Feb 20, 2012

အလွင့်








 နင့်ကို ငါ အဲလိုပစ်မထားနိုင်ဘူး.. မီ.. တဲ့။
 ကျေးဇူးပါ မေရယ်..
 ဒါပေမဲ့ ကျမကတော့ ကိုယ့်ကိုကိုယ်ပစ်ထားလိုက်ပြီလို့ မေ့ကို အသံတိတ်တုံ့ပြန်မိတယ်..။
 မေ.. အဲဒီမှာ ပျော်လားဟင်..
မပျော်ဘူးဆိုရင်ရော မီက ယုံလို့လား... တဲ့။
အင်း ယုံတယ်.. မေက မညာတတ်ဘူးလေ..။
 မပျော်ဘူး။ ဒါပေမဲ့ စိတ်မဆင်းရဲဘူး၊ ဒီမှာ အလုပ်ပင်ပန်းတာ မှန်တယ်.. စိတ်ဖိစီးတာ မှန်တယ်.. ဒါပေမဲ့ နေတတ်ရင် ကျေနပ်စရာပါ မီရယ်..။ ကလေးတွေ ပညာရေးကောင်းတယ်.. ကိုယ် အလုပ်လုပ် သလောက် အကျိုးခံစားရတယ်..။ ငါနောက်တခုထပ်ပြောရင် နင် ငါ့ကို တကိုယ်ကောင်းဆန်တယ်လို့ မကဲ့ရဲ့နဲ့နော်...။ ဒီမှာ အတတ်နိုင်ဆုံးတော့ လူနဲ့ တူအောင် နေရတယ်..။ နင်သိပါတယ်.. ငါ အဲဒီမှာတုန်းက ဘယ်လိုနေခဲ့ရတယ်ဆိုတာ... တဲ့။
မေ့အသံက နည်းနည်းတော့ နာကျင်နေတယ်ထင်ပါရဲ့။ ကျမသိပါတယ်။ မေက သူ့နိုင်ငံ ကို ထားခဲ့ရတယ်ဆိုတဲ့ စိတ်နဲ့ အမြဲ အဲလို နာနာကျင်ကျင် ခံစားတတ်တယ်ဆိုတာ..။
မေရယ်.. ဒီလိုပါပဲ.. ဒါပေမဲ့ ရှင် ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်းဆုံးကို လုပ်နိုင်နေတာပဲ..။ ကျမကသာ.....................

 ++++

ဒီည မေ့ကို သိသိသာသာပဲ လွမ်းနေမိပါတယ်..။ မေက မီ့ထက် တနှစ်ခွဲပဲ ပိုကြီးပေမဲ့ အသက်တော်တော်ကွာသလို လူကြီးဆန်တတ်သူ။ မီနဲ့မေက စိတ်ခံစားချက် တူတာများပြီး ဘ၀ပုံစံချင်း.... ကြီးပြင်းရပုံချင်း.. ရပ်တည်ပုံချင်း မတူပေမဲ့ နီးစပ်ချစ်ခင်နိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ မေကတော့ စာရေးဆရာမို့ ထင်ပါရဲ့..။ စိတ်ကူးနည်းနည်းပိုယဉ်ပါတယ်။ ပြီးတော့ မေက စိတ်ကူးယဉ်တဲ့ နောက်ကိုလည်း စိုက်လိုက်မတ်တတ် လိုက်တတ်သူ။ ခုနေ ပြန်ပြောဖြစ်ကြရင်တော့ မေ့ရဲ့ အဲလို စိတ်ကူးယဉ်တတ်မှုကြောင့်ပဲ အဲလို စိတ်ခံစားမှုနောက် လိုက်မှုကြောင့်ပဲ ခုချိန်ထိ မေက စိတ်ချမ်းချမ်းသာသာ.. ပြောရရင် လက်ရှိဘ၀မှာ ကျေကျေနပ်နပ် နေတတ်နေတာ လို့ ပြောဖြစ်ကြမယ် ထင်ပါရဲ့။ တကယ်လည်း မေက ချမ်းချမ်းသာသာ ပပလွှားလွှား မရှိလှတဲ့ ဘ၀ထဲ ပျော်တတ်ပါပေရဲ့...
ဒါဖြင့် ဘယ်ဟာကများ တကယ်ပျော်စရာလဲ ဆိုတာကို မီ.. ခုတော့ဖြင့် တွေးမိရပြီ။

+++++

အချစ်ဆိုတာ ဘယ်လိုခံစားချက်လဲဆိုတာ ရှင်သိရဲ့လား ကိုကို... လို့ မေးတော့ သူက မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ မီ့ကို ကြည့်ပါတယ်..။ ဘာကြောင်တာလဲ..လို့ တွေးနေတာလားကိုကို ဆိုတော့ သူက စိတ်ပျက် လက်ပျက်ပုံနဲ့ ခေါင်းခါသေးရဲ့။။ ဒီမှာ ကျမလည်း အချစ်ကို ကိုးကွယ်တဲ့သူ မဟုတ်ပါဘူး.. ၀န်ခံပါတယ်။ ဒါပေမဲ့ ဘ၀မှာ ခုလို အဓိပ္ပါယ်မဲ့လှချည်ရဲ့လို့ ခံစားနေရချိန်မှာတော့ ကျမ အချစ်ဆိုတာကို စဉ်းစားမိတယ်.. သိလား... ဆိုတော့ သူက သက်ပြင်းချတယ်..။ ကိုယ် မင်းကို ချစ်ပါတယ်ကွာ လို့ ကျမ ပခုံးကို လှမ်းဖက်ပြီး ဒီတခါ ပြောချိန်မှာတော့ စိတ်ထဲ နည်းနည်း အော့မိတာ ၀န်ခံပါတယ်။။ ကျမ ခေါင်းရမ်းမိတော့ မီက ဘာဖြစ်ချင်တာလဲကွာ.. တဲ့။ ကျမလား.. အင်း.. ကျမလည်း မသိဘူး.. ကျမ ဘာဖြစ်ချင်တာလဲ.... ဆိုတာ....။

မေက ပြောတယ်...။ မေတ္တာတရား..တဲ့။
မေတို့ ဇနှီးမောင်နှံကြားမှာ အချစ်ဆိုတာက မပူလောင်တော့ဘူးတဲ့.. ဆိုတော့ မေတ္တာတရား ဖြစ်သွားပြီ တဲ့။ ဘာလို့လဲဟင်.. သားသမီးတွေကြောင့်လား..။ အသက်တွေ ၄၀ ကျော်ကုန်လို့လား..။ အစစ လုံခြုံအေးချမ်းတဲ့ တိုင်းပြည်တပြည်မှာ နေနေရလို့လား..။ ဒါမှမဟုတ်.. အရာရာကို အတူလက်တွဲ ရုန်းကန်ဖြေရှင်းနေကြရလို့လား..။ နားမလည်နိုင်တော့ဘူး..။
ဒါဖြင့် မီကရော...။ သမီးနှင်းကို သတိရပါတယ်..။ သမီးက မီ့ကို မအေးမြစေဘူးလား...။ ကိုကိုကရော...။ ကိုကို နဲ့ မီ့ကြားမှာ မေ နဲ့ သူ့ ခင်ပွန်းလို သားသမီးဆိုတဲ့ အချည်အနှောင်တွေ မရှိခဲ့ကြလို့လားဟင်...။

