Dec 3, 2008

မြသီလာအလွမ်းပြေ(၂၁)

ပြီးခဲ့တဲ့ အပိုင်း(၂၀)ကို သော့ရေးသလိုဖြစ်သွားတယ်လို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ တကယ်လည်း သော့ရေးခဲ့တာ..။ အဲဒီကာလတွေဟာ ကိုယ်ရေးကိုယ်တာအတွက်ရော.. ခေတ်အတွက်ရော.. မြသီလာ အတွက်ရော... မေ့လို့ကလည်း မရ.. မေ့လည်း မေ့ထားလိုက်ချင်တဲ့ ကာလတွေပဲကိုး။ ဒါပေမဲ့ အီမေလ်တွေ ပို့ကြတယ်.. comment တွေမှာလည်း ပြောကြတယ်.. ခေတ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ သေချာလေး ရေးပေးပါ.. တဲ့။ ဟုတ်ပါတယ်..။ ကျမ ရေးသင့်တယ်.. ရေးရမယ်..။ ဒါကြောင့် ကျမ တတ်နိုင်သလောက် ပြန် အသေးစိတ်ပါဦးမယ်..။

+++++

၉၃၊ ၉၄၊ ၉၅ ခုနှစ်တွေရဲ့ မြသီလာနေ့ရက်တွေကို ပြန်ကြည့်ရင် ကျမဘာကို သတိရမိလဲ ဆိုတော့ ရတနာပုံ မန်းနေပြည်မှာ သီပေါမင်းကို နန်းတင်ပြီးတဲ့နောက် မင်းညီမင်းသားတွေ.. ပုန်ကန်မယ်လို့ ထင်ရသူတွေကို အစုလိုက် အပြုံလိုက် သတ်တဲ့အခါ အသတ်ခံရသူတွေရဲ့ အော်ဟစ်တိုင်တည်သံတွေကို မကြားရအောင် မြို့ရဲ့ လေးပြင်လေးရပ်မှာ ပွဲလမ်းသဘင်တွေ ခြိမ့်ခြိမ့်သဲအောင် ကျင်းပနေစေခဲ့တယ်.. ဆိုတဲ့ အဖြစ်အပျက်ကိုပါပဲ။

တကယ်ပါပဲ.. အဲဒီနှစ်တွေထဲမှာ မြသီလာရဲ့ ရင်ခွင်အနှံ့ (လှိုင်.. ကြည့်မြင်တိုင်.. ဗိုလ်တထောင်. ပင်မ တက္ကသိုလ်ကြီး) ပျော်ပွဲရွှင်ပွဲ အားကစားပွဲတွေ ကျင်းပပေးတယ်...။ အနုပညာခန်းမ တွေထဲ တူရိယာသံ ဂီတသံ တွေ ပြန်ပြီး လွင့်ပျံ့လာတဲ့ ကာလ။ ကျောင်းတွင်း အာစရိယ ပူဇော်ပွဲတွေ.. အဆောင်တွေရဲ့ နှုတ်ဆက် မိတ်ဆုံ ညစာစားပွဲတွေမှာ အပြင်ရောက်သွားပြီ ဖြစ်တဲ့ ကျောင်းသားဟောင်းအဆိုတော်တွေ ကျောင်းမှာ ဘာသာရပ် အလိုက် ဖိတ်ပြီး သီချင်းတွေလာဆိုကြ... ကျောင်းသားတွေလည်း သီချင်းတွေ အပြိုင် ဆိုကြ နဲ့..။ မြသီလာဟာ တကယ်ပဲ အသက်ဝင်နေသယောင်..။ အဲဒီအချိန် စစ်အစိုးရက တွက်ပုံရပါတယ်။ ၈၈မျိုးဆက်တွေ ကုန်သလောက်ရှိပြီဖြစ်တဲ့ နှစ်တွေလို့။ တကယ့် မျိုးဆက်သစ်တွေကို သူတို့ မွေးယူမယ်လို့.. တွေးပုံရပါတယ်။

အဲဒီနှစ်တွေထဲမှာ ကျောင်းပညာရေးပိုင်းကို သိသိသာသာ ဖြစ်သလိုလုပ်လာတာတွေလည်း စခဲ့တာပေါ့။ ကျောင်းသားလူငယ်တွေကတော့ သူတို့အရွယ်ရဲ့ သဘာဝအတိုင်း စာ နည်းနည်း ပဲ သင်ရတာကို ကြိုက်တယ်.. စာမေးပွဲ လွယ်လွယ်အောင်တာကို ကြိုက်တယ်.. အပျော်အပါးနဲ့ နေရတာကို ကြိုက်တယ်... နောက် လူငယ်တွေရဲ့ စိတ်အဆာဖြစ်တတ်တဲ့ မူးယစ်ဆေးဝါးနဲ့ လိင်ကိစ္စတွေ ဖောဖောသီသီဖြစ်လာတာကို သဘောကျကြမယ်။ ဒါဟာ အဲဒီအရွယ်တွေမှာ ဖြစ်တတ်.. ရှိတတ်တဲ့ သဘာဝပဲ။ ဒါတွေကို စစ်အစိုးရက သေသေချာချာ အသုံးချတော့တာပါပဲ။ တဘက်မှာကလည်း မိဘတွေ ဆရာတွေရဲ့ စားဝတ်နေရေး အကျပ်အတည်း.. နောက် အလုပ်အကိုင်ရှားပါးမှုပြဿနာ... ။ ဒါတွေကို တမင်မဖြေရှင်းဘဲ ထားတာဟာလည်း အာဏာရှင်အုပ်ချုပ်ရေးအတွက် သော့ချက်ပဲလေ။ ဒါမှပဲ လူတွေက စားဝတ်နေရေးနောက် လိုက်ရင်း နိုင်ငံရေးဘက် စိတ်မရောက်နိုင်တော့မှာလို့ အာဏာရှင်တွေက တွက်တာကိုး။

အဲဒီအခါ စာသင်ချိန်ကာလတွေကို လျှော့ချ.. သင်ရိုးတွေကို လျှော့ချ... စာမေးပွဲတွေကို ဗုံးပေါလအော အအောင်ပေး၊ ဒီလိုနဲ့ ပညာရေးအဆင့်အတန်း စကျလာ..။ ဆရာဆရာမတွေ ထမင်းငတ်လာတော့ ကျူရှင်တွေ အပြိုင်အဆိုင်ပေးကြ..။ အဲဒီဂယက်ကြောင့် အဂတိ လိုက်စားတာတွေ များလာ..။ အချင်းချင်း ကျူရှင်လု ကြတယ်ဆိုတဲ့ ဆရာဆရာမ ကိုယ်ကျင့်သိက္ခာနဲ့ တန်ဖိုးကို ထိခိုက်စေတဲ့ ပြဿနာတွေ ပေါ်လာ..။ ကျောင်းသားတွေက ငွေမက်တဲ့ ဆရာဆရာမအများစုကို ကြည့်ပြီး ဆရာဆိုတာအပေါ် အထင်သေးစ ပြုလာတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ ကျောင်းသားတွေက ဘယ်ဆရာက ငွေမက်တယ်.. အဂတိလိုက်တယ်.. ဘယ်ဆရာကတော့ မှန်ကန်တယ်ဆိုတာတွေကို ခွဲသိ ခွဲမြင်နေပါသေးတယ်။ ဒါပေမဲ့ ဆရာ တပည့် ဆက်ဆံရေး တွေကတော့ သွေးကွဲ စိမ်းပျက်စ ပြုလာပြီလို့ ပြောနိုင်တဲ့ အချိန်တွေပါ။

