Mar 6, 2008

မမွန်မွန်အိပ်မက်လွင်ပြင်

လာမယ့် မတ်လ၈ရက်နေ့က နိုင်ငံတကာအမျိုးသမီးများနေ့ပါ..။ အဲဒီ အထိမ်းအမှတ်အတွက် ရည်ရွယ်ပြီး ကျင်းပတဲ့ အမျိုးသမီးညီလာခံတခုထဲမှာ ကျမ ရောက်နေပါတယ်။ အဲဒီမှာ အမျိုးသမီး အခွင့်အရေးကိစ္စတွေ၊ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ဒုက္ခတွေ၊ နစ်နာရမှုတွေ.. ပြောကြ၊ ဆွေးနွေးအဖြေရှာကြ၊ တိုင်ပင်နှီးနှောကြတာပါ။ အမျိုးသမီးတွေ အများကြီးး.. နယ်ပယ်စုံ.. ဒေသစုံ.. ကနေ လာကြတာ။ လူမျိုး အမျိုးမျိုး၊ အသက်မွေးဝမ်းကျောင်းအမျိုးမျိုး၊ အသက်အရွယ် အမျိုးမျိုး၊ နောက်ခံဘ၀တွေအမျိုးမျိုးမို့ စိတ်ဝင်စားစရာတွေကလည်း အမျိုးမျိုးပါပဲ။ ဒီကနေ့ အဓိကပြောဖြစ်ပြီး အမျိုးသမီးတိုင်း အားတက်သရော ဆွေးနွေးကြ တာကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ အိမ်တွင်းအကြမ်းဖက်မှု(Domestic Voilance) ကိစ္စပါပဲ။ တချို့ အကြမ်းဖက်မှုတွေများ ကျမဖြင့် နားထောင်ရင်း ဘုရားတမိတဲ့အထိပါပဲ။ အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့ အနှစ်၂၀တုန်းက ကျမရဲ့ အစ်မလိုဖြစ်နေတဲ့ သူငယ်ချင်းတယောက် ကြုံရတဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှု တခုကို မှီးပြီး ကျမ ၀တ္ထုတိုတပုဒ် ရေးခဲ့ဖူးတာ အမှတ်ရနေခဲ့ပါတယ်။

အဲဒီတုန်းက အဲဒီအစ်မက တကယ်ပဲ သတ်သေချင်တယ်လို့ ကျမရှေ့မှာ မကြာခဏ ပြောလွန်းလို့ ရေးဖြစ်ခဲ့ တာပါ။ ဒါပေမဲ့ သူ တကယ် သတ်သေလိမ့်မယ်လို့တော့ မထင်ခဲ့ပါဘူး။ သူက အင်မတန်ထက်မြက်တဲ့အပြင် နေရာတနေရာမှာ အောင်မြင်မှုတခု ရနေတဲ့ အမျိုးသမီးလည်း ဖြစ်တာကိုး။ ဒါကြောင့် ကျမက သတ်သေတယ် လို့ မရေးခဲ့ပါဘူး။

ဒါပေမဲ့.. သူ တကယ်ပဲ သတ်သေသွားခဲ့ပါတယ်..။
အိမ်တွင်းမှာ သောကရောက်နေရတဲ့ဒဏ်ကို သူ ဒီလိုနဲ့ပဲ သောကကို ဘ၀တခုနဲ့ လဲသွားခဲ့ပါတယ်။ ဒီတော့ အိမ်တွင်းအကြမ်းဖက်ခံရမှုဟာ အမျိုးသမီးတွေကို ဘ၀တုန်းအောင် ဘ၀ဆုံးအောင် လုပ်နိုင်တဲ့အပြင် လောကကို အောင်မြင် အောင် တည်ဆောက်မယ့် အင်အားတွေကိုလည်း ဆုတ်ယုတ်စေပါလားလို့ ကောက်ချက်ချ ရတော့မှာပါပဲ..။ ဒီလိုနဲ့ ကျမတို့ မိခင်ကောင်းတွေအပါအ၀င် အမျိုးသမီးအင်အားတွေ ဘယ်လောက်ကို ဆုံးရှုံးခဲ့ပြီလဲ..။ လူတော်တွေ ဘယ်လောက်များများ ကို အလဟဿ ဆုံးရှုံးခဲ့ပြီလဲ..။


မမွန်မွန်အိပ်မက်လွင်ပြင်

(တစ်)