 ++++

မီ့ထက်အရင် မေက အိမ်ထောင်ပျက်တခုလပ်ဘ၀ကို သားတယောက်နဲ့အတူ တွဲပြီး ရင်ဆိုင်လိုက်ရတာပါ။ အဲဒီတုန်းက မေ ဘယ်လောက် ပင်ပန်းဆင်းရဲခဲ့သလဲဆိုတာ မေ့နားမှာ တောက်လျှောက် ရှိနေခဲ့တဲ့ မီက အသိဆုံးပေါ့..။ စိတ်ရော ရုပ်ပါ မေ ဆင်းရဲခဲ့တာ.. မီဖြင့် ကြည့်တောင် မကြည့်ရက်ခဲ့။ နောက်တော့ တိုက်ဆိုင်လှတဲ့ ကံကြမ္မာက မီ့ကိုပါ အိမ်ထောင်ပျက်ဖြစ်စေခဲ့ပါတယ်။ အဲဒီကာလတွေတုန်းက ဘ၀ကို ရဲရဲ ရင်ဆိုင်တတ်တဲ့ မိန်းမတွေ.. ကိုယ့်အားကိုယ်ကိုးတတ်တဲ့ မိန်းမတွေ.. ကြိုးစားတဲ့ မိန်းမတွေ အိမ်ထောင်ရေး အဆင်မပြေကြတဲ့ ခေတ်ထင်ပါရဲ့...။ မီက သမီးတယောက်နဲ့...။ မေက သားတယောက်နဲ့...။ ဘ၀ကို အလျားလိုက်ဖြတ်ခဲ့ကြတာ..။ ပင်ပန်းလိုက်တဲ့ဖြစ်ခြင်း။
ဒါပေမဲ့ မီရော.. မေပါ.. ရင်ဆိုင်ခဲ့ကြပါတယ်...။ နောက်တော့ ဘ၀ထဲ ပင်ပန်းတာနဲ့ မဆိုင်ဘူးထင်ပါရဲ့...။ မေက နောက်ထပ်လက်တစုံကို တွဲလိုက်တော့တယ်...။
အံ့သြစရာကောင်းတာက
မေရွေးချယ်လိုက်တဲ့ညီညီက မေ့ထက်ငယ်တဲ့အပြင် မေ့လောက်တောင်  ပြည့်စုံသူမဟုတ်..။
တခုတော့ ရှိပါတယ်.. ညီညီကကြင်နာတတ်သူ.. အေးချမ်းသူ.. မေ့ကို လေးလေးနက်နက်တန်ဖိုးထားတယ်လို့ ယုံကြည်ရလောက်တဲ့ အမူအရာတွေ ရှိတဲ့သူ။ မေက ပျော်ပါတယ် တဲ့။ ပြီးတော့ ချစ်ပါတယ်တဲ့...။
ဒါဖြင့် မီကရော...

++++++

ကိုကို့ကို မီ ခေါင်းညိတ်ဖြစ်ခဲ့တာ တကယ့်အချစ်လား.. ဒါမှမဟုတ် သာယာမှုလား.. ဒါမှမဟုတ် မျှော်လင့်ချက်ကြောင့်လား...။ ကိုကို့ စီးပွားဥစ္စာပြည့်စုံမှုကလည်း တစိတ်ဒေသတော့ ပါမယ်ထင်ပါတယ်..။ မီကိုယ်တိုင်တောင် မသေချာပါ။ ဒါပေမဲ့ ကိုကို့နဲ့ မီ တွဲဖြစ်ခဲ့ကြပါတယ်။
ကိုကို နဲ့ မီကတော့ မေ နဲ့ သူ့ရဲ့ ညီညီ့လိုတော့ မဟုတ်...။ ကိုကိုကိုယ်တိုင်ကလည်း မအောင်မြင်လှတဲ့ ပထမအိမ်ထောင်နဲ့ သားသမီး ရှိသူ..။ ဒါပေမဲ့ သားသမီးကို ငဲ့တဲ့ ကိုကိုက သူ့ အိမ်ထောင်ကို ပြတ်ပြတ်စဲစဲ မလုပ်နိုင်ပါဘူးတဲ့။ ရတယ်ကိုကို.. မီ့နားမှာ အဖော်အဖြစ်.. ရှိနေရင် တော်ပြီ...။ မီ ကိုကို့ကို လိုအပ်ခဲ့တာ အဖော်အဖြစ် သက်သက်ပါ..။ အားကိုးတိုင်တည်ရာ... လိုအင်တွေ ဖြည့်စွက်ရာတွေအတွက်တောင် မဟုတ်ခဲ့။ ကိုကို့ကို မီချစ်လားလို့ ကိုကိုက မမေးဖူးသလို မီကလည်း မမေးဖူးပါ..။ မီတို့နှစ်ယောက် အလုပ်အတူတူလုပ်.. တိုင်ပင်ဖော် တိုင်ပင်ဖက်...။ စိတ်ညစ်ရင် ရင်ဖွင့်ဖောက်ခွဲဖို့... အကြံဥာဏ်ကောင်းတွေ လိုအပ်တဲ့အခါ တိုင်ပင်ဖို့... တခါတလေတော့ ယောက်ျားတယောက် နဲ့ မိန်းမတယောက်ရဲ့ ဖြစ်တည်မှုလိုအပ်ချက်တွေ အတွက် ပါကောင်းပါလိမ့်မယ်..။
သေချာတာက မီ အဲဒီဘ၀မှာ ကျေနပ်ခဲ့ပါတယ်။

 ++++++

 မီက တိမ်တိုက်တွေ မျောလွင့်တာကို ကိုကို့ဘေးမှာ လဲလျောင်းရင်း ငေး..
တိမ်တိုက်တွေပေါ် မီပါ လိုက်ပါ လွင့်မျောသွား...။ ဟိုးအဝေးကြီးမှာဆို မီ နဲ့ ကိုကို ဟာ ဘာအနှောင်အဖွဲ့မှ နောက်မှာမရှိစတမ်း လွတ်လပ်နေကြသူတွေ...။ မီက နည်းနည်းလည်း နာမည်တော့ ကြီးချင်သေးတယ်..။ အောင်မြင်တဲ့ စာရေးဆရာပဲဖြစ်ဖြစ်.. ဒါမှမဟုတ်.. စီးပွားရေးလုပ်ငန်းရှင်မ... ဒါမှမဟုတ်.. အဆိုတော်... ဒါမှမဟုတ်... ကိုကိုက မီ့နေရာမှာ ဘသူ့ကိုမှ အစားမထိုးနိုင်ပါဘူးလို့ တမ်းတမ်းမက်မက် ရှိနေတဲ့အဖြစ်မျိုး...။ ကိုကိုက နားမလည်နိုင်ရှာဘူး။ မီ ဘာဖြစ်ချင်တာလဲ တဲ့။
ပြောပြရင် မီက စာအုပ်တွေ သိပ်ဖတ်တော့ ရူးချင်ချင်ရယ်လို့ ပြောဦးမှာ မီသိပါတယ်..။
 မီကလေ.. အချိန်တိုင်း အချိန်တိုင်းမှာ မီတောင့်တတဲ့ အရာတိုင်းကို ရချင်တာ.. ဆန္ဒတိုင်းကို ပြည့်ချင်တာဆိုတော့လည်း ကိုကိုက မဖြစ်နိုင်ဘူးလေ... ဘသူမှ အဲလို အလိုမပြည့်နိုင်ကြဘူးကွ.. တဲ့။ မီ မသိတာမှမဟုတ်ဘဲ...။ မီက တမင် ညစ်နေတာ တဲ့။ အင်း ဟုတ်မှာပဲ..။ မီက အဲလို ညစ်ချင်တဲ့ စိတ် ရှိတာတော့လည်း အမှန်...။

