May 22, 2012

မေငြိမ်း ၀တ္ထုတိုများ


၁၅ နှစ်ကြာမှ ကိုယ့်နိုင်ငံထဲ ပထမဆုံး ပြန်ထွက်ခွင့် ရတဲ့ ၀တ္ထုတိုပေါင်းချုပ်ပါ.. ကျမ စိတ်ကြိုက် ပန်းချီ မျိုးမြင့် မျက်နှာဖုံးနဲ့.. ကံကော်ဝတ်ရည်စာပေက ထုတ်ဝေပြီး ၀တ္ထုတို ၁၆ပုဒ်ပါ ပါတယ်။ ဒီကနေ့ပဲ ဖြန့်ပါတယ်ရှင်။

May 2, 2012

အိမ်ဆီသွားတဲ့ လမ်း…

 


အဲဒီနေ့က ကျမ မော်လမြိုင်-သံဖြူဇရပ်လမ်းပေါ် ခဏ ပြန်ရောက်သွားတယ်။
ပြီး ခဏကြာတော့ ပင်းဒယ-တောင်ကြီးကားလမ်းပေါ် ရောက်သွားပြန်ရော…။
ဟော ဟိုးမှာ တောင်တန်းအလွှာတွေလား..၊ သစ်ပင်တောအုပ်အဆင့်ဆင့်တွေလား။
အစိမ်းရင့်.. အစိမ်းနု၊ အညိုရင့်.. အညိုနု၊ မီးခိုးရင့်- မီးခိုးနု။ တချို့နေရာတွေမှာ လိမ်မော်တွေ အနီတွေ ကျန်နေသေးတယ်။ Fall တုန်းက လက်ကျန်တွေလား… ဒါမှမဟုတ်.. သူ့ရဲ့ ရွက်သစ်လဲတဲ့ ရာသီကိုက Spring လား။ ဘာပဲဖြစ်ဖြစ်.. သဘာဝက ဖန်ဆင်းတဲ့ ရှုခင်းပန်းချီထဲ အရောင်စုံအောင် ထည့်ပေးထားသလို..။


 ဒီနေ့ကျကာမှ နည်းနည်း အအေးပိုပေမဲ့ ကောင်းကင်ကတော့ ကြည်စင်လို့။ တိမ်တွေ ကလည်း အရုပ်တွေထင်လောက်အောင် အထူသားနဲ့။ ငယ်ငယ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နားက နမ့်ဟူးတောင်းမှာ မော့ကြည့်ခဲ့ရတဲ့ တိမ်တွေလိုပါပဲ။ ဟော.. ကျမ နမ့်ဟူးတောင်းလည်း ရောက်သွားပြန်ပြီ။ တချက်တချက်မှာ ကားက တောင်မြင့်မြင့်တွေပေါ် တက်ရင် ဘေးမှာ ချောက်တွေ နဲ့ ချောက်တွေအောက် ခပ်လှမ်းလှမ်းမှာ ချောင်းတွေ မြစ်တွေ ပတ်စီးနေတာကို လှမ်းတွေ့ ပါတယ်။ ဟော.. အဲဒါ လားရှိုးသွားရင် ဖြတ်ရတဲ့ ဂုတ်တွင်းပေါ့..။ ဂုပ်ထိပ်တံတားကို တွေ့ချင်ရင်တော့ Shenandoah River ဘက်သွားရင်တော့ West Virginia ရဲ့ ပြည်နယ်သင်္ကေတ တံတားကြီးကို တွေ့မှာ။ ဂုတ်ထိပ်တံတားနဲ့ ခပ်ဆင်ဆင်ပေါ့။


ဟုတ်တာပေါ့.. တကယ်တော့ ကျမ သွားနေတာ West Virginia ကိုပါ။ ကျမနေတဲ့ Maryland ကနေ ၂နာရီကျော်လောက် ကားမောင်းသွားရင် ရောက်နိုင်တဲ့ အဲဒီ ဒေသ လေးက ကျမကို ချင်းတောင်တန်းတွေ.. ရှမ်းတောင်တန်းတွေနဲ့ မွန်ပြည်နယ် က သစ်ပင်အုပ်တွေကြား ဖြတ်သွားရတဲ့ အဝေးပြေးလမ်းတွေဆီကို ရောက်သွားစေတာပါ။ အဝေးကြီးက တောင်တန်းတွေကလည်း ဘယ်သူတွေ ဘာပဲပြောပြော ကျမ ခံစားရ တာကတော့ ရှမ်းတောင်တန်းတွေ.. ဒါမှမဟုတ်လည်း ချင်းတောင်တန်းတွေ ပါပဲ။ အလွှာလိုက် အထပ်လိုက်..၊ တချို့နေရာတွေမှာ လှေကားထစ်တွေလို ထစ်ပြီး စိုက်ဖို့ ပျိုးဖို့ မြေတွေ ပြင်ထားတာလည်း တွေ့တယ်။ စိုက်ရာသီကို စောင့်နေကြတာလေ..။

