Jun 12, 2007

အိမ်(၁)

မှောင်ရင်ကွယ်.. မိုးချုပ်ခဲ့ရင်ကွယ်.. ဘ၀ရဲ့ အမောတွေ နားချင်တယ်..
အိမ်ပြန်မယ်.ကိုယ့်အတွက်ရှိရဲ့လား
အိမ်ကလေးတစ်ခုပါကွယ်..

ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်တုန်းက သုခမိန်လှိုင်ရေးပြီး ဇော်ဝင်းထွဋ်ဆိုခဲ့တဲ့ သီချင်း။ အဲဒီသီချင်းလေးကိုမှီပြီး ကျမ အိမ် ဆိုတဲ့ ၀တ္ထုတိုတစ်ပုဒ် မြန်မာ့ဓနမဂ္ဂဇင်းမှာ ရေးခဲ့ဖူးပါတယ်။ အဲဒီဝတ္ထုလေးကိုရေးရင်း ကျမ ရင်ထဲဆို့နေခဲ့ဖူးတယ်။မြစ်ဝကျွန်းပေါ်က လူငယ်လေးတစ်ယောက် ကျောင်းစရိတ် မတတ်နိုင်တော့လို့ စက်မှုတက္ကသိုလ်ကနေ တ၀က်တပျက်နဲ့ ထွက်လိုက်ရတာ.. အသံကောင်းလို့ အဆိုတော်ဖြစ်ချင်ပေမဲ့ ဖြစ်ခွင့်မရတဲ့ ဘ၀ကနေ သာမန်ဘ၀အိမ်ထဲ ပြန်သွားရပြီး တောကျောင်းဆရာပြန်လုပ်တဲ့အကြောင်းလေး။ ကိုယ်ရေးပြီး ကိုယ်ကြိုက်ခဲ့ရတဲ့ ၀တ္ထုလေးပါ။ (ကံမကောင်းချင်တော့ လက်ခံဝတ္ထုလေးက ကျမလက်ထဲကနေ ပျောက်သွားတယ်။ ၁၉၉၅ မေလထုတ် မြန်မာ့ဓနထင်တာပဲ)။
ကျမတို့ ဘ၀တလျှောက် ညနေတိုင်း အိမ်ပြန်ခဲ့ကြတာ တကယ့်အိမ်လား…
အမေ့ရင်ခွင်ရှိရာအရပ်ကရော တကယ့်အိမ်လား။

အိမ်ပြန်ရာလမ်းမကြီးရယ်..အိမ်ကိုလိုက်ပို့ပေးပါ..ဘယ်သူမှလဲအိမ်မရှိဘူး.. ခရီးသည်လောကသားတို့ ၀မ်းနည်းစရာကွယ်..၀မ်းနည်းပါတယ်.. အိမ်ဘယ်မလဲ လမ်းပြပေးပါကွယ်…


အဲဒါလဲ..သုခမိန်လှိုင်ပဲ ရေးပြီး မေဆွိဆိုခဲ့တာ။ တကယ်ပဲ.. ဘယ်မှာလဲ.. ကျမတို့အိမ်။
လောလောဆယ်တော့ ကျမတို့က အိမ်လို့ သမုတ်တဲ့ နားခိုရာလေးတွေမှာ နေနေကြရ၊တိုက်အိမ်။ သစ်သားအိမ်။ ဓနိမိုးထရံကာအိမ်။ အဲဒါ အိမ်တွေပေါ့။အိမ်လို့ ခေါ်တာပေါ့။


မြန်မာပြည်နယ်စပ်၊ မြ၀တီတံတားအောက် ရေလည်ကျွန်းလေးပေါ်က လူတွေအတွက်တော့ ၀ါးကြမ်းခင်းနဲ့ ပလပ်စတစ်မိုးထားတဲ့ တဲကလေးက အိမ်ပဲ။ထွန်းအိန္ဒြာဗို အိမ်မှာတော့ ခွေးအိမ်က ၁၅ပေပတ်လည် တိုက်ခန်းတစ်ခန်းလို့ ကြားဖူးပါတယ်။နယ်စပ်ဒုက္ခသည်စခန်းတွေမှာတော့ ၀ါးကြမ်းခင်းထရံကာပြီး တံခါးမရှိတဲ့ တဲတန်းလျားက အိမ်ပေါ့။ခု.. စစ်ပြေးလာရတဲ့ ကရင်ဒုက္ခသည်၂၀၀ကျော်ကို ထိုင်းအာဏာပိုင်တွေက နေခွင့်မပေးနိုင်လို့ အိမ်ပြန်ပို့မတဲ့။ ဘယ်မှာလဲ အိမ်.. သူတို့အတွက်တော့ အဲဒီအိမ်ဆိုတာက သတ်ကွင်းပဲ။ သူတို့ ခမျာ သတ်ကွင်းဆီ ပြန်သွားကြရမှာတဲ့။
အိမ်နီးချင်း ထိုင်းမှာ၊အိန္ဒိယမှာ၊တရုတ်မှာ..ကမ္ဘာတလွှားမှာ ဗမာပြည်က လူမျိုးအစုံ..။
အဲဒီမှာ အိမ်တွေရှိနေပြီလား..။လောလောဆယ်..ကျမအပါအ၀င် လူတွေအများကြီး နိုင်ငံမဲ့..။ အိုးအိမ်မဲ့...။ ပြီးတော့၊ ကျမအမြဲပူနေတာ အနာဂတ်တဲ့။သေချာတဲ့ အိမ်ကလေးတလုံးတဲ့။သားသမီးတွေရဲ့ အနာဂတ်အတွက်တဲ့။နိုင်ငံတခုတော့ ရှိသင့်တယ် ထင်တယ်တဲ့။ ဒါတောင်..လောလောဆယ်နေနေရတာ မိုးလုံလေလုံ..အတန်သင့် အပြည့်အစုံ..။
ကျမ ဒီဘက်ရောက်ကာစ....ကလေးမလေးတစ်ယောက်.. ကျမတွေ့ဖူးခဲ့တာ။သူ့အသက် ခုမှ ၁၉နှစ်။ ပညာရေးမှာသိပ်တော်တာပဲ။သိပ်လဲ ကြိုးစားတယ်။သူကလေးက ကျမကို ပြောပြတယ်။ သူ့ဘ၀မှာ တခါမှ အိမ်နဲ့ မနေခဲ့ရဖူးဘူးတဲ့။အန်တီသိလား..ရွာပုန်းရွာရှောင်ဆိုတာတဲ့။ အင်း..ကြားဖူးတယ်ပေါ့..။ (ဒါတောင် ကျမက ကရင်ပြည်နယ်မှာ ၅နှစ်နီးပါးနေဖူးလို့သာ။ မြို့ပြကလူတွေဆို မသိကြ)အဲဒီလို ကလေးမလေးတသက် နေခဲ့ရတာ။တခါတလေ သစ်ပင်အောက်တွေက အိမ်..။ တခါတလေ..ငှက်ပျောတောအုပ်တွေက အိမ်..။ တခါတလေ..ကျောက်ဂူတွေ.. တောင်နံရံတွေက အိမ်..တဲ့။ ကျမစိတ်ထဲ လက်ရှိ ကိုယ်နေနေဆဲ ယာယီဆိုတဲ့အိမ်နဲ့ ယှဉ်တွေးပြီး ရှက်ရွံ့အားနာသွားခဲ့ဖူးပါတယ်။


နောက်တခါ… ဒုက္ခသည်စခန်းထဲရောက်တော့ နှင်းမှုန်တွေကြားထဲ တောင်နံရံ နောက်ခံနဲ့ တဲတန်းရှည်တွေကို ဓါတ်ပုံရိုက်ရင်း ကျမလွှတ်ကနဲ လှလိုက်တာလို့ ပြောမိသွားပါတယ်။အဲဒီအချိန်မှာ ဘေးမှာရပ်နေတဲ့ တစ်ယောက်က ကြားတော့ ရယ်ပြီး အမလေး...အမရယ်.. ရက်စက်လိုက်တာတဲ့။


သစ်ကောင်းအိမ်ကတော့ရေးတယ်..
ဒုက္ခတဲ့...
အဝေးကကြည့်တော့လဲ ရသပေါ့…တဲ့။


ထက်မိုးကကျတော့
နိုင်ငံခြားသားက ဒုက္ခသည်စခန်းကိုလာပြီး
ဒုက္ခသည်က နိုင်ငံခြားကိုသွားတယ်၊
ငါတို့က အသနားခံရမှာလား..

