Sep 17, 2014
ဘီအာရ်
Dec 24, 2013
အဆိပ်အတောက်ဖြစ်နေနိုင်တဲ့ စာတစ်ပုဒ်
ကျမ ငယ်ငယ်က အဖေ့စာအုပ်စင်မှာ တွေ့သမျှ စာအုပ်တွေ ဆွဲဖတ်ရင်း ပေါ်လီယာနာ တို့ .. ထမီကျွတ်၍ လွှတ်လိုက်မည် တို့၊ မပန်ပါနဲ့ ကြွေချင်တယ်.. တို့၊ နှလုံးသားမြို့ဟောင်း တူးဖော်ချက် နောက်ဆုံး အစီရင်ခံစာ.. တို့ကနေစလို့ ၊ စစ်နဲ့ ငြိမ်းချမ်းရေး.. အရင်းကျမ်း.. အာဒိကပ္ပကျမ်း.. ဘာသာကြီးလေးမျိုးပေါ် အမြင်.. ဗုဒ္ဓ၀ါဒ ပြဿနာများ.. သိဒ္ဓတ္ထ .. ဇိနတ္ထပကာသနီ .. ဗုဒ္ဓဘာသာကောင်းတစ်ယောက်.. လာခြင်းကောင်းသောအရှင်.. ၅၅၀ ဇာတ်တော်များ လို စာအုပ်တွေအထိ အမျိုးစုံ ဖတ်ခဲ့တာမှာ ဟိုစပ်စပ် ဒီစပ်လေးတွေ သိလာပါတယ်။
အထူးသဖြင့်တော့ ဘုရားမရှိခိုးတဲ့.. သူများကို ပိုက်ဆံ ကူညီပြီး အလှူလို့ ကင်ပွန်းမတပ်တဲ့၊ သံဃာတော်တွေကို အလှူလုပ်ပေမဲ့ ရေစက်မချတဲ့.. ၊ နတ်ကိုးကွယ်မှုကို ဆန့်ကျင်တဲ့.. နတ်ကိုးကွယ်မယ့် အစား ကိုယ့်မိန်းမကို ကိုးကွယ်တာတောင် အကျိုး အများကြီး ရှိသေးတယ်လို့ ပြောတတ်တဲ့.. ၊ ကျနော်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင် မဟုတ်ဘူး.. ဗုဒ္ဓ၀ါဒီလို့ ပြောတတ်တဲ့..၊ ရွှေတိဂုံဘုရားပေါ်တက်တိုင်း ဗုဒ္ဓဟူးထောင့်မှာ ထိုင်ပြီး ငြိမ်ငြိမ်လေး ထိုင်ပြီး ရွှေတိ၈ုံစေတီတော်ကို ကြည့်နေရတာ တရားထိုင်ရသလိုပဲ စိတ်အငြိမ်းချမ်းဆုံးလို့ ပြောတတ်တဲ့ ၊ ပြီးခဲ့တာကို ချထားခဲ့.. ရှေ့ဆက် လုပ်.. ခရီးဆုံးရောက်အောင် ဇွဲနဲ့သွားဆိုတဲ့ မူကို ကြိုက်လို့ တခါတလေ ဇင် ဗုဒ္ဓ ၀ါဒီတွေက ပိုပြီး အလုပ်ဖြစ်တယ်လို့ ပြောတတ်တဲ့.. အင်မတန် လက်တွေ့ကျကျ နဲ့ ဒီကနေ့ ဆိုတာကို တည့်တည့် ရင်ဆိုင်ပြီး လုပ်စရာရှိတာကို လုပ်သွား တတ်တဲ့၊ နောက်ဆုံးအချိန်ထိ သတင်းစာထဲထည့်ရမယ့် ကိုယ့်နာရေးသတင်း ကို ကိုယ်တိုင်ရေး ထားသွား ခဲ့တဲ့ အဖေနဲ့ ကြီးပြင်းခဲ့တဲ့အပြင် အဖေက ကျမကို သားယောက်ျားလေးလို မွေးမြူခဲ့တာမို့ အဖေ့ အတွေးအခေါ် အယူအဆတွေက ကျမဆီ စိမ့်ဝင်နေခဲ့ပုံရပါ တယ်။ (အမေ့အပြောအရတော့ ကျမက အဖေနဲ့ ရုပ်ရော စိတ်ပါ အတူဆုံးသမီးလို့ ဆိုပါတယ်)
ကျမက ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဝင်အဖြစ် သိပ်ကျေနပ်ပါတယ်။ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါး မြင်ပြီး တရားရတာ သိပ်တော်တဲ့ မင်းသားပဲ.. ဒီအရွယ်.. ကာမဂုဏ်အာရုံထဲ ဒီလောက်နေလို့ ကောင်းနေတဲ့အချိန် ဒါဟာ သုခ အစစ်မဟုတ်ဘူး .. မမြဲဘူးလို့ မြင်တာ.. တော်လိုက်တာ.. ။ ပြီးတော့ ဆရာရှာမတွေ့ဘဲ ကိုယ့်ဘာသာ အားထုတ် ရှာဖွေရတာမို့ ၆ နှစ်လောက် လမ်းလွဲသွားရှာသေးတာ..။ ဟုတ်ပြီ .. ဉာဏ်အလင်းပွင့်ပြီလည်းဆိုရော သူသိသမျှကို ဝေငှတော့တာ..၊ ဉာဏ်မီတဲ့သူ ရပေလိမ့်..။ သူ ရှာတွေ့သမျှ ငြိမ်းချမ်းရာငြိမ်းချမ်းကြောင်းထဲ ကျမ ဉာဏ်မီ သမျှက ရလိုက်တာက သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ၃၈ဖြာမင်္ဂလာ၊ ၂၄ ပစ္စည်းဖြစ်စဉ်အဆင့်ဆင့် နဲ့ ပဋ္ဌာန်း အကျယ် ၊ ပြီးတော့ ကိုယ့်ခန္ဓာကိုယ်အတွင်း ဖြစ်ပျက်နေသမျှ နဲ့ ဆက်စပ်နေတဲ့ အဘိဓမ္မာ.. ရပြီ။ ဒီလောက်နဲ့ ကို ဒီလို အသိတရားထူးကို ထိုးထွင်းသိမြင် ရှာဖွေတွေ့ရှိခဲ့တဲ့ လက်ဦးဆရာ သဗ္ဗညုတပညာရှင်ကြီးကို ကျမ အမြတ်တနိုးနဲ့ ဘုရားရယ်လို့ ကြည်ညိုပြီ။
