ကြည့်နေတဲ့ မိခင်လို..။ အဲဒီမြင်ကွင်းဟာ ကျမ ဘယ်တော့မှ မေ့မရတော့တဲ့ ဘားအံပေါ့။

သံလွင်မြစ်ကိုကူးဖို့ မြစ်ကမ်းနဖူးကနေ ဆင်းတဲ့အခါမှာတော့ ရန်ကုန်သူ ကျမ အခက်တွေ့တော့တယ်။ လက်ဆွဲသေတ္တာ တဘက်.. လွယ်တဲ့ အိတ်တဘက်နဲ့။ ဆင်းရမယ့် သောင်ခြေက ရွှံ့သက်သက်။ ဆင်းတဲ့သူတွေက ဖိနပ်တွေ ချွတ်ပြီးဆင်းကြတာ။ ကျမက မရွံပေမဲ့ ချော်လဲမှာကို ကြောက်တယ်။ ဒါပေမဲ့ ဒါ.. ကျမ မဖြစ်မနေ ရင်ဆိုင်ရမယ့် ကိစ္စ။ ကျမလည်း ဖိနပ်ချွတ်ပြီး ရွှံ့ထဲ စွပ်ကနဲ စွပ်ကနဲ နင်းရင်း ရေစပ်ထိ ဆင်းရပါတော့တယ်။ ရေစပ်ရောက်တော့ သံလွင်မြစ်ရေအေးအေးမှာ ခြေထောက်မှာ ကပ်နေတဲ့ ရွှံ့တွေကို ဆေးကြရပါတယ်။ ဟော.. ကျမ သံလွင်နဲ့ မိတ်ဆက်ခဲ့ပြီ။

ဘေးဘီကို အကဲခတ်တော့ ပြောသံကြားပါတယ်။ ခုပဲ ဇာက်က ထွက်သွားတာတဲ့..။ နာရီဝက်ကြာမယ်တဲ့။ စက်လှေနဲ့ ကူးမလားတဲ့။ ကျမက ရေလုံးဝ မကူးတတ်။ ဒါပေမဲ့ ဘာဖြစ်လို့လဲမသိ.. တဟဲဟဲစီးနေတဲ့ သံလွင်ကို ကျမစိတ်ထဲ နည်းနည်းမှ ကြောက်မနေခဲ့ပါ။ အိုကေ.. သွားမယ်ပေါ့.. စက်လှေနဲ့ပဲ..။ စက်လှေပေါ် လူတွေ တက်တာ အယောက်၂၀ မကဘူး ထင်ပါတယ်။ ကျမကြားဖူးတာ လှေအဆင်း မြင်းအတက်.။ ခက်တယ်ပေါ့.. အန္တရာယ်ရှိတယ်ပေါ့။ ကျမအတွက်ကတော့ လှေအတက်လည်း ခက်တာပါပဲ။ ဘေးနားက လူတွေက ကျမရဲ့ အထုပ်အပိုးတွေ ကူသယ်ပေးတာတောင် ကျမက အယိုင်ယိုင် အထိုးထိုးနဲ့ လှေပေါ်တက်ရပါတယ်။ (နောက်ပိုင်းတော့ အရမ်းကျွမ်းသွားတာ)။ စက်လှေထွက်တော့ ကျမ စိတ်တွေ ပေါ့ပါးသွားလိုက်တာ။ မြင်မြင်ရသမျှ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး လှလိုက်တာ.. လှလိုက်တာနဲ့။ သောင်ပြင်တွေ.. စိုက်ခင်းတွေ.. ငါးဖမ်းလှေတွေ.. ကျောက်တောင်တွေ.. ထုံးဖြူဖွေးဖွေး စေတီလေး တွေ..။ ကျမဖြင့် ရေမကူးတတ်ပါဘဲနဲ့လည်း ကြောက်ဖို့ သတိမရ။ အဲသလို.. ချစ်တဲ့ ဘားအံက ကျမကို သာတောင့်သာယာ ကြိုခဲ့တာပါ။

