စစ်ကိုင်းလမ်းဆိုတာ မန်းလေး စစ်ကိုင်းအသွားလမ်းကို ပြောတာပါကွာ.. လို့ ဘယ်သူပြောပြော ကျမအတွက် တော့ အင်းဝဆောင်ရှေ့ကနေ ဖြတ်လျှောက်ပြီး သိပ္ပံစားသောက်တန်း (Science
Canteen) လွန်ရင် စစ်ကိုင်း လမ်းကို ရောက်ပြီပဲ။ တူတူပဲ မဟုတ်လား။ အဲဒီစစ်ကိုင်းလမ်းမှာ ချိန်းထားတဲ့ သဲမြေပင်အိုရိပ်လည်း ရှိတယ် ပေါ့။ အမြဲလိုလို တိတ်ဆိတ်အေးချမ်းနေတတ်တဲ့ အဲ့ဒီလမ်းလေးဟာ တကူးတကသွားမှ ရောက်ရတာပါ။ အဲဒီလမ်းကျောရိုးလေးပေါ်ကနေ အင်းလျားလမ်းဂိတ်ပေါက်ဘက်ထွက်ပြီး လမ်းတစ်ဘက်ကို ဖြတ်ကူးလိုက်ရင် သစ်ပင်ကြီးတစ်ပင်ကို ငုံပြီး ဆိုင်ခန်းလေးဆောက်ထားတဲ့ ခေမရဋ္ဌ် ရှမ်းခေါက်ဆွဲဆိုင်ကို သွားရတာ။ ၁၉၈၅-၈၆ ဝန်းကျင်မှာပေါ့။ အဲဒီဆိုင်လေးမှာ ဆရာစိုင်းခမ်းလိတ် နဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေက တိုးတိုးလေး လွင့်ပျံ.. ကြိုးကြား ကြိုးကြား ကြားရမှာက ကိုနေဝင်း နဲ့ ခိုင်ထူး.. ဂျေမောင်မောင် တို့ရဲ့ ဂီတတွေ ။ အဲဒီတုန်းက… မှောင်ချိန် မတန်ခင် လင်းတဲ့ နေ့တွေမှာပေါ့။
ကိုနေဝင်းရဲ့ သိုဝှက်ထားတတ်တဲ့ သီချင်းတွေကို ခိုင်ထူးဆိုပြီဆိုရင် အဲဒီသီချင်းထဲ ခုန်ဝင်ပြီး အဖြေရှာကြ.. ဆန့်ထွက်တွေးခဲ့ကြ.. ကိုယ်လိုသလို ခံစားရင်း စီးမျောငြိမ့်ငြောင်းခဲ့ကြ။ လူငယ်တွေနဲ့ အနုပညာဟာ အဲလို ထိတွေ့ဆက်စပ်ပြီး နူးညံ့ သိမ်မွေ့ခဲ့ကြ။ အဲဒီခေတ်တွေမှာ လူငယ်အများစုဟာ ယဉ်ကျေးမှု မှာ သက်ဝင်ခဲ့တယ်။ တက္ကသိုလ်ဝန်းကျင်က ချစ်ခြင်းမေတ္တာဆိုတာ ငြိမ်းကျော်ဝတ္ထုတွေမှာ တွေ့ရတဲ့ လက်ဖျားကို ခပ်ဖွဖွဆုပ်ပြီး ကားလမ်းဖြတ်ကူးတာ.. ချစ်သူရဲ့ နဖူးဆံစပ်က ဥရောပနံ့သာခဲရဲ့ ရနံ့ ကို တိတ်တိတ်လေး ခိုး ရှူရှိုက်ရတာ.. ကျောင်းစားသောက်တန်းမှာ ချစ်သူနှစ်ယောက် ဖျော်ရည်တစ်ခွက်ကို စုပ်ပိုက်နှစ်ချောင်းနဲ့ နှစ်ယောက် မျက်နှာချင်း ဆိုင်သောက်ခွင့်ရရင်ကို အတော်ကျေနပ်ပျော်ရွှင်ရတဲ့ခေတ်.. ဘယ်လောက် ချစ်စရာ ကောင်း လိုက်ပါသလဲ။ ဒါကြောင့်ပဲ “တောင်ခြေတနေရာ ဘုရားမြတ်ရှေ့မှာ သူရယ် ကိုယ်ရယ် နှစ်ဦးသားတောင်းဆုချွေ .. ကိုယ်စီ လက်ထဲ ပန်းမြတ်သစ္စာ.. သူလေ ယူငင် ပေါင်း၍အတူစုစည်း” ဆိုတာလေး တွေက ရင်ထဲ ထုတ်ချင်း ပေါက်ခဲ့ကြတာ။ ပြန်မရနိုင်တော့ဘူးလား.. ခုချိန်မျိုးမှာ…။
+++++
ကျောင်းခဏပိတ်လို့ ခွဲရတာမျိုး မဟုတ်ဘူးကွ.. ကောင်မလေးက အပြီး ပြန်သွားရတာ..
