Mar 18, 2008

ပိုးဟပ်

ခုတလော အတွေးတွေထဲမှာ ပူလောင်မွန်းကျပ်လှသည်။ မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးသတင်းတွေ စိပ်လှသည်။ နေရာတိုင်းမှာ မတရားမှုတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ အကျင့်ပျက်မှုတွေ၊ နိုင်လိုမင်းထက်ပြုမှုတွေ၊ ကြီးနိုင် ငယ် ညှင်းစိတ်တွေ၊ လက်တုံ့ပြန်လိုစိတ်တွေ... ပြည့်လို့။ တကယ်တော့ မြန်မာနိုင်ငံဆိုတာ အင်မတန် ရင်းနှီးနွေးထွေးတဲ့ သဘာဝရှိတဲ့တိုင်းပြည်..။ အလှူအတန်းနဲ့၊ ပေးကမ်းရက်ရောမှုနဲ့ အင်မတန်ပျူငှာ လှိုက်လှဲတဲ့ သူတွေ နေတဲ့ မြေပါ။ ခုတော့... ကိုယ်ရဖို့ အလုအယက်၊ သူများကို ချနင်းရ၊ လက်စားချေရ။ မုန်းတီးစက်ဆုပ်ကြ။ ပညာတတ်တွေ အလှောင်ပြောင်ခံရ။ ပညာမတတ်သူဌေးတွေ နဲ့ အရိုင်းအစိုင်းတွေသာ နေရာရကြ။ တနိုင်ငံလုံးမှာ အများဆုံးတွေ့နေရတာ အမုန်းတွေ။ လက်တုံ့ပြန်လိုစိတ်တွေ..။

အမှန်အတိုင်းဝန်ခံရရင်.. အမုန်းကို အမုန်းနဲ့၊ ရန်ကို ရန်နဲ့ တုံ့ပြန်တာ ကျမ မကြိုက်ပါ..။ ဒါပေမဲ့.. ပြည်သူ လူထုတွေ သိပ်နာနေရတာတွေ မြင်နေရတော့..၊ လူငယ်လေးတွေ အညွန့်ကျိုးနေရတာတွေ မြင်နေရတော့..၊ မှောင်အတိကျနေတဲ့ ဘ၀တွေကို မြင်နေရတော့..၊ စိတ်ကျနေတဲ့ မျက်လုံးတွေကို မြင်နေရတော့..၊ ကျမ ကြည့်ခဲ့ဖူးတဲ့ ဒါရိုက်တာ Steven Spielberg ရဲ့ Schindler's List ရုပ်ရှင်ထဲမှာ နာဇီဖက်ဆစ်တွေရဲ့ အသတ်ကို ခံရဖို့အရေး တန်းစီသွားနေတဲ့ ဂျူးလူမျိုးတွေကို မြင်ယောင်နေမိတယ်။

အဲဒီရုပ်ရှင်ကြည့်ရတုန်းကလည်း လူတွေအများကြီးက နှိပ်စက်ခံရမယ့်အရေးကို ဘာလို့ ငြိမ်ပြီး လက်ခံနေတာ ပါလိမ့်လို့ စဉ်းစားနေမိခဲ့တယ်။ ကျမသာဆိုရင်တော့ တရွေ့ရွေ့နှိပ်စက်တာကို စောင့်ခံနေမယ့် အစား ရုတ်တရက် ပစ်သတ်ခံရတာက ပိုကောင်းတာပဲလို့တွေးပြီး.. ခံသတ်ဖို့ ကြိုးစားမှာပဲ..။ ခုခံ ထွက်ပြေးဖို့ ကြိုးစား မှာပဲ.။ လွတ်ရင် အမြတ်ပဲ.။ အဲလို တွေးနေမိခဲ့တယ်။

