Mar 25, 2008

ဘ၀လက်တွဲဖော်

ဘ၀လက်တွဲဖော်...တဲ့။ စိုးဝှက်ကလေးက Tag တော့ တကယ်ပဲ ချက်ချင်းရေးချင်သွားတာ။

ဒါပေမဲ့ စိုးဝှက်က ဇာတိမြေကို အရင် Tag တာမို့ ဇာတိမြေကို အရင်ရေးရ။ ကျမအတွက်တော့ အဲဒီ ဘ၀လက်တွဲဖော် ဆိုတဲ့ ခေါင်းစဉ်လေးက တကယ်ပဲ ရေးချင်စရာလေးပါ..။ ဘာလို့လဲဆိုတော့ ခု အသက်၄၀ကျော်လာတဲ့အရွယ်မှာ ဘ၀မှာ လက်တွဲဖော်ဟာ တော်တော် အရေးကြီးပါလားလို့ သိလာတဲ့အခါ ကိုယ်ရေးတဲ့စာတွေကို ဖတ်နေတဲ့သူတွေအထဲက ဘ၀လက်တွဲဖော်အကြောင်း စဉ်းစားနေရပြီ ဖြစ်တဲ့သူတွေ အတွက် ထည့်စဉ်းစားစရာ ရကောင်းရဲ့ဆိုတဲ့စိတ်နဲ့ ရေးချင်လာတာပါပဲ။ (အဲဒီကြားထဲ ထုံးစံအတိုင်း စီဘောက်မှာ မကြားဝံ့မနာသာတွေ အရေးခံရသေး)

ဘ၀လက်တွဲဖော်ဆိုရင်တော့ ကျမတို့ ဗမာပြည်မှာက အိမ်ထောင်ဖက်ကို ရည်ရွယ် ပြောတာပါပဲ။ တဘ၀လုံးကို အတူဖြတ်သန်းဖို့ အဖော်ပေါ့။ အနောက်တိုင်းမှာကတော့ အိမ်ထောင်ဖက်မဟုတ်ဘဲလည်း ဆာ့တ် နဲ့ ဒီဗူးဗွား လို တသက်လုံးအတူနေသွားတဲ့ ချစ်သူတွေ..၊ 'ဗင်ဂိုး' နဲ့ 'သီအို' တို့လို နောက်ဆုံးအချိန်ထိ သံယောဇဉ်ကြီးကြီးနဲ့ အတူနေသွားတဲ့ ညီအကိုတွေ.. ရှိနိုင်ပါတယ်။ ကျမ မှတ်မိသလောက် ကျမငယ်ငယ်က တော်တော် စိတ်ကူးယဉ်ပါတယ်။ ဒါပေမဲ့ ဘ၀ဖော်ကို ဘယ်လိုလူမျိုးလိုချင်လဲလို့တော့ မစဉ်းစားမိခဲ့ဖူးဘူး ထင်တာပါပဲ။ ဒါပေမဲ့ ဘယ်လို ယောက်ျားလေးမျိုးကို သဘောကျလဲဆိုတာတော့ ရှိတာပေါ့နော်..။ သေချာတာ တခုကတော့ မိန်းကလေးအများစုလိုပဲ ကျမက ရုပ်ချောတဲ့ ယောကျာ်းကိုပဲ လက်ထပ်ချင်တာတော့ ရှိပါတယ်။ ကျမစိတ်ထဲမှာ ရှိတာက ကိုယ့်ဘ၀မှာ အကြာကြီး အတူနေသွားရမယ့်သူ.. ကိုယ့်အနေနဲ့ ညှိညှိနှိုင်းနှိုင်း ဆက်ဆံ နေထိုင်သွားရမယ့်သူက ရုပ်ချောချောလေးဆိုရင်တော့ စိတ်နည်းနည်း ရှည်ရှည်ထားနိုင်မှာပဲလို့ ထင်တာလေ။ ပြီးတော့ ကျမက ကိုယ်တိုင်ကသာ မလှတာ အလှအပကျတော့ အင်မတန် ကြိုက်တယ်။ အိမ်ခန်းကို လှလှလေးပြင်တာကအစ ကိုယ့်ကိုယ့်ကို အလှပြင်တာအဆုံးပေါ့.. :P

