Dec 13, 2008

မြသီလာအလွမ်းပြေ(၂၃)

ပြည်သာယာ နှစ်ထပ် ဇက်သင်္ဘောက ဘားအံကနေ မနက် ၇နာရီမှာ စထွက်ပါတယ်။ ကလေးတွေက ဆရာမတွေဖို့ အပေါ်ထပ်က အထူးခန်းတွေမှာ လက်မှတ်ဝယ်ပေးထားပေမဲ့ ကျမကတော့ ဘားအံက စထွက်ကတည်းက ကုန်းပတ်ပေါ်မှာပဲ ရပ်ပြီး လိုက်ဖြစ်ခဲ့ပါတယ်။ အဲလို လိုက်ရလောက်အောင်လည်း သံလွင်က လှလွန်းတာကိုး။ ဧရာဝတီကို သင်္ဘောနဲ့ တနံတလျား မသွားဖူးပေမဲ့ ပုဂံညောင်ဦးကမ္ဘားကနေ ငေးဖူးတယ်။ ပြည်ကနေ တဘက်ကမ်းကို ကန့်လန့်ဖြတ် ကူးဖူးတယ်။ ခု သံလွင်မှာတော့ လိုက်ပါစီးမျောဖူးပြီ။ မေလရဲ့ သံလွင်ရေက ကြည်စိမ်းနေတယ်။ အောက်ဘက် တော်တော်နက်နက်ထိတောင် မြင်ရသား။ ပြီးတော့ မဟာဇွဲကပင်ကို ဘေးတိုက်ဖြတ်ချိန်နေမှာ မြင်ကွင်းက ရင်သပ်ရှုမော။ ဘေးတိုက်ကြည့်တော့ ဇွဲကပင်က မြင့်မားရှည်လျားတဲ့ တောင်တန်းကြီး။ မြိုင်ကလေးကနေ လှမ်းမြင်ရတုန်းကလို ထီးတည်းရှိနေတဲ့ ပုံသဏ္ဍန်မျိုးမဟုတ်တော့။ ဆန်းပါတယ်။ တနေရာ ရောက်တော့ ပါဠိဆရာမ မဝေက လှမ်းပြတယ်.. ဇွဲကပင်တောင်ရဲ့ နံရံမှာ ကရင်အမျိုးသားနဲ့ အမျိုးသမီးပုံ.. တဲ့။ လှမ်းကြည့်တော့ တကယ်ပဲ တူလှတာ တွေ့ပါတယ်။ မဝေက ပြောပြတယ်။ အဲဒီ ကရင်မလေးနဲ့ ကရင်ကောင်လေးက ဇွဲကပင်တောင်ပေါ်ကနေ လက်တွဲပြီး ခုန်ချသွားခဲ့တဲ့ ချစ်သူနှစ်ဦးလို့ ပြောစမှတ်ရှိတယ်..တဲ့။ ဘာပဲဖြစ်ဖြစ် လူနှစ်ယောက် ရပ်နေတာနဲ့ တူတာတော့ အမှန်ပါ။


သံလွင်ဝန်းကျင်တလျှောက် အလှဆုံးကတော့ ကျောက်တောင်တွေပါပဲ။ ရေပြာပြာထဲ တလုံးစီ တမင် အလှဆင် စီချထားသလို။ အစိမ်းရောင်.. နီညိုရောင်.. အဖြူဖျော့ဖျော့ ကျောက်တောင်တွေ။ ကျောက်တောင်တွေပေါ်မှာ စေတီဖြူဖြူလေးတွေက ဟိုတဆူ ဒီတဆူ။ ပြီးတော့ မနက်စောစော မြစ်ရေပြင်ပေါ်က မြူထုတန်းတန်း..။ ကောင်းကင်ပြာပြာမှာ ငှက်တွေက အုပ်လိုက်ဖွဲ့ ပျံသန်းနေတာကလည်း.. တိမ်တိုက်တွေနဲ့အတူ မျောနေသလို။ မြစ်ပြင်လေက တဟူးဟူးတိုက်နေတော့ အေးအေးမြမြပေါ့။ ကျမရင်ထဲမှာ ဘာအပူသောကမှ မရှိတော့သလို အေးငြိမ်းနေခဲ့ပါတယ်။ ခင်ဝမ်းရဲ့ ဧရာဝတီကိုတောင် ညည်းနေဖြစ်ခဲ့ပါသေးတယ်။


