Dec 14, 2008

မြသီလာအလွမ်းပြေ(၂၄)

လူ့ဘ၀ဆိုတာ ပြဌာန်းထားပြီးသား စာမျက်နှာတွေနဲ့ စာအုပ်တအုပ်ပဲလို့ ကျမ ရေးဖူးပါတယ်။ အဲဒါကို ကိုအော်ပီကျယ်က ငြင်းတယ်.. ဟုတ်ပါဘူးဗျာ.. ကိုယ့်ဘာသာ ပြဌာန်းလို့ရပါတယ်.. လူက လုပ်တဲ့ စာမျက်နှာ တွေ ပါ.. တဲ့။ ကျမကတော့ ပြန်ငြင်းတာပဲ..။ နောက်ဆုံးအထိ 'ပီ' နဲ့ ကျမ ဘသူမှ အနိုင်မရကြတဲ့ အငြင်းပေါ့..။ စာဖတ်သူတွေရော ဘယ်လို မြင်လဲဟင်..။
+++++

တကယ်တမ်း စာသင်ပြီဆိုတော့ ကျမတို့ တော်တော် ပင်ပန်းကြပါတယ်။ ကျမက တတိယနှစ်သမားတွေ အတွက် paper ၃ခု ရှိတာမှာ paper(2) ကဗျာပိုင်းကို သင်ရပါတယ်။ ရတု.. အဲချင်း.. အိုင်ချင်း.. ပျို့.. မော်ကွန်း.. နဲ့ ခေတ်ကဗျာတွေ..။ နောက် ဒုတိယနှစ်တန်း မှာလည်း အဲဒီ paper(2) ပိုင်းပဲ..။ အဲသလို မေဂျာတန်းတွေတင်မက ဒုတိယနှစ်တန်း Compulsory အတွက်လည်း ကဗျာဝင်သင်ရဦးမယ်။ ကျမမှာ ပြင်ရဆင်ရမယ့် စာတွေ အများသား။ အဲဒီအချိန်မှာ လုံးချင်းဝတ္ထုသစ်တအုပ်('ချိုတဲ့တေး') ထွက်ဖို့ ကိစ္စလည်း ရှိနေသေးတယ်။


(မျက်နှာဖုံး-မောင်သီဟ)

အလုပ်ထဲ ခေါင်းမဖော်နိုင်ဘူးဆိုတာ တကယ်ပါပဲ။ ပြီးတော့ မြန်မာစာက compulsory မို့ရော ပတ်သက် ဆက်စပ်တာတွေကြောင့်ရော.. မြန်မာစာဌာနဟာ အနုပညာအသင်းကိုလည်း ဦးဆောင်ဦးရွက် လုပ်ရပါတယ် တဲ့။ ဒီတော့ တကျောင်းလုံး အတိုင်းအတာနဲ့ လုပ်တဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာလည်း ကျမတို့ခမျာ.. တပြေးပြေး တလွှားလွှား..။ ရေးလက်စ "အသံသစ်ပြတိုက်" ကိုတော့ လှည့်ကို မကြည့်နိုင်။

အဲဒီ ရက်တွေထဲမှာပါပဲ..။ ကျမ သားဆီ ဖုန်းအဆက်..။ မာမာက.. "မငြိမ်းရေ.. မပြောမဖြစ်လို့ ပြောရမယ်။ စိတ်မညစ်နဲ့နော်.. ပြန်လာလို့ မရလည်း ပြန်မလာနဲ့..။ မာမာကတော့ ပြန်လာစေချင်တယ်.." တဲ့။ အကြောင်းကတော့ သားအဖေ မူးယစ်အထူးစီမံချက်နဲ့ အဖမ်းခံ ထားရပါတယ်တဲ့။ အဲဒီခဏလေးမှာ ကျမ ဘယ်လို ခံစားရသလဲဆိုတာ ခုထိ မှတ်မိပါတယ်။ တခုတည်းပါ... ရှက်တာ။ ကျမက ကိုယ့်ကိုယ်ကို ဂုဏ်ယူစရာဖြစ်အောင် အတတ်နိုင်ဆုံး မွမ်းမံနေချိန်..၊ ကျမရဲ့ ပတ်ဝန်းကျင်လေးကို ကောင်းအောင် အတတ်နိုင်ဆုံး ကူညီ တည်ဆောက်နေချိန်..၊ သူက ပစ္စလက္ခတ် လုပ်ရက်တယ်လို့ ကျမ တွေးပါတယ်။ အဲဒီအခါ မာနတရားရဲ့ အဆိပ်က ကျမကို မာကျောခက်ထန်စေခဲ့တယ်။ (အဲဒီအတွက် ခုထိ မှားတယ် မှန်တယ် မစဉ်းစားမိသေး)။

ဒါ့ထက်ပိုဆိုးတာကတော့ ကျမ အဲဒီအပတ် ရန်ကုန်အပြန်မှာပဲ ကျမအချစ်ဆုံး တဦးတည်းသော မောင်လေး (သားအဖေနဲ့ကတော့ အဖော်ကောင်းပေါ့ .. သူလည်း ဆုံးသွားပြီလေ)လည်း စီမံချက်ထဲ ဖမ်းတဲ့အထဲ ပါသွားတာကို သိရပါတယ်။ အမေတို့က ကျမ စိတ်ဆင်းရဲမှာစိုးလို့ လှမ်း အကြောင်းမကြား ခဲ့တာပါ။ မောင်လေးရော.. သားအဖေရော အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇နှစ်.. တဲ့။ တကယ်တော့ အဲဒီမောင်လေးဟာ ၈၈တုန်းက အန်တီ့ခြံထဲမှာ နေပြီး အန်တီစုကို ၀န်းရံခဲ့တဲ့ သုံးရောင်ခြယ်လူငယ်အဖွဲ့ကပါ။ နောက်ပိုင်း စိတ်တွေကျပြီး... တော်တော် လေလွင့် သွားခဲ့တာ။ သူညံ့တာပေါ့လေ..။ ပြီးတော့ ခေတ်စနစ်ရဲ့ ဖျက်ဆီးမှုပေါ့။

အဲဒါတွေဟာ ကျမရင်ဆိုင်ခဲ့ရတဲ့ လက်တွေ့ဘ၀ဖြစ်သလို ခေတ်တခေတ်ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်အထူးစီမံချက်ဆိုပြီး တချို့ကို အဖမ်းပြနေပေမဲ့ ရှမ်းပြည်နယ် ၀ပြည်နယ်တွေဘက် မှာကျတော့ အဲဒီ ဘိန်းကိုပဲ အကြီးအကျယ် ရောင်းဝယ် ဖောက်ကား နေတာ မဟုတ်လား။ သူကိုယ်တိုင် အဲဒီ ဘိန်းခင်းတွေဘက်မှာ တာဝန်ကျခဲ့.. သူကိုယ်တိုင် ဘိန်းစွဲခဲ့ရတဲ့ ဗိုလ်မှူးတယောက်က ကျမကို ကိုယ်တိုင် ပြောပြခဲ့တာပါ။ သူ့နာမည်ထည့်ရေးရင် ကျမတို့ ခေတ်က လူတိုင်းလိုလို သိတာမို့ ကျမရေးပြလို့ မဖြစ်ပါဘူး။ ပြီးတော့ သူလည်း အဲဒီ ဘိန်းကြောင့်ပဲ ကွယ်လွန်သွားခဲ့ပြီမို့လို့ပါ။ တကယ်တမ်းကျတော့ အဲလို မူးယစ်စီမံချက် ဆိုတာတွေကလည်း တကယ်နှိမ်နင်းတာ မဟုတ်ပါ။