အဲဒီအခါ အကြည်ညိုလွန်သူတွေက ဘုရားရယ်လို့ ရုပ်ပွားတွေ ထုလုပ်ပြီး ကြည်ညိုကြတဲ့အခါ ၊ ကျမလည်း အဲလို အမှတ်ထား ကြည်ညိုရတာကို ကြိုက်ပါတယ်။ အဲဒီအခါ စိတ်ကူး ခပ်ယဉ်ယဉ် ကျမက ၊ ဘုရားက အိန္ဒိယနွယ်ဖွားမို့ ဒီလိုလေးနေမှာလို့ တွေးပြီး နှာတံ ချွန်ချွန် နဲ့ ..၊ ပြီးတော့ ရောင့်ရဲတဲ့အကျင့်ကို ကျင့်သူမို့ ဘုရားရှင်ဟာ ခပ်သွယ်သွယ်ဖြစ်မှာလို့ တွေးပြီး.. ပိန်သွယ်သွယ် မျက်နှာကျ လေး ပေါ်ပေါ်နဲ့.. ၊ ဘုရားရှင် ကိုယ်တော်ကြီးက.. ပကာသနဆိုတာ အဆိပ်အတောက်တွေပဲလို့ တရားပြခဲ့သူမို့ ရွှေတွေအိနေအောင် ချမထားတဲ့ (အရောင်လှပြီး သာမန်ထက်ထူးကဲကြောင်းပေါ်ရုံလေး ရွှေရောင်ဝင်းထားတဲ့.. အဲလို ဆင်းတုမျိုး တွေကို အိမ်မှာ စင်မြင့်ထက်တင်ပြီး တရိုတသေ နေရာပေး ကိုးကွယ်ပါတယ်။ ပြီးတော့ ဘုရားရှင် အချိန် ကြာကြာ သီတင်းသုံးလေ့ရှိခဲ့တဲ့ ဇေတ၀န်ကျောင်းတော်မှာတောင် သာယာငြိမ်းချမ်းတဲ့ အငွေ့အသက်ရအောင် ပန်းဥယျာဉ် ရှိတာဆိုတော့ ဘုရားရှင်နံဘေးမှာ ပန်းတွေ ဝေအောင် ကြိုးစား ဖန်တီးပါတယ်။
++++++
ကျမရဲ့ အဖွားတွေက နေ့တိုင်း မနက်တိုင်း ဘုရားရှင်ကို သက်ရှိသံဃာတော်တွေကို ဆွမ်းကပ်သလို စားပွဲဝိုင်းနဲ့ အချိုပွဲ ၊ လက်သုတ်ဝတ် ၊ ဇွန်းခက်ရင်းမကျန် ဆွမ်းကပ်ပါတယ်။ အိမ်မှာ အမြဲ ဆွမ်းခံကြွတဲ့ ထိုင်ကိုယ်တော် တွေ အနည်းဆုံး ၅ ပါးရှိပါတယ်။ ကျမ လည်း အိမ်မှာ ဆွမ်းခံကြွတဲ့ သံဃာတော် ရှိမှ စိတ်ချမ်းသာပါတယ်။ ကထိန်ဆိုရင် အများကြီး မခင်းနိုင်တော့တာတောင် အနည်းဆုံး သင်္ကန်းလှူ ဆွမ်းကပ်ချင်ပါတယ်။ ဒါပေမဲ့ ကျမက ဘုရားရုပ်ပွားတော်ကိုတော့ ဆွမ်းမကပ်ပါဘူး။ ဒါက ကျမ အယူအဆနဲ့ ကျမပါ။ ဆွမ်းကပ်တဲ့ သူတွေက လည်း သက်ရှိဘုရားရှင်ကဲ့သို့ သဘောထားပြီး တရိုတသေ ကပ်ကြ တာပါ..။ ပြီးတော့ တန်ခိုးအာနုဘော် ရှိနေတဲ့ ရုပ်ပွားတော်ဆိုရင် ဆွမ်းစားရသကဲ့သို့ ရှိမယ်ဆိုတာကို လည်း ဖြစ်ချင်ဖြစ်နိုင်တယ်လို့ လက်ခံနိုင်ပါ တယ်။ ဒါကို ကျမ ဝေဖန်စရာ မရှိပါဘူး။
ဒါပေမဲ့ အဖွားတို့က ကိုယ့်နားမှာ စားစရာမရှိတဲ့ အမျိုးတွေကိုတော့ မပေးဘဲ ရွှေတိဂုံစေတီ ထီးတော်မှာ သူတို့ရဲ့ စိတ်နားကပ်တွေ စိန်လက်စွပ်တွေ သွားချိတ်တာကိုတော့ ကျမ လက်မခံချင်ပါဘူး။ (အဖွားကို ပြောတော့ အဖွားခမျာ ကျမကို မိစ္ဆာဒိဋ္ဌိဖြစ်မယ်ရယ်လို့ စိတ်ပူရှာပါတယ်) နောက်.. ကျွဲကော်သီးတွေ အလုံးလိုက်ကြီး ဘုရားစင်ပေါ်တင်ပြီး ဘုရားကို လှူတယ်ဆိုတော့.. ကျမက အဖွားရယ်.. ဘုရား ဘယ်လို ခွဲစားမလဲလို့ ပြောမိပါတယ်..။ ကျမသူငယ်ချင်းတစ်ယောက်ဆို ငှက်ပျောသီးအစိမ်းတွေ အဖြီးလိုက်တင်သေး.. ပြီးတော့ နောက် သုံးလေးရက်နေရင် မှည့်ပြီ.. စွန့် စားရုံပဲ လို့ ပြောသေးတာ.. တကယ်။
ပြီးတော့ ကျမက ကိုယ်တိုင် ပရိတ်ကြီး ၁၁ သုတ် နဲ့ ပဋ္ဌာန်းအကျယ်.. ဓမ္မစကြ်ာ ဒေသနာတော် အကုန်ရပေမဲ့ ကျမရဲ့ သားသမီးးတွေကို သြကာသ နဲ့ ငါးပါးသီလက လွဲလို့ ဘုရားစာ မသင်ဖြစ်ပါဘူး။ မေတ္တာသုတ် ကိုတော့ အနှစ်သာရ ကို ကြိုက်တဲ့ အပြင် ကလေးတွေလည်း နားလည်ကောက်ယူနိုင်တဲ့ အဓိပ္ပါယ် ရှိတာကြောင့် အနက် က အစ (အချိန်တန်တဲ့အခါ) သင်ပေးဖို့ အစီအစဉ် ရှိပါတယ်။ ပြီးတော့ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်ကို သူတို့ နားလည်မယ့် စကားလုံးတွေနဲ့ သေသေချာချာ ပြောပြပါမယ်။ ဗုဒ္ဓဟာ အသိဉာဏ်ပညာမှာ အနှိုင်းမဲ့သူဖြစ်ကြောင်း..၊ အဲဒီပညာကြောင့် ရှာတွေ့လာတဲ့ အယူအဆ က ကောင်းလွန်း.. ပြည့်စုံလွန်း.. စိတ်အေးချမ်းရလွန်းလို့ လိုက်နာကျင့်ကြံသင့် ကြောင်း..