+++++

မေလရဲ့ နေ့လယ် မွန်းတည့်နေအောက်မှာ ဘားအံက သိပ်မပူသလိုပဲလို့ ကျမ ခံစားရပါတယ်။ တဘက်ကမ်း ရောက်တော့ ဆိုက်ကားနဲ့ မြင်းလှည်းတွေ ရပ်ထားပါတယ်။ မြင်းလှည်းက ဈေးကြီးတယ်လို့ ဆရာမင်းသိုက်မွန် က မှာလိုက်ပေမဲ့ အင်မတန်စိတ်ကူးယဉ်တဲ့ ရန်ကုန်သူ ကျမက ဒီတခါတော့ မြင်းလှည်းပဲ စီးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဟော... လှေအဆင်းပြီး မြင်းအတက်ပေါ့။ ဒါပေမဲ့ လှည်းဆိုတော့ မခက်လှပါဘူး။ ဘားအံကောလိပ်ကို ဘယ်လောက်ပေးခဲ့ရလဲတောင် မမှတ်မိတော့ပါဘူး။ လမ်းတလျှောက် သတိထားမိတာ ကတော့ ကုန်းတက်ကုန်းဆင်း လမ်းကလေးတွေ.. မြို့ပြမဆန်တဲ့ တိုက်တာအိမ်ခြေကလေးတွေနဲ့ မြို့ရဲ့ တစင်းတည်းသော ဗဟိုလမ်းပေါ်မှာ ကုန်အပြည့်တင်လာတဲ့ ကားအမျိုးမျိုး သွားလာနေတာ...။ "သာမည" ဆိုတဲ့ စာတမ်းပါ ဟိုင်းလတ်ကားလေးတွေ ဖြတ်သွားချိန်ကလွဲရင် မြို့ကလေးက လူခြေ တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြောက်သွေ့သွေ့ ရှင်းရှင်း လင်းလင်း ရှိနေတာ။

+++++

ဘားအံကောလိပ်.. တဲ့။ မြင်းလှည်းပေါ်ကအဆင်းမှာပဲ အုံ့အုံ့ဆိုင်းဆိုင်းရှိတဲ့ ကျောင်းဝင်း လေးကို တန်းကနဲ မြင်ရပါတယ်။ ခြံစည်းရိုးက ပုဏ္ဏရိပ်ကြီးနဲ့ စက္ကူပန်းရောင်စုံတွေ..။ ကျောင်းပိတ်ရက်မို့ ကျောင်းဝင်းကလည်း တိတ်ဆိတ်နေပါတယ်။ ဦးဆုံးသွားရမှာက ကျောင်းအုပ်ကြီး 'ဦးစောလောရင့်စ်သော်' ဆီကို..။ အင်မတန် အေးချမ်းနူးညံ့တဲ့ ဆရာကြီးပေါ့။ ဆရာကြီးက ချက်ချင်းပဲ ကျမကို နေဖို့ အိမ်ကလေး စီစဉ်ပေးပါတယ်။ မြန်မာစာဌာနက ဌာနမှူးဆရာတွေ အစဉ်အဆက်နေခဲ့တဲ့ အိမ်..တဲ့။ ဒီတော့မှပဲ ကျမက ဘားအံကောလိပ်မှာ မြန်မာစာဌာနမှူး အနေနဲ့ တာဝန်ယူရမှာလားလို့ မေးရပါတယ်။ ဆရာကြီးက ပြန်ပြောပါတယ်။ Transfer ကျလို့ ရောက်မယ့် ၃ယောက်မှာ ကျမက စီနီယာမို့ ဌာမှူးတာဝန် ယူရမယ်.. တဲ့။

(တကယ်တော့ ကျန်တဲ့ တာဝန်ကျဖော် နှစ်ယောက်ကလည်း အတန်းတူသူငယ်ချင်းတွေပါ..။ လက်ထောက် ကထိက ရာထူးတူ ဆရာမတယောက်နဲ့ နည်းပြဆရာတယောက်.. နောက်ပိုင်း မောင်နှမတွေလို ဖြစ်သွားကြ ရပြီး တက်ညီလက်ညီရှိလှတဲ့ လုပ်ဖော်ကိုင်ဖက်တွေ)။

