Oct 6, 2010

လိပ်ပြာ

ခုတလော ကျမစိတ်တွေ ညစ်ထေးနေတယ်..။
ဒါနဲ့ပဲ... ကဗျာလိုလို စာလိုလိုတွေ ကောက်ကောက်ခြစ်..။
အနုပညာကို စိတ်ဖြေရာအနေနဲ့ အသုံးချရတာ အားနာပေမဲ့..
ကျမဘ၀မှာ သူကသာ အမြဲတမ်းထွက်ပေါက် ဖြစ်နေခဲ့တာပါ။



လိပ်ပြာ

တကယ်ဆို…
နာမည်လေးကိုကလည်း လှပြီးသားပါ..။
အရောင်ဘယ်လိုရှိရှိ
အဆင်းဘယ်လိုနေနေ
အသွေးဘယ်လိုထင်ထင်
သူကတော့ လှမြဲပင်။

ဒါပေမဲ့
လိပ်ပြာသန့်ဖို့တဲ့..
လိပ်ပြာ လုံဖို့တဲ့..
လိပ်ပြာလှဖို့တဲ့..
အဲလို သတ်မှတ်ကြရဲ့...
ဘာလို့များ သူနဲ့မှ တင်စားသလဲ..။
ဖျတ်ဖျတ်ကွန့်မြူးတတ်တဲ့ စိတ်အနေ
လိပ်ပြာနဲ့ တူလေသလား။

ဟင့်အင်း.. ကျမဖြင့် မထင်ပေါင်..
ညစ်ထေးသူတွေရဲ့ စိတ်နှလုံးမှာ လိပ်ပြာမရှိနိုင်..
အဲဒီအခါ
လိပ်ပြာဆိုတာ နှလုံးလှသူတို့ထံမှာသာ
ဖျတ်ဖျတ်လွင့်ပျံလိမ့်..။
ဒါမှသာ
လောကကို ၀တ်မှုန်ကူးလို့
ဖူးပွင့်စေမယ် ယုံ..။

Sep 19, 2010

ပွင့်တူရွက်တူ

ဒီရာသီ Fall မှာက ညနေခင်းတွေက ရွှေရောင် အေးမြမြ..။ ကိုယ့်တိုင်းပြည်က မေမြို့ရဲ့ ညနေခင်းတွေကို သတိရစရာ။ ပန်းရောင်စုံတွေ ဝေတဲ့ ရာသီ။ အဲဒီလိုကာလမှာမှ ကျမတက်ရတဲ့ ကောလိပ်လေးက ကျမကို လွမ်းအောင်ပဲ ဖန်လေသလား.. အလွမ်းပြေလို့ပဲ ပြောရမလား မသိ..။ ကျောင်းလေးက ကျမဘ၀ထဲက အရေးပါလှတဲ့ လှိုင်ကောလိပ်လေးနဲ့ တူလွန်းတာပါပဲ။ ရွှေအိုရောင် အုတ်ကွက်တွေနဲ့ ဆောက်ထားတဲ့ ကျောင်းဆောင်တွေ..။ ပြီးတော့ ခပ်နိမ့်နိမ့် ခပ်ပြားပြား အထပ်အဆောက်အဦးတွေ…။ နိမ့်လျှော ကုန်းမြင့် လမ်းတွေ ရှိတာ..။ ပြီးတော့ အတွင်းထဲမှာ မျက်စိလည်စရာ လှေကားလေးတွေနဲ့ အပေါ်ထပ်တွေကို တက်ရတာ..။


ဟိုးလွန်ခဲ့တဲ့ နှစ်၃၀တုန်းက ကျောင်းသူလိုဖြတ်သန်းခဲ့.. ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်မှာကျတော့ ဆရာမလို ဖြတ်သန်းခဲ့ရတဲ့… ကျမ အသည်းနှလုံးထဲ အတော်စွဲမြဲနေရာယူခဲ့တဲ့ ကျောင်းဟာ ခု ကျမအနား ပြန်ရောက်လာသလို..။

ကျောင်းဝင်းထဲ.. ဆူဆူညံညံစားသောက်တန်းလေးတွေ မရှိတာ..။ ချစ်စရာကောင်းတဲ့ ရယ်မောသံတွေနဲ့ ဗမာသီချင်းသံ လွင့်လွင့်ပျံ့ပျံ့ မရှိတာတွေတော့ ကွာသပေါ့လေ..။ ဒီမှာတော့ ကျောင်းဝင်းက တိတ်တိတ်ဆိတ်ဆိတ် နိုင်လှတယ်။ ပျော်ရွှင်ရယ်မောသံတွေကို တခါတလေမှသာ ကြားရတယ်။ ကျမက တပတ် ၂ရက် .. တရက် ၂နာရီခွဲသာ တက်ရတာမို့ရော.. ကျမရဲ့ ကျောင်းချိန်တွေက ညနေစောင်းတွေ ဖြစ်တာကြောင့်ရော ထင်ပါရဲ့။ ကျောင်းပရိဝုဏ်က ငြိမ်ဆိမ်နေလေ့ရှိတာ..။


ပြီးတော့ ကျမတို့ရဲ့ စာသင်ခန်းကလည်း ကျဉ်းကျဉ်းလေးရယ်..။ အတန်းထဲ လူ ၂၀သာ လက်ခံတာမို့ ကျမစိတ်ထဲတော့ ပျင်းစရာ..။ ဒါပေမဲ့ တကယ်တမ်း စာသင်ရပြီဆိုတော့လည်း ကိုယ် သိပ်သင်ချင်နေတဲ့အပြင် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ကြားရ သိရလို့ ထင်ပါရဲ့... စာသင်ချိန် ၂နာရီခွဲဆိုတဲ့ စိတ်ညောင်းစရာ အချိန်အတိုင်းအတာက ကျမအတွက်တော့ ဘယ်လို ကုန်သွားမှန်းမသိ..။ ဆရာမ စာသင်နေချိန်တလျှောက် ကျမဟာ ကိုယ့်ကိုယ်ကို ကျောင်းဆရာမ တယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတာကို မေ့နေတယ်..။ ကိုယ့်မိသားစုကိစ္စတွေကို မေ့နေတယ်..။ ကိုယ့်အလုပ်ခွင်ကို မေ့နေတယ်..။ ဆရာမနဲ့အတူ စာတွေဆွေးနွေးရင်း ဖတ်စရာတွေ လောဘတကြီး ဖတ်ရင်း.. နားထောင်စရာတွေ လောဘတကြီး နားထောင်ရင်း.. ကျမက ဟိုး နှစ် ၃၀တုန်းက ကျောင်းသူ ငြိမ်းခက်ခက် ပြန်ဖြစ်သွားတယ်။ ကိုယ့်အသက်အရွယ်ကိုလည်း မေ့သွားတယ်။ ကျမစိတ်ထဲ ကျောင်းစာလုပ်နေရတယ်လို့ မထင်ဘဲ ကျမသိချင်တာတွေကို ဆရာမက ပြောပြနေတယ်လို့ပဲ ခံစားရတယ်။ ကျမဟာ သိလိုစိတ်တွေများတဲ့ ကျောင်းသူလေး ပြန်ဖြစ်သွားတယ်။ ရှေ့တပတ်ကျရင် စာမေးပွဲတဲ့….။ ကျမ စိတ်လှုပ်တရှားပဲ ပြင်ဆင်နေမိတယ်။ ကျမမှာ ဟိုတုန်းကလို စွမ်းရည်တွေ.. အင်အားတွေ ကျန်နေသေးသလားဆိုတာ သိချင်နေမိတာ ထင်ပါရဲ့။

+++++

အတန်းက ၅နာရီမှာ စ..။ ညနေ ၇နာရီခွဲမှာ ပြီးတာမို့ ကျမအတန်းပြီးချိန်ဆို မှောင်စပျိုးပြီ။

(အိမ်ပြန်ချိန် မှောင်ရီပျိုး)