(ဘာလို့လဲဆိုတာကို ဆက်နွယ်ပြီး ပြောပြချင်ပါတယ်။ အဲဒီတုန်းက ထောင်ထဲမှာ နိုင်ငံရေးသမားတွေကို အကြီးအကျယ် နှိပ်ကွပ်နေတဲ့အချိန်။ ကျမမောင်လေးနဲ့ သားအဖေ တို့ကတော့ နိုင်ငံရေးမှုလည်း မဟုတ်.. ပိုက်ဆံလည်း တတ်နိုင်ဆိုတော့ အထဲမှာ အကျဉ်းသားတိုင်း မလုပ်မနေရဆိုတဲ့ မိလ္လာတောင် ကိုယ်တိုင် မချရပါဘူးတဲ့။ ထောင်ထမင်းဟင်း မစားနိုင်ဘူး ဆိုလို့ ထမင်းချိုင့် မှာပေးရသတဲ့။ ထမင်းချိုင့်က တလ ၇၀၀၀ တဲ့။ အဲဒီအချိန် ကျမရဲ့ လက်ထောက်ကထိက ဆရာမလစာကမှ ၁၇၀၀ပါ။ ပြီးတော့ ထောင်ထဲမှာပဲ အိမ်ကပို့တဲ့ ထောင်ဝင်စာပစ္စည်းတွေနဲ့ ပိုက်ဆံကို သုံးပြီး ထောင်ဝါဒါတွေဆီကနေ ဘိန်းဝယ်စားလို့ ရသတဲ့။ ရဲဘက်မှာဆို ပိုလွယ်သတဲ့.. သူတို့ပဲ ပြောပြတာပါ။)

သားအဖေ ထောင်ကျတာက ကျမရဲ့ လက်တွေ့ဘ၀ကို တော်တော် ရိုက်ခတ်ခဲ့တာတော့ အမှန်ပါ။ ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေအောက်... ကျမတို့ မြန်မာစာ ပတ်ဝန်းကျင်ထဲ..။ ကျမ ရပ်တည်ရတော်တော် ခက်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ မြန်မာ့ပတ်ဝန်းကျင်ထဲက အမျိုးသမီးတွေအပေါ် ခွဲခြားသတ်မှတ်တဲ့ အကျင့် (discrimination)ကို ကျမ တော်တော် မုန်းသွားခဲ့တာပါ။ 'သူ့ယောက်ျား ဘိန်းစွဲလောက်အောင် သူက ဘာတွေ စိတ်ညစ်အောင် လုပ်လဲမှ မသိတာ' .. 'တပည့်တွေ တရုန်းရုန်းနဲ့...' ဆိုတာမျိုးက စပြီး 'ယောက်ျားကို ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်နေတာကိုး' ဆိုတဲ့ အထိပေါ့။ လွယ်လွယ်ကလေးနဲ့ ပြောခဲ့ကြတာ။ အဲဒီ ရက်တွေထဲမှာတုန်းက ကျမ ခံစားရတာတွေ ဘယ်လောက် ပူလောင်ခဲ့သလဲ.. ပြန်တွေးရင် ခုထိ လတ်ဆတ်ဆဲ ပါ..။ အဲဒီကာလတွေထဲ ကဗျာရေးမိရင်တောင် ပုဂ္ဂိုလ်ရေးဆန်လှတဲ့ ကဗျာတွေပဲ ဖြစ်နေခဲ့ပါတယ်။

အရောင်ဆွံ့

ရင်ထဲ တင်းတင်းကျပ်ကျပ် နာကျင်
ကြေကွဲတမ်းတ ရက်များ ညများ
တရွတ်တိုက် မျောပါ ရွေ့လျား
ပြေးလွှားလာကြသမျှ ဓားသွားလှံချက်တွေ
ငိုကြွေးတိုင်တည်ရာ ကောင်းကင်ပြင်မြင့်မား
အဝေးကြီးက သူ့ဆီ
နှလုံးသားကို ခိုစီးလို့ လိုက်ပါသွား
မြင်ရဲ့လားအချစ်ရေ.......
မင်းအနားက အရိပ်တခုကို
အဲဒါ.. ရူးသွပ်နေတဲ့ ၀ိဥာဉ်
မင်း စွန့်ပစ်ထားခဲ့တဲ့ ဆံတပင်..
မင်း လက်ခံမယူရဲတဲ့ သစ်တပင်..
မင်း ဖြတ်တောက်ခုတ်ထစ်ရမယ့် နွယ်တပင်..။
+++++

အဲဒီတခေါက် ဘားအံပြန်လာတော့ ကျမ နေရထိုင်ရတာ နည်းနည်း ပိုခက်လာသလိုပါပဲ။ သားအဖေ အဖမ်းခံရ တာက ကျောင်းဝန်းကျင်မှာ ဖြစ်တဲ့အပြင် ကျမတို့က လူသိများတော့ သူ့သတင်းကလည်း သိတဲ့သူများတာပေါ့။ ဒါဟာ ဖုံးကွယ်ထားစရာ ကိစ္စတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘားအံကျောင်းသေးသေးလေးထဲ ရန်ကုန်ကလာတဲ့သူအချင်းချင်း.. ဆရာမတချို့... ကျမကို ဆက်ဆံပုံတွေက စိတ်မကောင်းစရာပါပဲ။ အင်းး ဘာတဲ့ 'ကိုယ့်ယောက်ျားကိုတောင် မထိန်းနိုင်တဲ့ မိန်းမ' ဆိုပဲ..။ ယောက်ျားဆိုတာ မိန်းမက ထိန်းမှ ရမယ့် သတ္တ၀ါလား.. စဉ်းစားစရာပါ။ ဒီကြားထဲ ကျမနဲ့ တခါမှတောင် ခင်ခင်မင်မင် မပေါင်းခဲ့ဖူးပါဘဲနဲ့ "ကိုယ်ဖိရင်ဖိ စောင့်ရှောက်မှ တော်မယ်ထင်တယ်"လို့ ပြောတတ်တဲ့ ယောက်ျားသားတွေလည်း ရှိသေး.. အမယ်မင်းး။

သေချာတာတော့ အဲဒီအချိန်တွေထဲ ကျမ စိတ်ထဲမှာ ကြီးစိုးသမျှက ခါးခါးသီးသီး အံဖတ်တွေ။ အသက် ၃၀အရွယ် မိန်းမတယောက်.. ဘယ်လောက်အတိုင်းအတာထိ ရင့်ကျက်နိုင်သလဲ.. ကျမ မသိ..။ ကျောင်းဆရာမ တယောက်ဖြစ်ပြီးတော့... တဲ့။ ဘာဖြစ်လဲဟင်.. ကျောင်းဆရာမဆိုရင် ဘ၀ကို နာနာကျင်ကျင် မခံစားရ ဘူးလား.. အသည်းမကွဲရဘူးလား..။ အလဲလဲအပြိုပြို မရှိရဘူးလား..။ ကျမ မသိ။ (မှားတယ်လို့ ပြောလည်း ရတယ်ထင်ပါရဲ့.. မှန်တယ်လို့ သေချာ ကျိုးကြောင်းပြငြင်းရင်လည်း အရသား.. ဒါပေမဲ့ ကျမက ပြန်ရှင်းပြဖို့ ခုခံကာကွယ်ဖို့ ပျင်းတတ်သူ)။

စိတ်ညစ်သမျှ.. သားကို လွမ်းသမျှ.. ပိုက်ဆံ မရှိတာတွေအတွက် စိတ်ညစ်သမျှ.. ည ည .. အဆောင်ရှေ့ ဆရာမတွေ ကျောင်းသူတွေအလယ်မှာ ဂစ်တာ ထိုင်တီး..။
ငါ ထာဝစဉ် မတည်ငြိမ် မိုးတိမ်လို
ဂျစ်ပစီလို မရပ်မနား ခရီးနှင်နေ
ဂငယ်ကွေ့တွေ အပြည့်နဲ့ လမ်းပေါ်မှာ
ငါလျှောက်ခဲ့မိပြီလေ..