ကျမ ဒုက္ခပဲ.. လို့ တ-လိုက်မိပါတယ်။ ကျမ လုပ်နိုင်ပါ့မလား။ တခါမှလည်း အုပ်ချုပ်ရေးကို မကိုင်ဖူးတဲ့အပြင် အသက် ၃၀ ဆိုတာကလည်း ဌာနမှူးလုပ်ဖို့အတွက် ငယ်လွန်းပါတယ်။ ဆရာကြီးက တော့ စိတ်မပူပါနဲ့.. အဆင်ပြေမှာပါတဲ့။ ဘားအံကောလိပ်က မော်လမြိုင်တက္ကသိုလ်ရဲ့ လက်အောက်ခံမို့ မော်လမြိုင်တက္ကသိုလ်က ပါမောက္ခရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ရုံပါပဲ..တဲ့။ ပြီးတော့ ဘားအံကောလိပ်မှာ အရင်က ပထမနှစ် ဒုတိယနှစ် ရှိခဲ့ပြီးတော့ ကျောင်းသားအားလုံးပေါင်းမှ တသောင်းကျော်ပဲ ရှိပါတယ်.. တဲ့။ ခုနှစ်မှ တတိယနှစ်တွေကို ဒီမှာပဲ ဆက်တက်ရမှာတဲ့။ ဒါပေမဲ့ ၃နှစ်ပေါင်းတောင် မြန်မာစာမေဂျာကျောင်းသား အယောက် ၃၀မပြည့်ပါဘူးတဲ့...။ ဆရာကြီးတို့လည်း ၀ိုင်းကူမှာပေါ့.. တဲ့။ ဒီလိုနဲ့ပဲ ယောင်တိယောင်ကမ်း နဲ့ မြန်မာစာဌာနမှူး လုပ်ရပါလေရောပေါ့။


(ဌာနမှူးလို့ ပြောတာပဲ)
+++++

အဲဒီနေ့က ကျမနေရမယ့် ကျောင်းရှေ့ အောင်နန်းလမ်းသွယ်ထဲက အိမ်ကလေးဆီကို လာတော့ ကျောင်းက စာရေးတယောက်က လိုက်ပို့ပေးပါတယ်။ ဆရာမတွေနေတဲ့ အိမ်ဝင်းလေးက ခြံတံခါးလေး အသာစေ့လို့။ ခြံဝင်းထဲမှာ ခေါင်နိမ့်နိမ့် အုတ်တိုက်ဝါ၀ါလေးတွေ ၅လုံးတွဲ မျက်နှာချင်းဆိုင် ၂တန်း ရှိနေပါတယ်။ တိုက်ကလေးတွေ ရှေ့မှာ သရက်ထည်ပန်းပင်လေးတွေ.. လေးနာရီပန်းပင်လေးတွေ.. ပန်းအိပင်ပုလေး တွေ..။ တိုက်ခန်းတွဲ နှစ်တန်းကြားက လမ်းကလေးအတိုင်းဝင်သွားတော့ လမ်းအဆုံးမှာ ဂိုဒေါင်ပုံစံ အုတ်တိုက်ရှည်ကြီး တစ်လုံး။ အဲဒီ အုတ်တိုက်ဝမှာတော့ ပြူတစ်ပြူတစ်နဲ့ ကျမကို ချောင်းကြည့်နေတဲ့ မိန်းကလေးတွေ.. ကျောင်းသူလေးတွေပေါ့။ နောင်တော့ ကျမကိုယ်တိုင် မွေးထားတဲ့ သမီးတွေလို ချစ်ရတဲ့ ကလေးတွေ ဖြစ်လာ တာပေါ့။