သနားရမှာလား..
အဟောင်းကို အကောင်းလုပ်ပေးလဲ
အလှူရှင်ဖြစ်တတ်တာပါပဲ…။
လို့ ပြောတယ်။

သစ်ကောင်းအိမ်ကတော့ ကျမကို စိတ်ထိခိုက်အောင် လုပ်နိုင်နေကျ ကဗျာဆရာပါပဲ။ သူကပြောသေးတယ်…။
မတော်တဆဆိုတာ
ဒုလ္လဘတရားဖြစ်ရဲ့။
ဘ၀ဟာ
လူသားတဦးနဲ့ တယောက်
ရင်ထဲက
ချစ်ခြင်းမေတ္တာကို
ခင်းကျင်းပြသရာ
နယ်မြေတခုပဲ ဖြစ်သင့်တယ်…။ … တဲ့လေ..။

ကဲ.. လူဖြစ်ရတဲ့ ဒုက္ခ ထဲ ..ကျမတို့…ဘယ်လိုနယ်မြေ..ဘယ်လိုအိမ်မှာ ဘယ်လိုနေကြမှာလဲ..။

မေငြိမ်း(၁၀ဇွန်)

အညွှန်း…
ကိုပု (ပထဇ)ရေ..
ကိုပုရဲ့ ပျော်စရာပူဖောင်း….. ကို ဖတ်ပြီးတော့ နှစ်ရက်လောက် စာမရေးနိုင်ဘဲ ဖြစ်သွားပါတယ်။ ခု ဒီ အိမ်..ကိုရေးဖြစ်တာ ကိုပုဆီကရတဲ့ inspiration ကြောင့်ပါပဲ။
နောက်တခါ ကျမရဲ့ သားတစ်ယောက်ဖြစ်တဲ့ Monster of Rock ကလဲ ပြန်အစဖော်ပေးတာမို့ ရေးဖြစ်သွားပါတယ်။အဲဒီအတွက် ကျေးဇူး……

Jun 9, 2007

ကျမ နဲ့ လက်ဘက်ရည်ဆိုင်

ကိုယ့်မြေအကြောင်းပြန်စဉ်းစားလိုက်ရင် ကျမလွမ်းလွမ်းတတ ဖြစ်ရတဲ့အထဲမှာ လဘက်ရည်ဆိုင်ဆိုတဲ့ ဝေါဟာရပါပါတယ်။လဘက်ရည်ဆိုင်ဆိုရင် အများအားဖြင့်တော့ ယောက်ျားလေးတွေနဲ့သာ သက်ဆိုင်တယ်လို့ ယူဆထားကြတဲ့ ခေတ်(၁၉၈၀ တ၀ိုက်)လောက်မှာကတည်းက ကျမကတော့ အဖေရဲ့ခေတ်မီမှုကြောင့် လက်ဘက်ရည်ဆိုင် ထိုင်တဲ့အခွင့်အရေးရခဲ့ပါတယ်။ ရွှေကြည်အေးဆိုင်၊ဦးချစ်ဆိုင်၊ ဘားလမ်းမုတ်ဆိတ်…အဖေနဲ့ လိုက်လိုက်ထိုင်။ နောက်တော့ ကျမ တက္ကသိုလ်ရောက်တော့လဲ လက်ဘက်ရည်ဆိုင်ထိုင်ပြီး ထွေရာလေးပါးပြောရ၊ သီချင်းနားထောင်ရတဲ့ အရသာကို ကျမက စွဲစွဲလမ်းလမ်း။ ကျမတက်ရတဲ့ ကြည့်မြင်တိုင်ကောလိပ် (RC-3) မှာက ကျောင်းကျဉ်းကျဉ်းလေးထဲ ထိုင်စရာ လက်ဘက်ရည်ဆိုင်ကောင်းကောင်းလဲ မရှိလှတော့ လှိုင်(RC-2) ထဲ သွားသွားထိုင်ရတာ။အဲဒီတုန်းက ကျောင်းနောက်ဘက်က အဆောင်ကင်န်တီးကို ကျမသိပ်သဘောကျတာ။ တကယ်က ဘာမှ မဟုတ်ဘူး။နေပူပူကွင်းပြင်ထဲ ဓနိမိုးထရံကာတဲလေးတွေ။ အဲဒီဆိုင်တန်းလေးကိုဘယ်သူကနာမည်ပေးလိုက်မှန်းမသိဘူး။ ဗကပကင်န်တီးလို့နာမည်တွင်နေတာ။ တောထဲက ဗကပ စခန်းနဲ့ တူလို့တဲ့။
ကျမကတော့ အဲဒီ
စားသောက်တန်းလေးကို စွဲလမ်းလွန်းလို့ ၀တ္ထုတွေထဲ ခဏခဏထည့်ရေးဖြစ်ခဲ့တယ်။

ပြောရရင်တော့ ကျမရဲ့ ၀တ္ထုတော်တော်များများ ကဗျာတော်တော်များများ အဲဒီမှာလက်ဘက်ရည်ဆိုင် ထိုင်ရင်း.. ကုန်ကြမ်းတွေ ရခဲ့တာ။နောင်..ဆရာမ ဖြစ်တော့လဲ လှိုင်မှာပဲမို့ လက်ဘက်ရည်ဆိုင်အထိုင်မပျက်ခဲ့။ တပည့်တွေကို ကုန်ကြမ်းလုပ်၊ ကဗျာတွေ ၀တ္ထုတွေ ရေး..။ အသည်းကွဲကဗျာ..အလိုမပြည့်ကဗျာတွေက အများစုပေါ့။

ကျောင်းသူအကြီးပိုင်းဘ၀ မိန်းထဲ ရောက်တော့ ဦးချစ်ဆိုင်ရဲ့ ငှက်ပျောတောအုပ်လေးက ကျမနေရာပဲ။ ပြီးတော့ တောင်ငူဆောင်နဘေးက တောင်ပိန္နဲပင်အောက်က အရှည်ကြီး လက်ဘက်ရည်ဆိုင်။ အဲဒီမှာလဲ ကျမ ၀တ္ထုတွေ ကဗျာတွေ အများကြီးရခဲ့။ပြီးတော့ ဆရာကြီးတွေရဲ့ စကားဝိုင်းတွေထဲ ငေးမောရင်း … ။
အဲဒီအခါမှာတော့ စာတွေထဲမှာ လက်တွေ့ဘ၀တွေ ပါလာခဲ့ပြီ။