မြေကွင်းပြင် ကျယ်တွေ ဖြတ်ရင်တော့ နွားတွေ သိုးတွေ အုပ်လိုက်..၊ သန်မာ တောင့်တင်းတဲ့ ရွှေညိုရောင် မြင်းတွေနဲ့ သပ်ရပ် ကြီးမား ခိုင်ခံ့တဲ့ အိမ်ကြီးတွေ..။
စိုက်ခင်းတွေ.. ပျိုးခင်းတွေ.. ပန်းခင်း တချို့..။ စိတ်ထဲ မချင့်မရဲနဲ့ ကားတံခါး ဖွင့်လိုက်တော့ လေရဲ့ ရနံ့က မွှေးလိုက်တာ။ တိတ်ဆိတ်အေးချမ်းလှတဲ့ ၀န်းကျင်။ သာယာလှပတဲ့ သဘာဝ။ လမ်းတလျှောက် အကောက်အကွေ့တွေ ဂုံးတက် ဂုံးဆင်းတွေ.. သစ်ပင် တောအုပ်တွေက ကိုယ့်နံဘေးမှာ…။ နေခြည်တွေက သစ်ပင်တွေကြားထဲ ထိုးစိုက်ကျ..။ တိုက်ခတ်တဲ့ လေက အေးမြ..မွှေးမြ..။
အင်း ဒါကြောင့်လည်း John Denver က

♩ ♪ ♫ ♬    
Almost heaven,
West Virginia Blue ridge mountains,
Shenandoah river
Life is old there, older than the trees
Younger than the mountains,
growing like a breeze ♩ ♪ ♫ ♬

လို့ ဆိုပေတာပဲ…။

+++++



 
လမ်းတလျှောက်မှာ တွေ့ခဲ့ရသမျှနဲ့ ပြောရင်တော့ ကျမတို့ ဖြတ်ခဲ့တာက ကျေးလက် ဒေသ ပါ။ အဲဒီမှာ နေသူတွေက စိုက်ပျိုးရေး မွေးမြူရေးတွေ လုပ်ကြမယ်။ ဒါမှမဟုတ်.. ပိုင်ရှင်တွေက မြို့ပြမှာ နေပြီး အပန်းဖြေဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ ဒီ မြေတွေ အိမ်ကြီးတွေကို ၀ယ်ထားကြပြီး အိမ်စောင့်တွေက စိုက်ပျိုးမွေးမြူတာလည်း ဖြစ်နိုင်ပါ တယ်။ တချို့အိမ်တွေက သူတို့ မြေတွေ ကျယ်လွန်းတော့ အိမ်ရှေ့မှာ ကန်ကြီးတွေ တူးထားတယ်။ ကန်ထဲမှာ ၀မ်းဘဲတွေ.. ငန်းတွေက ရေကူးလို့။ တချို့နေရာတွေမှာ တော့ သိုးအုပ်တွေ နဲ့ သိုးထိန်းခွေးတွေ ပြေးလွှား။ တကယ့် ကျေးလက်။ တကယ်တမ်းကျတော့ အဲဒီနေရာက မြို့တော် ၀ါရှင်တန်ဒီစီနဲ့ ဆိုရင် အလွန်ဆုံး ၂နာရီကျော် ၃ နာရီလောက်ပဲ ကားမောင်းရင် ရောက်တဲ့ နေရာ။ ပြီးတော့ ဈေးချိုချိုနဲ့လည်း မြေကျယ်ကျယ် အိမ်ကြီးကြီးတွေ ရနိုင်တဲ့ နေရာ။

