ဇာတိမြေ (သို့မဟုတ်) အိမ် အကြောင်း..တဲ့ ။ ဂျီးဒေါ်စိုးဝှက်က Tag လုပ်တော့ ရေးဖို့ စဉ်းစားရတော့တာပေါ့။
တကယ်ကတော့ လင်းလက်ကြယ်စင်လေးပြောသလိုပဲ 'ဘ၀လက်တွဲဖော်' ဆိုတာလေး အရင်ရေးချင်တာ..:D ။ ဂျီးဒေါ်က လောဘတကြီးနဲ့ နှစ်ပုဒ်ဆက်တိုက် Tag တော့လည်း တတ်နိုင်ဘူးလေဆိုပြီး စာရင်းရှင်းရ တော့တာပေါ့။ ဒါမဲ့ ပြဿနာက ကျမရဲ့ တကယ့် ဇာတိမြေအစစ် မဟာရန်ကုန်ကြီးကို ကျမက မစွဲလန်းတာပါပဲ။ ဒါဖြင့် ကျမက ဘယ်ကိုစွဲလန်းလဲ ဆိုတော့.....။
အဖေနဲ့အမေက ပုသိမ်ဇာတိဖြစ်ပေမဲ့ အိမ်ထောင်ဦးမှာတော့ ရန်ကုန်မြို့နဲ့ လှိုင်မြစ်(ရန်ကုန်မြစ်)ကြီးခြားနေတဲ့ သန်လျင်(တညင်)မှာ အိမ်ငှားနေရပါတယ်တဲ့။ အမေက ကျမကို သန်လျင်(တညင်)က မြို့ဟောင်းလမ်းမှာ နေတုန်း ကိုယ်ဝန်ရတယ်တဲ့။ အဲဒီတုန်းက အဖေ နဲ့ အမေ ငှားနေတဲ့ အိမ်ကလေးဘေးမှာ မြရာပင်တွေ ၀ိုင်း လို့တဲ့..။ အဖေက သိပ်သဘောကျတာတဲ့။ လမ်းထိပ်နား ထွက်လျှောက်လိုက်ရင် မွေ့နွန်းကုန်းတဲ့။ ဒဏ္ဍာရီထဲမှာ ရှင်မွေ့နွန်းက မင်းနန္ဒာရှိတဲ့ ဒဂုန်မြို့ကြီးဘက် ထွက် ထွက် မျှော်တဲ့ ကုန်းဆိုပဲ။ သန်လျင်ကို အဖေက တဖွဖွ ပြော လွန်းလို့ ကျမ လူကြီးဖြစ်မှ အဲဒီ အဖေနဲ့အမေ အိမ်ထောင်ဦးတုန်းကနေခဲ့တဲ့ ကျမကို ဇာတိတည်စေခဲ့ တဲ့ အိမ်နေရာလေးနဲ့ မွေ့နွန်းကုန်းကို သွားကြည့်ဖြစ် အောင် ကြည့်ခဲ့တယ်။ အိမ်ဟောင်းလေးက ယိုင်တောင် နေပြီ။ တကယ်ပဲ မြရာပင်တွေ ပတ်လည်ဝိုင်းလို့။ အံ့သြစရာကောင်းတာက ဘ၀ထဲ စိတ်အကျဉ်းအကျပ် ကျ လွန်းပြီး တနေရာမှာ ပုန်းနေလိုက်ချင်စိတ်ပေါက်တဲ့ အခါတွေဆို.. ဘာလို့မှန်းမသိ.. အဲဒီ အိမ်လေးကို အမြဲ သတိရတတ်တယ်.. လွမ်းနေမိတတ်တယ်။
နောက်တော့ ကျမအသက် ၉နှစ်သမီးမှာ အဖေ့အလုပ် တာဝန်နဲ့ ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့ကလေး ကို ပြောင်းရတယ်။ စနေတနင်္ဂနွေနဲ့ ရုံးပိတ်ရက် ဆက်တာ ကြုံပြီဆို အဖေက သီပေါတို့ လားရှိုးတို့ နောင်ချိုတို့ တနေရာစီ လိုက်ပို့တတ်တယ်။ အဲဒီ မြို့လေးမှာ နေခဲ့ရတဲ့အချိန်တွေမှာ ကျမ သိပ်ပျော်တာပဲ။ တိုက်တိုက် ဆိုင်ဆိုင် အဖေငှားနေတဲ့ အိမ်မှာ ကျမတို့က 'ကြီးအိမ်'လို့ ခေါ်တဲ့ ရှမ်းလူမျိုး အဖွားတစ်ယောက် ရှိတယ်။ မိုးလင်း တာနဲ့ ဘယ်အချိန်ကြည့်ကြည့် သနပ်ခါးတွေဖွေး မွှေးနေ ပြီး ပြုံးနေတတ်တဲ့ ကြီးအိမ်ကို ကျမ တော်တော် ချစ်တာ။ မနက်လင်းပြီဆို.. ခေါပုတ်ကြော်.. ရေနွေးကြမ်း.. တို့ဟူး ကြော်..။ တခါတလေ.. တို့ဟူးနွေး.. ဆန်ခေါက်ဆွဲ...။ ကျမအကြိုက်ချည်းပဲပေါ့..။