ဘ၀က အပြောင်းကြီး ပြောင်းလဲခဲ့
မရည်ရွယ်တာ အကုန်လုံး ဖြစ်လာတယ်
ကြိုတင်ကာ ဇာတ်ညွှန်း ဖတ်မလာသူ
ဘ၀ဟာ မင်းသားတစ်ယောက်လိုပဲ..

အရာရာဟာ အချစ်ရေ.. မတည်ငြိမ်ဘူး
ငါနေထိုင်လာတဲ့ နှစ်က သုံးဆယ်
မယုံနိုင်ဘူး... ရုပ်ရှင် ကြည့်ရသလို
ဘ၀က ဆန်းကြယ်တယ်.... .....
လို့ ဆိုကောင်းခဲ့တဲ့ ညတွေပေါ့။ သူများဝေဖန်စရာ တခုက တခါတခါ စီးကရက်သောက် (သိပ်တော့ နည်းပါတယ်)။ ပြတင်းပေါက်တွေကနေ ခပ်မဲ့မဲ့ ချောင်းကြည့်ကြရင် ဟားတိုက်ရယ်ပြမိ။ ဒီရက်တွေထဲ တပည့်တွေ.. သူငယ်ချင်းတွေက ကျမ အားငယ်မှာစိုးလို့တဲ့ အလှည့်ကျ လာလည်ကြတာ.. (ခက်မာတို့ မမိုချာ့တို့....)။ တကယ့် သူငယ်ချင်းတွေ ကတော့ ကျမနဲ့ ထပ်တူ ခံစားကြ..။ ဇေယျာလင်းကတော့ သူချစ်တဲ့ ကျမတို့နှစ်ယောက်အတွက် တော်တော် ခံစားပြီး ကဗျာတပုဒ် ရေးတယ်။ သူရေးတဲ့ ကဗျာဖတ်မှပဲ ကိုယ့်ဘ၀ကို အမောတကောနိုင်လှတဲ့ သနားစရာလို့ မြင်မိတာ။ ဖတ်ကြည့်ပါဦး။ အဲဒီကဗျာကို ၉၈အချစ်ကဗျာ စာအုပ်ထဲ ထည့်ခဲ့ပါတယ်။
မေငြိမ်းအတွက် အချစ်×ရက်စက်တဲ့ ထိုးဇာတ်
ဇေယျာလင်း
ရထားဟာ အပြီးအပိုင်ထွက်သွားတယ်။ ကျနော်အပြီးအပြတ် ရှင်းပစ်လိုက်ချင်လို့ပဲ။ အဝေးမှာ ခွေးဟောင်သံတွေ ဝိုးတဝါး။ သံလမ်းတွေက ဒဏ်ရာစိမ်းတခုရဲ့ ပုံ ပြောပြတယ်။ အဲဒီညက မီးချောင်းတွေကလည်း အထူးရက်စက်ကြသလို။ ပုံဟာ သူ့လည်ပင်းကို လာခွေပတ်။ စကားလုံးတွေဟာ အမှုန့်တွေ ကြွေကျပြီးရင်း။ ဝန်ခံလိုက် ဝန်ခံလိုက် ဝန်ခံလိုက်။ အဲဒါ ပြီးပြီးချင်းရနံ့ပါးပါးလေးဟာ လှိုင်းလုံးကြီးတွေလို အလိပ်လိုက် အလိပ်လိုက်။ ရဲရင့်တဲ့ မာလိန်မှူး၊ သူ့လက်ထဲက မြတ်နိုးသင်္ဘောလေး မမြုပ်အောင် အင်တိုက်အားတိုက် ဖြည့်စွမ်း။ သင်္ဘောလေးဟာ သူ့စိတ်ကူးနဲ့သူ။ ဒါကို စိတ်ကူးကြည့် ပါလေ။ ဥသြသံဟာ ညကြီးထဲ အော်အော်ခေါ်နေလေရဲ့။ ချစ်သူ နှစ်ဦးခမျာ ကံခေ။ သူတို့ဆီက ကြယ်လဝန်းရဲ့ ဘာသာစကား သိမ်းခံလိုက်ရရှာတယ်။ နာကျင်မှုရဲ့ စူးရှတဲ့ အလင်းထဲ နစ်မြုပ်သွားတဲ့ သူမရဲ့ ကျောပြင်ကို သူငေးကျန်။ ကျနော့်ပေါ် ပုံသေလို သူလာပိကျ။ အဲဒီ သံလမ်းနံဘေးမှာပဲ သူ့ကိုထားခဲ့တယ်။ ဇာတ်လမ်းဟာ ထောင့်ထဲဝင်ခွေလှဲအိပ်။ အချိန်ကား တောင်ပံကျိုးတဖက်။ သူ့ကိုယ်သူ ဇာတ်မသိမ်းတတ်ရှာစွာ အရာခပ်သိမ်း ဆိတ်သုဉ်းလွန် ဥယျာဉ်တခုရဲ့ လေသေထဲ အက်ပြိုကွဲ တဝဲလည်လည်။ ဒီမှာ သမိုင်း ဆုံးတယ်။ အလျှံပယ် အဓိပ္ပာယ်မဲ့/ လုံးဝဥဿုံအကြောင်းအရာ ချိုးကွေ့။ မမျိုချနိုင်တဲ့ အမှန်တရားဟာ ပထမဆုံး မနက်စာနဲ့ သူမရှေ့မှာ အငိုက်မိ။ နောက်ဆုံးသတင်း- သူ့ကိုယ်သူ မိုးချုပ်ချလိုက်သတဲ့။ ထိုးဇာတ်ဟာ တကယ့်အဖြစ်အပျက်ထက် ရက်ရက်စက်စက် ဆို့ဆို့နင့်နင့် ကြေကွဲပြ။ တလုံးတလုံးစီမှာ သူမရဲ့ ပုံတွေ အတွဲလိုက် သီးပြီး မျက်ဝန်းထဲ ပြွတ်ခဲ။ ဒီအဖြစ်အပျက်တွေရဲ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝမကျမှုကို ကျနော် မေ့ချင်ယောင်မဆောင်နိုင်ခြင်း သည်လည်း တကြောင်းတပါဒ။ ဒီထက်အေးစက်တဲ့ ဒီဘက် ရင်ခွင်ထဲ ပန်းစကြာမှန်ပြောင်း အပိုင်းပိုင်းအစစတွေကို ထွေးပွေ့ ထိုးစိုက်ချလိုက်တယ်။ ခင်ဗျားသိချင်တာ သူမ မဟုတ်လား။ အလားတူ သူမများရဲ့ ချုပ်ရိုးထဲမှာ။ ။
+++++

