Dec 11, 2009

နှောင်ကြိုးအဖြည်...

၁၉၉၂ ခုနှစ် နိုဝင်ဘာလထုတ် ရင်ခုန်ပွင့် မဂ္ဂဇင်းထဲက ၀တ္ထုရှည် စ-ဆုံး ပါ။








Nov 29, 2009

နောင်တမျှော်လင့်

၁၉၉၀နှစ်ထဲ... အိမ်ထောင်သက် ၃နှစ်ကြာခဲ့ပေမဲ့ ရင်သွေးယူဖို့ စိတ်မကူးရဲသေးဘဲ ရှိနေခဲ့တာ..။ ဒီလိုနဲ့ တချိန်များ ရင်သွေးယူမယ်လို့ စဉ်းစားချိန်ကျ... ရမှ ရပါ့မလားလို့ တွေးမိတုန်း ရေးဖြစ်တဲ့ ၀တ္ထုပါ။ ကလျာမဂ္ဂဇင်းကို ပေးတော့ မမ၀င်း(ကလျာ- ၀ိဇ္ဖာ သိပ္ပံ)က သဘောကျလို့ဆိုပြီး ပန်းချီ စံတိုးကို Illustration အပ်ပေးတာ။ သရုပ်ဖော်ပုံက ၀တ္ထုထက်ပိုကောင်းတယ် ထင်တာပဲ..။ အဲဒီပုံလေး ကြိုက်လွန်းလို့ သေချာသိမ်းထားတဲ့ ကြားကပဲ ပျောက်သွားခဲ့ပါတယ်။ ၀တ္ထုလေး ပါခဲ့တာက ၁၉၉၀ ဇွန်လထုတ် ကလျာ မဂ္ဂဇင်းမှာပါ..။




Nov 17, 2009

ကြားကြားသမျှ...


နိုဝင်ဘာ ၂၀ရက်နေ့ Los Angeles ကို ရောက်ပါမယ်..။ မိုးချိုသင်းတို့ အိမ်မှာ နေထိုင်ပြီးသကာလ ၅ရက်လောက် မနားတမ်း အာလူးဖုတ်ပါမယ်..။ ဘလော့ဂါ များလည်း ဆုံကြပါဦးမယ်..။ အရှင်သခင် ဘလော့ဂါ ကိုဇာနည် ကလည်း အပြေးလာရောက်ပြီး ပါဝင်ဆင်နွှဲမှာပါတဲ့။ ဖြစ်နိုင်ရင် အဲဒီဝန်းကျင် ရှိရှိသမျှ သဟာယများနဲ့ တွေ့ချင်ပါတယ်။ လောလောဆယ်.. Hollywood က စယ်လီဘရစ်တီင်္များရဲ့ appointment တွေကိုတောင် လက်ခံမထားပါ :P ကိုယ့်အချင်းချင်းတွေကို ဦးစားပေးပါမယ်..။ မိုးချိုသင်းဆီမှာ Book လုပ်နိုင်ပါတယ်.. (ချိုသင်းတော့ မျက်ခမ်းလှုပ်နေလောက်ပြီ :D) ... ။ တွေ့ကြသေးတာပေါ့ နော ... :)