အဲဒီ ကျောက်မဲနားမှာပဲ ကျမ အင်မတန်သဘောကျတဲ့ နမ့်ဟူးတောင်းဆိုတဲ့ရွာလေးလည်း ရှိသေးတာ..။ အဲဒီရွာကလေးမှာ ကျမချစ်တဲ့ မြို့မငြိမ်းက စစ်ရှောင်ရင်း လာနေခဲ့ဖူးတယ်လို့ နောက်ပိုင်းမှာ သိရတော့ ပိုကြွေသွားရသေးတယ်။ (အဲဒီ ရွာကလေးအကြောင်းရေးတဲ့ ၀တ္ထုတိုတပုဒ် တင်ပေးဖို့ရှိလို့ အကျယ် မရေးတော့ ဘူးနော်)။ ခုထိ မနက်မိုးလင်း အိပ်ယာအနိုးမှာ နေရောင်လင်းလင်းအောက်မှာပဲ ရာသီဥတုလေးက အေးစိမ့်စိမ့် ဖြစ်နေရင်.. ကျောက်မဲ မနက်ခင်းတွေ နမ့်ဟူးတောင်ရွာကလေးရဲ့ မနက်ခင်းတွေကို သတိရတုန်း။ ကျောက်မဲအိမ်ကလေးက ကောက်ညှင်းလဘက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်းပူပူနဲ့ ခေါပုတ်ကြော်ကို သတိရတုန်း..။ လွမ်းတုန်းပါ..။
နောက်တော့ ကိုယ်တိုင် တက္ကသိုလ်မှာ ဆရာမဖြစ်ပြီးတော့ ရာထူးတိုးချိန် နယ်ပြောင်းရမယ်ဆိုတော့ ကိုယ် ပြောင်းချင်တဲ့နေရာတောင်းလျှောက်ရမယ်တဲ့..။ အဲဒီမှာ အင်မတန် စိတ်ကူးယဉ်တဲ့ ကျမက ဘယ်ပြောင်း ရမလဲ ရွေးမရဖြစ်နေခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ အချိန်လေးမှာပဲ ကိုညီထွဋ်(ဇော်ဝင်းထွဋ်)က ဘားအံ မှာ Stage Show ဆိုပြီးပြန်လာခါစ။ ကျမကို 'ဘားအံကို လျှောက်ပါလား..'လို့ အကြံပေးပါတယ်။ "ဘားအံက ရန်ကုန်နဲ့လည်း နီးတယ်.. ကရင်လူမျိုးတွေရဲ့ မျက်လုံး တွေကလည်း တကယ့်အဖြူထည်.. ရိုးသားတာ သစ္စာ ရှိတာကို ဖောက်မြင်နေရတယ်.. မိုက်တယ်.. အဲဒီကို သွားပါလား.. " တဲ့။
ကျမကလည်း ကိုယ့်နိုင်ငံထဲ နေရာတော်တော်များများ ရောက်ဖူးပေမဲ့ ရန်ကုန်နဲ့ ဘယ်လောက်မှ မဝေးတဲ့ ကရင်ပြည်ကိုကျတော့ မရောက်ဖူးသေး။ ဒါနဲ့ပဲ ဘားအံကောလိပ်ကို ရောက်ဖြစ်ခဲ့ရတော့တာ။ (အဲဒီမှာ ကလေးတို့အဖေနဲ့ တွေ့ပြီး ဖူးစာဆုံတော့တောင် ကိုညီထွဋ်ကြောင့်ပေါ့လို့ လွှဲချလိုက်သေးတယ်.. :P)။ အဲဒီနောက်တော့ တကယ်ပဲ စွဲလန်းသွားရတဲ့.. ဘားအံ ကောလိပ် ကျောင်းဝင်းလေးရယ်.. ကျမ နေရတဲ့ အိမ်ဝင်းလေးရယ်.. တကယ်ပဲ ဖြူစင်ပြီး ချစ်စရာကောင်း လှတဲ့ တပည့်လေးတွေရယ်.. ကုန်းတက်ကုန်းဆင်းတွေနဲ့ လှပသာယာတဲ့ ဘားအံမြို့လေးရယ်.. မှော်ဆန်တဲ့ ပုံသဏ္ဍန်ရှိတဲ့ ဇွဲကပင်တောင်ကြီးရယ်.. စိတ်ကူးယဉ် ဆန်တဲ့ သံလွင်မြစ်ကြီးရယ်.. ပြီးတော့ ဆရာခမ်းလိတ်နဲ့ ဘိုထီးတို့ရဲ့ "သံလွင်ချောင်းခြား အမှာစကား" သီချင်း တစ်စ..ရယ်။ ။