ဒါက အိပ်မက်ပဲ ဖြစ်သည်။

မွန်က တကယ့်တကယ် မှောင်မိုက်သော ကျွန်းသားအခေါင်းထဲမှာ လဲလျောင်းနေ၏။ သံစို့တွေ ရိုက်ပိတ်ထားတဲ့ ဥရောပပုံစံ အခေါင်းထဲမှာ မမွန်းမကျပ်လဲလျောင်းလို့၊ ပြင်ဆင်သူတို့အလိုကျ လှပတဲ့အနိဌာရုံမျက်နှာနဲ့ မွန်ကိုယ်တိုင်နှစ်သက်မက်မောတဲ့ ဆံပင်ရှည်ကို သည်အတိုင်းဖားလျားချလို့။ မွန့်ရင်အစုံပေါ်မှာ ရေမွှေးနှင်းဆီ ပန်းတစ်စည်းနဲ့။

မွန့်အခေါင်းအနီးတွင် မေမေ ငိုနေသည်။ ဖေဖေနှင့် မောင်နှမများက ၀မ်းနည်းကြေကွဲနေကြသည်။ မောင်က တော့ စိတ်ထိခိုက်ခံစားရစွာ နှုတ်ခမ်းကို ဖိကိုက်နေ၏။

မွန် အမျိုးမျိုး မြင်ကြည့်ခဲ့ပါသည်။
သည်ဈာပန၌ မှန်သားအခေါင်းသော်လည်းကောင်း၊ ကျွန်းသားအခေါင်းသော်လည်းကောင်း၊ သို့မဟုတ် ပိုင်ရှင်မရှိသည့် ဈာပနတခုလို ဖျာဖြင့် လိပ်၍သော်လည်းကောင်း ဖြစ်နိုင်၏။ နောက်ဆုံး... အပြင်အဆင်အဖြစ် ရေမွှေးနှင်းဆီတစ်စည်းသာမက မွန်နှစ်သက်မြတ်နိုးလှသော စိန်ပန်းပြာများလည်း ပါနေနိုင်သည်။ သို့မဟုတ်၊ ပန်းတစ်စည်းတလေမျှပင် မပါဘဲလည်း ဖြစ်ချင်ဖြစ်နိုင်၏။ ခမ်းနားကြီးကျယ်သော အနေအထားမှသည် လူမသိသူမသိ နာရေးကိစ္စတစ်ခုအထိ ဖြစ်နိုင်သည်။ မည်သည့်ပုံစံဖြင့်ဖြစ်စေ သေသူအားလုံးမှာ ဤ တစ်ခရီးတည်းဖြစ်သည်ကို မွန်သိပါသည်။

မွန် အဝေးကြီးကို တွေးကြည့်ခဲ့ပါသည်။ တည်ရှိပြီးသမျှ အရာရာတိုင်း ပျက်စီးကြမည့် သဘာဝအတိုင်း မည်သူမဆို သေလွန်ပြီးသည့်နောက်မှာ စက်ဆုပ်ရွံရှာစရာအတိ ဖြစ်လိမ့်မည်။ ကြာလျှင်တော့ မွန့်ကို အားလုံးက မေ့သွားကြပါလိမ့်မည်။ သို့သော်၊ မေ့သွားလောက်သည့်အချိန် မတိုင်မီအတွင်းမှာတော့ သေသူ တို့က ရှင်သူတို့၏ နှမြောတသမှု၊ လွမ်းဆွတ်မှုနှင့် အကောင်းအမြင်ကို ခံယူရရှိနိုင်သေး၏။ ဤအတွေးကို တွေးမိစဉ်မှာတော့ သေခြင်းကို မွန်ချစ်သည်။ ကြေကွဲဖွယ်၊ စက်ဆုပ်ဖွယ်၊ နှမြောတသဖွယ်၊ သတိတရား ရဖွယ်ဖြစ်သော နာရေးကိစ္စသည် ဤနေရာမှာတော့ အမြင်ကြည်လင်နိုင်လျှင် နှစ်သက်မြတ်နိုးဖွယ် အခမ်းအနားတစ်ရပ်ပင် ဖြစ်နိုင်သည်ဟု မွန်ထင်သည်။

သို့သော် … ဒါကအိပ်မက်ဖြစ်သည်။

(နှစ်)