တကယ်တော့ ကျမမှာလည်း အားနည်းခဲ့တာတွေ ရှိပါလိမ့်မယ်။ ကျမက အရွဲ့တိုက်ချင်တဲ့ ဥာဉ်ရှိတယ်။ မာန်တက်တယ်။ လူပါးဝတယ်လေ..။ အဲဒီအခါ အလုပ်တွေ ဖိလုပ်.. ဆိုးတာက မြို့ကျဉ်းကျဉ်းလေးထဲက ကျောင်းကျဉ်းကျဉ်းလေးရဲ့ ယဉ်ကျေးမှုဟာ ကျဉ်းကျဉ်းလေး ဖြစ်နေတတ်တာကို ထည့်မတွက်တတ်တာပဲ..။ ဥပမာ.. ကျမရဲ့ ညံ့ဖျင်းမှုတွေကြောင့်ပေါ့။ (ဘယ်သူမှ Tag မလုပ်သေးလို့ ညံ့တာတွေ မရေးဖြစ်သေးတာ ခု Tag ဦးမှလို့ စိတ်ကူးရတယ်)။ ကျမက ဘယ်လိုမှ ရေကူးသင်လို့ မရ..၊ စက်ဘီးစီး ကားမောင်း သင်လို့မရ..၊ သင်္ချာ အင်္ဂလိပ်စာ ညံ့၊ ကွန်ပျူတာပညာရပ်အပါအ၀င် သိပ်ပံပညာရပ်တွေမှာ ညံ့၊ ကိုယ်ကြိုက်တဲ့ သီချင်းသံကြားရင် လိုက်မဆိုဘဲ မနေနိုင်တာမျိုး၊ လူတွေကို ယောက်ျား မိန်းမ ခွဲမမြင်တတ်.. ဆရာ တပည့်.. ဆင်းရဲ ချမ်းသာ... ခွဲမမြင်တတ်ဘဲ လူလို့ပဲ မြင်တဲ့အတွက် တန်းတူ တပြေးညီဆက်ဆံတတ်တာ..။ ကိုယ်မှန်တယ်ထင်ရင် ပြီးရော.. ခေါင်းမာတတ်တဲ့ အကျင့်ကဆိုး... ဆိုသလိုပါပဲ။ အဲဒါတွေက ကျမ ညံ့ချက်တွေ အဖြစ်.. ကျမကို အမြဲ ဒုက္ခပေးတတ်ပါတယ်။

ဒီနေရာမှာ ပြောပြချင်တာက ကျမက စက်ဘီး မစီးတတ်.. နောက်ကတောင်မှ သေချာ စနစ်တကျ လိုက်မထိုင် တတ်တဲ့အတွက် တပည့်တွေ နောက်ကပဲ လိုက်ရပါတယ်။ (ဘားအံရောက်မှ စက်ဘီးနောက်က သေချာ လိုက်စီးဖူးတာမို့ ၄ခါလောက် ပြုတ်ကျပီး တခါမှာတော့ မေးစေ့ပါ ကွဲသွားခဲ့ဖူးပါသေးတယ်)။ ဆိုတော့ များသောအားဖြင့် ယောက်ျားလေးတွေ နောက်ကပေါ့။ အဲလို လိုက်ရင်လည်း ကျမက လူရွေးသေးတယ် (ဆရာမြို့မငြိမ်းလိုပဲ) အရပ်ရှည်တဲ့သူကမှာ ခြေ ထောက်ဖို့ လွယ်တာမို့ ကျမအတွက် အန္တရာယ် နည်းတယ်ဆိုပြီး အရပ်ရှည်တဲ့ သူနင်းတဲ့ စက်ဘီးနဲ့မှ လိုက်ပါတယ်။ အဲဒီတုန်းက မော်တော်ဆိုင်ကယ်ဆို လုံးဝမလိုက်.. ကြောက်လို့။ ဒီတော့ မြို့ကလေးမှာ ဆရာမတယောက် ကျောင်းသားတွေ စက်ဘီးနောက်က လိုက်တယ်ဆိုတာက ကျမနဲ့ ကျတော့ 'အဲဒီ တခုလပ် ဆရာမက...' လို့ နာမ၀ိသေသန ပါလာပါတယ်။ ကျမကလည်း လမ်းခပ်များများလေ..။ ဘားအံရဲ့အနီးဝန်းကျင်ဆို အကုန်သွားချင်တော့တာ။ သာမညတောင် ကိုသာ နည်းနည်းဝေးလို့ ကားနဲ့ သွားတာ။

ဘားအံနဲ့ ၄မိုင်လောက်ဝေးတဲ့ တောင်ကလေးဘုန်းကြီးကျောင်းဆိုလည်း ဆရာတော် ဦးပညာသာမိ (တောမှီရဟန်း)နဲ့ စကားပြောရတာ ကောင်းလွန်းလို့ ခဏခဏ သွားတာပဲ။ နောက် ကျောင်းပိတ်ရက်တွေဆို ကျောင်းကနေ ၁၀မိုင်လောက်သွားရတဲ့ စိတ်ဝင်စားစရာအကြောင်းတခု ရှိတဲ့.. အင်မတန်လှတဲ့.. ဇွဲကပင် တောင်ခြေက ရေတံခွန်ဆီလည်း မကြာခဏ သွားတာပဲ (နောက်ပိုင်း post တခု သပ်သပ်ရေးပါ့မယ်)။


(ရေတံခွန်အသွားလမ်းပေါ်က မြင်ရတဲ့ ဇွဲကပင်)

ပြီးတော့ ဇွဲကပင်တောင်ကိုပဲ မတူတဲ့ လမ်းနှစ်ဘက်ကနေ ခဏ ခဏ တက်တာမျိုးလည်း လုပ်သေးတာ။ နောက်.. ကန်သာယာဘက်.. ကုန်းထိပ်(ရုံးကုန်း)မှာ.. လက်ဘက်ရည်ဆိုင် သွားထိုင်တာမျိုးလည်း လုပ်သေးတာ။ အမြဲတမ်းကတော့ မိန်းကလေး ယောက်ျားလေး တပည့်တွေနဲ့.. သူငယ်ချင်း ဆရာမတယောက် ဆရာတယောက်တော့ အမြဲပါတာပဲ။ ဒါပေမဲ့လည်း တမျိုးမျိုးပြောကြတာပဲ။ အဲဒီတုန်းက ကျမအတွက်တော့ အဲလိုပြောတဲ့သူတွေကို အံ့သြတာပါပဲ..။

အဲဒီအခါ စိတ်ညစ်သမျှ စိတ်ရှုပ်သမျှ အလုပ်တွေချည်း ဖိလုပ်တာပဲ..။ ကျောင်းတွင်း activities တွေဆိုလည်း ကျမခြေ ကျမလက်ပဲ။ စာအုပ်ကိစ္စ အရေးကြီးလို့ ရန်ကုန်ဆင်းရတာနဲ့ ကိုယ့်ဘာသာတော့ အချိန်တောင် မလောက်။ အဲဒီအချိန်တွေမှာ.. ဘယ်သူတွေ စကားတင်းဆိုနေလဲ.. မသိတချက် သိတချက်..။ စိတ်တွေ ပုံမှန်မဟုတ်ဘဲ ကစဥ့်ကလျား ဖြစ်နေခဲ့တာကိုတော့ ၀န်ခံရပါမယ်။ တခါတခါ ဘာမဟုတ်တာလေးနဲ့ ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီး ကြိုးတုတ်တုတ်တချောင်းကို ရအောင်ရှာပြီး ထုတ်တန်းမှာ အကြိမ်ကြိမ် ချည်မိတာမျိုးလည်း လုပ်ခဲ့ဖူးတယ်။ အဲဒီအချိန်တွေကို ပြန်တွေးမိရင် မျက်စေ့မှိတ် အသက်ပြင်းပြင်းရှူထုတ်ပြီး ခေါင်းကို နာနာခါမိတာ.. ခုထိ။ ပြီးရင် ကဗျာတပုဒ်ကို မက်မက်စက်စက် သတိရတယ်။
သောကခွက်၃၀