မနက် ၈နာရီလောက်ကျတော့ ရွာတရွာကို သင်္ဘောကပ်တယ်။ ကုက္ကိုပင်တွေ စိမ်းညို့နေတဲ့ ရွာကလေး။ တကယ်တော့ အိမ်ခြေ လေးထောင်ကျော်ရှိတဲ့ ရွာကြီးပါ။ ဆိပ်ခံဗောတံတားပေါ်မှာ လူတွေ ခဲလို့။ ဈေးသည်တွေရော.. မော်လမြိုင်လိုက်မယ့် ခရီးသည်တွေရောပေါ့။ ဆိုင်းဘုတ်မှာ ရေးထားတာက ထုံးအိုင်... တဲ့။ ပါဠိဆရာမက ပြောပြတယ်။ အဲဒီတရွာလုံး မွန်လူမျိုးတွေတဲ့။ အဲဒီရွာက ကလေးတွေ ကျောင်းမှာ အများကြီးရှိတယ်တဲ့။ နောက်ဆို လာလည်ကြတာပေါ့..တဲ့။ ဘားအံကနေ ကုန်းလမ်းနဲ့ သွားလည်းရတယ်.. ၁၀မိုင်သာသာပဲ ဝေးတယ်... တဲ့။ (အဲဒီရွာလေးက နောင် ကျမရွာ ဖြစ်လာမှာလို့များ နည်းနည်းမှ မထင်ခဲ့ပါဘူး)။ ကျမတို့တွေ အဲဒီ ရွာကနေ တက်လာပြီး သင်္ဘောပေါ် လိုက်ရောင်းတဲ့ မုန့်ဟင်းခါး ၀ယ်စားကြတယ်။ ဟင်းရည်က ငါးနိုင်းချင်း ကြက်သွန်နိုင်းချင်းနဲ့။ ဆန်းတာက မုန့်ဟင်းခါးထဲမှာ ဂွေးချိုသီးတွေ ပဲပင်ပေါက်တွေ ရှမ်းနံနံတွေ ထည့်စားကြတာပဲ။ ကျမလည်း စမ်းစားကြည့်တော့ စားကောင်းသား။ နောက်တော့ မြေပဲပြုတ်တွေ.. ပြောင်းဖူးပြုတ်တွေ ၀ယ်စားကြ တယ်။ သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ် ထူးထူးကဲကဲ ချိုတဲ့အရသာကို သိသိသာသာ ရတဲ့ အစားအစာတွေ။ ထုံးအိုင်ကိုကျော်တော့လည်း သံလွင်မြစ်ရဲ့ ဟိုဘက် ဒီဘက်မှာ ရွာကလေးတွေ လယ်တွေ ကိုင်းတွေ သာသာယာယာ... မြစ်ရဲ့ အလှနဲ့ ဟာမိုနီဖြစ်လို့။ လွမ်းမောစရာ ခေါင်းဆေးကျွန်းကို ဖြတ်ကျော်လာပြီး ချစ်စရာကောင်းတဲ့ မော်လမြိုင်ဟိုတယ် ပုပြားပြားလေးတွေကို လှမ်းမြင်လိုက်ရပြီး စင်ရော်တွေ ကျမတို့အနား ဥဒဟို ပျံဝဲ ရောက်လာ...။ နောက် မကြာခင်... ၁၁နာရီ ကျော်ကျော်မှာတော့ မော်လမြိုင်ကို ရောက်ပါပြီ။

+++++

မော်လမြိုင်မြို့ထဲကတော့ ဘားအံနဲ့ယှဉ်ရင် နည်းနည်း ပို ဆူပွက် လှုပ်ခတ်တဲ့ မြို့ပါ။ ရုံးစိုက်ရာ မြို့တော်တခု လည်း ဖြစ်တာကိုး။ တချိန်က မှောင်ခိုပစ္စည်းတွေကြောင့် ကျော်ကြားခဲ့တဲ့ မြို့.. မိုးမိုး(အင်းလျား)ရဲ့ 'ဂျိုး' ၀တ္ထုလေး အခြေတည်တဲ့ မြို့.. ဂျူးက 'မိန်းမတယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်'ထဲမှာ ဆွတ်ဆွတ်ပျံ့ပျံ့ ထည့်ရေးခဲ့ရတဲ့ မြို့..။ ကျမအတွက် စိတ်ဝင်စားစရာဆိုရင်တော့ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ပါမောက္ခချုပ် အဖြစ် အုပ်ချုပ်ရာ တက္ကသိုလ်ကျောင်းတော်ကြီး ရှိနေတဲ့ မြို့ပေါ့။ ကျမတို့က အဖွဲ့တောင့်တော့ Taxi ငှားစီးရင် တန်ပါတယ်ဆိုလို့ သဘောတူကြပြီး ပါဠိဆရာမက ဦးဆောင်လို့ ကားငှားပါတယ်။ ကျမတို့ သွားရမှာက တောင်ဝိုင်း ကျောင်းထဲ တဲ့...။

မော်လမြိုင်ကလည်း နဘေးမှာ တောင်ညိုတောင်တန်းတွေ ရှိတာမို့ မြင်ကွင်းက ဘားအံနဲ့ ခပ်ဆင်ဆင်ပါပဲ။ လမ်းတွေကလည်း ကုန်းတက်ကုန်းဆင်းတွေပဲ။ မော်လမြိုင်ရဲ့ ထူးခြားချက်က အဆောက်အဦး တော်တော် များများက မေမြို့ဆန်ဆန် အနောက်ဟန် ပါတာပါပဲ။ ပြီးတော့ မော်လမြိုင်ရဲ့ နေ့လယ်ခင်းက ဘားအံလို ရှင်းလင်း ခြောက်သွေ့မနေပါဘူး... သက်ဝင် ဆူညံပါတယ်။ နောက်တော့.. ကျမတို့ ငေးရင်းမောရင်းမှာပဲ လမ်းမရဲ့ ညာဘက်ခြမ်းမှာ မော်လမြိုင်တက္ကသိုလ် ဆိုတဲ့ ဆိုင်းဘုတ်ကြီး တွေ့လိုက်ရပြီး ကားက ချိုးဝင်လိုက်ပါတယ်။ ဒါက အဓိပတိလမ်းမကြီးပေါ့...။ မျှော်ကြည့်လိုက်တော့ လမ်းမကြီးရဲ့ အဆုံးမှာ ကန့်လန့်ဖြတ် လျက်သား ရှိနေတဲ့ အဖြူရောင် သုံးထပ် အဆောက်အဦးကြီး...။


