Sep 16, 2011

မိုးနေ့


တပတ်လုံးလုံး မိုးစွေနေတာ..။
ကိုယ့်နားက မြင်ကွင်းအားလုံး မှိုင်းညို့နေပြီး တချိန်တည်းမှာပဲ စိမ်းစိုအေးချမ်းနေတယ်..။ မိုးတွေအဲလို ရေပါပါနဲ့ ဆက်တိုက်ရွာတာကို ဘ၀တလျှောက်လုံး ကြုံခဲ့ဖူးသမျှ တခါမှ စိတ်ပျက်စရာကောင်းလိုက်တာလို့ မတွေးမိခဲ့ဖူးတာကိုလည်း သတိရတယ်။
ဘယ်အရွယ်ကတည်းက မိုးနေ့တွေကို ချစ်ခဲ့တာပါလိမ့်…။
၎နှစ်နီးပါးနေခဲ့တဲ့ ဘားအံ.. ၅နှစ်ကျော်နေခဲ့တဲ့ မော်လမြိုင်.. နှစ်နေရာစလုံးက မိုးကောင်းတဲ့ ဒေသတွေ…။ ရက်ဆက် မိုးတွေ သည်းသည်း ရွာလို့ မိုးရေအေးစက်စက်တွေထဲ လမ်းလျှောက်ရရင် ချမ်းတဲ့ကြားက ပျော်တာပဲ။
ခုလည်း အမေရိကအရှေ့ခြမ်းမှာ မြစ်ရေလျှံတဲ့ထိအောင် မိုးတွေ ကြီးနေပြန်ပြီ။
အိပ်ယာက အိမ်ပေါ်ထပ်မှာမို့ ခေါင်မိုးနဲ့နီးနေတော့ အုတ်ကြွပ်မိုးပေါ် မိုးရေကျသံ တပေါက်ပေါက်ကို ကြားနေရတာ သဘောကျလိုက်တာ။ အိပ်ယာပေါ် စောင်ပုံအောက်ကနေ နားထောင်နေမိတဲ့ မိုးသံဟာ ဘားအံက သစ်သားအိမ်လေးရဲ့ သွပ်မိုးပေါ်ကျတဲ့ အသံနဲ့ ဘာမှမကွာ..
ရွာက အိမ်ရဲ့ အုတ်ကြွပ်ခေါင်မိုးပေါ် ကျတဲ့ အသံနဲ့လည်း တူတူ။
မော်လမြိုင် တောင်ဝိုင်းတက္ကသိုလ်ကျောင်းဝင်းထဲက ဆရာများအိမ်ရာ တန်းလျားလေးရဲ့ ခေါင်မိုးပေါ်က မိုးသံ..
အို… ရန်ကုန်က အမေ့ သစ်သားအိမ်လေးရဲ့ သွပ်မိုးပေါ်ကျတာလည်း ဒီမိုးသံ ပါပဲ..။
ကျမအတွက် မိုးရေစက်တွေနဲ့ မိုးရဲ့ တေးသံတွေဟာ ကမ္ဘာ့အရှေ့ခြမ်းဖြစ်ဖြစ်.. အနောက်ခြမ်းဖြစ်ဖြစ် တူတူပါပဲ။
အေးမြပုံ.. ပြီးတော့ မိုးရနံ့…
ခုဆို အိမ်ရှေ့က စံပယ်ပင်လေးလည်း အဖူးတွေဝေ.. သပြေပင်လေးကလည်း အညွန့်တွေ ချိုးချိုးပြီး ပန်းအိုးနိုင်နိုင်ထိုးပစ် တာတောင် အညွန့်သစ်တွေ တလူလူတက်လို့..။
မိုးအေးအေးနဲ့ ကျမတို့ အိမ်ကလေးထဲမှာ လဘက်ရည်ချိုနှပ်ထားတဲ့ အနံ့လေးနဲ့ အီကြာကွေး ဆီပူထိုးတဲ့အနံ့လေးနဲ့။
ဟော… မျက်နှာချင်း ဆိုင်က အိမ်လေးကို လှမ်းကြည့်လိုက်တော့ ကျမရဲ့ သမီးလိုဖြစ်နေတဲ့ မအိ က ရုံးသွားဖို့ ကားပေါ်တက်နေပြီ။
သမီးရေ.. မိုးအေးတယ်နော်.. အနွေးထည်ဝတ်သွား..။
ပုလဲလေးရော.. ဒီနေ့ ကျောင်းမှာ မအေးစေနဲ့နော်.. လို့ မအိရဲ့ သမီးလေးအတွက်ပါ သတိပေးရင်း ဗမာလို အားရ ပါးရ အော်ခေါ် နှုတ်ဆက်နိုင်ပါသေး။

ညနေဆိုရင်တော့ မအိခင်ပွန်းက အလုပ်ကပြန်ရောက်ပြီမို့ စကားစမြည်ပြောနိုင်ပါသေးတယ်။ သူက ကဗျာရေးတဲ့ လင်းနွေးအိမ်…။ ဘာသာစကားတူသူတွေမို့ ပြောစရာအပုံ…။ ကျမအိမ်ကို ရောက်လာသူတိုင်းကတော့ သူတို့ကို သူတို့ အမေရိကန်ပြည်မှာ ရောက်နေတာကိုတောင် မေ့သွားတယ်တဲ့။
ဟုတ်တာပေါ့ ကျမတို့ ရပ်ကွက်မှာ နီးနီးလေးနေကြတဲ့ ဗမာအိမ်က ၁၀အိမ်မှ မကတာကိုး။ ခဏကြာရင် စာရေးဆရာ ဦးဝင်းဖေ ကားဖြတ်မောင်းသွားမယ်.. မီမီဝင်းဖေလည်း ဘေးမှာ ပါလာလိမ့်မယ်..။
ဟေး ဘာတွေချက်နေလဲ..တဲ့။ ဟော… လှမ်းအော် နှုတ်ဆက်သံ.. အဲဒါ ဒေါ်စီပေါ့.. ဟိုဘက်လမ်းမှာ နေတာ။ မလပြည့်တို့ မောင်လရောင်တို့ အမေ။
ချဉ်ပေါင်ဟင်း ငါးခူကြော်နဲ့ ငပိရည်ကျို ဒေါ်စီရေ လို့ အော်ဖြေရင်း ပြတင်းပေါက် ကနေပဲ လက်ပြန်ပြလိုက်ရတယ်။ လက်ပြန်ပြပြီးချိန်မှာတော့ မျက်နှာကို ချက်ချင်းမလွှဲနိုင်ပါဘူး။ ကျမရှေ့မှာက ခြံဝမှာ စိုက်ထားတဲ့ သပြေပင်ရဲ့ ရွက်နုညိုညိုတွေက ကျမကို မျက်နှာမလွှဲနိုင်အောင် ဖမ်းစားထားတယ်။ မိုးရေစက်တွေအောက်မှာ သပြေညို အညွန့်တွေက ခေါင်းထောင်ကြော့လို့ ။ သူ့ဘေးမှာက အဖူးအငုံတွေ အလုအယက် ဝေနေတဲ့ စပယ်ရုံ..။ နက်ဖန်မနက်ဆိုရင် ဖွေးလှုပ် ကြိုင်လှောက်နေအောင် ပွင့်ကြတော့မှာ…။ ဇီဇ၀ါပင်ကတော့ ဒီမိုးမှာ နည်းနည်း ဆွံ့သွားတယ်။
အိုးထဲ ပွင့်ရလို့ ထင်ပါရဲ့..။ အချုပ်ချယ်ခံရတဲ့ ဘ၀တခုလို.. အစွမ်းကုန် မပွင့်နိုင်.. မဝေဆာနိုင်ရှာတာ…။