အနာတရလက်များ တုန်ရီနေကြ
အနှစ်၃၀ပြည့် သောက်ရေအိုးထဲ
ရေတခွက် နှစ်ယူခပ်လိုက်တဲ့အခါ
ပျစ်ချွဲချွဲသောကတွေ ပါလာတယ်
ခွက်အပြည့်။

သွန်ချပစ်လိုက်ရင်လည်း
အနှစ်၃၀လုံးလုံး ပြုစု ကုသခဲ့ရတဲ့
နှလုံးသား ဆုံးရှုံးမယ်၊
မက်လောက်စရာမရှိပေမဲ့
ဒါပဲရလဒ်ဖြစ်လေတဲ့
အတိတ်တွေ ဆုံးရှုံးမယ်၊

အကြိမ်ကြိမ်အလီလီ
ကွန်ပေါင်းတင်ခဲ့ရတဲ့
ဟောဒီမျက်နှာကြီး အရှက်ရပေလိမ့်။
သောက်ချပစ်လိုက်ရင်လည်း
မနက်ဖြန်တွေက
ရောက်မလာသေးခင်
ခြောက်သွေ့နှင့်ကြပြီး
မကမ်းလှမ်းရသေးတဲ့ ချစ်သူက
ရင်ကို ဟက်တက်ခွဲဖို့ ကြံစည်ဦးမယ်၊

သူပဲ ကိုယ့်အမိ
သူပဲ ကိုယ့်အဖ လုပ်ခဲ့ရတဲ့
စိတ်ကူးယဉ်အနာဂတ်ကြီး
တွန့်လိမ်ခွေပျော့
လေလျော့နှင့်ပေလိမ့်။

ရင်တွေ တဆတ်ဆတ်တုန်ရဲ့
အဲဒီ ဆိတ်ငြိမ်သယောင်ယောင်
၃၆၅ကြိမ်မြောက်ညတွေပေါ့
ငါ့ကိုညှို့ပြီး မျိုခဲ့ပုံများ
စုန်းစုန်းကြီးမြုပ်ခဲ့တာ အကြိမ်၃၀
ဘာလုပ်ရမှန်း မသိ
ငုတ်တုတ်ထိုင်ကြည့်နေရတဲ့
သောကခွက်ပြည့်က ၃၀။ ။

(စန်းဦး)
ကြည့်ပါဦး.. ကျမတို့ ခေတ်တူသူငယ်ချင်းတွေ.. ရင်ခုန်သံတွေ ဘာသာစကားတွေ တူနေကြတာ။ အားလုံးရဲ့ သက်တမ်း ၃၀မှာ ဘာမှ အနှစ်သာရ တန်ဖိုး မတွေ့ရ။ မရသေးတာတွေကိုတောင် ကြိုဆုံးရှုံးနှင့်နေရတဲ့ ခေတ်ထဲက ဘ၀တွေ။ ၁၉၉၅ ဟာ.. ကျမရဲ့ သောကခွက် ၃၀ပြည့်နှစ်လေ..။

အဲဒီနှစ် ဇွန် ဇူလိုင် သြဂုတ်ရဲ့ မိုးရေစက်တွေက ကျမအတွက် ခါတိုင်းလို မအေးမြနိုင်ခဲ့ပါ။ အဲဒီအခါ ကျမက ဘ၀ဆိုတာ ပြဌာန်းခံရပြီးသား စာမျက်နှာလို့ ယူဆတော့တာပေါ့။


+++++


17 comments:

လင်း said...

ဆရာမရေ အဲလိုမျိုး ဆီလို အပေါက်ရှာပြီး ကဲ့ရဲ့  ပြစ်တင်တတ်တဲ့ သူတွေကို တကယ်မုန်းတယ်။
အပေါ်ယံ အမြင်နဲ့ ကြည့်ပြီး ပြစ်တင်ရှုံချတတ်တဲ့ သူမျိုးဆို ပိုမုန်းဖို့ ကောင်းသေး။ ဆရာမ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို မြင်ကြည့်လို့ ရပါတယ်။

လူ့ဘ၀ဆိုတာ ပြဌာန်းထားပြီးသား စာမျက်နှာတွေနဲ့ စာအုပ်တအုပ်ပဲ ဆိုတာကိုတော့ အပြည့်အ၀ ထောက်ခံတယ် ပြန်ပြင်ချင်ပြီး ပြင်ခွင့်မရတဲ့ စာမျက်နှာတွေ အများကြီးမို့  လူကလုပ်တဲ့ စာမျက်နှာဆိုတာကို လုံးးဝမထောက်ခံဘူး

MANORHARY said...

လူ့ဘ၀ဆိုတာပြဌာန်းထားပြီးသားစာမျက်နှာတွေနဲ့စာအုပ်
တစ်အုပ်ပဲ..ဘာလို့ကိုအော်ပီကျယ်ကငြင်းတာလဲ..
ဒါဆိုခုသူတည်ဆောက်ထားတဲ့ဘ၀ဟာသူ့ကံကြမ္မာမပါပဲ
သူ့ဟာသူတည်ဆောက်ထားတာတဲ့လား...တွေ့မှမေး
လိုက်ပါဦးမယ်။
အထူးသဖြင့်ဗုဒ္ဓဘာသာတွေဆိုရင်ပိုပြီးယုံရဦးမယ်။ကိုယ်
အတိတ်ဘ၀ကလုပ်ခဲ့တဲ့ကံအရဒီဘ၀မှာလာပြီးပေးခြေရ
မယ့်ရယူရမယ့်ဝဋ်ကြွေးတွေကပါလာပြီးသားလေ...

MANORHARY said...

ကိုဇေယျာလင်းရဲ့ကဗျာလေးကိုကြိုက်တယ်။
ပြီးတော့ကိုစန်းဦးရဲ့သောကခွက် ၃၀ ..အဲဒါကိုတော့
မနော်လည်းမှတ်စုထဲကူးထားခဲ့တယ်။ ကိုယ် ၃၀ အရွယ်
ကျပြန်ဖတ်ဖို့..ဒါပေမယ့်..အဲဒီထက်ဆိုးတဲ့သောကတွေ
နဲ့ပြန်တောင်မဖတ်ရဲခဲ့ဘူး..

ရွာသားလေးဝိုင်တီယူ said...

ဆရာမရေ ဘ၀တွေက မောတယ်နော်။

M.Y. said...

ဆရာအော်ပီကျယ်ရော ဆရာမရော မမှားပါ။

ဘ၀ဆိုတာပြဌာန်းပြီးသားစာမျက်နှာတွေဆိုတာအမှန်ပါ။ နောက်ဘ၀အတွက်ပြဌာန်းမယ့် စာမျက်နှာတွေအတွက်တော့ဒီဘ၀မှာ လူကိုယ်တိုင်လုပ်ရမှာပါပဲ။

ဘ၀ဆိုတာ ပြဌာန်းပြီးသားစာမျက်နှာတွေ ကိုချည့်စောင့်ထိုင်ဖတ်နေရုံသက်သက်မဟုတ်တဲ့အတွက် အဲဒိ စာမျက်နှာတွေ ကိုလူကလုပ်တယ်ဆိုတာလဲမမှားပါ။

အဲဒိစာမျက်နှာတွေကိုလူက လူချင်တိုင်းလုပ်ဖို့ ကိုယ့်စိတ်ကြိုက်ဖန်တီးဖို့ အတွက်ကတော့ ကျင်လည်ရရာ ခေတ်စနစ် ၊ လူမှုဝန်းကျင်အဆင့် ၊ အနေအထား အားလုံး နဲ့ လဲဆိုင်မယ်ထင်တာပဲ။

၂၄ ဖတ်အပြီးမှာ Discrimination, Cultural & traditions တွေအကြောင်းစဉ်းစားသွားပါတယ်။

M.Y. said...