အဲဒီ အဆောက်အဦးကြီးရဲ့ အပေါ်ဆုံးတတိယထပ်က အဓိပတိလမ်းမကြီးကို ဆီးကြည့်နိုင်တဲ့ မျက်နှာစာ ဘက်ခြမ်းမှာ မြန်မာစာဌာန ရှိနေတာပါ။ ဌာနမှာ ရောက်ကြောင်း သတင်းပို့ပြီး ကျမတို့ တည်းဖို့ ဆရာမများဆောင်က သူငယ်ချင်းတွေဆီမှာ နေရာယူကြပါတယ်။ အိုးး ဆရာမဆောင် တ၀င်းလုံး ရန်ကုန်က ကိုယ့်သူငယ်ချင်းတွေချည်းပဲ...။ ညနေစောင်း ကျောင်းဝင်းထဲ လမ်းလျှောက်တော့မှ တကယ့် သဘာဝနဲ့ နီးစပ်လှတဲ့ မော်လမြိုင်တက္ကသိုလ်ကိုလည်း သဘောကျမိတော့တာ။ သစ်ပင်အုပ်အုပ်တွေ... ပြီးတော့ ကျောင်းရဲ့ ပင်မ အဓိပတိလမ်းမ နဘေးက ရေတဝေါဝေါစီးနေတဲ့ လျှိုကလေး။ တထပ် စာသင်ဆောင် လေးတွေ...။ ခန့်ညားတဲ့ ဓမ္မာရုံကြီး။ တကယ်တော့ တောကျကျ တက္ကသိုလ်တခုပါပဲ..။ ဒါပေမဲ့ ပန်းခင်းအလှလေးတွေနဲ့ တိတ်ဆိတ်အေးချမ်းမှုကို အတိတွေ့နေရတဲ့ ဒေသလေး။ ဥသြသံလေးတောင် ကြားနေရတာ မှတ်မိနေပါသေးတယ်။ နဘေးမှာ တောင်ဝိုင်းတောင်ကြီးက ကာဆီးလို့... အရိပ်ပေးထား သလိုလို။ အင်းးး မြသီလာတော့ မြသီလာပါပဲလေ..။

+++++

ဗုဒ္ဓဟူးနေ့ အစည်းအဝေးပြီး နောက်တနေ့ ကြာသပတေးနေ့လယ် ၁၂နာရီထွက်မယ့် ပြည်သာယာသင်္ဘောနဲ့ ဘားအံပြန်ဖို့ စီစဉ်ပါတယ်။ ကြာသပတေးမနက် ကျောင်းကင်တီးမှာ လဘက်ရည်သောက်ပြီး မြို့ထဲဆင်းမယ်.. ဈေးကြီးဝင်မယ်..လို့ စီစဉ်တော့ ဌာနက မမသင်းက သူ့ဆိုင်မှာ နေ့လယ်စာ ထမင်းစားပါတဲ့။ သူ့ဆိုင်က ဒေါ်ပု ထမင်းဆိုင်..တဲ့။ ကျမတို့ ဝေးကနဲ အော်ကြပါတယ်။ မော်လမြိုင်မှာ နာမည်အကြီးဆုံး ထမင်းဆိုင်ပေါ့.. (ဂျူးဝတ္ထုထဲလည်း ပါဖူးတဲ့ ဆိုင်)။ နာမည်ကြီးလောက်အောင်ပဲ အဲဒီနေ့က စားကောင်းလိုက်တာ..။ (အဲဒီ မမသင်းက နောက်ပိုင်း ကျမ မော်လမြိုင် တက္ကသိုလ်မှာ တာဝန်ယူရတော့ အချစ်ဆုံးသူငယ်ချင်းတအုပ်စုတည်း ဖြစ်သွားတာ)။

ကျမအတွက်တော့ သူငယ်ချင်းတွေနဲ့တူတူ.. အသစ်အဆန်းတွေနဲ့မို့ သားကို လွမ်းတဲ့အလွမ်းကတောင် သက်သောင့်သက်သာ ရှိနေခဲ့သလို။

+++++

သောကြာနေ့မှာတော့ ကျမ ကျောင်းအုပ်ကြီးလုပ်တဲ့ ဌာနမှူးအစည်းဝေး တက်ရမယ်တဲ့..။ ကျမကတော့ အစ်မကြီးကို ရအောင်ခေါ်တာပဲ။ အစ်မကြီးကလည်း လိုက်ခဲ့ရှာပါတယ်။ အဓိက ကတော့ Fresher welcome လုပ်ဖို့ကိစ္စပါ။ ဒီတော့မှ လှိုင်တက္ကသိုလ်နဲ့ မတူတာကို သတိထားမိပါတယ်။ ဘားအံကောလိပ်မှာက မောင်မယ်သစ်လွင်ကြိုဆိုပွဲကို သေချာ အကျအန လုပ်တာတဲ့။ ကျောင်းအနေနဲ့ရော ဌာနအလိုက်ရော လုပ်ရတာတဲ့။ အစည်းဝေးမှာ အစီအစဉ်တွေ အသေးစိတ် ဆွေးနွေးကြ တိုင်ပင်ကြပါတယ်။ ဌာနအလိုက် ကတော့ ကိုယ်အဆင်ပြေသလို လုပ်ကြပါ..တဲ့။