လက်ဘက်ရည်ဆိုင်နဲ့ ပတ်သက်ရင် လောဘကြီးတဲ့ ကျမကတော့ အဲဒီတုန်းက နေခဲ့တဲ့ စက်မှုတက္ကသိုလ်ဝင်းထဲမှာဆိုလဲ မေတ္တာပေါင်းကူးနဲ့ နွေးအေးက ကျမရဲ့ လက်ဘက်ရည်ဆိုင်တွေပေါ့်..။

နောက်တော့.. စာမျက်နှာပေါ်က စာရေးဆရာဘ၀ကျတော့ ကျော်ကြားလှတဲ့ လေထန်ကုန်းက ကျမရဲ့ လက်ဘက်ရည်ဆိုင်ဖြစ်လာပြန်တာပေါ့။ ကျောင်းအားရက် စနေဆို လေထန်ကုန်းမှာ အထူးအထွေ
ချိန်းစရာမလိုဘဲ သူငယ်ချင်းတွေ ဆုံကြ..ငြင်းကြ ခုန်ကြ ရန်ဖြစ်ကြ ပြန်ချစ်ကြ။တခါတလေ စိတ်ညစ်၊ စိတ်ရှုပ်ပြီး ကျမ အိမ်ပြန်။ဒါပေမဲ့.. နောက်တပတ် စနေဆို.. အမိန့်ချခံထားရသလို.. လေထန်ကုန်းဆီ
ခြေလှမ်းမြဲ။အဲဒီ ၊ လမ်းဘေးက မြောင်းပုပ်စော် ..တခါတလေ အိမ်သာနံ့တောင် ရတတ်သေးတဲ့ လက်ဘက်ရည်ဆိုင်လေးလဲ .. ကျမ စွဲလန်းခဲ့ရတာပါပဲ။

ဒီတော့ ..ခု..သူများမြေပေါ်မှာ ကျမ တမ်းတမ်းတတ လိုက်ရှာဖြစ်တာကလဲ၊ လက်ဘက်ရည်ဆိုင်ပါပဲ။ ဗမာပြည်ကို တူအောင် ဘယ်လိုတုတု မတူနိုင်တာကတော့ လက်ဘက်ရည်ဆိုင် ယဉ်ကျေးမှုပါပဲ။ လက်ဘက်ရည်သောက်ရင်း ဘာသာစကားတူသူငယ်ချင်းတွေနဲ့ စကားတွေပြောရမယ့် နေရာကလေး….။ ဘယ်မှာ ရှိမလဲ။
တနေ့.. အလုပ်ကိစ္စတစ်ခုနဲ့ မိတ်ဆွေတစ်ယောက်က ချိန်းလို့ ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ကျမ ရောက်သွား ခဲ့ပါတယ်။ ဇင်းမယ်ရဲ့ မြို့ထဲလမ်းမတနေရာက Wawee ကော်ဖီဆိုင်။ ကော်ဖီကတော့ အခါတိုင်း ကျမ
ထိုင်နေကျ ၀ါဝီကော်ဖီဆိုင်တိုင်းမှာ ရတဲ့ ကော်ဖီအရသာပါပဲ။ ဒါပေမဲ့ အဲဒီ နေရာလေးကတေ
ာ့ ကျမကို တချီထဲနဲ့ အမိဖမ်း နိုင်ခဲ့ပါတယ်။

ဒီဆိုင်လေးပေါ့

ဦးချစ်ဆိုင်က ငှက်ပျောတောအုပ်လေးကို ချစ်တဲ့ကျမ၊ တောင်ပိန္နဲပင်ရိပ်နဲ့ ၀ါးရုံရိပ်တွေကို နှစ်သက်တဲ့ကျမ.. ဒီဆိုင်လေးကို စွဲပါပြီ။ ချစ်တဲ့သူတွေနဲ့များအတူထိုင်ရင်း ကော်ဖီသောက်ပြီး စကားတွေ ပြောလိုက်ရရင်ဆိုတဲ့ အတွေးကလဲ ဖိစီးလာပါတယ်။အဲလိုနဲ့.. ကျမရဲ့ ရှားရှားပါးပါးရှိလှတဲ့ သူငယ်ချင်းတချို့နဲ့ ကျမရဲ့ဆုံရပ်က အဲဒီကော်ဖီဆိုင်လေး ဖြစ်သွားတယ်။အဲဒီကော်ဖီဆိုင်ထဲ တမေ့တမော ထိုင်ရင်း စကားတွေပြော.. တခါတလေ ကျတော့ တစ်ယောက်ထဲ ဟိုငေးဒီငေးထိုင်တွေး။

ဒီလို သစ်ရိပ်တွေအောက်မှာ

ဒါနဲ့ပဲ.. ဆရာဂျမ်း (ဦးတင်မိုး)လာတော့ အဲဒီဆိုင်လေးဆီခေါ်သွားလိုက်တော့ ခံစားချက် တူသူတွေမို့ ကျမမျှော်လင့်ထားတဲ့အတိုင်း ဆရာက အဲဒီဆိုင်လေးကို ချစ်သွားပြီ။ ကျမတို့ ဘာသာစကားတူသူတွေ လေးငါးယောက် အချိန်အရယူပြီး အဲဒီဆိုင်လေးဆီ ခဏခဏ ချီတက် အလွမ်းဖြေကြ။ဆရာဂျမ်းက ပြောတယ်.. ၀ါဝီမှာ ကော်ဖီသောက်ချင်တာ အဓိက မဟုတ်ဘူး.. နေရာလေးကို သောက်ချင်တာတဲ့၊

ဒီနေရာလေးမှာ ဆရာဂျမ်းနဲ့ ကျမတို့တတွေ ထိုင်နေကျ

ဟိုးတလောလေးတုန်းကလဲ့  မြန်မာ့လက်ဘက်ရည်ဆိုင်ဆိုတဲ့ အင်တာနက်ထဲက ငြင်းစရာခုန်စရာ လက်ဘက်ရည်ဆိုင်လေးထဲ နေ့တိုင်းထိုင်လို့။ ပျော်လိုက်စိတ်တိုလိုက်ရယ်လိုက်…တကယ့်လက်ဘက်ရည်ဆိုင်။ ဘာမှန်းမသိဘဲ သူ့ဆီသွားမရဘဲ ဖြစ်နေတော့ တစ်နေ့ တစ်နေ့နေရတာတောင် တစ်ခုခုလိုနေသလိုလို..။

ဒီတော့မှ ကျမ စဉ်းစားမိတယ်။
ဟုတ်သား.. ကျမ တလျှောက်လုံး စွဲစွဲလမ်းလမ်း သောက်ခဲ့တာ လက်ဘက်ရည်တွေမှ မဟုတ်ဘဲ.. နေရာတွေကို သောက်ခဲ့တာပဲနော်..။ ချစ်တဲ့သူတွေ ရှိတဲ့နေရာ.. ချစ်တဲ့ အဖြစ်အပျက်တွေ ရှိတဲ့နေရာ.. ချစ်တဲ့အကြောင်းတွေ ရှိတဲ့နေရာ…..။ပြီးတော့ ချစ်တဲ့ နေရာတွေ။ ကျမသောက်ခဲ့တာ… နေရာများစွာ…။ ခုထိလဲနောက်ထပ်ဘယ်ပဲရောက်ရောက် လက်ဘက်ရည်ဆိုင်တွေကိုတော့ သောက်ချင်နေသေးတာပါပဲ။

