Aug 21, 2016

“ရသစာပေဆိုတာ ယဉ်ကျေးမှုကို ထိန်းကျောင်းတယ်”

ဧရာဝတီ အင်တာဗျူး
Hits:1,597
1   | |
 မေငြိမ်း

စာရေးဆရာမ မေငြိမ်းဟာ ကဗျာအရေးကောင်းသလို ၀တ္ထုတိုတွေ၊ လုံးချင်း ၀တ္ထုတွေမှာလည်း ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးနိုင်ပါတယ်။ စာရေးဆရာမ မေငြိမ်းဟာ မြန်မာပြည်နဲ့ ကင်းကွာပြီးနောက် ၁၀ နှစ်အကြာမှာ “အရောင်ဆွံ့ လိပ်ပြာ” စာအုပ်ကို ထုတ်ဝေလိုက်ပါတယ်။ ဆရာမ မေငြိမ်း ဟာ ဒီနေ့အထိ လုံးချင်းဝတ္ထု ၁၃ အုပ်ထွက်ရှိထားပါတယ်။ ၁၉၈၉ ခုနှစ်မှာ “သီချင်းနှင်းဆီ” ၀တ္ထု စတင် ထွက်ရှိခဲ့ပါတယ်။ အဆိုတော် ဇော်ဝင်းထွဋ်အကြောင်း ရသဟန်နဲ့ရေးသားထားတဲ့ “အသံသစ် ပြတိုက်” က ဒုတိယ အကြိမ်ထိ ထုတ်ဝေခဲ့ပြီးပါပြီ။ ၁၉၈၆ ခုနှစ် မတ်လမှာ “ပေဖူးလွှာ” မဂ္ဂဇင်းမှာ “ပြည်စုံခြင်း” ဆိုတဲ့ ကဗျာနဲ့ စာပေလောကတွင်းကို ရောက်ရှိခဲ့တဲ့ ဆရာမ မေငြိမ်းနဲ့ စာပေရေးရာတွေ မေးမြန်းဖြစ်ပါတယ်။
မေး။    ။  ဆရာမ မြန်မာပြည်က ထွက်မသွားခင်တုန်းက မဂ္ဂဇင်းတွေမှာ ၀တ္ထုတွေ အများကြီး ဖော်ပြ ကြ တယ်။ ဖတ်ရတဲ့သူအတွက်လည်း အရသာရှိလိုက်တာ၊ သွေးတို့ဆိုရင် “ရှုမ၀” ၊ “ပေဖူးလွှာ” “ကလျာ”ပေါ့ နော်။ မဂ္ဂဇင်းတွေမှာ ၀တ္ထုတိုတွေဖတ်ရတာ မ၀ဘူး။ အခု ဆရာမမြန်မာပြည်ပြန်လာတဲ့အခါ ဘယ်လိုကွဲပြား ခြားနားမှု တွေ မြင်မိလဲ။ မဂ္ဂဇင်းတွေက ကွာလတီလို့တော့ ပြောကြပါရဲ့၊ ကိုင်လိုက်ရင် ထူပြီး ကြော်ငြာ တွေများနေတယ်၊ ၀တ္ထုတို ဆိုရင်လည်း၂ ပုဒ် ၊ ၃ ပုဒ်ထက် ပိုမပါဘူး။ အဲ့ဒီ့အပေါ် အမြင်လေးပြောပါဦး။
ဖြေ။    ။  မြန်မာပြည်ကနေ နိုင်ငံခြားထွက်သွားတာ ၁၁ နှစ်လောက်ရှိပြီ၊ နိုင်ငံခြားမထွက်ခင်ထိ အစ်မက ဒဂုံ တက္ကသိုလ်မှာမြန်မာစာ ကထိကတာဝန်ထမ်းဆောင်ခဲ့တာလေ၊ ကျမတို့ စာစရေးတုန်းက “ရှုမ၀” မဂ္ဂဇင်း ကနေ စင်တင် ကလောင်ဆိုရင် အထင်ကြီးတယ်။ ရှုမ၀ကို စာမူတွေပို့ခဲ့ပေမယ့် အပယ်ခံခဲ့ရတယ်၊ မရွေးခဲ့ဘူး လေ၊ စာတွေပြန်ရေးဖြစ်တော့ ပထမဆုံးဖော်ပြခံရတဲ့ ကဗျာလေးက “ပေဖူးလွှာ” မှာ ပါလာတာ။ နောက်ကျေးဇူး တင်ရမှာက “ရွှေအမြုတေ” မဂ္ဂဇင်းက ဆရာဦးဝင်းငြိမ်းပေါ့။ သူက ပို့တဲ့ ၀တ္ထုတွေကို သုံးပေးတယ်။
“စံပယ်ဖြူ” မှာ “ချစ်သူဘွဲ့” ဆိုတဲ့ ၀တ္ထုလေးပါတယ်။ ခပ်ကြောင်ကြောင်ရည်စား တယောက်အကြောင်းပေါ့။ အယ်ဒီတာက ဒေါ်ခင်ဆွေဦးလေ။ အဲ့ဒီမှာ ကိုခင်ဝမ်းက ဒေါ်ခင်ဆွေဦးသမီးရဲ့ သမက်ရဲ့ သူငယ်ချင်းပေါ့။ သူက အစ်မရဲ့ စာမူလေးကို ကောက်ဖတ်ပြီး သရုပ်ဖော်ပုံဆွဲပေးချင်တယ်ပေါ့။ အဲ့ဒီဝတ္ထုလေးပါလာ တော့ပျော်တာ ပေါ့နော်၊ ၀တ္ထုပါတာက တကြောင်း၊ ကိုခင်ဝမ်းဆွဲပေးတဲ့ သရုပ်ဖော်ပုံမို့ ဂုဏ်ယူတာက တကြောင်းပေါ့လေ။
အခုကျတော့ မဂွင်းဇင်းတွေမှာ ကြော်ငြာတွေကများနေတယ် ကိုယ့်ဝတ္ထုလေးပါရင်တောင် စာကိုအဓိကထားတဲ့ မဂ္ဂဇင်းက နည်းနေတယ်။ ဘယ်မဂ္ဂဇင်းကို ပေးရမလဲဆိုတာကိုပါ စဉ်းစားနေရပြီပေါ့။
မေး။    ။ နောက်တခုကလေ လူငယ်တွေ စာသိပ်မဖတ်ကြဘူး၊ ရသစာပေအားနည်းလာနေတယ်လို့ ပြောကြ တယ်၊ အဲ့ဒါကရော ဘာအကြောင်းကြောင့်လို့ ထင်လဲ။ အုပ်ရေတထောင်တောင်ကုန်ဖို့မလွယ်တော့လေ။
ဖြေ။    ။ စာသိပ်မဖတ်ကြဘူးဆိုတာ စားဝတ်နေရေးနဲ့ ဆိုင်တယ်။ နိုင်ငံရေးအရ ဖိစီးထားတာတွေပါတယ်။ အစ်မတို့ ကလေးတွေမှာ စာဖတ်တာကလွဲလို့ ပျော်စရာတွေများတယ်။ မူးယစ်ဆေးဝါး သုံးစွဲတာ တွေများ လာတယ်။ နည်း ပညာတိုးတက်လာတယ်ဆိုပေမယ့် စာဖတ်တာနည်းလာတယ်။ အမေရိကန်မှာ လူငယ်တွေ facebook သုံးဖို့ အတွက် အချိန်မပေးနိုင်ကြဘူး။
ဘာလို့ဆိုတော့ သူတို့မှာ တခြား Activities တွေ များတယ်။ အစ်မသမီးဆို ၁၁ တန်းမှာ High School Senior ပေါ့။ အထက်တန်းပညာရေးမှာ အခမဲ့၊ စာလိုက်နိုင်ရင် Advance Course တွေယူလို့ရတယ်။ တက္ကသိုလ်မှာ ပညာသင် စရိတ်က များတာကိုး။ အဲ့ဒီတော့ သမီးက Advance Course ယူထားတယ်။ ဘာသာပိုတွေယူ တယ်ပေါ့နော်။
ကလေးတွေက ကျောင်းကနေ Homework  တွေလုပ်ရတယ်၊  Project တွေလုပ်ရတယ်။ အစ်မသမီးဆို Project က “Woman and Environment ”။ စာအုပ်အဖုံးမှာ သုံးထားတာ သူဆွဲတဲ့ ပန်းချီပဲ လွတ်လွတ် လပ်လပ် ဆွဲလို့ရတယ်။ သစ်ပင်ကြီးနဲ့ အမျိုးသမီးပုံရေးတယ်၊ တကယ်တော့ အမျိုးသမီးနဲ့ သစ်ပင်ဟာ ထိန်း သိမ်း ဖို့ အရေးကြီးရာမှာ အတူတူပဲဆိုတာ ပြောချင်တာ။ သူ Grade A ရတယ်။ အဲ့ဒီတော့ နည်းပညာ တွေတိုး တက်နေပေမယ့် Facebook သုံးဖို့အချိန်မပေးနိုင်ဘူး စာဖတ်ကြရတယ်။
မေး။    ။ အမရဲ့ “အရောင်ဆွံ့လိပ်ပြာ”၀တ္ထုရေးဖြစ်ခဲ့ပုံလေးကိုပါ ပြောပြပေးပါလား။
