Sep 26, 2025

ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား

     


ငယ်ကတည်းက အယူအဆတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ပတ်သက်ရင် အလွယ်တကူ လက်မခံဘဲ သေချာ စဉ်းစားပြီး ကိုယ်တကယ်ယုံနိုင်မှပဲ လက်ခံတတ်တဲ့ ဉာဉ်ရှိသူမို့ .. ဘာသာရေးနဲ့ ပတ်သက်လာတဲ့ အခါမှာတော့ ကျမဟာ အခါများစွာမှာ အစဉ်အလာတွေရဲ့ သူပုန်ဖြစ်ခဲ့ပါတယ်။ ဘဝတလျှောက် ဖတ်လာခဲ့သမျှ ဗုဒ္ဓနဲ့ ပတ်သက်သမျှကို နှစ်ခြိုက်ကြည်ညိုလွန်းလို့ ဗုဒ္ဓကို ကျမနဲ့ အလှမ်းဝေးလှတဲ့ တန်ခိုးရှင်ကြီးလို့ မမြင်ဘဲ အားကိုးရာ ဆရာလို မိဘလို သူ့စကား သူ့တရားတွေကို ကြိုးစားလိုက်နာဖို့သာ အမြဲ ရည်သန်ခဲ့ပါတယ်။
ဗုဒ္ဓရဲ့ အဆုံးအမတွေဟာ ပြီးပြည့်စုံလွန်းလို့ ဆင်ခြေတက်စရာတစုံတရာ ရှာမတွေ့တာနဲ့တင် ကျမဟာ ဗုဒ္ဓဝါဒီ ဖြစ်ရခြင်းမှာ ကျေနပ်ပြီ။ ကျမအမြဲပြောလေ့ရှိတာာတခုက ကျမသည် မိရိုးဖလာဗုဒ္ဓဘာသာဝင် ဆိုတာထက် ဗုဒ္ဓအဆုံးအမ တွေကို ခြွင်းချက်မရှိ လက်ခံတဲ့ သက်ဝင်ယုံကြည်သူ ဆိုတာပါပဲ။ ဒါကြောင့်ပဲ အောင်လံဆရာတော်ဘုရားရဲ့ ကျင့်စဉ်လမ်းကိုလည်း သေသေချာချာ လေ့လာပြီးမှ ကျမ အားထုတ်ဖြစ်ခဲ့တာပါ။

    အစောပိုင်းကတော့ သဲအင်း.. ဇွဲတင်းဆိုတဲ့အတိုင်း တကယ်ပဲ ဇွဲလုံ့လအတော် စိုက်ထုတ်ခဲ့ရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက ဗီဇသဘာဝကိုက ခံစားလွယ်သူ.. ဝေဖန်တတ်သူ.. အပျော်အပါး ကြိုက်သူ.. အနုပညာအစုံ ခုံခုံမင်မင်ရှိသူမို့ ဒီဗီဇတွေနဲ့ ဆန့်ကျင်ရာ အေးငြိမ်းရာဆီ သွားရတဲ့ ခရီးမှာ အဲဒီ တဏှာ နှောင်ကြိုးတွေကို အတော်ဖြတ်ယူရလို့ပါပဲ။ ဒါပေမဲ့ တကယ်တမ်း အားထုတ်တဲ့အခါမှာတော့ ကျမထင်ထားခဲ့သလောက် ခက်ခက်ခဲခဲ မရှိဘဲ အံ့ဩစရာကောင်းလောက်အောင်ပဲ အချိန်တိုအတွင်းမှာ ခရီးအတော်ပေါက်ခဲ့တာဟာ အောင်လံဆရာတော်ဘုရားရဲ့ နည်းလမ်းကို ကျေးဇူးရှင် ဆရာတော် အသျှင် ဓမ္မပါရဂူရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ .. ပြီးတော့ online ကစပြီး လေ့ကျင့်ပေးခဲ့တဲ့ တရားပြဆရာမ သူသူနဲ့တကွ တရားထိုင်ချိန်တွေမှာ သေသေချာချာ ကြည့်ရှုစောင့်ရှောက်ပေးကြတဲ့ တရားထောက်တွေရဲ့ ကျေးဇူးတွေကြောင့်ပါပဲ။