မောင့်ကို မွန် ချစ်သည်။ မောင်ကလည်း မွန့်ကို ကောင်းစွာချစ်ခဲ့ကြောင်း မွန်ယုံပါသည်။ မွန်နှစ်သက် မြတ်နိုးခဲ့သော ကဗျာတွေ ရေးနိုင်သည့် မောင့်မှာ နေလောင်ညိုညစ်သော အသားအရောင်ရှိသည်။ ရှည်လျား၍ ဖြီးသင်လေ့မရှိသော ဆံပင်ပွပွလည်း ရှိသည်။ ဖြစ်သလို ၀တ်ဆင်လေ့ရှိသော လည်ကတုံး အင်္ကျီဖြူများလည်း ရှိသည်။ ခပ်ကျဲကျဲပေါက်နေလေ့ရှိသော နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးငုတ်တိုများလည်း ရှိသည်။ မြန်မာစာ ဂုဏ်ထူးတန်းကျောင်းသားတစ်ယောက်အဖြစ် အသိအမှတ်ပြုသော ကျောင်းသားကဒ်ပြားတစ်ခုလည်း ရှိသေး သည်။

မွန့်ကိုချစ်ကြောင်းပြောခဲ့သောမောင့်မှာ မွန်စိတ်ကူးယဉ်ခဲ့ဖူးသော အသားဖြူဖြူ မရှိ။ သပ်ရပ်သော ၀တ်စား ဆင်ယင်မှုမျိုး မရှိ။ သိမ်မွေ့တည်ငြိမ်သောအသွင် မရှိ။ တည်ကြည်လေးနက်၍ သြဇာပြည့်ဝသော အသံမျိုး လည်း မရှိ။

မွန့်ကိုချစ်သည်တဲ့။ ‘ချစ်ခြင်း’ ဆိုသည်ကို မောင် အမှန်တကယ် ချစ်ကြောင်း မွန်ယုံသည်။ ထို့ကြောင့်ပင်၊ မောင့်ကိုပြောပလောက်အောင် မစွဲမက်မိပါဘဲလျက် မောင့် ‘ချစ်ခြင်း’ကို ချစ်မက်စွာ မောင့်ကို မွန်ချစ်ခဲ့သည်။

ပြီးတော့ မောင်သည် မွန်တစ်ယောက်တည်းကိုသာ ချစ်မြတ်ကြောင်းနှင့် မွန်မှတပါး အခြားမိန်းကလေးများနှင့် လုံးဝမပတ်သက်ကြောင်း မွန်သိပါသည်။ ချစ်သူဘ၀တုန်းက မွန့်ကိုချစ်ခဲ့သလိုပင် လက်ထပ်ပြီးဘ၀၌လည်း မွန့်ကိုချစ်ကြောင်း မွန်ယုံကြည်ပါသည်။ ထိုသို့ အတူ၊ ဘ၀သည်ပျော်စရာကောင်းခဲ့၏။

(၃)

အလွန့်အလွန် ဆူပူမာန်မဲတတ်သောအမေနှင့် အတ္တကြီးသလို ဒေါသပြင်းသော အဖေတို့သည် မွန့်အပြင် အဖေါ်အဖြစ် ဆိုးသွမ်းလွန်းသော မောင်လေးတစ်ယောက်နှင့် လှသလောက် မာန်မာနကြီးသော ညီမလေး တစ်ယောက်ကို မွေးဖွားပေးခဲ့ပါသည်။ ပြီးတော့ နူးညံ့သိမ်မွေ့မှုကင်းပြီး မေတ္တာတရားမရှိသော မိသားစုဘ၀ကို ဖန်တီးကြ၏။

အမေက အဖေအပါအ၀င် တစ်မိသားစုလုံးကို ကျောသားရင်သားမခွဲခြားဘဲ ကြုံရင်ကြုံသလို နေ့စဉ်နှင့်အမျှ တဖျစ်တောက်တောက်မှသည် အော်ကြီးဟစ်ကျယ်အထိ ဆူပူငြူစူနေလေ့ ရှိသည်။ ဒါကို အဖေကလည်း မနှစ်မြို့ပါ။ မွန်တို့မောင်နှမသုံးဦးစလုံးကလည်း သဘောမကျကြပါ။

အဖေကလည်း အမေအပါအ၀င် အိမ်ထောင်စုဝင်အားလုံးအပေါ် ဒေါသကြီးစွာ ဆက်ဆံတတ်၏။ အရက် သောက်တတ်သူ မဟုတ်ပါဘဲလျက် အော်ဟစ်ဆူပူသော ၀ါသနာကြီးသည်။ ကြုံလျင်ကြုံသလို အကြင်နာမဲ့စွာ ရိုက်နှက်ဆုံးမတတ်သေးသည်။ ဒါကို မေမေက လုံးဝမကြိုက်။ မွန်တို့မောင်နှသုံးဦးစလုံးကလည်း မကျေနပ်ကြ။