ရင်ခုန်သံတွေ တိုးတိတ်သွားပြီပဲ… လို့ ပြောထားတာ..
သံဇကာအလယ်မှာ တစ်ယောက်တစ်ဘက်.. လို့ ပြောထားတာ..
ကံဆိုတာ ပြောရခက်တယ်အသည်း.. ပြန်မဆုံနိုင်သေးသရွေ့တော့ တို့တစ်ပွေတည်း .. လို့ ပြောထားတာ..
လမ်းခွဲဖို့ ရထား ရှိုက်သံဆွဲ… တဲ့။ သူတို့ ခွဲကြရတော့မှာ။
နေရယ်သာတဲ့ နေ့ရက်နေ့တွေ တရံတခါ ဆီမှာ ရှိခဲ့ဖူးပါရဲ့… တဲ့။
အတူနေတာ အချစ်ရဲ့
နိဗ္ဗါန်ပဲ .. တဲ့။
ငိုသံလိုလို သဲ့သဲ့တစ်ချက်သာ
ကျန်နေသူမှာ ကြားလိုက်ရတယ်.. တို့ရေ တို့ ဝေးပြီ…။
ကြည့်စမ်း.. တို့နှစ်ယောက်သိပ်ချစ်ကြတယ်ဆိုတဲ့ စကားလုံးတွေ ပြောပြမနေဘဲ.. ဒီလူ တစ်စုံ.. တဲ့။ တို့ရေ.. တို့ .. ဝေးပြီ တဲ့။ နှစ်ယောက်တစ်စုံ.. နှစ်ယောက် တစ်ကိုယ်.. တို့ နဲ့ သူ မဟုတ်ဘူး.. တို့ နဲ့ တို့ပဲ..။
အဲဒီလို တေးရေးဆရာက ပေးတဲ့ စကားလုံးတွေကို အသေးစိတ်ခံစားသက်ဝင်ကြတဲ့ လူတွေ.. အဲဒီခေတ်ထဲ တပုံတပင် ရှိခဲ့တာ။
ကိုယ်ချစ်တဲ့ ကောင်မလေးကို မတို့ရက် မထိရက် .. ငေးကြည့်ရင်း မြတ်မြတ်နိုးနိုး စွဲလမ်းတဲ့ ကောင်လေးတွေ အများကြီး ရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာခေတ်တစ်ခေတ်ဟာ ဘယ်တုန်းကစလို့ မှိန်ဖျော့ ပျောက်ကွယ် သွားခဲ့တာ ပါလိမ့်။
သတိရနေမိတဲ့အထဲမှာ “ကြင်နာသူကိုယ့်အနား ရှိနေခိုက်ဟာ ဘဝရဲ့ အသာယာဆုံး အခါ
ဒီအချိန်မှာ ကိုယ်ကြည့်ရင်းနဲ့ သူ့အပေါ် သနားလာမိတယ်…မကျင်လည်ခဲ့ဖူးတဲ့ သူစိမ်းနယ်ထဲ စိတ်အားငယ်လှရော့မယ်..” ဆိုတာလေးတွေလည်း ပါတာပေါ့။
