May 2, 2013

မြသီလာ.. မိတ်ဆက်






မြသီလာ.. ကို ကျမ စ ရေးတုန်းကတော့ ကျောင်းဝန်းကျင်ကို လွမ်းရင်းက အမှတ်မထင် စဖြစ်သွား ရင်းက  အဲဒီထဲ အာရုံဝင်စားပြီး ဆက်တိုက် ဆက်တိုက် ရေးဖြစ်သွားတာပါ။ ကျောင်းနဲ့ ပတ်သက် တဲ့ ကျမရဲ့ ဘ၀ဖြတ်သန်းမှုကို ရေးနေရင်းကပဲ ကျောင်းနဲ့ ဆက်စပ်တဲ့ သမိုင်းကျောင်းလေးတွေလည်း ထည့်ဦးမှ.. ပညာရေးကိစ္စလေးတွေ လည်း ထည့်ဦးမှ.. အမှတ်ရစရာလူတွေအကြောင်းလည်း ထည့်ဦး မှ… ခေတ်နဲ့ ပတ်သက်တာလေးတွေလည်း ထည့်ဦးမှ.. နဲ့။ Blog ပေါ်မှာ ဘာရယ်မဟုတ်ရေးရာကနေ အမှတ်တရ မှတ်တမ်းတစ်စောင်ဖြစ်သွားပါတော့တယ်။ ဒီတော့ ဆောင်းပါးနဲ့ မတူ.. ၀တ္ထုလည်း မဟုတ်လေတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဒီစာအုပ်လေးက Memoir လို့ ဆိုပါစို့။ 

ဒီ Memoir လေးကို ဘလော့ကနေ တကူးတက ကူးပြီး ကျမကို ချစ်တဲ့ မြန်မာပြည်က ကျမရဲ့ စာဖတ် ပရိသတ် သမီးလေး တစ်ယောက်က အမေရိကမှာ ရှိနေတဲ့ ပန်းချီဒီဇိုင်း ကိုမျိုး ကို အဖုံးဒီဇိုင်း လှမ်းအပ်ပြီး PDF ဖိုင်အဖြစ် Scribd မှာ တင်ပေးခဲ့ပါတယ်။ ကျမရဲ့ အသက် ၄၅ နှစ်ပြည့်တုန်းက အမှတ်တရ မွေးနေ့ လက်ဆောင် ပါပဲ..။ ဒါကြောင့် တချို့လည်း Blog ပေါ်မှာကတည်းက တချို့လည်း Ebook ကလေးလို ဖတ်ထားကြ ပြီး သား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာက မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ကျမရဲ့ မိတ်ဆွေ သူငယ်ချင်း တွေနဲ့ ပရိသတ် အများစုကတော့ မဖတ်ကြရသေးပါဘူး။ ဒီတော့ မြသီလာ ကို သေချာ ပြန် မွမ်းမံ တည်းဖြတ် ပြင်ဆင် ဖြတ်တောက် ဖြည့်စွက်ပြီး.. စာအုပ်ထုတ်မယ်လို့ ပြင်ရတာပါပဲ။ 

မြသီလာထဲမှာ.. ကျမဘ၀ထဲက ကျမစိတ်ကို ဒဏ်ရာအနာတရ ပေးခဲ့သူတွေထဲက ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး မထိခိုက်စေဘဲ လူ့အဖွဲ့အစည်းကို ထိခိုက်အောင်.. လူအများကို ထိခိုက်နစ်နာအောင် လုပ်သူတွေကိုပဲ ထည့်ရေးပါတယ်။  ပြီးတော့ ကျမရဲ့ ဘ၀ အတွေ့ အကြုံထဲက သင်ခန်းစာ ယူစရာ.. ခံဝန်ချက် ပေးစရာတွေနဲ့ ကျမ ဖြတ်သန်းခဲ့ရာ မြသီလာရဲ့ ပုံရိပ် တွေကို အလွမ်းဖြေမှုတွေ.. ဒီလောက်ပါပဲ…။ 


ဒီစာအုပ်လေးကို ထုတ်မယ့် 2011+ Publishing House က ကျမနဲ့ မောင်နှမတွေလို ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်း ကဗျာဆရာ ကျော်ဇောခိုင် နဲ့ ဘိုဘိုဝင်း.. ပါ။ သူတို့က စက်မှုတက္ကသိုလ်ကျောင်းဆင်း စာပေ သမား တွေ ဖြစ်ပြီး ကျော်ဇောခိုင်နဲ့ ကျမ သူငယ်ချင်းမောင်နှမဖြစ်ခဲ့တာပဲ ခုဆို နှစ်ပေါင်း ၂၀ ကျော်ပြီ…။ ဒီတော့ သူတို့လုပ်ချင်တဲ့ စာအုပ်လုပ်ငန်းမှာ စာအုပ်လုပ်ချင်တဲ့ သူတို့သူငယ်ချင်း ကျမက စာအုပ်တအုပ် လုပ်ဖြစ်တော့တာပေါ့။ သူတို့က စာအုပ်လုပ်ငန်းကို သေသေချာချာ လုပ်မှာ..။ ကျမကလည်း ရှေ့လျှောက် စာအုပ်တွေ ဆက်ထုတ်ချင်တာ..။ အတော်ပဲဆိုပါတော့..။ 

ဒီလိုနဲ့ မြသီလာအလွမ်းပြေ.. ကို မနှစ်ကစ စီစဉ်ခဲ့ပါတယ်။ စာအုပ်အပြင်အဆင်ကိစ္စ ဘယ်သူလုပ်မလဲ ဆိုတော့ သူ့ဘာသာ ဘယ်လောက် အလုပ်ရှုပ်ရှုပ် ကျမကိုတော့ ဂရုတစိုက်ကို လုပ်ပေးမှာလို့ သေချာတဲ့ သူငယ်ချင်း ကိုမြင့်မောင်ကျော်ပေါ့..။ သူနဲ့ကလည်း ပန်းချီဆရာနဲ့ စာရေးဆရာမအဖြစ် ဟန်ချက်ညီညီ တွဲခဲ့ကြတာ နှစ် အစိတ်တောင် ရှိတော့မယ်..။ ပြီးတော့ သူ့ဆို ကျမ ဗိုလ်ကျလို့ ရတာ သေချာတယ်လေ..။

နောက် အတွင်းက တချို့ သရုပ်ဖော်ပုံလေးတွေအတွက် ကျမရဲ့မြသီလာအခင်းအကျင်းနဲ့ လိုက်ဖက်တဲ့ ခံစားချက်ရှိသူတချို့ကို အကူအညီလှမ်းတောင်းပါတယ်...။ အဲလိုနဲ့ပဲ ခုတော့ စာအုပ်ကလေး ဖြစ်ခဲ့ပါပြီ။ စာအုပ်ကလေးကို ဖြန့်ဖို့ ကျမ အချိန်ရွေးတော့ ကျမ ကျင်လည်ခဲ့ရာ  တက္ကသိုလ်ဘ၀တုန်းက စာသင်နှစ် သစ် တစ်နှစ်စနေကျ ဆောင်းဦးရာသီချိန်..  အေးအေးမြမြ ရှိမယ့်အချိန်.. ။ ကံကောင်းရင် ကံ့ကော်တွေ စပွင့်လောက်ပြီ...။ သေချာတာက အင်းလျားကန်ဘောင်မှာ မြူတွေဆိုင်းနေမယ့် ရာသီ..။ ကျမကတော့ အဲဒီအချိန်လေးကို အလေးအနက်ထားပါတယ်။

ဘာပဲဖြစ်ဖြစ် ခုတော့ မြသီလာအလွမ်းပြေ... မြန်မာပြည်က ဆိုင်တွေပေါ် ရောက်နေပါပြီ.... 



Oct 9, 2012

ဒေါ်အောင်ဆန်းစုကြည်ကို မခန့်လေးစား ထိကပါး ရိကပါး ဝေဖန်ရအောင် ကျမက ဘာမို့လို့လဲ..


ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်း ပေါက်လာတာနဲ့ ဆိုပါတော့။

ဒေါ်အောင်ဆန်းစုကြည် .. ဥရောပသွားတုန်းကလည်း ဥရောပအလျောက်.. ခု အမေရိက လာတော့ လည်း အမေရိက အလျောက်.. ဆိုင်ရာ အာဏာပိုင်တွေက အတတ်နိုင်ဆုံး တခမ်းတနား.. တလေး တစား.. ကြိုဆိုကြ.. ဂုဏ်ပြုကြ..။ ကျမတို့နိုင်ငံ့အရေး ဆွေးနွေးကြ.. အဖြေ၀ိုင်းရှာကြ။ တကယ် တန်ဖိုး ရှိဖို့ နှစ်ဦးနှစ်ဘက် ကြိုးစားကြ တဲ့ ခရီးပါပဲ။ အဲသလိုပဲ မြန်မာအုပ်စုတွေလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ အရေး၊ အစဉ်အလာ မပျက်ရလေအောင် ပြင်ကြ ဆင်ကြ.. ရန်ဖြစ်ကြ.. စိတ်ဝမ်းကွဲကြ..။ အုပ်စုတွေ ကွဲကြ…။ အုပ်စု ကွဲတယ် ဆိုရင်လည်း အများ အားဖြင့် ပြောကြတာက နှစ်ဘက် မညီလို့ လို့သာ ပြောကြတာပေါ့။ ဒါပေမဲ့ ကျမ အမြဲ စဉ်းစားမိတယ်။ အမှန်နဲ့ အမှား ဘယ်လို ညီနိုင်ပါ့မလဲပေါ့။
အမှန်က လိုက်မှားကြမလား..။ အမှားက လိုက်မှန်ကြရမလား.. စဉ်းစားရမှာပါ။

ဒီနေရာမှာ ကျမနဲ့ အစ်ကိုလို ချစ်ခင်သော ပညာရှင် စာရေးဆရာတယောက် ငြင်းကြခုန်ကြရင်း ပြောခဲ့ ဖူးတာလေး ပြန်ပြောပြချင်လာပါတယ်။ လွှတ်တော်နိုင်ငံရေးနဲ့ ပတ်သက်လို့ပါပဲ။ အဲဒီတုန်းက စစ် အစိုးရ လက်ထက်.. စစ်သားတစ်မတ်သား ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြတာမှာ သူက ကျမကို ပြောပါ တယ်။
“လွှတ်တော်ထဲမှာ စစ်တပ်က ၂၅% ပဲ ယူထားတာလို့ စစ်အစိုးရ ကတော့ ထင်မှာပဲ” တဲ့။
 ဒီတော့ ကျမကပြောတယ်.. “စစ်တပ်နဲ့ လွှတ်တော် ဘာဆိုင်သလဲ.. ထုံးစံမှ မရှိတာ..။ ဒါ အမှန် တရား မှ မဟုတ် တာ..။  ပြီးတော့ လူထုသဘောတူတဲ့ အခြေခံဥပဒေလည်း မဟုတ်ဘူး၊ ဒီလောက် အစိုးရက မတရား သဖြင့်တွေ လုပ်နေတာ ဘယ်အချက်က အမှန်လဲ အစ်ကို ကျမကို ပြောပြစမ်းပါ” လို့။
ဒီတော့ အဲဒီအကိုက ပြန်ပြောတယ်..။
“လူတိုင်းကတော့ ကိုယ်သာ မှန်တယ်.. ကိုယ့်ဘက်ကသာ အမှန်လို့ ထင်တာပဲဟ”.. တဲ့။
ကျမလည်း ပြန်ပြောခဲ့ပါတယ်။
“အမှန်တရားဆိုတာ တရားသဖြင့် မှန်ကန်ခြင်းတော့ ဖြစ်ရမယ်မို့လား” လို့..။

မပြီးသေးပါဘူး။ သူက ဆက်ပါတယ်။ “သူတို့ကလည်း တရားတယ်ထင်မှာပဲ” တဲ့။ ဒါနဲ့ ကျမက “တရား တယ်ဆိုတာ လောကကောင်းကျိုး.. လူအများကောင်းကျိုး.. လူအများ စိတ်လက်ကြည်ဖြူ ရှိတာမှပဲ တရားတယ်လို့ အကြမ်းဖျင်း ပြောနိုင်မယ်ထင်တယ်” လို့…။ နောက်ဆုံးတော့ သူနဲ့ကျမ နှစ်ယောက် လုံး သဘောတူ လက်ခံနိုင်တဲ့ အဖြေမရပါဘူး။

နောက်ဆုံး သူက ပြောပါတယ်။ “အေးပေါ့ဟာ.. ရေဖန်ခွက်ထဲ.. တ၀က်တည်းပဲ ပေးတာလား… ဆိုတာနဲ့ သြော်.. တစ်ဝက်ကြီးတောင် ပေးတာပဲ..ဆိုတာ ကွာသလိုပေါ့” တဲ့။ ကျမကလည်း ပြောပါတယ်။ “ပေးသင့်တာ.. ရသင့်တာက တစ်ဝက်လားဆိုတာလည်း ရှိသေးတယ်လေ” လို့…။