တကယ်တော့ ကျမတို့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားက သိပ်စိတ်ဆင်းရဲစရာ၊ ကြောက်စရာ ကောင်းတာပါပဲ။ အရင်းအမြစ်တွေ အများကြီး... အစတေးခံနေရတာ..။ သဘာဝသယံဇာတရင်းမြစ်တွေက အစ.. ဘာသာရေးအလယ်..လူ့အရည်အသွေးတွေ အဆုံးး။ လူကြီးတွေရော လူငယ်လေးတွေ.. ကလေးတွေပါ ခြောက်ခြောက် ချားချား Trauma ရနေကြတာ စိတ်ပူစရာ ဘယ်လောက်ကောင်းလိုက်လဲ..။ အရာရာကို ကြောက်လန့်နေရတဲ့ အခြေအနေထဲ ကြီးပြင်းရတဲ့ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုက ဘယ်လောက် စိုးရိမ်စရာကောင်းလဲ ဆိုတာ တွေက သိပ်စိတ်ဆင်းရဲစရာကောင်းတာပါပဲ။

သေချာတာကတော့ ဘာတခုမှ အကျိုးမပေးဘဲ ဒုက္ခသက်သက်သာပေးနေတဲ့ ဒီစနစ်ဆိုးတွေနဲ့ ဒီလူဆိုးတွေကို ကျမတို့ အမြစ်ဖြတ်မှကို ရတော့မယ်။ သိသိသာသာ ဆန့်ကျင်မောင်းထုတ်ပစ်မှပဲ ရတော့မယ်..။ "ပြည်သူဟာ ကိုယ်နဲ့တန်တဲ့ အစိုးရကိုပဲ ရတယ်" ဆိုတဲ့ စကားအတွက် ကျမတို့ ပြည်သူတွေကသာ တာဝန်ယူ နိုင်ပေလိမ့်မယ်..။

(အမှန်အတိုင်း ၀န်ခံရရင်တော့.. အဲဒီလောက် တိုင်းပြည်ကို နှိပ်စက်နေတဲ့ အာဏာရှင် လူသတ်သမားတွေကို ကျမ သတ်ပစ်ချင်လောက်အောင် မုန်းတာပါ။ ငြိမ်းချမ်းရေးနည်း မကျလည်း မတတ်နိုင်ဘူး..။) အဲသလို အမုန်းမီးတောက်မျိုး ကျမစိတ်ထဲမှာ လောင်မြိုက်နေခဲ့တာ ခုဆို နှစ်၂၀ ရှိပြီ။ ဘယ်တော့ ပြေငြိမ်းမယ့် မီးတောက်လဲ..။

ကျမ တွေးနေမိပါတယ်.. လာမယ့် Referendum ကတော့ လူထုအတွက် အဖြေတခု ရကောင်း ရဲ့လို့..။

(ဘယ်လောက်မှ မသက်ဆိုင်ပေမဲ့ စိတ်အနာ(Trauma)ရခြင်းဟာ ဘယ်လောက် စိုးရိမ်စရာ ကောင်းတယ် ဆိုတာကို ဒီတလော မကြာခဏ စဉ်းစားမိရာက ၁၉၉၀တုန်းက ကျမရေးခဲ့တဲ့ ၀တ္ထုတိုတပုဒ် တင်ချင် လာပါတယ်။ ၀တ္ထုတို ဆိုပေမဲ့ ရှည်နေလို့ အပိုင်းသုံးပိုင်းခွဲတင်ပါ့မယ်..သည်းခံ ဖတ်ကြပါဦးနော်။)


ပိုးဟပ်

(ဒီက ပုံပါ)