Nov 10, 2009

သမုဒယသီချင်း

ဒီဝတ္ထုလေးက ၁၉၈၉ သြဂုတ်လ ပေဖူးလွှာ မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ ကျမရေးဖို့ စိတ်ကူးလေ့မရှိတဲ့ အကြောင်းအရာမျိုးပါ။ ဗမာရုပ်ရှင် ၀တ္ထုတွေထဲ အိမ်အကူအလုပ်သမားတွေနဲ့ ပတ်သက်ရင် ခွဲခြားမှုတခုခုနဲ့ ဖော်ပြလေ့ရှိတာ..။ အဲလိုပဲ အိမ်ရှင်တွေနဲ့ ပတ်သက်ရင်လည်း အဆိုးမြင် များတာတွေ တွေ့ရတာကို ကျမ သဘောမကျပါဘူး။ အဲဒီအချိန်မှာ မေတ္တာတရားဆိုတဲ့ ကိစ္စကို တွေးမိပြီး ဒီဝတ္ထုလေးကို ရေးဖြစ်ခဲ့တာပါ။ အဲဒီဝတ္ထုလေးကိုလည်း ဆရာအောင်သင်းက အကြိုက်ဆုံးဝတ္ထုအဖြစ် ရွေးခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် ကျမစိတ်ထဲ ကိုယ့်ဘာသာ ရေးပြီး သဘောတကျကျ ဖြစ်နေရတဲ့ ၀တ္ထုထဲမှာ ဒီဝတ္ထု မပါပါဘူး။ ဒါကြောင့် ဆရာအောင်သင်းရွေးတော့ ကျိတ်ပြီး ကြည်နူးနေရတာပေါ့။ (တခါတလေတော့လည်း ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာ ကြိုက်လှချည့်ဖြစ်နေပေမဲ့ စာဖတ်သူတွေဘက်က ထူးထူးခြားခြားမဖြစ်တဲ့ အပုဒ်တွေလည်း ရှိပါသေး။)








Nov 8, 2009

ပိုးထိုးသစ်သီး

စာမရေးချင် (၀တ္ထု ကဗျာကို ဆိုလိုတာပါ) ဖြစ်နေတာ တော်တော်ကို ကြာပါပြီ။ ပြီးတော့ ဒီတလောမှာ ကိုယ့်ဝတ္ထု အဟောင်းလေးတွေ ထုတ်ထုတ်ဖတ်နေမိတယ်။ ဖတ်မိပြီးတော့လည်း ငါ ဒီတုန်းက ဒီလို ရေးခဲ့ပါလားလို့ ပြုံးမိရ.. မျက်မှောင်ကြုံ့မိရ..။ ဘာလို့ ရေးဖြစ်တယ်ဆိုတာလေးတွေ ဆက်စပ်တွေးမိရပေါ့။ ကျမ စာတော်တော်ရေးဖြစ်တဲ့ အချိန်တွေတုန်းက တိုက်တိုက်ဆိုင်ဆိုင် ဆရာအောင်သင်းက လစဉ်ထုတ်မဂ္ဂဇင်းတွေ ထဲကနေ သူ့အကြိုက် ရွေးတဲ့ ၀တ္ထုတွေကို သုံးသပ်ပြီး"အောင်သင်းအကြိုက်ဆုံးဝတ္ထုတိုများ"ဆိုတဲ့ ကဏ္ဍ သဘင်မဂ္ဂဇင်းမှာ လစဉ် ရေးနေတဲ့အချိန်။ ကျမက ဆရာ အောင်သင်းရဲ့ စာပေရေးရာဆောင်းပါးများ စာအုပ်ကို ကြိုက်လွန်းလို့ ခေါင်းအုံးအိပ်တဲ့သူဆိုတော့ တလတလ ဆရာ ဘယ်ဝတ္ထု ညွှန်းပါလိမ့်လို့ စောင့်ဖတ်နေရတဲ့အချိန်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာက ကျမ ၀တ္ထုတိုလေးတွေကို လေး ငါးကြိမ် အကြိုက်ဆုံးအဖြစ် ရွေးဖူးပါတယ်။ အဲဒီလ တွေဆို ကျမမှာ ပျော်လို့။ တချို့ဝတ္ထုတွေဆို ကိုယ်တောင် ရွေးမယ်လို့ ထင်မထားတာလေ။ ဆရာက ဘာလို့ ရွေးရတယ် ဆိုတာကိုပါ သေချာ ရှင်းပြတာဆိုတော့ ကျမဖြင့် သဘောတွေကျလို့ပေါ့။

