Dec 23, 2008

မြသီလာအလွမ်းပြေ(၂၇)

၉၆ ဟာ ကျမဆီကို တကယ်ပဲ ကဆုန်ပေါက် ဒုန်းစိုင်းရောက်လာတဲ့ နှစ်ပါပဲ။
၉၆ဧပြီမှာ ဒေါ်ခင်မင်းဇော် မင်္ဂလာပွဲပြီးတော့ နွေပိတ်ရက်မို့ ၁၀တန်းစာစစ်ကလည်း မပြီးသေးတာမို့ ကျမ ဘားအံ မပြန်ဖြစ်..။ အဲဒီနွေမှာပဲ ပါပါ ပင်စင်ယူလို့ ကျမအင်မတန်ချစ်တဲ့ စွယ်တော်ရိပ်ကို စွန့်ရပြန်ပါတယ်။ စွယ်တော်ရိပ်ထဲက ခမ်းနားလှတဲ့ လုံးချင်းအိမ်ကြီးကနေ ရွှေ့ရပြီးတဲ့နောက် အဲဒီအချိန်မှာ ပင်စင်စား ပါမောက္ခကြီးခမျာ အိမ်ပိုင်မရှိ.. အိမ်ဝယ်စရာငွေကြေးလည်း မရှိတော့တဲ့အတွက် ပြောင်းနေဖို့ ရွေးလိုက်တဲ့ အိမ်ကလေးကတော့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ပုဂံခြံဝင်းလို့ခေါ်တဲ့ ၀န်ထမ်းအိမ်ရာဝင်းလေးထဲက သစ်သားအိမ်လေးပါ။ ပုဂံလမ်းမှတ်တိုင်နောက် ခြံဝင်းထဲက တန်းလျားအိမ်လေးတွေပေါ့။ ကျောင်းဝန်းကျင်ဆီ ကနေတော့ ဝေးမသွားသေးပါဘူး။ ပြီးတော့ သားကို TTC မှာ ကျောင်းထားဖို့ ဆိုရင်လည်း သွားရေးလာရေး အဆင်ပြေတယ်။ ကျမကတော့ ရန်ကုန်ကို ခဏပြန်တဲ့ အခိုက်ဆို ပါပါတို့ မာမာတို့နဲ့ တည နှစ်ည အိပ်လိုက်.. မြို့ထဲက အဖေအမေအိမ်မှာ အိပ်လိုက်ပေါ့။ ကျမဘ၀ ဘာမှန်းကို မသေချာတဲ့အချိန်။ ဘ၀ထဲ တကယ့် အနာဂတ်သေနဲ့။ အဲဒီကာလမှာတုန်းက ကျမရဲ့ ဘ၀ဆိုတာက သားအတွက်နဲ့ တပည့်တွေအတွက်.. ပြီးတော့ ကျမရဲ့ ရှိစုမဲ့စု စာဖတ်ပရိသတ် အနည်းအကျဉ်းလေးအတွက်.. ဒါပါပဲလို့ ရေစုန် မျှောထားတဲ့အချိန်..။

အဲဒီ မေလဆန်းမှာပဲ "အသံသစ်ပြတိုက်" ထွက်ခဲ့ပါတယ်။ ကျမ ထွက်ခဲ့သမျှ စာအုပ်တွေအကုန်.. best seller မဖြစ်ခဲ့ပေမဲ့ ကျမ ချစ်တာချည်း.. ကျေနပ်တာချည်းပါ..။ ဒါပေမဲ့ အဲဒီထဲမှာ အသံသစ်ပြတိုက် မပါပါဘူး။ ဒါကြောင့် ကျမကို အသံသစ်ပြတိုက်ကျမှ သိတယ်လို့ ပြောလာရင် ကျမ စိတ်မကောင်းဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ အသံသစ်ပြတိုက်ကို ထုတ်ဖို့ Today စာအုပ်တိုက်နဲ့ ကျမနဲ့ ဇော်ဝင်းထွဋ်နဲ့ ညှိခဲ့ကြတာ ဒီပုံစံ မဟုတ်ပါဘူး။ ဓာတ်ပုံတွေဆို Four color နဲ့ Dual tone နဲ့ တကယ့် ကဗျာဆန်ဆန်.. အနုပညာဆန်ဆန်..။ သုံးမယ့် စက္ကူကလည်း အကောင်းစား.. တချို့နေရာတွေမှာ Art Paper တွေ သုံးမယ်ပေါ့။ ကျမနဲ့ ကိုညီထွဋ်ရယ် မမေခိုင်ရယ်.. သေချာကို အချိန်ပေး.. ဓာတ်ပုံတွေ ရွေး စိတ်ကူးကြ..။ ကျမကလည်း စာကို အတ္ထုပ္ပတ္တိ မဆန်အောင် လေးလေးလံလံကြီး ဖြစ်မနေအောင်.. ပုံစံ သွက်သွက်လေးနဲ့ ရေးဖို့ ကြိုးစား။ ပြီးတော့ ဇော်ဝင်းထွဋ်ဆိုတာက ကိုယ်အင်မတန်ကြိုက်တဲ့ အဆိုတော်ဆိုတော့ သူနဲ့ ပတ်သက်တာကို သေချာ လုပ်ချင်တယ်။ ဒါဟာ တကယ့်မှတ်တမ်းလေးတစ်ခုလည်း ဖြစ်မယ်ပေါ့။