ဒါပါပဲ.. နောက်ဆုံးတော့လည်း " လူတွေဟာ ရလိုမှုတွေအပေါ်မူတည်ပြီးတော့သာ အမှန်တရားဆိုတာကို သတ်မှတ် ကြတယ်" ဆိုတာပဲ အဖြေထွက်ပါတယ်။ ဒါကြောင့်ပဲ သိဒ္ဓတ္ထမင်းသား တောင်မှပဲ သစ္စာလေးပါး တရားကို အဖိုးတန် တယ်လို့ ထင်သူတွေအတွက် ဘုရားဖြစ်ပေမဲ့ သူ့မိဘ ဇနီး သား နဲ့ ဆွေမျိုး အသိုင်းအ၀ိုင်းတွေ အတွက်ကတော့ဖြင့် တော်တော်ကြောင်တဲ့ မင်းသား.. လူ့ဘောင်လောကကို သစ္စာ ဖောက်သူ.. ဖြစ်နေခဲ့ဖူးမှာပါ။

+++++

ဒေါ်အောင်ဆန်းစုကြည်ကို ကျမ အပြင်မှာ နီးနီးကပ်ကပ် စတွေ့ဖူးတာ.. ၁၉၈၉ ၀န်းကျင်..။ ကျမရဲ့ တဦးတည်း သော မောင်လေး မောင်အောင်စည်.. အဲဒီတုန်းက အသက် ၁၇ နှစ်သားက ၈၈ ဇွန်လ လောက်ကတည်း က ဒီမိုကရေစီ လှုပ်ရှားမှုထဲ ပါသွား လိုက်တာ.. ဘယ်ရောက်လို့ ရောက်နေမှန်း မသိ..။ ဘယ်မှာ နေနေလို့ နေနေမှန်း မသိ..။ နောက်တော့မှ သေသေချာချာ သိရတာက မောင်လေး က အန်တီစု ခြံထဲမှာ နေနေတာတဲ့။ သုံးရောင်ခြယ် လူငယ် အဖွဲ့နဲ့ နေနေတာတဲ့။

မှတ်မှတ်ရရ.. အဲဒီအချိန်မှာ အိမ်ထောင်ကျပြီး ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲ နေနေတဲ့ ကျမက မောင်လေးနဲ့ သိပ် မတွေ့ဖြစ်ပါဘူး။ အန်တီစု ခြံရှေ့နားရောက်မှပဲ လူငယ်လေးတွေ တွေ့မှ မောင်လေး ရှိနေတယ်လို့ သတိရရ တာပါ။ အဲဒီတုန်းက အန်တီစုက သူ့ခြံထဲမှာ အရွယ် ရောက်ပြီး ရှင် မပြုရ သေး.. ရဟန်းမခံရသေးတဲ့ လူငယ်လေး တွေကို ရှင်ပြုမယ်.. ရဟန်းခံပေးမယ် ဆိုတော့ ရှင်ပြုကြ.. ကိုရင်ဝတ် ကြမယ့်အထဲမှာ ရှင်မပြုရသေးတဲ့ ကျမ မောင်လေး လည်း ပါပါတယ်။

ရွှေတောင်ကုန်း ပဏ္ဍိတာရာမမှာ ထင်ပါရဲ့။ အဲဒီတုန်းက အလှူရှင်တွေ မိသားစုဝင်တွေ သိမ်ဆင်း လောင်းကြရင်း.. အဲဒီနေ့ကမှ အန်တီစု ကို အပြင်မှာ နီးနီးကပ်ကပ် မြင်ဖူး တာပါ။ နောက်တစ်ကြိမ် နီးနီးကပ်ကပ်ကတော့ ခင်မင်းဇော် တို့ မင်္ဂလာ ဆွမ်းကျွေး မှာပေါ့။ ခုနောက်ဆုံးတကြိမ် တွေ့ခွင့်ရတာ ကတော့ ခု အမေရိကန်ခရီးမှာ VOA ကို အန်တီစု အလည်လာတဲ့အချိန်မှာ တွေ့ရတာပါ။ အန်တီ့ကို တွေ့တဲ့အချိန်မှာ ကျမ ပြင်းပြင်းပျပျ လုပ်ချင်လျက်နဲ့ လုပ်ခွင့် မရ လိုက်တာက မြေပေါ်မှာ သေသေ ချာချာ ထိုင်ပြီး အန်တီ့ကို တရိုတသေ ကန်တော့ချင်တာပါပဲ။ ခုကတော့ လုံခြုံရေး အစီအစဉ်တွေကို လေးစားရတာကြောင့် စိတ်ထဲကနေသာ ထိခြင်း ငါးပါးနဲ့ ကန်တော့လိုက်ရပါတယ်။


+++++

ကျမထင်ပါတယ်။ ကျမအပါအ၀င် အန်တီစုကို တွေ့ချင်ကြတဲ့သူ အများစုဟာ အန်တီ့ကျေးဇူးကို သိစွာနဲ့ ရိုသေ လေးစားလို့ တွေ့ချင်ကြတာပဲလို့ ထင်ပါတယ်။ တွေ့ခွင့်ရဖို့ ကြိုးစားကြတဲ့သူတွေထဲမှာ အခွင့်အရေး တစုံတရာ အတွက် တွေ့ချင်ကြတဲ့သူတွေလည်း ပါတယ်လို့ ထောက်ပြလာကြရင်တော့ လည်း ကျမ လက်ခံရမှာပါ။ ဘာလို့လဲ ဆိုတော့ အဲလို အခြေအနေတွေ တကယ်ပဲ ရှိခဲ့ ဖြစ်ခဲ့ကြတာကိုး။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့.. ငါတို့ လုပ်မှ.. ငါတို့နဲ့ ပြေလည်မှ.. ငါတို့ပဲ လုပ်နိုင်တာ.. ငါတို့… ငါတို့.. ငါတို့….။ နေရာတကာမှာ အတိုင်းသား ကြားနေတာတွေ ရှိတာ ကိုး..။ ဖြစ်ချင်တော့ အဲဒီ ငါတို့ ဆိုတာတွေထဲမှာက တချိန်ကတော့ အမေရိကလို နိုင်ငံမျိုးရောက်ပြီး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ လုပ်ကိုင် စားသောက်ခဲ့ ဖူးပြီး  ဒေါ်အောင်ဆန်းစုကြည် နာမည်တောင် ကျယ်ကျယ် မပြောရဲခဲ့တဲ့ သူတွေ ပါနေတယ် ဆိုတာလည်း ကျမ သိနေတာပါပဲ။ ဒါပေမဲ့ ကျမ နားမလည်တာက ဘယ်လို အခွင့်အရေးကိုများ သူတို့က ဒီ အမျိုးသမီးကြီး ဆီကနေ လိုချင်ပါသလဲဆိုတာ ကိုပါပဲ။ အဲသလိုနဲ့……..

ဒေါ်အောင်ဆန်းစုကြည်ခမျာ.. အသက်အရွယ်နဲ့ မမျှအောင် ပင်ပန်းလှတဲ့ ခရီးတွေ.. အစီအစဉ်တွေထဲ .. ကိုယ့်နိုင်ငံ အတွက် ရလာနိုင်တဲ့ တိုးတက်ခွင့်တွေအတွက် ပင်ပန်းတကြီး စကားတွေပြောရ.. ဆွေးနွေး ရ.. ပြည်သူတွေရဲ့ တကယ့်အသံတွေအတွက် ကိုယ်စားလှယ်အဖြစ်နဲ့။ ဒီရက်တွေအတွင်း သူသွားခဲ့ရတဲ့ ခရီးတွေ.. သူ လုပ်ခဲ့ရတဲ့ အလုပ်တွေ ဟာ ငြိမ်ငြိမ်လေး ထိုင်ပြီး အလည်အပတ် သွား ရင်တောင် တော်တော် ပင်ပန်းမယ့် ခရီးတွေပါ။ ဒါပေမဲ့ အန်တီဟာ အပြုံးမပျက်အောင် နေခဲ့ သွားခဲ့ လှုပ်ရှားခဲ့ လုပ်ခဲ့ရပါတယ်။ ကျမကတော့ ကိုယ့်အမေနဲ့ ကိုယ်ချင်းစာပြီး အန်တီ့ကို သနားနေမိပါတယ်။

ကျမ ဒေါ်အောင်ဆန်းစုကြည်ကို ရိုသေလေးစားရတာတွေက ဘာကြောင့်ပါလဲ..။
ဒေါ်အောင်ဆန်းစုကြည် ဟာ.. ကျမ ဘယ်လိုမှ မလုပ်နိုင်တဲ့.. မလုပ်တတ်တဲ့ .. လုပ်ဖို့ စဉ်းတောင် မစဉ်းစားရဲတဲ့ အလုပ်တွေကို သူ့အတွက် မဟုတ်ဘဲ.. သူ့မိသားစုအတွက် မဟုတ် ဘဲ.. လုပ်နေတယ် ဆိုတာ တစ်ချက်၊
ပြီးတော့ ဘယ်တုန်းကမှ မြန်မာ ပြည်မှာ ခေါင်းဆောင်ပြန်လုပ်ခွင့် ကြုံမယ် လို့ မျှော်လင့် မထားခဲ့ပါဘဲနဲ့ တိုင်းတပါးမှာ နေပြီး တိုင်းတပါးသားနဲ့ လက်ထပ်ခဲ့တာတောင်မှပဲ မြန်မာ့ ဂုဏ်ဆောင် ပညာရှင်အဖြစ် မြန်မာပီပီသသ နဲ့ နေခဲ့တာ တစ်ချက်၊
အဖေနဲ့ နေခွင့်ကြာကြာ မရှိခဲ့ဘဲ အဖေ့ ဂုဏ်ကျေးဇူးကို စောင့်ရှောက်.. အဖေချစ်တဲ့ နိုင်ငံကို စောင့်ရှောက်ပြီး မိခင်ရဲ့ အဆုံး အမ နဲ့ ကျေးဇူးတရားကို အမြဲ မမေ့မလျော့ ဖော်ထုတ်တဲ့ သမီးကောင်း ဖြစ်တာက တစ်ချက်၊
နိုင်ငံနဲ့ ပြည်သူ အတွက် ကိုယ်ရေးကိုယ်တာကို စွန့်ခဲ့ရပေမဲ့ သားတွေအပေါ် မေတ္တာတရားနဲ့ တာဝန်ကျေချင် တဲ့ မိခင် ပီသခဲ့မှုက တစ်ချက်၊
နိုင်ငံအတွက် သူလုပ်သမျှဟာ ခုထိတော့ အတတ်နိုင်ဆုံး အကောင်း ဆုံး ဖြစ်အောင် လုပ်နေပြီး အမွန်မြတ်ဆုံး အဖြူစင်ဆုံး အရိုးသားဆုံး လုပ်နေတယ်လို့ ယုံကြည်တာက တစ်ချက်၊ အင်မတန်တော်တဲ့ ပညာရှင် အရည်အချင်းနဲ့ ပြည့်မီတာကတစ်ချက် နဲ့
ကျမအတွက်  အထူး အတုယူစရာ ကောင်းလှတာကတော့ အရာရာကို ကြိုးစား အားထုတ် လုပ်ကိုင်ရာမှာ စံပြ ဖြစ်တာပါပဲ။ (ကျမက ပျင်းတဲ့သူ မို့လို့လည်း ဖြစ်ပါတယ်)။

အဲဒီအချက်တွေဟာ ကျမအတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ထိခြင်းငါးပါးနဲ့ တရိုတသေ ကန်တော့ ချင်ရတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါဖြင့် အန်တီစုမှာ အမှားမရှိဘူးတဲ့လား..။ ကျမ မကြာ ခဏ ပြောဖူးပါတယ်။ ကျမက နိုင်ငံရေးသမားမဟုတ်တာကြောင့် နိုင်ငံရေးအရ ဒေါ်အောင်ဆန်း စုကြည် ဘာမှားသလဲ ကျမ နားမလည်ပါဘူး၊ မသိပါဘူး။ သာမန် အရပ် သား ပြည်သူတစ်ယောက် အနေနဲ့ကတော့ ကျမ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာ တွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အဖြစ် လုံးလုံး ပီပြင်သွားနိုင်ရေး ကို ဦးတည် လုပ်နေတယ် လို့ ယုံပါတယ်။ သွေးထွက်သံယိုတွေ.. အဖမ်း အဆီး အနှိပ်အစက်တွေ နည်းနည်း နဲ့ အလုပ်အောင်မြင်နိုင်ရေးကို ရွေးလုပ်နေ တယ်လို့ ယုံပါတယ်။ သူအာဏာရရေးအတွက် လုပ်နေတာ မဟုတ်ဘူးလို့ ယုံပါတယ်။ အာဏာရရင် လူထုအတွက် ပိုလုပ် နိုင်ရေးအတွက်ကိုပဲ ကြိုးပမ်း သွားလိမ့်မယ်လို့လည်း လုံးဝ ယုံပါတယ်။ အမှား ရှိရင်တောင် ပြည်သူလူထု အတွက် စေတနာမဲ့ အမှားမဟုတ်ဘူး လို့ ယုံပါတယ်။ အမှားဆိုတာ ဘယ်သူမှ မကင်းတာမို့ မှားနိုင်တယ်လို့လည်း လက်ခံပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ကို မျက်စေ့စုံမှိတ် ယုံကြည်ကိုးကွယ်တာပဲလို့ ပြောလည်း ကျမ က တော့ စိတ်ဆိုးစရာအကြောင်း မရှိပါ ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်း စုကြည်ကို ကျမ ရိုသေလေးစားတာဟာ ဘာအကျိုး အမြတ် မျှော်လင့်ချက်နဲ့မှမဟုတ်တာ သေချာတာကြောင့် ကျမ လိပ်ပြာသန့်လို့ပါပဲ။

