အစောပိုင်းကတော့ သဲအင်း.. ဇွဲတင်းဆိုတဲ့အတိုင်း တကယ်ပဲ ဇွဲလုံ့လအတော် စိုက်ထုတ်ခဲ့ရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက ဗီဇသဘာဝကိုက ခံစားလွယ်သူ.. ဝေဖန်တတ်သူ.. အပျော်အပါး ကြိုက်သူ.. အနုပညာအစုံ ခုံခုံမင်မင်ရှိသူမို့ ဒီဗီဇတွေနဲ့ ဆန့်ကျင်ရာ အေးငြိမ်းရာဆီ သွားရတဲ့ ခရီးမှာ အဲဒီ တဏှာ နှောင်ကြိုးတွေကို အတော်ဖြတ်ယူရလို့ပါပဲ။ ဒါပေမဲ့ တကယ်တမ်း အားထုတ်တဲ့အခါမှာတော့ ကျမထင်ထားခဲ့သလောက် ခက်ခက်ခဲခဲ မရှိဘဲ အံ့ဩစရာကောင်းလောက်အောင်ပဲ အချိန်တိုအတွင်းမှာ ခရီးအတော်ပေါက်ခဲ့တာဟာ အောင်လံဆရာတော်ဘုရားရဲ့ နည်းလမ်းကို ကျေးဇူးရှင် ဆရာတော် အသျှင် ဓမ္မပါရဂူရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ .. ပြီးတော့ online ကစပြီး လေ့ကျင့်ပေးခဲ့တဲ့ တရားပြဆရာမ သူသူနဲ့တကွ တရားထိုင်ချိန်တွေမှာ သေသေချာချာ ကြည့်ရှုစောင့်ရှောက်ပေးကြတဲ့ တရားထောက်တွေရဲ့ ကျေးဇူးတွေကြောင့်ပါပဲ။
နောက်တခုကတော့ ပထမဆုံးအဆင့်မှာ သမာဓိအားကောင်းအောင် အဓိကထား အားစိုက်လေ့ကျင့်ရတာကြောင့်ပဲ ကိုယ့်စိတ်မှာ ရစ်ပတ်နေတဲ့ မောဟအနွယ်တွေ အမျှင်တွေကို မြန်မြန် လျစ်လျူရှုလျှော့ချသွားနိုင်တာ ဖြစ်ပါတယ်။ ဝိပဿနာလမ်းကို ဦးတည် လျှောက်ရာမှာ သမာဓိ သတိအားကောင်းဖို့ဟာ အဓိက သော့ချက် ဆိုတာက ဗုဒ္ဓအဓိကထား ညွှန်ကြားခဲ့တဲ့ တရားပဲမဟုတ်ပါလား။
+++++
ကျမ ဘာလို့ သဲအင်းနည်းလမ်းကို တစိုက်မတ်မတ် အားထုတ်ဖြစ်ခဲ့တာလဲဆိုတာကို ပြောပြချင်ပါတယ်။ ပထမအဆင့် လေ့ကျင့်အားထုတ်ခဲ့ရတဲ့ အာနာပါနကျင့်စဉ်မှာကတည်းက လေကို သတိကပ်ပြီး ပြင်းပြင်း ရှူရှိုက်ရတဲ့အတွက် ကျမရဲ့ အာရုံကို သိမ်းဖို့ လွယ်ကူခဲ့ပါတယ်။ အဲဒီအခါ လုံးဝ မလှုပ်မပြင်ဘဲ နှစ်နာရီ ဆက်တိုက်ထိုင်ရတာမှာ စိတ်ဟာ အရှူမှာသာ ငြိနေ မိနေတာမို့ ခန္ဓာရဲ့ အနာက စိတ်ဆီ လွယ်လွယ်နဲ့ ရောက်မလာနိုင်တော့ပါဘူး။ ဒါကြောင့်ပဲ သတိစိတ်ဟာ ရွေ့ချိန်မရှိတော့တာမို့ သမာဓိဟာလည်း တည်နေပါတော့တယ်။ ဒီနေရာမှာ လှုပ်ချင်ပြင်ချင်စိတ်ကိုလည်း သတိကပ်ပြီး မလှုပ်မပြင်အောင် ထိန်းရပါတယ်။ ဒီလို တကယ်စနစ်တကျ ရှူနိုင် .. အိန္ဒြေကိုလည်းထိန်းနိုင်တဲ့အခါမှာတော့ အာနပါနအရှူဟာ အားစိုက်စရာ မလိုတော့ဘဲ သူ့အလိုလို အလုပ်လုပ်သွားတာကို