ခုတင်ပေးထားတဲ့ ဝတ္ထုလေးကိုလည်း ဆရာက ရွေးခဲ့ဖူးပါတယ်။ ဒီဝတ္ထုလေးက ၁၉၉၀ ဇွန်လထုတ် ပေဖူးလွှာ မဂ္ဂဇင်း ထဲမှာ ပါခဲ့တာပါ။ ဒီဝတ္ထုလေး ရေးမိတဲ့အကြောင်း ပြောရရင် ကျမ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ စာအုပ်တအုပ်ရှိပါတယ်။ စာရေးဆရာ နန္ဒရေးတဲ့ "မျိုသိပ်စိတ်"ဆိုတဲ့ စာအုပ်ပါ။ စိတ်ရောဂါရှိတဲ့ မေခင်ဆိုတဲ့ အမျိုးသမီးတယောက်အကြောင်းကို အခြေခံပြီး ရေးထားတာပါ။ အဲဒီ ၁၉၉၀ တလောမှာ မျိုသိပ်စိတ်ထဲက မေခင်ကို သွာသွားပြီး သတိရစေတဲ့ အမျိုးသမီးတယောက်ကို တွေ့ပါတယ်။ (တကယ်တမ်းကြီး တူလှတာတော့လည်း မဟုတ်ပါ) ပြောရရင် သူ့ဆီကနေ ရတဲ့ Inspiration နဲ့ ကျမ ဒီဝတ္ထုကို ရေးဖြစ်တာပါ။ ဆရာအောင်သင်းက ဇူလိုင်လထုတ် သဘင်မဂ္ဂဇင်းရဲ့ အကြိုက်ဆုံးဝတ္ထုတိုကဏ္ဍမှာ ရွေးခဲ့ပါတယ်။
ခုပြန်ဖတ်ကြည့်တော့ ကျမဇာတ်ကောင်ဖြစ်တဲ့ အမျိုးသမီးကို သနားပြီး အားနာနေမိသလိုလို.........။





Nov 5, 2009

ရသမြစ်ဖျား








အဲဒီ ၁၉၉၅တုန်းက တိုက်တိုက်ဆိုင်ဆိုင် အင်တာဗျူးတွေအများကြီး လုပ်ဖြစ်တာ.. ခု ပြန်ကြည့်မှပဲ ကိုယ့်ဘာသာလည်း ပြန်သတိထားမိတယ်။ အဲဒီတ၀ိုက် စာလည်း အများကြီး ရေးဖြစ်နေခဲ့ပါတယ်။ ခုတင်ပေးထားတဲ့ အင်တာဗျူးက ၁၉၉၅ ဖေဖော်ဝါရီလထုတ် မဟေသီမဂ္ဂဇင်းမှာ စာရေးဆရာမ ခက်မာ က 'နဒီ'ဆိုတဲ့ နာမည်နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးပါ။ အဲဒီထဲမှာ 'အမျိုးသမီးတယောက် အနေနဲ့ မီးဖိုချောင်အလုပ်ကို အရည်အချင်းတခုလို့ မြင်လား'ဆိုတဲ့ မေးခွန်းအတွက် ကျမရဲ့ အဖြေကို Feminist တချို့က မကျေမလည် ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ အဲဒါက ကျမရဲ့ တကယ့် လက်ခံမှုပါ..။ အမှတ်တရပေါ့..။ (ပြောရရင်.. စာရွက်လေးတွေ သိမ်းထားတာ ကြာတော့ နွမ်းပြီး ပျက်စီးချင်နေပြီမို့ record လုပ်ချင်တာကြောင့် scan လုပ်ရင်းသားကနေ တင်ပေးလိုက်တာပါ)။

Oct 28, 2009

ကမ္ဘာပျက်မယ်လား.. (ဖွဟဲ့.. လွဲစေ.. ဖယ်စေ..)