အတန်းအပြင်ကို ထွက်လိုက်ရင်တော့ ကျောင်းဝင်းရဲ့ နေညိုချိန်အောက်မှာ ကျမက လွန်ခဲ့တဲ့ နှစ် ၂၀ကျော်ကို ပြန်ရောက်သွားတယ်။ မနက်အစောကြီးတုန်းက ရုံးအလုပ်တွေနဲ့ ပင်ပန်းထား.. နေ့လယ်ခင်း တချက်နားပြီး အတန်းတက်ဖို့အရေး သင်ခန်းစာ ကြိုဖတ်ပြီး ကျောင်းလာတက်။ ဆိုတော့ အတန်းပြီးချိန်မှာတော့ ခန္ဓာကိုယ်က တကယ်ပင်ပန်းနေပြီ..။ ဒီတော့မှ အတန်း ၅ချိန်လောက် စာအော်ဟစ်သင်ခဲ့ရလို့ ပင်ပန်းပြီး အိမ်ပြန်ချင်နေတဲ့ ဆရာမဘ၀ရဲ့ ညနေချိန်တွေထဲ ပြန်ရောက်သွားတယ်။ ဟော.. အိမ်မှာ မိသားစုက ကျမကို ထမင်းစားဖို့ စောင့်နေလောက်ပြီ။သားနဲ့ သမီးကို အိမ်စာ ကူလုပ်ရဦးမှာ ထင်ပါရဲ့။ ကလေးတွေအဖေလည်း ဒီနေ့ ကျမ မအားတာမို့ ဟင်းချက် ဂျူတီဝင်ရပြီ။ မနက်လည်း အစောကြီးထပြီး အလုပ်ခွင်ဝင်ရဦးမှာ..။ အင်း ဘာသတင်းတွေများ ထူးမှာပါလိမ့်။ ခုချိန်ဆို ကိုယ့်တိုင်းပြည်မှာ အိပ်ယာက ထကြပြီလေ။

+++++

တကယ်တော့ ဟိုးတချိန်တုန်းကလည်း အဲဒီလို ဘ၀အမောတွေ တွေးရင်းနဲ့ အိမ်ပြန်ရတဲ့ ကျောင်းဆရာမ တယောက်ရဲ့ ပင်ပန်းမှုမျိုးထဲ နွမ်းနယ်ခဲ့ရဖူးတာပေါ့။ အဲဒီတုန်းက ခုထက်ပိုပြီး အသက်ရှူရ ကျပ်ခဲ့တယ် .. စိတ် ပင်ပန်း ဆင်းရဲခဲ့တယ်လို့ ထင်ပါတယ်။ ၈၈ ရဲ့ နောက်ပိုင်းကိုးးး…။

+++++

ဘာလိုလိုနဲ့ ဒီနေ့ဆိုရင်ပဲ ၂၂နှစ်တိုင်ခဲ့ပြီ။ (၁၈၊၀၉၊၂၀၁၀)

+++++++

Sep 15, 2010

ကြောင်



ကြောင်

ကိုယ့်ချောင်ထောင့်ကွေးလေးထဲ
မီးအိမ်လေးထွန်းပေးမလို့..တဲ့…။
ဒါပေမဲ့ မိုးလေကြမ်းလွန်း..
မီးဇာကုန် ဆီခမ်းလွန်း…
တခါတခါကျတော့လည်း လေလုံငြိမ်သက်လွန်းသတဲ့..။
ဒါနဲ့ပဲ.. ငြိမ်ငြိမ်လေး ကုပ်ကွေးနေရ..
ဒီချောင်ကိုလည်း မခွာရက်နိုင်ဘူးတဲ့လေ.. သူက။

ကျမကတော့ အမှောင်ကြောက်သူ..။
ဒါပေမဲ့ အမှောင်ထုထဲမှာပါပဲ
ခြေသံလုံအောင် တိုးဖွဖွလှမ်းနေရ..
လက်သည်းချွန်မြတွေကိုတော့
မသိမသာ ကုပ်သွေးထားမိပါတယ်..
ဒီလိုနဲ့ပဲ
မိုးလေကြမ်းကို ခုခံရဲခဲ့…
မှောင်ထဲမှာ မျက်လုံးတွေ လက်ပသူ ကျမက
ချောင်ထဲက အပူကိုတော့ မုန်းတယ်..။

အဲဒီအခါ...
အပူချောင်ကို စွန့်ခွာ
မှောင်တ၀က်အလင်းမှာ ပျော်သယောင်။
(၀၉-၁၄-၁၀)

Aug 14, 2010

တကယ်ဆို အချိန်ပဲ လိုတယ်…..

သူငယ်ချင်းတွေက ကျမကို သိပ်ပျောက်တာပဲလို့ ပြောတိုင်း ကျမ အမြဲ စိတ်မကောင်း ဖြစ်ရပါတယ်။ အထူးသဖြင့် ကျမ အမြဲအချိန်ယူဆက်ဆံခဲ့တဲ့သူတွေက ပြောတဲ့အခါ ပိုဆိုးပါတယ်။ တလောကဆို ထိုင်းမှာကျန်ခဲ့တဲ့ ငယ်သူငယ်ချင်းက ကျမကို gtalk ကနေ chat တိုင်း တခါတလေ ကျမက မရှိ။ တခါတလေ.. “သယ်ရင်း.. ကျမ တော်တော် မအားလို့” လို့ ပြန်ဖြေရပါတယ်။ ကြာတော့ သူက ကျမကို ပြောတယ်.. ဘန်ကီမွန်းပြီးရင် ခဗျား အလုပ်အများဆုံးဖြစ်မယ်တဲ့။ ကျမ တကယ်ပဲ ၀မ်းနည်းသွားပါတယ်။ ဒါနဲ့ တနေ့ ကျမ အချိန်သေချာယူပြီး သူ့ကို ပြန်ရှင်းပြရပါတယ်။ ကျမ ဘယ်လို မအားတဲ့ အကြောင်း..။ သူက ပြန်ပြောပါတယ်။ လူတိုင်း မအားတာပါပဲ.. တဲ့.။ သူ အဲလိုပြောတာကို ကျမကတော့ “ခဗျားတယောက်တည်း အလုပ်ရှိတာမဟုတ်ဘူး” လို့ ငေါ့တယ်လို့ ကျမ ခံစားရပါတယ်။ ခုမှအမေရိကားရောက်တော့ မအားလှချည်လားလို့ အငေါ်တူးတယ်လို့ ခံစားရပါတယ်။ ပြဿနာက ထိုင်းမှာ နေတဲ့ ၄နှစ်လုံးကတော့ ကျမအလုပ်က အိမ်ကနေ ထိုင်လုပ်ရတာဆိုတော့ တကယ်ကိုပဲ အချိန်တွေ တော်တော် ပိုပါတယ်။ ပြီးတော့ ထိုင်းမှာတုန်းကတော့ ကိုယ့်မိတ်ဆွေ အများစုနဲ့က အချိန်လည်း တူတူပဲကိုး။ ဒီတော့ gtalk အတွက်ရော.. skype အတွက်ရော… Blog အတွက်ပါ ကျမ အချိန်တွေ တော်တော် ပေးနိုင်ခဲ့တာပါ။ ခုကတော့ ကျမက အနောက်..သူတို့က အရှေ့… ကမ္ဘာတခြမ်းစီ မှာလေ…။ ပြီးတော့ ကျမဆီမှာ ဖိစီးမှုတွေအများကြီးနဲ့။
+++++++

ဒါဖြင့် ကျမက gtalk မှာ invisible လုပ်နေရလောက်အောင် ဘယ်လို မအားတာပါလဲ…။ ကျမနေတဲ့ Maryland က အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ဘက်ခြမ်းဆိုတော့ မြန်မာပြည်နဲ့ဆိုရင် အချိန်က နေ့နဲ့ည လုံးလုံးကွာပါတယ်။ ခုလိုနွေရာသီဆိုရင် ကျမတို့ဆီ နေ့လယ် ၁၂နာရီဆိုရင်.. မြန်မာပြည်မှာ ည.. ၁၀နာရီခွဲပါ။ ထိုင်းမှာ ည ၁၁နာရီ။ စင်္ကာပူမှာ ည ၁၂နာရီပါ။ ဆောင်းရာသီဆိုရင်တော့ နာရီက တနာရီ နောက်ဆုတ်လို့ မြန်မာပြည်နဲ့ နေ့ည အချိန် နာရီဝက်ပဲ ကွာပါ တော့တယ်။ ကျမဆီက ည ၁၁နာရီက မြန်မာပြည်ရဲ့ နေ့လယ် ၁၀နာရီခွဲပေါ့….။ အဲလို ပြောင်းပြန်ဖြစ်နေတဲ့အခါ အဲဒီက လူတွေကို အဆင်ပြေပြေ chat လုပ်မယ်ဆိုရင် ဖြစ်နိုင်တဲ့ အချိန်က ကျမရဲ့ မနက်ခင်း ၈နာရီလောက်ကနေ နေ့လယ် ၁၁နာရီလောက်ထိရယ်… ကျမရဲ့ ညပိုင်း အစောဆုံး ၉နာရီကနေ နောက်ပိုင်းလောက်ရယ်ဆိုတဲ့ အချိန်ပိုင်းလေးလောက်ပဲ ရှိပါတယ်။ ပြီးတော့ ကျမရဲ့ အလုပ်သဘာဝ ကလည်း အချိန်က ပုံမှန်မဟုတ်တာပါပါတယ်။ လူတောင်ပုံမှန်မဟုတ်တော့မှာ စိုးရသေး..။ ဒါဖြင့် အဲဒီ အချိန်တွေ ၀န်းကျင်တွေမှာ ကျမ ဘာတွေ လုပ်နေရပါသလဲ…။
++++++

