Dec 15, 2008

မြသီလာအလွမ်းပြေ(၂၅)

ကြယ်သီးများ

သစ်ပင်တွေရဲ့ ကြေကွဲမှု
သူ့ရှေ့တည့်တည့်က စွေစောင်းစောင်း
ခြံစည်းရိုးကိုသာ တွေတွေကြီးငေးစိုက်
အကုန်လုံး မိုက်မဲခဲ့ကြလေတယ်.... တဲ့။

အခုတော့
အသီးအပွင့်တွေ ဆွံ့အ
ကောင်းကင်မှာပဲ ကြယ်တွေ တွဲတိတွဲလောင်းကျ
ပိုပိုပြီး လင်းထိန်ခဲ့ရပြီ
ရှက်တတ်သူတွေခမျာက
အဲဒါတွေ ခူးပြီး ဆွဲဆွဲစေ့နေရတော့ရဲ့။

(စန်းဦး)
+++++

အဲဒီအချိန်တွေမှာတုန်းကတော့ လူငယ်တွေကို တင်းမပြည့်ကျပ်မပြည့် ပညာရေးပေးနေတဲ့အထဲ ကိုယ်လည်း တရားခံတယောက် ဖြစ်နေခဲ့တာကို ကျမ မရိပ်မိခဲ့ပါဘူး။ ကျမကတော့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ တကယ် ထင်တာ။ ကလေးတွေကို စာပြန်သင်ပေးနိုင်ဖို့ ကျမ အများကြီး ကြိုးစားတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံတာလေ။ တတန်း ၆လတာ စာသင်နှစ်တနှစ်အတွက် ပြဌာန်းစာနည်းနည်းလေးကို ၀မ်းစာခပ်များများသွပ်ပြီး ကလေးတွေဆီ ကျမ အရောက် ပေးနိုင်ခဲ့တယ်လို့လည်း ယုံခဲ့ပါတယ်။ ကျမကလေးတွေဟာ အဲဒီ စာသင်ကာလ လေးထဲ သူတို့ ရပိုင်ခွင့်ရှိသလောက် ကျမဆီက ရခဲ့တယ်လို့လည်း ယုံတယ်။ အဲဒီအတွက်တော့ ကျမ တသက်လုံး စိတ်ချမ်းသာ လိပ်ပြာသန့်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တခုပဲ.. ကျမက သူတို့လေးတွေကို ကန့်သတ် ထားတဲ့ ဘောင်တွေထက် ကျော်လွန်အောင် မပေးနိုင်ခဲ့တာကိုတော့ အားမရပါ။

ဗဟုသုတ၀မ်းစာနည်းပါးတဲ့ ကလေးတွေကို စာမဖတ်လို့ စိတ်တွေတို.. ဖတ်စရာစာအုပ်တွေ ရှာပေး.. ဆွေးနွေးခိုင်း.. ဒါပေမဲ့ ကလေးတိုင်းကို စောင့်ကြည့်ဖို့ အချိန်ကျတော့ မပေးနိုင်ခဲ့။ ကိုယ့်ကို အမီလိုက်တဲ့ ကြိုးစားတဲ့ ကလေးတွေကိုတော့ အထူးတလည် ရေလောင်း ပေါင်းသင် မွမ်းမံနေမိခဲ့တာကလည်း မျက်နှာလိုက်တာတော့ မဟုတ်ပါ..။ ကျမကိုယ်တိုင် အဲလောက်ပဲ တတ်နိုင်ခဲ့တာ။ ကလေးအများစုကတော့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး သတ်မှတ်ထား သလောက် စာသင်မယ်.. အချိန်တန် စာကျက် စာမေးပွဲအောင် ဘွဲ့ရပေါ့။ အဲဒါမျိုးတွေကို အားမရလှပေမဲ့ ကျမ မတတ်နိုင်ခဲ့။ အဲဒီအကြောင်းကို "မောင်ထူးမြတ်ဖတ်ဖို့ ရေးတဲ့စာ" ဆိုပြီး ၀တ္ထုတိုလေးတပုဒ် ရေးခဲ့ဖူးပါတယ်။ (ဒီမှာ ပြန်ဖတ်နိုင်ပါတယ်)။ ဒါပေမဲ့ အဲဒီတုန်းက ခိုးချတာ တွေ ဆရာ ဆရာမအပေါ် မလေးမခန့် လုပ်တာမျိုးတွေ မရှိတာကတော့ တက္ကသိုလ်နဲ့ တူနေသေးတဲ့ ပြယုဂ် တွေပါ။

ဒါပေမဲ့ အဲဒီအချိန်.. တကယ်တမ်းမှာ ဘားအံက ကလေးတွေရဲ့ သနားစရာကောင်းတဲ့ အဖြစ်တွေ.. ပြောပြချင် ပါသေးတယ်။ အဲဒါကတော့ ဆရာဆရာမတွေနဲ့ ပတ်သက်တဲ့အပိုင်းပါ။ ဘားအံကောလိပ်မှာ မေဂျာဘာသာ ၈ခု (မြန်မာစာ၊ သမိုင်း၊ ပထ၀ီ၊ သင်္ချာ၊ ရူပ၊ ဓာတု၊ သတ္တဗေဒ၊ ရုက္ခဗေဒ)တွေအတွက် ဆရာဆရာမအားလုံးပေါင်းက ၅၀ မပြည့်ပါဘူး။ အဲဒီထဲမှာ နယ်ခံက ၁၀ယောက် မပြည့်ပါဘူး။ ဆိုတော့ ကျန်တဲ့ ဆရာဆရာမတွေက ရန်ကုန်ကပါ။ ရန်ကုန်မှာ မိသားစုတွေ ထားခဲ့ရပြီး တာဝန်လာ ထမ်းဆောင်နေရသူ တွေပေါ့။ ဘားအံနဲ့ ရန်ကုန်က ၅နာရီစာလောက်ပဲ လှမ်းလေတော့ ဆရာဆရာမအများစုက အပတ်တိုင်း ရန်ကုန်ပြန်ပါတယ်။ သောကြာနေ့လယ်လောက်ဆို ပြန်ကြပြီး တနင်္လာနေ့ ၁၁နာရီလောက် အမီ ပြန်လာကြပါတယ်။ အဲဒီတုန်းကတော့ စနေ တနင်္ဂနွေမှာ မိသားစုဆီပြန်ရင်း ကျူရှင်သင်တဲ့ အလုပ်တို့ တခြား တွဲလုပ်ထားရတဲ့ အပြင်အလုပ်ကလေးတွေ (ကျမ စာအုပ်ကိစ္စ စာရေးတဲ့ ကိစ္စ လုပ်သလို) လုပ်ဖို့ ပြန်ကြတာပါပဲ။ လစာနဲ့မှ မလောက်တော့လည်း အဲလိုပဲ လုပ်ကြရတာပါပဲ။