အဲဒီကာလမှာပဲ ကျောင်းပြီးသွားတဲ့ လူငယ်တွေ အလုပ်မရကြ။ အပြင်လောကမှာ တော်ရုံ ဘာလုပ်လုပ် အဆင်မပြေ..။ မြန်မာပြည်ထဲမှာ သိသိသာသာ ရှိလာတဲ့ လူတန်းစား အလွှာ သုံးရပ်ကို စတွေ့လာရတဲ့ ကာလ။ စစ်ဘက်အကြီးပိုင်း မိသားစုတွေက တလွှာ(ချမ်းချမ်းသာသာ လူပါး၀၀..တွေ)၊ လူချမ်းသာမိသားစုတွေက တလွှာ (ပပလွှားလွှား ထောင်ထောင်ကြွားကြွား တွေ)၊ ၀န်ထမ်း မိသားစုတွေ အပါအ၀င် အခြေခံလူတန်းစား တွေက တလွှာ(စိတ်ဓာတ်ကျပြီး သုံးလုံးချဲတွေ.. အစိုးရထီတွေသာ စောင့်ပြီး လှိမ့်ထိုးနေတဲ့ လူကြီးပိုင်းတွေ.. မျှော်လင့်ချက်မဲ့နေတဲ့ လူလတ်ပိုင်းတွေ... အပျော်ရှာချင်ရင် လွယ်သလောက် အနာဂတ်ကျတော့ မရေရာ၊ ကိုယ်ပိုင်တန်ဖိုးရယ်လို့လည်း မရှိကြရရှာတဲ့ လူငယ်ပိုင်းတွေပါတဲ့ အလွှာပေါ့)။

အဲဒီကာလတွေထဲမှာပဲ ဘီယာဆိုင်ယဉ်ကျေးမှုတခု ခေါင်းပြူစ ပြုလာ..။ နောက်တော့ အပိုင်း(၂၀)မှာတုန်းက ပြောခဲ့သလို ဘိန်းဖြူအပါအ၀င် မူးယစ်ဆေးဝါးပေါင်းစုံက ချိုချဉ်ဝယ်ရသလို လွယ်လွယ်လေး ၀ယ်လို့ရတဲ့ အချိန်..။ အဲဒီအချိန်မှာ ပညာတတ်လူငယ်တချို့ကတောင် မူးယစ်ဆေးတွေက လက်တွေ့ဘ၀ကို မေ့ပစ်ဖို့ အကောင်းဆုံးထွက်ပေါက်ပဲလို့ ပြောလာတဲ့ အချိန်...။ အဲဒီကာလထဲမှာပါပဲ လူလတ်ပိုင်းတွေက သေရည် အရက် ရေစီးကြောင်းထဲ သိသိသာသာ ပျော်ဝင်လာ..။ တဘက်မှာတော့ မိန်းကလေးတွေရဲ့ လောကမှာ အလှအပတွေ ဖက်ရှင်တွေ ခေတ်စားလာပြီး မော်ဒယ်(Model) ဆိုတဲ့ လမ်းကြောင်းတစ်ခု ပေါ်လာ။ အဲဒီအပြင် မြို့ထဲလမ်းမတွေပေါ်မှာ ည ညဘက် မိတ်ကပ်ရောင်စုံခြယ်မိန်းမငယ်တွေ လမ်းသလားနေတာ ပို ပိုများလာ...။ အဲဒီကာလမှာပဲ တိုးတိုးတိတ်တိတ် နိုက်ကလပ်ဆိုတာတွေ ရှိနေပြီ...တဲ့။ စားသောက်ဆိုင်တွေမှာ ညဘက် စင်မြင့်ဖျော်ဖြေပွဲတွေက လူငယ်တွေအတွက် အလုပ်တခုလို ဖြစ်လာ..။

ဒါတွေအားလုံးဟာ အမှတ်တမဲ့ မတော်တဆဖြစ်လာတာတွေ မဟုတ်..။ စစ်အစိုးရက အကွက်ကျကျ ဖော်ဆောင်ခဲ့တာတွေသာ ဖြစ်ပါတယ်။ ဘာလို့ဆို အဲဒီကိစ္စတွေအားလုံးကို နောက်ကနေ ကြိုးကိုင် လုပ်ဆောင်ခဲ့တာက ခင်ညွန်ရဲ့ စစ်ထောက်လှမ်းရေးအုပ်စုတွေ ဖြစ်နေတာကြောင့်ပါပဲ။ ဆိုတော့ ၉၂၊ ၉၃၊ ၉၄ ကာလတွေဟာ လူငယ်တွေ လူလတ်တွေကို.. တနည်းအားဖြင့် မြန်မာနိုင်ငံရဲ့ခြေတွေ လက်တွေ ဦးနှောက်တွေကို.. တနည်းအားဖြင့် နိုင်ငံရဲ့ အနာဂတ်ကို.. စနစ်တကျ စပြီးဖျက်ဆီးခံခဲ့ရတဲ့ အချိန်တွေလို့ ပြောကို ပြောရမှာပါပဲ။
+++++
လူငယ်ဆိုတာကတော့ ပလေးဘွိုင်သန်းနိုင်ဆိုတဲ့ သီချင်းတပုဒ်ထဲကလိုပဲ "လူငယ်ဆိုတော့ကာ အမှားလည်း ရှိကြမှာပေါ့.. အချိန်တန်ရင်တော့ မနေပါဘူး ပြောင်းလဲဖို့ရှိမှာ" ဆိုသလိုပါပဲ၊ မှားတတ်တဲ့ အရွယ်မှာ မှားဖို့ အခွင့်အရေး များများပေးလိုက်ရင် မှားတဲ့လမ်းကို ပိုရွေးမိသွားကြတာ.. လူငယ်တွေရဲ့ အပြစ်ချည်း သက်သက် မဟုတ်ပါ။ အဲဒီကာလထဲ အဲဒီဂယက်တွေထဲမှာ ကျမတို့ ဆုံးရှုံးလိုက်ရတဲ့ လူငယ်လူရွယ်တွေ အများကြီး...........

ကျမရဲ့ အိမ်ထောင်ရေးဘ၀ဟာလည်း အဲဒီလို ဂယက်ထဲ မျောခဲ့တာပဲပေါ့။ အနုပညာထဲမှာ အရည်အချင်းရှိတဲ့ တော်တဲ့.. ရပ်တည်မယ်ဆို ရပ်တည်နိုင် အောင်မြင်နိုင်ပါလျက်နဲ့။ ခေတ်ရဲ့ အခြေအနေမပေးမှုတွေ.. ကမ္ဘာနဲ့ ယှဉ်ရင် နောက်ကျကျန်နေခဲ့တဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေ... ပတ်ဝန်းကျင်ရဲ့ ကျဉ်းမြောင်းနေသေးတဲ့ အမြင်အယူအဆတွေကလည်း ရိုက်ခတ်တဲ့အခါ....။ ကျမတို့ရဲ့ အိမ်ထောင်ရေးဘ၀ထဲမှာ 'လိုချင်တာမိဖုရား ညားတော့ ဘုရင်မ' ဆိုတာတွေ..၊ 'နံရံကို လက်သီးနဲ့ ထိုးမိမယ်..' ဆိုတာတွေ၊ တခါတလေတော့လည်း 'ခြင်္သေ့လည်ပြန်' ဆိုတာတွေ...၊ 'မကျေနပ်ဘူး.. လုံးဝမကျေနပ်ဘူး..' ဆိုတာတွေကိုလည်း ဟစ်အော်လို့ ကောင်းလာတတ်တဲ့ အချိန်တွေ။ ကျမကကလည်း "လွတ်လမ်း".. တွေ၊ "မှန်ကြည့်သူရဲ့ည".. တွေ ရေးဖြစ်။

အဲဒီရက်တွေထဲမှာ သူက စိတ်ကျမူးယစ်.. ကျမက ကဗျာတွေ ရေး။ ကဗျာတွေက မလှမပ....