    နောက်တခုကတော့ ပထမဆုံးအဆင့်မှာ သမာဓိအားကောင်းအောင် အဓိကထား အားစိုက်လေ့ကျင့်ရတာကြောင့်ပဲ ကိုယ့်စိတ်မှာ ရစ်ပတ်နေတဲ့ မောဟအနွယ်တွေ အမျှင်တွေကို မြန်မြန် လျစ်လျူရှုလျှော့ချသွားနိုင်တာ ဖြစ်ပါတယ်။ ဝိပဿနာလမ်းကို ဦးတည် လျှောက်ရာမှာ သမာဓိ သတိအားကောင်းဖို့ဟာ အဓိက သော့ချက် ဆိုတာက ဗုဒ္ဓအဓိကထား ညွှန်ကြားခဲ့တဲ့ တရားပဲမဟုတ်ပါလား။

+++++

     ကျမ ဘာလို့ သဲအင်းနည်းလမ်းကို တစိုက်မတ်မတ် အားထုတ်ဖြစ်ခဲ့တာလဲဆိုတာကို ပြောပြချင်ပါတယ်။ ပထမအဆင့် လေ့ကျင့်အားထုတ်ခဲ့ရတဲ့ အာနာပါနကျင့်စဉ်မှာကတည်းက လေကို သတိကပ်ပြီး ပြင်းပြင်း ရှူရှိုက်ရတဲ့အတွက် ကျမရဲ့ အာရုံကို သိမ်းဖို့ လွယ်ကူခဲ့ပါတယ်။ အဲဒီအခါ လုံးဝ မလှုပ်မပြင်ဘဲ နှစ်နာရီ ဆက်တိုက်ထိုင်ရတာမှာ စိတ်ဟာ အရှူမှာသာ ငြိနေ မိနေတာမို့ ခန္ဓာရဲ့ အနာက စိတ်ဆီ လွယ်လွယ်နဲ့ ရောက်မလာနိုင်တော့ပါဘူး။ ဒါကြောင့်ပဲ သတိစိတ်ဟာ ရွေ့ချိန်မရှိတော့တာမို့ သမာဓိဟာလည်း တည်နေပါတော့တယ်။ ဒီနေရာမှာ လှုပ်ချင်ပြင်ချင်စိတ်ကိုလည်း သတိကပ်ပြီး မလှုပ်မပြင်အောင် ထိန်းရပါတယ်။ ဒီလို တကယ်စနစ်တကျ ရှူနိုင် .. အိန္ဒြေကိုလည်းထိန်းနိုင်တဲ့အခါမှာတော့ အာနပါနအရှူဟာ အားစိုက်စရာ မလိုတော့ဘဲ သူ့အလိုလို အလုပ်လုပ်သွားတာကို အချိန်တန်တဲ့အခါ လူတိုင်းလိုလို ရကြပါတယ်။ အဲလိုဆိုရင်ဖြင့် နောက်တဆင့်မှာ စိတ်ကို စောင့်ကြည့်ရတဲ့ ရှုရတဲ့ စိတ္တနုပဿနာကို ကျင့်ကြရပါပြီ။             ခန္ဓာကိုယ်အိန္ဒြေကို မပြုမပြင် မလှုပ်မရွှေ့ဘဲ ကိုယ့်စိတ်ကလေးထဲ ဘာတွေ ပေါ်လာလဲ.. ဘာတွေ ပျောက်သွားလဲ ဆိုတာလေးကို ငြိမ်ငြိမ်လေး မလွတ်အောင် ထိုင်ကြည့်နေရတာဟာ လွယ်မလိုနဲ့ အတော်ခက်တာပါ။ ဘာမှ မတွေးဘဲ .. ဘာမှ မကြံဘဲ... စိတ်ထဲကနေ စကားတွေပြောမနေအောင်လည်း သိကပ်ထားရပါတယ်။ ဒီကြားထဲ မလှုပ်မပြင်ရတဲ့ အထိုင်ကြောင့် ခန္ဓာကိုယ်မှာ ဝေဒနာတွေ ပေါ်လာပြီ ဆိုရင်တော့ အဲဒီဝေဒနာကို သိနေတဲ့စိတ်.. ခံရခက်တဲ့စိတ်.. သက်သာချင်တဲ့စိတ်တွေကို မလွတ်အောင် ရှုရတာများ ဇောချွေးတွေတောင် ပြန်လာတဲ့အထိပါ။ ဒါပေမဲ့ သိပ်မကြာခင်မှာတော့ စိတ်မှာသာတည်နေတဲ့ ရှုစိတ်က အနိုင်ရသွားတဲ့အခါ ခံစားနေရတဲ့ ဝေဒနာတွေအားလုံးဟာ ကိုယ့်ဆီကနေ ခပ်လှမ်းလှမ်းကို ခွာသွားပြီး ကိုယ့်ရဲ့ စိတ်နှလုံးမှာ ဝေဒနာကြောင့် ဆင်းရဲတဲ့ စိတ်မရှိတော့တာကို အံ့ဩစရာကောင်းလောက်အောင် တွေ့ရပါ လိမ့်မယ်။ ဒါကြောင့်ပဲ ကျမအတွက် တချိန်ကလေးမှာ ဝေဒနာနဲ့ ရုန်းကန်ရပေမဲ့ အမြဲတမ်းရတဲ့ ရလဒ်ကတော့ ဝေဒနာကို ကျော်သွားနိုင်တဲ့.. လူသာနာပြီး စိတ်မနာတေ့ခြင်းပဲ ဖြစ်ပါတယ်။