အဲဒီနေရာမှာ ပြဿနာက တချို့ ဆရာဆရာမတွေကတော့ ဘားအံမှာ နှစ်ပတ်ဆက်တိုက် နေ.. ကလေးတွေကို စနေတနင်္ဂနွေတွေမှာပါ အချိန်ပိုခေါ် သင်ပြီးတော့ နောက် ၂ပတ်လုံး ရန်ကုန်ပြန်နေကြတာပါပဲ။ တချို့များ ဘယ်လောက် လွန်သလဲဆို တလ နှစ်လထိ ဘားအံကို ပြန်မလာတော့ဘဲ ရန်ကုန်မှာ နေလိုက်ကြ တာပါပဲ။ ကလေးတွေခမျာ ၃လစာသင်ရိုးကို ၂ပတ်လောက်နဲ့ မနိုင်ရင်ကာ သင်ကြရ။ နားမလည်လို့ စာမေးမယ် လုပ်တော့ အဲဒီ ဆရာ ဆရာမက မရှိ။ ကလေးတွေခမျာ ခေတ်စနစ်ရဲ့သားကောင်တွေ ဖြစ်ကြရတာ.. ဓားစာခံတွေလို။ အဲဒီအခါမှာတော့ အဲဒီလို ဆရာ ဆရာမတွေနဲ့ ဒေါ်မေငြိမ်းက ထိပ်တိုက်တွေ့တော့တာပါပဲ။ ကျမက အဲဒီ ဆရာဆရာမတွေကို သွားတွေ့ပြီး ကလေးတွေရဲ့ အခြေနေကို ပြောပြတော့ ကျမကို ကိုယ်နဲ့ မဆိုင်တဲ့ အလုပ် လုပ်တယ်တဲ့။ (ကျမကတော့ အဲဒါဟာ ကျမအပါအ၀င် ဆရာဆရာမတိုင်းရဲ့ အလုပ်လို့ ထင်တာပါပဲ)။ "ကျမက ပြန်စရာအိမ်မရှိတိုင်း.. အိမ်ပြန်ချင်စိတ် မရှိတိုင်း..." ဆိုတာလည်း ပါပါသေးတယ်။ ကျမမှာ လူကလည်း ငယ်သေး.. မာနကလည်း တံခွန်ထူတတ်တဲ့ အရွယ်ဆိုတော့ စိတ်တွေတို.. ပြဿနာတွေ ဖြစ်ပေါ့။ ဘားအံကောလိပ်ရဲ့ ငပွကြီးပေါ့။

တချို့များ ဘယ်လောက်ဆိုးသလဲဆို ကျမကိုကျတော့ သေသေချာချာ ရင်ဆိုင်မဖြေရှင်းဘဲနဲ့ ကျမကပဲ လွတ်လွတ်လပ်လပ်နေချင်လို့ ယောက်ျားကို ရဲလက်အပ်ခဲ့တာဆိုတာမျိုး မဆိုင်တာတွေ နောက်ကွယ်မှာ လျှောက်ပြောသေး။ ကျမ ဒါတွေပြောပြနေတာဟာ သူများကို အပြစ်တင် အပုပ်ချနေတာမဟုတ်ပါဘူး။ ကျမတို့ လူ့ပတ်ဝန်းကျင်မှာ ကြုံရတတ်တဲ့ အဖြစ်တွေမို့ပါ.. ပြီးတော့ အဲလို ရင်ဆိုင်ရတဲ့သူတွေ အချင်းချင်း ဖြေသိမ့်နိုင်အောင်ပါ..။ ဒါတွေဟာ ကျမ တယောက်တည်းကြုံရတာမဟုတ်ပါဘူး။ ဇေယျာလင်းပြောသလိုဆို.... အလားတူ သူမများရဲ့ ချုပ်ရိုးထဲမှာ။ ကျမတို့ရဲ့ အဲလို ပတ်ဝန်းကျင်ကြောင့် နဂို စိတ်အခံမခိုင်မာလို့ စိတ်ကျ လေလွင့်သွားရတဲ့ လူတွေလည်း မနည်းပါဘူး။ (ပတ်ဝန်းကျင်ဂယက်တခုတည်းသက်သက်ကြောင့်လို့ မဆိုလိုပါ)

ဘာပဲဖြစ်ဖြစ် ကျမကတော့ တာဝန်မကျေသူတွေသာ ရှက်စရာလို့ သတ်မှတ်ပြီး ကိုယ်လုပ်နိုင်တာ အားလုံးလုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အချိန်တွေကို ဖြတ်ကျော်နိုင်ခဲ့တာပါပဲ။ အဲဒီအခါ ကိုချောနွယ်ရဲ့
ခုတော့
မင်္ဂလာတရားနဲ့အညီလေ
ငါးအပုပ်စားရပေမဲ့
ဗြဟ္မစိုရ်တရားလက်ကိုင်ထားလို့
ဘယ်သူတွေများ ငါးအပုပ်စားရလို့
ဗြဟ္မစိုရ်တရားလက်ကိုင်ထားနိုင်ခဲ့လို့လဲ..
ဆိုတာလေးပဲ တွေးတွေးပြီး မာန်တက်ရ..။ ဒါမှပဲ ဘ၀ထဲ နေပျော် တော့တာ။

+++++

ဒီလိုနဲ့ ၁၉၉၅ ဒီဇင်ဘာထဲမှာ ရန်ကုန်တက္ကသိုလ် စိန်ရတုပွဲလုပ်မယ်တဲ့။ အဲဒီစိန်ရတုပွဲဟာ နည်းနည်း အငြင်းအခုန်များရတဲ့ ပွဲပေါ့။ စစ်အစိုးရလုပ်ပေးတဲ့ စိန်ရတုကို အသိအမှတ် ပြုမလား.. မပြုဘူးလား ဆိုတာတွေပေါ့။ အဲဒီအချိန်မှာ ဗိုလ်ခင်ညွန့်ကလည်း ဂုဏ်တွေလုပ်ပြီး စိန်ရတုပွဲကြီး လုပ်ပေးမယ်.. စိန်ရတုခန်းမကြီး ဖွင့်ပေးမယ်ရယ်လို့ ဟန်တပြင်ပြင်ပေါ့။ စိန်ရတု အဆောက်အအုံကြီးအတွက် လိုင်းပေါက်က ရန်ကုန်တက္ကသိုလ် ၀န်ထမ်းအိမ်ယာတွေကို ဖျက်ထားတဲ့ အချိန်။ ရန်ကုန်တိုင်းထဲက တချို့မြို့နယ်တွေ (မြောက်ဥက္ကလာတို့ မြောက်ဒဂုံ တောင်ဒဂုံတို့) က ကလေးတွေကို လယ်ကွင်းထဲမှာ ဒဂုံတက္ကသိုလ်ဆိုတာကြီး စဖွင့်ပြီး တက်ခိုင်းထားပြီဖြစ်တဲ့ အချိန်။ ဆေးတက္ကသိုလ်တွေတောင် လိပ်ခုံးမှာ မတက်ရတော့တဲ့ အချိန်။ RIT တောင် ဟိုပြောင်းမယ် ဒီပြောင်းမယ်ဆိုတာတွေ သတင်းကြားလာရတဲ့အချိန်..။ အကြောင်းပြချက် မည်မည်ရရ မပေးဘဲ RIT ကို YIT လို့ နာမည် ပြောင်းပြီးစအချိန်။ ကျောင်းသားတွေ ခပ်ဝေးဝေး.. ကွဲကွဲပြားပြား စဖြစ်လာတဲ့ အချိန်...။ စိန်ရတုပွဲကို ဘယ်သူတွေက တကယ် ပျော်ကြမှာလဲ..။