ချစ်သူတွေဆိုတာမှာ တစ်ယောက်အနားတစ်ယောက်သာယာဖို့ .. တစ်ယောက်အတွက် တစ်ယောက်က ကိုယ်ချင်းစာ ခံစားနေဖို့က အဓိကပဲဆိုတာကို အဲဒီ တေးသားတွေဆီက ရတယ်။ စိတ်ခံစားချက်ထက် လက်တွေ့ကျမှုကို ပိုဦးစားပေးလေ့ရှိတဲ့ ယောက်ျားတွေရဲ့ သဘာဝထဲမှာ ချစ်တဲ့သူအပေါ် ကိုယ်ချင်းစာတဲ့ ခံစားချက်လေးထည့်လိုက်ရင် ဘယ်လောက် ပြည့်စုံသွားလဲ လို့ ခြင်္သေ့လည်ပြန် ကို ပြရင်း ကျမတို့ ချစ်သူတွေကို ညှိယူဆွေးနွေးခဲ့ကြတာ… ဘယ်လောက်ချိုမြိန်တဲ့ ဓလေ့လဲ။ ကျမတို့ရဲ့ ချစ်သူတွေကလည်း သူတို့ကြိုက်တဲ့ တေးရေး နဲ့ တေးဆို တို့ရဲ့ အနုပညာနဲ့ ထုံမွှမ်းထားတဲ့ သတင်းစကားမို့ လက်ခံနိုင်ကြတယ်။
တကယ်ပဲ အခါများစွာ ချိုမြိန်သာယာခဲ့ကြတဲ့ နေရယ်သာတဲ့ နေ့ရက်နေ့တွေ တရံတခါဆီမှာ.. ချစ်သူတွေ ကြားမှာ ရှိခဲ့ကြဖူးပါတယ်။
++++
“ဆံပင်တွေကို လေနဲ့ မှုတ်မယ် ချစ်လို့.. ကြင်နာစွာ နဖူးလေးနမ်းမယ်.. ချစ်လို့”ဆိုတဲ့ သီချင်းလေးတွေကို မရယ်ရက်ခဲ့ကြပါဘူး။ “ချစ်သူရဲ့ သစ္စာရှိ .. ချစ်သူ၏ အပါးတော်မြဲ .. ထီးတော်မိုး .. ပန်းတော်ဆက် .. သက်တော်စောင့် အမှုတော်ထမ်းနေ.. ကိုယ်ရံတော် တပ်မှူးလေး…” ။ “အချစ်ရေ့.. သနပ်ခါးလေး လှအောင်လူးပြီးရင်
ကိုယ့်အကြောင်းတွေးနေပေါ့ကွယ်..”။ “ဒီလို
မချစ်ဘူး မပြောပါနဲ့.. မင်းလုပ်သမျှအားလုံးကို ကျေနပ်လို့ တကယ်ပါ
တစ်သက်လုံးချစ်နေမှာ မျှော်လင့်ရင်းစောင့်ရသူ ကြေကွဲအောင် မလုပ်နဲ့..” ။
အဲလို ကောင်လေးတွေ တကယ်ရှိခဲ့တယ်။
“မင်းကြောင့် မင်းကြောင့်ပါကွယ်.. အရမ်းလည်း ချစ်တတ်ပြီ .. မင်းကြောင့် မင်းကြောင့်ပါနော်.. လွမ်းလည်း လွမ်းတတ်ပြီ..”
“ကိုကို အချစ်ရေ.. ဒီလိုပဲ တို့ကတော့ ခေါ်မှာပဲကွယ်.. ထာဝစဉ်လေ မင်းကြိုက်သလို ချစ်မယ်.. မင်းချစ်သလိုချစ်တယ်.. ချစ်မယ်.. ကို အချစ်ရေ.. ဟေး ကိုကို အချစ်ရေ..”