အဲဒီ အုတ်တိုက်ရှေ့နားရောက်မှပဲ အုတ်တိုက်ရဲ့ညာဘက်မှာ ရှိနေတဲ့ ရေနံချေးဝနေတဲ့ သစ်သားအိမ် နိမ့်နိမ့် စုတ်ချာချာကလေးတစ်လုံးကို သစ်ပင်တွေကြားထဲမှာ တွေ့လိုက်ရတာ။ နဘေးမှာက ငှက်ပျောပင်တွေ သင်္ဘောပင်တွေ.. အိမ်ဝမှာက ရွက်လှကျားကျားနဲ့ ဇော်စိမ်းတွေ..။ အိမ်ရှေ့ မျက်နှာစာမှာက ဂမုန်းတွေ..။ အိမ်နောက်ဘက်မှာက ငှက်ပျောပင်နဲ့ ပေါက်ပန်းဖြူပင်... ပွေးမဲဇလီပင်တွေ..။ ကျမနေရမယ့် အိမ်ကလေးတဲ့..။ အဲဒီ ညစ်ပတ်ရှုပ်ပွနေတဲ့ အိမ်ကလေးကို ဘေးကျောင်းသူဆောင်(နောက်တော့ မြမဉ္ဇူဆောင်လို့ နာမည်ပေးလိုက်ပါတယ်)ထဲက သမီးတွေကပဲ အိမ်ကို ရေတွေဆေးချကြ.. ၀ိုင်းရှင်းလိုက်ကြတာ ခဏလေး။ အဲဒီညနေမှာပဲ တတိယနှစ်မြန်မာစာအဓိကတန်းတက်မယ့် ကျောင်းသား ၃ယောက်က ကျမကို လာတွေ့ပါတယ်။ အင်မတန် လိမ်မာယဉ်ကျေးပြီး သိမ်မွေ့တဲ့ ယောက်ျားလေးတွေပါပဲ။ တတိယနှစ် မေဂျာ ကျောင်းသား ကျောင်းသူက ၇ယောက်တဲ့။ ကျမ ပြုံးမိသွားခဲ့ပါတယ်။ မိန်းကလေး ၂ယောက် ယောက်ျားလေး ၅ယောက်တဲ့။ လာတွေ့တဲ့ ကျောင်းသား၃ယောက်က နယ်ခံ ဘားအံဇာတိတွေ..။ အဲဒီ ကလေးတွေ ကျေးဇူးနဲ့ပဲ ကျမရဲ့ မြန်မာစာဌာန တာဝန်ခံဌာနမှူးဆိုတဲ့ တာဝန်ကို သေသေချာချာ ကျေနိုင်ခဲ့တာလို့ ပြောရမယ့် အဖြစ်လေးတွေ ကိုလည်း ရေးဦးမှာပါ။

+++++

အဲဒီညနေမှာပဲ ကလေးတွေက ကျောင်းဝင်းထဲ လိုက်ပြပါတယ်။ လှိုင်ကလာတဲ့ ကျမအတွက်တော့ ဘားအံကျောင်းဝင်းကို ကြည့်ပြီး ကလေးတွေကို သနားနေမိပါတယ်။ ဘားအံကောလိပ်ဆိုတဲ့ ကျောင်းဝင်းက ရန်ကုန်က အထက်တန်းကျောင်းဝင်း တ၀င်းစာ လောက်တောင် မကျယ်ပါဘူး။ လေးထောင့် စတုရန်းပုံကျကျ မျက်နှာချင်း ဆိုင်ထားတဲ့ အဆောက်အဦးတွေက တန်းလျားဆန်ဆန်..။ အဲဒီ လေးထောင့်တန်းလျားတွေထဲမှာမှ စာသင်ဆောင် နှစ်ဆောင်ပဲ ရှိပြီး စာသင်ခန်းအားလုံးပေါင်း ၇ခန်းပဲ ရှိပါတယ်။ practical ခန်း ၂ခန်းပါမှ ၉ခန်းပါ။ နောက် အဲဒီ တန်းလျားအဖွဲ့အစည်းထဲမှာပဲ အဆောင်နေကလေးတွေအတွက် ကျောင်းသားဆောင် ၃ဆောင်နဲ့ ကျောင်းသူဆောင် တဆောင်ပဲ ရှိတဲ့ ကောလိပ်လေးပါ။ ကျန်တဲ့ အခန်းလေးတွေက ဘာသာရပ်ဆိုင်ရာ ဌာန အခန်းတွေ..။ ဒါတောင် တချို့ ဘာသာကလေးတွေဆို ဌာနပေါင်းပြီး ထိုင်ကြရပါတယ်။ ဥပမာ... ပါဠိ (အရှေ့တိုင်းပညာ) ဆိုရင် မြန်မာစာဌာနမှာ လာပြီး ပေါင်း ထိုင်ရပါတယ်။ ကျမတို့ရဲ့ မြန်မာစာဌာနက ကျောင်းအ၀င် ညာဘက်ခြမ်းလေးမှာ။ ကျောင်းရှေ့ဘက် လမ်းမက ကြည့်ရင် လှမ်းမြင်နေရတဲ့ အခန်းလေးပေါ့။ စားပွဲလေး ၅လုံးနဲ့ မတ်ရပ်ဘီဒိုတလုံးပဲ ရှိတဲ့ ဌာနလေး။ ကျောင်းဝင်းခြံစည်းရိုးအပြင်ဘက်မှာ လှမ်းမြင်နေရတဲ့ လယ်ကွင်းတွေ (စိုက်ပျိုးရေးကျောင်းပိုင်)နဲ့ ကြာအင်းတောင်သွယ်လေးကလွဲလို့ တက္ကသီလာမြကျွန်းသာ ဆိုတဲ့ နာမည်မျိုးနဲ့ လိုက်ဖက်တဲ့ မျက်စေ့အေးစရာ မျက်စေ့ပသာဒ ဖြစ်စရာ ဘယ်လို ရှုမျှော်ခင်းမျိုးမှ ရှိမနေတဲ့ အဲဒီ ကျောင်းဝင်း လေးဟာ ကျမ ခံစားချက်ထဲမှာတော့ သနား ကရုဏာ သက်စရာပါပဲ..။