ကျမကတော့ အဲဒီအချိန်မှာ စိန်ရတုပွဲကြီး ဖြစ်မြောက်အောင် လုပ်ပေးချင်တယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့် ကို သဘောမကျပေမဲ့ ကျမချစ်တဲ့ မြကျွန်းသာရဲ့ မွေးနေ့မို့.. ပြီးတော့ ဘားအံက ကလေးတချို့က အဲဒီပွဲကို ရောက်ဖူးချင်တယ်ဆိုလို့... ကျမကပဲ ဦးဆောင်ပြီး သူတို့လေးတွေရဲ့ မိဘတွေကို လိုက်ပြောပေး.. တချို့ ပိုက်ဆံ မတတ်နိုင်တဲ့ ကလေးတွေကို ကျမပဲ ပိုက်ဆံစိုက်ပြီး ခေါ်ခဲ့သေးတာ။ ကျောင်းသားကျောင်းသူ ၁၈ယောက် ယောက်ျားလေး ၁၁ယောက် မိန်းကလေး ၇ယောက်။ ကျမရဲ့ RIT ထဲက ယောက္ခမအိမ်မှာပဲ ဖြစ်သလို တည်းကြတာ။ ကလေးတွေကတော့ ပျော်နေကြတာပေါ့။

(တကယ်တော့ စာဖတ်သူအများ အကြောင်းအမျိုးမျိုးနဲ့ စောင့်နေလောက်တဲ့ ကိုရာကျော်က အဲဒီအချိန်ထိကို ကျမရဲ့ ဇာတ်လမ်းထဲ မပါသေးပါဘူး..:) ..။ သူက ဓာတုဗေဒက ဖြစ်ပြီးတော့ သူက အဲဒီတုန်းက ကျောင်းတက်ရင်း သူ့အိမ်က လယ်တွေကို လုပ်နေတာမို့ ကျောင်းပြီးတာနဲ့ ရွာက လယ်တွေဆီ ပြေးပြန်တာမို့ ကျောင်းဝန်းကျင်မှာ သိပ်မရှိပါဘူး။ ပြီးတော့လည်း ဆရာဆရာမတွေအနား သိပ်မကပ်လှဘဲ ဘာသိဘာသာ နေတတ်တဲ့ ကျောင်းသားပါ..။ ကျမနဲ့ ရင်းနှီးတဲ့ ကျောင်းသားထဲလည်း မပါပါဘူး။ ဒါကို ထည့်ပြောပြရ တာကတော့ ကျမနဲ့ သူနဲ့ ပတ်သက်ပြီး ပြောကြ ဝေဖန်ကြတဲ့အခါ ကျောင်းသားတွေနဲ့ နီးနီးစပ်စပ်နေတာကိုး ဖြစ်မှာပေါ့.. လို့ ကောက်ချက်ချသူတွေက များတာမို့ အဲဒီကောက်ချက်ကလည်း မမှန်လှကြောင်း ပြောပြချင် လို့ပါ)။

ဒါပေမဲ့ အဲဒီကာလလေး ကျောင်းဝန်းကျင်မှာတော့ ရန်ကုန်တက္ကသိုလ် စိန်ရတုအထိမ်းအမှတ် ကဗျာစာအုပ်တွေ အများကြီး ထွက်လာကြပါတယ်။ ကျမတို့ မိန်းထဲက ကဗျာအဖွဲ့တောင် "အိပ်မက်တွေကို ချည်တဲ့ကြိုး" ဆိုတဲ့ ကဗျာစာအုပ်လေး လုပ်ဖြစ်ခဲ့ပါတယ်။


အဲဒီမှာ ပျော်စရာကောင်းတာက ၈၈ မှာ တောခိုသွားခဲ့တဲ့ သူငယ်ချင်း မိဆူးပွင့် (ABSDF) ရဲ့ ကဗျာဟောင်း လေး ကို ထည့်သုံးလိုက်နိုင်ခဲ့တာပါပဲ။ နောက်ပိုင်းမှာလည်း ဘာပြဿနာမှ မပေါ်ခဲ့။ ကျမတို့ဖြင့် အရသာရှိ လိုက်တာ.. အဲဒီတုန်းက။ အဲဒီအခါ ကိုယ့်ဘာသာတော့ မြသီလာရဲ့ စိန်ရတုမွေးနေ့က ကျေနပ်စရာ ကောင်းခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျမကတော့ ဘ၀တလျှောက်လုံး ကျမ လုပ်ချင်တာ.. လုပ်စရာရှိတာ... လုပ်သင့်တယ် ထင်တာတွေကိုပဲ လုပ်ခဲ့တာပါပဲ။ ဒါကြောင့်ပဲ ကြုံလာရသမျှ လောကဓံကို ရင်ဆိုင် ခံတိုက် နိုင်ခဲ့တာလို့ ထင်ပါတယ်။

+++++

စိန်ရတုကအပြန်မှာတော့ မောင်ထူးမြတ်ရဲ့ မူကြိုက ဒီဇင်ဘာကျောင်းပိတ်ရက်မို့ သားကိုပါ ဘားအံ ခေါ်ပြန် ခဲ့ပါတယ်။ သားက ခရီးရှည် မထွက်ဖူးသေးတော့ ပျော်လို့။ ကျမလည်း သားနဲ့အတူ ပျော်လို့.. အဲဒီကစလို့ သားအမိနှစ်ယောက် ခရီးတွေအတူတူ ထွက်ကျင့်.. ဘယ်နေရာကိုမဆို အတူတူ သွားကျင့် ရှိခဲ့တာပါ။ ဘားအံရဲ့ဆောင်းချမ်းချမ်းကို သားက သဘောကျနေတယ်။ သားက သူ့ဘာသာသူ ကစားရင်း "ကြယ်တွေ စုံပြီလား.. ဗင်းဆင့်သီချင်းကို ဆိုကြတယ်" လို့ သီချင်းညည်းရင် ကျမရဲ့ တပည့်လေးတွေက အံ့သြနေတတ်တယ်။ ကလေးက အဲလို သီချင်းမျိုးဆိုသလား..တဲ့။ နောက် ဇွဲကပင်တောင်ကို ခလောက်နို့ ဘက်ခြမ်းက တက်တော့လည်း ခပ်ဝေးဝေးကတောင်တွေကို လှမ်းကြည့်ပြီး အဲဒီလေးနှစ်သားက "မေမေရေ.. ဟိုးမှာ ကြည့်စမ်း တောင်တွေက တိမ်ဟန်ဆောင်နေကြတယ်"လို့ ပြောလို့ ကျမသူငယ်ချင်းဆရာ (အသေးလေး)က 'အမလေး... မောင်ထူးမြတ်ရာ.. လေးစားပါတယ်' လို့ salute ရိုက်လို့ ကျမတို့ ရယ်လိုက်ရတာ။ သားနဲ့ သာမညတောင် သွားလိုက်.. တောင်ကလေး သွားလိုက်.. ကြာအင်းတောင် တက်လိုက်..။