ဘာပဲပြောပြော.. အဲဒီမှာ ကျမ တသက်စာ မေ့မရနိုင်စေမယ့် ဘ၀အိမ်လေးတခု ရှိခဲ့ဖူးတာ။ ခုထိ ပြန်တွေးတိုင်း လွမ်းပြီး မျက်ရည်လည်ရတုန်း..။ အဲဒီအချိန်လေးဆီ ပြန်သွားချင်တုန်း...။
နောက်တော့ သံလွင်မြစ်ကြီးကိုပဲ ဖြတ်ပြီးသွားရပြန်တဲ့ တောင်ညိုတောင်တန်းတွေရဲ့ နဘေး၊ မော်လမြိုင် တက္ကသိုလ် တောအုပ်ကြီးထဲက အိမ်ခန်းကလေး..။ တက္ကသိုလ်ဆိုတာကို တကယ် ဘုရားစူးကျိန်ပြောပြရမယ့် နေရာလေး။ သစ်ပင်အုပ်တွေနဲ့ လျှိုမြောင် စမ်းချောင်းနဲ့၊ အိမ်ရှေ့မှာ စိုက်ခင်းပိစိကလေးနဲ့။ မိသားတစု လုံးထွေး ပူးကပ်ပြီး အနေဆင်းဆင်းရဲရဲထဲ ပျော်ခဲ့ကြတာပါပဲ။ အဲဒါ လည်း ဇာတိမြေမဟုတ်ဘဲ လွမ်းရတဲ့အိမ်..။
ခုတော့ဖြင့်.. တကယ့်ဇာတိနိုင်ငံနဲ့ တကယ် ဝေးရပြီ ဆိုတော့.. ကျမဘယ်တုန်းကမှ လွမ်းစရာလို့ မထင်ခဲ့တဲ့ ရန်ကုန်မြို့ပြကိုလည်း လွမ်းရပါပြီ။ အဲဒီအခါ အိမ်အလွမ်းထဲမှာ ပုဂံ သဗ္ဗညုစေတီပေါ်က ကြည့်ရတဲ့ နေ၀င်ချိန်လည်း ပါတယ်။ တောင်ချွန်းတောင်ပေါ်ကနေ တောင်ကြီးမြို့ကို ဆီးကြည့်ရတဲ့ မြင်ကွင်းလည်း ပါ တယ်၊ မန်းလေး စိန်ပန်းရပ်ထဲက မြီးရှည်ဆိုင်လည်း ပါတယ်။ မေမြို့က စထော်ဘယ်ရီဖျော်ရည်လည်း ပါတယ်။ မိထ္ထီလာက နို့ခဲကြော်လည်း ပါတယ်။ ပျဉ်းမနားက ခရမ်း ချဉ်သီးယိုလည်း ပါတယ်။ ပဲခူးက မနီငါးဖယ်ချဉ်လည်း ပါတာပဲ။ ပြည်က ရွှေတောင်ခေါက်ဆွဲလည်း ပါသေး။ နှစ်တိုင်းနီးပါး ကျိုက်ထီးရိုးတောင်ဆီကို လူသွားလမ်း ကနေ ပျော်လည်းပျော် မောလည်းမောနဲ့ တက်ခဲ့တဲ့ အချိန်တွေကလည်း အမြဲတမ်းအတွက် အမှတ်တရအလွမ်းတွေပဲပေါ့။
ကဲ... သမီး စိုးဝှက်ရေ.. တကယ်တော့ ဇာတိမြေကို လွမ်းဟေ့ဆို ... တကယ့်ကို လွမ်းလောက်တဲ့ တနိုင်ငံလုံး ဘယ်လိုကုန်အောင်ရေးရပါ့..။ ခုထိကို လွမ်းနေရတာတွေ မကုန်နိုင်သေး..။ တကယ်တော့ အဲဒီမြေကပဲ ကျမတို့ရဲ့ လွမ်းစရာအိမ်ပဲ မဟုတ်လားလေ..။
မေငြိမ်း
၂၁မတ်လ၀၈။
(မော်လမြိုင်ကမ်းနားပုံလေးက ငစနေ့လက်ရာပါ)
9 comments:
ဆရာမရေ နေရာတော်တော်များများမှာနေခဲ့ဖူးတဲ့ဆရာမကို သမီးအားကျမိပါရဲ့ .. ။ သမီးဆို တိုင်းရင်းသားနယ်မြေတွေ တစ်ခါမှမရောက်ဖူးဘူး ။ ဆရာမရေးတာလေးဖတ်ပြီး မြန်မာပြည်တစ်ပြည်လုံးကို ပိုလွမ်းမိသွားပါတယ်။ အိမ်အကြောင်းပြီးပြီဆိုတော့ သမီးတို့ရေးချင်တဲ့ ဘ၀လက်တွဲဖော်အတွက် ခြေလှမ်းစလို့ရပြီပေါ့နော် :P ။
ကဲ... ဒီလောက်တောင် ရေးချင်နေတြ့ ဘ၀လက်တွဲဖော်ကို မြန်မြန်ရေးကြပါ... အားရပါးရကို ဖတ်ပစ်လိုက်ဦးမယ်... :))
အိမ်ဆိုတာ နွေးထွေးမှု ပျော်ရွှင်မှု ငြိမ်းချမ်းမှုလို့ နားလည်ခဲ့ရ။
အခုတော့...