+++++

ဘားအံကောလိပ်ဝင်းရဲ့ ညာဘက်ကတော့ စိုက်ပျိုးရေးကျောင်းပါ။ ဘယ်ဘက်ခြမ်းကတော့ မြို့ပတ်လမ်းပေါ့။ မြို့ပတ်လမ်းလေးအတိုင်း ၀င်သွားရင် စိုက်ပျိုးရေးဌာနပိုင် စိုက်ခင်းတွေ လယ်ကွင်းတွေ.. ငါးမွေးကန်တွေနဲ့ သဘာဝအတိုင်းဖြစ်နေတဲ့ ကြာကန်တွေ တွေ့မယ်။ အဲဒီကနေ ဆေးရုံကုန်းဘက်ကို ထွက်နိုင်တာပေါ့။ နောက်ပိုင်း ညနေတွေမှာ စိတ်တူကိုယ်တူ သူငယ်ချင်းဆရာမတွေနဲ့ ကျမ မကြာခဏ ထွက်လျှောက်တဲ့ လမ်းလေးပေါ့။ အဲဒီ လမ်းတလျှောက်မှာတော့ ကရင်လူမျိုးတို့ရဲ့ ဓလေ့အတိုင်းဆောက်ထားတဲ့ ခြေတံရှည် အိမ်မြင့်လေးတွေကိုလည်း တွေ့နိုင်ပါတယ်။ အေးချမ်းတဲ့ လမ်းကလေးပေါ့။ အင်မတန် ရိုးစင်းပေမဲ့ ဘားအံဟာ ကျမအတွက်တော့ ရိုးသားရောင့်ရဲခြင်းနဲ့ ဖမ်းစားနိုင်တဲ့ မြို့ကလေးပေါ့။ ဆရာမဘ၀တလျှောက် အင်မတန် ချစ်စရာကောင်းတဲ့... သစ္စာရှိတဲ့.. နောင်ကာလ အကြာကြီးအထိ ကျမကို ချစ်ခဲ့တဲ့ တပည့်လေးတွေနဲ့ တွေ့ခဲ့ ကြုံခဲ့ရတဲ့ မြို့ကလေးလည်း ဖြစ်ပါတယ်။