မောင်လေးကတော့ သူထင်လျှင်ထင်သလို မည်သူ့ကိုမျ မငဲ့ကွက်ဘဲ ဆိုးသွမ်းတတ်၏။ အဖေအမေနှင့် အမဖြစ်သူမွန်တို့အပေါ် ဂါရ၀တရား ကင်းမဲ့သည်။ ညီမငယ်အပေါ်တွင်လည်း အညှာအတာမရှိ။ ဆိုးသွမ်းသော သက်တူရွယ်တူလူငယ်အားလုံး၏ ဆိုးသွမ်း နည်းပေါင်းစုံဖြင့် ဆိုးသွမ်းသောကြောင့် အိမ်မှာ သူ့ကို မည်သူမျှ မချစ်ကြ။

ညီမငယ်သည်လည်း သူ့မာနနှင့်သူပဲ ဖြစ်သည်။ အစ်မဖြစ်သူ မွန့်အပေါ် နေရာတကာတွင် လိုက်ပြိုင်သည်။ အမှားအယွင်းလုပ်ပြီးတော့ အဖေအမေက ဆုံးမသည်ကိုပင် မနာခံချင်။ အစ်ကိုအပေါ်တွင်လည်း စေတနာမရှိ။ ထို့ကြောင့် သူ့ကိုလည်း မည်သူမျှ မချစ်ကြပါ။

မွန်ကတော့ သူ့ကိုလည်း မည်သူကမျှ မချစ်ကြောင်းသိသည်။ မွန်ကလည်း မည်သူကိုမျှ ချစ်၍မရ။ သူ့ကိုယ်သူလည်း မိသားစုအပေါ် ကောင်းနိုင်သူအဖြစ် မယုံမှတ်ခဲ့ပါ။ မွန့်ရဲ့အသက်နှစ်ဆယ်ကျော်ဘ၀သည် ဤသို့ဖြင့်ပင် ပူပြင်းခဲ့သည်။ အိမ်မှာ စိတ်ကို ဖိထောင်းခံရခြင်း၊ အဆိုးဘက်ရောက်အောင် တွန်းပို့ခြင်း၊ သေဖေါ်ညှိခြင်း၊ စောင်းမြောင်းကဲ့ရဲ့ခြင်းတို့ဖြင့် ဘ၀ကို မကျေနပ်စွာ နေထိုင်ခဲ့ပြီးနောက်မှာတော့ အပြိုင်အဆိုင် စိတ်များဖြင့် ကြိုးပမ်း၍ မြန်မာစာ မဟာဝိဇ္ဇာတန်းအရောက်မှာ မောင်နှင့်တွေ့ရခြင်း ဖြစ်သည်။

အဲဒီမှာ အမြဲတစေပူလောင်နေသော မွန့်ရင်သည် လုံးဝ ငြိမ်းချမ်းသွားရတော့သည်။ ချစ်ခြင်းကို မခံစားခဲ့ရဖူးသူ ပီသစွာ မွန့်ကို မောင်က ချစ်သောကြောင့် မောင့်ကို မွန် ချစ်ရပါသည်။ ပြန်တွေးကြည့်တော့ တကယ့်အိပ်မက် လိုပါပဲ။

(လေး)

မွန်က ၀တ္ထုကြိုက်သည်။ မောင်နှင့်လက်မထပ်ဖြစ်ခင် ကာလများစွာက တင်းကျပ်စိတ်တို့ ပြေရာအဖြစ် မွန် အချစ်ဝတ္ထုများစွာ ဖတ်ပါသည်။ အချစ်ဝတ္ထုများစွာမှာ မွန်အဖို့ ပျော်စရာကောင်းသည်။ ဇာတ်ကောင်တွေ နေရမှာဝင်၍ စိတ်ကူးယဉ်ပျော်ရသည်မှာ အမော။ မောင်နှင့်လက်ထပ်ပြီးနောက်ပိုင်းမှာတော့ မဖတ်ဖြစ် တော့ပါ။ မောင်နှင့်မွန်တို့၏ဘ၀မှာ ၀တ္ထုတကာတို့ထက် ပို၍ ဖတ်ကောင်းသော အချစ်ဝတ္ထုတစ်ပုဒ် ဖြစ်နေပြီဟု မွန်မြင်သောကြောင့် ပါပဲ။ ပြီတော့လည်း မွန်က ၀တ္ထုတွေထက်သာအောင်ပင် တုပ နေနိုင်သည်။

