Aug 19, 2008

မြေနဲ့အတူ(အပိုင်း-၁)

ခရီးမှာ ရှိနေတုန်း... စာရေးဖို့ အဆင်မပြေလှတုန်း... ကျမရဲ့ ဘလော့လေးဆီကို လာနေကျဧည့်သည်များ အလဟဿ လှည့်မပြန်ရအောင်.. (တောင်းဆိုထားတဲ့သူတွေလည်း ကျေနပ်အောင်).. ရေးခဲ့ဖူးတဲ့ ၀တ္ထုလတ်တပုဒ်ကို အပိုင်းလိုက် ပြန်တင်သွားချင် ပါတယ်။ အဲဒီဝတ္ထုလေးက ဂျူး၊ မိုချာ့၊ ခက်မာတို့နဲ့ တွဲပြီး ၁၉၉၈ခုနှစ်တုန်းက ထွက်ခဲ့တဲ့ "အရောင်များနဲ့ ကစားခြင်း"စာအုပ်ထဲကပါ၊

မြေနဲ့အတူ



ဘယ်လောက်ပင် ကြေကွဲစရာ ကောင်းပါစေ၊ ကျမကတော့ မောင်နှင့် ပတ်သက်ရ သော ဘ၀လေးကို ဘုရားသခင်ပေးသနားသည့် လက်ဆောင်ထုပ်ကလေးဟုပင် မှတ်ထင် စွဲလမ်းလေသည်။

++++++

ကမ်းဦးထိပ်မှာသူက ခိုင်ခိုင်မာမာရပ်လို့ ကျန်ခဲ့ပြီ။ ခပ်ဝါးဝါးသာ မြင်နေရသော်လည်း တောက်ပသော သူ့မျက်လုံးတွေထဲက နာကျင်ကြေကွဲမှုကိုတော့ ကျမခံစားရသည်။ မောင် ဘာတွေတွေးနေလဲဟင်။ `မေ့ကိုလွမ်းနေတော့မှာ´လို့ ပြောလိုက်ပါလားကွယ်။ သင်္ဘောဥသြမှုတ်တော့ ကျမရင်ခုန်သံတွေက ပိုလို့ ပြင်းထန်လာသည်။ ခုနေ... အရင်ကလို မောင်တချက်လောက် နူးနူးညံ့ညံ့ ပြုံးပြလိုက်ရင်တောင် ကျမ ဆုံးဖြတ်ချက်ကို လျှော့လိုက်မိမှာ.... မောင်ရဲ့။ ဒါမှမဟုတ် လက်ကလေး တချက်လောက် ပြကွယ်။ ကျမ မောင့်ဆီ ပြန်ပြေးလာခဲ့မယ်လေ။

အတွေးထဲ ပေါက်ကွဲဘလောင်ဆူဆဲ.....။ သင်္ဘောက ဗောတံတားမှ ခွာသည်။ မောင်က လက်နှစ်ဖက်ကို တင်းတင်းပိုက်ဆဲ။ တရွေ့ရွေ့ဝေး.....။ ကျမ နှုတ်ခမ်းတချက်ကိုက်မိစဉ်မှာ တင်းထားသမျှ မျက်ရည်တို့ ပါးပေါ် လိမ့်ဆင်းလာကြ၏။ တဖြည်းဖြည်း ဝေးကျန်ခဲ့သော မောင့်ထံမှာ ကျမရဲ့ နေ့ရက်တို့လည်း ကျန်ခဲ့ပြီထင်၏။

သင်္ဘောအဝေးကြီးရောက်သည်အထိ အစက်အပြောက်မျှသာတွေ့ရသော မောင့်ခန္ဓာကိုယ်က အဲသည်နေရာမှာ ရပ်ဆဲ။
နေခဲ့တော့ အချစ်ရယ်...
ရှင့်ရဲ့ မြေကြီးတွေနဲ့အတူ......။

........................................