+++++

တနင်္လာနေ့မှာတော့ ကျမနဲ့အတူ တာဝန်ကျတဲ့ သူငယ်ချင်းနှစ်ယောက် ရောက်လာ ကြပါတယ်။ ဆရာမက ကျမထက် အသက်ကြီးတာမို့ ကျမက "အစ်မ'လို့ ခေါ်ပါတယ်။ နောက်တော့ တကယ့် ညီအမလိုချစ်သွားပြီး သူ့မောင်နှမတွေခေါ်သလို အမကြီးလို့ပဲ ခေါ်တော့တာ။ နောက်တယောက် ဆရာကတော့ တကယ့် ပြောမနာ ဆိုမနာ သူငယ်ချင်း..။ သူကလည်း ကျမထက် အသက် နည်းနည်း ကြီးတယ်။ သူနဲ့ ကျမကတော့ ဆရာ ဆရာမတောင် မခေါ်။ တယောက်နဲ့တယောက် နာမည်ပဲ ခေါ်ကြတာ။ ကျမတို့ ၃ယောက် ဘားအံကောလိပ်မှာ နေခဲ့ကြရတဲ့ ၃နှစ်လုံး တခါမှ စိတ်ဝမ်းမကွဲဘဲ ကောင်းတိုင်ပင် ဆိုးတိုင်ပင် ချစ်ချစ်ခင်ခင်ရှိခဲ့ကြတာ သိပ် စိတ်ချမ်းသာစရာ ကောင်းတာပါပဲ။ (ခုတော့ သူတို့နှစ်ယောက်လုံး လည်း အလုပ်ထွက်သွားကြရပါပြီ။)

အဲဒီ တနင်္လာနေ့မှာပဲ ကျမတို့ဆီကို မော်လမြိုင်ဌာနချုပ်က စာရောက်လာပါတယ်။ ဗုဒ္ဓဟူးနေ့မှာ လုပ်မယ့် သင်ရိုးညွှန်းတန်းအစည်းအဝေးကို တက်ဖို့ မော်လမြိုင်တက္ကသိုလ်ကို အင်္ဂါနေ့မှာ အရောက်လာပါတဲ့။ ဘုရားရေ.. နက်ဖန်ပဲ အဂါင်္..။ သူငယ်ချင်း၃ယောက် ခေါင်းချင်းဆိုင်ကြ..။ ဘယ်လိုလုပ်ရပါ့ပေါ့..။ တယောက်မှ မော်လမြိုင်ကို မရောက်ဖူး..။ တကယ်တမ်းကျတော့ ကျမတို့ မြန်မာစာဌာနတခုတည်း သင်ရိုးအစည်းဝေးမဟုတ်ဘဲ ဘာသာရပ်ဆိုင်ရာဌာနမှူးတိုင်း သူတို့ ဌာနချုပ်တွေဆီ သွားရတာပါ။ ဒီတော့ ပါဠိဌာနက ဆရာမ မဝေ(အင်မတန် ချစ်စရာကောင်းတဲ့ စိတ်ထားဖြူစင်တဲ့ ကရင်အမျိုးသမီး)က သူနဲ့ တူတူသွားမှာပေါ့.. တဲ့။ မြန်မာစာဌာနအရောက် သူလိုက်ပို့ပေးပါ့မယ်.. တဲ့။ (နောက်တော့မှ အဲလိုပဲ မော်လမြိုင်ကို ခဏခဏ သွားရမယ်ဆိုတာကို သိတာပါ)။ ကျမတို့သာ တဌာနလုံး ၃ယောက်တည်းရှိလို့ ၃ယောက်လုံးကို ခေါ်တာလေ။ အဲဒီ အင်မတန်အားကိုးရတဲ့ မြန်မာစာ တတိယနှစ်က ကလေးများက ကျမတို့ရဲ့ ပထမဆုံး ဘားအံ - မော်လမြိုင် ခရီးစဉ်အတွက် သင်္ဘောလက်မှတ် ၀ယ်တာက အစ သင်္ဘောဆိပ်ဆင်းတဲ့အထိ စီစဉ်ပေးပါတယ်။ ဒါနဲ့ပဲ.. နောက်တနေ့ အင်္ဂါနေ့ရဲ့ မနက်၇နာရီထွက်မယ့် အထူးသင်္ဘောနဲ့ မော်လမြိုင်တက္ကသိုလ်ကို သွားခဲ့ကြရပါတယ်။ ကျမကို ဖမ်းစားခဲ့တဲ့ နောက်ထပ် မြို့ကလေးတမြို့ဆီ..................


(မော်လမြိုင်အသွား ပြည်သာယာ ဇာက်သင်္ဘောပေါ်မှာ)


+++++


17 comments:

cohtet said...