မေငြိမ်း(၇ဇွန်)


Jun 7, 2007

အချစ်ကိစ္စ

မနေ့ကတင်တဲ့စာကို ချစ်စိတ်လို့နာမည်ပေးဖြစ်တော့ ချစ်စိတ်ဆိုတဲ့စကားလုံးကို ဒီနေ့ဆက်တွေးနေမိပါတယ်။ တကယ်တော့၊ချစ်စိတ်ဆိုတာကိုက အင်မတန်သာယာနာပျော်ဖွယ်ရှိတဲ့ စကားလုံးလေးပါ။ တချိန်ထဲမှာပဲအချစ်၊ ချစ်ခြင်းမေတ္တာဆိုတာတွေ ဒီဘက်ခေတ်ထဲမှာရှားပါးလာနေပြီလားဆိုတာကိုပါ ဆက်တွေးမိသွားရင်းနဲ့ပဲ အချစ် ဆိုတာကို ကျမ သတိရသွားပါတယ်။

ပြည်တွင်းမှာတုန်းကကျမလုံးချင်းဝတ္ထုတွေ၊ကဗျာတွေရေးတဲ့အခါ အများစုကအချစ်ဝတ္ထုတွေဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်စွဲစွဲလန်းလန်းကြိုက်လေ့ရှိတာကလဲ အချစ်ဝတ္ထု၊အချစ်ကဗျာ၊အချစ်သီချင်းတွေပါပဲ။ ဒါနဲ့ပဲ ကျမ သူငယ်ချင်း မင်းထက်မောင်နဲ့အတူ စီစဉ်ပြီး ကဗျာဆရာ၉၈ယောက်ရဲ့ အချစ်ကဗျာ ၉၈ပုဒ်ကို ၁၉၉၈မှာ ထုတ်ခဲ့ပါတယ်။


အဲဒီတုန်းက တိုင်းပြည်ထဲမှာ လူတွေအနာဂတ်ပျောက်နေတာမျိုး စကြုံလာနေကြရပြီ။ အထူးသဖြင့် လူငယ်တွေ ကြားထဲမှာ ငွေကြေးကသာအရေးကြီးဆုံးဆိုတာမျိုး ဖြစ်လာနေပြီးတော့ ကိုယ်ကျင့်တရား..မေတ္တာတရား.. အနုပညာ နဲ့ အချစ်ဆိုတာတွေ မှေးမှိန်စပြုလာနေတာကို တွေ့နေရပါတယ်။အထူးသဖြင့်.. ၉၆ ကျောင်းသား လှုပ်ရှားမှုကြောင့် တက္ကသိုလ်တွေ ရက်ရှည်ပိတ်ထားပြန်တဲ့ အချိန်မို့ လူငယ်တွေကြားမှာ စိတ်လေလွင့်မှုလှိုင်းတွေ ရိုက်ခတ် အားကောင်းနေတဲ့အချိန်။ပြီးတော့ လူလတ်ပိုင်းအရွယ်တွေကြားမှာ စီးပွားရေးပြဿနာ၊ အလုပ်လက်မဲ့ပြဿနာတွေများလာတဲ့အချိန်။

အဲဒီ ၁၉၉၆နောက်ပိုင်းကာလတ၀ိုက်တုန်းက ကျမပတ်ဝန်းကျင်မှာ ဘိန်းဖြူစွဲတဲ့လူငယ်တွေ၊ ရာဘ လို့ခေါ်တဲ့ စိတ်ကြွဆေးတမျိုးစွဲနေတဲ့ လူငယ်တွေများလာတယ်။စစ်အစိုးရရဲ့ စနစ်တကျဖျက်ဆီးမှုအောက်မှာ မူးယစ်ဆေးဝါးနဲ့အရက်သေစာဟာ အင်မတန်ပေါတဲ့ဖျော်ဖြေရေးပစ္စည်းတွေလို ဖြစ်လာနေတယ်။အဲဒီအချိန်.. မိန်းကလေးတွေဟာ သူတို့ရဲ့ချစ်သူတွေ ၊ အိမ်ထောင်ဘက်တွေကို အဲဒီ မူးယစ်ဆေးတွေ၊ အရက်သေစာတွေနဲ့ ယှဉ်ပြိုင်ပြီး ချစ်နေကြရတယ်။အဲလိုပဲ မိဘတွေ၊ညီအကိုမောင်နှမတွေဟာလဲ သူတို့သားချင်းတွေကိုမူးယစ်ဆေး တွေ အရက်သေစာတွေဆီကနေ ပြန်လုယူနေကြရတယ်။

အရင်ခေတ်တွေနဲ့ယှဉ်ရင် အဲဒီကာလအပိုင်းအခြားမှာ လူငယ်အတော်များများဟာ ချစ်ခြင်းမေတ္တာတွေကို မူးယစ်ဆေးတွေနဲ့ လဲနေကြတဲ့အချိန်ဖြစ်ပါတယ်။ မိသားစုဘ၀တွေ၊ ချစ်သူဘ၀တွေဟာ မူးယစ်ဆေးကြောင့် ယိုယွင်းလာနေတယ်။ (ကျမကိုယ်တိုင်ရဲ့ လက်တွေ့ဘ၀ အပါအ၀င်…)။ စိတ်ကျတယ်ဆိုတဲ့စကားလုံးကို အသုံးများလာကြတယ်။

အဲဒီအခါ…အချစ်တွေဟာပေါ့ပျက်ပျက်ဖြစ်လာတယ်၊ပျက်စီးလာနေတယ်။သေချာတာကတော့.. ချစ်ခြင်းမေတ္တာ ရဲ့ မွန်မြတ်လှတဲ့ တန်ဖိုးတွေ ကျဆင်းလာတာပါပဲ။ ဒါဟာ အနာဂတ်ကာလရဲ့ ငြိမ်းချမ်းရေးအတွက် စိတ်ပူစရာ လို့ ကျမ ခံစားရပါတယ်။

ရှောလမုန်သီချင်း အခန်းကြီး၈အခန်းငယ်၆(ရှောလမုန်၈း၆)
ကျမကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ်ခတ်တော်မူပါ။
လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော်မူပါ။
အကြောင်းမူကား..
မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။

ခင်ပွန်းကို မယုံသောစိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။
သူ၏အရှိန်သည် မီးအရှိန်၊လျှပ်စစ်အရှိန်ဖြစ်ပါ၏။

ဒါနဲ့ပဲ ကျမ.. အချစ်ကဗျာစာအုပ် ထုတ်ဖြစ်ခဲ့တာပါပဲ။ အဲဒီတုန်းက..ကျမရေးခဲ့တဲ့ ကဗျာ..