ကျမရဲ့အလုပ်က ထုံးစံအတိုင်းဆိုရင်တော့ တပတ် ၅ရက်ပါပဲ။ အလုပ်က အသံလွှင့်လုပ်ငန်းဆိုတော့ ဂျူတီတွေက မနက်ပိုင်း ညပိုင်းခွဲထားရပါတယ်။ အဲဒီမှာ ကျမက အများအားဖြင့် မနက်ပိုင်းဂျူတီ၃ရက် နဲ့ ညပိုင်းဂျူတီ ၂ရက်ကျပါတယ်။ မနက်ပိုင်းသမားတွေရဲ့အလုပ်ချိန်က မနက် ၄နာရီမှာ ရုံးအရောက် ၀င်ရပြီး နေ့လယ် ၁၂နာရီခွဲမှာ ဂျုတီချိန် ကုန်ပါတယ်။ ညနေခင်းသမားတွေက နေ့လယ် ၁၂နာရီခွဲ ရုံးဝင်ရပြီး ညဘက် Air Show ပြီးချိန် ကိုယ့်အလုပ်တွေအားလုံးသိမ်းတဲ့အချိန် ပြန်ရပါတယ်။ အစောဆုံး ည ၉နာရီခွဲပေါ့။ ပြီးတော့ နားရက် တပတ် ၂ရက်ကို အဆင်ပြေသလို အလှည့်ကျ နားကြရတော့ နားရက်က ပုံမှန်မဟုတ်တဲ့အပြင် ၂ရက်ဆက်တိုက်လည်း နားရခဲလှပါတယ်။

ကျမတို့ မနက်ပိုင်းဂျူတီနေ့ဆိုရင် မနက် ၃နာရီ အိပ်ယာထပြီး အိမ်ကနေ ၃နာရီခွဲ နောက်အကျဆုံး ထားပြီး အိမ်ကထွက်မှ ၀ါရှင်တန်ဒီစီထဲက ရုံးကို အနည်းဆုံး နာရီဝက်လောက် ကားမောင်းပြီး ရောက်ပါတယ်။ ရုံးကို ၄နာရီလောက်ရောက်ပြီဆို ဒီနေ့ ဘာတွေထူးသလဲနဲ့ စပြီး နေ့လယ် ၂နာရီခွဲသာ ရှိသေးတဲ့ မြန်မာပြည်ထဲက သတင်းတွေကို လိုက်ရပါတော့တယ်။ မြန်မာပြည်ထဲ ဖုန်းခေါ်ရတဲ့ ဒုက္ခကိုလည်း စာဖွဲ့ မပြချင်တော့ပါဘူး။ အဲဒီ သတင်းလိုက်ရတာနဲ့ နိုင်ငံတကာသတင်းတွေ တက်လာတဲ့အခါ ဘာသာပြန်ရတာနဲ့ကိုပဲ အချိန် အတော် လုလုပ်ရပါတယ်။ မနက်ပိုင်းတာဝ န်ကျ ၇ယောက် ၈ယောက်က ပျားပန်းခတ်အောင် လုပ်နေကြရတာပါ။ တခါတလေများ ကော်ဖီဖျော်သောက်ဖို့တောင် အချိန်မရလိုက်လို့ အသံလွှင့်ချိန် ကျမတို့ရဲ့ မနက် ၇နာရီခွဲ (မြန်မာပြည်ရဲ့ ညနေ ၆နာရီ)မှာတော့ အသံလွှင့်ခန်းထဲထိုင်နေတဲ့ လူ၎ယောက်စလုံး ဗိုက်ထဲက ဂွီဆိုတဲ့ အသံတွေတောင်မြည်လို့ ရယ်ကြရပါတယ်။ တကယ်ပါ.. တကယ့်ကို အကျယ်ကြီးမြည်တာ။ တခါတလေများ အသံလွှင့်တဲ့အထဲ အဲဒီအသံ ပါသွားမလား လို့တောင် ထင်မိပါသေးတယ်။

အသံလွှင့်ချိန် ၁နာရီစာအတွက် ၃နာရီကြိုလုပ်တာတောင် အလျင်မီအောင် မနည်း လုပ်ကြရတာပါ။ အဓိကကတော့ Breaking News တွေနဲ့ သတင်းတက်တာတွေ နောက်ကျရင် ပျာကြရတာပါ။ သတင်းဆိုတာကလည်း ကျမတို့ အသံလွှင့်ချိန်မီအောင် ဖြစ်ပေးနေတာမှ မဟုတ်တော့ သတင်းတက်တဲ့ အချိန်များ နောက်ကျရင် ရုံးခန်းထိုင်ကျန်ခဲ့တဲ့သူတွေက နောက်က လိုက်လုပ်ပြီး အသံလွှင့်ခန်းထဲ လိုက်ပေးပေရော့ပဲ။ သတင်းကလည်း တခါတလေ တက်တာ တင်းကြမ်း။ ဥပမာ သဘာဝဘေးဒဏ် သတင်း များဆိုရင် တရုတ်ပြည်ရေကြီးတဲ့သတင်းမှာ သေနှုန်းက ကိုယ် သတင်း မကြေညာခင် နောက်ဆုံးအချိန်ထိ လူ ၂၀ သေဆုံး ကနေ အသံလွှင့်ချိန် တနာရီအတွင်းမှာကိုပဲ လူ ထောင်ကျော် ဖြစ်သွားတာမျိုး.. ၀န်ကြီးဝမ်ကျားဘောင် သွားနေပြီ ဆိုတာမျိုး တွေပေါ့။ အဲလို update တွေက မှားလို့ မရပါဘူး။

ဒီတော့ အဲဒီ အလုပ်ချိန် အတောအတွင်းဟာ တကယ့်ကို ခေါင်းမဖော်နိုင်လောက်အောင် လုပ်ရတဲ့အချိန်ပါ။ ဒီက မနက် ၇နာရီခွဲကနေ ၈နာရီခွဲ တချိန် အသံလွှင့်ပြီးတော့ နောက်တချိန်က မနက် ၁၀နာရီခွဲကနေ ၁၁နာရီခွဲတချိန် ထပ်လွှင့်ရပါသေး တယ်။ အဲဒီအချိန်အတွက်လည်း တတ်နိုင်ရင်တော့ သတင်းအသစ်တွေပဲ သုံးဖို့ ကြိုးစားရပါတယ်။ သတင်းအသစ် မတက်လွန်း ကာမှပဲ ပထမတကြိမ်သုံးပြီးသား သတင်းတချို့.. နောက် နှစ်ခါပြန်လွှင့်ဖို့လိုတဲ့ အရေးကြီးသတင်းတွေကို လွှင့်ပါတယ်။ အဲဒီ ရေဒီယိုချိန် ၂ချိန်ကြား ၂နာရီရတဲ့အချိန်လေးမှာ မနက်စာကို အလုပ်တဘက်နဲ့ပဲ အလုအယက် စားကြရပြီး နောက်တချိန် တနာရီစာ လွှင့်ဖို့ စီစဉ်ပြင်ဆင်ရပြန်ပါတယ်။ အလုပ်အားလုံး ပြီးပြီ အေးပြီရယ်လို့ နာရီကြည့်တော့ နေ့လယ် ၁၂နာရီထိုးပါပြီ။ မြန်မာပြည်မှာ ည ၁၀နာရီခွဲ.. ထိုင်းမှာ ည ၁၁နာရီ.. စင်္ကာပူမှာ ည ၁၂နာရီ……။ ပြီးတော့ ကျမတို့မှာလည်း Parking နေရာခက်ခဲလှတဲ့ Washington DC ထဲ... နေ့လယ်ပိုင်းသမားတွေ ကားရပ်စရာ အဆင်ပြေဖို့အတွက် ကိုယ်ရထားတဲ့ Parking နေရာလေးတွေမှာ သူတို့ ရပ်နိုင်ဖို့ မနက်ပိုင်းသမားတွေက အချိန်ကိုက် ပြန်ရပါမယ်။ သိပ်ပင်ပန်းထားပြီမို့ ပြန်လည်း ပြန်ချင်နေကြပါပြီ။ ကျမဆိုရင် များသောအားဖြင့် သူများကားနဲ့ လိုက်ပြန်ရတာ ဆိုတော့ ကိုယ်လိုက်မယ့်သူပြန်ချိန် အမီ လိုက်ပြန်ရတာပါပဲ။ ဒီတော့ သိမ်းဆည်း ပြင်ဆင်တာနဲ့ နေ့လယ် ၁၂နာရီခွဲ ရုံးပြန်ချိန်မှာတော့ အရှေ့ဘက်ခြမ်းက သူငယ်ချင်းတွေ အိပ်မောကျချိန် ရောက်ပြီပေါ့။ အိမ်ပြန်ရောက်ဖို့ကလည်း အနည်းဆုံးနာရီဝက်လောက် မောင်းကြရဦးမှာလေ..။ ဒါတောင် Traffic မမိပါမှ။ Traffic မိလိုက်လို့ကတော့ လမ်းမှာတင် တနာရီကျော်ကြာတတ်တာပါ။
+++++