နည်းနည်းလေး လူပါးဝပြီးပြောရရင်တော့ မေငြိမ်း..က ဒေါ်အောင်ဆန်းစုကြည် နဲ့ မတွေ့လည်း မေငြိမ်း ပဲ။ တွေ့လိုက်ရလို့လည်း ပိုကျော်ကြားဖို့ မရှိ။ မတွေ့လိုက်ရလို့လည်း ဆုတ်ယုတ် ဖို့ မရှိ။ တွေ့ခွင့်ရ လိုက် တော့လည်း ဘ၀မှာ ကိုယ် ကြည်ညို လေးစားရသူကို မျက်မြင်ကိုယ်တွေ့ လက်အုပ်ချီပြီး စိတ်ထဲကနေ တရိုတသေ ကန်တော့ လိုက်ရတာ တစ်ခုပဲ တန်ဖိုးအဖြစ် ရှိပါတယ်။

+++++

ဒါပေမဲ့ ကျမ စိတ်မကောင်းတာက အဲသလောက် ကိုယ့်နိုင်ငံအတွက် လုပ်နေတဲ့ ကိုယ့်အမေအရွယ်.. အဖွား အရွယ်.. အဒေါ်အရွယ်ကို စာဖတ်ပေဖတ်.. ပြီးတော့ စစ်အာဏာရှင်ကိုလည်း မကြိုက်ခဲ့သူ ဒီမိုကရေစီ ဘက်သား တွေလို့ ယူဆရသူတွေက ဘာဖြစ်လို့များ မခန့်လေးစားနဲ့ ရိသလိုလို ထေ့ သလို လို.. ရွဲ့သလိုလို စောင်းသလိုလို တွေ ပြောနေကြသလဲဆိုတာကိုပါ။  ဒေါ်အောင်ဆန်းစုကြည်မှာ ဝေဖန်စရာ ရှိရင် သေသေချာချာ ပညာရှင်ဆန်ဆန် ဝေဖန်ထောက်ပြသင့်ပါတယ်။

ဥပမာပေးရရင် တလောက (ကို) မင်းဇင် ရေးတဲ့ ဆောင်းပါး ဆိုရင် စနစ် တကျ စေတနာ ပါပါနဲ့ ထောက်ပြထားတဲ့ ဆောင်းပါးပါ။ What Aung San Suu Kyi didn’t say during her visit to Washington  ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီမှာhttp://transitions.foreignpolicy.com/posts/2012/10/02/what_aung_san_suu_kyi_didn_t_say_during_her_visit_to_washington   ဖတ်နိုင်ပါတယ်။ ဒါဟာ ကျမတို့ နိုင်ငံအတွက် ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် စာရေးသူရဲ့ စေတနာပါ တဲ့ ဝေဖန် သုံးသပ်ချက်လည်း ဖြစ်ပါတယ်။

+++++

တကယ်တော့ ကျမ ခုလို စာမျိုး မရေးချင်ပါဘူး။ သူ့သဘောသူဆောင်ကြတာပဲ ဘာဖြစ်လဲလို့ ထား လိုက် ချင်တာပါ။ ဘယ်လိုမှ မမြင်ချင်တော့ရင် အဲဒီလူတွေရဲ့ facebook post တွေကို hide လုပ် လိုက်ရုံပါပဲ။ သိပ်လွယ်ပါတယ်။ ကျမအင်တန်ချစ်တဲ့ သူငယ်ချင်းကိုတောင် အပြန်အလှန် ပြောကြရင်း ကနေ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ မမြင်အောင် လုပ်ပြီး နေလိုက်ရတော့တာပဲ။ ဒါပေမဲ့ ခုကျတော့ဖြင့်  ဒေါ်စုကို ချစ်ခင်ရင်းစွဲရှိခဲ့တဲ့သူတွေကတောင် အဲသလို မဆိုင်တာတွေနဲ့ ရိသလိုမျိုး ဒေါ်စုကို ပြောလာ ကြပါပြီ။

ကျမ ချစ်ခင်ရင်းစွဲ ရှိတဲ့ မိတ်ဆွေလေးတယောက်က (လွှတ်တော်က ထင်ထား သည်ထက် ဒီမိုကရေစီ ဆန် သည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား) ဆိုတဲ့ သတင်းတစ်စကို   ပြန် ညွှန်းပြီး တော့..  “အမှတ်တွေ စွတ်ပေး နေပါ လား..” လို့ သူ့ wall မှာ တင်ထားတာ တွေ့ပါတယ်။ ကျမ စိတ် မကောင်း ဖြစ်ပါတယ်။ အံ့လည်း အံသြမိပါတယ်။ ဒီလို အပြောဟာ ကျမတို့ အတန်းဖော် သူငယ်ချင်း အချင်းချင်း မှာတောင်မှပဲ သိပ် အမြင် မကြည်တဲ့သူ ကိုသာ ပြောကြတဲ့ အသုံးအနှုန်း မျိုးပါ။ သူဟာ ဒီလို ပြောလေ့တဲ့သူမျိုးလည်း မဟုတ်ပါဘူး။

 ဒေါ်စု မြင်တာ မဟုတ်သေးဘူး.. ဒီလို မပြောသင့်ဘူးလို့ သူတကယ် ထင်တယ်ဆိုရင်.. အဲလိုတော့ ဒေါ်အောင်ဆန်းစုကြည် ထင်တာ များနေပြီ ထင်ပါတယ်ခဗျာ။ ကျနော်တို့ တွေ့ရသမျှတော့ မဖြစ်နိုင် ပါ.. ဆိုတာမျိုး ယဉ်ယဉ်ကျေးကျေး ရေးလို့ ရပါတယ်။
ကျမတို့ ဗမာတွေမှာ လူဆိုး လူယုတ်မာ မဟုတ်ဘူးဆိုရင် ဂါရဝေါစ နိဝါတောစ.. ဂုဏ်အားဖြင့် အသက် အရွယ်အားဖြင့် ကြီးသူ ကို .. ကျေးဇူးရှိ သသူ ကို.. မြင့်မြတ်သူ ကို.. ရိုသေလေးစားရတယ် ဆိုတာကို မင်္ဂလာတစ်ပါးအဖြစ် သတ်မှတ်ပါတယ်။
ဒါမှမဟုတ်လည်း.. ကိုယ့်အမေကိုသာ သူများက အဲလို ပြောလာရင် ခံနိုင်သလားလို့ တွေးတတ်ကြတဲ့ ကိုယ်ချင်းစာစိတ်ဆိုတာလည်း ဗမာ့ဓလေ့မှာ အထူးသဖြင့် ရှိပါတယ်။ (ဥပမာပြောရရင် ကိုယ့်အမေဟာ တခြား ဘာမှ မလုပ်ဘဲ အိမ်မှာ သနပ်ခါးအဖွေးသားနဲ့ သူများအတင်းထိုင်ပြောလိုက်… အိမ်လည်လိုက်နဲ့ နေ နေတာ ကိုတောင် သူများက အမှန်အတိုင်းပြောပြီး ကဲ့ရဲ့ရင် ခံနိုင်ကြပါသလား..)
ခု ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမျိုးသမီးကြီး က ဒီနိုင်ငံက အကျိုးအမြတ် မပြောနဲ့ သူ့ကိုယ်ပိုင်ဘ၀က ရနိုင်တဲ့ အကျိုး အမြတ် ကိုတောင်မှ မခံစားဖူးသေးတဲ့ အမျိုးသမီးကြီးပါ..။
ဒီလိုအမျိုးသမီးကြီးဟာ ခုလို သရော်မော်ကားအပြောတွေနဲ့ ထိုက်တန်ပါသလား..။ စဉ်းစားကြစေချင်ပါတယ်။

သူ့ကို ထိကပါး ရိကပါး ငေါ့ဖို့ဆိုရင် တခုခုမှာတော့ သူနဲ့ တန်းတူ ယှဉ်နိုင်နေလို့သာ ဖြစ်ရပါမယ်။ တဆိတ်တော့ စဉ်းစားကြည့်ကြဖို့ ကောင်းပါတယ်။
ကိုယ်က သူနဲ့ တန်းတူ ကိုယ့်နိုင်ငံအရေး လုပ်နိုင်ခဲ့ပြီလား…
သူနဲ့ကိုယ် ပညာအရာ ဂုဏ်သိက္ခာအရာ ကိုယ်ကျင့်တရားအရာ ယှဉ်နိုင်သလား…
သူ့လောက် လုပ်နိုင်မယ့်.. လုပ်ခွင့်ရမယ့်သူ ကျမတို့ နိုင်ငံအတွက် ရှိနေပြီလား..။
မြန်မာနိုင်ငံသမိုင်းထဲ လူရိုသေ ရှင်ရိုသေရှိကြတဲ့ ခေါင်းဆောင် တခြားတစ်ယောက် အစားထိုးစရာ ရှိနိုင်ပြီလား။

+++++

ခုဒေါ်အောင်ဆန်းစုကြည်ကို အဲလို ရိနေတဲ့သူတွေထဲမှာ စစ်အစိုးရလက်ထက်တုန်းက စစ်အစိုးရရဲ့ အမှန်တကယ် ညံ့ဖျင်းမှုတွေကို ခုလို နာမည်နဲ့ ဓာတ်ပုံနဲ့ ပေါ်ပေါ် ထင်ထင် ရိခဲ့ကြတဲ့သူ ဘယ် နှစ်ယောက်များ ပါပါသလဲ..။
ဝေဖန်အပြစ်တင်ရတာ သိပ်လွယ်ပါတယ်။ ကိုယ်တိုင်အပြစ်မရှိအောင် မမှားအောင် နေရဖို့သာ ခက်တာပါ။ ပိုခက်တာက ကိုယ်မှားနေတာကို မှားမှန်းသိဖို့က ပိုခက်တာပါ။
ခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရိကြ ထေ့ကြ ခနဲ့ကြတဲ့သူတွေကို မှားနေတယ်လို့ ထင်တာဟာ ကျမ ကိုယ်တိုင်က မှားနေတာလည်း ဖြစ်နိုင်ပါတယ်။
သေချာတာကတော့ ကျမက ကျမသိရှိလက်ခံထားတဲ့ ပကတိအမှန်တရား အချက်အလက်တွေနဲ့အတူ ယဉ်ကျေးမှုမင်္ဂလာတရားနဲ့ အညီသာ ရေးတာ ဖြစ်ပါတယ်။
ကျမကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရိနိုင် ထေ့နိုင် (ဝေဖန်သုံးသပ်တာ မပါပါ) လောက်တဲ့သူ မဟုတ်တာ သေချာပါတယ်။

၈ အောက်တိုဘာ ၂၀၁၂။


May 22, 2012

မေငြိမ်း ၀တ္ထုတိုများ


၁၅ နှစ်ကြာမှ ကိုယ့်နိုင်ငံထဲ ပထမဆုံး ပြန်ထွက်ခွင့် ရတဲ့ ၀တ္ထုတိုပေါင်းချုပ်ပါ.. ကျမ စိတ်ကြိုက် ပန်းချီ မျိုးမြင့် မျက်နှာဖုံးနဲ့.. ကံကော်ဝတ်ရည်စာပေက ထုတ်ဝေပြီး ၀တ္ထုတို ၁၆ပုဒ်ပါ ပါတယ်။ ဒီကနေ့ပဲ ဖြန့်ပါတယ်ရှင်။

May 2, 2012

အိမ်ဆီသွားတဲ့ လမ်း…

 