ကျမတို့နှစ်ယောက်၏ ခွဲခွာရမှုနှင့် ပတ်သက်လျှင် မောင့်ကိုချည်းပဲ အပြစ်တင်ဖို့တော့ မဖြစ်နိုင်ပေ။ ဖြစ်ချင်းဖြစ် တကယ် အပြစ်ပိုရှိမှာက ကျမပင် ဖြစ်နိုင်ပါသေးသည်။

ကျမတို၏ နှစ်ယောက်ဘ၀နှင့် ပတ်သက်လျှင် မောင်က ဟိုးအစောပိုင်းကာလတွေကတည်းက `တို့နှစ်ယောက်ဘ၀ဟာ ဘယ်လိုမှ ပေါင်းစပ်မရနိုင်ဘူး´ ဟု မကြာခဏ ပြောခဲ့ပြီးသားပဲ။ ကျမကိုယ်တိုင်ပင် ထိုစဉ်က မောင်ကို ပြန်လည် ငြင်းဆန်ဖို့ အချက်အလက်မခိုင်လုံခဲ့ပေ။ `ဘုရားပေးသလောက်ပေါ့ မောင်ရယ်´ ဟူသော စကားမျှလောက်ကိုသာ တုံ့ပြန်နိုင်ခဲ့သည်။ ပြီးတော့ ကျမရောမောင်ပါ နှစ်ယောက်လုံး ဝေးကွာဖို့ ကြိုးစားခဲ့ကြပါလျက်နှင့် ကျမတို့နှစ်ယောက်က တဖြည်း ဖြည်း တိုးကပ်နီးစပ်သွားခဲ့တာ။ `အဲဒါဟာ အချစ်ပဲ´ဟု တက်ညီလက်ညီ လက်ခံလိုက်ကြရသည့်အချိန်မှာတော့ အံ့သြစရာကောင်းလှစွာပင် မောင်နှင့်ကျမက တယောက်ကိုတယောက် ချစ်တယ်ဟု မဖွင့်ဟလိုက်ကြရပါဘဲနှင့် ချစ်သူတွေဘ၀ကို ရောက်နေခဲ့ကြပြီ ဖြစ်သည်။

ဒါကို ဘယ်လိုငြင်းဆန်မလဲ.....။
ယင်းသည်ပင် ဘုရားသခင်ပေးသော လက်ဆောင်ထုပ်ကလေး ဖြစ်လိမ့်မည်။
တကယ်တော့ `ချစ်ခြင်းတရား´ ဆိုတာကိုက ပဉ္စလက်ဆန်သည် ထင်၏။
ကြည့်လေ.....တကယ့်ကိုခေတ်ဆန်ပေ့ဆိုသည့် ရန်ကုန်သူကျမက မြန်မာပြည်မြေပုံကားချပ်ပေါ်မှာပင် မပါသည့် ရွာလေးတရွာမှ မောင်နှင့် သေသေချာချာကို လာတွေ့ကြရတာ။

မောင့်ကိုတွေ့တော့ ဒါဟာ ကျမချစ်ရမည့်သူဟု နည်းနည်းမှ မထင်ခဲ့ချေ။ `ရာကျော်´ဆိုသော လူငယ်ကလေး က ထူးခြားတယ်ဆိုတာလောက်ပဲ ကျမက မှတ်မှတ်သားသားရှိခဲ့၏။

သို့ပေမဲ့ အဲဒီ ကျမနှင့်မှ မောင်က မရှောင်သာအောင် ကြုံကြိုက်ခဲ့ပေသည်။

...............

ကျမဘ၀ထဲကို မောင်ရောက်လာပုံက ညင်သာသိမ်မွေ့လွန်းလှရာ ကျမ ကိုယ်တိုင်ပင် အလွန်နောက်ကျပြီးမှ မောင်ရောက်နေခဲ့ပြီဖြစ်သည်ကို သိရှိခဲ့ရလေသည်။

သို့ပေမဲ့......မောင်က အရင် ကျမထံ ၀င်ရောက်ခဲ့သည်လား........ကျမကပဲ အရင် ကြိုဆိုခေါ်ယူခဲ့လား ဆိုတာကိုတော့ ကျမတို့ နှစ်ယောက်စလုံး မသိလိုက်ကြချေ။ နှစ်ယောက်လုံး သတိပြုမိလိုက်ချိန်မှာတော့ မောင်နှင့်ကျမက အလွန်နီးကပ်စွာ ရှိနေခဲ့ကြပြီဖြစ်သည်။

.....................