အရောင်ဆွံ့

ရင်ထဲ တင်းတင်းကျပ်ကျပ်နာကျင်
ကြေကွဲတမ်းတ နေ့များ ညများ
တရွတ်တိုက် မျောပါ ရွေ့လျား
ပြေးလွှားလာကြသမျှ ဓါးသွားလှံချက်တွေ
ငိုကြွေးတိုင်တည်ရာ ကောင်းကင်ပြင်မြင့်မား
အဝေးကြီးကသူ့ဆီ
နှလုံးသားကို ခိုစီးလို့ လိုက်ပါသွား
မြင်ရဲ့လားအချစ်ရေ..
မင်းအနားက အရိပ်တစ်ခုကို
အဲဒါ ..ရူးသွပ်နေတဲ့ ၀ိဥာဉ်
မင်းစွန့်ပစ်ထားတဲ့ ဆံတစ်ပင်..
မင်းလက်ခံမယူရဲတဲ့ သစ်တစ်ပင်..
မင်း ဖြတ်တောက်ခုတ်ထစ်ရမယ့် နွယ်တစ်ပင်။ ။

ကျမစိတ်ထင်တော့ အဲဒီအချိန်ဟာ မြန်မာပြည်က လူငယ်တွေရဲ့အနာဂတ်တွေ အထိပါးအခံရဆုံး အဖျက်ဆီးအခံရဆုံးအချိန်တွေပါပဲ။ အဲဒီကာလမှာ ဇနီးမယားတွေ၊ ချစ်သူတွေ၊ မိဘသားချင်းတွေဘက်က အဆုံးအရှုံး များခဲ့ပါတယ်။

မေငြိမ်း(၆ဇွန်)

Jun 5, 2007

ချစ်စိတ်

ဇင်းမယ်တဲ့။
နာမည်လေးကိုက ဆွတ်ဆွတ်ပျံ့ပျံ့နိုင်နေတဲ့ မြို့။

ဲ့ကျမအတွက်တော့..ဇင်းမယ်ဆိုတာက သိပ်ရင်းနှီးကျွမ်းဝင်နေတဲ့ နာမည်ပါ။

ဇင်းမယ်ဆို ညိုတဲ့မြို့မှာဆိုတာကို ညောင်ရမ်းခေတ်အိုင်ချင်းတွေထဲ တွေ့ခဲ့ဖူး။
အထူးသဖြင့် တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေထဲမှာ။

ဇင်းမယ်ကို လူအတော်များများက သိပ်လှတယ်တဲ့။
အင်း.. ကျမလဲ အဲသလိုပဲ ပြောဖြစ်ပါတယ်။
ဇင်းမယ်ဟာ သပ်သပ်ရပ်ရပ်နဲ့ တင့်တင့်တယ်တယ်ရှိလှတဲ့ မြို့ကလေးပါ။
ကဗျာဆရာကြီး(ဦး) တင်မိုးစကားနဲ့ ပြောရရင်တော့

ဇင်းမယ်ဟာ ဗမာတွေအတွက်တော့
မန္တလေးနဲ့ မေမြို့ကို အလွမ်းပြေစေတဲ့ မြို့ပေါ့။

မန္တလေးလို ကျုံးနဲ့..မေမြို့ရာသီဥတုဆန်ဆန်ရှိပြီး ပန်းမျိုးစုံဝေတဲ့မြို့။
ပြီးတော့ ရှမ်းတိုင်းရင်းသားတွေ အများကြီးတွေ့ရတဲ့မြို့။

ရာဇ၀င်မှာတော့ ဗမာက သူ့ကို အကြိမ်ကြိမ်နိုင်ခဲ့သတဲ့။
တချို့က ဒါကို ဂုဏ်လုပ်ကြတယ်။
ကျမကတော့ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်
မတရားမှုကို တိုက်ယူရတဲ့ စစ်မျိုးမဟုတ်ဘဲ နယ်ပယ်ချဲ့ထွင်လိုစိတ်တွေကြောင့်တိုက်ကြတဲ့ကျူးကျော်စစ်ကိုတော့
မတရားစစ်လို့ ခံယူပြီး မုန်းတီးပါတယ်။

ကျမကတော့ ခုချိန်မှာ သူ့ရင်ခွင်ထဲ ခိုလှုံရင်း သူ့အပေါ်
ဗမာပြည်ရဲ့ ကျူးကျော်စော်ကားခဲ့ဖူးသမျှအတွက် အားနာနေမိတယ်။
သူကတော့ ခုချိန်မှာ ဗမာပြည်က လာလာသမျှ လူမျိုးမရွေးဘာသာမရွေး
လူဆိုးလူကောင်းမရွေးကို ရင်ခွင်ထဲ ထည့်ပိုက်ထားရတာပါ။

စဉ်းစားကြည့်ရင်တော့ သူ့ခမျာလဲ ရင်တမမရှိမှာ။ဒါကြောင့်ပဲ ထင်ပါရဲ့။ သူကလဲ
တခါတလေမှာတော့ ဗမာတွေကို နဲနဲ တင်းတင်းကျပ်ကျပ်ကိုင်တွယ်တတ်တယ်။

( မိဘကို အထင်သေးတာကြောင့် သားသမီးကို စော်ကားရဲတာလဲ ပါတယ်လို့ ကျမတော့ ထင်တာပဲ။တိုင်းပြည်အုပ်ချုပ်တဲ့ မိဘနဲ့ တူတဲ့သူတွေက မကောင်းတဲ့အတွက်ကြောင့်
ရလာတဲ့ အကျိုးဆက်တွေ.. ဖြစ်မှာ)

ဇင်းမယ်မှာ..
တောင်တန်းတွေ.. ဘုရားစေတီပုထိုးတွေ..ဘုန်းကြီးကျောင်းတွေနဲ့၊
လယ်ကွင်းတွေ..သစ်သီးဝလံ္လ သစ်ပင်ပန်းမာလ်တွေ..
ခုဆို ဗမာပြည်ဇာတိ ပိတောက်တွေ ငုတွေ ခရေတွေပါ ဇင်းမယ်ကို ရောက်လာပြီ။

ဒါပေမဲ့ ကျမစိတ်ထဲ ဇင်းမယ်ကို မချစ်ခဲ့သေးပါ။
အနောက်တိုင်းမျက်နှာဖြူတွေ အများကြီးရှိတဲ့ ဒီမြို့လေးက နေချင်စဖွယ် ဖြစ်ပေမဲ့
ကျမကတော့ ကိုယ့်တိုင်းပြည်လောက်မှ လှတယ်မထင်.. ချစ်စရာကောင်းတယ်မထင်။
ကျမတို့ဆီမှာရော.. အင်းလေး ကလောတ၀ိုက်..ပုဂံညောင်ဦးတ၀ိုက်..ငပလီ ချောင်းသာ..ကချင်ပြည်က မြစ်ဆုံဒေသ..မေမြို့က ချယ်ရီတွေ.. ဘားအံမြို့နားက သံလွင်မြစ်တကြော ကိုများ ရေကြောင်းအတိုင်း ဆင်းသွားရင် ၀န်းကျင်အလှက လူတိုင်းကို ဖမ်းစားနိုင်တာ။ အဲလိုနေရာမျိုးတွေကျမတို့ တိုင်းပြည်မှာ.. အများကြီး ။ဒီတော့ဖြင့် ဇင်းမယ်က ကျမကို ဘယ်လောက်မှ သိသိသာသာ မဖမ်းစားနိုင်ခဲ့။

ဒါပေမဲ့.. အဲဒီဇင်းမယ်ကို တကြိမ်မှာတော့ ကျမ ရင်ခုန်သွားခဲ့ရပါတယ်။
ဇင်းမယ်ရဲ့ နာမည်ကျော် တောင်ပေါ်ဘုရား ဒွိုင်စူထက် ကို သွားဖူးတုန်းကပေါ့။
ဒွိုင်စူထက်ဘုရားက ကျမနေခဲ့တဲ့ မော်လမြိုင်က ကျိုက်သံလံ္လဘုရားနဲ့ တူလှပါတယ်။
အဲဒီမှာ ကျမ ရင်ထဲ ကျမ ၅နှစ်ကျော်ကျော်နေခဲ့တဲ့ မော်လမြိုင်ကိုလွမ်းစိတ်နဲ့
ကြေကြေကွဲကွဲဖြစ်နေမိပါတယ်။အဲဒီအချိန်မှာပဲ ကျမကို စိတ်လှုပ်ရှားသွားစေတဲ့ မြင်ကွင်းက
ကျမရှေ့ရောက်လာတာ။