ဘာပဲဖြစ်ဖြစ်.. ဇော်ဝင်းထွဋ်ဟာ မြန်မာပြည် Rock ဂီတရေစီးကြောင်းရဲ့ မြစ်လက်တက် တခုတော့ ဖြစ်တယ်။ လမ်းဖြစ်အောင်ဖောက်ခဲ့ရသူတွေထဲက တယောက်လည်း ဖြစ်တယ်။ ခေတ်အခြေနေကြောင့် Copy သီချင်းတွေသာ ဆိုခဲ့ရပေမဲ့ အဲဒီ Copy သီချင်းထဲ Mood အပြည့်ထည့်ပြီး ကြိုးစားဆိုတဲ့သူ..။ နောက်တချက်က ဇော်ဝင်းထွဋ်ဆိုတာက စာဖတ်တဲ့ ပန်းချီဆွဲတဲ့ အသစ်ဖန်တီးချင်တဲ့ ပရိသတ်အတွက် အကောင်းဆုံးကို ပေးချင်တဲ့ အနုပညာသမား...။ နောက် ၈၈နောက်ပိုင်းမှာ ကောင်းကင်မေမေ.. မျိုးဆက်သစ်သီချင်း.. အသစ်ကပြန်စ... ဂန္ဓ၀င်စိမ်းတွေနဲ့ လူငယ်တွေကို သွေးနွေးစေခဲ့တဲ့သူလေ။ ပြီးတော့ ကျမက Rod Steward ကို ကြိုက်တဲ့သူပီပီ.. ကိုညီထွဋ်ကိုလည်း ကြိုက်တဲ့သူမို့ သူ့အကြောင်း ရေးချင်တာလည်း ပါပါတယ်။ သေချာတာ ကတော့ သူ့ခေတ်တခေတ်လည်း ဖြစ်နိုင်ခဲ့တဲ့ အနုပညာသမားတယောက်အကြောင်းကို သေသေချာချာ ရေးချင်တာပါပဲ။

ဒီတော့ စာအုပ်လေးကိုလည်း လှလှလေး ဖြစ်စေချင်တယ်..။ အဲဒီစာအုပ်လေးရေးဖို့ ကျမ သူတို့မိသားစုနဲ့ အတူသွား အတူစား အတူအိပ် ခရီးထွက်သမျှ လိုက်.. Show တွေ လိုက်... အဲလို အချိန်ပေါင်းများစွာ နေခဲ့ပြီးမှ ရေးရတာ။ ကျမတို့တွေက ခေတ်အတူတူ ဖြတ်သန်းခဲ့ရတဲ့ သူတွေဖြစ်တဲ့အပြင် ဖြတ်သန်းနေထိုင်ခဲ့ကြရတဲ့ ၀န်းကျင်ကလည်း အတူတူ.. ပြီးတော့ သိဟောင်းကျွမ်းဟောင်းတွေလည်း ဖြစ်လေတော့ ပိုပြီး ရင်းရင်းနှီးနှီး ရှိတာပေါ့။ ညနက် Stage show က ပြန်ရင်လည်း ကျမတို့ သားအမိကို ကြုံတဲ့သူက လိုက်ပို့ပေးရတာလေ..။ (ပတ်ဝန်းကျင်က ကျမကိုပြောတဲ့အထဲ အဲဒါကလည်း ပါပါတယ်။ ကျမက လမ်းသူရဲတွေနဲ့ တရုန်းရုန်းတဲ့လေ..)။ အဲဒီ စာအုပ်အတွက် ကျမ အချိန်တွေ အများကြီး ပေးခဲ့ရတာပါ။

(အဲဒီတုန်းက မေငြိမ်း၊ဇော်ဝင်းထွဋ်+မေခိုင်)

တကယ်တော့ ရတဲ့ စာမူခက နည်းနည်းလေးပါ။ ကျမကသာ သေချာလုပ်ချင်လို့ ရေးချင်လို့ ရေးခဲ့တာ..။ ဒါပေမဲ့ တကယ်တမ်း စာအုပ်ထွက်လာတော့ တကယ့် တလွဲ.. ။ စက္ကူ အမျိုးအစားက အစ.. စာအုပ်အပြင်အဆင် အထိ...။ အဆိုးဆုံးကတော့ စိစစ်ရေးက ဖြုတ်တဲ့ စာပိုဒ်တွေကို ကျမကို အသိမပေးခဲ့တာပါပဲ။ ဥပမာ ဇော်ဝင်းထွဋ်တို့ Emperors က အဲဒီတုန်းက ဆံပင်ရှည်ကြီးတွေနဲ့.. ဆိုတော့ ဘာလို့ ဆံပင်ရှည် ထားကြတယ်ဆိုတာတွေကို တယောက်ချင်း မေးထားတဲ့ အမေးအဖြေတွေပေါ့။ သူတို့ဖြေကြတာတွေ သိပ်ကောင်းတာပဲ..။ ဒါပေမဲ့ အဲဒါတွေ အဖြုတ်ခံရတယ်။ ဒီတော့ တချို့နေရာတွေမှာ အကြောင်းအရာတွေက ဟကုန်..။ စာအုပ်ထွက်ပြီးမှပဲ ကျမ အဲဒါကို သိရတယ်။ တကယ်ဆို ဖြုတ်ခံရတဲ့ စာပိုဒ်တွေကို ကြိုသိရင် ရှေ့နဲ့နောက် လှလှပပဖြစ်အောင် ပြန်ပြီး ချိတ်ဆက်လို့ ရတာပေါ့။ အဲဒီ စာအုပ်မိတ်ဆက်ပွဲမှာတောင် အဲဒီ စိတ်ပျက်ရမှုကို ပြောဖြစ်ခဲ့ပါသေးတယ်။