ဟောဒီလမ်းမှာ
နှစ်ယောက်အတူပေါ့ လှမ်းခဲ့တာ။

ဘာလို့များ မှားယွင်းခဲ့သလဲမောင်...
ကြယ်ရောင်ဖြိုးဖျညတွေ
အုံ့ဆိုင်းမှိုင်းဝေနေ့တွေ
လက်တွဲဆင်နွှဲခဲ့ကြတာ
ရာသီများစွာ...
ဘယ်တုန်းကမှ လမ်းမမှားခဲ့ဖူးပါဘဲ။

ခုကျတော့
အသည်းကွဲအက်ဘ၀မှာ
ကြေကြေမွမွကျန်ရစ်
စွန့်ပစ်မရတဲ့ကြိုးတွေ ခိုင်ခိုင်တုပ်
ပုပ်ပွတဲ့ ဂုဏ်သိက္ခာနဲ့
ဖွင့်ချပြလို့လည်း မရ
နောက်ဆုံးကျ

ဟော့ဒီလမ်းမှာ
ပြာချသဂြိ င်္ုဟ်လို့
ကိုယ့်ကိုယ်ကိုယ် စတေးရတော့တယ်။

ဆိုတာမျိုးတွေ...။ စိတ်ထိခိုက်သမျှ အလုပ်တွေ ဖိလုပ်။ သားဆီပဲ စိတ်နှစ်..။ ကောင်းတာကတော့ အလုပ်တွေ အများကြီး အောင်အောင်မြင်မြင် ပြီးကုန်တာ။ နောက်တချက်ကတော့ လုပ်သက်ကလည်း ၈နှစ်ပြည့်.. မဟာဝိဇ္ဇာဘွဲ့လည်းရပြီမို့ promotion ရပြီး လက်ထောက်ကထိကအဖြစ် ရာထူးတက်သွားပါတယ်။ မကောင်းတာကတော့ အိမ်ထောင်ဖက်နဲ့ ပို ပို အလှမ်းကွာသွားတာပါ။ မာနတွေလည်း ပါတာပေါ့။ ငါလို မိန်းမကိုများပေါ့..။ ဟိုတဘက်ကလည်း ဒီလိုမိန်းမမျိုး.. ပေါ့။ ကျမတို့ နှစ်ယောက်လုံး တနည်းနည်းနဲ့တော့ မှားခဲ့ လွန်ခဲ့ကြတာပါပဲ။ ဒီအထဲ ခေတ်စနစ်ကလည်း လမ်းလွဲစရာတွေ ၀ိုင်းဝိုင်းလည်..။ ဒီလိုနဲ့ ကျမတို့အရွယ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ သားကောင်ဘ၀ ရောက်ခဲ့ရတော့တာပါ။ တကယ်တော့ နှစ်ယောက်ဘ၀ ဆိုတာကြီးတခုဟာ စာရွက်တရွက်ပေါ် လက်မှတ်ထိုးပြီး စခဲ့..။ ပြီး... စာရွက်တရွက်ပေါ် လက်မှတ်ထိုးပြီးတော့ပဲ ဆုံးခဲ့။ လွယ်လွယ်လေး
ရင်ဆိုင်နိုင်ခဲ့တာတော့ မဟုတ်ပါ။
+++++
ကျမဘ၀က မြသီလာနဲ့ ပတ်သက်ရင် ၉၅ထဲမှာတော့ သိသိသာသာ... လှုပ်လှုပ်ခတ်ခတ်။ အဲဒီနှစ်မှာလည်း ကျမက ရှေ့နှစ်တွေရဲ့ ထုံးစံအတိုင်း ဘူမိဗေဒအတန်းကိုပဲ အစဉ်အဆက် တာဝန်ယူ ရတာပေါ့။ အဲဒီ ၉၄-၉၅ ပညာသင်နှစ်ကတော့ ဘူမိဗေဒကို ဆက်တိုက်သင်ခဲ့ရတဲ့ ကာလတွေရဲ့ နောက်ဆုံးနှစ်ပေါ့။ အဲဒီတုန်းကတော့ နောက်ဆုံးနှစ်ဆိုတာ မသိပါဘူး။ အဲဒီ နှစ်က သားတွေ သမီးတွေကလည်း ဘူမိဗေဒရဲ့ အစဉ်အလာမပျက် ကျမကို ချစ်ကြတာ ပဲပေါ့။ အဲဒီအချိန်မှာ မောင်နေလင်းတို့ ချိုသင်းလေးတို့ Batchတွေက မိန်းထဲမှာ နောက်ဆုံးနှစ် စီနီယာကြီးတွေပေါ့။ ဘူမိဗေဒက စီနီယာ ဂျူနီယာ အစဉ်အဆက် လက်ဆင့်ကမ်းထိန်းကြတဲ့ အစဉ်အလာက ရှိလေတော့ အဆင့်ဆင့် လက်ဆင့်ကမ်းပြောကြလေတော့ ကျောင်းစတက်ကတည်းက ကျမကို အမေခေါ်တဲ့ ကလေးတွေ ရှိနေပြီ။ အဲဒီကလေးတွေထဲက တချို့အကြောင်း နောက်ပိုင်းမှာ ပြောစရာ ရှိပါသေးတယ်။

အဲဒီနှစ်မှာ ကျမက မဟာဝိဇ္ဇာလည်းပြီးပြီဆိုတော့ ဖိစီးမှုတခု လျော့သွားပြီ။ အဲဒီအချိန်မှာပဲ Today စာအုပ်တိုက်က အလုပ်အပ်လို့ ဇော်ဝင်းထွဋ်ရဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ရေးဖို့ လက်ခံထားတဲ့အချိန်။ ဇော်ဝင်းထွဋ်နဲ့ မေခိုင်အုံး ကလည်း ကိုယ့်သူငယ်ချင်း ၀န်းကျင်ထဲကပဲမို့ သူတို့နဲ့ ပြန်နီးစပ်ဖြစ်တဲ့ အချိန်တွေပေါ့။ သူတို့က ကိုယ့်ကို တကယ့် ညီမလေးလို အားပေးတန် အားပေး.. စောင့်ရှောက်တန် စောင့်ရှောက်နေခဲ့တဲ့ အချိန်။ "အသံသစ်ပြတိုက်" ရေးနေတဲ့ အချိန်တွေပေါ့။ ကျောင်းမှာ ကလေးတွေလုပ်တဲ့ ဆရာကန်တော့ပွဲ ပျော်ပွဲရွှင်ပွဲတွေမှာ စိတ်ပါလက်ပါ ကူညီ။ ဇော်ဝင်းထွဋ်တို့ မျိုးကျော့မြိုင်တို့ သီချင်းတွေ လာဆိုကြ။ အဲဒီတုန်းက သီရိဂျေမောင်မောင်တို့ စည်သူလွင်တို့ မျိုးမျိုးတို့က လှိုင်မှာ ကျောင်းတက်နေတုန်းကာလ။ ကျမနဲ့ တပည့်တွေရဲ့ စည်းလုံးညီညွတ်မှုက ပိုပိုပြီး သိပ်သည်းလာ။ ကျမက လက်ရှိဘ၀ကို မေ့ချင်ယောင်ဆောင်။ အင်မတန် ချစ်စရာကောင်းတဲ့ ငဲ့ညှာတတ်တဲ့ ယောက္ခမတွေကြောင့် သူတို့အရိပ်အောက်က စွယ်တော်ရိပ်သူ ဘ၀ထဲမှာပဲ ဆက်ပြီး လုံလုံခြုံခြုံ အိနြေ္ဒရရနဲ့ မြသီလာဝန်းကျင်ထဲ ဖြတ်သန်းနေနိုင်ခဲ့။

+++++

အဲဒီအချိန်တွေမှာပဲပေါ့... ၉၄-၉၅ ပညာသင်နှစ်ထဲမှာ ကျမနဲ့ စစ်အစိုးရရဲ့ အာဏာစက် ထိပ်တိုက်တွေ့တဲ့ ပြဿနာတခု ဖြစ်ခဲ့ရတာ။ အဲဒီနှစ်တွေဟာ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ဘတို့ အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်တို့ တန်ခိုးထွားနေချိန်။ ကျမရဲ့ ၉၄-၉၅ ပညာသင်နှစ်ရဲ့ ဘူမိဗေဒတန်းမှာ ကျော်ဘသား ပါလာပါတယ်။ သူက အတန်းလည်း မတက်.. Tutorial လည်း တချိန်မှ မဖြေခဲ့လို့မို့ စာမေးပွဲစစ်တဲ့အခါမှာတော့ ကျမက သူ့ကို ပယ်စာရင်းထဲတောင် ထည့်ထားတာပါ။ ဒါကြောင့် စာမေးပွဲဖြေအပြီး သူ့ Answer paper တက်လာတော့ Tutorial marks က zero percent... Attendance ကလည်း zero percent...။ ဆိုတော့ သူက စာမေးပွဲ ကျကို ကျရမှာပါ။ ပိုဆိုးတာက Answer paper မှာလည်း သူက ၁၂မှတ်ဖိုးပဲ ဖြေထားနိုင်ပါတယ်။ မြန်မာစာအတန်းပိုင်အနေနဲ့ ကျမ ဘူမိဗေဒတန်းရဲ့ မြန်မာစာဘာသာရပ် အတွက် အောင်စာရင်းကို လုပ်နေချိန်မှာပဲ အထက်က ဆိုပြီး အမိန့်လာပါတယ်။ အဲဒီ ကျော်ဘသားကို စာမေးပွဲအအောင်ပေးရမယ်... တဲ့။

