အိမ်ကြီးက မှောင်လိုက်တာ+++++
သက်စွန့်ဆံဖျားစိတ်နဲ့
အနက်ရောင်တွေကို တွန်းတွန်းထုတ်ရင်း
နှလုံးသားထဲက မီးခြစ်ဆံတွေ တရှဲရှဲ
(အရေးထဲ နှလုံးသားကလည်း အစိုတွေပျံလို့)
ရှုပ်ပွနေတဲ့ အတ္တတွေကိုလည်း
မဖြစ်ညစ်ကျယ် လှဲထုတ်လိုက်ပြန်တယ်
ပြီးတော့မှ
ကုလားထိုင်တလုံးပေါ်
ခန္ဓာကိုယ်ကို ကြိုးဖြုတ်ချလိုက်ရင်း
မျက်လုံးတံခါးကို ပြန်ဖွင့်လို့
လျှောခနဲ လျှောခနဲ ထွက်ကျလာတဲ့
နက္ကတစ်တွေထဲ
သူကိုယ်တိုင်ပါဝင်နေပုံကို
မူးစုပဲစုအလင်းလေးနဲ့
အေးအေးဆေးဆေးကြီး ကြည့်နေလိုက်တာများ
တစ်ဘ၀စာပစ်ပြီးသွားတဲ့
သေနတ်သမားလိုမျိုး။ ။
(စန်းဦး)
ကျမနဲ့ မြသီလာရဲ့ ပတ်သက် ဆက်စပ်နေရတဲ့ဘ၀ရဲ့ သက်တမ်းတလျှောက်မှာ ၁၉၈၈ကာလပြီးရင် ၁၉၉၆ ဟာ အမှတ်ရစရာ အဖြစ်အပျက်တွေ အများကြီးကို ကြုံရဆုံရတဲ့ နှစ်ပါပဲ။ ပြန်ရေးရမှာတောင် မောပါရဲ့...။ ဘယ်လို ပိုင်းပြီး ရေးရမယ်တောင် မသိ.. အကြောင်းအရာတွေက အရောင်စုံလွန်းလို့။ ဒါပေမဲ့ ရေးဖို့ လိုတာမို့ အသေးစိတ် ရေးရပါဦးမယ်..။ မပျင်းကြပါနဲ့နော...။
(ရေးစရာတွေများလွန်းလို့ အန်တီစု နေအိမ် အကျယ်ချုပ်သက်တမ်း ၆နှစ်အပြီး ၁၉၉၅ ဇူလိုင်လ ၁၀ရက်နေ့မှာ ပြန်လွတ်လွတ်ချင်း ပထမဆုံး ခရီးအဖြစ် ဘားအံကို လာပြီး သာမညဆရာတော်ကြီးကို လာဖူးတာကို ကျမ တိုက်တိုက်ဆိုင်ဆိုင် ကြုံခွင့်ရခဲ့တာကိုတောင် ပြောဖို့ မေ့ခဲ့ပါတယ်။ အဲဒီတုန်းက အန်တီစုရဲ့ ဘားအံရောက် ခရီးစဉ်လမ်းကြောင်းတလျှောက် ကလေးတယောက်ရဲ့ ကားကို အကူအညီတောင်းပြီးတော့ ကျမ လျှောက်လိုက် ခဲ့တာလေ.. သာမညထိ..။ အဲဒီတုန်းကများ ပျော်လိုက်တာ .. တကယ်တော့ ကျမက နိုင်ငံရေး ဘာ ညာ သိတာမဟုတ်.. အန်တီစုကို ကြည်ညိုတာရယ်.. န၀တ မတရားလို့ ဒုက္ခပေးလို့ မုန်းတာရယ်... အမှန်တရားကို လိုချင်တာရယ်.. ဒါပဲ သိတာပါ)။
၁၉၉၆ ကို စစ်အစိုးရက Visit Myanmar Year ... တဲ့။ 'န၀တ'က သူ့ဘာသာ သတ်မှတ်..။ ကျမမှာလည်း တိုက်တိုက်ဆိုင်ဆိုင်.. ကျမ တပည့်လေးတွေ အမည်ပေးသလို အဲဒီနှစ်ဟာ Visit May Nyane Year ဖြစ်ခဲ့တယ် ဆိုရမှာပဲ..။ ခရီးတွေ တောက်လျှောက် ထွက်ဖြစ်ခဲ့တာ..။ ၁၉၉၆ရဲ့ဇန်န၀ါရီ ၁ရက် နှစ်သစ်ကူးကို ကျိုက်ထီးရိုးဘုရားရင်ပြင်ပေါ်မှာ ကြိုခဲ့တာက စလို့ပေါ့..။ ကရင်ပြည်နယ် မွန်ပြည်နယ်တ၀ိုက်.. ကျမ ခြေဆန့်ခဲ့တာ..။ နယ်မြေလုံခြုံရေး သိပ်မကောင်းပါဘူးဆိုတဲ့ နေရာတွေအထိ။ ဘားအံနားက ခရီးလမ်းပမ်း ခက်ခဲတယ်ဆိုတဲ့ ရှေးဟောင်းဘုရားတွေ ရှိတယ်ဆိုတဲ့ ကော့ဂွန်းဂူတို့ ရသေ့ပျံဂူတို့ ရှိတဲ့ ရွာကလေးတွေထိ။ (အဲဒီနေရာလေးတွေအကြောင်း ဒီနေရာမှာ ဖတ်ကြည့်စေချင်ပါတယ်)။
(ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ ကော့ဂွန်းဂူမှာ)
(ကော့ဂွန်းဂူ ခေါင်မိုးက နံရံကပ် အုတ်ခွက် ရုပ်ပွားတော်လေးတွေ)
(ကော့ဂွန်းဂူ ခေါင်မိုးက နံရံကပ် အုတ်ခွက် ရုပ်ပွားတော်လေးတွေ)
ကျမက သတ္တိကောင်းကောင်းနဲ့သာ လျှောက်သွားနေတာ.. တကယ်တော့ လူငယ်အရွယ် တွေကို တာဝန်ယူ စောင့်ရှောက်ပြီး ခရီးသွားရတာက အဲဒီအချိန်ကာလက ဆရာမတယောက် အနေနဲ့ တော်တော် ပြဿနာများတာပါ။ ဒါပေမဲ့ အစ်မကြီးတို့ မိချိုတို့က ကျမနဲ့ တွဲဖက်ညီညီ ရှိလေတော့... ကျမရဲ့ သွားချင်သမျှ ခရီးတွေက အဆင်ပြေခဲ့တာ..။