(ရှေ့ဖုံး- အီတိုးလေး)

(နောက်ဖုံး)

ဒါကြောင့် ကျမ ပြန်မတွေးချင်တဲ့ မေ့ပစ်ချင်တဲ့ စိတ်ဝေဒနာတခုထဲမှာ အသံသစ်ပြတိုက်လည်း ပါပါတယ်။ အင်း ဒါပေမဲ့ 'အသံသစ်ပြတိုက်'ကြောင့် နောက်ပိုင်းမှာ လူငယ်တွေရဲ့ လက်ခံမှုကို ပိုရလာပြီး လူငယ်တွေနဲ့ ပိုနီးစပ်သွားခဲ့ရတာကတော့ ကျမရဲ့ တက္ကသိုလ်ဆရာမဘ၀မှာ တန်ဖိုးတခု ရှိခဲ့တယ်လို့တော့ ပြောရမှာပါလေ။

+++++

၉၆ ရဲ့ မေလနောက်ပိုင်း ကျောင်းပြန်ဖွင့်ရက်တွေကတော့ ကျမ ရှေ့၂၄.. ၂၅ မှာ ရေးခဲ့သလိုပါပဲ..။ ခရီးတွေ တောက်လျှောက် ထွက်တာ..။ ဘားအံက တပည့်တွေနဲ့ကတော့ ကရင်ပြည်နယ်.. မွန်ပြည်နယ် တ၀ိုက်..။ နောက် ၉၆ အောက်တိုဘာ ကျောင်းပိတ်ရက် ကျတော့ ရန်ကုန်က တပည့်ဟောင်းတွေနဲ့ မြန်မာပြည်အထက်ပိုင်း တလျှောက်..။ အဖေ့ကုမ္ပဏီက လိုင်စင် ရုပ်သိမ်းလိုက်ရတော့ ခရီးသွားတဲ့ ကားက တစီးလောက် အမြဲ ရှိနေတတ်တာမို့ အဖေ့ကားကို ယူသွားပြီး လျှောက်သွားတာပါ။ ဒီကြားထဲ Emperors တွေနဲ့လည်း သူတို့ Stage Show တွေ လျှောက်လိုက်သေးတာ..။ တန်ဆောင်တိုင် တောင်ကြီးမီးပုံပျံပွဲကနေ... အင်းလေး ညောင်ရွှေ ပင်းဒယ ပုဂံ ညောင်ဦး ပုပ္ပား မန္တလေး မေမြို့ထိကို တကယ့်ကို စုံတကာစေ့..။ ကားတွေ သုံးလေးစီး တန်းစီပြီး သွားကြတာ။ အဲဒီအချိန်က ဆေးဆိုးပန်းရိုက်မျက်နှာ ထွက်ပြီးစ။ အဲဒီတုန်းက Emperors မိသားစုတွေနဲ့အတူ ကိုရင်ဂိုတို့ မိသားစု..ပါလေ့ရှိတယ်။ သီရိဂျေမောင်မောင်တို့ သားအမိပါတယ်..။ ဟယ်ရီလင်းလည်း ပါတတ်တယ်။ နောက် ဒက်ဒီနဲ့ မာမီ (မင်းမင်းလတ်တို့ ဇနီးမောင်နှံ)။ စည်သူလွင်..၊ ပီးပေါ်တို့ လင်မယား.. တခါတလေ.. ကျမရဲ့ ရန်ကုန်က တပည့်တွေတောင် ပါတတ်တယ်။

ကျမတို့က လမ်းခရီးမှာ နားရင်တောင် ထန်းတောတွေ့ရင် ထန်းတောထဲ ကားတွေထိုးရပ်ပြီး ထန်းရည်ချိုတွေ သောက်ကြ..။ ထန်းတက်သမားတွေနဲ့ စကားတွေပြောကြ။ ပွဲတောင်းရင် အဲဒီမှာတင် ဂစ်တာတီးပြီး သီချင်းတွေ ဆိုကြ။ မိတ္ထီလာဆိုရင်လည်း ကန်ဘေးမှာ ကားရပ်နားကြ.. ပြည်ဆိုလည်း ပြည်အ၀င် မင်းကြီးတောင်ဘေးနား ဧရာဝတီ မြစ်ကမ်းဘေး မှာ နားကြ။ အဲလို နားကြတာ။ အတွေ့အကြုံတွေလည်း အများကြီးရ..။ ကိုညီထွဋ်နဲ့ ပန်းချီရေးမယ်လို့ တိုင်ပင်ပြီး sketch တွေတောင် ကောက်ခဲ့သေးတာ။ (သူကတော့ နောက်ပိုင်း တကယ် ပန်းချီတွေ ပြန်ရေးဖြစ်တယ်။ ကျမသာ... ဆေးမ၀ယ်နိုင်လို့ :P ) စာတွေ ရေးချင်တာလည်း ပါတာပေါ့လေ။ ရေးစရာတွေလည်း ရပြီး စာတွေလည်း တကယ် ရေးဖြစ်ပါတယ်။ အဲဒီတုန်းက အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ခုထိ မရေးဖြစ်သေး တာတွေလည်း အများကြီး ကျန်နေသေးတာ..။ အဲဒါတွေကို အသက်ကြီးလို့ ဆရာမဘ၀က ပင်စင်ယူပြီးရင်တော့ ကိုယ့်ဘာသာ စာတွေပဲ တစိုက်မတ်မတ် ရေးတော့မယ် ပေါ့...။ ခုတော့လည်း... ဘ၀က ဘာတွေ ဘယ်လိုဖြစ်ဦးမယ် မသိပြန်..။

