(၁)
ချစ်သူသည် ဦးနှောက်ကောင်းကောင်းတစ်စုံကို ပိုင်ဆိုင်သည်။ ရိုးသားသော မျက်လုံး အစုံက ပတ်ဝန်းကျင်၏ ရုပ်ဒြပ်အလှကို ကြည့်မြင်နိုင်သည်။ နှုတ်ခမ်းပါးပါးက အမှန်တရားကိုသာ ပြောတတ်သည်။ (ထို့ကြောင့် လောကနှင့် အဆင်မပြေ)။ ချည့်နဲ့နဲ့လက်တစုံက အနုပညာများစွာကို ဖန်တီးသည်။ (သီချင်းရေး၊ ကဗျာရေး၊ ပန်းချီဆွဲသည်)။ သန်မာသော ခြေအစုံက ဦးတည်ရာကိုတည့်မတ်စွာ လှမ်းကာ ခန္ဓာကိုယ်ကို ခိုင်မာအောင် ပံ့ပိုးသည်။
အနုပညာအလှအပများစွာ ဖန်တီးနိုင်စွမ်းသည့် ချစ်သူတွင် မလှမပသော ချစ်သူများစွာရှိနေသည်မှာ ထူးဆန်း သယောင် ဖြစ်သည်။ သို့သော် ကိုယ်သည် ချစ်သူကို အလွန်တရာ ချစ်ကြောင်း သိနိုင်လျှင်မူ ကိုယ်နှင့်ချစ်သူ တို့၏ နှစ်ယောက်တွဲဘ၀က ထူးဆန်းတော့မည်မဟုတ်ပါ။
ချစ်သူသည် မပြည့်မစုံသူတစ်ယောက်လည်း ဖြစ်ပါသည်။ စိတ်အင်အားချို့တဲ့ကာ ဘ၀ကို တစောင်းတိုက် ဖြတ်နေရသူလည်း ဖြစ်ပါသည်။ ချစ်သူ၏ဘ၀သည် ကျဉ်းကျဉ်းလေး ဖြစ်သည်။ ချစ်သူ၏ဘ၀လေးထဲတွင် သားသမီးကို စည်းစနစ်ကြီးလွန်းစွာ အုပ်ချုပ်သော (ချုပ်ချယ်လှစွာသော) အဖေနှင့် သားကို အလွန်ချစ်သည်နှင့်အမျှ လင်ယောက်ျားကို အလွန်ရိုးကျိုးသော အမေတို့ ရှိနေပါသည်။ (ချစ်သူဘ၀တွင် ညီနှင့် ညီမလေးက အရေးမပါလှပါ)။
တဘက်စွန်းရောက်သော မိဘမေတ္တာ၏ ချစ်ခြင်းသည် သားသမီး၏စိတ်အင်အားဖွံ့ဖြိုးမှုနှင့် စိတ်ဓါတ်လုံခြုံမှုကို ထိပါးစေနိုင်ကြောင်း ချစ်သူ၏ ပညာတတ်မိဘများက မသိကြပါ။ သားဖြစ်သူကို စည်းဘောင်များစွာအတွင်း တင်းကျပ်စွာ ထိန်းသိမ်းပျိုးထောင်ခြင်းကြောင့် ရင်သွေးတွင် စိတ်အင်အားချို့တဲ့မှု၊ ကိုယ့်ကိုယ်ကို မယုံကြည်မှု နှင့် အတွေးအခေါ် မညီမျမှုများဖြစ်တတ်ပါသည်။ ဒါကိုလည်း ဒက်ဒီနှင့် မာမီ (ချစ်သူက အဲသည်လို ခေါ်ပါ သည်) မသိကြပါ။
စာအဖတ်များမှုကြောင့် ဆင်ခြင်နားလည်နိုင်စွမ်း ထက်မြက်လှသော ချစ်သူသည်၊ တချိန်တည်းတွင်ပင် မသိစိတ်၏ သိမ်ငယ်မှု၊ စိတ်ဓါတ်နိမ့်ကျမှုတို့ကို အားဖြည့် မွမ်းမံပေးဖို့ရာ ကိုယ်သည် ချစ်သူ၏နံဘေးတွင် အဖော် ဖြစ်ခဲ့ရပါသည်။