အဲဒီနေ့က ကျမ မော်လမြိုင်-သံဖြူဇရပ်လမ်းပေါ် ခဏ ပြန်ရောက်သွားတယ်။
ပြီး ခဏကြာတော့ ပင်းဒယ-တောင်ကြီးကားလမ်းပေါ် ရောက်သွားပြန်ရော…။
ဟော ဟိုးမှာ တောင်တန်းအလွှာတွေလား..၊ သစ်ပင်တောအုပ်အဆင့်ဆင့်တွေလား။
အစိမ်းရင့်.. အစိမ်းနု၊ အညိုရင့်.. အညိုနု၊ မီးခိုးရင့်- မီးခိုးနု။ တချို့နေရာတွေမှာ လိမ်မော်တွေ အနီတွေ ကျန်နေသေးတယ်။ Fall တုန်းက လက်ကျန်တွေလား… ဒါမှမဟုတ်.. သူ့ရဲ့ ရွက်သစ်လဲတဲ့ ရာသီကိုက Spring လား။ ဘာပဲဖြစ်ဖြစ်.. သဘာဝက ဖန်ဆင်းတဲ့ ရှုခင်းပန်းချီထဲ အရောင်စုံအောင် ထည့်ပေးထားသလို..။

      ဒီနေ့ကျကာမှ နည်းနည်း အအေးပိုပေမဲ့ ကောင်းကင်ကတော့ ကြည်စင်လို့။ တိမ်တွေ ကလည်း အရုပ်တွေ ထင်လောက်အောင် အထူသားနဲ့။ ငယ်ငယ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နားက နမ့်ဟူးတောင်းမှာ မော့ကြည့်ခဲ့ရတဲ့ တိမ်တွေလိုပါပဲ။ ဟော.. ကျမ နမ့်ဟူးတောင်းလည်း ရောက်သွားပြန်ပြီ။ တချက်တချက်မှာ ကားက တောင်မြင့်မြင့်တွေပေါ် တက်ရင် ဘေးမှာ ချောက်တွေ နဲ့ ချောက်တွေအောက် ခပ်လှမ်းလှမ်းမှာ ချောင်းတွေ မြစ်တွေ ပတ်စီးနေတာကို လှမ်းတွေ့ ပါတယ်။ ဟော.. အဲဒါ လားရှိုးသွားရင် ဖြတ်ရတဲ့ ဂုတ်တွင်း ပေါ့..။ ဂုပ်ထိပ်တံတားကို တွေ့ချင်ရင်တော့ Shenandoah River ဘက်သွားရင် West Virginia ရဲ့ ပြည်နယ်သင်္ကေတ တံတားကြီးကို တွေ့မှာ။ ဂုတ်ထိပ်တံတားနဲ့ ခပ်ဆင်ဆင်ပေါ့။  


ဟုတ်တာပေါ့.. တကယ်တော့ ကျမ သွားနေတာ West Virginia ကိုပါ။ ကျမနေတဲ့ Maryland ကနေ ၂နာရီကျော်လောက် ကားမောင်းသွားရင် ရောက်နိုင်တဲ့ အဲဒီ ဒေသ လေးက ကျမကို ချင်းတောင်တန်း တွေ.. ရှမ်းတောင်တန်းတွေနဲ့ မွန်ပြည်နယ် က သစ်ပင်အုပ်တွေကြား ဖြတ်သွားရတဲ့ အဝေးပြေးလမ်း တွေဆီကို ရောက်သွားစေတာပါ။ အဝေးကြီးက တောင်တန်းတွေကလည်း ဘယ်သူတွေ ဘာပဲ ပြောပြော ကျမ ခံစားရ တာကတော့ ရှမ်းတောင်တန်းတွေ.. ဒါမှမဟုတ်လည်း ချင်းတောင်တန်းတွေ ပါပဲ။ အလွှာလိုက် အထပ်လိုက်..၊ တချို့နေရာတွေမှာ လှေကားထစ်တွေလို ထစ်ပြီး စိုက်ဖို့ ပျိုးဖို့ မြေတွေ ပြင်ထားတာလည်း တွေ့တယ်။ စိုက်ရာသီကို စောင့်နေကြတာလေ..။

မြေကွင်းပြင် ကျယ်တွေ ဖြတ်ရင်တော့ နွားတွေ သိုးတွေ အုပ်လိုက်..၊ သန်မာ တောင့်တင်းတဲ့ ရွှေညိုရောင် မြင်းတွေနဲ့ သပ်ရပ် ကြီးမား ခိုင်ခံ့တဲ့ အိမ်ကြီးတွေ..။

စိုက်ခင်းတွေ.. ပျိုးခင်းတွေ.. ပန်းခင်း တချို့..။ စိတ်ထဲ မချင့်မရဲနဲ့ ကားတံခါး ဖွင့်လိုက်တော့ လေရဲ့ ရနံ့က မွှေးလိုက်တာ။ တိတ်ဆိတ်အေးချမ်းလှတဲ့ ဝန်းကျင်။ သာယာလှပတဲ့ သဘာဝ။ လမ်းတလျှောက် အကောက်အကွေ့တွေ ဂုံးတက် ဂုံးဆင်းတွေ.. သစ်ပင် တောအုပ်တွေက ကိုယ့်နံဘေးမှာ…။ နေခြည်တွေက သစ်ပင်တွေကြားထဲ ထိုးစိုက်ကျ..။ တိုက်ခတ်တဲ့ လေက အေးမြ..မွှေးမြ..။

အင်း ဒါကြောင့်လည်း John Denver က

♩ ♪ ♫ ♬    
Almost heaven,
West Virginia Blue ridge mountains,
Shenandoah river
Life is old there, older than the trees
Younger than the mountains,
growing like a breeze ♩ ♪ ♫ ♬

လို့ ဆိုပေတာပဲ…။


+++++


          လမ်းတလျှောက်မှာ တွေ့ခဲ့ရသမျှနဲ့ ပြောရင်တော့ ကျမတို့ ဖြတ်ခဲ့တာက ကျေးလက် ဒေသ ပါ။ အဲဒီမှာ နေသူတွေက စိုက်ပျိုးရေး မွေးမြူရေးတွေ လုပ်ကြမယ်။ ဒါမှမဟုတ်.. ပိုင်ရှင်တွေက မြို့ပြမှာ နေပြီး အပန်းဖြေဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ ဒီ မြေတွေ အိမ်ကြီးတွေကို ဝယ်ထားကြပြီး အိမ်စောင့်တွေက စိုက်ပျိုးမွေးမြူတာလည်း ဖြစ်နိုင်ပါ တယ်။ တချို့အိမ်တွေက သူတို့ မြေတွေ ကျယ်လွန်းတော့ အိမ်ရှေ့မှာ ကန်ကြီးတွေ တူးထားတယ်။ ကန်ထဲမှာ ဝမ်းဘဲတွေ.. ငန်းတွေက ရေကူးလို့။ တချို့နေရာတွေမှာ တော့ သိုးအုပ်တွေ နဲ့ သိုးထိန်းခွေးတွေ ပြေးလွှား။ တကယ့် ကျေးလက်။ တကယ်တမ်းကျတော့ အဲဒီနေရာက မြို့တော် ၀ါရှင်တန်ဒီစီနဲ့ ဆိုရင် အလွန်ဆုံး ၂နာရီကျော် ၃ နာရီ လောက်ပဲ ကားမောင်းရင် ရောက်တဲ့ နေရာ။ ပြီးတော့ စျေးချိုချိုနဲ့လည်း မြေကျယ်ကျယ် အိမ်ကြီးကြီး တွေ ရနိုင်တဲ့ နေရာ။

 ညဆို အဲဒီ အိမ်ကြီးတွေထဲ အေးအေးဆေးဆေး နွေးနွေးထွေးထွေး နေနိုင်ပါသေး။

သားသမီးတွေ မရှိတော့တဲ့ ပင်စင်စားအဖိုးကြီး အဖွားကြီး နှစ်ယောက်တည်းဆိုလည်း တူတူ ရုပ်မြင်သံကြားကြည့်ရင်း ၀ိုင်တခွက် စီ သောက်၊ ဒါမှမဟုတ် ခြံထွက် နွားနို့လေး သောက်၊ လျှပ်စစ်မီး အမြဲရတဲ့နိုင်ငံမို့ နွားနို့ ပူပူလေးကို မပင်မပန်းသောက်နိုင်လိမ့်မယ်။ သားသမီးတွေ ကိုယ့်ဆီ လာမနေ လည်း မပူတော့ပါဘူး လေ.. အရွယ်ရောက် သားသမီးတွေက သူတို့ဘဝ သူတို့ ထိန်းကျောင်းနိုင်မယ့် နိုင်ငံမှာ ရှိနေတာမို့ မိဘတွေမှာ ပူဖို့ တာဝန်မရှိ။ မိဘ မို့ သူတို့လေးတွေကို လွမ်းတာ တော့ ရှိမှာပေါ့။

                                   

ဒါပေမဲ့ ဒါကလည်း ဓမ္မတာမို့ အဆန်းတကြယ် ခံစားရမယ့်ကိစ္စမဟုတ်။ သားသမီးတွေ လက်လွတ် သွားတဲ့ အချိန်မျိုးကျရင်နေဖို့ တကယ်ရွေးသင့်တဲ့ နေရာလို့ ကျမ ခံစားနေမိတယ်။ ဘယ်လောက် စိတ်အေးချမ်းမြေ့ ရှိလိုက်မလဲ..။

 +++++

ဆက်ပြောရင် ကျမ ဘယ်လောက် တကိုယ်ကောင်းဆန်တယ်ဆိုတာ ပေါ်လာတော့မယ်။ ကျမက ကိုယ့်ဇာတိမြေရဲ့ အဝေးကြီး တိုင်းတပါးနိုင်ငံမှာ ပျော်နေနိုင်.. စိတ်အေးချမ်း နိုင်တဲ့ တကိုယ်ကောင်း ဆန်သူပေါ့..။ ဟုတ်တယ်မို့လား။ ဒါပေမဲ့ မတတ်နိုင်ပါဘူး။ ဟုတ်ပါတယ်.. ကျမ တကယ်ပဲ ခု ကျမ နေရတဲ့ဘဝမှာ ပျော်ပါတယ်။ စိတ်ချမ်းသာပါတယ်။ တချိန်မှာတော့ အဲလို စိုက်ခင်းမြေ အကျယ်ကြီး ပါတဲ့ နေရာဒေသ မျိုးလေးမှာ ကျမ ခင်ပွန်း အင်မတန်ဝါသနာပါတဲ့ စိုက်ပျိုး မွေးမြူရေး အလုပ်ကို လုပ်ရင်း .. ကျမက စာတွေရေး စာတွေဖတ်နဲ့ ဘဝမှာ ဇောက်ချ နေသွားနိုင်ချင်တယ်လို့လည်း စိတ်ကူးနေသေးတာပါ။

 John Denver ကတော့ ဆိုတယ်..

♩ ♪ ♫ ♬

Country roads, take me home

To the place I belong West Virginia,

Mountain momma

Take me home, country roads…  ♩ ♪ ♫ ♬

 

        ကျမအတွက်လည်း လောလောဆယ်မှာတော့ ခဏလေးသွားခဲ့ရတဲ့ West Virginia ခရီးတိုလေးက အိမ်ဆီရောက်အောင် ပြန်ခေါ်သွားသလိုပါပဲ။

ဟုတ်ပါတယ်.. အဲဒီလမ်းတွေက ကျမကို အိမ်ဆီ ရောက်အောင် ခေါ်သွားခဲ့ကြတယ်..။

ဘာလို့လဲဆိုတော့ ကျမအတွက်

အိမ်ဆိုတာက..

ရောင့်ရဲ တင်းတိမ်မှုတွေနဲ့

စိတ်ချမ်းသာ ကိုယ်ကျန်းမာ..