ဖြေ။    ။  အိမ်ထောင်ရေးဖောက်ပြန်မှုတွေရှိတယ်ပေါ့။ အစ်မက အမျိုးသမီးတယောက်ဆိုတော့ အမျိုးသမီး ဘက်က ရေးတာ။ လူတွေကပြောကြတယ်လေ “အိမ်တွင်းအကြမ်းဖက်မှု” ဆို ယောကျာ်းက မိန်းမကို ရိုက်တာ၊ နှက်တာပေါ့။
ဒါပမေယ့် အမျိုးသမီးတွေရဲ့ စိတ်ကိုအနာတရဖြစ်အောင် လုပ်တာကလည်း Mental Abuse လို့ ထင်တယ်။ အမျိုးသားဘက်ကဖော်ပြန်မှုမဟုတ်ဘူး၊ အမျိုးသားဘက်မှာနဂိုရှိရင်းစွဲရှိနေတဲ့ အမျိုးသမီးအပေါ် ကန့်သတ် ချင်တဲ့စိတ်ကြောင့်ဖြစ်ရတဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကိုရေးတာ။ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု ကြောင့်လည်း လင်မယားတွေ ကွဲနိုင်တယ်ဆိုတာ “အရောင်ဆွံ့လိပ်ပြာ” မှာရေးဖြစ်တာပါ။
မေး။    ။ စာရေးဆရာမတယောက်အနေနဲ့ ကမ္ဘာ့စာပေနဲ့ထိတွေ့ဖို့စာများများဖတ်ဖို့ လိုမယ်ထင်ပါတယ်။ ဆရာမ ဆွေးနွေးပေးပါဦး။
ဖြေ။    ။  စာရေးဆရာဆိုတာ အမြဲတမ်းဘာစာကိုမဆို ဖတ်ရမှာပဲ၊ အနည်းဆုံးတော့ ကိုယ်နဲ့ လမ်းကြောင်း တူတဲ့ စာမျိုးကို  ဖတ်ရမယ်။ အစ်မက ရိုမန်တစ်ဇင်ဘက်ကို အားသန်တော့ အမေရိကန် စာရေးဆရာမ တွေး တာ ဖတ်ဖြစ်တာများတယ်။ ဒါပေမယ့် သိပ်စွဲလမ်းတာမျိုးတော့ မရှိဘူး။ အင်္ဂလိပ်စာကို လေ့လာတဲ့ အနေနဲ့ လည်း ဖတ်တယ်။
မေး။    ။ “ကျမနဲ့ မြန်မာစာ” ကိုဖတ်ရတော့ စဉ်းစားမိတာလေးရှိလာတယ်။ မြန်မာစာမှာ မမှားသင့်တဲ့ အမှား တွေကို စာရေးဆရာတွေ၊ သတင်းဌာနတွေကအစ မှားနေတာပေါ့နော်၊ အဲ့ဒီအပေါ် မြန်မာစာသင်နေတဲ့ ဆရာမ တယောက်အနေနဲ့ရော စာရေးဆရာမတယောက်အနေနဲ့ရော ဆရာမသဘောထားက ဘယ်လိုရှိလဲ။
ဖြေ။    ။ အဓိက က မလေ့လာနိုင်ကြတာ၊ မြန်မာစာအဖွဲ့က လူတွေဖတ်ချင်အောင်ကာတွန်းလေးတွေနဲ့ ထုတ် ထား တာတောင်ရှိတယ်၊ စိတ်ရှိရင် မှတ်မိဖို့လည်းလွယ်တယ်၊  Positive ဆို “ပဲ” Negative ဆို “ဘဲ” ပေါ့ ပဲနဲ့ ဘဲကိုသုံးတာပြောပါတယ်။ ဒီထက်ပိုဆိုတာ ရှိသေးတယ် “သူကဘာပြောလိုက်သလဲ”၊ နောက်ပစ်နဲ့ “လဲ”ရမှာ ကို “လည်း”တယ်။ “လည်း” က  Also လေ။ လွယ်လွယ်လေးတွေကိုတော့ မမှားသင့်ပါဘူး။
မေး။    ။ အခုလက်ရှိမြန်မာစာပေရဲ့အနေအထားကို ဆရာမဘယ်လိုသုံးသပ်မိလဲ။ နောက်ပြီး မြန်မာစာပေ ဒီထက် ဖွံ့ဖြိုးလာဖို့၊ ရသစာပေဖွံ့ဖြိုးလာဖို့၊ လူတွေစာဖတ်လာဖို့ ဘာတွေလုပ်သင့်တယ်လို့ မြင်မိလဲ။
ဖြေ။    ။ လူတွေရဲ့ စား၊ ၀တ်၊ နေရေး ချောချောမွေ့မွေ့ဖြစ်မှ ရသစာပေဘက်လှည့်မယ်။ ရသစာပေရှိတာ၊ မရှိ တာက သိပ်ကွာတယ်။ ရသစာပေကိုမသိတဲ့သူက ယဉ်ကျေးမှုကို မသိဘူး၊ မခံစားနိုင်ဘူး၊ “ရသစာပေ ဆိုတာ ယဉ်ကျေးမှုကို ထိန်းကျောင်းတယ်လေ”။ ရသစာပေထိုးကျသွားတာနဲ့ ရာဇ၀တ်မှုတွေ ထူပြောလာ တာနဲ့လည်း ဆက်စပ်နေတယ်။ ဒီမှာ စာအုပ်တွေထုတ်ရင် စာမူခရတာလည်း နည်းတယ်။ ထုတ်ဝေသူ လည်း ရှုံးတယ်၊ ဘာဖြစ် လို့လဲဆိုတော့ အုပ်ရေနည်းလို့။
            အမေရိကန်မှာ စာရေးဆရာ တယောက်က စာရေးတာတခုတည်းနဲ့ ရပ်တည်လို့ရတယ်။ စာရေးဆရာတယောက် ရဲ့ စာအုပ်ထွက်လာရင် စာကြည့် တိုက်တွေ မ၀ယ်မနေရ၀ယ်ရတယ်၊ အမေရိကန် ရဲ့ ပြည်နယ် ၅၀ မှာ စာကြည့်တိုက် ပေါင်း အနည်းဆုံး တသောင်းခွဲရှိတယ်။ ကျောင်းတွေမပါသေးဘူးနော်၊ စာအုပ်တအုပ်ထွက်လို့ စာကြည့်တိုက်မှာ အဲ့ဒီ စာအုပ် မရှိရင် ဂုဏ်သိက္ခာမရှိဘူးဆိုပြီး ရှက်တယ်၊ ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်တွေရှိ တယ်။ ကျောင်းတွေမှာ Reading အချိန်ပါလို့ကလေးတိုင်း တစ်နှစ် မှာ စာအုပ် ၇ အုပ်ကနေ ၁၀ အုပ်အထိ ဖတ်ရ တယ်၊ အဲ့ဒီစာအုပ်တွေဖတ်ပြီးရင် Presentation တွေ လုပ်ရတယ်။ Presentation  ကို နားထောင်ပြီး ရင် မေးခွန်းတွေ ထုတ်ရတယ်။ အမေရိကားမှာ မေးခွန်း မထုတ်နိုင်တဲ့ ကလေးဟာ သိပ်ရှက်စရာကောင်း တယ်။ 
           နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတယောက်ဟာ အနည်းဆုံးစာအုပ် ၇ အုပ်ကနေ ၁၀ အုပ် အထိဖတ်ပြီး သားဖြစ်ရမယ်။ ကိုယ်ကြိုက်တဲ့စာအုပ်ဖတ်လို့ရတယ်။ အဲ့ဒီစာအုပ်တွေအားလုံးကို အကျဉ်း ချုံးရေးရတယ်။ ပြီးရင်း Reading အချိန်မှာ Presentation လုပ်ရတယ်။ ကိုယ်ဖတ်တဲ့စာအုပ်တွေရဲ့ List ကို ဆရာတွေဆီ တင်ရ တယ်။ အဲ့ဒီတော့ သူတို့ဆီမှာရသစာပေထွန်းကားတာပေါ့။
           မြန်မာပြည်မှာ ရသစာပေထွန်းကားချင်ရင်၊ ကလေးတွေကိုဆင်ခြင်တုံတရားရှိစေချင်ရင် ကျောင်း ပညာရေး ထဲမှာ ရသစာပေဖတ်တဲ့အချိန်ထည့်ကိုထည့်ရမယ်၊ အဲ့ဒီအတွက် ပညာရေးဝန်ကြီးကပဲ ဖြစ်ဖြစ်၊ အစိုးရက ပဲဖြစ်ဖြစ် တာဝန်ယူပြီးလုပ်ကိုလုပ်ရမယ်။ အဲ့ဒါကို အခုကတည်းက ကျွဲကူးရေပါတပါတည်း လုပ်သွားရမယ်။ စီးပွားရေးတွေ၊ နိုင်ငံရေးတွေလုပ်မယ်၊ ဒီ ဥစ္စာနောက်မှလုပ်မယ်လို့ မရဘူး၊ အားလုံး တပြိုင် တည်း လုပ်သွား ရမယ် လို့ ထင်ပါတယ်။