တခါတခါ ချစ်သူသည် အတွေးလွဲကာ အသည်းကြောင်တတ်ပြန်ပါသည်။ ၀န်းကျင်နှင့် လိုက်လျော ညီထွေမှုမရှိ၍ စိတ်အခန့်မသင့်ရသည့်အခါ ချစ်သူသည် အတိုက်အခိုက်များအတွင်းတွင် တုန်လှုပ်တတ် ပြန်သည်။ ထိုအခါ ကိုယ်၏ မလှမပခြင်းနှင့် ချစ်သူ၏မပြည့်စုံမှု၊ ကိုယ်၏ပြည့်စုံမှုနှင့် ချစ်သူ၏ အလိုမကျမှုတို့က အစဉ်အမြဲ ပဋိပက္ခအဖြစ် ကြုံကြရပါသည်။ ထိုအခါ... “မောင်ရယ် စိတ်ကိုဖော့ထားပါ... လူပြောမသန်.. လူသန်မပြော.. ဆိုတဲ့ အတိုင်းပဲ သဘောထားလိုက်ပါနော်” ဟု ချစ်သူ့စိတ်ကို ပြေလျော့စေရပါသည်။ ထို့အပြင်... “မောင့်ကို ကိုယ်သိပ်ချစ်တယ်”ဟူသော စကားကို ဂါထာရွတ်သကဲ့သို့ ကိုယ်ရွတ်သည့် အခါတွင်လည်း မောင်က စိတ်တုန်လှုပ်မှုတို့ လွင့်ပါးကာ ကြည်လင်လာပြန်ပါသည်။ ချစ်သူ၏ ငယ်ဘ၀ အငုံ့စိတ်များ ရိုက်ခတ်လာသည့်အခါတွင်လည်း ချစ်သူသည် ကိုယ့်အား သူစိမ်းသဖွယ်ကြည့်ကာ “ကျနော် ခင်ဗျားကို ချစ်သူမတော် ချင်တော့ဘူး... တယောက်တည်းပဲ အေးအေးနေချင်တယ်”ဟု ဆိုတတ် ပါသေးသည်။ ထိုစကားသည် ပင်ကိုယ်စိတ် ခက်ထန်မာကြောသော ကိုယ့်အတွက် စိတ်ပျက်ဖွယ် ဖြစ်သော် လည်း ချစ်သူကိုသိသော ကိုယ်သည် နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ “မောင်မချစ်လည်း ကိုယ်ကတော့ ချစ်မှာပဲ” ဟု မောင့်လည်ကို ခိုဖက်ကာ မောင့်ရင်တွင်းသို့ တိုးဝင်မှီခိုကာ ပြန်ပြောဖြစ်သည်။ ထိုအခါ မောင်သည် အပြစ်ကင်းစင်စွာပြုံးကာ ကိုယ့်လက်ဖ၀ါးကို ဆုပ်ဖျစ်တတ်ပါသည်။
ချစ်သူ၏ ဦးနှောက်တွင် တဘက်စွန်းရောက်သော အတွေးအခေါ်များစွာ ဖွဲ့စည်း ပါဝင်နေသည်။ ချစ်သူသည် မိဘ၏အရှိန်အ၀ါ တင့်တယ်မှုဖြင့် လုံခြုံနေရသည်နှင့်အတူ တချိန်တည်းတွင်ပင် ပျက်စီးမည့်အရာများပဲဟု တွေးကာ စိတ်သောက ရောက်နေတတ်သော တဘက်စွန်းရောက်သူဖြစ်ပါသည်။ ထိုသို့သော အတွေးအခေါ် မှားယွင်းမှုများ ချစ်သူထံတွင် ရှိနေပါသည်။ မိခင်ဖြစ်သူက ချစ်သူ၏ကျန်းမာရေးကို အလွန် ဂရုစိုက်ပါသည်။ ချစ်သူတွင် သုံးနှစ်ကြာပြီဖြစ်သော အစာအိမ်နာရောဂါ ရှိနေခဲ့ပါသည်။ ထိုရောဂါကို ချစ်သူက အလွန် မုန်းတီးပါသည်။
ကိုယ်ကတော့ သူ့နွံအတွင်းမှ မလွတ်မြောက်နိုင်သူပဲ ဖြစ်ပါသည်။ စိတ်နိမ့်ကျမှုနှင့် စိတ်ရောဂါ ရိုက်ခတ်မှုတို့ ရှိနေသော ချစ်သူကို ကြင်နာစွာ မစွန့်ပစ်နိုင်သော သံယောဇဉ်တို့ဖြင့် ချစ်သူ့နွံအတွင်း နစ်နေသူလည်း ဖြစ်ပါသည်။