ကျမဘက်ကတော့ မောင့်မှာရှိသည့် ထူးခြားသော အရည်အချင်းတွေမှ စကာ မောင့်ကိုချစ်ခင်သွား ရသည်ဟု ထင်သည်။ မောင်ကတော့ ကျမက သူ့ကို နားလည်ကာ သူနှင့်အထူးတလည် ညှိနှိုင်းစရာမလိုဘဲ စိတ်တူကိုယ်တူရှိလို့ ကျမ ကို ချစ်သွားခဲ့တာဟုဆိုသည်။ ဘာပဲဖြစ်ဖြစ်....` အချစ်က အချစ်ပါပဲမောင်ရယ်´ ဟု ကျမကပြောတော့ မောင်က

`မေ စိတ်မညစ်နဲ့နော်၊ မောင်က အချစ်ဆိုတာ ကို မသိဘူး။ အဲဒါဟာ မေပြောသလို အချစ်ပဲဆိုရင်တော့ ကောင်းတာပေါ့´
ဟု ခပ်ရိုးရိုးပဲ တုံ့ပြန်ခဲ့တာ။ မောင့်အပြောကို ကျမက နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြီး တုံ့ပြန်လျှင်တော့ မောင်က ကလေးငယ်လေးလို မျက်နှာထားရခက်စွာ ပြုံးရင်း ကျမ၏ နားသယ်ဆံစကို နမ်းမွှေးတတ်လေသည်။

ပြီးတော့ ကျမတို့နှစ်ယောက် မကြာခဏ တက်ညီလက်ညီ ပြောဖြစ်ကြတာကတော့..... `သိပ် အံ့သြစရာကောင်းတာပဲ´ တို့နှစ်ယောက် ဘယ်လိုလုပ်ပြီး ခုလောက် နီးစပ်သွားကြပါလိမ့်.... ဟူသော စကားမျိုးကိုပဲ ဖြစ်သည်။ တကယ်တော့ မောင်ရော ကျမပါ... ကျမတို့နှစ်ယောက်ဘ၀က ဘယ်လိုမှ ပေါင်းဆုံနီးစပ်ဖို့ မဖြစ်နိုင်သည်ကို နားလည်ထားခဲ့သည်ပဲ။

ဒါပေမဲ့ ကျမတို့နှစ်ယောက်ကတော့ဖြင့် သည်းသည်းမည်းမည်း နီးကပ်သွားခဲ့ပြီ။ တယောက်ကိုတယောက် `ချစ်တယ်´ဟု ဖွင့်မပြောခဲ့ဖူးပါဘဲနှင့် ကျမ နှင့်မောင်က ချစ်သူတွေ ဖြစ်သွားခဲ့ကြပြီ။

............................

မောင်နှင့်ကျမ သူငယ်ချင်းဘ၀မှာ မောင့်ကိုကျမ တအံ့တသြ စိတ်ဝင်စားခဲ့ဖူးသည်။ မောင်သည် ကျမ မျှော်လင့်ထားခဲ့ဖူးသည့် ကျေးလက်က သာမန်လူငယ်တယောက် မဟုတ်ပေ။ မောင်က သူ့အရွယ်ထက် ပို၍ ရင့်ကျက်သည်။ ကျမက စိတ်လှုပ်ရှားလွယ်သူ၊ သွေးဆူတတ်သူမို့ မောင့်ရဲ့ သွေးအေးမှုနှင့် ချင့်ချိန် စဉ်းစား တတ်မှုကို အံ့သြခဲ့ရသည်။

ကျမက ယောက်ျားတွေနှင့် ပတ်သက်လျှင် ... ကိုယ့်ကိုယ်ကို ကွပ်ကဲနိုင်သူ၊ ပတ်ဝန်းကျင်လေ့လာသူ၊ ဆုံးဖြတ်ချက် ပြတ်သားသူ၊ နောင်တမရတတ်သူ၊ စာဖတ်ဝါသနာပါသူ၊ အနုပညာကို ချစ်တတ်သူ၊ ကြင်နာတတ်သူ၊ ရဲရင့်မာကျောသည်နှင့်အမျှ နူးညံ့ယဉ်ကျေးသူ၊ ရိုးသားဖြူစင်သူ၊ ဟန်မဆောင်တတ်သူ၊ မညာတတ်သူ၊ စိတ်ဆိုး စိတ်ညစ်မရှိသူ၊ ဉာဏ်ကောင်းသူ၊ လူနေမှုအဆင့်အတန်းမြင့်သူ.... စသော အရည်အချင်းတွေနှင့် ပြည့်စုံသင့်သည်ဟု သတ်မှတ်ထားသည်။ စင်စစ် ကျမကမှ အလွန် လောဘကြီးသူသာ ဖြစ်သည်။ သို့ပေမဲ့ အံသြစရာကောင်းလှစွာပင် မောင်သည် ကျမ၏ များပြားလှသော စံ အားလုံးနှင့် ခြွင်းချက်မရှိ ကိုက်ညီနေခဲ့ သည်။ သို့နှင့်ပင် ကျမက မောင့်ထံမှာ ငြိတွယ်သွားတော့တာ....။ ပိုဆိုးတာကတော့ စူးစိုက်ကြည့်တတ်သော မောင့်မျက်လုံးတွေထဲမှာ ကျမ လှုပ်ရုန်းမရတော့တာပဲ ဖြစ်သည်။