အဲဒီတုန်းက ထစ်ကနဲဆို ကျမ ရောက်သွားပြီ။ ကျမတို့ သွားနေကျ ဇွဲကပင်တောင်ခြေက ရေတံခွန်လေးမှာ ဆံရှည်ကိုယ်တော်ဆိုတဲ့ လူငယ်လေးက သစ်သီးတွေပဲ မီးလွတ်စားပြီး နောက်လိုက်နောက်ပါ တစုနဲ့ ဘုရားတွေတည်.. တရားကျင့်ရင်း သာသနာပြုနေတယ်ဆိုတာ ကြားတော့လည်း အပြေးအလွှား သွားချောင်း ကြည့်။
(အဲဒီ စေတီတွေပေါ့.. ဆံရှည်ကိုယ်တော်တို့ တည်ကြတာ.. အဲဒီအဖွဲ့ထဲက ကရင်မလေးတွေပါ။ သူတို့က ဗမာစကားမတတ်ပါ)
၁၉၉၆ ဇွန်လ မတိုင်ခင်အထိကတော့ သားလေးနဲ့ တတွဲတွဲပေါ့။ ရန်ကုန်နဲ့ ဘားအံ ဥဒဟို သွားလိုက် ပြန်လိုက်။ ပင်ပန်းပေမဲ့ သားနဲ့ အတူတူ နေရတာမို့ အင်မတန် နေလို့ထိုင်လို့ ကောင်းခဲ့တဲ့ အချိန်တွေပါ..။
+++++
ကျမရဲ့ ၁၉၉၆ ဒဏ်ရာတွေထဲမှာ ကျမ ချစ်တဲ့၊ အဖေ့ရဲ့ Thorn Bird Tour Company လေးရဲ့ အသည်းနာ ဇာတ်လမ်းတပုဒ်လည်း ပါပါတယ်။ (အဖေက Free Bird ရဲ့ Share holder အဖြစ်ကနေ ခွဲထွက်ပြီး Thorn Bird ဆိုတဲ့ နာမည်နဲ့ ကိုယ်ပိုင်ခရီးသွားလုပ်ငန်းလေး လုပ်နေခဲ့တာပါ)။ မြသီလာနဲ့ မဆိုင်လှပေမဲ့ ဆိုင်သလိုလိုလည်း ရှိတာမို့ ပြောပြချင်ပါတယ်။
၁၉၉၆ကို မြန်မာခရီးသွားနှစ်လို့ ကြေငြာပြီး န၀တက ခရီးသွား ကုမ္ပဏီအားလုံး ဟိုတယ်နှင် ခရီးသွားလာရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်းရမယ်။ မပူးပေါင်းရင် ကုမ္ပဏီကို ဖျက်သိမ်းမယ်တဲ့။ ကျမအဖေရဲ့ ခရီးသွားလုပ်ငန်းလေး က အင်္ဂလန် ပြင်သစ်နဲ့ စပိန်နိုင်ငံက ခရီးသွားတွေကို အဓိကထားတဲ့ ကုမ္ပဏီပါ။ တော်တော် အဆင်ပြေနေတဲ့ လုပ်ငန်းလေးဆိုပါတော့။ အဖေ့စကားနဲ့ ပြောရရင် ၀န်ထမ်းလုပ်လာတဲ့ ၂၃နှစ်မှာ နောက်ဆုံး ညွှန်ကြားရေးမှူး ဖြစ်တဲ့ အထိတောင်မှပဲ ဆင်းဆင်းရဲရဲပဲ နေခဲ့ရတာ။ ၀န်ထမ်းဘ၀က ပြုတ်မှပဲ ထမင်းဝ.. ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကားဝယ်စီးနိုင်တဲ့ဘ၀ ရောက်ရတော့တယ် ဆိုတာလို.. အခြေအနေလေး ကောင်းနေတာ ပါ။ ဒါပေမဲ့ အဖေ အင်မတန် ခါးသီးတဲ့ အဲဒီ စစ်အစိုးရနဲ့ ပူးပေါင်းဖို့ ဆိုတာ.. အဖေ့အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီအချိန်မှာပဲ အန်တီစုကလည်း ဒီလို လူထုမျက်နှာမငဲ့တဲ့ တရားမ၀င် အစိုးရကို အားကောင်းစေမယ့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်သင့်ပါဘူး လို့ပြောတော့ အန်တီစုကို အင်မတန် ကြည်ညိုလေးစားတဲ့ အဖေနဲ့အမေက အစိုးရနဲ့ ပူးပေါင်းမလုပ်ဘူးလို့ လုံးဝ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ဒီတော့ အဖေ့ကုမ္ပဏီလေး လိုင်စင်ပြုတ်သွားရပါတော့တယ်။ အဲဒီကာလမှာပဲ တရက်မှာ ကျမ ဘားအံကနေ ရန်ကုန်ပြန်ရောက်တုန်း အဖေက မျက်စေ့ပျက် မျက်နှာပျက်နဲ့ ပြောပါတယ်။ ပုဂံမှာ ဘုရားတွေ ပြင်ဆောက်တယ်တဲ့... (ရွာတွေကို မြို့သစ်ထိ ရွှေ့ပစ်ခဲ့တာကတော့ ၉၅ကတည်းကပါ)။ ကျမတို့ သားအဖက မေမေ့ နာမည်ပေးချက်အရ ပုဂံခရေဇီတွေလေ။ (ကျမတို့ သားအဖက ပုဂံရောက်ပြီဆိုရင် ဓမ္မာရံကြီး တစ်ခုတည်းမှာ တမနက်ကုန်နီးပါး.. စူဠာမဏိမှာ တနာရီလောက်.. အပါယ်ရတနာမှာ တနေ့ခင်းလောက်.. စိမ်းညက်ညီအမ တ၀ိုက်မှာ တနေကုန်လောက်နေပြီး အဖေက ပန်းချီဆွဲ.. ကျမက ကျောက်စာဖတ်တာတို့ တခါတလေ အဖေပန်းချီဆွဲတဲ့နား ရှုပ်ပေါ့။ အဲလို တမေ့တမောနေလွန်းလို့ အိမ်မှာဆိုရင် ကျမတို့ သားအဖနဲ့ ဘယ်သူမှ ပုဂံမသွားချင်..