လေအေးအေးတသုတ်က ဖျတ်ကနဲ ဝှေ့သွားတယ်။
မိုးနံ့က လတ်ဆတ်သန့်စင်လိုက်တာ။
အိမ်တံခါးကို တွန်းဖွင့်ပြီး ခြံထဲဆင်းတော့ မိုးစက် အေးအေးတွေ ကိုယ်ကို လာပက်ချိန်မှာ 
အသက် ၄၆နှစ် မိန်းမတယောက်ရဲ့ အနေအထားကို မေ့သွားတယ်။ ကျမတသက်လုံး ချစ်ခဲ့ စွဲခဲ့တဲ့ မိုးရေတွေကတောင် ကျမကိုယ်ပေါ်မှာ မပြောင်းမလဲ ရှိနေသေးတာပဲဟာနော်..။ မြက်ခင်းတွေက မိုးရေရွှဲရွှဲကြောင့် ကျမရဲ့ ခြေဖ၀ါးတွေက စိုအိနစ်ဝင်သွားတယ်။
မိုးကောင်းကင်ဆီကို မျက်နှာမော့လိုက်တော့ အေးမြမြမိုးစက်တွေက အပွင့်လိုက် အပေါက်လိုက် ပစ်ပေါက် လိုက်သလို ကျလာတယ်…။ အဲဒီအခိုက် ရင်ထဲမှာ အေးသွားလိုက်တာ..။ လတ်တလောအပူတွေတောင် ငြိမ်းလို့…။
ဘီလ်ကြွေးအပူတွေ… Credit ကြွေးအပူတွေ..
တနေ့ ၂၄နာရီနဲ့တောင် မလောက်နိုင်တဲ့ ဗာဟီရတွေ…
ဟိုးအဝေးကြီးဆီကို လွမ်းဆွတ်ရတဲ့ မိုးနေ့တွေ…
မြသီလာ နေ့ရက်တွေထဲက မိုးနေ့တွေ …
အဖြူစိမ်းဝတ်ကျောင်းတက်ရက် မိုးနေ့တွေ…
အဲဒါတွေ အားလုံးကို မေ့ပျောက်ပြီး မိုးနေ့သက်သက်ကိုသာ ခံစားရတာ…။
ရွာပါမိုးရယ်.. ရွာလိုက်ပါ….။
အဲဒီလို စိမ့်နေ အေးနေအောင် သိပ်သိပ်သည်းသည်း ရွာမှပဲ မိုးလို့ ပီသတော့မပေါ့နော်…။

++++++

မေ့ထားချင်ပေမဲ့လည်း မိုးရေတွေနဲ့အတူ တိုးဝင်လာတဲ့ အတွေးတွေကလည်း ကျမဆီမှာ အလုအယက်..။ ကျမက မိုးသည်းသည်းရွာတာကို ချစ်တယ်လို့ မိုးရေတွေကို ခံစားပျော်ရွှင်နေချိန်မှာ… ခေါင်မိုးအပေါက် မဖာနိုင်လို့ ခေါင်မိုးမလုံတဲ့ အိမ်မှာ နေရတဲ့သူတွေ ဒီ မိုးရေတွေကြောင့် အိပ်မရ စားမရ နေမရသူတွေ… မိုးရေကြောင့် မြစ်ရေလျှံ ရေကြီးတဲ့ ဘေးနဲ့ ကြုံနေရသူတွေ.. ထီးမ၀ယ်နိုင်လို့ မိုးရွာမှာ ကြောက်နေသူတွေ…။ မိုးကြီးလို့ စပါးသီးနှံပျက်မှာ ပူပန်နေကြမယ့် ဦးကြီးတွေ…။ ကျမ တရားပါရဲ့လား…။ ဒါပေမဲ့ ဒါတွေကလည်း မိုးအပြစ်တော့လည်း မဟုတ်ပါဘူးနော်…။ တကယ်လို့များ မိုးများလို့ ရေကြီးတဲ့ ဒုက္ခမျိုး ကြုံရရင်တော့ရော.. ကျမ မိုးကို ချစ်နိုင်ပါဦးမလား…။ မသိတတ်ပြီ။ စိတ်တွေ တောင်စဉ်ရေမရ…။ အဲဒီ လွင့်နေတဲ့ အတွေးတွေက မိုးရွာချိန် လမ်းတွေပေါ် ပြေးထွက်ရင်တော့ မိုးရနံ့အောက်မှာ ငြိမ်ဝပ်သွား ပြန်ပါတယ်..။ အဲလို မိုးက ပြုစားတယ်…။

+++++

ဟော.. မိုးမှုန်တွေ လွင့်လာပြီ…။ တိတ်ဆိတ်နေတဲ့ နေ့လယ်လမ်းပေါ်မှာ ကျမတယောက်တည်း…။ နဘေးမှာ.. ရှဉ့်ညိုလေးတကောင်.. ကျီးကြည့် ကြောင်ကြည့်နဲ့…။ မြက်ခင်းပေါ်မှာ မိုးရေထိလို့ အိနွဲ့နေတဲ့ အရိုင်းပန်းဝါ၀ါလေးတွေက လေနဲ့အတူ ငြိမ့်လို့..။

အဲဒီခဏလေးမှာ… ကျောင်းသွားနေကြတဲ့ သားသမီး ၃ယောက်ကို ခဏမေ့သွား.. အလုပ်ခွင်ထဲက ခင်ပွန်းကို ခဏမေ့သွား… ကျမရဲ့ ဖိစီးတဲ့ အလုပ်တာဝန်တွေကို ခဏမေ့သွား… စိတ်ပျက်စိတ်ညစ်စရာ ခံစားချက်တွေကို မေ့သွား… လက်တွေ့ တဒင်္ဂအချိန်လေးကို ခဏမေ့သွား…။ ပြီးတော့ မိုးမှုန်တွေနဲ့အတူ လွင့်လို့… အဲဒီမိုးမှုန်တွေလို ပြုစားပြီး ကျမကို ဖမ်းစားနိုင်ခဲ့တဲ့ ချစ်မိဖူးသူတယောက်ဆီ စိတ်က ပြေးသွား…။ သူ့ကို မိုး..လို့ တိတ်တိတ်လေး နာမည်ပေး ခေါ်ဝေါ်ခဲ့ဖူးတာကို သတိရမိ…။ မိုး..တဲ့။ အင်း.. နောက်တော့လည်း ကျမနဘေးက မိုးမှုန်တွေလိုပဲ လွင့်သွားခဲ့တာပါပဲ…။

ဒီလိုပါပဲ.. ဘယ်သူမဆို.. ကိုယ့်ရဲ့ အနာဟောင်းလေးတွေကို တခါတခါ တိုက်တိုက်ဆိုင်ဆိုင်လေးတွေ ရှိတဲ့အခါ မတော်တဆ.. သတိရမိကြမှာ...ဟုတ်...။ ကျမကတော့ တခါတခါ ခုလို မိုးတွေရွာနေချိန် တခဏမှာ ပြန်သတိရ.. ပြီးတော့လည်း ပြန်မေ့သွား…။ ခုလည်း အဲလိုပေါ့.. အမှတ်တမဲ့လေး သတိရမိ...။
ဒီတော့လည်း စိတ်ထဲမှာ ခင်ပွန်းသည်ကို အားနာနာနဲ့ ပြုံးပြလိုက်မိပြီး တိုးတိုးလေး ရွတ်လိုက်မိပါတယ်..။ ဒါဟာ…. မိုးက လှည့်စားတာပါကွယ်…လို့…။