Jul 31, 2016

စာအုပ် နှစ်အုပ်


ဒီ အရောင်ဆွံ့လိပ်ပြာ စာအုပ်လေး ပြီးခဲ့တဲ့ ဇွန်လကုန်ရက်မှာ ရန်ကုန်မှာ စဖြန့်ပါတယ်။ ထွက်ခဲ့သမျှ လုံးချင်း ၁၄ အုပ် (ဝတ္ထုတို / ဝတ္ထုလတ်ပေါင်းချုပ်တွေအပါအဝင်) ထဲမှာ တော်တော် စိတ်တိုင်းကျတဲ့ စာအုပ်လေးပါပဲ။ မေငြိမ်း ဝတ္ထုတို များ စာအုပ် ကံ့ကော်ဝတ်ရည်က ၂၀၁၂ မှာ ထွက်တုန်းကလည်း စိတ်တိုင်းကျခဲ့ရပါတယ်။ အဲဒီအတွက် ထုတ်ဝေသူတွေကို ကျေးဇူးတင်ရပါတယ်။

ဒီဝတ္ထုလေးကျတော့ ရေးရတာလည်း စိတ်တိုင်းကျတာမို့ စိတ်ထဲ အတော် ချမ်းသာတာပါ။ စာအုပ်အတွက် အဖုံးကို စဉ်းစားတော့ ကိုယ့်ဇာတ်လမ်းနဲ့ လိုက်တဲ့ပန်းချီပုံကို မထင်မှတ်ဘဲ ရလိုက်တာ။ သမီး မိကျဲလိုင်ရဲ့ School project ပုံလေးပါ။ Project ရဲ့ ခေါင်းစဉ်ကတော့ Women and Environment ပါပဲ .. အဲဒီခေါင်းစဉ် ကို ကိုယ့် Idea နဲ့ကိုယ် စိတ်ကြိုက်ဆွဲကြရတာပါ။ သမီး ပြောတာ ကတော့  သူ့ပန်းချီကား ရဲ့ Theme က အမျိုးသမီးအခွင့်အရေး ဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေး နဲ့ တန်းတူအရေးကြီး တယ် ဆိုတာကို ပြောတာပါတဲ့။

 

ဘာပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ ခံစားချက်တွေ အရေးကြီးကြောင်း ပြောချင်တာ မှာ တူတယ် ရယ် လို့ သုံးချင်လာတာပါ။ ဒါနဲ့ ကျမလည်း သိပ်သဘောကျပြီး သမီးပန်းချီလေးနဲ့ လိုက်နိုင်တဲ့ ပန်းချီ ကိုဘဌေးကြည် ကို အပ်မယ်ဆိုတော့ ကျမ ရဲ့ ထုတ်ဝေသူ ပင်ဝါးရုံ အောင်စိုးမိုး+အေးအေးပြုံး တို့က ကျမ စိတ်ကြိုက် အားလုံး။ ထုတ်ဝေသူ ကိုအောင်စိုးမိုး ခမျာ စာအုပ်အတွက် Font ပြင်တာကအစ.. စာလုံးပေါင်း.. စာသား အကျ အပေါက်အဆုံး အကုန် စစ်ရတာ အပြန်ပြန်..။ သူ့မဟေသီ အေးပြုံး နဲ့ သမီးကြီး လည်း မနေရ။ ဒါနဲ့ မျက်နှာဖုံး လှလှလေးလည်း ရလာပြန်တော့ .. ဒီစာအုပ်လေးဟာ ကျမ အင်မတန် တန်ဖိုးထားတဲ့ စာအုပ်လေး ဖြစ် လာ တာ ပါပဲ။

အဲလိုနဲ့ ဇူလိုင်လ ၂ရက် (စနေနေ့) စာအုပ် မိတ်ဆက်ပွဲလေး လုပ်မယ်ဆိုပြန်တော့ မြန်မာပြည်နဲ့ ၁၂နှစ် နီးပါး ကွဲနေခဲ့တဲ့ ကျမ ဘာမှ မသိ.. မလုပ်တတ် မကိုင်တတ်။ အမျိုးလို ချစ်ခင်ရတဲ့ ကိုစိုး နဲ့ မိကွန်ချမ်း တို့ရဲ့ မောနင်းစတားဆိုင်မှာ လုပ်မယ် ဆိုတော့.. ပွဲလေး အဆင်ပြေဖို့ ဘာမှ စိတ်ပူစရာမလို။ ပွဲအတွက် ဖိတ်စာ .. ဗီနိုင်းက အစ.. ဖိတ်စာ တွေ ဝေတာ .. လူကြီးတွေကို လိုက် ဖိတ်တာတွေအတွက်ကျတော့ အလုပ်တွေ မအားတဲ့ ကြားက စိတ်ရောကိုယ်ပါ ကူကြ လုပ်ကြရသူတွေက ကျမနဲ့အတူတူ စာအုပ် မိတ်ဆက်မယ့် ညီမ မြသွေးနီ နဲ့ သူ့ချစ်ခင်ပွန်း ကဗျာဆရာ ညိုရင့် တို့ မောင်နှံ။ ဒီတော့ ပွဲလေး စည်ကားဖို့ လည်း သိပ်မပူရပြန်။ ဒီလိုနဲ့ ပွဲနေ့ရောက်ခဲ့။


စနေမနက် မိုးတရွာရွာ.. ကားလမ်းပိတ်လှတဲ့ ရန်ကုန်မှာ.. ကားရပ်ဖို့နေရာ ရှာရခက်တဲ့ မြို့လယ်ခေါင် မှာ... မောနင်းစတားရဲ့ နေ့လယ် ၂နာရီနဲ့ ၄နာရီကြားမှာ ကျမ .. မြသွေးနီနဲ့ ပင်ဝါးရုံစာပေ ကို ချစ်ကြသူများ နဲ့ မောနင်းစတားဟာ ပြည့်လျှံ စည်ကားသွားခဲ့။ ပွဲတွေ သိပ်မသွားတော့တဲ့ ဆရာအစ်ကို ဦးဝင်းငြိမ်း နဲ့ မောင်နှမတွေလို ဖြစ်နေတဲ့ ပန်းချီဆရာ မြင့်မောင်ကျော် က စာရေးဆရာမ နှစ်ယောက်လုံးအတွက် အမှတ်တရ စကားတွေ ရင်းရင်းနှီးနှီး ပြောပေးခဲ့ကြတာလည်း တကယ့် အမှတ်တရ..။ လာရောက် အားပေးချီးမြှင့်ကြတဲ့ စာချစ်သူတွေ.. စာပေ မောင်နှမသားချင်းတွေ.. ဆရာသမားတွေ တစ်ယောက်ချင်းစီ နာမည်တပ် ကျေးဇူးတင်ဖို့တောင် အချိန် မလောက်နိုင်တာကြောင့် ကျမဖြင့် မျက်ရည်တလည်လည်နဲ့ ကြည်နူးမိ..။ ထင်မှတ် မထားတဲ့ စာရေးဆရာတွေ စာရေးဆရာမတွေ အများကြီး။ ကျမ လူစေ့ကို တာဝန်ကျေကျေ နှုတ်မဆက်နိုင် ခဲ့။ ဒါကို ဒီနေရာကနေပဲ တလက်စတည်း တောင်းပန်ပါရစေ..။ ကျမရဲ့ အရောင်ဆွံ့လိပ်ပြာ ကိုလည်း တလက်စတည်း ဝေဖန်အကြံပေးကြဖို့လည်း မျှော်လင့်ပါတယ်...။ အဲဒီနေ့ မှာ လာရောက် ကူညီ အားပေးခဲ့ကြတဲ့ ချစ်သူအပေါင်းကို ပြောမပြ တတ်လောက်အောင် ကျေးဇူး တင်ကြောင်း...။

 

++++++


အသံသစ်ပြတိုက်ကတော့ ၁၉၉၆ မှာ ထွက်ခဲ့ဖူးပြီးသားပါ။ အနှစ် ၂၀ ကြာပြီးတဲ့နောက် ဒီခေတ် စာအုပ် အပြင်အဆင်နဲ့ ကိုယ်ရေးခဲ့တဲ့အထဲက တချို့အပိုင်းတွေ ပြင်ဆင်တည်းဖြတ်ဖြည့်စွက်ချင်တာလည်း ရှိတာ မို့  စာရေးဆရာ ဝေမှူးသွင် က ပြန်ထုတ်ချင်တယ်လို့ ပြောလာတဲ့အချိန်မှာ အံကိုက်ဖြစ်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ ပြန်ထုတ်ကြမယ်လို့ စီစဉ်ပါရော။ ကိုညီထွဋ် ကိုပြောတော့ အမြဲတမ်း သူတပါးကို ကူညီ လိုက်လျောနေကျ ထုံးစံအတိုင်း တချက်မှ မငြင်းတဲ့အပြင် FM Bagan ကို ဦးစီးနေရတဲ့ အလုပ်တဘက်နဲ့ မအားတဲ့ကြား ကနေ ဓာတ်ပုံတွေ ကူရှာပေးရ.. အချိန်ပေး ဆွေးနွေးရလည်း လုပ်ရတာပါ။ မျက်နှာဖုံး ဒီဇိုင်း ကို ကိုညီထွဋ် အကြိုက် အံ့ဘွယ်ဇင် .. ကို ရွေးအပ်တာလည်း တကယ့် အမှန်အကန်ပါပဲ။ ကျမတို့ အားလုံး စိတ်ကြိုက် ဒီဇိုင်းလေး ထွက်လာ ကတည်း က ကျမ အတော် ကျေနပ်နေပြီ။ စာအုပ်အတွင်းသား စာစီ စာရိုက် အပြင်အဆင်တွေကိုတော့ ကဗျာဆရာလေး မောနွေ က အမြန်ဆုံး နှုန်းနဲ့ တပင်တပန်း လုပ်ပေးခဲ့ရ တာပါ။

 

 ဒီလိုနဲ့ တွန်းတွန်း တိုက်တိုက် ပြေးပြေး လွှားလွှား နဲ့ပဲ နောက်ထပ် ချစ်စရာ ကောင်းတဲ့ စာအုပ်လေး တစ်အုပ် ထပ်ဖြစ်လာပြန် ပါတယ်။ ဒီစာအုပ်အတွက် မိတ်ဆက် လက်မှတ်ထိုးပွဲလေးလုပ်ဖြစ်တာက ဇူလိုင် ၃ ရက်၊ တနင်္ဂနွေနေ့။ နွေးနွေးထွေးထွေး လက်မှတ် ထိုးပွဲလေး Pansodan Scene Gallery မှာ လုပ်တော့ လည်း ကိုညီထွဋ် နဲ့ ရင်းနှီးသော သူချစ်သော မိတ်ဆွေ တေးရေးဆရာ တွေ နဲ့ Rock ချစ်သူ သူ့ ပရိသတ်တွေ နဲ့ တွေ့ကြ ဆုံကြ.. ပျော်စရာ ကောင်းတဲ့ ညနေ ဖြစ်ခဲ့။ ကိုမင်းချစ်သူ.. ကိုစောခူဆဲ.. ကိုမြင့်မိုးအောင်.. ပန်းချီမြင့်မောင်ကျော်.. ကိုဟိန်းလတ် .. ကိုအောင်စိုးသူ တို့ အမှတ်တရ စကားတွေ ပြော ပြီး ကူညီ အားဖြည့် ကြ။  ဒါကြောင့် ချစ်ခင်သူများ နဲ့ ပျော်ရသော တကယ့် အမှတ်တရ ပွဲလေး ဖြစ် ခဲ့ကြောင်း။


ဒီလို ကျေးဇူးတင်စာစုလေး ရေးချင်နေခဲ့တာ.. ရန်ကုန်မှာကတည်းကပါ။ အဲဒီမှာ အချိန်မရတာနဲ့ ဒီဘက် ကို ပြန်ရောက်ပြန်တော့လည်း အချိန်အားမရတာနဲ့ ခုမှပဲ အချိန်သေချာယူပြီးရေးဖြစ်ပါတယ်။ ချစ်သောသူ များ အားလုံး နားလည်ပေးမယ်လို့လည်း တပါတည်း မျှော်လင့်ပါတယ် ရှင်။

ဇူလိုင် ၂ ရက် ၊ ၃ ရက် နေ့များအတွက် အမှတ်တရ ကျေးဇူးတင်စာ...