အိမ်ပြန်ရောက်တော့.. ခုတော့ နွေကျောင်းပိတ်ရက်မို့ ကျမရဲ့ ဆည်းလည်းကြီးတွေ အိမ်မှာ ရှိနေတာပေါ့။ အရွယ်တွေကြီးလာ အသံတွေကလည်း ပိုညံလာတော့ ဆည်းလည်းလေးတွေ ဟုတ်တော့ဘူး။ ပြန်ရောက်တာနဲ့ ကလေးတွေနှုတ်ဆက်ပြီး မေမေ ခဏ နားမယ်ဟေ့လို့ အသံပေး.. ခြေလက်ဆေးပြီး တရေးဝင်အိပ်ရပါတယ်။ မဟုတ်ရင် ခေါင်းတွေအုံပြီး လူက စိတ်မကြည် ချင်ဘူး။ နေ့လယ် ၁နာရီခွဲလောက်ကနေ နေ့လယ် ၂နာရီခွဲလောက်ထိက ကျမရဲ့ တချက်အိပ်ချိန်ပါ။ အဲဒီအချိန်လောက်မှာတော့ မနက် ၅နာရီအလုပ်ဝင်ရပြီး နေ့လယ် ၂နာရီမှာ အိမ်ပြန်ရောက်တဲ့ ကလေးတို့အဖေလည်း အိမ်ပြန်ရောက်လာပါပြီ။ အဲဒီနောက်တော့ အိပ်ယာထ.. ကလေးတွေနဲ့ ဘာ ညာ ဘာညာလေးတွေ ပြောစရာရှိတာ လုပ်စရာရှိတာ လုပ်။ TV ခဏကြည့်ရင်းနားကြ။ ပြီး ဈေးဝယ်ဖို့ လိုရင် တချက်ပြေးဝယ်ကြ။ ညနေ ၄နာရီဝန်းကျင်ဆိုရင်တော့ ကျမတို့ အဖေနဲ့အမေ နှစ်ယောက်သား မီးဖိုချောင်အလုပ် စပါပြီ။ ညနေစာဟင်းချက်။ မနက်ဖန်နေ့လယ်စာအတွက် ချက်။ ကလေးတွေ မနက်စာစားဖို့ အသင့်ပြင်ခဲ့။ အချိန်တွေက ကုန်လွယ် လိုက်တာ။ အဲဒီအချိန်အတွင်းမှာပဲ တဘက်က သားနဲ့ သမီးကို မြန်မာစာသင်ရပါတယ်။ သူတို့ ကျောင်းဖွင့်ရက်ဆိုရင်တော့ အဲဒီအချိန် သူတို့ အိမ်စာတွေ ကူလုပ်ပေါ့။ ညနေစာထမင်းစားတဲ့ ည ၇နာရီလောက်ထိက အလုပ်မပြတ်တတ် သေးပါဘူး။ ည ၈နာရီမှာ လာတတ်တဲ့ ကျမကြိုက်တဲ့ Lifetime Movie တွေ တနာရီစာ ထိုင်ကြည့်ဖို့ ကိုတောင် အတော် အချိန်လုပ်ယူရတာပါ။

ရုပ်ရှင်ကြည့်တာကလည်း ကျမအတွက်က အနားယူတာတမျိုးဖြစ်သလို အင်္ဂလိပ်စကားပြောအတွက်လည်း ပါပါတယ်။ ဒါတောင် ကြော်ငြာတွေ လာချိန်မှာ မီးဖိုထဲ အလုပ်ဝင်လုပ်ရသေးတာပါ။ ည ၁၀နာရီလောက်မှာတော့ ပတ်စာခွာ ဖျာသိမ်းပါပြီ။ ဒါပေမဲ့ နောက်တနေ့မနက် ၃နာရီပြန်ထရမှာမို့ အိပ်လည်း အိပ်သင့်ပါပြီ။ အဲဒီအချိန်ကျမှပဲ ကလေးတွေကိုလည်း သူတို့အခန်းထဲ မောင်းသွင်း..။ ကျမကတော့ အင်တာနက်တချက်ထိုင်.. email စစ်… ရုံးအလုပ်ထဲက ကျန်သေးတဲ့ Web စစ်တဲ့အလုပ် လုပ်။ ည ၁၁နာရီထိုးတော့မယ်။ ဒါပေမဲ့ ကျမ အိပ်လို့ မဖြစ်သေးပါဘူး။ ဘာလို့လဲဆိုတော့ တပတ်တကြိမ်အသံလွှင့်နေရတဲ့ ရသစာအုပ်စင် ကဏ္ဍအတွက် စာဖတ်ရပါဦးမယ်။ အနည်းဆုံး တညကို ၀တ္ထုတို ၃ပုဒ်လောက်အနည်းဆုံး ဖတ်နိုင်ပါမှ တပတ် တပတ် ရွေးဖို့ ရေးဖို့ အချိန်မီပါတယ်။ ကျမ တကယ်အိပ်မယ်လို့ စာကြည့်မီးကို ပိတ်လိုက်တဲ့ အချိန်ဟာ အစောဆုံး ည ၁၁နာရီခွဲပါ။ ချက်ချင်း အိပ်ပျော်သွားရင်တော့ ကံ အင်မတန် ကောင်းတာပါပဲ။ ဘာပဲဖြစ်ဖြစ်.. နောက် ၃နာရီအကြာ မနက် ၃နာရီမှာ ထရမှာမို့….. အိပ်ချိန် ၃နာရီပဲ ရတာတော့ အသေအချာပါပဲ။
+++++

ဒါဖြင့် ညနေပိုင်းဂျူတီဆိုတော့ရော..။ အင်း အိပ်ချိန်လေး နည်းနည်း ပိုရတယ်ပေါ့။ ကျန်တာကတော့ အချိန်ပြောင်းသွားတာ တခုပါပဲ။ ပုံမှန်လည်ပတ်နေတာတွေက မပြောင်းပါဘူး။
မနက် ၈နာရီလောက်ထ… မနက်စာ စားဖို့လုပ်ပေး။ ကိုယ်ရှိနေရင်တော့လည်း ထမင်းကြော်ရင် ကြော်.. ဆီထမင်းထိုးရင်ထိုး။ မုန့်ဟင်းခါးလေးချက်ရင် ချက်။ (ကျမ ရုံးသွားရတဲ့နေ့ဆိုရင်တော့ ညပိုင်းကတည်းက ကျမ စီစဉ်ထုတ်ပေးထားခဲ့တဲ့ ပီဇာဖြစ်ဖြစ်.. ဆင်းဒ၀စ်ဖြစ်ဖြစ်.. ဘာဂါဖြစ်ဖြစ်.. Dumpling ဖြစ်ဖြစ်ကို သားကြီးက ပြန်နွှေးပြီး မောင်နှမတွေ အဆင်ပြေအောင် စားကြရတာပေါ့။) နောက် သားသမီးတွေ နိုးလာတော့ မနက်စာ စားကြ။ ကျမက ညနေစာအတွက် ဟင်းချက်။ ဟင်းချက်နေရင်းသားကပဲ သူတို့ကို မြန်မာစာသင်။ (သူတို့ ကျောင်းတွေ ဖွင့်ချိန်တုန်းကတော့ မနက်၈နာရီခွဲ သူတို့ ကျောင်းသွားချိန်မှာ ကျမရဲ့ အရှေ့ဘက်ခြမ်းသား ဘော်ဘော်တွေဆီမှာကလည်း ညအစောပိုင်းလေး ဆိုတော့ သူတို့နဲ့ Chat ရင်း အလုပ်လုပ်နိုင်ခဲ့သေးတာပေါ့) ခုတော့ ကလေးတွေ စာလုပ်နေတုန်း ကျမအတွက် ထမင်းဗူးပြင်။ နေ့လယ် ၁၁နာရီမှာ ရေချိုးပြင်ဆင်မှ အိမ်ကနေ ၁၁ခွဲထွက်။ ဒါမှ ရုံးကို ၁၂နာရီခွဲအရောက်လောက် ၀င်နိုင်။ ဟူးးးးးးးးးးးးးး
ရုံးရောက်ရင် ဘယ်လောက်ရှုပ်သလဲလဲ ထပ်မပြောတော့ပါဘူးနော်..။ ဆိုတော့…………………
(ဒီကြားထဲ အိပ်ချိန်စားချိန်မမှန်လို့… ပင်ပန်းတာအကြောင်းပြပြီး မတရားစားလို့… အစားအေသာက် မဆင်ခြင်လို့… ကိုယ်လက်လှုပ်ရှားမလုပ်လို့… ကိုယ်အလေးချိန်တက်.. Cholesterol တွေတက်တဲ့ ဆိုးကျိုးဆက်တွေ မပြောသေး… :P)
+++++