ဘုရားရင်ပြင်မှာ အင်ကြင်းပန်းတွေ ကြွေနေတဲ့ မြင်ကွင်း..။
တဖွဲဖွဲကြွေလက်စ မြင်ကွင်း...။


ကျမရင်ထဲ တလှပ်လှပ်ခုန်လာတယ်။ အင်ကြင်းဟာ ကျမ သိပ်မြတ်နိုးတဲ့ပန်း..
ကျမ ကြည်ညိုလေးမြတ်လှတဲ့
ဗုဒ္ဓ ကို အင်းကြင်းပင်မှီပြီး ဖွားခဲ့တာကြောင့်ရော..
အင်ကြင်းပွင့်ရဲ့ ဆန်းတဲ့ ခမ်းနားတဲ့ သန္တာန်ကြောင့်ရော..
ကျမက အင်ကြင်းပန်းကိုတွေ့ရင် ရင်ခုန်တယ်။
ပြီးတော့ အင်ကြင်းက တွေ့ရခဲတဲ့ ပန်း..။
ဒါနဲ့ပဲ..အဲဒီ ညနေမှာမှ ..
ဇင်းမယ်ကို ကျမက ရင်ခုန်သွားတော့တာ။
ကိုယ်မှီခိုနေရတဲ့ မြို့ကလေးကိုအဲဒီတော့မှပဲ ချစ်ရကောင်းမှန်း နဲနဲသိသွားတာ။ ပြီးတော့..
အဲဒီနောက်ပိုင်းမှာမှပဲ
ဇင်းမယ်က ပိုပြီး ချစ်စရာကောင်းလာတယ်လို့ မြင်လာပါတယ်။
အဲဒီအခါမှာတော့... ဇင်းမယ်ကို ကျမ ထပ်တခါ အားနာခဲ့ရပြန်ပါတယ်။

ကြည့်ပါဦး..သူ့ရင်ခွင်မှီပြီး ကျမ သူ့ကို မေ့မေ့လျော့လျော့ စော်ကားနေမိခဲ့တာ။
အသေးအဖွဲလေးပေမဲ့လဲ အားနာစရာ။ အဲဒါနဲ့ပဲ ဆက်စပ်ပြီး ကျမ..တွေးမိတယ်။

တစုံတရာအပေါ် ကျေးဇူးမသိစွာ စော်ကားသလို ပြုမူမိတာတွေကို
လူတိုင်းသာ သတိထားမိကြမယ်ဆိုရင်..
ပြီးတော့ ချစ်စိတ်နဲ့ ခံစားတတ်ကြမယ်ဆိုရင်...
လောကကြီးက ဘယ်လောက်များ ပိုပြီး လှလာလိုက်မလဲလို့…။

မေငြိမ်း(၅၊ဇွန်)

Jun 4, 2007

အမှန်နဲ့အမှား

အမှန်တရားမှာ
အဖြူရောင် ဦးခေါင်းတလုံးရှိခဲ့တယ်။
အမှားကတော့
အဲဒီဦးခေါင်းရဲ့ ဦးနှောက်ကို ဖောက်စားပြီး
ပဉ္စလက်အတတ်နဲ့ ဖုတ်သွင်းထားခဲ့တယ်။

အမှန်တရားဟာ
ဦးနှောက်မပါတဲ့ သူ့ဦးခွံနဲ့
သိက္ခာတွေအဖတ်ဆယ်ရင်း
အမှားရဲ့ စားကြွင်းစားကျန်တွေထဲ
ခွေးဝဲစားတစ်ကောင်ဖြစ်သွားခဲ့တယ်။

အမှန်တရားဟာ
နှစ်ချို့အဘိဓမ္မာဟောင်းတွေနဲ့
ဂန္တ၀င်သစ်ပဲ့တင်စေရင်း
အမှားရဲ့ခေတ်ပေါ်ဗန်းစကားကြောင့်
လေဟာနယ်တွေသာ ပိုင်ဆိုင်ခဲ့တယ်။

အမှန်တရားဟာ
လောကရဲ့သဘာဝရေစီးကြောင်းထဲ
အပြင်းစားစိတ်ကူး၊အိပ်မက်တွေ
ပေါလောမျောပါခဲ့။
အမှားရဲ့အဖတ်ဆယ်တင်မှုကြောင့်
အမျှင်မပြတ်တဲ့ အသက်ရှူငွေ့တွေ
သွေးသားယိုစိမ့် ချိနဲ့လာခဲ့တယ်။

ဒီလိုနဲ့
အမှန်တရားဟာ
အမှားကို အကြိမ်ကြိမ် ရှုံးနိမ့်ခြင်းကြောင့်
အမှားကို အထင်ကြီးစွာနဲ့
အမှားကို အမှန်ဖြစ်စေခဲ့တယ်။

အမှားကတော့
အမှန်တရားကို ထိပ်ပုတ်ခေါင်းပုတ်လုပ်ပြီး
အမှန်တရားရဲ့ ညံ့ဖျင်းမှုကို ကဲ့ရဲ့ရင်း
အမှားတွေ ဘယ်လိုအောင်မြင်လာရတယ်ဆိုတာ
အခန့်သားရှင်းပြနေလေရဲ့။

နေဆူးသစ်

(၁၉၉၄၊ဇန်န၀ါရီလထဲ ရန်ကုန်တက္ကသိုလ်မှာ ထုတ်ခဲ့တဲ့
တမိုးထဲအောက်မှာ လက်ကမ်းကဗျာစာအုပ်မှ)

အဲဒီကဗျာလေးဟာ ၈၈ နောက်ပိုင်း လူငယ်တွေရဲခံ့စားချက်ပါပဲ။
လူငယ်ဆိုတော့လဲ အယူအဆပြင်းထန်မယ်။
အမြင်တွေ ရဲမယ်။ဒါပေမဲ့ သေချာတာက ဒါ ခေတ်ပြိုင်ခံစားမှု။
တကယ့်လောကထဲက မျက်မှောက်အခြေအနေကို ထင်ဟပ်နေတဲ့ ခံစားချက်။
မြန်မာ့လူ့ဘောင်ထဲမှာ တကယ် ထွန်းကားစပြုလာနေတဲ့ ပြဿနာ…။

ကျမ ဖတ်ဖူးတဲ့ စကားတခွန်းရှိပါတယ်..
အမှန်တရားက အိမ်ပြင်ထွက်ဖို့ ခြေလှမ်းပြင်နေတုန်း
အမှားက ကမ္ဘာတပတ် ပတ်ပြီးနေပြီဆိုတာ။

ဒါပေမဲ့ ..နောက်တခုလဲ ရှိပါသေးတယ်။

အမှားကို လူတစ်ထောင်ပြောသော်လဲအမှန်ဖြစ်မလာ။
အမှန်ကတော့ လူတစ်ယောက်တည်းကပြောသော်လဲ
အမှန်သာဖြစ်တယ်တဲ့။
(ပြောသူတွေမမှတ်မိတာတေ
ာ့ ခွင့်လွှတ်ပါ)

ဒါကြောင့်..ဘာတွေ ဘယ်လိုဖြစ်ဖြစ်

အမှန်တရားဆိုတာကတော့..
ဘယ်တော့မှမသေ..။

ဘယ်တော့မှ မရှုံး..။
ဒါ..အကြွင်းမဲ့ သစ္စာ။

တချိန်ထဲမှာပဲ..
အမှားကလဲ လူတွေကြားထဲ အခန့်သား ထိုင်နေဦးမှာပါပဲ..