တကယ်တမ်းကျတော့ အလှအပဆိုတာ တကယ်လည်း လူတွေရဲ့ စိတ်နှလုံးကို သာယာကြည်နူးစေတာပဲ မဟုတ်လား..။ ကျမက အချစ်ဝတ္ထုတွေ ရေးတဲ့နေရာမှာ အားသန်တဲ့သူ ပီပီ၊ အင်မတန်မှကို အချစ်မှာ ခံစားတတ်ပါတယ်။ ကျမက အသက်၂၀ အရွယ်မှာ ရည်းစားနှစ်ယောက် ထားဖူးပြီးပြီ။ အဲဒီနောက်မှာ လက်တွဲဖော်လို့ ခံစားရတဲ့ သူနဲ့ တွေ့ပါတယ်။ သူနဲ့ ချစ်သူဖြစ်တာ ၃နှစ်မပြည့်တပြည့်မှာ လက်ထပ်တယ်။ အဲဒီတုန်းက သူ့ရဲ့ ဥာဏ်ကောင်းမှု၊ ထူးခြားမှု၊ အေးချမ်းမှုနဲ့ အနုပညာကို အင်မတန်ကြိုက်မိ..။ သူက ကျမအကြိုက်ဆုံး ကဗျာဆရာလည်း ဖြစ်သေး။ ပြီးတော့ သူကလည်း ဖြူဖြူချောချောလေး (သူ့ကို ကြိုက်နေတဲ့ ကောင်မလေးတွေကဆို ကိုယ်နဲ့ မတန်ဘူးလို့တောင်ပြောတာ :D)။ တော်တော် ချစ်ခဲ့ကြတယ်လို့လည်း ထင်ပါ တယ်။ ၁၉၈၅ ကနေ ၁၉၈၈ထိ ရန်ကုန်တက္ကသိုလ်ထဲမှာ တော်တော် လူသိတဲ့ စုံတွဲတတွဲပေါ့.. :P

နောက်တော့ ကျမက အသက် ၂၁နှစ်နဲ့ ဆရာမဖြစ်ချိန်မှာ ကျောင်းပျော်တဲ့ သူက စာတော်လျက်နဲ့ ကျောင်းမပြီးသေး..။ ဒီလိုနဲ့ အပြန်အလှန် စိတ်မချမှုတွေနဲ့ လက်ထပ် ဖြစ်ကြရော..။ (တကယ်တော့ ကျမနဲ့သူက 'ဆာ့တ်' နဲ့ 'ဒီဗူးဗွား' လိုပဲ နေချင်တာ.. ဒါမဲ့ ဗမာပြည်မှာက ဘယ်ရပါ့မလဲနော်..။ တကယ်လို့ အဲလိုသာ နေဖြစ်ခဲ့ရင်တောင် ကွဲချင်မှ ကွဲမှာလို့ ထင်မိဖူးပါသေးတယ်)။ နောက်တော့ ... စိတ်သဘော မတိုက်ဆိုင်မှုတွေ၊ မာနတွေ၊ မတူညီတဲ့ ရွေးချယ်မှုတွေထဲ.. မတူညီတဲ့ တန်ဖိုးထားမှုတွေထဲ.. မတူညီတဲ့ စွဲလန်းမှုတွေထဲ.. သားကလေးတယောက်သာ ဓားစာခံအဖြစ် ကျန်ရစ်၊ တယောက်တလမ်းစီ လျှောက်ခဲ့ ကြတာ.. လူ့လောကထဲက သူထွက်ခွာသွားတာတောင် နှုတ်မဆက်ဖြစ်တော့။ (တိုက်တိုက်ဆိုင်ဆိုင်ပါပဲ.. လူ့လောကထဲ သူရှိနေသေး မယ် ဆိုရင် ဒီနေ့ဟာ အသက်၄၂နှစ် ပြည့် မွေးနေ့ပါ)