ညီမလေး အိန္ဒြာက ပြောတယ်..။ တကယ်လို့ကမ္ဘာပျက်မယ်ဆိုရင်ပေါ့...ဆိုပါစို့…တဲ့။

တကယ်တော့ ကမ္ဘာပျက်တယ်လို့ ထင်ရလောက်တဲ့ ခံစားမှုတွေ ဘ၀မှာ အကြိမ်ကြိမ် ခံစားခဲ့ရဖူးပေမဲ့..။ တကယ့် ရုပ်လောကကြီးပျက်တာကို ကြုံရရင်.. လို့ တွေးလိုက်တော့လည်း စိတ်ထဲ ထိထိခိုက်ခိုက် ဖြစ်လာရပြန်တာပါပဲ။ အဲဒီအခါ ကျမဘ၀ထဲက ထူးခြားတာတွေနဲ့ တိုက်ဆိုင်တာတွေကို ပြန်ပြောပြချင်လာပါတယ်။ (အိန္ဒြာ့ post လိုပဲ အပိုင်းတစ်-နှစ် ခွဲဖတ်ကြပါကုန်…)

ကျမမှာ ထူးခြားတာ တခုရှိပါတယ်။ ငယ်ငယ်လေးကတည်းက မကြာခဏ(အကြိမ်ကြိမ်) မက်တတ်တဲ့ အိပ်မက် ၃ခုရှိပါတယ်။ ပထမဆုံးတခုက.. အိပ်မက်ထဲမှာ နေရောင်ထိန်လင်းနေတဲ့ ရွာလို နေရာလေးမှာ အိမ်ရှေ့ ကွက်လပ်လေးတခု။ အဲဒီနောက်က အိမ်လေးက ခြေတံရှည်။ လှေကားရင်းမှာ ကလေးစီး မိန်းမစီး ဖိနပ်ပါး အ၀ါလေးတရံနဲ့ ပန်းရောင်လေးတရံ ယှဉ်လျက်လေး ရှိနေတယ်။ အိမ်ဝင်းထောင့်က မြေပြန့်ုပြန့်မှာတော့ အဖွားအိုတယောက်က စကောနဲ့ ဆန်ပျာနေတယ်။ ဒါပဲ..။ အဲဒီမြင်ကွင်းလေးကို ကလေးဘ၀ သိတတ်စကတည်းက ကျမ မကြာခဏ မက်တယ်။
နောက်တော့ ကျမ အသက် အစိတ်ကျော်မှာ ၀တ္ထုရေးဖို့အတွက်လိုလို့ သွားကြည့်ဖို့ သန်လျင်ဘက်ကို အစ်မတယောက် လိုက်ပို့လို့ ရောက်တယ်။ အဲဒီတုန်းက သီတာသဘောင်္ကြီးနဲ့..။ သန်လျင်ဘက်ကမ်းရောက်တော့ ကျမတို့ လျှောက်သွားရင်းနဲ့ မွေ့နွန်းကုန်းကို ရောက်ပါရော။ အဲဒီမှာ ဇာတ်လမ်းစတာပါပဲ။ အဲဒီနေရာတွေကို ကျမ သိနေတာပါ။ (ကျမ ကြီးမှ သန်လျင်ကို တခါမှ မရောက်ဖူးပါဘူး။ ဒါပေမဲ့ ကျမအဖေနဲ့ အမေ အိမ်ထောင်ဦး .. ကျမကို ကိုယ်ဝန်ရှိစဉ်ကတော့ သန်လျင်မှာ နေခဲ့တာပါ)။ အစ်မရဲ့ ဦးဆောင်မှုနောက် လိုက်လာတဲ့ ကျမက အဲဒီနေရာတွေမှာတော့ ကျမက ရှေ့က သွားနေမိပါတယ်။ နောက်တော့ ကျမ စိတ်ထဲ သိပ်သွားချင်နေတဲ့ နေရာတွေကို ခြေဦးတည့်ရာနောက် လျှောက်လိုက်သလို သွားနေမိပါတယ်။ ကျမ လမ်းတလမ်းထဲ ချိုးဝင်လိုက်ပါတယ်။ အဲဒီ လမ်းနာမည်ဖတ်ကြည့်လိုက်တော့ မြို့ဟောင်း ၁ လမ်းတဲ့။
အဲဒီလမ်းထဲက နောက်ထပ်လမ်းသွယ်တခုထဲ ကျမ အလိုလို ချိုးဝင်မိပြန်ပါတယ်။ မြရာပင် ၁ လမ်းတဲ့။ အဲဒီလမ်းထဲ အိမ်စုတ်ကလေးတွေ အစီအရီ..။ လမ်းအဆုံးထိ ကျမလျှောက်ဝင်သွားမိပါတယ်။ လမ်းအဆုံးမှာတော့ တကယ်ပဲ မြရာတောကလေးလိုဖြစ်နေတဲ့ သစ်ပင်စုစုလေးတွေက ပိတ်သွားပါတယ်။ အဲဒီလမ်းကလေးအဆုံး ဘယ်ဘက်ခြမ်းက ယိုင်နဲ့နဲ့ အိမ်ကလေးတလုံးကို ကျမ ရပ်ကြည့်နေမိပါတယ်။ ဖတ်လာတဲ့သူတွေ ရိပ်မိမှာပါ။ ဟုတ်ပါတယ်။ အဲဒါ ကျမ အိပ်မက်ထဲက အိမ်လေးပါပဲ။ ဘိနပ်လေး နှစ်ရံနဲ့ အဖွားကြီးတော့ ရှိမနေပါဘူး။
အဲဒါကို နောက်မှ အမေ့ကို ပြောပြတော့ အမေက သိပ်ကို အံ့သြနေပါတယ်။ အမေတို့ အိမ်ထောင်ဦးတုန်းက အဲဒီအိမ်လေးမှာ ငှားနေခဲ့ကြတာဆိုတာကို ကျမကို အမေတို့ တခါမှပြောမပြခဲ့ဖူးပါဘူး..။