ဒီတော့ အစည်းဝေးလည်းပြီးရော ကျမတို့ သူငယ်ချင်း၃ယောက် ဌာနထဲမှာ ခေါင်းချင်းဆိုင် ကြရပါတော့တယ်။ ကျမက ဌာနမှူး မလုပ်ချင်ဘူး ဆိုတော့ အစ်မကြီးက "မရဘူးလေ.. ညီမလေးကလည်း .. လိုရင် အစ်မကြီး ကူမှာပေါ့" တဲ့။ နောက်ဆုံးတော့ အဆင်ပြေသလို ကြုံသလို လုပ်ကြတာပေါ့လို့ အတည်ပြုလိုက်ကြပါတယ်။ ဒီလိုနဲ့ ကျမတို့ နှစ်ယောက် ပူးတွဲ ဌာနမှူးတွေလို တတွဲတွဲ လုပ်ခဲ့ကြရတာ..။ ပျော်စရာပါပဲ..။

အဲဒီနေ့မှာပဲ မေဂျာတန်း၃တန်းအတွက် အချိန်ဇယားဆွဲတာတွေ.. သင်ရမယ့် ဘာသာရပ်ခွဲတာတွေ.. တတိယနှစ် မေဂျာကျောင်းသား ၇ယောက်၊ ဒုတိယနှစ် မေဂျာကျောင်းသားက ၃ယောက် (ယောက်ျားလေးတယောက်၊ မိန်းကလေး ၂ယောက်)နဲ့ ပထမနှစ် မေဂျာကလေး ၂၃ယောက်တို့အတွက် စာသင်ခန်းသတ်မှတ်ပေးတာတွေ လုပ်ရပါတယ်။ ။ အဲဒီ အတန်းကြီး ကလေး ၁၀ယောက်ကို အစည်းဝေးလေး ခေါ်ရပါတယ်။ မောင်မယ် သစ်လွင်ကြိုဆိုပွဲကိစ္စပေါ့။ အဲဒီနေရာမှာ တတိယနှစ်နဲ့ ဒုတိယနှစ်ကလေးတွေရဲ့ စည်းလုံးညီညွတ်မှု၊ ကျွမ်းကျင် လိမ်မာမှုနဲ့ စေတနာတွေကြောင့် ကျမတို့ဆရာ၃ယောက် ခေါင်းမရှုပ်လိုက်ရဘဲ အစီအစဉ် ဆွဲပြီးသား ဖြစ်သွားပါတော့တယ်။ (လူနည်းပေမဲ့ အင်မတန် အားကိုးရတဲ့ ကလေးတွေပါ)။ ပထမနှစ်ကလေး ၂၃ ယောက်ကို ကြိုဖို့ ပိုက်ဆံစုတာက အစ မုန့်ကျွေးဖို့ စီစဉ်တာ King & Queen ရွေးတဲ့ အစီအစဉ် အထိ။ လာမယ့် တနင်္လာနေ့ မနက် ၁၀နာရီမှာ ကြိုကြမယ်ပေါ့။

+++++

စနေနေ့မနက်မှာတော့ ကျမတို့ ခြံဝင်းလေးရဲ့ နောက်ဘက်လမ်းသွယ်လေးထဲမှာ ရှိတဲ့ ရပ်ကွက်ဈေးကလေးကို သွားကြည့်ကြပါတယ်။ အဲဒီဈေးကလေးကနေပဲ ကျမအိမ်ကလေး အတွက် လိုမယ့် အိုးခွက်ပန်းကန်လေးတွေနဲ့ ဟင်းလျာတွေ ၀ယ်ရပါတယ်။ အသားငါး ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေကို ဈေးချိုချိုနဲ့ ရလို့ ကျမဖြင့် ဈေးဝယ်ရတာမှာ ပျော်နေခဲ့ ပါသေးတယ်။ ပြီးတော့ ရန်ကုန်မုန့်ဟင်းခါးနဲ့ မတူတဲ့ ဘားအံမုန့်ဟင်းခါးကို စားကြည့်ပြီး ကြိုက်သွားခဲ့တာ။ ငါးနိုင်းချင်း.. ကြက်သွန်နီဖတ် နိုင်းချင်းနဲ့။ ငှက်ပျောအူကို တအိုးသပ်သပ် ပြုတ်ထားပြီး လိုချင်မှ ထည့်ပေးတာ။ စားတဲ့အခါကျတော့ ခရမ်းချဉ်သီးနဲ့ ရှမ်းနံနံတွေ ဗမာနံနံတွေ.. ပဲတီပင်ပေါက်တွေ အကြိုက် ထည့်စားကြရတာ။ ကျမ ဘားအံမှာ နေခဲ့ရတဲ့ ၃နှစ်လုံး နေ့တိုင်းနီးပါး စားတာပေါ့။