Jun 5, 2011

ကျမနဲ့ စိတ်ကူးယဉ်

ငယ်ငယ်လေးကတည်းက ကျမကို စိတ်ကူးတော်တော်ယဉ်တယ်လို့ မှတ်ချက်ချခံရတာကို မကြာခဏ ကြုံခဲ့ဖူးပါတယ်။ အဲလိုမှတ်ချက်ချခံရတိုင်းလည်း ကျမ အမြဲ အလွယ်တကူ ၀န်ခံတတ်ပါတယ်။ ဟုတ်တယ်.. ကျမက စိတ်ကူးယဉ်ရတာကို မွေ့လျော်သူ..။ စိတ်ကူးယဉ်တာနဲ့ ပတ်သက်ရင် အများအားဖြင့် ကောက်ယူတဲ့ အဓိပ္ပါယ်က အဆိုးဘက် နည်းနည်း ကဲတယ် ထင်တာပဲ.. စိတ်ကူးယဉ်သမားတို့.. စိတ်ကူးယဉ်ဆန်လိုက်တာတို့… အဲလိုပြောတတ်ကြတာကိုး..။ ကျမကတော့ စိတ်ကူးယဉ်တာက ဘယ်သူ့ကိုမှ မထိခိုက်ရင် တော်တော် သာယာစရာ ကောင်းတာပဲလို့ ထင်ပါတယ်..။
ကျမငယ်ငယ်လေးကတည်းက တက္ကသိုလ်က ဆရာမ ဖြစ်ချင်တယ်.. အင်္ဂလိပ်စာ.. ဒါမှမဟုတ် မြန်မာစာ ဆရာမလုပ်ချင်တာ..။ ဖေဖေပြောပြတဲ့ နော်လွီဇာဘင်ဆင် နဲ့ Joice Win (နွဲ့ယဉ်ဝင်း)တို့ကို သိပ်အားကျတာ။ မြန်မာစာဆရာမတွေကတော့ အစဉ်အလာကကို နည်းနည်းရိုးကြတယ်။ အလှပြင်ရင်တောင်မှပဲ အငြိမ်ပြင်ကြတာလေ..။ ကျမကတော့ ခေတ်မီတာကို ကြိုက်တယ်..။ ကျမ ဆရာမ ဖြစ်တော့ ထမီတိုလို့.. နားကွင်းဝတ်လို့.. ပခုံးသိုင်းအိတ်ကို အ၀တ်စနဲ့ ချုပ်တဲ့ အိတ်ပျောပျော့ အကြီးကြီးတွေ သုံးလို့ အဆူလည်း ခံရတယ်။ ခါးတိုအင်္ကျီက ခါးနည်းနည်းရှည်ပြီး အင်္ကျီက ပွပွမို့ မသပ်ယပ်ဘူးတဲ့။ အကဲ့ရဲ့လည်း ခံရပါတယ်။ (အင်္ကျီပါးပါးဝတ်တဲ့ဆရာမတွေကျတော့ အဆူမခံရဘူး..)။ ကျမ တော်တော် စိတ်ပျက်ခဲ့ဖူးတယ်။ အဲဒါတွေက ဆရာမဆိုတဲ့ ကာယိနြေ္ဒကို ထိခိုက်တယ်လို့ ခုထိ ကျမ လက်မခံနိုင်သေးဘူး။ အဲဒါနဲ့ ကျမက စိတ်ကူးယဉ်ဆန်တယ်ဆိုတာနဲ့လည်း မဆိုင်ဘူး ထင်တာပဲ..။ ဒါပေမဲ့ ကျမကတော့ ကျမစိတ်ကူးယဉ်ခဲ့ဖူးတဲ့ ဆရာမပုံစံအတိုင်း ရအောင် နေတာပါပဲ…။ ဒီတော့ ပတ်ဝန်းကျင်တခုကို စိတ်ပျက်ပေမဲ့ ကိုယ့်စိတ်ကူးယဉ်ထဲမှာတော့ စိတ်ချမ်းသာတာ အမှန်ပဲ…။
ဒီလိုနဲ့ ကျမ စိတ်ကူးယဉ်တဲ့အတိုင်း.. ပန်းချီဆွဲတာပဲ.. ဂစ်တာတီးတာပဲ… စာရေးတာပဲ.. ကဗျာရေးတာပဲ..။ အောင်မြင်ကျော်ကြားချင်လိုက်တာလို့တော့ တခါမှ စိတ်ကူးမယဉ်ဖူးပါဘူး။ (ဒါကြောင့်ပဲ အားလုံးက ဟိုမရောက်ဒီမရောက်အဆင့်လောက်ပဲ ရှိခဲ့တာ ထင်ပါရဲ့)။ ပြီးတော့ စာရေးဆရာမ လုပ်မယ်လို့ မစဉ်းစားဘဲ စာရေးချင်လိုက်တာလို့ စဉ်းစားပြီး စာတွေရေးတော့ မိတ်ဆွေ သုံးလေးယောက်က မဂ္ဂဇင်းပို့ကြည့်ပါလားဆိုတာနဲ့ ပို့ကြည့်တာပဲ..။ ကံကောင်းလို့ ကိုယ့်စာကို ကြိုက်တဲ့ အယ်ဒီတာတွေက ရွေးလို့ နေရာပေးလို့ အလွယ်တကူ စာရေးဆရာ ဖြစ်လာရပေမဲ့ အဲဒီစာရေးဆရာဘ၀ကို သိပ်ကို မက်မောခဲ့ပါတယ်။ (အမက်မောဆုံးဘ၀ လို့တောင် ပြောရမယ်ထင်တယ်)။ စာရေးတဲ့လောကထဲ လျှမ်းလျှမ်းမတောက်ခဲ့ပေမဲ့ ကိုယ်ရေးခဲ့သမျှက ကိုယ့်ရင်ထဲက လှိုက်လှိုက်လှဲလှဲ ရေးခဲ့တာမို့ ကျေနပ်ပါတယ်။ ဒီတော့ ပြန်ကြည့်မိတော့ ကျမရဲ့ စိတ်ကူးယဉ်တွေကို ကျမ ပိုင်ခွင့်ရခဲ့.. နောက်ထပ်လည်း စိတ်ကူးယဉ်ခွင့်တွေ ရခဲ့ပါလားလို့လည်း ဘ၀ကို အားရမိတာ ၀န်ခံပါတယ်။
++++++
ကံကိုယုံပေမဲ့ ကံထဲပစ်ချလိုက်ဖို့ စိတ်မကူးခဲ့သူမို့.. ဆိုးတဲ့ ဘ၀တခု ရခဲ့ဖူးတာကိုလည်း ဒေါသမဖြစ်ပါဘူး။ အဲဒီဘ၀ထဲကနေ ရသလောက် ပြန်ထူဖို့ကိုလည်း စိတ်ကူးယဉ်ခဲ့ရာကနေပဲ အားမာန်တွေ ရခဲ့တာပဲ..။ ဒီလိုနဲ့ နောက်ထပ် ဘ၀လေးတခု..။ ကံရဲ့ မျက်နှာသာပေးမှုနဲ့ ပျော်စရာ ကျေနပ်စရာ.. ရုန်းရုန်းကန်ကန် ဘ၀လေး။ ပင်ပင်ပန်းပန်းနဲ့ တည်ဆောက်ခဲ့ရလို့မို့ တန်ဖိုးတခုလည်း ရှိနေတာပါ။ စိတ်ကူးထဲမှာ.. ဆင်းရဲရင် ဆင်းရဲပါစေ.. ပင်ပန်းရင် ပင်ပန်းပါစေ..။ သားသမီးတွေနဲ့.. စိတ်ရှည်သည်းခံတဲ့ အိမ်ထောင်ဖက်နဲ့.. ဘယ်လို မတရားမှု မကောင်းမှုမျိုးကိုမှ မကျူးလွန်ရဘဲ စားသောက် နေထိုင် နေနိုင်တဲ့ လောကတခုထဲ နေခွင့်ရရင်တော်ပါပြီလို့ ယဉ်ခဲ့ဖူးတဲ့ စိတ်ကူးထဲက ဘ၀တခုကို အခုရနေတာဟာလည်း စိတ်ချမ်းသာစရာပေါ့..။ ဓမ္မပဒထဲက the more you have to loose ဆိုတာကို သဘောကျဖူးတော့ ဘာမှအပိုင်မရှိတဲ့ဘ၀ထဲမှာ နေသားကျပါတယ်။
တကယ်တော့ ကျမတို့တတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ စိတ်ကူးတွေကိုတော့ တကူးတက ယဉ်သင့်တယ် ထင်ပါရဲ့…။ ပြီးတော့ အဲဒီစိတ်ကူးယဉ်တွေကို အကောင်အထည်ဖော်ဖို့က နောက်တဆင့်ပေါ့..။
+++++
ခုချိန်ထိ.. ကျမမှာ အိမ်ပိုင်တလုံး မရှိ..။ ကားကောင်းကောင်းတစီး မရှိ..။ အပျံစား အိမ်ထောင် ပရိဘောဂတွေ မရှိ…။ ဒါပေမဲ့ ပညာရေးမှာ စိတ်အေးရတဲ့ သားကြီးရှိတယ်.. ၊ နေရာတကာ စပ်စပ် စပ်စပ်ပါပြီး ပါသမျှမှာ ထူးချွန်ဆုရတတ်တဲ့ သမီးလေးတယောက်ရှိတယ်..။ အမေကို အကပ်ဆုံး အချွဲဆုံးနဲ့ အကဲဆုံး သားငယ်လေးတယောက် ရှိတယ်။ မိသားစုအရေးကိုသာ အဓိကထားတဲ့ ခင်ပွန်း ရှိတယ်။ မိသားတစု ဆူလိုက် ပူလိုက် အော်လိုက် ဟစ်လိုက်နဲ့ပေမဲ့ တကယ်တမ်းမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းရှိလှတဲ့ နေချင့်စဖွယ် ၀န်းကျင်လေး ရှိတယ်…။ နောင်ဆို သားမက်နဲ့ ချွေးမတွေ မြေးတွေလည်း ရလာဦးမှာ…..။ နောက်ထပ်ရင်ဆိုင်ရမယ့်… ပြင်ဆင်ထားရမယ့်.. စိတ်ကူးယဉ်ကြည့်ထား ရမယ့် စိမ်ခေါ်ချက် အသစ်အသစ်တွေလည်း အများကြီး…။ ဒါပေမဲ့ ကျမ ရင်ဆိုင်ဖြတ်ကျော် နိုင်မယ်လို့ ယုံတယ်..။ ကျမမှာ အရာရာကို အောင်မြင်နိုင်ဖို့ အင်အားအဖြစ် ချစ်ခြင်းမေတ္တာ ရှိတယ်လေ..။
+++++
ခုချိန်မှာ ကျမ အချစ် လုံးချင်းဝတ္ထုတွေ ပြန်ရေးချင်နေတာ.. တကယ့်အချစ်ကို ရေးတဲ့.. မေတ္တာတရား ပါတဲ့ ၀တ္ထုတွေ ကျမတို့ တိုင်းပြည်မှာ သိပ်နည်းနေတယ်လို့ ထင်တယ်..။ လူငယ်တွေ အချစ်ကို မသိတော့မှာ စိုးတယ်..။ အချစ်ကို သိမှ မေတ္တာတရားကို သိမယ်..။ မေတ္တာတရားကို သိမှ စာနာငဲ့ညှာမှုကို သိမယ်။ စာနာငဲ့ညှာမှုကို သိမှ ကမ္ဘာလောကကို သိမယ်..။ ကမ္ဘာလောကကိုသိမှ….. ငြိမ်းချမ်းရေးကို လိုလားမှာကိုး။ အရေးကြီးဆုံးက လူတွေ ငြိမ်းချမ်းရေးကို ချစ်မက်တတ်ကြဖို့ပဲ မဟုတ်လား..။
မဂျူးက ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါစေ.. ဆိုတဲ့ခေါင်းစဉ်လေးနဲ့ လုံးချင်းထွက်မယ်ဆိုတော့ တကယ့်အချစ်ဝတ္ထုကို ငတ်မွတ်နေတဲ့ကျမ.. ဂျူးရဲ့ အချစ်ဝတ္ထုတပုဒ်ကို မျှော်လင့်မိတာ အမှန်ပါ။ ကျမလက်ထဲ စာအုပ်ကလေးရောက်လာတော့ အငမ်းမရကို စဖတ်တာ..။ ကျမ အငတ်မပြေခဲ့ပါဘူး…။ ကျမ အချက်အလက်တွေ မဖတ်ချင်ဘူး..။ နူးညံ့တဲ့အချစ်ကို ဖတ်ချင်တယ်။ ကျမ သတင်းစကားတွေ မကြားချင်ဘူး..။ လူငယ်နှစ်ယောက်ရဲ့ ခေတ်ထဲက ရင်ခုန်သံကို သိချင်တယ်..။ ရက်စက်ဆိုးယုတ်မှုတွေ.. ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေထဲ အချစ်တခုကို သွပ်ထားတာ မလိုချင်ပါဘူး။ အချစ်ဘ၀ထဲမှာပါလာတဲ့ သိကောင်းစရာလေးတွေကိုပဲ လက်ခံချင်ပါတယ်…။ လူငယ်တွေအတွက် သတင်းစကားတွေလိုအပ်သလို စစ်မှန်တဲ့အချစ်စိတ်ဆိုတာလည်း တန်းတူ လိုအပ်ပါတယ်။ ချစ်တယ်..လို့ မပါတဲ့ အချစ်ဝတ္ထုက ဆန်းကောင်း ဆန်းလိမ့်မယ်..။ ကျမကတော့ ချစ်တယ်ဆိုတဲ့စကားလေး ရှားပါးလာတာကိုသာ နှမျောပါတယ်။
ဒါနဲ့ပဲ အချစ်ဝတ္ထု..
တကယ့်ကို သိမ်သိမ်မွေ့မွေ့ရှိတဲ့ အချစ်..
ဘယ်လို တိုးတက်တဲ့ ခေတ်ဖြစ်ပါစေ.. ရိုးမသွားရတဲ့အချစ်..
ဘယ်လို ရုပ်ဝတ္ထုတွေထွန်းကားပါစေ.. အဆန်းမထွင်တဲ့ ရိုးရိုးသားသားအချစ်..
ဘယ်လို ရက်စက်မှုတွေရှိပါစေ… ပျောက်ကွယ်မသွားနိုင်တဲ့ လေးလေးနက်နက်အချစ်တွေ..
တကယ်ပဲ ကျမတို့ ၀န်းကျင်မှာ မရှိတော့ဘူးလား..
မရှိတော့ရင်ကော ကျမတို့က မသိချင်ယောင်ဆောင်နေကြမလား…
အချစ်က အရေးကြီးသလား။
အချစ်က အရေးမကြီးဘူးလား…
+++++
ခုတော့ဖြင့် ကျမရဲ့ စိတ်ကူးယဉ်ထဲမှာ.. အချစ်ဝတ္ထုတွေ ပြန်ရေးနေပါပြီ..။
ပြီးတော့ လှပသပ်ယပ်တဲ့ အပြင်အဆင်နဲ့.. စက္ကူသားကောင်းကောင်းနဲ့..
လှပတဲ့ ပန်းချီအဖုံးနဲ့..
ဖြစ်နိုင်ရင် ရေမျှောပန်းချီကို မျက်နှာဖုံးလုပ်လို့..
စာအုပ်ပြန်ထုတ်ချင်သေးတာပါ…။
ချိုတူးဇော်ရေ..
ခေတ်ကြီး ဘာဖြစ်နေနေ.. အနည်းဆုံး ချစ်ခြင်းမေတ္တာလေး ရှိနေသေးရင်တော့ လောကကြီးကပဲ လှသယောင်နဲ့ နေသာထိုင်သာ ရှိနိုင်မယ်မဟုတ်လားဟေ….။
၎ ဇွန်လ ၂၀၁၁။

