Mar 31, 2008

အိပ်မက်ချည်တိုင်

ဆိုးဝှက်ကလေး Tag တဲ့ "ဇာတိမြေ"ပို့စ်ကို ရေးချိန်မှာ ကျမငယ်ငယ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာ နေဖူးတာ ထည့်ရေးပြီးသားပါ..။ အဲဒီကျောက်မဲမြို့အနားက ကျမ ချစ်တဲ့ နမ့်ဟူးတောင်းရွာကလေးအကြောင်း ၀တ္ထုတိုတပုဒ် ရေးခဲ့ဖူးတာလည်း ကြော်ငြာဝင်ထားခဲ့ပါတယ်။ ခုတော့ တိုက်တိုက်ဆိုင်ဆိုင် ဒီတလော ကျမ စိတ်ဖိစီးမှုတွေနဲ့ လေးလံနေတာမို့ စာလည်း အသစ်မရေးနိုင်တာနဲ့အတူတူ.... အဲဒီဝတ္ထုလေးပဲ တင်ပေး လိုက်ပါတယ်။
အိပ်မက်ချည်တိုင်


ခုတလောမှာတော့ သူက သူငယ်ငယ်ကနေခဲ့ဖူးသည့် ရှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့အနီးရှိ နမ့်ဟူးတောင်း ရွာကလေးကိုပဲ ပြေးသွားလိုက်ချင်စိတ်ဖြင့် မကြာခဏ လွမ်းဆွတ်သတိရနေတော့သည်။ ခုဆို အဲဒီရွာကလေးနဲ့ ခွဲခဲ့ရတာ အနှစ်နှစ်ဆယ်တောင်ရှိပြီပဲ။

အဲဒီတုန်းက၊ တကယ်တမ်း သူနေခဲ့ရတာက ကျောက်မဲမြို့ပေါ်မှာဖြစ်သည်။ သို့ပေမဲ့ သူကတော့ သူပျော်သည့် နမ့်ဟူးတောင်းမှာပဲ မကြာခဏ သွားနေခဲ့သည်။ ပြီးတော့၊ သူ့ဘ၀၌ ရှမ်းပြည်မှာ နေခဲ့ဖူးသော ကာလကို ပြန်တွေးမိလျှင်လည်း သူက နမ့်ဟူးတောင်းကိုပဲ စွဲမြင်ခဲ့သူဖြစ်သည်။

စင်စစ်... နမ့်ဟူးတောင်းကိုသာ သူသတိရသည်ဟုဆိုသော်လည်း သူ့ရင်ထဲမှာ တကယ်စွဲနေတာ က နမ့်ဟူးတောင်းရွာထဲရှိ သူနေခဲ့ဖူးသောအိမ်ကလေးရှိရာ ၀န်းကျင်တစ်ဝိုက်ကိုသာဖြစ်သည်။ ပြီးတော့၊ ခုချိန်ထိ သူရေးဆွဲခဲ့ဖူးသမျ ပန်းချီကားတွေထဲမှာလည်း အဲဒီ ပတ်ဝန်းကျင်မြင်ကွင်းကလေးကို ရေးဆွဲထားသည့် ပန်းချီကားများ အရေအတွက်တော်တော်များများ ရှိနေခဲ့သည်။ သည်နေရာမှာ၊ သူပြောချင်တာက အဲဒီ နမ့်ဟူးတောင်းကို သူ ဘယ်လောက် စွဲလန်းခဲ့သလဲ ဆိုတာ...။ ပြီးတော့... အဲဒီလို ဘာကြောင့် စွဲလန်းခဲ့သလဲ ဆိုတာကိုပဲ ဖြစ်သည်။

+++++

နမ့်ဟူးတောင်းကိုရောက်ခဲ့စဉ်က သူ အသက်ကိုးနှစ်လောက်ပဲ ရှိဦးမည်။ အံ့သြစရာ ကောင်း လောက်အောင် ပင် သူသည် ထိုအရွယ်ကလေးမှာပင် ပတ်ဝန်းကျင်ကို အလွန် ခံစားတတ်ခဲ့သည်။ အဲဒီ နမ့်ဟူးတောင်းကို တွေ့တွေ့ချင်း သူ အပြည့်အ၀ ခံစားလိုက်ရသည်က ချမ်းမြေ့ပျော်ရွှင် သွားရခြင်းဖြစ်သည်ကို သူ ခုထိတိုင် နွေးနွေးထွေးထွေး ခံစားနေရဆဲဖြစ်သည်။