လွတ်လပ်ပေါ့ပါး…

နေခွင့်ရတဲ့ နေရာတခုသာ ဖြစ်လို့ပါပဲ။


♩ ♪ ♫ ♬ 
I hear her voice in the mornin' hour she calls me
The radio reminds me of my home far away
And drivin' down the road
I get a feelin' That I should have been home yesterday, yesterday
Country roads,
take me home To the place
I belong West Virginia,
mountain momma Take me home,
country roads ♩ ♪ ♫ ♬

 ++++++

မေလ ၁ ရက်၊ ၂၀၁၂။


အမေရိကန်ကျောင်းတွေဆီက ဘက်စုံဖွံ့ဖြိုးရေး

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ ပညာတတ်သူ သည် လောကရှိ အရာရာ ကို အခွင့်အလမ်းအလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို လည်းကောင်း၊ မိမိ ဥာဏ် အမြင် အရ စိတ်နေ စိတ်ထား စိတ်ဓါတ် (Emotion of the Education) တို့ကိုလည်းကောင်း ပြုပြင် ပြုစု စီမံထားခဲ့သူ သာလျှင် ဖြစ်သည် လို့ ပြောခဲ့ပါတယ်။ ဒါဟာ ပညာရေး စနစ်ထဲမှာ EI (Emotional Intelligence) က အရေးပါ လှတာကို ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ဒီတော့ ကလေးတွေမှာ.. စာသင်သားတွေမှာ အဲဒီ တီထွင်ကြံဆဉာဏ် ဖွံ့ဖြိုးအောင် ဘယ်လို ပျိုးထောင် ပါသလဲ…။ အဲဒီအချက်ကို ကျမ အမေရိကန်နိုင်ငံရဲ့ အခြေခံပညာရေးစနစ်ထဲမှာ လေ့လာ ရှာဖွေ ကြည့် ပါတယ်။ သပြေညို မြန်မာစာကျောင်းလေးဟာ တပတ်မှာ ၂နာရီကျော်ကျော်သာ စာသင် ခွင့် ရတဲ့ သင်တန်းလေး ဖြစ်ပေမဲ့ ကျမတို့ကလေးတွေကို သူတို့ ကျောင်းပညာရေးမှာ အလေ့အကျင့် ရပြီးသား စနစ်တွေနဲ့ မကင်းကွာအောင်၊ ပြီးတော့ ကျမတို့ သိစေချင်တဲ့ မြန်မာမှု မြန်မာ့စာ အရာမှာ လည်း တိုးတက် ဖွံ့ဖြိုးရလေအောင် အားထုတ်တဲ့ သဘောပဲဖြစ်ပါတယ်။

 ဒါဖြင့် ကျမတွေ့ရတဲ့ အမေရိကန် ကျောင်းတွေက အခြေခံပညာရေးထဲမှာ ကလေးတွေအတွက် ဘယ်လို အရည်အသွေးတွေ ဖွံ့ဖြိုးစေပါသလဲ.. ကြည့်ရအောင်ပါ။ အမေရိကန် ပညာရေး စိတ်ပညာရှင် Howard Gardner ( Prince of Asturias Award 2011 in Social Sciences ) က ကလေးတွေဆီမှာ ရှိဖို့ လိုအပ်တဲ့ စွမ်းရည် ၉ မျိုး ကို အဆိုပြုခဲ့ပါတယ်။ အဲဒါတွေကတော့ ယုတ္တိဗေဒ- သင်္ချာစွမ်းရည် (Logical Mathematical)၊ ဘာသာစကားစွမ်းရည် (Linguistics)၊ တေးဂီတစွမ်းရည် (Musical)၊ လက်မှုအနုပညာ စွမ်းရည်(Spatial)၊ ကာယလှုပ်ရှားမှု စွမ်းရည် (Bodily- Kinesthetic)၊ လူမှုဆက်ဆံရေး စွမ်းရည် (Interpersonal)၊ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်မှုစွမ်းရည် (Intrapersonal)၊ သဘာဝတရားကို ချစ်မြတ်နိုးမှု စွမ်းရည် (Naturalist) နဲ့ တွေးတောဆင်ခြင်နိုင်စွမ်းရည် (Existentialist) တွေပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးအများစုမှာတော့ အဲဒီ စွမ်းရည် အမျိုးမျိုး ကို အခြေခံပြီး ကျောင်းပညာရေး ထဲမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး နဲ့ လိုက်လျောညီထွေဖြစ်တဲ့ သင်ရိုးတွေ၊ သင်ကြားနည်းပုံစံတွေ၊ စီစဉ် ထည့်သွင်းထား တာကို တွေ့ရပါတယ်။

ပြောရရင်တော့ ဒါဟာ ဘက်စုံပညာရေးဆိုတာပဲ ဖြစ်ပါတယ်။ အမေရိကန် ကျောင်းတွေ ဟာ ဒီ စွမ်းရည် တွေကို အခြေခံထားပြီး သင်ရိုးတွေ သင်ကြားနည်းစနစ် တွေ ပြုစုထား တယ် လို့ ဆိုနိုင်ပါတယ်။ မူလတန်းမှာကိုပဲ သင်္ချာဘာသာရပ်ကို သင်တဲ့အခါ မြန်မာပြည်က အပေါင်း အနှုတ်အမြှောက်အစားအပြင် ဂျီသြမေတြီဆန်ဆန် တွေးပြီး တွက်ယူဖြေရှင်း ရတဲ့ အမေးပုစ္ဆာတွေ ပါပါတယ်။ အဓိကကတော့ ပုံတွေ ဆွဲပြီး တွက်ချက်စဉ်းစားရတာတွေ များတာပါပဲ။ ဒါကြောင့် (Logical Mathematical) လို့ ဆိုနိုင်မယ်ထင်ပါတယ်။

နောက်တခု ဘာသာစကား စွမ်းရည် (Linguistics) မှာတော့ မူလတန်းအဆင့် Grade 4 အထိဟာ ဘာသာစကားအပို သင်ယူစရာမလိုပေမဲ့ သူတို့ရဲ့ မိခင်ဘာသာစကား အင်္ဂလိပ်စာကိုပဲ Grammar နဲ့ Reading , Writing ကို Comprehension Question Types နဲ့ အိမ်စာလေ့ကျင့်ခန်းတွေ နေ့စဉ်လုပ်ခိုင်းပြီး ယဉ်ပါးအောင် လေ့ကျင့် ပေးပါတယ်။ ပြီးတော့ ပုံဆွဲပြီး ကိုယ့်ဘာသာ တီထွင်တဲ့ ဇာတ်လမ်းတိုတွေ Comic တွေ လုပ်ခိုင်းတာမို့ ဘာသာစကားတိုးရုံသာမက၊ တီထွင်စွမ်း Creativity နဲ့ တွေးတော ဆင်ခြင်နိုင် စွမ်းရည် (Existentialist) ကိုပါ တက်လာစေတာပါ။

တေးဂီတစွမ်းရည် (Musical)အတွက်ကတော့ ကလေးတိုင်းဟာ Grade 4 ကို ရောက်ပြီဆိုရင် တူရိယာ တခု ရွေးချယ်ပြီး တီးမှုတ်ရပါတယ်။ ပုလွေ၊ တယော၊ စန္ဒယား၊ အစရှိသဖြင့် ကိုယ် နှစ်သက်ရာ ရွေးပြီး သင်ယူရပါတယ်။ အဲဒီမှာ ထူးချွန်ပြီဆိုရင်တော့ ကျောင်းဖျော်ဖြေပွဲ Concert တွေမှာ ပွဲတိုင်းကျော်ဖြစ်ပြီပေါ့။

လက်မှုအနုပညာ စွမ်းရည်(Spatial) ပိုင်းကို ပြောရင်တော့ စိတ်ဝင်စားစရာကောင်းတာက စာသင်ခန်းထဲက လက်မှုအနုပညာသင်ကြားပုံပါပဲ။ သူ့အတန်း သူ့အရွယ်အလိုက်၊ အရုပ်လုပ်ဖို့ သီးသန့်ထုတ်လုပ်တဲ့ ရွှံ့စေး(Clay) ရောင်စုံသုံးတဲ့ Grade 1, 2, 3 ကနေစလို့ ပလာစတာ သုံးတဲ့ အရွယ်အတန်း Grade 4,5 တွေအထိ ပန်းပုရုပ်တွေ အုတ်ခွက်ရုပ်တွေ လုပ်ကြပါတယ်။ ပြီးတော့ ကိုယ့်အနားဝန်းကျင်က လွှင့်ပစ်ရတော့မယ့် သတင်းစာ စက္ကူတွေ၊ ပြက္ခဒိန်အဟောင်းတွေကို ကိုက်ဖြတ်ညှပ်ကပ်ပြီး ပန်းချီဒီဇိုင်းဖန်တီးတာတွေလည်း လုပ်ကြပါတယ်။ သုံးတဲ့ပစ္စည်းတွေက စိတ်ဝင်စားစရာပါ တခါသုံး ထမင်းစားပန်းကန်ပြားတွေ ပလပ်စတစ်ခွက်အဟောင်း၊ ဖျော်ရည်စုပ် သောက်တဲ့ ပိုက်တွေကိုသုံးပြီးတော့လည်း အရုပ်တွေ ဖန်တီးကြတာပါ။ ပျော်စရာကောင်းလှတဲ့ လက်မှုသင်ခန်းစာတွေပဲ ဖြစ်ပါတယ်။

ကာယလှုပ်ရှားမှု စွမ်းရည် (Bodily- Kinesthetic) အတွက်ကတော့ ထုံးစံအတိုင်း အမေရိကန် Football ၊ Basketball၊ ရေကူး၊ ကရာတေး၊ စသဖြင့် ကိုယ်ကြိုက်ရာ ရွေးချယ်ကစားဖို့ပါပဲ။ ကလေးတွေဟာ ကစားနည်း တခုခုကိုတော့ တတ်မြောက်ရသလို ကျောင်းပြင်ပမှာလည်း အမြဲတစေ အလေ့အကျင့် ရှိနေရပါတယ်။ အဲဒီအတွက် အပြည့်အ၀ တာဝန်ခံယူရတာက မိဘတွေပါပဲ။

လူမှုဆက်ဆံရေး စွမ်းရည် (Interpersonal) ကတော့ ကျောင်းခန်းတွင်း ကလေးရဲ့ အသင်းအဖွဲ့နဲ့ လှုပ်ရှားတဲ့ Team Work တွေမှာ ကလေးက အဆင်ပြေလိုက်လျော ညီထွေ ရှိသလား၊ အဖွဲ့ဝင် ကောင်း Team Player တယောက် ဖြစ်ရဲ့လားဆိုတာတွေကို ဆရာ ဆရာမတွေက အမြဲ စောင့်ကြည့် အကဲဖြတ်နေရပါတယ်။ တခုခု ချို့ယွင်းတယ်လို့ ယူဆတာနဲ့ မိဘတွေဆီ ချက်ချင်း အကြောင်းကြား ပါတယ်။ ဒီနိုင်ငံမှာ အဓိက ထားတာကတော့ ကလေးအချင်းချင်း အနိုင်ကျင့် (Bully) သလား ဆိုတာ ပါပဲ။

ဆရာ ဆရာမတွေက မိဘတွေဆီကို အပတ်စဉ် သောကြာနေ့တိုင်းမှာ ကလေးရဲ့ တပတ်စာ ကျောင်းတွင်း လှုပ်ရှားမှုနဲ့ အခြေနေတွေကို Report ပေးပါတယ်။ အဲဒီအခါ ကလေးက စကားများတာ၊ စာသင်တာကို အာရုံမစိုက်တာ၊ ပိုပြီး လိမ်မာနေတာ၊ အားလုံးကို မှတ်ချက်ရေးပေးတာမို့ မိဘကပါ သားသမီးရဲ့ စာသင်ခန်းအတွင်း လူမှုဆက်ဆံရေး စွမ်းရည် ကို မျက်ခြည်မပြတ်တော့ပါဘူး။ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်မှုစွမ်းရည် (Intrapersonal) ကလည်း အဲဒီကနေ ဆင့်ပွားလာတာပါပဲ။ ကိုယ့်အပေါ် ဆရာဆရာမနဲ့ အတန်းဖော်သူငယ်ချင်းတွေ.. မိဘမောင်နှမတွေရဲ့ အပြန်အလှန် တုံ့ပြန်မှု အရပဲ ကလေးဟာ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်စွမ်း တက်လာ မဟုတ်ပါလား။

သဘာဝတရား ကို ချစ်မြတ်နိုးမှု စွမ်းရည် (Naturalist) ကိုတော့ ကလေးတွေရဲ့ သင်ရိုးထဲမှာ ပါတဲ့ Social Science သင်ခန်းစာတွေနဲ့ အနည်းဆုံး တနှစ် ၂ကြိမ် ခရီးတို Field Trip တွေ ထွက်ရာကနေ အများကြီး ရနိုင်ကြပါတယ်။ ပန်းပင် ပန်းပွင့် သစ်ပင် သစ်တောတွေအကြောင်း၊ လိပ်ပြာပိုးဖလံတွေအကြောင်း၊ အိမ်မွေးတိရစ္ဆာန်လေးတွေအကြောင်း သင်ကြားရင်း ပုံတွေဆွဲ၊ ဇာတ်လမ်းတွေ ရေးကြရင်း ကလေးတွေကို သဘာဝတရားကို ကောင်းကောင်းသိပြီး ချစ်မြတ်နိုးတတ်လာပါတယ်။ ပြီးတော့ တကယ်ကို လက်တွေ့ကျကျ.. သူတို့ကလေးတွေကိုယ်တိုင် တနှစ်မှာ အနည်းဆုံး ပန်းပင်လေးတပင် ရှင်အောင် စိုက်ကြရပါသေးတယ်။