Apr 10, 2016

Unplayed Piano


 VOA ရဲ့ ရသစာအုပ်စင် အစီအစဉ်မှာပဲ ၂၀၀၉ ခုနှစ် ဇွန်လထဲမှာ အသံလွှင့်ခဲ့တာပါ။ ခုမှ ဖြတ်ညှပ်ကပ် Video Clip လေးလုပ်ဖြစ်ပါတယ်။ အမှတ်တရ.. ဖြစ်စေချင်တာပါပဲ။

Mar 31, 2016

၅၄ တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန် (ကဗျာ-ဖုန်းဆိုး)



၂၀၀၇ ခုနှစ်တုန်းက ရေးခဲ့တဲ့ ကဗျာဆရာဖုန်းဆိုးရဲ့ ကဗျာကို VOA ရသစာအုပ်စင် အစီအစဉ်မှာ ကျမ အသံလွှင့်ခဲ့ပါတယ်။ ခု အဲဒီကဗျာကို ဖြတ်ညှပ်ကပ်ပြီး Movie လေး လုပ်လိုက်တာပါ..။ အမှတ်တရပေါ့။

Nov 29, 2015

ကာလ ရောဂါ


 
အပူလှိုင်းဖြတ်တဲ့ညလယ်
မြွေဟောက်တစ်ကောင်လို ပါးပျဉ်းမတ်မိ
ဗြုန်းဆို ကိုယ့်အကွက်အစင်းတွေကို ကိုယ်တိုင် အထပ်ထပ် စိုက်ပေါက်
သွေးဖြာဖြာပန်းထွက်မှ ကျေနပ်လေမယ်..။
ခနော်နီခနော်နဲ့ယက်ထားတဲ့ ၀ါးကြောင်လိမ်လှေကား..
တက်ခဲ့တဲ့ အထစ် ၅၀မှာ ခြေကုန်လက်ပမ်းကျ မောဟိုက် ..
ဘယ်လောက် .. ထပ် .. တက်.. ရ ဦး မှာ လဲ .. အပေါ်ကို လှမ်းမျှော်ကြည့်တော့
တိမ်ညွန့်တွေက ပြန်ငုံ့ကြည့်တာ အသက်ရှူကျပ်ချင်စရာ.. ။
လှောင် ရယ် ကြည့် စမ်းပါ ..
လှောင် ရယ် လိုက် စမ်း ပါ…
ဟားတိုက်.. ဟားတိုက်…ဟားတိုက်… ဟားတိုက်…
တချို့တွေ ဒီလိုနဲ့ မှောင်မိုက်ခြင်းကိုသာ ရလိုက်ကြသတဲ့ ။ ငါ မမှောင်စေရ။
ပန်းတွေဝေတဲ့ နေအိမ်ထဲက နံရံမှာ ပြုံးနေတဲ့ ကိုယ့်ကိုယ်ကို တွေ့တယ်..
ကျောက်တုံးကြီးကြီးတစ်တုံး.. ဒါမှမဟုတ်.. ရဲရဲတောက် လောင်နေတဲ့ မီးတစ်စ နဲ့ အဲဒီအပြုံးဆီ ပစ်သွင်းလိုက်ရင် တော်တော် အရသာရှိမယ်လို့ တွေးကြည့်တာကတောင် တော်တော် အရသာရှိ။
လှေကားထစ် ၅၀ ရောက် အခိုက်အတံ့ဟာ အဲလို စိတ်မှောက်တတ်သတဲ့လား..။
အဲဒီလမ်းမျိုး ပြန်မလျှောက်ချင်ဘူး..
အဲဒီလမ်းမျိုး ထပ်မလျှောက်ချင်ဘူး..
အဲဒီလမ်းမျိုး ထပ် မဖြတ်ချင်တော့ဘူး..
ခုနေမှာ သိပ်မုန်းသလောက် အာတွေ့တဲ့ စကားလုံးက .. စိတ်ကျ။

နိုဝင်ဘာ ၂၉ ၊ ၂၀၁၅။

Sep 3, 2015

ခေတ်ရနံ့ မဂ္ဂဇင်း စာပေအင်တာဗျူး (ကြည်မွေ့အိမ် ၊ မေငြိမ်း)

ခေတ်ရနံ့ မဂ္ဂဇင်းအတွက် စာရေးဆရာမ ကြည်မွေ့အိမ် က ကျမရဲ့ "မြသီလာအလွမ်းပြေ" စာအုပ်နဲ့ ပတ်သက်လို့ မေးထားတဲ့ အင်တာဗျူး လေး ဖတ်စေချင်လို့ တင်ပေးလိုက်ပါတယ်ရှင်။



၁။ ကြည်မွေ့အိမ် - မြသီလာဟာ ကျွန်မ ရင်ကို တဖျပ်ဖျပ် လှုပ်ခါ ယိမ်းထိုးစေ ပါတယ်။ မြသီလာနဲ့ အတူ ငိုရတယ်။ ကြက်သီး ထ ရတယ်။ မောရတယ်။ နာရတယ်။ ရယ်ရတဲ့ အခန်း မပါသလောက်ပါပဲ ဆရာမ။ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်ခဲ့တဲ့ စစ်အာဏာရှင် လူတစ်စု ကြောင့် အလှည့်အပြောင်း ဖြစ်ပြီး စတေးခံခဲ့ရတဲ့ ပြည်သူ့ဝန်ထမ်း မိသားစု အနေနဲ့ လက်ရှိ မြန်မာနိုင်ငံ ရဲ့ အနေအထားက ရောင်နီအစစ်မှန် သမ်းနေပြီ လို့များ ပြောနိုင်ပါပြီလား။ ဆရာမ အမြင်ကို ကျွန်မ မျှော်လင့် နားစွင့် ကြည့် ချင် မိပါတယ်။

- ကျမ စာအုပ်ကို ဖတ်ပြီး ကျမလိုပဲ ခံစားရတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ ပြောရရင် ကျမတို့ မျိုးဆက်က အမှောင်ခေတ်ထဲ ကြီးပြင်းခဲ့ကြရတာပါ။ ခုချိန်ထိလည်း မလွတ်နိုင်ကြသေးဘူးဆိုတော့ မျိုးဆက် ၃ဆက်လောက် ရှိပြီလို့ ပြောနိုင်မယ်ထင်တယ်။ တကယ်တော့ တတိုင်းပြည်လုံးနီးပါး အစတေးခံခဲ့ကြရ တာမှာ ကျမကတော့ ဘယ်လိုမှ သည်းမခံ နိုင်တော့တဲ့ လမ်းကို ဖြစ်ချင်ရာဖြစ်တော့လို့ ရွေးခဲ့တာပါပဲ။ ခုတော့ ကျမလည်း တိုင်းပြည်မပြန်တာ ၁၀နှစ်ကျော်ခဲ့ပြီ ဆိုတော့ သတင်းကြားသလောက် .. အဝေးကနေ မြင်သလောက် တွေ့သလောက်တော့ ကျမ ကြုံခဲ့ရတဲ့ အဆိုးမျိုး ထက် တော့ နည်းနည်းသက်သာလေသလားပေါ့..။ ဥပမာ- တကယ်ကြိုးစားတဲ့သူတွေ နေရာနည်းနည်း ရလာ တာမျိုး၊ ဆရာ ဆရာမ တွေအတွက် မဆိုစလောက် အခွင့်အလမ်း ပွင့်လာတာမျိုး ၊ ပြောရဲဆိုရဲ ပြောနိုင် ဆိုနိုင်တဲ့ အနေအထားတချို့ ရလာ တာမျိုးလေးတွေကို ဆိုလိုပါတယ်။