၊ ဗုဒ္ဓက ရှာတွေ့ ထားတဲ့ လမ်းကို လိုက်နာကျင့်သုံးလို့ ဗုဒ္ဓဘာသာလို့ ခေါ်တာဖြစ်ကြောင်း..၊ ပြီးတော့ ကောင်းမွန်သင့်မြတ်တဲ့ အကျင့် ၈ မျိုး (မဂ္ဂင် ရှစ်ပါး) နဲ့ သူတပါးအပေါ် ကိုယ်ချင်းစာတတ်ပြီး လောကဓံကို ရင်ဆိုင်တတ်စေဖို့မှာ အရေးပါလှတဲ့ ဗြဟ္မစိုရ်တရားလေးပါး ကို ပြောပြမယ်။ ဘာဖြစ်လို့ ကိုယ်ကျင့်တရား (၅ ပါးသီလ)က အရေးကြီးလဲဆိုတာ ပြောပြမယ်..။ အဲလောက်ကိုပဲ သားတို့ သမီးတို့ ကျင့်နိုင်အောင် မနည်း ကြိုးစား ရ မှာ လို့ ပြောပြမယ်။ သူတို့ လက်ခံယုံကြည်ရင် ကျမရဲ့ သားသမီးက ဗုဒ္ဓကို သိပြီ။ (သားကြီးကတော့ သိသင့် သလောက် သိပြီးပြီ .. သူဘယ်လို လက်ခံသဘောထားတယ်ဆိုတာ နဲ့ သူယုံကြည်တဲ့ ကိုးကွယ်မှုပုံစံက သူ့ကိစ္စ)
ပြီးတော့ သူများရဲ့ ကိုးကွယ်ယုံကြည်မှု နဲ့ မကိုးကွယ် မယုံကြည်မှုကို ကဲ့ရဲ့တာလည်း မကြိုက်ပါဘူး..။ ပြီးတော့ ကိုယ့်ဘာာရေးကြောင့် သူများကို တနည်းနည်းနဲ့ အနှောင့်အယှက်ပေးတာ.. ထိခိုက်နစ်နာစေတာကိုလည်း မကြိုက်ပါဘူး။ ကျမအတွက်တော့ ဘုရားရယ်လို့ မဟုတ်ဘဲ အယူအဆကို ကြိုက်လို့ တရားလို ကျင့်ကြံရတာတွေလည်း အများကြီးပါ..။ ဥပမာ.. မဟတ္တမ ဂန္ဓီကြီး လူငယ်ဘ၀ ရထားစီးရင်း ဘိနပ်တဘက် ကျွတ်ကျတာမှာ နောက်တဘက်ပါ ထားရစ်ခဲ့တာမျိုးက ကျမအတွက် ကျင့်ကြံရတဲ့ တရားပဲ..။ ဗိုလ်ချုပ်အောင်ဆန်း ဆီမှာဆိုလည်း ကျမ ကျင့်ကြံရမယ့် တရားတွေ အပုံ..။ John Lennon ရဲ့ Imagine ကလည်း တရားပဲ..။ Vincent Van Gogh ရဲ့ Sunflower ကလည်း တရားပဲ။ Mother Teresa ရဲ့ ပရဟိတတွေကလည်း တရားပဲ.. ။ အဲလိုတွေအများကြီးပေါ့..။ အနက်အရှိုင်း ပမာဏသာ ကွာကောင်းကွာမယ်လေ။
အဲဒီအခါ ကျမက ပတ်ဝန်းကျင်တခုမှာ နည်းနည်းတော့ ပြဿနာရှိနိုင်ပါတယ်..။ စာရေးဆရာမ ကျောင်းဆရာမ ဖြစ်လေတော့ နည်းနည်း ပိုဆိုးနိုင်တာပေါ့. နော်.. .။
May 2, 2013
မြသီလာ.. မိတ်ဆက်
မြသီလာ.. ကို ကျမ စ ရေးတုန်းကတော့ ကျောင်းဝန်းကျင်ကို လွမ်းရင်းက အမှတ်မထင် စဖြစ်သွား ရင်းက အဲဒီထဲ အာရုံဝင်စားပြီး ဆက်တိုက် ဆက်တိုက် ရေးဖြစ်သွားတာပါ။ ကျောင်းနဲ့ ပတ်သက် တဲ့ ကျမရဲ့ ဘ၀ဖြတ်သန်းမှုကို ရေးနေရင်းကပဲ ကျောင်းနဲ့ ဆက်စပ်တဲ့ သမိုင်းကျောင်းလေးတွေလည်း ထည့်ဦးမှ.. ပညာရေးကိစ္စလေးတွေ လည်း ထည့်ဦးမှ.. အမှတ်ရစရာလူတွေအကြောင်းလည်း ထည့်ဦး မှ… ခေတ်နဲ့ ပတ်သက်တာလေးတွေလည်း ထည့်ဦးမှ.. နဲ့။ Blog ပေါ်မှာ ဘာရယ်မဟုတ်ရေးရာကနေ အမှတ်တရ မှတ်တမ်းတစ်စောင်ဖြစ်သွားပါတော့တယ်။ ဒီတော့ ဆောင်းပါးနဲ့ မတူ.. ၀တ္ထုလည်း မဟုတ်လေတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဒီစာအုပ်လေးက Memoir လို့ ဆိုပါစို့။
ဒီ Memoir လေးကို ဘလော့ကနေ တကူးတက ကူးပြီး ကျမကို ချစ်တဲ့ မြန်မာပြည်က ကျမရဲ့ စာဖတ် ပရိသတ် သမီးလေး တစ်ယောက်က အမေရိကမှာ ရှိနေတဲ့ ပန်းချီဒီဇိုင်း ကိုမျိုး ကို အဖုံးဒီဇိုင်း လှမ်းအပ်ပြီး PDF ဖိုင်အဖြစ် Scribd မှာ တင်ပေးခဲ့ပါတယ်။ ကျမရဲ့ အသက် ၄၅ နှစ်ပြည့်တုန်းက အမှတ်တရ မွေးနေ့ လက်ဆောင် ပါပဲ..။ ဒါကြောင့် တချို့လည်း Blog ပေါ်မှာကတည်းက တချို့လည်း Ebook ကလေးလို ဖတ်ထားကြ ပြီး သား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာက မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ကျမရဲ့ မိတ်ဆွေ သူငယ်ချင်း တွေနဲ့ ပရိသတ် အများစုကတော့ မဖတ်ကြရသေးပါဘူး။ ဒီတော့ မြသီလာ ကို သေချာ ပြန် မွမ်းမံ တည်းဖြတ် ပြင်ဆင် ဖြတ်တောက် ဖြည့်စွက်ပြီး.. စာအုပ်ထုတ်မယ်လို့ ပြင်ရတာပါပဲ။