ပန်းချီသမားပီသလှစွာသော ချစ်သူသည် များသောအားဖြင့် ကိုယ့်ကို အလိုမကျ ဖြစ်နေတတ်သည်။ လှပသော မိန်းမပျိုလေးများကို ပန်းချီကားချပ်များကဲ့သို့ ငေးမော ကြည့်လိုသော ချစ်သူနှင့် အလွန် သ၀န်တိုတတ်သော ကိုယ်သည် မကြာခဏ ပဋိပက္ခဖြစ်တတ်ပါသည်။ ထိုအခါများတွင် ကိုယ်သည် ချစ်သူကို ဖေါက်ပြန်လိုသူဟု ရင်တွင်းမှ အကြိမ်ကြိမ် စွပ်စွဲကာ အလွန် သောကများရပါသည်။
ချစ်သူသည် “မောင် အချစ်ကို သိပ်တွယ်တာတာပဲ၊ သိပ်အားကိုးတာပဲ၊ အချစ်ရှိနေရင် သိပ်လုံခြုံတာပဲ” ဟု တဖွဖွပြောခြင်းဖြင့် ကိုယ့်ရင်ကို ချည်နှောင်နိုင်ပါသည်။ ကိုယ်ကလည်း ချစ်သူ့အပေါ် သံယောဇဉ်ကြီးစွာ သူ၏ဆိုးမျိုးကို သည်းးခံနိုင်ခြင်းဖြင့် ချစ်သူကို ချည်နှောင်ထားပါသည်။ ထိုချည်တွယ်မှုသည်ပင် အချစ် ဖြစ်သည်ကို အလွန် ရိုးစင်းသောမောင်က နားမလည်တတ်သေးပါ။ ထို့ကြောင့်ပင် ကိုယ့်ကိုချစ်သည် ဟူသော အသုံးအနှုံးမျိုးမသုံးခြင်းဖြစ်မည်ဟု ကိုယ်က ယူဆပါသည်။
ချစ်သူသည် ဆန့်ကျင်ခြင်းများစွာနှင့် ဒွန်တွဲဖြစ်တည်နေသူဖြစ်သည်နှင့်အတူ ကြောက်ရွံ့ နာကျင်နေခြင်း၊ မိမိပိုင်အရည်အချင်းကို ယုံကြည်စွာ ပတ်ဝန်းကျင်တွင် နေပျော်သည်နှင့်အတူ ၀န်းကျင်၏ပုပ်အဲ့မှုကို ရွံမုန်းစွာ စိတ်ပျက်နေတတ်ခြင်း၊ ချစ်သူ(ကိုယ့်)ကို ချစ်ခင် တွယ်တာမှုနှင့်အတူ အပူအပင်ကင်းစွာ အနှောင်အဖွဲ့ကင်းစွာ နေလိုခြင်းတို့နှင့် မောင်သည် ပူလောင်ခြင်းတလှည့် ငြိမ်းအေးခြင်းတလှည့်နှင့် နေရသူပင် ဖြစ်ပါသည်။ ချစ်သူသည် အလိုလောဘကြီးစွာဖြင့် ပူလောင်တတ်သူလည်း ဖြစ်ပါသည်။
ချစ်သူကို မာမီနှင့်ဒက်ဒီ နားမလည်နိုင်ပါ။ ညီနှင့်ညီမကလည်း နားမလည်နိုင်ပါ။ ချစ်သူ၏ ရည်းစားဦးကလည်း နားမလည်နိုင်ပါ။ ထို့အပြင် ကိုယ်ကလည်း နားမလည် နိုင်ခဲ့ပါ။ အဆုံးတွင် ချစ်သူသည် ကိုယ့်ကိုယ်ကိုပင် နားမလည်ပါ။ ထိုအခါ သူ၏ အလိုမပြည့်သော ဘ၀ကို တပ်မက်ဖက်တွယ်ကာ မသိခြင်းများအကြားတွင် ချစ်သူ သည် ယဉ်ပါး နေခဲ့ပါသည်။