အဲဒီမှာပဲ တရက်သား ရေတံခွန်ဘက် လျှောက်လည်ပြီးအပြန် ညဘက်ကြီး မောင်ထူးမြတ်တယောက် အပြင်းဖျားပါတော့တယ်။ ညလယ်လောက်ကျတော့ ရုတ်တရက် ညည်းသံလိုလို ကြားလို့ ထကြည့်တော့ သားက ကိုယ်တွေခြစ်ခြစ်တောက် ပူလို့်။ ကျမ ရေဖတ်တိုက်ဖို့ လုပ်နေတုန်းမှာပဲ သားက ရုတ်တရက် ပျော့ခွေကျသွားပြီး သတိလစ်သွားပါတော့တယ်။ သူငယ်ငယ်လေးထဲက တခါမှ အဲလို မဖြစ်ဖူးတော့ ကျမဖြင့် ပျာသွားပြီး ငိုချလိုက်မိပါတယ်။ မိန်းကလေးဆောင်ဘက်က သမီးတွေကို အော်ခေါ်တော့ မိန်းကလေးတွေ အကုန်နီးပါး ကျမအိမ်လေးပေါ် ချက်ချင်း ရောက်လာကြပါတယ်။..။ နောက်တော့ သူတို့ပဲ အဆောင်ဝင်းစောင့် ဒရ၀မ် အဖိုးကြီးကို နှိုးပြီး ကျောင်းထဲက ယောက်ျားလေးတွေကို ဆေးရုံသွားဖို့အတွက် သွားခေါ်ခိုင်းကြပါတယ်။

ခဏကြာတော့ ကျောင်းသားလေးငါးယောက် အိပ်ယာက ထလာတဲ့ပုံနဲ့ ကမန်းကတမ်း ရောက်လာကြပါတယ်။ အဲဒီထဲမှာ ကျမနဲ့ ရင်းနှီးတဲ့ သားတယောက်ဖြစ်တဲ့ ဖိုးတူးက သူ့ဦးလေး ဆရာဝန်ဆီ သွားမယ်တဲ့။ ပြီးတော့ ကလေးကို ကောက်ချီပါတယ်။ အဆောင်ဝမှာ ကျောင်းသား၂ယောက်က ဆိုက်ကား၂စီးကို ကိုယ်တိုင်တွေ နင်းလို့ စောင့်နေကြပါတယ်။ 'ဆရာမ လာလာ ဒီဆိုက်ကားပေါ်တက်' လို့ ကျောင်းသားတယောက်က လှမ်းခေါ် ပါတယ်။ အဲဒါက ရာကျော်ပါ။ နောက်က ဆိုက်ကားကိုတော့ ဇော်မိုး (ကော့ကရိတ်က) က နင်းပြီး မိန်းကလေး ၃ယောက်က အဖော်လိုက်ခဲ့ပါတယ်။ ကျမကတော့ တလမ်းလုံး ငိုလာမိတာပဲ။

ဆရာဝန်ဆီ ရောက်တဲ့အထိ မောင်ထူးမြတ်က သတိ မရတချက် ရတချက်။ နောက်တော့ ဆရာဝန်က စကားမေး သိပ်မရချင်တဲ့ (ပုံမှန်မဟုတ်တဲ့) ကျမကိုပါ ဆေးထိုးပေးရပါတော့တယ်။ ပြီးတော့ ကလေးတွေပဲ ကျမတို့ သားအမိနှစ်ယောက် နေကောင်းတဲ့အထိ ပြုစု စောင့်ရှောက်ခဲ့ကြရတာ။ မှတ်မှတ်ရရ အဲဒီနောက်ပိုင်းကျမှပဲ ရာကျော်နဲ့ ကျမက ပြောပြောဆိုဆို ရှိလာတာ။ ပြီးတော့ အဲဒီနောက်ပိုင်းမှာမှ သူက ကျမတို့ရဲ့ လက်ဘက်ရည်ဆိုင် ထိုင်တာတွေ လျှောက်လည်တာတွေမှာ ပါပါလာတတ်တာ။ နောက်တကြောင်းကတော့ အဲဒီအချိန်တွေမှာမှ လယ်အလုပ်တွေလည်း ပြီးချိန်မို့ပါ.. တဲ့။ သူက ကျောင်းဆရာမ အမေနဲ့ စာဖတ်တဲ့ အဖေနဲ့ ကြီးရတာမို့ စာတော့ ဖတ်တဲ့သူပါ။ ပြီးတော့ စကားနည်းတယ်။ ကျမက လယ်လုပ်ငန်းအကြောင်း သိချင်လို့ မေးရင်လည်း မေးတခွန်း ဖြေတခွန်းပါ။ ဗမာလိုကလည်း လည်လည်ပတ်ပတ် မပြောတတ်။ တချို့ စကားလုံးတွေဆို ဗမာလို မပြောတတ်လို့ မွန်လိုပဲ ပြောတော့တာ။ ရာကျော်က ဘာသိဘာသာနေတတ်လို့ ကျမက သူနဲ့ သိပ် ရင်းရင်းနှီးနှီးလည်း မရှိခဲ့ပါဘူး။ ပြီးတော့ သူက ကျမသူငယ်ချင်း(အသေးလေး)ရဲ့ တပည့်လေ။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ သားနဲ့ ကျမရဲ့ ဗာဟီရကိစ္စတွေကို စိတ်ရှည်ရှည်နဲ့ ကူညီညာ လုပ်ပေးရင်း သူက ဗြုန်းစားကြီး ကျမနဲ့ အနေနီးလာ။ ဒါကြောင့် ကျမနဲ့ ရာကျော်ရဲ့ ပတ်သက်သွားရမှုက ထူးထူးဆန်းဆန်းကြီးကို တည့်တည့်တိုးရတဲ့ ကံကြမ္မာတခုလို့သာ ပြောရတော့မှာပါပဲ။ တကယ်တော့ အဲဒီအပိုင်းဟာလည်း ကျမ ပြန်မတွေးချင်တဲ့ မရေးချင်တဲ့ အပိုင်းတပိုင်းပါ။ ဒါကို ၀တ္ထုတိုလေးတပုဒ်တော့ ရေးခဲ့ဖူးပါတယ်။ ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။