(အဲလို မြန်မာပြည်ထဲ ခရီးတွေ တင်းကျမ်းသွားခဲ့ရတာမို့ ခု ထိုင်းမှာနေနေရချိန် ထိုင်းက ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ချမ်းသာနေတာကို တွေ့တဲ့အခါမှာ ကိုယ်တိုင်းပြည်နဲ့ ယှဉ်ကြည့်ပြီး ရင်နာရတာပါ။ ထိုင်းမှာက လှအောင် မနည်းလုပ်ထားရတာလေ.. ပြီးတော့ တကယ် Tour Area လုပ်နိုင်တဲ့ နေရာက နည်းနည်းလေး.. ။ ကျမတို့ တိုင်းပြည်မှာက ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက်... ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာချည်း...... - စကားချပ်)

ကျမကတော့ ရောက်လေရာမှာ မှတ်စရာရှိတာတွေ သယ်ပိုးခဲ့တာပါပဲ။ အနည်းဆုံးတော့ စာသင်ခန်းထဲက တဆင့် မျှဝေနိုင်မယ်.. အများဆုံးဆို စာမျက်နှာတွေပေါ်ကနေပေါ့။ ဥပမာပြောပြရရင် ၀န်ကြီး ပဒေသရာဇာရဲ့ ထန်းတက်သမားဘွဲ့ တျာချင်းကို သင်တဲ့အခါ ကျမတွေ့ခဲ့ရတဲ့ ကျောက်ပန်းတောင်းနားတ၀ိုက်က ထန်းတက်သမားတွေအကြောင်း ပြောပြနိုင်မယ်..။ ကုန်းဘောင်ခေတ်က ထန်းသမားဘ၀နဲ့ ခု နှစ်ပေါင်း ၁၀၀ကျော်ထိတိုင်အောင်တောင်မှ သိပ်မကွာသေးတဲ့ ထန်းသမားတွေရဲ့ ဘ၀တွေကို ပြောပြမယ်။ အဲဒါဟာ ကောင်းတာလား ဆိုးတာလား..။ ရောင့်ရဲတတ်တာလား... ပညာဥာဏ်မကြီးရင့်တာလား.. ဆွေးနွေးမယ်။ ရောင့်ရဲတာက ကောင်းလား.. တိုးတက်ဖို့ကြိုးစားတာ ကောင်းလား.. တောရွာအလှအတိုင်း ထားမလား.. ခေတ်မီ တိုးတက်တဲ့ မြို့ပြအဖြစ် ပြုပြင်မလား..။ Economy ကို ဘယ်လို တည်ဆောက်မလဲ.. ဆိုတာတွေ ငြင်းကြ ဆွေးနွေးကြမယ်ပေါ့..။ ဒါပေမဲ့ လက်တွေ့မှာတော့ စာသင်ချိန်တွေက တိုတောင်းလွန်းတာမို့ ဒါတွေ ပြောပြ ချပြဖို့ အချိန်မရပါဘူး။

အဲဒီအခါ ကျမရဲ့ စကားဝိုင်း ဆွေးနွေးဝိုင်းတွေက အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ ဘားအံကောလိပ်ဘေးက လမ်းဘေးလက်ဘက်ရည်ဆိုင်လေးဆီကိုပဲ ရောက် ရောက် သွားတော့တယ်။ ည ည.. လရောင်အောက်.. လမ်းမီးတိုင်ဖျော့ဖျော့အောက်က ကျမတို့ရဲ့ လက်ဘက်ရည် စားပွဲဝိုင်းက သုံးလေးဝိုင်းစာလောက် အကြီးကြီး.. ဆွေးနွေးကြ ငြင်းခုန်ကြ..။ အဲဒီမှာပဲ တကယ်စာဖတ်တဲ့ တကယ်တွေးနိုင် ဆွေးနွေးနိုင်တဲ့ ကလေးတွေ ရှိနေတာကို ကျမ ပို ပို သိခဲ့ရတာ။ ဒါပေမဲ့ အဲဒီ ရွက်ပုန်းသီးလေးတွေက ဖူးပွင့်ခွင့် မရ..။ တချိန်မှာ ကုန်ကားမောင်းမှာတဲ့.. ကုန်ကူးမှာတဲ့.. လက်ဘက်ရည်ဆိုင် ဖွင့်မှာတဲ့.. ယိုးဒယားပစ္စည်းဆိုင် တည်မှာတဲ့။ ကုန်ကားထောင်စားမှာတဲ့.. လယ်တွေ ကိုင်းတွေပဲ ပြန်လုပ်မှာတဲ့။ ကျမစိတ်ထဲ ငါဘာလုပ်ပေးနိုင်မလဲလို့ အကြိမ်ကြိမ် စဉ်းစားပြီး သက်ပြင်းချမိတဲ့ အချိန်တွေပေါ့..။ တကယ်တမ်းကျတော့ ကိုယ်တိုင်တောင် အိပ်မက်ရှိသလောက် စိတ်တိုင်းကျ ဖူးပွင့်ခွင့် မရတာ။ ဒါပေမဲ့ တချိန်ချိန်ပေါ့.. လို့တော့ တေးထား ငြိုးထား ခဲ့လိုက်ပါသေးတယ်။