အချိန်တန်တဲ့အခါ လူတိုင်းလိုလို ရကြပါတယ်။ အဲလိုဆိုရင်ဖြင့် နောက်တဆင့်မှာ စိတ်ကို စောင့်ကြည့်ရတဲ့ ရှုရတဲ့ စိတ္တနုပဿနာကို ကျင့်ကြရပါပြီ။ ခန္ဓာကိုယ်အိန္ဒြေကို မပြုမပြင် မလှုပ်မရွှေ့ဘဲ ကိုယ့်စိတ်ကလေးထဲ ဘာတွေ ပေါ်လာလဲ.. ဘာတွေ ပျောက်သွားလဲ ဆိုတာလေးကို ငြိမ်ငြိမ်လေး မလွတ်အောင် ထိုင်ကြည့်နေရတာဟာ လွယ်မလိုနဲ့ အတော်ခက်တာပါ။ ဘာမှ မတွေးဘဲ .. ဘာမှ မကြံဘဲ... စိတ်ထဲကနေ စကားတွေပြောမနေအောင်လည်း သိကပ်ထားရပါတယ်။ ဒီကြားထဲ မလှုပ်မပြင်ရတဲ့ အထိုင်ကြောင့် ခန္ဓာကိုယ်မှာ ဝေဒနာတွေ ပေါ်လာပြီ ဆိုရင်တော့ အဲဒီဝေဒနာကို သိနေတဲ့စိတ်.. ခံရခက်တဲ့စိတ်.. သက်သာချင်တဲ့စိတ်တွေကို မလွတ်အောင် ရှုရတာများ ဇောချွေးတွေတောင် ပြန်လာတဲ့အထိပါ။ ဒါပေမဲ့ သိပ်မကြာခင်မှာတော့ စိတ်မှာသာတည်နေတဲ့ ရှုစိတ်က အနိုင်ရသွားတဲ့အခါ ခံစားနေရတဲ့ ဝေဒနာတွေအားလုံးဟာ ကိုယ့်ဆီကနေ ခပ်လှမ်းလှမ်းကို ခွာသွားပြီး ကိုယ့်ရဲ့ စိတ်နှလုံးမှာ ဝေဒနာကြောင့် ဆင်းရဲတဲ့ စိတ်မရှိတော့တာကို အံ့ဩစရာကောင်းလောက်အောင် တွေ့ရပါ လိမ့်မယ်။ ဒါကြောင့်ပဲ ကျမအတွက် တချိန်ကလေးမှာ ဝေဒနာနဲ့ ရုန်းကန်ရပေမဲ့ အမြဲတမ်းရတဲ့ ရလဒ်ကတော့ ဝေဒနာကို ကျော်သွားနိုင်တဲ့.. လူသာနာပြီး စိတ်မနာတေ့ခြင်းပဲ ဖြစ်ပါတယ်။
ဆရာတော် အသျှင်ဓမ္မပါရဂူရဲ့ ဥပမာလေးနဲ့ ပြောရရင် ခန္ဓာကိုယ်လှအောင် ကျန်းမာအောင် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာတောင် ချွေးတွေထွက် ကိုယ်လက်နာ မောပမ်းပြီး ရင်းရသလို.. ကျမတို့ရဲ့ စိတ်နှလုံးသန်သန်မာမာနဲ့ သမာဓိအားကောင်းကောင်းနဲ့ ဝိပဿနာလမ်းကြောင်းပေါ် အရောက်သွားဖို့အရေးမှာ ကျမတို့ ဒီဝေဒနာတွေကို ရင်းရမှာပါပဲ။ ဆရာတော်မိန့်သလိုပဲ တရားသတိကပ်နိုင်ဖို့ကျင့်ကြံတဲ့အရေးမှာ ဝေဒနာဟာ ထင်ရှားတဲ့ အရှုခံမို့ ကျေးဇူးရှင်လိုပါပဲ။ အဲဒီအခါ ကျမအတွက်တော့ အောင်လံဆရာတော်ဘုရား ညွှန်ပြတဲ့ လမ်းစဉ်ဟာ စောဒက တက်စရာ လုံးဝမရှိတဲ့အပြင် ကိုယ်အားထုတ်နိုင်ရင် အားထုတ်သလောက်ရမယ်လို့ အာမခံတဲ့ လမ်းမို့ အားစိုက်ခွန်စိုက် ဆက်လျှောက်မှာပါ။
+++++