    ဆရာတော် အသျှင်ဓမ္မပါရဂူရဲ့ ဥပမာလေးနဲ့ ပြောရရင် ခန္ဓာကိုယ်လှအောင် ကျန်းမာအောင် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာတောင် ချွေးတွေထွက် ကိုယ်လက်နာ မောပမ်းပြီး ရင်းရသလို.. ကျမတို့ရဲ့ စိတ်နှလုံးသန်သန်မာမာနဲ့ သမာဓိအားကောင်းကောင်းနဲ့ ဝိပဿနာလမ်းကြောင်း‌ပေါ် အရောက်သွားဖို့အရေးမှာ ကျမတို့ ဒီဝေဒနာတွေကို ရင်းရမှာပါပဲ။ ဆရာတော်မိန့်သလိုပဲ တရားသတိကပ်နိုင်ဖို့ကျင့်ကြံတဲ့အရေးမှာ ဝေဒနာဟာ ထင်ရှားတဲ့ အရှုခံမို့ ကျေးဇူးရှင်လိုပါပဲ။ အဲဒီအခါ ကျမအတွက်တော့ အောင်လံဆရာတော်ဘုရား ညွှန်ပြတဲ့ လမ်းစဉ်ဟာ စောဒက တက်စရာ လုံးဝမရှိတဲ့အပြင် ကိုယ်အားထုတ်နိုင်ရင် အားထုတ်သလောက်ရမယ်လို့ အာမခံတဲ့ လမ်းမို့ အားစိုက်ခွန်စိုက် ဆက်လျှောက်မှာပါ။

+++++

    စိတ်သာ ရှင်စော ဘုရားဟောဆိုတဲ့အတိုင်း.. ကျမတို့ ဖန်တီးယူလို့မရတဲ့ စိတ်ရဲ့စေရာကို ဆုံးအောင်ရှုရင်း တကယ်တမ်း သတိအားကောင်းလာတဲ့အခါ .... အချိန် နေရာ ခန္ဓာ ဆိုတာတွေက ကိုယ့်ရဲ့တရားထိုင်ခြင်းကို မနှောင့်ယှက်နိုင်တော့ပါဘူး။ ဒီလို ကိုယ်သာနာပြီး စိတ်မနာဘဲ တည်ငြိမ်စွာနဲ့ မဂ်လမ်းကို လျှောက်ဖို့ဆိုတာမှာ ကြာကြာတရားထိုင်တဲ့ အလေ့အကျင့်ကသာ အလိုအပ်ဆုံး အကူအညီအထောက်အပံ့လို့ ကျမ ယုံကြည် ပါတယ်။ ဒါဟာ ကျမ သဲအင်းဂူရဲ့ ဓမ္မလမ်းကို ကြည်ကြည်ညိုညိုလျှောက်ဖြစ်ခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။