ဒါဖြင့် နားရက်ကလေးတွေမှာ ဘာလုပ်သလဲတဲ့။ သုံးလေးနာရီလောက်တော့ တကယ်ပဲ သေသေချာချာ နားပါတယ်။ အိပ်ယာထဲ လှဲရင်းဖြစ်ဖြစ်.. စာဖတ်ပါတယ်။ ရုပ်ရှင် တကားလောက် ကြည့်ပါတယ်။ ခုလို စာလေးပေလေး နည်းနည်း ရေးဖို့ ကြိုးစား ပါတယ်။ ပြီးရင် အိမ်ရှင်းတဲ့အလုပ်တွေဘာတွေ လုပ်ပါတယ်။ ကလေးတွေအဖေအလုပ်ကပြန်ရောက်ချိန်မှာ ဈေးဝယ်ထွက်တာတို့ ကလေးတွေကို တနေရာရာ ထွက်ပို့တာတို့ လုပ်ပါတယ်။ စနေည ... သောကြာညတွေမှာ ရှိတတ်တဲ့ မိတ်ဆွေတွေရဲ့ ပါတီတွေ သွားပါတယ်။ အဲဒါတွေကလည်း မလုပ်မဖြစ်တဲ့ ကိစ္စတွေပါပဲ။ ဗမာမိသားစုတွေ ဗမာကလေးတွေ ဆုံကြတာလေ။
++++

ပြောရရင်.. Blog ကို မလှည့်နိုင်တော့တာ ဒါတွေကြောင့်ပါပဲ။ Comment Box ကို ဖြုတ်လိုက်တာလည်း ဒါကြောင့်ပါ။ ကျမက အချိန်မှန်ဝင်မကြည့်နိုင်တော့ ရုန့်ရင်းကြမ်းတမ်းတာတွေကို အချိန်မီမဖျက်နိုင်တော့ အတော်အရုပ်ဆိုးပါတယ်။ ဒါပေမဲ့ တဘက်ကလည်း ဘလော့မှာမှ ဆက်သွယ်ကြရတဲ့ ဘလော့ဂါမောင်နှမတွေကို လွမ်းလွမ်းနေတာလည်း အမှန်ပါပဲ။ Moderate တော့လည်း မလုပ်ချင်ဘူး။ (ခုတော့လည်း လွမ်းလာတာနဲ့ Comment ပြန်ဖွင့်ထားလိုက်ပြန်ပါပြီ.. ကိုပေါကတော့ ဘာပြောဦးမယ် မသိ :P)

နောက်ပိုင်း ပိုဆိုးမှာက ကလေးတွေလည်း ကျောင်းပြန်ဖွင့်မယ့် လာမယ့် Fall term မှာ ကျမ ကျောင်းတက်တော့မှာ။ အချိန်ထပ်ပေးရမယ့်အပြင် ကျောင်းစာတွေပါ ပိတော့မှာ။ Blog ဘယ်လိုပြန်ရေးမလဲတဲ့..။ စဉ်းစားတိုင်း ကျမ စိတ်မကောင်း ဖြစ်ရပါတယ်။ အချိန်မရှိပါဘူးဆိုကာမှ ရေးချင်တာတွေ ရေးစရာတွေကလည်း ပေါ်လာလိုက်တာ အစီအရီပေါ့။
ဒီနေ့ဆိုရင် ကိုငှက်ဆုံးတာ ၆နှစ်ပြည့်ပြီ။ ဒီတလော သွယ်သွယ်နဲ့ မိထောလေးကို သတိရရနေတာ။ သမီးတောင် ၁၅နှစ်သမီး လောက် ရှိပြီထင်ပါရဲ့ဆိုပြီး သတိရနေတာ။ ဒါပေမဲ့ ကျမ စာမရေးနိုင်။ ဒီတခါတော့ စကားလုံးတလုံးမှ ထွက်ကျ မလာ။ မနက်ဖန် သြဂုတ် ၁၅ရက်ကျတော့ ဆရာကြီး မင်းသုဝဏ် ၆နှစ်ပြည့်။ အဲဒီအထိမ်းအမှတ်အတွက်တော့ ဆဲဗင်းအလဲဗင်း ရွေးကောက်ပွဲ ဆိုတာကြီးနဲ့လည်း အံကိုက်အောင် … ဘကြီးအောင် ညာတယ်..၀တ္ထုတိုလေးကို ရသစာအုပ်စင်တင်ဖို့ လုပ်နေပါတယ်။

လောလောဆယ်တော့ ဘလော့လေး အသက်မသေရလေအောင် ကြိုးစားပြီး စာ နည်းနည်းစီ ပြန်တင်ဖို့ တကယ်ပဲ ကြိုးစားနေပါတယ်။ တဘက်ကလည်း ရသစာအုပ်စင် ဘလော့လေးမှာ အပတ်စဉ်အသံလွှင့်ခဲ့တဲ့ အသံဖိုင်တွေကို အချိန်ရတိုင်း ပြန်တင်နေပါတယ်။
ခုတော့ ကျမခမျာ… အဆိုတော်ဇော်ဝင်းရှိန်ရဲ့ တကယ်ဆို အချစ်ပဲလိုတယ် ဆိုတဲ့သီချင်းကို အချစ်နေရာမှာ အချိန်ကိုပဲ အစားထိုးပြီး သတိရနေရပါတော့တယ်။

++++++

Jul 21, 2010

ဝတ္ထုပြန်ရေးချင်လိုက်တာ....

ခုတလော ကလေးတွေ နွေ ကျောင်းပိတ်လို့ သူတို့ ကိစ္စတွေအတွက် အချိန်တွေ ပိုပေးနေရတဲ့ကြားထဲကပဲ ၀တ္ထုရေးချင် ပန်းချီရေးချင်တဲ့ စိတ်တွေ ခဏခဏ ပေါ်လာနေပါတယ်။ ဟိုးတုန်းကလို အချစ်ဝတ္ထုတအုပ်..။ ဒါမှမဟုတ်.. ၀တ္ထုတိုလေးတွေပေါ့…။ ရာသီဥတုပူပူအောက်မှာ သစ်ပင်တွေ စိမ်းမြနေတာကို ကြည့်ရင်း… အရောင်တွေကို ပန်းချီရေးနေတာလည်း စိတ်ထဲမှာတော့ အကြိမ်ကြိမ်..။ ဒါပေမဲ့ နှစ် ၂၀ ကျော် ပန်းချီနဲ့ ဝေးခဲ့တဲ့ လက်တွေက ဘာမှမတတ်တော့ဘူးလို့ ခံစားနေရပါတယ်။ နောက်တခု.. ကျမရဲ့ သဘာဝက အပျော်တွေကိုပဲ ရွေးခံစားပြီး ကြည်ကြည်နူးနူးနေတတ်တဲ့ သဘာဝမို့၊ ခုလို အပျော်တွေ တိုရေရှားရေ နိုင်လာတဲ့ ကာလမျိုးမှာ ကြည်နူးလေ့တဲ့စိတ်ကို နှမျော နေမိတာလည်း ပါပါလိမ့်မယ်။