စိတ်သာ ရှင်စော ဘုရားဟောဆိုတဲ့အတိုင်း.. ကျမတို့ ဖန်တီးယူလို့မရတဲ့ စိတ်ရဲ့စေရာကို ဆုံးအောင်ရှုရင်း တကယ်တမ်း သတိအားကောင်းလာတဲ့အခါ .... အချိန် နေရာ ခန္ဓာ ဆိုတာတွေက ကိုယ့်ရဲ့တရားထိုင်ခြင်းကို မနှောင့်ယှက်နိုင်တော့ပါဘူး။ ဒီလို ကိုယ်သာနာပြီး စိတ်မနာဘဲ တည်ငြိမ်စွာနဲ့ မဂ်လမ်းကို လျှောက်ဖို့ဆိုတာမှာ ကြာကြာတရားထိုင်တဲ့ အလေ့အကျင့်ကသာ အလိုအပ်ဆုံး အကူအညီအထောက်အပံ့လို့ ကျမ ယုံကြည် ပါတယ်။ ဒါဟာ ကျမ သဲအင်းဂူရဲ့ ဓမ္မလမ်းကို ကြည်ကြည်ညိုညိုလျှောက်ဖြစ်ခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
ဒီတရားလမ်းကြောင်းပေါ်မှာ.. ပူပန်တတ်တဲ့ စိတ်နှလုံးတွေကို အေးအောင်ထားတတ်သွားတာ... လေဟာနယ် ဟင်းလင်းပြင်ထဲ အကြာကြီး ခဏခဏရောက်သွားဖူးတာတွေက စွဲစွဲမြဲမြဲ တရားထိုင်သူတိုင်း ရနိုင်တာပါ။ ကျမအတွက်ကတော့ အချိန်ကြာကြာတရားထိုင်တဲ့အခါတိုင်း ခန္ဓာကိုယ်ထဲက သွေးလည်ပတ်မှု... နှလုံးခုန်ပုံ နဲ့ အသက်ရှုတာတွေမှာ သိသိသာသာ နေကောင်းလာတာတွေက အင်မတန် သိပ္ပံနည်းကျတဲ့ ခန္ဓာဗေဒ ဖြစ်စဉ် အပြောင်းအလဲတွေပါပဲ။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ကိုးရက်တာမှာ ၅ နာရီကြာတရားထိုင်ခဲ့တဲ့တလျှောက်မှာ ဝေဒနာ level 0 နဲ့ ထိုင်နိုင်ခဲ့တာ ကိုယ့်ကိုယ်ကိုယ်တောင် အံ့ဩခဲ့ရပါတယ်။ အဲဒီအခါ အစားကောင်းစားရတဲ့အခါ ချစ်ခင်သူတွေကို သတိရတယ်ဆိုတဲ့ ဆိုရိုးအတိုင်း ကျမ ရတဲ့ တရားပီတိနဲ့ ရလဒ်တွေကို စာဖတ်ရသူတွေလည်း ကျမနဲ့ ထပ်တူရစေချင်လို့ ဒီစာကို ရေးပါတယ်။
ဘယ်သူတွေ ဘာပဲ ပြောပါစေ.. ဒီတရားကျင့်ရာမှာ ကိုယ် ဘာတွေ ဘယ်လောက် ဘယ်လိုရတယ် ဆိုတာက လူတယောက်နဲ့ တယောက် မတူနိုင်ပေမဲ့ ဒီနည်းလမ်း နဲ့ သေသေချာချာ အားထုတ်ရင်ဖြင့် ကိုယ်နာသော်လည်း စိတ်မနာဘဲ ဦးတည်ရာ မဂ်လမ်းကို အရောက် လျှောက်နိုင်မယ်ဆိုတာကိုတော့ ကျမ သေသေချာချာ ယုံကြည်သက်ဝင် ပါကြောင်းပြောရင်း.. ပြီးခဲ့တဲ့ ကိုးရက်တာ ကျမနိုင်သလောက် ပြုခဲ့သော ကုသိုလ်တွေကို မျှဝေပါရစေ...
အမျှ အမျှ အမျှ ယူတော်မူကြပါ.....
***(ကိုးရက်တာ အချောသပ်တရားစခန်းအတွင်း နေ့စဉ်နာယူမှတ်သားခွင့်ရခဲ့တဲ့ ဆရာတော်အသျှင် ဓမ္မပါရဂူရဲ့ ဟောကြားချက်တွေကနေရတဲ့ ဗဟုသုတလေးနဲ့ ဒီစာကို ရေးပါတယ်.. ကိုယ်ကျင့်တဲ့တရား.. ကိုယ့်တရားဆိုတာကလည်း ဆရာတော့်ရဲ့ အဆုံးအမပဲ ဖြစ်ပါတယ်။ ဦးတင်ပါတယ် အရှင်ဘုရား)
No comments:
Post a Comment