Aug 11, 2007

ကြွေနေတဲ့ ကြယ်

ကျမမှာ ဆရာမလုပ်သက် အနှစ်ဆယ်နီးပါးအတွင်း ဆရာမဘ၀နဲ့ ကြုံရတာလေးတွေကို ရေးတဲ့ ၀တ္ထုတွေ အများကြီး ရှိခဲ့ပါတယ်။ အများအားဖြင့် ကျမ တပည့်လေးတွေဆီက ရတဲ့ ခံစားချက်တွေပါပဲ။ ကျမမှာ ကိုယ်မွေး တဲ့ သားရင်း သမီးရင်းလို ချစ်ရ ရင်းနှီးရတဲ့ ကလေးတွေလည်း အများကြီးပါ။ အဲဒီထဲမှာ ဆိုးတယ်ဆိုတဲ့ ကလေးတွေ ပိုများပါတယ်။ ကျမက ဆိုးတဲ့ ကလေးတွေကို ပို ဂရုစိုက်တတ်ပါတယ်။ အဲဒီမှာ သတိထားမိတာက အဲဒီ ဆိုးတယ်ဆိုတဲ့ ကလေးတွေဆီမှာ ဆိုးတယ်လို့ ဖြစ်ရတဲ့ အကြောင်းပြချက် တခုခုတော့ ရှိနေတာပါပဲ။

ပိုပြီး သေချာ ကြည့်ရင်တော့ အဲဒီ အသက်နှစ်ဆယ်ပါးနီး ကလေးတွေဟာ ၁၉၈၈ နောက်ပိုင်း ခေတ် စနစ်ရဲ့ ကျပ်တည်း ကျဉ်းမြောင်းမှုနဲ့ ရက်ရက်စက်စက် အဖျက်ဆီး ခံရမှုတွေ ကြားထဲမှာ စိတ်အဖိစီး ခံနေကြရတာပဲ ဆိုတာကို ကျမ တွေ့လာပါတယ်။ နောက်ပိုင်း လူငယ်လေးတွေ အထူးသဖြင့် လူတော်လေးတွေ ငယ်ငယ် ရွယ်ရွယ်နဲ့ သေဆုံးသွားကြတဲ့ အခါ တရားခံဟာ ဘာပဲ..ညာပဲ လို့ အမည်တပ်ကြရပေမဲ့ တကယ်က တရားခံက စိတ်ကျ ဖိစီးနာ ပါပဲ။ ဘ၀ထဲ ဘာတန်ဖိုးမှ မရှိမှု.. အဓိပ္ပါယ်မဲ့မှု.. လွတ်လပ်စွာ တီထွင် ဖန်တီးခွင့် မရှိမှု.. အရည်အချင်း ထက် အရေအတွက်က ပိုပြီး ကြီးစိုး နေရာရ လာမှု…. တွေက လူငယ်တွေရဲ့ ဘ၀မှာတော့ ပြင်းပြင်း ထန်ထန် ရိုက်ပုတ် ကန်ကျောက် ခံရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေပါပဲ။

ခုတလော တဖြုတ်ဖြုတ်နဲ့ ကြယ်တွေ အကြွေစိပ်တာ မြင်ရတော့ ကျမရဲ့ ကြွေလွင့်ခဲ့ရတဲ့ သားတပည့်လေး တယောက်အတွက် ကျမ ရေးခဲ့ဖူးတဲ့ ၀တ္ထုတိုလေးကို ပြန်သတိရလို့ ခု တင်လိုက်ပါတယ်။



ကြွေနေတဲ့ကြယ်


(ဒီကပါ)

အိပ်ပျော်နေသလိုပဲ၊ မျက်ခွံလေးတွေက ဖွဖွပိတ်လို့တဲ့။ သူ သေဆုံးရခြင်းအတွက် ဘယ်သူ့ ဝေဖန်သံကိုမှ ကျမ မကြားပါ။ ကျမက သူ့ကို လွှမ်းထားသော ရှပ်အင်္ကျီအကွက် ကလေးရဲ့ ဘယ်ဘက် ရင်ဘတ်နေရာမှာ နီရဲသော သွေးတွေများ စွန်းပေနေမလားလို့ပဲ မေးကြည့်ချင်နေခဲ့တာ။ ကျမက သူ့ခမျာ နှလုံးသား ကွဲအက်ရသော ဒဏ်ရာများနှင့် သေဆုံး ရ တာ ဟု ယုံကြည်ထားသူပဲ ဖြစ်ပါသည်။

+++++

ကျမအတွက်တော့ သားမိုးဟာ ကျမ ၀မ်းနဲ့ လွယ်မွေးခဲ့ရသလို ကြင်နာရသော ကလေးတစ်ယောက်ပဲ ဖြစ်ပါသည်။ သူကိုယ်တိုင်တောင် ကျမ ရဲ့ သဘောထားကို သိချင်မှ သိပါလိမ့်မည်။ ဘယ်သူတွေ ဘာပြောပြော၊ သားမိုးသည် ကျမအမြင်မှာတော့ အင်မတန် လိမ္မာ ယဉ်ကျေးသော၊ ထက်မြက် တောက်ပသော ကလေးပဲ ဖြစ်ပါသည်။ တခုပါပဲ၊ သားမိုးဟာ မဟုတ်မခံစိတ် ရှိသူမို့ ပတ်ဝန်းကျင်မှာ နည်းနည်းတော့ ကန့်လန့် ကျပါသည်။ အဲဒီအတွက်၊ ကျမက သားဘေးမှ ရပ်ကာ တိုက်ပွဲတွေ အလီလီ နွဲခဲ့ရဖူးပါသည်။ ပြီးတော့၊ ထိုတိုက်ပွဲများမှာ လည်း သားကပဲ တကယ်မှန်ခဲ့တာပါ။ သို့ပေမယ့်၊ မတရားလေ့ရှိမြဲ လောကထဲမှာတော့၊ သားမိုးက ပြဿနာ ကောင်လေး ပေါ့။ ကျမကတော့ သားကို နားလည်နိုင်ခဲ့ပါသည်။
ဘာလို့ဆို ... ကျမကိုယ်တိုင်လည်း သားကဲ့သို့ပင် လောကကြီးကို မုန်းခဲ့ရဖူးသည်လေ။