+++++

ရာကျော်ဆိုတဲ့ ကဏ္ဍတခု မပါဘူးဆိုရင်တော့ ၁၉၉၆ ဟာ ကျမအနေနဲ့ ကျောင်းဆရာမ ဘ၀ထဲမှာ ဖြူဖြူစင်စင်နဲ့ အောင်မြင်ခဲ့တဲ့ အချိန်တွေပါပဲ။ ကျမလက်ထက်မှာ မေဂျာတန်းက တပည့် ၃ယောက် ဂုဏ်ထူးတန်း ၀င်တယ်။ အဲဒီ ကာလ အပိုင်းအခြားထဲ အဝေးသင် ကျောင်းသားတွေအများကြီးကို ကျမ သေသေချာချာ မွေးထုတ် နိုင်ခဲ့ပါတယ်။ ကျမက ကလေးတွေရဲ့ ဆရာမဘ၀မှာ 'ငါးအပုပ်စားရပေမဲ့... ဗြဟ္မစိုရ်တရား လက်ကိုင်ထားလို့' ရှိနေနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ၁၉၉၆ ရဲ့ ဇွန်မှာတော့ သားလေးက သူငယ်တန်း တက်ရတော့မှာမို့ ကျမနဲ့ ဘားအံမှာ လိုက်မနေနိုင်တော့ပါဘူး။ ပြီးတော့ အဲဒီအချိန်မှာပဲ ကျမတို့သုံးယောက် အလုပ်ပင်ပန်းတဲ့အတွက် ကျမတို့ကိုယ်တိုင်ပဲ အဆညကို စာတင်ပြီး လှမ်းတောင်းလိုက်လို့ ကျမတို့ထက် ရာထူးမကြီးပေမဲ့ အတန်းကြီးတဲ့ ဆရာမတယောက် ရောက်လာတဲ့အတွက် သူ့ကို ဌာနမှူး လွှဲပေးလိုက်တာမို့ ကျမတို့ သုံးယောက် ပေါ့ပေါ့ပါးပါး ရှိသွားတဲ့ အချိန်တွေလည်း ဖြစ်ပါတယ်။ ဌာနမှာ နောက်ထပ် နည်းပြဆရာ ၂ယောက်ပါ ထပ်ရောက် လာတာမို့ လူအင်အားတောင့်ပြီး ကျမတို့ အဟောင်း ၃ယောက် တော်တော် သက်သောင့် သက်သာ ရှိသွားတဲ့ အချိန်တွေ။ ၁၉၉၆ ဒီဇင်ဘာကျောင်းသား လှုပ်ရှားမှုကြောင့် ကျောင်းတွေ ပိတ်လိုက်ရပြန်တဲ့အထိပေါ့။

၁၉၉၆ရဲ့ မေလက ပြန်စတဲ့ စာသင်နှစ်ထဲမှာတော့ ကျမရဲ့ ထုံးစံအတိုင်း ကျောင်းအားရက်တွေမှာ စိတ်တူကိုယ်တူ သူငယ်ချင်းဆရာမတွေရယ်.. တပည့်တွေရယ်နဲ့ အတူ အနီးဝန်းကျင်ကို ဒေသန္တရ ဗဟုသုတ ခရီးတွေ ထွက်နိုင်ခဲ့တယ်။ ကျိုက်ထီးရိုး.. မော်လမြိုင်.. ကျိုက္ခမီ စက်စဲ.. အပါအ၀င် ဘားအံအနီးအပါးက မြို့တွေ ရွာတွေ.. (ကျုံဒိုး.. ကော့ကရိတ်.. မြ၀တီ... မဲဆောက်ထိ၊ ဇာသပြင်.. ကော့ဘိန်း ကော့ပေါက်ထိ) နောက်တော့ ရှေးဟောင်းအမွေအနှစ် ဂူဘုရားတွေ (ကော့ဂွန်း.. ကော့ကသောင်.. ဆဒ္ဒန်ဂူ..) အစုံ လျှောက်သွား..။ ကလေးတွေ သိသင့်တာတွေကို မျှဝေလို့။ တက္ကသိုလ်ကျောင်းသား ကျောင်းသူဘ၀ ပီပီသသ အပျော်တွေ ဗဟုသုတတွေ ရအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

(ကလေးတွေနဲ့ ခရီးသွား)

(ကျိုက္ခမီမှာ)

(မော်လမြိုင်တက္ကသိုလ်ရှေ့မှာ)
+++++

((ဘာပဲဖြစ်ဖြစ် ခုချိန်ထိ အဲဒီအချိန်ဆီကို ပြန်ကြည့်တော့ ကျမစိတ်ထဲက အမှန်အတိုင်း ရှိတာကို ပြောပါဆိုရင်.. ဆရာမတစ်ယောက်က ကိုယ့်ထက် ဆယ်စုနှစ်တခုစာနီးနီး ငယ်တဲ့ ကျောင်းသားတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ် ရွေးလိုက်တာမျိုးကို သဘောမကျပါဘူး (ဒါက ဆရာဆရာမကို ချစ်တဲ့ တပည့်တွေ စိတ်မကောင်းဖြစ်တာတို့.. အရိုအသေတန်တာတို့ ဖြစ်မှာစိုးလို့ပါ)။ ပြီးတော့ မိဘတွေရဲ့ တဦးတည်းသော သားလေးကို တခုလပ်လို့ လူတွေ ကဲ့ရဲ့ သမုတ်လေ့ရှိတဲ့ အသက်ကြီးကြီးမိန်းမတယောက်နဲ့ အိမ်ထောင်ဖက် မဖြစ်စေချင်တာကိုလည်း သဘောတူ လက်ခံပါတယ် (မြန်မာပြည်ရဲ့ ထုံးစံ သဘောထားအရ)။ အဲဒီအပြင် ပိုစိတ်ရှုပ်စရာ ကောင်းတာက အဲဒီ တခုလပ်ဆိုတဲ့ မိန်းမက သားတစ်ယောက်လည်း ရှိနေသေးတာလေ (အဲဒါကလည်း ပြဿနာကြီးတတ်တဲ့ သဘာဝအရ)။ ဟိုဘက်က ယောက်ျားလေးရှင်တွေခမျာ ဘယ်လောက်များ စိတ်ထိခိုက်လိုက်မလဲ..။ အထူးသဖြင့် မြန်မာပြည်နယ်မြို့လေးရဲ့ ပတ်ဝန်းကျင်ကျဉ်းကျဉ်း မြင်ကွင်း ကျဉ်းကျဉ်းလေး ထဲမှာလေ။ ဘားအံမှာ နေခဲ့သမျှတလျှောက်လုံး ကျမ တယောက်တည်း အားငယ်မှာစိုးလို့ ကျမနဲ့အတူ အိမ်ကလေးမှာ လိုက်နေပေးတဲ့ ကျမ သိပ်ချစ်တဲ့ သမီးလေးတယောက် ပြောသလိုဆို "အမေက ဆရာမတယောက်အနေနဲ့ ဘာအပြစ်မှ မရှိတာ.. ဒါကြောင့်မို့လို့ သူများအပြောခံရမယ့် ကဲ့ရဲ့မယ့် ကိစ္စမျိုးတွေ မဖြစ်စေချင်တာ.."တဲ့။ အဲဒီ အချိန်မှာ ကျမက ခေါင်းမာမာနဲ့ မဲ့ပြုံး ပြုံးပြခဲ့တာ..။ (ဒါပေမဲ့ အဲဒီအချိန်ထိ တယောက်ယောက်က ကျမကို အဲဒီကျောင်းသားလေးကို နောက်၂နှစ်အကြာမှာ လက်ထပ်ယူရလိမ့်မယ်လို့ နိမိတ်ဖတ်လာခဲ့ရင် ကျမ ခါးခါးသီးသီး ငြင်းဖြစ်နေဦးမှာပါ... အဲဒီအချိန်ထိ.. ကျမက သူနဲ့ ဘယ်လိုမှ အဲလောက်ထိ ပတ်သက်သွားနိုင်စရာ မရှိဘူးလို့ ယုံဆဲ) ))။