မြသီလာထဲမှာ.. ကျမဘ၀ထဲက ကျမစိတ်ကို ဒဏ်ရာအနာတရ ပေးခဲ့သူတွေထဲက ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး မထိခိုက်စေဘဲ လူ့အဖွဲ့အစည်းကို ထိခိုက်အောင်.. လူအများကို ထိခိုက်နစ်နာအောင် လုပ်သူတွေကိုပဲ ထည့်ရေးပါတယ်။ ပြီးတော့ ကျမရဲ့ ဘ၀ အတွေ့ အကြုံထဲက သင်ခန်းစာ ယူစရာ.. ခံဝန်ချက် ပေးစရာတွေနဲ့ ကျမ ဖြတ်သန်းခဲ့ရာ မြသီလာရဲ့ ပုံရိပ် တွေကို အလွမ်းဖြေမှုတွေ.. ဒီလောက်ပါပဲ…။
ဘာပဲဖြစ်ဖြစ် ခုတော့ မြသီလာအလွမ်းပြေ... မြန်မာပြည်က ဆိုင်တွေပေါ် ရောက်နေပါပြီ....
Oct 9, 2012
ဒေါ်အောင်ဆန်းစုကြည်ကို မခန့်လေးစား ထိကပါး ရိကပါး ဝေဖန်ရအောင် ကျမက ဘာမို့လို့လဲ..
May 22, 2012
မေငြိမ်း ၀တ္ထုတိုများ
၁၅ နှစ်ကြာမှ ကိုယ့်နိုင်ငံထဲ ပထမဆုံး ပြန်ထွက်ခွင့် ရတဲ့ ၀တ္ထုတိုပေါင်းချုပ်ပါ.. ကျမ စိတ်ကြိုက် ပန်းချီ မျိုးမြင့် မျက်နှာဖုံးနဲ့.. ကံကော်ဝတ်ရည်စာပေက ထုတ်ဝေပြီး ၀တ္ထုတို ၁၆ပုဒ်ပါ ပါတယ်။ ဒီကနေ့ပဲ ဖြန့်ပါတယ်ရှင်။
May 2, 2012
အိမ်ဆီသွားတဲ့ လမ်း…
အဲဒီနေ့က ကျမ မော်လမြိုင်-သံဖြူဇရပ်လမ်းပေါ် ခဏ ပြန်ရောက်သွားတယ်။
ပြီး ခဏကြာတော့ ပင်းဒယ-တောင်ကြီးကားလမ်းပေါ် ရောက်သွားပြန်ရော…။
ဟော ဟိုးမှာ တောင်တန်းအလွှာတွေလား..၊ သစ်ပင်တောအုပ်အဆင့်ဆင့်တွေလား။
အစိမ်းရင့်.. အစိမ်းနု၊ အညိုရင့်.. အညိုနု၊ မီးခိုးရင့်- မီးခိုးနု။ တချို့နေရာတွေမှာ လိမ်မော်တွေ အနီတွေ ကျန်နေသေးတယ်။ Fall တုန်းက လက်ကျန်တွေလား… ဒါမှမဟုတ်.. သူ့ရဲ့ ရွက်သစ်လဲတဲ့ ရာသီကိုက Spring လား။ ဘာပဲဖြစ်ဖြစ်.. သဘာဝက ဖန်ဆင်းတဲ့ ရှုခင်းပန်းချီထဲ အရောင်စုံအောင် ထည့်ပေးထားသလို..။
ဒီနေ့ကျကာမှ နည်းနည်း အအေးပိုပေမဲ့ ကောင်းကင်ကတော့ ကြည်စင်လို့။ တိမ်တွေ ကလည်း အရုပ်တွေ ထင်လောက်အောင် အထူသားနဲ့။ ငယ်ငယ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နားက နမ့်ဟူးတောင်းမှာ မော့ကြည့်ခဲ့ရတဲ့ တိမ်တွေလိုပါပဲ။ ဟော.. ကျမ နမ့်ဟူးတောင်းလည်း ရောက်သွားပြန်ပြီ။ တချက်တချက်မှာ ကားက တောင်မြင့်မြင့်တွေပေါ် တက်ရင် ဘေးမှာ ချောက်တွေ နဲ့ ချောက်တွေအောက် ခပ်လှမ်းလှမ်းမှာ ချောင်းတွေ မြစ်တွေ ပတ်စီးနေတာကို လှမ်းတွေ့ ပါတယ်။ ဟော.. အဲဒါ လားရှိုးသွားရင် ဖြတ်ရတဲ့ ဂုတ်တွင်း ပေါ့..။ ဂုပ်ထိပ်တံတားကို တွေ့ချင်ရင်တော့ Shenandoah River ဘက်သွားရင် West Virginia ရဲ့ ပြည်နယ်သင်္ကေတ တံတားကြီးကို တွေ့မှာ။ ဂုတ်ထိပ်တံတားနဲ့ ခပ်ဆင်ဆင်ပေါ့။
ဟုတ်တာပေါ့.. တကယ်တော့ ကျမ သွားနေတာ West Virginia ကိုပါ။ ကျမနေတဲ့ Maryland ကနေ
၂နာရီကျော်လောက် ကားမောင်းသွားရင် ရောက်နိုင်တဲ့ အဲဒီ ဒေသ လေးက ကျမကို
ချင်းတောင်တန်း တွေ.. ရှမ်းတောင်တန်းတွေနဲ့ မွန်ပြည်နယ် က သစ်ပင်အုပ်တွေကြား
ဖြတ်သွားရတဲ့ အဝေးပြေးလမ်း တွေဆီကို ရောက်သွားစေတာပါ။ အဝေးကြီးက တောင်တန်းတွေကလည်း
ဘယ်သူတွေ ဘာပဲ ပြောပြော ကျမ ခံစားရ တာကတော့ ရှမ်းတောင်တန်းတွေ.. ဒါမှမဟုတ်လည်း
ချင်းတောင်တန်းတွေ ပါပဲ။ အလွှာလိုက် အထပ်လိုက်..၊ တချို့နေရာတွေမှာ
လှေကားထစ်တွေလို ထစ်ပြီး စိုက်ဖို့ ပျိုးဖို့ မြေတွေ ပြင်ထားတာလည်း တွေ့တယ်။
စိုက်ရာသီကို စောင့်နေကြတာလေ..။
မြေကွင်းပြင် ကျယ်တွေ ဖြတ်ရင်တော့ နွားတွေ သိုးတွေ
အုပ်လိုက်..၊ သန်မာ တောင့်တင်းတဲ့ ရွှေညိုရောင် မြင်းတွေနဲ့ သပ်ရပ် ကြီးမား