တခါတရံတော့လည်း မွန့်ကိုမွန် ရယ်မောဖြစ်သေးသည်။ ၀တ္ထုတွေထဲလို မောင့်ကို ဆေးလိပ် ဖြတ်ခိုင်းခြင်း၊ သပ်ရပ်အောင် ပြုပြင်ပေးခြင်းတို့ကို သတိရမိသည့်အခါများ၊ တခါတရံ မွန့်စကားကို မောင်နားမထောင်။ လွယ်လွယ်နှင့်ပြောဆိုမရသောအခါများမှာ ’စိတ်ညစ်တယ်’ဟု ညည်းရသည်များကပင် ပျော်စရာဖြစ်နေခြင်းတို့ အတွက် ၀တ္ထုများနှင့်ယှဉ်၍ ကိုယ့်ကိုယ်ကို ရယ်သွမ်းသွေး မိပါသည်။

ပြီးတော့၊ မွန် ကျေနပ်နေတာတစ်ခု ရှိသေး၏။ ယင်းမှာ မောင်နှင့်မွန်တို့၏ ဆက်ဆံရေးဖြစ်သည်။ မောင်နှင့်မွန် ဘယ်သောအခါမျှ စကားများရန်ဖြစ်ဖူးသည်ဟူ၍မရှိခဲ့ဘဲ၊ မွန် အလွန်ရွံ့မုန်းသော အဖေနှင့်အမေတို့၏ ရန်မီးလျှံ တငြီးငြီးတောက်လောင်သော အိမ်ထောင်ရေးမျိုး ဖြစ်မလာခြင်းအတွက်ပဲ ဖြစ်သည်။

ပြီးနောက်၊ မွန် နောက်ထပ် ကျေနပ်တာတစ်ခု ရှိနေသေးပြန်၏။ ယင်းမှာ၊ မောင်နှင့်မွန်တို့၏ နူးညံ့သိမ်မွေ့သည့် မေတ္တာလွှမ်းသောဘ၀သည် အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်နေခြင်းကြောင့်ပဲ ဖြစ်သည်။

(ငါး)

နောက်ပိုင်းမှာတော့ဖြင့်၊ မောင်သည် သူဖျက်ဆီးနိုင်သမျှ အားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။ မွန်၏ ပျော်စရာကောင်းသော အိပ်မက်ဆန်ဆန် ဘ၀ကလေးမှာ ပျက်သွားရပြန်သည်။ အိမ်ထောင်သက် လ အတန်ကြာမှာ မောင် အရက်သောက်သောက်တတ်လာသည်။ အရက်သောက်တတ်လာသည်ဆိုခြင်းထက် အရက်ပြန်သောက်သည်ဆိုခြင်းက ပို၍မှန်မည် ထင်၏။ မဂ္ဂဇင်းတွင် ကဗျာပါလာသော အထိမ်းအမှတ်မှသည် ဘာမှမဖြစ်ဘဲနေခြင်း အထိမ်းအမှတ် အထိ ပွဲတွေ ဆက်လာသည်။

မောင် တခါတရံ အရက်သောက်ခြင်းကို ချစ်သူဘ၀ကပင် မွန် သိခဲ့ဖူး၏။ ထိုစဉ်က၊ ၀တ္ထုရေးသူ ကဗျာရေးသူ အတော်များများ အရက်သောက်တတ်ကြောင်း မွန်သိသော်လည်း မောင်က အမြဲတစေ သောက်ခြင်းမျိုး မဟုတ်သည့်အတွက်ကြောင့်တစ်ကြောင်း မွန်ကိုယ်တိုင်လည်း ဇီဇာကြောင်လွန်းသူ မဟုတ်၍တစ်ကြောင်း၊ မောင့်ကို ချစ်လွန်းသည့်စိတ်ဖြင့် ညှာခဲ့ခြင်းကြောင့်တစ်ကြောင်း မွန် မတားဖြစ်ခဲ့။ မောင်က အမြဲသောက် နေတာမှမဟုတ်ဘဲ။ ရောဂါဖြစ်မှာ ပူစရာမရှိသေးဘဲ ဆိုပြီး မွန် မတားမြစ်ခဲ့တာပါမောင်။