အဲဒီတုန်းက “ဒါ...နမ့်ဟူးတောင်းပဲ”ဟု သူ့ကို မိတ်ဆက်ပေးလိုက်သူကတော့ အဖေပဲဖြစ်သည်။ သို့ပေမဲ့ အဲဒီတုန်းက သူ၏လှိုက်လှဲသာယာသွားမှုကို အဖေပင် သိချင်မှ သိပေလိမ့်မည်။ သူကတော့ မြင်လိုက်ရသော မြင်ကွင်းကို သိပ်ချစ်မက်သွားကာ မျက်ရည်များပင် စို့လာခဲ့သည်။ သူခံစားလိုက်ရသည်က... စိန်ခြယ်ပန်းတွေ ရွှေဒင်္ဂါးပန်းတွေ.. သရက်ထည်ပန်းတွေ.. နှင်းဆီပန်းတွေ.. ၀ိုင်းရံပြန့်ကျဲနေသည့် ဥယျာဉ်ခြံအလယ်မှာ ရှိနေသော မြေစိုက်အိမ်ကလေးနှင့် အဲဒီအိမ်ကလေး၏ နောက်ခံတောင်တန်းပြာတွေက သက်ဝင်ပန်းချီကား တစ်ချပ်လို သူ့ကို ဆီးကြိုပွေ့ပိုက်လိုက်ခြင်းကိုပဲ ဖြစ်သည်။


သူသည် ရုတ်တရက် ၀မ်းသာားအားရနိုင်လှစွာ ကားပေါ်မှ ခုန်ဆင်းပြီး ရှေ့တူရှူဆီ ချက်ချင်း ပြေးမိတော့သည်။ ကြည့်ပါဦး....ပန်းခင်းတွေ၊ ပြီးတော့...ပန်းခင်းပေါ်က လိပ်ပြာတွေ ပုစဉ်းတွေ၊ ပြီးတော့ နှင်းမှုန်တွေ၊ ဘယ်လောက်အေးချမ်းလိုက်သလဲ.. သာယာလိုက်သလဲ.. ဘယ်လောက်များ ချစ်စရာကောင်းလိုက်သလဲ...။ သူသည် အသက်နှင့်မမျှအောင်ပင် ထိုဝန်းကျင်ထဲမှာ ပျော်ဝင်သွားခဲ့တာကိုလည်း ခုထိ ပြန်ခံစားလို့ရဆဲ ဖြစ်သည်။ နောက်တော့ သူသည် သူချစ်သည့် ပန်းတွေထဲမှာ လျှောက်ပြေးနေတော့သည်။ သရက်ထည် ရောင်စုံတွေ... အာဖရိကန်ဒေစီတွေ... အမေရိကန်နှင်းဆီတွေ...၊ သစ္စာပန်းတွေဆီမှာ သူ့ဘ၀ကို နှစ်ပစ်လိုက် တော့သည်။ သူ့ဘ၀မှာ စိတ်အချမ်းမြေ့ဆုံး... အပျော်ဆုံးအချိန်ပဲ။

နောက်တော့၊ ပန်းခင်းတွေရဲ့အဆုံးမှုာ တောင်ကုန်းပြေပြေလေး တွေ့သည်။ တောင်ကုန်းပေါ်မှာ လှေခါးထစ်ပုံစံ စိုက်ခင်းတွေ၊ အဲဒီမှာ ပန်းဂေါ်ဖီပွင့်တွေ၊ ဆလတ်တွေ၊ ခရမ်းချဉ်တွေ၊ ချဉ်ပေါင်တွေ၊ ငရုတ်ပင်တွေ... စိမ်းစိုလို့။ တဘက်က တောင်ကုန်းတွေပေါ်မှာတော့ စိန်ပန်းပြာပင်ပုပုတွေက ခရမ်းပြာပွင့်တွေ ဝေလို့။ အပင်ရဲ့ အောက်ခြေက မြက်ပွင့်ဝါ၀ါတွေကတောင် လှလို့။ ပန်းတွေကို တွေ့လျှင် သူကတော့ အရူးအမူး။ တောင်ကုန်းမို့မို့ ပေါ်ကို သူပြေးတက်မိသွားပြန်သည်။ ပြီးတော့၊ “ပျော်လိုက်တာ”ဟု အော်ဟစ်ပစ်လိုက်မိတော့ ကြည်နူး ပျော်ရွှင်စရာကောင်းလှစွာပင် သူ့အသံက ပဲ့တင်ရိုက်ကာ သူ့ဆီ ပြန်ပြေးလာ၏။ အဲဒီမှုာ သူပိုပျော်ကာ ပို၍ပင် “ပျော်တယ်”ဟု ကျယ်ကျယ် လောင်လောင် အော်ဟစ်ပစ်လိုက်တော့၏။ အခါပေါင်းများစွာ...။