 ++++++

သမီး.. မာမီ့ကို ချစ်လားဆိုတော့ သမီးက ချစ်သားပဲ.. တဲ့။ သမီးဖြေပုံက စိမ်းသက်သက်နဲ့။ သမီးတောင် ၁၂နှစ်သမီး ဖြစ်ပြီ။ ဒီသမီးလေးကို မီတခါမှ ထွေးထွေးပိုက်ပိုက် မနေခဲ့ဖူးတာလည်း သတိရပါတယ်။ဒါပေမဲ့ မီကိုယ်က အဲလို ချော့ချော့မြှူမြှူ မနေတတ်တာပါ။ ခုဆို သမီးက အမြဲ အတူနေရတဲ့ အဖိုးအဖွားနဲ့ အဒေါ်အပျိုကြီးကို သူပူဆာသမျှဝယ်ပေးပေမဲ့ တခါတလေမှ တွေ့ရတတ်တဲ့ အမေထက် ပိုခင်တွယ်တာတော့ အမှန်ပါ။ မီက သမီးပဲဖြစ်ဖြစ်... မိဘတွေကိုပဲဖြစ်ဖြစ်.. နောက်ဆုံး ကိုကို့ကိုတောင်မှပဲ လိုအပ်တာသာ ဖြည့်ဆည်းပေးလိုက်မယ်.. ယုယုယယတော့ မနေတတ်တာ အမှန်..။
ဒါကိုတော့ အပြစ်လို့ မပြောကြစေချင်ပါဘူး..။ မီက ချစ်သူတွေ လိုအပ်သမျှကို ဂရုတစိုက် ဖြည့်ဆည်းပေးသူတော့ ဖြစ်နေပါသေးတယ်။ မီကိုယ်တိုင်ကလည်း အနားမှာ ဂရုတစိုက်ရှိနေပေးမယ့် ချစ်သူတယောက်ပဲ လိုချင်တာပါလေ...။ အဲဒီချစ်သူက ကယုကယင် မနေတတ်သူဆိုလည်း မီကျေနပ်မှာပါ...။ မီကလေ.. ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရလို့ ငိုကြွေးတဲ့အခါ ကိုယ့်ရှေ့မှာထိုင်ပြီး ကိုယ့်ကို ကရုဏာသက်စွာနဲ့ ထိုင်ကြည့်နေမယ့်သူတယောက်ကို လိုချင်တာပါ...။

++++++

 မူးယစ်ခြင်းဟာ အကောင်းဆုံးအဖော်မဟုတ်မှန်း မီအသိဆုံးပေါ့..။
အရွယ်ကြောင့် မီ့အလှက နုပျို ဆန်းသစ် မရှိနိုင်တော့တာလည်း မီအသိဆုံးပေါ့...။
အဲလိုပဲ ကိုကို သိဖို့လည်း လိုတယ်..။
အလုပ်တွေ မအောင်မြင်တာလည်း မီ့ကြောင့်မှ မဟုတ်ဘဲကိုကို.. ဒီခေတ်ကြီးထဲမှာ မီ့လို မိန်းမတယောက်အနေနဲ့ ဘာကို ထပ်ရင်းရဦးမှာလဲ...။ ကိုကိုသိလား..။ မီဟာ.. အချစ်ကို လိုအပ်ခဲ့သူဆိုတာ (တကယ်တော့ မီကိုယ်တိုင်လည်း မသေချာလှပါဘူး)။ မီဟာ ငွေကြေးအတွက်.. ဘ၀ရပ်တည်ရေးအတွက် ကိုကို့ကို ချစ်ခဲ့တာ မဟုတ်ပါဘူး (ဒါလည်း ကိုယ်တိုင် မသေချာ)။ မီဟာ သွေးသားဆန္ဒနဲ့ ကိုကို့ကို ရွေးချယ်ခဲ့ တာလည်း မဟုတ်ဘူး (အချစ်နဲ့ သွေးသားဆန္ဒ မီခွဲခြားတတ်ခဲ့ရဲ့လားဆိုတာ ခုချိန်မှာ ကိုယ်တိုင် ပြန်မေးဖြစ်နေတဲ့ မေးခွန်းပါ..)။ ဒါပေမဲ့ ကိုကို.. မီ ကိုကို့ကို လိုအပ်ခဲ့ပါတယ်..။ ခုလည်း လိုအပ်နေဆဲပါ ကိုကို..။ မီ့အနားမှာ နေ၀င်တော့မယ်..။ မီ့အခန်းထဲမှာ ဆေးလိပ်ငွေ့တွေနဲ့ အုံ့မှိုင်းလို့..။ အပြင်မှာ မြူခိုးတွေ ဆိုင်းနေတာနဲ့အပြိုင် မီ့အခန်းထဲမှာလည်း မှုန်မှိုင်းနေတယ်...။ အဲဒီအမှုန်တွေထဲမှာ မီက လွင့်နေတာ ကိုကိုရဲ့။

 ++++++

 မီက ကိုကို့ ရုံးခန်းစောင့်မဟုတ်ဘူးနော်..... နယ်က ကိုကို့ကုမ္ပဏီခွဲကို မီရှိမှ စိတ်ချတာလား...။
ကိုကို့ သားအရွယ်ရောက်လာလို့ ရန်ကုန် ရုံးခန်းမှာ မီ့ကို ရှိမနေစေချင်တော့တာလား..။
မီ အဲလို မစဉ်းစား သင့်ဘူးလား..။ နယ်မြို့ရဲ့ ခြောက်ခြောက်သွေ့သွေ့ ရုံးခန်းမှာ ခုနေ မီ သေသွားရင် ဘယ်သူ အရင်ဆုံး တွေ့မလဲ .. ရုံးအကူ ဦးဘမောင်လား..။ မနက်က သမီးနှင်းကို လွမ်းပြီး ဖုန်းခေါ်တော့ သမီးက မာမီ ဘာကိစ္စရှိလဲတဲ့။ သမီးကို သတိရလို့ဆိုတော့ ဘာအတွက်လဲ.. တဲ့လေ..။
အင်း မေမေက သမီးကို ကိစ္စရှိမှ သတိရတဲ့ အမေများဖြစ်နေပြီလား လို့ ပြန်တွေးမိသား။
အဲလောက်တော့ မဟုတ်ဘူးထင်ပါရဲ့ သမီးရယ်...။ ဒါနဲ့ ၀မ်းနည်းပြီး ရန်ကုန်ရောက်နေတဲ့ ကိုကို့ကို ဖုန်းခေါ်တော့လည်း ကိုကိုက မီဘာလိုလို့လဲတဲ့..။ ကိစ္စအရေးတကြီး ရှိလို့လားတဲ့...။ ကိစ္စမရှိရင် မဆက်ရတော့ဘူးလားကိုကို လို့ဆိုတော့ ကိုကိုအလုပ်ရှုပ်နေတယ်.. မရစ်နဲ့ မီ..။ စောစောစီးစီး မူးနေပြီလားတဲ့။
မီ့မှာ စကားလုံးတွေ ပျောက်ကုန်တယ်.. ကိုကိုက ဖုန်းချသွားတယ်...။
အဲဒီမှာ.. မီ့အခန်းထဲ မြူတွေဆိုင်းလာတော့တာပဲ..။
မီးခိုးလိုလို တိမ်လိုလို.. မီက အဲဒီအမှုန်တွေထဲ လွင့်လို့..။
ကံကောင်းလို့ ဒဏ္ဍာရီထဲက ပျံနေတဲ့ နဂါးကြီးတကောင်လောက်များ တွေ့လို့ကတော့ လိုက်သွားပြီပဲ ကိုကို။