ခိုင်ခံ့တဲ့ အိမ်ကြီးတွေ..။
စိုက်ခင်းတွေ.. ပျိုးခင်းတွေ.. ပန်းခင်း တချို့..။ စိတ်ထဲ
မချင့်မရဲနဲ့ ကားတံခါး ဖွင့်လိုက်တော့ လေရဲ့ ရနံ့က မွှေးလိုက်တာ။
တိတ်ဆိတ်အေးချမ်းလှတဲ့ ဝန်းကျင်။ သာယာလှပတဲ့ သဘာဝ။ လမ်းတလျှောက် အကောက်အကွေ့တွေ
ဂုံးတက် ဂုံးဆင်းတွေ.. သစ်ပင် တောအုပ်တွေက ကိုယ့်နံဘေးမှာ…။ နေခြည်တွေက
သစ်ပင်တွေကြားထဲ ထိုးစိုက်ကျ..။ တိုက်ခတ်တဲ့ လေက အေးမြ..မွှေးမြ..။
အင်း ဒါကြောင့်လည်း John Denver က
Almost heaven,
West Virginia Blue ridge mountains,
Shenandoah river
Life is old there, older than the trees
Younger than the mountains,
growing like a breeze ♩ ♪ ♫ ♬
လို့ ဆိုပေတာပဲ…။
+++++
လမ်းတလျှောက်မှာ တွေ့ခဲ့ရသမျှနဲ့ ပြောရင်တော့ ကျမတို့ ဖြတ်ခဲ့တာက ကျေးလက် ဒေသ ပါ။ အဲဒီမှာ နေသူတွေက စိုက်ပျိုးရေး မွေးမြူရေးတွေ လုပ်ကြမယ်။ ဒါမှမဟုတ်.. ပိုင်ရှင်တွေက မြို့ပြမှာ နေပြီး အပန်းဖြေဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ ဒီ မြေတွေ အိမ်ကြီးတွေကို ဝယ်ထားကြပြီး အိမ်စောင့်တွေက စိုက်ပျိုးမွေးမြူတာလည်း ဖြစ်နိုင်ပါ တယ်။ တချို့အိမ်တွေက သူတို့ မြေတွေ ကျယ်လွန်းတော့ အိမ်ရှေ့မှာ ကန်ကြီးတွေ တူးထားတယ်။ ကန်ထဲမှာ ဝမ်းဘဲတွေ.. ငန်းတွေက ရေကူးလို့။ တချို့နေရာတွေမှာ တော့ သိုးအုပ်တွေ နဲ့ သိုးထိန်းခွေးတွေ ပြေးလွှား။ တကယ့် ကျေးလက်။ တကယ်တမ်းကျတော့ အဲဒီနေရာက မြို့တော် ၀ါရှင်တန်ဒီစီနဲ့ ဆိုရင် အလွန်ဆုံး ၂နာရီကျော် ၃ နာရီ လောက်ပဲ ကားမောင်းရင် ရောက်တဲ့ နေရာ။ ပြီးတော့ စျေးချိုချိုနဲ့လည်း မြေကျယ်ကျယ် အိမ်ကြီးကြီး တွေ ရနိုင်တဲ့ နေရာ။
ညဆို အဲဒီ အိမ်ကြီးတွေထဲ အေးအေးဆေးဆေး နွေးနွေးထွေးထွေး နေနိုင်ပါသေး။
သားသမီးတွေ မရှိတော့တဲ့ ပင်စင်စားအဖိုးကြီး အဖွားကြီး
နှစ်ယောက်တည်းဆိုလည်း တူတူ ရုပ်မြင်သံကြားကြည့်ရင်း ၀ိုင်တခွက် စီ သောက်၊
ဒါမှမဟုတ် ခြံထွက် နွားနို့လေး သောက်၊ လျှပ်စစ်မီး အမြဲရတဲ့နိုင်ငံမို့ နွားနို့
ပူပူလေးကို မပင်မပန်းသောက်နိုင်လိမ့်မယ်။ သားသမီးတွေ ကိုယ့်ဆီ လာမနေ လည်း
မပူတော့ပါဘူး လေ.. အရွယ်ရောက် သားသမီးတွေက သူတို့ဘဝ သူတို့ ထိန်းကျောင်းနိုင်မယ့်
နိုင်ငံမှာ ရှိနေတာမို့ မိဘတွေမှာ ပူဖို့ တာဝန်မရှိ။ မိဘ မို့ သူတို့လေးတွေကို
လွမ်းတာ တော့ ရှိမှာပေါ့။
ဒါပေမဲ့ ဒါကလည်း ဓမ္မတာမို့ အဆန်းတကြယ်
ခံစားရမယ့်ကိစ္စမဟုတ်။ သားသမီးတွေ လက်လွတ် သွားတဲ့ အချိန်မျိုးကျရင်နေဖို့
တကယ်ရွေးသင့်တဲ့ နေရာလို့ ကျမ ခံစားနေမိတယ်။ ဘယ်လောက် စိတ်အေးချမ်းမြေ့
ရှိလိုက်မလဲ..။
+++++
ဆက်ပြောရင် ကျမ ဘယ်လောက် တကိုယ်ကောင်းဆန်တယ်ဆိုတာ
ပေါ်လာတော့မယ်။ ကျမက ကိုယ့်ဇာတိမြေရဲ့ အဝေးကြီး တိုင်းတပါးနိုင်ငံမှာ
ပျော်နေနိုင်.. စိတ်အေးချမ်း နိုင်တဲ့ တကိုယ်ကောင်း ဆန်သူပေါ့..။ ဟုတ်တယ်မို့လား။ ဒါပေမဲ့
မတတ်နိုင်ပါဘူး။ ဟုတ်ပါတယ်.. ကျမ တကယ်ပဲ ခု ကျမ နေရတဲ့ဘဝမှာ ပျော်ပါတယ်။
စိတ်ချမ်းသာပါတယ်။ တချိန်မှာတော့ အဲလို စိုက်ခင်းမြေ အကျယ်ကြီး ပါတဲ့ နေရာဒေသ
မျိုးလေးမှာ ကျမ ခင်ပွန်း အင်မတန်ဝါသနာပါတဲ့ စိုက်ပျိုး မွေးမြူရေး အလုပ်ကို
လုပ်ရင်း .. ကျမက စာတွေရေး စာတွေဖတ်နဲ့ ဘဝမှာ ဇောက်ချ နေသွားနိုင်ချင်တယ်လို့လည်း
စိတ်ကူးနေသေးတာပါ။
John Denver ကတော့ ဆိုတယ်..
♩ ♪ ♫ ♬
Country
roads, take me home
To the place
I belong West Virginia,
Mountain
momma
Take me
home, country roads… ♩ ♪ ♫ ♬
ကျမအတွက်လည်း လောလောဆယ်မှာတော့ ခဏလေးသွားခဲ့ရတဲ့ West Virginia ခရီးတိုလေးက
အိမ်ဆီရောက်အောင် ပြန်ခေါ်သွားသလိုပါပဲ။
ဟုတ်ပါတယ်.. အဲဒီလမ်းတွေက ကျမကို အိမ်ဆီ ရောက်အောင်
ခေါ်သွားခဲ့ကြတယ်..။
ဘာလို့လဲဆိုတော့ ကျမအတွက်
အိမ်ဆိုတာက..
ရောင့်ရဲ တင်းတိမ်မှုတွေနဲ့
စိတ်ချမ်းသာ ကိုယ်ကျန်းမာ..
လွတ်လပ်ပေါ့ပါး…
နေခွင့်ရတဲ့ နေရာတခုသာ ဖြစ်လို့ပါပဲ။
♩ ♪ ♫ ♬
I hear her voice in the mornin' hour she calls me
The radio reminds me of my home far away
And drivin' down the road
I get a feelin' That I should have been home yesterday, yesterday
Country roads,
take me home To the place
I belong West Virginia,
mountain momma Take me home,
country roads ♩ ♪ ♫ ♬
++++++
မေလ ၁ ရက်၊ ၂၀၁၂။
အမေရိကန်ကျောင်းတွေဆီက ဘက်စုံဖွံ့ဖြိုးရေး
ဒီတော့ ကလေးတွေမှာ.. စာသင်သားတွေမှာ အဲဒီ တီထွင်ကြံဆဉာဏ် ဖွံ့ဖြိုးအောင် ဘယ်လို ပျိုးထောင် ပါသလဲ…။ အဲဒီအချက်ကို ကျမ အမေရိကန်နိုင်ငံရဲ့ အခြေခံပညာရေးစနစ်ထဲမှာ လေ့လာ ရှာဖွေ ကြည့် ပါတယ်။ သပြေညို မြန်မာစာကျောင်းလေးဟာ တပတ်မှာ ၂နာရီကျော်ကျော်သာ စာသင် ခွင့် ရတဲ့ သင်တန်းလေး ဖြစ်ပေမဲ့ ကျမတို့ကလေးတွေကို သူတို့ ကျောင်းပညာရေးမှာ အလေ့အကျင့် ရပြီးသား စနစ်တွေနဲ့ မကင်းကွာအောင်၊ ပြီးတော့ ကျမတို့ သိစေချင်တဲ့ မြန်မာမှု မြန်မာ့စာ အရာမှာ လည်း တိုးတက် ဖွံ့ဖြိုးရလေအောင် အားထုတ်တဲ့ သဘောပဲဖြစ်ပါတယ်။
ဒါဖြင့် ကျမတွေ့ရတဲ့ အမေရိကန် ကျောင်းတွေက အခြေခံပညာရေးထဲမှာ ကလေးတွေအတွက် ဘယ်လို အရည်အသွေးတွေ ဖွံ့ဖြိုးစေပါသလဲ.. ကြည့်ရအောင်ပါ။ အမေရိကန် ပညာရေး စိတ်ပညာရှင် Howard Gardner ( Prince of Asturias Award 2011 in Social Sciences ) က ကလေးတွေဆီမှာ ရှိဖို့ လိုအပ်တဲ့ စွမ်းရည် ၉ မျိုး ကို အဆိုပြုခဲ့ပါတယ်။ အဲဒါတွေကတော့ ယုတ္တိဗေဒ- သင်္ချာစွမ်းရည် (Logical Mathematical)၊ ဘာသာစကားစွမ်းရည် (Linguistics)၊ တေးဂီတစွမ်းရည် (Musical)၊ လက်မှုအနုပညာ စွမ်းရည်(Spatial)၊ ကာယလှုပ်ရှားမှု စွမ်းရည် (Bodily- Kinesthetic)၊ လူမှုဆက်ဆံရေး စွမ်းရည် (Interpersonal)၊ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်မှုစွမ်းရည် (Intrapersonal)၊ သဘာဝတရားကို ချစ်မြတ်နိုးမှု စွမ်းရည် (Naturalist) နဲ့ တွေးတောဆင်ခြင်နိုင်စွမ်းရည် (Existentialist) တွေပဲ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးအများစုမှာတော့ အဲဒီ စွမ်းရည် အမျိုးမျိုး ကို အခြေခံပြီး ကျောင်းပညာရေး ထဲမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး နဲ့ လိုက်လျောညီထွေဖြစ်တဲ့ သင်ရိုးတွေ၊ သင်ကြားနည်းပုံစံတွေ၊ စီစဉ် ထည့်သွင်းထား တာကို တွေ့ရပါတယ်။
ပြောရရင်တော့ ဒါဟာ ဘက်စုံပညာရေးဆိုတာပဲ ဖြစ်ပါတယ်။ အမေရိကန် ကျောင်းတွေ ဟာ ဒီ စွမ်းရည် တွေကို အခြေခံထားပြီး သင်ရိုးတွေ သင်ကြားနည်းစနစ် တွေ ပြုစုထား တယ် လို့ ဆိုနိုင်ပါတယ်။ မူလတန်းမှာကိုပဲ သင်္ချာဘာသာရပ်ကို သင်တဲ့အခါ မြန်မာပြည်က အပေါင်း အနှုတ်အမြှောက်အစားအပြင် ဂျီသြမေတြီဆန်ဆန် တွေးပြီး တွက်ယူဖြေရှင်း ရတဲ့ အမေးပုစ္ဆာတွေ ပါပါတယ်။ အဓိကကတော့ ပုံတွေ ဆွဲပြီး တွက်ချက်စဉ်းစားရတာတွေ များတာပါပဲ။ ဒါကြောင့် (Logical Mathematical) လို့ ဆိုနိုင်မယ်ထင်ပါတယ်။