ပြီးတော့၊ မြက်ခင်းပေါ်လှဲအိပ်ကာ မိုးကောင်းကင်ကို မော့ကြည့်တော့ နှင်းမှုန်တို့ပိတ်သော ကောင်းကင်၏ အလင်းက သူ့ကို မျက်စိမကျိန်းစေခဲ့။ သင့်တင့်သောအလင်းမှာ နှင်းမှုန်တွေ ထုထည်လိုက် ရွေ့လျား သွားတာကိုပင် သူမြင်နေရ၏။ ပြီးတော့ မျက်စိအေးစရာ... ကြည့်စမ်းပါဦး... သူမြင်ခဲ့ရသည့် ကောင်းကင် အပြာနှင့် စိန်ပန်းပြာ၊ ပြီးတော့ တောင်တန်းရဲ့အပြာ... အပြာတွေ၊ ပြီးတော့၊ သူ ကိုယ်တိုင် ခံစားခဲ့ရသည့် အေးချမ်းခြင်းအပြာ၊ မြက်ခင်းတို့သည်ပင် အစိမ်းထက် အေးချမ်းသော အပြာနှင့်ရောသည့် စိမ်းပြာ၊ သိပ်သိပ်သည်းသည်း ပန်းခင်းတို့သည်လည်း အရောင်အားလုံး ရောထွေးခြင်းဖြင့် ပြာမှိုင်းနေမည်။

နောက်တော့၊ ငှက်တွေကလည်း အပြာသန်းနေ၏။ အားလုံးဟာ အေးချမ်းလို့၊ ငြိမ်သက်လို့။ ဒါတွေကို ခုပြန်တွေးကြည့်တော့ ခုပင် ပန်းချီရေးချင်လာသည်။ ဘယ်လောက် ရေးရ ရေးရ မရိုးနိုင်သော ပန်းချီကားပေါ့။ ပြီးလျှင်တော့ “အပြာသက်ငြိမ်”လို့အမည်ပေးချင်သည်။

အဲဒီလို လှဲအိပ်နေဆဲပင် ပတ်ဝန်းကျင်က ငြိမ်သက်သွားခဲ့သည်။ ခုပြန်တွေးကြည့်မိမှ အဲဒီ ငြိမ်သက်သွားမှုက ပတ်ဝန်းကျင်ရဲ့ ငြိမ်သက်မှုထက် သူ့စိတ်နှလုံးအထဲမှ ငြိမ်သက် အေးစိမ့်သွားခြင်းပဲဖြစ်မည်ဟု ထင်လာသေး သည်။ အဲဒီလို ငြိမ်သက်နေဆဲ၌ပင် သူ့အာရုံမှာ ရေစီးသံသဲ့သဲ့ ကြားလာသည် ထင်၏။

အို... သူ့အာရုံကြောတွေ ရှိန်းမြလာပြီ။ သူ အာရုံစိုက်သထက်စိုက်လိုက်တော့ ရေပလုံစီသံတွေပင် ကြားလာ ပြန်၏။ သူသည် လှဲနေရာမှ အသာထလိုက်သည်။ ပြီးတော့၊ သစ်ရွက်တစ်ရွက် လေမှာလွင့်သော ပေါ့ပါးမှုမျိုးဖြင့် အဲဒီ ရေသံရှိရာ သူရွေ့လာခဲ့သည်။ ကြည့်စမ်းပါဦး... အံ့သြဖို့ကောင်းလိုက်တာ၊ သူ့အာရုံတွေဟာ အဲဒီလောက် ပါးနပ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ဖူးချေ။ သူနှင့်ခြေလှမ်း အလှမ်းနှစ်ဆယ်စာလောက်ရှိ တောင်ကုန်း၏ အောက်ခြေမှာ တွေ့လိုက်ရသော စမ်းချောင်းကလေးက သူ့အာရုံတွေ၏ ပါးနပ်ခြင်းကို အတည်ပြုပေးလိုက်၏။