ညဆို အဲဒီ အိမ်ကြီးတွေထဲ အေးအေးဆေးဆေး နွေးနွေးထွေးထွေး နေနိုင်ပါသေး။
သားသမီးတွေ မရှိတော့တဲ့ ပင်စင်စားအဖိုးကြီး အဖွားကြီး နှစ်ယောက်တည်းဆိုလည်း တူတူ ရုပ်မြင်သံကြားကြည့်ရင်း ၀ိုင်တခွက် စီ သောက်၊ ဒါမှမဟုတ် ခြံထွက် နွားနို့လေး သောက်၊ လျှပ်စစ်မီး အမြဲရတဲ့နိုင်ငံမို့ နွားနို့ ပူပူလေးကို မပင်မပန်းသောက်နိုင်လိမ့်မယ်။ သားသမီးတွေ ကိုယ့်ဆီ လာမနေလည်း မပူတော့ပါဘူး လေ.. အရွယ်ရောက် သားသမီးတွေက သူတို့ဘ၀ သူတို့ ထိန်းကျောင်းနိုင်မယ့် နိုင်ငံမှာ ရှိနေတာမို့ မိဘတွေမှာ ပူဖို့ တာဝန်မရှိ။ မိဘ မို့ သူတို့လေးတွေကို လွမ်းတာ တော့ ရှိမှာပေါ့။

ဒါပေမဲ့ ဒါကလည်း ဓမ္မတာမို့ အဆန်းတကြယ် ခံစားရမယ့်ကိစ္စမဟုတ်။ သားသမီးတွေ လက်လွတ်သွားတဲ့ အချိန်မျိုးကျရင်နေဖို့ တကယ်ရွေးသင့်တဲ့ နေရာလို့ ကျမ ခံစားနေမိတယ်။ ဘယ်လောက် စိတ်အေးချမ်းမြေ့ ရှိလိုက်မလဲ..။

 +++++

ဆက်ပြောရင် ကျမ ဘယ်လောက် တကိုယ်ကောင်းဆန်တယ်ဆိုတာ ပေါ်လာတော့မယ်။ ကျမက ကိုယ့်ဇာတိမြေရဲ့ အဝေးကြီး တိုင်းတပါးနိုင်ငံမှာ ပျော်နေနိုင်.. စိတ်အေးချမ်း နိုင်တဲ့ တကိုယ်ကောင်း ဆန်သူပေါ့..။ ဟုတ်တယ်မို့လား။ ဒါပေမဲ့ မတတ်နိုင်ပါဘူး။ ဟုတ်ပါတယ်.. ကျမ တကယ်ပဲ ခု ကျမ နေရတဲ့ဘ၀မှာ ပျော်ပါတယ်။ စိတ်ချမ်းသာပါတယ်။ တချိန်မှာတော့ အဲလို စိုက်ခင်းမြေ အကျယ်ကြီး ပါတဲ့ နေရာဒေသ မျိုးလေးမှာ ကျမ ခင်ပွန်း အင်မတန်ဝါသနာပါတဲ့ စိုက်ပျိုး မွေးမြူရေး အလုပ်ကို လုပ်ရင်း .. ကျမက စာတွေရေး စာတွေဖတ်နဲ့ ဘ၀မှာ ဇောက်ချ နေသွားနိုင်ချင်တယ်လို့လည်း စိတ်ကူးနေသေး တာပါ။

John Denver ကတော့ ဆိုတယ်..
♩ ♪ ♫ ♬
Country roads, take me home
To the place I belong West Virginia,
mountain momma
Take me home, country roads…  ♩ ♪ ♫ ♬

ကျမအတွက်လည်း လောလောဆည်မှာတော့ ခဏလေးသွားခဲ့ရတဲ့ West Virginia ခရီးတိုလေးက အိမ်ဆီရောက်အောင် ပြန်ခေါ်သွားသလိုပါပဲ။



ဟုတ်ပါတယ်.. အဲဒီလမ်းတွေက ကျမကို အိမ်ဆီ ရောက်အောင် ခေါ်သွားခဲ့ကြတယ်..။
ဘာလို့လဲဆိုတော့ ကျမအတွက်
အိမ်ဆိုတာက..
ရောင့်ရဲ တင်းတိမ်မှုတွေနဲ့
စိတ်ချမ်းသာ ကိုယ်ကျန်းမာ..
လွတ်လပ်ပေါ့ပါး…
နေခွင့်ရတဲ့ နေရာတခုသာ ဖြစ်လို့ပါပဲ။