၁၀ တန်းအောင်ခါစတော့ မော်လမြိုင်ကနေ ဘားအံကိုသွားဖူးတယ်။ ဇွဲကပင်တောင်ကို လှေကားဖက်ကတက်တာ အပေါ်ရောက်တော့ လေးဘက်ပစ်နေတာပဲ :P
တောင်နံရံ ၂ ခုကြားက တက်ရတဲ့နေရာရယ်၊ တောင်ပေါ်က အပြင်ကို အစွန်းထွက်နေတဲ့ တောင်စွန်းလေးရယ်က အရမ်းလှတယ်နော်

ရှင်မင်းညို said...

သဘောင်္ပေါ်စီးနေတဲ့ပုံထဲက ဌာနမှုးက ငယ်ငယ်ကောင်မလေးပဲနော် ဆရာမရေ.....

sin dan lar said...

ဌာနမှူးက မျက်မှန်ကြီးနဲ့ ဆိုတော့ ခန့်တာပေါ့..:P:P
မေမေလေ.. ပထမဆုံးသွားတော့ သံလွင်မြစ်ရေ ကျနေတာကို ချောင်းထင်ပြီး စက်လှေပေါ်မှာ ထီးတွေဘာတွေ ဖွင့်ဆောင်းလိုက်သေးတယ်...
သံလွင်မှန်းသိမှ တော်တော်ကြောက်နေတာ...

nyohtetnyo said...

ဆရာမ ဇက်ပေါ်မှာ ရိုက်ထားတဲ့ပုံ ကိုမြင်တော့ အရင်က ဝတ်စားဆင်ယင်ပုံတွေကို ပြန်သွားသတိရတယ်။ ကျွန်တော် တက္ကသိုလ်ရောက်တဲ့နှစ်ပဲ။ ၁၉၉၅ ခုနှစ်က။ နောက်ပိုင်းတော့ ဝတ်စားဆင်ယင်မှုတွေ ပြောင်းလာလိုက် တာ အခုလောက်ဆို တော်တော်ကွာခြား သွားပြီနဲ့ တူပါရဲ့။ ၂၀၀၂ နောက်ဆုံးနှစ်တက်တဲ့ အချိန်မှာတော့ ဘောင်းဘီဝတ်တဲ့ ကောင်မလေးတွေ အတော်များသွား ပြီဆရာမရဲ့။ နယ်မှာတော့ဘယ်လိုနေမလဲမသိ။

maykyaungthu said...

ဟုတ်ပ ကျမလည်းအဲတာကိုပြောမလို့ ၊
ဆရာမ ပုံ တွေကိုမြင်တိုင်းကျောင်းထဲကိုပြန်ရောက်သွားသလိုပါဘဲ။
စာပြန်တာ ကျေဇူးပါ ။ ကျမလည်းဘာအံကိုရောက်ဖူးတယ် သာမညဆရာတော်
ကြီးသွားဖူးတုန်းက ပြီးတော့ မြိုင်ကလေးဘက်ကမ်းက အရမ်းထူးဆန်းတဲ့
ကော့ကွန်းဂူ ကိုလည်းရောက်ဖူးတယ်၊ ကော့ကွန်းဂူအကြောင်း စာတိုတဗုဒ်ရေး
ဖူးတယ် ရှာတွေ့ ရင် တင်ပေးလိုက်ပါမယ်၊

May Kyaungthu said...

http://www.tayzathuria.org.uk/bd/2007/5/20/b/kkg.htm

s0wha1 said...

အန်တီ... ဘားအံကိုတော့ သာမည သွားဖူးလို့ သိနေတယ်။ မော်လမြိုင်တော့ မရောက်ဖူးသေးဘူး။ ဒါနဲ့ ဟိုဘက် ၂၁ ထဲမှာ ပွဲကြမ်းနေပါလား။ ဟားဟား :D

Moe Cho Thinn said...

ဆရာမရေ
ဘားအံခရီးလေးကလဲ စိတ်ဝင်စားစရာပဲ။ ချိုသင်းက ဘားအံ ကို မရောက်ဖူးဘူး။ ဇွဲကပင်တောင်ကြီးတော့ တက်ချင်သား။ ချိုသင်းတို့အတန်းက ကိုကြီးသာ ရှိတယ်လေ။
ဆရာမရေ စိတ်ချမ်းချမ်းသာသာနဲ့ ကိုယ်ခံစားရသလို ကိုယ်ရေးချင်တာသာ ရေးပါနော်။ စာဖတ်သူတွေဆိုတလဲ စိတ်အခံတွေ မတူကြတော့ ထောင့်အမျိုးမျိုးက ကြည့်ကြ မြင်ကြတာတွေကို ဆရာမလဲ အရေထူနေလောက်ပါပြီ။ ဒါပေမဲ့ တကယ့် စာဖတ်သူတွေက စေတနာအမှန်ကို ရင်နဲ့ ခံစား နားလည်တတ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။

လင်း said...