တကယ်တော့ အကြောင်းအပေါင်းတို့ရဲ့ မြစ်ဖျားဆုံရာထဲမှာ အလွယ်တကူ သမုတ်တတ်တဲ့ ပတ်ဝန်းကျင်လည်း ပါတယ်။ မိသားစုဆိုတဲ့ ဘ၀နဲ့ ဝေးဝေးမှာ တယောက်တည်း စိတ်ပင်ပန်း လေလွင့်နာကျင်နေရတဲ့ အဖြစ်တွေ ပါတယ်။ စိတ်ဓာတ်ပျောညံ့မှုနဲ့ စိတ်ကူးယဉ် ခံစားချက် နောက် ကောက်ကောက်ပါအောင် လိုက်တတ်တဲ့ ဥာဉ် ပါတယ်။ မာနတွေ အလွန်ကြီးပြီး အရွဲ့တိုက်တတ်တဲ့ မကောင်းဆိုးဝါးစိတ်လည်း ပါတယ်။ ပြင်းပျတဲ့ ခံယူချက် ဆိုတာမျိုး မရှိတာလည်း ပါတယ်။ ကြည့်ပါဦး.. ကိုယ့်ကိုယ်ကိုယ် မကွပ်ကဲနိုင်ပုံများ။ ပတ်ဝန်းကျင်ကို မိုက်မိုက်ကန်းကန်းကြည့်လို့ ကျမ ဒရွတ်တိုက်မျောလိုက်ခဲ့တာ...။ ကိုယ်တိုင် မနှစ်ခြိုက်နိုင်တဲ့ အခြေအနေတခု ထဲမှာ..။ ဒီနေရာမှာ ကျမ မတရားတာ တခုက ဟိုတဘက်က လူငယ်လေးရဲ့ စိတ်ခံစားချက် သဘောထားဆိုတာတွေကို နည်းနည်းမှ ထည့်မစဉ်းစားခဲ့... မငဲ့ညှာခဲ့တာပါပဲ။ 'ဆွဲစေ့စရာ ကြယ်သီး' ကိုမှ မစဉ်းစားမိခဲ့တဲ့ အချိန်တွေ။ ဘယ်လောက် မိုက်မဲ ညံ့ဖျင်းခဲ့သလဲလို့။ တကယ်ဆို ပတ်ဝန်းကျင်ဆိုတာက ပြောလာပြီဆိုရင် ကျမက ကိုယ့်မာနထက် ဂုဏ်သိက္ခာဆိုတာကို.. ပြီးတော့ လူငယ်လေးတယောက်ရဲ့ စိတ်အခြေအနေဆိုတာကို ထည့်ကို စဉ်းစားရမှာ ဖြစ်ပါတယ်။ လောကကြီးကို ရွဲ့လို့တော့ လောကကြီးက ဘာမှမဖြစ်ဘူး... ကိုယ်သာ နာကျင်ပွန်းပဲ့လေတယ်... ဆိုတာကိုလည်း သိသိနဲ့...။ တကယ့်ကို ဆင်ခြင်စရာပါပဲ။

ဒါကြောင့် ကျမဘ၀ထဲမှာ ကိုယ့်ကိုယ်ကိုယ် စိတ်အပျက်ရဆုံး အချိန်တခုကို ပြောပါဆိုရင်... အဲဒီ ကာလပဲ ဖြစ်ပါတယ်။ အဲဒါကိုလည်း ဒီလို ၀တ္ထုရေးခဲ့ဖူးပါတယ်။ ပြီးတော့ ကဗျာတွေကို လွှဲလွှဲချ။
ခုံးထ ကမ္ဘာမြေကြီး
အခိုး အငွေ့ သစ်ကိုင်းနဲ့
အဲသည် သစ်ကိုင်းပေါ်က ရောင်ကိုင်းပြီတည်နာ
မြစ်နဲ့ ကမ္ဘာဦးကို တူးဆွလာတဲ့လက်
အမှန်တရားကတော့ လူတွေလိုပါပဲ
အောင်စ နည်းနည်းရယ်ပါ
သာမန်လူနဲ့ မတူတဲ့အရာဆိုလို့
ဒါတွေပဲ သူ့မှာရှိရဲ့။

........
.......
........

တကယ်တော့
ဒါ သူ့မိမွေးတိုင်း ဖမွေးတိုင်းပါ
သူ့နူးညံ့သိမ်မွေ့မှုပါ
သူ့ ယဉ်ကျေးတဲ့ သွေးကြောပါ
နတ်ဆိုးတို့ ပါးစပ်မှာ
ပလပ်ခံရတဲ့
သူ့ကိုယ်ပိုင်အတွင်းသားပါ။ ။
(မောင်ချောနွယ် - လူကြိုက်နည်းတဲ့ကောင်)
+++++


23 comments:

Ko Boyz said...

ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက် ဆိုတာချင်းတူပေမဲ့... အဲဒီ ကဲ့ရဲ့တာကို ခံရတဲ့ ခုနှစ်ရက်က ပိုကြာသလို ခံစားမိတယ်...။

Anonymous said...

သားလာဖတ်သွားပါတယ် အန်တီမေငြိမ်း..။ (အဲ့လို ခေါ်တာဘ၀င်မကျရင် ပြောပါနော်.. မခေါ်စေချင်ကြသူ များလို့ပါ) .. ဆက်လက်စောင့်စားနေပါတယ်.. အရင်အဟောင်းလေးတွေလည်း သက်သက်လာဖတ်ပါဦးမယ်။ စိတ်ဝင်စားလွန်းလို့။ အစစ အဆင်ပြေပါစေဗျာ။

Anonymous said...

ဆရာမ ဓါတ်ပုံတွေလည်းအမှတ်တရစုဆောင်းထားနိုင်တယ်။ စာတွေနဲ့တွဲတော့ တကယ့်ကို အမှတ်တရတွေပါပဲ။ ရေးတဲ့သူပင်ပန်းနေမယ်ဆိုတာသိပေမယ့် ဆက်ဖတ်ချင်နေမိတာက စာဖတ်သူတစ်ယောက်ရဲ့လောဘကြီးမှုပါပဲ။ ဒါပေမယ့် စာရေးတဲ့သူရဲ့ ခွန်အားစိုက်ထုတ်မှု အရေးအသားပိုင်နိုင်မှုတို့ကြောင့်ဆိုတာတော့ သိပ်သေချာပါတယ်။

မေငြိမ်း said...