“အိပ်စက်တဲ့အချိန်လည်း အိပ်မက်ထဲထိအောင် အပြုံးလေးနဲ့ အလည်လာပြန်သည် .. အိပ်မရတော့ပါဘူး.. အချစ်ရူးလေးနိုးလာ.. ရင်ခုန်သံတောင် မြန်လာပြီ”
ဆိုတဲ့ ကောင်မလေးတွေလည်း တကယ်ရှိခဲ့တယ်။ အချစ်ဆိုတာထဲ မေတ္တာဓာတ်မပါဘဲ ပူပြင်း လောင်မြိုက်တဲ့ ချစ်ခြင်းမျိုးတွေလည်း သဘာဝအလျောက် ရှိပေမဲ့ နည်းပါးခဲ့ပါတယ်။
အဲဒီကာလလေးဟာ ခုလို ချစ်ခြင်းမေတ္တာဓာတ်တွေ လျော့ပါး ခြောက်ခမ်းတဲ့ ကာလမျိုးမှာ ပိုလို့ လွမ်းစရာ။
+++++
ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ ချစ်ခြင်းတခုဟာလည်း ပူပြင်းခဲ့ဖူးတာ သတိရတယ်။ အဲဒီ အချစ်မျိုးကျတော့ ရအောင်လည်း စွန့်ခွာချန်ထားခဲ့တယ် .. ပြီးတော့ တကယ် ဘာမှ သေချာ မမှတ်မိတော့လောက်အောင်လည်း မေ့ပစ်လိုက်တယ်။ အို.. သူဟာ ကိုယ့်ကို ပူပြင်းလောင်မြိုက်စေခဲ့ဖူးသူ.. အရှက်အနာကို ပေးခဲ့သူ ဆိုတာ လောက်ကိုပဲ မှတ်ထားလိုက်ပြီး ကျန်တာကို မေ့သွားစေနိုင်ခဲ့တယ်။ ဒါဟာ ချုပ်ငြိမ်းအေးချမ်းခြင်း တရား တစ်မျိုးပဲ မဟုတ်လား။
တကယ်တမ်းကျတော့ လူငယ်ဘဝဆိုတာ နူးနူးညံ့ညံ့ ညင်ညင်သာသာ နဲ့ .. အထူးသဖြင့် ရည်းစားဘာဝ ဆိုရင်လည်း ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာသာ ရှိသင့်တာ။ ကိုယ်သာ ကံမပါလို့ ငယ်ရည်းစားတွေနဲ့ အကြောင်းမပါခဲ့ပေမဲ့ ကိုယ့်နားက သူငယ်ချင်းအများစုကတော့ သူတို့ ချစ်တဲ့ ကျောင်းနေဖက် ရည်းစားတွေနဲ့ အကြောင်းပါပြီး ခုထိ ခရီးတူတူလျှောက်ဆဲ… သူတို့ရဲ့ ချစ်သူတွေနဲ့ အပြန်အလှန် ချစ်ကြင်ကြဆဲ.. စိတ်ကြည်နူး စရာ။ ခုခေတ် လူငယ်တွေရော အဲဒီလို ချစ်ခြင်းတွေ ရှိတာ သိကြရဲ့လား.. ယုံရော ယုံကြလား..။ ကျမ အဲဒီ ခံစားချက်ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရွှေအမြုတေမှာ ဝတ္ထုလေးတစ်ပုဒ်ရေးခဲ့ဖူးတာ ခဏခဏ သတိရတယ်.. “အချစ်ဆိုတဲ့ ဝတ္ထု”ဆိုတဲ့ ခေါင်းစဉ် နဲ့။ အဲဒီ ဝတ္ထု ထဲမှာလည်း ချစ်ခြင်းတရားကိုပဲ လွမ်းဆွတ် ခဲ့ရတာ.. အဲဒီအချိန်တွေတုန်းကတောင် ခုလောက်ထိ မေတ္တာတရား မခေါင်းပါးကြသေးဘူး ထင်ပါတယ်။
‘ထူးအိမ်သင်’ က … ‘ရင်ခုန်ရင် …. အချစ်ပဲကွယ်
… ရိုးရိုးသားသားချစ်တယ် …. နှလုံးသားချင်းလည်း
နားလည် … အကြင်နာဆုံးလေးရယ် …..