။ ကျမက ပုဂံနဲ့ ပတ်သက်ရင် ပုဂံမြေပေါ်က နတ်သမီးကွမ်းသွေးလို့ ခေါ်တဲ့ ပိုးကောင်နီနီလေးတွေ က အစ.. ဗူးဘုရားခြေရင်းက မဉ္ဇူသကပန်းတွေအထိ ချစ်တာပါ)။ ဆိုတော့ အဖေကပြောတယ်... ပုဂံသိပ်မပျက်ခင် တခေါက်လောက် သွားပြီး ဓာတ်ပုံတွေ ဗွီဒီယိုတွေ ရိုက်ထားကြစို့တဲ့။ ဒါနဲ့ ၉၆ရဲ့ နွေ မတ်လကုန်ပိုင်းမှာ ကျမတို့မိသားစုတွေ ပုဂံကို တခေါက် ရောက်သွားကြတာပေါ့။ ဒီတော့ နောက်ပိုင်း စာသင်ချိန်တွေမှာ တပည့်တွေကို ပြန်ပြောပြလို့ကောင်းတဲ့ ရှေးပုဂံရဲ့ နောက်ဆုံးချိန်တွေကို တွေ့ခွင့်ရခဲ့တာပေါ့။
အဲဒီအချိန်မှာတော့ တကယ်ပဲ ပုဂံ စပျက်နေပါပြီ။ နံရံဆေးရေးပန်းချီတွေပေါ် ထုံးတွေ သုတ်။ စေတီတွေ အထွတ်တင်..။ အုတ်ခွက်ဘုရားတွေ အပျောက်ပျောက် အရှရှ..။ ကျမ မှတ်မိနေပါသေးတယ်။ ကျမ စူဠာမဏိလှိုဏ်ထဲကို ၀င်လိုက်တဲ့အချိန် ဘေးနံရံကို ထုံးဖြူတွေ သုတ်နေတာတွေ့ပြီး ကျမ မျက်ရည် ပေါက်ပေါက်ကျတော့ ထုံးသုတ်နေတဲ့ အလုပ်သမားတွေက ကျမကို အံ့သြတကြီးပုံနဲ့ ကြည့်နေတာ။ အဖေကတော့ အပြင်ထွက်ပြီး ဘေးစကြံ င်္က ထနောင်းပင်လေးအောက်မှာ သွားထိုင်နေခဲ့ပါတယ်။ ကျမ စိတ်ထင်.. ကျမတို့ရဲ့ အစိုးရ ဆိုသူများကို အူလှိုက်အသည်းလှိုက် စိတ်နာမိတာ အဲဒီတခါ အခါးသီးဆုံးပဲလို့တောင် ထင်မိပါတယ်။
အဲဒီကာလမှာပဲပေါ့ .. ဆရာကြီးဒေါက်တာသန်းထွန်းက ပြည်ပ လှိုင်းတို ရေဒီယိုတခုရဲ့ အင်တာဗျူးမှာ
"ကျနော်တို့ ပုဂံကို သေလဉ်ကြောင် တည်သလား.. ပျဉ်းပြားမင်း တည်သလား.. ဘယ်သူမှ သေချာ မပြောနိုင်သေးဘူး။ ပုဂံကို ဘယ်သူဖျက်သလဲဆိုတာကတော့ သေချာပြီပေါ့ဗျာ.. ဒီခေတ်မှာ ပုဂံယဉ်ကျေးမှုတွေ ပျက်တယ်ဆိုတာ.. သမိုင်းပေါ့..."လို့ ပြောခဲ့တာ။ (ဆရာကြီး ပြောခဲ့တဲ့ စကားလုံးအတိအကျ မဟုတ်ပေမဲ့.. အဓိပ္ပါယ်က အတိအကျပါ)။ အဲဒီစကားကို ကျမရဲ့ စာသင်ချိန်တွေမှာ ပြန်ပြန်ပြောလွန်းလို့ ကျမ တပည့်တွေဆို သိနေပြီ။ အဲဒီနှစ်မှာ ကျောင်းမှာ စာသင်ရတာလည်း သိပ်ကောင်းတာပါပဲ..။ ဘားအံကောလိပ်မှာ အင်မတန် လိမ်မာပြီး စာပေဗဟုသုတ လိုလားတဲ့ ကလေးတွေ များလာတယ်လို့တောင် ပြောနိုင်ပါတယ်။
မှတ်မှတ်ရရ အဲဒီနှစ်မှာပဲပေါ့.. န၀တက အမေရိကန်ဆန့်ကျင်ရှုတ်ချပွဲနဲ့ လူထုစည်းဝေးပွဲ ဆိုတာကြီးတွေ မြို့တိုင်းမှာ အကြီးအကျယ်လုပ်ပြီး တက္ကသိုလ်တွေက ပါမောက္ခချုပ်ကြီးတွေကို အမိန့်အာဏာနဲ့ စင်မြင့်ပေါ် ဆွဲတင်ခဲ့တာ..။ အဲဒီပွဲတွေမှာပဲ ကျမတို့ ချစ်တဲ့ ဆရာကြီးတွေ စိတ်မပါဘဲ စင်မြင့်ပေါ်တက်ပြောခဲ့ကြရရှာတာကို ကျမ တစစ်စစ် ရင်နာခဲ့ရတာ။ အဲဒီကာလမှာပါပဲ... ကျမကို ဘားအံကောလိပ်က စာရေးဆရာမလည်းဖြစ်.. လက်ထောက် ကထိကဆရာမ လည်း ဖြစ်တယ်ဆိုပြီး အမေရိကန်ကို ဆန့်ကျင်ရှုတ်ချကြောင်း ပြောရမယ်လို့ ကျောင်းအုပ်ကြီးက တဆင့် by name နဲ့ ခေါ်ခဲ့ပါတယ်။ ကျမက "ကျမတို့ ၀န်ထမ်းတွေ နိုင်ငံရေးမလုပ်ရဘူးဆို..။ ဒါ နိုင်ငံရေးအလုပ်ပဲ.. ပြီးတော့ ကျမက ပစ္စည်းဆို အမေရိကန် ပစ္စည်းပဲ ကြိုက်တာ.. ခုတပ်နေတာတောင် ရေဘင်မျက်မှန် ဆရာကြီးရဲ့.. ဒါကြောင့် ကျမမပြောချင်ပါဘူး" လို့ ရွှတ်နောက်နောက် ပုံစံနဲ့ ပြန်ပြောတော့ ဆရာကြီး စိတ်ညစ်သွားတာ ခုထိ မှတ်မိသေးတယ်။