သူသည် အညှို့ခံနေရသူလို စမ်းချောင်းကလေးဆီ ရောက်သွား၏။ တောင်ကုန်းကလေးကို ရစ်ခွေပြီး စီးနေသော စမ်းချောင်းကလေး...၊ အဲဒီစမ်းကလေးကို မျှော်ကြည့်လိုက်တော့ ခပ်ဝေးဝေးကတောင်တွေကြားမှာ ကွေ့ဝိုက်ရင်း ပျောက်ကွယ်သွား၏။ ကြည်လင်စွာဖြင့် ညင်ညင်သာသာ စီးဆင်းနေသော စမ်းကလေး။ စမ်းကလေးဘေးမှာထိုင်ပြီး စမ်းရေထဲ ငုံ့ကြည့်လိုက်တော့ ကျောက်စရစ်ရောင်စုံတို့နှင့် ပျော်မြူးနေသော ရွှေငါးတွေ...၊ ပန်းရောင်စုံ တို့ကဲ့သို့ နုနွဲ့သော၊ လန်းဆန်းသော၊ အရောင်တို့ဆန်းပြားသေားငါးကလေးတွေ...၊ စမ်းချောင်း ကလေးထဲ ဆင်းကြည့်တော့ ရာသီဥတုနှင့် ရေမြေ၏ သဘာဝအအေးထဲမှာ ဆန်းပြားလှစွာ စမ်းရေကတော့ နွေးနေခဲ့၏။ သူ့ခြေဖ၀ါးကို ငါးကလေးတွေ တိုးလို့...၊ သူ့လက်နှင့်အုပ်ဖမ်းတော့ ငါးကလေးတွေ၏ စိုနွေးနွေးကိုယ်လုံးကလေးတွေက ချစ်ခင်ရင်းနှီးဖွယ်..။

တကယ်တော့၊ အဲဒီ မြင်ကွင်းအားလုံးကို အနှစ် နှစ်ဆယ်လုံးလုံး သူပန်းချီကားများစွာ ဖန်တီးခဲ့ပြီဖြစ်သည်။ ပြီးတော့ အဲဒီတုန်းက အပျော်သည် ခုထိတိုင် နောက်ထပ်တခါမှ မရဖူးတော့သော အပျော်လည်းဖြစ်ပြီး သူ့အတွက် အိပ်မက်လဲဆန်လှသည်။ တကယ်တော့၊ နမ့်ဟူးတောင်းက သူ့အတွက် ကောင်းကင်ဘုံကလေး တစ်ခုလိုပဲဖြစ်သည်။ အဲဒီ ကောင်းကင်ဘုံထဲမှာ ဘယ်လိုဝေဒနာမျိုးမှ ရှိမနေခဲ့ပေ။ ပြီးတော့ ခုထိတိုင် တန်ဖိုးရှိဆဲ...။ အဲဒီပန်းခင်းတွေထဲက မြေစိုက်အိမ်ကလေးထဲမှာတော့ အဖေ့မိတ်ဆွေ သိပ်ချစ်စရာ ကောင်းသည့် ရှမ်းမိသားစုရှိ၏။ နောက်တော့ သူ့ကိုဆွဲဆောင်လှသည့် နူးညံ့ပျော့ပြောင်းသော ရှမ်းထမင်းနှင့် အိမ်ဖြစ် တို့ဟူးကြော်တွေ၊ ဂေါ်ဖီပန်းပွင့်၊ ဆလတ်နှင့်ခရမ်းချဉ်တို့ကို ငရုတ်စိမ်းနိုင်နိုင်ဖြင့် အစိမ်းသုတ် ထားသော ဟင်းရံတွေ၊ ရှမ်းခေါက်ဆွဲနှင့် တို့ဟူးနွေးတွေ၊ လတ်ဆတ်သော ဂျူးမြစ်ချိုချိုတွေ စားရတာလည်း သူသတိရသည်။ အဲဒီထမင်းဝိုင်းမှာ ရိုးသားလှသော ရှမ်းမိသားစုနှင့်အတူ ထမင်း မြိန်မြိန်စားရသည်ကိုလည်း သူပန်းချီရေးဖူးသေး၏။ ပြီးတော့ “သုခဘုံမှ နံနက်စာ”ဟု အမည်ပေးခဲ့သည်။