အခုတော့၊ ရောဂါဖြစ်အောင် သောက်သည်ကမှ တော်ဦးမည်။ မူးရမ်းပြီးရိုက်နှက်တတ်သည်က မွန့်ရဲ့ စိတ်နှင့် ဘ၀အပျော်ကို လုံးဝ သေဆုံးစေတော့သည်။ နုနုနယ်နယ် ချစ်တတ်တဲ့ ကဗျာဆရာ မောင်က မူးပြီး ကြမ်းရမ်း တတ်လိမ့်မယ်လို့ မွန် ဘယ်ထင်ထားလိမ့်မလဲမောင်။ သာမန် အကြောင်းသိသူတွေကလည်း မောင် ဒီလို ရန်ပြုတတ်လိမ့်မယ်လို့ ဘယ်ထင်ကြမလဲ။ မွန့်ဘ၀ ငရဲပြန်ကျပြန်ပြီ။ မူးရမ်းရိုက်နှက်တတ်တဲ့ လင်သား တစ်ယောက်ကိုလည်း မွန် စက်ဆုပ်တယ်လေ။

မောင့်ညများကို အရက်ပိုင်၏။ မောင့်နေ့များကိုတော့ မွန်က ပိုင်သည်။ နံနက်လင်းတိုင်း ညက အဖြစ်အပျက် တို့ကို မွန်ပြန်ပြောသောအခါ မောင်က ဘာမှမသိစွာ ပြန်လည် ယုယချော့သည်။ မွန်သိသော အပါယ် လေးပါးထဲမှ ’နေ့စံ၊ ညခံ၊ အသူရကယ်ဘ၀’ ဆိုတာ ဒါမျိုးပဲထင်၏။ ဒါလည်း ဘာမှမကြာပါ။ နောက်ဆုံးတွင်၊ မောင့်ကို အရက်က လုံးဝ ပိုင်သွားတော့သည်။ မွန် တကယ်ပဲ ငရဲကျရပြီ။

(ခြောက်)

‘ဒါဟာ အိပ်မက်ဖြစ်ရင် သိပ်ကောင်းမှာပဲ’ ဟု မွန် တွေးသည်။ တကယ်တော့ အိပ်မက် မဟုတ်။ မွန် အားငယ်သည်။ မွန်နာကျင်ရသည်။ သို့သော် တိုင်တည်ရမည့်သူ မရှိ။ ခိုလှုံရမည့်သူ မရှိ။ ‘အမေ့အိပ်ပြန်မယ်’ပြော၍လည်း မဖြစ်။ တခုလပ်ဘ၀ကိုလည်း မွန် မောင့်ကိုကြောက်သည်ထက် ပို၍ ကြောက်ပါသည်။

ထွက်ပေါက်ရှာဖို့ မွန်စဉ်းစားရပြန်ပြီ။ ပိတ်လှောင်နေသော မီးပြင်းတို့မှာ နေရာလပ် မရှိ။ နည်းအမျိုးမျိုးဖြင့် စိတ်ထင်ရာလျှောက်လုပ်ကြည့်သော ဆောက်တည်ရာတို့လည်း ကင်းမဲ့ခဲ့ပြီ။ မွန် သေလိုက်ချင်တော့တယ်။ ဟုတ်တယ်… သေမှ ကောင်းမယ်။ မွန်စဉ်းစားမိသည်က သေခြင်းတရားပဲ ဖြစ်သည်။ မွန်သေသောအခါတွင်မှ သူတို့ မွန့်ကို ချစ်ရကောင်းမှန်း သိမည်။ နှမြေတသရ ကောင်းမှန်း သိမည်။ မွန် ဆုံးဖြတ်လိုက်သည်။ ဟုတ်တယ်၊ မွန်သေမှပဲ အေးမယ်မောင်။

မွန် ဘာလုပ်ရမလဲ။ လည်တိုင်ကို ပွတ်သပ်ကြည့်သည်။ ကြိုးတစ်ချောင်းနဲ့ သေပစ်ဖို့တော့ မဖြစ်သေးပါဘူး။ သွေးကြောတွေကို စမ်း ကြည့်သည်။ ဓါးဖြင့် လှီးဖြတ်ရမည်ကို မ၀ံ့ရဲ။ ဆေး(သို့) အဆိပ်တစ်ခုခုကိုလည်း မသုံးရဲ။ ပြီးတော့၊ ဗုဒ္ဓဘာသာအမျိုးသမီး ပီသစွာ ‘အဖန်ငါးရာ၊ ငါးကမ္ဘာ’ ဆိုတာကို မွန် ကြောက်နေပြန်သည်။ နောက်ဆုံးမှာ၊ မွန့်လမ်း အားလုံး ပိတ်ဆို့သွားကြသည်။ မွန့်ဘ၀သည် မီးလို ပူ၏။ ဘယ်သောအခါမျှ အေးမြတော့မည် မဟုတ်။