နောက်တခု ဘာသာစကား စွမ်းရည် (Linguistics) မှာတော့ မူလတန်းအဆင့် Grade 4 အထိဟာ ဘာသာစကားအပို သင်ယူစရာမလိုပေမဲ့ သူတို့ရဲ့ မိခင်ဘာသာစကား အင်္ဂလိပ်စာကိုပဲ Grammar နဲ့ Reading , Writing ကို Comprehension Question Types နဲ့ အိမ်စာလေ့ကျင့်ခန်းတွေ နေ့စဉ်လုပ်ခိုင်းပြီး ယဉ်ပါးအောင် လေ့ကျင့် ပေးပါတယ်။ ပြီးတော့ ပုံဆွဲပြီး ကိုယ့်ဘာသာ တီထွင်တဲ့ ဇာတ်လမ်းတိုတွေ Comic တွေ လုပ်ခိုင်းတာမို့ ဘာသာစကားတိုးရုံသာမက၊ တီထွင်စွမ်း Creativity နဲ့ တွေးတော ဆင်ခြင်နိုင် စွမ်းရည် (Existentialist) ကိုပါ တက်လာစေတာပါ။
တေးဂီတစွမ်းရည် (Musical)အတွက်ကတော့ ကလေးတိုင်းဟာ Grade 4 ကို ရောက်ပြီဆိုရင် တူရိယာ တခု ရွေးချယ်ပြီး တီးမှုတ်ရပါတယ်။ ပုလွေ၊ တယော၊ စန္ဒယား၊ အစရှိသဖြင့် ကိုယ် နှစ်သက်ရာ ရွေးပြီး သင်ယူရပါတယ်။ အဲဒီမှာ ထူးချွန်ပြီဆိုရင်တော့ ကျောင်းဖျော်ဖြေပွဲ Concert တွေမှာ ပွဲတိုင်းကျော်ဖြစ်ပြီပေါ့။
လက်မှုအနုပညာ စွမ်းရည်(Spatial) ပိုင်းကို ပြောရင်တော့ စိတ်ဝင်စားစရာကောင်းတာက စာသင်ခန်းထဲက လက်မှုအနုပညာသင်ကြားပုံပါပဲ။ သူ့အတန်း သူ့အရွယ်အလိုက်၊ အရုပ်လုပ်ဖို့ သီးသန့်ထုတ်လုပ်တဲ့ ရွှံ့စေး(Clay) ရောင်စုံသုံးတဲ့ Grade 1, 2, 3 ကနေစလို့ ပလာစတာ သုံးတဲ့ အရွယ်အတန်း Grade 4,5 တွေအထိ ပန်းပုရုပ်တွေ အုတ်ခွက်ရုပ်တွေ လုပ်ကြပါတယ်။ ပြီးတော့ ကိုယ့်အနားဝန်းကျင်က လွှင့်ပစ်ရတော့မယ့် သတင်းစာ စက္ကူတွေ၊ ပြက္ခဒိန်အဟောင်းတွေကို ကိုက်ဖြတ်ညှပ်ကပ်ပြီး ပန်းချီဒီဇိုင်းဖန်တီးတာတွေလည်း လုပ်ကြပါတယ်။ သုံးတဲ့ပစ္စည်းတွေက စိတ်ဝင်စားစရာပါ တခါသုံး ထမင်းစားပန်းကန်ပြားတွေ ပလပ်စတစ်ခွက်အဟောင်း၊ ဖျော်ရည်စုပ် သောက်တဲ့ ပိုက်တွေကိုသုံးပြီးတော့လည်း အရုပ်တွေ ဖန်တီးကြတာပါ။ ပျော်စရာကောင်းလှတဲ့ လက်မှုသင်ခန်းစာတွေပဲ ဖြစ်ပါတယ်။
ကာယလှုပ်ရှားမှု စွမ်းရည် (Bodily- Kinesthetic) အတွက်ကတော့ ထုံးစံအတိုင်း အမေရိကန် Football ၊ Basketball၊ ရေကူး၊ ကရာတေး၊ စသဖြင့် ကိုယ်ကြိုက်ရာ ရွေးချယ်ကစားဖို့ပါပဲ။ ကလေးတွေဟာ ကစားနည်း တခုခုကိုတော့ တတ်မြောက်ရသလို ကျောင်းပြင်ပမှာလည်း အမြဲတစေ အလေ့အကျင့် ရှိနေရပါတယ်။ အဲဒီအတွက် အပြည့်အ၀ တာဝန်ခံယူရတာက မိဘတွေပါပဲ။
လူမှုဆက်ဆံရေး စွမ်းရည် (Interpersonal) ကတော့ ကျောင်းခန်းတွင်း ကလေးရဲ့ အသင်းအဖွဲ့နဲ့ လှုပ်ရှားတဲ့ Team Work တွေမှာ ကလေးက အဆင်ပြေလိုက်လျော ညီထွေ ရှိသလား၊ အဖွဲ့ဝင် ကောင်း Team Player တယောက် ဖြစ်ရဲ့လားဆိုတာတွေကို ဆရာ ဆရာမတွေက အမြဲ စောင့်ကြည့် အကဲဖြတ်နေရပါတယ်။ တခုခု ချို့ယွင်းတယ်လို့ ယူဆတာနဲ့ မိဘတွေဆီ ချက်ချင်း အကြောင်းကြား ပါတယ်။ ဒီနိုင်ငံမှာ အဓိက ထားတာကတော့ ကလေးအချင်းချင်း အနိုင်ကျင့် (Bully) သလား ဆိုတာ ပါပဲ။