ပြန်တွေးလျှင်တော့ သူက အဲဒီနမ့်ဟူးတောင်းက လေပြေ၏ရနံ့ကိုပင် ချက်ချင်း ခံစားလာရသေး၏။ ထင်းရူးနံ့ များသော်လည်း စိမ်းစိုသည့်ရနံ့တမျိုး ပိုကဲသောလေပြေ၊ ခုထိတိုင် ပြန်ရှာမတွေ့နိုင်သော ရနံ့၊ ဘ၀မှာ မကြာခဏ တမ်းမက်ရသော ရနံ့လည်း ဖြစ်သည်။

+++++

နောက်ပိုင်းမှာတော့... အလွန်ခံစားလွယ်သလောက် ခံစားတတ်လွန်းစွာသော သူသည် မြို့ပြ၏ ဖိစီးမှုထဲမှာ တကယ့်ဝေဒနာသည်ဖြစ် လာတော့သည်။ အနုပညာသည်ဆိုတာ ခံစားလွယ်ရတယ်... ခံစားမှုအား ကောင်းရ တယ်ဟု ယုံကြည်သောအခါ သူသည် ရောင့်ရဲနိုင်မှုဆိုတာနှင့်ပင် ဝေးလာခဲ့သည်။ တကယ်တော့၊ သူက အနုပညာသမားစစ်စစ်ဆိုတာ ရောင့်ရဲပီတိဖြင့် လောကကို အချစ်နှင့်သာ မြင်တတ်သည်ဆိုသော အချက်ကို တော့ မေ့ထားတတ်သူသာ ဖြစ်သည်။ ထိုအခါ... သူ့ဘ၀မှာ စိုင်းခမ်းလိတ်၏ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ”ကို မကြာခဏ အော် အော်ဆိုရသော ရက်တွေ များလာတော့သည်။

+++++

မြို့ပြရဲ့ရက်တွေထဲမှာ သူသိသည်က ခြိုးခြံရခြင်းတွေ၊ သည်းခံရခြင်းတွေ၊ မျိုသိပ်ရခြင်းတွေသာ ဖြစ်သည်။ သူသည် ဘစ်ကားကျပ်သည်ကိုပင် ငိုချင်တတ်သူဖြစ်ရာ အရသာငတ်သည့် အခါ မှာကား ဘ၀ဆိုတာ ဒုက္ခဘုံပဲဟုသာ ညည်းတွားမိတော့သည်။ သူက အရသာမက်သူပေကိုး။ သူက အစားအသောက် မက်၊ အနုပညာ၌ စွဲမက်သူပီပီ စိတ်ငြိမ်းချမ်းသာကိုလည်း မက်၏။ တကယ်တော့ သူက အတ္တကြီးသူသာ ဖြစ်သည်။ ထိုအခါမှာတော့ သူက အနုပညာသမားဆိုတာ အတ္တကြီးတယ် ဟုပင် သူ့ဘာသာ ကြွေးကြော်မိသေး၏။

သူ့မှာ လိုချင်ခြင်းတွေလည်း များလှစွာသည်။ လူပီသစွာပင် အရောင်အသွေးစုံအ၀တ်အထည် အလှအပတွေ လိုချင်...၊ ကျောက်မျက် စိန်ရွှေတွေ လိုချင်...၊ နောက်ဆုံးပေါ်ကား စီးချင်...၊ အစားကောင်းတွေ စားချင်...၊ သို့ပေမဲ့ ထိုအရာတွေ သူနှင့်အလှမ်းဝေးလှသည်ကို သူသိသည်။ သူသည် အိပ်မက်တွေထဲမှာပင် ထွက်-ထွက်ပြေးချင်လာ၏။ အဲဒီတလောမှာတော့ သူမက်သော အိပ်မက်တွေက တပုံစံတည်းဖြစ်သည်။ သူက အိပ်မက်တွေထဲမှာ အမောတကောပြေးကာ တောင်ကုန်းတစ်ခုပေါ် တက်နေသတဲ့။ တက်လို့ပဲမဆုံးတော့။ သူ မောသထက်မောကာ.. လန့်နိုးတော့၊ ဘ၀၏ လိုချင်ခြင်းအမောထဲမှာ သူက လက်ပန်းကျနေခဲ့ပြီ။