+++++

သားက သူ့ကို ပြဿနာကလေး (Problem Child) ဟု ဝေဖန်လျှင် သိပ် ခါးသီး ရှာသည်။ ကျမကို ချစ်သော် လည်း၊ အဲသည် ပြဿနာကောင်လေးဟု သမုတ်လျှင်တော့ ပြန်လှန် ငြင်းဆန်တတ်သည်။ ဒါပေမဲ့ ၊ သားက လောက နှင့် သဟဇာတ မဖြစ်တာတော့ အမှန်ပါပဲ။ ဆန်းပြား ကောက်ကျစ်သော လောကကြီးထဲမှာ ဖြောင့်စင်း ရိုးရှင်းသည့် သားက အံဝင်ခွင်ကျ မဖြစ်။ ပရိယာယ်များလှသည့် စက်ဝိုင်းထဲက ထောင့်မှန်တစ်ကွက်က သားမိုး ပဲ ဖြစ်သည်။

သားမိုး နှင့် ကျမကြားရှိ ဆက်သွယ်နေမှုက တကယ်တော့ ဆန်းကြယ်ပါသည်။ သားမိုး နှင့် ကျမက ဆရာနှင့် တပည့်ဖြစ်သော်လည်း အစ်မကြီး နှင့် မောင်ငယ်လေး အရွယ်မျှသာ ကွာခြားပြီး၊ ကျမတို့နှစ်ယောက်၏ ခံစားချက်တွေကကျတော့ သားအမိနှင့် ပိုတူသည်ဟု ထင်ပါသည်။ သားက ကျမကို သူ၏ စိတ်တိုင်းမကျသော အမေ တစ်ယောက်လို သဘော ထားပြီး၊ ကျမကတော့ စိတ်ခံစားချက်နှင့် အမူအရာ တစ်ထပ်တည်းကျသည့် သားဆိုးဆိုး တစ်ယောက်လို သားမိုး အပေါ် ခံစားရသည်။ သားမိုးမှာ တစ်ခု ချစ်စရာကောင်းတာက ရိုသေ လေးစားထိုက်သူကို ရိုသေရကောင်းမှန်း သိခြင်းပဲ ဖြစ်ပါသည်။ ဒါကြောင့်ပင်၊ သူနှင့် ကျမ ဆက်ဆံရေးက ပြေလည်လို့ ရနေတာလည်း ဖြစ်မည် ထင်ပါသည်။

ကျမကတော့ သားမိုး နဲ့ ပတ်သက်ရင် တော်တော် သိသည် ဟု ကိုယ့်ကိုယ်ကိုတော့ ထင်ပါသည်။ သားက စကား ဝေေ၀ဆာဆာ မပြောသော်လည်း သူ့မျက်လုံးတွေမှာ အဖြေရှိနေတတ်တာ ကျမတွေ့သည်။ သားမိုးရဲ့ စိတ်ညစ် နေတဲ့ မျက်လုံး၊ စိတ်ဓါတ်ကျနေတဲ့ မျက်လုံး၊ ထွက်ပေါက်ရှာနေတဲ့ မျက်လုံး၊ ပြီးတော့ သူ့ချစ်သူ ကောင်မလေး ကို ချစ်တဲ့ မျက်လုံး၊ ပတ်ဝန်းကျင်ကို နာကျည်း စိတ်ပျက်နေတဲ့ မျက်လုံး၊ အရွဲ့တိုက်တဲ့ မျက်လုံး၊ ပြီးတော့… လမ်းမှား လျှောက်တဲ့ မျက်လုံးတွေ။ တော်တော် များများ သော သားရဲ့ စိတ်ခံစားမှုတွေကို ကျမ တွေ့ဖူးပါသည်။ ဒါကို ကျမ ပြောပြလျှင်တော့ သားက ၀န်မခံချင်သော မာန နှင့် ခပ်ရိရိ ပြုံးရယ် တတ်သည်။ လှောင်သလိုလည်း ခပ်ဟဟ ရယ်တတ်သည်။

သားရဲ့ နှလုံးသားကိုတော့ သူရေးသော သီချင်းတွေ၊ ကဗျာတွေ၊ ၀တ္ထုတွေ နှင့် ပြောစကားတွေမှာ တွေ့ရသည်။ တကယ်တော့ သားမိုးက အနုပညာ သန္ဓေမျိုးစေ့ မှာ ရှင်သန် အောင်မြင်သူပင်။ သူ့ရဲ့ ၀တ္ထုတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို ဖတ်ပြီး ကျမက “သိပ်ကောင်းတယ်”ဟု ပြောလျှင် သူက မျက်မှောင်ကြုတ်ကာ ခပ်မဲ့မဲ့ ရယ်တတ်သည်။ သားက အရာရာကို မယုံလိုသူ။ တခါက၊ ဟိုအဝေး ရေခြား မြေခြားကနေ ကျမထံ စာလှမ်း ရေးတော့ သားက ၀တ္ထုတိုလေးတစ်ပုဒ်ပါ ထည့်ပေးခဲ့သည်။

ဝတ္ထုထဲမှာ လူငယ်လေး တစ်ယောက်က မတ်စောက် မဲမှောင်တဲ့ လှေခါးတစ်စင်းရဲ့ ထိပ် ပြတင်းတစ်ခု ကနေ လောကထဲကို လှမ်းကြည့်ရင်း အသက်ကြီးရင့်သွားတဲ့အကြောင်း၊ အဲဒီ လူငယ်လေးရဲ့ အချိန်ကာလထဲ စီးမျောသွားတဲ့ အတွေးတွေ၊ ခံစားချက်တွေထဲမှာ ကျမ ဖျားသွားဖူးသည်။ အဲဒီအချိန်မှာ သားက အသက်အစိတ် ပင် မပြည့်တတ်သေး။ ကျမ ကိုယ်တိုင်ပင် မဟာဝိဇ္ဇာတန်း သင်ရိုးထဲက Modern Literary Theory တွေထဲ လက်ပစ်ကူးဆဲ။ Time and Space ဆိုတဲ့ သဘောတရားကို ခပ်ဝါးဝါးသာ သိဆဲ။ သားရဲ့ စာက ကျမကို ဖျားသွား စေခဲ့တာ။ သားမိုးကို ဗီဇသန္ဓေကိုက ထူးချွန်တဲ့ ကလေး ဟု ကျမ တိတ်တိတ်ကလေး သမုတ် ခဲ့ရပါသည်။