Ko Boyz ရေ.. ဟုတ်တာပေါ့။ ပြီးတော့ ကျမစိတ်ထင်.. ဗမာ့ပတ်ဝန်းကျင်ဟာ ချီးမွမ်းတာမျိုးတောင် သိပ်မလုပ်တတ်ကြတော့ဘူးလားလို့။ ဒါပေမဲ့ ပတ်ဝန်းကျင်ကိုပဲ လွှဲချလို့တော့ မရဘူးပေါ့လေ..။ ကိုယ်တိုင်ရဲ့ စိတ်ဓာတ်ခိုင်ကျည်မှုလည်း လိုတယ်ထင်တာပဲ။

Craton..ရေ
အသက် ၄၅နှစ် မိန်းမကြီးတယောက်ကို အန်တီခေါ်တာ ဘ၀င်မကျစရာတော့ မရှိဘူးထင်တာပဲ :D ပြီးတော့ အန်တီက ခပ်ငယ်ငယ်ကတည်းကကို အဲလို အခေါ်ခံနေရကျ..။

ရွာသားလေးရေ...
ရေးရတာက မပင်ပန်းပါဘူး။ ခံစားရတာက ပင်ပန်းတာပါ..။ တကယ်ပဲ တချို့ကိစ္စတွေကိုဆို မေ့ချင်ယောင် ရူးချင်ယောင် ဆောင်နေလိုက်ချင် တာ။ မရေးချင်တော့ဘူး။ ဒါပေမဲ့ စာလာဖတ်တဲ့ သူတွေ ကိုယ့် အဖြစ်အပျက်တွေပေါ်ကနေ သိသင့်တာ..ဆင်ခြင်စရာ နဲ့ ဝေဖန်သုံးသပ်စရာ တွေရအောင်နဲ့ Memoir ဖြစ်စေချင်တာကြောင့် ရေးနေရဦးမှာပါပဲ..။ ဒဂုံတက္ကသိုလ်ကနေ ထွက်ခဲ့တဲ့ ၂၀၀၅ ဖေဖော်ဝါရီထိအောင် ရေးသွားမယ်လေ..။ အားရင်အားသလောက်ပေါ့..။

Nyo Htet Nyo said...

ဆရာမခင်ဗျား။ စောင့်မျှော်ဖတ်ရှုလျက်ပါ။ ၁၉၉၆ ဒီဇင်ဘာ၂ ကနေ ၆ အထိ ငါးရက်တာကာလ ဘားအံမှာ ဘယ်လိုရိုက်ခတ်မှုရှိတယ်ဆိုတာလေးပါ ရေးပေးပါဦးခင်ဗျာ။ ကျေးဇူးပါ။

မေ့သမီး said...

မငြိမ်းရေးတဲ့စာတွေကိုဖတ်ရတိုင်း ရင်ထဲမှာတစ်မျိုး ဖြစ်ဖြစ်ကျန်ခဲ့တယ်။ မငြိမ်းကိုလည်း ကိုယ်ချင်းစာမိ တယ်။ မခံစားတတ်တဲ့သူတွေအတွက်တော့ သူများလုပ်သမျှပြောစရာဖြစ်နေမှာပဲ။ ကိုယ်တိုင်ထိမှ နာကြတာ။

သက်ဝေ said...

ဆရာမရေ...
ဒီရက်တွေမှာ အလုပ်တွေတော့ များနေပါတယ်။ ဒါပေမယ့် ဒီလထဲမှာ တင်ထားတဲ့ မြသီလာ ၂၁ ကနေ ၂၅ အထိကို နှစ်ခေါက်မက လာဖတ်ပြီးပါပြီ...။
ဆရာမရဲ့  စကားလုံးတွေကြားမှာ စိတ်ဝင်တစား လိုက်ပါ စီးမျောပါဝင် ခံစားရင်း ၂၆ ၂၇ တွေကို မျှော်လင့် စောင့်စားပြီး မြန်မြန်ဖတ်ချင်နေတဲ့ စိတ်က ပိုပြီး ကြီးစိုးနေတာ...
မြသီလာ တစ်ခုဖတ်ပြီးတိုင်း Comment ရေးဖို့  စိတ်ထက် နောက်ပိုစ့် အသစ်တစ်ခုကို တွေ့ ချင် ဖတ်ချင်တဲ့စိတ်က ပိုများနေတယ်လေ...
(မပြီးသေးတဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်ရင်း မှတ်ချက်ချဖို့ ထက် ပန်းချီကားလေး အပြီးသတ် ပုံပေါ်လာအောင် ကြည်ကြည်နူးနူး စောင့်ကြည့်ချင်နေတဲ့ ခံစားချက်မျိုးနဲ့  ခပ်ဆင်ဆင် တူနိုင်မယ် ထင်တယ်...။)
ဒါကြောင့် ဆရာမဆီ ရောက်ရဲ့ သားနဲ့ ဘာမှ မရေးဖြစ်ခဲ့တာပါ။
ချစ်ခင်စွာဖြင့်
သက်ဝေ

MANORHARY said...

အမရေ..သတ္တိရှိရှိနဲ့ရေးပြတာကိုချီးကျူးပါတယ်။
ဘ၀ဆိုတာကလည်းကိုယ်ဇာတ်ညွှန်းရေးသလိုသာ
သာယာကြစတမ်းဆိုရင်ကိုယ်တွေလိုစာရေးဆရာမ
တွေလောက်ဘယ်သူရေးနိုင်မှာတဲ့လဲ...
ဖြစ်လာတဲ့ဘ၀ကံကြမ္မာကို ကိုယ်ကိုယ်တိုင်ပဲနားလည်
ရင်ဆိုင်ရတာလေ..ကဲ့ရဲ့သူချီးမွမ်းသူဆိုတာက
အပြင်ကနေလေကလေးစိုက်ရုံလောက်ပါ...

MANORHARY said...
This comment has been removed by the author.
Unknown said...

Sayama,
I do understand your feeling. Life is a book read by page by page and day by day.
You can't avoid or refuse your destiny.
The most important thing very difficult to forget is "LOVE".
We are so glad that your are a Myanmar woman and a true teacher indeed.
I have read all of your post with heart.

လင်း said...

အမှန်ဘဲဆရာမ လူတွေက ကဲရဲ့ ပြစ်တင်တဲ့နေရာမှာတော့ တဖက်ကမ်းခတ်အောင်တော်ကြပါတယ်။
တခါတလေ အဲဒီ့ ကဲ့ရဲ့ သံတွေကဘဲ တခုခုကို တဖက်စွန်းထိ လုပ်ချလိုက်အောင် တွန်းပို့ တတ်တဲ့ အရာတွေဖြစ်လာပြန်ရော။
လင်းကတော့ ခံခဲ့ရဖူးတဲ့ သူမို့  နားလည်တယ် ဆရာမရေ။ မရှိမကောင်းရှိမကောင်းဟာ ပတ်ဝန်းကျင်ကလူတွေပဲ။

tin min htet said...