ဈေးကအပြန်မှာတော့ ကျမရယ်.. အစ်မကြီးရယ်.. မိချိုရယ်... သူငယ်ချင်းဆရာ(သူ့ကို ကျမက ကလေးတွေ ကွယ်ရာမှာဆို ကျောင်းတုန်းကလိုပဲ အသေးလေးလို့ ခေါ်ပါတယ်)ရယ်.. ကျမတို့ ကျောင်းရှေ့ လမ်းမကြီးပေါ်က 'စိန်' လို့ နာမည်ပေးထားတဲ့ လက်ဘက်ရည်ဆိုင် လေးကို သွားထိုင်ကြတယ်။ (ကျမတို့ အိမ်တွေကို ဖုန်းခေါ်လည်း အဲဒီဆိုင်လေးကနေပဲ ခေါ်ရတာပါ)။ နောက်တော့ အဲဒီလက်ဘက်ရည်ဆိုင်ဟာ ကျမတို့ မနက်တိုင်းလိုလို ထိုင်ဖြစ်တဲ့ ဆိုင်ကလေးဖြစ်သွားတာပေါ့။ အဲဒီဆိုင်ကလေးကနေ လှမ်းကြည့်ရင် မနီးမဝေးမှာ ထန်းပင်မြင့်မြင့်တွေ.. ထုံးဖြူစေတီလေးတွေနဲ့ ဘုန်းကြီးကျောင်းကလေးတွေကို ပခုံးပေါ် ထမ်းထားတဲ့ စိမ်းညို့ညို့ ကြာအင်းတောင်ကို ကန့်လန့်ဖြတ်အနေအထားနဲ့ လဲလျောင်း နေတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် အဲဒီဆိုင်လေးရဲ့ အပြင်ဘက်က စားပွဲကို ကျမ ရွေးထိုင်လေ့ရှိပါတယ်။

အဲဒီတုန်းက စိန်လက်ဘက်ရည်ဆိုင်လေးက ကျောင်းနဲ့နီးနီးက အကောင်းစားလို့ ပြောရမယ့် တခုတည်းသော လက်ဘက်ရည်ဆိုင်လေးပေါ့။ ယိုးဒယားဖြစ် မုန့်မျိုးစုံရတယ်.. မနက်စာ ထမင်းကြော်.. စမူဆာ.. ပဲနံပြား.. ကော်ပြန့်ကြော်.. အီကြာကွေး ကောင်းကောင်းရတယ်။ ကျမတို့ ဆရာအုပ်စု ဆိုင်ထဲဝင်လိုက်တာနဲ့ ဆရာ.. ဆရာမဆိုပြီး စကားသံဝဲ၀ဲလေးတွေနဲ့ နှုတ်ဆက်ကြတာ ဆူညံဆူညံကို ဖြစ်သွားတာပါပဲ.. တဆိုင်လုံး ကျောင်းသားကျောင်းသူတွေ ကိုး...။ အဲဒီနေ့က ကျမတို့စားတာ ဘယ်သူတွေ ရှင်းလိုက်တယ် မသိ။ စားသောက်ပြီးလို့ ပိုက်ဆံလည်းရှင်းရော.. ကလေးတွေ ရှင်းသွားပြီတဲ့။ ဒါဟာ နယ်ကောလိပ်လေးရဲ့ ကျမတွေးမထားဖူးတဲ့ နွေးထွေးတဲ့ မိတ်ဆက်မှုတခုပါပဲ။ ဘားအံဟာ ထိုင်းနယ်စပ်နဲ့ နီးတဲ့ မြို့ကလေးမို့ ကျောင်းသူကျောင်းသားတွေဟာ ခေတ်မီတဲ့ အဆင်အပြင်.. သပ်ယပ်တဲ့ အသွင်အပြင်တွေနဲ့အတူ ယဉ်ကျေးတဲ့ အမူအယာတွေ ရှိကြတာတော့ သတိထားမိပါတယ်။

အဲဒီနေ့ကလေးမှာမှပဲ ကျမက ကျမ အနည်းဆုံး ၂နှစ်လောက်နေရမယ်လို့ သိထားတဲ့ ပတ်ဝန်းကျင်ကလေးကို သေချာ လေ့လာရတော့တာပါ။ အဲဒီနေ့မှာပဲပေါ့။ လက်ဘက်ရည် ဆိုင်ကအပြန်.. ကျမ နေ့လယ်စာအတွက် မီးဖိုခန်းထဲမှာ ဟင်းချက်ဖို့ပြင်နေတုန်း အိမ်အပြင်ကနေ အမေရေ့ အမေရေ့.. ဆိုတဲ့ ခေါ်သံတွေ ကြားလိုက်တာ..။ အဲဒီခေါ်သံက အိမ်ဝထိ ရောက်လာမှပဲ ကျမက ငါ့ကိုများခေါ်လေသလားလို့ တွေးမိတာပါ။ ဒါနဲ့ အိမ်ရှေ့ဘက်ထွက်လိုက်တော့မှ အိမ်ဝမှာရပ်နေတဲ့ ရန်ကုန်က ကျမရဲ့ လှိုင်တက္ကသိုလ် Geology(၁၉၉၃-၉၄) က သားတွေကို ဗြုန်းကနဲ တွေ့လိုက်ရတာ။ ကျမ အံ့သြသွားမိပါတယ်။ ဦးဆောင်လာတာက သရဲလို့ ကျမတို့ ချစ်စနိုးခေါ်တဲ့ ကလေး။ သူတို့က ကျောင်းထဲမှာ ကျမနာမည်သွားမေးလို့ ယောက်ျားလေးဆောင်က ကလေးတွေက ကျမဆီအရောက် လိုက်ပို့ပေးတာ။