အဲလိုနဲ့ ပထမလက်တွဲဖော်နဲ့ လမ်းခွဲကြစဉ်တုန်းက အသက် ၂၈နှစ်အရွယ်..။ ဘ၀ဆိုတာ ဒါပဲ ထင်ပါရဲ့ပေါ့..။ အချစ်ဆိုတာထဲမှာ ခွင့်လွှတ်မှု မပါတာလား..။ အလျှော့ပေးမှုတွေပဲ လိုနေတာလားပေါ့..။ ကိုယ်တိုင် စွဲလန်းခဲ့တာတွေကိုတောင် စိမ်းသက် လာတဲ့အခါ မဖြစ်သင့်တဲ့ အိမ်ထောင်ကျိုးဖို့ကိုတောင် မကြောက်တတ် တော့တာ။ ခက်တာက နောင်တ မရခဲ့တာ။ ကိုယ်က အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့လျက်နဲ့ဆိုတဲ့ မာနတွေနဲ့..။ တကယ်တော့ အဲဒီ ပင်လယ်ထဲ နှစ်ယောက်စလုံး ရှုံးနိမ့်ခဲ့တာပါ။

အသက်၃၀မှာကျတော့ အချစ်ဆိုတာ ရင်ခုန်စရာမဟုတ်တော့ဘူးလို့ ထင်တတ်ခဲ့ပြီ။ အနားမှာ ငဲ့ကြည့်စရာ သားကလေးတောင် ၄နှစ်သားရှိနေပြီ။ 'ဘ၀ဆိုတာ သားကလေးပဲ'..တဲ့။ အဲဒီဘ၀ထဲ အလဲလဲအပြိုပြို အယိုင်ယိုင်အနဲ့နဲ့.။ ဘ၀ပင်လယ်ထဲ နိုင်ငံရေးလှိုင်းတံပိုးတွေပါ ရိုက်ခတ်။ တယောက်တည်းလို့ ခံစားရတာတွေ များလာတယ်။ ဒီလို မထင်မှတ်တဲ့ အချိန်မှာလည်း အချစ်ဆိုတာ ၀င်တတ်တာပါလားလို့ သိချိန်မှာ နဘေးကို လူငယ်လေး တယောက် ရောက်နေတာ တွေ့လိုက်ရတယ်။ မဖြစ်နိုင်ဘူး..၊ မဖြစ်သင့်ဘူး..၊ အဲလို စိတ်တိုက်ပွဲတွေထဲ အထပ်ထပ်အခါခါ တိုက်ပြီးမှ ..

(လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက)

အသက်၃၀ကျော်ကာမှ ဘ၀လက်တွဲဖော်ဆိုတာ... စိတ်ထားကောင်းရှိဖို့က အဓိက..၊ ပြီးတော့ ကိုယ်က ချစ်ဖို့၊ ကိုယ့်ကို ချစ်ဖို့၊ အပြန်အလှန် အနစ်နာခံနိုင်ဖို့၊ အပြန်အလှန် တန်ဖိုးထား နားလည်နိုင်ဖို့... အရေးကြီးဆုံးက ခွင့်လွှတ်လွယ်ဖို့.. လို့ သတ်မှတ်မိသွားတာ။ အိုးးး အံ့သြစရာပဲ.. အဲဒီ ကိုယ့်ထက် အသက်အများကြီးငယ်တဲ့ လူငယ်လေးက အဲဒီအချက် အားလုံးနဲ့ ပြည့်စုံနေတော့..။ ဒီလိုနဲ့ ရုန်းမထွက်နိုင်တော့။ ခုဆို ၁၀နှစ်တောင် ကျော်ခဲ့ပြီ။ ခုထိတော့ သူက ကျမအတွက် ကံကောင်းခြင်းတွေပဲ သယ်ဆောင်လာပေးနေဆဲပါ။ အင်းးး ကံကောင်းခြင်းလက်ဆောင် ဆိုပါတော့။

ခု အသက်၄၂နှစ်မှာကျတော့ ကျမတွေးနေမိတယ်..။ တကယ်တော့ "ဘ၀လက်တွဲဖော်ဆိုတာ ကံတရားက ပေးတဲ့လက်ဆောင်" သာဖြစ်တယ်... ဆိုတာကိုပေါ့။ အဲဒီလက်ဆောင်လေးက ကိုယ့်အတွက် ဘယ်လိုခံစားမှုကို သယ်ဆောင်လာပေးမလဲ.. ကျမတို့ ကြိုမသိနိုင်။ တရုတ်စာရေးဆရာကြီး 'လူရွှန့်'ကတော့ "မယားကောင်းရရင် စိတ်ချမ်းသာမယ်.. မယားဆိုးရရင် ပညာရှိဖြစ်မယ်"တဲ့..။ အယူအဆကတော့ အတူတူပါပဲ.. ကျမတို့ မိန်းမတွေအတွက်ကတော့ နည်းနည်း ပိုဆိုးမယ်ထင်တယ်။ လင်ကောင်းရရင် စိတ်ချမ်းသာမယ်.. လင်ဆိုး ရရင်တော့ ပညာရှိဖြစ်အောင် ကြိုးစားယူနိုင်မှပဲ တော်ကာကျမယ်။ အဲဒါဆိုလည်း တမျိုးကောင်းမှာပါပဲ..။ အရေးကြီးတာက ရင်ဆိုင် ဖြတ်ကျော် လိုက်နိုင်ဖို့သာ..။