တီချယ်ကြီးရေ ..
အလုပ်ရှုပ်နေလို့ ၂၄ နဲ့ ၂၅ ခုမှ ဖတ်ရတယ်။ ခု ပြန်စဉ်းစားကြည့်တော့ အဲဒီတုန်းက တီချယ်ကြီး စိတ်ဓာတ် တော်တော်မာတယ်ပြောရမယ်။ လဲကျသွားနိုင်တဲ့ အဖြစ်မျိုးတွေ ..

ငထက်

s0wha1 said...

ထူးမြတ်တို့က ၄ နှစ်သားထဲက ခေသူ မဟုတ်။ ;))

Moe Cho Thinn said...

ဆရာမရဲ့ ချုပ်ရိုးကို ဖတ်ပြီး အတော် ခံစားလိုက်ရတာ။
ဆရာမရေ အချစ်နဲ့ ဥာဏ်ပညာကြောင့်ပဲ ဒါတွေကို ခံနိုင်ရည် ရှိခဲ့တယ် ထင်ပါရဲ့။

ခင်မင်းဇော် said...

ချိုသင်းးးးးး
သယ်ရင်းတွေ ကောင်းတာလဲ ပါပါတယ်အေ...
ဟုတ်ဘူးလား....

လွမ်းသုရင် said...

ဆရာမ...မြသီလာကို အစကနေ ဖတ်ခဲ့သလို နေ့တိုင်းလည်း လာလာကြည့်တယ်။ ဆက်ရေးထားပြီလားလို့ပါ။ စိတ်ရှည်လက်ရှည် စောင့်ဖတ်နေပါတယ်။ လွမ်းသုရင်ရဲ့ လက်သွေးခါစ စာတိုလေးတွေကို ဂရုတစိုက်ဖတ်ပြီး သင်ပြသွားတာကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်လည်း များများတွေးနိုင် ရေးနိုင်အောင် ကြိုးစားပါ့မယ်။ ဆရာမ စာတွေဖတ်ရင်း၊ ဆရာမ ဓါတ်ပုံတွေ ကြည့်ရင်းနဲ့ ဆယ်တန်းတုန်းက မြန်မာစာသင်တဲ့ ဆရာမတစ်ယောက်ကို သွားသတိရတယ်။ ဆရာမနဲ့ စိတ်ဓါတ်တွေ၊ အပြုအမူတွေ တူနေသလားလို့ မြင်ယောင်မိလို့ပါ။ ပြီးတော့ ဆရာမက ၂၀၀၅ခုနှစ်အထိ ဒဂုံမှာ ရှိနေသေးခဲ့ရင် အမှတ်တမဲ့များ ဆရာမကို မြင်ဖူးခဲ့မလားတော့ မပြောတတ်ပါဘူး။ လွမ်းသုရင် ၂၀၀၅မှာ နောက်ဆုံးနှစ်ကျောင်းသူပဲ ရှိပါသေးတယ်။ Day တော့ဟုတ်ဖူး။ အဝေးသင်ပါ။ နောက်ထပ်အသစ်ရေးဖို့လည်း စဉ်းစားနေသလို မြသီလာကိုလည်း မျှော်နေပါတယ်။ လွမ်းသုရင်ရဲ့ စာတွေမှာ လိုအပ်တာများ ရှိခဲ့ရင်လည်း သင်ပြပေးပါရှင်။ ဆရာမ အဆင်ပြေကျန်းမာပါစေ :)

M.Y. said...

လူသားနှစ်ဦးကြားက နက်ရှိုင်းတဲ့နားလည်မှု နဲ့  Chemistry ဆိုတဲ့ ဒြပ်ကြိုးမြှင်လေးတွေကို လှမ်းမြင် ခွင့်ရလိုက်သလိုပဲ။့ လက်တွဲဖော်..ပါရမီဖြည့်ဖက်.နားလည်မှု..လောကကြီးမှာ လူသားတွေ ကြားထဲ လိုအပ်နေတာလဲဒါတွေ ပဲမဟုတ်လား။

PAUK said...

မမေငြိမ်းရေ..
ဖတ်သွားပါတယ်..
၂၄..၂၅..ဒီနေ့မှဖတ်ဖြစ်ပါတယ်..

မသူတော် said...

ဆရာမ
ကိုယ့်ကိုကိုယ်အရမ်းမရိုက်ပုတ်ပါနဲ့..ပတ်ဝန်းကျင်နဲ့လောကဆိုတာအမြဲတမ်းဒီလိုပဲ..
အခုချိန်နောက်ပြန်လှည့်ကြည့်လိုက်..ကိုယ့်လောက်အဲ့ဒီသူတွေဒီဆယ်စုနှစ်အတွင်းမှာဘဝမှာအိမ်ထောင်ရေး.အချစ်ရေးပျော်ရွှင်အဆင်ပြေကြရဲ့လား..
တောင်တက်သလိုပေါ့..လမ်းတလျှောက်ကြုံတွေ့ရတဲ့စိတ်ညစ်ခက်ခဲတာတွေဆိုတာ
တောင်ထိပ်ပေါ်ရောက်တဲ့အခါ
အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့လို့
ို့ကြည်နူးရတဲ့ခံစားမှူ့..ပြန်မြင်ရတဲ့မြင်ကွင်းအလှ..တွေနဲ့ယှဉ်ရင်သေးသေးလေးပါ
ဘာပဲဖြစ်ဖြစ်လမ်းတလျှောက်ကိုရာကျော်လိုသူနဲ့အတူတူဖြတ်သန်းနိုင်ခဲ့တာ ကံကောင်းခြင်းလက်ဆောင်ပါပဲ..

လောက်ဖျား

မသူတော် said...

သိပ်ကဗျာဆန်သွားလား. :):)
Sorry! Its almost 25th. :)

လောက်ဖျား

ကလိုစေးထူး said...

အမပြောတဲ့ ချီးမွမ်းတာတောင် သိပ်မလုပ်တတ်ကြတတ်တော့ဘူးလား ဆိုတာ မှန်သဗျာ။ သမရတော့မယ်လားဆိုခါမှ ပေါ်လာတတ်တဲ့ လူတချို့ကို စိတ်တော့ ကုန်တယ်။ (စကားချပ်)

ကျနော်က ၉၇ ကျမှ ဘားအံကို ရောက်တော့ အမနဲ့ လွဲတာပေါ့။ ရေးထားတာတွေ ဖတ်ပြီး ဆဒ္ဒန်ဂူကို သတိရလိုက်တာ၊ ရွှေရင်မျှော်တို့ ဇွဲကပင်တို့ကိုလဲ လွမ်းတာပဲ။

Unknown said...

ဆရာမ...စောင့်ဖတ်နေတယ်..

ယောနသံစင်ရော် said...

ဆရာမ.. သတ္တိရှိရှိနဲ့ပတ်ဝန်းကျင်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တဲ့ စိတ်ဓာတ်ကို...ချီးကျူးမိတယ်။