+++++

အဲဒီ ၉၆ နိုဝင်ဘာ နောက်ဆုံးပတ်မှာ ကျောင်းပြန်ဖွင့်တော့လည်း ကျမကတော့ ပုံမှန်ပဲ ကျောင်းတွင်း လှုပ်ရှားမှုကိစ္စတွေထဲ စိတ်ရောက်လို့ပေါ့။ ပြီးတော့ လုံးချင်းဝတ္ထုတအုပ်လည်း ရေးလက်စ..။ ကျောင်းပိတ်ရက် တုန်းက ခရီးတွေ ဆက်တိုက်ထွက်ထားတာမို့ လူက နည်းနည်းလည်း လက်ပမ်းကျနေပြီ။ အဲဒီအချိန်မှာပဲ ရန်ကုန်မှာ ကျောင်းသားတွေ ဆန္ဒပြလို့ဆိုတဲ့ သတင်း ရောက်လာတာပါပဲ။ ၉၆ ဒီဇင်ဘာ ၃ရက် ဗုဒ္ဓဟူးနေ့ ညမှာပေါ့။ တကယ်တော့ နိုဝင်ဘာကတည်းက စက်မှုတက္ကသိုလ် ကျောင်းသားတွေနဲ့ ရဲတွေ ပြဿနာ ဖြစ်ရာက တအုံနွေးနွေး စနေခဲ့တာပါ..။ စည်ပင်ရဲနဲ့ စက်မှုကျောင်းသား၂ယောက် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်မှာ ပြဿနာဖြစ်ရာက ကျောင်းသားတွေ အဖမ်းခံရ.. တကယ် လွန်တာက ရဲက လွန်တာ..။ အဲဒီကိစ္စ ဖြေရှင်းရာမှ အာဏာပိုင်ဘက်က ကျောင်းသားတွေကို မတရားသဖြင့် ရိုက်နှက်တာမျိုးရှိလို့ ပြဿနာကြီးသွားတာပါ။ နောက်တော့ ထုံးစံအတိုင်း ကျောင်းသားဆိုတာမျိုးကလည်း မတရားသဖြင့်ဆိုတာကို ဘယ်လိုမှ သည်းမခံနိုင် တဲ့အပြင် ၈၈ရဲ့ သွေးကလည်း အေးသေးတာမဟုတ်လေတော့ ဖြစ်ပြီပေါ့။

ရန်ကုန်မှာကတော့ ဒီဇင်ဘာ ၂ရက် ၃ရက်ကတည်းက ကျောင်းသားတွေက လှည်းတန်းမှာ စုဝေးတာတို့ ထိုင်သပိတ်မှောက်တာတို့ စနေပါပြီ။ စစ်တပ်ကလည်း သူတို့ ထုံးစံအတိုင်း အင်အားသုံးဖြိုခွဲပြီးတော့ ကျောင်းသားတွေကို ရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက် လုပ်နေပါ ပြီ။ ကျမကသာ နယ်ကျောင်းရောက်နေလို့ အဲဒီအချိန်မှာ သေသေချာချာ မသိသေးတာပါ။ ဒီဇင်ဘာ ၄ရက်နေ့မှာတော့ မော်လမြိုင် တက္ကသိုလ်ဘက်မှာ အသံထွက်လာပါပြီ။ ကျောင်းသားတွေ စာတွေ ဝေ.. စာတွေကပ်..။ အဲဒီ ဒီဇင်ဘာ ၄ရက်နေ့မှာပဲ ကျမတို့ ကျောင်းအုပ်ကြီးက ဆရာဆရာမတွေကို အစည်းဝေးခေါ်ပြီးး ဂျူတီချဖို့တွေ ကျောင်းသား ထိန်းဖို့တွေ စီစဉ်ပါတယ်။ ဒီတပတ်တော့ ဘယ်သူမှ ရန်ကုန် မပြန်ရ.. ခရီးလည်း မထွက်ရ.. ကျောင်းဝန်းကျင်မှာပဲ ရှိနေကြရမယ်တဲ့။ ဆရာဆရာမတွေကတော့ သိပ်မပူတတ်ကြတော့ပါဘူး။ ဘာလုပ်မယ်လည်း တွေးမထား ကြပါဘူး။

တကယ်တော့ အဲဒီနေ့မှာပဲ ရန်ကုန်နဲ့ မော်လမြိုင်တက္ကသိုလ်က လှုပ်ရှားတဲ့ ကျောင်းသားတွေ ကျမတို့ ကျောင်းသေးသေးလေးဆီ ရောက်လာပါပြီ။ ဒီဇင်ဘာ ၅ရက်နေ့ညမှာတော့ မှောင်အုံ့အုံ့နိုင်လှတဲ့ ဘားအံ ကောလိပ်ကလေးဘက်ဆီက ကြွေးကျော်သံတွေ ကြားလိုက်ရပါပြီ။ ကျောင်းသား အခွင့်အရေး.. ဒီမိုကရေစီ ရရှိရေး.. ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေးရေး.. 'ဒို့အရေး' တွေပေါ့..။ ကျမ ကြက်သီးတွေထပြီး မျက်ရည်လည်လာရပြန်ပြီ။ ဘာပဲပြောပြော.. ကျောင်းသားဆိုတာ အချိန်တန်တော့လည်း ကျောင်းသားစိတ် ရှိတာပါပဲလို့ တွေးမိလို့ပေါ့။ ဘာမှ မသိဘူး.. ဘာခံစားမှုမှမရှိဘူးလို့ ထင်ထားခဲ့တဲ့ ကျမရဲ့ ဘားအံက ကလေးတွေဟာလည်း ခေတ်ရဲ့ လိုအပ်ချက်ဆိုတာကို.. ကျောင်းသားအခွင့်အရေး ဆိုတာကို.. ခံစားတတ်တာ ပါပဲလား..။ ကျောင်းဘက်က ဆရာတချို့ ဆရာမဆောင်ဆီ လိုက်လာပါတယ်..။ ကျမနဲ့ အမကြီးကို နာမည်တပ်ခေါ်ပြီး ဆရာကြီးက ကလေးတွေ ထိန်းဖို့ ခေါ်ခိုင်းလို့တဲ့..။ အဲဒီအချိန် ကျမတို့က ကျောင်းထိပ်တောင် ရောက်နေပါပြီ။ ကျောင်းထဲမှာတော့ ကျောင်းသားဆောင်ဘက်ဆီက မီးမှောင်ချထားပြီး အချီအချညီညီ အော်သံတွေ..။