ဒါဟာ… အိပ်မက်ဖြစ်ရင်ကောင်းမှာပဲမောင်။

(ခုနစ်)

ဒါက အိပ်မက်ဖြစ်သည်။
မွန်က တကယ့်တကယ်မှောင်မိုက်သော ကျွန်းသားအခေါင်းထဲမှာ လဲလျောင်းနေ၏။ သံစို့တွေ ရိုက်ပိတ်ထားတဲ့ ဥရောပ ပုံစံ အခေါင်းထဲမှာ မမွန်းမကျပ် လဲလျောင်းလို့၊ ပြင်ဆင်သူတို့အလိုကျ လှပတဲ့အနိဋ္ဌာရုံမျက်နှာနဲ့ မွန်ကိုယ်တိုင်နှစ်သက်မက်မောတဲ့ ဆံပင်ရှည်ကို သည်အတိုင်း ဖားလျားချလို့။ မွန့်ရင်အစုံပေါ်မှာ ရေမွှေးနှင်းဆီ ပန်းတစ်စည်းနဲ့။

ဒါပေမဲ့… ဒါက.. အိပ်မက်ဖြစ်သည်။


မေငြိမ်း
ပေဖူးလွှာမဂ္ဂဇင်း (၁၉၈၈-သြဂုတ်လ)

ပုံကို ဒီက ယူပါတယ်။

7 comments:

တန်ခူး said...

မွန့်အကြောင်းဖတ်ပြီး မွန်းကြပ်သွားတယ်'မ'ရယ်။ ဘဝဆိုတာ ကိုယ်က အကောင်းဆုံးဖြစ်အောင် ရွေးချယ်ပျိုးထောင်ခဲ့ပေမယ့် သူဖြစ်ချင်သလိုဖြစ်သွားတတ်တယ်နော်။ မေတ္တာတရားနဲ့ကိုယ်ချင်းစာတရားတွေ ချို့တဲ့လာတဲ့အခါ 'အိမ်တွင်းအကြမ်းဖက်ခံရမှု' ပေါက်ဖွားလာပုံပဲ။ အပြင်မှာ မွန်တကယ်သတ်သေသွားသတဲ့လား။ မွန်တရားရိပ်ကို မစဉ်းစားနိုင်ခဲ့လောက်အောင် ပူလောင်နေခဲ့မှာပဲ။ 'မ'ရေ...ဘယ်အကြောင်းအရာလေးဖြစ်ဖြစ် ရသတွေထုံလွှမ်းနိုင်အောင် ရေးနိုင်စွမ်းတဲ့'မ'ကို ကျွန်မရူးသွပ်တာ မလွန်ပါဘူးနော်။

မေငြိမ်း said...

တန်ခူးရေ.. အမြဲတမ်းလိုလို တခုတ်တရ မှတ်ချက်ချ ခံစားပေးတဲ့အတွက် ကျေးဇူးတကယ် တင်ပါတယ်။ ဟုတ်တယ်..လူကြီးတွေပြောသလိုပဲ အိမ်ထောင်ရေးဟာ ထီထိုးရသလိုပဲဆိုတာ..ဒါပေမဲ့ အဲဒါကို အမျိုးသမီးတွေ က အရှုံးမပေးဘဲ စနစ်တကျ ခုခံရလိမ့်မယ်လို့ ထင်ပါ တယ်။ ကျမတို့ရဲ့ ဓလေ့ထုံးတမ်းတွေကြောင့်လည်း ပါတာပေါ့။ တကယ်တော့ စိစစ်ရေးကြောင့် ရေးလို့ မရတဲ့ ပြဿနာတွေလည်း မွန့်မှာ ရှိသေးတာလေ..။ ဒါကြောင့်ပဲ သတ်သေလောက်တဲ့အထိ ဖြစ်သွားရတာပါ။
ကျမကို အားပေးတဲ့အတွက်လည်း ကျေးဇူးပါ..။

YeKyawAungMDY said...