++++++++

 စိတ်လေလေနဲ့ မျက်ရည်ဝေေ၀နဲ့ ကွန်ပျူတာရှေ့ ငိုင်နေတုန်း ကံကောင်းချင်တော့ မိုးကောင်းကင် အင်တာနက်မှာ မီးစိမ်းလေးပြနေတဲ့ မေ့ကို တွေ့တယ်။ အမြဲ မီးနီပြပြီး အလုပ်ရှုပ်နေတဲ့ မေက မီးစိမ်းလေးပြနေတာ..။ မီ့အတွက်တော့ နဂါးကြီးတကောင်နဲ့ ခဏတွေ့လိုက်ရတာပါပဲ..။
 မေရေ.... မီ စာရိုက်တင်လိုက်တော့ ချက်ချင်းပဲ မီ........... လို့ ၀မ်းသာအားရဟန်နဲ့ ပြန်ထူးတဲ့ မေ့ စာလေးတက်လာတယ်...။
လွမ်းလိုက်တာ မေရယ်..။
ဟုတ်ပါ့.. မေလည်း မီ့ကို တွေ့ရတာ ပျော်လိုက်တာ.. ဘာတွေလုပ်နေလဲကွာ..။
 မီလား ဘယ်လိုသေရင်ကောင်းမလဲ ထိုင်စဉ်းစားနေတာ...။
 ဟေ့ကောင် ပေါက်ကရမပြောနဲ့စမ်း.. ပြော.. ဘာတွေ ဖြစ်နေလဲ..။
မဖြစ်ပါဘူး..။ ဒီလိုပဲ လေတာ..။
 မီ.. တို့တွေ မငယ်တော့ဘူး..။
အင်း ၄၀ တော်တော် ကျော်ပြီလေ.. ။
မနောက်နဲ့မီ...။
မနောက်ပါဘူး.. တကယ်ပြောတာ..။ ခု ကျမ တယောက်တည်း....
အင်း... ကိုကိုရော..။
သူ ရန်ကုန်မှာ.....
ဘာထူးဆန်းလဲ မီ... မီက တယောက်တည်း ကျန်ခဲ့ရတာနဲ့ သေချင်လိုက်တာလို့ ဖြစ်တတ်တဲ့ လူညံ့လား..။
ကျမ ခုညံ့နေပြီမေ...။
သွားစမ်းပါ...။ မဖြစ်နိုင်ဘူး မီ။ မီက သိပ်တော်တဲ့ ထက်တဲ့ မိန်းမ..။
မဟုတ်ဘူးမေ.. အဲဒါ အတိတ်မှာ ကျန်ခဲ့ပြီ..။ ကျမက ရှင့်လိုမဟုတ်ဘူး..။ ဘာမှ မအောင်မြင်တဲ့ မိန်းမ။
မီ.. သမီးနှင်းရော..။
သူက အဖိုးအဖွားတွေနဲ့ပေါ့...။ သူက ကျမကို မချစ်လှပါဘူး...။ --------- ကျမ မပျော်ဘူးမေ....
ဘယ်သူပျော်ကြလို့လဲ မီ.. ဒါကိုက လူ့ဘ၀ပဲ.. မီသိပါတယ်..။
ကျမအတွက် လူ့ဘ၀က အဓိပ္ပါယ်မရှိတော့ဘူး..။
မီ.. အဲဒါအားလုံးက ကိုယ်တိုင်ပဲ လုပ်နေ ဖန်တီးနေကြတာလေ.. ဘယ်သူမှ ၀င်လုပ်ထားတာမဟုတ်ဘူး..။ ------------- မေ အဲလိုပြောရင် မီ့ကို အပြစ်တင်ရာကျလို့ မီသဘောမကျနိုင်ဘူးဆိုတာ မေသိပါတယ်.. ဒါပေမဲ့ မဟုတ်ဘူးလားမီ.. ဒီလမ်းတွေကို တို့တွေ ကိုယ်တိုင်ပဲ ရွေးချယ်ခဲ့ကြတာလေ...။
 ------ ဒါပေမဲ့ ကျမတယောက်တည်း မေ...
မပြောနဲ့မီ.. အဲဒီအတွက် အဖြေရှိပြီးသားလေ..။ နင် သမီး နဲ့ ပြန်သွားနေ.....။
မရဘူးလေ.. ကျမ အလုပ်လုပ်ရဦးမှာ..လေ မေရဲ့။
ဒါဆို ဘာလို့ လက်တွေ့ကို ရင်မဆိုင်နိုင်ရမှာလဲ...။
ကျမအခန်းထဲမှာ သိပ်မှောင်တာပဲမေ...
မီးတွေဖွင့်လေ.. ပြီးတော့ ပြတင်းပေါက်တွေ ဖွင့်လိုက်...။
ကျမကြောက်တယ် မေ..။ ကျမ.. ကျမ တယောက်တည်း...။ အခန်းထဲမှာ မိုးမှောင်ကြီးကျနေတယ်..။
မီ..
မီ...
မီ.. ဘယ်ရောက်သွားလဲ....။ ငါနင့်ကို ပစ်မထားနိုင်ဘူးမီ......

++++++



 မေငြိမ်း ဇန်န၀ါရီ ၉ ရက် ၂၀၁၂။


(မတ်လထုတ် အိုင်ဒီယာမဂ္ဂဇင်း။)

Feb 14, 2012

အချစ်အကြောင်း ပြောရအောင်.. တဲ့

အိုင်ဒီယာမဂ္ဂဇင်းထဲက valentine's Day အမှတ်တရ စာ..


အချစ်ဆိုတာကို ခုလို အသက်၄၀တော်တော်ကျော်လာတဲ့အချိန်မှာ ပြန်ကြည့်တော့
ချစ်သူတွေဆိုတာ...
တယောက်ကိုတယောက် သေသေချာချာ စိတ်ပါဝင်စားဖို့..
ကိုယ်ချင်းစာငဲ့ညှာဖို့.. စိတ်ရှည်သည်းခံဖို့ဆိုတာတွေအပေါ်
အခြေခံမှ ဖြစ်မှာပါလားလို့ မြင်ပါတယ်။

 ++++

ပြန်တွေးကြည့်တော့ စိတ်ကစားတတ်တဲ့ ဆယ်ကျော်သက်အရွယ်တုန်းက အချစ်လို့ ထင်တဲ့ ခံစားချက်တွေဟာ စိတ်ထဲ ကူးသမျှ ယဉ်ယဉ်လေး ရူးခဲ့တာမျိုးသာပါလားဆိုတာကို တွေ့ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ တက္ကသိုလ်အရိပ်အာဝါသရဲ့ ဖမ်းစားမှုနဲ့ ချစ်မိသူတယောက် တွေ့ခဲ့ဖူးပါတယ်..။ အဲဒီလူရဲ့ စိတ်နေစိတ်ထားကို သဘောမတွေ့ပါဘဲနဲ့ .. ကိုယ့်ကျင့်တရား မစောင့်ထိန်းတာကိုလည်း မနှစ်သက်ပါဘဲနဲ့ သူ့အပေါ် စိတ်လှုပ်ရှားတွယ်တာဖူးခဲ့ပါတယ်။
ကံကောင်းထောက်မလို့ ချစ်သူတွေဖြစ်ခွင့်မရပေမဲ့ အချစ်ဦးရယ်လို့ စွဲစွဲလန်းလန်း ရှိခဲ့တယ် ထင်ပါရဲ့…။ ဒါဟာ…. စိတ်ထဲ ကူးသမျှ ယဉ်ယဉ်လေး ရူးခဲ့တာမျိုးပဲ မဟုတ်ပါလား….