နောက်တော့ ကျမတို့ ဌာနက ကျေးဇူးရှင် ဆရာတယောက် (နောက်မှ ရောက်လာတယ်ဆိုတဲ့ ဆရာ.. နာမည်တော့ မပြောတော့ဘူး :P)က သူပြောချင်တယ်.. ပြောပါရစေလို့ တာဝန်ယူ လိုက်လို့.. ဆရာကြီးခမျာ စိတ်ချမ်းသာသွားတယ်။ အဲဒီဆရာကလည်း သူ့နေရာနဲ့သူ နာမည်ကြီးတဲ့သူဆိုတော့ အဆင်ပြေသွားတာပေါ့။ ကျမကတော့ အဲဒီပွဲလုပ်တဲ့ နေ့မှာ ပျော်ပျော်ကြီးပဲ ရန်ကုန်ဆင်းလာလိုက်တာပေါ့။ (ထုချေလွှာလောက်တော့ တင်ရမှာပဲ ထင်ခဲ့ပေမဲ့ ဘာမှ မဖြစ်ခဲ့ပါဘူး)။ ဟိုဆရာကတော့ ကြေးမုံတွေ မြန်မာ့အလင်းတွေထဲ အပြူးသားပေါ့..။ ရေဘင်မျက်မှန်ကြီးနဲ့ တိုက်ပုံကြီးနဲ့..။ ကျမကလည်း ဘယ်လောက် ဆိုးသလဲဆို.. ဟိုဆရာကို ရိပြော ပြောလိုက်သေးတယ်.. "ခဗျားကဗျာ ရေသဘင် မျက်မှန်ကြီးတပ်ပြီး အမေရိကန် ဆန့်ကျင်တယ်လို့ တက်ပြောတော့ ရယ်စရာကြီး" လို့..။ ကျမက အဲဒီဆရာကို ကျောင်းဆရာတယောက်အနေနဲ့မှာ တော်တော် သဘောမကျတာမျိုး ရှိထားလို့လည်း ပါပါတယ်။ (သူကလည်း ကျမကို သဘောမကျတာ အသေအချာပေါ့ :D )။
နောက်မှ သိရတာ သူက တပ်ချုပ်ကြီး အမျိုး ဆိုပဲ။ နောက်ပိုင်းမှာ တပ်ချုပ်ကြီး တန်ခိုးထွားလာတော့ သူ့ရဲ့ ပါရဂူဘွဲ့နဲ့ ပတ်သက်တာတို့ တယ်လီဖုန်းလျှောက်လွှာတို့ ၀န်ထမ်းအိမ်လျှောက်လွှာတို့ဆိုရင် အောက်ခြေမှာ မှတ်ချက်နဲ့ သူက ချုပ်ကြီးရဲ့ တူတော်ကြောင်း ရေးထည့်လို့ သူလျှောက်သမျှ အကုန်ရတာ မြန်မာစာဌာန မှာတော့ နာမည်ကျော်ပေါ့။ ခုလည်း သူကောင်းပြုခံထားရတဲ့ အထဲမှာ ထိပ်ဆုံးကပေါ့။ သေချာတာတော့ ကျမ သူ့ကို အဲလိုရေးလို့ဆိုပြီး စိတ်တိုမယ့်သူ တယောက်မှ မြန်မာစာဌာနမှာ မရှိတာ သေချာတယ်။ ခုတော့ ပါရဂူဘွဲ့ရပြီး ပြည်ပနိုင်ငံကြီးရဲ့ တက္ကသိုလ်ကြီးတခုမှာ မြန်မာစာဆိုင်ရာ ဧည့်ပါမောက္ခ ဖြစ်နေတယ်လို့ ကြားပါတယ်။ သူက စာတော့ တကယ်တော်ပါတယ်။
ပြီးတော့ ကျမ ခုလိုရေးတာ လူတယောက်ကို အပုပ်ချတာပဲလို့ ပြောရင်.. အင်း ဟုတ်ပါတယ်။ အဲဒီ အပုပ်မျိုးကိုတော့ ချဖို့ တာဝန်ရှိတယ်လို့ ကျမ ခံယူပါတယ်။ ပြီးတော့ သူများကို အပုပ်ချပြီး ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်သွေးတာပဲလို့ ပြောရင်လည်း လက်ခံပါတယ်။ ကျမ အဲဒီတုန်းက ငြင်းခဲ့တာတွေအတွက်.. မတရားအစိုးရရဲ့ မတရားတဲ့ အမိန့်အာဏာကို လက်မခံခဲ့တာအတွက် တကယ်ပဲ ကိုယ့်ကိုယ်ကို ကျေနပ်ခဲ့တာ ကြောင့်ပါပဲ...။ (ဘာလို့လဲဆိုတော့ တကယ်လို့ ကံမကောင်းရင် ကျမ အနည်းဆုံး အလုပ်ပြုတ်ပြီး အများဆုံးက ထောင်ကျ နိုင်တာလေ)။
တကယ်တော့ သူတို့ဘက်ကကြည့်ရင် ကျမကလည်း တကယ် အမြင်ကပ်စရာ ကောင်းတာလေ..။ အဲလိုပွဲမျိုး ကျတော့ ရှောင်ပြီး ကျောင်းပွဲတွေကျတော့ တပည့်တွေ ပွဲတောင်းရင် သီချင်းတက်ဆိုတာ..။ ကျမက နာမည်ကျော် မိုက်ခဲလေ..။ (Micကို တွေ့ရင် ခဲလွန်းလို့..)။ ၀ါသနာက အဲလိုမသေးတာပါ။ ကျမရဲ့ တပည့်ကလေး တွေထဲမှာကလည်း တကယ့် ရွက်ပုန်းသီးလေးတွေ ပါတယ်.. ဂစ်တာ အတီးကောင်း အဆိုကောင်းလေးတွေ။ အဲဒီမှာ ကျမနဲ့ သီချင်းတွဲဆိုနေကျ တပည့်လေးနဲ့ပေါ့။ ခုတော့ အဲဒီတပည့်လေးတောင် လ၀က အရာရှိ ဖြစ်နေပြီတဲ့။
+++++