အဲဒီနောက်မှာတော့ ဘာလို့မှန်းမသိပါဘူး.. ကျမ အဲဒီအိပ်မက် ထပ်မမက်တော့ပါဘူး။

နောက်ထပ် အဲလိုပဲ မကြာခဏ မက်တတ်တဲ့ အိပ်မက်တခုကတော့ ကျမက ၀ါးရုံပင်တွေ ဘေးဘယ်ညာမှာ ကိုင်းကျပြီး အုပ်မိုးထားတဲ့ တောင်ကုန်းမို့လေးတွေကြားက တောလမ်းလေးတခုထဲမှာ အေးအေးလူလူ လျှောက်နေတာ။ ကျမကိုယ်မှာ ချွေးလေးတွေနဲ့ အေးလို့..။ ဒါပဲ အိပ်မက်က..။ ကျမ ၁၀တန်းနှစ်မှာ ပထမဆုံး ကျိုက်ထီးရိုးဘုရားဖူး သွားရပါတယ်။ အဲဒီတုန်းက တောလမ်းကနေ တက်ရတာမို့ သိပ်ပျော်တာပါပဲ..။ ဒီလိုနဲ့ ရွှေရင်ဆို့အကျော် တနေရာအရောက်မှာတော့ ကျမအိပ်မက်ထဲက မြင်ကွင်းနဲ့ တန်းကနဲ တိုးပါတော့တယ်။ အဲဒီနေရာလေးမှာ လမ်းလျှောက်နေတုန်းမှာလည်း တကယ်ပဲ ကျမကိုယ်မှာ ချွေးတွေအေးလို့။ အဲဒီလမ်းကလေး လျှောက်နေတုန်းမှာလည်း အိပ်မက်ကို တချိန်လုံး သတိရနေခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီည တောင်ပေါ်ရောက်တော့ ကျမ အပြင်းဖျားပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း အဲဒီအိပ်မက် တခါမှ ထပ်မမက်တော့ပါဘူး။ ပြီးတော့ အဲဒီနောက် နှစ်တိုင်းနီးပါး ကျမ ကျိုက်ထီးရိုးဘုရားဖူး နှစ်စဉ်ရောက်ဖြစ်ပါတယ်။