သားက Composer ကောင်းကောင်း ဖြစ်ချင်တာတဲ့။ သူ့စိတ်ကူးနှင့် သူ့အသက်ရွယ်ကလေးနဲ့ လိုက်တောင် မလိုက်။ ကိုနေ၀င်း တို့ ကိုရဲလွင် တို့ စိုင်းခမ်းလိတ် တို့၊ ခင်ဝမ်း တို့ ခင်မောင်တိုး တို့ကို သားက အင်မတန် ချစ်တာ။ လေးစားတာ။ တခါ တခါ စိတ်ကူး ပေါက်ရင် အဲဒီ လူတွေက သူ့ရှဲ့ Second God လို့လည်း ပြောတတ် သေးသည်။ သူ မကြိုက်လျှင်လည်း သားက တူးတူး ခါးခါး။ ကျမက သူ မကြိုက်သောသီချင်းတွေကိုမှ ကြိုက်သည် ဆိုလျှင်လည်း ရှုံ့မဲ့ ကဲ့ရဲ့တတ်သည်။ တကယ်တော့၊ သားမိုးက ကျောက် ကောင်း တစ်စေ့လည်း ဖြစ်ပါသည်။ သူ့ဆီမှာ ကျမပင် စွဲလန်းရသော ကဗျာတွေ၊ သီချင်းတွေ ရှိ၏။ သို့ပေမဲ့ ထိုကျောက်ကလေးက ရွှံ့နွံတို့ဖြင့် ထူထပ် ဖုံးလွှမ်း ခံရရှာသည်။ “ပတ္တမြား မှန်လျှင် နွံမနစ်” ဟူသော အဆိုကို သား နှင့် အတူပင် ကျမလည်း လက်မခံနိုင်ပါ။ မယုံချင်ပါ။

+++++

သားမိုး ရဲ့ စိတ်လိုလက်ရ ရှိသော ပကတိ ခံစားချက်ကို သားရဲ့ ချစ်သူ နှင့် အတူ ရှိနေချိန်များမှာတော့ တွေ့ရ ပါသည်။ ထိုအချိန်တွေမှာတော့ သားက တကယ့်ကို နူးညံ့ပျော်ရွှင်လို့။ သာမန် လူငယ်လေးတွေလိုပဲ သ၀န်တို လို့၊ စိတ်တိုလို့၊ ကျေနပ်လို့။ ထိုအခါများမှာဆိုရင် ကျမပင် သူတို့နှစ်ယောက်နှင့်အတူ လိုက်ပါ ပျော်ရွှင်မိ သေးသည်။ သားကိုယ်တိုင်လည်း အပူအားလုံး ပြေငြိမ်းနေသည် ထင်၏။ ထိုအခါ ကျမသည် သားကို သာမန် လူငယ်လေးသာ ဖြစ်စေချင်မိပါသည်။ သာမန်ပဲ၊ ရည်းစားနှင့် လျှောက်လည်၊ လက်ဖက် ရည်ဆိုင်ထိုင်၊ စာကျက်၊ ပိုက်ဆံဖြုန်း၊ ဒါမှမဟုတ်၊ အလုပ် တစ်ခုခုလုပ်၊ တော်ပြီပေါ့။ သားမိုးကို အဲဒီလောက်လေးပဲ ဖြစ်စေချင်ပြီ။

ဘာမှ မတတ်နိုင်တဲ့အဆုံးမှာတော့ … တော်ပြီ၊ ကိုယ်ပိုင်သံစဉ်တွေလည်း မရှာနဲ့တော့၊ သီချင်းတွေ ကဗျာတွေ လည်း မရေးနဲ့ တော့၊ ဘာတန်ဖိုးမှ မရှိသူတွေရဲ့ ဆိုင်းဘုတ် အကြီးကြီးတွေအတွက်လည်း စိတ်မပျက်နဲ့တော့၊ နွံအောက်က ပတ္တမြားတွေအတွက်လည်း ကိုယ်ချင်းစာ နာမနေနဲ့တော့၊ “လုပ်ခွင့်” ဆိုတဲ့ စကားလုံးကိုလည်း မေ့ထားလိုက်တော့… မွန်းကျပ်တဲ့ခေတ် ဆိုတာကိုလည်း မတွေးနဲ့တော့။ လွတ်လပ်ခွင့် ဆိုတာကိုလည်း မသိချင်နဲ့တော့ ဆိုတာတွေပဲ သားကို ပြောချင်သည်။ သူ့ချစ်သူ ကောင်မလေးကိုပင် သိပ်ချစ်လျှက်နှင့် သားက “ချစ်သူကို ချစ်တာတောင် ဥပက္ခာစိတ်နဲ့ တစ်ဝက်သာ ချစ်နိုင်ခဲ့တယ်” ဆိုတဲ့ “ဗားတော့ဗရက်” လို ဖြစ်နေခဲ့တာ။ ခုတော့လည်း၊ အဲဒီ ဥပါဒါန်ကပဲ သားကို သေဆုံးစေခဲ့သလားလို့ ကျမ တွေးမိ ရပြီ။

ဟန်လုပ်တာတွေကို မုန်းသောသားအတွက် ဟန်လုပ်မှအောင်မြင်သည့်လောကမှာ နေရာ မရှိ။ အကောင်းနှင့် မတန်သူတွေ အတွက် သားမှာ ပေးစရာမရှိ။ သားခမျာ ထွက်ပြေးသော်လည်း မလွတ်မြောက်နိုင်ခဲ့ပါ။ ဖြစ်ချင်တော့၊ ကျမ ကိုယ်တိုင်သည်လည်း အဲဒီ ကာလတစ်ခုမှာ သားကဲ့သိုပင် ထွက်ပြေး နေရသည်။ သားကဲ့သို့ ပင် လောကကို မုန်းနေ ခဲ့သည်။ ပူလောင် ပြင်းပြလှသည့် ရက်များပါပဲ။ သား ထွက်ပြေးနေတာကို ကျမ မသိပါ။ ကျမ ထွက်ပြေးနေတာကိုလည်း သား မသိနိုင်ပါ။ ထိုအချိန်တွေမှာ၊ သား နှင့် ကျမ အကြာကြီးပဲ ဝေးသွား ခဲ့ကြ သည်။ လူချင်းရော၊ စိတ်ချင်းရော။ ထိုအချိန်တွေသည် ကျမအတွက်တော့ ကျမဘ၀ထဲကနေ လှီးထုတ် ပစ်လိုက် ချင်သော ကာလ အစိတ်အပိုင်း ကြီး တစ်ခုလည်း ဖြစ်ပါသည် ။ ဒါဖြင့်၊ သားမိုးက ကျတော့ ရော…။