မောင့်မျက်လုံးတွေထဲ စိုက်ကြည့်ပြီး အကြိမ်ပေါင်းများစွာ `ချစ်တယ်´ဟု အသံတိတ် ရေရွတ်နေခဲ့မိပြီး ရက်ပေါင်းများစွာကြာမှ မောင့်ထံမှ `အချစ်´ကို ကျမ တကယ် ခံစားခဲ့ရတာ။

....................

မောင့်ကို ချစ်မိပြီဟု ကျမကိုယ်ကျမ စသိလိုက်ရချိန်မှာ ကျမ ဘာလုပ်ရမလဲဟု စဉ်းစားပြီး မောင့်အပါးမှ ထွက်ပြေးဖို့ကိုပဲ ရွေးချယ်ဖြစ်လိုက်သည်။ တကယ်ပဲ ကျမက မောင်နှင့် ပေါင်းစည်းရန် မဖြစ်နိုင်ဟု ထင်သည်။ သို့နှင့်ပင် ကျမက ကျမ၏အ၀န်းအ၀ိုင်းဆီ ပြန်ပြေးပြီး မောင့်ကို မေ့ပျောက်ဖို့ ကြိုးစားရသည်။

သို့ပေမဲ့ အချိန်တန်တော့လည်း မောင်ရှိနေတဲ့နေရာဆီ ကျမက ပြန်မလာလို့မှ မရဘဲ။ ပြန်လာတော့လည်း မောင်နှင့်မျက်နှာချင်းဆိုင်လိုက်သည်နှင့်ပင် မောင် နှင့် ဝေးအောင်နေမည် ဟူသော ကျမရဲ့ဆုံးဖြတ်ချက်တို့က ရုတ်တရက် ပြိုလဲရပြန်သည်။

မောင့်ဘက်ကရော.....။ နောက်မှ မောင်ပြန်ပြောပြတာ.... မောင်လည်း ရှောင်ဖို့ ကြိုးစားကာ ကျမကိုထားခဲ့ပြီး ရွာကို မကြာခဏ ပြန်ပြေး.....။ သို့ပေမဲ့ ကျမရှေ့ကိုပဲ ပြန်ရောက်ရသတဲ့လေ။ နောက်ဆုံးတော့ နှစ်ယောက်စလုံး တယောက်ထံတယောက် လက်နက်ချကာ မိုးတွေ သည်းသည်းရွာတဲ့တနေ့.... ကျမမှာ ထီးမပါတဲ့နေ့၊ မောင့်ထီးတချောင်းကို နှစ်ယောက်လုံအောင်ဆောင်းပြီး ကျမအိမ်အပြန်ကို မောင်လိုက်ပို့သည့် ညနေကလေးမှာ ချမ်းလည်းမချမ်းပါဘဲနှင့် ကျမနှင့်မောင်တို့ တုန်ယင်လှိုက်လှဲလျက် ကျမရဲ့ နားထင်ဆံစပ်ကို မောင်က ဖျတ်ကနဲ နမ်းမွှေးလိုက်တာ။ ကျမ မှင်သက် ငြိမ်တိတ်ကာ အလိုလို မျက်ရည်တွေ လည်လာပြီး မောင်လက်မောင်းမှာ ပါးအပ်ရင်း မောပန်းနွမ်းနယ်သလို ရင်ခုန်သွားခဲ့တာ။

ကြည့်စမ်းပါဦး....။ ကျမတို့နှစ်ယောက်က ဘယ်အချိန်မှာကတည်းက ချစ်နေခဲ့ကြတာလဲ။ ပြီးတော့ ချစ်သူတွေ ဖြစ်နေခဲ့ကြတာလဲ။
သေချာတာကတော့ အဲဒီနောက်မှာ ကျမတို့နှစ်ယောက် ထွက်ပြေးလို့ မရကြတော့တာပဲဖြစ်သည်။

.................

မောင်ကတော့ ကျမနှင့် ချစ်သူတွေဖြစ်ကြပြီး သိပ်မကြာခင်မှာပင်....