နောက်ဆုံး အိပ်မက်ကတော့ ခပ်ငယ်ငယ်ကတည်းက မက်တာပေမဲ့ နောက်ဆုံးမက်ခဲ့တာ ၂နှစ်လောက် ရှိပါပြီ။ ခုချိန်ထိဆိုရင် လေးငါးခါတော့ မက်ပြီးသားပါ။ အဲဒီအိပ်မက် စမက်စဉ်ကအတိုင်းပြောပြရရင် အိပ်မက်ထဲမှာ ညဘက်ကြီး။ ကျမက ရေထဲမှာ မှောက်ခုန်ကြီး မျောနေတာ..။ အဲဒီငယ်ငယ်လေးမှာ မက်ကတည်းက အိပ်မက်ထဲမှာ ကျမက အသက်ကြီးနေပြီ်။ ကျမ ခေါင်းထောင်ကြည့်တော့ ကျမနားမှာ ရုပ်တုတွေ.. အဆောက်ဦးတွေက ရေနစ်လက်စ တပိုင်းတစပေါ်လို့။ ဒါပါပဲ အိပ်မက်က..။ (အပြင်မှာဆိုရင်တော့ မဖြစ်နိုင်.. ကျမက ရေမကူးတတ်တော့ ချက်ချင်း ပလုံဆို သွားမှာ..) နောက် နည်းနည်းကြီးလာမှ အဲဒီရုပ်တုတွေထဲမှာ တခုက New York က Liberty ရုပ်ကြီးလို့ သိလာတယ်။ နောက်တော့ အဆောက်အဦးကလည်း ၀ါရှင်တန်က ပါလီမန်အဆောက်အဦးရဲ့ ခေါင်မိုးလုံးလုံးကြီးမှန်း သိလာတယ်။ (ကဲ.. ဇာတ်လမ်းကတော့ စလာပါပြီ..။ ခု ကျမနေတာ ၀ါရှင်တန် နား..။ ကျမရုံးကလည်း လွှတ်တော်ရှေ့မှာ..။ လစ်ဘာတီရုပ်ကြီးနဲ့တော့ ဝေးပါတယ်။ :P) ကဲ.. ကမ္ဘာကြီးကတော့ ၂၀၁၂ ဒီဇင်ဘာ ၂၁မှာ ပျက်မှာတဲ့။
ကျမမှာလည်း ကြုံကြိုက်စရာ အိပ်မက်ထဲက မြင်ကွင်း ဒါပဲ ကျန်တော့တာ။
ဆိုတော့ ပြောရရင် ကျမစိတ်ထဲ… ယုံသလိုလို..။(ကျောချမ်းစရာ မကောင်းလား.. :D)
++++++

အင်း…. "ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" တဲ့။

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ..
တကယ်တော့ ဘယ်သူတွေနဲ့ပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ တကယ်သာဆို အဲဒီအချိန်လေးမှာ ဘာကိုမှ တွေးထား ပြင်ထားလို့မှ မရတာပဲ..။
ဒါပေမဲ့ အိန္ဒြာနဲ့တူတာက…
အဖြစ်ချင်ဆုံးက ဘယ်သူတွေ ဘာမှမဖြစ်ချင် ကိုယ်အရင်ဆုံးသေသွားတာမျိုးပေါ့။
ဟုတ်တယ်..တကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော.. ကိုယ်ပဲ အရင် သေချင်တယ်။

(၂) ဘာတွေခံစားနေရမလဲ..