အဲဒီ ၁၉၉၆ ဟာ နိုင်ငံရေးအရလည်း စိတ်ဝင်စားစရာအပြောင်းအလဲ အချိုးအကွေ့တွေ ရှိခဲ့တဲ့အချိန်ပါ။ န၀တက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲမယ်ဆိုတဲ့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတချို့ ပြန်ဝင်လာချိန်...။ တကယ်ပဲ န၀တက အကောင်းဘက်ကို ပြုပြင် ပြောင်းလဲရေး လုပ်လာမလားလို့ အားလုံးက စောင့်ကြည့်လာတဲ့အချိန်။ ဒီနေရာမှာ စိတ်လှုပ်ရှားစရာ အခြေနေလေးတွေ ရှိလာပါတယ်။ အဲဒီအချိန်မှာပဲပေါ့.. ကျမသူငယ်ချင်း ဇာတ်လိုက်ကျော် ဒေါ်ခင်မင်းဇော်က ၁၉၈၈ကတည်းက စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကနေ တောခိုသွားခဲ့တဲ့ သူရဲ့ ချစ်လှစွာသော ကိုမင်းဇော်နဲ့ လက်ထပ်ဖို့ စီစဉ်လိုက်တာ။ ၁၉၉၆ ဧပြီ.. ၂၇ရက်နေ့... ဗောဓိကုန်းကျောင်းတိုက်မှာတဲ့။ အဲဒီတုန်းက အလွန် တန်ခိုးထွား နေတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့များက ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ NLD အချင်းချင်း အဆက်အသွယ်မလုပ်ရဘူးလို့ နှစ်ဖက်စလုံးကို တားမြစ်ထားတဲ့အချိန်။ ဒေါ်ခင်မင်းဇော်ရဲ့ မင်္ဂလာပွဲက တကယ့်ကို အမှတ်တရ ဖြစ်စေခဲ့တာလေး ပြောပြချင်ပါသေးတယ်။
သိတဲ့အတိုင်း ဒေါ်ခင်မင်းဇော်တို့ကတော့ ထုံးစံအတိုင်း ခပ်တည်တည်ပဲ.. စစ်မိသားစု အသိုင်းအ၀ိုင်းနဲ့ အင်မတန်နီးတဲ့ အင်းလျားလမ်းတို့ တက္ကသိုလ်ရိပ်သာလမ်းတို့ ရွှေတောင်ကြားတို့ရဲ့ ဗဟိုချက်လို ဖြစ်နေတဲ့ ဗောဓိကုန်းကျောင်းတိုက်မှာကို မင်္ဂလာဆောင် လိုက်ဦးမှာတဲ့..။ အန်တီစုကိုလည်း ဖိတ်ထားလိုက်သေး။ ကိုမင်းဇော်က ကယန်းပြည်သစ်ပါတီ နောက်ခံနဲ့ ဆိုတော့ ငြိမ်းအဖွဲ့တွေလည်း လာကြမှာ။ ပြီးတော့ ၈၈ မျိုးဆက်တွေမို့ ကျောင်းသားများကလည်း လာကြဦးမှာ။ ခင်မင်းဇော်ရော သူ့ချစ်ချစ်ရောက ကျမတို့ စာပေလောကနောက်ခံ သူငယ်ချင်းတွေရဲ့ ဇာတ်လိုက်ကျော်တွေမို့ စာပေ၀န်းကျင်ကလည်း လာကြဦးမှာ..။ ပွဲကတော့ ကြည့်လို့ကောင်း။ အဲဒီအထဲမှာ ကျမကသာ ကန့်လန့် ကန့်လန့်နဲ့ ၀န်ထမ်းဖြစ်နေ..။ ၀န်ထမ်းဆိုတော့ အဲဒီ သွားရင် အဖမ်းများ ခံရမလားလဲ မသိ။ မသွားဘဲလည်း မနေနိုင်ပေါင်.. ကျမတို့မှာက ရှားရှားပါးပါး ဒီလူတွေပဲ အရင်းအချာရှိတာ။ ဒါနဲ့ ထုံးစံအတိုင်း ဘာဖြစ်ဖြစ်ဆိုပြီး အဖော်ကောင်းဖြစ်တဲ့ သားလက်ကိုဆွဲပြီး မင်္ဂလာပွဲ တက်ရတော့တာပေါ့။
ကိုယ့် တဖွဲ့တည်းသူငယ်ချင်းရဲ့ ပွဲဆိုတော့ ကျမတို့တွဲနေကျအဖွဲ့ (မမိုချာ့၊ ခက်မာ၊ ကိုသန်းဌေးမောင်၊ ကေသီ...) အစောကြီး လူစုပြီး အရောက်လာကြတာပေါ့။ ကျမ မျှော်လင့် ထားသလိုပဲ ဘုန်းကြီးကျောင်းမှာ လုပ်တဲ့ မင်္ဂလာဆောင်က ပကာသနနည်းနည်းနဲ့ ကိုယ့်လူတွေနဲ့ကိုယ် ပျော်စရာကောင်းနေခဲ့တယ်။ ဧည့်သည်တွေ တသုတ်ပြီးတသုတ် ရောက်လာလိုက်တာ.. ကိုယ့်လူတွေချည်း..။ ပုသိမ်က အနုပညာသမား နာမည်ကျော်တွေ :P (ကြွက်(သိမ်းတင်သား)၊ ကိုမြင့်မိုးအောင်၊ ကိုအောင်ပွင့်အပါအ၀င် ကဗျာဆရာတွေ)၊ နောက် ကိုရွှေ(ရွှေဂျော်ဂျော်)၊ ကိုစောဝေ(ခု ဖမ်းခံထားရတဲ့ ကဗျာဆရာ)၊ ဆူဒိုနင်၊ သူငယ်ချင်းတွေ ချည်းပဲဆိုတော့ တအုံးအုံးပေါ့။
နောက် အုပ်စုလိုက်တွေကတော့ ဒေါ်ခင်မင်းဇော်ရဲ့ နိုင်ငံရေးဘက်က အဖွဲ့တွေ.. NLD လူငယ်တွေထဲကလည်း ခု အဖမ်းခံထားရတဲ့ ကိုသိန်းဆွေတို့.. ဟိုမှာက ကိုတိုးလွင်...။ ကျမက နိုင်ငံရေးအသိုင်းအ၀ိုင်းကို သိပ်မသိတော့ ဟိုလူ့မေး ဒီလူ့မေးပေါ့။ ဟိုဟာက ကျောင်းသားခေါင်းဆောင်ဟောင်း ဦးဗဆွေလေးသားလေ. သားကြီးတဲ့။ ဟောဟို ကောင်မလေးက နီလာသိန်း(ခု အဖမ်းခံထားရတဲ့ နီလာသိန်းလေ)ပေါ့.. အဲဒီ ငယ်ငယ်လေး ကတည်းက နိုင်ငံရေးထဲ ခြေစုံပစ်ဝင်နေခဲ့သူတွေ..။ ဟိုမှာ ထိုင်နေတာက ဗိုလ်ကြီးဝင်းထိန် (တလောက ထောင်ကနေ ထုတ်ပြီးမှ ချက်ချင်း ပြန်အဖမ်းခံသွားခဲ့ရသူ)၊ ဟိုမှာ ဗိသုကာ ဦးကျော်မင်း (ခုတော့ ဆုံးသွားရှာပြီ)၊ ဟိုမှာက သခင်အုန်းမြင့်လေ။