နောက်တော့ ဘ၀ထဲမှာ မှန်းသမျှ မရနိုင်တော့တာကို သူ သိသထက် သိလာသောအခါမှာတော့ သူက သူဘ၀အတွက် လုံလောက်သမျှ အတိုင်းအတာကလေးကိုသာ တောင့်တတော့သည်။ သူက ရောင့်ရဲစွာ အရာရာခြိုးခြံနေနိုင်ဖို့ ကြိုးစားကြည့်တော့၏။ အဲဒီအခါမှာ သူမက်သော အိပ်မက်တို့က အိပ်ပျော်နေရင်းမှာပင် သူ့အပေါ် ကမ္ဘာကြီးပြိုကျလာပြီး သူအသက်ရှူကျပ်ကာ လန့်နိုးရသော အိပ်မက်တို့သာဖြစ်ပြီး၊ လန့်အနိုးမှာတော့ သူတကယ်ပဲ အသက်ရှူ ကျပ်လာ တော့သည်။

အဲဒီရက်တွေမှုာတော့ နမ့်ဟူးတောင်းက လူတွေရဲ့မျက်နှာတွေကို သူ ပြန်သတိရလာသည်။ အင်မတန် ကြည်လင်အေးချမ်းသော မျက်နှာများ၊ သူတို့တွေသည် တီဗွီမမက်၊ မော်တော်ကား မမက်၊ ဂြိုလ်တု အသံဖမ်းစက် မမက်၊ ကြေးအိုး မမက်၊ ဒန်ပေါက် မမက်၊ ကြက်သား ၃၂၀-ဈေး မမက်၊ ၀က်သား၂၈၀-ဈေး မမက်၊ အကောင်းဆုံးကတော့ ငွေစက္ကူတို့၏တန်ဖိုးကိုပင် မမက်။ အဲဒီနေရာမှာ ဘာကိုမက်ရမှန်းမသိစွာ၊ သူတို့တတွေက ခင်မင်လို့ရောက်လာသူတို့ကို လှိုက်လှဲ နွေးထွေး ကြိုလို့၊ ဧည့်ဝတ် ကျေပြွန်ဖို့ကိုသာ မက်သောနေရာ...၊ ထိုပတ်ဝန်းကျင်မှာတော့ လူသား၏ ပကတိတန်ဖိုးကိုပင် သူ တွေ့နိုင်လိမ့်မည်ဟု ထင်လာသည်။

သူရပ်တည်နေရသော မြို့ပြပတ်ဝန်းကျင်ကလေးထဲမှာတော့ သူ့အတွက် လူတစ်ယောက်၏အခန်း ကဏ္ဍနှင့် ဘ၀၏တန်ဖိုးဆိုတာက ကျဆင်းလာသည်ဟု ထင်လာခဲ့ပြီ။ စားစရိတ်၊ နေစရိတ်၊ မိသားစုစရိတ်တွေက သူ့ကို ဖိစီးသထက် ဖိစီးလာပြီ။ သူ ပန်းချီတွေပင် ဖြောင့်ဖြောင့် မရေးနိုင် တော့။ ဘ၀ရဲ့ရှင်သန်ခြင်းအတွက် အဓိကလိုအပ်ချက်ဟာဘာလဲ ဟု သူ မကြာခဏ တွေးတတ် လာခဲ့ပြီ။ သူ့ပတ်ဝန်းကျင်မှာ ခြောက်သွေ့သော အရောင်တွေ များလာသည် ထင်၏။ လူတွေရဲ့ မျက်လုံးတွေ၊ အသားအရေတွေ၊ ပါးစပ်တွေ၊ လက်ချောင်းတွေ၊ ခြောက်သွေ့အက်ကွဲ...။ သစ်ပင်ပန်းမာလ်တွေ ခြောက်သွေ့အက်ကွဲ၊ သူကိုယ်တိုင် အလဲအကွဲ။