    ဒီတရားလမ်းကြောင်းပေါ်မှာ.. ပူပန်တတ်တဲ့ စိတ်နှလုံးတွေကို အေးအောင်ထားတတ်သွားတာ... လေဟာနယ် ဟင်းလင်းပြင်ထဲ အကြာကြီး ခဏခဏရောက်သွားဖူးတာတွေက စွဲစွဲမြဲမြဲ တရားထိုင်သူတိုင်း ရနိုင်တာပါ။ ကျမအတွက်ကတော့ အချိန်ကြာကြာတရားထိုင်တဲ့အခါတိုင်း ခန္ဓာကိုယ်ထဲက သွေးလည်ပတ်မှု... နှလုံးခုန်ပုံ နဲ့ အသက်ရှုတာတွေမှာ သိသိသာသာ နေကောင်းလာတာတွေက အင်မတန် သိပ္ပံနည်းကျတဲ့ ခန္ဓာဗေဒ ဖြစ်စဉ် အပြောင်းအလဲတွေပါပဲ။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ကိုးရက်တာမှာ ၅ နာရီကြာတရားထိုင်ခဲ့တဲ့တလျှောက်မှာ ဝေဒနာ level 0 နဲ့ ထိုင်နိုင်ခဲ့တာ ကိုယ့်ကိုယ်ကိုယ်တောင် အံ့ဩခဲ့ရပါတယ်။ အဲဒီအခါ အစားကောင်းစားရတဲ့အခါ ချစ်ခင်သူတွေကို သတိရတယ်ဆိုတဲ့ ဆိုရိုးအတိုင်း ကျမ ရတဲ့ တရားပီတိနဲ့ ရလဒ်တွေကို စာဖတ်ရသူတွေလည်း ကျမနဲ့ ထပ်တူရစေချင်လို့ ဒီစာကို ရေးပါတယ်။

    ဘယ်သူတွေ ဘာပဲ ပြောပါစေ.. ဒီတရားကျင့်ရာမှာ ကိုယ် ဘာတွေ ဘယ်လောက် ဘယ်လိုရတယ် ဆိုတာက လူတယောက်နဲ့ တယောက် မတူနိုင်ပေမဲ့ ဒီနည်းလမ်း နဲ့ သေသေချာချာ အားထုတ်ရင်ဖြင့် ကိုယ်နာသော်လည်း စိတ်မနာဘဲ ဦးတည်ရာ မဂ်လမ်းကို အရောက် လျှောက်နိုင်မယ်ဆိုတာကိုတော့ ကျမ သေသေချာချာ ယုံကြည်သက်ဝင် ပါကြောင်းပြောရင်း.. ပြီးခဲ့တဲ့ ကိုးရက်တာ ကျမနိုင်သလောက် ပြုခဲ့သော ကုသိုလ်တွေကို မျှဝေပါရစေ...

အမျှ အမျှ အမျှ ယူတော်မူကြပါ.....



***(ကိုးရက်တာ အချောသပ်တရားစခန်းအတွင်း နေ့စဉ်နာယူမှတ်သားခွင့်ရခဲ့တဲ့ ဆရာတော်အသျှင် ဓမ္မပါရဂူရဲ့ ဟောကြားချက်တွေကနေရတဲ့ ဗဟုသုတလေးနဲ့ ဒီစာကို ရေးပါတယ်.. ကိုယ်ကျင့်တဲ့တရား.. ကိုယ့်တရားဆိုတာကလည်း ဆရာတော့်ရဲ့ အဆုံးအမပဲ ဖြစ်ပါတယ်။ ဦးတင်ပါတယ် အရှင်ဘုရား)

Apr 16, 2025

ရောင်နီတွေနဲ့ ဒို့အတူ

 



အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ..  တချိန်တည်းမှာ နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ရောင်နီ တော်လှန်ဂီတပွဲမှာပါ။   

ပွဲကျင်းပတဲ့ အဆောက်အဦးဝန်းကျင်ကို ဝင်သွားကတည်းက အနုပညာကို ခံစားရပြီဆိုရင် မလွန်ပါ... ပွဲအဝင် လမ်းမှာ လင်းလင်းနဲ့ ချစ်သုဝေတို့နှစ်ယောက် ဓာတ်ပုံ Standတွေ အခင်းအကျင်း နဲ့ လမ်းညွှန် ဆိုင်းဘုတ်တွေက အစ.. အနုပညာပြခန်းတခုရဲ့ အဝင်လေးလို..။ ကျမ ဒီတိုင်းပြည်မှာ နေလာတာ ၁၅ နှစ်မှာ ခုလို အနုပညာဆန်ဆန် အခင်းအကျင်းနဲ့ ပွဲတွေ မကြုံဖူးခဲ့.. ဘာဖြ
စ်လို့လဲဆိုတော့ တပါးတိုင်းပြည်မှာ အလွယ်တကူ အဆင်ပြေရေးသာ အဓိကထားခဲ့ကြရလို့ပါ။