ဇေယျာလင်း ရဲ့ စကားလုံးတွေ အားကောင်းလိုက်တာ..ခပ်စူးစူး နင့်နင့်ကြီး ကို ဖြတ်ဝင်သွားတယ်...

s0wha1 said...
This comment has been removed by the author.
s0wha1 said...

အန်တီ...
('သူ့ယောက်ျား ဘိန်းစွဲလောက်အောင် သူက ဘာတွေ စိတ်ညစ်အောင် လုပ်လဲမှ မသိတာ' .. 'တပည့်တွေ တရုန်းရုန်းနဲ့...' ဆိုတာမျိုးက စပြီး 'ယောက်ျားကို ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်နေတာကိုး' ဆိုတဲ့ အထိပေါ့။ လွယ်လွယ်ကလေးနဲ့ ပြောခဲ့ကြတာ။
'အဲဒီ တခုလပ် ဆရာမက...'
'ကျောင်းဆရာမ တယောက်ဖြစ်ပြီးတော့... တဲ့။)

ကြောက်စရာကြီးနော်... လူ့ပါးစပ်တွေက။

('ကိုယ့်ယောက်ျားကိုတောင် မထိန်းနိုင်တဲ့ မိန်းမ' ဆိုပဲ..။ ယောက်ျားဆိုတာ မိန်းမက ထိန်းမှ ရမယ့် သတ္တ၀ါလား.. စဉ်းစားစရာပါ။)

အဲဒီလို အပြောမျိုးတွေနဲ့တော့ သမီးလည်း ခဏခဏ ငြင်းရဖူးတယ်။ မသိလို့ မေးချင်တာက အဲဒီယောက်ျားဆိုတာတွေက ဦးနှောက်မရှိ၊ အသိဥာဏ်မရှိတဲ့ လူတွေလားလို့ပါ။ မိန်းမဆိုတာမျိုးက အကြံဥာဏ်လေးပေးရုံ၊ ဖြစ်သင့်တာလေး ပြောပြရုံပဲ တတ်နိုင်မှာပေါ့။ ဒါကို လူတွေ ဘာလို့ နားမလည်ကြလဲ အံ့ဩလွန်းလို့။

(ရေကူးသင်လို့ မရ..၊ စက်ဘီးစီး ကားမောင်း သင်လို့မရ..၊
ဒီနေရာမှာ ပြောပြချင်တာက ကျမက စက်ဘီး မစီးတတ်.. နောက်ကတောင်မှ သေချာ စနစ်တကျ လိုက်မထိုင် တတ်)

သမီးနဲ့ တူလွန်းလို့ ဟက်ဟက်ပက်ပက်ကို ရယ်မိတယ်။ စက်ဘီးဆိုရင်လည်း ဖြည်းဖြည်းလေး အရှိန်နဲ့ လှိမ့်နေတုန်း ခုန်မတက်တတ်။ ဆိုင်ကယ်ဆိုလည်း ရှေ့ကလူကို ကိုင်ပြီး တက်ဖို့ အဲဒီလူကို ကိုယ့်ခြေထောက်လောက် မယုံတာနဲ့ပဲ ခြေဖျားထောက်ထောက်ပြီး သေချာ တက်ရလွန်းလို့ ခြေထောက်တွေလည်း အကြောမြတ်ပဲ။ နောက်ဆုံးတရားခံက အသားနာမှာ အရမ်း ကြောက်တတ်လို့ ခုလိုဖြစ်တတ်တာ အန်တီရဲ့။

၂၄ ကို အကြိုက်ဆုံးပဲ။ ကဗျာတွေလည်း ကောင်းသလို၊ ဖတ်ရင်း ရယ်ရ၊ ၀မ်းနည်းရ၊ စိတ်မကောင်းရနဲ့ ခံစားချက်မျိုးစုံကို နင့်နင့်သီးသီးရလိုက်လို့။


ကိုမောင်ရင် ပြောတာကို ငြင်းစရာမရှိလောက်အောင် အပြည့်အ၀ကြီး ထောက်ခံတဲ့အတွက် အန်တီ မေးထားတာကို ဖြေပြီးသလိုတောင် ဖြစ်သေး။:P

Kay said...

အမရေ- ခုမှ ပြန်ရောက်လို့..၂၃ -၂၄ တပြိုင်တည်း မော့ချသွားတယ်။ မူးသွားတာပဲ။
လူ့ဘ၀ဆိုတာ..ပြဌါန်းပြီးသား- ကျောင်းသုံးဖတ်စာအုပ်တအုပ်ပေါ့။ ပြင်ချင်တဲ့သူက..ပြင်ရင်လည်း..ပြောင်းအုံးမှာပဲ။ ကိုယ်တိုင်လဲ..ဖတ်ချင်သလိုသာဖတ်.. သင်ချင်သလိုသာသင်။

ခင်မင်းဇော် said...

အင်း အဲဒီတုန်းက ထောင်ထဲက ကိုသီဟ ရေးလိုက်တဲ့ စာလေးကို နင်က မဖတ်လို့ ငါနဲ့ခက်မာနဲ့ ဖတ်ပြီး မျက်ရည်ကျတာရော မှတ်မိသေးလား။ ၃၃ လမ်းက လေထန်ကုန်းမှာ... သူက ငါ့ကိုညာတာ ငါမုန်းတယ် တဲ့ နင်ပြောခဲ့တာလေ...ဒီ အပိုင်း ၂၄ ကိုတော့ ငါက မျက်ရည်တွေနဲ့ ဖတ်ခဲ့တယ် သူငယ်ချင်း...

ုkonhongsar said...

ဟုတ်တယ် အန်တီ အန်တီ့ရဲ့ လူ့ဘ၀ဆိုတာ ပြဌာန်းထားပြီးသား စာမျက်နှာတွေနဲ့ စာအုပ်တအုပ်ပဲ ဆိုတာကိုတော့ ထောက်ခံပါတယ်၊ ကိုယ့်ဘ၀မှာ ဘယ်တော့မှ ဒီလိုမဖြစ်စေရဘူးလို့ ဆိုထားတဲ့ အရာတွေက ကိုယ်ဘယ်လောက်ပဲ အားတင်းထားတင်းထား ဖြစ်ချိန်တန်ရင် ဖြစ်ခဲ့ရတယ်ဆိုတာ လက်တွေ့ကြုံဘူး သူတွေအတွက်တော့ အန်တီ့ ရဲ့ ခံစားချက်ကို လက်ခံကြမယ်လို့ ထင်ပါတယ်၊ လက်မခံချင်တဲ့ လူတွေကလည်း သူတို့ကိုသူတို့ တစ်ခုခု မှားနေပီးလို့ ထင်ပါတယ်၊ အန်တီ့ရဲ့ နှလုံးသားနဲ့ ရင်းပြီးရေးခဲ့တဲ့ စာတွေက သမီးတို့အတွက် တကယ့်ကို စံနမူနာယူစရာပါ၊ လူတိုင်းဟာ ကိုယ့်ခံစားချက်ကို ချရေးဖို့ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အဖြစ်က ကိုယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအ၇ာကို သူများကို စာနဲ့ ရေးသားတင်ပြဖို့ မပြောနဲ့ နုတ်ကနေပြောဖို့တောင် မရဲကြတဲ့ အချိန်မှာ အန်တီ့ရဲ့စာလေးကို ဖတ်လိုက်ရလို့ အမျိုးသမီးတွေ ကိုယ့်ဘ၀ကို ထုတ်ဖော်ပြောတက်လာမယ်လို့ သမီးယုံကြည်မိပါတယ် အန်တီ၊

lawinoon27 said...