ဌာနမှူးက ကျမကို ခေါ်တွေ့ပြီး အဲဒီကိစ္စကိုပြောပါတယ်။ ကျမက လုပ်မပေးနိုင်ပါဘူး.. အဲဒီကလေးက စာသင်နှစ်တနှစ်လုံး ကျမကို တကြိမ်မှလာတွေ့တာမျိုး ခွင့်တိုင်တာမျိုးလည်း မလုပ်ပါဘူး.. ဒါကြောင့် ဒီလိုကျောင်းသားမျိုးက ဘယ်သူ့သားပဲဖြစ်ဖြစ် ကျမ အအောင် မပေးနိုင်ပါဘူး.. လို့ ပြန်ပြောလိုက်ပါတယ်။ ဌာနမှူးကတော့ နည်းနည်းကြောက်နေပါတယ်။ ကျမကတော့ ဌာနမှူးကို "မမ ကျမက အတန်းပိုင်အနေနဲ့ အအောင်မပေးဘူးလို့သာ ပြောလိုက်ပါ.." လို့ပဲ နောက်ဆုံးစကားပြောလိုက်ပါတယ်။ ကျမတော်တော်လည်း ဒေါသထွက် ခံပြင်းနေမိပါတယ်။ အောင်စာရင်းမှာ သူ့ခုံနံပါတ်ကို သေချာ မင်နီဝိုင်း.. ကျမလက်မှတ်ထိုးပြီး တင်ပေးလိုက် ပါတယ်။ ပြီးတော့ ကျမ ဗိုလ်ကျော်(ဘူမိဗေဒဌာနမှူး ဆရာဦးကျော်ထင်)ဆီ ထွက်လာ လိုက်ပါတယ်။ ဆရာက ဌာနမှာပဲ ရှိနေလို့ ဆရာ့ကို ကျမ အဲဒီကိစ္စ ပြောပြလိုက်ပါတယ်။ ကျမ အအောင် မပေးနိုင်ဘူး ဆရာ.. လို့။

ဆရာက ရယ်ပြီးတော့ 'အမလေး...ဒေါ်ငြိမ်းရာ.. သေချာတာပေါ့.. မေဂျာဘာသာတွေမှာလည်း အဲလိုပဲလေ.. practical မရှိ.. အတန်းမတက်... ပြီးတော့ ကျနော့ကိုလည်း အအောင်ပေးရမယ်လို့ လာပြောတာ.. ဒါမျိုး ဆောရီးပဲ .. Geology ကို ဒီလို လွယ်လွယ်လုပ်လို့ ရမလား.. ကျော်ထင့်ကိုလည်း ဒီလိုလာလုပ်လို့ ဘယ်ရမလဲ' တဲ့။ ကျမ ကျေနပ်သွားပါတယ်။ နောက်ဆုံးတော့ အဲဒီ သကောင့်သား ပထမနှစ် ဘူမိဗေဒမှာ စာမေးပွဲ ကျလေသတည်း.. ပေါ့။ နောက်နှစ်မှာတော့ Physics Major ကို ပြောင်းသွားတယ်လို့ ကြားပါတယ်။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်တွေ ဖြစ်အပြီးမှာပဲ ကျမဆီကို Transfer form ရောက်လာပါတယ်။ တကယ်တော့ လှိုင်မှာလည်း နေလာတာက ၉နှစ်ကျော်ပြီမို့ နယ်ထွက်ဖို့လည်း အချိန်တန်နေပါပြီ။ ကျမအနေနဲ့လည်း ဒီဝန်းကျင်ထဲ ပျော်နေပေမဲ့ တနေရာရာကို စိတ်ပြေလက်ပျောက် မေ့လိုမေ့ငြား... ရှောင်သွားချင်စိတ်မျိုး ဖြစ်နေတာမို့ Transfer form ကို ဖြည့်လိုက်ပါတယ်။

ကျမကိုယ်တိုင် ဘယ်သွားချင်လဲ မသေချာပေမဲ့ ခပ်ဝေးဝေးတော့ သွားချင်တာ..။ အဲဒီအချိန်မှာပဲ ကိုညီထွဋ်က ဘားအံ မြ၀တီ Stage show က ပြန်လာကာစ...။ သူကပြောတယ်.. "ဘားအံဘက်သွားပါလား.. အရမ်းသာယာတယ်.. ပန်းချီရေးချင်စရာ အရမ်းကောင်းတယ်..။ ပြီးတော့ အဲဒီက ကရင်တိုင်းရင်းသားတွေရဲ့ မျက်လုံးတွေက တကယ် သဘာဝဆန်တယ်.. ရိုးသားတဲ့ သစ္စာကြီးတဲ့ အရိပ်တွေ သိပ်ပေါ်တာပဲ.. သံလွင်မြစ်လည်း ရှိတယ်... မိုက်တယ်ကွ... အဲဒီမှာဆို မေငြိမ်း ပန်းချီတွေတောင် ပြန်ဆွဲဖြစ်လာမှာ.." တဲ့။ မေခိုင်ကတော့ "ဘားအံက အညိုရောင်နယ်မြေမို့လား.." လို့ စိတ်ပူသေးတယ်။ ကိုညီထွဋ်ကတော့ "မြင်ရတာတော့ အေးအေးချမ်းချမ်းပါပဲ".. တဲ့။ တကယ်လည်း အဲဒီအချိန်တုန်းက ဘားအံကောလိပ်မှာ အမြောက်ဆံကျလို့ ကျောင်းအုပ်ဆရာကြီးဦးမန်းကြည်ရှိန် ထိမှန်ကွယ်လွန်ထားတာ ပူပူနွေးနွေးလေ။ ဒီတော့ ဘားအံကောလိပ်ဆို ဘယ်သူမှမသွားချင်ကြ။ အဲဒီကို Transfer ကျတယ်ဆိုရင် ဆရာမတွေဆို ငိုကြတာ။ ဒါပေမဲ့ ညစ်တွန်းတွန်း ချင်နေတဲ့ ကျမကတော့ ဘယ်သူမှ မသွားချင်တဲ့ အဲဒီဒေသလေးကို အညိုရောင်ဆိုတော့လည်း အညိုပေါ့လို့ ပေါ့ပေါ့ပါ့းပါးပဲ ဆုံးဖြတ်လိုက်ပြီး Transfer form မှာ တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိသောနေရာ.. ဆိုတာမှာ ဘားအံကောလိပ်လို့ ဖြည့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ်.. အဲဒီမှာ ဇွဲကပင်တောင်.. သံလွင်မြစ်.. သာမညတောင် ဆရာတော်ကြီးနဲ့ ချစ်စရာတိုင်းရင်းသားတွေ ရှိတယ်... လို့ပဲ တွေးထားလိုက်ပါတယ်။

ဒီက ပုံပါ
(ဘားအံတ၀ိုက်)