♩ ♪ ♫ ♬ 
I hear her voice in the mornin' hour she calls me
The radio reminds me of my home far away
And drivin' down the road
I get a feelin' That I should have been home yesterday, yesterday
Country roads,
take me home To the place
I belong West Virginia,
mountain momma Take me home,
country roads ♩ ♪ ♫ ♬

 ++++++

 မေလ ၁ ရက်၊ ၂၀၁၂။

အမေရိကန်ကျောင်းတွေဆီက ဘက်စုံဖွံ့ဖြိုးရေး

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ ပညာတတ်သူ သည် လောကရှိ အရာရာ ကို အခွင့်အလမ်းအလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို လည်းကောင်း၊ မိမိ ဥာဏ် အမြင် အရ စိတ်နေ စိတ်ထား စိတ်ဓါတ် (Emotion of the Education) တို့ကိုလည်းကောင်း ပြုပြင် ပြုစု စီမံထားခဲ့သူ သာလျှင် ဖြစ်သည် လို့ ပြောခဲ့ပါတယ်။ ဒါဟာ ပညာရေး စနစ်ထဲမှာ EI (Emotional Intelligence) က အရေးပါ လှတာကို ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ဒီတော့ ကလေးတွေမှာ.. စာသင်သားတွေမှာ အဲဒီ တီထွင်ကြံဆဉာဏ် ဖွံ့ဖြိုးအောင် ဘယ်လို ပျိုးထောင် ပါသလဲ…။ အဲဒီအချက်ကို ကျမ အမေရိကန်နိုင်ငံရဲ့ အခြေခံပညာရေးစနစ်ထဲမှာ လေ့လာ ရှာဖွေ ကြည့် ပါတယ်။ သပြေညို မြန်မာစာကျောင်းလေးဟာ တပတ်မှာ ၂နာရီကျော်ကျော်သာ စာသင် ခွင့် ရတဲ့ သင်တန်းလေး ဖြစ်ပေမဲ့ ကျမတို့ကလေးတွေကို သူတို့ ကျောင်းပညာရေးမှာ အလေ့အကျင့် ရပြီးသား စနစ်တွေနဲ့ မကင်းကွာအောင်၊ ပြီးတော့ ကျမတို့ သိစေချင်တဲ့ မြန်မာမှု မြန်မာ့စာ အရာမှာ လည်း တိုးတက် ဖွံ့ဖြိုးရလေအောင် အားထုတ်တဲ့ သဘောပဲဖြစ်ပါတယ်။

 ဒါဖြင့် ကျမတွေ့ရတဲ့ အမေရိကန် ကျောင်းတွေက အခြေခံပညာရေးထဲမှာ ကလေးတွေအတွက် ဘယ်လို အရည်အသွေးတွေ ဖွံ့ဖြိုးစေပါသလဲ.. ကြည့်ရအောင်ပါ။ အမေရိကန် ပညာရေး စိတ်ပညာရှင် Howard Gardner ( Prince of Asturias Award 2011 in Social Sciences ) က ကလေးတွေဆီမှာ ရှိဖို့ လိုအပ်တဲ့ စွမ်းရည် ၉ မျိုး ကို အဆိုပြုခဲ့ပါတယ်။ အဲဒါတွေကတော့ ယုတ္တိဗေဒ- သင်္ချာစွမ်းရည် (Logical Mathematical)၊ ဘာသာစကားစွမ်းရည် (Linguistics)၊ တေးဂီတစွမ်းရည် (Musical)၊ လက်မှုအနုပညာ စွမ်းရည်(Spatial)၊ ကာယလှုပ်ရှားမှု စွမ်းရည် (Bodily- Kinesthetic)၊ လူမှုဆက်ဆံရေး စွမ်းရည် (Interpersonal)၊ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်မှုစွမ်းရည် (Intrapersonal)၊ သဘာဝတရားကို ချစ်မြတ်နိုးမှု စွမ်းရည် (Naturalist) နဲ့ တွေးတောဆင်ခြင်နိုင်စွမ်းရည် (Existentialist) တွေပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးအများစုမှာတော့ အဲဒီ စွမ်းရည် အမျိုးမျိုး ကို အခြေခံပြီး ကျောင်းပညာရေး ထဲမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး နဲ့ လိုက်လျောညီထွေဖြစ်တဲ့ သင်ရိုးတွေ၊ သင်ကြားနည်းပုံစံတွေ၊ စီစဉ် ထည့်သွင်းထား တာကို တွေ့ရပါတယ်။