ကျမတို့ မိဘတွေပဲ သေကုန်ပြီး ကလေးတွေချည်း ကျန်နေခဲ့မှာကို ပူတယ်။ မသေရခင်စပ်ကြား အပူအလောင်တွေ အနာတရတွေ ချောက်ချားစရာတွေ တွေ့ရမှာကို တွေးကြောက်နေမိမယ်..။ သေချာတာတော့ ဘုရားစာတွေ ပိုရွတ်နေဖြစ်မယ်။

(၃) ဘာတွေပြင်ဆင်ထားမလဲ

သားသမီးတွေကို တခုခုဖြစ်ရင် အတူတူပြေးမယ်.. မေမေတယောက် ဖေဖေတယောက် ကပ်ထား။ သားကြီးက ဗလကြီးတော့ ရှေ့က ဦးဆောင်ရမှာပဲဆိုတာတွေ ပြောထားမှာပေါ့။ အတတ်နိုင်ဆုံးတော့ မခွဲမခွာ ရင်ဆိုင်ကြဖို့…။

(၄) ၀မ်းနည်းမိမှာက

ဘ၀ထဲ ကြာကြာမနေလိုက်ရမှာကိုပေါ့။ ကျမ စာတွေ ရေးချင်သေးတယ်..။ ပန်းချီလည်း ပြန်ဆွဲချင်သေးတာ..။ ပြီးတော့ အမေ့ကို ပြေးတွေ့လိုက်ချင်သေးတာ။

(၅) ကြောက်လန့်မိတာက..

မသေခင် ခံစားရမယ့် ဝေဒနာနဲ့ သေကွဲ ရှင်ကွဲတွေ အများကြီး ကြုံဦးမှာကိုပေါ့။

(၆) ဆောင်ထားချင်တာ..

ခုချိန်ထိတော့ ကိုယ့်မိသားစုလေးကိုပဲ ကျစ်ကျစ်ပါအောင် ဖက်တွယ်ဆောင်ထားချင်ပါတယ်။

(၇) ဘာတွေရေးမိမလဲ..

အဲဒီအချိန်လောက်ဆိုရင် ရေးနိုင်ရင်တောင် ကျောက်ချပ်လို.. သတ္တုပြားလို.. ပေါ်မှာပဲ ထွင်းရေးဖို့ ကြိုးစားမယ်..။

(ဂ) တွေးမိတွေးရာ အတွေး

တကယ်လို့များ ကမ္ဘာပေါ်မှာ ငါတယောက်တည်း အသက်ရှင် ကျန်နေခဲ့ရင်.. ဘယ်လို လုပ်ရပါ့..။

(၉) ဂုဏ်ယူချင်တာက

အဲဒီအချိန်မှာတော့ ဘာကိုမှ ဂုဏ်မယူချင်တော့ဘူးထင်တယ်။ စိတ်သောကပဲ ဖိစီးနေတော့မှာလေ..။ ကြံဖန် ဂုဏ်ယူရရင်တော့ ခဏပဲ ရတဲ့ လူ့ဘ၀ထဲ တန်အောင် နေခဲ့ရတာ ဂုဏ်ယူပါတယ်။

(၁၀) ရှာကြံဖြေသိမ့်မိတာက

ဘာပဲဖြစ်ဖြစ် .. အနားမှာ အားရှိဖော် မိသားစု ၅ယောက်တောင် အတူရှိနေတာ..။


(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း

အမှန်အတိုင်း ၀န်ခံရရင်..ဘာ ကျူးရင့်ရမှန်းကို မသိတော့ပါဘူး။
ငါလာတယ်…
ငါမြင်တယ်..
ငါအောင်ပွဲခံတယ်..
(ဟင်… ဟုတ်သေးပါဘူး.. ဒါလည်း )
ဒါမှမဟုတ်လည်း.. ဟေးးးး ငါ့အိပ်မက် မှန်တယ်…. လို့များလား…။ 