+++++
၁၉၉၅ မေလ၂ရက်နေ့မှာတော့ Transfer တွေ ထွက်လာပါတယ်။ ကျမ ဘားအံကောလိပ်ကို ပြောင်းရွှေ့ခွင့် ကျပါတယ်။ အဲဒီအချိန်မှာပဲ အချိန်မကျသေးပါဘဲနဲ့ ဆရာဦးကျော်ထင်ကို ရန်ကုန်နဲ့ အလှမ်းဝေးလှတဲ့ တောင်ကြီးတက္ကသိုလ်ကို ပို့လိုက်ပါတယ်။ နောက်တော့မှ ပြန်ကြားတယ်.. ကျမကို order ထုတ်တော့ အထက်ကဆိုသူတွေက အဲလောက် စွာတဲ့မိန်းမ သူပုန်နယ်ပို့ပစ်လိုက်.. လို့ ပြောတယ်ဆိုပဲ။ ကျမကတော့ သိပါဘူး.. ကိုယ် လျှောက်တဲ့နေရာ ကိုယ်သွားရတယ်လို့ သဘောတောင် ကျနေသေး။ ဆရာဦးကျော်ထင် ခမျာကတော့ ရင်ကျပ်ရောဂါ ရှိသူမို့ အေးတဲ့ဒေသကို သွားရတာ ဒုက္ခရောက်တာပေါ့။ ပြီးတော့ သူသွားရမယ့် အချိန်လည်း မကျသေးဘဲလေ။ ဆရာ့ကိုလည်း တကယ်တော့ အပြစ်ပေး တာပါပဲ..။ အဲဒီတုန်းက လှိုင်မှာ ဟိုးလေးတကျော်ပေါ့.. ကျော်ဘသားကို စာမေးပွဲ အအောင် မပေးလို့ ဆရာဦးကျော်ထင်နဲ့ မေငြိမ်း နယ်စွန်နယ်ဖျား လွင့်သွားတယ်ပေါ့။ ကျမကတော့ အဲဒီလွင့်ရတာထဲမှာ ကျေနပ်လို့။ ကဗျာတပုဒ် တောင် ရေးဖြစ်လိုက်ပါသေးတယ်။


နာရီတွေ လွင့်မျော...
လေညင်းတွေ လွင့်မျော..

သက်တံတွေ လွင့်မျော...
အပြုံးတွေ လွင့်မျော...

ပြက္ခဒိန်တွေ လွင့်မျော...
ခြေရာတွေ လွင့်မျော...

လွင့်မျောနေတာကလွဲလို့

ဘာကမှ ခံစားမရ..။

ဘ၀ဆိုတာ လွင့်မျောရာ.........
လွင့်မျောခြင်းနောက်
ကောက်ကောက်ပါအောင် လိုက်
မောင့်ကို မေ့ချင်လို့ပါကွယ်...
ဟောသမှာ တောင်ပံတစ်စုံ...
လေဟုန်နဲ့မျောလွင့်
လွှင့်လိုက်စမ်း..
ရွက်တွေကို ဖွင့်..
တံခါးတွေကို ဖွင့်...

လဟာပြင်ကို ဖွင့်...

လွင့်မျောခြင်းရဲ့အဆုံးကိုရှာ..

ဒီမှာ..

အာကာသရေ...

လေမဲ့ပေါ့ပါးခြင်းထဲ
ပျံဝဲလို့
အပြင်းထန်ဆုံး ပေါက်ကွဲစမ်းပါရစေ..။

ဒီလိုနဲ့ ဘ၀ရဲ့ ထွက်ပေါက် ခိုလှုံရာကို ရှာတော့လည်း မြသီလာကိုပဲ ကျမက အသုံးချခဲ့တာ..။ ဒီလိုနဲ့ ၁၉၉၅ မေမှာတော့ ကျမက ဘားအံတက္ကသိုလ်ဆိုတဲ့ နောက်ထပ်မြသီလာရဲ့ အရိပ်တခုဆီကို ရောက်သွားရပြန်ပါ တော့တယ်။

(ဆည်းဆာချိန် ဘားအံနဲ့ ဇွဲကပင်တောင်တန်း)
ဒီကပုံပါ

+++++

23 comments:

P.Ti said...

ဆရာမရေးတဲ့ မြသီလာအလွမ်းပြေကို ဖတ်ရတာ ကျောင်းတော်ကိုပြန်လွမ်းလာသလို ကျွန်တော်တို့ပညာရေးကိုဖျက်ဆီခံရာတာတွေ သိရတော့လည်း ခံပြင်းစရာကောင်းတယ်။ ၁၉၉၅ ပတ်ဝန်ကျင်ကကျောင်းတက်ခဲ့တော့ ဆရာမပြောသလို မူးယစ်ဆေးဝါးလွယ်တာကအစ၊ မထင်ရလောက်တဲ့မိန်းကလေးတွေ ပိုက်ဆံနောက်လိုက် ပျက်စီးနေတာ အဆုံး ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးပါတယ်။

ဖတ်လို့ကတော့ တကယ်ကောင်းတယ်... ဆက်ရေးပေးပါ...

sin dan lar said...

ဆရာမဘားအံမှာ ရှိနေတုံးက ဘားအံကို အလည်ရောက်သေးတယ်၊ဆရာမရှိနေတယ်ဆိုတာ
အစ်မအကြီးဆုံးကေ ပြာပြတယ်။
ကိုရာကျော် နံမည်ပါတဲ့ စာအုပ်ဖတ်ဖြစ်တာလည်း အဲဒီတုံးကပဲ....

MyaungMya LaukPyar said...

ကဗျာတွေကတော့၇ှယ်ပဲ.....

Min Min said...

ဖတ်လို့ကောင်း ဖတ်လို့ကောင်း ကောင်းကောင်းကောင်း အားပေးတယ် တီ.. တီပြောမှပဲ သားတို့လည်း သိမှာ .. မဟုတ် .. ၈၅ နောက်ပိုင်းမွေးတဲ့သူတွေဟာ ဘာဆို ဘာမှ မသိ..

Swan said...

Thank you for the latest post. I'm looking forward to the new ones. As I;m going home in a month's time, I don't know whether I'll be able to read right to the end of Myatilar. You know how hard it is surf the Internet back home. But thank you for your hard work in bringing back all those sweet memories of Rangoon U. You never mentioned Daw Khin May Nwe, who happened to teach us Burmese grammar in our Inter years. Was she already retired when you went to college?

Nyo Htet Nyo said...

ဆရာမရေ၊ တကယ့်ကိုပဲ ဖတ်လို့ကောင်းပါတယ်ခင်ဗျာ။ ၂၀၀၈ ကနေ ဆယ့်လေးငါးနှစ် စာဖတ်သူကို ဆွဲခေါ်သွားတဲ့ အတိုင်းပါပဲ။ ကျေးဇူးပါ

လော်စပီကာ said...

မူးယစ်ဆေးဝါးလွယ်တာကတော့ အစောကြီးထဲကပါ။ ဆရာမတောင် စာထဲမှာထည့်ရေးခဲ့ဘူးသေးတာဘဲ။ အပေါင်းအသင်းတွေက ဘာတွေကောင်းမှန်းမသိ ကောင်းနေကြပြီး လဘက်ရည်ဆိုင်ထိုင်ကြတယ်ဆိုတာလေ။( u did mention in one of your post).
အစိုးရ မကောင်းတာမှန်ပေမဲ့ ၀ထ္ထုဆရာမပီပီ ဇတ်လမ်းတွေဆင်ပြီး ယောက်ျားနဲ့ ကွဲတာတောင် အစိုးရမကောင်းကြောင်းလုပ်ချင်တာ။ ဘားအံမှာတာဝန်ကျရင်း ကိုယ့်ကျောင်းသားလေး ကိုယ်ပြန်ကြိုက်မိတာရော အစိုးရမကောင်းလို့ ဘဲလား။

မေငြိမ်း said...