 +++++

စာရေးဆရာမကြီး (ဒေါ်)ခင်နှင်းယု ကတော့ "ချစ်သူကို လရောင်အောက်မှာ ရှာပြီး ဘ၀ဖော်ကို နေရောင်အောက်မှာ ရှာရတယ်"လို့ ရေးဖူးပါတယ်။

+++++

နောက်တော့ နည်းနည်းရင့်ကျက်လာတဲ့ အသက်နှစ်ဆယ်ပိုင်းမှာ ချစ်သူရယ်လို့ ဆုံရသူ ရှိလာ..။
ဘာတခုမှ မရေရာသေးတဲ့ အနာဂတ်ကိုလည်း မတွေး..
ဒီတကြိမ်မှာလည်း ၀ါသနာတူ… စိတ်ကူးယဉ်ပုံချင်း တူတယ်ရယ်လို့…
ဒီဘ၀ကိုတော့ သူနဲ့ပဲ ဖြတ်တော့မယ်လို့ ဆုံးဖြတ်.. ဘ၀ဖော်တွေအဖြစ် လက်တွဲ…။
ဒါပေမဲ့ ဘ၀ထဲက ကြိုမမြင်ခဲ့ရတဲ့ နောက်ပိုင်း စာမျက်နှာ တွေမှာတော့ အဆိုးတွေထဲ လက်ပစ်ကူးလို့… ခွဲခဲ့ကြရပါတယ်..။
ဒ်ါခင်နှင်းယုပြောသလိုဆို.. ဒါဟာ လရောင်အောက်မှာ ရှာခဲ့တဲ့ အချစ်မျိုးကြောင့်ပဲလား…။
ဒါကလည်း အတွေ့အကြုံတွေကို ဖြတ်သန်းပြီးမှသာ ရတဲ့ အသိမျိုးပါ...။

 ++++++

ဒီလိုနဲ့ အသက်တွေ ၃၀ တော်တော်ကျော်ပြီးတဲ့နောက်…
နူးနူးညံ့ညံ့.. စိတ်လုံလုံခြုံခြုံ… အေးအေးချမ်းချမ်း…
လူ့ဘ၀ရဲ့ အနှစ်သာရဆိုတာ ဒါပါပဲလားလို့ ခံစားခွင့် ကြုံရပြန်ပါတယ်။
အဲဒီတကြိမ်မှာတော့ အချစ်… ဆိုတာထက် ချစ်ခြင်းမေတ္တာ… ဆိုတဲ့ စကားလုံးကိုပဲ ပိုသတိရ…။ နောက်တကြိမ်ဆိုတဲ့ စကား.. ဒုတိယဆိုတဲ့ ဝေါဟာရကို အားနာနာနဲ့ပဲ.. ခြေစုံပစ်ဝင်လိုက်ရ…။ ဒါပေမဲ့ ကံကောင်းစွာ……….. ချစ်ခြင်းမေတ္တာဆိုတာကို ကြုံကြိုက်ခွင့် ရခဲ့ပါတယ်…။

 ++++++

 အဲဒီအခါ…. ကိုယ်တိုင် အချစ်ဆိုတာကို အတန်တန်ကြုံရပြီးတဲ့နောက်မှာတော့ အချစ်ဆိုတာထဲမှာ ကံတရား ဆိုတာလည်း ပါ... အနုပညာ ဆိုတာလည်း ပါ.. မေတ္တာတရားလည်း ပါ.. သံယောဇဉ်လည်း ပါ.. ကိုယ်ချင်းစာ ငဲ့ညှာမှုလည်းပါ... ရှင်သန်ကြီးထွားမှုလည်းပါ...။ အဲသလို အရောင်စုံ အသွေးစုံပါမှပဲ အချစ်ရယ်လို့ ဖြစ်တာမို့… အချစ်စစ်စစ်ဆိုတာ... ဖြစ်တောင့်ဖြစ်ခဲ.. ရတောင့်ရခဲ.. ကြုတောင့်ကြုံခဲ... အနှစ်အမွန်တခုလို့ ယုံပါတယ်။

++++++

 မေငြိမ်း ဒီဇင်ဘာ ၂၀၁၁။

Jan 10, 2012

ချစ်ခြင်းများ (၁)


 ဒီကဗျာမှာ လဘက်ရည်ခွက်ပုံလေး သုံးမိတာ copyright နဲ့ ငြိလို့ဆိုပြီး ကဗျာပါ တပုဒ်လုံး google က ဖျက်ပစ်လိုက်လို့ ပြန်တင်ထားလိုက်တာပါ.. :(


         ချစ်ခြင်းများ....
အဖြေမရှိတဲ့ မေးခွန်းတွေထဲ…
အရောင်မရှိတဲ့ အရိပ်တွေထဲ…
ရနံ့မရှိတဲ့ ပန်းတောထဲ…
ဆိုက်ချိန်မသိတဲ့ ရထားထဲ…
တ၀ဲဝဲလည် နှစ်များစွာ…။

ဘာကိုများ အလိုရှိပါသလဲ..
ဒါမှမဟုတ်
ဘာကိုများအလိုရှိရမှာပါလဲ..။

ဖြူစင်သော ချစ်ခြင်းများ..
လောဘမဲ့ တပ်ငြိခြင်းများ…
ငယ်စဉ်ဘ၀က မေတ္တာတရားများ…
အစွန်းအထင်းမဲ့ စွဲလမ်းခြင်းများကိုသာ
အဖန်ဖန် ပြန်လွမ်းဆွတ်ရဲ့..။

ဆောင်းသီတာ ရေ..
ဘွယ်ကြီးရေ…
နန္ဒာချောဝဏ္ဏ ရေ.. မိုးကြီး ရေ…
နီလာလေး ရေ… မမသင်း ရေ.. မ၀တီ ရေ..
ကွေးကြီး ရေ.. ကိုလွင် ရေ..
အောင်ကျော်မိုး ရေ.. မောင်အံ့ ရေ..
ငထက် ရေ… ကျော်စိုး ရေ…
လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ
ခုနေ တခေါက်လောက် ပြန်ဆုံရရင်..
တော်တော် နေသာမယ်ထင်ရဲ့။

ကြာခြဲ့ပီကော…
လူမသိ သူမသိနဲ့
ဆွေးရိပုပ်အဲ့အဲ့ လွင်ပြင်ထဲ…
ဘယ်ရင်ခွင်မှာမှ မပျော်ပိုက်နိုင်သူလေ။

၂၈ စက်တင်ဘာ ၂၀၁၀။

Jan 2, 2012

၂၀၁၂ အသစ်....