May 19, 2011

ကောင်းကင်အောက်က ချစ်သူများ…..

၁၉၉၇ နိုဝင်ဘာထဲမှာ…
မင်းခိုက်စိုးစန်ခေါ်လာတဲ့ ယဲဝင့်ဟန်ဆိုတဲ့ လူငယ်လေးတယောက်က ချစ်သူများနေ့အထိမ်းအမှတ် စာအုပ်လေးတအုပ် ထုတ်ချင်လို့ အချစ်အကြောင်း စာမူတပုဒ် ပေးပါတဲ့..။ ပြောရရင် ကိုယ့်မှာ ရေးစရာအချစ်အကြောင်း မရှိတော့ဘူးလို့ ပြောတော့ မင်းခိုက်စိုးစန် က ရယ်နေတယ်။ တခုခုတော့ ရေးပေးပါ တီချယ်ကြီးရာ.. ကျနော်တို့နဲ့ တွဲထွက်မှာ..တဲ့။ ဘယ်သူတွေပါမလဲဆိုတော့ တာရာမင်းဝေ.. မင်းခိုက်စိုးစန်.. နီကိုရဲ.. သိမ်းတင်သား.. ယဲဝင့်ဟန်.. လူစိမ်းသက်.. နှင်းဝေငြိမ်း.. လူပန့်ငယ်.. ရှင်ဒေ၀ီ… တဲ့။ ဟုတ်ပါ့.. ကိုယ့်လူတွေချည်းပဲ.. ပျော်စရာ။ စာအုပ်လေးရဲ့ နာမည်က “ကောင်းကင်အောက်က ချစ်သူများ” ။ ဒါနဲ့ပဲ တပုဒ် ဖြစ်အောင် ရေးပေးလိုက်တယ်။ တကယ်တော့ ပေါ့ပေါ့ပါးပါး နဲ့ ရိုးရိုးလေးပါပဲ.. ကိန္နရာချောင်းခြား အမှာစကားလိုလို ဘာလိုလိုလေး..။
ခု ထိုင်းမှာ ကျန်ရစ်ခဲ့တဲ့ ကျမရဲ့ စာအုပ်တွေကို မောင်လေးတယောက် ပို့ပေးလို့ ရလာပြီမို့.. Blog လေးကိုလည်း မသေရလေအောင် စာတင်ဖြစ်ဖို့ အဲဒီအပုဒ်လေး တင်လိုက်ပါတယ်။ နောက်ပိုင်း အချိန်လုပြီး လုံးချင်းတွေ ရိုက်တင်သွားမယ်လို့လည်း စိတ်ကူး ပါတယ်..။

လွမ်းတဲ့စာ…


ဟော့ဒီမှာ
တခါမှ မဖူးပွင့်ရသေးတဲ့
ဆည်းဆာချိန်လေးရှိတယ်..
ဘယ်သူမှ မရောက်ဖူးတဲ့
ဂြိုဟ်ပြာပြာလေးရှိတယ်…
အချစ်တွေ့ရဲ့လား
မင်းနဲ့ငါသာ သောက်ခွင့်ရှိတဲ့
ပီတိစမ်းချောင်းလေးလေ……။
(မောင်နန္ဒ)
ဟုတ်တယ်မဟုတ်လားမောင်ရေ..
နှစ်ယောက်ဘ၀ကို ချစ်ခွင့်မရမှတော့
အလွမ်း ဆိုတာကိုပဲ ချစ်ကြရုံ…
အဲဒါကိုက အချစ်ရဲ့ တရားကိုယ်ပဲ မဟုတ်လားကွယ်..။
ကဲ ဘာအတွက်များ နာကျင်ကြဦးမှာလဲ…
တို့နှစ်ယောက်ရဲ့အချစ်တွေ တန်ဖိုးရှိနေမှတော့ ဘာကိုများ လိုအပ်ကြရဦးမှာလဲ…။
အတူနေဘ၀..။
စား.. ၀တ်.. နေ ရေး။
လောကဓံဆိုတာကို လှောင်ရယ်ကြစို့မောင်..။
ပြီးတော့ မောင်ရွတ်နေကျ…
ဘယ်သူစီရင်တဲ့ တရားလဲ..
တို့ဥယျာဉ်ထဲ ပိန်းပိတ်မှောင်.. ဆိုတဲ့ ကဗျာတစကိုလည်း ဟာသလုပ်ပစ်ကြစို့ရဲ့..။
မဟုတ်ရင်..
လောကဓံဆိုတဲ့ ရန်သူက တို့နှစ်ယောက်အတွက် ၀မ်းသာနေပါဦးမယ်။
အရေးကြီးတာက..
တို့နှစ်ယောက်ရဲ့ ဆည်းဆာချိန်လေးရယ်..
ဂြိုဟ်ပြာပြာလေးရယ်..
ပီတိစမ်းချောင်းလေးရယ်..
ဒါတွေကို ပြုစုကြဖို့ပဲ မဟုတ်လားကွယ်…။