ပြောရရင်တော့ ဒါဟာ ဘက်စုံပညာရေးဆိုတာပဲ ဖြစ်ပါတယ်။ အမေရိကန် ကျောင်းတွေ ဟာ ဒီ စွမ်းရည် တွေကို အခြေခံထားပြီး သင်ရိုးတွေ သင်ကြားနည်းစနစ် တွေ ပြုစုထား တယ် လို့ ဆိုနိုင်ပါတယ်။ မူလတန်းမှာကိုပဲ သင်္ချာဘာသာရပ်ကို သင်တဲ့အခါ မြန်မာပြည်က အပေါင်း အနှုတ်အမြှောက်အစားအပြင် ဂျီသြမေတြီဆန်ဆန် တွေးပြီး တွက်ယူဖြေရှင်း ရတဲ့ အမေးပုစ္ဆာတွေ ပါပါတယ်။ အဓိကကတော့ ပုံတွေ ဆွဲပြီး တွက်ချက်စဉ်းစားရတာတွေ များတာပါပဲ။ ဒါကြောင့် (Logical Mathematical) လို့ ဆိုနိုင်မယ်ထင်ပါတယ်။

နောက်တခု ဘာသာစကား စွမ်းရည် (Linguistics) မှာတော့ မူလတန်းအဆင့် Grade 4 အထိဟာ ဘာသာစကားအပို သင်ယူစရာမလိုပေမဲ့ သူတို့ရဲ့ မိခင်ဘာသာစကား အင်္ဂလိပ်စာကိုပဲ Grammar နဲ့ Reading , Writing ကို Comprehension Question Types နဲ့ အိမ်စာလေ့ကျင့်ခန်းတွေ နေ့စဉ်လုပ်ခိုင်းပြီး ယဉ်ပါးအောင် လေ့ကျင့် ပေးပါတယ်။ ပြီးတော့ ပုံဆွဲပြီး ကိုယ့်ဘာသာ တီထွင်တဲ့ ဇာတ်လမ်းတိုတွေ Comic တွေ လုပ်ခိုင်းတာမို့ ဘာသာစကားတိုးရုံသာမက၊ တီထွင်စွမ်း Creativity နဲ့ တွေးတော ဆင်ခြင်နိုင် စွမ်းရည် (Existentialist) ကိုပါ တက်လာစေတာပါ။

တေးဂီတစွမ်းရည် (Musical)အတွက်ကတော့ ကလေးတိုင်းဟာ Grade 4 ကို ရောက်ပြီဆိုရင် တူရိယာ တခု ရွေးချယ်ပြီး တီးမှုတ်ရပါတယ်။ ပုလွေ၊ တယော၊ စန္ဒယား၊ အစရှိသဖြင့် ကိုယ် နှစ်သက်ရာ ရွေးပြီး သင်ယူရပါတယ်။ အဲဒီမှာ ထူးချွန်ပြီဆိုရင်တော့ ကျောင်းဖျော်ဖြေပွဲ Concert တွေမှာ ပွဲတိုင်းကျော်ဖြစ်ပြီပေါ့။

လက်မှုအနုပညာ စွမ်းရည်(Spatial) ပိုင်းကို ပြောရင်တော့ စိတ်ဝင်စားစရာကောင်းတာက စာသင်ခန်းထဲက လက်မှုအနုပညာသင်ကြားပုံပါပဲ။ သူ့အတန်း သူ့အရွယ်အလိုက်၊ အရုပ်လုပ်ဖို့ သီးသန့်ထုတ်လုပ်တဲ့ ရွှံ့စေး(Clay) ရောင်စုံသုံးတဲ့ Grade 1, 2, 3 ကနေစလို့ ပလာစတာ သုံးတဲ့ အရွယ်အတန်း Grade 4,5 တွေအထိ ပန်းပုရုပ်တွေ အုတ်ခွက်ရုပ်တွေ လုပ်ကြပါတယ်။ ပြီးတော့ ကိုယ့်အနားဝန်းကျင်က လွှင့်ပစ်ရတော့မယ့် သတင်းစာ စက္ကူတွေ၊ ပြက္ခဒိန်အဟောင်းတွေကို ကိုက်ဖြတ်ညှပ်ကပ်ပြီး ပန်းချီဒီဇိုင်းဖန်တီးတာတွေလည်း လုပ်ကြပါတယ်။ သုံးတဲ့ပစ္စည်းတွေက စိတ်ဝင်စားစရာပါ တခါသုံး ထမင်းစားပန်းကန်ပြားတွေ ပလပ်စတစ်ခွက်အဟောင်း၊ ဖျော်ရည်စုပ် သောက်တဲ့ ပိုက်တွေကိုသုံးပြီးတော့လည်း အရုပ်တွေ ဖန်တီးကြတာပါ။ ပျော်စရာကောင်းလှတဲ့ လက်မှုသင်ခန်းစာတွေပဲ ဖြစ်ပါတယ်။