ဒီစွမ်းရည်တွေက ပညာရေးထဲမှာ ဘာလို့ အရေးပါရတာပါလဲ..။ ပြီးတော့ ကလေးတွေအတွက် ဘာကြောင့် ဒီစွမ်းရည်တွေ မဖြစ်မနေလိုအပ်ရတာပါလဲ…။ ကျမ ဖတ်ဖူးခဲ့တဲ့ ပြောင်းလဲတိုးတက်မှုဖြစ်စဉ် (Progressivism) အရ ဆိုရင်တော့ Education should be life itself, not a preparation for living လို့ ဆိုထားတာမို့ “ပညာရေးဟာ ဘ၀မှာ အသက်ရှင်သန် နေထိုင်ဖို့အတွက် ပြင်ဆင်ရုံ သာမဟုတ်ဘဲ ပညာရေးကို လေ့လာ လိုက်စားနေခြင်း ကပဲ ဘ၀တစ်ခု” လို ဖြစ်နေ သင့်တာပါ။ ဒီတော့ ကလေးတွေအတွက် ပညာရေးစနစ်ထဲကနေပဲ ကိုယ်ရည် ကိုယ်သွေးနဲ့ အတူ လူမှုဆက်ဆံရေး စွမ်းရည်ကိုပါ တပြိုင်တည်း ဖွံ့ဖြိုးစေရမှာ ဖြစ်ပါတယ်။

 Progressivism အယူအဆကို အမေရိကန် ပညာရေးပါရဂူတွေ ဖြစ်ကြတဲ့ John Dewey ၊ William Kilpatrick နဲ့ John Child တို့က ပြောခဲ့ကြတာဖြစ်ပါတယ်။ သူတို့က ကလေးတွေအတွက် ပညာရေးဟာ ကလေးတွေ စိတ်ဝင်စားတဲ့ သင်ခန်းစာတွေ ဖြစ်သင့်ပြီး စာသင်ခန်း ထဲမှာလည်း ဆရာဟာ ဦးဆောင် လမ်းညွှန်သူ မဖြစ်ရဘဲ အကြံပေးသူသာ ဖြစ်သင့်တယ်လို့ ဆိုပါ တယ်။ ပြီးတော့ ကျောင်းဆိုတာဟာလည်း ကလေးတွေရဲ့ စွမ်းရည်ကို ထုတ်ဖေါ်ရာမှာ အစုအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက် ပြီးတော့သာ ဖေါ်ထုတ်စေ သင့်ပြီး ကလေးတစ်ယောက် နဲ့ တစ်ယောက် ယှဉ်ပြိုင်ဖို့ အတွက် မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

ဒါကြောင့်ပဲ တနှစ်တာလုံး ကလေးရဲ့ ကြိုးပမ်းခဲ့သမျှကို နှစ်ကုန်မှာ စာမေးပွဲတခုဖြေခိုင်းပြီး အအောင် အကျ နဲ့ ဆုံးဖြတ်လိုက်တာဟာ မမှန်ကန်ဘူးလို့ အဖြေထုတ်ကြတာဖြစ်ပါတယ်။ ဒီ မှားယွင်းတဲ့ စာမေးပွဲစနစ်အကြောင်း ရှေ့တပတ်မှာ ဆက်ပြောပြပါဦးမယ်။

 မေငြိမ်း ၂၅၊ ဧပြီလ ၂၀၁၂။
 Venus News Journal ပါ ဆောင်းပါး - ၇

Apr 16, 2012

အမေရိကန်ရောက် သင်္ကြန်ပွဲ နဲ့ သပြေညို

ဒီနှစ် သင်္ကြန်ဟာ သပြေညို ကျောင်းအနေနဲ့ ပထမဆုံးကြုံရတဲ့ သင်္ကြန်ပါ။ ပြောချင်တာက စာသင်ခန်းထဲမှာ ကလေးတွေကို သင်္ကြန်ဆိုတာ ဘယ်လို ပွဲတော်လဲ.. ဘာအထိမ်းအမှတ်နဲ့ လုပ်တဲ့ ပွဲလဲ.. ဘယ်လို ဆင်နွှဲကြတဲ့ ပွဲလဲ.. ဘယ်လို ဆင်နွှဲသင့် တဲ့ ပွဲလဲဆိုတဲ့ ဗမာမှုတွေကို သင်ခွင့်ရဖို့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြောပြချင်တာပါ။ သပြေညို ကျောင်းစဖွင့်တာက မနှစ်က ဇွန်လ.. အမေရိကန်ပြည်ရဲ့ နွေရာသီ ကျောင်း ရက်ရှည် ပိတ်ရက်ထဲမှာမို့ ဗမာပြည်က သင်္ကြန်ချိန်နဲု့ မကြုံလိုက်ရပါဘူး။ ဒါကြောင့် ဒီနှစ် ကြုံကြိုက်မှပဲ သင်္ကြန်နဲ့ ပတ်သက်သမျှကို စာသင်ခန်းမှာ ပြောပြရပါတော့မယ်။

သင်္ကြန်ဆိုတာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့အကြောင်း၊ နွေကာလ ပူပူ လောလော ရာသီ မှာ အေးမြစေလိုစိတ်နဲ့ ရေလောင်းကြတဲ့အကြောင်း၊ အောင်အတိတ် အောင်နိမိတ် ဆောင်ပြီး အေးချမ်းမွှေး ပျံ့စေ လိုတဲ့ စေတနာ ပါ ပါလာတဲ့အခါ၊ သပြေခက်နဲ့ နံ့သာရည်ကို ပက်ဖြန်းကြတဲ့ အကြောင်း၊ နောက်ဆက် တွဲမှာ မြန်မာ နှစ်ဟောင်း ကုန်ပြီး နှစ်သစ်ပြောင်းချိန်မို့ မကောင်းတဲ့ စိတ်.. မကောင်းတဲ့ အဟောင်း၊ မကောင်းတဲ့ အညစ်အကြေးတွေကို ဆေးကြောတယ်လို့လည်း မှတ်ယူကြောင်း တွေ လောက် ပြောပြရင် သူတို့ နားလည်ပါပြီ။ ပြီးရင်တော့ အင်တာနက် ထဲက သင်္ကြန်ပုံတွေ ရှာပြီး Projector နဲ့ ပြမယ်။ ဟိုး ပုဂံခေတ်တုန်းက သင်္ကြန်ကို နံရံဆေးရေးနဲ့ သရုပ်ဖော် ထားတဲ့ ပုံတွေ ပြနိုင်တယ်။ အဲဒီကမှ တဖြည်းဖြည်းချင်း ခေတ်အလိုက် ရွေ့လျော ပြောင်းလဲ လာတာတွေကို ပြမယ်။ အားလုံးပြောပြအပြီး သူတို့တွေ အမျိုးမျိုး ပြန်မေး လာကြမယ့် မေးခွန်းတွေ ကို ဖြေပြီး ပြောပြပြီးရင်တော့ သင်္ကြန်ပွဲမှာ ဓလေ့ ထုံးစံတွေ.. ဝတ်စားဆင်ယင်မှုတွေ ဘယ်လို ရှိသင့်တယ်ထင်သလဲဆိုတာကို ကျမ သူတို့လေး တွေ ကို ပြန်မေးမယ်လို့ စိတ်ကူးထားပါတယ်။

အဲဒီလို သင်္ကြန်ပွဲနဲ့ပတ်သက်တဲ့ ပို့ချချိန် လုံလောက်ပြီဆိုရင်တော့ ထုံးစံအတိုင်း ဒီ အကြောင်းအရာအပေါ် သူတို့ ဘယ်လောက် နားလည်ကြသလဲ ဆိုတာကို ပြန် အကဲဖြတ် ရပါမယ်။ တကယ်လို့ စာကောင်းကောင်း ရေးနိုင်တဲ့ အရွယ် ဆိုရင်တော့ သူတို့ကို မှတ်စု ပြန်ရေးခိုင်းရုံပါပဲ။ ခုကတော့ စာကောင်းကောင်း မရေးနိုင်သေးတာမို့ သရုပ်ဖော်ပုံ ဆွဲခိုင်းရမှာပါ။ သင်္ကြန်ကို သူတို့ ဘယ်လို နားလည်လဲ.. ဘယ်လောက် နားလည်လဲ.. ဘယ်လို ခံစားသလဲဆိုတာ.. သူတို့ကိုယ်ပိုင် သရုပ်ဖော်တဲ့ ပန်းချီပုံတွေ မှာ တွေ့ရပါလိမ့်မယ်။

တနည်းအားဖြင့်တော့ ဒါဟာ ကလေးတွေရဲ့ သိမှုဆိုင်ရာစွမ်းရည် IQ ((Intelligent Quotient) ကိုသာမက ခံစားနားလည်နိုင်မှုစွမ်းရည် EI (Emotional Intelligence) ကိုပါ မြင့်တက် လာအောင် လေ့ကျင့်ပေးရာ လည်း ရောက်ပါတယ်။ ပြီးတော့ ဒါဟာ ပြဋ္ဌာန်းချက်တွေထဲက မဟုတ်ဘဲ၊ စာသင်သားတွေကို ပြောပြ သင်ပြဖို့ လိုအပ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သင်ခန်းစာလည်း ဖြစ်ပါတယ်။ ဒီလို သင်ခန်းစာတွေကို ပုံမှန်ကျောင်းပညာရေး Formal Education ထဲမှာ ထည့်သုံး ပြောပြရမှာက ဆရာ ဆရာမ တွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။

+++++

 ကမ္ဘာပေါ်မှာတော့ ၁၉၂၀ လောက်ကတည်းက ကလေးတွေအတွက် IQ ထက်ပိုပြီး EI ကို ပို လိုအပ်တယ် လို့ တွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ၁၉၂၀မှာ စိတ်ပညာရှင် Edward L. Thorndike (1879-1949) က ကလေးတွေ အတွက် ပညာရေးထဲမှာ လူမှုဆက်ဆံရေး စွမ်းရည် (Social Intelligence) ကိုပါ ထည့်သွင်းသင့်တယ်ဆိုတဲ့ သူ့ရဲ့ အယူအဆကို တင်ပြ ခဲ့ပါတယ်။ အဲဒီ အယူအဆရဲ့ နောက်မှာမှ ကလေးတွေ အတွက် လူမှု ဆက်ဆံရေး စွမ်းရည် နဲ့ ခံစား ဆင်ခြင်နိုင်မှု စွမ်းရည် (Inter and Intra Intelligence) က အရေးပါကြောင်းကို ပညာရှင်တွေ ဖြစ်တဲ့ Abraham Maslow က ၁၉၅၄ မှာ ၊ Carl Rogers က ၁၉၆၉မှာ၊ Howard Gardner က ၁၉၈၃ မှာ … သုတေသန လုပ်ပြီး တင်ပြ လာခဲ့ကြ ပါတယ်။ အဲဒီ တွေ့ရှိချက် အယူအဆပေါ်မှာ မူတည်ပြီး ပညာရှင်တွေက အမျိုးမျိုး ဆွေးနွေး အဖြေရှာ ခဲ့ကြပါတယ်။

 ၁၉၉၀ နောက်ပိုင်းမှာတော့ အဲဒီ အယူအဆတွေအရ EI က IQ ထက်ပိုပြီး ဘ၀ကို အောင်အောင် မြင်မြင် ဖြတ်သန်း နိုင်စွမ်း ရှိတယ်လို့ လက်ခံလာကြပါတယ်။ အဲဒီ နောက်မှာ တော့ EI အရ စိတ်ခံစားချက်က စဉ်းစား တွေးခေါ်ခြင်းကို ပို ထက်မြက စေပြီး ခံစားချက် တွေကို အသိဥာဏ် နဲ့ ယှဉ်ပြီး ဝေဖန် ပိုင်းခြား စဉ်းစားနိုင်တယ် ဆိုတဲ့ ယူဆချက်ကို ကလေးတွေအတွက် လိုအပ်တဲ့ စွမ်းရည်အဖြစ် ထောက်ပြလာကြပါ တယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း “ပညာတတ်သူသည် လောကရှိ အရာရာ ကို အခွင့်အလမ်းအလိုက် ဆင်ခြင် သုံးသပ် နိုင်စွမ်းသော ဥာဏ်အားကိုလည်းကောင်း၊ မိမိ ဥာဏ်အမြင် အရ စိတ်နေ စိတ်ထား စိတ်ဓါတ် (Emotion of the Education) တို့ကိုလည်းကောင်း၊ ပြုပြင် ပြုစု စီမံထားခဲ့ သူသာလျှင် ဖြစ်သည်” လို့ ပြောခဲ့ဖူးပါတယ်။ ဒါဟာ ပညာရေးစနစ်ထဲမှာ EI (Emotional Intelligence) က အရေးပါ လှတာကို ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ စကားစပ်လို့ ဥပမာလေးတခု ပြောပြပါရစေ။ ကျမတို့ မြန်မာနိုင်ငံမှာတုန်းက ကျမသားကြီးက ကမာရွတ် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) မှာ ကျောင်း တက်ပါတယ်။ သားကြီး ၈တန်းကျောင်းသားအရွယ်မှာ မြန်မာစာသင်ရိုးထဲက ကဗျာတပုဒ်ကို လပတ်စစ် စာမေးပွဲမှာ ဆရာမပေးထားတဲ့ မှတ်စု အတိုင်း ၏-သည်-မလွဲ မဖြေဘဲ သူနားလည်သလို ဖြေတာမှာ ဆရာမက ၁၀မှတ်ပေးဖို့ သတ်မှတ်ထား တာမှာ ၂ မှတ်ပဲ ပေးခဲ့ပါတယ်။ သားရဲ့ အဖြေစာရွက် အိမ်ကို ပါလာလို့ ကျမ ပြန်စစ် ကြည့်တော့ အချက်အလက်တွေအားလုံး အမှန်ပဲ ဖြစ်ပြီး စာလုံးပေါင်း သတ်ပုံ တစ်လုံးစ နှစ်လုံးစလောက်ပဲ မှားတာတွေ့ပါတယ်။ ကျမကိုယ်တိုင်လည်း မြန်မာစာ ဆရာမ မို့ ဒီလို အဖြေမျိုးကို အမှတ်ပေးစည်းမျဉ်းအရ အနည်းဆုံး ၆မှတ် ပေးဖို့ ဘောင်ဝင်တာကို တွေ့ပါတယ်။ ဒါနဲ့ပဲ သားရဲ့ မြန်မာစာဆရာမကို အကျိုးအကြောင်း မေးကြည့်ချင်တာနဲ့ ကျမ သားရဲ့ အဲဒီ မြန်မာစာ ဆရာမကို လိုက်တွေ့တော့ သူပေးတဲ့ မှတ်စုအတိုင်း မဟုတ်လို့လို့ ကျမကို အဖြေပေးပါတယ်။