+++++
ဟော့ဒီမှာ
တခါမှ မဖူးပွင့်ရသေးတဲ့
ဆည်းဆာချိန်လေးရှိတယ်..
အဲဒီဆည်းဆာချိန်လေးထဲမှာ မကြာခဏ ခွဲခွာနေကြရတဲ့ ချစ်သူနှစ်ယောက်ရှိတယ်..။
မောင်က ကျမ လက်ဖမိုးကို ဖွဖွနမ်း…၊ ဒါမှမဟုတ်… မောင်က ကျမမျက်လုံးတွေထဲ တမ်းတမ်းဆွတ်ဆွတ်ငေးရင်း နှုတ်ဆက်ကြ။ အဲဒီညနေမှာ မခွဲနိုင်ဘူးဆိုတဲ့ စကားတွေကို တက်ညီလက်ညီ မျိုချကြ..။ နောက်တခါ ပြန်တွေ့ကြတဲ့အခါ..ဆိုတဲ့ စကားကိုပဲ တက်ညီလက်ညီ အိပ်မက်ကြ…။ ပြီးရင်တော့ အချစ်ရဲ့ သစ္စာတရားတခုဖြစ်တဲ့ အလွမ်းတွေကို ကိုယ်စီ သယ်ပိုးလို့ သီးခြားဘ၀တွေကို စီးချင်းထိုးကြရတော့တာပါပဲ..။

+++++++

ခွဲနေရတဲ့အချိန်တွေထဲမှာဆိုရင်တော့ ဂြိုဟ်ပြာပြာလေးဟာ အလွမ်းရဲ့ ဇာတ်လိုက်ပေါ့မောင်..။ ဘယ်တော့မှ ရန်မဖြစ်ကြတဲ့ ချစ်သူနှစ်ယောက်ရဲ့ ဂြိုဟ်ပြာပြာလေးကို ပြန်မြင်ယောင်တဲ့အခါ အလွမ်းဆိုတာက ပစ္စုပ္ပန်ကို မောင်းနှင်ပေးတဲ့ တွန်းအားပဲ ဖြစ်တယ်မောင်..။ အဲဒီဂြိုဟ်ပြာပြာလေးထဲမှာ လေပြည်လေညှင်းရှိတယ်..။ ပန်းရနံ့ရှိတယ်..။ နေရောင်နုနုလေး ရှိတယ်..။ စမ်းရေစီးသံလေး ရှိတယ်..။ လိပ်ပြာလှလှလေးတွေ ရှိတယ်..။ သက်တံတစင်းလည်း ရှိတယ်..။ တိမ်တိုက်တွေပေါ် စီးမျောနေတဲ့ ကိုယ် နဲ့ မင်းလည်း ရှိတယ်..။ နောက်ထပ်သေချာတာတခုက ဒေါသသင့်တဲ့ အရာတွေ တခုမှ ရှိမနေကြတာပဲ..။
ဒါတွေကို မောင်လည်း မြင်ရဲ့ မဟုတ်လားကွယ်..။ ကြည့်စမ်းပါ.. ဘယ်လို ပူပန်သောကမျိုးမှ မပါတဲ့ ဘ၀တခုလေ..။ အဲသည်အခါ အလွမ်းဆိုတာကြီးကတောင် ချိုမြိန်လို့…။

+++++
အချစ် တွေ့ရဲ့လား..။
မင်းနဲ့ငါသာ သောက်သုံးခွင့်ရှိတဲ့
ပီတိစမ်းချောင်းလေးလေ…။
အရင်တုန်းကတော့ ပညာတတ်ချစ်သူနှစ်ယောက်တို့အတွက် နှစ်ယောက်အတူ ရပ်တည်ဖို့ဆိုတဲ့ အနာဂတ်က အဲလောက် ခက်ခဲရလားလို့ မောင့်ခမျာ မကြာခဏ မချိတင်ကဲ ဖြစ်ခဲ့ရတာ…။ မောင်ရယ်.. အရေးကြီးတာက ကိုယ့်ရဲ့ ခံယူချက်ပါပဲလို့ ကျမပြောတော့ မင်းတကယ်ပဲ နှစ်ယောက်ဘ၀ကို စွန့်ရဲသလား လို့ မောင်က တုန်တုန်လှုပ်လှုပ်မေးခဲ့တာ..။ ကျမက “အချစ်ကို တန်ဖိုး မလျော့စေချင်တာပါကွယ်.. ဘ၀ရဲ့ ဒုက္ခတွေကြားထဲ အချစ်ဆိုတာက မြုပ်သွားရမှာကို စိုးတာ.. အရေးကြီးတာက တို့နှစ်ယောက်ရဲ့ကြားမှာ အချစ်ဆိုတာရဲ့ တန်ဖိုးက အမြဲမြင့်မားနေဖို့ပါပဲ” လို့ ပြန်ပြောတဲ့အထိ မောင်က လက်မခံချင်သေးပေ။ နောက်မှ.. “နှစ်ယောက်ဘ၀ကို စွန့်ရတာ မဟုတ်ပါဘူးမောင်ရယ်.. နှစ်ယောက်ဘ၀ကို စောင့်ရတာပါ..” လို့ ပြောမှ မောင်က စိတ်သက်သာရာရသကဲ့သို့ သက်ပြင်းဖွဖွရှိုက်လျက် ချစ်ကို သနားတယ်ဟု တိုးဖွဖွဆိုလေသည်..။
ပြီးတော့မောင်.. အလွမ်းဆိုတာကလည်း အချစ်ရဲ့ အရည်အသွေးကို ပိုပြီး မြင့်စေပါတယ်ကွယ်.. ဟု ကျမက ထပ်ပြောသည့်အခါမှာတော့ မောင်က ကျမ လက်ဖ၀ါးတွေကို ဆုပ်ဖျစ်ကာ သစ္စာတရားရဲ့ ပြယုဂ်လည်းဖြစ်တယ်.. ဟု ဖြည့်ပြောလေသည်။

နောက်တော့ အဲသည် ပစ္စုပ္ပန်စိမ်ရေထဲမှာ နစ်ဝင်ကြကာ ခွဲခွာရခြင်းဆိုတာတွေကိုလည်း မကြောက်ကြတော့ပြီ။

+++++
ဘယ်သူမှ မရောက်ဖူးတဲ့
ဂြိုဟ်ပြာပြာလေး ရှိတယ်….။
အဲသည် ဂြိုဟ်ပြာပြာထဲမှာ..
ကိုယ်ပိုင်အိမ်တလုံး ရှိဖို့ မလို၊
ခရီးစရိတ်မလို၊ စာရင်းဇယားမလို၊
အပေးအယူ ဟူသော ဝေါဟာရ မလို၊
တာဝန်ဝတ္တရား မလို။
လောဘ မောဟကင်းသော တွယ်ငြိခြင်းတွေသာ လိုသည်..၊
ရိုးသားသော ပေးဆပ်ချင်စိတ်သာ လိုသည်၊
ပကတိချစ်စိတ်သာ လိုသည်။
ဒါဖြင့် ဘာကိုကြောက်မလဲ မောင်။ တို့နှစ်ယောက်မှာ အားလုံးပြည့်စုံပြီ။
တနယ်စီဝေးနေရတာကိုလည်း မကြောက်တော့ပြီ။
အတူတူမနေနိုင်ကြသေးဘူးဆိုတဲ့ သောကတွေကိုလည်း မမှုပြီ။
အဲသည် အချစ်ရဲ့ တွန်းအား.. အလွမ်းရဲ့ မောင်းနှင်အားတွေနဲ့
ဘ၀ဆိုတာကြီးကို စနစ်တကျ အသုံးချဖို့ပဲ ရှိတော့တာ..။
ကဲ.. စိန်ခေါ်လိုက်ကြစို့ရဲ့ကွယ်..
အဲသည်.. ဘ၀ဆိုတဲ့ ပြိုင်ဖက်ကြီးကို..။
လောလောဆယ်ကတော့ အဲဒီဘ၀ဆိုတာရဲ့ အထဲမှာ စောင့်ဆိုင်းရခြင်းတွေ ရှိတယ်..။
အလုပ်တွေထဲ လက်ပစ်ကူးရတာတွေ ရှိတယ်..။ သစ္စာစောင့်သိရတာတွေ ရှိတယ်..။
အများဆုံးကတော့ အလွမ်းတွေပေါ့..။ အဲဒီအတွက် နည်းနည်းတော့ ပင်ပန်းမှာပေါ့ မောင်ရယ်..။ ပင်ပန်းတာတွေ များလာတဲ့အချိန်ကျရင်တော့ တို့နှစ်ယောက် ပြန်တွေ့ကြရတဲ့ အချိန်တိုလေးက ပုံမှန် ပြန်ရောက်လာမှာပေါ့။
အဲဒီအခါ အလွမ်းတွေရဲ့ တွန်းအားနဲ့ ချစ်သူနှစ်ယောက်ဟာ ပိုတိုးချစ်ကြလိမ့်ဦးမယ်..။
မခွဲနိုင် မခွာရက် ကြင်နာကြလိမ့်ဦးမယ်..။ အင်အားပြည့်နှလုံးသားတွေနဲ့ နေ့တွေကို ရဲဝံ့ရင်ဆိုင်နိုင်ကြဦးမယ်..။
ဘ၀ဟာ အဓိပ္ပါယ်တွေလည်း ပိုရှိလို့ပေါ့။

ကြည့်လိုက်စမ်းပါ အချစ်ရယ်..
ဒီလိုတော့ဖြင့် နေ့ရက်တွေဟာ လှပ..။
ခွဲခွာရခြင်းတွေကလည်း လှပ…။
ပြန်လည်ဆုံတွေ့ရခြင်းတွေကလည်း လှပ..။
အတူ မနေရခြင်းတွေကလည်း လှပ..။
လွမ်းဆွတ်ခြင်းတွေကလည်း လှပ..။
ရုန်းကန်ကြိုးစားရခြင်းတွေကလည်း လှပ..။
ရောင့်ရဲရခြင်းတွေကလည်း လှပ..။
ဟော…ဟိုရှေ့မှာ…
အချစ်တွေ့ရဲ့လား…
မင်းနဲ့ငါသာ သောက်ခွင့်ရှိတဲ့
ပီတိစမ်းချောင်းကလေးလေ….။


၁၉၉၇၊ နိုဝင်ဘာ။

(၁၉၉၈ ဇန်န၀ါရီလ၊ ၀တ်ရည်အိမ်စာပေက ထုတ်တဲ့ ချစ်သူများနေ့အထိမ်းအမှတ်စာစုစာအုပ်ထဲက)

Apr 28, 2011

ရတုများစွာတိုင်တဲ့အခါ....

ငယ်ငယ်လေးကတည်းက ကျမ ဘာလုပ်ချင်ခဲ့သလဲလို့ ပြန်တွေးကြည့်တော့ ကျမက သူ့အချိန်နဲ့သူ ကြုံရာ စိတ်ကူးတည့်ရာကို လုပ်ခွင့်ရချင်ခဲ့တာပဲဆိုတာကို သတိထားမိတယ်…။

ငယ်ငယ်က ၈တန်းကျောင်းသူအရွယ်မှာ.. ကဗျာအတိုအစတွေ ဗလာစာအုပ်သပ်သပ်ထားပြီး ရေးတတ်နေပြီ။ နောက်တော့ ၁၀တန်းလောက်မှာ ၀တ္ထုတွေအဖတ်များပြီး ရည်းစားဆိုတဲ့ ဝေါဟာရမှာ စိတ်ကစားတတ်လာတော့ ရည်ရွယ်တဲ့သူ ရှိရှိ မရှိရှိ.. ရည်းစားစာကောင်းကောင်းတွေ ရေးနေတတ်ပြီ။ သူငယ်ချင်းယောက်ျားလေးတွေအတွက် ရည်းစားစာတွေ ကူ ကူ ရေးပေးရတာလည်း မှတ်မိတယ်..။ နောက်တော့ အသက် ၁၇နှစ်လောက်.. တက္ကသိုလ်တက်စမှာ… အသည်းလည်း ကွဲတတ်ပြီ။
သေချာတာကတော့ အချစ်ဆိုတာအပေါ် သေသေချာချာ ပျော်ဝင်ခံစားတတ်တယ် ဆိုတာပါပဲ..။ အဲဒါကြောင့် ကြိုက်တဲ့ ၀တ္ထုတွေကတောင် အချစ်အပေါ် အခြေခံမှ ကြိုက်တာ..။
အသက် ၂၃နှစ်အရွယ်… အချစ်ဆိုတာကို အပြင်းထန်ဆုံး ခံစားလေ့တဲ့ အရွယ်မှာ အချစ်ဘ၀ဆိုတာ အိမ်ထောင်ရေးပဲလို့ မှတ်ထင်ခုန်ချခဲ့။ ဒါဟာ အချစ်တဲ့လားလို့ မူးမူးထွေထွေ သီချင်းတွေ အော်ဆို..။ အသည်းကွဲပေမဲ့.. ဒဏ်ရာရပေမဲ့.. နောင်တ မရတတ်ခဲ့…။

နောက်တော့….
ငယ်ငယ်က ချာတိတ်အရွယ် ကျောင်းနေတုန်း..
လူတကာလိုမဟုတ်ဘူး အရမ်းကိုဆိုး..
လူလိမ်မာတော့ မဖြစ်ချင်ခဲ့.. ခုတော့ ဘယ့်နှယ်လဲ…ဆိုတဲ့ ၀င်းမင်းထွေးနဲ့ ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ်က ကိုယ်နဲ့ လာအံကိုက်ခဲ့..။
ဂငယ်ကွေ့တွေအပြည့်နဲ့ လမ်းပေါ်မှာ.. လျှောက်ခဲ့ဖူးပြီလေ…
ငါနေထိုင်လာခဲ့တဲ့ နှစ်က ၃၀.. မယုံနိုင်ဘူး ရုပ်ရှင်ကြည့်ရသလို ဘ၀က ဆန်းကြယ်တယ်….။
တကယ်ပဲ ကိုယ့်ဘ၀ဇာတ်အနာက ဒရာမာ ရုပ်ရှင်တကားလို…။
အံ့သြစရာကောင်းတာက အဲဒီနာကျင်စရာ ဘ၀ကို စိတ်မနာဘဲ.. အဲဒီဖြတ်သန်းမှုကိုပဲ အနုပညာတခုလို သဘောကျ..။ ဒါကြောင့်လည်း ရူးသွပ်နိုင်ခဲ့ပေတာ…။

ဒီလိုနဲ့.. ခုတော့ လူ့သက်တမ်းရဲ့ ၃ပုံ ၂ပုံ ကျိုးပြီ…။
၄၅ နှစ်မြောက်ဆိုတာ…. နီလာရတု..တဲ့။
အင်း.. တန်ဖိုးအားဖြင့် ရှိတန်သလောက်ရှိတဲ့ ကျောက်မျက်အပြာ..
သူ့အပြာက မှော်ဆန်တယ်.. အေးတယ်.. ရင့်မာတယ်… ပြီးတော့ ခိုင်ကျည်တယ်…။
ဒါဖြင့်.. ကိုယ်ကရော.. ၄၅ မှာ ခိုင်မာ တည်ငြိမ် အေးချမ်းပြီလား…။
ရောင့်ရဲ ကျေနပ်နိုင်မှုတွေ အရင်ကထက် ပိုများလာတာတော့ သေချာတယ်…
ဘ၀ထဲ ပို ပို နေပျော်လာတယ်…
လက်ရှိဖြစ်တည်မှုကို ချစ်တတ်လာတယ်…
အသက်ရှင်နေထိုင်မှုအတွက် မေတ္တာတရားသာ အရေးပါဆုံးလိုအပ်ချက်ရယ်လို့ အမြင်ပြတ်သားလာတယ်…
လောကကို ကျေးဇူးတင်တတ်လာတယ်..
သဘာဝတရားကို ပို မြတ်နိုးတတ်လာတယ်..
သတ္တ၀ါတွေအပေါ် ပို ကြင်နာတတ်လာတယ်..
တန်ပြီ။

++++++

ချစ်ရတာတွေထဲမှာ မြို့မငြိမ်း ပါသလို.. The Beatles လည်း ပါတာပေါ့.. John Lennon လည်း ထိပ်ဆုံးနားမှာ ပါတာပေါ့..။ Imagine ကို သိပ် ယုံကြည်ကိုးကွယ်တာပေါ့…။ ပြောနိုင်ပါတယ်.. ကျမကိုလည်း အိပ်မက်သမား..လို့။ ဒါပေမဲ့ ကျမလည်း ယုံတာပဲ.. ဒါဟာ လူတိုင်း နှစ်ခြိုက်နိုင်မယ့် လမ်းတလမ်းဆိုတာ…။
Imagine there's no Heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one
+++++++

ဒီလိုနဲု့ နီလာရတု ကို ကျော်ဖြတ်လာရပြီဆိုတဲ့အခါမှာတော့ မကြာခဏ နားထောင်ရတဲ့ သီချင်းက When I’m 64 ဖြစ်သွားပြီ…။ Paul McCartney က ၆၄… ဆိုတဲ့ အသက် အပိုင်းအခြားကိုမှ ဘာလို့ ရွေးခဲ့လဲ.. ကျမ မသိပါ…။ ဒါပေမဲ့…
When I get older losing my hair,
Many years from now,
Will you still be sending me a valentine
Birthday greetings bottle of wine?

If I'd been out till quarter to three
Would you lock the door,
Will you still need me, will you still feed me,
When I'm sixty-four?

oo oo oo oo oo oo oo oooo
You'll be older too, (ah ah ah ah ah)
And if you say the word,
I could stay with you.

I could be handy mending a fuse
when your lights have gone.
You can knit a sweater by the fireside
Sunday mornings go for a ride.

Doing the garden, digging the weeds,
Who could ask for more?
Will you still need me, will you still feed me,
When I'm sixty-four?

Every summer we can rent a cottage
In the Isle of Wight, if it's not too dear
We shall scrimp and save
Grandchildren on your knee
Vera, Chuck, and Dave

Send me a postcard, drop me a line,
Stating point of view.
Indicate precisely what you mean to say
yours sincerely, Wasting Away.

Give me your answer, fill in a form
Mine for evermore
Will you still need me, will you still feed me,
When I'm sixty-four?
တကယ်ပဲ အသက် ၆၄မှာ ကျမ ဆံပင်ဖြူတွေ ကျွတ်နေရော့မယ်…
ခြေလက်တွေလည်း အားလျော့လို့…
မျက်လုံးတွေက ဝေသီလို့..
ခုလို ညနေခင်း ခင်ပွန်းသည်နဲ့ ၀ိုင် အတူတူသောက်ရင်တောင်မှပဲ ခပ်ပါးပါးတခွက်ဆို ကျမ မူးပြီး စောစော အိပ်ချင်လာတော့မယ်။ ခုလို စကားတွေဖောင်ဖွဲ့ ပြောနိုင်ပါဦးမလား..။
အဲဒီအခါ ချစ်တဲ့သူက ဟိုးတုန်းကထက် မလျော့တဲ့ ချစ်ခြင်းနဲ့ ချစ်ဖို့ဆိုရင်တော့ဖြင့် မေတ္တာတရားကိုသာ အားကိုးရပေတော့မယ်..။

++++++

အသက် ၆၄နှစ်မှာတော့ ခြံဝန်းကျယ်ကြီးထဲ တနိုင်တပိုင် စားပင် သီးပင်ကလေးတွေ စိုက်လို့ နေချင်တယ်..။ မနက်ခင်းတွေမှာ ခြံထဲ သစ်ပင်အောက်မှာ .. နေရောင်ခံရင်း အဖိုးကြီး အဖွားကြီး နှစ်ယောက် လဘက်ရည်သောက်မယ်.. ငှက်ကလေးတွေ ကြည့်မယ်… ပန်းပင်တွေ ကြည့်မယ်..။ ပြီးရင် အဖိုးကြီးက သူ့တိုလီမိုလီအလုပ်တွေနဲ့ ရှုပ်…။ အဖွားကြီးကျမကတော့ စာဖတ်.. စာရေး.. ။ ကျမကတော့ သီချင်းတွေလည်း နားထောင်ချင်နေဦးမှာ ထင်ပါတယ်။ အဲဒီအချိန်ထိ Linda Ronstadt သီချင်းတွေလည်း ရှိနေစေချင်သေးတယ်…။ Love is a Rose တို့ Blue bayou တို့ပေါ့..။ သားသမီးတွေ မြေးတွေ မရှိတဲ့ အချိန်ဆိုရင်တော့ အဖွားကြီးက Mamma Mia အခွေကို ဖွင့်ပြီး Meryl Streep နဲ့ အပြိုင် ABBA သီချင်းတွေ လိုက်ဆိုဦးမှာ…။ ဗုဒ္ဓတရားကို အချိန်တကူးတကယူ မပွားများ တတ်ပေမဲ့ သတ္တ၀ါတွေကို မေတ္တာထားပြီး သတိကို အမြဲ စောင့်ကြည့်နေရင်.. ဒါဟာ ဘာဝနာပဲ မဟုတ်လားနော်…။


ခင်ပွန်းကလည်း စိုက်ခင်းလယ်ကွင်းပြင်ကျယ်ကြီးထဲမှာ သားသမီး မြေးမြစ်တွေပါ တစုတဝေးတည်း မိသားတစု အိမ်တလုံးစီနဲ့ မိသားစုရွာ တည်နေချင်တာတဲ့…။ ဟုတ်တယ်.. ဒါမှ မနက်လင်းတဲ့အခါ အလုပ်သွား ကျောင်းသွားမယ့် သားသမီးမြေးမြစ်တွေအတွက် မနက်စာ ကောင်းကောင်း ကျမ ပြင်ဆင်ကျွေးနိုင်မှာ…။ သူတို့ အသီးသီး ထွက်သွားကြတဲ့အခါ အဖွားကြီးရဲ့ ကိုယ်ပိုင်ချိန် တနေကုန်မှာ.. စာတွေ ဖတ်.. စာတွေ ရေး.. ပန်းချီတွေတောင် ဆွဲနိုင်သေးးး

နွေအားလပ်ရက်တွေဆိုရင်တော့ အခုအချိန်တွေလိုပဲ မိသားစုကြီး တစုတဝေး အပန်းဖြေခရီး ထွက်မှာပေါ့…။ တောင်ပေါ်ရွာလေးတွေမှာ အိမ်တလုံး လုံးချင်းငှား.. ဒါမှမဟုတ်.. ပင်လယ်ကမ်းခြေမှာ.. ။ ဒါမှမဟုတ်.. ကျေးလက်တွေဘက်…။ အချင်းချင်းမတည့်တဲ့ သားသမီးတွေ ပါရင်လည်း အဖိုးကြီးအဖွားကြီးနှစ်ယောက် ကူရှင်းပေါ့..။ ပြီးတော့မှ ကွယ်ရာမှာ သားသမီး မြေးမြစ်တွေရဲ့ အတင်းကို ပြောရင်း စိတ်ညစ်ညစ်နဲ့ ခေါင်းချင်းဆိုင် ပြုံးရယ်ကြမယ်..။ ချစ်တတ်မယ်ဆိုရင် အရာရာဟာ ပြုံးစရာ လို့ ယုံပါတယ်..။ အဲဒီအခါ ၆၄နှစ်ဆိုတာ.. ခု ၄၆နှစ်နဲ့ ဘယ်လောက်မှ မကွာ…။ စိတ်ထားတတ်ဖို့သာ လိုပါမယ်…။

++++

၆၄နှစ်မှာ.. လူ့လောကထဲ ကျမ နေခွင့်ရနေသေးတယ်ဆိုရင် ကျမ ရောဂါဝေဒနာ တခုခု ခံစားနေရတာလည်း ဖြစ်နိုင်တယ်.. ဒါမှမဟုတ် ကျန်းမာပကတိနဲ့ ခုလိုပဲ လှုပ်လှုပ်ရှားရှား သွားသွားလာလာ.. အလှတွေပြင်လို့ ခေတ်မီမီ အဖွားကြီးအဖြစ်နဲ့လည်း ရှိနေနိုင်သေးတယ်..။ ဘာပဲဖြစ်ဖြစ်... ဘ၀ကို စုံမက်တတ်တဲ့ ကျမကတော့ နေပျော်မှာ...။

အင်္ဂလိပ်တွေကတော့ ၇၀ သက်တမ်းဟာ ရွှေဖြူရတု..တဲ့။
မြန်မာအယူအဆမှာတော့ ပထမစိန်ရတု .. တဲ့။
၆၀..၆၄နှစ်ဆိုတာတွေအတွက် တန်ဖိုးသတ်မှတ်ထားတာ မရှိပေမဲ့ .. တန်ဖိုးရှိတဲ့ ရတု တခုခုတော့ ဖြစ်ရမှာပေါ့…။
ရတနာရတု တခုခုပေါ့လေ...။

အဲဒီအခါ.. ကျမကတော့ ကြည်အေးပြောတဲ့..
“ကျမချစ်မြဲ သံသာဝဲမှ ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်..” ဆိုတာကို သက်ဝင်သူပီပီ
ကျမချစ်တဲ့ သံသရာနှောင်ကြိုးတွေထဲ အရစ်ပတ်ခံရင်း..
ရောက်လာဦးမယ့် ရွှေရတုတွေ.. စိန်ရတုတွေနဲ့ အမည်ပေးမထားတဲ့ ရတုများစွာကို
ခုလိုပဲ ကိုယ်လုပ်ချင်တာတွေ လုပ်ရင်း စိတ်ကူးယဉ် သာယာရင်း စိတ်လိုလက်ရ ကြိုဦးမှာ..။

+++++
အရွယ်ဆိုတာကိုက ရှေးဟောင်းဂန္ဓ၀င်ပစ္စည်းများလို... တန်ဖိုးထား မက်မောတတ်တဲ့သူပေါ် မူတည်ပြီးတော့၊ သက်တမ်းရင့်လေ… တန်ဖိုးတက်လေ… မက်မောစရာကောင်းလေလို့.. ကျမကတော့ ယုံတာပဲ။



၂၀၁၁ ဧပြီ ၂၆။
(လမင်းတရာက ထုတ်ဝေမယ့် '၆၀' စာအုပ်အတွက် အမှတ်တရရေးတဲ့ စာပါ...)

Apr 7, 2011

တနေ့တာ အကြိုက်များး

သူယုတ်မာ မဖြစ်အောင် ရေးရတဲ့ Post (ပန်ဒိုရာကို တည့်တည့်ပြောသည်)

++++++

နှိုးစက်တီးလုံးမြည်သံကို စိတ်တိုပြီး မနက် ၃နာရီ အိပ်ယာက ထရတိုင်း.. အိပ်ချင်လိုက်တာလို့ ညည်းရင်း ရေချိုးခန်းထဲ မျက်စေ့သေချာမပွင့်ဘဲ ၀င်သွားရတာကို မုန်းသမျှ…
ရုံးရောက်လို့ ကော်ဖီပူပူတခွက်သောက်ရင်း.. နောက် ၃နာရီအကြာမှာ အသံလွှင့်ဖို့ အသင့်ပြင်ရင်း… အလုပ်တွေ ရှုပ်လွန်းတဲ့ကြားက … Face Book ၀င်ဝင် check ပြီး တခိခိ ကျိတ်ရယ်ရတာကိုတော့ သိပ်ကြိုက်…
အလုပ်ရှုပ်ပြီလားဟေ့ဆို.. “ချာမ.. မောနင်း” လို့ လှမ်း chat တဲ့ အရီးပန် နဲ့ ချက်တီး လုလုပ်ရတာကိုလည်း ကြိုက်..
ဝါရှင်တန်ဒီစီရဲ့ မနက် ၇နာရီ.. မြန်မာပြည်ရဲ့ မနက် ၅နာရီခွဲမှာ စ အသံလွှင့်ဖို့ စတူဒီယိုကို အပြေးအလွှားဆင်း.. Mic ရှေ့မှာ ထိုင်.. မင်္ဂလာပါသောတရှင်များရှင်.. ကျမ မေငြိမ်းပါ.. လို့ ပြောပြီး အစီစဉ်မှူး လုပ်ရတာကိုလည်း ကြိုက်ကြိုက်..
မနက်ခင်းတချိန် အသံလွှင့်ပြီး အလုပ်ဖော်တွေနဲ့ မနက်စာ စုစားရတာကိုလည်း ကြိုက်..။
ရုံးပြန်ချိန်.. သိပ်ခမ်းနားပြီး အေးအေးချမ်းချမ်းဆန်တဲ့ ၀ါရှင်တန်ဒီစီရဲ့ မြင်ကွင်းကို အလုပ်ဖော် သူငယ်ချင်းတယောက် မောင်းတဲ့ ကားပေါ်ကနေ မရိုးနိုင်စတမ်း ငေးပြီး လိုက်ရတာကိုလည်း ကြိုက်တာပဲ..
အိမ်ရောက်ရင်တော့ တရေးအိပ်ချိန်… သီချင်းတိုးတိုးလေးဖွင့်.. ဇော်ဝင်းထွဋ်ဖြစ်ဖြစ်.. ဂျေမောင်မောင်ဖြစ်ဖြစ်.. ။ ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်…။ အိုးး ဇိမ်ပဲ…။
၃နာရီခွဲရင်တော့ တရေးအိပ်ရာကနေ မဖြစ်မနေထပြီး အလုပ်အပြန်မှာ ကလေးအငယ် နှစ်ယောက်ကို ကျောင်းဝင်ကြိုပြီး ပြန်လာကြမယ့် အဖေကြီးနဲ့ သမီး သားနဲ့ကို ကြိုရတာပေါ့..။ အဲဒီအချိန်ဆို.. အိမ်ထဲတောင် မရောက်သေးခင်ကတည်းက စကားလုပြောလာတဲ့ သားနဲ့ သမီးနဲ့ အဖေ့နဲ့ကို ဆီးကြိုရတာ.. အင်း ကြိုက်ပါတယ်..။ မောကြိုက်လေးပေါ့ :P
အဲဒီ ခဏတဖြုတ်ကတော့ မိသားတစု ပေါ့ပေါ့ပါးပါး.. တနေ့တာ ကြုံခဲ့သမျှ.. ပြောကြ… တအိမ်လုံး ဆူညံ…။ များသောအားဖြင့်တော့ အဖေကြီးက လဘက်ထသုပ်ပြီး.. ထမင်းကြမ်းနဲ့ အဆာပြေ ၀ိုင်းစားကြတာ.. ။ အဲဒါကိုတော့ သဘောအကျဆုံး…။
ပြီးရင်တော့ အဖေနဲ့အမေခမျာ မီးဖိုချောင် ၀င်ရပြီပေါ့..
သားနဲ့ သမီးက တယောက်က TV ကြည့် တယောက်က ကွန်ပျူတာကိုင်…။
ချက်ရင်းပြုတ်ရင်း.. ပြောရင်းဆိုရင်း.. ရှင်းရင်းလင်းရင်း.. ဟော.. ၅နာရီထိုးပြီ။
မေမေ Gym သွားမယ်.. လို့ အ၀တ်အစားလဲတာနဲ့ သမီးနဲ့သားက ငေါက်ကနဲ ထလိုက်တာပဲ..။
ဖေဖေကြီး အိမ်ရှင်း.. ရေချိုးထား..။ ပြန်လာရင် ညနေစာစားကြမယ်ပေါ့…။
မေမေက Gym မှာ.. သူတို့က ကစားကွင်းမှာ.. (မေမေက မှန်မှန်မသွားဖြစ်တာတော့ ရှိသပေါ့ :D)
Gym မှာ ၁နာရီ ကြာ… သဘောကျစရာတော့ တကယ်ကောင်းတာပါ..
ပြန်လာ.. ရေချိုး ညစာစားးးး TV ကြည့်ရင်း သားနဲ့ သမီးကို အိမ်စာကူလုပ်..။
ဒီလိုနဲ့.. ည ၉နာရီကျော်ပြီလေ…။ ည ၁၀နာရီတော့ အိပ်ယာကို မဖြစ်မနေ၀င်ကြရ….
မအိပ်ခင်တော့ Face Book လေး ကြည့်ပါရစေဦး..
Blog လေးတွေ ဖတ်ပါရစေဦး…. မဂ္ဂဇင်းဝတ္ထုတို တပုဒ်လောက်တော့ ဖတ်ပါရစေဦး…
အဖေကြီးက အော်နေပြီ.. အမေကြီင်္းနော်.. မနက် ၃နာရီ ထရမယ့်ဟာ.. အိပ်တော့…တဲ့။
အင်းပါဆို..သိပါတယ်.. လို့ ညတိုင်းနီးပါး ပြန်ပြောပြီး အချိန်ဆွဲနေရတာကိုလည်း သဘောကျပါ့..။
တကယ်ဝင်အိပ်တော့ ည ၁၁နာရီ…..
ဘုရားရေ.. အိပ်ချိန် ၄နာရီပဲ ရတော့မှာပါလား.. မဖြစ်ဘူး.. အိပ်မှ အိပ်မှ…။
အဲသလိုညတိုင်း ပေရတာလည်း ကြိုက်တာပဲ.. ဘယ်လိုလုပ်မလဲ…။
ကြည့်ပါဦး ကျမခမျာ.. အချိန်ဆင်းရဲလိုက်တာ.. သနားစရာနော်…။
(အဲလို သူများသနားအောင် ပြောရတာကိုလည်း ကြိုက်တာပဲ..)…

+++++

ရုံးပိတ်ရက် တနေ့တာ အကြိုက်များတော့ မရေးတော့ဘူးနော်…
သူများတွေ မနာလိုဖြစ်မှာစိုးလို့.. ဟဲဟဲ…။

၆ဧပြီ၂၀၁၁။