- ဒါပေမဲ့ ခုချိန်မှာ ကျမ ထဲထဲဝင်ဝင် မသိတော့တဲ့အတွက် ဒါတွေက တကယ့် အတွင်း ကျကျ ပြောင်းလဲ သလား..၊ အဲဒီ အပြောင်းအလဲနဲ့အတူ ပိုတိုးလာတဲ့ ဆုတ်ယုတ်မှုတွေက ဘာတွေလဲဆိုတာ ကျမ သေချာ မပြောနိုင် တော့ ပါဘူး။ နောက် တခု ပြောချင်တာက ကျမ ထွက်မလာဖြစ်ခင်ကလည်း ကျမ စာအုပ်ထဲရေး ထားတဲ့ အခြေအနေနဲ့ ခံစားချက်မျိုးတွေကို ကျမ လောက် ခံစားတဲ့ ဆရာဆရာမ ဘယ်နှစ်ယောက် .. ၀န်ထမ်း ဘယ်နှစ်ယောက် ရှိခဲ့ သလဲ..။ ကျမအထင်တော့ ခေတ် တခေတ်က ဘယ်လောက် ဖိစီးသလဲ ဆိုတာက တယောက် ချင်းစီရဲ့ ခံယူချက်နဲ့ ခံစားချက်နဲ့ ဆုံးဖြတ်ချက်နဲ့သာ ဆိုင်တယ် လို့ ထင်ပါတယ်။ တချို့ဆရာ ဆရာမတွေ ပေါ့ပေါ့ပါးပါးရင်ဆိုင်နိုင်တဲ့.. ကျောင်းသား တွေ စာခိုးချတာကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တဲ့ ပြဿနာ ၊ အထက်လူကြီးတွေရဲ့ အဂတိ လိုက်စားမှု နဲ့ ဆရာဆရာမတွေ ပင်ပင်ပန်းပန်း ကျူရှင်ပြမှ ထမင်း၀၀ စား နိုင်မယ့် ဘ၀တွေ .. နောက် ၀န်ထမ်း တွေ အလိုလိုနေရင်း ကြံ့ဖွံ့ ပါတီဝင်ဖြစ် တယ် ဆိုတာ နဲ့ အထက်ဖား အောက် ဖိ ယဉ်ကျေးမှုတွေကို ကျမကသာ သိပ် လေးလေးပင်ပင်ကြီး ခံစားခဲ့ရတာကိုး။ ခေတ်စနစ်ရဲ့ ဘ၀ပေး အခြေအနေကြောင့်ရော ကျမကလည်း ခံစားချက်နဲ့ ပတ်သက်ရင် အကဲပါ တာကြောင့်ရော ကျမ ဒါကို ကျောခိုင်းနိုင်လောက်တဲ့အထိ ဖြစ်ခဲ့ တာပါပဲ။

- ခုလည်း ဒီစနစ်ကြီး ဘယ်လောက်ဆိုးတယ်ဆိုတာကို ဘယ်လိုမြင်နိုင်မလဲ.. ဘယ်လိုကြည့်မလဲ …။ သင်ကြားရေး စနစ်တွေ .. ကျောင်းသားဆရာ အရည်အချင်းစစ်စံနစ်တွေ.. သင်ထောက်ကူပစ္စည်း လိုအပ် ချက်တွေ .. စာကြည့်တိုက် တွေ .. ဘယ်လောက်ပြည့်စုံပြီလဲ.. ဘယ်လောက် လွတ်လပ်တဲ့ အဆင့်အတန်းမြင့်တဲ့ ပညာရေး ဖြစ်နေပြီလဲဆိုတာကို ကြည့်ပါ။ အနည်းဆုံး ပညာရေးဌာနရဲ့ အကြီးအကဲ ဆိုတာက ပညာရေးနယ်ပယ်ကို တကယ် တတ်ကျွမ်း နားလည်တဲ့ သူ ဖြစ်နေပြီလား.. ကြည့်ပါ။ ကျမအတွက်ကတော့ ပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြကြတဲ့ ကလေးတွေ နဲ့ သူတို့ကို ဘယ်လို အရေးယူတယ်ဆိုတာတွေကို ကြည့်ပြီး ရောင်နီအစစ်မှန် သမ်းနေပြီလို့များ ပြောနိုင်ပါပြီလား ဆိုတဲ့ မေးခွန်း အတွက် အဖြေကဖြင့် ရှင်းနေတာ ပါပဲ။ ခုထိလည်း ပြတ်သားတဲ့ အမှန်တရားတွေ တောင်းဆိုမှုတွေ အတွက်တော့ အန္တရာယ်မကင်းသေးဘူးဆိုတာ အထင်အရှားပါပဲ။

၂။ ကြည်မွေ့အိမ် - ၈၈ ဟိုဘက်တုန်းကာလ .. ၈၈ အလွန် လေးငါးနှစ်ကာလ .. ၈၈ အလွန် ဒီဖက်ခေတ် ကာလ ၂၀၁၂ အထိပေါ့လေ.. အဖိနှိပ် အချိုးဖဲ့ခံ လူ့ အဖွဲ့စည်း ရဲ့ အရွေ့ ကနေ ပေါက်ဖွားလာတဲ့ စာပေနဲ့ အခြားသောယဉ်ကျေးမှု ပစ္စည်း တွေ ရဲ့ တန်ဘိုးသတ်မှတ်မှု စံနှုန်းတွေ တဖြေးဖြေးချင်း လျော့နည်း ပါးလျား လာတဲ့ အပေါ်မှာ အာဏာရှင် စစ်အစိုးရ အနေနဲ့ သူတို့ လိုချင်တဲ့ အရွေ့ဆီ တွန်းပို့ပစ်ခဲ့တဲ့ အပေါ် တောင့်ခံ မထားနိုင်တဲ့ မိသားစုဘဝများစွာ အထဲမှာ ဆရာမ ရဲ့ မိသားစု ဘဝ ကလည်း ဆိုးဆိုး ရွားရွား ပါခဲ့တယ်။ ဥပမာ ၉၀ - ၉၁ အလွန် ကာလတွေမှာ ခေတ် ပညာတတ်ပြီး တော်တဲ့ လူငယ်တချို့က တိုင်းပြည်သစ် ပြန်လည်ထူထောင်ဖို့ ထောင်ထဲမှာ အနာဂတ်တွေကို အပုပ်သိုးခံနေကြပြီး ၊ အဲ့ဒီ တော်တဲ့ လူငယ်တချို့ ကပဲ မူးယစ်ဆေးရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြပါ တယ်။ အဲ့ဒီ အခြေနေတွေကို ဆရာမ နည်းနည်း ဆွေးနွေးပေးပါဦး။

- အဓိက ကတော့ အောင်မြင်သင့်လျက် နဲ့ မအောင်မြင်ရတဲ့ အခြေအနေတွေရယ်.. အကောင်းလုပ်ပေမဲ့ အကောင်း လို့ အသတ်မှတ် မခံရတာတွေရယ်က အရည်အချင်းရှိတဲ့ သူတွေကိုတော့ အထိနာစေတာပေါ့။ အထူးသဖြင့် စိတ်ခံစားချက် နောက် လိုက်တဲ့ သူတွေ မှာ ဖြစ်တတ်ကြတယ် ထင်ပါတယ်။ နိုင်ငံမှာ အဘက်ဘက် က ကျဆင်းယိုယွင်းနေတဲ့အချိန် .. လူငယ်တွေအတွက် အလုပ်မရှိ.. စိတ်ဝင်စားစရာ မရှိ.. စိတ်ဝင်စားရာ လုပ်ခွင့် မရှိ.. ဖိနှိပ်မှုတွေက နေရာတိုင်းမှာ .. ။ အဲလို အကျပ်အတည်းထဲမှာ ကျမ မြသီလာ ထဲ ရေးထား သလို မူးယစ်ဆေးဝါးက အလွယ်တကူ ပျံ့လာတာ..။ ဒါမျိုးက အင်မတန် လည်း ကူးစက်လွယ် တယ် လေ။ ပြီးတော့ ဒါက စိတ်ထွက်ပေါက်တခုလိုလည်း အသုံးတည့်ခဲ့ကြပုံရပါတယ်။

- ကျမနဲ့ နီးစပ်လှတဲ့ ပတ်ဝန်းကျင်မှာကို မူးယစ်ဆေးအမျိုးမျိုး နဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ သူတွေ ထောင်ကျ တန်းကျ နဲ့ အသက်ပါ ပါသွားခဲ့တဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီနေရာမှာ ကျမအိမ်ထောင်ဟောင်းလည်း မူးယစ်မှု နဲ့ ထောင်ကျတန်းကျ ဖြစ်ရာက ကွယ်လွန်သွားခဲ့တဲ့အထိက ပတ်ဝန်းကျင်သိအဖြစ်အပျက်မို့ လိမ်ညာ ဖုံးကွယ်စရာ မလိုပေမဲ့ သူ့ရဲ့ ဂုဏ်သိက္ခာအတွက် သိပ်အသေးစိပ်တော့ ကျမ မပြောသင့်ဘူးလို့ ထင်ပါတယ်။ ကျမ ပြောနိုင် တာကတော့ မူးယစ် ဆေးဝါး ရဲ့ ဂယက်ကြောင့် ဆင်းရဲဒုက္ခရောက်ကြရတဲ့ ကာလလှိုင်းလုံးတစ်ခုထဲမှာ ကျမ လည်း အလူးလူး အလိမ့်လိမ့် ဖြစ်ခဲ့ရတယ်ဆိုတာလောက် ပဲ ပြောပါ ရစေတော့။ ပြီးတော့ ခုရော ကျမတို့ တိုင်းပြည် မှာ အဲဒီကာလမျိုးက လွန်မြောက် သွားပြီလား…။ ပိုတောင် ဆိုးလာတယ် မဟုတ်လား..။ ဒါကပဲ ဒီနိုင်ငံ တိုးတက် ပြောင်းလဲပြီ လား ဆိုတဲ့မေးခွန်းအတွက် သိပ် ထင်ရှားတဲ့ သက်သေအဖြေတစ်ခုပဲ ဖြစ်ပါတယ်။

၃။ ကြည်မွေ့အိမ် - ၁၉၈၈ မတ်လ ၁၇ ရက်နေ့မှာ သာမန် ရန်ပွဲငယ်လေးတစ်ခု၊ ပါချုပ်က ဖြေရှင်းရင်တောင်မှ ရတဲ့ ဘာမှ မကြီးကျယ်လောက်တဲ့ အဖြစ်အပျက်ကလေး တစ်ခုက RIT ကျောင်းသား ကိုဖုန်းမော်ကို သေနတ်နဲ့ ပစ်သတ် ရလောက်အောင် အငြိုးကြီးခဲ့တဲ့ စစ်အာဏာရှင်တွေ ရဲ့ အကြောက်တရားက ဘာများလဲ ဆရာမ။