ပီတိရေ..
တကယ်တော့ ၁၉၆၂နောက်ပိုင်းက စပြီး အဖျက်ဆီး ခံခဲ့ရတာပါ.. ၈၈နောက်ပိုင်းကျတော့ ပိုပီး သိသိသာသာ စနစ်တကျ ဖျက်ဆီးလာတာ။ စောင့်ဖတ်နေတာ ကျေးဇူးပါ..။
Sin dan lar,
ဟုတ်တယ်.. မြေနဲ့အတူ.. လေ.. အဲဒါ။
မြောင်းမြသား လောက်ဖျား.. ကျေးဇူး။
မင်းမင်း...
အဲလို သိစေချင်တာပါပဲ။
Swan..
ကျမနဲ့အတူ မြသီလာကို လွမ်းသွားတာ ကျေးဇူးပါ..။
ဒေါ်ခင်မေနွဲ့လည်း ကျမ ဆရာမ တော်ဖူးပါတယ်။ ဒါပေမဲ့ မရင်းနှီးလို့ ထည့်မရေးဖြစ်တာပါ..။
ညိုထက်ညိုရေ..
တတ်နိုင်သလောက်ကြိုးစားသွားပါ့မယ်။
လော်စပီကာ...ရေ..။
သိပ်ဟုတ်တာပေါ့..
၆၂နောက်ပိုင်းကတည်းက တက္ကသိုလ်ပညာရေးကို မနာလိုစိတ်ကြီးတဲ့ တက္ကသိုလ်ကျောင်းသားမဖြစ်လိုက်ရတဲ့ နေ၀င်းက စနစ်တကျဖျက်ခဲ့တာဆိုတော့ ၁၉၇၀ကျော်ကတည်းက ဗမာပြည်မှာ ဒင်းစိုက်တဲ့ ဘိန်းတွေနဲ့ လူငယ်တွေကို ဖျက်လာတာလေ..။ ဘယ့်နှယ်..ရှင်ကလည်း အနာပေါ် တုတ်ကျ။ ဒါဆိုလည်း ပြောပါဦး ရှင်တို့ အစိုးရ ကောင်းတာလေး..။ အော်.. ရှင်ကလည်း စိတ်စောလိုက်တာ လာမှာပေါ့ ခဏလေးစောင့် ဘားအံက ဇာတ်လမ်းလေး..။ ကျမက ကိုယ့်တာဝန် ကိုယ်ယူပြီးရေးနေတာ..။ ရှင်လည်း တာဝန်ယူနိုင်ရင် နာမည်ရင်းလေးနဲ့ နောက်ခံသမိုင်းလေး နဲ့ တက္ကသိုလ်အကြောင်း စစ်အစိုးရအကြောင်း ဆွေးနွေးကြရအောင်လား..။ နောင်လာနောင်သားတွေ သိရအောင်လို့။ အော်.. ကျောင်းသားလေးနဲ့ ကြိုက်တဲ့အကြောင်းလည်း ရေးနေပီသိလား..။ (တကယ်တော့ လုံးချင်းတောင် ရေးပီးသားပါ.. ရှင့်ကြည့်ရတာ ဖတ်ပီးပီနဲ့ တူပါရဲ့) စိတ်မစောနဲ့နော်.. မျှော်.. :)

cohtet said...

အစိုးရမကောင်းတာမှန်ရင် ..
အခြားဘာများ ဆက်ပြောစရာရှိပါသေးလဲ။

ဒါမျိုးတွေ ဘလော့ဂ်တွေမှာ၊ ဖိုရမ်တွေမှာ တွေ့ဘူးပေါင်းများပါပြီ။
နောက်ဆုံးပေါ် မှိုင်းတိုက်နည်း တစ်မျိုးပါပဲ။

အစိုး၇မကောင်းဘူး ဆိုတာမငြင်းပါဘူး။ ဒီလိုဘဲ အတိုက်အခံတွေ လဲမကောင်းဘူး၊
ပြည်သူတွေလဲ မကောင်းဘူး .. ဆိုတာမျိုးတွေ။
ပြည်သူတွေ အသုံးမကျလို့ ခုထိ စစ်အစိုးရက ပန်းပန်နေတာ ဆိုတာမျိုးတွေ။

အခြားမှာသွားပြောပါလားဗျာ ..

PAUK said...

ဆရာမရေ..
နာရီတွေလွှင့်မျော..
လေညှင်းတွေလွှင့်မျော..
............
ဒီကဗျာလေးကိုကြိုက်လိုက်တာ..

kk said...

ဆရာမ..
ကျွန်တော်ကအခန်းဆက်တွေဖတ်ရင်
ဆက်တိုက်ဖတ်ရမှာဆိုတော့
ဒီနေ့တထိုင်တည်း ၁-၂၁ ထိဖတ်ပြီးသွားပါပြီ..
ကိုယ်တိုင်မကြုံခဲ့ရပေမယ့်..ဆရာမရဲ့အရေးအသား
ထဲမှာမျောပါသွားပါတယ်...
ဖတ်လို့ကတော့ တကယ်ကောင်းတယ်... ဆက်ရေးပေးပါ...

May Kyaungthu said...

test

May Kyaungthu said...

မြသီလာ၂၁ မှာဆရာမရဲ့ခုံတန်းပြာလေးမှာမေးတင်ပြီးထိုင်နေတဲ့ပန်းချီကိုတွေ့ တော့မိန်းထဲကဓါတ်ပုံ ဆရာကိုညိုကိုသွားသတိယမိတယ်။ကျမနမှာလည်းအဲ
ဒီစတိုင်နဲ့ ပုံတွေရှိတယ်။ ဓါတ်ပုံဆရာညိုဝင်းအောင်ရဲ့လက်ရာတွေပေါ့။

ko said...

ဘာလဲဗျာ၊ ၀ထ္ထုရေးတာ အနုပညာသက်သက်ရေးပေါ့၊ မဆီမဆိုင် အစိုးရ မကောင်းကြောင်း လာထည့်ရေးနေတယ်။ ဘလော့ရေးသူရဲ့ သေးသိမ်တဲ့ စိတ်ကို တွေ့နေရတယ်။
ဗမာပြည်ကို ဘိန်းမျိုးစေ့တွေ ယူလာတာ အင်္ဂလိပ်တွေပါ၊ အကြီး အကျယ် စစိုက်လာတာ အမေရိကန်တွေ ထောက်ပံ အားပေးမှုနဲ့ မြန်မာပြည်ထဲ ၀င်ရောက် ဘိန်းစိုက်တာ ယနေ့ထိုင်ဝမ်မှာ အခြေစိုက်နေတဲ့ တရုတ်ဖြူတွေပါ။ ဘိန်းစိုက်ပျိုးမှု့ကို အသက်သွေးပေါင်း များစွာရင်းပြီး ရှင်းလင်းခဲ့၊ ရှင်းလင်းနေတာဟာ တပ်မတော်ပါ၊ရှမ်းပြည်မှာ မူးယစ်ဆေးဝါး နှိမ်နင်းရင်း ကျဆုံးသွားတဲ့ရဲဘော်တွေ အလောင်းကို စီကြည့်လိုက်ရင် မြန်မာပြည်တောင်ပိုင်း ကော့သောင်းကနေ မြန်မာပြည် မြောက်ဖျားပိုင်းက ပူတာအိုထိ ရှည်ပါလိမ့်မယ်။ ဒါကို အစိုးရကပဲ ဘိန်းစိုက်တာကို အားပေးနေသလို၊ ကိုယ်ပိုင် ရောင်းဝယ် ဖောက်ကား သလို ရေးရဲတာဟာ ဒီဘလော့ရေးသူမှာ လိုရာ ထင်ရာ ဆွဲပြောတဲ့ နိမ့်ကျတဲ့ စိတ်ပဲ ရှိတယ် ဆိုတာ တွေ့ရသည်။ ကို့ တပည့်တစ်ယောက်ကို စားမေးပွဲချလိုက်လို့ ၀မ်းသာ ဂုဏ်ယူ မဆုံးဖြစ်နေတဲ့ ဆရာမ ရှိသေးပါလား ဆိုပြီး အံသြလို့ မဆုံးဘူး။ ဒီ နေရာမှာ ကျောင်းတက် မမှန်တဲ့ ကျောင်းသားတစ်ယောက်ကို စာမေးပွဲ အအောင် မပေးတာ အပြစ်မပြောပါ။ ဒါပေမဲ့ အဲဒီလို လူကြီးသား ကျောင်းသား တစ်ယောက်ကို ငါ စာမေးပွဲ ချပစ်လိုက်တယ် လို့ ဂုဏ်ယူ ၀င့်ကြွားစွာ ရေးနေတာဟာ အင်မတန်မှ ရွံရှာဖွယ်ပါပဲ။ ကိုယ့် ရန်သူသားပဲ ဖြစ်ပစေ တပည့်ဟာ တပည့်ပါပဲ။ အဲဒီ တပည့်က ကိုယ့်အပေါ် မရို မသေ လုပ်ရင်တောင် တပည့်အပေါ်မှာ စေတနာထားရမှာပါ။ နောက်ဆုံးပြောချင်တာကတော့ အဲဒီလို ဆရာစိတ် မရှိတဲ့ ဆရာမမျိုး မြန်မာပြည်မှာ မရှိတာ ကျောင်းသားတွေအတွက် ကံကောင်းတာပါ။

Ma Moe said...