ဒါဟာ ကလေးရဲ့ EI အရ ဖြေဆိုတာကို အသိအမှတ် မပြုတဲ့ ပြဿနာပါပဲ။ ပြီးတော့ အဲဒါဟာ မြန်မာနိုင်ငံ ရဲ့ ကျောင်းတွေမှာ တော်တော် များများ တွေ့နေရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ ဒါနဲ့ပဲ ကလေးတွေဟာ ပုံစံသွင်းထား တဲ့ အနေအထားမျိုးနဲ့ သူတို့ရဲ့ ကိုယ်ပိုင်စိတ်ကူးဉာဏ်တွေကို ရိုက်ချိုး ခံရပြီး အရွယ် ရောက် လာကြရတာမို့ ဒါဟာ လက်တွေ့ဘ၀ကိုပါ ရိုက်ခတ် လာတော့ တာပါပဲ။ ဘာလို့လဲဆိုတော့ အနာဂတ်ဘဝ တိုးတက် ဖွံ့ဖြိုးဖို့ ဆိုရင် ကလေးတွေ အနေနဲ့ လက်တွေ့ ပစ္စုပ္ပန် ဘ၀ထဲမှာလည်း အရာရာကို ကိုယ့် စိတ်ကူး စိတ်သန်းနဲ့ ကိုယ် တွေးတောကြံဆ ဆင်ခြင်သုံးသပ်ပြီး အောင်အောင်မြင်မြင် ရင်ဆိုင် ကျော်ဖြတ်နိုင်ဖို့ လို တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ EI ကို အသုံးချခွင့်လည်း ဖြစ်ပါတယ်။

 +++++++

ဆက်စပ်ပြီးတော့ ပြန်ကောက်ပြောရရင် ခု အမေရိကမှာတော့ ကလေးတွေဟာ သင်္ကြန် ဆိုရင် တိုင်းတပါးနိုင်ငံမှာမို့ သင်္ကြန်ကျစရာနေရာက ဘုန်းကြီးကျောင်းဝင်းပဲ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု ရဲ့ မြန်မာများတဲ့ မြို့တွေမှာ ဘုန်းကြီးကျောင်း အနည်းဆုံး တကျောင်း တော့ ရှိပါတယ်။ အဲဒီ ဘုန်းကြီးကျောင်း မှာ သင်္ကြန်အထိမ်းအမှတ်ပွဲတွေ လုပ်တဲ့အခါ မြန်မာနွယ်ဖွား အများစုက မြန်မာ့ရိုးရာ ၀တ်စုံတွေ ၀တ်ကြပါတယ်။ ပြီးတော့ မဏ္ဍပ်တွေထိုး၊ စတုဒီသာ ကျွေး၊ ရန်ပုံငွေဈေးရောင်းပွဲတွေ လုပ်၊ သီချင်းတွေ ဆိုကြ၊ သင်္ကြန်ကတွေ ကကြ။ ဘုန်းကြီးကျောင်းဝင်းတ၀င်းလုံး မြနန္ဒာသံတွေ.. တူးပို့သံ တွေ ညံလို့။ တခါတလေ ရာသီဥတုက ကောင်းကောင်းမနွေးသေးရင် သပြေခက်နဲ့ ရေပက်တာပါ။ ကလေးတွေ ကတော့ မြန်မာပြည်မှာလိုပဲ ရေပြွတ်တွေနဲ့ ဖလားတွေ နဲ့ ပေါ့။ သက်ကြီးပူဇော်ပွဲတွေလည်း လုပ်ပါတယ်။ သိပ်ကို မြန်မာဆန်တဲ့ သင်္ကြန်စစ်စစ်လို ကျင်းပကြပါတယ်။ ဘာကြောင့်ပါလဲ…


 ကျမစိတ်ထင်တော့ ဒါဟာ အမျိုးသားရေးစိတ်ပါပဲ။ ကိုယ့်ဇာတိမြေကို စွန့်ခဲ့ရ ပေ မဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ထုံးတမ်း အစဉ်အလာ၊ ကိုယ့်ရိုးရာဓလေ့၊ ကိုယ့်သရုပ်သကန်ကို မေ့မသွားအောင် ထိန်းချင်တာ၊ ဖော်ထုတ်ချင်တာပဲလို့ မြင်ပါတယ်။ အဲဒီလို ထိန်းတာကပဲ ကျမတို့ရဲ့ ကလေးတွေကို ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ကို သိအောင် ပြောပြ သင်ပြရာရောက်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်က သင်္ကြန်ပွဲကလေးဟာလည်း ကျမတို့ သပြေညို မြန်မာစာ ကျောင်းလေး အတွက်တော့ သင်ကြားမှု အထောက်အကူပြု နယ်ပယ်လေးတခုပဲ ဖြစ်ပါတယ်ရှင်။ သင်္ကြန်အခါသမယ နှစ်ဟောင်းအကုန် နှစ်သစ်အကူးမှာ မြန်မာပြည်က မိဘပြည်သူတွေ ကလေးတွေ လူငယ်တွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေလို့ ဆန္ဒပြုပါ တယ်ရှင်။

 ၁၁ ဧပြီ ၂၀၁၂။

Venus News Journal ပါ ဆောင်းပါး အမှတ်- ၆။

Apr 10, 2012

ဒီမိုကရေစီပညာရေး နဲ့ သပြေညို

အမေရိကန်ပညာရေးစနစ်က လေ့ကျင့်ပေးထားသလို ရှိတာကြောင့် ကျမရဲ့ သပြေညို မြန်မာစာကျောင်း ပိုလွယ်လွယ် ထိရောက်အောင်မြင်ရတာပါလို့ ရှေ့ဆောင်းပါးတွေမှာ ပြောခဲ့တော့ တလက်စာတည်း ဆက်ပြောစရာ ရှိလာတာက ယဉ်ကျေးမှုစံ တန်ဖိုးကိစ္စ ပါ။

အတန်းထဲမှာ ဆရာကို ပြန်မေးခွန်းထုတ်ခွင့် - Questioning (ကျမတို့ မြန်မာ့လူမှု ၀န်းကျင်ရဲ့ သတ်မှတ်ချက် နဲ့ ဆို အတွန့်တက်တယ်လို့ ပြောရမှာပေါ့)၊ ငြင်းဆန်ခွင့်- Argument (ဆင်ခြေပေးခွင့်) တွေ ပေးထားတဲ့ တဘက်မှာ မသိမသာ တွဲပါလာတတ် တာက အရိုအသေတန်သလို အမူအယာတွေ ဖြစ်နေတတ်တာပါ။ အမေရိကန် ရုပ်ရှင် တွေထဲ မြင်ရတတ်ပါတယ်။ ကျမ ထင်တာတော့ ဒါမျိုးက အမေရိက မှာမှ မဟုတ်ဘဲ ဘယ်နေရာမှာမဆို ရှိတတ်တာမျိုးပါ။ အရွယ်ရဲ့ ပြဿနာ၊ ပတ်ဝန်းကျင် ရဲ့ ပြဿနာ၊ ပြီးတော့ မိဘတွေရဲ့ ပြဿနာတွေက လွှမ်းမိုးတဲ့ ကလေးတွေ မှာသာ ဖြစ်လေ့ရှိတာပါ။ ကလေးတွေထဲ တချို့က I don’t care လို့ တုံ့ပြန်တာမျိုးပါ။

ဒါပေမဲ့ တကယ့် လက်တွေ့ မှာတော့ အတန်းထဲမှာ ဆရာဆရာမကို အဲလို တုံ့ပြန်ရင် သူ့အပြစ် အကြီးအသေး အလိုက် အနည်းဆုံး တနာရီကနေ ၂နာရီ လောက်ထိ အတန်းဖော်တွေ ထဲကနေ ခွဲထွက်ပြီး တယောက်တည်း ထိုင်နေရပါတယ်။ ဒီလို အပြစ်ပေးတာကို Time Out ပေးတယ်လို့ ခေါ်ပါတယ်။ အဲလို အပြစ်ပေးခံရမှာကို ကလေးအများစုက ရှက်ကြ ကြောက်ပါတယ်။ ဒီတော့ အဲလောက်ပြစ်ဒဏ်က လုံလောက်ပါတယ်။ အိမ်မှာလည်း သားသမီးတွေ ဆိုးရင် မိဘက အပြင်းအထန်အပြစ်ပေးတာတခုက Time out ပေးတာ ပါပဲ။ အဲဒီပြစ်ဒဏ်ကို ကလေး အများစုက ကြောက်ပါတယ်။ ဒီတော့ ကျမရဲ့ သပြေညို မှာလည်း ဒီနည်းကိုတော့ သုံးနိုင်ပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာ Time out သုံးရတဲ့ အဆင့် မရောက်ပါဘူး။ “Time out ထိမယ်နော်” ဆိုရင်ကို ရပါပြီ။ တခု ရှိတာက အမေရိကန်နိုင်ငံက ပြဋ္ဌာန်းထားတဲ့ လူနေမှုစနစ်ကိုက ကလေးတွေကို အကြောက်တရားကင်းအောင်၊ ရဲရင့်အောင်၊ သတ္တိရှိအောင်၊ အရာရာ ကို ရင်ဆိုင် တတ်အောင် လေ့ကျင့်ပေးတာမို့ ကလေးတွေက ရဲရဲတင်းတင်းနိုင်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတာမျိုးလည်း ဖြစ်ပါတယ်။ အဲဒါမျိုးက ကျမတို့ မြန်မာ မိဘတွေ အတွက်တော့ လက်ခံ နားလည်နိုင်အောင် တော်တော်ကို ကျင့်ယူရတဲ့ကိစ္စပါ။

အထူးသဖြင့်တော့ မြန်မာ ကျောင်းဆရာမ အနေနဲ့ ကျင့်သားရခဲ့တဲ့ ကျမအတွက်၊ ပြီးတော့ ကျမကို ကူသင်ပေးကြတဲ့အထဲ မြန်မာပြည်က ထွက်လာတာ မကြာသေးတဲ့ ဆရာမလေးတွေအတွက်တော့ အမေရိကန်ပညာရေးထဲက မြန်မာကလေးတွေရဲ့ စာသင်ချိန်နဲ့ စာသင်ခန်းကို ရင်ဆိုင်ရာမှာ တော်တော် ကျင့်သားရအောင် ကြိုးစားရ ပါတယ်။ ကလေးတွေက သူတို့ဘာသာ ချဲ့ထွင်သင်ယူကြပါတယ်၊ (ကျမတို့ မြန်မာတွေ အသုံးအနှုန်း အတိုင်း ပြောမယ်ဆိုရင် အမေး အမြန်း ထူတယ်၊ စောဒကတက်တယ်၊ အတိမ်းအစောင်း မခံဘူး။ အတွန့် တက်မယ်၊ စပ်စုမယ်၊ ပြီးတော့ သူတို့ဘာသာ တီထွင် ရှေ့တက်ချင်တယ်။ ကျမတို့ မြန်မာပြည် မှာသာဆို နင် ဆရာလား.. ငါဆရာလား.. လို့ အငေါက်ခံရမယ့်အဖြစ်မျိုး ပေါ့)။ အမေရိကမှာတော့ ဒါက စာသင်သားရဲ့ အခွင့်အရေး Student Rights ပါ။ ဒါကြောင့်ပဲ အမေရိကန် ဒဿနိက နဲ့ ပညာရေးပါရဂူ John Dewey(1859-1952) က “ပညာရေးသည် သင်ကြားခြင်းမဟုတ်။ ကလေးဘာသာသင်ယူတတ်ရန် လေ့ကျင့်ပေးခြင်းသာ ဖြစ်သည်။” လို့ အတိအလင်း ပြောခဲ့တာဖြစ်ပါတယ်။