`သေချာတာတခုက မင်း မောင့်ဘ၀ထဲကို မလိုက်နိုင်ဘူးဆိုတာပဲ´
ဟု ပြောခဲ့သည်။ ထိုစဉ်ကတော့ ကျမက.....
`ဒါဆိုလည်း တို့ဘ၀ထဲကို မောင်လိုက်ခဲ့ပေါ့´
ဟုပင် ပေါ့ပေါ့ပါးပါး ပြန်ပြောခဲ့ သည်။ မောင်က ကျမကို ပြန်လည်စူးစိုက်ကြည့်ရင်း.....
`မဖြစ်နိုင်ဘူးမေ၊ ကိုယ် မင်းဘ၀ထဲကို မလိုက်ရဲဘူး´
ဟု ချက်ချင်းပဲ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တာ။ သည်တော့လည်း မောင့်အငြင်းကို ကျမ ပြန်လည် တုံ့ပြန် ငြင်းဆိုရန် မတတ်နိုင်ဘဲ ရှိ၏။ ထိုအခါ....
`မောင်ရယ် တို့နှစ်ယောက် ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ယူဆပြီး ဘယ်လောက် ရှောင်ခဲ့ကြ လဲ၊ မငြိတွယ်မိအောင် ဘယ်လောက် ကြိုးစားခဲ့ကြလဲ၊ အဲဒီကြားထဲကမှ ခုလို ဖြစ်ခဲ့ရပြီပဲ၊ တခုခုတော့ မျှော်လင့်နိုင်ဦးမှာပါကွယ်´
ဟုသာ မခိုင်မမာ ပြန်ပြောဖြစ်သည်။ တကယ်တော့ ဒါဟာ ချွေးသိပ်စကားမျှသာပဲ။ ကျမ ထိုသို့အပြောမှာ မောင်က သက်ပြင်းတချက်ရှိုက်ရင်း ခေါင်းခါ၏။
`ဒါပေမဲ့ တို့မောင့်ကို ချစ်တယ်´
ဟု ကျမက မောင့်နားကပ်ပြီး တိုးတိုးပြောတော့ဖြင့် မောင်က ကျမပခုံးတွေကို ကျစ်ကျစ်ဆုပ်ကာ နဖူးဆံစကို ဖွဖွနမ်းရှာသည်။

နောက်တော့ အလွန်မတန် စိတ်ကူးယဉ်သော ကျမက....
`မောင့်ဘ၀ဆီကို လိုက်ကြည့်မယ်လေ.....၊ ကြိုတင်ပြင်သင့်တာ ပြင်ထားရအောင်ပေါ့´
ဟု ခပ်နော့နော့ ပူဆာဖြစ်တော့သည်။ မောင်က ပြုံးလို့......။ အဲဒီတုန်းကတော့ မောင်ကိုယ်တိုင်ပင် လိုလားတက်ကြွစွာ ပျော်ရွှင်ကျေနပ်စွာ ကျမကို ဖိတ်ခေါ် ကြိုဆို ခဲ့တာ။
တကယ်က စိတ်ကူးယဉ်ဘ၀တခုထဲကို ကျမတို့နှစ်ယောက် နောက်တဆင့် ထပ်ဆင်း ကြည့်လိုက်တာလည်းဖြစ်သည်။


..................


(ဆက်ရန်...)

4 comments:

လင်း said...

ဆရာမရေ လင်းဟိုတခါ မေးဖူးတာ ဒီဝထ္ထုလေးပါ။ ကျေးဇူးပါဘဲ ခုလိုပြန်တင်ပေးတာ။

pandora said...

အင်း .. ဒါကြောင့်မို့ ခပ်ရှက်ရှက်နဲ့ လို့ ပြောတာကိုး။ အပိုင်း ၂ မြန်မြန်တင်ပါဗျို့။

ThuHninSee said...

ကျေးဇူးပါပဲ။ အဲဒီစာအုပ်ထဲမှာ အဲဒီဝတ်ထုလေးကို အကြိုက်ဆုံးပဲ။

မေငြိမ်း said...

လင်းရေ.. ကြားရတာ ၀မ်းသာပါ၏။
အရီးရေ .. မယုံနဲ့နော်.. အဲဒါ လုပ်ဇာတ်.. ခစ်ခစ်..။
thuhninsee...ခုလို အားပေးတာ ကျေးဇူးတင်ပါတယ်။