သား နှင့် သူ့ ချစ်သူ ကောင်မလေးတို့ ကွဲသွားကြသည်။ ကျမကတော့ နားလည် လိုက်ပါသည်။ စိတ်ကူးယဉ် ဆန်သော လူငယ်လေးနှင့် လက်တွေ့ကျသော မိန်းမငယ်လေးတို့၏ ဖြစ်ရိုးဖြစ်စဉ်ဟု ။ သို့ပေမဲ့ သားကတော့ “ကျားနာ” ကလေး ဖြစ်သွားခဲ့ပြီ။ တလောကလုံးမှာ သူ့အပေါ် နားလည်သူ ဟူ၍ လက်ငါးချောင်းတောင် မပြည့်ရသည့်အထဲ တကယ့် သွေးကြော လက်မတစ်ချောင်း ပြုတ်ပဲ့သွားသလို သားက ဒဏ်ရာ ရသွားခဲ့သည်။ မျော်လင့်ချက်တွေကို လွှင့်ပစ်လိုက်ရသလို ဒဏ်ရာဒဏ်ချက်တွေ အထပ်ထပ်ရ။ ကောင်းကင်အပေါ် မော့ကြည့် လေလေ... တွယ်ရာမဲ့ လွင့်သွားသလို ခံစားရလေလေ…တဲ့။ ထိုအချိန်မှာ သားမိုး သည် ဘ၀ဆိုတဲ့ ပိတ်ကားချပ် ပေါ်မှာ မထင်ရှားသော အမှုန်ကလေး ဖြစ်သွားသည်။ အစက်အပြောက် ကလေးဆိုရင်တောင် နေရာ တစ်နေရာ ရယ်လို့ ရဦးမှာ။

အဲဒီ အချိန်တွေမှာမှ ကျမကလည်း လုပ်သမျှမဖြစ်ရတဲ့ ဘ၀ထဲမှာ အလဲလဲ အကွဲကွဲ စုတ်ပြတ်သတ်။ သားက ကျမကို အမြင်မှာ မျက်ရည်လည်ခဲ့သေး၏။ ပြီးတော့ လူကြီးလေးလို “ဒီအချိန်မျိုးက အရေးကြီးတယ်၊ ခုလို အချိန်မျိုးမှာ စိတ်ကို တော်တော် ထိန်းနိုင်မှဖြစ်မှာ”ဟု ပြောသေးသည်။ နောက်ကျတော့၊ သားက ကျမနဲ့ အဝေးမှာ တမင် နေ နေ ခဲ့သည်။ အမှန်အတိုင်းဝန်ခံရလျှင်၊ထိုအချိန်မှာ ဒဏ်ရာရထားသော ကျမကလည်း သားကို အကြောင်းတခုကြောင့် စိတ်နာနေခဲ့သည်။ တကြိမ် လမ်းမှာ မတော်တဆ ဆုံမိတော့ သားက ကျမကို သူစိမ်းပြုံး ပြုံးပြခဲ့သည်။ ကျမက ဒုက္ခရောက်ကာမှ နဘေးမှ ထွက်ပြေးသွားသော ရဲဘော်တစ်ယောက်လို သားမိုးအပေါ် စိတ်နာနေခဲ့၏။ သား နှင့် ကျမက ထိုကာလကလေးမှာ အယူအဆတွေလည်း အတော်များများ ဆန့်ကျင်နေပြန်သည်။ ငြင်းခုံကြတော့လည်း အခါများစွာကလို ရဲဘော်ရဲဘက် မဆန်တော့။ အဲဒီတုန်းက သားက ကျမကို ပဲ့ကိုင်မပါလည်း “တက်”နှင့်ပင် လိုရာရောက်အောင် သွားရဲသည့် ပင်လယ် ခရီးသွား လှေသမား လို သတ္တိကောင်း စေချင်တာ။ ကျမကကျတော့ ကိုယ့်လှေမှာ ပဲ့ကိုင်တော့ပါမှ ဖြစ်မည်ဟု အားကိုး ချင် နေသူ။

သားမိုး နှင့် ကျမ မတွေ့တော့တာ ဘယ်လောက်ကြာသွားသလဲ၊ ကျမ မမှတ်မိပါ။ သားသတင်းကို ကြားတော့ အိပ်မက်ဆိုးထဲက လန့်နိုးသူလို ကျမ တုန်လှုပ်လျက်မှ ယောင်အအ ဖြစ်နေခဲ့သည်။ ၀မ်းနည်း ဆို့နင့်သော်လည်း ကြေကြေကွဲကွဲကြီး မဖြစ်မိတာကိုပင် ကိုယ့်ဘာသာ အံ့သြ နေမိသေး၏။ (သားအပေါ် စိတ်ခုနေမိခဲ့တာ ကြောင့်လည်း ဖြစ်ပါလိမ့်မည်။) ပြီးတော့၊ သားကိုယ်တိုင်လည်း ကျမက ကျမရဲ့ လှေကလေးအတွက် ပဲ့ကိုင်အသစ် ရှာတွေ့မှုအပေါ် မကျေနပ်လေတော့ ထိုကာလတွေမှာ ကျမက သားမိုးနဲ့ ပတ်သက်တဲ့ ခံစားချက်မှာ ထုံပေပေဖြစ်နေခဲ့တာ။

နောက်မှ၊ တဖြည်းဖြည်း ကိုယ်တိုင်ဘ၀ထဲ တည်ငြိမ်လာမှ…။ တိုက်ဆိုင်တာတွေ အတွေ့ မှာ သားကို သတိရ-ရ တော့တာ။ ကျမဆီမှာရှိနေတဲ့… အနည်းစုသာဖြစ်သော်လည်း တန်ဖိုးရှိလှတဲ့… သားရဲ့ ကဗျာတစ်စ၊ ၀တ္ထုတစ်စ၊ သီချင်းတစ်စတွေကို ပြန်ဖတ်မိရာက သားကို လွမ်းဆွတ်ရတော့တာ။ ထွက်ပြေးခဲ့ဖူးသူချင်းအတူတူ ကျမက ကံကောင်း ထောက်မစွာ လမ်းမှန်လေးကို ရှာတွေ့ခဲ့ရပြီး၊ သားကတော့ ကံဆိုးလှစွာ လမ်းမှားကို ၀င်သွားမိတာ ခုထိတိုင်၊ တွေးမိတိုင်း ရင်နာဆဲ။ ကျမမှာရော အပြစ် ရှိခဲ့ပါသလား။