ဟုတ်တယ် အန်တီ အန်တီ့ရဲ့ လူ့ဘ၀ဆိုတာ ပြဌာန်းထားပြီးသား စာမျက်နှာတွေနဲ့ စာအုပ်တအုပ်ပဲ ဆိုတာကိုတော့ ထောက်ခံပါတယ်၊ ကိုယ့်ဘ၀မှာ ဘယ်တော့မှ ဒီလိုမဖြစ်စေရဘူးလို့ ဆိုထားတဲ့ အရာတွေက ကိုယ်ဘယ်လောက်ပဲ အားတင်းထားတင်းထား ဖြစ်ချိန်တန်ရင် ဖြစ်ခဲ့ရတယ်ဆိုတာ လက်တွေ့ကြုံဘူး သူတွေအတွက်တော့ အန်တီ့ ရဲ့ ခံစားချက်ကို လက်ခံကြမယ်လို့ ထင်ပါတယ်၊ လက်မခံချင်တဲ့ လူတွေကလည်း သူတို့ကိုသူတို့ တစ်ခုခု မှားနေပီးလို့ ထင်ပါတယ်၊ အန်တီ့ရဲ့ နှလုံးသားနဲ့ ရင်းပြီးရေးခဲ့တဲ့ စာတွေက သမီးတို့အတွက် တကယ့်ကို စံနမူနာယူစရာပါ၊ လူတိုင်းဟာ ကိုယ့်ခံစားချက်ကို ချရေးဖို့ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အဖြစ်က ကိုယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအ၇ာကို သူများကို စာနဲ့ ရေးသားတင်ပြဖို့ မပြောနဲ့ နုတ်ကနေပြောဖို့တောင် မရဲကြတဲ့ အချိန်မှာ အန်တီ့ရဲ့စာလေးကို ဖတ်လိုက်ရလို့ အမျိုးသမီးတွေ ကိုယ့်ဘ၀ကို ထုတ်ဖော်ပြောတက်လာမယ်လို့ သမီးယုံကြည်မိပါတယ် အန်တီ၊

yellowbreeze said...

စာရေးဆရာမတယောက်အနေနဲ့ရော
ကျောင်းဆရာမတယောက်အနေနဲ့ပါလေးစားပါတယ်
ဒါပေမယ့် လူ့ဘ၀ဆိုတာပြဌာန်းပြီးသားစာအုပ်
တအုပ်ပါဆိုတာကိုတော့ လုံးဝ (လုံးဝ)လက်မခံနိုင်ပါဘူး.....
နောက်တခုက ဆရာမမနော်ဟရီ က ကိုအော်ပီကျယ်ကိုဝေဖန်ပုံကလည်းသိပ် မပြေပြစ်လှပါဘူး...ဘာကြောင့်ငြင်းငြင်း
သူ့မှာငြင်းခွင့်ရှိပါတယ်
နောက်ပြီး ဗုဒ္ဓဘာသာတွေဆိုပိုပြီးယုံရဦးမယ်ဆိုတဲ့စကား
က စာရေးဆရာမတယောက်အနေနဲ့ ဘာသာတရားကို ဒီလောက်ပဲနားလည်လားလို့တွေးစရာဖြစ်စေပါတယ်။
ဗုဒ္ဓ၀ါဒ က ပြဌာန်းခံဝါဒလား...
ကျွန်တော်တို့ဟာ အတိတ်ဘ၀တွေရဲ့ ရောင်ပြန်ဟပ်ချက်သက်သက်ပဲလား
ဒါဆို ခုဘာလို့ ကျွန်တော်တို့ တွေ ဘ၀ကိုအပင်ပန်းခံတည်ဆောက်နေတော့မှာလဲ
အရာရာပြဌာန်းချက်အတိုင်းဆိုမှတော့
ပွဲကပြီးနေပြီပဲကို
နောက်ဆုံးလက်ရှိအာဏာရှင် ကိုလည်း တော်လှန်နေစရ့ာမလိုတော့ဘူးပေါ့
အချိန်တန်သူ့ကံအတိုင်းသွားမှာပေါ့
တကယ်ပဲအဲ့လိုလက်ခံထားပါသလားမေးချင်
ဝေဖန်ချင်ပါတယ်

မေငြိမ်း said...

လင်း.. မနော်..ကမောင်ရင်.. s0wha1... ကေ.. konhonsa.. lawinoon... တကယ်တော့ ကျမပြောပြီးသားပါ... ဘသူမှ အနိုင်မရတဲ့အငြင်းဆိုတာကို.. ဘာလို့လဲဆိုတော့ ကမောင်ရင်ပြောသလို ၂ခုလုံးက မှန်နေလို့ပါပဲ..။ အတိတ်ကံက ပြဌာန်းခဲ့တဲ့ စာမျက်နှာတွေကို ကိုယ်က တတ်နိုင်သလောက် ပြုပြင်တည်ဆောက် ဖန်တီးရ မှာပါ..။ ဖြစ်ချင်တော့ အဲဒီအတွက် လုပ်နိုင်ခွင့်ဆိုတာကလည်း အခြေနေတွေ လိုတယ် ဆိုတာ.. အဲဒါကလည်း ကံနဲ့ဆိုင်နေသလိုပါပဲ..။ တခုပဲ စာမျက်နှာတွေထဲမှာ တတ်နိုင်သလောက် တော့ ကြိုးစားတည်ဆောက်ရမှာပါ။

ရွာသားလေးရေ.. ဒါကြောင့်ပဲ အမတို့ခေတ် တလျှောက် အင်မတန် ပင်ပန်းကြရတယ်လို့ ပြောရတာပါပဲ။

ဒေါ်ခင်မင်းဇော်..မှတ်မိတာပေါ့ သူငယ်ချင်းရယ် တခါတလေကျတော့လည်း ကိုယ်ကလည်း သိပ်တင်းမာ နာကျင်လွန်းခဲ့သလား လို့ စဉ်းစားမိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ကိုယ့်ရဲ့မာနနဲ့ ဂုဏ်သိက္ခာကို ဘာနဲ့မှ မလဲနိုင်ခဲ့တာ.. မတတ်နိုင်ပါဘူး။