ဒီလိုနဲ့ ဖျော်ဖြေမယ့်ခန်းမ.. စင်မြင့်.. တူရိယာပစ္စည်းတွေရဲ့ အခင်းအကျင်း.. သူတို့ရဲ့  Authentic Live concert ကို ပြန်အမှတ်ရစေမယ့် အပြင်အဆင်လေးဟာ စင်မြင့်ပေါ်မှာ။ ဖယောင်းတိုင်မီးလေးတွေ ဆင်ယင်လို့ ဒါကတော့ ချစ်သုဝေ စိတ်ကူးလို့ သိသာစေတဲ့ အခင်းအကျင်း။ ကျမကို နောက်ထပ်ဖမ်းစားလိုက်တာက စန္ဒယား နဲ့ ပတ္တလား...။ ရပြီ.. ဒီပွဲဟာ အနုပညာပြပွဲ ဖြစ်ပြီ။

+++++

လင်းလင်းကို ကျမ စသိတာ... မန္တလေးမြို့သေဆုံးခြင်း သီချင်းနဲ့။ နားထောင်တိုင်း ရင်နာခဲ့ရတဲ့ သီချင်း။ နောက်တော့ ကျမက အဝေးမှာမို့ သူ့တခြားသီချင်းတွေကို ပြောက်တိပြောက်ကျားသာ သတိထားမိပြီး ၂၀၁၆ ဇွန်လမှာ ကျမ ပထမဆုံး မြန်မာပြည်ပြန်တော့မှ မန်းလေးက စင်မြင့်ဖျော်ဖြေပွဲမှာ လင်းလင်းသီချင်းဆိုတာကို ကြည့်ဖူးခဲ့တာ။ မန်းလေးက ရာနဲ့ချီတဲ့ လူငယ်ပရိသတ်တွေရဲ့ ဩဘာသံတွေက လှိုင်းသံတွေလို တဝုန်းဝုန်းနဲ့ သူ့ကို တခဲနက် အားပေးကြ.. သူနဲ့ ပရိသတ်ဟာ တသားတည်း.. သီချင်းတွေ အတူတူဆိုနေကြ.. အချစ်သီချင်း မဆန်ဘဲ ဒဿနဆန်တဲ့ သူ့သီချင်းတွေကို လူငယ်ထုကြီး သည်းခြေကြိုက်ဖြစ်နေတာက ကိုယ့်တိုင်းပြည်နဲ့ အကြာကြီး ဝေးနေခဲ့ရတဲ့ ကျမကို တအံ့တဩ ဖြစ်စေခဲ့ဖူးတယ်။ နောက်တော့ သူ့ရဲ့ စတုတ္ထတော်လှန်ရေးကို တွေ့ပြီး အဲဒီထဲက နွေပီသ တဲ့ မြို့.. အဖေ နဲ့ အမေ နဲ့ နေတဲ့ အိမ်.. Rock ဟစ်တိုင်တွေကို ကြိုက်လာ။ နောက်တော့ အချစ်ရဲ့ ရလဒ် သီချင်းကို အတော်ကြိုက်...။

ချစ်သုဝေကတော့ အဆိုတော် မင်းသမီး တစ်ယောက်ဆိုတာထက် သူ့အဖေက ကျမ အစ်ကိုလို ချစ်တဲ့သူမို့ ကိုယ့်တူမ တစ်ယောက်လိုသာ ခံစားရတာမို့ရော အသံချိုချိုလေးနဲ့ လှတဲ့ .. နေရာတော်တော် များများမှာ ထူးချွန်သူလေး ဆိုတာလောက်ပဲ ရှိခဲ့။ ဒါပေမဲ့ ခု တော်လှန်ရေးကာလမှာတော့ သူကလေးရဲ့  အနုပညာအိုင်ဒီယာ လက်စောင်းထက်တဲ့ အစီအမံတွေနဲ့ မြေပြင်ကို ကူနေတာတွေ အတွေ့မှာတော့ ချစ်သုဝေကို အသံချိုချို သီချင်းရှင် အနုပညာရှင် ဆရာဝန်မ လှလှလေးဆိုတာထက် အများကြီး ပိုခဲ့ပြီ။