ခဏကြာတော့ စစ်ကား ၂စီးနဲ့ 'ပ၀တ' က အရာရှိဆိုသူတွေ ရောက်လာပါတယ်။ သူတို့က ကျောင်းထဲ ချက်ချင်း မ၀င်ဘဲ ဆရာကြီး.. အဆောင်မှူးတွေနဲ့ ရှိနေတဲ့ ဆရာဆရာမတွေကို ခေါ်ပါတယ်။ ကလေးတွေကို ကိုယ့်ဘာသာ ထိန်းရင် သူတို့ မ၀င်ပါဘူးလို့ ညှိပါတယ်။ ဆရာကြီးက ကျမတို့ မျက်နှာတွေကို ကြည့်ပါတယ်။ ကျမတို့ရော.. အဆောင်မှုးတွေရော ပြိုင်တူ ကတိပေးပါတယ်။ ထိန်းပါ့မယ်.. ဗိုလ်မှူးတို့သာ ဘာမှမလုပ်ပါနဲ့..ပေါ့။ တကယ်လည်း သူတို့ ကျောင်းဝင်း အပြင်နားရှိနေတုန်း.. အဆောင်မှူးတွေက ကိုယ့်အဆောင်တွေပေါ် ကိုယ်တက်ပြီး ကလေးတွေကို ၀င်ထိန်းရပါတယ်။ မင်းတို့ ပြောချင်တာပြောလိုက်ရပြီ.. သူတို့လည်း သိသွားပြီပဲ.. တော်ကြတော့.. တော်ကြာ ဘာမှ မလုပ်လိုက်ရသေးဘဲနဲ့ အဖမ်းခံကြရရင် မတန်ဘူးပေါ့..။ ကလေးတွေကလည်း ထိန်းတာက သူတို့ ဆရာဆရာမတွေဆိုတော့ စကား နားထောင်ကြပါတယ်။ ခဏကြာတော့ ငြိမ်သွားကြပါတယ်။

နောက်တနေ့ စနေ တနင်္ဂနွေတွေမှာတော့ ကျမအပါအ၀င် ကျောင်းက ဆရာဆရာမ တော်တော်များများကို 'ပ၀တ'က ခေါ်မေးတာတွေ.. လာတွေ့ပြီး စကားစမြည်ပြောတာတွေ.. လုပ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ကျမကို စကားပြောချိန်မှာ ကျမအိမ်မှာ ဘုရားစင်မရှိတာကိုပဲ အကြာကြီး သေသေချာချာ မေးနေတာပါ။ နောက်မှ သိတာက ကျမကို ကွန်မြူနစ်လို့ စွပ်စွဲလို့ရအောင် မေးတာဆိုပဲ။ ကျမကတော့ သူ ဘာရည်ရွယ်တာလဲဆိုတာ ရိပ်မိသလို ရှိတာနဲ့ ကျမက ခရီးခဏခဏထွက်တာကြောင့်ရော.. ဘုရားစင်ထားရင် တာဝန်ကြီးသလို ခံစားရလို့ မထားတာလို့ပဲ ပြောဖြစ်ပါတယ်။ ဒါတောင် သူက ဗုဒ္ဓဘာသာကို ယုံသလား ဆိုတာမျိုး မေးလာတာမို့ ကျမက စိတ်ပေါက်ပေါက်နဲ့ သူ့ကို သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးကို တမင် စကားထဲ ထည့်ပြောလိုက်တော့မှ ပြီးသွားပါတယ်။ တကယ်တော့ ကျမက အမြင်ကပ်ကပ်နဲ့ သမားဂုဏ်ပြပြီး ပြောတာပါ။ အဲလိုနဲ့ စနေ တနင်္ဂနွေမှာ ဘားအံကောလိပ်က ငြိမ်သွားပေမဲ့ ရန်ကုန်နဲ့ မော်လမြိုင်.. မန္တလေး တက္ကသိုလ် တွေမှာတော့ မငြိမ်ကြသေးပါဘူးတဲ့။