- ကျမ ယုံတာတစ်ခုကတော့ ကျမတို့နိုင်ငံမှာ ပညာမပြည့်ရရှာတဲ့သူတွေအများစု ကြီးစိုးတဲ့ စစ်တပ်ဟာ ပညာတတ် ထက်မြက်တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ ဉာဏ်ပညာ နဲ့ စိတ်ဓာတ်ခွန်အားကို အစဉ်အဆက် ကြောက်ခဲ့ကြတယ် ဆိုတာပါပဲ။ အဲဒီ ကျမရဲ့ အဖြေ အတွက် ဒီကနေ့အထိ သက်သေ အဖြစ်အပျက်တွေ ရှိနေတုန်းလေ။

၎။ ကြည်မွေ့အိမ် - ခွပ်ဒေါင်းအလံကို စီးပွားရေး တက္ကသိုလ် ရှေ့မှာ ပထမဆုံး လွှင့်တင် နိုင်ခဲ့ တဲ့ မြန်မာစာ ကျောင်းသား ကိုတင်အေးနဲ့ ကိုညိုထွန်း။ ကွန်မြူနစ် ယူဂျီ ဆိုတဲ့ စွဲချက်နဲ့ ထောင်ထဲ မှာ ၁၇ နှစ်နီးပါး အမှောင်ကြီးကျခဲ့ရတယ်။ ကျွန်မ ပြောချင်တာက စစ်မြေပြင်လည်း မဟုတ်ပဲနဲ့ ကျည်ဆံပြ နှိပ်ကွပ်ခဲ့တဲ့ စစ်အစိုး ရရဲ့ ပုံရိပ်မည်းကြီးကို မြသီလာ မှာ တွေ့ရတဲ့ အတွက် ဆရာမ ကို ပြောမပြ တတ်အောင် ကျေးဇူး တင်ရပါတယ်။ မြသီလာ ဟာ ကျောင်းသားတွေရဲ့ သမိုင်းမှတ်တမ်း အစစ်ပါ။ ဆရာမ ပြောပါဦး။

- တိုက်တိုက်ဆိုင်ဆိုင် ဒီလက သြဂုတ်လ ပဲ ။ ၂၇ နှစ်ပြည့်ပြီ။ အင်မတန် အားကောင်းလှ ပါတယ် ဆိုတဲ့ မဆလပါတီကို ၂၆ နှစ်အကြာမှာ ဖြုတ်ချခဲ့တဲ့ မြန်မာနိုင်ငံမှာ ဆိုးဝါးလှတဲ့ စစ်အစိုးရက နောက်ထပ် ၂၆ နှစ် တိုင် သွားပြန်ပြီ။ မဆိုစလောက် အပြောင်းအလဲကောင်းလေးတွေ နဲ့ မတန်လောက်အောင် ဆိုးသထက် အဆိုးတွေ ခုချိန်ထိ များနေတာလည်း ကမ္ဘာအသိပါ။ အပြစ်မဲ့ ပြည်သူတွေ အစိုးရလက်ချက်နဲ့ အသေအပျောက် ရှိနေတုန်း ပဲ.. ကျောင်းသားလူငယ်လေးတွေကို ရာဇ၀တ်သားတွေလို ဆက်ဆံ နှိမ်နင်းနေ တုန်းပဲ.. အမြင့်ပိုင်းမှာ အဂတိ လိုက်စားမှု တွေ ရှိနေတုန်းပဲ။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ ရုပ်ဆိုးလှတဲ့ မှတ်တမ်းတွေထဲမှာ ရှိနေတုန်းပဲ..။ နှစ် ၅၀ ကျော်ခဲ့ပြီ..

၅။ ကြည်မွေ့အိမ် - မိုးစက်တွေ သစ်ရွက်ပေါ်ကျတော့ - သစ်ရွက်တွေ မြူးတူးစွာကခုန် - လေပြေက အဲ့ဒီပုံပြင်ကို ပြော - နေ့ တစ်ကြောလုံး မဆုံးတော့ချေ - တစ်စက်ကျလာလိုက် - ကကြိုးတစ်ခု ဖန်ဆင်းလိုက် - နောက်ထပ် တစ်စက် ကျလာလိုက် - နောက်ထပ် ကကြိုးတစ်ခု ဖန်ဆင်းလိုက် --- ဆိုတဲ့ ကဗျာကို ရေးခဲ့တဲ့ ကဗျာဆရာ ၊ ပန်းချီဆရာ ဟိန်းသစ်ရည်သိမ်း ဆိုတဲ့ လူတော် တစ်ယောက် မူးယစ်နွံထဲ ကျွံဆင်း သွားတာ ရင်ကွဲစရာကြီးပါ။ ဆရာမ အနေနဲ့ တော့ ဆိုဖွယ်ရာ ရှိမယ် မထင်ပါဘူး။ ပြန်ပြောကြည့် ရအောင် ဆရာမ ရယ်။

- တကယ်တော့ တဘက်စွန်းရောက် အနုပညာသမား နဲ့ ဟိုမရောက် ဒီမရောက် အနုပညာသမားနှစ်ယောက် တဘ၀ တည်း နေမိတာမှာ ခံစားချက်ကို ဦးစားပေးခဲ့ကြတာပါပဲ။ ဟိန်းသစ်ရည်သိမ်းကို ကဗျာတွေ ကြိုက်တယ်.. ပန်းချီတွေကြိုက်တယ်..။ ဒါပေမဲ့ လက်ထပ်တဲ့ကိစ္စ နဲ့ တသက်လုံး အတူတူနေဖို့က အနုပညာထက် .. လူနဲ့ နေရမှာ.. အဲဒီအနုပညာနဲ့ တွဲနေတဲ့ လူကြီးကို နားလည်မှ .. လက်ခံနိုင်မှ နေနိုင်မှာလေ။ ကျမက ပေါ့ပေါ့ပါးပါး အနုပညာသမား .. သူကတော့ လေးလေးလံလံ အနုပညာသမား.. ။ ဟိန်းသစ်ရည်သိမ်း နဲ့ မေငြိမ်း ဟာ သပ်သပ်စီပဲ ကောင်းပါတယ်လို့ သိတဲ့အချိန်မှာတော့ သပ်သပ်စီနေတဲ့ လမ်းကို ရွေးခဲ့ကြရတော့တာပေါ့။ သူကလည်း သူ့ ရှင်သန်မှု နဲ့ သူ .. သူ့လမ်းကို အဆုံးထိ ရွေးတာပဲ။ ကျမကလည်း ကျမရဲ့ ရှင်သန်နည်းနဲ့ ကျမရဲ့ လမ်းကို အဆုံးထိ ရွေး လိုက်တာပဲ။ ဒီနေရာမှာ မြန်မာ့ထုံးတမ်းစဉ်လာအတိုင်း သားတစ်ယောက် ကို ထည့် မစဉ်းစားကြဘူးလား ဆိုတဲ့ မေးခွန်းမျိုးလည်း ခဏခဏ ကြုံခဲ့ရပါတယ်..။ အဲဒီအခါမှာ ကျမတို့ နှစ်ယောက်လုံးရဲ့ အဖြေက အတူတူပဲ..။ ကျမတို့ သပ်သပ်စီ နေကြဖို့ ရွေးတာကိုက မအောင်မြင် တဲ့ အိမ်ထောင်ရေးတစ်ခုကို သားရှေ့မှာ မကြီးထွားစေချင်လို့ပဲ။ ခု ကျမတို့သား အသက် ၂၄ နှစ်ရှိပြီ။ သူ့အဖေ မရှိတော့ဘူး။ ကျမတို့သားဟာ ဘယ်တုန်းကမှ အဖေ နဲ့ အမေ အတူတူနေရင် ကောင်းမှာလို့ မပြောခဲ့ဖူးဘူး။ ခုထိ သူပြောတယ်.. သူ့မိဘ.. ကျမတို့ ရွေးခဲ့တဲ့လမ်းက မှန်တယ်.. လို့။

၆။ ကြည်မွေ့အိမ် - ကျောင်းသင် ပညာရေးစံနစ် ပျက်စီးသွားပြီး ဆူလွယ် နပ်လွယ် ပညာရေး စံနစ်အောက် မှာ ဆရာတွေ ဟာ ကျူရှင် ဆိုတဲ့ အခြေနေဆိုးတစ်ခုထံမှောက်မှာ အရောင်းစားခံလိုက်ကြရတာ လည်း ကြေကွဲစရာ ကောင်းပါတယ်။ အဲ့ဒီ ရေစီးက ဆရာ စိတ် ကို ဘယ်အတိုင်းအတာ ထိ သေးသိမ်အောင် လုပ်ပစ်ခဲ့ပါသလဲ ဆရာမ။