(ထုံးစံအတိုင်း ကဗျာပိုင်ရှင်ကို ခွင့်မတောင်းနိုင်ပါ)


Jun 2, 2007

ဇွန် တစ်ရက် အမှတ်တရ

လောလောဆယ်တော့ အချိန်အားလဲရ.. စိတ်ကလဲ သိပ်ပါနေတော့ အများကြီးရေးချင်နေတာပဲ။ ဒါပေမဲ့ ဖတ်တဲ့သူတွေ အီကုန်မှာ စိုးလို့.. နားနားပြီးရေးမှ။

ဒါပေမဲ့ … ဒီနေ့တော့ အပိုင်းတိုလေး တစ်ပိုင်း ရေးချင်သေးတယ်။
ကိုယ့်ကို မွေးတဲ့လ ဖြစ်လို့လား ဘာလားတော့ မသိဘူး.. ကျမက ဆယ့်နှစ်လထဲမှာ ဇွန်လကို ကြိုက်တာတော့ အမှန်ပါပဲ။ တိုက်ဆိုင်ချင်တော့ ကျမသဘောကျတဲ့သူ တော်တော်များများကလဲ ဇွန်လမွေးတွေထဲ ပါနေတာပဲ..ပျော်စရာကြီးနော်..။

ဒီနေ့ ဇွန်တစ်ရက်မှာ.. ကျမ သဘောကျတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေထဲမှာမှ မာရီလင်မွန်ရိုး၊ ပက်ဘွန်း နဲ့ ဟင်နရီ ကစ်ဆင်းဂျားကို မွေးပါတယ်။ မွန်ရိုးကတော့ တကယ့် ပုံပြင်ထဲက မင်းသမီးလေးပဲ.. သတင်းသမားတွေ အပြော အရတော့ အင်မတန်လှတဲ့ ဇနီးမယားရှိပြီး မိသားစုအပေါ်လဲ ချစ်တယ်ဆိုတဲ့ အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီကိုတောင် ဖမ်းစားနိုင်ခဲ့သူဆိုပဲ။ ပြီးတော့ စာရေးဆရာကြီး အာသာမီလာ.. ပြီးတော့… ပုရိသ အတော် များများ.. သူမထံမှာ နစ်ဝင်ကြ.. အဲဒီကာလတွေထဲ..အင်မတန် ကျော်ကြားတဲ့ ဟောလီးဝုဒ် ရုပ်ရှင် မင်းသမီး ဘ၀ထဲ လင်းလက်တောက်ပနေဆဲ..။ လှနေ ပနေဆဲ.. သူ့ဘ၀ကို သူကိုယ်တိုင် အဆုံးသတ် ပစ်လိုက်တာ..တဲ့။ (ဒေါ်)ကြည်အေးစကားနဲ့ ပြောရရင်.. ဘ၀ကို အနိုင်နဲ့ပိုင်းလိုက်တာ..ဆိုပါတော့။

ပက်ဘွန်းကလဲ သူ့ခေတ်မှာ ဂီတဘုရင် ပရက်စ်လေပြီးရင် အအောင်မြင်ဆုံး အဆိုတော်ကြီး..။ ပျိုမေတွေအကြိုက်.. အသံကောင်းသလောက် ရုပ်ချောတဲ့ အဆိုကျော်။ ဖက်ဆစ် ဟစ်တလာနဲ့ ဇာတိတူ ဂျာမန်နိုင်ငံသားဖြစ်ပေမဲ့ ဟင်နရီကစ်ဆင်းဂျား ကတော့ ၁၉၇၃ရဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီးပါ။ ဟားဗတ်တက္ကသိုလ်ထွက်ဖြစ်ပြီး ကိုလံဗီယာ တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ ရပါတယ်။ နာမည်ကျော် ဗီယက်နမ်စစ်ကို အပြီးသတ်စေနိုင်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုရခဲ့တာပါ။

ဇွန်လထဲမှာ အနုပညာရှင်တွေ၊ နိုင်ငံရေးအတွေးအခေါ်ပညာရှင်နဲ့ စာရေးဆရာတွေ.. စီးပွားရေး ပညာရှင်တွေလဲ မွေးကြသေးတာ။ တကယ့်ကို အများကြီး..။

အနုပညာရှင် အဆိုတော် ရုပ်ရှင်မင်းသမီး မင်းသားတွေထဲကဆိုရင်..
Tom Jones, Susan Hayward , Dean Martin, Tony Curtis, Sir Paul McCartney, Michael J Fox, Bonny Tyler, Susie Quatro, Gorge Michael, Prince, Boy Gorge, Kris Kristofferson, Lindsay Wagner, Meryl Streep, Nicole Kidman, Johnny Depp, Cyndi Lauper, Isabella Rossellini , Paula Abdul, Lionel Ritchie, ပြီးတော့ သိပ်ချစ်စရာကောင်းတဲ့ Donald Duck နဲ့ Garfield ကလဲ ဇွန်လမွေးတွေပဲ။ နောက်တော့ Steffi Graf လဲ ဇွန်လဖွား။ နောက် Mike Tyson လဲ ဇွန်လဖွားပဲ။

စာရေးဆရာ အတွေးအခေါ်သမားစတဲ့ ပညာရှင်တွေထဲကကျတော့ …
Thomas Hardy, Alexander Pushkin, Jean Francois Voltaire , Jean-Paul Sartre, George Orwell, Pearl Buck, Professor Eric Segal,
ဘယ်လောက် ပျော်စရာကောင်းလဲ..နော်။ ပြီးတော့ ကျမအကြိုက် ပုဂ္ဂိုလ်တွေချည်းပဲ။

အထူးသဖြင့် ကျမတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်….
ပြီးတော့ ပါကစ္စတန်က ဗင်နက်ဇာာဘူတို.. နဲ့ ဂျော့ခ်ျဘုရှ် (စီနီယာ)။
ကျမ သဘောအကျဆုံးကတော Che Guevara နဲ့ ကျမ မွေးရက် တူရတာကိုပဲ။(ဒါကတော့ ဘာမှ မဆိုင်တဲ့ ကြော်ငြာ..) တကယ်တော့ Che က သတ္တိခဲ..အင်မတန်တော်တဲ့ မျိုးချစ်တော်လှန်ရေးသမား.. ကျမက ငပျော့ ငညံ့ ဘာမှ မဆိုင်..။

တကယ်တော့.. စဉ်းစားကြည့်ရင်.. လူတော်တွေ လူကောင်းတွေနဲ့ တစ်လထဲမွေးတော့ရော.. ဘာဖြစ်လဲ။ အရေးကြီးတာက သူတို့ကို အားကျတတ်ဖို့ အတုယူနိုင်ဖို့ နဲ့ သူတို့လို လောကထဲ တန်ဖိုးတခုခုနဲ့ နေသွားနိုင်ဖို့သာ ကြိုးစားသင့်တာ မဟုတ်လား။ ခုထိကတော့… သူတို့နဲ့ ကျမ လားလားမှ မဆိုင်ဆိုသလိုပါပဲ။ ခုပဲ အသက် ၄၀ကြီး တော်တော်ကျော်ပြီ။ ကဲ..သူတို့လို တော်ဖို့ကတော့ ကျမအတွက် တော်တော်ကို ချော်နေဆဲ..။ ဒါပေမဲ့ မတော်ရင်တောင်မှ ကောင်းဖို့တော့ အများကြီး ကြိုးစားထားပါတယ်။ အဲလောက်ဆိုရင်လဲ.. မဆိုးလောက်ဘူးထင်ပါရဲ့နော်..။

မေငြိမ်း

Jun 1, 2007

ဇွန်လကို ကြိုဆိုခြင်း

မိုးရွာတော့မယ်လေ..

