Dec 31, 2017

နှစ်သစ်အကြို



ထားခဲ့ရတော့မယ့် ၂၀၁၇ ဟာ

လောကဓံကို သိမ်းထုပ်သေချာစေခဲ့တဲ့ နှစ်တစ်နှစ်အဖြစ်

မေ့မပစ်နိုင်စရာပေပ ။

သင်ယူမှု အသစ်တွေ နဲ့ တတ်ပွန်မှု အနှစ်တွေ

သိပ်လှတဲ့ လက်ဆောင်မွန်အဖြစ် ကျန်ရစ်.. နှစ်ထောင့် ဆယ့်ခွန်နစ်။

ရှေ့ဆက် တဖြည်းဖြည်း အရောင်ရင့်ရင့်လာမယ့် ဆည်းဆာပျိုးချိန်မှာ

သာယာကြည်လင်ခြင်းကိုသာ ခံယူရချင်တော့တဲ့စိတ်နဲ့

တချို့သော မေ့ပင်တွေကို စိုက်ရပေလိမ့်။

ချစ်ရသူ အနည်းအပါး နဲ့သာ တည်ငြိမ်တဲ့ ချစ်ခြင်းတွေကို ခိုင်မာစေလို့

ငြိမ်းအေးတဲ့ ပျော်ရာ ရှာမယ်။

ကိုယ့်သမ္မာ ကို ဆက်လက်စိုက်ပျိုးရင်း ကိုယ့်ကမ္ဘာကို အလှဆင်နိုင်စေဖို့ရာ

လာခြင်းကောင်းပါစေ.. ၂၀၁၈ ရေ










Nov 29, 2017

ချစ်ခြင်း ဒီဇင်ဘာ




ကျမ ကြီးပြင်းခဲ့တဲ့ နေရာက ရန်ကုန်မြို့လယ်မှာ ရှိတဲ့ ကမ်းနားလမ်းပေါ်က လေးထပ်တိုက်ရဲ့ အပေါ် ဆုံးထပ်မှာ။ အိမ်ရှေ့ဝရံတာကနေ လှမ်းကြည့်ရင် မျက်နှာချင်းဆိုင်က ဆိပ်ကမ်းဝင်းကို ကျော်ပြီး ရန်ကုန်မြစ်ပြင်နဲ့ ပင်လယ်ကူးသင်္ဘောတွေ မော်တော်လေးတွေကို လှမ်းမြင်ရတယ်။ အဲ့ဒီမြင်ကွင်းဟာ ကျမ ညနေတိုင်း ငေးနေကျ.. ဘယ်တော့မှ မငြီးငွေ့နိုင်တဲ့ မြင်ကွင်းပေါ့။ နေဝင်ကာနီး တိမ်အရောင် တွေ အရိပ်ထင်နေတဲ့ မြစ်ရေပြင်ဟာ ခပ်ဝေးဝေးက လှမ်းငေးရတဲ့ ပန်းချီကားပဲ။ မြစ်ရေပြင်ဟာ ရာသီတိုင်းမှာ လှတယ်လို့ ကျမ ကောင်းကောင်းကြီး သိခဲ့တာပေါ့။

အဲဒီမြစ်ရေပြင်ဟာ ခပ်ငေးငေး လွမ်းစရာလည်း ကောင်းခဲ့တယ်။ ဒီဇင်ဘာတွေမှာ။ မနက်ခင်းဆို အဲ့ဒီမြစ်ပြင်ပေါ်မှာ အဖြူရောင်သိပ်သိပ်သည်းသည်း ဇာပုဝါတစ်ပိုင်က လွင့်ပျံနေတတ်တာ..။ နေရောင် ပြိုးပြိုးပျပျ လင်းပျက်လာမှပဲ အဲဒီပုဝါပါးပါးကြားက တိုးထွက်ပျံလာတဲ့ ဇင်ရော်တစ်သိုက်.. ဒါမှ မဟုတ်.. ပျံလွှားတစ်အုပ်ကို ခပ်ဖျော့ဖျော့ မြင်ရမှ.. နှင်းဝေတဲ့ ဆောင်း ဆိုတာ ဒီဇင်ဘာ မှာ စတာပဲလို့ ခပ်တိုးတိုးလေး ချစ်ခဲ့ရတာ၊ ခုထိ သတိရပါတယ်။

+++++

တကယ့်ကို ကြို တွေး တွေးမှ.. ပိုငေးငေးရတဲ့အို.. ဟိုဝေးဝေးက နှင်း.. နှင်းကလေးဆိုတဲ့ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇောရဲ့ သီချင်းစာသားကို အဆိုတော်ခင်ညွန့်ရည် ရဲ့ အသံနဲ့ တွဲကြားတဲ့အခါမှာလည်း လွမ်းမိတာက ဒီဇင်ဘာကိုပါပဲ။ စိတ်ထဲမှာ ဒီဇင်ဘာကိုယ်တိုင်ကိုက ကဗျာဆန်တယ်လို့ ခံစားရတာလည်း အမြဲပါပဲ။

တွေ့တွေ့ချင်း.. လွမ်းတဲ့ ဟေမာန်ရေ.. ကြည့်စမ်းပါ့.. နိဒါန်းအစ.. အေးမြခြင်းတွေ.. ။ အဲဒီ စာသား တစ်စ.. ကိုလည်း ဒီဇင်ဘာမနက်ခင်းတွေမှာ မကြာမကြာ ရွတ်မိစမြဲ။ ဒီဇင်ဘာနဲ့ ပတ်သက်ရင် အမြဲတွဲလို့ ငြိနေကျကကံ့ကော်တောရဲ့ ကျောင်းဖွင့်ရက် မနက်ခင်းတွေပဲပေါ့။ ဟိုတုန်းက ဒီဇင်ဘာဆိုတာ.. တက္ကသိုလ်ကျောင်းတွေရဲ့ စာသင်နှစ်အသစ် စဖွင့်တဲ့ ရက်ဦးတွေပေါ့။ ပိတ်ထားတဲ့ ကျောင်းတံခါးတွေ ပြန်အဖွင့် .. ခွဲခွာနေခဲ့ရတဲ့ ချစ်သူချင်းတွေ ပြန်အတွေ့..။ ဒီဇင်ဘာတွေဟာ ချိုမြိန်အေးမြလေ့ ရှိခဲ့တဲ့ နိမိတ်ပုံတစ်ခုလို့လည်း ဆိုနိုင်မှာပါ။ ဒါဟာလည်း စိတ်ကူးယဉ်သန်တဲ့ ကျမအတွက် ဒီဇင်ဘာကို ချစ်ရတဲ့အကြောင်းတစ်ခု ဖြစ်လာရပြန်ပါတယ်။

+++++

ဒီဇင်ဘာမှာ လောကရဲ့ မြတ်နိုး အားကိုးရာ တစ်ပါးဖြစ်တဲ့ ယေရှုသခင်ကို ဖွားမြင်ခဲ့တယ်။ အဲဒီအခါ ဒီဇင်ဘာဟာ .. သခင်ယေရှုကို လွမ်းဆွတ်အမှတ်ရစရာ ရာသီကာလလည်း ဖြစ်တယ်။ ဒီဇင်ဘာဟာ နှစ်တစ်နှစ်ကို နှုတ်ဆက်ပြီး နောက်နှစ်သစ်ကို ကြိုကြမယ့်အချိန်မို့ လူတကာတို့ ပျော်စရာဖြစ်အောင် မွေ့လျော်နေထိုင်ကြတဲ့ ရာသီကာလလည်းဖြစ်တယ်။

ဒီဇင်ဘာဟာ.. ဟေမာန်ဆောင်းဦးကို တေးညည်းဆို ကြိုမယ့် ငှက်ငယ်လေးရယ်.. ဘယ်ဌာနေမှာ မင်း အိပ်စက်နေနိုင်နေလဲကွယ်.. သင်ပြန်လာမယ့်လမ်းကြောင်းတလျှောက် အစဉ်ပဲ စောင့်မျှော်မိတယ်.. နေရာဟောင်းလေးမှာ ပြန်လည်ဆုံစည်းကြစို့ကွယ်.. လို့ ချစ်သူတွေ ဆိုညည်းလို့ ကောင်းတဲ့ အခါလည်း ဖြစ်တယ်။
ဒီဇင်ဘာ နံနက်ခင်း.. မင်း သတိရရင်.. အမှတ်တရ နေရာဟောင်း  ဆောင်းမကြွင်းခင် နွေဦး မပြောင်းခင် တခေါက်အရောက်သာ လာစေ့ချင်..၊ ဒီဇင်ဘာ နံနက်ခင်း.. မင်း လွမ်းတတ်ရင်.. အမှတ်တရ နေရာဟောင်း .. နှင်းမကွဲခင် အချိန်မနှောင်းသေးခင်.. တခေါက်အရောက်သာ လာစေ့ချင် .. ဒီဇင်ဘာ နံနက်ခင်း.. ဆိုတဲ့ ဗစ်တာခင်ညိုရဲ့ သီချင်းကို နှင်းမြူတွေဝေနေတတ်တဲ့ ဘယ်နေရာမှာ မဆို ဆိုညည်းရင်း ချစ်သူတစ်ယောက်ကို လွမ်းလို့ ကောင်းတဲ့ အချိန်ဟာလည်း ဒီဇင်ဘာပဲ မဟုတ် လား။

ဒီဇင်ဘာဆိုရင်.. မြူနှင်းတွေ ဝေမယ်.. သစ်ရွက်လေးတွေမှာ ငွေ့ရည်လေးတွေစိုစွတ်လို့။ နေခြည်တွေ က တိမ်လွှာတွေကြားကနေ တိုးဆင်းပြီး ခပ်ပါးပါး ဖြာကျလို့။ မြက်ပင်ရှည်ဖျားတွေမှာလည်း နှင်းရည် စက်လေးတွေ တွဲသီလို့ ရှိမယ်။ အေးမြစိုစွတ်တဲ့ရာသီမို့ ပန်းတွေကလည်း ဝေဆာ ကြိုင်လှောက် နေအောင် ပွင့်ကြတာ။

++++++

စကားမစပ် အဲဒီ ဒီဇင်ဘာမှာပဲ ကျမ ချစ်တဲ့ သူငယ်ချင်းလေးတစ်ယောက်ရဲ့ မွေးနေ့လည်း ရှိတယ်။ သူက ကျမ ထက် ၆လ ကျော်ကျော်လေးသာ ငယ်ပေမဲ့ ကျမထက်အဆများစွာ ရင့်ကျက်တည်ငြိမ်သူ။ လောကကို ရင်ဆိုင်ရာမှာ ကျမထက် အဆများစွာ ခိုင်မာ ရဲရင့်သူ။ ကျမ သူ့ထက်ကြီးပြီး သူနဲ့ ကျမ စရိုက်သဘာဝ ကွဲပြားလှပေမဲ့ ကျမက သူ့ကို ချစ်ခင်လေးစားတာကိုဖြင့် သူတောင် သိချင်မှ သိမှာပါ။ ကျမကတော့ ကိုယ့်ရဲ့ ထွေပြားတတ်တဲ့ သဘာဝ နဲ့ စိတ်ကူးယဉ်ဆန်မှု.. ခံစားချက်နောက် လိုက် တတ် မှုတွေကို ကိုယ့်ဘာသာ သတိထားမိတိုင်း ကိုယ့်ကိုယ့်ကို မချင့်မရဲဖြစ်တိုင်း အမှတ်မဲ့လိုလိုနဲ့ သူ့ကို သတိရ မိ တတ်တာလည်း အံ့သြစရာပါ..။ ဘာလို့ဆို သူနဲ့ ကျမက အဲလောက်လည်း အနေ နီးကြသူ တွေ မဟုတ် လို့ပါပဲ။ တခုတော့ ရှိတာပေါ့.. ကျမ ချစ်မြတ်နိုးရာ မြန်မာစာပေ အရေးအရာမှာ သူက ပျော်ဝင် မွေ့လျော်ရုံမက ထူးချွန်တတ်ပွန်သူ.. ဒါကပဲ ကျမအတွက် အရေးပါမှုပါ။ ဒီလိုနဲ့ ကျမ သူ့ကို ကြည့်ကြည့်နေမိတတ်လာတာ။
အဲဒီအခါ ကျမက သူ့ကို ကြည့်တိုင်း ကိုယ့်ကိုယ်ကို တွေ့မိလာတော့တယ်။