Yellow Breezeကိုတော့ ပြောပြချင်ပါတယ်။ ကျမက စာရေးဆရာမမို့ ကျောင်းဆရာမမို့ လေးစားတာနဲ့ ကိုယ့်အယူအဆကို ပြောတာဟာ ဘာမှ မဆိုင်ပါဘူးရှင်။ အဲဒါကိုက ကျမတို့ ဗမာတွေ လွဲနေတာပါ။ ဗုဒ္ဓတရားနဲ့လည်း လွဲနေပါတယ်။ ဗုဒ္ဓကတောင် ငါပြောတာတောင် စဉ်းစားပြီးမှ လက်ခံပါလို့ ကာလာမသုတ္တံမှာ ပြောခဲ့တာ ပါ။(အတိုချုပ်ပြောပြတာပါ)။ ဆိုတော့ အားလုံးစဉ်းစားဖို့သာပါပဲ။ ပီ နဲ့ ကျမ ငြင်းတာ လည်း အဲလို..ပါပဲ။ ကျမတို့စာပေလောကသား တွေက မောင်နှမတွေလို အမြဲ ငြင်းကြခုန်ကြ ဆွေးနွေးကြပါ။ မနော်က အဲဒါကြောင့် ပြောတာ.. ကျမတို့ချင်းသိတဲ့ လေသံပါပဲ။ မနော်ပြောတာကို ကျမ နားလည်သလို ပီလည်း နားလည်မှာပါ။ ဗုဒ္ဓဘာသာဆိုရင် အတိတ်ကံအကြောင်းကို လက်ခံပီးသားလို့ပဲ ရိုးရိုးလေး ဆိုလိုတာပါ။ ဗုဒ္ဓဘာသာဟာ ပြဌာန်းခံလားဆိုတာကိုတော့ ကိုယ့်ဘာသာပဲ သေချာ စဉ်းစားကြည့်စေချင် ပါတယ်။ ကံအကြောင်းတရားဆိုတာကို သေချာ လေ့လာဖတ်ရှုစေချင် ပါတယ်။ ပြီးရင် ကျမတို့ ပြည်သူတွေ တာဝန်ကျေပါလျက်နဲ့ အန်တီစုတို့ ကြိုးစားပါလျက်နဲ့ ဘာကြောင့် အမှန်တရားက ခုထိ အရေးနိမ့်နေပါသေးသလဲ...။ ပြီးတော့ လူထုက သူတို့ မလုပ်တဲ့ ဆိုးကျိုးဆက်..(ဥပမာ..နာဂစ်)ကို ခံစားရတာတွေ။ တကယ်တော့ yellowbreeze ဝေဖန်တဲ့ အချက်တွေက သိပ်ကျယ်ပြောပါတယ်။

Nyo Htet Nyo said...

ကဗျာဆိုတာခံစားမှုရဲ့ သရုပ်သကန်ပဲ လို့ ဆရာကြီးမင်းသုဝဏ်က ပြောခဲ့တယ်။ မြသီလာဟာ ကျွန်တော့်အတွက်တော့ ကဗျာပဲ။ မတို့ရက်မထိရက်တဲ့ ပန်းကလေး။ တစ်ခုပဲ….ဆုံးသွားမှာ ကြောက်မိတယ်။ ကျွန်တော့်ဘက်က ဒီလောက်ပါပဲ။ ….မေ့လို့….ဆရာစန်းဦး ကဗျာက မဂ္ဂဇင်း တခုခုထဲပါခဲ့တာထင်ရဲ့။ ကျွန်တော့်ဒိုင်ယာရီထဲလဲ ရှိနေတယ်။ ဆရာမကျန်းမာပါစေ။

Moe Cho Thinn said...

ဆရာမရေ
မအားတာနဲ့ ခုမှ လာဖတ်နိုင်တယ်။ ပို့စ်ရော ကွန်မန့်တွေရော ဖတ်ပြီး အတော်မောသွားတယ်။

ကိုမောင်ရင်ပြောတာကို အပြည့်အ၀ လက်ခံပါတယ်။ ဆရာမရဲ့ ရိုးသား ပွင့်လင်းမှုကို ဒီပို့စ်မှာ အထင်းသား မြင်ရတာမို့ နာကြင်ရ၊ ပိုနားလည်ရတာပါပဲ။
သူလဲ ဒီလိုအဖြစ်မျိုး ဘယ်ကြုံချင်ပါ့မလဲ လို့ မိန်းမချင်း ကိုယ်ချင်းစာစိတ်လေးနဲ့ စဉ်းစားလိုက်ရင်ကို မကောင်းတဲ့ စကားတခွန်း လက်လွတ်စပယ်ပြောဖို့ အတော်ခက်ခဲမှာပါ။

တခါတလေကျတော့လဲ ဆရာမရေ..အတိတ်ကားလဲ အရိပ်များလို ပျောက်စေချင်ပါတယ်။
ဆရာမကို ချစ်သော
ချိုသင်း

sansan said...

ဆရာမ ကို သိနေတဲ့ ဆရာမ က မသိတဲ့ ၉၅ ဘားအံ ပထ၀ီမေဂျာ က ကျောင်းသူတစ်ယောက်ပါ.. ရိုးသားစွာဝန်ခံရရင် ဆရာမရဲ့  စာတွေကို ဒီနေ့ မှ စဖတ် ဖြစ်တယ်.. ဘားအံခရီး က စ ဖတ် ဖြစ်တာ စာရေး ဆရာမ လို .စသိကတည်းက လေးစားမိတာ. အဲဒီကာလတွေ မတိုင်ခင် ကတည်းက ဘယ်သူမှ မဖတ် တဲ့  ကဗျာတွေ ရေး နေတာ. အစ အဆုံးဖတ်ပြီးမှ ကွန်မဲန် ပေးမလို့ ဘဲ.. ဒါပေမဲ့  ဖတ်မိ ချိန်မှာ ဘဲ အခုဖြစ် နေသလို ခံစားမိလို့ (ဓါတ်ပုံတွေ မြင်တော့) အဲဒီ ကာလတွေ က သိပ္ပံ ဆရာမတွေရဲ.စကားတွေကြောင့် ၀ဇ္ဇာ ဆရာမ အနေနဲ့  ကြေကွဲ ခဲ့ မှာဘဲ ဌာန မတူတဲ့ ပဋ္ဋိပက္ခ တွေ ကလည်း ရှိခဲ့ ကြတယ်လေ..အဲဒါ နဲ.ပတ်သက်ပြီး ဆရာမ တစ်ယောက်နဲ့  စကားအခြေအတင် ဖြစ်ဘူးခဲ့တယ် ပညာတတ်တွေ ကလည်း အကျိုးမရှိ တဲ့ အလုပ်တွေ လုပ်တတ်တာဘဲလား မေးမိ လို့ သူကလည်း ပြောပါတယ် ကိုယ်နဲ့ မဆိုင်ဘဲ မစပ်စုနဲ့ တဲ့ ကိုယ်နဲ့ အရွယ်တူ မဟုတ်ဘဲ မဝေဖန် နဲ့ တဲ့...ကျမ က ၉၇ မှာ ထိုင်းကိုထွက်သွားတာ အိမ်ပြန်လာတိုင်း ဒေါ်ခင်စန်းဝေ ဆီ ရောက်တယ် ဒေါ်ခင်မျိုးသန့် ကိုတော့  ခုထိ ရှာလို့ မတွေ့ ဘူး..ခု မလေးရှားမှာ ၂၀၀၀ခုနှစ်ကတည်းက ရောက်တာ.. မိုးမခ မှာ ဆရာမ အကြောင်းတွေ တွေ့ ရတော့ ဆရာမဘဲ ဖြစ်မယ်လို့ ထင်ပြီးသား ၂၀၀၉ ဇွန်မှာပြန်တော့ ဒေါ်ခင်စန်းဝေ နဲ ့ဆရာမ အကြောင်းပြောဖြစ်သေးတယ်...ရေးတေးတေး သိအောင်လို့ ပြောပြတာပါ..အချိန်တွေ လုသလိုဖြစ်သွားပြီ.. အတင်းတွေ အဖျင်းတွေနဲ. ပတ်သက်လို့ ကတော့ ပတ်ဝန်းကျင်ဂရုစိုက်ရင်း ကမ္ဘာကျဉ်းတယ်လို့  ဘဲပြောပါရစေ. ကိုယ့် အလုပ် ကိုယ် လုပ်ကြတာဘဲ လုပ်ကြရမှာဘဲလေ.. ကျမ က ၉၄..၉၅ လောက်က ဆရာမ မျက်စိ နောက်ခဲ့ မဲ့ GEC ရုံးခန်း မှာဝင်ထွက်နေခဲ့ တဲ့ ဓါတ်ပုံ စိုးမိုး ပါ....