ဧရာမ ပိုးဟပ်ကြီး၏ နှာမောင်းတံတစ်စုံက သူမ ပါးပြင်ကို ထိတွေ့ ပွတ်သပ်လာသည့် နေရာမှာပင် သူမ၏ ညစဉ်အိပ်မက်မှ လန့်နိုးခဲ့သည်။ အာခေါင်ထဲမှာ ခြောက်သွေ့ကာ နှုတ်ခမ်းတို့ပင် အက်ကွဲနေသည် ထင်၏။ ပြီးတော့ ခန္ဓာကိုယ်ထဲ ရှိရှိသမျှ ရေတွေ အရည်တွေလည်း အားလုံး ခြောက်ခန်း ကုန်ကြပုံရသည်။ နှုတ်ခမ်းကို လျှာနှင့်သပ်စဉ် ရုတ်တရက် ထိတ်လန့်သွားရသည်။ သူမ၏ လျှာရော သွားရည်တွေပါ ပူလောင်လွန်းနေ၏။

မဖွင့်ရဲသော်လည်း သူမ၏ ဖိပိတ်ထားသော မျက်လုံးတို့ကို ခြစ်သံတစ်သံက ဖိတ်ခေါ်နေသည်။ ခပ်ဖွဖွ ခြစ်သံ တွေ...၊ ဒါက ခြေသံလည်း ဖြစ်သေးသည်။ ပြီးတော့ သူမ ရွံ့ရှာ မုန်းတီးလှသော ပိုးဟပ်၏ ခြေသံ။

အဲဒီ အချွန်အတက်တွေနှင့် အမွှေးကြမ်းတွေနှင့် ခြေခြောက်ချောင်း၏ တွားသွားသံကို သူမ ဘယ်လောက် အသည်းယားလိုက်သလဲဆိုတာသိလျက်နဲ့ အမေတို့ ဂရုမစိုက်ပြန်။ ခုလောက်ဆို သူမ၏ ခြင်ထောင် တစ်နေရာမှာ ထိုသတ္တ၀ါ(အနည်းဆုံး)တစ်ကောင် လမ်းလျှောက်နေပြီ။ ခြင်ထောင်ထဲမှာလား။

အမယ်လေး...။ သူမ၏ မွေးညင်းတွေ အားလုံး ထောင်ထ ကုန်ကြသည်။
သိပ် စူးယားသော အထိအတွေ့နှင့် ထိုအကောင် လာတော့မည်လား။
မျက်လုံး ညိုကွင်းကွင်းနှင့် မုန်းစရာ နှုတ်ခမ်းမွှေးရှည် တစ်စုံနှင့်။ ရင်ထဲ၌ အော်ဂလီ ဆန်လာသည်။ သူမ၏ Shell-tox ဗူး ဘယ်နားမှာ ထားပါလိမ့်။ ပြီးတော့ ထိုအကောင်ကကော ဘယ်နားမှာလဲ။ ခုနေ ရေအေးအေး တစ်ခွက်လောက် သောက်လိုက်ရလျှင်တော့ သူမ အနည်းငယ် ရဲဝံ့လာနိုင်သည်။

မျက်လုံးကို တော်တော် အားယူပြီး ခပ်ဖြည်းဖြည်း ဖွင့်ယူရသည်။ မီးလုံး စိမ်းလဲ့လဲ့ အောက်မှာပင် စိမ်းမြမြ ဇာခြင်ထောင်ကို သူမ ရှင်းရှင်းလင်းလင်း မြင်ရသည်။ ခြင်ထောင်ပတ်လည် တစ်ခုလုံး ဘယ်နေရာမှာမှ ခြင်တစ်ကောင်ပင် ရှိမနေ။ တစ်ယောက်အိပ် ခုတင်၏ အလယ်ကောင် တည့်တည့်မှာ မရွေ့လျားအောင် သတိဖြင့် အိပ်နေခဲ့သော သူမသည် မွေ့ရာ ပတ်လည်ကို မျက်လုံးဖြင့် လိုက်စစ်ဆေးရသည်။ ခြင်ထောင်စ အားလုံး မွှေ့ရာအောက်မှာ တင်းတင်းပိလို့ လုံခြုံသားပဲ။ တဖြည်းဖြည်း အသက်ရှု မှန်လာ၏။ ခုထိတိုင်ပင် Shell-tox ဆေးရည်နံ့ ရဆဲ။ ထိုဆေးရည်ကြောင့် ထို သတ္တ၀ါတွေ နည်းသွားသားနှင့် သူမက အကြောက် လွန်နေတာ။