ချစ်သူနံဘေးတွင် ကိုယ် အမြဲရှိနေပါသည်။ ချစ်သူ၏စိတ်အာရုံနှင့် နှလုံးသည်းပွတ်တွင် ကိုယ် အမြဲ ရှိနေပါသည်။ ချစ်သူ၏ နှုတ်ဖျားတွင် မည်သူ့ကိုမျှ မချစ်ကြောင်းများ ရှိနေပါမည်။ (ချစ်သူက မည်သူ့ကှိုမျှ မယုံပါ။) ချစ်သူ၏ ရင်တွင်းတွင် လောကအတွင်း အနေရခက်မှုဟူသော ဝေဒနာများ ရှိနေပါမည်။ ချစ်သူ၏ နက်ရှိုင်းလှသော ရင်တွင်း တနေရာတွင် သိမ်မွေ့သိုဝှက်လှသော “အချစ်”တရား ရှိနေပါမည်။ ထိုအချစ်သည် ကိုယ် မဟုတ်ပါ။ ဒက်ဒီ မဟုတ်ပါ။ မာမီ မဟုတ်ပါ။ ညီနှင့်ညီမလည်း မဟုတ်ပါ။ ရည်းစားဦးလည်း မဟုတ်ပါ။ ချစ်သူကိုယ်တိုင် လည်း မဟုတ်ပါ။ သေချာသည်မှာ ချစ်သူကိုယ်တိုင်ပင် မသိသော လိုအင်ဆန္ဒတစ်ခုသာ ဖြစ်ပါသည်။
သေချာသည်မှာ ချစ်သူ၏ရင်တွင်း၌ ပုပ်သိုးသော စိတ်ထားမရှိပါ။ ကောက်ကျစ်သော စိတ်ထား အကြံအစည် မရှိပါ။ ညစ်ညမ်းသော စကားလုံးများလည်း မရှိပါ။ ထိုအခါ... ကိုယ်သည် ချစ်သူကို တန်ဖိုးထားစွာ မြတ်နိုးလှ ပါသည်။ ထို့ကြောင့် ချစ်သူ၏လိုအင်ဆန္ဒ ကို ကိုယ် ဖြည့်ဆည်းရပါသည်။
ကိုယ့်အမြင်ဖြင့်မူ ချစ်သူသည် အရာရာကို ဖန်တီးနိုင်စွမ်းသော ဖန်ဆင်းရှင် ဖြစ်ပါသည်။ လောကကို အနုပညာဖြင့် အနိုင်ရနေသော သူရဲကောင်းလည်း ဖြစ်ပါသည်။ ချစ်သူမိန်းကလေးတစ်ဦးကို လိုရာပုံ သွင်းနိုင်သော ပန်းပုဆရာကောင်းတစ်ယောက်လည်း ဖြစ်ပါသည်။ ချစ်သူသည် ကိုယ့်ဘ၀တွင် ပန်းများကို ပွင့်စေသူ၊ နေခြည်သာကို ထွန်းတောက်စေသူ၊ စမ်းရေသံသာကို စီးဆင်းစေသူဟု ကိုယ်က ယူဆပါသည်။ ထိုအခါ... ချစ်သူသည် ကိုယ့်လူမှုလောကအတွင်းတွင် ကြီးကျယ်မြင့်မြတ်စွာ ခိုင်မာစွာ စွဲမြဲနေပါ တော့သည်။
ချစ်သူဟူသည် ချစ်ရသောသူတဦးဖြစ်ရန်သာ လိုအပ်သည်ဟုလည်း ကိုယ်က ယူဆသည်လေ။
စံပယ်ဖြူမဂ္ဂဇင်း
စက်တင်ဘာလ၊ ၁၉၈၇။
(ကိုခင်ဝမ်းရဲ့ ပန်းချီကားတွေ ယူသုံးထားတာပါ..။ မူရင်းဝတ္ထုတိုမှာတုန်းကလည်း ကိုခင်ဝမ်းရဲ့ Illustration နဲ့ပါပဲ)
2 comments:
ချစ်သူကို နားလည်ပေးတတ်တာကပဲ အချစ်လား။ သူ့ချစ်သူကို ရေးဖွဲ့ထားတဲ့ချစ်သူဖွဲ့ပေမယ့် သူ့အချစ်ရဲ့အလှတရားကို တွေ့လိုက်ရတယ်။
ဒီမနက် ဆီဗုံးတွေ အလုပ်မလုပ်ဘူး။ ဒီမှာရေးသွားတယ်။။ ဟဲဟဲ ၂ရက်နေ့ ရောက်ရန် ရက်ပိုင်းသာ လိုတော့သည်။း) အားလုံးအဆင်ပြေပါစေဗျာ
Post a Comment