ဖြစ်နိုင်ရင်… နဘေးက သစ်ပင်လေးတွေ နေပူပြင်းပြင်းအောက်မှာ ခေါင်းထောင်ကြော့နေတာ လေးတွေကိုပဲ ကြည်နူးစိတ်နဲ့ ရေးချင်တယ်..။ ပြီးတော့ အပွင့်ရောင်စုံဆန်းဆန်းတွေ ပွင့်တတ်ပေမဲ့ ရနံ့တော့ မသင်းတဲ့ အမျိုးအမည်မသိတဲ့ ပန်းပွင့်တွေကို သနားစိတ်နဲ့ ရေးချင်တယ်..။ အိမ်ခြံဝင်းထဲ ၀င်ဝင်လာတတ်တဲ့ ယုန်ညိုလေးနှစ်ကောင်ကို ကြည့်ပြီး လွတ်လပ်လိုက်တာ.. ဘေးကင်းလိုက်တာလို့ ခံစားရတဲ့ စိတ်ချမ်းသာမှုကို ရေးချင်တယ်။ အိမ်ဝင်းထဲက အပင်တွေဆီ လာလာနားတတ်တဲ့ ချစ်စရာ ငှက်မျိုးစုံကို တွေ့တဲ့အခါ ခံစားရတဲ့ ချစ်စိတ်ကို ရေးချင်တယ်။


ပင်လယ်လှိုင်းစီးနေတဲ့ စင်ရော်တွေကို ထိုင်ငေးရင်း ဘ၀မှာ သဘာဝ သက်သက်ကိုပဲ ခံစားရင်းနေလို့ ရရင်ကောင်းမှာဆိုတဲ့ တမ်းမက်စိတ်ကို ရေးချင်တယ်..။ ဒီခေတ်ကြီးထဲ တမြေစီဝေးနေရပေမဲ့ .. အဆင်မပြေမှုတွေရှိတဲ့ကြားထဲကပဲ တယောက်နဲ့ တယောက် သစ္စာရှိရှိချစ်နေကြတဲ့ ငယ်ကျွမ်းဆွေ နှစ်ယောက် (ကျမ ချစ်တဲ့ ကလေးတွေပေါ့)အတွက် ခံစားရတဲ့ ကိုယ်ချင်းစာ အလွမ်းကိုလည်း ရေးချင်တယ်။ မဖြစ်နိုင်တဲ့ အချစ်ကို ထိတွေ့မိလို့ ခံစားနေရတဲ့ အရွယ်လွန် မိန်းမတယောက်ရဲ့ တပြည်တရွာမှာ ကြွေကွဲနာကျင် အထီးကျန် နေရတာမျိုးကိုလည်း စာနာစိတ်နဲ့ ရေးချင်တယ်။ အိမ်ရှေ့ ပန်းအိုးထဲက သပြေပင်လေး အညွန့်တွေ ဝေနေတာကို ကြည့်ပြီး ဆရာမင်းသုဝဏ်ရဲ့ သပြေညိုကို လွမ်းဆွတ်သတိရကြောင်း.. ရေးချင်တယ်။


အပွင့်တွေ ဝေတဲ့ စပယ်ပင်ကို တွေ့တော့လည်း စပယ်ဖြူတွေတောင် ပွင့်ပြီကွယ်ကို လွမ်းကြောင်းပေါ့။


ည ည.. အိမ်ရှေ့မြက်ခင်းပြင်ကနေ ညကောင်းကင်ကို မျှော်ကြည့်တဲ့အခါ ကြယ်တွေအများကြီးကို တွေ့ပြန်တော့ ကိုငှက်ရဲ့ ကြယ်တွေစုံတဲ့ညကို တမ်းတတဲ့အကြောင်း ရေးချင်တယ်..။ ဒီလိုပဲ… သဘာဝကျကျ လွမ်းမိတဲ့ စိတ်အစုံကို ရေးချင်လှပါတယ်။

+++++

တကယ်ပါ…။ တချိန်ကလို.. လုံးချင်းတအုပ်ရေးအပြီးမှာ အကျေနပ်ကြီးကျေနပ်ပြီး ဈေးကွက်အရ ပေါက်မပေါက်ဆိုတာကို မစဉ်းစားဘဲ.. ကိုယ့်စာအုပ်ဖုံးလေးလှဖို့အရေး.. ကိုယ့်စာအုပ်လေး သပ်ယပ်ဖို့အရေး.. ထုတ်ဝေသူနဲ့ ငြင်းရ ခုန်ရ..။ စာအုပ်လေးထွက်လာရင် အကြိမ်ကြိမ်ပြန်ဖတ်ရင်း.. ဒီနေရာမှာ ဒီလိုလေး ရေးလိုက်ရကောင်းသားလို့ ပြန်ပြန်တွေးနေရတဲ့ ခံစားချက်အလွမ်းကိုလည်း မချိတင်ကဲ ရေးချင်ပါသေး။

မဂ္ဂဇင်းထွက်လို့များ ကိုယ့်ဝတ္ထုတို ပါပြီဆို သရုပ်ဖော်ပုံကိုကြည့်ပြီး သဘောကျကျေနပ်ရတဲ့ ခံစားချက်ကိုလည်း တသသ လွမ်းမိတာ ဒီရက်တွေထဲမှာ…။ ပြီးတော့ စာသင်ခန်းထဲက ကျမကို မော့ကြည့်နေကြတဲ့ မျက်လုံးလေးတွေ………………… ဘယ်တော့မှ မတွေ့နိုင် ပြန်မရနိုင်တော့တဲ့ အနေအထား….။

++++++

တကယ်တော့ လက်ရှိဘ၀က အပူပင်နည်းနည်း.. အလုပ်များများ..၊ သောကနည်းနည်း .. ပျော်စရာများများ….၊ အမုန်းနည်းနည်း.. အချစ်များများပါ..။ ဒါပေမဲ့ ကျမရဲ့ စိတ်နှလုံးထဲမှာတော့ မပြေနိုင်တဲ့ အလွမ်းတွေက အမြုတေလို တည်နေပြီ။

+++++

နေ့တိုင်း နေ့တိုင်း "ရသစာအုပ်စင်"တာဝန်အတွက်ရော.. ကိုယ့် စိတ်အဆာအတွက်ရော… ၀တ္ထုအပုဒ်ပေါင်း များစွာ.. မဂ္ဂဇင်းပေါင်းများစွာ ဖတ်နေရင်းသားကပဲ.. ကိုယ်တိုင် ၀တ္ထုမရေးနိုင်တဲ့ အတွက် ကြေကြေကွဲကွဲ။ အဲဒီအခါ ကိုယ့်နှလုံးထဲ ကိုယ်ပြန်စိမ်ဝင်ကြည့်တော့ ……… ကျမက ချစ်ခြင်းတရားကို လွမ်းနေတာပါလားရယ်လို့ တွေ့ပါတယ်။

+++++

ကျမ.. အလွမ်းပြေဖို့အတွက် တခုခု လုပ်မှဖြစ်တော့မယ်လို့ စဉ်းစားတော့… လောလောဆယ်မှာတော့ “ကျမရဲ့ ချစ်ခြင်းများ..” ဆိုတဲ့ ခေါင်းစဉ်နဲ့ ချစ်ခဲ့ဖူးသမျှတွေအကြောင်း ရေးမယ်လို့ အဖြေထွက်ပါရောရှင်…။

+++++

Jul 8, 2010

ချစ်လို့ ရေးတဲ့ Tag .. "အသွင်တူ၏.. မတူ၏..."