+++++

တကယ်တော့ တော်လှန်ရေးကာလထဲမှာ သီချင်းချိုချိုလေးတွေကို လွမ်းမိတာတော့အမှန်.. ဒါကြောင့် ပြီးခဲ့တဲ့လက တူးတူးပွဲမှာ စိတ်အဆာပြေခဲ့ရတယ်။ ခုလည်း လင်းလင်းတို့ပွဲဟာ ‌တော်လှန်ရေးဆန်မယ်လို့ သိပြီးသားပေမဲ့ အနုပညာဆန်သောတော်လှန်ပွဲဖြစ်မယ်လို့တော့ မျှော်လင့်ထားတာမို့ ပွဲလေးက အတော် ကျေနပ်စရာပါ။ ပြီးတော့ လင်းလင်းရဲ့ ထုံးစံအတိုင်း သီချင်းတွေကို ဆိုတဲ့ mood အတိုင်း ဆိုတာမို့ အသစ် တွေလို ခံစားရစေတာ။ ပြီးတော့ ကျွဲချိုမှုတ်တာနဲ့ ဗုံ နဲ့ ပတ္တလားနဲ့ပါ သီချင်းတွေထဲ ပေါင်းစပ်လေတော့ ကျမက မြို့မငြိမ်းကို သတိရတော့တာ။ လင်းလင်းကိုယ်တိုင်လည်း သူ့ရဲ့ ‘သံစဉ်မကြားရသော အမတေများ’ စာအုပ်ထဲ မြို့မငြိမ်း.. ဆိုတဲ့ခေါင်းစဉ်နဲ့ စာလေးတပုဒ်ရေးခဲ့တာဆိုတော့ မြို့မငြိမ်းရဲ့ ဉာဉ်လေးက သူ့ကို လွှမ်းမိုးနေပုံပါပဲ။ ပွဲထဲ လင်းလင်း နဲ့ ချစ်သုဝေ ရွေးဆိုတဲ့ သီချင်းအားလုံးလိုလိုက ကျမ ရင်းနှီးပြီးသားမို့ ပွဲတခုလုံးက ကျမကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ တင်ဆက်ပုံတွေကို ကြည့်ရင်ကို ခံစားချက်အသစ်ကို ပေးဖို့ သူတို့နှစ်ယောက် ဘယ်လောက် ကြိုးစား စီစဉ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ အထူးသဖြင့် လူတိုင်းအတွက် ထိရှစေတဲ့ ‘ကြယ်’ သီချင်းကို ချစ်သုဝေက စန္ဒယားတီးပေးပြီး ပရိသတ်ကို ဆိုစေတာကတော့ အထိမိဆုံး အစီအစဉ်ပါပဲ။

ပရိသတ်ကို သူတို့အလေးထားတာကို မြင်သာစေတဲ့ နောက်တကွက်ကတော့ သူတို့ရဲ့ အမြွာသမီးလေး နှစ်ယောက်ရဲ့ အနုပညာဗီဇလေးတွေကိုပါ ဒီပွဲလေးမှာ ထည့်ပြလိုက်တာပါပဲ။ နကိုတည်းက ပရိသတ်ချစ်ပြီးသား ကလေးတွေရဲ့ လှပတဲ့ အနုပညာလေးတွေကို မြင်ခွင့်ရတဲ့ အခိုက်အတံ့မှာ ပရိသတ်တွေ ကျေနပ်ပီတိ ဖြစ်ကြ ရတာ တွေ့ပါတယ်။ ကျမကတော့ ကိုယ်တိုင် ကလေး သုံးယောက်နဲ့ အင်မတန်ကြမ်းတမ်းတဲ့ တောလမ်းခရီးကို အကြောက်တရားနဲ့ ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံ .. သူတပါးနိုင်ငံမှဦ မလုံမခြုံနေခဲ့ရဖူးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတာမို့ ခု ခေတ် နဲ့ သစ်ကလေးတို့ လန်းစွင့်နေတာကိုတွေ့တော့ မျက်ရည်ကျမိတဲ့အထိ ပီတိဖြစ်ရပါတယ်။ ဒီအနုပညာပွဲလေးဟာ သူတို့ မိသားစုလေးမှာ ရှိသမျှစေတနာတွေ အစွမ်းကုန်ပေးခဲ့ကြတဲ့ ပွဲလေးပါပဲ။