၂၀၁၂ အသစ်အစမှာ..
facebook design ဟောင်းကိုလည်း အသစ်  timeline  ပြောင်းဖြစ်တယ်...
မေငြိမ်း Blog Page ကိုလည်း  Design အသစ်ပြောင်းတယ်..


သမီး ကျဲကျဲရဲ့ ပန်းချီ Page လေးကိုလည်း ပြောင်းတယ်...  http://kyekyeart.blogspot.com/
သစ်ကောင်းအိမ်ရဲ့ Blog ကိုလည်း ပြောင်းပေးလိုက်တယ်။ http://thitkaungeain.blogspot.com/
ပညာရေး ဘလော့နဲ့ ရသစာအုပ်စင်ဘလော့ကိုတော့ မပြောင်းဖြစ်သေး..
ပြဿနာတခုက အသံဖိုင် တင်ရတဲ့ link က ကျမကို ပေးမ၀င်တော့လို့ နောက်ပိုင်း အစီစဉ်တွေ မတင်ရတာတော့ နည်းနည်းညစ်...
အသံဖိုင်ထပ်တင်ဖို့ domain ပဲ ၀ယ်ရမလဲ ဘာလုပ်မလဲ နားမလည်လို့လည်း နည်းနည်းပိုညစ်..။
Blog မှာ ဓာတ်ပုံတွေကို အကောင်းစားတင်.. အသံဖိုင်တွေ.. Video file တွေ စိတ်ကြိုက်တင်ပြီးတော့
Modern blog performance တွေ လုပ်နေတဲ့ ညီလင်းသစ်ကို နည်းနည်း မနာလိုဖြစ်..
လောလောဆယ်တော့ အသစ်တွေ ဘာလုပ်နိုင်မလဲ.. အသစ်တွေ ဘာရေးနိုင်မလဲ တွေးရင်း...
ကောင်းသောအသစ်တွေကို ရဖို့   ရင်ခုန်အားထုတ်ရင်းနဲ့ပဲ.....
နှစ်သစ်ကို ကြိုလိုက်ပါတယ်....

၁ ဇန်န၀ါရီ ၂၀၁၂။




Dec 30, 2011

၂၀၁၁ ရှင်းတမ်း/၂၁၁၂ ကြို...

၂၀၁၁ ထဲ အသက် ၄၆ နှစ်ပြည့်ခဲ့။
လူ့သက်တမ်းရဲ့ တ၀က်ကို တော်တော်ကျော်လာခဲ့ပြီပဲ...

၂၀၁၁ အကုန်မှာ တနှစ်စာပြန်လှည့်ကြည့်တော့ သာယာကျေနပ်စရာ နေ့ရက်တွေ များများ..
စိတ်ပေကျံညစ်ညူးစရာ နည်းနည်းပဲ ရှိခဲ့တာ တွေ့ရ...
အကြမ်းဖျင်းဆိုရင် တော်တော် ချိုမြိန်တဲ့ ကာလပါပဲ...

၂၀၁၁ ထဲ.. ကောင်းတာတွေ အတော်များများ လုပ်နိုင်ခဲ့.. လုပ်ဖြစ်ခဲ့...
ဆင်းရဲတဲ့ကြားကပဲ နိုင်သလောက် ကူခဲ့.. လှူခဲ့...
ပင်ပန်းတဲ့ကြားကပဲ အတန်းနှစ်တန်း ပြီးအောင် တက်နိုင်ခဲ့..
အချိန်မရှိတဲ့ကြားကပဲ မြန်မာစာကျောင်း သပြေညိုပင်လေးကို ကူညီစိုက်ပျိုးပေးနိုင်ခဲ့။
ကိုယ့်တိုင်းပြည်မှာ ကိုယ့်စာတွေနဲ့ ကိုယ့်နာမည်လေး ပြန်ပါလာတာကတော့ စိတ်အချမ်းသာဆုံး ပီတိပေါ့။

၂၀၁၁ မှာပဲ...
သမီးလေး Elementary Graduation မှာ Obama Award ရတယ်... Honor Student ရတယ်...
သားကြီး ကောလိပ်မှာ ရတောင့်ရခဲ Art ဘာသာတွေမှာ Grade A တွေရတယ်။
သားငယ်လေးလည်း မဆိုးလှ...(မိဘက သူတို့ကျောင်းစာကို သေသေချာချာ ကူနိုင်တာမဟုတ်)။အဲလောက်ဆို ရပြီ..

၂၀၁၁ထဲမှာပဲ...
မုန်းတဲ့ကြားကပဲ ရန်သူတချို့ကို ပြုံးပြနိုင်ခဲ့...
နာတဲ့ကြားကပဲ စော်ကားသူတချို့ကို တိတ်ဆိတ်တုံ့ပြန်နိုင်ခဲ့...
ငါသည် နာကျင်သောကိုယ် ရှိသူဖြစ်လျက် နာကျင်သောစိတ်ကင်းသူဖြစ်လတ္တံ့ ဆိုတဲ့ ဓမ္မပဒကို
ကြည်ညိုနေတဲ့ကြားကပဲ.. စိတ်နာတတ်ခြင်းတွေထဲလည်း မြိန်ရေရှက်ရေ ရှိဆဲ...
ပစ်ပယ်သင့်သူတွေကိုတော့ ကျောခိုင်းနိုင်ခဲ့...
ဥပက္ခာဆိုတာကို တစိတ်တဒေသ ကျင့်နိုင်ခဲ့။

၂၀၁၁ အထိ... တသက်စာမှာ
အဖေပြောခဲ့သလို ကံ၅ပါးထဲက အရေးကြီးဆုံး
သူတပါးထိခိုက်ပျက်စီးအောင် လိမ်ညာခြင်းနဲ့ သူတပါး ပစ္စည်း (သူများမသဒ္ဓါတဲ့ ပစ္စည်း အပါအ၀င်).. ခိုးယူခြင်း..
လုံးဝ (လုံးဝ) ကင်းနေဆဲ...(ကိုယ့်မှာ ချမ်းသာတာ.. ဒါပဲ ရှိတာလေ..)

အဲ.. ၂၀၁၁ အထိ....
တသက်လုံး မမှန်မတရားတာ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးဆိုတာကို ဂုဏ်လုပ်ပြီး..
မာန်တက် လူပါးဝတတ်တဲ့ အကျင့်ကလည်း ရှိနေဆဲ...။ 
မှန်တယ်ထင်တာကို လူအမြင်ကပ်ခံ ပြောတတ်တဲ့အကျင့်လည်း ရှိဆဲ...
မမှန်မတရားတဲ့သူတွေကို ပြောင်ကျကျ ရင်ဆိုင်ဖို့လည်း စိတ်သန်ဆဲ...
ကိုယ့်ရဲ့ မတရားခဲ့တဲ့ အမှားကို တွေ့ရင် ပြောကြစမ်းလို့လည်း သမိုင်းကို စိန်ခေါ်နေတတ်ဆဲ... (ခက်ပါသေးရဲ့)

အပျင်းကြီးတာတော့ နည်းနည်းလျော့သွား...
လောဘတော့ ကြီးမလာသေး...
ဒေါသ နည်းနည်း ကြီးဆဲ.. မောဟ တော်တော်များဆဲ...