တခါမှ မရောက်ဘူးတဲ့  ဘားအံကို ဆရာမရဲ့ စာနဲ့ တူတူ လိုက်လည်ပါတယ်။

Maung said...

ဆ၇ာမ
"တမိုးတည်းအောက်မှာ" လုပ်တုန်းက တင်မင်းထက်..ညီဆင်းသစ်.နေဆူးသစ်..အားလုံးလုပ်ကြတာပါ..except ကိုအောင်ဒင်..:)
ကျွန်တော်နဲ့တွတ်ပီက ပိုက်ဆံ၇ှာ..print လုပ်ပေးမဲ့သူကိုတောင်းတောင်းပန်ပန်နဲ့..ခိုးကြောင်ခိုးဝှက် print n binding jobs တွေပဲလုပ်တာပါ..:)
တော်ကြာဒီလူတွေemail ပို့ပြီးcomplain တက်လိမ့်မယ်
:):):)

မောင်နေလင်း

cohtet said...

ကိုနေလင်းရယ် ဘာမှကွန်ပလိန်းတက်စရာ မရှိပါဘူး။
"တစ်မိုးထဲအောက်မှာ" လိုချင်ရင်တော့ ဒီမှာသွားယူလိုက်ပါ။

ငထက်

http://www.zshare.net/download/52274208f531d9aa/

(or)

http://www.mediafire.com/?xu1yzylmtbl

Maung said...

Cohtet

ွှ့Thxs for sharing!! i had a copy way back home.

ယောနသံစင်ရော် said...

မော်လမြိုင်မှာ ငယ်ငယ်တုန်းက နေဖူးတယ်..မော်လမြိုင်သူလို့ပြောရင်လည်းရတာပေါ့။ အဲဒီ ဇာက် ကြီးနဲ့ မော်လမြိုင်ဘက်ကမ်းကို ကူးသွားရတာပေါ့။ မိုးတွေရွာလို့ လှိုင်းနည်းနည်းကြီးရင် ကြောက်လို့ အမေ့နားကပ်နေတာ။ ဆရာမ ဓါတ်ပုံလေးကြည့်ပြီးတော့ မော်လမြိုင်ကိုတောင် လွမ်းမှ လွမ်းပဲ.။

mm thinker said...

အဲဒီခေတ်ကာလတုန်းက ထမီတိုတိုတွေ ဟော့တာ မှတ်မိသေးတယ်။

ယောက်ျားလေးတွေလည်း ပုဆိုးတိုတို ဝတ်ကြတဲ့ခေတ် ဖြစ်သေးတယ်။

cohtet said...

တီချယ်ကြီး
အရေးကြီးလှတယ်တော့ မဟုတ်ပါ။
LABELS ပေးတာမှာ ၁၆ နဲ့ ၁၇ က သပ်သပ်တစ်ခုစီဖြစ်နေတယ်။
ကျောင်းအမှတ်တရ လို့ပေးထားတာမှာ တစ်ခုက ရေးချ မပါဖူး။ နောက်တစ်ခုက ရေးချမတိုင်ခင် စပေ့ တစ်ချက်ဝင်နေတယ်။

မီယာ said...

ဆရာမ မသိတာတွေသိရ မရောက်ဖူးသေးတဲ့ နေရာတွေအကြောင်းဖတ်ရလို့ ကျေးဇူးတင်ပါတယ်

flowerworld said...

အန်တီမေငြိမ်ရှင့် မီးလေးကအခုမှ ဇွဲကပင်တောင်ပုံတွေအသဲအသန်လိုက်ရှာနေတုန်း
သူငယ်ချင်းရဲ့လမ်းညွှန်မှု့ကြောင့် လာမွေနှောင့်
နေပါတယ်ရှင့် ဟီးးးးးးး မီးလေးကဘားအံသူပါ