ဝေးသွားလည်းပဲ ချစ်ရဦးမယ် … ဝေးသွားလည်းပဲ သတိရလို့ နေမယ် ….
’ တဲ့ ။
ပြီးတော့လည်း ‘ကေခိုင်ချစ်ရင်
စာကျက်မယ်’ ဆိုတဲ့ ကောင်လေး …
‘မီ့ကိုချစ်ရင်
ဆေးလိပ်ဖြတ်’ ဆိုတဲ့ ကောင်မလေး …
‘စာမေးပွဲအောင်ရင်
အဖြေပေးမယ်’ ဆိုတဲ့ ကောင်မလေး …
‘မနေနိုင်လို့ပါ အချစ်ရဲ့ ….
မင်းအနား ရောက်ရောက်လာတာ’ ဆိုတဲ့ ကောင်လေး ….
‘မင်းပေါ့… ပုံမှန်အသက်ရှုနေတဲ့ သေသူတစ်ယောက်ကို ပြန်လည်လူလားမြောက်စေခဲ့တာ’ ဆိုတဲ့ ကောင်မလေး…
‘စံပယ်ပွင့်တွေရေ … အချစ်တွေနဲ့ ဖျားနာသွားတဲ့ အထိ ငါ့အပေါ်ရွာချလိုက်ပါကွယ်’ ဆိုတဲ့ ကောင်လေး…
‘မြတ်နိုးမှု တခုတည်းနဲ့သာ
နွယ်ကြိုးကို ခိုင်အောင်ချည်ခဲ့တယ်’ ဆိုတဲ့ ကောင်မလေး …
‘မသုံးရသေးတဲ့
နေ့စွဲတစ်ခုမှာ.. အချစ် … မင်းနဲ့ငါ
ဥယျာဉ်အသစ် ထူထောင်မယ်’ ဆိုတဲ့ ကောင်လေး ….
ကြည့်ပါဦး… အချစ်တွေ… အချစ်တွေ… တွေ့မည် ။ ဘယ်လောက် မွှေးပျံ့လိုက်ပါသလဲ။ ပြီးတော့ ဘယ်လောက် လွမ်းဆွတ်
တသစရာ ကောင်းလိုက်ပါသလဲ။ အဲဒီမှာလေ… အချစ်ဆိုတာ… ဘယ်လောက် သန့်ရှင်း ဖြူစင်လိုက်ပါသလဲ။
အဲလိုတွေ
ရေးခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာကို ဒီလို ချစ်စရာကောင်းတဲ့ ချစ်ခြင်းတွေ ပျောက်ရှစ
ပြုနေခဲ့ပြီပဲ။
မှောင်ချိန်မတန်သေးခင်လား…။ ခုရော မှောင်ချိန်တန်နေပြီလား။ လင်းခွင့်
ရှိသေးလား..။
++++++
အချစ် နဲ့
သွေးသားကိစ္စ ဆက်စပ်နေပေမဲ့ သွေးသားကိစ္စကတော့ အချစ်နဲ့ မဆက်စပ်လှပါဘူးကွယ်…။ ဒါ အစဉ်အဆက် ပြောခဲ့ကြတာပဲ။ တို့
စဉ်းစားရမှာက တို့လိုအပ်တာ ဘာလဲဆိုတာပါ။
အချစ်ကို
ဘယ်သူ့ဆီက ရမလဲ။
သွေးသားကတော့
အတော်များများဆီက ရနိုင်ပါတယ်။
အချစ် ကိစ္စ နဲ့
သွေးသားကိစ္စ ဘယ်ဟာက ကိုယ့်အတွက် ပိုအရေးကြီးလဲ.. ပိုတန်ဖိုးကြီးလဲဆိုတာ ရွေးကြရဖို့ပါပဲ။