(ဒီနေရာမှာ သရဲလေးအကြောင်း ပြောပြချင်ပါတယ်။ သူက ကျမကို အမေလို့ ခေါ်တယ်။ ခုသူရှိရင် အသက် ၃၃လောက်ရှိမှာပေါ့။ သူက သီချင်းဆိုချင်တာ.. အဆိုတော်ဖြစ်ချင်တာ.. အဆိုတော်တောင်မှ Rock အဆိုတော်ဖြစ်ချင်တာ။ ဇော်ဝင်းထွဋ်နဲ့ ဟယ်ရီလင်းသီချင်းတွေကို crazy ဖြစ်တဲ့ ကလေး။ သူ့အသံကလည်း ခပ်ကွဲကွဲမို့ သူ့ကို သူ့သူငယ်ချင်းတွေက ဇော်ဝင်းဖွတ်လို့လည်း ချစ်စနိုး ခေါ်ကြတယ်။ ကျောင်းပွဲတွေမှာ သီချင်းဆိုရင် တကယ့် Rocker လို ဟန်ပန်ကောင်းတဲ့ ကလေး။ အဲဒီတုန်းက သူဆိုနေကျ သီချင်းတွေက 'ဘာကြောင့်အချစ်ရေ အသည်းခွဲတာလဲ' နဲ့ 'မောဟစားသူများ'...။ ကျောလယ်လောက် ဆံပင်ရှည်ရှည်ကြီးနဲ့မို့ သရဲလို့ အသမုတ်ခံရပေမဲ့ အင်မတန်ယဉ်ကျေးတဲ့ ကလေးပေါ့။ ကျောင်းအားရက်တွေမှာ Freelance tourist guide လုပ်ပြီး ကျောင်းစရိတ်ရှာတဲ့ ကလေး။ နောက်တော့ တကယ်ပဲ ကျမနဲ့ သားအမိတွေလိုဖြစ်သွားပြီး ကျောင်းမှာ ကျမနဲ့ ကင်တီးထိုင်ဖက်လည်း ဖြစ်သွားတဲ့ ကလေးပါ။

နောက်တော့ ၂၀၀၀ လောက်မှာပဲ ကျမ မော်လမြိုင်တက္ကသိုလ်မှာ ရှိနေတုန်း သရဲကလေး သတင်းကို ကြားရပါတယ်။ မြစ်ကြီးနား မြစ်ဆုံကို နိုင်ငံခြားဧည့်သည်လိုက်ပို့ရင်း ဧည့်သည်က ရေဆင်းကူးတာမှာ ရေနစ်တော့ သူ ဆင်းကယ်ရင်း ရေနစ်ပြီး ကွယ်လွန်သွားတယ်တဲ့။ ကျမ စိတ်ထဲ တော်တော်ကို ထိခိုက်ရပြန်တဲ့ သတင်းပေါ့။ အဲဒီအချိန်မှာ မှတ်မှတ်ရရ ကျမ စိတ်ထိခိုက်စရာ ကျမကလေးတွေရဲ့ နာရေးသတင်းတွေ ကြားခဲ့ရတာ တတိယမြောက် သတင်းပေါ့.. ပထမဆုံးက မိုးသွင်သွင်... နောက် ဥာဏ်မိုးလေး(ဆရာတင်မိုးသား.. ချိုသင်းမောင်လေး).. နောက်ဆုံး အဲဒီအချိန်မှာ သရဲလေးသတင်းပေါ့။ ၃ယောက်လုံးဟာ ကျမ ချစ်တဲ့.. အင်မတန် စိတ်ကောင်းနှလုံးကောင်းရှိကြတဲ့.. ကိုယ်ပိုင်တန်ဖိုး အသီးသီး ရှိကြတဲ့... ကလေးတွေပါ။ မြန်မာနိုင်ငံရဲ့ ခေတ်နောက်ကျမှုကြောင့် သတင်းအားလုံးကို တော်တော် နောက်ကျပြီးမှပဲ ကျမ သိခဲ့ရတာပါ)။
အဲဒီ သရဲလေးက ဦးဆောင်ပြီး အားလုံး ၈ယောက်.. တပြုံကြီး.. ကြည့်ပါဦး.. လိုက်လာကြတာ။ အမေ့ကို စိတ်ပူလို့တဲ့။ သရဲလေးက ပြောသေးတယ်။ ဘားအံဆိုတာ ကျနော်တို့ အမျိုးတွေ နေတာလေ အမေရဲ့.. ဒါကြောင့် ကျနော် အမေ့ကို အပ်ရအောင် လိုက်လာတာတဲ့။ သူက ကရင်လူမျိုးလေ။ ပြီးတော့ တကယ်ပဲ သူတို့ကို ကျမနေတဲ့ အိမ်ကလေးဆီအရောက် လိုက်ပို့ပေးတဲ့ ကလေးတွေကို သူက လူကြီးလုပ်ပြီး ကျမကို အပ်နေတာ။ ကျနော်တို့အမေကို စောင့်ရှောက်ပါနော်.. တဲ့။ ကျမမှာ ရယ်နေရင်းနဲ့ပဲ မျက်ရည်တလည်လည်နဲ့ ဖြစ်နေခဲ့ရ ပါတယ်။