၂၀၁၁ ကို အချုပ်ဆိုရသော်..
အချိုများများ အခါးနည်းနည်း....
အအေးများများ အပူနည်းနည်း...
မိသားစုဆိုတဲ့ စကားလုံးထဲ ပိုမွေ့လျော်လာတဲ့ ကာလအပိုင်းအခြား...
ခုလိုတော့လည်း ဘ၀က နေပျော်စရာပါလားလို့ ခဏခဏ ရွတ်နိုင်ခဲ့တဲ့ တနှစ်တာ....
အဲဒီအခါ..
ပင်ပန်းဆင်းရဲမှုတွေကိုလည်း ပိုပြီး စိန်ခေါ်ရဲလာပါတယ်..

+++++

၂၀၁၂ မှာ...
ကမ္ဘာ ပျက်မယ်ဆိုရင်လည်း ရထားတွဲ ၅တွဲစလုံး သေချာချိတ်မိနေမှဖြစ်မှာလို့ပဲ တွေးထားတယ်။
၂၀၁၂ မှာ မြသီလာအလွမ်းပြေကို နည်းနည်းပါးပါး တည်းဖြတ်မွမ်းမံပြီး လုံးချင်းပြန်ထုတ်နိုင်အောင် လုပ်ရမယ်..
၂၀၁၂ ထဲမှာ.. အနည်းဆုံး တလ တပုဒ် ၀တ္ထုတိုတွေ မဂ္ဂဇင်းစေ့ ပါအောင် ပြန်ရေးနိုင်ဖို့ အချိန်အရ ပေးရမယ်..
၂၀၁၂ မှာ.... ဆက်ပြီး အကုသိုလ်နည်းနည်း ကုသိုလ်များများနဲ့ နေနိုင်သွားချင်ပါတယ်..
၂၀၁၂ မှာ စီးပွားပျက်ကပ် နဲ့ မိုးပြိုကြတဲ့ ဒဏ် .. ကိုယ့်သားသမီးတွေ ခံရမှာ ပူတယ်..
၂၀၁၂ မှာ ….. ထမင်းနပ်မှန်.. စာမှန်မှန်ရေးနိုင်.. မီးရထားတွဲကြီး ခုလိုပဲ တူတူခုတ်မောင်း...
သားသမီးတွေ.. အေးအေးလူလူ ပညာသင်နိုင်...။ အဲလောက်ဆိုရပြီ...

ဒါ့ထက်ပိုဆိုရင်တော့ ၂၀၁၂ မှာ မြန်ပြည်သာယာအေးချမ်းစေချင်တာကိုပဲ
ပြောစရာ ရှိတော့တာပေါ့လေ...

၃၀ ဒီဇင်ဘာ ၂၀၁၁။

Dec 15, 2011

လွမ်းစိမ့်.....


အဲဒီနေ့က......
စဉ့်အုတ်ကွက်ရွှေညိုရောင်နံရံတွေကြားထဲ ပြန်ရောက်သွားတာပေါ့။ လှေကားလေးတွေကို နံရံထဲမှာ ကပ်မြှုပ်လို့..။ အဲဒီအဆောက်အဦးတွေကိုက ရင်ခုန်ကြည်နူးစရာကောင်းတာလေ..။ အဲဒီ လှေကားရင်းကော်ရစ်ဒါတွေမှာ ချစ်သူကျောင်းသူလေးတွေကို စောင့်နေတဲ့ ကျောင်းသားလေးတွေ ရှိတတ်တယ်..။ လှေကားတွေပေါ်ကနေ စကားတပြောပြောနဲ့ ရယ်မောဆင်းလာကြတဲ့ ဆရာဆရာမတွေ ရှိမယ်....။ အဲဒီလှေကားလေးတွေ.. ကော်ရစ်ဒါတွေပေါ်မှာပဲ ချစ်စကားတွေ လိုက်ပြောခဲ့ကြ... လက်ကမ်းကဗျာစာအုပ်တွေ လိုက်ရောင်းခဲ့ကြ... လက်ကမ်းလှုံ့ဆော်စာတွေ ဖြန့်ခဲ့ကြ... အကြောင်းမျိုးစုံနဲ့ ငိုခဲ့ကြ.. ရယ်ခဲ့ကြ.. ပျော်ခဲ့ကြ...

ပြီးတော့ စားသောက်တန်းမှာဆို ခိုင်ထူးတို့ စိုင်းထီးဆိုင်တို့ ခင်မောင်တိုးတို့ သီချင်းတွေနဲ့ လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ သီချင်းသစ်လေးတွေ ပျံ့လွင့်နေလိမ့်မယ်...။ စားသောက်ဆိုင်လေးတွေမှာ ရှက်စနိုးနဲ့ ပြုံးနေကြ... စိတ်ကောက်ရန်ဖြစ်နေကြ.. ခုမှ ချစ်စကားပြောနေ ကြတဲ့ ချစ်သူစုံတွဲတွေ.. တရုန်းရုန်းနဲ့ ကဗျာစာအုပ်လုပ်နေကြတဲ့ သူငယ်ချင်းအုပ်စုတွေ...။ အချိန်လုပြီး မုန့်စားကြရင်း ဟိုငေးဒီငေးလုပ်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ... ရှိမယ်။

အားလုံးဟာ ရသကိုးပါးကို ခံစားရသလို ခံစားလို့ မြိန်ခဲ့ကြ...။ ဒါပေမဲ့ အဲဒီ စဉ့်အုတ်ရွှေညိုရောင်ကျောင်းကလေးပေါ်မှာ စစ်ဝတ်စုံတွေတော့ မလွှမ်းမိုးဖူးခဲ့ဘူး..။ ယုံလား..
အဲဒါ RC 2 လို့ခေါ်တဲ့ လှိုင်နယ်မြေကောလိပ်လေးပေါ့။
အဲဒီကျောင်းလေးကို ကျောင်းသူဘ၀နဲ့ အလည်အပတ်သွားနေခဲ့တာ ထည့်မပြောဘဲ ဆရာမပေါက်စဘ၀နဲ့ နေခဲ့သမျှ ၁၀နှစ်တာကာလမှာတောင် ဘယ်လောက် ချစ်ခဲ့.. စွဲလန်းခဲ့သလဲဆို... ခုပြန်တွေးသတိရတော့ လွမ်းရတဲ့ စိတ်က တစိမ့်စိမ့်....

+++++++++

တိုင်လုံးဖြူဖြူကြီးတွေကို ဖြတ်ပြီး နေ့တိုင်းသွားနေကျ... ။ တခါမျှ မော့မကြည့်မိတဲ့နေ့ရယ်လို့မရှိ။ အဲဒီတိုင်ကြီးတွေကို ကြည့်တိုင်း စိတ်ထဲ အားရှိတာ။ တကယ်တော့ ဒီဝင်းက ကိုယ်နဲ့ တိုက်ရိုက် ပတ်သက်တာတော့လည်း မဟုတ်...။ ကံကောင်းလို့ ချစ်စရာစွယ်တော်ရိပ်မှာ နေခွင့်ရခဲ့တာ။ ဒီမှာလည်း ၁၀နှစ်ပဲ..။ ၁၀နှစ်လုံးလုံးမှာ... တိုင်လုံးကြီးတွေကို ချစ်ခဲ့သလို နံဘေးက စွယ်တော်ပင်ပုလေးတွေကို လည်း ချစ်ခဲ့။ ဗိသုကာဌာနဆီဆင်းမယ့် ပေါင်းမိုးလှေကားလေးကိုလည်းချစ်ခဲ့။