 ++++++

အမေရိကမှာက ကလေးတွေဟာ ငယ်ငယ်ကတည်းက မိဘနဲ့ အတူတူ မအိပ်ကြရ တော့ ပါဘူး။ ဒီတော့ သူတို့ဟာ ညတွေကို တယောက်တည်း ရင်ဆိုင်ကျင့် ရှိပါတယ်။ အဲလိုပဲ မိဘတွေမှာ ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကိုလည်း ဟန့်တားခွင့်လည်း မရှိဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ အားပေးတာမျိုးသာ လုပ်ကြရတာကြောင့် ကလေးတွေဟာ လုပ်ရဲ ကိုင်ရဲ ရင်ဆိုင်ရဲကြတာပါ။ အမေရိကမှာ ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ် ထားတာကတော့ မိဘတွေက သားသမီးတွေကို ရိုက်နှက်တာ၊ စိတ်ဆင်းရဲအောင် ညှင်းပမ်းတာတွေ၊ အစာရေစာ ၀လင်အောင် မကျွေးတာ.. လူတန်းစေ့မထားတာ တွေ အတွက် မိဘတွေကို ပြတ်ပြတ်သားသား အရေးယူ တရားစွဲတာပါပဲ။

ကျောင်းနေ ကလေးတိုင်းဟာ မိဘက ရိုက်နှက်ရင်ပဲဖြစ်ဖြစ်၊ မောင်နှမချင်း အနိုင်ကျင့် ရင်ပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာမဆို ပြဿနာတခုခု ရင်ဆိုင်ရရင်ပဲဖြစ်ဖြစ်၊ 911 ကို ခေါ်ပြီး ပြောဖို့ ကျောင်း တွေကကို သင်ပေးထားတာပါ။ ဒီတော့ ကလေးတွေဟာ ဥပဒေကို အားကိုး ယုံကြည် တဲ့ စိတ်နဲ့ ကြီးပြင်းရ တာကြောင့်လည်း စိတ်လုံခြုံမှုနဲ့ ကြီးပြင်းရ ပါတယ်။ အဲဒီအခါ သူတို့ဟာ သူတပါးကို မတရားသဖြင့် ဒုက္ခရောက်အောင် ထိခိုက် အောင် လုပ် တာမျိုး မဟုတ်ရင် ဘာမဆို လုပ်ခွင့်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရဲတင်း နေကြတာလို့ ပြောရမှာပါပဲ။ အဲဒီအခါ မြန်မာပြည်ထဲ မွေးခဲ့ နေခဲ့ အရွယ်ရ ကြီးပြင်း ခဲ့တဲ့ မြန်မာအမေတွေ အဖို့ တော့ သူတို့ သားသမီး အမေရိကန်ကလေးတွေရဲ့ ခွန်းတုံ့မခံ ပြန်ပြောတာ၊ ဝေဖန် ထောက်ပြတာ၊ ရဲတင်းပွင့်လင်းတာတွေကို တော်တော် သီးခံကြရတယ် လို့ပဲ ပြောရ မှာပါ။

ဒါပေမဲ့ အဲဒီ ကလေးတွေက သူတို့အပေါ် သူတို့ လက်ခံတဲ့ အပြုအမူမျိုး မိဘ မောင်နှမ ဆရာ ဆရာမတွေက ဆက်ဆံရင် ပြုမူရင်တော့လည်း Thank you လို့ ပြောဖို့ I love you လို့ ပြောဖို့ ၀န်မလေးကြသူလေးတွေပါ။ ကျမပြောချင်တာက သူတို့ဟာ တုံ့ပြန်ဝေဖန်တာ(Criticize)လုပ်သလိုပဲ အသိအမှတ်ပြုတာ(Appreciate) လည်း လုပ်ကြသူတွေဖြစ်တယ်ဆိုတာပါ။ သူတို့လေးတွေဟာ အဆိုးမြင်သမားတွေလည်း မဟုတ်ကြသလို အကောင်းမြင်သမား တွေလည်း မဟုတ်ကြ ပါဘူး။ သေချာတာကတော့ သူတို့ဟာ အရာရာကို သူတို့ မြင်တဲ့ ထင်တဲ့အတိုင်းသာ ပြောခွင့်ရကြသူတွေမို့ အမှန်ကို ပြောရဲသူတွေတော့ ဖြစ်နေတာပါပဲ။

အဲဒီအခါ သူတို့နဲ့ ရင်ဆိုင်ရတဲ့ လူကြီးတွေကလည်း အမှားမလုပ်မိအောင် သတိထား ဖြစ်လာပါတော့တယ်။ ဒါကြောင့်ပဲ ကလေးတွေရဲ့ ပညာရေးစနစ် .. ပြုစုပျိုးထောင်ရေး ပုံစံက ဘယ်လောက်အရေးပါတယ်ဆိုတာ ပိုပြီး ပေါ်လွင်လာရတာပဲ ဖြစ်ပါတယ်။


+++++

တလောက မြန်မာပြည်က သတင်းတွေထဲ အခြေခံပညာကျောင်းက ကျောင်းသား ကျောင်းသူတချို့ကို  ကျောင်းအုပ် ဆရာမကြီး၊ ကျောင်းအုပ်ဆရာကြီး ၊ အတန်းပိုင်ဆရာမ တို့က ပြင်းပြင်း ထန်ထန် ရိုက်နှက် အပြစ်ပေးတယ် ဆိုတဲ့ သတင်း သုံးလေးပုဒ် ဆက်တိုက်လို ဖတ် လိုက်ရတော့ ကိုယ်တိုင် အမေလည်း အမေ၊ ဆရာမလည်း ဆရာမမို့၊ ကျမ စိတ်ထဲ တော်တော် ထိခိုက်ခံစားရပါတယ်။ ဒီလို အဖြစ်အပျက်မျိုးဟာ အမေရိကမှာ ဖြစ်လို့ ကတော့ အဲဒီ ဆရာ ဆရာမတွေ ပြင်းပြင်းထန်ထန် အရေးယူ ခံရမယ့်အပြင် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ရှောင်ဖယ်တာကိုတောင် ခံကြရမှာပါ။

ကလေးတွေကို ရိုက်နှက်ဆုံးမတယ်ဆိုတာက ဒီမှာတော့ အလွန် ကြီးလေးတဲ့ ပြစ်မှုပဲ ဖြစ်ပါတယ်။ ဒါ့ထက်ပို ကျယ်ကျယ်ပြောပြော စဉ်းစားရင်တော့ ဒါက ယဉ်ကျေးမှု ကိစ္စလည်း ဖြစ်ပါတယ်။ သူတပါးကို အသားနာအောင် လုပ်တယ်ဆိုတာကိုက မယဉ်ကျေးတဲ့ လုပ်ရပ်မို့ ဆရာက တပည့်ကို ရိုက်ဆုံးမတာဟာ ချစ်လို့၊ မိဘက သားသမီးကို ရိုက်ဆုံးမ တာဟာ ချစ်လို့ စေတနာရှိလို့.. ဆိုတဲ့ ကျမတို့ မြန်မာ့အတွေး အယူအဆဟာ ပြန်စဉ်းစားစရာကောင်းနေတာ အမှန်ပါ။ ကျမလည်း စဉ်းစား ကြည့်နေ ပါတယ်။ တကယ်ပဲ ရိုက်ဆုံးမတာဟာ အဖြေကောင်း လား၊ စနစ်မှန် လား…။ ရိုက် မှပဲ ထိရောက်အောင် ဆုံးမတယ် မည်သလား.. စဉ်းစားကြရပါမယ်။

ဒါကို ပညာရေး စိတ်ပညာရှင်တွေ အပါအ၀င် စိတ်ပညာရှင်တွေ အတော်များများလည်း စဉ်းစားခဲ့.. အဖြေထုတ်ခဲ့ကြပြီးသားပါ။ အဖြေက ရှင်းပါတယ်။ ရိုက်နှက်ခြင်းသည် မှန်ကန်သော ဆုံးမခြင်း မဟုတ်… ဆိုတာ ပါပဲ။ ဒါပေမဲ့ ကျမတို့ မြန်မာပြည်မှာတော့ ခုချိန်ထိအောင် ကျောင်းတွေမှာ အိမ်တွေမှာ ဆရာ ဆရာမတွေက မိဘတွေက သားသမီးတွေကို တရားဝင် ရိုက်နှက်ခွင့် ရနေဆဲ ဖြစ်ပါတယ်။ ဒါက ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုကို ချိုးနှိမ်ရာ ကျတယ် ဆိုတာကို ကျမတို့ မတွေးမိခဲ့ကြပါဘူး။

+++++

ဒီတိုင်းပြည်ရောက်တဲ့အခါမှာ ကျမ သေသေချာချာ သတိထားမိတာကတော့ ဒီမိုကရေစီ ပညာရေးကျင့်စဉ် ဆိုတာကိုပါပဲ။ အရင်ကတော့ ကျမမှာလည်း စာတွေ့သာ ရှိခဲ့ရတာပါ။ John Dewey(1859-1952) ရဲ့ လေ့လာတွေ့ရှိချက်အရ ပြောရရင်.. ဒီမိုကရေစီပညာရေးစနစ်ရဲ့ ရည်မှန်းချက် တွေဆိုတာက… -စာသင်သားတွေကို အတူတကွပူးပေါင်းလုပ်ဆောင်စေပြီး ဘက်စုံအသိပညာကိုရစေဖို့ -အနာဂတ်ကာလဖွံ့ဖြိုးတိုးတက်စေဖို့၊ -အပြုသဘောဆန်ပြီးလွတ်လပ်တဲ့အတွေးအခေါ်တွေဖွံ့ဖြိုးတိုးတက်စေဖို့ -အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ဖို့၊ -တရားမျတမှုကိုမြတ်နိုးတတ်ပြီးကိုယ်ချင်းစာတရားရှိစေဖို့၊ -လူမှုဆက်ဆံရေးတိုးတက်စေဖို့၊ -ကလေးတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်မတူဘဲ ကွဲပြားခြားနားနေမှုတွေကို ဂရုစိုက်ပြီး တစ်ဦးချင်းကို ဖွံ့ဖြိုးတိုးတက်စေဖို့၊
-ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို အားပေးဖို့ နဲ့
-အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်နိုင်မယ့် ပညာရေးမျိုးကို စီစဉ်ပေးဖို့ ဆိုတာ တွေ ပါပါတယ်။

အဓိကကတော့ ကျောင်းသားကျောင်းသူတွေဟာ ဒီမိုကရေစီပညာရေးထဲကနေ လူမှု အသိုင်းဝိုင်း ထဲမှာ အဆင် ပြေပြေ နေသွားနိုင်ပြီး ကိုယ်ပိုင်အရည်အသွေးတွေနဲ့အတူ လူသားအချင်းချင်း ကိုယ်ချင်းစာ လေးစား တတ်တဲ့ အသိတွေ အတွေ့အကြုံတွေ စိတ်ချရ တဲ့ အသက်မွေးဝမ်းကြောင်းပညာ နဲ့ အလုပ်တွေကိုပါ ရသွားမှာမို့ အောင်မြင် တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ ရည်မှန်းတာဟာ ဒီမိုကရေစီ ပညာရေးရဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။ အဲဒီအခါ ခု ကျောင်းသေးသေးလေးပါဆိုတဲ့ သပြေညို  မြန်မာစာကျောင်းလေး သည်ပင် လျှင်၊ တချိန်မှာ ကျမတို့ကလေးတွေ ကိုယ့်ဇာတိမြေကို ပြန်ပြီး အလုပ်အကျွေး ပြုနိုင်တဲ့ အောင်မြင် တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ ဆိုတဲ့ ရည်မှန်းချက်တော့ ရှိနေပါတယ်။

 ဒါမှပဲ ကျမလည်း ဆရာမကောင်း၊ သပြေညိုဟာလည်း ကျောင်းကောင်း၊ ပြီးတော့ ကျမ တို့ရဲ့ ကလေးတွေဟာလည်း စာသင်သားကောင်းလေးတွေ ဖြစ်မှာမဟုတ်ပါလား ရှင်။

၎ ဧပြီ ၂၀၁၂။

(ပြည်တွင်းထုတ် Venus News Weekly Journal  ပါ အပတ်စဉ်ဆောင်းပါး - အမှတ် ၅)