ထိုအခါကျမှ သားမိုးမရှိတော့ခြင်းကို ကျမက ကြယ်လေးတစ်ပွင့် ကြွေသွားသလို ခံစားရတော့တာ။။ အဲဒီ ကြယ် ကလေးဟာ သူ့ကောင်းကင်မှာ အလင်းနိုင်ဆုံး တောက်ပသွားခဲ့တဲ့ ကြယ်ကလေးတစ်ပွင့်လည်း ဖြစ်ပါ တယ်။

+++++

သားမိုးရဲ့နောက်ဆုံးခရီးမှာ….သားက အိပ်ပျော်နေသလိုပဲတဲ့။
သား ရဲ့ ဘယ်ဘက်ရင်ဘတ်ပေါ်က နှင်းဆီနီနီရဲရဲ အပွင့်ကြီးဟာ စွန်းနေသော နှလုံးသွေး တွေကို ဖုံးထားတာများ မဟုတ်ဘူးလား ရှင်။ သားဟာ သူ့ရဲ့အနုပညာ သန္ဓေကို ကိုယ်တိုင် တွင်းတူး မြေမြှုပ်ခဲ့ရလို့ နှလုံး ကွဲအက်ခဲ့သူပါ။ နာကျင်စရာ ဘ၀ပေးထဲ အမြဲလူးလိမ့် ခံစားရင်း နှလုံး ကွဲအက်ခဲ့သူပါ။ ချစ်လှစွာသော ကောင်မလေးရဲ့ ပစ်ခွာသွားမှုကြောင့် နှလုံး ကွဲအက်ခဲ့သူပါ။ အမေလို ချစ်ရတဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်ဓါတ် ပျော့ညံ့မှုကြောင့် ကြေကွဲနှလုံးမှာ ဒဏ်ရာရ သွားဖူးသူပါ။ လူတွေရဲ့ အ-မနာပတွေကို စက်ဆုပ် ရွံရှာရင်း နှလုံး ကွဲအက်ခဲ့သူပါ။ နွေးထွေးတဲ့ စုံမက်ခြင်းမျိုးကို ရှာမတွေ့လို့ နှလုံးမှာ ဒဏ်ရာ အထပ်ထပ် စွဲခဲ့ရသူပါ။ ကျမယုံပါတယ်။ ကျမအတွက်တော့ သားဟာ နှလုံးကွဲတဲ့ ဒဏ်ရာနဲ့ ကြွေလွင့်ခဲ့ရတယ် ဆိုတာ။ ဘယ်သူတွေ ဘယ်လိုမေ့မေ့ သားရဲ့ ဒဏ်ရာတွေထဲ တစ်ချက် အပါအ၀င်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ ကျမကတော့ သားကို မေ့ပျောက်မရနိုင်တဲ့ အမေ တစ်ယောက်ပါပဲ။ ကျမနဲ့အတူ အယူအဆတွေကို ထက်မြက် ရှင်သန်စွာ ပြန် ပြန် ငြင်းတတ်တဲ့ သားနဲ့ ခဏလေးဖြစ်ဖြစ် စကားပြောခွင့်ရရင် ခုချိန်မှာ တော်တော် အလွမ်းပြေမှာ။ အဲဒီအခါ သား နဲ့ ကျမ စိတ်ခုဖူးခဲ့ကြတဲ့ အဖုအထုံး လေး ကိုလည်း ပြန်ဖြေ ပေးချင်သေးတာ။ ဒါပေမဲ့…..။

+++++

ဟောဟိုမှာ ကြယ်လေးတစ်ပွင့်၊ အစွမ်းကုန် လင်းလက် တောက်ပလို့။ မိုးကုတ်စက်ဝိုင်းရဲ့ အောက်နား အဆုံးဆီမှာ။ ဒါပေမဲ့ သူ့ရဲ့အလင်းဟာ စကြာဝဠာထဲမှာတော့ မှိန်ပျပျသာ။ ဟော… ကြည့်ရင်းနဲ့ပဲ ကြွေသွားပြီ။ အဲဒါဟာ… သားမိုးပါပဲ။ ဒါဆိုရင်… ကျမအတွက်တော့ အဲဒီ ကြယ်ကလေးက ကြွေသွားတာ မဟုတ်။ ကြွေနေတာပါ။
“ကြယ်ပွင့်ကလေးက စကြ်ာဝဠာထဲ လွင့်မျောရင်း…..
အဆုံးအစမရှိ ထင်နေဆဲ၊ ၀ဲနေဆဲ၊
ပျောက်ပျက်မသွားနိုင်တော့သလို……”