- မြသီလာထဲမှာ ကျမ တော်တော် ရေးထားပါတယ်။ ကျမကိုယ်တိုင် မလွန်ဆန်နိုင်တဲ့ ဘ၀ပေါ့။ ကျူရှင် သင်ရတာ ဆရာ ဆရာမ တွေခမျာ သိပ်ပင်ပန်းပါတယ်။ အထူးသဖြင့် ရတဲ့လခ နဲ့ မလောက်လွန်းလို့ ကျူရှင်သင်ရပေမဲ့ ကျူရှင်ကိုပဲ အားစိုက်ပြီး စေတနာအပြည့် နဲ့ သင်တဲ့ဆရာတွေ အများကြီးပါ။ ဒါပေမဲ့ ကျောင်းသားအများစုက ဒီစေတနာတွေကို နားမလည်နိုင်ကြဘူး.. သူတို့သိတာက ဆရာတွေ ပိုက်ဆံလိုချင်လို့ ကျူရှင်သင်တယ် လောက် ပဲ။ ဘာဖြစ်လို့ ကျူရှင် သင်နေရသလဲဆိုတဲ့ စနစ်ဆိုးကို သူတို့ မသိဘူး။ အဲဒီအခါမှာ ဆရာတွေ ရဲ့ တန်ဖိုးက လျော့လာတော့တာ။ ကျမက အဲဒီ စနစ် ဆိုတာကို မခံစားနိုင်တာ.. လက်သင့်မခံချင်တာ.. လက်မခံနိုင်တော့တာ။ ပြီးတော့ အချိန်တို ပညာသင် နှစ် သတ်မှတ်ချက်ကြောင့် ဆရာဆရာမတွေ ဘယ်လောက် စေတနာ ပါပါ ကျောင်းသူကျောင်း သားတွေကို ‘ပညာ’ မသင် ပေး နိုင်တော့ဘူး.. ‘စာ’ မသင်ပေးနိုင်တော့ဘူး.. ကျမတို့က စာရွက်တွေပဲ ပေးနေခဲ့ကြရ တာကို လက်မခံနိုင်တော့ တာ။ ဆရာ ဆရာမတွေရဲ့ အသုံးချတန်ဖိုးတွေ ညှိုးမှိန်သေးသိမ်ကုန်တာကို ကျမ ဆက် မကြည့်နိုင်တော့တာပါပဲ။

၇။ ကြည်မွေ့အိမ် - တက္ကသိုလ် ဆရာတစ်ယောက်အနေနဲ့ ကိုယ့်ထက် အသက် ဆယ်စုနှစ်တစ်စု လောက် ငယ်တဲ့ တပည့် ကျောင်းသား တစ်ယောက်ကို နောက်ထပ် အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ရတဲ့ အဓိက အချက် က အချစ်တော့ ဟုတ်မယ် မထင်ပါ ဘူး။

- ကျမ နဲ့ ကိုရာကျော် အိမ်ထောင်ပြုတော့ ကျမအသက် ၃၄ နှစ်.. သူ့အသက် ၂၅ နှစ် ..။ အဲဒီတုန်းက အသက် ၂၅ နှစ်ဆိုတာ ငယ်တယ်လည်း ပြောနိုင်မယ်.. အရွယ်ရောက်ပြီ လည်း ပြောနိုင်တယ်။ အမေရိက မှာဆိုရင်တော့ လုံလုံ လောက်လောက် အရွယ်ရောက်ပြီလို့ သတ်မှတ်တဲ့အရွယ်ပေါ့။ ဒါပေမဲ့ မြန်မာပြည် မှာတော့ လူပျိုလူလွတ် မိဘ နဲ့အတူနေတုန်း .. ဆိုတော့ ကျမတို့ နှစ်ဘက်မိဘရဲ့ ခံစားချက်တွေကို ထည့် စဉ်းစားရ ပါတယ်။ နှစ်ယောက် တည်း ရဲ့ ကိစ္စကို ပြောရင်တော့ ခု ကြည်မွေ့အိမ် ပြောတဲ့ ”အဓိက အချက် က အချစ်တော့ ဟုတ်မယ် မထင်ပါဘူး” ဆိုတာကို ငြင်းရမှာပဲထင်တယ်။

- အချစ်ဆိုတာကို ဘယ်လို သတ်မှတ်သလဲ က စရမယ်ထင်တယ်။ ကျမ သတ်မှတ်တဲ့ အချစ် ဆိုတာက တဘက်သား ကို စိတ်ချမ်းသာစေချင်စိတ်.. ပျော်စေချင်စိတ်.. အဖော်အဖက်အဖြစ် အတူတူသွားချင်တဲ့ စိတ် .. နောက် သိပ်အရေးကြီးတာက အဲဒီ တဘက်သားအပေါ် ယုံကြည်တဲ့ စိတ်ပဲ..။ ပြီးတော့ မှ အိမ်ထောင်ပြု ဖို့ ဘာကြောင့် စဉ်းစားကြသလဲဆိုတော့ အဲဒီအချိန် ကျမရဲ့ လိုအပ်ချက် နဲ့ အဲဒီအချိန် သူ့ရဲ့ လိုအပ်ချက်တွေ အပြန် အလှန် အံကိုက်မှု.. ဒါနဲ့ပဲ အိမ်ထောင်ပြုဖြစ်တာပါ။ ခုဆို အိမ်ထောင်သက်တောင် ၁၇နှစ် ပြည့်တော့ မယ်။ (ဒါနဲ့ စကားမစပ် .. ဆင်ခြေပေးသလို ပြောရရင် .. သူက ကျမ တပည့်လို့တော့ ပြောမရဘူး ထင်တယ်.. သူ့အတန်းကို ကျမ စာမသင်ဘူး။ ဒါပေမဲ့ တကျောင်းတည်းမှာ သူက ကျောင်းသား ကျမက ဆရာမဆိုတော့ ပြောရင်လည်း ရတယ် ဆိုပါစို့။ ပြောချင်တာက တကယ်သာ သူက ကျမ စာသင်ရတဲ့ တပည့်ဖြစ်ခဲ့ရင် ဒီလို ဇာတ်လမ်း မျိုး ဖြစ်မလာဘူး ထင်တာပဲ ။ ဘာကွာသလဲဆိုတော့ တပည့်ဆိုရင် ကျမက သားသမီးလို သဘော ထားလေ့ ရှိတာကိုး .. ဒါပေမဲ့ ကျမဘ၀မှာ နည်းနည်း စိတ်မကောင်းဖြစ်ရတဲ့ ဆုံးဖြတ်ချက် ထဲမှာ ကျောင်းဆရာမ ကျမ .. အိမ်ထောင် ပြုတဲ့သူက ကျောင်းသားဖြစ်နေတာတော့ ပါခဲ့ပါတယ်)

၈။ ကြည်မွေ့အိမ် - ဆရာမ ရေးပြီး ကျွန်မ လက်လှမ်းမီဖတ် ဖြစ်ခဲ့သမျှတွေထဲမှာ ' ပကတိမြား ' ကို ကျွန်မ အကြိုက်ဆုံးပါ။ အဲ့ဒီ ကာလ တုန်းက ပကတိမြားကို ဖတ်ဖူးသူတိုင်း သိပ်မိုက် တဲ့ စာအုပ်လို့ တညီတညွတ် ထဲ အသံမြည်စေခဲ့တဲ့ စာအုပ်ပါ။ ဆရာမ အဲ့ဒီ စာအုပ်ရေးတဲ့ အချိန်နဲ့ စိတ်အခြေ အနေ။

- ပကတိမြားက ဒုတိယအုပ် ။ တကယ်တော့ ကျမအတွက် ၀တ္ထုတစ်အုပ်ရေးဖို့ ဇာတ်လမ်းက တမင်တကာ စိတ်ကူးယဉ် စဉ်းစား ဖန်တီးစရာ မလိုပါဘူး..။ ကျမတို့ ၀န်းကျင်မှာ ၀တ္ထုရေးချင်စရာ တကယ့် အဖြစ် အပျက်တွေ အများကြီး ရှိပါတယ် ။ ပြီးတော့ လက်တွေ့ ဘ၀တွေဟာ စိတ်ကူးယဉ်တာထက် ပို စိတ်ဝင်စား စရာ သင်ခန်းစာ ယူစရာ ဆင်ခြင် စဉ်းစား စရာတွေ ရတတ်ပါတယ်။ ဟုတ်တယ်.. ပကတိမြားက လူကြိုက် များခဲ့တယ်။ ဇာတ်ကောင် တွေ အသက်ဝင်တယ်လို့ မှတ်ချက်ပေးကြတယ်။ ပြောရရင် မိုးလတ်က ၀တ္ထု တစ်ပုဒ်ရဲ့ ဇာတ်ကောင် အနေနဲ့ပဲ ဖတ်ကောင်းပေမဲ့ ပြင်ပမှာဆိုရင်တော့ တော်တော် စိတ်ပျက် စရာ ကောင်းမှာပါ။ ပြီးတော့ အမျိုးသမီးတွေ အချစ်ဆိုတာနဲ့ ပတ်သက်ရင် ကိုယ်ခံအား စိတ်ခံအား.. အားနည်းကြတာကို ထောက်ပြချင်တာ..။ ကျမ က ၀တ္ထုတွေ ဖန်တီးတဲ့အခါ တကယ့်ဘ၀ထဲက ဇာတ်ရုပ်တွေကို ချပြချင်တယ်.. ပြီးတော့ ကျမကိုယ်တိုင် စိတ်ဝင်စားတဲ့ ဇာတ်ကောင်ကို ရေးချင်တယ်။ ဒါကြောင့် မိုးလတ် ရဲ့ ဇာတ်က အသက်ဝင်ခဲ့တယ်ထင်တာပဲ။

၉။ ကြည်မွေ့အိမ် - ဆရာမက ခုလို အသဲပေါက်မတတ် ချစ်တဲ့ မြသီလာကနေ ထွက်ခွာပြေး သွားတာ ဟာ မြသီလာ ဟာ အဖတ်ဆယ်မရ အောင် ပျက်စီးသွားလို့ သက်သက်ချည်း ဟုတ်မယ်တော့ မထင်ပါဘူး။ တခြား သိမ်းဖွက်ထားတဲ့ ခါးသီးစရာလေးတွေ အကြောင်း လည်း မေငြိမ်းခရေဇီတွေအတွက် နည်းနည်းပါးပါး ပြန်ပြီး ရှယ်ကြရအောင် ဆရာမရာ။ ဘယ်လိုလဲ။