ကိုယ်ရွေးတာကို
ကိုယ်ရမှာတော့ သေချာတာပေါ့ကွယ်.. ။ ကိုယ့်ရွေးချယ်ချက်အပေါ် ကိုယ်တိုင် လေးနက်ယုံကြည်ဖို့.. နောင်တမရဖို့တော့ လိုတာပေါ့။
++++++
အမှောင်ခေတ်ဆိုတာ
မေတ္တာတရား မရှိတော့တဲ့ခေတ်.. ချစ်ခြင်းတရား ခေါင်းပါးလာတဲ့ ခေတ်ပေါ့။
ဒါကို
ကေအေတီလည်း မြင်ခဲ့တယ်.. မဒီလည်း မြင်ခဲ့တယ်။
အားလုံး အားလုံး
ချစ်ခြင်းတရားကို ယုံပါ.. အားလုံး အားလုံး ပေးဝေကာစားသုံး .. အချစ်များနဲ့
ခံစားချက်တို့ မလိုသူ .. ထူးဆန်းလွန်းသတဲ့ ဒီကမ္ဘာကြီးထဲမှာ..
တဲ့။ သူတို့ဒီလို ယုံခဲ့တယ်။
ချစ်ခြင်းမေတ္တာဆိုတာ
ချစ်သူစုံတွဲတွေအတွက်တင်မဟုတ် လူအားလုံးရဲ့ ကြားမှာ ရှိတာပါလေ..။
ကျမ သူငယ်ချင်းဆရာ
ဆရာမတွေ ချစ်သူမထား .. အိမ်ထောင်မပြု.. ဒါပေမဲ့ သူတို့ တပည့်လေး တွေဟာ
သူတို့ရဲ့ သားသမီးတွေ.. သူတို့ဆီမှာ မေတ္တာတရားတွေ
ချစ်ခြင်းတရားတွေ ပွင့်ဝေ…။
အရေးကြီးတာက
ဒါပါပဲလေ.. နေရာတိုင်းမှာ
ချစ်ခြင်းမေတ္တာတွေ ပန်းလို ဝေမှ .. အမုန်းတွေ ဝေးမယ်..
အမုန်းတွေ ဝေးမှ ဒေါသတွေ ဝေးမှ …
ငြိမ်းချမ်းရေးတေးတွေ ဆိုနိုင်မှာ မဟုတ်လား..။
ခုချိန်ထိ ကိုဇာလျန်း နဲ့ ကိုခိုင်ထူးရဲ့
စစ်နဲ့ ငြိမ်းချမ်းရေးသီချင်း ခေတ်စားနေသေးတာကိုလည်း မကြိုက်ချင် ပါဘူးလေ..။ ခုထိတော့ အမုန်းတွေကသာ နီးပြီး ..
ချစ်ခြင်းမေတ္တာကတော့ တို့ရေ တို့ဝေးပြီလို့ ဆိုညည်းနေရဆဲ..။ အဲဒီအခါ ဒိုးလုံး ကို လွမ်းတယ်.. သူ့ရဲ့ ဆုတောင်း
ကို ခဏခဏ သတိရရတယ်..
ဘုန်းကြီးပါစေ.. အသက်ရှည်စေ.. အားလုံး စိတ်လည်းချမ်းသာစေ.. ငါဆုတောင်းရင်း… မေတ္တာတရားတွေ ပွားများချင်သေးတယ်….လူသားတွေ တောင်းဆုချွေ .. အို တို့ကမ္ဘာကြီးဟာ လှပဖို့ ငြိမ်းချမ်းဖို့ တို့တွေ ဆုတောင်းမှာ…။
၁၁ မေ ၂၀၁၇။
No comments:
Post a Comment