++++++

"ကောင်းကင်ရဲ့
အနောက်ဘက်အကျဆုံးမှာ
အလင်းနိုင်ဆုံး လင်းပြီး
တပွင့်တည်း သီးသန့်ရှိနေခဲ့တဲ့
ကြယ်ကလေးဟာ….
မင်းပါ… ကလေးရယ်…။
နိုင်သမျှ အစွမ်းကုန် လင်းပါလျှက်နဲ့
ကမ္ဘာမြေနဲ့ ဝေးရလို့မို့
အသိမှတ်ပြု မခံရရှာ….။
ဘယ်သူနဲ့မှ မနီးဘဲ….
ဟိုးဝေးဝေးမှာ…
သူရှိနေတာကို
သိနေတဲ့သူတွေတော့ ရှိပါရဲ့
ဒါပေမဲ့… သူတို့ကိုယ်တိုင်က
အင်အားချိနဲ့ရှာ…
ဒါနဲ့ပဲ… ကြယ်ကလေးကို
မှတ်တမ်းမျှပင် မတင်နိုင်ခဲ့။
ခုတော့…
အဲလို မထင်မရှားနဲ့ဘဲ ကြွေခဲ့
ဖြည်း ဖြည်း ညင်း ညင်း။
သူ့ခမျာ
ကမ္ဘာမြေနဲ့လည်း မပတ်သက်လှတာမို့
ဘယ်လို မှတ်တမ်းမှတ်ရာမှလည်း
မကျန်ရစ်…။
ဒါပေမဲ့…
အဲဒီကြယ်ကလေးကို ကြင်နာသူတွေကတော့
မှတ်မှတ်ရရ
သူ့ရဲ့ လင်းလက်ခဲ့ဖူးသမျှကို … တသသ။
သူ့ကို ကြည့်ရင်း
သီးသန့် ရပ်တည်ရဲခဲ့မှု
အတတ်နိုင်ဆုံး ထွန်းလက်ခဲ့မှုနဲ့
အေးချမ်း ငြိမ်သက်ခဲ့မှုတွေအတွက်
ဂုဏ်ပြုခဲ့ဖူးသူတွေလည်း ရှိခဲ့ဖူးပါတယ်။
ဘာပဲဖြစ်ဖြစ်…
သူဟာ ကြယ်လေးတစ်ပွင့်..
စစ်ခဲ့ပါတယ်။
ခြေရာလေးမျှပင် မကျန်ရစ်လည်း
စကြ်ာဝဠာရဲ့ သမိုင်းတနေရာမှာတော့
အသေအချာ တင်ရှိခဲ့ပါတယ်။
အဲဒီအခါ….
သူဟာ အသိအမှတ်ပြုသူတွေရဲ့ ရင်ထဲမှာ
မပြီးဆုံးနိုင်အောင်…. ကြွေ နေ တဲ့….ကြယ်…. "။

မေငြိမ်း
ကလျာမဂ္ဂဇင်း၊
၂၀၀၂၊ ဇန္န၀ါရီလ


Aug 10, 2007

အမှတ်တရ အနာ(၇)

မနေ့က ရှစ်လေးလုံး အရေးတော်ပုံ (၁၃၅၀ပြည့်အရေးတော်ပုံ) ၁၉နှစ်ပြည့် ကို
တွေးမိ သတိရမိရာက ဖြန့်ထွက်လာတဲ့ အစတွေ..

တကယ်တော့ ရှစ်လေးလုံးစိတ်ဓါတ်ဆိုတာ
ရှစ်လေးလုံးမျိုးဆက်တွေနဲ့သာ သက်ဆိုင်တဲ့ စိတ်ဓါတ် မဟုတ်ပါဘူး။
ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဆင်နွှဲခဲ့ကြတဲ့..
ရှစ်လေးလုံး အရေးတော်ပုံကြီးတုန်းက ရှိခဲ့ကြတဲ့..
ညီညွတ်မှု..စည်းလုံးမှု အာဏာရှင်ကို လက်မခံမှုတွေ..
အမှန်တရားကို လိုလားမှုတိုင်းကသာ .. ရှစ်လေးလုံးစိတ်ဓါတ်ပါ။

နောက် ကျမ သူငယ်ချင်း မနန်းယဉ် က ပြန်ဖြန့်ဝေ သွားတဲ့ စကားလေး..
အင်မတန် တွေးစရာကောင်းပါတယ်။
အိမ်တိုင်းမှာ စစ်သားမရှိဘူး..
ဒါပေမဲ့ အိမ်တိုင်းမှာ ကျောင်းသားရှိတယ်..တဲ့။

ဖယောင်းတိုင်များ


တစုံတရာက ဖန်ဆင်းတဲ့ အမှောင်ထဲမှာ..
နှင်းဆီပန်းတစ်ခင်းစာ အာရုံခံစားမှုတွေကို
တန်ဖိုးအဖြစ် ပေးချေလို့
ထောင်ချောက်တွေရဲ့ပါးစပ်ကို
ဇက်ကြိုးတပ် ပါးချပ်ဆင်
ငါတို့ စီးနင်းလိုက်ကြမယ်…
တခြားသူတွေရဲ့ အမြင်မှာ…
အသက်ငင်နေတယ်လို့
ထင်ချင်လည်း ထင်စရာ
ငါတို့ရဲ့ အိပ်မက်တွေကိုတော့
ဆေးပေါ့လိပ် ခပ်ညံ့ညံ့လို
ခဏခဏ မီးသေနေမှာ မလိုလားပါဘူး…

တဘုန်းဘုန်း..လဲကျ .. လဲကျ
ကိုယ့်ဘ၀ ကိုယ်ပြန်ခွထိုင်ပြီး
စက်ဘီးစီးသင်နေလိုက်ကြတာ…
ကံကြမ္မာကို အလျှော့ပေးတတ်ဖို့ ပညာကို
ဘယ်တက္ကသိုလ်မှာမှ မသင်လာခဲ့တဲ့ ကောင်တွေလေ…
အဲဒီကောင်တွေက၊ အမှောင်ကို စီးချင်းထိုးဖို့…တဲ့
ကိုယ့်ကိုယ်ကို မီးရှို့ပစ်
ပြီးတော့..
အဲဒီ သွေးသားဖြစ် အလင်းရောင်ကို…
လက်နက်လို ကိုင်ဆောင်လို့
ရာဇသံ တစ်စောင် ပို့လိုက်တယ်
ဟေ့ -အမှောင် !!!
မင်းအတွက် ကြိုးမိန့်ကို ငါတို့ ယူဆောင်လာခဲ့ပြီ။

မေငြိမ်း
(ကိုယ်စား)

Aug 8, 2007

၁၉နှစ်ပြည့် ၈၈၈၈ နေ့



ကမ္ဘာမကျေဘူး..
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းသစ်..
တော်လှန်ရေး.. ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော..
အော်.. သူရဲကောင်းတို့တွေ.. အာဇာနည်တွေ နေတဲ့ တိုင်းပြည်…

ဒီကနေ့ဟာ
၁၉နှစ်မြောက် ဒီမိုကရေစီအရေးတော်ပုံနေ့ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉နှစ်က ဒီကနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့
ဒီမိုကရေစီတောင်းခဲ့ကြ.. မဆလပါတီကို ဖြုတ်ချဖို့ ကြိုးစားကြတာ
အရှိန်အဟုန် အပြင်းဆုံးကာလ ဖြစ်ခဲ့ပါတယ်။
အဲဒီကာလထဲမှာ ပြည်သူလူထုတွေ အများကြီးကို စစ်တပ်က ပစ်သတ်ခဲ့တာ။
သူရဲကောင်းတွေအများကြီး အသက်ပေးခဲ့ကြရပါတယ်။
မတ်လ၁၃ရက်နေ့ (ကိုဖုန်းမော် ကျဆုံးတဲ့ နေ့) က စလို့
ဒီမိုကရေစီတော်လှန်ရေးကာလတလျှောက်
ကျဆုံးခဲ့တဲ့ တိုက်ပွဲဝင်ရဲဘော်အားလုံးကို
ဒီကနေ့မှာ အလေးပြု လိုက်ပါတယ်။