ထိုတလောမှာတော့ သူမက်သောအိပ်မက်တို့က စာမေးပွဲဖြေကာနီးမှ ကားမမီလိုက်တာတို့... နာရီမှားနေတာ တို့... လမ်းမှား သွားတာတို့...အခန်းပျောက်နေတာတို့ ဖြစ်နေတော့သည်။

+++++


ခုချိန်မှာ စိမ်းစိုအေးချမ်းကာ ငြိမ်သက်ကြည်လင်သော ပကတိပြည့်စုံသည့် ပန်းခင်းပြင်ကျယ်ထဲမှာ လျှောက်ပြေးလိုက်ရရင်တော့ဖြင့် သိပ်ကို ပေါ့ပါးပျော်ရွှင်သွားရလိမ့်မည်ဟု သူယုံကြည်သည်။ ပြီးတော့၊ စမ်းရေစီးသံကို နားထောင်ရင်း သာယာခြင်းထဲမှာ သူ့ကိုယ်သူ နှစ်စိမ်မည်။ မြက်ခင်းပေါ် လှဲအိပ်ရင်း ကောင်းကင်ပေါ်မော့ကြည့်ကာ စိတ်အေးစေမည့်အပြာ၏ အေးမြခြင်းထဲမှာ သူ့ရဲ့ပျောက်ဆုံးသွားသော ကောင်းကင်ဘုံကို မြင်ယောင်ခံစားမည်။ အဲဒီအရာအားလုံးနှင့် ပြည့်စုံလျှင်တော့ သူက လေ၌လွင့်မြောသူလို ကိုယ့်စိတ်ကိုဖော့ထားပြီး တောင်တန်းတွေနှင့် မျက်နှာချင်းဆိုင်ကာ အားရပါးရဟစ်အော်ရယ်ရင်း “ပျော်တယ်”ဟု အသံကုန်ဟစ်ကြွေးမည်။ အဲဒီအခါမှာ တောင်တန်းတွေဆီက ပြန်လာမည့် ပဲ့တင်သံထဲမှာ ယုံစားကာ တလောကလုံး အပျော်နှင့်သာ လွှမ်းတော့သည်ဟု သူယုံလိုက်နိုင်တော့မှာ သေချာလှသည်။ ထိုအခါ... တခါတရံမှာတော့ လှည့်ဖျားခံရခြင်းက ဘ၀ကို သာယာပျော်ရွှင်စေသည်ဟုပင် သူက ယူဆမိ တော့သည်။

+++++

သို့ပေမဲ့၊ အဲဒီ လိုအပ်ခြင်းဆိုတာတွေနှင့်ကင်းသော...၊ လိုချင်စရာ ပကာသနတို့မရှိသော...၊ အတုအယောင် တို့နှင့် ဝေးသော...၊ ရှားပါးခြင်းဆိုတာကို မကြားရသော...၊ ရောင့်ရဲပြီးသားပီတိနှင့် အလိုပြည့်သော...၊ အဲဒီ ရွာကလေးကို တကယ်ရောက်အောင် သွားဖို့ဆိုတာမှာတော့ သူက သူကိုယ်တိုင် အသားတကျ ဖက်တွယ် ထားခဲ့ပြီးဖြစ်နေသော မြို့ပြ၀တ်ရုံများကို ခွာချပစ်လိုက်နိုင်ဖို့ အတွက် အတော်ကြိုးစား ရဦးမှာဖြစ်သည်။

လူဆိုတာမျိုးက ရနိုင်ခဲလေ တပ်မက်လေ...တဲ့။ ထိုအခါ... တကယ်တမ်း စွန့်ခွာရခက်သော မြို့ပြ၀တ်ရုံများ ကြောင့်ပင် ရရန်ခက်နေသည့် “နမ့်ဟူးတောင်းရွာကလေးဆီသွားနိုင်ခွင့်”ကို သူပို၍ တပ်မက် စွဲလန်းတော့ သည်။

သို့နှင့်ပင်..... ခုတလောမှာတော့ သူက နမ့်ဟူးတောင်းရွာကလေးဆီသို့ သတိရ လွမ်းဆွတ်ခြင်းများနှင့်အတူ အတွေးတွေထဲမှာ ပြေးပြေးသွားခြင်းဖြင့်သာ သူ့ကိုယ်သူ လှည့်ဖျားနေရတော့သည်။

မေငြိမ်း
ဂျီအီးစီမဂ္ဂဇင်း၊
၁၉၉၄-ဇန်န၀ါရီလ

8 comments:

တန်ခူး said...