Loudspeaker and Ko validate how terrific you are. It looks like they read your blog regularly and are waiting for your new posts. Even they said nonsense to make their superior mafia dogs happy, they are confirming that what you are writing about MyaThiLa is true . How wonderful it is, Sis! Good job!!

MyaungMya LaukPyar said...

Holiday Season လေး မှာ ကျုပ်လဲနားအေးပါးအေးနေမလားလို့…
သခင်အား၇၀င်ဟောင်တဲ့ခွေး၂ကောင်ကြောင့်ဝင်ဟန့်၇ပြန်ပြီ..ကဲတိတ်တိတ်နေ..နားထောင်

၁)ခေါင်မလုံလို့မိုးယိုတာ..

၂)ဒီ Drugs Problems က မ ဆ လ နဲ့ စစ်ခွေးတွေ သာ၇ှင်းချင်၇င်အလွယ်လေး..ဒီကောင်တွေပါမပါသိချင်၇င် နာမည်ကြီးDrug cases တွေ.လော်စစ်ဟန်..နောက်ဆုံးမောင်ဝိတ်ကိုကြည့်

၃)သိပ်ေ၇းချင်..ဝင်ပါချင်၇င်လည်း မင်းတို့လောက်တွေလုံးထွေးနေတဲ့ ချီးပုံးတခုခုမှာသွားပျော်ပါလား..
ငါတို့အိပ်ေ၇းပျက်တယ်

၎)ကျောင်းသားသောက်သုံးမကျလို့စာမေးပွဲချတာပြဿနာလားကွာ..

Geology Major မှာထုံးစံမ၇ှိဘူး
မင်းတို့ပထွေးသခင်တွေထဲမှာ Geology နဲ့ကျောင်းပြီးတဲ့သူတွေပါ၇င်လက်အုပ်ချီပြီး
၇ို၇ိုသေသေမေးကြည့်
တော်ကြာဆောင့်ကန်ခံနေ၇အုံးမယ်.
ကုန်ကုန်ပြောမယ်..ခွေးလေခွေလွင့်ဆိုတာအနံ့မကောင်းတော့ ဝေးဝေးသွားနေကြ..
ဒီမှာအအိပ်အနေအစားပျက်တယ်

ko said...

မမိုးတို့၊ မြောင်းမြလောက်ဖျားတို့ မဆိုင်တာ မပြောကြေး၊ ကျုပ်ပြောတဲ့ အချက်တွေ၊ ဆရာမ တစ်ယောက်စီမှာ ရှိသင့်တဲ့ စိတ်နေစိတ်ထားတွေ ကို ရေးပြတာ မှားရင် ပြော။ ဒီဘလော့ကို ခဏခဏ ရောက်ဖြစ်တယ်. ပျင်းလို့ လာဖတ်တာ၊ မယုံ သင်္ကာစိတ်နဲ့ လာဖတ်တာ၊ စိတ်ဝင်စားလို့ မဟုတ်ဘူး၊ အိုကေလား။

မေငြိမ်း said...

KO.. ရေ..
ပြန်ရေးစရာကို မဟုတ်လို့ မရေးဘဲနေတာပဲ။ ဒါပေမဲ့ ဆရာမဆိုတော့လည်း လွဲနေတာတွေ့ရင်မနေနိုင်ဘူး ပြောပြချင်တယ်။ ကဲ.. တခုပဲ ပြောတော့မယ်..။ စာကိုသေချာဖတ်.. သေချာစဉ်းစားနော်.. အဲလောက်မညံ့နဲ့လေ..။ အဲဒီသူငယ် စာမေးပွဲကျတာလား စာမေးပွဲ အချခံရ တာလား ဆိုတာ.. သေချာကြည့်ပါကွယ်။ ဘယ်လောက်တော်လဲဆိုတော့ on paper မှာ ၁၀၀ဖိုးမေးတာ ၁၂မှတ်ပဲ ရတာသာ ကြည့်ပါကွယ်။ စိတ်လျှော့...။ တက္ကသိုလ်မှာ စာမတတ်ဘဲ ဘွဲ့ရအောင်လုပ်နေတဲ့ စစ်တပ်ရဲ့စနက်ကို ၀င်မကာချင်စမ်းပါနဲ့လေ။ (ဟီဟိ မဖတ်ဘဲနဲ့လည်း နေနိုင်တာမဟုတ်..)။ ဘာပဲဖြစ်ဖြစ်.. ကျေးဇူးတင်ပါ၏..။

MyaungMya LaukPyar said...

Koဆိုတဲ့အမည်၇ှင်..တော်ကြာချစ်လို့ကိုလို့ခေါ်တယ်ထင်နေအုံးမယ် :(

မဆိုင်တာမပြောနဲ့ဆိုလို့
သေသွားတဲ့သူတွေကိုတော့အားနာပါ၇ဲ့
ီDrug Dealers တွေနဲ့ဖင်ပေးပေါင်းနေတဲ့
ခေါင်းဆောင်ယုတ်တွေကြောင့်သက်သက်သေကြ၇တာ
မပြောခင်သေသေချာချာလေ့လာ..

မေငြိမ်းေ၇းတဲ့အထဲမှာ
ငါဖတ်မိသလောက်ဝမ်းသာတာတခုမှမပါ..

နောက်ပြီးမယုံ၇င်မဖတ်နဲ့ပေါ့ကွာ..
အချိန်ကုန်တယ်..အေး ဒါပေမဲ့အ၇ိုးအ၇င်းလေးများစား၇မလားဆိုပြီးလျှောက်လိုက်ေ၇းနေ၇င်တော့
သနားတယ်

ko said...