ဟိုတဘက်ခြမ်းမှာ ထိုင်နေကြတာက ကယန်းပြည်သစ်ပါတီက အဖွဲ့တွေတဲ့..။ ကျောင်းသားတပ်မတော်က လည်း လာတယ်.. ဟိုမှာ.. အဲဒါ ကိုဝင်းနိုင်ဦး..တဲ့ (ခုတော့ BBC ရေဒီယိုက ကိုရင်မောင်ပေါ့)။ ကျမမှာ ပါးစပ်အဟောင်းသားနဲ့ လိုက်ကြည့်နေရတာပေါ့။ ဒီကြားထဲ ကျမတို့ သတို့သမီးကလည်း ကျမတို့ဆီ ပြေးပြေးလာပြီး ဟိုလူ.. ဒီလူ.. ဆိုပြီး မိတ်ဆက်ပေးသေးတာ..။ ကျမတို့ အကြာကြီး နေကြလို့ မောင်ထူးမြတ်ကြီး တောင် တရေးအိပ်ပျော်သွားသေး။
အဲဒီတုန်းမှာပဲ အန်တီစု ရောက်လာတာ။ အန်တီစုက အစည်းအဝေးတွေ ရှိတဲ့ကြားက လာရတာဆိုပေမဲ့ အဲဒီနေ့က ၂နာရီကျော်ကျော်ကြာအောင် နေသွားပါတယ်။ ပြီးတော့ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌအပါအ၀င် တော်တော်များများနဲ့တွေ့.. စကားတွေပြော..။ ကျမတို့ကတော့ အန်တီ့စကားဝိုင်းနား နီးနီးထိုင်ပြီး နားတစွင့်စွင့် ပေါ့။ အန်တီတို့ တလျှောက်လုံး ပြောနေတာတော့ မြန်မာနိုင်ငံကြီး ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့ ဆိုတာပါပဲ။ ကယန်းပြည်သစ် ခေါင်းဆောင်တွေနဲ့ အန်တီတို့ ပွင့်ပွင့်လင်းလင်း ပြောနေကြတာ.. စိတ်ဝင်စားစရာ ပါပဲ။
ပြီးတော့ အန်တီက သူ့အနားရှိသမျှ ဧည့်သည်တွေကိုလည်း နှုတ်ဆက်စကားပြောပါတယ်။ ကျမကို ကျောင်းဆရာမလို့ ခင်မင်းဇော်က မိတ်ဆက်ပေးတော့ အန်တီစုက ကျောင်းသားတွေရဲ့ အနေအထားနဲ့ ဆရာဆရာမတွေရဲ့ အနေအထားတွေကို မေးပါတယ်။ အဲဒီတုန်းကတော့ ပညာရေးစနစ်ကလည်း သိပ်မဆိုးသေးတော့ ကျမက ကျောင်းသားတွေကတော့ မတရားမှုတွေကို သိပါတယ်.. နိုင်ငံရေး စိတ်ဝင်စားမှု တွေလည်း ရှိပါတယ်.. လို့ပဲ ဖြေဖြစ်ပါတယ်။ နယ်ကျောင်းလေးတွေ ဆင်းရဲတာကိုလည်း ပြောပြဖြစ်ခဲ့ပါတယ်။ နောက် ဆရာဆရာမတွေရဲ့ အကျပ်အတည်းတွေကို အကြမ်းဖျဉ်း ပြောဖြစ်ပါတယ်။
(ဒီနေရာမှာ ကျမ တခု ထည့်ပြောပြချင်ပါတယ်။ အန်တီနဲ့ ကျမ စကားပြောတဲ့ အဲဒီ ၁၀မိနစ်လောက်ကလေးမှာ အန်တီက ဘာမဟုတ်တဲ့ ဆရာမလေးတယောက်ရဲ့ ပြောစကားကို သေသေချာချာ စိတ်ပါဝင်စား နားထောင်နေတာကို ကြည့်ပြီးတော့ ကျမဘာလို့မှန်းမသိဘဲ ကြက်သီးတွေ ထပြီး မျက်ရည်လည်နေမိခဲ့တာ ခုထိ သတိရနေမိပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အန်တီ့ကို arrogant ဖြစ်တယ်.. stubborn ဖြစ်တယ်.. ဆိုတာတွေ ဝေဖန်တာ ကြားရင် အဲဒီတုန်းက မြင်ကွင်းကို ကျမ ပြန်ပြန် ပြောပြဖြစ်ပါတယ်)။
ဒါကြောင့်ပဲ ကျမအတွက်တော့ ဒေါ်ခင်မင်းဇော်ရဲ့ မင်္ဂလာပွဲကလည်း ၉၆ရဲ့ အမှတ်တရထဲ ပါခဲ့တယ်လို့ ပြောရတာပါပဲ။
+++++
အဲဒီအချိန်တွေထဲမှာပဲပေါ့... သားနဲ့ ကျမနဘေးမှာ အချိန်အတော်များများ ရှိနေတတ်တဲ့ ကိုရာကျော်နဲ့ ကျမကို ကိုယ်တိုင်တွေတောင် ဘာမှန်း သေချာမသိခင်မှာ ပတ်ဝန်းကျင်က နိမိတ်ဖတ်နေခဲ့တာ။ အဲဒီ ကာလလေးမှာပဲ ကျမကိုယ်တိုင်လည်း စိတ်ထဲမှာလည်း လှုပ်လှုပ်ရှားရှားတွေ ရှိလာတာပါ..။ ဒါဟာ အပြစ်ဆိုရင်လည်း.... ကိုချောနွယ်ပြောသလို
အချစ်ရေ... တို့တွေလို့ ညည်းညူခဲ့ရတဲ့ အချိန်တွေဆိုပါတော့။
နာတာရှည်ရောဂါမှာ
သာယာလိုက်ကြပါစို့
ကမ္ဘာကြီးခဗျား...
သင်ကောင်းခဲ့သော်လည်း
ကျွန်ုပ်တို့ ဆိုးခဲ့ပါတယ်။
ရိုးသားခွင့် မရှိတော့ပါ....