'မ' ရေ...နမ့်ဟူးတောင်းရွာကလေးဖျားယောင်းပုံများ ခုပဲမြို့ပြဝတ်ရုံတွေ လွှင့်ပစ်ချင်သွားတယ်။ လွမ်းလောက်စရာ၊ တမ်းတစရာပါ။ ဓာတ်ပုံလေးတွေက တကယ့်နမ့်ဟူးတောင်းရွာကလေးပုံတွေလားဟင်။

Sint said...

Thanks for sharing. I live in kyaut Me for a couple of years. I love it there.Your post bring me back all the memories.

Kijar said...
This comment has been removed by a blog administrator.
မေငြိမ်း said...

မတန်ခူးရေ.. နမ့်ဟူးတောင်းက ခုချိန်မှာတော့ ဘယ်လို ပြောင်းလဲနေပီလဲ မသိပါ..။ ဒါပေမဲ့ ကျမ ၀တ္ထုထဲမှာ နမ့်ဟူးတောင်းဆီက သိပ်ချစ်စရာကောင်းတဲ့ ရှမ်းလူမျိုး တွေရဲ့ ဓလေ့ စရိုက်တွေတောင် မပါသေးပါ။ တကယ့်ကို လွမ်းစရာ ပါပဲလေ..။ ဓါတ်ပုံတွေက အင်တာနက်ထဲ ကပါ.. အဲဒီပုံတွေ တွေ့ကတည်းက နမ့်ဟူးတောင်းနဲ့ တူလိုက်တာလို့ ခံစားခဲ့ရတာမို့ တင်ပေးလိုက်တာပါ..။ အမြဲ လာဖတ်ပြီး comment သေချာပေးတဲ့ မတန်ခူးကို ကျေးဇူးးးးး

မေငြိမ်း said...

sint,ရေ..
ကျမလည်း အသက်၁၀နှစ်ဝန်းကျင်လောက်က မြင်ခဲ့တဲ့ မြင်ကွင်းတွေဖြစ်ပေမဲ့ ခုထိ ကျောက်မဲ သီပေါ နောင်ချိုမြို့တွေတ၀ိုက်ကို သတိရတုန်း.. တမ်းတတုန်းးး အရောက်ပြန်ချင်တုန်း။ ကျောက်မဲနဲ့ ပတ်သက်ရင် စိန်ပန်းပြာပင်တွေနဲ့ လက်ဘက်ခင်းတွေကိုတောင် လွမ်းရတာပါ...။ ကျောက်မဲမှာ နေခဲ့ဖူးသူတယောက် ကျမစာလေးဖတ်မိတာအတွက်လည်း ကျေးဇူးပါ..။

Sint said...

I was there in early 2005. My parents fall in love with Shan state and they live in Naung Cho after retired. I try to visit Kyaut Me when ever I visit my parent. Some part of town are changed. Especially, near the old cinema ( Sein Wai Lian, near rail way station ).

As for "Tagu" question, wild yellow sunflower and other flower are there, I think, the stream has less water now. They still grow paddy field likes steps.

Sai OK, Sean said...

Reading about Shan State! Reading about Kyaukme! I felt goose bumps all over.

Though it was not really my native, growing up my teen years there I always described this serene, quiet, peaceful, lovely and charming town as mine.

Thank you May for putting up this old-but-gold story.. it really make me travelling back to Kyaukme and miss everything Kyaukme. Hope to read something more about Kyaukme.

ကောင်းကင်ကို said...

ဝတ္ထုလေးဖတ်သွားပါတယ် ဆရာမ။ ရွာကလေးက လှလိုက်တာဗျာ။
ပျော်ရွှင်သော နှစ်သစ် ဖြစ်ပါစေ။း-)