အပြင်နံရံကို မကြည့်မိဖို့ အားတင်းဆဲ ရေသိသိသာသာ ငတ်လာပြန်သည်။ ရေတကောင်း က ခုတင်နှင့် ကပ်လျက် စာကြည့်စားပွဲ ပေါ်မှာတင်ပဲ။ သို့ပေမဲ့ ခြင်ထောင်ကို လှပ်ရမှာ လန့်သည်။ ရုတ်တရက် ပျံသန်းပြီး ရောက်လာလျှင် သူက စူးစူးဝါးဝါး အော်မိဦးမည်။ ထိုအခါ အကိုကြီးနဲ့ အကိုလေးက ဆူပူအော်ငေါက်ကြဦးမည်။ မဖြစ်သေးပါဘူး။

နံရံပတ်လည်ကို အကြည့်မှာတော့ သူမ ကံဆိုးခဲ့၏။ ခြေရင်းဘက် မျက်နှာချင်းဆိုင် နံရံပေါ်မှာ တစ်ကောင်၊ သူက ပျံတက်မလား၊ လည်ချောင်းဝမှာ တရွရွနှင့် ယားယံလာသည်။ ခုပင် ချက်ချင်း ထိုအကောင်၏ ကိုယ်နံ့ကို ရှုမိသလိုပါပဲ။ တစ်ခါက သူမ အိပ်နေစဉ် နှာခေါင်းဝကို ထိုအကောင်တစ်ကောင် ဖြတ်သွားရာမှ သူမ သတိလစ်မသွား ခင်မှာပင် ထိုအနံ့ကို ရှုမိပြီး မှတ်မိသွားခဲ့တာ။ လည်ချောင်းမှ ရုတ်တရက် လေတွေ အေးခနဲ ပျို့တက်လာသည်။ အန်ပစ် ချင်လိုက်တာ။

ဘွားလေးကို အော်ခေါ်ပြီး ငိုပစ်လိုက်ချင်သည်။ ဘွားလေးကိုသာ အမေတို့က သူမ အနားမှာ ပေးနေလျှင် သူမ ရေသောက်ချင်၊ ဆီးသွားချင်သည့်အခါ ဘွားလေးက ထို အကောင်တွေကို မောင်းပေးနေကျ ဖြစ်သည်။

အခုတော့ အိပ်ခန်းနဲ့ တွဲလျက် ပါသော အိမ်သာကြမ်းခင်းမှာ ဟိုအကောင်တွေ ပျားပန်းခပ် နေရော့မည်။ ထိုနေရာကို သူမ ဘယ်လို ဖြတ်နင်းသွားမလဲ။ သူမ၏ ခြေဖ၀ါးတွေက အမှတ် တမဲ့ သူတို့ကို နင်းမိလျှင် ဖျစ်ခနဲ မြည်ကာ ပိပြားသွားသော သူတို့၏ ခန္ဓာကိုယ်က သူမကို အော့အန်စေဦးမည်။ ပြီးတော့ ကြောက်လန့် စေဦးမည်။ သူမက ဘယ်သတ္တ၀ါကိုမှ မသတ်လို မသေစေလို။

ခုမှ သူမ တကယ် ဆီးသွားချင်လာပြီ။ အိပ်ခန်း ကြမ်းပြင်ကို ငုံ့ကြည့်တော့ဖြင့် ရှင်းလင်းလို့ပင်။ ဖိနပ်ကော ဘယ်မှာလဲ။ ခုတင်အောက် ခြေရင်းဖက်မှာ ဖိနပ်ကို အဆင်သင့် တွေ့သည်။ ဖိနပ်စီးထားလျှင် အနည်းဆုံးတော့ ထိုအကောင်များကို မသိချင်ယောင် ဆောင်နေနိုင်မည်။