(ဒီနေရာကပါ)


အမှတ်တရ အနာ(၆)

မုန်တိုင်းလို အင်အားကောင်းတဲ့ ...
ပင်လယ်လို ကျယ်ပြော သန်မာတဲ့.. ပကတိအားကို..
ချုပ်နှောင် ခုတ်ပိုင်း ခံထားရတဲ့အခါ …..
ဘယ်လို ကျော်ဖြတ်ကြမှာလဲ...

(ဒီနေရာက)


ကံကြမ္မာပန်းချီကားတွေ
ချိတ်ဆွဲထားတဲ့ ပင်လယ်(၂)


တကယ်တော့
ဒါဟာ
နေစကြ်ာဆီက
‘မတော်တဆ’
ပဲ့ကျလာတဲ့
စားကြွင်းစားကျန်လေး တစ်ဖဲ့ ဖြစ်ရဲ့၊

သူ့ခမျာ
မုန်တိုင်းကို ကြိုးတုပ်ပြီးကာမှ
ပင်လယ်ကို မျက်စောင်ထိုး
ဘုန်းတန်ခိုး အနန္တနဲ့
ဟန်ရေးပြ လက်ခမောင်း
တဖြောင်းဖြောင်း ခတ်ပြနေလိုက်တာ
(ညာပြောရရင်တော့)
ဂုဏ်ယူပါတယ်ခင်ဗျာ။ ။

ငါနဲ့အတူ
ပြန်ပေးဆွဲ ခံလိုက်ရတဲ့
လင်းလက်ကြယ်တွေရဲ့
သစ်လွင်မှု ကိုယ်ကျပ်ဝတ်စုံမှာ
အနာတရ တံဆိပ်တော်တွေ
တဖျတ်ဖျတ်ဟာ
ရောင့်ရဲတတ်ခြင်းကို ဆန့်ကျင်ဖို့
ပင်လယ်ကို
လက်.. တို့… လှုပ်… နှိုး.. ခဲ့။

ဒီမှာဟေ့!!!
မုန်တိုင်းကို ကြိုးဖြုတ်
ပင်လယ်ကိုခုတ်ပိုင်းစမ်းပါစေ
ငါ့ကို
လှေငယ်တစ်စင်းနဲ့
ကျော်ဖြတ်ခြင်းအခွင့်သာ ပြု
(ဒါပေမဲ့)
လွတ်..လပ်..မှု… တော့ ရှိပစေ။ ။


မေငြိမ်း(၇ သြဂုတ်)
(ကိုယ်စား)

Aug 7, 2007

တာရာမင်းဝေအတွက် အမှတ်တရ(၂)

တကယ်တော့ အင်္ဂါနေ့ဆိုတာ သူ့ရဲ့ မွေးနေ့။
ဒါပေမဲ့ သူ့မိဘတွေခမျာ သူတို့ သားကလေးကို မွေးထုတ်ခဲ့ရတဲ့ နေ့မျိုးမှာပဲ
သူတို့ မွေးခဲ့ရတဲ့ အဲဒီ သားလေးရဲ့ ရုပ်ခန္ဓာကို နိဂုံးချုပ်ပေးရတော့မယ်။
ဒါပေမဲ့ ….အဲဒီသားလေးဟာ
လောကကြီးထဲကနေ လူအနေနဲ့သာ ပျောက်ကွယ်သွားပေမဲ့
နာမည်နဲ့ သမိုင်းကြောင်းတစ်ခုတော့ ကျန်ရစ်နိုင်ခဲ့သူမို့
မိဘတွေအဖို့တော့ နာကျင်ကြေကွဲရပေမဲ့ ဂုဏ်ယူစရာ လို့ ဆိုရမှာပါ။
…နှမျောစရာ ကောင်းလှပါတယ်။
သိပ်တော်တဲ့ စာရေးဆရာ တစ်ယောက်..
သိပ်မှော်အောင်တဲ့ ကဗျာသမားတစ်ယောက်..
သိပ်ချွန်တဲ့ စာပေသမား တစ်ယောက် ..
ကျမတို့ ဆုံးရှုံးရပြန်ပြီ။
တကယ်တော့ သူလုပ်ချင်တာတွေ
သူလုပ်နိုင်စွမ်းတာတွေ အများကြီး ကျန်နေဦးမှာ။
ကျမတို့ တာရာမင်းဝေ ကို ဆုံးရှုံးရတာဟာ
စာပေအနုပညာလောကကြီးတစ်ခုလုံးရဲ့ ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ပါတယ်။











အမှတ်တရ အနာ(၅)

အာဏာပိုင်တွေက ပညာရေးတွေကို ပေါ့ပျက်ပျက်ဖြစ်အောင် လုပ်လာတဲ့ ဒဏ်ကို မြင်တတ် သိတတ်တဲ့ လူငယ်ကျောင်းသားတွေခမျာ အတော် ထိခိုက် ခံစားကြရတာပါ။ ကျမ မမှားဘူးဆိုရင် အဲလို ခံစားတတ်တဲ့ လူငယ် ကျောင်းသားတွေဆီကပဲ ၉၆ ကျောင်းသားလှုပ်ရှားမှု ဖြစ်သွားရတဲ့ လှိုင်းဂယက်တွေ စခဲ့တာပါပဲ။

(ဒီနေရာက ယူတာပါ)

သွေးဖျက်ခြင်း

စက်ရုံကြီး
အော့ဝစ်(ဇ)က စက်ရုံကြီး
ခေါင်းတိုင်မရှိတဲ့ စက်ရုံကြီး
ကဲ…
နွားတစ်ကောင်ရဲ့
အသုံးကျမှု သီအိုရီအရ
လောကအတွက်
အသိဟာ အပိုဖြစ်ကြောင်း
သိစေအပ်တဲ့ …
မှတ်ဥာဏ်တွေ အပမှီစေတဲ့ …
စက်ရုံကြီး
မှော်လက်တစ်ဆန့် စက်ရုံကြီး
ပွင့်ခြောက်ကုန် တံဆိပ်တပ်
စက်ရုံကြီး
မူပိုင်ဥပဒေကြောင့်
ဇီဝဇိုးရဲ့ နောက်ဆုံးအန်ဖတ်ထဲက
……… တို့
ကပ်ကျော်ဆေးတွေနဲ့
အလူးအလဲ ဘုရားကု-ကုခံကြရ