+++++

မပြောမဖြစ်ထည့်ပြောရရင်တော့ ပွဲမှာ ပန်းစည်းပေးတဲ့ အစီအစဉ်မပါတာက တမျိုး ပိုကောင်းသွား သလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တခါတလေ တချို့က ဘလိုမှ ပန်းစည်းယူဖို့ အဆင်မပြေတဲ့ အနေအထားမှာ အတင်း ပန်းစည်းထိုးပေးတာမျိုးတွေ ရှိတတ်လို့ပါ (ကျမတောင် လုပ်ဖူးခဲ့ပါသေးတယ်)။ အံ့ဩရပြန်တဲ့ ချစ်သုဝေရဲ့ နောက်အစီစဉ်လေးတခုကတော့ ပန်းစည်းပေးတဲ့အစီစဉ်အစား ပို့စ်ကဒ်လေးတွေ ရောင်းပေးမယ် တဲ့။ အဲဒီပို့စ်ကဒ်လေးတွေမှာ ပရိသတ်က အမှတ်တရ စာလေးတွေ ရေးပေးကြပြီး အဲဒီစာလေးတွေကို ပြန်ဖတ်ပြပြီး YouTube ကနေ လွှင့်ပေးမယ့် အစီအစဉ်လေးလည်း လုပ်ဦးမှာပါတဲ့။ ပိုလှသွားတာကတော့ အဲဒီ ပို့စ်ကဒ်လေးတွေကို တခု ဒေါ်လာ ၁၀ နဲ့ ရောင်းတာမှာ ချစ်စရာကောင်းလှတဲ့ ဘောပင်လေးတွေကိုပါ ထည့်ပေး ထားတာပါပဲ။ အလှူလုပ်တဲ့အတွက် အမှတ်တရလေးတစ်ခု ကျန်ခဲ့စေတာ.. တကယ့် စိတ်ကူးလှလှလေးပါပဲ။

ခုတော့ အခမ်းအနား အပြင်အဆင်ကစလို့ အစီအစဉ်တွေ.. သီချင်းတွေ.. တင်ဆက်ပုံတွေ အားလုံးဟာ တကယ့်ကို ပြည့်စုံ..။ ကျမ မျှော်နေတဲ့ တချို့သီချင်းလေးတွေ မပါလာနိုင်တာကလွဲလို့ပေါ့။

+++++

နောက်တပိုင်းပြောပြချင်တာကတော့ သူတို့ လုပ်ခဲ့သမျှ တော်လှန်အနုပညာပွဲတွေဖြစ်တဲ့ ‘The Way’ Musical Film နဲ့ ‘Authentic’ Live Concert တွေအပါအဝင် တင်ဆက်ခဲ့သမျှကရတဲ့ ငွေကြေးတွေကနေ သူတို့ ဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတာကို ပွဲမစခင်မှာ လင်းလင်းက Slide တွေနဲ့ ရှင်းပြပါတယ်။ သူတို့ အများကြီးလုပ် နေတာကို သိထားခဲ့ပေမဲ့ တကယ်တမ်း သေသေချာချာသိလိုက်ရချိန်မှာတော့ ကျမ ကြက်သီးတောင်ထ မိပါ တယ်။ သူတို့ နဲ့ သူတို့ရဲ့အဖွဲ့သားတွေ အင်မတန် ထိထိရောက်ရောက် နဲ့ တကယ့်လိုအပ်ချက်တွေကို အများကြီး ပံ့ပိုးနိုင်တာပါလား လို့  ကျေးဇူးတင်လေးစားမိပါတယ်။

+++++

ကဲ.. ဒီတပိုင်းကတော့ ပွဲအစမှာ လင်းလင်းပြောတဲ့ စကားတခွန်းကြောင့် ပွဲဖြစ်သွားတဲ့ကိစ္စပါ။ တကယ်တော့ ကျမ သေချာ သတိမထားလိုက်မိပါဘူး။ သူပြောတာက စကစ နဲ့ မရှင်းမရှင်း မကင်းမကင်း ရှိတဲ့.. သူတို့နဲ့ သွေးသားတော်စပ်သူတွေ ဒီပွဲထဲက ထွက်သွားပေးပါ.. တဲ့ (ကျမ သေချာမမှတ်မိပါ)။ ထားပါတော့.. သူ မပြောသင့်ဘူး.. ပြောသင့်တယ် စသဖြင့်.. ခု ပွဲဖြစ်နေကြတာ..။ ကျမ အံ့ဩမိတာက ပြောတဲ့သူ.. ပြောတဲ့စကား.. ပြောရတဲ့ စိတ်အခြေနေခံစားချက်.. ပြောတဲ့သူ ဘာတွေလုပ်နေသလဲ.. ဒါတွေကို ထည့်မစဉ်းစားပေးကြတော့ဘူးလား... ဆိုတာပါ။ တကယ်တော့ ကျမတို့ ပတ်ဝန်းကျင်မှာ လင်းလင်းပြောတဲ့ အမျိုးအစားတွေ ရှိနေတာ.. သိသားပဲ။ သာသာလုပ်လို့ရတုန်း တစုံတရာ အခွင့်အရေးတရပ်အတွက် တော်လှန်ရေးနဲ့ မကင်းသလို နေနေသူတွေ.. တဘက်ကိုကျတော့ တဘက်လှည့်နဲ့ ပြန်သတင်းပေးနေတာတောင် ရှိတာပဲ။ ကျမရှေ့မှာကို လင်းလင်းတို့နဲ့ ပတ်သက်ပြီး ရိုင်းရိုင်းပျပျ ပြောဖူးတဲ့ ဟိုဘက်နဲ့ မရှင်းမရှင်း နှစ်ယောက် တောင် အဲ့နေ့က ပွဲထဲမှာ ရှိနေသေး။ တကယ်တော့ လင်းလင်းပြောလည်း သူတို့ကတော့ ဘယ်ထွက်သွားပါ့ မလဲ.. အဲလိုဟာတွေက မျက်နှာပြောင်ပြီးသား။ ဒါပေမဲ့ လင်းလင်းက တော့လည်း သူ ရန်ငါပြတ်တာကို ပြချင်ပုံရ ပါတယ်။