ခုန နံရံပေါ် ပြန်ကြည့်တော့ ထိုအကောင်က ငြိမ်နေဆဲ ရှိသည်။ မဖြစ်နိုင်ပါ။ ထိုအကောင်ကို ရင်ဆိုင်ပြီး အိမ်သာခန်းရှိရာ သွားဖို့ သူမ မကြိုးစားရဲ။ ခုတင်အောက်က ဆီးအိုးကိုပဲ အသုံးပြုရတော့မည်။

ခြင်ထောင်ကို အသာလှန်ကာ ရေတကောင်းနှင့် ရေခွက် ယူစဉ်မှာပင် ရင်တို့က တဒိတ်ဒိတ် ခုန်လာသည်။ ပြီးတော့ ဆီးအိုးကို လှမ်းယူ။ ချွေးစတို့ စို့လာသည်။ ရေအေးအေးကြောင့် ရင်အေး သွားသင့်ပါလျက် ချွေးတွေ စို့လာပြန်၏။

အသုံးပြုပြီး ဆီးအိုးကို ပြန်အထားမှာ ခုတင်အောက်က တစ်ကောင် ပြေးထွက်လာသည်။ ရုတ်တရက် ဆီးအိုးကို လွှတ်ချလိုက်မိတော့သည်။ သည်တစ်ကြိမ်မှာတော့ ကံကောင်း ထောက်မစွာ ဆီးအိုး မဖိတ်စဉ်ခဲ့။

ရင်ခုန်မြန်မှုကြောင့် ခေါင်းတွေ မူးလာသည်။ နက်ဖြန်နံနက်ခင်း မေမေ ပိုးဟပ်သေတွေ လာလှည်းရင်တော့ဖြင့် သူမ ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်တော့မည် ထင်၏။ တကယ်လည်း ယခုည သူမ တစ်ကောင်မှ မသတ်မိခဲ့ဘူးလေ။

မျက်ခွံတွေ ပြန်လေးလာ၏။ ကံကောင်းလက်စဖြင့် ဒီညမှာ ကိုကိုကျော်နှင့် မောင်မောင်ဦး တို့ကို အိပ်မက် မမက်ပါရစေနှင့်တော့ဟု ဆုတောင်းမိစဉ်မှာပင် သူမ အသက်မှန်မှန် ရှုရင်း အိပ်ပျော်သွားခဲ့လေသည်။

+++++


ပိုးဟပ်များကို သူမ ဘယ်အရွယ်လောက်မှာ စကြောက်တတ် လာခဲ့သလဲ။ သေချာ မမှတ်မိတော့။ သူမကြောင့် ဘွားလေးတစ်ယောက် ညတိုင်း ပိုးဟပ်တားရန် ဆေးမျိုးစုံဖြင့် အလုပ်ရှုပ်ခဲ့ရသည်။ မေမေကတော့ သမီးဖြစ်သူ သတ္တိနည်းခြင်းကို ဆူရုံ၊ စိတ်ညစ်ပြရုံမှ အပ ဘာမှ မတတ်နိုင်ခဲ့။ အစ်ကို နှစ်ယောက်ကတော့ ပိုးဟပ်တောထဲ အကာအကွယ်မဲ့ ပစ်ထားလိုက်ရင် ဒီကောင်မ သတ္တိရှိသွားမှာဟု ဆုံးဖြတ်ခဲ့ကြသည်။

သည်တုန်းက အစ်ကိုတွေရန်က တဘက်၊ ပိုးဟပ်ရန်က တဘက်၊ သူမ ငိုရတာ အမော။ အစ်ကိုတွေက သူမ အနီးအပါးမှာ ပိုးဟပ်တွေ လာထားမှာ ပူရသည့်အတွက် အမြဲ ထိတ်တလန့်လန့်။ ထိုစဉ်က သူမ အသက်ငယ်သေးသည်။