.....တကယ့် အဖြစ်အပျက်ခံစားရေးဖွဲ့ထားတာ.......တော်တော်ရသမြောက်တယ်....ဖတ်ပြီးခံစားကြည့်သွားတယ် အမရေ...အိမ်တွင်း အကြမ်းဖက်မှုတွေမှာလည်း ယောင်္ကျားတွေကို မိန်းမ တွေက အကြမ်းဖက်တာလည်းရှိတယ် အမရေ.....အဲဒါလေးလည်း မရေးဘူးလား.....ဟဲဟဲ...

pandora said...

စိတ်ကူးယဉ်တာနဲ့ လက်တွေ့ဘ၀ ကွာဟကြတဲ့အခါ လို့လည်း နားလည်မိတယ်။ ဘ၀ကို ခုံမင်ဖို့အတွက် ဘာအဓိက လိုပါလိမ့်။
တချို့ အိပ်မက်တွေက အိပ်မက်ထဲမှာပဲ ကောင်းပါတယ်။

s0wha1 said...

မွန့်ဘ၀ကလည်း မတွေးရလြောက်အောင် ကြောက်စရာကြီး။

မေငြိမ်း said...

ကိုရဲရေ.. ဟုတ်ပါ့.. အမျိုးသမီးတွေက အကြမ်းဖက်တာလည်း ရှိပါတယ်၊ ဒါပေမဲ့ ယောကျာ်းတွေမှာက ထွက်ပေါက်တွေ အများကြီး ရှိတဲ့အပြင် ခွန်အားအရာကလည်းသာတာမို့ နောက်ဆုံးတော့ အမျိုးသမီးတွေလောက်တော့ အဖြစ်မဆိုးကြဘူးထင်တာပဲ..ဒါကြောင့် မရေးဖြစ်တာပါ..ဟဲဟဲ..။

အရီးပန်ရေ..ဟုတ်တယ်..စိတ်ကူးနဲ့လက်တွေ့ကွာကြတဲ့ ကိစ္စတွေပါပဲ..။ ဒါပေမဲ့ မွန်ကလည်း စိတ်ကြီးလွန်းတယ်။ ပီးတော့ အမ ရေးမရလို့ ချန်ခဲ့ရတဲ့ တကယ့်အဖြစ်ဆိုးတွေလည်း ရှိနေပါသေးတယ်..။

ဆိုးဝှက်ရေ..
အဲဒါထက်ဆိုးတဲ့ မိသားစုဘ၀တွေ လောကကြီးထဲ အများကြီးရှိတယ်..။ စိတ်မကောင်းစရာပါပဲ။

Toe said...

ဆရာမရေ… ဆရာမ၀တ္တုတွေကို တော်တော်များများဖတ်မိပေမယ်. တခါမှ ၀င်မရေးဘူးဘူး။ ရသစာပေ အရေးကောင်းပြီး လူ့သဘာဝကိုမြင်တတ်တဲ့ ဆရာမကိုလေးစားပါတယ်။ မွန်လို အမျိုးသမီးတွေအများကြီးပဲနော်။ ဒါထက်ထူးဆန်းတာက ကိုယ်တိုင်က ပညာ(ဘွဲ့ ၃ ခု၊ ၂ ခုက ပြည်ပက)၊ ဂုဏ် (ပြည်တွင်းရုံးမှာ အရာရှိ၊ ပြည်ပမှာ သုတေသနမှူး)၊ ဓန (မျိုးရိုးစဉ်ဆက်ချမ်းသာပြီး အရာရှိ သမီး)၊ အေးချမ်းပြီးယဉ်ကျေးတဲ့မိသားစုကလာတဲ့ အသက် ၃၀ သာသာအရွယ် မိန်းမတစ်ယောက်။ သူမကတော့ စိတ်သိပ်တိုလွယ်သော။ ဆူပူအော်လွယ်သော။ စိတ်မထင်လျင် ခလေး တစ်ယောက်လိုပင် ဒါဏ်ပေးတတ်သော။ ရိုက်နှက်တက်သော (ရီးစားဘ၀ထဲက) ယောက်ျား တစ်ယောက်ကို ခွန်းတုံ့မပြန်ပဲ ဖြည့်ဆည်းနေတယ် ဆရာမရေ။ ဒါမျိုးဘ၀တွေကို မြင်သာဖို့ ရေးပေးပါလို့။

လေးစားစွာဖြင့်
တိုး