မေငြိမ်း(၂၅၊၀၃၊၀၈)

9 comments:

s0wha1 said...

ပို့စ်လေးက တိုတိုလေး... ဒီထက်မက ရေးသင့်တာ...
ပုံလေးကတော့ ချစ်စရာလေး... နှစ်ယောက်လုံးကို ပြောတာ... အန်တီငြိမ်းကတော့ ပိုချစ်ဖို့ကောင်းတာပေါ့ နော့်...

ဂျစ်တူး - gyit_tu said...

အမကြီးဆီက လေ့လာ ဆည်းပူး နာကြားသွားပါကြောင်းး)

ညီလင်းသစ် said...

ပို့စ်လေးက သိပ်မရှည်ပေမယ့် သူ့ရဲ့နောက်ကွယ်မှာ ရှည်လျားလှတဲ့ ဘဝတစ်ခုကို မြင်လိုက်ရတယ် အမရေ၊
ဓါတ်ပုံလေးကိုတော့ သဘောကျတယ်ဗျ၊ တော်တော် လေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြည်နူးဖို့ကောင်းတယ်။

တန်ခူး said...

'မ'ရဲ့ဘဝလက်တွဲဖော်က ဝတ္ထုတပုဒ်ဖတ်ရသလို ငြိမ့်ငြိမ့်လေး။ ကံကောင်းခြင်းလက်ဆောင်လေးအကြောင်း ဒီထက်ပိုဖတ်ချင်သေး။ ဓာတ်ပုံလေးထဲမှာကို အချစ်တွေစီးမျောနေတယ်။

မေငြိမ်း said...
This comment has been removed by the author.
မေငြိမ်း said...

သမီး.. ဂျစ်..ညီလင်း.. မတန်ခူး
တိုတိုလေးနဲ့ ထိမယ်ထင်တာနဲ့ တုတုလေးရေးလိုက်တာ :D ကံကောင်းခြင်းလက်ဆောင်လေးအကြောင်းလည်း ပိုရေးချင်ပါသေးတယ် မတန်ခူးရေ.. သူများတွေက ကြွားတယ်ထင်ပြီး အမြင်ကပ်မှာစိုးလို့ပါ.. :P ပြီးတော့ တခေါက် ခင်မင်းဇော်ရေးထားဖူးတာကြောင့်လည်း လျှော့လိုက်တာပါ:)
ဓါတ်ပုံလေးကလည်း တကယ်တော့ တပည့်လေးတယောက်က လျှပ်တပြက်ရိုက်ထားတာ.. သဘာဝပေါ့ ..ဟဲဟဲ။

Anonymous said...

ဆရာမကို ပရင့်မီဒီယာပေါ်မှာကတည်းက အားပေးနေတဲ့ စာဖတ်ပရိသတ်တစ်ယောက်ပါ။ ဆရာမ ဘလော့ဂ်ကိုလည်း လာလည် နေကျပါ။ ဒီနေ့မှ ၀င် နှုတ်ဆက်ဖြစ်ပါတယ်။
စီဗုံးထဲက ညစ်ညစ်ညမ်းညမ်းတွေရှင်းသွားတဲ့အတွက်လည်း ၀မ်းသာပါတယ်။

pandora said...

အနားမှာ ပါရမီဖြည့်နေတဲ့ လက်တွဲဖော်နဲ့ ကြည်နူးပျော်ရွှင်စရာ မိသားစုကလေးကို ငေးမောသွားပါတယ်။
ဆက်လက်ပြီး ပျော်ရွှင်စွာ လျှောက်လှမ်းနေကြဦးမှာ သေချာပါတယ် အမရေ..။

Unknown said...

Hi Sa yar ma,
It is too short to read.
I felt in deeply.
Because now I m 36 years.
San San