စက်ရုံကြီး
Brave New World က စက်ရုံကြီး
ပဒေသရာဇ်မီးခိုးငွေ့ကြောင့်
ပတ်ဝန်းကျင် ကပ်သင့်စေတဲ့ စက်ရုံကြီး
မျက်စိရှက်
ရွှေထီးရောင်တံလျှပ်နဲ့
မိုးကျကိုယ် တစ်စုရယ်
ပုရစ် တစ်သိုက်ရယ်
ဖိနပ် အလုံးအရင်းရယ်
ပုပ်သင်ညို ခပ်များများအတွက်
၇၅ ကြိမ်မြောက် အိုဗာတိုင်မှာ
ကြက်အမောက် သာသာ
မျှော်မှန်းချက်တွေအတွက်
သွေးပျက်ဂီတ နဲ့ ပေါင်းဆက်ဖို့
ခါတော်မီ စင်တစ်ခု
စက်ရုံကြီးရေ
ရုပ်ကြွင်းရုပ် ဆန်တဲ့
တိတ်ဆိတ်ခြင်းမှာ
စွမ်းအားမဲ့စက်တွေ လည်ပတ်ပေါ့
….. တို့တန်ဖိုးတွေရဲ့
လတ်ဆတ်မှုကြောင့်
ဦးနှောက်တွေ တုန်ခါနေကြ….

Brave New World- Aldous Huxley ရေးသည့်
လူများကို ထုတ်လုပ်သည့် စက်ရုံ အကြောင်း စာပြောင်စာအုပ်

မေငြိမ်း
(ကိုယ်စား)

Aug 6, 2007

တာရာမင်းဝေအတွက် အမှတ်တရ


(ဒီနေရာက ယူတာပါ)

မြန်မာပြည် ရဲ့ ရသ စာပေလောကထဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ အချိန်တချိန်ကို တာရာမင်းဝေ က ဖန်တီးနိုင်ခဲ့ပါတယ်။ လူငယ်တွေရဲ့ ခံစားချက်တွေ ရင်ခုန်သံတွေ ပေါက်ကွဲမှုတွေ အားလုံးကို သူက ကိုယ်စားပြုနိုင်ခဲ့တယ်။ တနည်းအားဖြင့်တော့ ခေတ်ကို အမီ ကိုယ်စားပြုနိုင်တဲ့ အနုပညာတွေ အသိတွေ သူ ပေးနိုင်ခဲ့တယ်။ သူ့စာတွေက လူငယ်တွေ လူလတ်တွေကို အများဆုံး လွှမ်းမိုးခဲ့တယ်။ မြန်မာပြည် ရသစာပေ ရေစီးကြောင်းထဲမှာ အနုပညာအနေနဲ့ အားကောင်းသလို ဈေးကွက်အရပါ အားကောင်း ထိပ်တန်း ရောက်နိုင်တယ်ဆိုတာ အလွန်နည်းပါးတာပါ။ အနုပညာ အားကောင်းပေမဲ့ ဈေးကွက်မှာ မအောင်မြင်သူတွေ..။ ဈေးကွက်အရ အောင်မြင်ပေမဲ့ အနုပညာမှာ တန်းမ၀င်သူတွေ..သာ များတာ။ တာရာမင်းဝေကတော့ ၀တ္ထုတို.. လုံးချင်းဝတ္ထု .. ပြီးတော့ ကဗျာ။ နေရာတိုင်းမှာ ဗိုလ်စွဲနိုင်ခဲ့သူ။ သူ့ကဗျာတွေ အတွေးတွေကို ရွှေဘုန်းလူ ဆိုတဲ့ ကဗျာရေးသူ ဘ၀ကတည်းက သဘောကျခဲ့တာပါ။

သူက အင်တာဗျူး ဖြေတာမှာတောင် အနုပညာနဲ့ အတွေးအခေါ်ပါသူ။
ခေတ်အပေါ် တာဝန်ကျေသူ။ အဲဒီအပြင် နိုင်ငံရေးမှာလည်း တာဝန်ကျေသူ။
ဘာအတွက်နဲ့ မှ အာဏာရှင်တွေကို ဒူး မထောက်ခဲ့သူ။
ခု သူ့ သတင်းကို ကြားတော့ သူ အင်တာဗျူးတခုမှာ ပြောဖူးတဲ့ စကားတခုကို သတိရသွားပါတယ်။
အဲဒီမှာ သူပြောခဲ့တာ..
ကိုယ့်ကိုယ်ကို လေနဲ့ မှုတ်ပြီး ငြှိမ်းလိုက်ချင်တယ်… တဲ့။

တာရာမင်းဝေ (ရွှေဘုန်းလူ)
အသက်(၄၀)နှစ်
၅၊၈၊၀၇(တနင်္ဂနွေနေ့) နေ့လယ် ၁၂း၄၀ တွင် ကွယ်လွန်။

ခုတော့ .. သူ ပြောခဲ့သလို ငြိမ်းခဲ့ပြီပေါ့။
ဒါဟာ ခေတ်သစ်စာပေလောကမှာလည်း ဆီမီးတတိုင် ငြိမ်းသွားတာပါပဲ။

တိုက်တိုက်ဆိုင်ဆိုင်
အမှတ်ရစရာ သြဂုတ်လမှာ အောက်မေ့ဖွယ် မှတ်တိုင် တစ်တိုင် တိုးပြန်ပေါ့။

ဒီနေရာမှာ ထူးအိမ်သင်အမှတ်တရ အနေနဲ့
ကဗျာဆရာ စောဝေ ရေးခဲ့ဖူးတာလေး သတိရတယ်။
သေမင်းက အကောင်းကြိုက်လွန်းလို့ အလွမ်းကို ရွက်ကုန်ဖွင့်ထားရတယ်..တဲ့။

မေငြိမ်း
(သြဂုတ်၆။၀၇)