ကာယလှုပ်ရှားမှု စွမ်းရည် (Bodily- Kinesthetic) အတွက်ကတော့ ထုံးစံအတိုင်း အမေရိကန် Football ၊ Basketball၊ ရေကူး၊ ကရာတေး၊ စသဖြင့် ကိုယ်ကြိုက်ရာ ရွေးချယ်ကစားဖို့ပါပဲ။ ကလေးတွေဟာ ကစားနည်း တခုခုကိုတော့ တတ်မြောက်ရသလို ကျောင်းပြင်ပမှာလည်း အမြဲတစေ အလေ့အကျင့် ရှိနေရပါတယ်။ အဲဒီအတွက် အပြည့်အ၀ တာဝန်ခံယူရတာက မိဘတွေပါပဲ။

လူမှုဆက်ဆံရေး စွမ်းရည် (Interpersonal) ကတော့ ကျောင်းခန်းတွင်း ကလေးရဲ့ အသင်းအဖွဲ့နဲ့ လှုပ်ရှားတဲ့ Team Work တွေမှာ ကလေးက အဆင်ပြေလိုက်လျော ညီထွေ ရှိသလား၊ အဖွဲ့ဝင် ကောင်း Team Player တယောက် ဖြစ်ရဲ့လားဆိုတာတွေကို ဆရာ ဆရာမတွေက အမြဲ စောင့်ကြည့် အကဲဖြတ်နေရပါတယ်။ တခုခု ချို့ယွင်းတယ်လို့ ယူဆတာနဲ့ မိဘတွေဆီ ချက်ချင်း အကြောင်းကြား ပါတယ်။ ဒီနိုင်ငံမှာ အဓိက ထားတာကတော့ ကလေးအချင်းချင်း အနိုင်ကျင့် (Bully) သလား ဆိုတာ ပါပဲ။

ဆရာ ဆရာမတွေက မိဘတွေဆီကို အပတ်စဉ် သောကြာနေ့တိုင်းမှာ ကလေးရဲ့ တပတ်စာ ကျောင်းတွင်း လှုပ်ရှားမှုနဲ့ အခြေနေတွေကို Report ပေးပါတယ်။ အဲဒီအခါ ကလေးက စကားများတာ၊ စာသင်တာကို အာရုံမစိုက်တာ၊ ပိုပြီး လိမ်မာနေတာ၊ အားလုံးကို မှတ်ချက်ရေးပေးတာမို့ မိဘကပါ သားသမီးရဲ့ စာသင်ခန်းအတွင်း လူမှုဆက်ဆံရေး စွမ်းရည် ကို မျက်ခြည်မပြတ်တော့ပါဘူး။ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်မှုစွမ်းရည် (Intrapersonal) ကလည်း အဲဒီကနေ ဆင့်ပွားလာတာပါပဲ။ ကိုယ့်အပေါ် ဆရာဆရာမနဲ့ အတန်းဖော်သူငယ်ချင်းတွေ.. မိဘမောင်နှမတွေရဲ့ အပြန်အလှန် တုံ့ပြန်မှု အရပဲ ကလေးဟာ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်စွမ်း တက်လာ မဟုတ်ပါလား။