အဲဒီတုန်းက "မပြတ်သေးဘူး.. ရေစီးကြောင်းလေးအား ဓားနဲ့ဖြတ် ပြတ်ပါ့မလား.. ဒီလို သံယောဇဉ်တွေ.." ... "တစုံတရာဟာ ကြယ်တွေကြွေအောင် ပြုလုပ်ပေးနေတယ်.. တိမ်တွေ ရောင်စုံစီစဉ် ရေးဆွဲခဲ့လေတယ်.. တန်ခိုးရှိတဲ့ တစုံတရာအလယ်မှာ တို့နှစ်ယောက် တွေ့ကြတယ်.. ကြင်နာသူရယ် ကျေးဇူးတင်တယ်.. တစုံတရာကိုလေ.. လှမ်းပြောလိုက်တော့မယ်.." ဘာ..ညာ နဲ့။ အဲလို သီချင်းတွေ ဆိုလို့ ကောင်းခဲ့။ ဦးလှိုင်(သုခမိန်လှိုင်)ကတော့ "ခွေးကောင်မလေး.. ကိုယ်လုပ်ချင်တာ လုပ်ပြီး ငါ့ကို ဆွဲဆွဲမထည့်နဲ့" တဲ့။ ပြောရရင်တော့ ကိုချောကိုပါ ဆွဲထည့် ရတော့မှာ။
ပလပ်စတစ်အကြည်သားပေါ်ကျမကတော့.. အဲဒီအချိန်မှာ.. သားလက်ကို ခပ်တင်းတင်း ဆုပ်ရင်း ခိုနိုင်မယ့် အေးရိပ်ကို မျှော်သလို... သူ့ကို မော်ကြည့်မိခဲ့တယ်.. ထင်ပါရဲ့။ တကယ်တမ်း အသက် ၃၀ အရွယ်.. ဒဏ်ရာဒဏ်ချက်တွေနဲ့ မာကျောကျော ပေတေတေ မိန်းမတယောက်အနေနဲ့ အဲဒီ လူငယ်လေးဆီမှာ ရှာတွေ့တာက မေတ္တာတရားတခုတည်းပါ။ တကယ်ပဲ ဆန်းတဲ့ ပုစ္ဆာတပုဒ် ပါပဲ။ ဘယ်သူ့မှာ အပြစ်ရှိခဲ့ပါသလဲ..။
တိမ်တွေရေးဆွဲချလိုက်ပီး
တိမ်အိမ်ကလေးဆောက်ကာ ၀င်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်မရတော့ဘူး။ (မောင်ချောနွယ်)
ပုစ္ဆာမဟုတ်ဘဲ
အဖြေဖော်လို့ ငါ မရခဲ့
မုဆိုးမောင်းတ၀က် မောင်းတင်ထားပြီး
သားကောင်ကို ငါရှာ
ငါတွေ့
ငါပစ်ချလိုက်တယ်
ငါ့တကိုယ်လုံး ဒဏ်ရာတွေချည်း နိုင်းချင်း
နာနာကျင်ကျင်အလှ ငါတွေ့
အကြီးအကျယ် ငါ စိုးရိမ်မိ
ငါ့သေနတ်မှာ ကျည်ဆန်မရှိမှာကိုပဲ။
(မောင်ချောနွယ်)
+++++
18 comments:
“ကျမတို့ သားအဖက ပုဂံရောက်ပြီဆိုရင် ဓမ္မာရံကြီး တစ်ခုတည်းမှာ တမနက်ကုန်နီးပါး..”
ဟဲ ဟဲ ဟဲ အမရေ ပုဂံခရေဇီ စာရင်းထဲ ကျွန်တော်လဲပါတယ်။
ကျွန်တော် အချစ်ဆုံးမြို့ပါပဲ အမရေ
ကျွန်တော်နှိပ်စက်တာနဲ့ မြသီလာလဲ ဆက်မရေးရဘူးဆိုတော့ ဟီး ဟီး တောင်းပန်ပါ၏
အန်တီမေငြိမ်းရေ.. သားတော့ ဖတ်ကောင်းကောင်းနဲ့ဖတ်ပစ်လိုက်တာ ခဏလေးရယ်... ဆက်ရေးတာတွေကို မျှော်နေပါ့မယ်.. အန်တီ့ခံယူချက်လေးတွေကို ဖတ်ပြီး တခါတခါသဘောကျရင်းပြုံးပြုံးမိတယ်.. ။
ဆက်လက်အားပေးနေပါတယ်..း)
အတူတူဘဲ လင်းတို့ လဲ ပုဂံကို မဖျက်ခင် နောက်ဆုံးဆိုပြီး သွားခဲ့ကြသေးတယ်။
ခုပုဂံကတော့ အရင်လို မလှပတော့တာ ၀မ်းနည်းဖို့ သိပ်ကောင်းတာ
ဆရာမပိုးကောင်နီနီထွေးထွေးလေးတွေ မိုးရွာပြီးစ အတော်နေကြာရင်ထွက်လာတတ်တဲ့ကောင်လေးတွေကို ကျနော်လည်းချစ်တယ်
အမရေ- ဖတ်ကောင်း----
ကဗျာတွေလဲ ကြိုက်----
၉၆ က..မင်္ဂလာဆောင်လေးတခုကိုလဲ.. မြင်ယောင်ကြည့်သွားတယ်။
ဆက်လက်အားပေးရင်းနဲ့မျှော်နေပါတယ်
အလွမ်းစာတွေ ဖတ်ပြီးခံစားသွားတယ် အမရေ...
ဆရာမရေ ပြောစရာတွေ အများကြီးဘဲ၊ဘယ်ကနေစပြောရရင်ကောင်း
မလဲ။ ကျမရဲ့ ဆောင်းပါးလေးကို လင့်လုပ်ပြီးစာဖိတ်ပရိတ်ကိုမျှဝေ
ပေးတဲ့အတွက် ကျေးဇူးပါ။ ဆရာမရေ ကော့ကွန်းဂူကဓါတ်ပုံတွေသေ
သေချာချာသိမ်းထားပါအဲဒါ သမိုင်းဝင်ပုံတွေ နော် ။
ဒေါ်ခင်မင်းဇော် ရဲ့ မင်္ဂလာဆောင်ကို ကျမလည်းရောက်တယ်၊ နီလာနဲ့ 
အတူရှိနေတယ်။ ဆရာမရဲ့ ဓါတ်ပုံအရဆိုရင် အန်တီစုတို့ လူကြီးတွေနဲ့ 
မျက်နှာချင်းဆိုင်ဘက်မှာ ကျမတို့ ထိုင်ကြတာလေ ၊
ဟုတ်တယ် ကျမကိုမိတ်ဆက်တော့လည်း အကျဉ်းကျဘူးတယ်ဆို
တာကို ထည့်ပြောဖြစ်တယ်ထင်တယ်။ အန်တီစုက လေးစားပါတယ်
ဆိုတာကို ဖွင့်မပြောပင်နဲ့  မျက်လုံးတွေနဲ့ ပြောတာ ကျမရခဲ့တယ်။
အဟဲ ကြုံတုန်းကြွားရအုံးမယ် အန်တီစု အသက် ၆၀ ပြည့်တဲ့နှစ်တုန်း
က အင်္ဂလန်က နံမည်ကြီး အမျိုးသမီးမင်္ဂဇင်း တခုမှာ အန်တီစုအ
ကြောင်းပါခဲ့တယ်။အဟဲ ကျမအကြောင်းဆောင်းပါးတိုလေးလည်း
အန်တီစုနောက်စာမျက်နှာမှာပါဘူးတယ်။
ဟဲကြွားတာမဟုတ်ပါ တိုက်ဆိုင်မှုတွေကိုပြောပြတာပါ။
အကျဉ်းချုံးရရင်တော့ အဲဒိကြောင်းအရာတွေအားလုံးဟာ
နောင်တချိန်မှာ သမိုင်းတွေဖြစ်လာမှာ။
စာဖတ်ရင်း မျက်ရည်ကျမိသည်။
ဘာကြောင့်မှန်းမသိ.....