နောက်တော့ ဘွားလေးကို ဖက်တွယ်ရင်း ပိုးဟပ်တွေရန်ကို ရှောင်လာနိုင်ခဲ့သည်။ ဘွားလေးခမျာ သူမ ညလယ် ရေသောက်ချင်၊ ဆီးသွားချင်ရှိတိုင်း အိပ်ရာမှ ထကာ ပိုးဟပ်တို့ကို တရှုးရှုးနှင့် မောင်းနှင် ထုတ်ပစ်ပေးရှာသည်။ သို့နှင့် သူမအိမ်မှ ပေါများလွန်းလှသော ပိုးဟပ်တို့ကို မေ့ပျောက်၍ပင် ထားနိုင်ခဲ့သေး၏။

တကယ်တော့ အမေနှင့် အကိုတို့ ပြောလည်း ပြောစရာပင်။ သူမက မြွေတစ်ကောင်လုံး ရင်ဆိုင်တွေ့စဉ်ကပင် ကြောက်ရွံ့ခဲ့သူ မဟုတ်။ အေးအေးဆေးဆေး သတိထားကာ ရင်ဆိုင် ရှောင်ရှားနိုင်ခဲ့ဖူးသူ။

နောက်ပြီး အချို့ မိန်းကလေးများ ကြောက်ရွံ့လေ့ ရှိသော ကြွက်၊ တီကောင်၊ ဖား တို့ကိုလည်း မကြောက်တတ်။ အဲဒီ ပိုးဟပ်ကျမှ။ နောက်မှ ပိုးဟပ်နှင့် ယှဉ်တွဲကာ ညမှောင်မှောင်ကို ကြောက်သွားခဲ့ရတာ ဖြစ်သည်။

ပိုးဟပ်ကို အများဆုံး တွေ့ရသည်က ညပိုင်းတွေပဲ မဟုတ်လား။ တခါတရံ ညတိုင်း ပြတင်း တံခါးရွက်များ ကြားမှ လေတိုးဝင်သည်ကိုပင် မဆီမဆိုင် ပိုးဟပ် အသက်ရှုသံလားဟု တွေးကြောက်တတ်ခဲ့ခြင်းကတော့ တကယ်ပဲ တရားလွန်လှ၏။ ထိုစဉ်က ညတိုင်း အတွေးတွေ အိပ်မက်တွေထဲမှာ အဓိက ဇာတ်လိုက်က ပိုးဟပ်ပဲ ဖြစ်ခဲ့သည်။

မှတ်မှတ်ရရ ပိုးဟပ်ရန်ကို ကြောက်ကာ ခြင်ထောင်ထဲမှာပင် စာဖတ်ရသော သူမအတွက် ပိုးဟပ်ကို မေ့လျော့သွားရသော ညယံများ ရောက်လာခဲ့ဖူးသည်။

စာဖတ်ဖို့တွေ၊ မုန့်စားဖို့တွေ၊ ကက်ဆက်နားထောင်ဖို့တွေကို ဆိုမထားနှင့်။ ညတိုင်း သူမ ထိတ်လန့်ရမြဲ ဖြစ်သော ပိုးဟပ်များကိုပင် မေ့လျော့အောင် သူမ၏ ဘ၀ကို လွှမ်းမိုးခဲ့သူက ကိုကိုကျော်ပဲ ဖြစ်သည်။

ကိုကိုကျော်နှင့် ပတ်သက်သမျှ အတွေးတို့တွင် ထိုစဉ်က သူမ သိပ်ကို ပျော်မောခဲ့သည်ပဲ။

+++++


(နောက်အပိုင်းတွေ ဆက်ပါဦးမယ်)

3 comments:

YeKyawAungMDY said...

....ပိုးဟပ် ၀တ္ထုတိုလေးကို လာဖတ်သွားပါတယ်...အမရေ......ကျနော်လည်း ပိုးဟပ်တော့ ကြောက်တယ်......

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the TV de LCD, I hope you enjoy. The address is http://tv-lcd.blogspot.com. A hug.

a2m2007blogspot.com said...

where can I read other parts? Thanks.