Mar 3, 2008

ဖြန့်ဝေခြင်း(၆၅)

ှ
ကြိုက်လို့ ဖြန့်ဝေချင်လို့ Sowha1 ဆီက ယူလာတဲ့ post လေးပါ..။



"ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု"

အဲဒီမှာ... ကလေးတွေအတွက် စာသင်ခုံတွေ အလုံအလောက်မရှိပေမဲ့
အလုပ်လက်မဲ့တွေအတွက် ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။

အဲဒီမှာ... ကမ္ဘာကြီးနဲ့ ၀င်ဆန့်ဆက်ဆံဖို့ အင်တာနက်ကဖေးတွေ မရှိပေမဲ့
ကိုယ့်နွားခြေရာခွက်ထဲမှာ တကိုယ်တော်ရွက်လွင့်ဖို့ စည်ဘီယာဆိုင်တွေ ရှိတယ်။

အဲဒီမှာ... အိပ်မက်တွေအတွက် မနက်ဖြန်မရှိပေမဲ့
ဒီနေ့အတွက် နှစ်လုံးထီရှိတယ်။

အဲဒီမှာ... ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့ ရောင်းကောင်းရောင်းဝယ် ဈေးကွက်မရှိပေမဲ့
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့ အပေါင်ဆိုင်တွေ ရှိတယ်။

အဲဒီမှာ... (မရှိပေမဲ့).............( ရှိတယ်)
ခေတ်မီ တိုက်လေယာဉ်ကြီးတွေရှိတယ်...
ကြံ့ဖွံ့ရှိတယ်...ဖယောင်းတိုင်ရှိတယ်။
ကြားကားရှိတယ်... ဂြိုလ်တုလောင်းကစားရှိတယ်။
ဘောလုံးနဲ့ ဘင်လာဒင်ကို ဘုရားစင်မှာ တင်ထားတဲ့ ဂျာနယ်တွေရှိတယ်။
ဖွင့်ထားတဲ့ ကြယ်ငါးပွင့် ဟော်တယ်ကြီးတွေ ရှိတယ်။

ပြီးတော့... သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့ တရားဥပဒေ ရှိတယ်။
ရေဒီယိုနဲ့ ကောလဟာလ ပေါင်းထားတဲ့ မျှော်တလင့်လင့် နိုင်ငံရေး ရှိတယ်။
စာပေစိစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ရှိတယ်။

ပြီးတော့... ဗိုလ်ချုပ်ကြီးတွေက...အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေ ပျောက်မလားလို့ တံတားတွေ ဆောက်ထားတာ ရှိတယ်။
မြို့ပြင် လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့ တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ် ကင်းစောင့်နေတဲ့ အေးချမ်းစွာ ပညာသင်ကြားရေး ရှိတယ်။

ပြီးတော့... အိမ်ထဲက အိမ်ပြင် မထွက်ရဲတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့လူတစ်ယောက် ရှိတယ်။

ပြီးတော့... တရုတ်တန်းဖြစ်သွားတဲ့ နန်းတော်တစ်ခုရှိတယ်... ရှိတယ်...


4 comments:

cd said...

Dear Ma May Nyane,
I wish to see a real blog of an Artist without political staff.
I wish I could see one day.Something like Literature, modern literature,poem blog. You know a lot about art and literature and I encourage you to write a blog about art too.WITHOUT POLITIC.But anyway it's just a wish from your reader, the rest is up to you. But I want you to write.The great writer of our time shouldn't be dead like this.

မေငြိမ်း said...

cd,
ဘာပဲဖြစ်ဖြစ် အားပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ စာရေးဆရာတယောက်ဟာ သူခံစားနေရတာကိုပဲ ရေးမှာ သေချာပါတယ်၊ လောလောဆယ်တော့ ကျမကို ဖိစီးနေတာက နိုင်ငံ့အရေးပါ...။ နိုင်ငံရေးရေးလို့ ရသသေတယ်လို့ ကျမ မယုံပါ။ စိတ်ခံစားချက်မသေဖို့သာလိုတာပါ။ ကျမခံစားချက်အတိုင်း ရေးနေတာပါပဲ..။ အကြံပြုတာ ကျေးဇူးပါ..။

May Burma said...

အိမ်ထဲကမထွက်ရတဲ့လူကိုသိတယ်

အိမ်ထဲကမထွက်ရဲတဲ့လူက ဘယ်သူပါလိမ့်

သူ့ ရန်သူတွေကိုပြောလား

ရေးထားတဲ့ အချက်တွေတော်တော်မှန်ပါတယ်။

Min Min said...

တီရေ။ ခုချိန်မှာ အရာအားလုံးဟာ အရေးကြီးနေတာပါ။ ကျွန်တော်တို့ဟာ အားလုံး ဘာမှမရှိတော့တဲ့ ပြည်သူတွေပါ။ အတတ်ပညာတွေလည်း ခေါင်းပါး၊ အရာရာပါပဲ။ ဒီတော့ ကျွန်တော်တို့ ဘလော့ရေးနေတယ်ဆိုတာလည်း၊ အလုပ်လုပ်နေသလို တစ်ယောက်ယောက် ခိုင်းတာကို လုပ်နေတာမဟုတ်ပါဘူး။ ကိုယ်စိတ်ပါရာကို ရေးချနေကြတာပါ။

ဒီဘလော့ကြီးကို အလုပ်သဘောမျိုးကြီး တစ်ခုတည်း ရပ်တည်းပြီးတော့ ရေးသားဖို့ မဟုတ်ပါဘူး။ အကြောင်းအရာ ပေါင်းစုံပါနိုင်ပါတယ်။ ကျွန်တော့ ဘလော့ ကိုတောင် သူငယ်ချင်းတစ်ယောက်က ပြောတယ် နိုင်ငံရေးကြီးပဲတဲ့၊ ကျွန်တော်ထင်တာတော့ ခု နိုင်ငံရေး ငြိမ်းချမ်းမှ ပညာရေး လာလို့ ရတယ်လို့ နားလည်ထားတယ်။ ဘယ်လောက်ကောင်းတဲ့ ပညာရေး သိရှိနေသူတွေ ရှိနေပါစေ၊ နိုင်ငံရေး မကောင်းနေသေးသရွေ့ .. ဘယ်လိုမှ အကောင်အထည်ဖော်လို့ ရမှာမဟုတ်ပါဘူး။