- မြသီလာပျက်စီးလို့ ထွက်ပြေးတာကလည်း တစ်ကြောင်း.. နောက်တစ်ကြောင်းက ကျမရဲ့ ပင်ကို သဘောက ကိုယ်မအောင်မြင်တဲ့ နယ်တစ်ခုကနေ ထွက်ပြေးတတ်တယ်..။ ဥပမာ - ကျမက သင်္ချာ သိပ် ညံ့တော့ ပထမနှစ် ဒုတိယနှစ်တွေမှာ သင်္ချာပါတဲ့ ဘာသာတွဲကို ယူရာကနေ ၀ိဇ္ဇာတွဲသက်သက် ကို ယူပစ်လိုက်တာမျိုး .. ရည်းစား တစ်ယောက် ကို တော်တော် စိတ်ကုန်တဲ့အခါ နာမည်အပျက်ခံ.. ကိုယ့်ကိုယ်ကို အထိပါးခံပြီး လုံးလုံး ရပ်စဲပစ် လိုက်တာမျိုး .. ကိုယ်မအောင်မြင်တဲ့ အိမ်ထောင်တစ်ခု ကို နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြောက်တဲ့ ကြားကပဲ ယတိပြတ် ပြတ်စဲလိုက်တာမျိုးတွေ လုပ်တယ်။ ခု မြသီလာကနေ အစိမ်းလိုက်ထွက်ပစ်လိုက်တာလည်း ဒါမျိုးပါပဲ။

- ဒီပညာရပ်ထဲမှာ ကျမတို့ ဆက်ဆည်းပူးခွင့် .. သုတေသနပြုခွင့်မရှိဘူး။ ကိုယ့်လစာနဲ့ အိနြေ္ဒရရ မရပ် တည်နိုင် ဘူး။ ကျောင်းသူကျောင်းသားတွေကို ပညာရေးကောင်းကောင်း မပေးနိုင်ဘူး။ ကိုယ့်ပညာ အရည်အသွေးကလည်း ဆုတ်ယုတ်လာတယ် ။ ကျမ အဲဒီကာလမှာ ဘာကိုမှ အောင်မြင်အောင် မလုပ်နိုင်ဘူး။ ပိုဆိုးတာက ကိုယ်တိုင် ကျောင်း ဆရာမ ဖြစ်ပြီးတော့ ကိုယ့် သားသမီး တွေ ကို ပညာရေးကောင်းကောင်း မပေးနိုင်ဘူး..။ ကျူရှင် အချိန် ပြည့် သင်ပြီး စားဝတ်နေရေး ပူနေရတော့ ကိုယ့်သားသမီးကို ကောင်းကောင်း ဂရုမစိုက်နိုင်ဘူး။ ကိုယ်လည်း ချိနဲ့ .. ကိုယ့်ပတ်ဝန်းကျင်လည်း ချိနဲ့ လာတာ ကိုယ်သိနေ တာပဲ။

- ပြီးတော့ စာရေးဆရာဘ၀မှာလည်း အနုပညာက ဘောင်ကျဉ်းလာတယ်၊ ကျမက မေငြိမ်း ဘဝမှာလည်း မအောင်မြင်ပြန်ဘူး..။ ပြီးတော့ ကျမချစ်တဲ့ ပတ်ဝန်းကျင်တွေထဲမှာကို ကျမအပါအ၀င် လူတွေက စိတ် အခြေအနေတွေ ညစ်ထေးလာကြတယ်.. ။ မေတ္တာတရားတွေ လျော့ပါး လာတယ်လို့ ကျမ ခံစားလာ ရ တယ်။ လှေကား ကျဉ်းကျဉ်းလေး ကို လုတက်မှ အမြင့်ကိုရောက်ရမယ့် အခြေအနေမျိုးထဲမှာ ကျမ မောတယ်။ ကိုယ့်ရဲ့ အသုံးချတန်ဖိုးက ကိုယ့်ပတ်ဝန်းကျင် မှာ မရှိတော့ဘူးလို့ ခံစားလာရတယ် ။ အဲဒီအချိန်မှာ အခြေနေလေး တစ်ခု က လှုံ့ဆော်တာနဲ့ ကြုံကြိုက်ပြီး ပြည်ပ ထွက်ဖို့ စီစဉ်တယ်။ အလုပ် ထွက်စာတင်တယ်။ ထွက်စာ မကျခင် .. Passport လည်း လျှောက် မရ..။ ထွက်စာ ကျဖို့ လေးကိုတာင် မလိုအပ်ဘဲ အဆင့်ဆင့်လုပ်ရတဲ့ လုပ်ငန်းစဉ် တွေကြောင့် အချိန်တွေကုန် ..ငွေကုန် .. လူပမ်း .. စိတ်လည်းပမ်း ..။ ကျမ လုံးဝ သည်းမခံနိုင်တော့ဘူး.. မစောင့်နိုင်တော့ဘူး။ ဒါနဲ့ တမိသားစုလုံး မိုက်မိုက်ကန်းကန်း ထွက်ချလာလိုက် တော့တာပဲ။

၁၀။ ကြည်မွေ့အိမ် - ၂၀၀၅ နွေဦး ၊ မတ်လ ၁ရက်။ ခု ၂၀၁၅ လေကြီး မိုးကြီး သြဂတ်စ်။ ချစ်အလွမ်းတွေ ဘေးဖယ်ပြီး ကပ်သီး ကပ်သပ် တစ်ခုလောက်မေးခွင့်ပြုပါ ဆရာမ။ ခုလို မနီး မဝေး ထိတွေ့ ပတ်သက် ပြီး မြင်နေရတဲ့ အမိ မြန်မာ့ရေမြေ ရဲ့ လက်ရှိ အနေထားကို အားရပါသလား။ စိုးရိမ်နေဆဲလား။ ရောင်နီကို ကြိုလင့်ဖို့ ပန်းကလေးတွေ အမှန်တစ်ကယ် နိုးထ ချိန် ရော ဟုတ်ရဲ့လား။ ဒီ မေးခွန်းကိုတော့ ကျွန်မက ငြိမ်းခက်ခက်ကိုကော ၊ မေငြိမ်း ကိုကော တပြိုင်ထဲ မေးချင်တော့တာပါပဲ။
- ဟုတ်ပါရဲ့.. မနီးမဝေး..။ တကယ်တော့ အရှေ့ နဲ့ အနောက် .. နေ့နဲ့ည .. ၂၂ နာရီ လေယာဉ်စီး မှ ရောက်မယ့် ခရီး..။ ဒါပေမဲ့ ခုချိန်ထိတော့ ကိုယ့်နိုင်ငံနဲ့ ပတ်သက်သမျှ သတင်းတွေကို အမြဲ နာရီပိုင်း အတွင်း သိနေကြားနေရ တာကြောင့်ရော.. မပြတ်မလပ် အဆက်အသွယ်တွေကြောင့်ရော.. တကယ် မဝေးသလိုပါပဲ။ ဒါပေမဲ့ အခြေအနေ တွေ ကျပြန်တော့လည်း မနီးနိုင်သေးပါဘူး။ ဒီလိုအခြေနေမျိုးမှာ ကျမ မြင်ရ ခံစားရသလောက် ကတော့ မစို့မပို့ လွတ်လပ်မှုလေးတချို့ နဲ့ အခွင့်အလမ်းလေး တချို့ နေရာရွေးပြီး မြင်နေရတာ ကို တိုးတက်မှုလို့ ပြော မယ် ဆိုရင် .. ပေါ်ပေါ်ထင်ထင် အသတ်ခံလိုက် ရတဲ့ သတင်းထောက် ကိုပါကြီး.. ကိုယ့်မြေအတွက် အသတ် ခံ လိုက်ရတဲ့ ဒေါ်ခင်ဝင်း.. လူမြင်ကွင်း ထဲ ပေါ်ပေါ် ထင်ထင် အရိုက်အနှက်ခံလိုက်ရတဲ့ ကျောင်းသားလူငယ်တွေ နဲ့ မိဘပြည်သူတွေ.. ပြည်သူ့ အခွင့်အရေးအတွက် ပြောကြတဲ့ နော်အုန်းလှတို့ ကိုနေမျိုးဇင်တို့ ကိုထင်ကျော်တို့ မစုစုနွေးတို့ အခြေအနေတွေ နဲ့ လူမသိ သူမသိ ထိုးကျွေးခံလိုက်ရတဲ့ ပြည်သူတွေ ကို ကျမတို့ ဘယ် သမိုင်းမှာ သွားထားကြမှာလဲ..။ ခုချိန်ထိ တိုင်းပြည်သံယံဇာတတွေ အာမခံချက် မရှိ.. ပြည်သူတွေ မစားသုံးရ.. ဒုက္ခတွေ ခံနေကြရတုန်းပဲ… ။ မနေ့တနေ့ကအထိ အင်မတန်ခက်ခဲတဲ့ ဆေးပညာကျောင်းကို ဘာမှ မဆိုင်တဲ့ စစ်တပ်က အုပ်ချုပ်ရေးပိုင်း ကို ၀င်စီးတဲ့သတင်း ဖတ်နေရတုန်းပဲ။

- ဒီတော့ ခုခေတ်ထဲ ကျမ မြင်နေရတဲ့ မျှော်လင့်ချက်ရောင်နီကို ပြောပါ ဆိုရင်တော့ တကယ်တော်တဲ့ လူငယ် တွေ.. အမျိုးသမီးတွေကို ပိုထင်ထင်ရှားရှား မြင်လာရတာပါပဲ။ ဒါကလွဲလို့တော့ သိပ်အားရစရာ အပြောင်း အလဲ ဘာမှ မရှိသေးဘူးလို့ပဲ မြင်ပါတယ်။

စက်တင်ဘာလ - ခေတ်ရနံ့ မဂ္ဂဇင်း။