ဆရာ ဆရာမတွေက မိဘတွေဆီကို အပတ်စဉ် သောကြာနေ့တိုင်းမှာ ကလေးရဲ့ တပတ်စာ ကျောင်းတွင်း လှုပ်ရှားမှုနဲ့ အခြေနေတွေကို Report ပေးပါတယ်။ အဲဒီအခါ ကလေးက စကားများတာ၊ စာသင်တာကို အာရုံမစိုက်တာ၊ ပိုပြီး လိမ်မာနေတာ၊ အားလုံးကို မှတ်ချက်ရေးပေးတာမို့ မိဘကပါ သားသမီးရဲ့ စာသင်ခန်းအတွင်း လူမှုဆက်ဆံရေး စွမ်းရည် ကို မျက်ခြည်မပြတ်တော့ပါဘူး။ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်မှုစွမ်းရည် (Intrapersonal) ကလည်း အဲဒီကနေ ဆင့်ပွားလာတာပါပဲ။ ကိုယ့်အပေါ် ဆရာဆရာမနဲ့ အတန်းဖော်သူငယ်ချင်းတွေ.. မိဘမောင်နှမတွေရဲ့ အပြန်အလှန် တုံ့ပြန်မှု အရပဲ ကလေးဟာ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်စွမ်း တက်လာ မဟုတ်ပါလား။
သဘာဝတရား ကို ချစ်မြတ်နိုးမှု စွမ်းရည် (Naturalist) ကိုတော့ ကလေးတွေရဲ့ သင်ရိုးထဲမှာ ပါတဲ့ Social Science သင်ခန်းစာတွေနဲ့ အနည်းဆုံး တနှစ် ၂ကြိမ် ခရီးတို Field Trip တွေ ထွက်ရာကနေ အများကြီး ရနိုင်ကြပါတယ်။ ပန်းပင် ပန်းပွင့် သစ်ပင် သစ်တောတွေအကြောင်း၊ လိပ်ပြာပိုးဖလံတွေအကြောင်း၊ အိမ်မွေးတိရစ္ဆာန်လေးတွေအကြောင်း သင်ကြားရင်း ပုံတွေဆွဲ၊ ဇာတ်လမ်းတွေ ရေးကြရင်း ကလေးတွေကို သဘာဝတရားကို ကောင်းကောင်းသိပြီး ချစ်မြတ်နိုးတတ်လာပါတယ်။ ပြီးတော့ တကယ်ကို လက်တွေ့ကျကျ.. သူတို့ကလေးတွေကိုယ်တိုင် တနှစ်မှာ အနည်းဆုံး ပန်းပင်လေးတပင် ရှင်အောင် စိုက်ကြရပါသေးတယ်။
ဒီစွမ်းရည်တွေက ပညာရေးထဲမှာ ဘာလို့ အရေးပါရတာပါလဲ..။ ပြီးတော့ ကလေးတွေအတွက် ဘာကြောင့် ဒီစွမ်းရည်တွေ မဖြစ်မနေလိုအပ်ရတာပါလဲ…။ ကျမ ဖတ်ဖူးခဲ့တဲ့ ပြောင်းလဲတိုးတက်မှုဖြစ်စဉ် (Progressivism) အရ ဆိုရင်တော့ Education should be life itself, not a preparation for living လို့ ဆိုထားတာမို့ “ပညာရေးဟာ ဘ၀မှာ အသက်ရှင်သန် နေထိုင်ဖို့အတွက် ပြင်ဆင်ရုံ သာမဟုတ်ဘဲ ပညာရေးကို လေ့လာ လိုက်စားနေခြင်း ကပဲ ဘ၀တစ်ခု” လို ဖြစ်နေ သင့်တာပါ။ ဒီတော့ ကလေးတွေအတွက် ပညာရေးစနစ်ထဲကနေပဲ ကိုယ်ရည် ကိုယ်သွေးနဲ့ အတူ လူမှုဆက်ဆံရေး စွမ်းရည်ကိုပါ တပြိုင်တည်း ဖွံ့ဖြိုးစေရမှာ ဖြစ်ပါတယ်။
Progressivism အယူအဆကို အမေရိကန် ပညာရေးပါရဂူတွေ ဖြစ်ကြတဲ့ John Dewey ၊ William Kilpatrick နဲ့ John Child တို့က ပြောခဲ့ကြတာဖြစ်ပါတယ်။ သူတို့က ကလေးတွေအတွက် ပညာရေးဟာ ကလေးတွေ စိတ်ဝင်စားတဲ့ သင်ခန်းစာတွေ ဖြစ်သင့်ပြီး စာသင်ခန်း ထဲမှာလည်း ဆရာဟာ ဦးဆောင် လမ်းညွှန်သူ မဖြစ်ရဘဲ အကြံပေးသူသာ ဖြစ်သင့်တယ်လို့ ဆိုပါ တယ်။ ပြီးတော့ ကျောင်းဆိုတာဟာလည်း ကလေးတွေရဲ့ စွမ်းရည်ကို ထုတ်ဖေါ်ရာမှာ အစုအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက် ပြီးတော့သာ ဖေါ်ထုတ်စေ သင့်ပြီး ကလေးတစ်ယောက် နဲ့ တစ်ယောက် ယှဉ်ပြိုင်ဖို့ အတွက် မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။
ဒါကြောင့်ပဲ တနှစ်တာလုံး ကလေးရဲ့ ကြိုးပမ်းခဲ့သမျှကို နှစ်ကုန်မှာ စာမေးပွဲတခုဖြေခိုင်းပြီး အအောင် အကျ နဲ့ ဆုံးဖြတ်လိုက်တာဟာ မမှန်ကန်ဘူးလို့ အဖြေထုတ်ကြတာဖြစ်ပါတယ်။ ဒီ မှားယွင်းတဲ့ စာမေးပွဲစနစ်အကြောင်း ရှေ့တပတ်မှာ ဆက်ပြောပြပါဦးမယ်။
မေငြိမ်း ၂၅၊ ဧပြီလ ၂၀၁၂။
Venus News Journal ပါ ဆောင်းပါး - ၇
-
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်...
-
ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံး သတိရတာ.. ခင်ဗျားပါပဲ ဂျွန်.. Elvis လို သေခြင်းကို ကိုယ့်ဘာသာ မရွေးချယ်ခဲ့ပေ...