သူ နဲ့ ကိုယ်.. ဆုံမှတ်တစ်ခုမှာ ရသစာပေ အကြိုက်တူတာကလွဲလို့ ကျန်တာ ဘာမှ မတူ။ သူရဲ့ တည်ကြည်အေးချမ်းမှု၊ ဖြူစင်ရဲရင့်မှု၊ နူးညံ့ထက်မြက်မှုတွေ.. ကိုယ် သဘောကျခဲ့ရတာ။ သူတောင် သိမယ်မထင်။ ပညာပြည့်ဝ နှလုံးလှ.. ဆိုတဲ့ ဆောင်ပုဒ် ပါးလျားလာတဲ့ ဒီခေတ်မျိုးထဲ သူ့ကို ပြစရာ ရှိပေလို့ပဲလို့ ကျမ ခဏခဏ သတိရတယ်။ တခါသားမှာကျမရဲ့ အစ်မလိုပဲ ဖြစ်တဲ့ နာမည်ကြီး စာရေးဆရာမ တစ်ယောက်ကို ကျောင်းဝန်းကျင် မြန်မာစာဝန်းကျင်ထဲ ခေါ်လည်တော့.. သူနဲ့မှ မိတ်ဆက်ပေးချင်လို့ လိုက်အရှာ.. ကံကောင်းပြီးတွေ့တော့ ဒါ ကျမရဲ့ စံပြလို့ ဂုဏ်လုပ် မိတ်ဆက် ပေးမိတယ်။ တော်ရုံကို ဂုဏ်မလုပ်တတ်တဲ့ ကျမအကြောင်း အဲဒီ အစ်မ စာရေးဆရာမက သိတော့ ကျမ ဂုဏ်လုပ်တဲ့ သူ့ကို ပြုံးပြ နှုတ်ဆက်တာ လေးလေး နက်နက်မို့ ကျမ ကျေနပ်ခဲ့ရသေးတယ်။

တကယ်တော့ ကျမရဲ့ ပုံစံ စရိုက်သဘာဝဟာ သူနဲ့ အတော်ဆန့်ကျင်တဲ့အပြင် ကျမဆိုတဲ့ကောင်က အင်မတန် လူကြိုက်နည်းတဲ့ကောင်။ သူက လူတိုင်းလိုလိုရဲ့ ချစ်ခင်လေးစားမှုကိုသာ ရသူ။ ဒါပေမဲ့ သူ့မျက်လုံးတွေဟာ ကျမအပေါ် အမြဲ ဖြူစင်ခဲ့တာ.. တခါမှ မပြောင်း လဲခဲ့ဖူး။ မဖြစ်စလောက် အရည် အချင်းအပေါ် ကျမ မာန်လုပ်မိတဲ့အခါ အရည်အချင်း အရည်အသွေးအပြည့်နဲ့ပေမဲ့ ဘယ်တော့ မှ မာန်မတွေ့ရတဲ့ သူ့ကို သတိရယူပြီး ကိုယ့်ကိုယ်ကို ဆုံးမခဲ့ရတဲ့ အချိန်တွေ ရှိခဲ့။ သူဟာ အောင်မြင်တဲ့ လှေကားထစ်တစ်ထစ်ဆီ ထပ်တက်တိုင်း လူအယောက်စီရဲ့ လှိုက်လှဲတဲ့ ဂုဏ်ပြုခြင်းကို ခံယူရသူ။ တကယ် ထိုက်တန်တဲ့ အမွန်အမြတ်

+++++

ကျမတို့ တက္ကသိုလ်ဆရာမ အလုပ် စာမေးပွဲ ဖြေထားပြီးချိန်.. တမနက်ဆရာမ အောင်စာရင်းတွေ ထွက်ပြီ တဲ့။ သူငယ်ချင်းတွေ သွားကြည့်ကြမလို့တဲ့။ ကျမက တောင်ငူကင်တင်းမှာ ရည်းစားနဲ့ထိုင်ရင်း အောင်စာရင်းကို စိတ်မဝင်စား။ ကျမ နဲ့ ဆိုင်တယ်လို့ကို မထင်.. ကျမက ဒီလို နေရာမျိုးတွေမှာ လူညံ့ လို့ပဲ ကိုယ့်ကိုယ်ကို သတ်မှတ်ထားခဲ့တာ။ အဲဒီအချိန်.. ကျမ ဆရာမအောင်စာရင်းမှာ ပါကြောင်း တကယ် ဝမ်းသာတဲ့ မျက်လုံးနဲ့ ကျမကို ပထမဆုံး သတင်းလာပေးတာလည်း သူပါ။ သူပြောတာမို့ ဒါ နောက်တာ မဟုတ်မှန်း သေချာတာမို့.. ကျမ သူ့လက်ကို ဆွဲပြီးဟယ်.. တကယ် ..၊ ဟယ်.. တကယ် ..  လို့ပဲ ထပ်ခါ ထပ်ခါပြောမိတယ်။ သူက ပြုံးလို့.. တကယ်ပေါ့ ခက်ရဲ့ တဲ့။ သူဟာ .. ကျမလို ငဆိုး ကို အမြဲ နားလည်သလို နွေးထွေးခဲ့သူ.. ကျမ ဝတ္ထုတွေ မဂ္ဂဇင်းတွေထဲ တွေ့တိုင်း .. ကျမ လုံးချင်းဝတ္ထုတွေ ထွက်တိုင်း ကြုံကြိုက်တဲ့အခါ အလေးတယူ အသိအမှတ်ပြု စကား တခုတ်တရ ပြောတတ်သူ။ သူရဲ့ ထူးခြားချက်တစ်ခုက ကိုယ်တိုင် အနေအထိုင် အေးသလောက် လူတွေကို အလေးထားပြီး နွေးနွေးထွေးထွေး ဆက်ဆံ တတ်မှုလို့ ထင်ပါတယ်။
ကျမ အဝေးကြီးကို ထွက်လာခဲ့ချိန်.. အများကြီး အများကြီး ပြန်လွမ်းစရာတွေကြားက.. တချို့ တချို့ တွေ ကိုတော့ အကြောင်းအမျိုးမျိုးနဲ့ လွမ်းတဲ့အခါ ကဗျာတစ်ပုဒ်ရေးမိတယ်..

အဖြေမရှိတဲ့ မေးခွန်းတွေထဲ
အရောင်မရှိတဲ့ အရိပ်တွေထဲ
ရနံ့မရှိတဲ့ ပန်းတောထဲ
ဆိုက်ချိန်မသိတဲ့ ရထားထဲ
တ၀ဲဝဲလည် နှစ်များစွာ

ဘာကိုများ အလိုရှိပါသလဲ..
ဒါမှမဟုတ်
ဘာကိုများအလိုရှိရမှာပါလဲ..

ဖြူစင်သော ချစ်ခြင်းများ..
လောဘမဲ့ တပ်ငြိခြင်းများ
ငယ်စဉ်ဘ၀က မေတ္တာတရားများ
အစွန်းအထင်းမဲ့ စွဲလမ်းခြင်းများကိုသာ
အဖန်ဖန် ပြန်လွမ်းဆွတ်ရဲ့..

ဆောင်းသီတာ ရေ..
ဘွယ်ကြီးရေ
နန္ဒာချောဝဏ္ဏ ရေ.. မိုးကြီး ရေ
နီလာလေး ရေမမသင်း ရေ.. မ၀တီ ရေ..
ကွေးကြီး ရေ.. ကိုလွင် ရေ..
အောင်ကျော်မိုး ရေ.. မောင်အံ့ ရေ..
ငထက် ရေ ကျော်စိုး ရေ
လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ
ခုနေ တခေါက်လောက် ပြန်ဆုံရရင်..
တော်တော် နေသာမယ်ထင်ရဲ့။

ကြာခြဲ့ပီကော
လူမသိ သူမသိနဲ့
ဆွေးရိပုပ်အဲ့အဲ့ လွင်ပြင်ထဲ
ဘယ်ရင်ခွင်မှာမှ မပျော်ပိုက်နိုင်သူလေ။

အဲဒီ အလွမ်းထဲမှာ.. သူ လည်း ပါခဲ့ရတာပေါ့။ ကိုယ့်ရေမြေနဲ့ အဝေးကြီးမှာ ဖြူစင်တဲ့ လောဘ ဒေါသ မောဟမဲ့ ဖြူစင်တဲ့ ချစ်ခြင်းဆိုတာကို သတိရတဲ့အခါတိုင်း ကျမအပေါ် ဖြူစင်နွေးထွေးတယ်လို့ ခံစား ရတဲ့ သူငယ်ချင်းတွေကို လွမ်းတတ်တယ်။ အဲဒီအထဲ ရှေးမြန်မာစာပေတွေ ကဗျာတွေ ပြန်ဖတ် မိ ရင်တော့ နီလာလေးရယ်.. လွမ်းလိုက်တာလို့ အသံထွက် ညည်းမိလောက်အောင်တောင် သူ့ကို လွမ်းခဲ့ရဖူးပါတယ်။ အဲဒါတွေ သူ့ကို ပြောပြရင် သူထုံးစံအတိုင်း လှိုက်လှိုက်လှဲလှဲ ပြုံးပြီး ကျေးဇူး တင်ပါတယ်တော်.. လို့ ပြောမှာ ထင်ပါရဲ့။

ဒီဇင်ဘာ ၂၅ မှာ  လာခြင်းကောင်းတဲ့ အရှင်တပါး မွေးဖွား ခဲ့တယ်။ ဒီဇင်ဘာ ၂၅ မှာပဲ လောက အတွက် သိပ္ပံပညာနဲ့ အကျိုးပြုခဲ့သူ ရူပဗေဒပညာရှင် နယူတန်” … ကို မွေးခဲ့တယ်။ ဒီဇင်ဘာ ၂၅ မှာ မွေးခဲ့တဲ့ ကျမ သူငယ်ချင်းလေးဟာလည်း မြန်မာစာဘာသာရပ် ဆိုတဲ့ အရေးပါတဲ့ နယ်ပယ်တစ်ခု အတွက် လာခြင်းကောင်းတဲ့ အမွန်အမြတ်တွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။ မြန်မာစာကိုမှ ကြိုက်လို့ သေသေချာချာကြီးကို ရွေးချယ်ပြီး အဓိက ဘာသာအဖြစ်ယူခဲ့ကြတာမှာ ကျမ နဲ့ သူ ထပ်တူကျခဲ့ကြ ပေမဲ့ ကျမက သူ့လို မြန်မာစာကို သေတပန်သက်တဆုံး လုပ်ကျွေးပြုစု မတတ်နိုင်ခဲ့။ သူ နဲ့ ကျမ စာပေဘာသာရပ်မှာ ထူးချွန်ခဲ့ကြတာ တူပေမဲ့ ကျမက သူ့လို ဘာသာရပ်အပေါ် စေတနာ့တာဝန် မကျေပြွန်ခဲ့။ ဒီလိုနဲ့.. ကျမက အဝေးကြီးမှာ ။

နီလာလေး.. နီလာလေး.. ပါရဂူဖြစ်သွားပြီ.. တွဲဘက် ပါမောက္ခ ဖြစ်သွား ပြီ.. ပါမောက္ခဖြစ်သွားပြီ ဆိုတဲ့ ကောင်းသတင်းတွေဟာ ပန်းရနံ့လေးလို ကျမဆီ မွှေးပျံ့လာမြဲ..။ သေချာတာပေါ့.. ဒီလို ဂုဏ်သရေဟာ သူ့အတွက် သေသေချာချာကို ရောက်လာရမှာပဲပေါ့။ နောက်တော့ အုပ်ချုပ်ရေးပိုင်းမှာ ရာထူးမြင့်မြင့်ကြီးတစ်ခု တဲ့။ ဒုတိယပါမောက္ခချုပ် ဆိုတဲ့ ရာထူးဟာ မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေး လောကအစဉ်အလာထဲမှာ အမျိုးသမီး တွေရဖို့ အင်မတန် အခွင့်အလမ်း ပါးရှားခဲ့ဖူးတဲ့ ရာထူး။ ခုတော့ နီလာလေး ဒီရာထူး ဆွတ်ခူးရသတဲ့။ နီလာလေးကို မြန်မာစာ သင်ကြား ရေးထဲ ရှိစေချင်သေးတာလို့.. ကျမ နှမျောတမ်းတ .. လှမ်းပြောမိသေး။ ဒါပေမဲ့ မြန်မာစာအဆင့်ကို အမျိုးမျိုး နိမ့်ကျစေနေတဲ့ ဒီနေ့လို ခေတ်အခါမှာ မြန်မာစာရဲ့ ဂုဏ်ကျက်သရေကို တိုးမြှင့်နိုင်မယ့် အရေးပါတဲ့ တစ်နေရာမှာ သူ ရှိနေဖို့ကလည်း ပိုအရေးကြီးတာပဲလို့ သူ့စကားတွေထဲမှာ ကျမ သဘောတွေ့ခဲ့ ရ ပါတယ်။ ဒီတော့ သူဟာ ကျမတို့ မြန်မာစာ ဘာသာရပ်ရဲ့ ထင်ရှားတဲ့ မှတ်တိုင် တစ်တိုင်လည်း ဖြစ်လာရတာပေါ့။ အဲဒီအခါ ဒီဇင်ဘာဟာ ကျမ ချစ်သော နီလာလေးရဲ့ မွေးနေ့ရှိလို့မို့ ရယ်လို့လည်း ချစ်စရာ တမျိုး တိုးပြန်ပါတယ်။

+++++

ဒီဇင်ဘာဟာ နှစ်တစ်နှစ်.. ကောင်းခဲ့ပါစေ.. ဆိုးခဲ့ပါစေ.. ထားခဲ့ရတော့မယ့် နှုတ်ဆက်ကာလ။ နောက်နှစ်အသစ်တစ်ခုအတွက် ကောင်းစေချင်စိတ်စောတွေနဲ့ အားမာန်တွေ မွေးရင်း ရှေ့ကို မျှော်ကြည့်ရတဲ့ ကာလ။ ဒီဇင်ဘာဟာ မျှော်လင့်ချက်ပန်းတွေ ဝေဆာပွင့်လန်းလို့ အေးမြခြင်း နိမိတ်ကောင်းရယ်လို့ ခံစားကြတဲ့ကာလ။ အဆိုးတွေကို ထားခဲ့ဖို့ ကြိုးစားရုန်းကန်ရင်း အတတ်နိုင်ဆုံး ပြုံးထားကြရတဲ့ကာလ။ ဒီလိုနဲ့ မကြာခင်ဆို ဒီဇင်ဘာတော့မယ်။ ဒီဇင်ဘာဆိုရင်လေ……..

မေငြိမ်း


Oct 26, 2017

အရင်အတိုင်းပဲလား … ရန်ကုန်



ရန်ကုန်ဟာ ကျမရဲ့ မွေးရပ်မြေ...။
စည်ကားတဲ့လမ်းတွေပေါ် မက်မက်မောမော လျှောက်ခဲ့တာပဲ။
မြို့လယ်ခေါင်ကစ ဆင်ခြေဖုံးမြို့သစ်တွေဆီအထိ... ချစ်ခဲ့တာပါပဲ။
ပြီးတော့ ကျောင်းတက်ခဲ့ရာ ရန်ကုန်တက္ကသိုလ်ဝင်း၊ ဆရာမ လုပ်ခဲ့ရာ လှိုင်တက္ကသိုလ်၊ နေခဲ့ဖူးတဲ့ စက်မှုတက္ကသိုလ်ဝင်း... အားလုံးဟာ စွဲလမ်းစရာ..။
ဒီလိုပါပဲ... ဘယ်သူမဆို ကိုယ့်ဇာတိမြေကို ရှာကြံစွဲလမ်းကြမှာပါပဲ..နော်။
ရန်ကုန်ရဲ့ဘ၀ထဲ မွန်းကျပ်မှုတွေ ဘယ်အချိန်လောက်က စရောက်လာခဲ့သလဲ.. မမှတ်မိချင်တော့။ သတိထားမိတဲ့အချိန်မှာတော့ အုံ့မှိုင်းမှောင်ဝေနေတဲ့ နိမိတ်ပုံကို တွေ့လိုက်ရပြီ။
ရပ်တည်ရာ ဘ၀အခန်းကျဉ်းလေးတောင် မှောင်လို့..........

"ငါ့အခန်းလေးထဲမှာ အလင်းတန်းများ ပျောက်ကွယ်...
ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ်...
ငါ့အခန်းထဲကနေ အပြင်ကို ထွက်...
ရန်ကုန်မြို့ကြီးလည်း ငါ့အတိုင်းပဲ..."

စာသင်ခန်းထဲက တပည့်တွေမျက်လုံးက အေးစက်မှောင်မိုက်..
သူတို့က ပညာရချင်တာမဟုတ်ဘဲ ဘွဲ့တခုသာ ရချင်ကြတာတဲ့။
ဒါဟာ တန်ဖိုးမဟုတ်ဘူးလို့ ကျမပြောတဲ့အခါ သူတို့က လက်မခံချင်ကြ။
စာမေးပွဲအဖြေလွှာပေါ်မှာ မေးခွန်းတွေ ချည်း ရေးကူးပေးလိုက်တဲ့ ကျောင်းသားလည်း စာမေးပွဲ အောင်တဲ့ ခေတ်တစ်ခေတ်ကို ကျမ တက္ကသိုလ်ဆရာမ ဘဝမှာ ဖြတ်ခဲ့ရဖူးပါတယ်။
န၀ဒေးရဲ့ကဗျာဖြေခိုင်းတာကို နတ်သျှင်နောင်ကဗျာရေးထည့်ထားလည်း စာမေးပွဲ အောင်ပါတယ်။ အင်္ဂလိပ်မြန်မာ ပထမစစ်အကြောင်းမေးတာကို ဒိုင်အာခီအုပ်ချုပ်ရေးပဲရလို့ ဖြေခဲ့တယ် ဆိုတဲ့သူ ကိုလည်း အအောင်ပေးရမယ်တဲ့။ အဲဒီတချိန် အသေအချာ ရှိခဲ့တယ်။ အထူးသဖြင့် ရန်ကုန်မှာ
နောက်တော့ အောင်စာရင်းထွက်တဲ့အခါ မဖြေနိုင်ခဲ့တဲ့ကျောင်းသားတွေက အောင်စာရင်းပေါ်က သူတို့နာမည် တွေကို အော်ဖတ်ပြီး ဆရာမတွေရှေ့မှာ လှောင်တောင်တောင် ရယ်ကြ။
အဲဒီအခါ ကျမရဲ့ ကိုယ်ပိုင်အခန်းလေးက မှောင်အတိကျ..။
ကိုယ့်ရဲ့ဆရာမဘ၀ထဲ..ရှက်ရွံ့ကြေကွဲလာ..။
ဒါဖြင့် ကျမရဲ့ နံဘေးဝန်းကျင်မှာကော..။
ကျူရှင်တ၀ိုင်း (xx) သိန်း... ရုံးးတွေမှာလည်း အဆင်ပြေချင်ရင် (xx) သိန်း.. ဆေးရုံမှာလည်း (xx) သိန်းလောက် တော့ပေး..။ ဘာပဲ မဟုတ်တာ လုပ်လုပ်ရတယ်.. ပေး(xx)သိန်း..။ ဒီလိုနဲ့ အမှောင်ထုက တဖြည်းဖြည်းသိပ်သည်း ကြီးစိုးလာခဲ့။
ရိုးသား ကြိုးစားမှုက ထမင်းလာ မကျွေးဘူးဆိုပဲ..။
အဲဒီအခါ ကျမကိုယ်တိုင် အမှောင်နဲ့ ကျင့်သားရမှာ ကြောက်လာခဲ့။

+++++

"ငါ့အတ္တကို အိတ်နဲ့ ထုပ်လိုက်တယ်...
လူမမြင်အောင် ယူကာ အမှိုက်ပုံးလေးထဲထည့်...
ကွဲသွားတဲ့ ငါ့ရင်ခုန်သံတွေ ပြန့်ကျဲ...
ရန်ကုန်မြို့ကြီးးလည်း ဒီအတိုင်းပဲ..."

ရိုးသားဖို့ ကြိုးစားတဲ့အခါ ဘ၀ထဲမှာ ရေဆာရတာ.. ထမင်းဆာရတာတွေ များလာတယ်။
ကျောင်းသားတွေက "ရော့ဆရာမ..ကျူရှင်လခ" လို့ ခပ်ပြုံးပြုံးပေးတဲ့အခါတွေမှာ
အတ္တက တကယ်ပဲ အမှိုက်ပုံးထဲ ရောက် ရောက် သွားခဲ့တယ်။
ရှက်စရာကောင်းလိုက်တဲ့ဘ၀လို့ ခံစားရတဲ့အခါ အမှောင်ထဲ တိတ်တဆိတ် ကြေကွဲ...။
အတ္တတခုလုံး အမှိုက်ပုံးထဲ ရောက်သွားချိန်မှာ လူကတော့ စိန်ရောင်ရွှေရောင် ပြိုးပြိုးပြက်ပြက် လက်ပ..လို့၊ ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေပေါ် ပပလွှားလွှားလျှောက်ခဲ့..။
ကဲ... အဲဒါကကော တကယ်ပဲ ကျေနပ်ဝင့်ကြွားစရာလား။
(ရင်ထဲမှာတော့ တိတ်တိတ် အသည်းကွဲနေခဲ့ရတာ ကိုယ်သာ အသိဆုံးပေါ့)

+++++

"ငါ အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
တမင်တကာ ကာရံထား...
ဒီတံတိုင်းများ ခြားရင်းနဲ့...
ဘ၀ရဲ့ ထွက်ပေါက်အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း နာဖျားဆဲ..."

နှစ်လေးဆယ်..။
ရန်ကုန်မြို့ကြီးဆီမှာ မွန်းကျပ်လွန်းလို့ဆိုပြီးတော့ ..
သူ့ဆီကနေ မကြာခဏ ခွာ ခွာပြီး မြန်မာပြည်တနံတလျား.. သွားသွားလာလာ..လည်လည်ပတ်ပတ်။
အိမ်ပြင် ခဏဘ၀ထဲ ပျော်ပျော်ပိုက်ပိုက်နေခဲ့။
ပြီးတော့လည်း အချိန်တန်ရင် အိမ်ရှိရာ ရန်ကုန်မြို့ကြီးဆီကို ပြန်..။
ကိုယ့်အခန်းကျဉ်းလေးဆီကို ပြန်..။
ဘ၀ကျဉ်းမှောင်မှောင်လေးဆီ ပြန်..။
ခပ်မှိန်မှိန်အပြုံးတွေဆီကို ပြန်...။
ကျပ်ကျပ်သိပ်သိပ်ရယ်သံတွေရှိရာ ပလက်ဖောင်းတွေဆီကို ပြန်..။

+++++

"ငါအချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
အိမ်အပြင်မှာ လုံခြုံလည်း အိမ်ထဲက နှင်းကျတယ်...
ဘ၀ရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း အရင်အတိုင်းပဲ.."

ဘာပဲဖြစ်ဖြစ်.. ရန်ကုန်ကို စနစ်တကျ ခင်းကျင်းပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။
တကယ့်အလှဆိုတာနဲ့ ချစ်ခြင်းမေတ္တာစေတနာဆိုတာတွေကသာ လောကကို အလှဆင်နိုင်မယ် ဆိုတာကို လူငယ်မျိုးဆက်တွေနားလည်လက်ခံဖို့ ပြင်ဆင်ပြသခဲ့ဖူးပါတယ်။
ဗင်ဂိုးက ချစ်ခြင်းမေတ္တာအတွက် နားရွက်ဖြတ်ခဲ့တာဟာ.. လှောင်ပြောင်ရယ်မောစရာ မဟုတ်တဲ့အကြောင်း..၊
မြို့မငြိမ်းက လူတွေက သူ့ဦးနှောက်နဲ့ မတန်တော့ဘူးလို့ ခံစားရတာကြောင့်ပဲ ပြေးလာတဲ့ ကားအောက် ခေါင်းထိုးထည့်ခဲ့လေသလားဆိုတာတွေ တွေးပြီး အနုပညာရှင်ရဲ့တန်ဖိုးကို နားလည်သင့်တဲ့အကြောင်း...၊
ရိုးသားလို့ ဆင်းရဲရတာဟာ နှာခေါင်းရှုံ့စရာမဟုတ်တဲ့အပြင် ထုတ်ဖော်ချီးကျူးဖို့တောင် လိုတယ် ဆိုတဲ့အကြောင်း..။
ကောက်ကျစ်ယုတ်မာမှုကို ကိုယ်တိုင်မပြုပေမဲ့ ဒီအတိုင်းလက်ပိုက်ကြည့်နေတာဟာလည်း အလိုတူ ရာရောက်ကြောင်း..၊
"ပြည်သူဟာ ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲ ရတယ်"ဆိုတဲ့စကားအတွက် 'ဒီနေ့လူငယ်တွေမှာ တာဝန် ရှိတယ်ဆိုတဲ့ အကြောင်းတွေ... အများကြီး ပြောပြီးတဲ့နောက်မှာတော့.... ရယ်သွမ်းသွေး သံတွေ ကြားထဲက ထွက်ပြေးခဲ့ရ။
အဲဒီအခါ.. လက်တွေ့ဘ၀ အိမ်ခန်းကျဉ်းလေးထဲမှာ... နှင်းမုန်တိုင်းတွေ သည်းသည်းကျ..။

+++++

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."

ကျမကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးက စိတ်ပျက်စရာလို့ ညည်းညူငြိုငြင်ဖူးခဲ့ပါတယ်။
ကြည့်ပါဦး... ကျမလည်း သူ့အပေါ်မှာ ရက်စက်စော်ကားခဲ့တာပဲ..။
တကယ်မှာတော့ သူ့ခမျာက လူတကာ ပြုသမျှ နုရသူ။
ဗိုလ်အောင်ကျော်.. ဗိုလ်ချုပ်တို့ သွေးတွေ ပေကျံခဲ့ရရှာတာလည်း သူ..။
၆၂ သွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။
၇၄..၇၆ သွေးတွေချွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။
ရှစ်လေးလုံးသွေးတွေလည်း..
ရွှေဝါရောင်သွေးတွေလည်း...
ပြည်သူတွေရဲ့ ဘ၀ထဲ ငတ်ရသမျှ မျက်ရည်တွေကလည်း သူ့ဆီမှာပဲ ကျခဲ့..။
တော်လှန်သွေးတွေလည်း သူ့အပေါ်မှာပဲ ကျခဲ့။
ဒီလောက်ပုန်ကန်တဲ့မြို့ ပျက်သွားအောင် ပစ်ထားလိုက်ကြစမ်း.. ဆိုတဲ့ အာဏာရူးတွေရဲ့ အမုန်းကလည်း သူ့အပေါ်မှာပဲ ကျရောက်ခဲ့..။
နောက်ဆုံး ကိုယ်တိုင်တောင် သူ့အပေါ် အပြစ်ပုံချလို့ စွန့်ခွာ ထွက်ပြေးခဲ့။

+++++

သစ်ပင်အကျိုးအကြေတွေ... ယင်တလောင်းလောင်းအမှိုက်ပုံတွေ.. ။
အလုပ်လက်မဲ့ လေလွင့် လူငယ်လေးတွေ.. ကလေးအလုပ်သမားလေးတွေ..။
ထမင်းငတ်နေတဲ့ သက်ကြီးရွယ်အိုတွေ..။ ခိုးစား လုစားနေရတဲ့ ၀န်ထမ်းတွေ..။
စနစ်တကျ အဖျက်ဆီးခံခဲ့ကြရလို့ စိတ်ဓာတ်ကျိုးကျေနေရှာတဲ့ မြို့ကြီးသူ မြို့ကြီးသားတွေ..
မိဘ ဆရာ အဿပြာပူးပေါင်း ကလေးပညာကောင်း.. ဆိုသလို ပိုက်ဆံကိုပဲ မျက်စေ့စုံမှိတ် ကြည့်နေရလို့ အနန္တောအနန္တ ငါးပါးဆိုတဲ့နေရာမှာ အထိုင်ရခက်နေတဲ့ ဆရာတွေ..။
စိတ်ညစ်သမျှ ဒါချလိုက်ရင် မေ့တယ် ဆိုတဲ့ စိတ်ကြွဆေးပြားတွေ...။
ပါတီမှာ ဘာကျွေးမှာလဲ.. ထုံးစံအတိုင်း ကြယ်သီး ပေါ့..တဲ့။
ကြယ်သီးညတွေထဲမှာ ဘ၀ဆိုတာ ပျော်စရာ.. ခေါင်းလေးတခါခါနဲ့ ငြိမ့်လို့ဆိုပဲ..။
လူစုလိုက်ပါ.. ၁၀ယောက်ပြည့်ရင် တစ်ဝိုင်းစာလုပ်ပေးမယ်ဆိုတဲ့ ကိုယ်လုံးတီး မြန်မာမ ပြပွဲတွေ..။
'အကို ကျမကိုခေါ်ပါ ဈေးဦးမပေါက်သေးလို့ပါ.. လျှော့ပေးပါ့မယ်'ဆိုတဲ့ ဈေးရောင်းပွဲတွေ..။ 
လက်ဘက်ရည်ဆိုင် ထိုင်သလို ဘီယာဆိုင်ထိုင်တာလည်း ယဉ်ကျေးမှုပဲလား။
KTV ဆိုတာ သီချင်းဂီတ ဝါသနာပါသူတွေ .. အပန်းဖြေ စိတ်ပြေ သီချင်းတွေ ဆိုဖို့ပဲလား..
ရိုးသားနေလို့ မရတဲ့ခေတ်ဗျ... မရူးစမ်းပါနဲ့ .. ဆိုတာတွေ။
ကမ္ဘာမီးလောင် သားကောင်ချနင်း.. ဆိုတာတွေ။
တော်ပါသေးရဲ့..၊ သမီးလေးက လှလို့.. ကျမတို့ အသက်ရှူချောင်နေတာ.. သမီးရဲ့ 'စပွန်စာ' က မဆိုးဘူး ဆိုတာတွေ။
အဲဒါတွေကို ရန်ကုန်မြို့ကြီးက ရွက်ထားရတာ..။
သူ့ခမျာလည်း နံစော်ပေပွလို့..၊ ရီဝေမူးယစ်လို့..၊ နာကျင်ကြေမွလို့ ရှိနေရှာမှာ..။

+++++

လောလောဆယ်မှာတော့ ဘာမှမတတ်နိုင်သေးတဲ့ဘ၀တွေ..။ တွေ့နေရဆဲ..
ကျမ မွေးဖွားခဲ့... ကြီးပြင်းနေထိုင်ခဲ့... စွန့်ပစ်ထွက်ပြေးခဲ့တဲ့ ရန်ကုန်..။
သူ့ဘ၀ မိတ်ကပ်ရောင်လေးတွေ နည်းနည်းပြောင်း.. သာတောင့်သာယာသလို ရယ်သံလေးတွေ ကြိုကြား ကြိုကြား စွက်လို့..။ ခုရော .. တကယ် ပျော်နေရပြီလား ရန်ကုန်ရေ

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."

++++

ကျားပေါက် ရဲ့ အရင်အတိုင်းရန်ကုန်ဆိုတဲ့ အဲဒီ သီချင်းလေးက လွန်ခဲ့တဲ့ ၁၀နှစ်လောက် ကတည်း က ကျမကို ဆွဲဆောင်ခဲ့တယ်.. ကျမ ထားပစ်ခဲ့တဲ့ ရန်ကုန်ကို ကျမ စိတ်ထဲ ပြန် ရောက် အောင် ဒီသီချင်း လေးက ပစ်ထည့်ခဲ့တယ်။ ကျားပေါက်က ဘယ်လို ခံစားချက်နဲ့ဆိုခဲ့တယ် မသိနိုင် ပေမဲ့ ခံစားသူတွေ ဘက်ကတော့ ကိုယ့်အမြင် အတွေးနဲ့ ခံစားမြဲမဟုတ်လား..။
ခုဆိုရင်ပဲ ဒီသီချင်းလေးတောင် ဆယ်စုနှစ်တစ်ခု ချဉ်းခဲ့ပြီ။ ရန်ကုန်မြို့ကြီး ပြန်အဆင်ပြေပြီလား.. ဒါမှမဟုတ်ငိုနေရဆဲလားဆိုတဲ့ မေးခွန်းကတော့ ကျမ ရင်ထဲမှာ ခုထိ ခုန်ပေါက်နေဆဲ

https://www.youtube.com/watch?v=7FSTdrymR2M

၃၁ သြဂုတ် ၂၀၁၇။



Sep 21, 2017

" စိတ်ကူးယဉ်ကြရအောင်လား ဂျွန်ရေ…"


ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံး သတိရတာ.. ခင်ဗျားပါပဲ ဂျွန်.. Kurt Cobain လို သေခြင်းကို ကိုယ့်ဘာသာ မရွေးချယ်ခဲ့ပေမဲ့ အနုပညာ နဲ့ လူသားဖြစ်တည်မှု ကို ခန့်ညားလေးစားတဲ့ ခင်ဗျားဟာ သေခြင်းအတွက် အဆင်သင့် ရှိနေခဲ့ ပြီးသားလို့ ယုံတယ်.. ငြိမ်းချမ်းရေးကို ချစ်တာဟာ လူသားဖြစ် တည်မှု ကို ချစ်တာပဲဆိုတာ..       ခင်ဗျားပြလို့ ကျမ တွေ့ခဲ့တာ သိလား။ ဘာအရေးကြီးလဲ စဉ်းစားတော့ ဒီကနေ့ ကို တည့်တည့် ရင်ဆိုင်ဖို့သာ အရေးကြီးတာလို့ ကျန်ရစ်သူ ယိုကိုဆီက ကျမ ရတယ်။
ယိုကိုကြောင့် Beatles တွေ ပြိုကွဲခဲ့တယ်လို့ စွပ်စွဲရင် ကျမကတော့ လက်မခံချင်ပါဘူး။ လူ တစ်ဦး တစ်ယောက်ကြောင့် ဂီတ အမြုတေကြီးတစ်ခု ပြိုကွဲခဲ့တယ်တဲ့လား.. ဒါဆို ရော့ခ် ဘုရင် ၄ပါး ရဲ့ ဂီတ ဂုဏ်သိက္ခာ နဲ့ ချစ်ခြင်းတရားရဲ့နက်ရှိုင်းမှုကို ထိခိုက်ပါ့မယ်… ။ အချစ် ဆိုတာရယ်.. အနုပညာ ရယ်ဟာ တူတူပဲ.. တခါတလေမှာ နားလည်ရ ခက် လောက်အောင် လျို့ဝှက်တယ် .. မဟုတ်လား..။ တခါတလေမှာ အနုပညာဆိုတာ .. အချစ်ဆိုတာတွေက သူ့ဘာသာ သီးခြားဖြစ်တည် တတ် ပါတယ်။ ဒါနဲ့ပဲ ဂျွန် နဲ့ ယိုကို နှစ်ယောက်တည်းဟာ အနုပညာဖြစ်ခဲ့နိုင်ပါတယ်။ သူတို့နှစ်ယောက်ဟာ အနုပညာကို အခြေခံတဲ့ အချစ်နဲ့ပဲ စစ်ဆန့်ကျင်ရေးတွေ.. ကမ္ဘာ ငြိမ်းချမ်းရေးကိစ္စတွေ အတူတူ လုပ်ခဲ့ကြတယ်။ အရေးကြီးတာက ဂီတ နဲ့ အနုပညာ နဲ့ သူတို့ရဲ့ အချစ်နဲ့ လောကကို သာယာစေခဲ့ဖို့ပဲ မဟုတ်လား။ ရပါပြီ.. ဂျွန် နဲ့ ယိုကိုကို ကြည်ဖြူလို့ ရပါပြီ။ ဘာမှ များများ မတွေးဘဲ နေကြစို့။
++++
လောကထဲ နေရထိုင်ရ ခက်လာရင်လည်း ခင်ဗျားကိုပဲ သတိရတာပဲ ဂျွန် .. ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ ယိုကို ရင်ဆိုင်နိုင်ခဲ့ကြ တယ်။ ခင်ဗျား ယောဂကိုလည်း တွေ့ခဲ့တယ်.. ယောဂီ ကိုလည်း ကြုံခဲ့တယ်..။ ကြေကွဲ နာကျင် ရတာတွေ ကြေမွ ပျောက်ရှရတာတွေ .. ကိုယ့်ကိုယ် ကိုအတွက် လုပ်ချင်တာလုပ် တာတွေ.. လူသားတွေ အပေါ် ထားတဲ့ ခင်ဗျားရဲ့ အချစ်တွေ.. ။ ခင်ဗျားဟာ အနုပညာပါပဲ ဂျွန်.. ။ ဒါနဲ့ .. ခင်ဗျား သစ္စာရော မဲ့ခဲ့ဖူး သလား..။ သစ္စာမဲ့ ခံခဲ့ရဖူး မှာတော့ သေချာသလောက်ပဲ … ။ အနုပညာသမားမှန်ရင်၊ တစုံတယောက်.. ဒါမှမဟုတ်.. ဒါ့ထက်မကရဲ့ သစ္စာဖောက်မှုကို ခံခဲ့ကြရတာ လောကနိယာမ တစ်ခုလိုပါပဲ။ အဲဒီ သစ္စာ ဖောက် ခံရမှုကို အံတုတဲ့ အနုပညာတွေ ဖန်တီးနိုင်ရင် ဒါ အမြတ်ပဲနော်။
ဂျွန်ရယ်.. ခုထိတော့ ကျမ နှလုံးသားမှာ ဘယ်အရာကမှ ခင်ဗျားရဲ့ Imagine ကို မကျော် နိုင် သေး.. ခင်ဗျားပြောခဲ့ဖူးသလိုဆို ခင်ဗျားရဲ့ ယိုကိုဆီက မြစ်ဖျားခံတာပါဆိုတဲ့ Imagine က ခုထိ ကျမကို တမြည့်မြည့် နာကျင်နေစေဆဲ…။ အို.. လူအများ ကြီးကို နာကျင်နေစေ ဆဲလည်း ဖြစ်နိုင်ပါတယ်..။ ခင်ဗျားပြောတဲ့ I'm not the only one … I hope someday you'll join us .. ဆိုသလို။ 
ဂျွန် .. ခင်ဗျား စိတ်ကူးယဉ်ခဲ့သလို ဘာတိုင်းပြည်.. ဘာနယ်နိမိတ်.. ဘာလူမျိုး.. ဘာ ဘာသာရေး အစွဲမှ မရှိတဲ့ ကမ္ဘာ ဆို ရင် သိပ်နေလို့ ကောင်းမှာပဲလို့..။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့ တရားကိုယ် သဘော တော့ ရှိဖို့ လိုမှာပေါ့ နော်။ ဒါမှပဲ လူတိုင်းက ဘာကိုမှ မမက်မော.. မလုယက်.. မဖျက်ဆီး .. ခိုက်ရန် မဖြစ်.. မသတ်မဖြတ် ဘဲ ငြိမ်းချမ်းခြင်းထဲ မွေ့လျော်လို့ အနုပညာ   တွေသာ ဖန်တီးကြမယ်.. မကောင်း ဘူးလား..။ အနုပညာသမားစစ်ရင်တော့ ငြိမ်းချမ်းရေးကို ချစ်မှာပဲ လို့လည်း ယုံတယ်..။    ဟုတ်တယ်မို့လား ဂျွန် …။
Imagine there's no country
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace...
++++++++
ဒီလို တွေးလို့ စိတ်ကူးယဉ်ဆန်လှတယ်လို့ ဝေဖန်ကြမယ်ဆိုလည်း ဒီလို ငြိမ်းချမ်းကြည်လင်တဲ့ စိတ်ကူးမျိုးကတော့ ယဉ်ကြရုံပေါ့ ဂျွန်ရယ်.. လက်တွေ့အဖြစ်အပျက်အားလုံးရဲ့ အစ က စိတ်ကူးယဉ်ခြင်းပဲ မဟုတ်လား။ အနည်းဆုံး စိတ်ကူးယဉ်ဖြစ်  ပြီဆိုရင်ကိုပဲ .. အစ တစ်ခု ပျိုးပြီ မဟုတ်လား။
ဒါကိုသာ နားလည်နိုင်ပြီ ဆိုရင်တော့ ကျမတို့အားလုံး သီချင်းတပုဒ်ကို အတူဆိုလိုက်ကြဖို့သာ..။
You may say I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one
+++++++
ဒါပေမဲ့ ဂျွန်ရေ… ခု ကမ္ဘာကြီးကတော့ဖြင့် ကြာလေလေ.. ပိုဆိုးလေလေ..။ ငြိမ်းချမ်းမှုဟာ နေရာ အနှံ့မှာ အခြိမ်းခြောက် ခံနေရတယ် … ။ မေတ္တာတရားက အစော်ကား ခံနေရ တယ်..။ ဂုဏ်သိက္ခာ တွေက အလှောင် ပြောင် ခံနေရတယ်…။ နည်းပညာအောက်မှာ အသိပညာတွေက မှိန်ဖျော့..။ လက်နက်မျိုးစုံအောက်မှာ လူ့အသက်တာ ဆိုတာတွေ က စမ်းသပ်ပစ်ကွင်းတွေဖြစ်လာ..။ တန်ဖိုး ဆိုတာကလည်း အဖိုးတန်မှု မဟုတ် တော့။ အချစ်ဆိုတာက အသက်ရှူသံပြင်းပြင်းနဲ့ လောဘ.. လို့ အဓိပ္ပါယ် ထွက်လာပြီ။ ပိုဆိုးတာက တချို့ အနုပညာတွေကို ဟားစရာ ရှုတ်ချစရာလို့ သတ်မှတ် လာကြတဲ့ ကိစ္စပဲ.. ။   ပြောကြတာတော့ ကမ္ဘာကြီးက ရွာကြီးဖြစ်လာပြီဆိုပဲ ဂျွန်ရယ်..။ အင်း ကျမ မြင်တာတော့ ကမ္ဘာကြီးက ရွာလောက်သာသာ နီးစပ်လာချိန်မှာ အမုန်းမီးတွေ အလွယ်တကူ ကူးစက် လာတာကိုပဲ မြင်ပါတယ်။ မေတ္တာတရား ကတော့ဖြင့် ကူးစက်      ခဲလေခြင်း ဂျွန်ရေ…။ 
ဆာလောင်မွတ်သိပ်ခြင်းတွေ မတော်လောဘတွေ ဝေးရာ.. တစ်ယောက် နဲ့ တစ်ယောက် သွေးသား ရင်းလို ချစ်ကြည်ကြဖို့ရာတဲ့လား…။ ဂျွန်ရေ… ခုတော့.. ကျမမှာ ဂျွန့်ကို လွမ်းဆွတ်ရတာ ကလွဲလို့ ဖြေ ပြေစရာမရှိ…။
Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world...

+++

ဗုဒ္ဓကတော့ ပြောထားတယ် ဂျွန်.. ကိုယ်တစ်ဦးချင်း ကောင်းဖို့ အဓိက လုပ်ပါ တဲ့။ ဟုတ်တာပေါ့ နော်.. အဲလို လူအများကြီးက တစ်ဦးချင်းကောင်းဖို့ လုပ်လာရင် လူကောင်းတွေ အများကြီး အများကြီး ရှိလာ မှာ။ အဲလိုနည်းနဲ့ပဲ တစက်တပေါက်ချင်း စုရာက အေးမြတဲ့ ရေပြင်ကြီး.. သဲတစ်ပွင့်ချင်း စုရာက သာယာ ပြန့်ပျူးတဲ့ သဲသောင်ပြင်ကြီးလို… ပျော်စရာ ကမ္ဘာကြီး ဖြစ်လာမှာပေါ့နော်..။
အင်း.. ပြောနိုင်ပါတယ်..။ ကျမတို့ စိတ်ကူးယဉ် အိပ်မက် မက်နေတယ်.. လို့။
ဒါပေမဲ့ ဒီလို စိတ်ကူးယဉ် အိပ်မက် မျိုးတော့ လူတိုင်း လူတိုင်း လူတိုင်း ကို မက်စေချင်တာ မဟုတ်လား ဂျွန်….
You may say I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one ..

+++++

ဒီနေ့တွေမှာ သိပ်လွမ်းတာပဲ ဂျွန် ..
စိတ်ကူးယဉ်တတ်တဲ့ ကျွန်မက ခုနေ ဂျွန်သာ ရှိနေသေးရင် .. ယိုကို နဲ့ တွဲလို့ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အဖြူရောင်တွေ လွှမ်းခြုံထားမယ့် တနေရာရာမှာ အဝတ်ဖြူတွေ ဝတ်လို့ပဲ.. Imagine သီချင်းကို စန္ဒယားတီးပြီး ဆိုရင်း ဆန္ဒပြဦးမယ်လို့ ယုံတယ်။ အဲလိုဆို ကျွန်မလည်း ဂျွန့်အနား အရောက်သွားပြီး ပူးပေါင်းအားဖြည့်မယ်.. ဒါဟာ အနုပညာသမားတို့ရဲ့ ယုံကြည်ရာပဲ မဟုတ်လား ဂျွန်..။ အဲလိုနဲ့ပဲ ခင်ဗျားကို ပိုသတိရတော့တာပဲ ဂျွန် ..  ခင်ဗျားရော .. ကောင်းကင်ဘုံမှာ နေလို့ ပျော်ရဲ့လား ဂျွန်…

မေငြိမ်း
၂၈ ဇွန် ၂၀၁၇။

John Lennon ရဲ့ ၇၇ နှစ်ပြည့် မွေးနေ့ (အောက်တိုဘာ ၉ ရက် ၁၉၄၀) အတွက် သတိတရ… Idea Magazine



Aug 17, 2017

မိုးရေ..


ကိုယ့်နားက မြင်ကွင်းအားလုံး မှိုင်းညို့နေပြီး တချိန်တည်းမှာပဲ စိမ်းစိုအေးချမ်းနေတယ်..။ မိုးတွေအဲလို ရေပါပါနဲ့ ဆက်တိုက်ရွာတာကို ဘ၀တလျှောက်လုံး ကြုံခဲ့ဖူးသမျှ တခါမှ စိတ်ပျက်စရာကောင်းလိုက်တာလို့ မတွေးမိခဲ့ဖူးတာကိုလည်း သတိရတယ်။
ဘယ်အရွယ်ကတည်းက မိုးနေ့တွေကို ချစ်ခဲ့တာပါလိမ့်…။
ကျမက မိုးနဲ့ပတ်သက်ရင်…
မိုးစက်မိုးပေါက်တွေ..
အပြိုင်အဆိုင်ပွင့်ကြတဲ့ပန်းတွေ..
မိုးရေစိုတဲ့ တောင်ပံတွေကို ဖွားဖွားထအောင် သုတ်သင်ခါထုတ်နေတဲ့ ငှက်ကလေးတွေ..
ပြီးတော့ မိုးရဲ့ရနံ့ ..မိုးရဲ့ လေပြေ.. မိုးရဲ့ အငွေ့အသက်.. မိုး ဆိုတဲ့ အမည်နာမ.. အားလုံးကို ချစ်တာ။
မိုးတွေ သည်းသည်းရွာပြီဆို.. ခုချိန် အသက် ၅၀ကျော်ထိအောင် ကျမ ငြိမ်ပြီး စိတ်ကူးယဉ် ကောင်းတုန်း။
ဒါပေမဲ့ မိုးကို အနုစိတ် ခံစားတတ်လာတာကတော့ အရွယ်ရောက်မှပါ။
အထူးသဖြင့်ပြောရရင်တော့.. တက္ကသိုလ်ရောက်မှ။
ကျောင်းသူဘ၀.. မိုးရွာပြီဆို.. အင်းလျားကန်ဘောင်ဆီ အပြေးသွားပြီး မိုးရေတွေ ရေပြင်ပေါ် မြားတံ လို ကျနေတာကို ခဏခဏ ထိုင်ကြည့်ဖူး။
၈၈ မတိုင်ခင်... တံတားဖြူက ခရမ်းပြာဆိုတဲ့ လဘက်ရည်ဆိုင်လေးထဲမှာ ထိုင်ရင်း မိုးသည်းသည်းအောက်က ကန်ပေါင်ဆီကို ဆိုင်လေးရဲ့ နံရံသစ်ချောင်းတိုင် ကျဲကျဲတွေကြားကနေ ငေးရင်း ကျမရဲ့ ပထမဆုံး လုံးချင်းဝတ္ထု သီချင်းနှင်းဆီကို ရေးခဲ့တာ ..။
အဲသည်တုန်းက … ခရမ်းပြာမှာ.. ကိုနေ၀င်း ရှိတတ်တယ်။ ကိုရဲလွင် ရှိတတ်တယ်။ တခါတခါ ကိုခင်ဝမ်း ရှိ တတ်တယ်။ တခါတခါ ခိုင်ထူး ရှိတတ်တယ်။ အဲဒီလူတွေကို နတ်ဘုရားလို ယုံကြည် ကိုးကွယ်ကြတဲ့၊ ရန်ကုန် တက္ကသိုလ်ထဲက စာရေးဆရာ ကဗျာဆရာ ပေါက်စတွေ ရှိတယ်။ အဲဒီထဲမှာ စာရေးဆရာပေါက်စ.. ကဗျာရေး သူ ပေါက်စ.. တစ်ဦးတည်းသော မိန်းကလေး..ကျမ ရှိတယ်။ ခရမ်းပြာဟာ..စာပေ ဂီတ စတဲ့ အနုပညာတို့ ဆုံရာ အရပ်လေးတခု။ မိုးသည်းတဲ့နေ့တွေဆို တဆိုင် လုံး စားပွဲပြည့် လူရှိနေပါလျက်နဲ့ လူမရှိသလို ငြိမ်တိတ် အေးချမ်း..သီချင်းအေးအေးသံလေး တချို့သာ လွင့်ပျံနေတတ်တာ။
၎နှစ်နီးပါးနေခဲ့တဲ့ ဘားအံ.. ၅နှစ်ကျော်နေခဲ့တဲ့ မော်လမြိုင်.. နှစ်နေရာစလုံးက မိုးကောင်းတဲ့ ဒေသတွေ…။ ရက်ဆက် မိုးတွေ သည်းသည်း ရွာလို့ မိုးရေအေးစက်စက်တွေထဲ လမ်းလျှောက်ရရင် ချမ်းတဲ့ကြားက ပျော် ခဲ့ ရတာပါပဲ။ မော်လမြိုင်မှာတုန်းကဆို .. မိုးတွေ သိပ်ရွာမှပဲ တမင်တကာ ဘယ်သူမှ မရှိတဲ့ စက်စဲကမ်းခြေဘက်သွားပြီး မိုးသံ လေသံ တဝုန်းဝုန်းကို မခိုင့်တခိုင် ဗိုလ်တဲလေးရဲ့ ပြတင်းပေါက်က ငေးရင်း နေခဲ့သေးတာ။ ခုတောင် မျက်နှာပေါ် မြားတံလို ခပ်ပြင်းပြင်းလာစိုက်တဲ့ မိုးစက်တွေရဲ့ အတွေ့ကို ပြန် ခံစားလာရသေး။
++++
ခုလည်း ဇာတိမြေနဲ့ အဝေးကြီးမှာ ရေခြား မြေခြားမှာ ဆိုပေမဲ့ ရေမြေက တူတူလို .. မိုးစက်တွေ အဖြူပဲ… မိုးရေအောက်က ပန်းတွေလည်း မိုးစက်တွေလေးအိလို့ မျက်ရည်တွေ တွဲရဲခိုနေသလို လွမ်းစရာ ကောင်းတာလည်း တူတူပဲ။
အိမ်ခေါင်မိုး အုတ်ကြွပ်မိုးပေါ် မိုးရေကျသံ တပေါက်ပေါက်ကို ကြားနေရတာ သဘောကျလိုက်တာ။ အိပ်ရာပေါ် စောင်ပုံအောက်ကနေ နားထောင်နေမိတဲ့ မိုးသံဟာ ဘားအံက သစ်သားအိမ်လေးရဲ့ သွပ်မိုးပေါ်ကျတဲ့ အသံနဲ့ ဘာမှမကွာ..
ရွာက အိမ်ရဲ့ အုတ်ကြွပ်ခေါင်မိုးပေါ် ကျတဲ့ အသံနဲ့လည်း တူတူ။
မော်လမြိုင် တောင်ဝိုင်းတက္ကသိုလ်ကျောင်းဝင်းထဲက ဆရာများအိမ်ရာ တန်းလျားလေးရဲ့ ခေါင်မိုးပေါ်က မိုးသံ..
အို… ရန်ကုန်က အမေ့ သစ်သားအိမ်လေးရဲ့ သွပ်မိုးပေါ်ကျတာလည်း ဒီမိုးသံ ပါပဲ..။
ကျမအတွက် မိုးရေစက်တွေနဲ့ မိုးရဲ့ တေးသံတွေဟာ ကမ္ဘာ့အရှေ့ ခြမ်းဖြစ်ဖြစ်.. အနောက်ခြမ်းဖြစ်ဖြစ် တူတူပါပဲ။
အေးမြပုံ.. ပြီးတော့ မိုးရနံ့…
ခုဆို အိမ်ရှေ့က စံပယ်ပင်လေးလည်း အဖူးတွေဝေ.. သပြေပင်လေးကလည်း အညွန့်တွေ ချိုးချိုးပြီး ပန်းအိုး နိုင်နိုင်ထိုးပစ် တာတောင် အညွန့်သစ်တွေ တလူလူတက်လို့..။
ဟော… မျက်နှာချင်း ဆိုင်က အိမ်လေးကို လှမ်းကြည့်လိုက်တော့ ပန်းအိရုံလေးက မိုးစက်တွေ အောက်မှာ အိုင့်ကျနေတာ.. ရန်ကုန်တက္ကသိုလ် ဓမ္မာရုံဘေးက ပန်းအိရုံလေးနဲ့ ဘာမှမကွာ..။
ကျမရှေ့မှာက ခြံဝမှာ စိုက်ထားတဲ့ သပြေပင်ရဲ့ ရွက်နုညိုညိုတွေက ကျမကို မျက်နှာမလွှဲနိုင်အောင် ဖမ်းစားထားတယ်။ မိုးရေစက်တွေအောက်မှာ သပြေညို အညွန့်တွေကတော့ ခေါင်းထောင်ကြော့လို့ ။ သူ့ဘေးမှာက အဖူးအငုံတွေ အလုအယက် ဝေနေတဲ့ စပယ်ရုံ..။ နက်ဖန်မနက်ဆိုရင် ဖွေးလှုပ် ကြိုင်လှောက်နေအောင် ပွင့်ကြတော့မှာ…။ ဇီဇ၀ါပင်ကတော့ ဒီမိုးမှာ နည်းနည်း ဆွံ့သွားတယ်။
အိုးထဲ ပွင့်ရလို့ ထင်ပါရဲ့..။ အချုပ်ချယ်ခံရတဲ့ ဘ၀တခုလို.. အစွမ်းကုန် မပွင့်နိုင်.. မဝေဆာနိုင် ရှာတာ…။
လေအေးအေးတသုတ်က ဖျတ်ကနဲ ဝှေ့သွားတယ်။
မိုးနံ့က လတ်ဆတ်သန့်စင်လိုက်တာ။
အိမ်တံခါးကို တွန်းဖွင့်ပြီး ခြံထဲဆင်းတော့ မိုးစက် အေးအေးတွေ ကိုယ်ကို လာပက်ချိန်မှာ အသက် ၅၀ကျော် မိန်းမတယောက်ရဲ့ အနေအထားကို မေ့သွားတယ်။ ကျမတသက်လုံး ချစ်ခဲ့ စွဲလမ်းခဲ့တဲ့ မိုးရေတွေကတောင် ကျမကိုယ်ပေါ်မှာ မပြောင်းမလဲ ရှိနေသေးတာပဲဟာနော်..။ မြက်ခင်းထဲ မိုးရေ ရွှဲရွှဲကြောင့် ကျမရဲ့ ခြေဖ၀ါးတွေက စိုအိနစ်ဝင်သွားတယ်။
မိုးကောင်းကင်ဆီကို မျက်နှာမော့လိုက်တော့ အေးမြမြမိုးစက်တွေက အပွင့်လိုက် အပေါက်လိုက် ပစ်ပေါက် လိုက်သလို ကျလာတယ်…။ အဲဒီအခိုက် ရင်ထဲမှာ အေးသွားလိုက်တာ..။ လတ်တလောအပူတွေတောင် ငြိမ်းလို့…။
ကိုယ့်မြေကို ပစ်ပြီး ထွက်သွားခဲ့တာ ဆိုတဲ့ ပြစ်တင်ဝေဖန်သံတွေ…
သာတောင့်သာယာနောက်ကို မကြောက်မလန့် လိုက်သွားခဲ့တဲ့ လောဘ တဲ့။
နယ်စည်းမခြား အနုပညာသမား.. ဆိုတာလေးကို သတိရမိပြန်တော့.. စိတ်ကူးယဉ်သာယာချင်သူခမျာ မလွတ်လပ်မှုကို ဘယ်လိုမှ သည်းမခံနိုင်ခဲ့တာပါလို့ .. တစ်ယောက်တည်း ကျိတ်ကြေကွဲခဲ့သမျှ… ခုလို မိုးရေအောက်မှာ တော့ အပူတွေ ငြိမ်းသွားသလို။
ခနနေလို့ အိမ်ထဲ ပြန်ဝင်တဲ့အခါ ဗလ ရဲ့ မိုးသံတွေကြားမှာ စန္ဒယားတီးကြမယ်သီချင်း ကို အကျယ်ကြီး ဖွင့်ပြီး နားထောင်ချင်သေးတာ။
အဲဒီအခါ…
ဟိုးအဝေးကြီးဆီကို လွမ်းဆွတ်ရတဲ့ မိုးနေ့တွေ…
ကြုံခဲ့ဖူးတဲ့ မိုးရေတွေကြားက မုန်တိုင်းဆန်ခဲ့တဲ့ အမိုးအကာမဲ့ ဘဝတစ်ခု..
ညစ်ညစ်ပတ်ပတ်မိုးရေတွေထဲ ရုန်းခဲ့ရတဲ့ မြို့ပြရဲ့ လမ်းတွေ..
ဒီမိုးကာလတွေထဲ ဒဏ်ရာအနာတရအထိမ်းအမှတ်တွေလည်း ရှိခဲ့ကြတာပဲ။
ဒါပေမဲ့လေ.. ဘယ်လောက်ပဲ မိုးကြောင့် နာကျင်ခံစားခဲ့ရတာတွေ ရှိခဲ့လည်း မိုးစက်တွေကို ထိတွေ့ရတိုင်းမှာတော့ မိုးရဲ့ အေးမြ ဖြူစင်မှုကိုသာ ခံစားပါတယ်။ မိုးက အပြစ်မရှိပါကွယ်..။
ရွာပါမိုးရယ်.. ရွာလိုက်ပါ….။
အဲဒီလို စိမ့်နေ အေးနေအောင် သိပ်သိပ်သည်းသည်း ရွာမှပဲ မိုးလို့ ပီသတော့မပေါ့နော်…။
++++++
ဟော.. မိုးသည်းသည်းက တဖြည်းဖြည်း ပါးသွားတယ်။ လေတချက် အဝှေ့မှာ မိုးမှုန်တွေ လွင့်လာ…။ တိတ်ဆိတ်နေတဲ့ နေ့လယ်လမ်းပေါ်မှာ ကျမတယောက်တည်း…။ နဘေးမှာ.. ရှဉ့်ညိုလေးတကောင်.. ကျီးကြည့် ကြောင်ကြည့်နဲ့…။ မြက်ခင်းပေါ်မှာ မိုးရေထိလို့ အိနွဲ့နေတဲ့ အရိုင်းပန်း ၀ါဝါ လေး တွေက လေနဲ့အတူ ငြိမ့်လို့..။
အဲဒီခဏလေးမှာ… ရှိရှိသမျှ စိတ်ဖိစီးမှုတွေကို ခဏမေ့သွား… စိတ်ပျက်စိတ်ညစ်စရာ ခံစားချက်တွေကို မေ့သွား… လက်တွေ့ တဒင်္ဂအချိန်လေးကို ခဏမေ့သွား…။ ပြီးတော့ မိုးမှုန်တွေနဲ့အတူ လွင့်လို့… အဲဒီ မိုးမှုန် တွေ ရဲ့ လှည့်စားမှုထဲမှာ ကျမက ဘာပညတ်မှ ရှိမနေတဲ့ မြေပေါ်က ပကတိလူသားတစ်ယောက်သာပဲ။ မကောင်းဘူးလား။
+++++
ဖြစ်ချင်တော့ ဒီမိုးက ကမ္ဘာ့အနောက်ခြမ်းရဲ့ နွေခေါင်ခေါင်ထဲ ရွာတဲ့မိုးပါ.. ကိုယ်ကပဲ ခံစားတတ်သူမို့ထင်ပါရဲ့ မိုးဟာ ကိုယ့်အပါးမှာပဲ ငြိမ့်ငြိမ့်လေး တမင်ရွာနေသလို..
အဆိုတော်ဗလကတော့ .. ဆိုခဲ့တယ်.. ယဉ်တကိုယ်မိုးတဲ့…။ ရင်မှာ တမင်လာ ရွာတဲ့မိုးလား.. အလည်လွန်သူရဲ့ ခြေဆန့်ခရီးလား.. တုန်ရီနေပြီ အမှတ်တရ နိမိတ်ပုံထဲ..
++++
မိုးက သူ့ဘာသူရွာပေမဲ့ ခံစားသူအပေါ်လိုက်ပြီး လွမ်းစရာ ကောင်းလိုက်.. ပျော်စရာကောင်း လိုက်.. တမ်းတစရာကောင်းလိုက်.. ကြောက်စရာကောင်းလိုက်.. တခါ တခါ ကျတော့ မိုးရေတွေထဲ နောင်တ တွေလည်း ပါလာတတ်သေးတာ။ နောင်တတွေကို အတင်းဇွတ်မေ့ပစ်တော့ ကဗျာတစ်ပုဒ်ရတယ်။ ကဗျာက ထားခဲ့ရသူတွေကို မေ့လိုက်ချင်တဲ့ ကဗျာပေါ့။
အဲလို ခွေခွေခေါက်ခေါက်နဲ့
အဲဒီထောင့်ချိုးလေးထဲမှာ
ပိတ်မိနေတာလား
ပိတ်ထားနေတာလား
ဆုံခြင်းဆိုတာက အဲလို ကြေးကြီးသလား
ချစ်ခြင်းတွေအများကြီး ပေးရုံနဲ့ မလုံလောက်ဘူးလား
ငြိတွယ်ခြင်း နဲ့ တံတားထိုးရုံနဲ့လည်း မရောက်နိုင်ဘူးလား..
အမြဲလို…. ကြည်ရွှင် သာယာခြင်းတွေနဲ့ ဝေးလံသီခေါင်ရ
ဒုက္ခသစ္စာအကြောင်း ကောင်းကောင်းသိပါပြီဆိုလည်း သက်သာရာမရ
နောင်တမှာ နောက်မကျခဲ့လည်း
ကံတရားရဲ့နောက်ကျမှုထဲ အဖန်ဖန်
ဘယ်လောက်မှမလိုပါဘူး..
စိမ်းလန်းသော မိုးရက်တွေထဲ..
လွမ်းဆွတ်ခြင်းဘာဝနာကို အေးအေးမြမြ မှတ်နိုင်ရုံ… ။

ကဗျာကို နာမည်တော့ မပေးဖြစ်တော့ဘူး။

၉ ဇူလိုင် ၂၀၁၇။

Jul 23, 2017

ချစ်ရသူတွေကို လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ



အဲဒီမနက်ခင်းမှာ မိုးဖွဲဖွဲလေး ရွာတယ်။ မိုးရွာတာကို အင်မတန်ကြိုက်တဲ့ ကျမအတွက်တော့ ဟားဗတ်မြေကို နင်းတဲ့နေ့မှာ မိုးရွာနေတာကိုက ကျမနှလုံးသားထဲက သံမှိုတစ်ပွင့်ဖြစ်တဲ့ မြသီလာကို ပို သတိရစရာဖြစ်စေ ခဲ့တာပေါ့။ အမေရိကန်တို့ရဲ့ ဟားဗတ်ကရော.. သူတို့အတွက်တော့ စိမ်းလန်းအေးမြသော ကျောင်းတော်ရာပဲ မဟုတ်လား။ တက္ကသီလ.. ကောင်းသော အကျင့်အကြံတို့ ရှာမှီးရာ ဆိုတဲ့အဓိပ္ပါယ်ရရာ တက္ကသိုလ်။ လန်းဆန်းတက်ကြွမှုတို့ ရှင်သန်ရာ မြေ။

တကယ်တမ်း သူ့မြေကို စနင်းချိန်မှာ လူတကာက သူ့ရုပ်တုရဲ့ ခြေထောက်ကို ကိုင်ရင် ဟားဗတ်ကို ပြန်လာရ တယ် လို့ ယုံကြတဲ့ ဟားဗတ်တက္ကသိုလ်အဓိပတိကြီး John Harvard ထက် ကျမ သတိရနေတာက Mark Zukerburg ကိုပါ။ အဲဒီ လူငယ်လေးက ကမ္ဘာ့လူသန်းပေါင်းများစွာကို လွှမ်းမိုးသွားတဲ့ facebook Network ကို သူ့သူငယ်ချင်းတွေနဲ့အတူ ဒီမြေပေါ်မှာပဲ စတင် ဖွင့်လှစ်ခဲ့တာ။ အဲဒီ ၂၀၀၄ တုန်းကဆို Mark က အသက် ၂၀ တောင် မပြည့်သေးတာ။ အဲဒီလူငယ်လေးရဲ့ ထွင်လိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဘယ်လို ပွင့်လန်းခဲ့သလဲ.. ဘာကြောင့် ပွင့်လန်းခဲ့လဲ.. အဲလို စဉ်းစားမိချိန်မှာ ကျမ မျက်ရည်လည်လာမိတာ ဘာကြောင့်လဲ မသိပါ။ ဟားဗတ်က အဲလိုနဲ့ ကျမကို စတင်ညှို့ယူခဲ့ပါတယ်။

သစ်တော်ပင်တွေနဲ့ စခဲ့တဲ့ ဒီကျောင်းဝင်းကြီးမှာ Ivy နွယ်ပင်တွေ လှလှပပ တွယ်တက်နေတဲ့ ရှေးကျ ခန့်ညား တဲ့ အဆောက်အဦးကြီးတွေရှေ့မှာ ကျမဟာ တိုးတိတ် ငြိမ်ဝပ်သွားခဲ့ရတယ်..။ မခြောက်သွေ့ပါဘဲနဲ့ အေးချမ်း ဆိတ်ငြိမ်နေတဲ့ ကျောင်းဝင်းဟာ တိတ်တဆိတ်နဲ့ပဲ အရှိန်အဝါကြီး လှတယ်။ ကျောင်းပိတ်ရက်မို့ ကျောင်းဝင်း က တိတ်ဆိတ်နေပေမဲ့ ကြီးမားခန့်ထည်လှတဲ့ စာကြည့်တိုက်ကြီးနဲ့ သေသပ်တဲ့ သစ်ပင်အုပ်တွေထဲမှာ ဒီဒီ တို့ ဂျေဆန်တို့ အီလီယော့ တို့ သီအိုဒို တို့ရဲ့ စကားသံတွေ ကျမ ကြားတယ်။ ပါမောက္ခ ဂျွန်ဖင်လေ ရဲ့ ဂန္ဓဝင် စာပေ ပို့ချနေတဲ့ အသံကြားတယ်။ ဒင်နီ ရဲ့ စန္ဒယားသံကိုလည်း တိုးသဲ့သဲ့ကြားတယ်။
တချက်တချက်တော့ ဒီလမ်းတွေပေါ် ဘရက်အိုဘားမားလည်း လျှောက်ခဲ့တာပဲ.. ဘီလ်ဂိတ်လည်း လျှောက်ခဲ့ တာပဲ။ မာ့ခ် ဇူကာဘတ် ရဲ့ ခြေရာ တွေလည်း လတ်ဆတ်တုန်း ရှိဦးမှာလို့ သတိရတယ်။ တနေရာမှာတော့ အနီ အဝါ လိမ်မော် အရောင် ၃မျိုး ရောနေတဲ့ မေပယ်ပင်ကို ငုံထားးတဲ့ အဆောက်အဦး လေးတစ်ခုကို တွေ့လို့ အနားကပ်သွားကြည့်တော့ ပြုံးနေတဲ့ JFK ကို တွေ့တယ်။ JFK’s Harvard , Harvard’s JFK တဲ့လေ။ အမေရိကန် ရဲ့ သမ္မတ ၈ ယောက်ကို မွေးထုတ်ခဲ့တဲ့ ဒီကျောင်းကြီးမှာ JFK ကို အထူးတလည်ဆန်ဆန် တွေ့ လိုက် ရတာ စိတ်လှုပ်ရှားစရာပါပဲ။

ဟားဗတ်ရဲ့ လမ်းတွေပေါ် လျှောက်ရင်း ကျောင်းအဆောက်အဦးတွေရဲ့ ဟိတ်ဟန်ကလွဲလို့ ဘာပကာသန အခင်းအကျင်းအပြင်အဆင်မှ ရှိမနေတဲ့ သဘာဝသစ်ပင် ပန်းပင်တွေထဲ သာယာနေတဲ့ ဒီ ရှေးအကျဆုံး ကမ္ဘာ့ အကျော်ကြားဆုံး ကျောင်းကြီးဟာ ပကတိရိုးစင်းတဲ့ အပြင်အဆင်နဲ့ ဂန္ဓဝင်ဆန်လိုက်လေ။ အဲဒီ သစ်တော် ပင် တွေ မေပယ်ပင်တွေအောက်မှာ သူတို့တွေ လဲလျောင်းရင်း ထွင်ဥာဏ်တွေ စိတ်ကူးဥာဏ်တွေ ကွန့်မြူးလာ ခဲ့ကြလေသလား။ ရုတ်တရက် ရလာတဲ့စိတ်ကူးထဲမှာ ကိုးကားလေ့လာစရာများလိုလာရင် အပြေးလေး သွား ရှာဖတ်စရာ စာကြည့်တိုက် ၇၀ ကျော်က အဆင်သင့် ရှိနေလေတော့ ဘာမှ ကြောင့်ကြစရာမလိုဘဲ ဆက်ပွားများ ရုံပေါ့။ အဲဒီအခါ ဒီကျောင်းဝင်းထဲ စာကြည့်တိုက်ပေါင်း ၈၀ နီးပါး ရှိတယ်ဆိုတဲ့ အသိကလည်း ကျမကို သိမ်ငယ်စိတ်နဲ့အတူ ကြည်ညို အားကျ စိတ်ကိုပါ ဖြစ်ပေါ်နေစေခဲ့ပါတယ်။ သုတေသနလုပ်လိုတဲ့သူတွေကို အထူးပံ့ပိုးတဲ့ ကျောင်း ဆိုတဲ့ အသိ ဟာ ကျမရဲ့ အလွမ်းတွေကို တိုးစေတယ်။ ကျေးဇူးပြုပြီး ဘယ်သူတွေကို လွမ်းသလဲ မမေးပါနဲ့။ ဘယ်ကို လွမ်းသလဲ မမေးပါနဲ့။

ဒီလိုပြောတော့ဖြင့် ဟားဗတ် ဆိုတာက ချမ်းသာကြွယ်ဝသူတို့ရဲ့ ကျောင်းကိုးလို့ ပြောစရာ ရှိလာပါမယ်။ ကျမ သိသလောက်တော့ ချမ်းသာကြွယ်ဝသူတွေ ဈေးကြီးပေးပြီး တက်ရတဲ့ ဒီကျောင်းဟာ ငွေကြေးမတတ်နိုင်တဲ့ ထူးချွန်ကျောင်းသားတွေကိုလည်း ကူညီထောက်ပံ့ကြေးတွေ.. ထူးချွန်ဆုကြေးတွေ ပေးပြီး ပညာသင်ပေးတဲ့ အစီစဉ်တွေလည်း ရှိတာပါ။ ဟိုးဟိုးကျော်လောက်အောင် တော်ဖို့ တတ်ဖို့တော့လည်း လိုပါလိမ့်မယ်။ ဒါကြောင့်ပဲ ဟားဗတ်ဟာ သိပ္ပံပညာရှင် အကျော်အမော်တွေ .. နိုဘဲ ဆုရှင်တွေ .. တီထွင်သူတွေ .. ပါရမီရှင် အနုပညာသမားတွေ .. သန်းကြွယ်သူဌေးတွေ..အများကြီး ပေါက်ဖွားခဲ့ရာ မြေလည်း ဖြစ်လာတာပါ။ ဒါကြောင့် ပဲ ဟားဗတ်ဟာ အမေရိကန်ပြည်ရဲ့ ဟားဗတ်ပေမဲ့ ကမ္ဘာ့နှလုံးသားတွေ ပျိုးထောင်ရာမြေ ဆိုလည်း မမှား လောက်ဘူး ထင်ပါတယ်။