သဘာဝတရား ကို ချစ်မြတ်နိုးမှု စွမ်းရည် (Naturalist) ကိုတော့ ကလေးတွေရဲ့ သင်ရိုးထဲမှာ ပါတဲ့ Social Science သင်ခန်းစာတွေနဲ့ အနည်းဆုံး တနှစ် ၂ကြိမ် ခရီးတို Field Trip တွေ ထွက်ရာကနေ အများကြီး ရနိုင်ကြပါတယ်။ ပန်းပင် ပန်းပွင့် သစ်ပင် သစ်တောတွေအကြောင်း၊ လိပ်ပြာပိုးဖလံတွေအကြောင်း၊ အိမ်မွေးတိရစ္ဆာန်လေးတွေအကြောင်း သင်ကြားရင်း ပုံတွေဆွဲ၊ ဇာတ်လမ်းတွေ ရေးကြရင်း ကလေးတွေကို သဘာဝတရားကို ကောင်းကောင်းသိပြီး ချစ်မြတ်နိုးတတ်လာပါတယ်။ ပြီးတော့ တကယ်ကို လက်တွေ့ကျကျ.. သူတို့ကလေးတွေကိုယ်တိုင် တနှစ်မှာ အနည်းဆုံး ပန်းပင်လေးတပင် ရှင်အောင် စိုက်ကြရပါသေးတယ်။

ဒီစွမ်းရည်တွေက ပညာရေးထဲမှာ ဘာလို့ အရေးပါရတာပါလဲ..။ ပြီးတော့ ကလေးတွေအတွက် ဘာကြောင့် ဒီစွမ်းရည်တွေ မဖြစ်မနေလိုအပ်ရတာပါလဲ…။ ကျမ ဖတ်ဖူးခဲ့တဲ့ ပြောင်းလဲတိုးတက်မှုဖြစ်စဉ် (Progressivism) အရ ဆိုရင်တော့ Education should be life itself, not a preparation for living လို့ ဆိုထားတာမို့ “ပညာရေးဟာ ဘ၀မှာ အသက်ရှင်သန် နေထိုင်ဖို့အတွက် ပြင်ဆင်ရုံ သာမဟုတ်ဘဲ ပညာရေးကို လေ့လာ လိုက်စားနေခြင်း ကပဲ ဘ၀တစ်ခု” လို ဖြစ်နေ သင့်တာပါ။ ဒီတော့ ကလေးတွေအတွက် ပညာရေးစနစ်ထဲကနေပဲ ကိုယ်ရည် ကိုယ်သွေးနဲ့ အတူ လူမှုဆက်ဆံရေး စွမ်းရည်ကိုပါ တပြိုင်တည်း ဖွံ့ဖြိုးစေရမှာ ဖြစ်ပါတယ်။

 Progressivism အယူအဆကို အမေရိကန် ပညာရေးပါရဂူတွေ ဖြစ်ကြတဲ့ John Dewey ၊ William Kilpatrick နဲ့ John Child တို့က ပြောခဲ့ကြတာဖြစ်ပါတယ်။ သူတို့က ကလေးတွေအတွက် ပညာရေးဟာ ကလေးတွေ စိတ်ဝင်စားတဲ့ သင်ခန်းစာတွေ ဖြစ်သင့်ပြီး စာသင်ခန်း ထဲမှာလည်း ဆရာဟာ ဦးဆောင် လမ်းညွှန်သူ မဖြစ်ရဘဲ အကြံပေးသူသာ ဖြစ်သင့်တယ်လို့ ဆိုပါ တယ်။ ပြီးတော့ ကျောင်းဆိုတာဟာလည်း ကလေးတွေရဲ့ စွမ်းရည်ကို ထုတ်ဖေါ်ရာမှာ အစုအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက် ပြီးတော့သာ ဖေါ်ထုတ်စေ သင့်ပြီး ကလေးတစ်ယောက် နဲ့ တစ်ယောက် ယှဉ်ပြိုင်ဖို့ အတွက် မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

ဒါကြောင့်ပဲ တနှစ်တာလုံး ကလေးရဲ့ ကြိုးပမ်းခဲ့သမျှကို နှစ်ကုန်မှာ စာမေးပွဲတခုဖြေခိုင်းပြီး အအောင် အကျ နဲ့ ဆုံးဖြတ်လိုက်တာဟာ မမှန်ကန်ဘူးလို့ အဖြေထုတ်ကြတာဖြစ်ပါတယ်။ ဒီ မှားယွင်းတဲ့ စာမေးပွဲစနစ်အကြောင်း ရှေ့တပတ်မှာ ဆက်ပြောပြပါဦးမယ်။

 မေငြိမ်း ၂၅၊ ဧပြီလ ၂၀၁၂။
 Venus News Journal ပါ ဆောင်းပါး - ၇