သူတို့ကို ဘယ်မှာ နေရာချရပါ့မလဲလို့ ကျမ ပူနေတုန်းမှာပဲ သူတို့က "အမေကလည်း ပူမနေနဲ့ ကျနော်တို့ သူငယ်ချင်းတွေ အမျိုးတွေ ရှိတယ်.. အဲဒီမှာ တည်းမှာ..၊ အမေ အဆင်ပြေတာ တွေ့ရတော့ စိတ်ချပြီ...... တနင်္လာနေ့ ကျောင်းတက်ရမှာဆိုတော့ နက်ဖန်ပြန်မယ်လေ" တဲ့။ တနေကုန် ကျမဆီ သူတို့နေတော့ သူတို့ကို လိုက်ပို့ပေးတဲ့ ကလေးတွေလည်း ကျမဆီ တနေကုန်..။ အဲဒီ ကလေးတွေကပဲ လိုက်ပို့ပေးလို့ ညနေခင်းမှာတော့ သရဲလေးတို့ကိုလည်း ပို့ရင်း ကျမတို့ရန်ကုန်သူ ဆရာမတစုလည်း မရောက်ရသေးတဲ့ ဘားအံရဲ့ နာမည်ကျော် ကန်သာယာဘက် သွားလည်ကြပါတယ်။ ဇွဲကပင်တောင်နောက်ခံနဲ့ ကန်သာယာဟာ ဘားအံရဲ့ လွမ်းစရာ ကောင်းတဲ့ ဇာတ်ဝင်နေရာလေးတခုပေါ့။ (နော်ရင်မွှေး ရုပ်ရှင်ကားထဲမှာ ဘားအံရဲ့ သဘာဝအလှကို တ၀ကြီးမြင်ရနိုင်ပါတယ်)။

(ကန်သာယာထဲက တံတားကလေး)

အဲဒီညနေမှာမှပဲ ဘားအံကောလိပ်မှာ ကျမနဲ့ ၃နှစ်လုံးလုံးဆုံရမယ့် သားသမီးလို ဖြစ်သွား ရပြန်တဲ့ ကလေးတွေနဲ့ စရင်းနှီးသွားရတာ။ မိန်းကလေး၅ယောက် နဲ့ ယောက်ျားလေး ၃ယောက်။ နောက်ပိုင်း သရဲကလေးတို့ ပြန်အသွားမှာတော့ အဲဒီကလေးတသိုက်ကပဲ ကျမကို တကယ် ကူညီစောင့်ရှောက်ကြတဲ့ အရင်းနှီင်္းဆုံး သားသမီးတွေအဖြစ် ရှိခဲ့ကြတာပါပဲ..။ အားလုံး ကော့ကရိတ်က ကလေးတွေပေါ့..။ (ထူးထူးခြားခြားပြောရရင် ဘားအံမှာ ရှိခဲ့တဲ့တလျှောက် ကျမနဲ့ အရင်းနှီးခဲ့ဆုံး တပည့်တွေကလည်း ကော့ကရိတ်က ကလေးတွေ ပါပဲ)။ အဲဒီကလေးတွေရဲ့ ဘ၀ ဘ၀တွေဟာ ကျမရဲ့ မြသီလာ သက်တမ်းမှာတော့ မှတ်တမ်းမှတ်ရာတွေ ဖြစ်ခဲ့ပါတယ်။

+++++

9 comments:

MANORHARY said...

မနက်ကပဲစဉ်းစားနေတာ၊မြသီလာမတင်တာ တစ်ပတ်ရှိသွားပြီလို့....
လာဖတ်သွားတယ်နော်...

MonsterOfRock said...

ဖွတ်ကြီးက ကျနော်တို့ 3rd Year Field အပြန်မှာ ဒီကောင် မြစ်ဆုံကို ဧည့်သည်လိုက်ပို့ရင်း ဆုံးတာ ဆရာမရဲ့။ ၁၉၉၅ ထဲမှာပဲ။ ဒီကောင် အဲဒီ မတိုင်ခင် စင်ပေါ်မှာ အ၀ါရောင်လမ်းကလေး ကို အက်ရှင်အပြည့်နဲ့ ဆိုသွားသေးတယ်။ Field ထဲမှာ ဒီကောင် နေ့စဉ်ဆိုသွားတဲ့ သီချင်းက ဟယ်ရီလင်း ရဲ့ အနာဂတ်ဗိမ္မာန် သီချင်းလေ။ အဲဒီ သီချင်းထဲကစာသားက "ကျဆုံးသူပဲ ပင်လယ်ကြီးထဲ ရေလှိုင်းအောက်မှာ ငါဟာစုန်ဆန် မျောရင်း နစ်မွှန်းနေလဲ (ငါဟာ) ဖြူစင်ဆဲပဲ" တဲ့ ဆရာမရယ်။ :(

Moe Cho Thinn said...