ခေါင်းငုံ့ပေးလိုက်ကြ
သူ့ရဲ့ ကြီးမြတ်သန့်စင်ခြင်းကို
မတုပနိုင်သူတို့..။
ကောင်းကင်ဟာ
သူ့ရဲ့ကြေကွဲမှုကိုပြောင်းလဲ
ခေါင်မိုးတွေကို
ဆေးကြောပစ်လိမ့်မယ်။

ပြီးတော့မှ
ကျယ်ဝန်းတဲ့အပြာရောင်ကို မော့သောက်
အသစ်တဖန်တောက်ပကြစို့။
(ညလယ်မိုး- သစ်ခြင်းမိုး)

သေချာတာကတော့
ဇွန်လဟာ..
မိုးပီပီသသ ရွာရတဲ့ဥတုလ..
ခြောက်သွေ့မြက်တွေ ရုန်းထ စိမ်းစိုခွင့်ရတဲ့ ရာသီလ..
အေးမြလန်းဆတ်တဲ့ လေညှင်းကို သယ်ပိုးလာတဲ့ အခါကာလ။
ကောင်းကင်ပြာစင်ထဲ စိတ်ကူးလွင့်မျောခွင့်ရနိုင်တဲ့ သမယ။
အသစ်တွေများ ရှင်သန်မွေးလာလေမလားလို့ တွေးတွေးမျှော်ရတဲ့ ဘ၀တွေလဲ
အဲဒီ ရာသီထဲမှာ ရှိတယ်။

လတ်ဆတ်လမ်းသွယ်စိမ်း
အနံ့ဟောင်းမရှိတဲ့ ကွင်းပြင်တွေ
မြင်မြင်ချင်းချစ်လိုက်တာ
မြင်မြင်သမျှအစိမ်း မမြင်ရတဲ့လေညှင်းတောင်
အစိမ်းရောင်ပဲ ဖြစ်လိမ့်မယ်..ငါထင်မိ
မင်းဆီမှာ တောင်လဲညို

မင့်ဆီမှာ မိုးလဲစွေ
မင့်ဆီမှာ ပန်းလဲတင်
မိုးငွေ့ဆွတ်ပျံ့ ညနေတခွင်လုံးစိမ်းလို့..။

မောင်သိန်းဇော်က အဲလိုရေးတယ်။
ဇွန်လဖွဲ့ မဟုတ်ပေမဲ့ ဒါလဲ.. ဇွန်လရဲ့ မိုးရေစက်တွေပါပဲ။
အဲသလို အစိမ်း.. အဲသလို အလန်း နဲ့ အဲသလို ပန်းတွေ..ဝေတာ.. ဇွန်ပေါ့ ။
















အဲဒီ ဇွန်မှာ…
အဲသလို ကြည်လင်လန်းဆန်း
ငြိမ်းချမ်းတာချည်းပဲတဲ့လား..။

မိုးညိုညို မြက်ခင်းစိမ်းစိမ်း
လယ်ယာမြေယိမ်းက

ငါ့ညီလေးတွေ..
မပြည့်စုံမှုကို ရေးမှတ်ဖို့
စာအုပ်တွေလဲ မပြည့်စုံပေါ့..
ရိုးသားရဲရင့်မှုနဲ့
ဘ၀ကိုလုံခြုံကြ..။ (ကျော်ဇောခိုင်)

အဲဒီလို မပြည့်စုံရရှာသူတို့အတွက်လဲ
ကျောင်းဖွင့်ရက်တွေ စတယ်။
ထီး..ဘိနပ်.. စာအုပ်ဖိုး.. ကျောင်းဝင်ကြေး..ဆိုတဲ့အပူတွေကို
ဗမာပြည်က ကလေးမိဘတွေသာ ခံစားဖူးတာ။

ကျော်ဇောခိုင်ရဲ့ ကဗျာ...ဗမာပြည်ရဲ့ သရုပ်မှန်။

မောင်စန်းဦးကတော့..ဒီလိုပြောတယ်...

တိတ်တဆိတ်ခိုအောင်းနေရတာနဲ့
ငှက်တွေ စကားမပြောနိုင်ကြဘူး
လှိုင်းထန်နေတဲ့ မြစ်ကြီးက ရောင်ကိုင်းမောက်ကြွ
ချော်ကျိကျိသစ်ပင်တွေ လေးလံကိုင်းညွတ်
ပြီးမှ..တဖန် စိမ်းလန်းရဲ့

တိမ်တွေကတော့
တခုခုကို အပန်းတကြီးဖုံးကွယ်ထားလေတယ်
ဦးခေါင်းပေါ်မှာ တခြားဘာမှ မရှိနိုင်ဘူးလို့ ထင်ထားသူ
အဲဒီလူတွေကတော့ မိုးရေတွေ ခံယူနေကြ
ဟောဒါ
ရွာနိုင်သမျှ ရွာချနေတဲ့ အလယ်ကောင်ဥတုကြီးပါလေ…

စိတ်ကူးတွေလဲ စိုစွတ်ပျော့ဖတ်
နှလုံးသားမှာလဲ ဗွက်ပေါက်စေးကပ်
အဝေးမပြေးနိုင်တဲ့ လမ်းကြိုလမ်းကြားလေးပေါ့

တဒိန်းဒိန်း တဂျုန်းဂျုန်း
မိုးချုန်းသလိုလိုနဲ့
မိုးကြိုးတွေ ပစ် ပစ်ချတတ်လွန်းလို့
ညစ်ပတ်ပတ် မည်းသည်းသည်း
ရွှဲရွှဲစိုနေတဲ့ မျက်လုံးတွေနဲ့
သရက်သီးကြွေကောက်နေကျ ကလေးကိုပဲ
ရင်ထဲ
ဇွတ်ဆွဲသွင်းထားရတယ်။ ။
(မောင်စန်းဦး-မိုးတွင်း)

ကဲ.. ဘယ်လိုပဲဖြစ်ဖြစ်..
အဲဒီ..မိုးတွင်းထဲကို သေသေချာချာရောက်စေတဲ့ ဇွန်ကို
ကျမတို့ ဘယ်လို ခံစားချင်ပါသလဲ..
ဒါမှမဟုတ်… ဘာကို မျှော်လင့်ချင်ပါသလဲ..။
အေးမြရုံမိုးလား..
မုန်တိုင်းမိုးလား… …

မေငြိမ်း(၁ဇွန်)
ကဗျာရှင်တွေကို ခွင့်ပြုချက်မတောင်းဘဲ
ကဗျာတွေ ယူသုံးထားတဲ့အတွက် တောင်းပန်ပါတယ်။