ဒီလိုနဲ့ ဒီဇင်ဘာ ၉ရက် တနင်္လာနေ့မှာတော့ 'ပ၀တ'က ပြည်နယ်မှူး(ကရင်လူမျိုးပါပဲ)က ကျောင်းကို လာပြီး ကျောင်းသားတွေကို စကားပြောပါတယ်။ သူပြောတော့လည်း အဖြူးသား ပေါ့..။ ပညာရေးကို ဘယ်လို ကောင်းအောင် လုပ်ပေးနေပါတယ်ပေါ့..။ လိုတာတွေ ပြောပါပေါ့..။ ကလေးတွေက လှောင်တောင်တောင်နဲ့ အော်လား ဟစ်လားလည်း ပြန်လုပ်ကြပါသေးတယ်။ သူ ပြန်သွားတဲ့အထိလည်း ကျောင်းတွေ ပိတ်ရပြန်ဦးမယ် လို့ ကျမတို့ ဆရာဆရာမတွေ ကိုယ်တိုင်ကကို မထင်ကြသေးပါဘူး။ ဒါပေမဲ့ အဲဒီနေ့ နေ့လယ်မှာပဲ တက္ကသိုလ်ကျောင်းသားတွေ ဆူပူမှုကြောင့် တက္ကသိုလ်တွေ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်.. ဆိုတဲ့ ကြေငြာချက် ထွက်လာပါတော့တယ်။ နှစ်ရက်အတွင်း ကျောင်းသူကျောင်းသားအားလုံး ကိုယ့်ရပ်ရွာဆီ အရောက် ပြန်ရမယ်တဲ့။

အာဏာရှင် စစ်အစိုးရကတော့ သူတို့ ထုံးစံအတိုင်း ကျောင်းသားတွေရဲ့ တောင်းဆိုချက် မှန်သမျှကို ဘယ်တော့မှ ဘယ်တုန်းကမှ မလိုက်လျောဘဲ ကျောင်းသားတွေကို အဓိက အထိနာစေမယ့် ကျောင်းတွေ ရက်ရှည် ပိတ်ပစ်လိုက်တာမျိုးတွေနဲ့ပဲ တုံ့ပြန်လိုက်တာပါပဲ။ အဲဒီနေ့က ယောက်ျားလေးတွေ တော်တော်များများ စိတ်ထိခိုက်ကြပါတယ်။ မိန်းကလေးတွေက ငိုကြပါတယ်။ ဘယ်လောက်ကြာအောင် ကျောင်းပိတ်ထားဦးမလဲ.. ပြီးတော့ ကျောင်းပိတ်လိုက်ပြီးတော့မှ ဘယ်သူတွေကို လိုက်ရှာ ဖမ်းဆီးတာမျိုးတွေ လုပ်ဦးမလဲဆိုတာကို အားလုံး တွေးမိနေကြတဲ့ အချိန်တွေပေါ့..။ လူငယ်တွေအတွက် အနာဂတ်ကို မြင်ရဖို့အရေး ဝေးရပြန်ဦးပေါ့။ ဒါဟာ မှန်ကန်တဲ့ ဖြေရှင်းမှုလား..။ ကျမကတော့ အဲဒီအချိန်တွေမှာ ခါးခါးသီးသီး မုန်းတီးတာကိုပဲ နာနာကျင်ကျင် ခံစားနေခဲ့ရပါတယ်။ ဒီလိုနဲ့ အစမှာတုန်းက ကျမကို အပျော်နဲ့ ကြိုခဲ့တဲ့ ၉၆က နှစ်အဆုံးမှာတော့ ကျမရဲ့ စိတ်နှလုံးကို ပူပြင်း လောင်မြိုက်စေခဲ့ပါတယ်။

+++++

9 comments:

zeRoTraSh said...

ကိုညီထွဋ် အခွေသစ် ထွက်မယ်တဲ့ အမရေ
နာမည်က တစ္ဆေလမ်းတဲ့
ရောခ့်တွေချည်းပဲလို့ ကြားတယ် ရရင် ပို့ပေးလိုက်မယ် :D

rachel said...

ဆရာမ..စောင့်ဖတ်နေ တယ်နော်..
Merry Christmas
ပျော်ရွှင်ချမ်းမြေ့ပါစေ...

Craton said...

စိတ်မကောင်းပါဘူး အန်တီမေငြိမ်းရေ။ ဖတ်ပြီးတကယ်လည်း ရင်နာပါတယ်။ ကျောင်းသားအစ်ကိုအစ်မတွေကိုသနားတယ်။
ဆက်လက်စောင့်မျှော်နေပါတယ်....။

Eike lay said...