အိမ်ဆိုတာ လွမ်းစရာ တမ်းတစရာ ။
ရှေ့ခရီးအတွက် အားအင်ရှိဖို့ သက်ပြင်းတွေနဲ့ မျှော်ကြည့်ရင်း ကြိုးမျှင်တဲတဲကလေးအဖြစ် ဆက်ချည်နှောင်ထားတဲ့ တခုတည်းသောအရာ..။
ရေးရမှာပေါ့ လင်းရေ.. စိုးဝှက်လေးလည်းစောင့်နေပီတဲ့။
အရီးပန်ရေ.. အမစာထဲမှာ လိုနေတာကို ဖြည့်ပေးတဲ့ comment ပါပဲ။ ဟုတ်တယ်..လွမ်းနေရုံနဲ့ မပြီးဘဲ.. ကိုယ့်အိမ်ကလေးကို ဘာလုပ်ပေးနိုင်မလဲဆိုတာ အမစာထဲမှာ အဖြေမရှိ..။ အားမပါ..။ အင်းး အားပေးဖို့တောင် အမကို ပြန်အားပေးဖို့ လိုနေပီ ထင်ပါရဲ့။
လက်စသက်တော့ သန်လျင်သူပဲ.. သန်လျင်သူပဲ.. ကွိကွိကွိ.. သန်လျင်သားဗျ.. သန်လျင်သား ဟက်ဟက် တညင်သားလား ဟားဟား တီပြောတဲ့ ကုန်း ရှင်မွေးလွန်းလား အဲရောက်တယ် ခဏခဏပဲ..
အမ နေခဲ့တဲ့ နေရာလေးတွေက လွမ်းစရာတွေကြီးပဲ ။
ဘ၀လက်တွဲဖော်ကို စောင့်ဖတ်နေတယ်နော်.. အဟဲး)
'မ'ရေ...'မ'ရဲ့အိမ်ကလေးတွေကိုမရောက်ဖူးပေမယ့် အဲဒီနယ်မြေလေးတွေရောက်ဖူးတော့ စိတ်မှန်းနဲ့အတူလွမ်းသွားတယ်။
ဆရာမ,
စာဖတ်ရတာခနလေးနဲ့  မြန်မာပြည် ရဲ့ နေ ရာများကို တထိုင်ထဲရောက်သွားသလိုခံစားရပါတယ် ။ ဆရာမ ရဲ့ တချို့ ဒေသ များ ကိုရောက်ဖူးသော်လည်း အလုပ်သဘောကြောင့် အချိန်ကြာ အောင်မနေခဲ့ဘူးပါ ။ မြန်မာပြည် ရဲ့ အလှ သဘာဝ ကို မြန်မာပြည် မှာဘဲ ထိတွေ့  ခံစား ရနိုင် ပါတယ်။ ကျနော် ကျောက်ပန်းတောင်း မြို့ကို ရောက် တော့ သူငယ်ချင်း ပြောခဲ့ တဲ့စကား ကို ဝေးတမြေ ရောက် မှ အမြဲ တန်း အမိ မြန်မာပြည် (အမေ့အိမ်) ကို သတိရနေ လွမ်း နေရပါတယ်။
သူ ပြောတာကတော့
ထုံးဖြူဖြူ စေတီလေးတွေနဲ့  ထန်းပင်မြင့်မြင့် မြင်ကွင်းတွေ ဟာငါတို. မြန်မာပြည် ကလွဲလို့ တခြား နိုင် ငံ တွေမှာရှာလို့ မရနိုင် ဘူး ဆိုတာပါဘဲ။
အမိ မြန်မာပြည် (အမေ့အိမ်) ကို သတိရနေ လွမ်း နေရ ကြ တဲ့ blog ပိုင်ရှင်များ နဲ့ အတူ သတိရနေတဲ့ စာပေဝါသနာရှင် တဦး။
Post a Comment