ဆရာမ မြသီလာကတော့ ခံစားမှု အစုံကို ခံစားရတော့တာပဲ။ သရဲကလေးအကြောင်း သိရတာလဲ စိတ်မကောင်းစရာ။ ဥာဏ်မိုးကိုလဲ သတိရ။ ဘားအံ မုန့်ဟင်းခါးလဲ စားချင်။ သံလွင်မြစ်မှာလဲ သဘောင်္စီးချင်။ ဇွဲကပင်တောင်ကိုလဲ တက်ချင်ပေါ့ ဆရာမရယ်။ လွမ်းအောင် ရေးတတ်လွန်းပါတယ်။

s0wha1 said...

အန်တီ။ ကိုသရဲလေး အကြောင်းဖတ်ပြီး စိတ်မကောင်းဘူး။ အိမ်ပေါက်ဝမှာ လူ ၈ ယောက် တပြုံကြီးကို မြင်လိုက်ရတယ်ဆိုတဲ့ နေရာရောက်တော့ ရယ်လည်းရယ်မိ၊ မျက်ရည်လည်း ၀ဲမိတယ်။

ThuHninSee said...

ဒါဆို ကိုရာကျော်နဲ့ ကျွန်မတို့ ရွာနီးချင်း တွေလားဟင်။

M.Y. said...

ဖားအံ နဲ့ ဇွဲကပင်တောင် က အရောက်ချင်ဆုံးဒေသနဲ့ အမြင်ချင်ဆုံးရှုခင်းမှာ တစ်ခုပါတယ်။
အမရဲ့ ဖားအံကောလိပ်အတွေ့ အကြုံတွေအကြောင်း ပိုသိချင်သေးတယ်။

Nyo Htet Nyo said...

ဆရာမရေ…ဘားအံ နဲ့ မော်လမြိုင် အကြောင်း ရေးထားတာ ကွက်ကွက်ကွင်းကွင်း ပါပဲ။ အဲဒီတုန်းက ခေတ်ရဲ့ ခေတ်ပြိုင်ရုပ်ပုံလွှာလေးတွေ များများ ရေးပေးပါခင်ဗျာ….စောင့်မျှော်ဖတ်ရှုလျက်ပါ…

မေငြိမ်း said...

မနော်ရေ.. တခါတလေ.. မြသီလာက ရေးရင်းသားကနေ ရပ်ရပ်သွားတာမျိုး ဖြစ်ဖြစ်နေတယ်။ တချို့ကိစ္စတွေ ပြန်မတွေးချင်တာမျိုး..။ ဒါပေမဲ့ ရေးရမယ်ဆိုပီးတော့ပဲ...။

သား Monster ရေ.. ဟုတ်မှာ.. အဲဒီကိစ္စကို ဆရာမ သိတော့ သိပ်ကြာခဲ့ပြီ။ ဒါကြောင့် ပို စိတ်ထိခိုက်ရတာ.. သူ့ကို အမျှလေးမှ ပူပူနွေးနွေး မဝေလိုက်ရ..။ သူကိုယ့်အပေါ် တာဝန်ကျေ သလောက် ကိုယ်က တာဝန်မကျေနိုင်ခဲ့တာ.. ခုထိ စိတ်ထိခိုက်တုန်း။ အင်း သူဆိုခဲ့တဲ့သီချင်းလေးက တိုက်ဆိုင်လိုက်တာ.. ခုတောင် မျက်ရည်ကျမိပါ တယ် သားရယ်..။

ချိုသင်းရေ..
ဘားအံဝန်းကျင်ဟာ ဆရာမအတွက်တော့ လွမ်းလည်း လွမ်းရ.. နာလည်း နာကျင်ရ.. တခါတလေကျတော့ တစ်ကနေ ပြန်စရေးချင်တဲ့ စာမျက်နှာတွေလည်း ဖြစ်တယ်။ ရေးရဦးမှာပေါ့။

သမီး s0wha1..
ဟုတ်တယ်.. သိပ်ချစ်စရာကောင်းတဲ့ သားတွေပေါ့။ အန်တီ့ဆရာမဘ၀မှာ အဲလိုထည့်မရေးဖြစ်တဲ့ သားတွေ အများကြီးရှိသေးတာ။ ကြုံရင်တော့ ထည့်ပါဦးမယ်။

သုနှင်းဆီရေ..
သမီးက ဘယ်ရွာကလဲဟင်.. အဲဒီနားတ၀ိုက် ကတော့ ဆရာမ အကုန်သိ။

ကမောင်ရင်...
တကယ် သွားသင့်တဲ့ ဒေသဖြစ်ရုံမကပါဘူး။ Tourist Area လုပ်ရင်ကို နိုင်ငံခြားဝင်ငွေ တော်တော်ရမယ့် ဒေသလေး။ ပြီးတော့ အဖိုးတန်သစ်တောတွေ ဘယ်လောက် ဒုက္ခပေးခံခဲ့ရတယ်ဆိုတာတွေရောပေါ့။ အမမှာ ရေးစရာတွေအများကြီးး ရေးဦးမှာ။

ညိုထက်ရေ.. တကယ့်ကို အသေးစိတ်ရေးမှာပါ.. မပျင်းတမ်း စောင့်ဖတ်နော်..။

ThuHninSee said...

ကော့လှိုက်လေ။