++++

ဟားဗတ်မှာ ကံကော်ပင်တွေ .. စိန်ပန်းပင်တွေ.. ရေတမာပင်တွေ မရှိပေမဲ့ ချစ်သူစုံတွဲတွေတော့ ရှိမှာပါ။ ဒါပေမဲ့ တံခါးတွေ ဖွင့်ထားတဲ့ ကျောင်းကြီးရဲ့ အကြိုအကြားတွေ သစ်ပင်အုပ်တွေကြားမှာ ထီးတွေကွယ်ထားတဲ့ ချစ်သူစုံတွဲတွေတော့ ရှိမနေပါဘူး။ ဟားဗတ်တဝိုက်မှာ ကျမ တွေ့ခွင့်ရခဲ့သလောက်တော့ လွတ်လပ်ပေါ့ပါးတဲ့ ဟန်နဲ့ လူငယ်လေးတွေ။ အနည်းဆုံး စာအုပ်တစ်အုပ် လက်မှာကိုင်ထားတဲ့ လူငယ် လူလတ် လူကြီးတွေ..။ ဟားဗတ် တဝိုက်မှာ အမှိုက်ပုံးတွေ.. ထရန်စဖော်မာသေတ္တာတွေ.. လမ်းဘေးက ခုံတန်းလေးတွေမှာ ပန်းချီတွေ ရေးထား တာ.. ဂရပ်ဖတီတွေ ဆွဲထားတာ တစ်ခုမလပ်။ ဟားဗတ်လမ်းပေါ်က ကော်ဖီဆိုင်.. အအေးဆိုင်လေးတွေက ပန်းခြံအသေးစားလေးတွေလို .. အပြင်အဆင်နဲ့။ ဟားဗတ်ပရိဝုဏ်ဟာ ပန်းချီကားပဲ။
Ivy နွယ်တွေ တက်နေတဲ့ တိုက်တာ နံရံတွေ.. အနားမညီတော့တဲ့ ပြတင်းပေါက်ဘောင်လေးတွေကိုတောင် ပြန် မတည့်ဘဲ စနစ်တကျ ထိန်းသိမ်း ထားတဲ့ ၁၇ ရာစုက အဆောက်အဦးတွေဟာ အဟောင်းရဲ့ ဂန္ဓဝင် အလှနဲ့။ ဒီဝန်းကျင်တဝိုက်မှာ ခဏတာ လမ်း လျှောက်ရင်း ကျမတောင် ဆွတ်ပျံ့တဲ့ ခံစားချက်နဲ့ ကဗျာတွေ စာတွေ ရေးချင်စိတ်တွေ စိမ့်ဝင်လာတယ် ဆိုမှ တော့.. ဒီဝန်းကျင်မှာ နှစ်နဲ့ချီနေခွင့်ရခဲ့သူတွေ .. အထူးသဖြင့် သူတို့ဟာ ကမ္ဘာ့အတော်ဆုံး ကျောင်းသား တွေလည်း ဖြစ်တာမို့ ဘယ်လောက်များ ကောင်းကျိုးပညာ အဖြာဖြာတွေ တိုးပွားခဲ့ကြလေမလဲ။ ဒါဟာ ကျမ အတွက်တော့ မျက်ရည်စို့စရာ အလွမ်းတစ်ခုပါပဲ။

ဟားဗတ်ထံပါးမှာ ပညာရပ်တွေရဲ့ ဖိအားကြောင့် စိတ်ဖိစီးခဲ့ကြသူတွေလည်း ရှိခဲ့မှာ ဆိုပေမဲ့ အောင်မြင်သူနဲ့ ကျရှုံးသူမှာ အောင်မြင်သူတွေများခဲ့လို့သာ ဟားဗတ် ဟာ ဟားဗတ်ဖြစ်နေတာ မဟုတ်လား။ ကျောင်းကောင်း ဆိုတာဟာ ကိုယ်နှစ်သက်ရာ ဘယ်လို ပညာရပ်ကို မဆို .. စိတ်ကြိုက် လေ့လာသင်ယူခွင့်၊ စိတ်ကြိုက် ဆင့်ပွား ဖန်တီးခွင့် ၊ စိတ်ကြိုက် ရှာဖွေဆည်းပူးခွင့် နဲ့ စိတ်ကြိုက် ထုတ်ဖော်ပြောဆိုတင်ပြခွင့်တွေ အပြည့်အဝရှိရာ အရပ် ပါ။ ဒါကပဲ ကျောင်းပညာရေးရဲ့ ပန်းတိုင်.. ရည်မှန်းချက် မဟုတ်လား။ အနည်းဆုံးတော့ ဒါဟာ ပညာရေး နဲ့ ပတ်သက်တဲ့ စေတနာလည်း ဖြစ်ပါတယ်။ အဲဒီ စေတနာကို ဟားဗတ်ရဲ့ ပရိဝုဏ်ထဲမှာ ကျမ အလိုလို နားလည် ခံစားရတယ်။

ဟားဗတ်ရဲ့ ဝိဉာဉ်တွေကပဲ လွှမ်းမိုးလို့လားမသိ.. ဟားဗတ်တည်ရှိရာ Cambridge မြို့လေးနဲ့ Boston မြို့တွေ ကလည်း ခေတ်မီ မြို့ပြလက်ရာတွေကို ရှေးဟောင်းအငွေ့အသက်တွေကို မထိပါးဘဲနဲ့ ဗိသုကာပညာကို သုံးပြီး စနစ်တကျ တွဲဖက်ပြီး ခမ်းနားနေစေတာ တွေ့ရပါတယ်။ ရှေးဟောင်း လက်ရာတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းတာဟာ ကိုယ့် တိုင်းပြည်ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းသမိုင်းကို ထိန်းတာပဲ ရယ်လို့ သူတို့ နားလည်ခဲ့တာ နှစ် ၃၀၀ တောင် ကျော်ခဲ့ပြီပေါ့လို့ တွေးတော့ ပုဂံကို နှမျောတသ စိတ်က ဆို့နင့်လာ စေတယ်။ စာပေပညာ၊ ဒဿနိကပညာရပ် ၊ နိုင်ငံရေးပညာ၊ သိပ္ပံပညာ၊ တရားဥပဒေ၊ စီးပွားရေးပညာ၊ အင်ဂျင်နီယာအတတ်ပညာ၊ ဆေးပညာ၊ ပြည်သူ့ကျန်းမာရေး ပညာရပ်တွေလိုပဲ ပန်းချီ ပန်းပု နဲ့ ရုပ်ရှင်၊ ဂီတ တွေ ဟာလည်း ထပ်တူအရေးပါတယ်ဆိုတာကိုလည်း ဟားဗတ်က သိတယ်။ ဒါကြောင့်ပဲ ဟားဗတ်မှာ Henry Moore ရဲ့ ရုပ်တုကြီးက အခန့်သားနေရာရနေတာ မဟုတ်လား။ ဒါကြောင့်ပဲ ဟားဗတ်ဝန်းကျင်မှာ အနုပညာ လက်ရာ ခြေရာတွေက တူတူတန်တန် နေရာရနေတာပဲ မဟုတ်လား။

+++++

အနုပညာ နဲ့ ယဉ်ကျေးမှုကို တန်ဘိုးသိသူတွေ ဟားဗတ်ကို ရောက်သွားတာလား။
ဟားဗတ်ကို ရောက်သူတွေက အနုပညာ နဲ့ ယဉ်ကျေးမှုရဲ့ တန်ဘိုးကို သိသွားတာလား။
သေချာတာတော့ အဲဒီ ယဉ်ကျေးမှု နဲ့ အနုပညာကို သိမှုဟာ ဟားဗတ်ကို လူတွေရဲ့ နှလုံးသားထဲ စွဲထင်စေပြီး သူ့ကို ကူညီစောင့်ရှောက်ဖို့ စေတနာတွေ ပေါက်ဖွားလာစေပုံရတယ်.. အဲလို ကျမ ယုံတယ်။
သူ့ရဲ့ အေးချမ်းတည်ငြိမ် တဲ့ ကျက်သရေဟာ လူတွေမှာ ရှိတတ်တဲ့ အဖျက်စိတ်ကိုလည်း ငြိမ်ဝပ်သွားစေနိုင် တယ်။
သူ့ရင်ခွင်မှာ ဆည်းပူးရနိုင်တဲ့ အသိပညာ အတတ်ပညာတွေဟာ ချစ်ခြင်းမေတ္တာ စေတနာနဲ့ ယှဉ်တာမို့ လောကကို တတ်စွမ်းသမျှ အကျိုးပြုမယ့်သူတွေ မွေးဖွားလာမယ်။
ကမ္ဘာလောက အတွက် ကောင်းရာကောင်းကျိုးဖြစ်နိုင်စေမယ့်အကြောင်းအရာတွေကို သုတေသနပြုမယ့် သုတေသီတွေကို အားပေးပျိုးထောင်တာမို့ အရေးကြီးလှတဲ့ လူ့သမိုင်းတွေ အထင်ကရ ကျန်ရစ်မယ်။
ပညာရဲ့ တန်ဘိုးဆိုတာဟာ လူ့ဘောင်လောက တိုးတက်စည်ပင်ရာ ငြိမ်သက်အေးချမ်းရာပဲလို့ ဟားဗတ်က ပြောတယ်။
ကြိုးစားချင်ပါလျက်နဲ့ ငွေကြေးမတတ်နိုင်လို့ဆိုတဲ့ ပညာရှင်တွေကို ပြုစုပျိုးထောင်ရမယ်လို့ ဟားဗတ်က ပြောတယ်။
ငွေကြေးချမ်းသာတဲ့ပညာရှင်တွေဟာ ကိုယ်ချင်းစာစိတ်နဲ့ အလှူတွေလုပ်တယ်လို့ ဟားဗတ်က ပြောတယ်။
ပါမောက္ခဆိုတာ ကိုယ်သိတဲ့ပညာတစ်ခုကို နက်နက်ရှိုင်းရှိုင်းသိမှ သူများကို ဖြန့်ဝေဖို့ လုံလောက်တယ်လို့ ဟားဗတ်က ပြောတယ်။
ပါရဂူဆိုတာ ပညာရပ်ထဲ ရူးသွပ်ပြီး စာကြည့်တိုက်ထဲ ခေါင်းစိုက်လို့ သူ့ဆီကနေ သုတေသန အသစ်အသစ်တွေ ထွက်လာတဲ့ပညာရှင် လို့ ဟားဗတ်က ပြောတယ်။
တက္ကသိုလ်ဆိုတာ ပညာရေးကို ခုံမင်နှစ်လိုပြီး ပညာရပ်နဲ့ အသက်မွေးလိုသူတွေကို သေသေချာချာ ပညာပေး ဝေတဲ့ .. ပညာရစေတဲ့ နေရာဌာန ဖြစ်တယ်လို့ ဟားဗတ်က ပြောတယ်။
တကယ့် ပညာရှင်တွေရဲ့ သုတေသနလုပ်ငန်းမှာ ငွေကြေးလိုအပ်ချက်ဟာ ကြောင့်ကြစရာ ခလုတ်ကန်သင်း တစ်ခု မဟုတ်စေရဘူးလို့ ဟားဗတ်က ပြောတယ်။
တကယ့်ပညာတတ်တို့ရဲ့ ကျောင်းပရိဝုဏ်ဆိုတာ အေးဆေးလွတ်လပ်တဲ့ .. တိတ်ဆိတ်ငြိမ်သက်တဲ့ .. စိမ်းစို လန်းဆန်းတဲ့ .. ယဉ်ကျေးသိမ်မွေ့တဲ့.. တက်ကြွရှင်သန်တဲ့.. နိမိတ်ပုံတွေ သက်ဝင်ရာအရပ်ပဲလို့လည်း ဟားဗတ်က ပြောတယ်။
ဒါနဲ့ပဲ ဟားဗတ် ဟာ ဟားဗတ်အဖြစ် နှစ် ၃၀၀ ကျော်ခဲ့ပြီ။

+++++

ဟားဗတ်ကအထွက်မှာတော့ ကျမရဲ့အလွမ်းတွေက ဦးတည်ရာ ပြောင်းသွားကြတယ်။
မအအောင် သမိုင်းသင်ရမယ်ဆိုတဲ့ သုတေသီကြီး ကို လွမ်းတယ်၊ တဟီတီသွားရအောင်ဆိုတဲ့ အလှဗေဒ စာဆိုကြီးကို လွမ်းတယ်။ ဟားဗတ်ကို တွယ်ငြိတဲ့ စာဆို ဧည့်သည်ကြီး ကို လွမ်းတယ်။ ဒါး သန်လျက် နဲ့ ပန်းပွင့် ပိုင်ရှင်ကြီးကို လွမ်းတယ်၊ မဟူရာ မေတ္တာရှင်ကြီးကို လွမ်းတယ်။ သမုဒယမော်ကွန်းဆရာကိုလည်း လွမ်း၊ စာပေလူကြမ်းမင်းသားကြီးကိုလည်း လွမ်းတယ်။ ကရဝိတ်သ်မြူးဇစ်ကြီး ကို လွမ်းတယ်၊ စိတ္တဇပန်းချီ စာရေးဆရာ အနုပညာရှင်ကြီးကို လွမ်းတယ်။ အတ္တပုံဆောင်ခဲကြီးကိုလည်း လွမ်းခဲ့ရပါတယ်။


၅ ဇွန် ၂၀၁၇။