"""""ကို့ တပည့်တစ်ယောက်ကို စားမေးပွဲချလိုက်လို့ ၀မ်းသာ ဂုဏ်ယူ မဆုံးဖြစ်နေတဲ့ ဆရာမ ရှိသေးပါလား ဆိုပြီး အံသြလို့ မဆုံးဘူး။ ဒီ နေရာမှာ ကျောင်းတက် မမှန်တဲ့ ကျောင်းသားတစ်ယောက်ကို စာမေးပွဲ အအောင် မပေးတာ အပြစ်မပြောပါ။ ဒါပေမဲ့ အဲဒီလို လူကြီးသား ကျောင်းသား တစ်ယောက်ကို ငါ စာမေးပွဲ ချပစ်လိုက်တယ် လို့ ဂုဏ်ယူ ၀င့်ကြွားစွာ ရေးနေတာဟာ အင်မတန်မှ ရွံရှာဖွယ်ပါပဲ။ ကိုယ့် ရန်သူသားပဲ ဖြစ်ပစေ တပည့်ဟာ တပည့်ပါပဲ။ အဲဒီ တပည့်က ကိုယ့်အပေါ် မရို မသေ လုပ်ရင်တောင် တပည့်အပေါ်မှာ စေတနာထားရမှာပါ။ နောက်ဆုံးပြောချင်တာကတော့ အဲဒီလို ဆရာစိတ် မရှိတဲ့ ဆရာမမျိုး မြန်မာပြည်မှာ မရှိတာ ကျောင်းသားတွေအတွက် ကံကောင်းတာပါ။"""""
အရည် အချင်း မပြည့်ဝတဲ့ ကျောင်းသား တစ်ယောက်ကို စာမေးပွဲ အအောင်မပေးတာ အပြစ်မပြောပါလို့ ပြောထားပြီးသားပါ။
ခင်ဗျားပြောခဲ့တဲ့ စကားတွေပါ "
,....ကျမရဲ့ ၉၄-၉၅ ပညာသင်နှစ်ရဲ့ ဘူမိဗေဒတန်းမှာ ကျော်ဘသား ပါလာပါတယ်။ သူက အတန်းလည်း မတက်.. Tutorial လည်း တချိန်မှ မဖြေခဲ့လို့မို့ စာမေးပွဲစစ်တဲ့အခါမှာတော့ ကျမက သူ့ကို ပယ်စာရင်းထဲတောင် ထည့်ထားတာပါ။
နောက်ဆုံးတော့ အဲဒီ သကောင့်သား ပထမနှစ် ဘူမိဗေဒမှာ စာမေးပွဲ ကျလေသတည်း.. ပေါ့။".......ဒါပေမဲ့ အဲဒီ ကျောင်းသား ကို ငါ အအောင်မပေးလိုက်ဘူးလို့ ဂုဏ်ယူဝင့်ကြွားစွာ အွန်လိုင်းပေါ်မှာ ရေးပြနေစရာ မလိုပါ၊ ဆရာသိက္ခာ ကို ထိန်းသင့်ပါတယ်ခင်ဗျာ၊ ပြီးတော့ အဲဒီ ကျောင်းသားရဲ့ သိက္ခာကိုလဲ ထိပါးရာ ရောက်ပါတယ်။ ကျွန်တော် ဗိုလ်ချုပ် ကျော်ဘကိုလဲ မသိ၊ သူ့သားကို လဲ တစ်ခါမှ မမြင်ဘူးပါ။ ဒါပေမဲ့ ဆရာဟောင်းတစ်ယောက်က စည်းမရှိပဲ ကိုယ့်ကျောင်းသား တစ်ယောက်ရဲ့ အားနည်းချက်ကို အွန်လိုင်းပေါ်တက် ရေးပြနေစရာမဟုတ်ပါ။ ခင်ဗျားလဲ ကျောင်းသား/သူ ဘ၀ ကလာတာပဲ။ ခင်ဗျား လဲ အလုံးစုံ ပြည့်စုံ ခဲ့ပါသလား၊ ခင်ဗျား ကျောင်းသူ ဘ၀ ခင်ခဲ့တဲ့ သူငယ်ချင်းတွေလဲ ကျောင်းတက်မမှန်တဲ့လူ၊ စည်းကမ်းမကောင်းတဲ့ လူတွေ ရှိခဲ့မှာပဲ၊ အကျင့်စာရိတ္တ မကောင်းတဲ့ လူလဲ ရှိမှာပဲ၊ အဲ ခင်ဗျား ဆရာတွေက ခင်ဗျား (သို့) ခင်ဗျား သူငယ်ချင်းတွေ၇ဲ့ အားနည်းချက်တွေကို အွန်လိုင်းပေါ်မှာ ရေးပြနေရင် ခင်ဗျား နှစ်သက်ပါ့မလား၊ ဒီနေရောမှာတော့ တချို့ ဆရာတွေက ကျောင်းသား ဆိုးတွေ အကြောင်း ကြီးလာရင် ဂရုဏာဖြင့် ဟာသ နှောပြန်ပြောတတ်ကြပါတယ်။ ဒါပေမဲ့ ခင်ဗျားက ဟာသနှောပြောတာ မဟုတ်ပါဘူး၊ ကိုယ့်ရန်သူ သား တစ်ယောက်ကို နှိပ်ကွပ်ပစ်နိုင်ခဲ့တဲ့ ဆိုပြီး ဂုဏ်ယူစွာရေးထားတာပါ။ဆရာမတစ်ယောက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ နှစ် ၁၅ နှစ်က ကျောင်းသား တစ်ယောက်အကြောင်းကို အွန်လိုင်းပေါ်တက်ရေးတာ ကျန်တဲ့ ဆရာတွေ သိက္ခာကျပါတယ်။ နောက်နောင် ခင်ဗျားကြောင့် တခြား ဆရာမ၊ ကျောင်းသားတွေရဲ့ ဂုဏ်သိက္ခာကို မထိခိုက်မိပါစေနဲ့၊ သူများကို မလေးစားတဲ့သူကို လူတွေကလဲ မလေးစားဘူးဆိုတာ အမြဲ မှတ်ထားစေချင်ပါတယ်။


.....(ဟီဟိ မဖတ်ဘဲနဲ့လည်း နေနိုင်တာမဟုတ်..)။ ဘာပဲဖြစ်ဖြစ်.. ကျေးဇူးတင်ပါ၏......
အရေးအသားက မြန်မာစာ ဆရာမတဲ့။ ဖြစ်မှ ဖြစ်ရလေ၊ စိတ်ထားက ။ ကလေး ကလားနဲ့။

ko said...

ကဲ..everybody say..

၇ှုး.၇ှုး..၇ှုး.၇ှုး..

ေ၇နွေးနဲ့ပက်ကြဟေ့

Ko Paw said...

အပေါ်မှာ ရေးသွားတဲ့ “ကေအို” သို့.....

ကျနော့်အမြင်တော့ မေငြိမ်းဟာ ကျောင်းသားတယောက် စာမေးပွဲကျတာကို ၀မ်းသာအားရ ရေးပြနေတာမဟုတ်။ (၀မ်းသာရင်တောင် အဲဒီကိစ္စမှာ ၀မ်းသာတဲ့သူ အပြစ်မရှိ။) အဲဒီ ကျောင်းသား သူ့ဘာသာ အတန်းမတက်လို့ စာမေးပွဲကျနေတဲ့ ကိစ္စကို သူ့အဖေက သူ့အခွင့်အာဏာကို အလွဲသုံးစား လုပ်ပြီး ကျောင်းဆရာ၊ဆရာမတွေကို ဖိအားပေးနေတဲ့ကိစ္စမှာ.....

(၁) အမှန်တရားဖက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး အလျှော့မပေးခဲ့တဲ့ ဆရာမ မေငြိမ်းရဲ့ စိတ်ဓါတ်ကို ကျနော်လေးစားတယ်။ မြန်မာပြည်မှာ အဲဒီလို ကိုယ့်အလုပ်ကိုယ်၊ ကိုယ့်တာဝန်ကိုယ် လေးလေးစားစားနဲ့ အတိအကျလုပ်တဲ့လူတွေ များများလိုတယ်။ အဲဒီလုပ်ရပ်ဟာ အဂတိတရား ကင်းရှင်းတဲ့လူတွေရဲ့ လုပ်ရပ်ဖြစ်တဲ့။

(ဒေါ်မေငြိမ်းနေရာမှာ ခင်ဗျားသာဆိုရင်တော့ ကျော်ဘ “ဘော” ကိုပဲ ပြေးပြီး မ မှာ သေချာတယ်။)

(၂) အဲဒီလို မတရားမှုမျိုး၊ အဖြစ်အပျက်မျိုးကို အများသိသာအောင် ဖော်ထုတ်ရမယ့်တာဝန် လူတိုင်းမှာရှိတယ်။ အခြေအနေမပေးလို့ ဒေါ်မေငြိမ်းအနေနဲ့ ဘလော့ဂ်ပေါ်မှာတင် ရေးရပေမယ့် ကျုပ်သဘောကတော့ ရေဒီယိုတွေမှာ သတင်းစာတွေမှာပါ အဲဒီအကြောင်းကို အကျယ်တ၀င့် ရေးသားဆွေးနွေးသင့်တယ်။ ဒါမှ အများပြည်သူသိမှာ။ အခုတော့ ခင်ဗျားတို့ မြန်မာ့အလင်းနဲ့ မြန်မာ့ရုပ်မြင်သံကြား ဘာ သောက်သုံးကျသလဲ။

(၃) ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်ရင်တောင် အစိုးရမကောင်းတာကို မကောင်းဘူးပဲ ပြောရမှာပေါ့။ ဒီအစိုးရက ပြည်သူက ရွေးချယ်တင်မြှောက်ထားတာ လုံးဝမဟုတ်။ သေနတ်အားကိုးနဲ့ အာဏာကို မတရားလုယူပြီး ပြည်သူကို အနိုင်ကျင့်နေတဲ့ ဓါးပြ သာသာ ဂိုဏ်းအဆင့်ပဲရှိတယ်။ အဲဒါကို ခင်ဗျားက ဓါးပြဖက်က ၀င်ပြီးနာနေတာတော့ ခင်ဗျားဟာ ဓါးပြဂိုဏ်းနဲ့ အဆက်အသွယ်ရှိသူပဲဖြစ်ရမယ်။

အမှန်ကတော့ ခင်ဗျားမှာ ကိုယ်ကျင့်စာရိတ္တနဲ့ စဉ်းစားဆင်ခြင်တတ်တဲ့ ဦးနှောက်ကလေးသာ ခင်ဗျားခေါင်းထဲမှာ ပါလာခဲ့ရင် ဒီကိစ္စမှာ မှန်မှန်ကန်ကန် တွေးတတ်မှာပါဗျာ။

Eainlwanthu said...

that right "Ko Paw"