ကျွန်တော် ဆရာမရဲ့စာတွေကိုအမြဲစောင့်ဖတ်ဖြစ်ပါတယ်
ကွန့်မန်တွေတော့ မချန်ဖြစ်ပါ..
ကျွန်တော်မြန်မာစာကျောင်းသားတစ်ယောက်ပါဆရာမ
စာသင်ခန်းတွေထဲမှာ ဆရာမပြောသလို တအားသင်ချင်ခဲ့တာဘဲ...တောင်တွင်းရှင်ငြိမ်းမယ်တို့
ဝန်ကြီး ပဒေသရာဇာတို့ ဦးပုည တို့စာတွေဆိုရင်အရမ်းကြိုက်တယ်...
ခုတော့ အဝေးသင်နဲ့ဘဲ နှစ်ပါးသွားပြီး ကျောင်းကပြီးသွားတယ်...ပိုဆိုးတာပေါ့ ဒါကျက်ဒါဖြေဘဲ ဘာမှန်းကိုမသိလိုက်ဘူး...
အင်း...
မြန်မာပြည်ရဲ့ ပညာရေး ကတော့ မပြောချင်လောက်
အောင်ပါဘဲဆရာမရယ်....ဒီလူတွေ ဘာအငြိုးတွေနဲ့
အနာဂတက်ပညာရေး ကိုသတ်နေလည်းမသိပါဘူး....
ရန်ကုန်ရောက်တိုင်း မိန်းထဲသွားလည်ဖြစ်တယ်
အဓိပတိလမ်းကိုလျှောက်ကြည့်တယ် ဦးချစ်ဆိုင်ကိုသွားထိုင်ပေါ့ဆရာမရယ်...ကိုယ်မတက်ဖူး
ပေမဲ့ မိန်းကြီးပိတ်နေတာကိုက ရင်ထဲမှာ အလိုလိုဝမ်းနည်းနေမိတယ်..၈၈ကျောင်းပိတ်တုန်းက
ဒီလိုတွေကြုံရမယ်မှန်းသိရင် ပျှော်ခဲ့မှာ မဟုတ်ဘူးထင်တယ် အဲဒီတုန်းက ဒုတိယတန်းဘဲရှိသေးတာ...အခု အခေါ်နဲ့ဆိုရင်
Grade 3 လားမသိတော့ဘူး...
တွေးမိရင် ရင်မောရတယ်ဆရာမရယ်...ဟူး...

Nyi Linn Thit said...

မြန်မာပြည်ရဲ့ Tourism နဲ့ပတ်သက်ရင်အမြဲပဲ အားမလို အားမရဖြစ်ရတယ် အမရေ...၊ ကိုယ်တိုင်လုပ်ခဲ့တဲ့ အလုပ်မို့လို့လည်း အမပြောသလို ထိုင်းတွေနဲ့ယှဉ်လိုက် ရင် ကျနော်တို့က လုပ်ကွက်တွေ ဘယ်လိုသာတယ်ဆို တာ မခံချိမခံသာ မြင်နေရတယ်၊

၉၆ ဒီဇင်ဘာကို ပြန်ဖတ်ရတာ သွေးတွေချက်ချင်းနွေး လာတယ်ဗျာ၊ ကျနော်လှည်းတန်းမှာ ရှိနေခဲ့တယ်...။

Nyo Htet Nyo said...

နောက်ဆုံး ကျောင်းတက်ခဲ့ရတဲ့ နေ့တွေကို သတိရပြီး ရင်ထဲမှာမော သွားတယ်ဆရာမရေ…ဘယ်တော့မှ ပြန်တက်ရမယ် မသိတော့ဘူးဗျာ။ ၁၂ နှစ်တောင်ကြာခဲ့ပြီ။ အဲဒီတုန်းက သူငယ်တန်းတက်နေတဲ့ ကလေးတောင် ခု တက္ကသိုလ်ရောက်ပြီပေါ့။ သူ့ကို ဘယ်တော့မှ သူတကယ်တက်ရမယ့် နေရာကို ပြန်ပို့နိုင်မယ် မသိတော့ဘူး။ ဘားအံ က ညီအစ်ကို တွေရဲ့ သွေးစည်းမှုကလဲ အမှတ်ထင်ထင် ပါပဲဗျာ။

ရှင်မင်းညို said...

ဆရာမရေ
ရန်ကုန်တက္ကသိုလ်ကျောင်းသူဆိုတဲ့
ဘဝကို အဲဒီနှစ်တွေမှာပဲ ကျောင်းမပြီးပဲ အဆုံးသတ်လိုက်ရတော့တယ်..
သူများတိုင်းပြည်မှာကျောင်းပြီး အောင်တက်ရတဲ့ အခါကျတော့ အသက် ကြီးပြီပေါ့...:(

မေ့သမီး said...

အစ်မရေ
စိတ်ဓါတ်တွေကိုသတ်တယ်။ မျှော်လင့်ချက်တွေကိုသတ်တယ်။ အနာဂါတ်တွေကိုသတ်တယ်။ နောက်ဆုံး လူကိုပါသတ်တယ်။

Lynn Khit said...

မြသီလာ ၂၇ နောက်ဆုံးပိုင်းရောက်တော့ ၉၆ ဒီဇင်ဘာကို ပြန်သတိရမိတယ် ဟုတ်တယ် ဆရာမ အချိန်တန်တော့ကျောင်းသားဟာကျောင်းသားစိတ်ရှိတယ် အဲဒီတုန်းက သမဂ္ဂတောင်းပွဲမှာ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေ ဆရာမပြောသလိုပဲ ကျီး တွေလို
ဝိုင်းအာခဲ့ကြတယ် အဲဒီအချိန်ကစပြီး ခွပ်ဒေါင်းအလံဟာ ကျွန်တော်တို့ဆီရောက်ခဲ့တယ် ဒီအလံတော်ဟာ အာဏာရှင်စနစ်က်ု ဘယ်တော့မှ မျက်နှာသာပေးမှာမဟုတ်ဖူး ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှု့ မှာလည်း သံဃာတော်တွေနဲ့အတူ အမြင့်ဆုံး လွှင့်ထူခဲ့ကြပါတယ် နောက်းဆုံးတော့ ကျောင်းသားဟာကျောင်းသားစိတ်ရှိတယ် အမှန်တရားအတွက် ရဲရင့်ရဲတယ် နောင်လည်းဆက်လွှင်နေကြအုံးမှာပါ နောက်းဆုံးတစ်နေ့ ကျောင်းနံရံတ၀ိုက် ဒေါင်းလံတွေထူနိုင်တဲ့တစ်နေ့ဆီထိပေါ့