အချစ်ဝတ္ထုတွေ အများကြီးရေးခဲ့ပြီး ကိုယ်တိုင်လည်း အချစ်ဆိုတာကို အကြိမ်ကြိမ် ကြုံခဲ့ဖူးပေမဲ့ ခုချိန်ထိလည်း အချစ်ဆိုတာဟာ ဆန်းကြယ်တဲ့အရာလို့ လက်ခံနေမိဆဲ ကျမက အချစ်ဆိုတာဟာ တစုံတရာ အမျိုးအမည်တပ် သတ်မှတ်လို့ မရဘူး ဆိုတာကိုလည်း သဘောတူပါတယ်။

++++++

အေးအေးဆေးဆေးနေတတ်တဲ့.. လူ့လောကရဲ့ ပရိယာယ်တွေအကြောင်းလည်း သေချာ မသိတဲ့.. ပကတိ ရိုးသားဖြူစင်တဲ့.. ကိုယ့်ထက်လည်း ၁၀စုနှစ်တခုစာလောက်နီးပါး ငယ်တဲ့ လူငယ်လေးတယောက်ကို အသက် ၃၀ကျော်မှ.. ဘ၀အတွေ့အကြုံစုံလှတဲ့.. နာနာကျင်ကျင် အတိတ်တွေ ရှိတဲ့.. ပြီးတော့ ပတ်ဝန်းကျင် အကြီးကြီးထဲ ကျင်လည်နေရတဲ့ ကျမက ဘာလို့ ချစ်ခဲ့.. လက်ထပ်ခဲ့ပါသလဲ..။ အသွင်တူ၏ မတူ၏ဆိုတာကိုရော စဉ်းစားမိခဲ့ဖူးပါသလား..။ သေချာတာကတော့ မစဉ်းစားခဲ့ဖူးဘူးဆိုတာပါပဲ…။ ခုကျမှ မသက်ဝေ Tag လာတာနဲ့ ရေးမယ်လို့ စဉ်းစားကြည့်တော့……

++++++

ရင်ခုန်ရင် အချစ်ပဲကွယ်လို့ ထူးအိမ်သင်ပြောတော့ ကျမက ခြွင်းချက်မရှိသဘောတူ ထောက်ခံခဲ့တာ..။ ဒါပေမဲ့ အချစ်ဆိုတာနဲ့ ပတ်သက်ရင် ရင်ခုန်တာ တခုတည်းနဲ့ ဆုံးဖြတ်ခဲ့တာတော့ မဟုတ်ပါ..။ သူနဲ့ ကိုယ့်အကြား နားလည်နိုင်မှု ဘယ်လောက် ရှိမလဲ..။ ပြီးတော့ ညှာတာ စာနာနိုင်မှု ဘယ်လောက်ရှိမလဲ..။ ဒါတွေလည်း တွေးခဲ့မိပါတယ်။ အသွင်တူဖို့သာ အဓိကထား ထည့်စဉ်းစားမယ်ဆိုရင်တော့ ကွာဟနေတဲ့ စရိုက်လက္ခဏာ တော်တော်များများကို တွေ့ရမယ် ထင်ပါတယ်။ ကျမက ရန်ကုန်သူ… ပိုဆိုးတာက သူနဲ့ ခေတ်တခေတ်စာ ကွာရုံသာမက.. ယဉ်ကျေးမှု လူမှုပုံစံလည်း တော်တော် ကွဲပြားသူ..။ ကျမက စွန့်စွန့်စားစား လှုပ်လှုပ်ရှားရှား နေချင်သူ..။ သွက်သွက်လက်လက်။ သူက နယ်မြို့ ရွာလေးတရွာက..။ ဘ၀ကို အေးအေးချမ်းချမ်းနဲ့သာ ဖြတ်သန်းချင်သူ။ တည်ငြိမ်အေးဆေးသူ။ ဒါပေမဲ့ ကျမတို့ နှစ်ယောက်ကြားမှာ မေတ္တာတရား တူကြ.. တယောက်အပေါ် တယောက် စာနာငဲ့ညှာတာ တူကြ။ အေးချမ်းတဲ့ မိသားစုဘ၀ တည်ဆောက်ချင်တာ တူကြ။ တယောက်ကိုတယောက် ပံ့ပိုးပေးချင်တာ တူကြ။ တယောက်အပေါ် တယောက် ယုံကြည်အားကိုးစိတ်ရှိတာ တူကြ။ သူပေးချင်တာကို ကိုယ်မက်မောပြီး ကိုယ်ပေးချင်တာကို သူ တန်ဖိုးထားတာတွေ တူကြ။ ရိုးတာနေပြီဖြစ်တဲ့ အခိုင်းအနှိုင်းနဲ့ပဲ မြင်သာ ထင်သာအောင် ပြောရရင်.. ကျမတို့ နှစ်ယောက်ဟာ ကိုယ့်ရဲ့ လိုနေတဲ့ တခြမ်းကို ရှာတွေ့ခဲ့ကြတယ်ပဲ ပြောရမှာပါ..။ ဒီလိုနဲ့ လက်တွဲခဲ့ကြတာ ၁၂နှစ်ကျော်ပြီ။ သားသမီး ၃ယောက်နဲ့ ဒီမိသားစုကြီးကြီးရှိနေတာကို ကျမ ပီတိဖြစ်သလို သူက ကျေနပ်..။ သားသမီးတွေရှေ့မှာ ခိုက်ရန်မဖြစ်တဲ့ မိဘတွေအဖြစ် ရပ်နိုင်တဲ့ အတွက်လည်း ကျေနပ်မိသားပါ..။ (တကယ်တော့ တမိသားနဲ့ တမိသားပဲ .. စိတ်အခန့် မသင့်တာတွေ ကြုံသပေါ့.. ဒါပေမဲ့ ထိန်းကြရတာပါပဲ..။ ဒီတော့ အဲလို ထိန်းနိုင်တာကိုပဲ ကျေနပ်ရတာပါ)။

++++++

ကျမဆီမှာ သူ မကြိုက်တာက ဒေါသကြီးတာကိုပါ..။ သူ့ဆီမှာ ကျမ မကြိုက်တာကကျတော့ သဘောကောင်းလွန်းပြီး သူများပြောသမျှ ယုံလွယ်တာ။ ကျမကိုကျမ သဘောကောင်းလှပြီ.. ယုံလွယ်လှပြီ ထင်တာ.. သူနဲ့ကျမှ… စိတ်ပါတိုရတဲ့အထိ။ ဒါပေမဲ့ သူက ကျမကို အလိုလိုက်တဲ့သူမို့ ကျမ ပြောစကား နားထောင်ပြီး ကျမကို အရာရာ အသိပေး တိုင်ပင်တတ်လို့ တော်ပါသေးပေါ့။ နောက်တခု သူ့ကောင်းကွက်က ကျမ ကိစ္စတွေကို ၀င်မစွက်ဖက်တတ်ပဲ ကျမ လုပ်သမျှကို ယုံကြည်စိတ်ချတာ.. အကောင်း ထင်တာ..။ ဒါကြောင့်ပဲ ကျမက ကိုယ့်အလုပ်တွေမှာ နောက်ဆံမတင်းဘဲ စိတ်ချလက်ချ ယုံကြည်ရာအတိုင်း လုပ်နိုင်ခဲ့တာပါ။ သူနဲ့ ကျမကြားမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာက သားသမီးကိစ္စ..။ သားသမီးတွေအပေါ်မှာ သူအလိုလိုက်လွန်းလို့ ကျမနဲ့ မကြာခဏ အငြင်းအခုန်ဖြစ်ရတာ..။

သူနဲ့ ကျမကြားက အဆင်ပြေတာတခုကတော့ နှစ်ယောက်စလုံး မီးဖိုချောင်ကိစ္စ ၀ါသနာပါတာမို့.. အဆင်ပြေသလို ချက်ကြ ပြုတ်ကြရတာပါ။ ကျမက မုန့်ဟင်းခါး.. အုန်းနို့ခေါက်ဆွဲ.. ကြက်ဆီထမင်း.. ကြေးအိုး.. ဆီချက်ခေါက်ဆွဲ.. ရှမ်းခေါက်ဆွဲ.. နန်းကြီးသုပ်.. အသုပ်စုံ.. ၀က်သားတုတ်ထိုး.. ဆီထမင်း.. အဲဒါတွေလုပ်ရတာမှာ ပျော်ပြီး သူကတော့ ဟင်းချက်တာမှာ ကောင်းပါတယ်။ အမဲသားနှပ်.. ဘဲသားဆီပြန်.. ၀က်သားနှပ်.. ငါးရေချိုဟင်း.. ငါးကလေးအိုးကပ်၊ ကြက်သားကာလသားချက်၊ ငါးသလောက်ပေါင်း၊ မှိုကန်စွန်းကြော်နဲ့ ငပိထောင်း တွေမှာ သူ့ကို ကျမ မီအောင် မချက်နိုင်ပါဘူး။ နောက်တခု ချဉ်ရည်ဟင်းနဲ့ သီးစုံကုလားဟင်းတွေဆိုလည်း ကျမ ချက်တာ သူ့လောက်မကောင်းဘူး။ ကြာဇံကြော် ခေါက်ဆွဲကြော်တွေလည်း သူက ပိုကောင်းပါတယ်။ ဒီတော့ ကျမတို့ နှစ်ယောက် အားတဲ့ ရက်တွေ ညှိပြီး အဆင်ပြေသလို မီးဖိုဝင်ကြတာက တော်တော် အဆင်ပြေပါတယ်။