ကျမတို့ဟာ ကိုယ့်လူမှုဝန်းကျင် ငြိမ်းချမ်းသာယာစေဖို့အတွက်လို့ ရည်ရွယ်တဲ့အခါ လူတွေကိုဖြစ်စေ.. သဘာဝ လောကကိုဖြစ်စေ ကိုယ်ချင်းစာ စိတ် မေတ္တာစိတ်နဲ့ ယှဉ်ကြည့်ပေးကြရပါတယ်။ ဗုဒ္ဓတရားတော်ထဲက ထဲက ‘အသေဝနာစ ဗာလာနံ ပဏ္ဍိတာနစ္စသေဝနံ’ ဆိုတာလို ဆိုးတဲ့ ရန်သူကို ဝေးဝေးရှောင်သလို လူကောင်း သူကောင်းတွေဆိုလည်း မြဲအောင်ပြုခြင်းက မြတ်တဲ့ကိစ္စမဟုတ်လား။ အဓိကကတော့ ဘယ်သူဟာ ရန်သူစစ်စစ်.. ဘယ်သူဟာ မိတ်ဆွေစစ်စစ်လဲဆိုတာပါပဲ။ ခုတော့ ‘ဒါတော့ မပြောသင့်ပါဘူး..’ ဆိုတာမျိုး အပြုသဘောဝေဖန်တာလောက်နဲ့ မပြီးကြဘဲ ကိုယ့်အချင်းချင်းကို အရေခွံလှန်ဆုတ်သလို လုပ်နေကြတာ ဟာဖြင့် ကာယကံရှင်က ဘယ်လိုနေနေ .. ကြားရ မြင်ရတာတွေက ကိုယ့်အချင်းချင်း ပြန်ချနင်းနေသလိုမို့  ဝမ်းနည်းစရာကောင်းလှပါတယ်.. ဒါကို ရန်သူဘက်သားတွေကတော့ ဝမ်းသာနေတော့မှာလို့သာ တွေးနေမိ ပါတယ်။

+++++

သူတို့မိသားစုလေး နောက်ထပ် မြို့ တွေမှာ ပွဲလေးတွေ ရှိသေးတယ်လို့ သိရပါတယ်။ ကျမ သိပါတယ်.. တပွဲ နဲ့ တပွဲ တင်ဆက်ပုံတွေ အပြင်အဆင်တွေ မတူအောင် အသစ်လိုပေးနိုင်အောင် သူတို့ ကြိုးစားကြလိမ့် ဦးမယ်။ သူတို့နာကျင်ကြေကွဲနေရတဲ့ မြေပြင်က အခြေအနေတွေဆီကို အများကြီး ကူပံ့နိုင်အောင် သူတို့ အစွမ်းကုန် ဖန်တီးကြလိမ့်ဦးမယ်။ သူတို့ကတော့ရောင်နီတွေနဲ့အတူ ခရီးဆုံးထိ လျှောက်ကြမှာ.. အသေအချာ။


* မိသားစုဓာတ်ပုံကို ချစ်သုဝေ Facebook က ယူပါတယ်


မေငြိမ်း

၁၅ ဧပြီ ၂၀၂၅