ဂျီဟောရှေ့က ဖြတ်လျှောက်တိုင်း စာရေးဆရာမ မစန္ဒာရဲ့ ဂျီဟောသူကို သတိမရမိတဲ့နေ့ မရှိ။ ကိုယ်တိုင် ဂျီဟောကို ကြည့်ပြီး တူနှစ်ကိုယ် ဆိုတဲ့ ၀တ္ထုတိုတပုဒ်ရေးခဲ့ဖူးတာလည်း သတိရပါ့။ မှောင်အုံ့အုံ့ သီရေတာတွေနား သရဲကြောက်လို့ ဖြတ်မလျှောက်ရဲခဲ့တာလည်း ခုကျတော့ လွမ်းစရာ။ ကင်တီးကိုတော့ သတိမရချင်ဆုံးပါပဲ။ အိမ်မှာ ပျင်းတိုင်း ကင်တီးဘက်ဆီလျှောက် နွေးအေး.. မေတ္တာပေါင်းကူး.. မော်လမြိုင်ဆိုင်။ မိန်းကလေးနည်းနည်း ယောက်ျားလေးများများကျောင်းဆိုပေမဲ့ ကင်တီးလို တကယ့် စည်ပေ့ ဆူပေ့ဆိုတဲ့နေရာကနေ အကြိမ်များစွာ ဖြတ်လျှောက်ခဲ့ဖူးသမျှ တခါမှ ကာယိနြေ္ဒမဲ့အောင် အစအနောက်ခံရတာမျိုး မရှိဖူးခဲ့တာမျိုးက ရှားရှားပါးပါးပါ။ တခါမျှလည်း ကင်တီး အစအဆုံး ဖြောင့်အောင် မလျှောက်ခဲ့ရဖူးတာလည်း မှတ်မှတ်ရရ.. ။ တဆိုင်ဆိုင်ထဲကနေ လှမ်းခေါ်တဲ့ သူငယ်ချင်းတွေ.. အကိုလို မောင်လို မိတ်ဆွေတွေနဲ့ ကြုံသလိုဝင်ထိုင် လေပစ်ရင်း ပျော်ပျော်ကြီး ခရီးဖင့်နေကျ..။ ကွေး.. ကိုလွင်.. ဇာတာကြီး.. မောင်အံ့.. ချိုတူးဇော်.. ဗလ.. ပုတ်သင်ချို... …..
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့အချိန်တွေ....

+++++

ဟော.. ဒီနေရာလေးမှာပေါ့.. လူအုံအုံ အုံအုံ နဲ့ Cartoon Box လေး ရှိခဲ့တာ... ဟော.. သြဘာလမ်းရော ဘယ်နားမှာလဲ.. နောက်တော့ Lover's Lane... ။ အစားထိုးမရနိုင်တဲ့ နေရာတွေ...။ ဘယ်မှာလဲ...။ ပြီးတော့ ၈၈ မတ်လရဲ့ ညတုန်းက ကြယ်တပွင့်ကြွေခဲ့ရာ ပင်မရင်ပြင်ကြီး...။ ဆင်းရဲသားဂိတ်နားက အထိမ်းအမှတ်နေရာလေး..။ အဲဒါလေးတွေပဲ ပြန်မြင်ချင်ပါသေးတယ်..။ အဲဒီနေရာလေးတွေကို စိတ်မှန်းနဲ့ပဲ လွမ်း....

တကယ်ဆို အဲဒီ နေရာတွေမှာပဲ .. အဲဒီ အမိစက်မှုတက္ကသိုလ်ရင်ခွင်မှာပဲ ၈၈နောက်ပိုင်း ကျောင်းသားတွေရဲ့ ဘ၀တွေ အသစ်တဖန် ပြောင်းပြန် စခဲ့ကြရတာ..။ ဒါကြောင့်ပဲ ထင်ပါရဲ့ .. ခုချိန်ထိ.. အဲဒီကျောင်းတော်ကြီးခမျာ မေ့လျော့ ပျောက်ပျက်အောင်.. ဖျောက်ဖျက်ဖို့ အမျိုးမျိုး ကြိုးစားလုပ်ကြံခံခဲ့ ရတာ...။ ခုချိန်ထိ......

++++++

လွမ်းစိမ့်..တဲ့။
စက်မှုတက္ကသိုလ်.. တဲ့။
RC 2 တဲ့။ ဒါရိုက်တာချိုတူးဇော်က ပြောပါတယ်..
ဟင့်အင်း..
ကျမသိပါတယ်....
ဒါရိုက်တာ ပြောလို့သာ ကျမတို့ ကြံဖန်ပြီး RC 2 လိုက်ရ.. RIT လိုက်ရပေမဲ့..
ကျမရင်ထဲ တကယ်ရောက်ရောက်သွားတာက တချိန်တုန်းက ပုံရိပ်ဟောင်းတွေ..
ဒါရိုက်တာ ကြိုးစားတုပြထားရှာတဲ့ RC2 နဲ့ နွေးအေးတွေ.. မေတ္တာပေါင်းကူးတွေ..ထွန်းနွားနို့ဆိုင်
ပုံရိပ်တွေက ကျမကို အလွမ်းမပြေစေခဲ့ပါ...
ဒီရုပ်ရှင်ကို ကြည့်ရင်း ဂျပ်ဆင်ထိပ်က လရိပ်ပြာကိုလည်း ကျမ သတိရနေသေးတာပါ...
အနှစ် ၂၀စာအလွမ်းတွေ....
ခုဆို ၂၃နှစ်စာ....
ကျမတို့အနားက ပျောက်သွားတဲ့ RC 2 လို.. Main လို.. RIT လိုပါပဲ...
ကျမတို့ရဲ့ သူငယ်ချင်းတွေ... တောတွေ တောင်တွေထဲ...။ ထောင်တွေ တန်းတွေထဲ...။ နာနာကျင်ကျင် ကြေကြေကွဲကွဲ .. ဘယ်သူမှ မပျော်ရွှင်ကြရတဲ့ ဘ၀တွေထဲမှာ...။ တစစီ ပြတ်လိမ့်သွားတဲ့ ပုလဲကုံးလို...။ တန်ဖိုးကြီးပါလျက်နဲ့ ပြိုပျက် လွင့်ပျောက်ကြရ...။ ခုထိ.. ခုထိ.. ဘာတခုမှ အလျော်ပြန်မရသေးတဲ့ နှစ်၂၀ကျော်ကာလက..။ ရှည်ရှည်လျားလျား မင်းမူဆဲ...

ဒါရိုက်တာချိုတူးဇော်က လွမ်းစိမ့်... တဲ့။
သူက ပြောဖူးပါတယ်..။
မြန်မာစကားမှာ  နေစိမ့် တယ်ဆိုတာ ရှိတယ် မဟုတ်လား.....
ကျွန်တော်ဟာ . . .
ကြီးတောင့်ကြီးမားနဲ့
လွမ်းစိမ့် သူပါဗျာ... တဲ့။

မြန်မာစာအရကတော့...
လွမ်းစိမ့်ဆိုတာ.. လွမ်းစေအံ့.. လို့ အဓိပ္ပါယ်ရပါတယ်။
ဒါမှမဟုတ်... တစိမ့်စိမ့်လွမ်းရတာလား...
ကျမအတွက်တော့ နှစ်မျိုးစလုံးထိ အဓိပ္ပါယ်သွားတဲ့ စကားလုံးလေးပါ....
ကျမတို့တတွေ...
တစိမ့်စိမ့်နဲ့ တသက်စာ လွမ်းစေရအောင်....
လွမ်းစိမ့်က ပြုစားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄ ။