၂၀၁၁
ထဲ အသက် ၄၆ နှစ်ပြည့်ခဲ့။
လူ့သက်တမ်းရဲ့
တ၀က်ကို တော်တော်ကျော်လာခဲ့ပြီပဲ...။
၂၀၁၁
အကုန်မှာ တနှစ်စာပြန်လှည့်ကြည့်တော့
သာယာကျေနပ်စရာ နေ့ရက်တွေ
များများ..
စိတ်ပေကျံညစ်ညူးစရာ
နည်းနည်းပဲ ရှိခဲ့တာ တွေ့ရ...။
အကြမ်းဖျင်းဆိုရင်
တော်တော် ချိုမြိန်တဲ့
ကာလပါပဲ...။
၂၀၁၁
ထဲ.. ကောင်းတာတွေ
အတော်များများ လုပ်နိုင်ခဲ့..
လုပ်ဖြစ်ခဲ့...။
ဆင်းရဲတဲ့ကြားကပဲ
နိုင်သလောက် ကူခဲ့..
လှူခဲ့...
ပင်ပန်းတဲ့ကြားကပဲ
အတန်းနှစ်တန်း ပြီးအောင်
တက်နိုင်ခဲ့..။
အချိန်မရှိတဲ့ကြားကပဲ
မြန်မာစာကျောင်း သပြေညိုပင်လေးကို
ကူညီစိုက်ပျိုးပေးနိုင်ခဲ့။
ကိုယ့်တိုင်းပြည်မှာ
ကိုယ့်စာတွေနဲ့ ကိုယ့်နာမည်လေး
ပြန်ပါလာတာကတော့ စိတ်အချမ်းသာဆုံး
ပီတိပေါ့။
၂၀၁၁
မှာပဲ...
သမီးလေး
Elementary Graduation မှာ
Obama Award ရတယ်...
Honor Student ရတယ်...။
သားကြီး
ကောလိပ်မှာ ရတောင့်ရခဲ Art
ဘာသာတွေမှာ
Grade A တွေရတယ်။
သားငယ်လေးလည်း
မဆိုးလှ...။(မိဘက
သူတို့ကျောင်းစာကို သေသေချာချာ
ကူနိုင်တာမဟုတ်)။အဲလောက်ဆို
ရပြီ..။
၂၀၁၁ထဲမှာပဲ...
မုန်းတဲ့ကြားကပဲ
ရန်သူတချို့ကို ပြုံးပြနိုင်ခဲ့...
နာတဲ့ကြားကပဲ
စော်ကားသူတချို့ကို
တိတ်ဆိတ်တုံ့ပြန်နိုင်ခဲ့...။
ငါသည်
နာကျင်သောကိုယ် ရှိသူဖြစ်လျက်
နာကျင်သောစိတ်ကင်းသူဖြစ်လတ္တံ့
ဆိုတဲ့ ဓမ္မပဒကို
ကြည်ညိုနေတဲ့ကြားကပဲ..
စိတ်နာတတ်ခြင်းတွေထဲလည်း
မြိန်ရေရှက်ရေ ရှိဆဲ...။
ပစ်ပယ်သင့်သူတွေကိုတော့
ကျောခိုင်းနိုင်ခဲ့...။
ဥပက္ခာဆိုတာကို
တစိတ်တဒေသ ကျင့်နိုင်ခဲ့။
၂၀၁၁
အထိ... တသက်စာမှာ
အဖေပြောခဲ့သလို
ကံ၅ပါးထဲက အရေးကြီးဆုံး
သူတပါးထိခိုက်ပျက်စီးအောင်
လိမ်ညာခြင်းနဲ့ သူတပါး ပစ္စည်း
(သူများမသဒ္ဓါတဲ့ ပစ္စည်း
အပါအ၀င်).. ခိုးယူခြင်း..
လုံးဝ
(လုံးဝ)
ကင်းနေဆဲ...။
(ကိုယ့်မှာ
ချမ်းသာတာ..
ဒါပဲ ရှိတာလေ..)
အဲ..
၂၀၁၁ အထိ....
တသက်လုံး
မမှန်မတရားတာ ဘယ်တုန်းကမှ
မလုပ်ခဲ့ဘူးဆိုတာကို
ဂုဏ်လုပ်ပြီး..
မာန်တက်
လူပါးဝတတ်တဲ့ အကျင့်ကလည်း
ရှိနေဆဲ...။
မှန်တယ်ထင်တာကို
လူအမြင်ကပ်ခံ ပြောတတ်တဲ့အကျင့်လည်း
ရှိဆဲ...။
မမှန်မတရားတဲ့သူတွေကို
ပြောင်ကျကျ ရင်ဆိုင်ဖို့လည်း
စိတ်သန်ဆဲ...။
ကိုယ့်ရဲ့ မတရားခဲ့တဲ့ အမှားကို တွေ့ရင် ပြောကြစမ်းလို့လည်း သမိုင်းကို စိန်ခေါ်နေတတ်ဆဲ... (ခက်ပါသေးရဲ့)
အပျင်းကြီးတာတော့
နည်းနည်းလျော့သွား...
လောဘတော့ ကြီးမလာသေး...
ဒေါသ
နည်းနည်း ကြီးဆဲ..
မောဟ
တော်တော်များဆဲ...။
၂၀၁၁
ကို အချုပ်ဆိုရသော်..
အချိုများများ
အခါးနည်းနည်း....
အအေးများများ
အပူနည်းနည်း...
မိသားစုဆိုတဲ့
စကားလုံးထဲ ပိုမွေ့လျော်လာတဲ့
ကာလအပိုင်းအခြား...
ခုလိုတော့လည်း
ဘ၀က နေပျော်စရာပါလားလို့
ခဏခဏ ရွတ်နိုင်ခဲ့တဲ့
တနှစ်တာ....။
အဲဒီအခါ..
ပင်ပန်းဆင်းရဲမှုတွေကိုလည်း
ပိုပြီး စိန်ခေါ်ရဲလာပါတယ်..။
+++++
၂၀၁၂
မှာ...
ကမ္ဘာ
ပျက်မယ်ဆိုရင်လည်း ရထားတွဲ
၅တွဲစလုံး သေချာချိတ်မိနေမှဖြစ်မှာလို့ပဲ
တွေးထားတယ်။
၂၀၁၂
မှာ မြသီလာအလွမ်းပြေကို
နည်းနည်းပါးပါး တည်းဖြတ်မွမ်းမံပြီး
လုံးချင်းပြန်ထုတ်နိုင်အောင်
လုပ်ရမယ်..။
၂၀၁၂
ထဲမှာ..
အနည်းဆုံး
တလ တပုဒ် ၀တ္ထုတိုတွေ မဂ္ဂဇင်းစေ့
ပါအောင် ပြန်ရေးနိုင်ဖို့
အချိန်အရ ပေးရမယ်..။
၂၀၁၂
မှာ.... ဆက်ပြီး
အကုသိုလ်နည်းနည်း ကုသိုလ်များများနဲ့
နေနိုင်သွားချင်ပါတယ်..။
၂၀၁၂
မှာ စီးပွားပျက်ကပ် နဲ့
မိုးပြိုကြတဲ့ ဒဏ် ..
ကိုယ့်သားသမီးတွေ
ခံရမှာ ပူတယ်..။
၂၀၁၂
မှာ …..
ထမင်းနပ်မှန်..
စာမှန်မှန်ရေးနိုင်..
မီးရထားတွဲကြီး
ခုလိုပဲ တူတူခုတ်မောင်း...
သားသမီးတွေ..
အေးအေးလူလူ
ပညာသင်နိုင်...။
အဲလောက်ဆိုရပြီ...။
ဒါ့ထက်ပိုဆိုရင်တော့
၂၀၁၂ မှာ မြန်ပြည်သာယာအေးချမ်းစေချင်တာကိုပဲ
ပြောစရာ ရှိတော့တာပေါ့လေ...။
၃၀
ဒီဇင်ဘာ ၂၀၁၁။