ကျမအတွက် နောက်ထပ် စိတ်ချမ်းသာစရာတခုကတော့ သူက ခြံစိုက်တာ ၀ါသနာပါပြီး ခြံထဲ သီးပင်စားပင် ပန်းပင်တွေနဲ့ အချိန်ကုန်တတ်သလို.. ကျမက အိမ်ခန်းအပြင်အဆင် ၀ါသနာပါတာမို့ နှစ်ယောက်သား အံကိုက်ပြန်တာပါပဲ..။


ခြံထဲက သူ့အပင်တွေဆီကနေ.. ခူးဆွတ်စားရတာ.. ပန်းတွေ လှ.. ပန်းတွေ မွှေးတာကို ကျမ စိတ်ချမ်းသာရသလို၊ ကျမ စိတ်ကြိုက် နေရာချထားတဲ့ သပ်သပ်ယပ်ယပ် အိမ်ခန်းထဲ သူလည်း စိတ်လက်ချမ်းသာရမှာပါ။




(တန်ဖိုးကြီးပစ္စည်း တခုမှ မရှိပေမဲ့.. ကျမ စိတ်တိုင်းကျတဲ့ ဧည့်ခန်းလေး)

အရေးကြီးဆုံးတချက်ကတော့ ကျမတို့နှစ်ယောက်လုံးက ချမ်းသာကြီးပွားချင်စိတ် နည်းနည်းမှ မရှိဘဲ.. မိသားတစု မပူမပင်ရဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ တူတူ နေနေရရင် တော်ပြီဆိုတဲ့ ခံယူချက်မှာ တူကြတာပါပဲ။

+++++

ကျမက ပွင့်လင်းလွတ်လပ် နေတတ်သူမို့ တကယ်တော့ ကျမဒဏ်ကို ခံနိုင်ဖို့ဆိုတာကလည်း သိပ်တော့ မလွယ်တာ အမှန်ပါ..။ ကျမက ကိုယ်က မှန်တာလုပ်တာပဲဆိုတဲ့ မာန်ကလည်း ရှိသေးတာလေ။ ပြီးတော့ လင်ယောက်ျားဆိုတာကို အဆွေခင်ပွန်းလို သဘောထားတာမို့ ထူးထူးခြားခြား ရိုသေကိုးကွယ်တာမျိုး မလုပ်တတ်သလို ပစ္စလက္ခတ်လည်း မဆက်ဆံ တတ်ပါဘူး။ ဒီတော့ မိန်းမဆိုတာ လင်သားကို ကိုးကွယ်ရမယ်လို့ ခံယူတဲ့ ယောက်ျားမျိုး ဆိုရင်တော့ ကျမနဲ့က အခြေအနေ မကောင်းနိုင်ပါဘူး။ ပြီးတော့ ကျမရဲ့ တန်ဖိုးထားပုံက ယောက်ျားတယောက်ဟာ.. မလိမ်မညာတတ်သူ ဖြစ်ရမယ်။ ဇနီးမယားကို ငဲ့ညှာ ကြင်နာ တတ်ရမယ်.. သူတပါးကို စာနာ နားလည်တတ်သူ ဖြစ်ရမယ်။ သူတပါး ပျက်စီးရာ ပျက်စီးကြောင်း ကြံတတ်သူမျိုး မဖြစ်ရဘူး။ မိသားစုကို ခင်တွယ်ရမယ်။ ဖခင် ပီသရမယ်..။ အဓိပ္ပါယ်မဲ့ သ၀န်တိုနေတတ်တဲ့သူမျိုး မဖြစ်ရဘူး။ ဒါဆို ရပြီ။ အဲဒီအခါ ကျမနဲ့ သူရဲ့ အသွင်မတူမှုတွေက ဘာမှ အရေးမကြီးတော့ဘဲ.. ကျမသတ်မှတ်ထားတဲ့ လိုအပ်ချက်စံတွေနဲ့ ကိုက်ညီလှတဲ့ သူဟာ.. ကျမအတွက်တော့ တန်ဖိုးရှိလှတဲ့ ခင်ပွန်းကောင်းပါပဲ။

+++++

အဲဒီအခါ ခုနေခါ ခင်ပွန်းနဲ့ ပတ်သက်လို့ ရင်သိမ့်သိမ့်ခုန်တာမျိုး မရှိလှတော့ပေမဲ့ အလုပ်က ပင်ပင်ပန်းပန်းပြန်လာတဲ့အချိန် အေးချမ်းတဲ့ဘ၀လေးတခု ရှိနေတယ်လို့ သေချာတဲ့ အိမ်လေးကို လှမ်းမြင်လိုက်တယ်ဆို အမောပြေ.. ကြည်နူး...။



ညနေတွေ စိတ်ပင်ပန်းတဲ့အခါ သူ့အပင်တွေနား စိတ်လက်ချမ်းသာ..။ တခါတခါ အော်ဟစ်ဆူပူရင်းနဲ့ပဲ.. စကားတတ်လှတဲ့ သမီး၊ ချွဲတတ်တဲ့ သားငယ်နဲ့၊ တဘက်တလမ်းက အားကိုးနေရပြီဖြစ်တဲ့ သားကြီးတို့အကြားမှာ.. ကျမအတွက်တော့ "ကျမချစ်မြဲ သံသာဝဲမှ ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်.." ကိုပဲ တဆိုဆို…။

+++++

တကယ်တော့ အသွင်တူလွန်းလို့ ကွဲကွာရတဲ့ ဘ၀မျိုးတွေကို ကြုံဖူးခဲ့တဲ့ ကျမကတော့ အသွင်တူတာ မတူတာထက် ချစ်ခြင်းမေတ္တာ တူဖို့သာ လိုတယ်လို့သာ ယုံကြည်ပါတယ်..။ တကယ်တော့ ပန်းချီအနုပညာမှာတောင်မှပဲ Contrast Color တွေရဲ့ အတွဲက ပိုပြီး Harmony ဖြစ်.. လှပနေတတ်တာမျိုးပါ။ ဒီနေရာမှာ ကျမ ခဏခဏ ညည်းမိတဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းလေးကို ထည့်ပြောပြချင်ပါတယ်။
ဒုက္ခ.. သုခကို တိုးသိစွမ်းစေတဲ့ အရာပါ..
အလွမ်းအဆွေး.. ချစ်ခြင်းရဲ့ အရသာစပ်တဲ့ အပိုင်းရယ်ပါ..။
ဘာတွေကို ဆုတောင်းရဦးမှာလဲ.. ဘာတွေကို မကျေနပ်ဘူး ပြောရမှာလဲ..။ ဒီကမ္ဘာရဲ့ အချိုဆုံး ၀တ်ရည်ကို တူတူ သောက်ခွင့် ရနေမှ…။


+++++++


Jun 20, 2010

အန်တီစု မွေးနေ့

မနေ့က အန်တီစုမွေးနေ့ပွဲကို ၀ါရှင်တန်ဒီစီမှာ စည်စည်ကားကား ကျင်းပကြပါတယ်။ အဲဒီပွဲမှာ သမီးလေးက ကပြီး သားငယ်လေးကလည်း ကလေးတွေ အန်တီစုရဲ့ Biography ကို အသီးသီး ပြောကြတဲ့အထဲ ပါတာမို့ .. သူတို့ ဝေယျာဝစ္စနဲ့ အလုပ်ရှုပ်ပြီး ကျမ တနေကုန် အင်တာနက်မထိုင်ဖြစ်ပါ။ ခုတော့ အန်တီစုရဲ့ အသက် ၆၅နှစ်ပြည့်မွေးနေ့နဲ့ ချိန်ကိုက်တင်ပေးချင်တဲ့ အန်တီစု ပုံတူ ပန်းချီကို မျှဝေ တင်ပေးလိုက်ပါတယ်။ ကျမ ကြိုက်တဲ့ ပန်းချီဆရာ မျိုးမြင့် ရဲ့ လက်ရာပါရှင်..။



အန်တီစု သက်ရှည် ကျန်းမာ အနာမဲ့စွာနဲ့ သူချစ်တဲ့ အမိမြေနဲ့ ပြည်သူလူထုကို ရင်ဝယ်သားလို ထွေးပိုက်စောင့်ရှောက်ခွင့် ရပါစေ...။