တစ်ပုဒ်လုံး သေချာဖတ်သွားပါတယ် ဆရာမရေ…အရမ်းကောင်းပါတယ်ခင်ဗျာ
Zero Trash..
ခုထိ ပုဂံနဲ့ ပတ်သက်ရင် မျက်ရည်မခိုင်သေးပါ။ အနှိပ်စက်ခံရတာတော့ ရှိပါစေတော့.. ဒီလိုပဲ သယ်ရင်းတွေ.. မောင်တွေ.. အကိုတွေ.. ညီမတွေ နှိပ်စက်တာမျိုး ခံနေရကျ....
Craton..
သားပြုံးမိစရာ ဘာတွေများ ရေးမိပါလိမ့် :P
လင်းရေ..
ရှေးဟောင်းအမွေအနှစ်ကိုမှ ထိန်းရကောင်းမှန်း မသိတဲ့ အုပ်ချုပ်သူတွေနဲ့ ကြုံရတာကိုက မြန်မာပြည်ရဲ့ ကံကြမ္မာထင်ပါရဲ့။ ဒါတောင် မြောက်ဦးမြို့ဟောင်းအကြောင်း အမ မရေးဖြစ်သေးဘူးနော်။ တကယ် ကြေကွဲစရာပါပဲ.. အဲဒါလည်း။
ရွာသားလေးရေ..
ဟုတ်တယ်.. အဲဒီအကောင်လေးတွေကို နတ်သမီးကွမ်းသွေးလို့ခေါ်တာ.. တကယ်လှတယ် နော်။ အပယ်ရတနာနားမှာ ပိုတွေ့ရတယ်။
ကေရေ.. မင်္ဂလာဆောင်လေးက တကယ်ရင်ခုန်ဖို့ကောင်းတာ.. ကာယကံရှင်က မရေးလို့ ကြားလူက ၀င်ရေးနေရတာ.. ။ ကာယကံရှင်က ရင်အခုန်လွန်သွားပုံရတယ်.. ခိခိ။
Sandar...
မျှော်နေတဲ့သူတွေ ရှိတော့ ရေးရတာ သိပ်အားရှိပါတယ်။
ကိုရဲရေ.. ကိုယ်တိုင်လွမ်းခဲ့တာလေးတွေလည်း ရေးဦးလေ။
မေကျောင်းသူရေ...
သိမ်းထားတယ်.. ကော့ဂွန်း.. ရသေ့ပျံမှာ ရိုက်ခဲ့သမျှ ရှိတယ်။ Blog လေးမှာ စိုးလို့ သိပ်မတင်တော့တာပါ။ အဲဒီဂူလေးတွေအကြောင်းလည်း သိစေချင်လို့ link ပေးလိုက်တာပါ..။ အမလည်း မေကျောင်းသူ ဘလော့လေး ၀င်ဖတ်တာမို့ ဘာပဲဖြစ်ဖြစ်.. ဂုဏ်ယူပါတယ်...
Sindanlar...
ဘာကြောင့်လဲဆိုတော့ ရေးတဲ့သူကလည်း တကယ် မျက်ရည်နဲ့ ရေးခဲ့တာမို့ ဖြစ်မှာနော်.. :(
ညိုထက်ရေ..
ကျေးဇူး.. အမလည်း သေချာ ရေးထားပါ၏...
မြန်မာပြည်ကိုမလွမ်းပေမဲ့သူတို့ကိုအရမ်းမုန်းတယ်။
ကိုစန်းဦးကဗျာကကောင်းလိုက်တာ
မနော်လည်းအလှူအတန်းလုပ်သလောက်
မလှူတာတစ်ခုပဲရှိတယ်။
အဲဒါပုဂံဘုရားပြုပြင်ရေးပဲ
ကုသိုလ်မရရင်နေပါစေ
ပုဂံကိုဖျက်မှာတော့အားမပေးနိုင်ဘူးလေ..
ကျွန်တော့်ဘဝမှာကဗျာစာအုပ်၂အုပ်ဘဲဝယ်ဖူးခဲ့တယ်..
မောင်စိန်ဝင်း နဲ့စန်းဦး
အခုကိုလွမ်းဆွေBlogက မောင်ချောနွယ်ကဗျာတွေ
ခိုက်နေတယ်..
လောက်ဖျား
ဆရာမရေ
ခေတ်ကြီးကို အလျားလိုက်ဖြတ်ပြီး ပြသလိုပါပဲလား။
ပုဂံဖျက်တဲ့အကြောင်းကို ပုဂံလက်သစ်ဆိုပြီး ဆရာကြီး ဒေါက်တာသန်းထွန်းက အဲဒီတုန်းက တက္ကသိုလ်စာကြည့်တိုက်မှာ စာတမ်းဖတ်တာ နားထောင်ဖူးတယ်။
မကြည်ခင် မင်္ဂလာဆောင်က ပျော်စရာကြီး။ ထူးမြတ်လေး အိပ်နေတာလဲ ချစ်စရာ။ ကဗျာတွေကလဲ ကောင်းပါ့၊ ဇာတ်လမ်းလေးနဲ့လဲ လိုက်ပါ့ ဆရာမရေ။
ဟုတ်တယ်ဆရာမ ကျနော့နယ်က အိမ်ရှေ့မှာလဲ အများကြီးရှိတယ်။ ကျနော်တော့ သူတို့ထွက်လာရင်ပြောနေရောလေ...
hi the teacher with Rayban u mentioned here is Shwe Pyi Soe?If he is shwepyisoe, i want to tell one thing about him. His bad habit is that he stole books from friends, colleagues,and library.He always say he is a nephew of Than Shwe,like his uncle he is a thief.
Weik Zar.. လူတိုင်းလိုလိုပါပဲ... လူသားပီသ ရင်တော့ သူတို့ကို တကယ် မချစ်လောက်ဘူးထင်တာပဲ။
ဟုတ်ပ မနော်ရေ.. အမလည်း ထိုနည်းလည်းကောင်း။
ချိုသင်းရေ.. ကိုယ့်အလွမ်းတွေ ရေးရင်း ခေတ်ကို ပြနိုင်အောင်လည်း အားထုတ်ထားတာပါ :) ..။
Nicholas.. ပြောချင်ဘူး.. ပြောချင်ဘူး... :D
Post a Comment